အခန်း (၇၃၁-၇၃၂)
Vol. 57 Ch. 731-732
အခန်း ၇၃၁ - မြန်လွန်းမနေဘူးလား၊ တိလင်းထျန်းရှား၏ လျှို့ဝှက်သတင်း
“မင်းတို့ဆီက လူနာတွေကို သီးသန့်ခွဲထားတဲ့ နေရာကိုပဲ ငါတို့ကို ခေါ်သွားပေးပါ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထိုအသက်ရှင်ကျန်ရစ်သူသည် ခေါင်းညိတ်ပြပြီး ကျန်းယွင်ထျန်းနှင့် အခြားသူများကို ဘေးတစ်ဖက်သို့ ခေါ်ဆောင်သွားခဲ့သည်။
ရှောင်းယီ၏ သတိပေးချက်ကို ကြားပြီးနောက် ၎င်းတို့ကျွန်းသည် ချက်ချင်းပင် သီးခြားခွဲနေထိုင်မှုကို ပြုလုပ်ခဲ့သဖြင့် ကျွန်းတစ်ကျွန်းလုံးတွင် လူ ၅၀ သာ ကူးစက်ခံထားရ၏။
နာ့နာသည် လူနာများထံ လျှောက်သွားပြီး တစ်ပတ်ပတ်ကြည့်ကာ တစ်မိနစ်ကျော်မျှသာ အချိန်ပေးပြီးနောက် ပြန်ရောက်လာခဲ့သည်။
“အားလုံး ပြီးပါပြီ။ သူတို့ ခဏလောက်တော့ ဖျားနေဦးမယ်။ ကြာချိန်ကတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပေါ်မူတည်ပြီး အများဆုံးမှ ၃ နာရီလောက်ပါပဲ။ အဲဒီထက်ကျော်ပြီး ဆက်ဖျားနေသေးတယ်ဆိုရင် ကျွန်မတို့ကို ဆက်သွယ်လိုက်ပါ။”
ကျွန်းပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများမှာ ဆွံ့အသွားကြ၏။
ဒီစက်က ဘာလုပ်လိုက်တာလဲ။ တစ်ပတ်လောက် လမ်းလျှောက်လိုက်ရုံနဲ့ ပျောက်သွားပြီလား။ ဒါက နည်းနည်းတော့ နောက်ပြောင်နေသလိုပဲ မဟုတ်ဘူးလား။
“ဟို... ဒါပဲဆိုတာ သေချာရဲ့လားဗျ။”
အသက်ရှင်ကျန်ရစ်သူက မမေးဘဲ မနေနိုင်တော့ပေ။ အကြောင်းမှာ သူသည် လူတစ်ယောက်လျှင် အုပ်မြစ်ကျောက်တစ်ခုနှုန်းဖြင့် စုစုပေါင်း ၅၀ ပေးထားရသောကြောင့်ဖြစ်သည်။
“အသေးစိတ်ကို ကျုပ်တို့ ဝန်ထမ်းတွေဆီမှာ မေးကြည့်လိုက်ပါ။ ကျုပ်တို့ နောက်ကျွန်းတစ်ခုကို ကုဖို့ သွားရဦးမယ်။”
ကျန်းယွင်ထျန်းက ပြောပြောဆိုဆိုဖြင့် မြို့ပြန်ကျောက်ကို အသုံးပြုကာ နောက်ထပ်ကျွန်းတစ်ခုသို့ အပြေးအလွှား ထွက်ခွာသွားတော့လေသည်။
တွေဝေငေးမောရင်း ကျန်ရစ်ခဲ့သော အသက်ရှင်ကျန်ရစ်သူသည် ယီထျန်းဂရုချက်တွင် မေးမြန်းရန်သာ ရွေးချယ်စရာ ရှိတော့သည်။
“ @ယီရန်ပင်း သူဌေး ခင်ဗျားရဲ့စက်က ကျုပ်တို့ လူနာတွေကို ဘယ်လိုကုတာလဲဗျ။”
“ဟေ့လူ၊ ဘာဖြစ်လို့လဲ။ သူက ခင်ဗျားမိသားစုကို သတ်သွားလို့လား။”
“ငလူး မင်းမိသားစုပဲ အသတ်ခံရမှာကွ။”
“ဆောရီးပါ ခင်ဗျားမေးပုံက တစ်မျိုးကြီးဖြစ်နေလို့ပါ။ ကျုပ်အမှားပါ၊ ဘာလို့မေးတာလဲ။”
“အရမ်းမြန်လွန်းနေလို့လေ။ မျက်စိတစ်မှိတ်အတွင်းမှာတင် ပြီးသွားတာလားလို့။”
“မြန်လွန်းလို့လား။ ဆေးရောင်းသူဆီက ခြောက်မျိုးစပ် ရီမန်နီယာ အားဆေး’ (လျိုဝေ့တိဟွမ်း) သွားဝယ်သောက်လိုက်လေ။”
“သောက်ကျိုးနည်း အကြောင်းအရာကို အရင်ဖတ်ပြီးမှ ကြားဖြတ်ပြောစမ်းပါ။”
“ကြားဖြတ်ရတာလား။ အဲဒါက ဆိုးပေမဲ့... ခံစားလို့တော့ ကောင်းသားပဲ။”
“ဟေ့လူတွေ ညစ်တီးညစ်ပတ်တွေ လျှောက်မပြောကြပါနဲ့။ အတည်ပြောနေတာကွ။”
“ဟုတ်တယ်။ တကယ့်ကို မြန်လွန်းလို့ ဘာမှတောင် မသိလိုက်ဘူး။ စက်က ကုပေးလိုက်တယ်ဆိုတာ အတုကြီးလိုပဲ။”
“သူဌေး ယီရန်ပင်းက အုတ်မြစ်ကျောက် တစ်ခုအတွက်နဲ့တော့ လိမ်မှာမဟုတ်လောက်ပါဘူးနော်...ဟုတ်တယ်မလား။”
“မဖြစ်နိုင်တာ။ သူက လူလည်ကျတတ်တဲ့ကုန်သည်ဆိုပေမဲ့ ကတိတော့ တည်ပါတယ်။ @ယီရန်ပင်း လာရှင်းပြပါဦး။”
ဆုဝမ်၏ အသိပေးချက်ကြောင့် လူအများ၏ သံသယကို သိရှိသွားသော ရှောင်းယီသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာပြီး ပြောလိုက်သည်။
“စိတ်အေးအေးထားကြပါ။ ကျုပ်စက်ရဲ့ ကုသမှုက ခိုင်မာပါတယ်။ မြန်နှုန်းနဲ့ ပတ်သက်ရင်တော့ သူ့ရဲ့ကုသပုံက လုံးဝကို ကွဲပြားလို့ပါ။”
“သူဌေး လာပြီဟေ့။ ပြောပြပါဦး။ အဲ့စက်က လူနာတွေကို ဘယ်လိုကုတာလဲ။”
“နာနိုဆေးပညာအကြောင်း ကြားဖူးကြလား။”
ရှောင်းယီက မေးလိုက်သည်။
“ဟုတ်ကဲ့...အရင်ကမ္ဘာမှာတုန်းကတော့ ကြားခဲ့ဖူးတယ်။ နာနိုရိုဘော့လေးတွေက ခန္ဓာကိုယ်ထဲဝင်ပြီး ခွဲစိတ်တာမျိုးပေါ့။ ဒါပေမဲ့ အဲဒီတုန်းက နည်းပညာက မမီသေးဘူးလေ။”
“သူဌေး ဒီစက်က နာနိုရိုဘော့တွေကို သုံးတာလို့ ပြောချင်တာလား။”
“အတိအကျပဲ”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲ့ဒါက နာနိုရိုဘော့တွေပဲ။ ခင်ဗျားတို့ မြင်လိုက်ရတာက လူနာတွေကို ပတ်ကြည့်ရုံပဲ ဆိုပေမဲ့ အဲဒီအချိန်မှာ လူနာတွေရဲ့ ခန္ဓာကိုယ်ထဲကို နာနိုရိုဘော့တွေ လွှတ်ပြီး ကုသမှု ပေးနေတာ။”
“မအံ့သြတော့ပါဘူး။ နာနိုရိုဘော့တွေက မြင်မှ မမြင်နိုင်တာကိုး။”
“ဒီစက်က တကယ့်ကို အဆင့်မြင့်လွန်းတယ်။”
လူတိုင်းက အံ့သြတုန်လှုပ်သွားခဲ့ကြသည်။
“ကျုပ်တို့စက်နဲ့ ကုသထားတဲ့သူမှန်သမျှက ဗိုင်းရပ်စ်က အကြီးအကျယ် ဗီဇပြောင်းလဲမသွားသရွေ့ နောက်တစ်ခါ ထပ်ပြီးမကူးစက်နိုင်တော့ပါဘူး။”
နာ့နာ၏ ကုသမှုယန္တရားကို ရှောင်းယီက ထပ်လောင်း ရှင်းပြလိုက်၏။
“ဒါဆို တစ်ခါတည်းနဲ့ ကာကွယ်ဆေး ထိုးလိုက်သလိုမျိုးပေါ့။”
“အဲဒီသဘောပါပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သူဌေး ဒီစက်ကို ဘယ်ကရခဲ့တာလဲ။ ကျုပ်လည်း တစ်လုံးလောက် လိုချင်တယ်။”
“ဟုတ်တယ်။ ကျုပ်ရဲ့ပိုင်ဆိုင်မှုတွေအားလုံး ဒါမှမဟုတ် မဟာမိတ်ကျွန်း ရှစ်ကျွန်းနဲ့တောင် လဲချင်ပါတယ်။”
“ဟေ့ ကိုယ့်လူတို့ အိပ်မက်မက်နေကြတာလား။ ဒီလောက် အဆင့်မြင့်တဲ့စက်ကို သူဌေးရဲ့ ဦးနှောက်ကို မြည်းကန်မှပဲ သူက ရောင်းမှာပေါ့။”
“အတိအကျပဲ။ သွားမျက်နှာသစ်ပြီး အိပ်လိုက်တော့။ အိပ်မက်ထဲမှာ အကုန်ရှိတယ်။”
ရှောင်းယီ စာရိုက်လိုက်သည်။
“ထပ်မမေးကြပါနဲ့တော့။ ကျုပ် ဒါကို လုံးဝ မရောင်းပါဘူး။”
“သူဌေး၊ နာတာရှည်ရောဂါတွေကိုရော ကုလို့ရလား။”
တစ်စုံတစ်ယောက်က ရုတ်တရက် မေးလိုက်၏။
“ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အခုလောလောဆယ် ဦးစားပေးက ဒီဗိုင်းရပ်စ်ကို အမြစ်ပြတ်အောင် လုပ်ဖို့ပဲ။”
ရှောင်းယီက ဖြေကြားလိုက်သည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ဒါပြီးရင် ကျုပ်ရဲ့ အကျိတ် (Benign Tumor) ကို သူဌေးရဲ့စက်နဲ့ လာဖျက်ခိုင်းချင်တယ်။”
“ရပါတယ်။ အချိန်တန်ရင် အပန်းဖြေစခန်းကို လာခဲ့လိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ဒါနဲ့ ဆေးရောင်းသူကလည်း အဲ့ဒီမှာ ဆေးခန်းဖွင့်မယ်လို့ ပြောထားတယ်။ ကျုပ် သူတို့အတွက် အပန်းဖြေစခန်းထဲမှာ နေရာချပေးပါ့မယ်။ ဆေးရောင်းသူရော ကျုပ်ရဲ့စက်ရော နှစ်ခုစလုံး တာဝန်ကျနေပါလိမ့်မယ်။”
“ကောင်းလိုက်တာ။ ကျုပ်မှာ ရောဂါဟောင်းတွေ ရှိနေတာ သင်္ချိုင်းထဲအထိ သယ်သွားရတော့မယ်လို့ ထင်နေတာ။ အခုတော့ ပစ်ထားခဲ့လို့ ရပြီ။”
“ဟုတ်တယ်။ ဒီဗိုင်းရပ်စ်ကိစ္စ ပြီးတာနဲ့ သူဌေးရဲ့ အပန်းဖြေစခန်းကို တန်းသွားတော့မယ်။”
ထိုစဉ်မှာပင် တိလင်းထျန်းရှားဆီမှ ရှောင်ယီထံ သီးသန့်စာတိုတစ်စောက် ရောက်ရှိလာ၏။
“ယီရန်ပင်း ကျုပ်အတွက် ခင်ဗျားရဲ့ဆေးစက် လိုအပ်တယ်။ ဈေးနှုန်းပြောလိုက်ပါ။”
ယခင်က ဒေသခံများနှင့် တိုက်ပွဲတွင် တိလင်းထျန်းရှား၏ စွမ်းဆောင်ရည်ကို ရှောင်းယီ သဘောကျခဲ့သောကြောင့် သူ့ကို အနက်ရောင်စာရင်းထဲမှ ဖယ်ရှားပေးထားခဲ့သည်။
“ရတာပေါ့။ ဒါပေမဲ့ ဘာနဲ့လဲမှာလဲ။”
ရှောင်းယီသည် ပရဟိတလုပ်နေသူ မဟုတ်ပေ။
တိလင်းထျန်းရှား အနည်းငယ် စဉ်းစားကြည့်လိုက်၏။ သူသည် အဖိုးအခ အများကြီးပေးရမည်ကို မုန်းသော်လည်း ရှောင်းယီသည် ဂရုချက်ထဲတွင် ငြင်းသလို သူ့ကို ငြင်းလိုက်မည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။
ခဏအကြာတွင် သူက ပြောလိုက်သည်။
“နှုန်းထားအတိုင်းပဲ။ တစ်ယောက်ကို အုတ်မြစ်ကျောက်တစ်ခု။ ပြီးတော့ သတင်းတစ်ခု ထပ်ဆောင်းပေးမယ်။”
“သတင်းလား။”
ရှောင်းယီ မျက်မှောင်ကျုံ့လိုက်မိ၏။
“အဲဒီသတင်းက တန်ဖိုးရှိလို့လား။”
“ရှိမယ်လို့ ကျုပ်ယုံကြည်တယ်။”
တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။ ရှောင်းယီသည် အကြာကြီး တုံ့ဆိုင်းမနေတော့ဘဲ ပြောလိုက်၏။
“ကောင်းပြီ၊ မင်းကို ငါယုံကြည်ပါတယ်။ တစ်ယောက် တစ်ခုနှုန်းပဲပေါ့။ သတင်းကိုသာ ပြောလိုက်ပါ။”
“ဒီကမ္ဘာမှာ မရေမတွက်နိုင်တဲ့ လူမျိုးနွယ်စုတွေ ရှိတယ်။ တစ်မျိုးစီမှာလည်း သူ့အားသာချက်နဲ့သူ ရှိကြတယ်။”
တိလင်းထျန်းရှားက ပြောလိုက်သည်။ ထိုစကားကိုကြားတော့ ရှောင်းယီ မျက်မှောင်ကျုံ့လိုက်မိပြန်သည်။
ဒါက လူတိုင်းသိပြီးသားပဲလေ။
လူပုများသည် ပန်းပဲအတတ်တွင် တော်ပြီး ရေသူများက ဂူအတတ်နှင့် မှတ်ဉာဏ်ဖတ်ရာမှာ တော်ကြသည်။ သမန်းဝံပုလွေများသည် လျင်မြန်မှု၊ ပုံစံပြောင်းလဲမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရာ၌ တော်ကြသည်ကို သူလည်း သိထား၏။
ဒီလိုသတင်းမျိုးက အလကားပဲ။
“ဒါပေမဲ့ သတိမထားမိတဲ့ မျိုးစိတ်တွေကို စောင့်ကြည့်လိုက်ပါ။ ဥပမာ အပင်တွေပေါ့။ သူတို့က ခင်ဗျားကို အံ့သြသွားစေလိမ့်မယ်။”
တိလင်းထျန်းရှားက ပဟေဠိဆန်ဆန် အရိပ်အမြွက် ပြောပြလိုက်သည်။
ထိုစကားကို ကြားလိုက်ရုံဖြင့် ရှောင်းယီသည် ဆိုလိုရင်းကို ချက်ချင်းပင် သဘောပေါက်သွားတော့လေသည်။
“အို... ဒါဆို တိလင်းရှုံးက အဲဒီလို အံ့သြစရာမျိုးကို ကြုံတွေ့ခဲ့ပြီးပြီပေါ့။”
ရှောင်းယီက ပြုံးကာ ပြောလိုက်၏။
အခန်း ၇၃၂ - သားရဲများ၏ တိုက်ခိုက်မှုကို သတိထားခြင်းနှင့် ကိုယ်ဝန်ရှိလာသော သားရဲဘုရင်မ
တိလင်းထျန်းရှားသည် နားမလည်နိုင်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ရှောင်းယီကလည်း ထပ်ပြီး အတင်းအကျပ် မမေးတော့ဘဲ ပြောလိုက်သည်။
“ကောင်းပြီ၊ ဒီသတင်းက တန်ဖိုးရှိပါတယ်။ ငါတို့အဖွဲ့ထဲက ကျွန်းတွေကို အရင်ကုသပြီးတာနဲ့ မင်းတို့ဘက်ကို လာခဲ့မယ်။ အခုလောလောဆယ်တော့ အရေးပေါ်အနေနဲ့ ဆေးရောင်းသူဆီက ဆေးတချို့ ဝယ်ထားလိုက်ပါဦး။ ငါရဲ့စက်မရောက်ခင်အထိ အခြေအနေကို ထိန်းထားနိုင်ရင် ရပါပြီ။”
ရှောင်ယီ၏ စကားကို ကြားရသောအခါ တိလင်းထျန်းရှား ဝမ်းသာသွား၏။ သူပေးလိုက်သောသတင်းမှာ အရေးပါသော်လည်း အသေးစိတ် အချက်အလက်များကိုမူ သူ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။
ရှောင်းယီက အပူတပြင်း လိုက်မေးလိမ့်မည်ဟု သူထင်ထားခဲ့သလို သူ၏ မဟာမိတ်အဖွဲ့အတွင်းရှိ သစ်ပင်လူသားများအကြောင်းနှင့် ၎င်းတို့၏ စွမ်းဆောင်ရည်ကိုလည်း အပြင်သို့ မပေါက်ကြားစေချင်ပေ။ ရှောင်းယီက ဤမျှလွယ်လွယ်နှင့် သဘောတူလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ချေ။
တိလင်းထျန်းရှားနှင့် စကားပြောပြီးနောက် ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် သူ၏လက်ကိုင်ဖုန်းမှတစ်ဆင့် လူတိုင်းထံသို့ စာတိုတစ်စောင် ပေးပို့လိုက်၏။
“နောက်နောင် အပြင်ထွက်တဲ့အခါ အပင်တွေဖြစ်ဖြစ်၊ ဒါမှမဟုတ် ငါတို့အရင်က သက်မဲ့လို့ ထင်ထားခဲ့တဲ့ အရာတွေအပါအဝင် တခြားသက်ရှိပုံစံတွေကို ပိုပြီး ဂရုစိုက်ကြပါ။ ပုံမှန်မဟုတ်တာ တစ်ခုခုတွေ့ရင် ချက်ချင်း အစီရင်ခံပါ။”
ထိုစာကို လက်ခံရရှိသူတိုင်း ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။
“ကျွန်းပိုင်ရှင် အပင်တွေကလည်း ပုံမှန်မဟုတ်တာမျိုး ဖြစ်နိုင်လို့လား။”
လူတိုင်းက မေးလိုက်ကြ၏။
“ငါ တိလင်းထျန်းရှားဆီကနေ သတင်းရထားတယ်။ တခြားသက်ရှိပုံစံတွေ ပေါ်လာတော့မယ်။ ပြီးတော့ အဲဒါတွေက တကယ့်ကို အံ့သြစရာကောင်းတဲ့ အာနိသင်တွေ ရှိလိမ့်မယ်။ နောက်နောင် သတိထားကြည့်ကြဖို့ပါပဲလိုတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အံ့သြစရာ အာနိသင်တွေ ဟုတ်လား။”
လူတိုင်း၏ စူးစမ်းချင်စိတ်များ ပြင်းပြသွားခဲ့ကြ၏။ရှောင်းယီက ဆက်ပြောသည်။
“သူက အသေးစိတ်တော့ မပြောပြထားဘူး။ ဒါပေမဲ့ ငါ့အထင်တော့ ကျွန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး အထောက်အကူပြုမယ့် အရာတွေ ဖြစ်လိမ့်မယ်။ သတိထားကြည့်ကြပါ။”
“ဟုတ်ကဲ့။”
အားလုံးက ပြန်ဖြေလိုက်ကြသည်။
ညွှန်ကြားချက်များ ပေးပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် မဟာမိတ်ကျွန်းခွဲများထံ စာပို့လိုက်၏။
“အပြင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအားလုံး အဖွဲ့လိုက်ပဲ သွားကြပါ။ တောရိုင်းတိရစ္ဆာန်တွေရဲ့ တိုက်ခိုက်မှုကို သတိထား။ ကင်းသမားတွေ ညဘက်ဆိုရင် မြို့ရိုးတွေဆီကို ပြန်ဆုတ်ကြ။”
“ဟုတ်ကဲ့”
အနည်းငယ် စဉ်းစားပြီးနောက် ဤမျှနှင့် မလုံလောက်သေးဟု ရှောင်းယီ ခံစားလိုက်ရပြီး တံခါးဘက်သို့ လှမ်းခေါ်လိုက်သည်။
“ဝမ်ချိုင်”
“ဝုတ်... ဝုတ်”
ဝမ်ချိုင်သည် ချက်ချင်း ပြေးဝင်လာခဲ့၏။
“ရှောင်ရှန်းနဲ့ တခြားသူတွေကို ခေါ်လာခဲ့။”
ရှောင်းယီက ခိုင်းလိုက်သည်။ ဝမ်ချိုင်က တုံ့ပြန်လိုက်ပြီး ချက်ချင်း ပြန်ပြေးထွက်သွားခဲ့၏။
ခဏအကြာတွင် ရှောင်ရှန်း၊ သားရဲဘုရင်နှင့် တခြားသားရဲများအားလုံး အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။
“မကြာခင်မှာ တောထဲမှာ သားရဲအသစ်တွေ ပေါ်လာလိမ့်မယ်။ မင်းတို့တွေ တောအုပ်နဲ့ လူနေထိုင်တဲ့ နေရာတွေကြားက နယ်နိမိတ်ကို စောင့်ကြပ်ပေးပါ။ တောရိုင်းသားရဲတွေ ထွက်လာတာတွေ့ရင် တိုက်ရိုက် သတ်ပစ်လိုက်။”
ရှောင်ယီက အမိန့်ပေးလိုက်၏။
ရှောင်ရှန်းနှင့် အခြားသူများက ခေါင်းငြိမ့်ကာ တုံ့ပြန်ကြသည်။
“ကိုယ်လက်မအီမသာ ဖြစ်ရင်လည်း ငါ့ဆီကိုဖြစ်ဖြစ်၊ နာ့နာဆီကိုဖြစ်ဖြစ် အချိန်မီ လာခဲ့ကြ။”
ရှောင်းယီက ဆက်ပြောသည်။
ထိုအချိန်တွင် သားရဲဘုရင်(ကျားမ) သည် ရှေ့သို့ တိုးလာပြီး အသံခပ်အုပ်အုပ်ဖြင့် ဟိန်းလိုက်၏။ ၎င်း၏ အဓိပ္ပာယ်မှာ မကြာသေးမီက သူမ နေလို့ သိပ်မကောင်းသလို ခံစားနေရခြင်းဖြစ်သည်။
ဗိုင်းရပ်စ် ကူးစက်နေချိန် ဖြစ်သဖြင့် ရှောင်းယီသည် မပေါ့ဆရဲဘဲ နာ့နာကို ခေါ်ကာ သားရဲဘုရင်ကို စမ်းသပ်ခိုင်းလိုက်၏။
ဘေးနားတွင် ရှောင်ပိုင်သည်လည်း စိုးရိမ်တကြီးဖြင့် ပတ်ချာလည် လိုက်နေခဲ့သည်။ သူသည် ‘အိမ်ထောင်ကျပြီး’ ကျွန်းပေါ်သို့ ပြောင်းလာသည့် ကျားသားမက် ဖြစ်သော်လည်း ဤအဆင့်အတန်းကို အလွန်နှစ်သက်လှသည်။ သူ၏ဇနီးသည် သားရဲဘုရင် နေမကောင်းဖြစ်နေသည်ကို ကြားရသဖြင့် သူ အမှန်တကယ်ပင် စိုးရိမ်နေခြင်းဖြစ်၏။
နာ့နာ ရောက်လာပြီး သားရဲဘုရင်ကို အလျင်အမြန်စစ်ဆေးပေးလိုက်သည်။ စက္ကန့် ၃၀ အကြာတွင် နာ့နာက ပြုံးလျက် ပြောလိုက်သည်။
“ဂုဏ်ယူပါတယ် ကျွန်းပိုင်ရှင် သားရဲဘုရင်မှာ ကိုယ်ဝန်ရှိနေပါပြီ။”
ရှောင်းယီ အနည်းငယ် မှင်တက်သွားပြီးမှ အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်၏။
“မင်းပြောတာ သားရဲဘုရင်က ကျားပေါက်လေးတွေ မွေးတော့မှာပေါ့။”
သားရဲဘုရင်နှင့် တခြားသူများသည် နာ့နာပြောသည်ကို နားမလည်သော်လည်း ရှောင်းယီ၏စကားကိုမူ နားလည်ကြသည်။
သားရဲဘုရင်မှာ အံ့အားသင့်သွားပြီးနောက် မျက်လုံးများတွင် ပျော်ရွှင်မှုများ ပြည့်လျှံလာခဲ့သည်။ သူမဘေးရှိ ရှောင်ပိုင်ကမူ စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်တော့၏။
သားရဲဘုရင်သည် ရှောင်ပိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သောအခါ ရှောင်ပိုင်သည် ချက်ချင်းပင် ခေါင်းငုံ့သွားပြီး တအိအိဖြင့် ညည်းညူနေရှာသည်။
“ဟားဟားဟား ဒါက မင်္ဂလာရှိတဲ့ ကိစ္စပဲ။ ရှောင်ပိုင်က ကျားအဖေ တစ်ယောက်အနေနဲ့ ဒီလောက်တော့ ဟိန်းခွင့် ရှိတာပေါ့။”
ရှောင်းယီက ရယ်မောကာ ပြောလိုက်၏။ သားရဲဘုရင်က အသံနိမ့်နိမ့်ဖြင့် ပြန်လည်ဟိန်းဟောက်လိုက်သည်။
“ဟွန့်၊ အလကား လျှောက်အော်မနေနဲ့။ ဒီကလေးတွေရဲ့ အဖေက နင် ဟုတ်၊မဟုတ်ဆိုတာ မသေချာသေးဘူး။”
ရှောင်ပိုင်သညခ ဆွံ့အသွားပြီးနောက် ချက်ချင်းပင် သူမနားသို့ ကပ်သွား၏။
“ငါမှမဟုတ်ရင် ဘယ်သူရှိဦးမှာလဲ။ ငါ သူ့ကို စိန်ခေါ်ပြီး တိုက်မယ်။”
ရှောင်းယီသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်မိသည်။ နာ့နာက ခုလေးတင် စစ်ဆေးထားသည်ဖြစ်ရာ ဤကျားပေါက်လေးများသည် ရှောင်ပိုင်၏ ရင်သွေးများဖြစ်သည်မှာ သေချာပေသည်။ သားရဲဘုရင်က တကယ့်ကို ‘ကျားမ’ ပြီသစွာ စနောက်နေခြင်းသာဖြစ်၏။
“သားရဲဘုရင် လျှောက်ပြောမနေတော့နဲ့။”
ရှောင်းယီက ပြောလိုက်သည်။
“ရှောင်ပိုင်၊ မင်းလည်း စိတ်မလှုပ်ရှားနဲ့ဦး။ နာ့နာက စစ်ဆေးပြီးပြီ။ ဒါတွေက မင်းရဲ့ ကလေးတွေပဲ။ သားရဲဘုရင်က မင်းကို စနောက်နေတာ။”
ထိုအခါမှ ရှောင်ပိုင် စိတ်အေးသွားတော့၏။
“ဒါ့အပြင် ဒီတောအုပ်တစ်ခုလုံးမှာ မင်းကလွဲရင် ဘယ်သူက သားရဲဘုရင်နဲ့ ထိုက်တန်လို့လဲ။”
ရှောင်ယီက ပြုံးကာ ပြောလိုက်သည်။
ရှောင်ပိုင်သည် ဂုဏ်ယူစွာဖြင့် သူ၏ကျားခေါင်းကို မော့လိုက်ပြီး တောရဲဘုရင် ပီသကြောင်း ပြသရန် ထပ်မံဟိန်းဟောက်ဖို့ ပြင်လိုက်၏။ သားရဲဘုရင်က နောက်တစ်ကြိမ် ပြန်ဟိန်းလိုက်သောအခါမှ ရှောင်ပိုင်သည် သူ၏ ဟိန်းသံကို ချက်ချင်း ပြန်မြိုချလိုက်ရရှာသည်။
“ဟားဟား...ဒါဟာ ငါတို့ကျွန်းအတွက် ပျော်စရာသတင်းပဲ။ သားရဲဘုရင် မင်း အခုတလော အိမ်တော်မှာပဲ လာနေလိုက်ပါ။ အဲဒီမှာ အပူချိန်ကလည်း သင့်တော်ပြီး နာ့နာကလည်း အနီးနားမှာ ရှိတယ်။ အစားအသောက်အတွက်တော့ ရှောင်ပိုင်ကိုပဲ ရှာခိုင်းလိုက်ပါ။ သူလည်း ဝမ်းသာအားရ လုပ်ပေးမှာပါ။”
ရှောင်းယီက ပြောလိုက်သည်။ ရှောင်ပိုင်က ချက်ချင်းပင် ခေါင်းကို တရစပ် ငြိမ့်ပြလိုက်၏။ သားရဲဘုရင်ကလည်း မငြင်းဆန်ဘဲ “ကောင်းပြီ” ဟု ပြန်ဖြေခဲ့သည်။
အမှန်စင်စစ် ရှောင်းယီသည် အစားအသောက်များ ပြင်ဆင်ပေးနိုင်သော်လည်း ရှောင်ပိုင်ကို မျက်နှာလုပ်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
ရှောင်ရှန်းနှင့် အခြားသားရဲများသည် တောထဲသို့ ပြန်သွားကြပြီး ရှောင်းယီ၏ ညွှန်ကြားချက်အတိုင်း လူနေဧရိယာနှင့် တောအုပ်နယ်နိမိတ်ကြားတွင် ကင်းစခန်းများ ချထားလိုက်ကြသည်။ သို့သော် ကျွန်းပေါ်ရှိ တောအုပ်ဧရိယာမှာ အလွန်ကျယ်ဝန်းလှသဖြင့် အရေးကြီးသည့် နေရာများကိုသာ အဓိကထား စောင့်ကြည့်နိုင်ခဲ့ကြသည်။
ညစာစားပြီးနောက် အန်ယွဲ့သည် ရှောင်းယီထံသို့ စိတ်လှုပ်ရှားစွာဖြင့် လာရောက်အစီရင်ခံလာခဲ့သည်။
“ကျွန်းပိုင်ရှင် မီးရထားလမ်းအတွက် လျာထားတဲ့ နေရာတွေအားလုံး ရှင်းလင်းပြီးပါပြီ။ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တစ်ခါတည်းစလို့ရပြီ။”
ရှောင်းယီက ခေါင်းညိတ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ရထားလမ်းများကို စတင်တည်ဆောက်လိုက်၏။ စီမံကိန်းအတိုင်း ရထားလမ်းများ ခင်းကျင်းပြီးနောက် ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီး ရေနွေးငွေ့သုံး မီးရထားခေါင်းတွဲ ၆ စီးကို ထုတ်လုပ်လိုက်သည်။လမ်းကြောင်း သုံးခုအတွက် တစ်လမ်းလျှင် ရထားနှစ်စီးစီ ထားရှိမည်ဖြစ်သည်။
တည်ဆောက်ပြီးနောက် ရှောင်းယီက ပြောလိုက်သည်။
“မနက်ဖြန်ကျရင် ကံကောင်းခြင်းတွေ ရရှိအောင် ဖွင့်ပွဲအခမ်းအနား ကျင်းပကြတာပေါ့။”
“ကောင်းပြီ ငါ စီစဉ်လိုက်ပါ့မယ်။”
အန်ယွဲ့က ပြန်ဖြေလိုက်သည်။
“ဒါနဲ့ လူပုတွေဆီကရတဲ့ တူးဖော်ရေးကိရိယာတွေကြောင့် ငါတို့ရဲ့ သတ္တုတူးဖော်တဲ့ အရှိန်က တကယ်ကို ပိုမြန်လာတယ်။ အခုဆို သတ္တုရိုင်းတွေ အများကြီး ရနေပြီ။ အရင်က လျာထားတဲ့ အိမ်ရာဆောက်လုပ်ရေး စီမံကိန်းကိုလည်း စတင်လို့ ရပြီ။”
ရှောင်ယီက ခေါင်းငြိမ့်လိုက်၏။
“အင်း၊ ကျုပ်သိပါတယ်။ ဒါပေမဲ့ သွမ့်ပေ့ယန်နဲ့ သူ့အဖွဲ့က အခု လူပုဘုရင်ရဲ့ မြို့တော်အတွက် မြေတိုင်းနေကြတုန်းပဲ။ အဲ့ဒါကြောင့် နောက်ထပ် နှစ်ရက်လောက်တော့ စောင့်ရဦးမယ်။ ဒီနှစ်ရက်လောက်နဲ့တော့ မလောပါဘူး။”
“ဟုတ်ကဲ့ နားလည်ပါပြီ။”
အန်ယွဲ့က ဆိုသည်။
“ကောင်းပြီ။ ဦးလေးလည်း ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ပါဦး။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ အန်ယွဲ့လည်း ခေါင်းငြိမ့်ပြီး ထွက်ခွာသွားခဲ့သည်။ သို့သော် သူသည် ဗီလာသို့ တန်းမပြန်ဘဲ မနက်ဖြန် ဖွင့်ပွဲအခမ်းအနားအတွက် ကိစ္စများကို သွားရောက်စီစဉ်နေခဲ့၏။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်သည်။ ယီထျန်းဂရုချက်ထဲတွင်မူ တောရိုင်းသားရဲများ၏ တိုက်ခိုက်မှုကို မည်သို့ ကာကွယ်ရမည်ဆိုသည်ကိုသာ အဓိက ဆွေးနွေးနေကြ၏။
ယခုအခါ လူတိုင်းနီးပါး မြို့ရိုးပုံစံကွက်များ ရရှိထားကြပြီး ၎င်းတို့သည် အဆင့်မရှိသော်လည်း ထိုမြို့ရိုးများကို တောရိုင်းသားရဲများ အလွယ်တကူ မဖျက်ဆီးနိုင်သလို ကျော်တက်၍လည်း မရနိုင်ပေ။ ထို့ကြောင့် လူအများ၏ စိုးရိမ်မှုမှာ ဝေဟင်မှ သိမ်းငှက်များ၊ လင်းယုန်များ၏ တိုက်ခိုက်မှုကို မည်သို့ ကာကွယ်ရမည်ဆိုသည့် အချက်ပင် ဖြစ်သည်။
“အဲဒီ လင်းယုန်တွေ၊ သိမ်းငှက်တွေက ကာကွယ်ရ တကယ်ခက်တယ်။ အုပ်စုလိုက်ကြီး ရောက်လာရင်တော့ တကယ် ဒုက္ခရောက်မှာပဲ။”
“ဟုတ်တယ်။ အခုတော့ ငါတို့ မြို့ရိုးပေါ်မှာ ကင်းသမားတွေကို ကာကွယ်ဖို့ ငါးဖမ်းပိုက်တွေ ဖြန့်ခင်းထားလိုက်တယ်။ ဒါဆိုရင်တော့ တချို့ကို ကာကွယ်နိုင်လိမ့်မယ် ထင်တာပဲ။”
“ဒါ အကြံကောင်းပဲ။ ကျုပ်တို့လည်း အဲဒီလိုလုပ်ထားဦးမယ်။”