အခန်း (၂၂၅-၂၂၆)
Vol. 23 Ch. 225-226
အခန်း ၂၂၅ - ကျွန်တော် ဘာမှလုပ်ပါဘူး ဒီတိုင်း လမ်းလျှောက်ထွက်လာတာပါ။
ဤနေရာသို့ ရောက်သည်နှင့် လုပေါင်သည် လုလင်းဟွာကို ဆက်သွယ်လိုက်သည်။ ကံမကောင်းစွာဖြင့် ဆာဗာ အခြေစိုက်စခန်းများ မတည်ဆောက်ရသေးသဖြင့် သူသည် Live လွှင့်၍ မရသေးပေ။ အမှန်တကယ်တော့ လွှင့်ချင်လျှင် လွှင့်၍ရသော်လည်း လုပေါင်၏ ကျော်ကြားမှုမှာ အရှိန်အဟုန်ဖြင့် တက်နေသည်ဖြစ်ရာ ယခုရှိနေသော ဆာဗာများမှာ သူ Live လွှင့်လိုက်သည်နှင့် ပြိုကျသွားနိုင်ခြေ ရှိနေသည်။
“နှမြောစရာပဲ အမြင့်ဆုံးတောင်ထိပ်ကို တက်တဲ့ပုံစံကို Live လွှင့်နိုင်ရင် လူကြည့် တော်တော်များမှာပဲ။”
သူ့ရှေ့တွင် တိမ်တိုက်များကို ထိုးဖောက်ပြီး တည်ရှိနေသော ဧဝရတ်တောင်ကြီးကို ကြည့်ကာ လုပေါင်က နှမြောတသစွာ သက်ပြင်းချလိုက်သည်။
ယခုအချိန်တွင် တောင်ခြေစခန်း ၌ တဲအတော်များများ ရှိနေသော်လည်း လူတစ်ယောက်မှ မတွေ့ရပါ။ လုပေါင်သည် နောက်ထပ် စုံစမ်းမနေတော့ဘဲ တောင်ပေါ်သို့ မြန်နှုန်းမြင့်ဖြင့် တိုက်ရိုက် ပြေးတက်သွားတော့သည်။
သူမသိသည်မှာ စခန်းထဲတွင် လူမရှိသည်မဟုတ်ဘဲ စခန်းရှိလူအားလုံးမှာ မနီးမဝေးရှိ တဲကြီးတစ်ခုထဲတွင် စုဝေးနေကြခြင်း ဖြစ်သည်။ ထိုတဲထဲတွင် Live လွှင့်မှုတစ်ခု ပြုလုပ်နေသည်။ ၎င်းမှာ တောင်တက်မင်းသား ဟု လူသိများသော ရစ်ချက် အမည်ရှိ နိုင်ငံခြားသားတစ်ဦး ဖြစ်သည်။ သူသည် စခန်းရှိ လူများအတွက် ဂြိုဟ်တုလှိုင်းကို အထူးစီစဉ်ပြီး Live လွှင့်နေခြင်းဖြစ်ကာ သူ၏ ရည်မှန်းချက်မှာ အမြင့်ဆုံးတောင်ထိပ်ကို သိမ်းပိုက်ရန် ဖြစ်သည်။
ယခုအခါ သူသည် အမြင့်ပေ ၇,၀၀၀ ခန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤနေရာမှဆိုလျှင် တောင်ထိပ်သို့ရောက်ရန် နောက်ဆုံး မီတာ ၁,၀၀၀ ခန့်သာ လိုတော့သည်။ သို့သော် အောက်ဆီဂျင် နည်းပါးမှု အလွန်အမင်း အေးစက်မှုနှင့် ပြင်းထန်သော လေပြင်းများကြောင့် ရစ်ချက်ကဲ့သို့သော ကျွမ်းကျင်တောင်တက်သမားပင် ရှေ့ဆက်ရန် ခက်ခဲနေပြီ ဖြစ်သည်။
“ဒီအမှတ်ကို ရောက်ဖို့က တော်တော်လေး ခက်ခဲနေပြီ ဒါပေမဲ့ နောက်ထပ် မီတာ ငါးရာလောက်တော့ ဆက်သွားနိုင်ဦးမယ်လို့ ခံစားရတယ်။”
ရစ်ချက်က ကင်မရာကိုကြည့်ကာ အင်္ဂလိပ်ဘာသာစကားဖြင့် ပြောလိုက်သည်။ ချက်ချင်းပင် တဲအတွင်းမှ အံ့သြချီးကျူးသံများ ထွက်ပေါ်လာသည်။
“ဝိုး... ပထမဆုံးအကြိမ် ကြိုးစားတာမှာတင် အမြင့်ပေ ၈,၀၀၀ နားအထိ ရောက်နေပြီ။ တောင်ထိပ်ကို မရောက်ရင်တောင် သူက အရမ်းတော်တာပဲ။”
“ဟုတ်တယ်။တခြားလူတွေက အသင်းလိုက်တက်ကြတာသူကတော့ တစ်ယောက်တည်း ဒီအထိ ရောက်လာတာ။”
“တောင်တက်မင်းသားပီသလိုက်တာရုပ်လည်းချောသလို တောင်တက်တာလည်း တော်တယ်။”
တဲအတွင်းတွင် ချီးကျူးသံများ ဆူညံသွားပြီး ရစ်ချက်၏ မိန်းကလေးပရိသတ်များလည်း အများအပြား ပါဝင်နေသည်။
“ဖူး... အဲ့ဒါက ငါတို့ရဲ့ ရတနာနတ်ဘုရား ဒီမှာ မရှိလို့ပါ။ ဒီနိုင်ငံခြားသားက ဘာလို့ ဒီလောက် ဝင့်ကြွားနေတာလဲ။ငါ့ရဲ့ ပေါင်ကြီးသာဆိုရင် တောင်ထိပ်ကို အေးအေးဆေးဆေး တက်ပြမှာ။”
ထိုစဉ် အခြေအနေနှင့် မဆီလျော်သော အသံတစ်ခု ထောင့်တစ်နေရာမှ ထွက်ပေါ်လာသည်။ လူအားလုံး မှင်တက်သွားပြီး လှည့်ကြည့်လိုက်ရာ ထောင့်တွင် ထိုင်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။
တောင်တက်ဝါသနာပါသူများသည် အပြင်ဘက် လှုပ်ရှားမှုများကို နှစ်သက်ကြသူများဖြစ်ရာ ထိပ်တန်း Streamer ဖြစ်သော လုပေါင်ကိုလည်း အတော်များများ သိကြသည်။
“ဟုတ်တယ် မနေ့က Live မှာတောင် ပေါင်ကြီးက ပင်လယ်အောက်က ချော်ရည်ပင်လယ်ထဲအထိ ဆင်းပြခဲ့တာ။ သူ မသွားနိုင်တဲ့နေရာ ရှိလို့လား။”
“အေးလေ ဒီတောင်ကို လူပေါင်းထောင်ချီ တက်ဖူးပြီးသားမို့လို့ စိတ်မဝင်စားလို့ မလာတာ ဖြစ်မှာပါ။ မဟုတ်ရင် ပေါင်ကြီးက သေချာပေါက် ရောက်လာမှာပဲ။”
“ဟုတ်တယ် ဟုတ်တယ် ငါလည်း အဲ့လိုပဲ ထင်တယ်။”
ထိုလူငယ်က စတင်ပြောလိုက်သည်နှင့် တခြားလူအတော်များများကလည်း ထောက်ခံကြတော့သည်။ သို့သော် ဤစကားများကြောင့် ရစ်ချက်၏ ပရိသတ်များမှာ မကျေမနပ် ဖြစ်ကုန်ကြသည်။
“ရတနာနတ်ဘုရားဆိုတာ ဘယ်သူလဲတစ်ခါမှတောင် မကြားဖူးဘူး။”
“အေးလေ အခုက ရစ်ချက်ရဲ့ Live ဖြစ်နေတာကို တခြားလူအကြောင်း လာမပြောနဲ့လေ။”
“ဟုတ်တယ် ငြိမ်ငြိမ်လေးပဲ ကြည့်စမ်းပါ။”
မိန်းကလေးပရိသတ်များ၏ တိုက်ခိုက်နိုင်စွမ်းမှာ ပြင်းထန်သဖြင့် တဲအတွင်းတွင် ပြန်လည် တိတ်ဆိတ်သွားသည်။
ထိုစဉ် Live ဗီဒီယိုမှာ ရုတ်တရက် လှုပ်ခါသွားသည်။
“မကောင်းတော့ဘူး ဒီနောက်ဆုံးအပိုင်းက အရမ်းမတ်စောက်တယ်။ Live လွှင့်တဲ့ ပစ္စည်းတွေကို ကိုင်ထားရတော့ တက်ရတာ ခက်ခဲလာပြီ။”
ရစ်ချက်ကလေသံအေးအေးဖြင့် ပြောလိုက်သည်။ အမှန်တကယ်တော့ ၎င်းမှာ ရစ်ချက်၏ ဆင်ခြေသာ ဖြစ်သည်။ သူ၏ Live လွှင့်စက်မှာ ခေါင်းတွင် တပ်ထား၍ရသဖြင့် အနှောင့်အယှက် မဖြစ်နိုင်ပါ။
“မင်း ပင်ပန်းနေပြီ ပြန်လာခဲ့တော့။ အနားယူပြီးမှ နောက်တစ်ခါ ပြန်တက်လို့ရတာပဲ။”
ထိုစဉ် Live ဖန်သားပြင်ရှေ့တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးက မိုက်ကရိုဖုန်းကို ကိုင်ကာ ညင်သာစွာ ပြောလိုက်သည်။ သူမမှာ ရစ်ချက်၏ လက်ထောက်ဖြစ်ပြီး သူမကိုင်ထားသော မိုက်မှာ တဖက်သို့ တိုက်ရိုက် ဆက်သွယ်နိုင်သည်။ လက်ထောက်က လမ်းကြောင်းပေးလိုက်သဖြင့် ရစ်ချက်က ခေါင်းငြိမ့်ကာ ပြန်ဆင်းရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ရစ်ချက်၏ မျက်နှာမှာ ရုတ်တရက် တောင့်ခဲသွားသည်။
“Live က ရပ်သွားတာလား။ဘာဖြစ်လို့လဲ။ဘာဖြစ်တာလဲ။”
ရစ်ချက်က ထိတ်လန့်တကြား အမူအရာဖြင့် ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်သောအခါ လက်ထောက်အမျိုးသမီးက စိုးရိမ်တကြီး မေးလိုက်သည်။ ဤနေရာမှာ အမြင့်ပေ ရှစ်ထောင်နီးပါးရှိသော နှင်းတောင်ပေါ်ဖြစ်ရာ တစ်ခုခုဖြစ်လျှင် နောက်ပြောင်စရာ မဟုတ်ပါ။
“ဟိုင်း မင်းလည်း တောင်တက်နေတာလား။တိုက်ဆိုင်လိုက်တာဗျာ။”
ထိုစဉ် စစ်မှန်သော တရုတ်စကားသံတစ်ခု ဗီဒီယိုထဲမှ ထွက်ပေါ်လာသည်။ ရစ်ချက်သည် အတော်ကြာအောင် မှင်တက်နေပြီးမှ သတိပြန်ဝင်လာကာ ထိုလူကို ခေါင်းငြိမ့်ပြလိုက်သည်။
“ဘုရားရေ... သူ... သူ ဒီအထိ ဘယ်လိုရောက်လာတာလဲ။”
ရစ်ချက်သည် ခေတ္တမျှ မှင်တက်သွားပြီးမှ တိုးတိုးလေး ရေရွတ်လိုက်သည်။ ပြောရင်းနှင့် သူသည် ကင်မရာကို မနီးမဝေးရှိ လုပေါင်ဘက်သို့ လှည့်လိုက်သည်။
ချက်ချင်းပင် တဲအတွင်းရှိ လူအားလုံး၏ ခံစားချက်မှာ ပြောင်းလဲသွားတော့သည်။
လွန်ခဲ့သော ခဏလေးက ရစ်ချက်သည် ပရော်ဖက်ရှင်နယ် တောင်တက်ပစ္စည်းများ အပြည့်အစုံဖြင့် ထူထပ်သော အဝတ်အစားများ ဝတ်ထားခဲ့သည်။ သို့သော် ယခု ဗီဒီယိုထဲတွင် ပေါ်လာသော လုပေါင်မှာ မည်သည့်ပစ္စည်းမှ ပါမလာဘဲ လက်တိုအကျီနှင့် ဘောင်းဘီတိုကိုသာ ဝတ်ထားသည်။ နှင်းတွေကြားထဲမှာ သေချာကြည့်လိုက်လျှင်... ဤလူက ညှပ်ဖိနပ် တောင် ဝတ်ထားသေးသည်။
ညှပ်ဖိနပ်စီးပြီး အမြင့်ဆုံးတောင်ကို တက်နေတာလား။ ပြီးတော့ ဒီအမှတ်အထိ ရောက်လာတာလား။
တဲအတွင်းရှိ လူ လေးငါးဆယ်ခန့်မှာ တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြသည်။
“ရတနာနတ်ဘုရား”
သို့သော် ထိုစဉ်မှာပင် စောစောက ပြောခဲ့သော လူငယ်လေးထံမှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံ ထွက်လာသည်။
နိုင်ငံခြားသားနှင့် စကားပြောနေသော လုပေါင်မှာ မှင်တက်သွားပြီး
“ဘယ်သူ ပြောနေတာလဲ။”
နားမလည်သလိုမေးလိုက်သည်။
၎င်းကို မြင်သောအခါ ရစ်ချက်က သူသည် စခန်းရှိ လူများအတွက် Live လွှင့်နေခြင်းဖြစ်ပြီး အသံမှာ ထိုနေရာမှ လာခြင်းဖြစ်ကြောင်း လုပေါင်ကို ရှင်းပြလိုက်သည်။ လုပေါင်သည် သိချင်စိတ်ဖြင့် ကင်မရာနားသို့ တိုးသွားလိုက်သည်။ ထိုအခါမှသာ ကိရိယာ၏ နောက်ကွယ်တွင် စခန်းရှိ မြင်ကွင်းကို ပြသထားသော ဖန်သားပြင်ငယ်တစ်ခုနှင့် အသံထွက်ပေါ်လာသည့် စပီကာလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
“ပေါင်ကြီး ကျွန်တော်က အစ်ကို့ရဲ့ ပရိသတ်ပါ။”
“ဟာ... ပေါင်ကြီး အစ်ကိုက တကယ်ကို တော်လွန်းတယ်”
“ပေါင်ကြီး...”
ခဏအတွင်းမှာပင် တဲအတွင်း၌ အော်ဟစ်သံမျိုးစုံဖြင့် ဆူညံသွားတော့သည်။ လုပေါင်၏ ပါးစပ်မှာ တွန့်သွားပြီး လူတစ်ဒါဇင်လောက်က ပရိသတ်ဖြစ်နေလို့ ဒီလောက်အော်နေရင် ငါ Live လွှင့်နေတဲ့အချိန်သာဆိုရင် နားကွဲသွားလောက်ပြီဟု တွေးနေမိသည်။
ထိုစဉ် လူငယ်လေးမှာ ရစ်ချက်၏ လက်ထောက်ဆီသို့ အမြန်ပြေးသွားပြီး မိုက်ကရိုဖုန်းကို လုယူလိုက်သည်။
“ပေါင်ကြီး အစ်ကိုသာ လာရင် တောင်ထိပ်ကို အေးအေးဆေးဆေး တက်နိုင်မှာပါလို့ ကျွန်တော် ပြောတာကို သူတို့က မယုံကြဘူး။”
မိုက်ကို ကိုင်လိုက်သည်နှင့် လူငယ်လေးက ဂုဏ်ယူဝင့်ကြွားသော အကြည့်ဖြင့် လူအားလုံးကို ဝေ့ကြည့်ကာ အော်ပြောလိုက်သည်။
လုပေါင်က မျက်မှောင်ကြုတ်လိုက်သည်။ .
‘ဪ.. ဤနေရာမှာ ငါ့ရဲ့ ရတနာနတ်ဘုရား စွမ်းရည်ကို သံသယဝင်တဲ့သူတွေ ရှိနေတာကိုး။’
“ပေါင်ကြီး ဘာလို့ အမြင့်ဆုံးတောင်တက်တာကို Live မလွှင့်တာလဲ။”
လူငယ်လေးကဆက်မေးလိုက်သည်။
၎င်းကို ကြားသောအခါ လုပေါင်က သူ့ကို သံသယဝင်သူများရှိသည်ကို တွေးမိရင်း လှည့်ဖြားသော အပြုံးလေးဖြင့် ပြောလိုက်သည်။
“ဒါက တောင်ကုန်းလေး တစ်ခုပဲဟာ... ကျွန်တော်က ဒီတိုင်း လမ်းလျှောက်ထွက်လာတာပါ Live လွှင့်နေဖို့ မလိုပါဘူး မဟုတ်လား။”
အခန်း ၂၂၆ - မင်း ငါ့အကြောင်းကို သေချာမသိသေးလို့ပါ။
တိတ်ဆိတ်ခြင်း။
ဤအခိုက်အတန့်တွင် တဲကြီးတစ်ခုလုံးအတွင်း၌ အသက်ရှူသံများကိုပင် အတိုင်းသား ကြားနေရသည်။
“စောစောက... ဒီလူ ဘာပြောလိုက်တာလဲ။တောင်ကုန်းလေး ဟုတ်လား။”
“ဒါက ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ကြီးဗျ။”
ခေတ္တမျှ လုပေါင်အကြောင်းကို မသိကြသူများမှာ မှင်သက်သွားကြသည်။ အကယ်၍ လုပေါင်သာ ဤစကားကို တောင်ခြေစခန်းမှာ ပြောခဲ့လျှင် ဒေါသကြီးသူအချို့နှင့် ရန်ပွဲပင် ဖြစ်နိုင်ပါသည်။ သို့သော် ယခု လုပေါင်သည် အမြင့်ပေ ခုနစ်ထောင်ရှစ်ထောင်ကျော်တွင် နွေရာသီဝတ်စုံနှင့် ပေါ်လာသည်ဖြစ်ရာ သူတို့အားလုံး ဒေါသထွက်ဖို့ပင် မေ့သွားကြသည်။
‘ဤ ရတနာနတ်ဘုရားဆိုသူက... တကယ်ပဲ ဘယ်လို နောက်ခံမျိုး ရှိလို့လဲ။’
တိတ်ဆိတ်မှုမှာ ခဏသာ ဖြစ်ပြီးနောက် လုပေါင်၏ ပရိသတ် ဆယ်ယောက်ခန့်မှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့သည်။
“ပေါင်ကြီးကတော့ တကယ်ကို အမိုက်စားပဲဒီစကားကလွဲရင် အစ်ကို့ကို ဖော်ပြဖို့ တခြားစကားလုံး ရှာမရတော့ဘူး။”
“အစ်ကို တကယ် သန်မာတာပဲ ပေါင်ကြီး။”
“ပေါင်ကြီး... တောင်ထိပ်ကို တက်မှာလား။”
ခဏအတွင်းမှာပင် အော်ဟစ်အားပေးသံမျိုးစုံ ရောပြွမ်းသွားသည်။
ရစ်ချက် ၏ မျက်နှာမှာမူ တောင့်ခဲနေဆဲပင်။ အေးလို့ တောင့်နေတာလား။ဒါမှမဟုတ် လုပေါင်ကြောင့် လန့်သွားတာလားဆိုတာတော့ မသေချာပါ။ကံကောင်းသည်မှာ သူက တရုတ်စကား နားမလည်ခြင်း ဖြစ်သည်။မဟုတ်လျှင် အခုချက်ချင်း မြေကြီးထဲ ခေါင်းတိုးဝင်သွားချင်လောက်ပေလိမ့်မည်။ သူသည် ဤတောင်ကို တက်ရန် လပေါင်းများစွာ သေချာပြင်ဆင်ခဲ့ရသော်လည်း တဖက်လူကတော့ လမ်းလျှောက်ထွက်သလို တက်လာသည် မဟုတ်လား။
“ဟေ့... မင်းရဲ့ ကိရိယာတွေကို ခဏလောက် ငှားလို့ရမလား။”
ထိုစဉ် လုပေါင်က ရစ်ချက်ကို အင်္ဂလိပ်စကားဖြင့် မေးလိုက်သည်။
စကားဆုံးသည်နှင့် ရစ်ချက်က ဝန်ထုတ်ဝန်ပိုးဖြစ်နေသော ကိရိယာအားလုံးကို ဘာမှမစဉ်းစားဘဲ လုပေါင်လက်ထဲ ထည့်ပေးလိုက်သည်။ သူ့ရဲ့ Live ကို ဘာလို့ ဆက်လွှင့်နေဦးမှာလဲ? ဒီလို ဆရာကြီးတစ်ယောက် ရှိနေမှတော့ သူက Live လွှင့်ဖို့ အရည်အချင်း ပြည့်မီပါဦးမလား။
“ညီအစ်ကိုတို့... ငါ့ရဲ့ ပရိသတ်တွေ ဖြစ်တဲ့အတွက် ဒီနေ့ မင်းတို့ကို အထူးအခွင့်အရေးအနေနဲ့ အမြင့်ဆုံးတောင်ထိပ်ကို ခေါ်သွားပေးမယ်။”
ချက်ချင်းပင် လုပေါင်က ကိရိယာတွေကို ယူကာ လက်တစ်ဖက်ဖြင့် ပေါ့ပေါ့ပါးပါး ကိုင်ပြီး ပြုံးကာ အော်ပြောလိုက်သည်။
တဲအတွင်းရှိ ပရိသတ် များရူးမတတ် အော်ဟစ်အားပေးနေကြသော်လည်း ကျန်ရှိနေသူများမှာမူ လုံးဝ ကျောက်ရုပ်ဖြစ်သွားကြသည်။ လုပေါင်၏ ပေါ်လာမှုက သူတို့၏ ကမ္ဘာကြီးကို လုံးဝ ပြောင်းလဲပစ်လိုက်ပြီ ဖြစ်သည်။
ယခုအခါ ရစ်ချက်မှာ လူသေကောင် တစ်ယောက်လို ကြောင်ရပ်နေရသည်။ သူက အလွန်မတ်စောက်သည်ဟု ထင်ထားသော ကျောက်နံရံကို လုပေါင်က တက်ပင်မတက်ဘဲ တစ်ချက်ကန်လိုက်ရုံနှင့် လျင်မြန်ဖြတ်လတ်သော မျောက်တစ်ကောင်လို အပေါ်သို့ ရောက်သွားသည်။
ရစ်ချက်၏ ပါးစပ်မှာ တွန့်သွားပြီး ခေါင်းခါကာ တောင်အောက်သို့ ပြန်ဆင်းရန် ပြင်လိုက်သည်။ နောက်ပြောင်တာလား... လုပေါင်က လူသားတစ်ယောက် မဟုတ်လောက်အောင် သန်မာနေတာ ဆက်ကြည့်နေရင် ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲအောင် လုပ်သလို ဖြစ်နေမှာပေါ့။
စကားပုံတစ်ခု ရှိသည် တက်ရတာ လွယ်သလောက် ဆင်းရတာ ခက်သည်တဲ့။ ဤတောင်ပေါ်တွင် ရပ်ပြီး အောက်ကို ငုံ့ကြည့်လျှင် ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရပါ။ တက်လာစဉ်က ခက်ခဲသလို ဆင်းရသည်မှာလည်း ပို၍ပင် ခက်ခဲလှသည်။ ရစ်ချက်သည် စိတ်ရှုပ်ထွေးမှုများကို ဖယ်ထုတ်ကာ ဖြည်းဖြည်းချင်း ပြန်ဆင်းသွားတော့သည်။
တစ်ဖက်တွင်မူ လူတိုင်း၏ မျက်စိထဲတွင် တက်ရန် အလွန်ခက်ခဲလှသော ဧဝရတ်တောင်မှာ လုပေါင်၏ ခြေဖဝါးအောက်တွင် မြေပြန့်ကဲ့သို့ပင် ဖြစ်နေသည်။ Live လွှင့်စက်ကို ယူလိုက်သည်မှ လုပေါင် တောင်ထိပ်သို့ ရောက်သွားသည်အထိ တစ်ခုလုံးမှာ ၃ မိနစ်ပင် မပြည့်ပါ။
“သတ်မှတ်ထားသော နေရာသို့ ရောက်ရှိပါပြီ။လက်မှတ်ထိုးဝင်နေပါသည်...”
လုပေါင် တောင်ထိပ်သို့ ရောက်သည်နှင့် စနစ် ၏ အသံ ထွက်ပေါ်လာသည်။ စနစ်ထဲကို ကြည့်လိုက်ရာ အများဆုံး တစ်နာရီအတွင်း တာဝန်ပြီးစီးမည်ဟု ခန့်မှန်းလိုက်သည်။
ထိုအတောအတွင်း လုပေါင်က Live လွှင့်စက်ကို ကိုင်ကာ သူ၏ ပရိသတ်များနှင့် စတင် စကားပြောတော့သည်။
“ပေါင်ကြီး... အစ်ကို ဒီလိုကြီး တက်လာတာ မအေးဘူးလား။”
ရစ်ချက်၏ မိန်းကလေးပရိသတ်တစ်ဦးက မိုက်ကို လုယူပြီး လုပေါင်ကို အားကျသောအကြည့်ဖြင့် မေးလိုက်သည်။ လုပေါင်က ချောင်းတစ်ချက်ဟန့်ကာ
“မအေးပါဘူး။ ဒီအပူချိန်က ကျွန်တော့်အတွက်တော့ ပုံမှန်ပါပဲ။”
“ဟုတ်တာပေါ့၊ပေါင်ကြီးရဲ့ Live record တွေကို သွားကြည့်လိုက်ဦး။ သူ မလုပ်နိုင်တာ ဘာရှိလဲ။”
ဘေးနားရှိ လူငယ်လေးက ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် ပြောလိုက်သည်။ သူကိုယ်တိုင်မှာ ထိုကဲ့သို့ စွမ်းရည်မရှိသော်လည်း လုပေါင်၏ ပရိသတ်ဖြစ်ရခြင်းကိုပင် အလွန် ဂုဏ်ယူနေခြင်း ဖြစ်သည်။
“ဝက်ဝံတစ်ကောင်တောင် ဒီအပူချိန်ကို ခံနိုင်မှာ မဟုတ်ဘူး ဒါပေမဲ့ အစ်ကိုကတော့ ဘာမှမဖြစ်ဘူး။ အစ်ကို တကယ်ကို တော်တာပဲ။”
ကောင်မလေးကအံ့သြတုန်လှုပ်စွာ ရေရွတ်လိုက်သည်။
“မင်း အဲ့လို ခံစားရတာက မင်း ငါ့အကြောင်းကို သေချာမသိသေးလို့ပါ။”
လုပေါင်ကအလေးအနက် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
“အင် အကယ်၍ ကျွန်မက အစ်ကို့အကြောင်း သိသွားရင်ရော။”
ကောင်မလေးကနားမလည်သလို မေးလိုက်သည်။
“ဒါဆိုရင်တော့... မင်း ငါ့ကို အခုထက် ပိုပြီး အထင်ကြီးသွားလိမ့်မယ်။”
ပြောပြီးသည်နှင့် လုပေါင်၏ ထူးခြားသော လှည့်ဖြားသည့် အပြုံးလေး ပေါ်လာသည်။ ဤအမူအရာက တခြားသူ၏ မျက်နှာပေါ်မှာဆိုလျှင် လက်သီးနှင့် ထိုးချင်စရာ ကောင်းသော်လည်း လုပေါင်၏ မျက်နှာပေါ်မှာတော့ သူဘာလုပ်လုပ် ဖြစ်သင့်သည်ဟု ထင်ရလောက်အောင် အစွမ်းထက်နေခြင်း ဖြစ်သည်။
ယခု တဲအတွင်းမှာတော့ လူအားလုံး မိုက်ကို လုယူပြီး လုပေါင်နှင့် စကားပြောရန် ကြိုးစားနေကြသဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။ လုပေါင်၏ ပရိသတ်များကတော့ ဘေးကနေ ဂုဏ်ယူစွာ ကြည့်နေကြသည်။
သို့သော် လုပေါင် ဆယ်မိနစ်ခန့်သာ စကားပြောရသေးသည်။စက်မှာ အားကုန်ပြီး ပိတ်သွားတော့သည်။ မှောင်သွားသော ဖန်သားပြင်ကို ကြည့်ကာ လုပေါင်က နှုတ်ခမ်းမဲ့လိုက်ပြီး သူ့ရဲ့ စနစ် Live ကသာ အကောင်းဆုံးဖြစ်ကြောင်း။ဘယ်လောက်လွှင့်လွှင့် အားမကုန်ကြောင်း တွေးနေမိသည်။ သူသည် စက်ကို ဘေးဖယ်ထားလိုက်ပြီး တာဝန်ပြီးစီးရန် တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။
“တီ တာဝန် အောင်မြင်ပါသည်။ ဆုလာဘ်ဉာဏ်မျက်စိ - (ရွှေအဆင့်) ရရှိပါသည်။”
တောင်ထိပ်ရောက်ပြီး တစ်နာရီအကြာတွင် စနစ်၏ အသံ ထွက်ပေါ်လာသည်။
“ရွှေအဆင့် စွမ်းရည် တဲ့လား။”
လုပေါင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
‘ဒါပေမဲ ဒီဉာဏ်မျက်စိဆိုတာက ဘာလဲ။’
ထိုစဉ် လုပေါင်သည် တစ်ကိုယ်လုံးမှ အပူလှိုင်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ မျက်လုံးများဆီသို့ တည့်တည့် တိုးဝင်သွားသည်ကို ခံစားလိုက်ရသည်။ နာကျင်ခြင်း မရှိဘဲ ထူးခြားသော သက်သောင့်သက်သာရှိမှုကို ခံစားရခြင်း ဖြစ်သည်။ အပူရှိန် ပျောက်ကွယ်သွားသောအခါ လုပေါင်သည် ဉာဏ်မျက်စိ စွမ်းရည်ကို လုံးဝ နားလည်သွားပြီ ဖြစ်သည်။
အရိုးရှင်းဆုံး ပြောရလျှင် ဤဉာဏ်မျက်စိကို အသုံးပြုလိုက်လျှင် သူ၏ ပတ်ဝန်းကျင်ရှိ ထူးခြားသော အရာများကို မြင်နိုင်စွမ်းရှိပြီး ရတနာများ ရှိနိုင်သော နေရာများကို ရှာဖွေနိုင်ခြင်း ဖြစ်သည်။ သို့သော် ဤစွမ်းရည်သည် သူ၏ စွမ်းအင် ကို အသုံးပြုမှသာ အလုပ်လုပ်မည် ဖြစ်သည်။ မဟုတ်လျှင် အမြဲတမ်း ဖွင့်ထားပါက ရတနာတွေ အများကြီး ရှာတွေ့နိုင်မှာပေါ့။
လုပေါင် သိထားသည်မှာ စနစ်က သူ့ကို တစ်နေရာရာသို့ ပို့လျှင် ထိုနေရာ၌ သေချာပေါက် ကောင်းသောအရာ ရှိနေတတ်ခြင်း ဖြစ်သည်။ တောင်တက်ရုံ သက်သက်အတွက် သူ့ကို လာခိုင်းခြင်း မဟုတ်နိုင်ပါ။ ထိုသို့တွေးကာ သူသည် သူ၏ စွမ်းအင်ကို အသုံးချပြီး ဉာဏ်မျက်စိကို ဖွင့်လိုက်သည်။
“ဉာဏ်မျက်စိ... ပွင့်စေ။”
ချက်ချင်းပင် လုပေါင်၏ မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူမြင်နေရသော ကမ္ဘာကြီးမှာ ထူးခြားစွာ ပြောင်းလဲသွားသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တောင်ထိပ်၏ အောက်ဘက်ရှိ ကျောက်ဆောင် ကုန်းပြင်မြင့်လေးတစ်ခုပေါ်တွင် အကြည့်ကို ရပ်လိုက်သည်။
အရင်ကတော့ ဤနေရာကို သာမန်နေရာဟု ထင်ခဲ့သော်လည်း ယခု ဉာဏ်မျက်စိဖြင့် ကြည့်လိုက်သောအခါ ဤကုန်းပြင်မြင့်မှာ တစ်ခုခုနှင့် အစောင့်ခံထားရသလို တစ်ခုခု ကျရောက်ပြီး ဖြစ်ပေါ်လာသော နေရာနှင့် တူနေသည်။ ထိုတွေ့ရှိမှုကြောင့် သူသည် ထိုကုန်းပြင်မြင့်ပေါ်သို့ တိုက်ရိုက် ခုန်ဆင်းလိုက်သည်။ ဉာဏ်မျက်စိ၏ အာနိသင်ကြောင့် ဤနေရာရှိ နှင်းထုအောက်တွင် တစ်ခုခု ရှိနေကြောင်း သူ ခံစားလိုက်ရလေသည်။