အခန်း (၂၂၁-၂၂၂)
Vol. 23 Ch. 221-222
အခန်း ၂၂၁ - ချော်ရည်ထဲက ရုပ်ဆိုးတဲ့မိစ္ဆာက ငါ့အဖေကို အနိုင်ကျင့်နေတယ်။
ယခုအချိန်တွင် Live လွှင့်၍ မရသေးသဖြင့် လုပေါင်သည် သူ၏အလုပ်ကိုသာ စိတ်ရောကိုယ်ပါ အာရုံစိုက်လိုက်တော့သည်။ နံရံတစ်ခုလုံးတွင် ရှိနေသော ပင်လယ်နက် သံမဏိဓာတ်စစ်များကို တွင်းနက်ထဲသို့ လျင်မြန်စွာ ရွှေ့ပြောင်းလိုက်သည်။ အနည်းဆုံး ခန့်မှန်းခြေအားဖြင့် တန်ချိန် တစ်ရာကျော်ခန့် ရှိပေလိမ့်မည်။
ဤပင်လယ်ကြမ်းပြင် သံမဏိဓာတ်စစ်များကို ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင်သာ တွေ့ရှိရခြင်းဖြစ်သည်။ နဂါးကျားတောင်ကဲ့သို့သော ရှေးဟောင်းဂိုဏ်းကြီးများပင်လျှင် လိုသလောက်သာ လာရောက်တူးဖော်ကြပြီး ပိုလျှံအောင် စုဆောင်းထားခြင်း မရှိကြပါ။ တစ်ခါတစ်ရံတွင် လိုအပ်သော ပမာဏပြည့်မီအောင်ပင် မတူးဖော်နိုင်ကြချေ။ သို့သော် လုပေါင်ကတော့ တစ်ချက်တည်းဖြင့် တန်ချိန် တစ်ရာကျော်ကို သိမ်းကျုံးယူလိုက်ခြင်း ဖြစ်သည်။
သံမဏိဓာတ်စစ်များကို သိမ်းဆည်းပြီးနောက် လုပေါင်သည် ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး မီးနီပုရွက်ဆိတ်များကိုလည်း အဆုံးမဲ့ကျင်းထဲသို့ ပြန်ခေါ်လိုက်သည်။
"အဝူး..."
ထိုစဉ် ချီလင်လေးက လုပေါင်ကိုကြည့်ကာ အသံလေး ထပ်ပေးပြန်သည်။
လုပေါင်က နားမလည်သလို မျက်တောင်ခတ်ရင်း
"နောက်ထပ် တစ်ခုခု ရှိသေးတာလား ပစ္စည်းကောင်းလား။"
ချီလင်လေးက ပြန်ထူးပြီး ချော်ရည်ပင်လယ်၏ အနက်ပိုင်းသို့ ဆက်လက် ဦးတည်သွားသည်။ နက်နက်ကြီး ကလည်း လုပေါင် ခေါ်စရာမလိုဘဲ နားလည်မှုရှိရှိ နောက်မှ လိုက်သွားတော့သည်။
မီတာ တစ်ထောင်နီးပါးခန့် ရှေ့ဆက်သွားပြီးနောက် ပတ်ဝန်းကျင်ရှိ ချော်ရည်များမှာ ရွှေဝါရောင် မဟုတ်တော့ဘဲ ရွှေစင်ရောင်ကဲ့သို့ တောက်ပလာသည်ကို လုပေါင် သတိပြုမိလိုက်သည်။ ၎င်းက ချော်ရည်၏ အပူချိန်မှာ ပို၍ မြင့်မားလာကြောင်း ပြသနေခြင်း ဖြစ်သည်။ သူ၏ အရေပြား ကာကွယ်မှုသက်သက်ဖြင့် ဤအပူချိန်ကို မခံနိုင်တော့သဖြင့် ရွှေရောင်အလင်းဂါထာကို တိတ်တဆိတ် အမြဲ အသက်သွင်းထားလိုက်ရသည်။
"သခင်... ကျွန်တော် ဒီအပူချိန်မှာ အများဆုံး တစ်နာရီပဲ ခံနိုင်မယ်။ အဲ့ဒီထက် ကြာရင်တော့ မလွယ်တော့ဘူး။"
ဤနေရာတွင် နက်နက်ကြီး၏ အရေပြား တစ်ခုလုံးမှာ ကြယ်မှုန်များကဲ့သို့ တောက်ပနေပြီး ၎င်း၏ ကာကွယ်ရေးစွမ်းအားကို အစွမ်းကုန် ထုတ်သုံးထားရပုံရသည်။
လုပေါင်က
"မင်း ပင်ပန်းသွားပြီ။"
နက်နက်ကြီး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
သူတို့နှစ်ယောက်နှင့် ဆန့်ကျင်ဘက်မှာတော့ ချီလင်လေး မှာ ဤနေရာသို့ ရောက်သည်နှင့် ပို၍ တက်ကြွလာသည်။ လုပေါင်ကို လှည့်ကြည့်ကာ အော်ဟစ်ရင်း ပစ္စည်းကောင်းမှာ ရှေ့မီတာ အနည်းငယ်တွင် ရှိကြောင်း အချက်ပြကာ ချော်ရည်ထဲသို့ တိုက်ရိုက် ငုပ်လျှိုးဝင်ရောက်သွားတော့သည်။ ရှေ့တွင် မီတာ အနည်းငယ်သာ လိုတော့သည်ဖြစ်ရာ ပစ္စည်းယူပြီး ပြန်လှည့်ရန် ပြဿနာမရှိနိုင်ဟု တွေးကာ နက်နက်ကြီးကလည်း အရှိန်မြှင့်လိုက်သည်။
သို့သော် မီတာ တစ်ရာပင် မပြည့်မီမှာပင် နက်နက်ကြီး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ ရှေ့ဘက် ချော်ရည်များအောက်တွင် မည်းမှောင်သော အရိပ်တစ်ခု ပေါ်လာပြီး သူတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်။
"ဝုန်း"
ချက်ချင်းပင် ရှေ့ရှိ ချော်ရည်များမှာ ပေါက်ကွဲထွက်သွားပြီး ကြီးမားသော မီးနီရောင် သတ္တဝါကြီးတစ်ကောင်မှာ ချော်ရည်ထဲမှ ခုန်ထွက်လာသည်။ ချော်ရည်ပူများမှာ လုပေါင်နှင့် နက်နက်ကြီးအပေါ်သို့ လွင့်စင်လာသော်လည်း လုပေါင်တွင် ရွှေရောင်အလင်းဂါထာ ရှိနေသဖြင့် မထိခိုက်ခဲ့ပါ။
"တောက်... ဘာကောင်ကြီးလဲ။"
ထိုအရိပ်မည်းကြီးကို ကြည့်ရင်း လုပေါင် မဆဲဘဲ မနေနိုင်တော့ပါ။ ၎င်းမှာ အတောင်ပံ အကျယ် မီတာ ၁၀ ခန့် ရှိသော မီးနီရောင် လင်းနို့ကြီး တစ်ကောင် ဖြစ်သည်။လုပေါင်ကို ပို၍ အံ့သြစေသည်မှာ ထိုလင်းနို့ကြီး၏ ကိုယ်ထည်မှာ လူနှင့် အတော်လေး ဆင်တူနေခြင်း ဖြစ်သည်။ သို့သော် ၎င်း၏ ပါးစပ်မှ အစွယ်များမှာ မီတာဝက်ခန့် ရှည်လျားလှသည်။
လုပေါင်၏ အံ့သြနေသော မျက်နှာကို မြင်သောအခါ လင်းနို့ကြီးက အတောင်ပံများကို အားပြင်းစွာ ခတ်လိုက်သည်။ အောက်ရှိ ချော်ရည်များမှာ ၎င်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပုံရပြီး ချော်ရည်တိုင်ကြီး နှစ်ခုမှာ လုပေါင်နှင့် နက်နက်ကြီးကို တိုက်ခိုက်ရန် အပေါ်သို့ ပျံတက်လာသည်။
"ဟားဟားဟား... မင်း ငါ့ကို ကြောက်နေပြီလား ကြောက်နေပြီလား။"
၎င်းက ဝင့်ကြွားသော မျက်နှာထားဖြင့် အလွန် ကြမ်းတမ်းသော အသံကြီးဖြင့် အော်ဟစ်လိုက်သည်။
လုပေါင်၏ နှုတ်ခမ်းမှာ တဆတ်ဆတ် တုန်သွားသည်။ဤအကောင်တော့ တစ်ခုခု မှားနေပြီ... ထိုစဉ် လုပေါင်က လက်တစ်ဖက်ကို မြှောက်ကာ လက်ချောင်းများဖြင့် လက်ကွက် များကို မြန်မြန်ဆန်ဆန် ဖော်လိုက်ရာ ရွှေရောင်အလင်း မိုးကြိုးအတတ် တစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ လျှပ်စီးက ချော်ရည်တိုင်များကို ထိလိုက်သည်နှင့် ၎င်းတို့ကို အပိုင်းပိုင်း ကွဲကြေသွားစေတော့သည်။
နက်နက်ကြီးကမူ ပါးစပ်ကို ဟကာ အနက်ရောင် မီးတောက်တစ်ခုကို မှုတ်ထုတ်လိုက်ပြီး ချော်ရည်တိုင်ကို နောက်သို့ ပြန်လွင့်သွားစေသည်။ သူတို့နှစ်ယောက်က တိုက်ခိုက်မှုကို အလွယ်တကူ ကာကွယ်နိုင်သည်ကို မြင်သောအခါ ထိုသတ္တဝါမှာ အနည်းငယ် မှင်သက်သွားသည်။ ထို့နောက် ၎င်း၏ အတောင်ပံများမှ အရိုးစူးများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
"ဟားဟားဟား... မင်း ငါ့ကို ကြောက်နေပြီလား။"
၎င်းက အရိုးစူးများဖြင့် ချိန်ရွယ်ကာ လုပေါင်ဆီသို့ ပြေးဝင်လာသည်။ လုပေါင်က လက်ကောက်ဝတ်ကို မြှောက်ကာ နောက်ထပ် မိုးကြိုးအတတ်တစ်ခု ထပ်မံ ထုတ်လွှတ်လိုက်သည်။ လုပေါင်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင် မှာ သာမန် ဆရာကြီးများထက်ပင် ပို၍ သိပ်သည်းလှရာ မိုးကြိုးက လင်းနို့ကြီးကို ထိသည်နှင့် ၎င်း၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားတော့သည်။
ချက်ချင်းပင် နက်နက်ကြီးက လုပေါင်ကို တင်ဆောင်ကာ နောက်မှ အမှီလိုက်သည်။ လင်းနို့ကြီးမှာ မီတာ တစ်ရာခန့် လွင့်သွားပြီး ချော်ရည်ထဲသို့ ပြုတ်ကျသွားသည်။ ဤနေရာမှကြည့်လျှင် အကွာအဝေးတစ်ခုတွင် ဘောလုံးအရွယ်အစားခန့် ရှိသော ရွှေနီရောင် လုံးပတ်တစ်ခုမှာ လေထဲတွင် ဖြည်းညှင်းစွာ လည်ပတ်နေသည်ကို လုပေါင် မြင်လိုက်ရသည်။
"ချော်ရည်အူတိုင်ပဲ။"
၎င်းကို မြင်လိုက်ရုံနှင့် နတ်ဆရာကြီး ပြောခဲ့သော ချော်ရည်အူတိုင်မှန်း လုပေါင် သိလိုက်သည်။ ထိုအူတိုင်၏ အောက်ဘက်တွင် မီးနီရောင် မြေကွက်လပ်တစ်ခု ရှိပြီး ချီလင်လေး မှာ ထိုမြေပေါ်တွင် ဝပ်ကာ လုပေါင် လာမည့်အချိန်ကို စောင့်နေသည်။
"ကလေးလေး ချော်ရည်ထဲက ရုပ်ဆိုးတဲ့မိစ္ဆာက မင်းအဖေကို အနိုင်ကျင့်နေတယ် အဲ့ဒါကို ဖမ်းပေးစမ်းပါ။"
ချီလင်လေးကို မြင်သည်နှင့် လုပေါင်က လှမ်းအော်တိုင်လိုက်သည်။
လုပေါင်၏ စကားကို ကြားသောအခါ ချီလင်လေး၏ မျက်လုံးများတွင် ဒေါသရိပ်များ ချက်ချင်း ပေါ်လာသည်။
(ငါ့အဖေကို အနိုင်ကျင့်ရဲတယ်ပေါ့။)
ချီလင်လေး ၏ ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်သွားပြီး ချော်ရည်ထဲသို့ တိုက်ရိုက် ငုပ်လျှိုးဝင်ရောက်သွားတော့သည်။
"ဝုန်း... ဝုန်း..."
ထိုနောက်တွင်တော့ချော်ရည်အောက်မှ ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာသည်။ ချီလင်လေး က ထိုလင်းနို့ကြီးကို လိုက်လံ တိုက်ခိုက်နေသည်မှာ စဉ်းစားနေစရာပင် မလိုပါ။
"အရင်ဆုံး ဟိုဘက်က မြေကွက်လပ်မှာ သွားစောင့်ရအောင်။"
လုပေါင်က နက်နက်ကြီးကို အချက်ပြလိုက်သည်။ နက်နက်ကြီးက ရှေ့သို့ ကူးခတ်သွားပြီး လုပေါင်ကို ထိုမြေကွက်လပ်ပေါ်သို့ တင်ပေးလိုက်သည်။
"ပလုံ"
ထိုစဉ် ချော်ရည်များမှာ ပေါက်ကွဲထွက်သွားပြီး မီးနီရောင် လင်းနို့ကြီးမှာ ထိတ်လန့်တကြားဖြင့် ချော်ရည်ထဲမှ ကုန်းပေါ်သို့ တက်လာသည်။ ၎င်း၏ အတောင်ပံ တစ်ဖက်မှာ အရည်ပျော်နေပြီဖြစ်ရာ ချီလင်လေး ၏ လက်ချက်ဖြစ်ပုံရသည်။ အတောင်ပံ တစ်ဖက် ပျက်စီးသွားသဖြင့် ၎င်း၏ ပျံသန်းမှုမှာ မတည်မငြိမ် ဖြစ်နေတော့သည်။
နက်နက်ကြီးက မြွေမျက်လုံးများကို မှေးကြည့်ကာ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ဖြင့် လင်းနို့ကြီးကို ရစ်ပတ်ပြီး မြေပေါ်သို့ ရိုက်ချလိုက်သည်။ ထို့နောက် ကျန်နေသော အတောင်ပံကိုလည်း အမြီးဖြင့် ဖိထားလိုက်သဖြင့် လင်းနို့ကြီးမှာ လုံးဝ မလှုပ်နိုင်တော့ပါ။ ချီလင်လေး လည်း ကုန်းပေါ်သို့ ပြန်တက်လာသည်။ လုပေါင်က ချီလင်လေး ကို ပွတ်သပ်ပေးရင်း
"လိမ္မာတယ် ငါ့ကလေးလေး။"
ပြုံးကာချီးကျူးလိုက်သည်။
ထို့နောက် လုပေါင်က လင်းနို့ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။ သူက လက်ချောင်းကို တစ်ချက် ခတ်လိုက်ရာ ရွှေရောင်လျှပ်စီးတန်းလေးများ ထွက်ပေါ်လာပြီး လင်းနို့ကြီး၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။
"မင်း ငါ့ကို ကြောက်နေပြီလား ကြောက်နေပြီလား။"
လုပေါင်ကလင်းနို့ကြီး၏ စကားကို ပြန်တုပပြီး လျှပ်စီးများဖြင့် တို့ကာ မေးလိုက်သည်။
"ကြောက်ပါပြီ ကြောက်ပါပြီ မရိုက်ပါနဲ့တော့ မရိုက်ပါနဲ့တော့ တကယ် ကြောက်ပါပြီ..."
လင်းနို့ကြီးမှာ သနားစဖွယ် မျက်နှာထားဖြင့် တောင်းပန်ရှာသည်။
၎င်းကို မြင်သောအခါ လုပေါင်က ခပ်နောက်နောက် ပြုံးလိုက်ပြီး လက်ကို ခေတ္တ ရပ်လိုက်သည်။ ထို့နောက် သူ၏ ခေါင်းပေါ်တွင် လည်ပတ်နေသော လုံးပတ်ကြီးကို ကြည့်ကာ မေးလိုက်သည်။
"ဒီချော်ရည်အူတိုင်ကို ဘယ်လို ဖြုတ်ယူရမလဲ။"
"ဖြုတ်ယူမယ် ခင်ဗျား ဒါကို ဖြုတ်ယူလိုက်ရင် ဒီနေရာတစ်ခုလုံး ပြိုကျသွားလိမ့်မယ်။"
လင်းနို့ကြီးမှာ မှင်တက်သွားပြီး လုပေါင်ကို အလန့်တကြား အော်ပြောလိုက်သည်။
"ဒါက ဒီချော်ရည်စီးဆင်းမှု တည်ငြိမ်အောင် ထိန်းထားပေးတဲ့ အရာဗျ။"
၎င်းကို ကြားသောအခါ လုပေါင်က ဘာမှမပြောဘဲ လက်ညှိုးကို မြှောက်လိုက်ရာ လျှပ်စီးတန်းလေးက တဖျပ်ဖျပ်နှင့် ပေါ်လာပြန်သည်။ လင်းနို့ကြီးမှာ ခေါင်းကို ဝှက်လိုက်ပြီး မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။
"ခင်ဗျားမှာ ချီလင် ရှိတာပဲ... သူ့ကို ပါးစပ်နဲ့ သွားကိုက်ခိုင်းပြီး ယူခိုင်းလိုက်ပေါ့..."
အခန်း ၂၂၂ - အားပေးမှု လိုအပ်နေသော ချီလင်လေး။
“ကလေးလေး... အဲ့ဒီ ပုလဲလုံးလေးကို အဖေတို့အတွက် သွားယူပေးဦး။”
ထိုစဉ် လုပေါင်သည် ချီလင်လေး၏ နဖူးလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
ချီလင်လေးက ချစ်စဖွယ် အော်ဟစ်လိုက်သည်။၎င်းသည်လည်း ဤအရာကို လုပ်ချင်နေသည်မှာ ကြာပြီ ဖြစ်သည်။ ထိုချော်ရည်အူတိုင်သည် မီးဒြပ်စင်၏ အမြင့်မြတ်ဆုံး ရတနာတစ်ခုဖြစ်ရာ ချီလင်လေးအတွက်လည်း ဆွဲဆောင်မှု ရှိနေသည်။
ခဏချင်းမှာပင် ချီလင်လေး သည် အပေါ်သို့ ခုန်တက်ကာ ပုလဲလုံးကို တိုက်ရိုက် ကိုက်လိုက်တော့သည်။ သို့သော် မြင်ကွင်းမှာ လုပေါင် စိတ်ကူးထားသလို ဖြစ်မလာခဲ့ပါ။ ချီလင်လေး ခုန်ကိုက်လိုက်သော်လည်း ပုလဲလုံးမှာ အောက်သို့ ပါမလာဘဲ ချီလင်လေး သာလျှင် ပုလဲလုံးကို ကိုက်လျက်သားဖြင့် လေထဲတွင် တွဲလောင်း ခိုနေရသည်။
“ဒါက ဘယ်လို သဘောတရားလဲ လေထဲမှာ တကယ် ပျံနေနိုင်တာပဲ။”
လုပေါင်က သူ၏မေးစေ့ကို ပွတ်ရင်း အလေးအနက် အမူအရာဖြင့် ရေရွတ်လိုက်သည်။
“အစ်ကိုကြီး... ကျွန်တော့်ကို မြန်မြန် လွှတ်ပေးပါဦး ဒီနေရာက ပြိုတော့မှာဗျကျွန်တော် အပိခံပြီး မသေချင်ဘူး။”
ထိုစဉ် လင်းနို့ကြီးက မျက်နှာငယ်လေးဖြင့် အကျယ်ကြီး အော်ပြောလိုက်သည်။
၎င်းကို ကြားသောအခါ လုပေါင်က ခေါင်းလှည့်ကြည့်လိုက်ပြီး စကားပြောရန် ပြင်စဉ်မှာပင် ချော်ရည်လိုဏ်ဂူ တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။
တုန်ခါမှုနှင့်အတူ လေထဲရှိ ပုလဲလုံးမှာလည်း ဖြည်းညှင်းစွာ ယိမ်းထိုးလာသည်။ သို့သော် ထိုအချိန်တွင် ချီလင်လေး မှာ ကိုက်ရလွန်းသဖြင့် မေးရိုးညောင်းသွားသည်ထင်ရသည်။ ပုလဲလုံးကို လွှတ်ချလိုက်ပြီး အောက်သို့ ပြန်ကျလာသည်။
“ဘာလို့ ဆက်မဆွဲဘဲ လွှတ်လိုက်တာလဲ။”
လုပေါင် မှင်သက်သွားပြီး ချီလင်လေး ကို နားမလည်နိုင်သလို မေးလိုက်သည်။
“အဝူး”
(ဒါက အရမ်းမာတာပဲ စားလို့လည်း မကောင်းဘူး။)
ချီလင်လေးက နှုတ်ခမ်းဆူကာ အော်လိုက်သည်။
၎င်းကို ကြားသောအခါ လုပေါင်၏ ပါးစပ်ထောင့်မှာ အနည်းငယ် တွန့်သွားသည်။
‘ကောင်းကင်ကြီးရေ... ဒါက မာလို့ တော်သေးတာပေါ့ မဟုတ်လို့ မင်းသာ စားပွဲတင်လိုက်ရင် ငါ နောက်တစ်လုံး ဘယ်မှာ သွားရှာရမလဲ။’
ထိုအတောအတွင်း ချီလင်လေး က လွှတ်လိုက်သဖြင့် ပုလဲလုံးမှာ ပြန်လည် တည်ငြိမ်သွားပြီး လိုဏ်ဂူ တုန်ခါမှုမှာလည်း ရပ်တန့်သွားသည်။ ဤပုလဲလုံးသည် လိုဏ်ဂူ တည်ငြိမ်အောင် ထိန်းထားပေးသည့် အာနိသင် ရှိပုံရသည်။
သို့သော် လုပေါင်အတွက်ကတော့ ဒါတွေက အရေးမကြီးပါ။ ဘာပဲဖြစ်ဖြစ် ဤချော်ရည်ထဲတွင် ဤရုပ်ဆိုးသော လင်းနို့ကြီးမှလွဲ၍ အခြားသက်ရှိ မရှိပါ။ ပြိုချင်လည်း ပြိုပါစေပေါ့။
လင်းနို့ကြီး ပြောစကားအရဆိုလျှင် ချီလင်လေးတစ်ကောင်တည်းသာ ထိုပုလဲလုံးကို ဆွဲချနိုင်မည် ဖြစ်သည်။ ဤကောင်လေးကို ယူလာအောင် လှည့်စားဖို့ နည်းလမ်းရှာရမည်။
လုပေါင်က မေးစေ့ကို ပွတ်ကာ စဉ်းစားလိုက်ပြီးနောက် မျက်လုံးများ ဝင်းလက်သွားကာ သူ၏ မျက်နှာတွင် လည်ပတ်သော အပြုံးတစ်ခု ပေါ်လာသည်။
သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ချီလင်လေးသပ်ပေးရင်း ပြောလိုက်သည်။
“လိမ္မာတယ် ကလေးလေး။ မဆွဲချနိုင်လည်း ကိစ္စမရှိပါဘူး။ ငါတို့ မိသားစုမှာ ဘယ်လို စကားပုံ ရှိလဲ သိလား။”
“အဝူး...”
(ဘာစကားပုံလဲ)
ချီလင်လေး မျက်လုံးကြီးများက သိချင်စိတ်ဖြင့် ဝင်းလက်လျက် မျက်တောင်ခတ်ကြည့်နေသည်။
“ကိုယ်မလုပ်နိုင်တဲ့ အရာကို အတင်းအကျပ် မလုပ်နဲ့တဲ့။ ဘာပဲဖြစ်ဖြစ် မင်းလည်း ဒါကို မယူနိုင်တာပဲ အိမ်ပြန်ကြတာပေါ့။”
လုပေါင်က ချီလင်လေး၏ ကျောကို ပုတ်ကာ ပြုံးပြီး ပြောလိုက်သည်။
ချက်ချင်းပင် ချီလင်လေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ၎င်း၏ မခံချင်စိတ်မှာ ပို၍ ပြင်းထန်လာသည်။
(ဘယ်သူက မယူနိုင်ဘူး ပြောတာလဲ)
လုပေါင် ဘာမှ ထပ်မပြောရသေးခင်မှာပင် ချီလင်လေးက လှည့်ထွက်သွားပြီး ပုလဲလုံးကို နောက်တစ်ကြိမ် ပြန်ကိုက်လိုက်ပြန်သည်။
လေထဲတွင် ချီလင်လေး တစ်ယောက် အသည်းအသန် ကြိုးစား ဆွဲနေသည်ကို ကြည့်ရင်း လုပေါင်က ခေါင်းငြိမ့်ကာ လှည့်ဖြားသော အပြုံးဖြင့် ပြောလိုက်သည်။
“ဒီကလေးက အားပေးမှု နည်းနည်း လိုနေတာပဲ။”
‘ဒါကို အားပေးမှုလို့ ခေါ်တာလား။ ဒါက မခံချင်အောင် ဆွတာလေ...’
လင်းနို့ကြီးက လုပေါင်ကို ကြည့်ရင်း မတတ်သာသလို ခံစားလိုက်ရသည်။
“နက်နက်ကြီး သူ့ကို လွှတ်ပေးလိုက်တော့။”
ထိုစဉ် လုပေါင်က လှည့်ကြည့်ကာ နက်နက်ကြီးကို ပြောလိုက်သည်။
ဤလင်းနို့ကြီးမှာလည်း မီးဒြပ်စင် အမျိုးအစား ဖြစ်သည်။ ချီလင်လေး ရှိနေပြီဖြစ်ရာ လုပေါင်က ၎င်းကို ခေါ်သွားရန် အစီအစဉ် မရှိပါ။
အဓိက အကြောင်းရင်းကတော့ ဤအကောင်က ရုပ်ဆိုးလွန်းနေခြင်း ဖြစ်သည်။ အကယ်၍ အပြင်ထုတ်လိုက်လို့ ပရိသတ်တွေ လန့်ကုန်ရင် ဒုက္ခ။
လုပေါင်၏ စကားကို ကြားသောအခါ နက်နက်ကြီးက လင်းနို့ကြီးကို ဖိထားသော အမြီးကို ဖယ်ပေးလိုက်သည်။ ချက်ချင်းပင် လင်းနို့ကြီးက ကိုယ်ကို လှုပ်ခါကာ ချော်ရည်ထဲသို့ ငုပ်လျှိုးပြီး ထွက်ပြေးရန် ပြင်တော့သည်။
တစ်ချိန်တည်းမှာပင် ချီလင်လေး ၏ အားမှာ ယခုအကြိမ်တွင် သိသိသာသာ ပိုပြင်းလာပြီး လိုဏ်ဂူတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာတော့သည်။
“အဆင်သင့်ပြင်ထား ပုလဲလုံး အောက်ကျတာနဲ့ ငါတို့ တန်းပြေးမယ်။”
လိုဏ်ဂူ တုန်ခါမှုကို ခံစားမိသဖြင့် လုပေါင်က နက်နက်ကြီး၏ ဦးခေါင်းပေါ်တွင် တိတ်တဆိတ် ရပ်လိုက်သည်။
ထိုစဉ်မှာပင် လင်းနို့ကြီးမှာ ချော်ရည်အောက်မှ အတောင်ပံ ခတ်ကာ ပြန်တက်လာသည်။
“ဟင် တစ်ခုခု ရှိသေးလို့လား။”
လင်းနို့ကြီးကို ကြည့်ကာ လုပေါင်က နားမလည်သလို မျက်တောင်ခတ်ရင်း မေးလိုက်သည်။
၎င်းကို ကြားသောအခါ လင်းနို့ကြီးက လုပေါင်ကို မျက်နှာငယ်လေးဖြင့် ကြည့်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကိုပါ တစ်ခါတည်း ခေါ်သွားပေးပါဦး။ ဒီချော်ရည်အောက်မှာ ထွက်ပေါက် မရှိဘူးဗျ၊ ကျွန်တော် ဘယ်ကို ပြေးရမှာလဲ...”
“ဟူး... ကောင်းပြီလေ။ ငါ မတတ်သာလို့ ခေါ်သွားပေးပါ့မယ်။ အခုကစပြီး ဒါက မင်းရဲ့ ဒုတိယအစ်ကိုပဲ အပေါ်က တစ်ယောက်ကတော့ ပထမအစ်ကိုကြီးပေါ့၊ နားလည်လား။”
လင်းနို့ကြီး၏ အခြေအနေကို ကြည့်ကာ လုပေါင်က သက်ပြင်းချရင်း မတတ်သာသလို ပြောလိုက်သည်။
အကယ်၍ အခြား ဆရာကြီးတစ်ယောက်သာ ဒီနေရာမှာ ရှိနေရင် ဒေါသထွက်ပြီး ပေါက်ကွဲနေလောက်ပြီ။ ဤလင်းနို့ကြီးမှာ သားရဲဆိုးအဆင့် ဖြစ်သည်။လုပေါင်၏ ရွှေရောင်အလင်း မိုးကြိုးကြောင့်သာ အလွယ်တကူ အနှိမ်ခံနေရခြင်း ဖြစ်သည်။ ၎င်း၏ မီးတောက် ထိန်းချုပ်နိုင်စွမ်းနှင့် သံမဏိထက်ပင် မာကျောသော အရိုးစူးများမှာ အလွန် ရှားပါးလှသည် မဟုတ်လား။
သို့သော် ထိုကဲ့သို့သော သားရဲဆိုးကြီးကို လုပေါင်ကမတတ်သာလို့ ခေါ်သွားရသည်တဲ့လား။
လူချင်း အတူတူ ကွာခြားချက်ကြီးမားတာကို တွေးမိရင် တကယ်ပဲ စိတ်ပျက်စရာပါပဲ..။
ထိုစဉ် လုပေါင်က လက်ဝေ့ယမ်းလိုက်ရာ အဆုံးမဲ့ကျင်း၏ အဝင်ပေါက်မှာ မြေပြင်ပေါ်တွင် ပေါ်လာသည်။ တွင်းနက်ကြီး ပွင့်လာသည်နှင့် ထိုသတ္တဝါ၏ မျက်လုံးများ ဝင်းလက်သွားသည်။ အတွင်းရှိ အရှိန်အဝါ မှာ ဤစုတ်ပြတ်သတ်နေသော ချော်ရည်ထဲထက် အများကြီး ပိုကောင်းနေသည်။ကျင့်ကြံရန်လည်း ပိုလွယ်ကူသည် မဟုတ်လား။
“ဒုတိယအစ်ကိုဒါဆို ကျွန်တော် အရင် ဝင်နှင့်ပြီနော်။”
ချက်ချင်းပင် ထိုကောင်မှာ လေသံပြောင်းသွားပြီး နက်နက်ကြီးကို ပြုံးကာ နှုတ်ဆက်လိုက်သည်။ ထို့နောက် အပေါ်သို့ မော့ကြည့်ကာ ချီလင်လေး ကို လှမ်းပြောလိုက်သည်။
“အစ်ကိုကြီး... ကျွန်တော် အိမ်ထဲ အရင်သွားနှင့်ပြီ။ ပင်ပန်းနေမှာပဲ ကြိုးစားထားဦးနော်။”
ပြောရင်းနှင့် ထိုကောင်မှာ အတောင်ပံခတ်ကာ မတည်မငြိမ်ဖြင့် အထဲသို့ ပျံဝင်သွားတော့သည်။
လင်းနို့ကြီး ဝင်သွားသည်ကို ကြည့်ရင်း လုပေါင်၏ ပါးစပ်ထောင့်မှာ တဆတ်ဆတ် တုန်သွားသည်။ .
‘ကောင်းကင်ကြီးရေ.. သူနှင့် စရိုက်တူ နေသော ဝိညာဉ်သားရဲ တစ်ကောင်ကို သူ ရှာတွေ့လိုက်ပြန်ပြီ..’
“တောင်”
ထိုစဉ် အသံလေးတစ်ခုနှင့်အတူ ချီလင်လေးသည် ပုလဲလုံးကို အောင်မြင်စွာ ဖြုတ်ယူနိုင်လိုက်သည်။ ထို့နောက် ပုလဲလုံးကို ကိုက်ကာ ဂုဏ်ယူဝင့်ကြွားသော ခြေလှမ်းလေးများဖြင့် လုပေါင်ဆီသို့ လျှောက်လာသည်။ ၎င်း၏ အမူအရာမှာ ‘ဘယ်လိုလဲ။ငါ တော်တယ် မဟုတ်လား။ဟု ပြောနေသကဲ့သို့ပင်။
“လိမ္မာတယ် ကလေးလေးမင်းက တကယ်ကို တော်လွန်းတယ်။”
ချက်ချင်းပင် လုပေါင်က ချီလင်လေး ၏ နဖူးကို ညင်သာစွာ ပုတ်ပေးပြီး ချီးကျူးလိုက်သည်။ တစ်ချိန်တည်းမှာပင် ချီလင်လေး၏ ပါးစပ်ထဲမှ ပုလဲလုံးကို အဆင်ပြေပြေ လှမ်းယူလိုက်သည်။
ဤပုလဲလုံးမှာ တစ်ခုလုံး မီးနီရောင် တောက်နေပြီး အတွင်း၌ အနီရောင်အလင်းဖျော့ဖျော့လေးများ ဖျတ်ခနဲ ပေါ်နေသည်။ ဖြုတ်ယူပြီးသည့်တိုင်အောင် ၎င်း၏ မျက်နှာပြင် အပူချိန်မှာ ဒီဂရီ တစ်ထောင်နီးပါး ရှိနေဆဲပင်။ လုပေါင်တွင် ရွှေရောင်အလင်းဂါထာနှင့် နဂါးသားရေ အကာအကွယ် ရှိသော်လည်း ကိုင်လိုက်သည့်အခါ အလွန်ပင် ပူလွန်းနေဆဲ ဖြစ်သည်။ ထို့ကြောင့် ခဏမျှ ကြည့်ပြီးနောက် လုပေါင်သည် ၎င်းကို ထဲတွင်းနက်သို့ တိုက်ရိုက် သိမ်းဆည်းလိုက်တော့သည်။
ထို့နောက် ချီလင်လေးကို ကောက်ချီလိုက်ပြီး
“အဖေ မင်းကို နောက်မှ သေချာ ဆုပေးမယ်။ အခုတော့ ဒီနေရာက ပြိုတော့မှာမို့လို့ အရင် ပြေးကြရအောင်။”
၎င်းကို ကြားသောအခါ ချီလင်လေး က ကျေနပ်စွာ အော်လိုက်သည်။ သို့သော် ၎င်းမှာ ယခုအခါ အလွန် ပင်ပန်းနေပြီဖြစ်ရာ လုပေါင်၏ ရင်ခွင်ထဲမှာပင် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။ လုပေါင်က ၎င်းကို အဆုံးမဲ့ကျင်းထဲသို့ အသာအယာ ထည့်လိုက်သည်။
“ဝုန်း... ဝုန်း”
ထိုစဉ် ပေါက်ကွဲသံကြီးများနှင့်အတူ လိုဏ်ဂူအမိုးမှ ကျောက်တုံးကြီးများမှာ တရစပ် ပြုတ်ကျလာတော့သည်။ ၎င်းကို မြင်သောအခါ နက်နက်ကြီးက လုပေါင်ကို တင်ဆောင်ကာ သူတို့ လာခဲ့သော လမ်းအတိုင်း အသည်းအသန် ပြေးထွက်လာခဲ့သည်။ တစ်မိနစ်ပင် မပြည့်မီမှာပင် နက်နက်ကြီးသည် လုပေါင်ကို ပင်လယ်ကြမ်းပြင် အက်ကွဲကြောင်း၏ အနားသတ်သို့ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့သည်။
အောက်ခြေရှိ နေရာများမှာ ပြိုကျနေရုံသာမက ပင်လယ်ကြမ်းပြင် တစ်ခုလုံးမှာလည်း ငလျင်လှုပ်နေသကဲ့သို့ တုန်ခါနေတော့သည်။