အခန်း (၇၃၅-၇၃၆)
Vol. 57 Ch. 735-736
အခန်း ၇၃၅ - အုတ်မြစ်ကျောက် သန်း ၂၀၀ နှင့် အရောင်းအဝယ်ကို ဆိုင်းငံ့ထားခြင်း
လူပုများသည် ရှောင်းယီကို ဇဝေဇဝါ ကြည့်လိုက်ကြ၏။ သူတို့သည် ကွန်ပျူတာကို တစ်ခါမှ မမြင်ဖူးကြသလို ပို၍ အဆင့်မြင့်သော ဟိုလိုဂရပ်ဖစ် ခေါင်းဆောင်းကိုလည်း မမြင်ဖူးကြပေ။
ရှောင်းယီသည် ယင်ရွှမ်းကို လက်ဟန်ပြကာ ၎င်းတို့အား လက်တွေ့ပြသခိုင်းလိုက်သည်။
ယင်ရွှမ်းသည် ခေါင်းဆောင်းကို စွတ်လိုက်ပြီး ရှေးဟောင်းရှားမင်းဆက် နန်းတော်တစ်ခုကို စိတ်ကူးကြည့်လိုက်၏။ ခဏအတွင်းမှာပင် ကွန်ပျူတာမျက်နှာပြင်ပေါ်၌ ဒီဇိုင်းပုံစံတစ်ခု ပေါ်ထွက်လာတော့သည်။
ပတ်ဝန်းကျင်ရှိ လူပုများမှာ မှင်တက်သွားကြတော့လေသည်။
“ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”
လူပုဘုရင်က မေးလိုက်၏။ ရှောင်းယီက ရှင်းပြလိုက်သည်။
“ဒီခေါင်းဆောင်းကို ဆောင်းလိုက်ရင် အရှင်မင်းကြီးရဲ့ ဦးနှောက်လှိုင်းတွေနဲ့ ချိတ်ဆက်သွားပြီး အရှင်မင်းကြီးရဲ့စိတ်ကူးထဲက ဒီဇိုင်းကို ဒီကွန်ပျူတာထဲမှာ ပုံဖော်ပေးတာပါ။”
“ဘာကိုမဆို စိတ်ကူးလို့ရတာလား။”
လူပုဘုရင်က အလွန်တုန်လှုပ်လျက် မေးလိုက်သည်။
“သီအိုရီအရတော့ ရပါတယ်။ အရှင်မင်းကြီးကိုယ်တိုင် စမ်းကြည့်ချင်ပါသလား။”
ရှောင်းယီက ပြုံးကာ မေးလိုက်သည်။
“ဒါပေါ့”
လူပုဘုရင်က ခေါင်းငြိမ့်လိုက်၏။ ထိုစဉ် ကိုယ်ရံတော်တစ်ဦးသည် ချက်ချင်း ရှေ့တိုးလာပြီး တားမြစ်လိုက်သည်။
“အရှင်မင်းကြီး မဖြစ်ပါဘူး။”
“မစိုးရိမ်ပါနဲ့။ ကျွန်းပိုင်ရှင်ရှောင်းက ငါတို့လူပုမျိုးနွယ်ရဲ့ ထာဝရမိတ်ဆွေပဲ။ ငါတို့ သူငယ်ချင်းကို ယုံကြည်ရမယ်။”
လူပုဘုရင်က ထိုသို့ဆိုကာ ရှောင်းယီ၏ အကူအညီဖြင့် ခေါင်းဆောင်းကို ဆောင်းလိုက်သည်။
လူတိုင်း ကွန်ပျူတာကို စိုက်ကြည့်နေကြစဉ် လူကိုယ်တစ်ပိုင်း၊ မြင်းကိုယ်တစ်ပိုင်း သတ္တဝါတစ်ကောင်၏ ပုံရိပ်မှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့သည်။
လူပုဘုရင် မျက်လုံးပြန်ဖွင့်လိုက်သောအခါ ကွန်ပျူတာပေါ်ရှိ ပုံရိပ်ကိုကြည့်ပြီး အလွန်အံ့အားသင့်သွားခဲ့၏။ ဤစက်သည် သူ၏ စိတ်ကူးထဲကအတိုင်း အမှန်တကယ် ပုံဖော်ပေးနိုင်ကြောင်း သူ အတည်ပြုလိုက်နိုင်ခဲ့သည်။
အကြောင်းမှာ ဤမြင်းလူမျိုးနွယ်သည် ယခင်ဘုရင်ဟောင်း မြင်တွေ့ခဲ့ဖူးသော မျိုးနွယ်ဖြစ်ပြီး သူမှတစ်ပါး အခြားမည်သူမျှ မသိသောကြောင့် ဖြစ်သည်။ တစ်စုံတစ်ယောက်က သိနေလျှင်ပင် သူ၏စိတ်ထဲက အတိုင်း အတိအကျ ထွက်လာရန်မှာ မဖြစ်နိုင်ပေ။
ရှောင်းယီသည် ကွန်ပျူတာပေါ်ရှိ လူတစ်ပိုင်း မြင်းတစ်ပိုင်း သတ္တဝါကို မြင်သောအခါ မေးလိုက်သည်။
“အရှင်မင်းကြီး ဒီမျိုးနွယ်ကို မြင်ဖူးလို့လား။”
လူပုဘုရင်က ခေါင်းခါလိုက်၏။
“ငါမမြင်ဖူးပါဘူး။ ဒါပေမဲ့ အရင်ဘုရင်ဟောင်းကတော့ မြင်ခဲ့ဖူးတယ်။ ငါတို့တိုက်ကြီးပေါ်မှာတော့ မဟုတ်ဘူး။”
“ဒီတိုက်ကြီးပေါ်မှာ မဟုတ်ဘူး ဟုတ်လား။”
ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့သည်။
“သူက တခြားနေရာတွေကို ရောက်ဖူးတာလား။”
“ဒါပေါ့ ကမ္ဘာကြီးက အကျယ်ကြီးပဲလေ။ သူ ဘုရင်မဖြစ်ခင်တုန်းက အပြင်မှာ လှည့်လည်သွားလာခဲ့တာ။ ငါတို့နိုင်ငံရဲ့ အဆင့်မြင့် သတ္တုတူးဖော်ရေးနဲ့ သွန်းလုပ်ရေး နည်းစနစ်အများစုက သူ အပြင်ကနေ ယူလာပေးခဲ့တာတွေပဲ။”
လုပုဘုရင်က ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် အပြင်လောကမှာ အရှင်မင်းကြီးတို့ထက် ပန်းပဲပညာမှာ ပိုတော်တဲ့ မျိုးနွယ်စုတွေ ရှိနေတာပေါ့။”
ရှောင်းယီက မေးလိုက်၏။
“မဟုတ်ပါဘူး။ အဲဒါလည်း ငါတို့လူပုမျိုးနွယ်တွေပါပဲ။ တခြားတိုက်တွေမှာလည်း လူပုမျိုးနွယ်တွေ ရှိကြတယ်။”
လူပုဘုရင်က ဆိုသည်။ ရှောင်းယီ ခေါင်းငြိမ့်လိုက်ပြီး တစ်ကိုယ်တည်းတွေးလိုက်မိ၏။
‘တခြားတိုက်ကြီးတွေရဲ့ စက်မှုအဆင့်အတန်းကလည်း တိုးတက်နေပုံပဲ။’
ရှောင်းယီ ဘာမှမပြောသဖြင့် လူပုဘုရင်က ဆက်မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ရှောင်း ဒီစက်ပေါ်မှာ ဒီဇိုင်းဆွဲပြီးရင် စက္ကူပေါ်ကို ဘယ်လိုကူးယူရမလဲ။”
“ဒီစက်နဲ့ ပုံနှိပ်ထုတ်လိုက်ရုံပါပဲ။”
ရှောင်းယီသည် အခြားပုံနှိပ်စက်(Printer)တစ်ခုကို ညွှန်ပြကာ ပြောရင်း လူပုဘုရင်စိတ်ကူးခဲ့သော မြင်းလူပုံကို စမ်းသပ်ပုံနှိပ်ပြလိုက်သည်။
မကြာမီ ပုံထွက်လာခဲ့၏။ လူပုဘုရင်သည် မျက်လုံးများ တောက်ပလာကာ ထပ်မံမေးမြန်းသည်။
“ဒီစက္ကူမျိုးကို ဘယ်လိုလုပ်တာလဲ။”
“ကျွန်တော်မျိုးတို့မှာ အထူးစက္ကူထုတ်စက် ရှိပါတယ်။ ဘားမှာ သုံးခဲ့တဲ့ တစ်ရှူးတွေရော၊ အခုလို ပုံဆွဲတဲ့ စက္ကူအမာတွေရော အကုန်ထုတ်လုပ်လို့ရပါတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲဒီစက္ကူထုတ်စက်နဲ့ ဒီပုံဆွဲစက်ကို ငါတို့ ဝယ်ချင်တယ်။ အုတ်မြစ်ကျောက်ဘယ်လောက်ပေးရမလဲ ဈေးသာပြောလိုက်ပါ။”
လူပုဘုရင်က ချက်ချင်းပြောလိုက်၏။ ရှောင်းယီက ခေါင်းခါလိုက်သည်။
“စိတ်မကောင်းပါဘူး။ ဒါတွေကိုတော့ မရောင်းနိုင်ပါဘူး။ ကျွန်တော်မျိုးတို့ကိုယ်တိုင် သုံးဖို့ လိုအပ်နေလို့ပါ။”
လူပုဘုရင်က သက်ပြင်းချလိုက်၏။
“ဒီလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ။ ကောင်းပြီ စက္ကူကိုတော့ အမြဲရောင်းပေးမယ် မဟုတ်လား။ ပြီးတော့ ဒီစက်ကို အသုံးပြုခွင့်အတွက် အုတ်မြစ်ကျောက် သန်း ၂၀၀ ပေးပြီး ဝယ်မယ်။ ငါတို့ လူတွေ အချိန်မရွေး လာသုံးလို့ရအောင်ပေါ့။”
ရှောင်းယီသည် အနည်းငယ်စဉ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ကောင်းပါပြီ။ ဒါပေမဲ့ ကျွန်တော်မျိုးမှာလည်း လိုအပ်ချက်တွေ ရှိပါတယ်။”
“ပြောပါဦး။”
“ပထမအချက် အုတ်မြစ်ကျောက်သန်း ၂၀၀ ကို အခုချက်ချင်း အပေးအယူ မလုပ်ပါနဲ့ဦး။ ကျွန်တော်မျိုး အကြောင်းကြားတဲ့အထိ စောင့်ပေးပါ။ အပေးအယူ မလုပ်ခင်မှာလည်း အရှင်မင်းကြီးတို့အနေနဲ့ ဒီစက်ကို လာသုံးလို့ ရပါတယ်။”
ရှောင်းယီက ပြောလိုက်သည်။ လူပုဘုရင်က ဇဝေဇဝါ ဖြစ်သွား၏။
‘ဒါက ဘာသဘောလဲ။ သန်း ၂၀၀ ပေးတာကို အခု မယူချင်ဘူးဆိုတော့... ငါ့ကို အရင်စမ်းသုံးခိုင်းတဲ့ သဘောလား။’
ဘုရင်အနေဖြင့် အခြားအကြောင်းပြချက်ကို စဉ်းစားမရခဲ့ပေ။ ထို့ကြောင့် ရှောင်းယီအပေါ် သူ၏အမြင်က ပို၍ပင် ကောင်းမွန်သွားတော့သည်။
“ကောင်းပြီ၊ အဲ့အတွက် ပြဿနာမရှိဘူး။”
သို့သော် သူ မသိသည်မှာ ရှောင်းယီသည် အုတ်မြစ်ကျောက် သန်း ၂၀၀ ကို နှစ်ဆဆုလာဘ်ရမည့် အချိန်ကျမှသာ လက်ခံလိုခြင်းဖြစ်သည်ကိုပင်။ ထိုအချိန်မှ အပေးအယူလုပ်လျှင် သန်း ၄၀၀ ရမည်ဖြစ်ရာ ယခု ယူလိုက်လျှင် အလွန်နှမြောစရာ ကောင်းပေလိမ့်မည်။
“ဒုတိယအချက်၊ အချိန်တစ်ခု သတ်မှတ်ထားချင်ပါတယ်။ ဥပမာ နေ့တိုင်း နေ့လယ် ၁ နာရီကနေ ညနေ ၆ နာရီအထိ ငါးနာရီအတွင်း အရှင်မင်းကြီးတို့ လာသုံးလို့ ရပါတယ်။ တခြားအချိန်တွေမှာတော့ မရပါဘူး။ အကယ်၍ အရေးကြီးကိစ္စ ရှိလာရင်လည်း ကျွန်တော်မျိုးတို့ မသုံးတဲ့ အချိန်မှပဲ အရှင်မင်းကြီးတို့ အသုံးပြုနိုင်ပါမယ်။”
ရှောင်းယီက ဆက်ပြောသည်။ လူပုဘုရင်က ခေါင်းငြိမ့်လိုက်သည်။
“ဒါလည်း ပြဿနာမရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အလုပ်မရှုပ်တော့ဘူးပေါ့။ အရမ်း ကျိုးကြောင်းဆီလျော်တဲ့ အစီအစဉ်ပဲ။ တခြား ဘာရှိသေးလဲ။”
“နောက်ဆုံးအချက်ကတော့ သုံးတဲ့အခါ စက်ကို သေသေချာချာ ဂရုစိုက်ပေးဖို့ပါပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ဒါကတော့ သဘာဝအတိုင်းပါပဲ။ ဒါပေမဲ့ မင်းတို့လူတွေကလည်း ငါတို့ကို လမ်းညွှန်ပြသပေးဖို့ လိုလိမ့်မယ်။ ငါတို့က ဒီလိုစက်မျိုး တစ်ခါမှ မသုံးဖူးဘူး။”
လူပုဘုရင်က ပြုံးကာ ပြောလိုက်သည်။
“စိတ်ချပါ၊ ဒီနှစ်ယောက်ထဲက တစ်ယောက်ယောက်တော့ ဒီမှာ အမြဲရှိနေပါလိမ့်မယ်။”
ရှောင်းယီက သွမ့်ပေယန်နှင့် ယင်ရွှမ်းကို ညွှန်ပြကာ ပြောလိုက်သည်။
“ကောင်းပြီ၊ ဒါဆို သဘောတူလိုက်ပြီ။ ဘယ်တော့ အပေးအယူလုပ်မလဲဆိုတာကိုတော့ အချိန်မရွေး အကြောင်းကြားလိုက်ပါ။ ဒါမှမဟုတ် လော့စ်ကို ပြောလိုက်လည်း ရတယ်။”
လူပုဘုရင်က ဆိုသည်။ ရှောင်းယီက ခေါင်းငြိမ့်ပြပြီး အချိန်ကိုကြည့်ကာ ပြောလိုက်၏။
“အရှင်မင်းကြီး နေ့လယ်စာ စားချိန်တောင် ရောက်နေပြီ။ ကျွန်တော်မျိုးတို့ အတူတူ ထမင်းစားကြတာပေါ့။ ပြောစရာရှိတာတွေကို စားပွဲပေါ်မှာ ဆက်ပြောကြမယ်။”
“ကောင်းပြီ။”
ထို့နောက် သူတို့အဖွဲ့သားများအားလုံး အပန်းဖြေဟိုတယ်၏ စားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။ အန်းယွဲ့သည်လည်း ဟင်းပွဲများ စီစဉ်ထားပြီး ဖြစ်၏။ ဟိုတယ်၏ စားဖိုမှူးများမှာ ကျွန်းပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများထဲမှ လက်ရွေးစင်များ ဖြစ်ကြသည်။
“ကျွန်းပိုင်ရှင်ရှောင်း အခု ဒီဇိုင်းတွေ အတည်ပြုပြီးပြီဆိုတော့ ဆောက်လုပ်ရေးကို စတင်လို့ရပြီလား။”
စားပွဲပေါ်တွင် လူပုဘုရင်က မေးလိုက်သည်။
“ဒါပေါ့၊ ချက်ချင်း စတင်တော့မှာပါ။ အရှင်မင်းကြီးအနေနဲ့ အဲဒီကျွန်းမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဘယ်နေရာမှာ ထားချင်ပါသလဲ။”
ရှောင်းယီက မေးသည်။
“နန်းတော်ရဲ့ ဘေးဘက်ခန်းမမှာပဲ ထားလိုက်ပါ။ အဲဒီနေရာက ဧည့်သည်တွေကို ဧည့်ခံဖို့အတွက်လည်း သုံးမှာဆိုတော့ မင်း အဲဒီကိုလာရင် အဲဒီမှာပဲ တည်းလို့ရတယ်။”
လူပုဘုရင်က ပြန်ဖြေလိုက်၏။
“ကောင်းပါပြီ။ ဒါဆို ပြင်ဆင်လိုက်ပါ့မယ်။ အရှင်မင်းကြီးက နည်းနည်း လောနေသလိုပဲနော်။”
ရှောင်းယီက မေးလိုက်သည်။
“ပင်လယ်ရေက ကုန်းမြေကို ဝါးမြိုနေတဲ့ အရှိန်က အရမ်းမြန်နေတယ်။ အဲ့ဒါကြောင့် ကြိုတင်ပြီး ပြောင်းရွှေ့ထားချင်တာပါ။ မြို့တော်တစ်ခုလုံး ပြောင်းရွှေ့ဖို့ဆိုတာ အချိန်အများကြီး ယူရတယ်လေ။”
လူပုဘုရင်က ပြန်ဖြေလိုက်၏။ ရှောင်းယီ နားလည်ကြောင်း ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ကျွန်တော်မျိုးတို့ အမြန်ဆုံးပြီးအောင် တည်ဆောက်ပေးပါ့မယ်။”
“ဒါဆို ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”
လူပုဘုရင်က ဝိုင်ခွက်ကို မြှောက်လိုက်၏။ အားလုံး ဝိုင်သောက်ကြပြီးနောက် ရှောင်းယီက မေးမြန်းလိုက်သည်။
“အရှင်မင်းကြီးတို့တိုက်ကြီးမှာ တခြား ဘယ်လိုမျိုးနွယ်တွေ ရှိသေးလဲဆိုတာ အရှင်မင်းကြီး သိလားမသိဘူး။”
အခန်း ၇၃၆ - လေကြောင်းတပ်ဖွဲ့များ စေလွှတ်ခြင်း၊ လေသင်္ဘောများ တိုက်ခိုက်ခြင်း
“တခြားမျိုးနွယ်စုတွေလား။”
လူပုဘုရင်သည် ခဏတာ ကြောင်အသွားပြီးနောက် ပြောလိုက်၏။
“ငါတို့ လူပုမျိုးနွယ်စုရဲ့ လုပ်ငန်းတွေက ဒီတိုက်ကြီးတစ်ခုလုံးမှာ ပျံ့နှံ့နေတာပါ။ ဒါပေမဲ့ သမန်းဝံပုလွေတွေနဲ့ပဲ တွေ့ဖူးသေးတယ်။ တခြားမျိုးနွယ်တွေကိုတော့ မတွေ့ဖူးသေးဘူး။” း
“သမန်းဝံပုလွေတွေပဲလား။”
ရှောင်းယီက ထပ်မေးလိုက်သည်။
“ကျောက်ခဲ ဒါမှမဟုတ် အပင်တွေလိုမျိုး တခြားသက်ရှိမျိုးနွယ်တွေရော ရှိနိုင်မလား။”
လူပုဘုရင်က ခေါင်းခါယမ်းလိုက်၏။
“အဲဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ကျွန်းပိုင်ရှင်ရှောင်းက အဲဒီလို သက်ရှိပုံစံမျိုးကို မြင်ဖူးလို့လား။”
“ကျွန်တော်မျိုးလည်း မမြင်ဖူးပါဘူး။ လူတွေပြောနေကြတာ ကြားမိလို့ မေးကြည့်တာပါ။”
ရှောင်းယီက ပုခုံးတွန့်ရင်း ပြန်ဖြေလိုက်သည်။
“ဒီကမ္ဘာကြီးက အရမ်းကျယ်ပြောလွန်းတယ်။ ဘယ်သူမှ မမြင်ဖူးသေးတဲ့ သက်ရှိတွေ မရှိဘူးလို့ အပိုင်မပြောနိုင်ဘူးလေ။”
လူပုဘုရင်က ဆိုသည်။
“ကဲ... အဲဒီအကြောင်းတွေ ထားလိုက်ပါတော့။ သောက်ကြရအောင်။”
ရှောင်းယီက ဖိတ်ခေါ်လိုက်သည်။
နေ့လယ်စာစားပြီးနောက် ရှောင်းယီသည် လူပုများကို ပြန်လည်ပို့ဆောင်ပေးလိုက်ပြီး အန်းယွဲ့ကို မှာလိုက်၏။
“ဦးလေးအန်း ချင်ဖုန်းကို ထုံးကျောက်တွေ အမြန်ဆုံး တူးဖော်ဖို့ တိုက်တွန်းပေးပါဦး။ နောက်ပိုင်း ကျုပ်တို့ ဘိလပ်မြေတွေ အများကြီး လိုလာလိမ့်မယ်။”
“ကောင်းပြီ။”
အန်းယွဲ့က တုံ့ပြန်လိုက်သည်။ ရှောင်းယီ ဗီလာဆီသို့ ပြန်လျှောက်လာစဉ် ဆုဝမ်က သတင်းပို့လာခဲ့၏။
“ကျွန်းပိုင်ရှင် ဂရုထဲက တစ်ယောက်ယောက်က မိုးပျံပူဖောင်းထုတ်လုပ်မှုပုံစံကို ရထားတယ်တဲ့။”
“ဟုတ်ပြီ၊ ငါသွားကြည့်လိုက်မယ်။”
ရှောင်းယီ ပြန်ဖြေလိုက်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်သောအခါ ဂရုထဲတွင် မိုးပျံပူဖောင်းအကြောင်း ဆွေးနွေးနေကြဆဲ ဖြစ်သည်။
“တခြားလူတွေက မြေပြင်ပေါ်မှာ ပြေးနေရတုန်းရှိသေးတယ်။ မင်းကတော့ ကောင်းကင်ပေါ် ရောက်နေပြီပေါ့။”
“မင်းပြောပုံက ငါသေသွားသလိုပဲ။ ဒါက မိုးပျံပူဖောင်းပဲလေ၊ လေယာဉ်ပျံမှ မဟုတ်တာ။”
“ဒီအတိုင်းဆိုရင် မကြာခင် လေယာဉ်ပျံပါ ရလာတော့မယ့်ပုံပဲ။”
“လေယာဉ်ပျံရရင်တောင် ဘာလုပ်ရမှာလဲ။ ငါတို့ကျွန်းတွေက တစ်ခုနဲ့တစ်ခု ကပ်နေတာလေ။ မြင်းစီးသွားရင်တောင် ရောက်နေပြီကို။ လေယာဉ်ပျံ တကယ်လိုအပ်လို့လား။”
“ဒါက အခုလောလောဆယ်လေ။ တကယ်လို့ မင်းရဲ့ကျွန်းက ငါတို့ အရင်က ရှားနိုင်ငံလိုမျိုး ကြီးမားလာခဲ့ရင်ရော။ မြင်းစီးသွားရင် မြင်းတောင် သေသွားလိမ့်ဦးမယ်။”
“ဟုတ်တယ်။ အမြင်ကျယ်ကျယ် ထားကြစမ်းပါ။”
“ပြီးတော့ နောင်ကျရင် လေကြောင်းတိုက်ပွဲတွေ ဖြစ်လာရင် မင်းမှာ လေယာဉ်ပျံမရှိရင် ကျွန်းပေါ်မှာ ပက်လက်လှန်ပြီး ရန်သူ ဗုံးကြဲတာကို ထိုင်စောင့်နေရမှာပဲ။”
“ခင်ဗျားတို့ ပြောတာနားထောင်ရတာ ကောင်းကင်မှာ လေယာဉ်ပျံတွေ၊ အမြောက်တွေ ပြည့်နေတော့မယ့်အတိုင်းပဲ။”
“တစ်နေ့တော့ ဖြစ်လာမှာပါ။”
“ခင်ဗျားတို့ကတော့ တကယ်ကို အရည်အချင်းရှိတာပဲ။ မိုးပျံပူဖောင်းလေး တစ်ခုတည်းကို အာကာသယာဉ်တွေအထိ ရောက်အောင် ပြောနိုင်ကြတယ်။”
“ဟေး... အထင်မသေးနဲ့လေ။ ငါတို့ရဲ့ စစ်မြေပြင်က နောက်ဆို ကြယ်ပင်လယ်ထဲမှာ ဖြစ်ရင်ဖြစ်နေမှာ။”
“ဟာ... ခင်ဗျားတို့ကတော့ ပိုပိုဆိုးလာပြီပဲ။ လက်တွေ့ဆန်ကြစမ်းပါဦး။ လူအများစုမှာ မိုးပျံပူဖောင်းတောင် မရှိသေးဘူး။ ခင်ဗျားတို့က အာကာသထဲ ခရီးသွားဖို့တောင် စဉ်းစားနေကြပြီလား။”
“အိပ်မက်တော့ ရှိရမှာပေါ့။ တကယ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။”
“အိပ်မက်ရှိဖို့ လိုသလို လက်တွေ့လည်း ဆန်ရမယ်လေ။ တစ်ဆင့်ချင်း သွားရမယ်။ ဥပမာ- အားလုံး အရင်ဆုံး ဒါလေး ရအောင်လုပ်ကြပါလား။ 【လေသင်္ဘော ထုတ်လုပ်မှုပုံစံ 】 *၁။”
“ချီး... ဒါက ကြွားနေတာလား။”
“စောစောကမှ မိုးပျံပူဖောင်း။ အခု လေသင်္ဘော ဖြစ်သွားပြန်ပြီ။ ငါကျတော့ ဘာလို့ မရတာလဲ။”
“ကံမကောင်းတာပါ။ သွားပြီး လက်ဆေးလိုက်ဦး။ ပြီးမှ ဆက်လုပ်။”
“တောက်... ဒီနေ့ ရိက္ခာသေတ္တာတွေ အကုန်ဖွင့်ပြီးပြီ။ တောရိုင်းရတနာသေတ္တာထဲက ထူးခြားတာလေးများ ရမလား ကြည့်ရဦးမယ်။”
ဂရုထဲရှိ ဆွေးနွေးမှုမှားကို ကြည့်ရင်း ရှောင်းယီ တွေးလိုက်မိသည်။
“အသက်ရှင်ကျန်ရစ်သူတွေတော့ တကယ်ပဲ ကောင်းကင်ပေါ် တက်ကြတော့မှာပဲ။”
တီ... တီ... တီ
ထိုစဉ် ဖုန်းသံမြည်လာသဖြင့် ရှောင်းယီ ဖြေလိုက်ရာ ကျန်းယွင်ထျန်း၏ အသံထွက်ပေါ်လာခဲ့သည်။
“ကျွန်းပိုင်ရှင်၊ မဟာမိတ်မြောက်ဘက်ကျွန်းက စွန်းကုထောင်က အမည်မသိ လေသင်္ဘောတစ်စင်း ချဉ်းကပ်လာတာကို တွေ့လိုက်ရပါတယ်။”
“သူတို့ လေသင်္ဘောရတာတောင် မကြာသေးဘူး။ အခု တိုက်ခိုက်ဖို့ သုံးနေကြပြီလား။”
ရှောင်းယီ ခဏတာ အံ့အားသင့်သွားပြီးနောက် ညွှန်ကြားချက် ပေးလိုက်၏။
“တိုက်သစ်ကြီးက လေသင်္ဘောတစ်စင်းကို ပြန်လဲလှယ်ပြီး ကာကွယ်ရေးအတွက် သုံးလိုက်ပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် မဟာမိတ်မြောက်ဘက်ကျွန်းသို့ တည်နေရာကူးပြောင်းသွားလိုက်၏။
“ကျွန်းပိုင်ရှင်...”
ရှောင်းယီကို မြင်သောအခါ လူတိုင်း နှုတ်ဆက်လိုက်ကြသည်။ ရှောင်းယီက ခေါင်းငြိမ့်ပြကာ ကျန်းယွင်ထျန်း ကမ်းပေးသော မှန်ပြောင်းကို ယူ၍ ကောင်းကင်သို့ ကြည့်လိုက်၏။
ဝဲလွင့်နေသော နှင်းပွင့်များကြားတွင် လေသင်္ဘောတစ်စင်း ချဉ်းကပ်လာနေခဲ့သည်။
ဆောင်းရာသီစတင်ကတည်းက နှင်းများ မရပ်မနား ကျနေသော်လည်း တစ်ခါတစ်ရံ ပါးလိုက်၊ ထူလိုက် ဖြစ်နေခဲ့ခြင်းဖြစ်သည်။ ကျွန်းပေါ်ရှိ လူသူလှုပ်ရှားရာ နေရာများတွင်မူ နှင်းများကို သီးသန့် ရှင်းလင်းရေး လုပ်ထားခဲ့ကြသည်။
“ဒီလို နှင်းကျတဲ့ ရာသီဥတုမှာတောင် တစ်ယောက်ယောက်က မငြိမ်မသက် ဖြစ်နေပြီး ငါတို့ကို လာတိုက်သေးတယ်။”
ကျန်းယွင်ထျန်းက အားမလိုအားမရ ပြောလိုက်၏။
“သူတို့က ဒီလို နှင်းကျတဲ့ အခြေအနေကို အခွင့်အရေးလို့ ထင်နေတာနေမှာပါ။”
ရှောင်းယီက ပြန်ပြောလိုက်သည်။ နှင်းကျနေချိန်တွင် လူတိုင်း၏ကာကွယ်ရေးသတိသည် လျော့ရဲနေတတ်သဖြင့် အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုဖြင့် ရုတ်တရက် တိုက်ခိုက်ရန်အတွက် အကောင်းဆုံးအချိန်ဖြစ်သည်။
စနစ်၏အချက်ပြမှုအရ လေသင်္ဘော၏ အဆင့်မှာ သာမန်အဆင့်သာဖြစ်သည်။ ရှောင်းယီ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သာမန်လေသင်္ဘော၏ ပျံသန်းနှုန်းမှာ အလွန်နှေးကွေးပြီး တစ်နာရီလျှင် ၂၅ ကီလိုမီတာသာရှိသည်။ လေအားကို အသုံးပြုနိုင်လျှင် ပိုမြန်နိုင်သော်လည်း ကန့်သတ်ချက်ရှိ၏။
တခြားကျွန်းများမှ ဤနေရာသို့ ရောက်ရန် အနည်းဆုံး နှစ်ရက်ခန့် ပျံသန်းရမည်ဖြစ်သည်။
“တစ်ယောက်ယောက်က လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက လေသင်္ဘော ရထားတာလား။”
ရှောင်းယီ တွက်ချက်ကြည့်လိုက်သည်။
“ဒါပေမဲ့ လေသင်္ဘောရဲ့ သယ်ဆောင်နိုင်စွမ်းက ကန့်သတ်ချက် ရှိတယ်။ အနည်းဆုံး ငါးရက်စာ ရိက္ခာတွေနဲ့ဆိုရင် တိုက်ခိုက်ဖို့ လိုအပ်တဲ့ ခဲယမ်းတွေအတွက် ဘယ်လောက်သယ်နိုင်ဦးမှာလဲ။”
“ခဲယမ်း အလုံအလောက် မပါရင် အလကား လာတာပဲ မဟုတ်လား။ သူတို့က အခြေအနေ လာကြည့်ရုံပဲလား။”
ဘေးနားရှိ ကျန်းယွင်ထျန်းသည် ရှောင်းယီပြောသည်ကို ကြားသောအခါ မျက်မှောင်ကျုံ့လိုက်မိသည်။
“ဒါမှမဟုတ် သူတို့မှာ ဦးတည်ချက်ကျောက်ရှိလို့ တိုက်ရိုက် တည်နေရာကူးပြောင်းလာတာများလား။”
“အဲဒါ ဖြစ်နိုင်တယ်။”
ရှောင်ယီ ခေါင်းငြိမ့်လိုက်သည်။
“သွားကြ ငါတို့ လေသင်္ဘောနဲ့ အပေါ်တက်မယ်။”
“ဟုတ်ကဲ့။”
ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ၎င်းတို့ရရှိထားသော SSS အဆင့် လေသင်္ဘောဖြင့် ကောင်းကင်သို့ ချက်ချင်းပင် ပျံတက်သွားပြီး ရန်သူ့လေသင်္ဘောရှိရာသို့ ဦးတည်လိုက်သည်။
ရန်သူ့လေသင်္ဘောသည် ကျွန်းပေါ်မှ လေသင်္ဘောတစ်စင်း တက်လာသည်ကို မြင်သောအခါ ချက်ချင်း လှည့်ပြန်၍ ထွက်ပြေးရန် ပြင်တော့၏။ သို့သော် ၎င်းတို့၏ အရှိန်မှာ အလွန်နှေးကွေးလှသဖြင့် ရှောင်းယီတို့က အလွယ်တကူ အမှီလိုက်နိုင်ခဲ့သည်။
အခြားလေသင်္ဘောပေါ်တွင်လည်း စစ်သားအချို့ ရှိနေပြီး ၎င်းတို့သည် ရီရန်ပင်း မဟာမိတ်မှ ထုတ်လုပ်ထားသော အနွေးထည်များကို ဝတ်ဆင်ထားကြသည်။
ရှောင်းယီ ချဉ်းကပ်လာသည်ကို မြင်သောအခါ ၎င်းတို့သည် လက်ထဲရှိ လေးနှင့် မြားများကို သုံး၍ ရှောင်းယီတို့ဘက်သို့ တိုက်ခိုက်ကြသော်လည်း ၎င်းတို့၏ မြားများမှာ ရှောင်းယီ၏ လေသင်္ဘောကို လုံးဝ မထိနိုင်ခဲ့ပေ။
“မင်းတို့ ဒီမှာပဲ နေခဲ့ရမယ်။ အကြီးစားဒူးလေးတပ် တိုက်...”
ရှောင်းယီက အေးစက်စွာ ပြောလိုက်၏။
ရှောင်ယီ၏ လေသင်္ဘောတွင် ဒူးလေးကြီးများ တပ်ဆင်ထားပြီး ရန်သူ့နောက်သို့ လိုက်လံ ပစ်ခတ်တောြလေသည်။
ရွှီး... ရွှီး... ရွှီး
ထူထဲပြီး ရှည်လျားသော မြားကြီးများသည် လေသင်္ဘောဆီသို့ လျင်မြန်စွာ လွင့်ပျံသွားပြီး လေသင်္ဘောအပေါ်ရှိ ပျံတက်စေသည့် ကိရိယာ ကို တိုက်ရိုက် ထိုးဖောက်သွားခဲ့၏။
ပြိုင်ဘက်၏လေသင်္ဘောသည် ပျက်စီးသွားပြီး လေလုံမှု မရှိတော့သဖြင့် လေသင်္ဘောသည် ပင်လယ်ထဲသို့ စတင် ကျဆင်းလာခဲ့တော့လေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ရှောင်းယီတို့ အံ့အားသင့်သွားကြသည်မှာ လေသင်္ဘော၏ ပျက်စီးသွားသောအပေါက်သည် ချက်ချင်းပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။
“ငါ ဒါကို ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ။ သူတို့ လေသင်္ဘောပေါ်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါလာတာပဲ ဖြစ်ရမယ်။”
ရှောင်းယီ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် သယ်ဆောင်နိုင်စွမ်း ပြဿနာကို စိုးရိမ်စရာ မလိုတော့ပေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေသရွေ့ အရာအားလုံးက ပြဿနာ မဟုတ်တော့။
“ကောင်းပြီ။ ဒါဆိုရင် လေသင်္ဘော ပြင်ဖို့ မင်းတို့ဆီမှာ ရိက္ခာ ဘယ်လောက် ရှိမလဲဆိုတာ ကြည့်ရသေးတာပေါ့။ ဆက်တိုက်ပစ်ကြစမ်း။”
ရှောင်ယီင အမိန့်ပေးလိုက်၏။
ရွှီး... ရွှီး... ရွှီး
ရှောင်းယီ၏ လေသင်္ဘောပေါ်ရှိ လေးမြားကြီးသည် ဆက်တိုက် ပစ်ခတ်လေရာ ပြိုင်ဘက်၏ လေသင်္ဘောသည် အပေါက်အပြဲများဖြင့် ဗရပွ ဖြစ်သွားပြီး ပင်လယ်ပြင်သို့ ကျဆင်းသွားတော့သည်။
ကျန်းယွင်ထျန်းသည် ၎င်း၏ လေသင်္ဘောကို ထိန်းကျောင်းကာ အနိမ့်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။
အခြားလေသင်္ဘောပေါ်မှ စစ်သားများသည် ကျယ်လောင်စွာ အော်ဟစ်ကြတော့လေသည်။
“ကျုပ်တို့ အရှုံးပေးပါတယ်။ ကျုပ်တို့ကို မသတ်ပါနဲ့။”