အခန်း (၂၂၇-၂၂၈)
Vol. 23 Ch. 227-228
အခန်း ၂၂၇ - ဘဝကို သံသယဝင်သွားသော တောင်တက်မင်းသား။
တောင်ထိပ်၏ အပူချိန်မှာ တစ်နှစ်ပတ်လုံး အနုတ် ၃၀ ဒီဂရီဆဲလ်စီးယပ်စ်အောက်တွင် ရှိနေပြီး စုပုံနေသော နှင်းထုများမှာ ရေခဲတုံးများထက်ပင် ပိုမိုမာကျောနေပါသည်။ ထို့အပြင် အဖွဲ့လိုက်ဖြစ်စေ။တစ်ဦးတည်းဖြစ်စေ တောင်ထိပ်သို့ ရောက်ရှိချိန်တွင် လူ၏ခန္ဓာကိုယ်စွမ်းအင်မှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ရာ တောင်ထိပ်တွင် အချိန်အကြာကြီး နေထိုင်ရန်မှာ သဘာဝအရ မဖြစ်နိုင်သောအရာပင်။
ထို့ကြောင့် ဤကုန်းပြင်မြင့်လေးတွင် ထူးခြားမှုတစ်ခုခု ရှိနေသည်ကို မည်သူမျှ သတိမထားမိခဲ့ကြခြင်း ဖြစ်သည်။ လုပေါင်အတွက်မူ နှင်းထုအောက်ရှိ ခဲနေသော ရေခဲပြင်၏ မာကျောမှုမှာ ပြဿနာမဟုတ်ပါ။ သူ၏ လက်ဝါးဖြင့် အသာအယာ ရိုက်နှက်လိုက်ရုံဖြင့် ရေခဲပြင်မှာ ချက်ချင်း အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် ပုံသဏ္ဌာန်မမှန်သော ကျောက်တုံးတစ်တုံး လုပေါင်၏ မျက်စိရှေ့တွင် ပေါ်လာသည်။ လုပေါင်သည် တစ်ချက်ကြည့်လိုက်ရုံနှင့် ဤကျောက်တုံးမှာ ဥက္ကာခဲမှန်း သေချာပေါက် သိလိုက်သည်။ သို့သော် ဤကျောက်ခဲမှာ အလွန်မကြီးမားဘဲ ဘောလုံးတစ်လုံးထက် အနည်းငယ်မျှသာ သေးငယ်ပါသည်။ ဤကုန်းပြင်မြင့်လေးမှာလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက ဤကျောက်ခဲ ကျရောက်မှန်ကန်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပုံရသည်။
“ဥက္ကာခဲပဲလား။”
ကျောက်ခဲကို ကြည့်ကာ လုပေါင်က စိတ်ပျက်သလို သက်ပြင်းတစ်ချက် ချလိုက်သည်။ အခြားအရာတွေ မပြောနှင့်ဦးသူ၏ တွင်းနက်ကြီး ထဲတွင် ဤကဲ့သို့ ကျောက်ခဲမျိုးမှာ သုံးမကုန်အောင် ရှိနေသည်မဟုတ်လား။ ဤအစအနလေးက ဘာလုပ်ဖို့လဲ။
သို့သော် နှုတ်ကသာ ထိုသို့ဆိုသော်လည်း ရှားပါးပစ္စည်းတစ်ခု ဖြစ်နေသဖြင့် လုပေါင်သည် ၎င်းကို အဆုံးမဲ့ကျင်းထဲသို့ ထည့်ရန် ပြင်လိုက်သည်။ သို့သော် ကျောက်ခဲကို ထိလိုက်သည့် ခဏမှာပင် လုပေါင်၏ မျက်နှာတွင် ဇဝေဇဝါ အမူအရာ ပေါ်လာသည်။
“ဥက္ကာခဲရဲ့ အထိအတွေ့က ဒီလိုမျိုး မဖြစ်သင့်ဘူးလေ။”
လုပေါင်က တိုးတိုးလေး ရေရွတ်ရင်း ၎င်းကို လက်ဖြင့် ဆွဲဖဲ့လိုက်သည်။ထိုသို့ ဆွဲလိုက်သည်နှင့် ကျောက်ခဲမှာ ချက်ချင်း ကွဲထွက်သွားပြီး အတွင်းရှိ ကျောက်ခဲအူတိုင်ကို ထွက်ပေါ်လာစေသည်။ ထိုအူတိုင်မှာ လက်ဝါးခန့်ရှိသော ပုံဆောင်ခဲ တစ်ခုဖြစ်ပြီး အရောင်အသွေးစုံလင်စွာ တောက်ပနေကာ အလွန်ပင် လှပလွန်းလှသည်။
လုပေါင်သည် လက်နှစ်ဖက်လုံးကို အသုံးပြုပြီး တစ်မိနစ်ပင် မပြည့်မီအတွင်း ပုံဆောင်ခဲကို ခွာထုတ်လိုက်သည်။ ဤအရာကို ဘာအတွက် သုံးရမှန်း သူ မသိသော်လည်း ဉာဏ်မျက်စိအောက်တွင်မူ ဤအရာမှာ ထိပ်တန်းပစ္စည်းတစ်ခု ဖြစ်ကြောင်း သူ ခံစားမိနေသည်။
သို့သော် လုပေါင်၏ လက်ထဲတွင် ရှိနေစဉ် သေချာကြည့်ရှုရန်ပင် အချိန်မရလိုက်ဘဲ ထိုပုံဆောင်ခဲမှာ ရုတ်တရက် အမှုန်အမွှားများအဖြစ် ကြေမွသွားပြီး သူ၏ လက်ဝါးပေါ်သို့ သဲပွင့်လေးများကဲ့သို့ ဖိတ်စင်ကျလာတော့သည်။
“ဥက္ကာခဲက ထွက်လာတာနဲ့ ပျက်စီးသွားတာလား။”
၎င်းကို မြင်သောအခါ လုပေါင်၏ ပါးစပ်မှာ တွန့်သွားပြီး အလွန် နှမြောသွားရသည်။ သူသည် ထိုသဲမှုန်များကို ကျောက်ခဲထဲသို့ ပြန်ထည့်ပြီး နဂိုအတိုင်း ဖြစ်မလားဟု ကြိုးစားရန် ပြင်လိုက်သည်။ သို့သော် ထိုသို့ ပြုလုပ်ရန် ပြင်စဉ်မှာပင် သူ ပြန်လည် တောင့်ခဲသွားပြီး လက်ဝါးကို ဖြန့်ကာ သေချာ ပြန်ကြည့်လိုက်သည်။
အရောင်စုံလင်စွာ တောက်ပနေပြီး ထူးခြားသော အထိအတွေ့ရှိသည့် ပုံဆောင်ခဲ အမှုန်အမွှားများကို ကြည့်ရင်း လုပေါင် ခေတ္တမျှ မှင်တက်သွားပြီးမှ မျက်လုံးများ ဝင်းလက်သွားတော့သည်။
ဒါက သူ ရှာနေတဲ့အလွန်အေးမြသော ကြယ်မှုန်သဲမဟုတ်ပါလား။
“ဘုရားရေ... အလွန်အေးမြတဲ့ ကြယ်မှုန်သဲကို ဘယ်မှာ သွားရှာရမလဲလို့ စဉ်းစားနေတာအခုတော့ ကိုယ့်လက်ထဲ တန်းရောက်လာတာပဲ။”
ချက်ချင်းပင် လုပေါင်သည် ထိုကြယ်မှုန်သဲများကို စုစည်းကာ တွင်းနက်ထဲသို့ ထည့်လိုက်သည်။ စနစ် ကလည်း တစ်ခါတစ်ရံမှာ အသုံးဝင်တာတွေ လုပ်တတ်သားပဲ။ သူ ကြယ်မှုန်သဲကို ဘယ်လိုရှာရမလဲ မသိမှန်း သိသဖြင့် ဤနေရာသို့ လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်သည်။ ကြယ်မှုန်သဲကို ရရှိခဲ့ရုံသာမက ဉာဏ်မျက်စိ စွမ်းရည်ကိုပါ ရရှိခဲ့သည် မဟုတ်လား။
ထိုသို့တွေးကာ လုပေါင်သည် ပျော်ရွှင်စွာဖြင့် တောင်အောက်သို့ လျှောက်ဆင်းလာခဲ့သည်။ အလုပ်အားလုံး ပြီးဆုံးသွားပြီဖြစ်ရာ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပါ။
တောင်လယ်ခေါင်တစ်နေရာတွင်..။
ပရော်ဖက်ရှင်နယ် တောင်တက်ပစ္စည်း အပြည့်အစုံဖြင့် တစ်နာရီကျော်ကြာ အချိန်ဖြုန်းခဲ့သည့်တိုင် ရစ်ချက်မှာ မီတာ နှစ်ထောင်ခန့်သာ သတိထားပြီး ပြန်ဆင်းနိုင်ခဲ့သည်။ ဤအမှတ်သို့ ရောက်မှသာ အောက်ဆီဂျင် ပိုမိုရရှိလာသဖြင့် သူ အနည်းငယ် အသက်ရှူချောင်သွားသည်။
သူသည် ကျောက်နံရံတွင် တောင်တက်တံစို့ဖြင့် ဘေးကင်းရေးကြိုးကို ချိတ်ဆွဲကာ ခေတ္တမျှ အနားယူပြီး အားပြန်ဖြည့်ရန် ရပ်လိုက်သည်။ ထိုစဉ် သူသည် အနည်းငယ် မှင်တက်သွားပြီးမှ မျက်လုံးကို ပွတ်ကာ အပေါ်သို့ မယုံနိုင်သလို မော့ကြည့်လိုက်သည်။ အပေါ်ဘက်တွင် လုပေါင်၏ ဖြတ်လတ်သော ပုံရိပ်မှာ အဆက်မပြတ် ခုန်လွှားနေသည်ကို မြင်လိုက်ရခြင်း ဖြစ်သည်။
ထိုကျောက်နံရံကြီးများနှင့် ချောက်ကမ်းပါးများမှာ လုပေါင်အတွက် အတားအဆီး မဟုတ်ခဲ့ပါ။
ချောက်ကမ်းပါးလား ခုန်ဆင်းလိုက်။
နှင်းထုတွေလား။ကျော်ဖြတ်လိုက်။
မိနစ်အနည်းငယ်အတွင်းမှာပင် လုပေါင်သည် တောင်အောက်သို့ ဆင်းနေသော ရစ်ချက်ကို မှီသွားတော့သည်။
“ယို့... တိုက်ဆိုင်လိုက်တာ ဆင်းနေတာလား။”
တွဲလောင်းခိုနေသော ရစ်ချက်ကို မြင်သောအခါ လုပေါင်က ပြုံးပြီး လက်ဝှေ့ယမ်းပြလိုက်သည်။ ယခုအခါ ရစ်ချက်၏ မျက်လုံးထဲတွင် ဖော်ပြမတတ်နိုင်သော အားကျမှုများ ပေါ်ပေါက်လာသည်။
လုပေါင်က ဘာပစ္စည်းမှမပါဘဲ အပေါ်သို့ အေးအေးဆေးဆေး တက်သွားခဲ့စဉ်က လုပေါင်၏ တောင်တက်စွမ်းရည်မှာ ထူးခြားလွန်း၍ဟု သူ့ကိုယ်သူ ဖြေသိမ့်နိုင်ခဲ့သော်လည်း ယခု တောင်အောက်သို့ ဤမျှလွယ်ကူစွာ ဆင်းလာသည်ကို မြင်ရသောအခါ ကျွမ်းကျင်ပညာရှင်တစ်ဦးအနေဖြင့် ၎င်းမှာ မည်မျှခက်ခဲကြောင်း သူ ကောင်းကောင်းသိသည်။
“ရော့... ဒီစက်က အားကုန်သွားပြီ၊ မင်းကို ပြန်ပေးမယ်။”
ရစ်ချက် စကားမပြောနိုင်ခင်မှာပင် လုပေါင်က လက်ကို လှုပ်ရှားလိုက်ပြီး Live လွှင့်စက်ကို ရစ်ချက်၏ လက်မောင်းတွင် လှမ်းချိတ်ပေးလိုက်သည်။
ချက်ချင်းပင် ရစ်ချက်၏ မျက်နှာမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်သော အမူအရာ ဖြစ်သွားသည်။ Live စက်ကို လုပေါင် ယူသွားသဖြင့် သူ တောင်အောက်ဆင်းရသည်မှာ ပေါ့ပါးသွားပြီဟု ဝမ်းသာနေကာရှိသေး မျက်စိတစ်မှိတ်အတွင်း လုပေါင်က စကားတစ်ခွန်းမှမဆိုဘဲ ပြန်ပေးသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။
“မင်း... တောင်ထိပ်ကို တကယ် ရောက်ခဲ့တာလား။”
ရစ်ချက်ကသိချင်စိတ်ဖြင့် မေးလိုက်သည်။
၎င်းကို ကြားသောအခါ လုပေါင်က ခေါင်းငြိမ့်ပြပြီး
“ဟုတ်တယ် အပေါ်မှာ ရှုခင်းကို တစ်နာရီလောက် ကြည့်နေတာ။ ပုံမှန်ပါပဲ နေရာတိုင်းမှာ နှင်းတွေချည်းပဲ။”
တစ်နာရီလောက် ကြည့်နေခဲ့တယ်... ရစ်ချက်မှာ မျက်စိရှေ့တွင် မှောင်မိုက်သွားပြီး တောင်ပေါ်က ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ ဆိုလိုသည်မှာ သူ တစ်နာရီကြာ ဆင်းလာခဲ့သော ခရီးကို တဖက်လူက မိနစ်အနည်းငယ်အတွင်း မှီလာခဲ့ခြင်း ဖြစ်သည်မဟုတ်လား။
“ဘာပဲဖြစ်ဖြစ် ငါ့မှာ လုပ်စရာ တခြားကိစ္စတွေ ရှိသေးလို့ အရင်သွားနှင့်ပြီ မင်းလည်း ဖြည်းဖြည်းချင်း ဆင်းလာခဲ့ဦး။”
လုပေါင်က ထပ်မပြောတော့ဘဲ အောက်သို့ ခုန်ဆင်းသွားပြီး ပုံရိပ်အနည်းငယ် ပြောင်းလဲပြီးနောက် ရစ်ချက်၏ အမြင်အာရုံမှ ပျောက်ကွယ်သွားတော့သည်။
“တရုတ်လူမျိုးတွေအားလုံးက ဒီလောက်အထိ ကြမ်းကြတာလား။”
အတော်ကြာမှ ရစ်ချက် သတိပြန်ဝင်လာပြီး သူ၏ ဘဝကို သံသယဝင်နေသော အမူအရာဖြင့် ရေရွတ်လိုက်မိသည်။
မကြာမီ လုပေါင်သည် တောင်ခြေရှိ စခန်းသို့ ပြန်ရောက်လာခဲ့သည်။ စခန်းရှိလူများမှာ စက်အားကုန်သွားသည်ကို မသိကြဘဲ တောင်ထိပ်တွင် လိုင်းမကောင်း၍ဟု ထင်ကာ တဲကြီးထဲတွင် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ ၎င်းက လုပေါင်အတွက် လူတွေ ဝိုင်းမေးခံရမည့် ဒုက္ခမှ ကင်းဝေးစေခဲ့သည်။
နောက်ထပ် တစ်နာရီခန့်အကြာတွင် လူအားလုံးသည် တစ်စုံတစ်ယောက် ပြန်လာသည်ကို မြင်လိုက်ရသော်လည်း ၎င်းမှာ လုပေါင်မဟုတ်ဘဲ ရစ်ချက် ဖြစ်နေသည်။
“ပေါင်ကြီး ဘယ်မှာလဲ ငါတို့ရဲ့ ရတနာနတ်ဘုရားကော။”
“သူ ပြန်မဆင်းလာသေးဘူးလား။”
“နေဦး... ဘာလို့ Live လွှင့်စက်က မင်းလက်ထဲ ရောက်နေတာလဲ။”
လူအားလုံးက ရစ်ချက်ကို ဝိုင်းမေးကြတော့သည်။ သူ ပြန်ရောက်လာလျှင် သူ့ကို စိတ်ပူပေးမည့်သူ အနည်းဆုံးတစ်ယောက်တော့ ရှိလိမ့်မည်ဟု ထင်ခဲ့သော်လည်း လူတိုင်းက လုပေါင်အကြောင်းသာ မေးနေကြသည်ကို သူ မမျှော်လင့်ထားခဲ့ပါ။
သူသည် စိတ်ကို ထိန်းချုပ်လိုက်ပြီး မတတ်သာသော မျက်နှာဖြင့် ပြောလိုက်သည်။
“သူ တောင်အောက်ကို ဆင်းသွားတာ ကြာပါပြီ။ ငါ တစ်နာရီကြာ ဆင်းရတဲ့ ခရီးကို သူက မိနစ်အနည်းငယ်အတွင်းမှာပဲ ရောက်သွားတာ...”
စကားဆုံးသည်နှင့် တဲအတွင်း၌ အံ့သြသံများဖြင့် ဆူညံသွားတော့သည်။
ထိုနေ့မှစ၍ ရစ်ချက်သည် တောင်တက်လောကမှ မည်သည့် နာမည်ကြီးပုဂ္ဂိုလ်နှင့်မဆို တွေ့ဆုံသည့်အခါတိုင်းသူ၏ ဖုန်းကို တိတ်တဆိတ်ထုတ်ကာ လုပေါင် တောင်ထိပ်သို့ အေးအေးဆေးဆေး တက်သွားခဲ့သည့် Live record ကို ထုတ်ပြလေ့ရှိပါတော့သည်။
ဟုတ်ပါသည်။လုပေါင်ကတော့ ဒါတွေကို လုံးဝ သိမှာ မဟုတ်ပါ။ယခုအချိန်တွင် သူသည် နဂါးကျားတောင် ဆီသို့ ပျံသန်းမည့် လေယာဉ်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အခန်း ၂၂၈ - ဒီလိုမြင်ကွင်းမျိုး ငါတစ်ခါမှ မမြင်ဖူးသေးဘူး။
နဂါးကျားတောင်။
ဆရာကြီး သည် ခန်းမဆောင်ကြီးအတွင်း၌ မတ်မတ်ထိုင်ကာ ကျမ်းစာများကို တိတ်ဆိတ်စွာ ရွတ်ဖတ်နေသည်။ ပြီးခဲ့သည့်အကြိမ်က လုပေါင်၏ ရွှေရောင်အလင်းဂါထာ ကြောင့် ဖြစ်ပေါ်ခဲ့သော ဆူညံပွက်လောရိုက်မှုများအပြီးတွင် ခန်းမဆောင်ကြီးမှာ ရက်အနည်းငယ်အတွင်းမှာပင် မူလအတိုင်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီ ဖြစ်သည်။
ဆရာကြီးသည် ယခုအချိန်တွင် စိတ်ကြည်လင်နေပါသည်။ ဘာပဲဖြစ်ဖြစ် သူအစိုးရိမ်ဆုံးဖြစ်သော မိစ္ဆာချုပ်နှောင်ရာစေတီ ကိစ္စကို လုပေါင်က တာဝန်ယူဖြေရှင်းပေးနေပြီ မဟုတ်လား။ တွက်ချက်ကြည့်ရလျှင် သူ အသက်ရှင်ရန် နှစ်အနည်းငယ်သာ ကျန်တော့သည်။ ဆက်ခံမည့်သူတစ်ဦးကိုသာ ရှာတွေ့ခဲ့လျှင် သူ၏အိုဇာတာကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တော့မည် ဖြစ်သည်။
“ဆက်ခံမယ့်သူကိုတော့ သေချာလေး ရွေးချယ်ရမယ်...”
ဆရာကြီးကအသက်ပြင်းပြင်းရှူရင်း ရေရွတ်လိုက်သည်။
“ဆရာကြီး”
ထိုခဏမှာပင် သူ၏နောက်ကွယ်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဆရာကြီးမှာ လန့်သွားပြီး ဖြည်းဖြည်းချင်း ထရပ်ကာ လှည့်ကြည့်လိုက်ရာ လုပေါင်ကို တွေ့လိုက်ရသည်။
“သူငယ်ချင်းလေး လု၊ အဆင်မပြေတာများ ရှိလို့လား။ငါလည်း မကြာသေးခင်က ဂိုဏ်းရဲ့ ရှေးဟောင်းမှတ်တမ်းတွေကို ပြန်ကြည့်ပြီး အဲ့ဒီပစ္စည်းတွေရဲ့ မူလဇစ်မြစ်ကို နည်းနည်း နားလည်ထားပြီးပြီ။”
လုပေါင် ထွက်သွားသည်မှာ နှစ်ရက် သုံးရက်သာ ရှိသေးသဖြင့် လုပေါင်သည် ပစ္စည်းများကို ဘယ်မှာရှာရမှန်း မသိ၍ ပြန်လာသည်ဟု ထင်ကာ ဆရာကြီးက ပြုံးပြီး သူ၏မုတ်ဆိတ်ကို သပ်ရင်း ပြောလိုက်သည်။
“အဲ့လို မဟုတ်ပါဘူး၊ ကျွန်တော်က...”
လုပေါင်ကမျက်တောင်ခတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
သို့သော် သူစကားမဆုံးမီ ဆရာကြီးက လက်ကာပြကာ ပြုံးပြီး ပြောလိုက်သည်။
“ရပါတယ် သူငယ်ချင်းလေး လုရာ။ ဒီလိုပစ္စည်းမျိုးကို ငါကိုယ်တိုင် ရှာရင်တောင် အနည်းဆုံး ခြောက်လလောက် ကြာမှာပါ။ ဖိအားတွေ မထားပါနဲ... ဟမ် ဘုရားရေ။”
ဆရာကြီး စကားပြောနေစဉ်မှာပင် လုပေါင်က လက်ကို လှုပ်ရှားလိုက်ပြီး အလွန်အေးမြသော ကြယ်မှုန်သဲ များကို ထုတ်ယူကာ လက်ဝါးပေါ်တွင် တင်ပြလိုက်သည်။ ဆရာကြီးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ထိတ်လန့်တကြား မျက်နှာဖြင့် လုပေါင်ရှေ့သို့ အပြေးအလွှား သွားကာ ထိုကြယ်မှုန်သဲများကို လှမ်းယူလိုက်သည်။
“မင်း... မင်း သုံးရက်အတွင်းမှာပဲ အလွန်အေးမြတဲ့ ကြယ်မှုန်သဲကို ရအောင် ရှာနိုင်ခဲ့တာလား။”
ဆရာကြီးက မှင်တက်သွားပြီး အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
“ကျွန်တော် ပြောပါရစေဦး ဆရာကြီးလည်း စိတ်အေးအေးထားပါဦး။ လောကကြီးကို တစ်ခါမှ မမြင်ဖူးသလိုမျိုး မလုပ်ပါနဲ့...”
ဆရာကြီးဆဲဆိုမိသည်အထိ အံ့သြနေသည်ကို မြင်သောအခါ လုပေါင်က ခါးသီးစွာ ပြုံးလိုက်သည်။
“လောကကြီးကို မမြင်ဖူးဘူး ဟုတ်လား။ငါ့လို လူအိုကြီးက ဘယ်လို မြင်ကွင်းမျိုးကို မမြင်ဖူးဘဲ နေမလဲ။”
လုပေါင်၏ စကားကြောင့် ဆရာကြီး မျက်လုံးပြူးသွားပြီး အကျယ်ကြီး ပြန်အော်လိုက်သည်။ ထို့နောက် သူက လုပေါင်ကို ခေါင်းငြိမ့်ပြရင်
“သူငယ်ချင်းလေး လုကတော့ ထင်ထားတဲ့အတိုင်းပဲ သုံးရက်အတွင်းမှာ ဒီအလွန်အေးမြတဲ့ ကြယ်မှုန်ကို ရှာတွေ့...”
“ဒါဆိုရင် ဒါကိုလည်း ကြည့်လိုက်ပါဦးဒီဥက္ကာခဲကကော ပြဿနာမရှိဘူး မဟုတ်လား။”
ဆရာကြီး စကားမဆုံးမီ လုပေါင်က လက်ကို ထပ်မံလှုပ်ရှားလိုက်ပြီး တွင်းနက်ထဲမှ တူးထုတ်လာသော ကျောက်ခဲကြီးကို ထုတ်ပြလိုက်ပြန်သည်။
“ဒါ... ဒါ ဒါက...”
ဆရာကြီးမှာ အံ့သြဝမ်းသာသော မျက်နှာဖြင့် ကျောက်ခဲကို ကိုင်ကြည့်ရင်း တတွတ်တွတ် ရေရွတ်နေတော့သည်။
“သူငယ်ချင်းလေး လု မင်းရဲ့ စွမ်းရည်က တကယ်ကို ကြောက်စရာကောင်းတာပဲ။ ရက်အနည်းငယ်အတွင်းမှာပဲ ဒီပစ္စည်း နှစ်မျိုးလုံးကို ရှာနိုင်ခဲ့တာ...”
ခေတ္တမျှ ကြည့်ရှုပြီးနောက် ဆရာကြီးက ကျောက်ခဲကို သူ၏အိတ်ထဲသို့ သေချာထည့်ကာ လုပေါင်ကို ချီးကျူးရန် မော့ကြည့်လိုက်သည်။
သို့သော် သူ မော့ကြည့်လိုက်သည်နှင့် လုပေါင် ထုတ်ပြထားသော သံမဏီစစ်ပုံကြီးကို မြင်လိုက်ရပြန်သည်။
“ဂလု...”
ဆရာကြီးတံတွေး မျိုချလိုက်မိသည်။ သူ ဘာပြောရမှန်းကို လုံးဝ မသိတော့ပါ။ ဤပစ္စည်းများမှာ ကမ္ဘာပေါ်တွင် အလွန်ရှားပါးပြီး ရှာဖွေရန် ခက်ခဲလှသည်ကို သူ ကောင်းကောင်း သိသည်။ သို့သော် လုပေါင်ကတော့ ရက်အနည်းငယ်အတွင်းမှာပင် တစ်ခုပြီးတစ်ခု ထုတ်ပြနေသဖြင့် သူ၏ ဦးနှောက်မှာပင် အလုပ်မလုပ်တော့လောက်အောင် ဖြစ်သွားရသည်.
“ရော့... ဒီပုတီးလေးကို ကိုင်ရင် သတိထားဦး အပူလောင်သွားဦးမယ်။”
ထိုစဉ် လုပေါင်က လက်ကို ထပ်မံမြှောက်လိုက်ရာ ချော်ရည်အူတိုင် ကလည်း ထွက်ပေါ်လာပြန်သည်။ ယခုအခါ ၎င်း၏ အပူချိန်မှာ အတော်လေး ကျဆင်းသွားပြီ ဖြစ်သော်လည်း ဒီဂရီ ရာဂဏန်းခန့်တော့ ပူနေဆဲ ဖြစ်သည်။ ဆရာကြီးက ခန်းမဆောင်ကြီး မီးမလောင်စေရန် သတိထားကာ လှမ်းယူလိုက်ပြီး ချက်ချင်းပင် အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
ဤအချိန်တွင် ဆရာကြီးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေမှုကြောင့် ခန်းမဆောင်အတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး သူ၏ မျက်နှာတွင် အံ့သြခြင်းနှင့် ဝမ်းသာခြင်းများ ရောပြွမ်းနေသည်။ အတော်ကြာမှ ဆရာကြီး စိတ်ပြန်တည်ငြိမ်သွားပြီး လုပေါင်ကို အလေးအနက် မျက်နှာထားဖြင့် ပြောလိုက်သည်။
“ငါတကယ်ကို ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး သူငယ်ချင်းလေး လုမင်းက တကယ်ကို... တကယ်ကိုပဲ။”
ဆရာကြီးမှာ လုပေါင်ကို ဖော်ပြရန်နာမဝိသေသန စကားလုံးပင် မရှာနိုင်တော့လောက်အောင် ဖြစ်နေရသည်။
“ရပါတယ် ဆရာကြီးက ကျွန်တော့်အကြောင်း သေချာမသိသေးလို့ပါ။ သိသွားရင်တော့ ဒီလောက် အံ့သြတော့မှာ မဟုတ်ပါဘူး။ ကျွန်တော့်အကြံကတော့ မိစ္ဆာချုပ်နှောင်ရာစေတီကို အရင် ပြင်ကြစို့လေ။”
လုပေါင်က ဆရာကြီး၏ ပုခုံးကို ပုတ်ကာ ပြုံးပြီး ပြောလိုက်သည်။ သူသည် အလုပ်ကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ချင်နေခြင်း ဖြစ်သည်။
ဆရာကြီးကလည်း ခေါင်းငြိမ့်ကာ လုပေါင်ကို စေတီတော်ရှိရာသို့ ခေါ်ဆောင်သွားသည်။ စေတီတော် တည်ရှိရာ ဂူဝသို့ ရောက်သောအခါ တာအိုဘုန်းကြီး အနည်းငယ်က ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။ သူတို့၏ တာအိုဝတ်ရုံများကို ကြည့်ခြင်းအားဖြင့် ဤဘုန်းကြီးများမှာ နဂါးကျားတောင်၏ ဝါရင့် စီနီယာများ ဖြစ်ကြပုံရသည်။
“နေဦး... သူတို့ကို ဘယ်လို ဆက်သွယ်လိုက်တာလဲ။”
ပစ္စည်းတွေ ကိုင်ပြီး စောင့်နေကြသော ဘုန်းကြီးများကို မြင်သောအခါ လုပေါင်က ဆရာကြီးကို သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူတို့နှစ်ယောက် လမ်းလျှောက်လာစဉ်အတွင်း ဆရာကြီးက ဘာမှ မလုပ်ခဲ့ပါ။ဖုန်းတောင် မဆက်ခဲ့ဘဲ ဤလူတွေက ဒီမှာ ဘယ်လိုရောက်နေတာလဲ။
လုပေါင်က မေးလိုက်သောအခါ ဆရာကြီးက သူ့ကို ပြုံးပြရုံသာ ပြုံးပြလိုက်သည်။ ထိုအပြုံးကို မြင်လိုက်ရသဖြင့် လုပေါင် ရုတ်တရက် ကျောချမ်းသွားပြီး ဆရာကြီး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရသည်။
“အဲ... ကျွန်တော်က သိချင်ရုံ သက်သက်ပါစကားစမြည် ပြောဖို့ ကြိုးစားတာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုက အရမ်းပုံမှန်ပါတယ် အဖိုးကြီးတွေကို စိတ်မဝင်စားပါဘူး။”
ချက်ချင်းပင် လုပေါင်က အလေးအနက် ရှင်းပြလိုက်သည်။
“မင်း... ဒီကောင်လေး... တကယ်ကိုပဲ။”
ဆရာကြီးမျက်လုံးပြူးသွားပြီး လုပေါင်ကို လက်ဝါးနှင့် ရိုက်ချင်စိတ် ပေါက်သွားသည်။ သို့သော် သူ လက်ကို မြှောက်လိုက်သည်နှင့် လုပေါင်၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်း ပေါ်လာသဖြင့် ဆရာကြီး မျက်ခုံးတွန့်သွားကာ လက်ကို တိတ်တဆိတ် ပြန်ချလိုက်ရသည်။
“ဒါက ငါတို့ နဂါးကျားတောင်ရဲ့ လျှို့ဝှက်ချက်ပါ။ သူငယ်ချင်းလေး လုက ငါတို့ဂိုဏ်းရဲ့ အမည်ခံတပည့် ဖြစ်နေပြီပဲ။ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့နဲ့ ဂိုဏ်းဝင်အစစ်ဖြစ်ဖို့ စဉ်းစားမကြည့်ချင်ဘူးလား။”
ထိုစဉ် ဆရာကြီးက ချောင်းတစ်ချက်ဟန့်ကာ ဖျားယောင်းသော လေသံဖြင့် ပြောလိုက်သည်။
“မင်းသာ သဘောတူရင် နဂါးကျားတောင်က အရာအားလုံးက မင်းအပိုင် ဖြစ်စေရမယ်။”
“မလုပ်ပါနဲ့ အဲ့ဒီတုန်းက ကျွန်တော်တို့ သဘောတူထားပြီးသားလေ ကျွန်တော်က နာမည်ပဲ ခံမှာပါ။”
လုပေါင် မျက်လုံးပြူးသွားပြီး အလေးအနက် ပြောလိုက်သည်။ နောက်ပြောင်တာလား။ဒီစနစ်ကြီး ရှိနေမှတော့ သူ နောင်တစ်ချိန်မှာ ဘယ်လောက်အထိ အစွမ်းထက်လာမလဲဆိုတာ ဘယ်သူမဆို သိနိုင်တာပဲ။ နဂါးကျားတောင်လေးကို ငါ့အပေါ် လာပုံချချင်နေတာလား။ဒီလူငယ်လေးကတော့ အဲ့ဒီအကွက်ထဲ မဝင်ပါဘူး။
စကားပြောနေကြရင်း စေတီတော်ရှေ့သို့ ရောက်လာကြသည်။ ဒီတစ်ခါတော့ နှောင့်ယှက်မည့် မိစ္ဆာတွေ မရှိသဖြင့် အတော်လေး ငြိမ်သက်နေသည်။ သို့သော် ဤနေရာတွင် ရပ်နေရခြင်းမှာပင် ထူးဆန်းသော အအေးဓာတ်က နှလုံးသားအထိ တိုးဝင်လာနေဆဲ ဖြစ်သည်။ နဂါးကျားတောင်က လူငယ်ဘုန်းကြီးတွေ ဤနေရာကို မလာရဲကြတာ မဆန်းပါဘူး။
“မီးတံဆိပ်။”
ယခုအခါ ဆရာကြီး၏ မျက်နှာမှာ တည်ကြည်သွားပြီ ဖြစ်သည်။ သူ၏ လက်ကို လှုပ်ရှားလိုက်ရာ ချော်ရည်အူတိုင်မှာ ပျံထွက်သွားပြီး စေတီတော်၏ ထိပ်တွင် သွားရောက် တည်ရှိနေတော့သည်။ ချက်ချင်းပင် မီးအလင်းရောင်များမှာ မက်မွန်သားဓား ပေါ်သို့ အလင်းပြန်လာကာ အလွန်အမင်း အစွမ်းထက်ပုံ ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် တခြားသော ဘုန်းကြီးများကလည်း ဂါထာမန္တန်များ ရွတ်ဖတ်ကာ သတ်မှတ်ထားသော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးလာကြပြီး စေတီတော်၏ အက်ကွဲကြောင်းများပေါ်သို့ အင်းစာရွက် များကို ဆက်တိုက် ကပ်လိုက်ကြသည်။
ချော်ရည်အူတိုင်က အပူရှိန်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်နေပြီး အင်းစာရွက်များမှာ ကပ်လိုက်သည်နှင့် လောင်ကျွမ်းသွားသော်လည်း ထူးခြားသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေတော့သည်။
လုပေါင်ကတော့ ဒီအလုပ်တွေကို ဘယ်လိုလုပ်ရမှန်း မသိပါ။ သူကတော့ လက်ပိုက်ပြီး ဘေးကနေ ကြည့်နေလိုက်သည်။ သူကိုယ်တိုင် ဘာမှလုပ်စရာမလိုဘဲ အေးအေးဆေးဆေး ပွဲကြည့်နေရခြင်းမှာ ရှားပါးလှသည် မဟုတ်လား။