← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 23 Ch. 229-230

အခန်း၂၂၉ - မင်းက အဲ့ဒီဂုဏ်ဆာနေတဲ့ မိစ္ဆာဘုရင်လား။

နဂါးကျားတောင်မှ လူများသည် စေတီတော်ပြုပြင်ရေးအတွက် အထူးလေ့ကျင့်ထားကြသည်မှာ သိသာပါသည်။ ပြုပြင်ရေးလုပ်ငန်းစဉ် တစ်ခုလုံးမှာ အလွန်ပင် ချောမွေ့လှပြီး တာအိုပညာရပ်များ ဟိုဟိုဒီဒီ ပျံသန်းနေကာ ဆရာကြီးကလည်း ပစ္စည်းများကို အဆက်မပြတ် ထည့်သွင်းနေသည်မှာ လုပေါင်အတွက် ရုပ်ရှင်ကြည့်နေရသလိုပင် ထင်မှတ်မှားစေပါသည်။

မိစ္ဆာချုပ်နှောင်ရာစေတီ အတွင်း၌။

စေတီတော်၏ အတွင်းပိုင်းမှာ အပြင်က မြင်ရသည်ထက် အဆပေါင်းများစွာ ပိုမိုကျယ်ဝန်းလှသည်။ ၎င်းကို သိုလှောင်အိတ် ကဲ့သို့သော နည်းပညာမျိုးဖြင့် တည်ဆောက်ထားခြင်း ဖြစ်ရမည်။ ယခုအချိန်တွင် စေတီတော်ကို ပြုပြင်နေသဖြင့် တစ္ဆေများ၏ အော်ဟစ်ငိုကြွေးသံများ ဆူညံနေတော့သည်။ အကယ်၍ သာမန်လူတစ်ယောက်သာ ဤထဲသို့ ရုတ်တရက် ရောက်သွားပါက ထိုအသံများကြောင့်တင် ရူးသွပ်သွားနိုင်လောက်ပါသည်။

“ငါတို့ ဘာလုပ်ကြမလဲ။ဒီအက်ကြောင်းမှာ ချော်ရည်အူတိုင်ရှိနေတယ် အဲ့ဒါက အလွန်ပြင်းထန်တဲ့ ယန်စွမ်းအင်ရှိတဲ့ အရာပဲ။”

“ငါတို့ နံရံတွေနားကို ကပ်လို့မရတော့ဘူး။ ငါတို့ ရာစုနှစ်ပေါင်းများစွာ ကြိုးစားခဲ့သမျှကတော့...”

“ဒီတစ်ခါသာ ထပ်ပြီး အချုပ်ခံလိုက်ရရင် လွတ်လမ်းရှာဖို့ နောက်ထပ် နှစ်ပေါင်း ရာနဲ့ချီ ထောင်နဲ့ချီ စောင့်ရဦးမှာလား။”

စေတီတော်အတွင်း၌ နာကျည်းချက်အပြည့်ဖြင့် ပြောဆိုသံများ ပွက်လောရိုက်နေသည်။ ထိုအသံတိုင်းမှာ နားမခံသာအောင် စိတ်အနှောင့်အယှက် ဖြစ်စေပါသည်။ သို့သော် ထိုအခိုက်အတန့်တွင် ဆူညံနေသော အသံအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။

သာမန်လူတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားပြီး ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသော အမျိုးသားတစ်ဦးသည် စေတီတော်၏ အလယ်တွင် ရုတ်တရက် ပေါ်လာသည်။ သို့သော် သူ၏ နဖူးပေါ်ရှိ ဦးချိုရှည် နှစ်ချောင်းက သူသည် မိစ္ဆာမျိုးနွယ်တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။

“မိစ္ဆာဘုရင်။”

“အရှင် ကျွန်တော်တို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ။”

“အရှင် မိစ္ဆာချုပ်နှောင်ရာစေတီသာ ထပ်ပြီး အပိတ်ခံလိုက်ရရင် ကျွန်တော်တို့ ဘယ်တော့မှ နေ့အလင်းရောင် မြင်ရတော့မှာ မဟုတ်ဘူး။”

ထိုသူ ပေါ်လာသည်နှင့် အသံများ ထပ်မံထွက်ပေါ်လာသော်လည်း ယခင်ကထက် သိသိသာသာ ပို၍ ရိုသေကိုင်းရှိုင်းသွားကြသည်။

“ဘာမှမဖြစ်ဘူး။ ဒီအက်ကြောင်း ပွင့်နေတဲ့အချိန်မှာ သူတို့ တကယ်ကြီး ထပ်ပိတ်နိုင်ဦးမလားဆိုတာ ငါကြည့်ချင်သေးတယ်။”

ထိုအမျိုးသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စေတီတော်၏ အလယ်သို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ထို့နောက် သူသည် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ရာ သူ၏နောက်ကွယ်တွင် နွားခေါင်းနှင့် ကျားကိုယ်ထည်ရှိသော မိစ္ဆာသားရဲကြီးတစ်ကောင်၏ ပုံရိပ်ယောင် ပေါ်ထွက်လာသည်။

ချက်ချင်းပင် ထိုမိစ္ဆာသားရဲ ပုံရိပ်ယောင်မှာ ဟိန်းဟောက်လိုက်ပြီး စေတီတော်၏ ထိပ်ဖျားဆီသို့ တည့်တည့် ပျံတက်သွားတော့သည်။

အပြင်ဘက်တွင် လုပေါင်က ပျင်းရိစွာ အကြောဆန့်ရင်း

“ဒီအလုပ်က ဘယ်တော့မှ ပြီးမှာလဲ။”

“ဘုန်း”

လုပေါင် စကားအဆုံးမှာပင် စေတီတော်ထိပ်သို့ အင်းစာရွက်သွားကပ်သော တာအိုဘုန်းကြီးတစ်ပါးမှာ အနောက်သို့ လွင့်စဉ်ကျလာပြီး လုပေါင်၏ ခြေရင်းသို့ ကျလာတော့သည်။ လုပေါင် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းပင် ငုံ့ကြည့်ကာ

“ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ။”

ထိုဘုန်းကြီးမှာ အသည်းအသန် ပြန်ထလာပြီး ပါးစပ်ထောင့်က သွေးတွေကို သုတ်ကာ ဆရာကြီးကို ထိတ်လန့်တကြား လှမ်းပြောလိုက်သည်။

“မိစ္ဆာဘုရင် မိစ္ဆာဘုရင် နိုးလာပြီ။”

“ဘုန်းး ဘုန်းး ဘုန်းး”

ထိုစဉ်မှာပင် တခြားသော ဘုန်းကြီးများလည်း အပြင်သို့ လွင့်စဉ်ထွက်လာကြပြီး ဂူအတွင်းရှိ နေရာအသီးသီးသို့ လွင့်ကျကုန်ကြသည်။

“မသေချင်ရင် ဒီနေရာကနေ အခုချက်ချင်း ထွက်သွားကြ။”

တစ်ချိန်တည်းမှာပင် စူးရှလှသော အော်ဟစ်သံကြီးတစ်ခု စေတီတော်အတွင်းမှ ဟိန်းထွက်လာသည်။ စေတီတော်အတွင်းက အသံဖြစ်သော်လည်း လုပေါင်၏ နှလုံးသားမှာပင် တုန်ရင်သွားရသည်။ လုပေါင်၏ လက်ရှိခွန်အားမှာ သာမန် ဆရာ အဆင့်ထက်ပင် သာလွန်နေသည်ကို သတိပြုရပါမည်။ ထိုသို့သောသူပင် ဤကဲ့သို့ ခံစားရသည်ဆိုလျှင် အတွင်းကလူ မည်မျှ သန်မာသည်ဆိုသည်မှာ သက်သေပင်။

“ဘယ်က မိစ္ဆာဘုရင်လဲ။အရင်တစ်ခေါက် လာတုန်းက မတွေ့မိပါဘူး။”

လုပေါင်ကမျက်မှောင်ကြုတ်ရင်း ဆရာကြီးကို မေးလိုက်သည်။

ဆရာကြီးမှာလည်း မျက်မှောင်ကြုတ်ကာ လေးလံသော လေသံဖြင့် ပြန်ဖြေသည်။

“အဲ့ဒီ မိစ္ဆာဘုရင်ရဲ့ ခွန်အားက ထူးကဲလွန်းတယ်။ သူက မိစ္ဆာချုပ်နှောင်ရာစေတီရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အချုပ်ခံထားရတာ။ မကြာသေးခင်က အချုပ်အနှောင်တွေ လျော့ရဲသွားလို့ သူ နိုးလာတာ ဖြစ်မယ်။ ဒါတော့ ဒုက္ခပဲ...”

လုပေါင်က မေးစေ့ကို ပွတ်လိုက်သည်။ အရင်တစ်ခေါက်က ထိုသူကို မတွေ့ခဲ့ရသည်မှာ သူ နိုးမလာသေး၍ကိုး။

“ဒါဆို အခု ဘာဆက်လုပ်ကြမလဲ။”

လုပေါင်ကပြန်ထလာသော ဘုန်းကြီးများကို တစ်ချက်ဝေ့ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။ စေတီတော်ကို ပြုပြင်ခြင်းမှာ စနစ် ၏ လုပ်ငန်းစဉ် Mission တစ်ခု ဖြစ်သည်။ အချိန်ကန့်သတ်ချက် မရှိသော်လည်း ဤအလုပ် မပြီးပါက နောက်ထပ် Mission တွေကို ထိခိုက်နိုင်သည်မဟုတ်လား။

“မိစ္ဆာချုပ်နှောင်ရာစေတီကိုသာ အပြီးသတ် ပြုပြင်နိုင်ရင် သူ့ကို ကြောက်နေစရာ မလိုတော့ဘူး။”

ဆရာကြီးကသက်ပြင်းချရင်း လုပေါင်ကို လှည့်ကြည့်လိုက်သည်။

လုပေါင်က ခေါင်းငြိမ့်ကာ

“ဒါဆိုရင် ကျွန်တော် အထဲဝင်ပြီး သူ့ကို အချိန်ဆွဲထားပေးမယ်။ အဲ့ဒီအတောအတွင်း ဆရာကြီးတို့က အပြီးသတ် ပြုပြင်လိုက်ကြရင် အားလုံး အဆင်ပြေသွားမှာပေါ့ ဟုတ်တယ်မလား။”

“ဒါ... ဒါ လုံးဝ မဖြစ်နိုင်ဘူး။”

“ဟုတ်တယ် မိစ္ဆာဘုရင်ရဲ့ ခွန်အားက သာမန်လူတွေ ခံနိုင်ရည်ရှိတဲ့အရာ မဟုတ်ဘူး။ ဆရာကြီးတစ်ယောက်တောင် သူ့ရှေ့မှာ အကွက်အနည်းငယ်ပဲ ခံနိုင်မှာ။”

“ပေါင်ကြီးသာ အထဲဝင်သွားရင် အန္တရာယ်က ခန့်မှန်းလို့ မရနိုင်ဘူး။”

ဘုန်းကြီးများက တစ်ယောက်တစ်ပေါက် ကန့်ကွက်ကြတော့သည်။ ၎င်းကို ကြားသောအခါ လုပေါင် ခေါင်းငြိမ့်လိုက်မိသည်။ အနည်းဆုံးတော့ ဒီလူတွေက သူ့အတွက် စိုးရိမ်ပေးကြသားပဲ။

ဆရာကြီးကတော့ အများကြီး မပြောဘဲ လုပေါင်ကို တည်ကြည်သော မျက်နှာထားဖြင့် ကြည့်ကာ မေးလိုက်သည်။

“မင်းမှာ ယုံကြည်မှု ရှိလား။”

“သိပ်ပြီး ဖိအားတော့ မရှိပါဘူး။”

လုပေါင်ကခေါင်းငြိမ့်ပြလိုက်သည်။

ဆရာကြီးက ဖြည်းဖြည်းချင်း မတ်တပ်ရပ်ကာ လုပေါင်ကို လက်အုပ်ချီ ဦးညွှတ်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။

“ဒါဆိုရင်တော့ သူငယ်ချင်းလေး လုကိုပဲ အားကိုးရတော့မယ်။ သူ့ကို နာရီဝက်လောက် အချိန်ဆွဲထားပေးပါ။”

“ဒီ ဝိညာဉ်အင်းစာရွက်က စေတီတော် တံခါးတွေကို ဖွင့်ပေးနိုင်လိမ့်မယ်။ဒါပေမဲ့ လူသားတွေပဲ အဝင်အထွက် လုပ်လို့ရတာ။ အထဲရောက်တာနဲ့ တံခါးတွေက အလိုအလျောက် ပြန်ပိတ်သွားလိမ့်မယ်။ အကယ်၍ တစ်ခုခု မှားယွင်းသွားရင် မတွန့်ဆုတ်ပါနဲ့ ဒုတိယ ဝိညာဉ်အင်းစာရွက်ကို သုံးပြီး ချက်ချင်း ပြန်ထွက်လာခဲ့ပါ။”

ပြောရင်းနှင့် ဆရာကြီးက လုပေါင်ကို ဝိညာဉ်အင်းစာရွက် နှစ်ရွက် ကမ်းပေးလိုက်သည်။ လုပေါင်က ၎င်းတို့ကို ယူကာ ခေါင်းငြိမ့်လိုက်သည်။ မိစ္ဆာဘုရင်၏ အငွေ့အသက်မှာ ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း လုပေါင်အတွက်မူ ပုံမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ရန်သူက မိစ္ဆာမျိုးနွယ် မဟုတ်လား။ သူ့ဘေးမှာ ချီလင်းလေးရှိနေတာပဲ ဘာကြောက်စရာ ရှိလဲ။

မကြာမီ လုပေါင်သည် စေတီတော် တံခါးရှေ့သို့ ရောက်လာသည်။ သူသည် မတွန့်ဆုတ်ဘဲ အင်းစာရွက်ကို တံခါးပေါ် ကပ်လိုက်သည်။

“ဂျုန်း ဂျုန်း...”

ပြင်းထန်သောအသံကြီးနှင့်အတူ တံခါးကြီးများ ဖြည်းဖြည်းချင်း ပွင့်လာသည်။ သို့သော် တံခါးပွင့်သွားသည့်တိုင် လင်းလက်နေသော ရွှေရောင်အလင်းအကာအကွယ်တစ်ခုကို တွေ့ရသည်။၎င်းမှာ မိစ္ဆာမျိုးနွယ်များ မထွက်နိုင်အောင် တားဆီးထားခြင်း ဖြစ်သည်။

လုပေါင် အသက်ပြင်းပြင်းရှူကာ တွင်းနက်ထဲတွင် အိပ်ပျော်နေသော ချီလင်လေးကို ထုတ်ယူလိုက်သည်။ ထို့နောက် ချီလင်လေးကို ပွေ့ချီကာ စေတီတော်အတွင်းသို့ လှမ်းဝင်လိုက်တော့သည်။ လုပေါင် အထဲရောက်သည်နှင့် တံခါးကြီးမှာ ပြန်ပိတ်သွားပြီး တင်းတင်းကျပ်ကျပ် အပိတ်ခံလိုက်ရသည်။

“ဆက်လုပ်ကြစို့ မြန်မြန်လုပ်။”

လုပေါင်အထဲဝင်သွားသည်ကို မြင်သောအခါ ဆရာကြီးက တည်ကြည်သော မျက်နှာဖြင့် အမိန့်ပေးလိုက်သည်။ ဘုန်းကြီးများမှာ ဒဏ်ရာရထားသော်လည်း မဆိုင်းမတွပင် ပြန်လည် ပြုပြင်ကြတော့သည်။

တံခါးကို ကျော်လိုက်သည်နှင့် မီတာ တစ်ရာခန့် ရှည်လျားသော စင်္ကြံလမ်းကြီးကို တွေ့ရသည်။ နံရံများပေါ်တွင် ပြင်းထန်သော မိစ္ဆာစွမ်းအင် များ ရှိနေသော်လည်း ကျီလင်းလေး ပါလာသဖြင့် သာမန်မိစ္ဆာများမှာ အနားပင် မကပ်ရဲကြပါ။

စင်္ကြံလမ်းအဆုံးတွင် စေတီတော်၏ အလယ်ဗဟိုရှိ ရင်ပြင် သို့ လုပေါင် ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် ရင်ပြင်အလယ်တွင် တင်ပျဉ်ခွေထိုင်နေသော မိစ္ဆာဘုရင်ကို လုပေါင် တွေ့လိုက်ရသည်။

“လူငယ်လေး... မင်းက မသေချင်လို့ ဒီထဲကို ဆင်းလာတာလား။”

မိစ္ဆာဘုရင်ကရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

သို့သော် စကားပြောပြီးနောက် သူ တိုက်ခိုက်ရန် ပြင်စဉ်မှာပင် ကြောင်အသွားရသည်။ အကြောင်းမှာ လုပေါင်၏ ရင်ခွင်ထဲရှိ ချီလင်လေးကို သူ မြင်သွားသောကြောင့် ဖြစ်သည်။

“မင်းက အဲ့ဒီယုတ်မာတဲ့ မိစ္ဆာဘုရင်လား။”

လုပေါင်က ချီလင်လေးကို မိစ္ဆာဘုရင်ဘက်သို့ မြှောက်ပြလိုက်ပြီးနောက် ရုတ်တရက် ကျီလင်းလေး၏ တင်ပါးကို တစ်ချက် ဖြတ်ခနဲ ရိုက်ချလိုက်တော့သည်။

အခန်း ၂၃၀ - မင်းရဲ့ ခေါင်းမာတဲ့ပုံစံလေးကိုပဲ ငါပိုသဘောကျတယ်။

“အာဝူး”

လုပေါင်၏ ရိုက်ချက်နှင့်အတူ ချီလင်လေးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်လုံးများပွင့်လာကာ ဒေါသအပြည့်ဖြင့် ကြည့်လိုက်သည်။

“လိမ္မာတယ် ကလေးလေး... ဟိုမှာကြည့် သူ မင်းကို ရိုက်လိုက်တာ။”

လုပေါင်က လက်ညှိုးထိုးပြီး မိစ္ဆာဘုရင်ကို လက်ညှိုးထိုးပြလိုက်သည်။

“ငါ... ငါ မဟုတ်ဘူး ငါ မလုပ်ဘူး။”

မိစ္ဆာဘုရင်၏ မျက်နှာမှာ တုန်ရီသွားပြီး ချက်ချင်းပင် မတ်တတ်ထရပ်ကာ လက်ကာပြပြီး အသည်းအသန် ငြင်းတော့သည်။ချီလင်ဆိုသည်မှာ အလွန်ပြင်းထန်သော ယန်စွမ်းအင်ရှိသည့် နတ်သားရဲ ဖြစ်သည်။ ချီလင်လေးသာ ဖြစ်နေသော်လည်း မိစ္ဆာဘုရင်သည် သူ၏အရိုးထဲအထိ ကြောက်ရွံ့မှုကို ခံစားနေရသည်။

သို့သော် သူ၏ ရှင်းပြချက်မှာ အလွန်ပင် အားနည်းလှပါသည်။ ချီလင်လေးကတော့ လုပေါင် ပြောသမျှကိုပဲ ယုံကြည်သည်မဟုတ်လား။

“ဝူး”

ချက်ချင်းပင် ချီလင်လေးသည် ပါးစပ်ကိုဖွင့်ကာ ချီလင်မီးတောက် ကို မှုတ်ထုတ်လိုက်သည်။ မိစ္ဆာအငွေ့အသက်များ ပြည့်နှက်နေသော စေတီတော်အတွင်း၌ သန့်စင်သော ချီလင်မီးတောက်မှာ မိစ္ဆာအငွေ့အသက်များကိုပင် လောင်စာအဖြစ် အသုံးပြုလိုက်သည်။ ချီလင်လေး၏ ပါးစပ်မှ ထွက်လာစဉ်က မီးလုံးလေးမှာ မိစ္ဆာဘုရင်ထံသို့ ရောက်သောအခါ ကြီးမားသော မီးတောက်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

“ငါ မှားသွားပါပြီ... ငါတို့ မတိုက်ဘဲ နေလို့မရဘူးလား။”

မိစ္ဆာဘုရင်က ငိုသံပါကြီးဖြင့် အော်ဟစ်ကာ မီးတောက်များကို အသည်းအသန် ရှောင်တိမ်းနေရသည်။ မူလကတော့ သူက ဂုဏ်မောက်ပြီး ချီလင်လေးရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမရှိ စမ်းသပ်ကြည့်မလို့ပါ။ ဒါပေမဲ့ မီးတောက်က သူ့နားရောက်လာတဲ့အခါမှာတော့ သေခြင်းတရားရဲ့ အငွေ့အသက်ကို သူ တကယ်ကြီး ခံစားလိုက်ရသည်။

စေတီတော်၏ ထိပ်ဖျား၌။

မိစ္ဆာဘုရင် ထုတ်လွှတ်ထားသော မိစ္ဆာစွမ်းအင် ပုံရိပ်ယောင်မှာ ချက်ချင်းပင် သူ၏ကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ လွန်ခဲ့သော ခဏလေးက ဝင့်ကြွားနေသော မိစ္ဆာဘုရင်မှာ ယခုအခါ ဖားရယောင် အပြုံးများဖြင့် ငြိမ်ကုပ်နေပြီး မာနဆိုတာ အစအနပင် မရှိတော့ပါ။

“မင်း အခုနက ခေါင်းမာမာနဲ့ ဂုဏ်မောက်နေတဲ့ ပုံစံလေးကိုပဲ ငါ ပိုသဘောကျတယ်။”

လုပေါင်ကမေးစေ့ကို ပွတ်ရင်း ပြုံးပြီး ပြောလိုက်သည်။

“မင်း... ဒီသောက်ကောင်...”

မိစ္ဆာဘုရင်မျက်လုံးပြူးသွားပြီး ဆဲရန် ပါးစပ်ပြင်လိုက်သော်လည်း ချီလင်လေးက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်းပင် အသံတိတ်သွားပြီး ဆရာက ဆူနေတာကို ခေါင်းငုံ့ခံနေတဲ့ ကျောင်းသားလေးလို အိန္ဒြေရရ ရပ်နေတော့သည်။

“မင်းတို့ကို ကြည့်ရတာ တကယ့်ကို မိစ္ဆာတွေပီသတယ်။ဘယ်တော့မှ ကျေနပ်ရတယ်လို့ မရှိဘူး။”

လုပေါင်က ကျောင်းအုပ်ကြီးတစ်ယောက်လို လက်နှစ်ဖက်ကို အနောက်မှာ ပစ်ထားပြီး ဆုံးမနေတော့သည်

“ဒီနေရာကို ကြည့်စမ်း အခမဲ့ နေစရာရော စားစရာရော ပေးထားတာ။ အပြင်မှာ အိမ်ဈေးတွေ ဘယ်လောက်ကြီးနေလဲ မင်းတို့သိလား ဒီလောက် ကျယ်ဝန်းတဲ့ နေရာမှာ အလကား ပေးနေခိုင်းတာကို မင်းတို့က ထွက်ပြေးချင်နေကြတယ်။”

‘မင်း ဒီလောက် သဘောကျနေရင် မင်းပဲ လာနေပါလား။’

မိစ္ဆာဘုရင်၏ ပါးစပ်ထောင့်မှာ တွန့်သွားသော်လည်း မြေပြင်ပေါ်မှာ ရပ်နေတဲ့ ချီလင်လေးက သူ့ကို စိုက်ကြည့်နေတာကြောင့် ပြန်ပြောချင်စိတ်ကို အမြန်ဆုံး နှိမ်နှင်းလိုက်ရသည်။

“ပြီးတော့ မင်း... ဆင်းလာခဲ့။”

ထိုစဉ် လုပေါင်က အပေါ်ဘက်ရှိ သစ်သားစင်ပေါ်ကို လက်ညှိုးထိုးလိုက်သည်။ ထိုစင်ပေါ်တွင် ဇီးကွက်နှင့်တူသော မိစ္ဆာတစ်ကောင်က မိစ္ဆာဘုရင် အဆူခံနေရသည်ကို ကြည့်ပြီး ပျော်နေခဲ့ခြင်း ဖြစ်သည်။ လုပေါင်က သူ့ကို လက်ညှိုးထိုးလိုက်သောအခါ သူ လန့်သွားပြီး အပေါ်သို့ ထပ်ပျံတက်ရန် ကြိုးစားသည်။ သို့သော် မိစ္ဆာဘုရင်က လက်လှမ်းလိုက်ရာ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာပြီး ထိုဇီးကွက်ကို အောက်သို့ ဆွဲချလိုက်တော့သည်။

‘ဒီ မိစ္ဆာဘုရင်ကြီးတောင် အဆူခံနေရတာ မင်းက ထွက်ပြေးချင်နေတာလား။’

“ဟားဟား... ကြည့်ပါဦး ဒီကောင်က ထွက်ပြေးချင်နေတာပါ။”

ယခုအခါ မိစ္ဆာဘုရင်မှာ လုပေါင်ကို ဖားယားတတ်သော လက်ပါးစေတစ်ယောက်၏ မျက်နှာထားကိုကျွမ်းကျင်စွာ အသုံးပြုနေပြီ ဖြစ်သည်။ ဤမိစ္ဆာဘုရင်သည် မွေးကတည်းက ဘုရင်ဖြစ်လာသည် မဟုတ်ပါ။ အကယ်၍ သူသာ အခြေအနေအရ လိုက်မပြောင်းလဲတတ်လျှင် တခြားသော မိစ္ဆာကြီးတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရတာ ကြာလှပြီ ဖြစ်သည်။

“တောက်... မင်းတို့ရဲ့ မိစ္ဆာဘုရင်ကို ကြည့်စမ်း သူက ဘယ်လောက်တောင် အခြေအနေ နားလည်လဲ။ အခု မင်းတို့ကို ကြည့်ဦး။”

လုပေါင်ကဇီးကွက်ကို လက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။ ဇီးကွက်မှာ မျက်လုံးပြူးကြီးများဖြင့် လုပေါင်ကို ကြည့်နေပြီး ပြန်မပြောရဲရှာပါ။

“အားလုံးပဲ... ကိုယ့်အခန်းကို အမြန်ပြန်ကြ မပြန်တဲ့လူရှိရင် တစ်ယောက်ချင်းစီကို ချီလင်လေးရဲ့ မီးနဲ့ မှုတ်ခိုင်းမှာနော်။”

လုပေါင်က ချောင်းတစ်ချက်ဟန့်ပြီး အော်ပြောလိုက်သည်။ မိစ္ဆာချုပ်နှောင်ရာစေတီအတွင်း၌ မိစ္ဆာမျိုးနွယ်များကို ချုပ်နှောင်ရန် အခန်းငယ်လေးများစွာ ရှိပါသည်။ သို့သော် နှစ်ပေါင်းများစွာ ကြာလာသောအခါ ထိုအခန်းများမှ အချုပ်အနှောင်များကို သူတို့က ဖျက်ဆီးထားကြသဖြင့် ဤနေရာတွင် စုဝေးနေနိုင်ခြင်း ဖြစ်သည်။

လုပေါင်၏ စကားအဆုံးတွင် မှောင်မိုက်ပြီး လူမရှိသယောင် ထင်ရသော စေတီအတွင်း၌ အရိပ်များစွာ ရုတ်တရက် လှုပ်ရှားသွားကြသည်။ ဤမိစ္ဆာများမှာ ချီလင်လေး မီးမှုတ်ကတည်းက ပုန်းနေကြခြင်း ဖြစ်သည်။ သို့သော် လုပေါင်က ဇီးကွက်ကို ရှာတွေ့လိုက်ကတည်းက ဤအမှောင်ထဲမှာ လုပေါင် မြင်နိုင်သည်ကို သူတို့ သိသွားကြပြီ။ ထို့ကြောင့် အားလုံးက သူတို့ ချုပ်နှောင်ခံထားရသည့် အခန်းများဆီသို့ အသည်းအသန် ပြေးသွားကြတော့သည်။

မိစ္ဆာဘုရင်က ခေါင်းကို ကုတ်ရင်း။

“အဲ... ကျွန်တော့်မှာ အခန်း မရှိဘူးဗျ။”

“ဟမ် ဘယ်လိုလုပ် အခန်းမရှိမှာလဲ။လာ... သွားကြည့်မယ်ာ”

လုပေါင်ကမျက်လုံးပြူးပြီး အော်ပြောလိုက်သည်။

မိစ္ဆာဘုရင်မှာ မှင်တက်သွားပြီး ဘာမှမပြောရဲဘဲ လုပေါင်ကို အနက်ရှိုင်းဆုံးနေရာဆီသို့ တိတ်တဆိတ် ခေါ်သွားရသည်။ ထိုနေရာတွင် အခန်းများ မရှိသော်လည်း သံကြိုး ၁၀ ချောင်းကျော် ချည်နှောင်ထားသော တိုင်ကြီးတစ်တိုင် ရှိနေသည်။ သို့သော် သံကြိုးတစ်ဝက်ခန့်မှာ ပြတ်တောက်နေပြီ ဖြစ်သည်။

မိစ္ဆာဘုရင်သည် ဤနေရာတွင် အချုပ်ခံထားရခြင်း ဖြစ်ကြောင်း သိသာပါသည်။ သံကြိုးတွေကို ကြည့်ရင်း လုပေါင် ခေါင်းငြိမ့်လိုက်သည်။ ဤမိစ္ဆာဘုရင်သည် အစွမ်းထက်ရုံသာမက မကောင်းမှုတွေ အများကြီး လုပ်ခဲ့ဖူးပုံရသည်။မဟုတ်လျှင် နဂါးကျားတောင်က လူတွေ ဤမျှအထိ ချုပ်နှောင်ထားမှာ မဟုတ်ပါ။

“တွေ့တယ်မလား အကုန်ပြတ်နေပြီဆိုတော့ ကျွန်တော် ပြန်သွားလို့ မရတော့ဘူးလေ...”

မိစ္ဆာဘုရင်ကအာခြောက်ခြောက် ရယ်သံဖြင့် ရှင်းပြနေသည်။

တစ်ချိန်တည်းမှာပင် အပြင်ဘက်၌ ဘုန်းကြီးများမှာ ပုံမှန်ထက် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် စေတီတော်ကို ပြုပြင်နေကြသည်။ နောက်ဆုံးတွင် ဆရာကြီးက အလွန်အေးမြသော ကြယ်မှုန်သဲများကို ဖြန့်ကျဲလိုက်သောအခါ စေတီတော်ပေါ်ရှိ အက်ကွဲကြောင်းများ အားလုံးမှာ လုံးဝ ပြန်လည် ကောင်းမွန်သွားတော့သည်။

“တီ မိစ္ဆာချုပ်နှောင်ရာစေတီကို ပြုပြင်ခြင်း အောင်မြင်သည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ် - မိစ္ဆာချုပ်နှောင်ရာစေတီ၏ အရှင်သခင် အဆင့်အတန်းကို ရရှိပါသည်။”

လုပေါင် စကားပြောရန် ပြင်စဉ်မှာပင် စနစ်၏ အသံ ထွက်ပေါ်လာသည်။ သူ အံ့သြသွားပြီး စနစ်ကို ချက်ချင်း ဖွင့်ကြည့်လိုက်ရာ သတင်းအချက်အလက်သစ်တစ်ခု ပေါ်လာသည်ကို တွေ့ရသည်။

【အထူးအဆင့်အတန်း】: မိစ္ဆာချုပ်နှောင်ရာစေတီ၏ အရှင်သခင် နဂါးဧရာကျွန်း၏ အရှင်သခင် တွင်းနက်ကြီး၏ အရှင်သခင်။

ဤအဆင့်အတန်းများကို ကြည့်ပြီး လုပေါင် ချက်ချင်း နားလည်သွားသည်။ ဆိုလိုတာက မိစ္ဆာချုပ်နှောင်ရာစေတီကလည်း နဂါးဧရာကြီးကျွန်းနဲ့ တွင်နက်ကြီးလိုပဲ သူအပိုင် ဖြစ်သွားခြင်းပင်။

သူ ထပ်မံ မစဉ်းစားရသေးမီမှာပင် အချက်အလက်များစွာ သူ၏ ဦးနှောက်ထဲသို့ စီးဝင်လာသည်။

လုပေါင် သတိပြန်ဝင်လာသောအခါ မိစ္ဆာဘုရင်သည် မြေပြင်ပေါ်တွင် မှောက်လျက်လဲနေပြီး လက်ကို အနောက်ပစ်ထားကာ တစ်စုံတစ်ယောက်က သူ့ကို ပြန်ပေးဆွဲသွားသလို ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“မင်း ဘာဖြစ်နေတာလဲ။”

လုပေါင်ကနားမလည်သလို မေးလိုက်သည်။

“အခုနက အစ်ကို ခေတ္တ မှင်တက်သွားတဲ့အချိန်မှာ ချီလင်ကြီးက ကျွန်တော် တစ်ခုခု လုပ်တယ် ထင်သွားလို့ပါ။ ကျွန်တော် အပြစ်မရှိကြောင်း သက်သေပြနေတာပါ...”

မိစ္ဆာဘုရင်ကငိုချင်သလို မျက်နှာဖြင့် ပြောလိုက်သည်။

“ကျွန်တော် အခု ထလို့ရပြီလား။”

“ထ... ထ၊ မြန်မြန်ထ။”

ရုတ်တရက် လုပေါင်၏ ပါးစပ်ထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး မိစ္ဆာဘုရင်ကို ဆွဲထူလိုက်သည်။ ဘာကြောင့်ရယ်မသိ လုပေါင်၏ အပြုံးကို မြင်သောအခါ မိစ္ဆာဘုရင်၏ ရင်ထဲမှာ ကျောချမ်းသွားရသည်။

“မိုးချုပ်နေပြီ၊ အိပ်ရမယ့်အချိန် ရောက်ပြီ။”

လုပေါင်ကမိစ္ဆာဘုရင်၏ ပုခုံးကို ပုတ်ကာ ပြုံးပြီး ပြောလိုက်သည်။

“အင်...”

မိစ္ဆာဘုရင်မှာဘာမှပြန်မပြောနိုင်ခင်မှာပင် လုပေါင်က သူ့ကို တိုင်ဆီသို့ ခေါ်သွားပြီး ပြောလိုက်သည်။

“မင်း အိပ်ပျော်နေတဲ့အချိန်မှာ လိမ္မာပါ့မလားလို့ ငါ စိုးရိမ်လို့ မင်းအတွက် လုံခြုံရေး ပိုကောင်းအောင် လုပ်ပေးမယ်။”

ပြောရင်းနှင့် လုပေါင်က လက်ကို ဝှေ့ယမ်းလိုက်ရာ ပြတ်တောက်နေသော သံကြိုးများမှာ ချက်ချင်း ပြန်လည် ဆက်သွားတော့သည်။

All Chapters