ဝိညာဉ်အမိန့်
Vol. 138 Ch. 1904
ဆေးလုံးပင်လယ်၌ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာသည် သေဆုံးကုန်ကြသည်။ လေဟာနယ်တိမ်၏ ကိုယ်ပွားက အလွန်နီးနေသဖြင့် ဦးဆုံး သေဆုံးသူ ဖြစ်သွားသည်။ သူ၏ ဓားစိတ်ဆန္ဒက မည်မျှအစွမ်းထက်ပါစေ ဆေးလုံးပင်လယ်၏ ပေါက်ကွဲအားကို ရင်ဆိုင်ရသည့်အခါ သူသည် စက္ကူစလို ဖြစ်သွားတော့သည်။
ထိုပျက်စီးမှုအောက်တွင် ဆေးလုံးပင်လယ်တစ်ခုလုံးသည် ပျောက်ကွယ်သွားသည်။ အစိမ်းရောင်မိစ္ဆာကုန်းမြေက ကျင့်ကြံသူထောင်သောင်းချီ ဆုံးရှုံးသွားလေပြီ။ ကျန်သည့်သူများမှာလည်း ထိုအဖျက်အစီးအားက မလွတ်မြောက်နိုင်ကြပေ။ သူတို့ မျှော်လင့်ချက်မဲ့နေကြစဉ် ဧရာမအရိပ်တစ်ခု ပေါ်လာသည်။ ထိုအရိပ်က လူတစ်ယောက်နှင့်တူ၏။ သို့သော် ထိုသူ၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ မဖြစ်နိုင်ပေ။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး ကျန်သည့်အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများကို ထွေးခြုံသွားသည်။
အဖျက်အစီးအား နီးကပ်လာသည့်အခါ ထိုပုံရိပ်က နောက်သို့ ကပ်ဆုတ်၏။ ထို့နောက် ထိုပုံရိပ်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။
ထိုဆေးလုံးပင်လယ်သည် လေဟာနယ်တစ်ခု ဖြစ်လာ၏။ ဆေးလုံးပင်လယ် အနီးအနားရှိ ကောင်းကင်ဘုံနွားထီးကုန်းမြေက စတင် ပျက်စီးလာ၏။ ဖိသိပ်အားက ဖုန်မှုန့်မုန်တိုင်းကို ဖြစ်စေကာ အချိန်မည်မျှ ကြာကြာ တည်ရှိလေတော့မည်ကိုမူ မသိရနိုင်ပေ။
အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ မြေပြင်ထုမှာလည်း အလားတူ ပျက်စီးကုန်၏။
ကံကောင်းစွာဖြင့် ကောင်းကင်ဘုံဆေးလုံးက ဆေးလုံးပင်လယ်၏ဗဟိုချက်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်၏။ ကောင်းကင်ဘုံနွားထီးကုန်းမြေ အနီးအနားတွင်သာ ပေါက်ကွဲခဲ့ပါက ကုန်းမြေ ပျက်စီးမှုမှာ ဆိုးဆိုးဝါးဝါး ဖြစ်သွားလိမ့်မည်။
သည့်အတွက် လူတစ်ယောက်က ထိုကောင်းကင်ဘုံဆေးလုံး၏ မူလဇစ်မြစ်မှာ ဆန်းကြယ်ပြီး သာမန်မဟုတ်သည်ကို မြင်နိုင်ပေမည်။
သုံးရက်ခန့် ကြာမြင့်ပြီးနောက် ကောင်းကင်ဘုံဆေးလုံး၏ ပေါက်ကွဲမှုအဖျက်အစီးအားက ပျောက်ကွယ်သွားသည့်အထိ နောက်ဆုံးတွင် အားနည်းလာ၏။ သို့ပေမည့် ကုန်းမြေနှစ်ခု၏ အစွန်းအဖျားရှိ ဖုန်မှုန့်မုန်တိုင်းကမူ ရှိနေဆဲသာ။
အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ဘက်ခြမ်း၌ သုံးရက်တာ ငြိမ်သက်တိတ်ဆိတ်ပြီးနောက် သူတို့သည် ကောင်းကင်ဘုံနွားထီးကုန်းမြေသို့ ဝင်ရောက်မည့် သူတို့၏ အစီအစဉ်ကို မပြောင်းလဲခဲ့ပေ။ ပင်မကလန်ကြီးသုံးခုက ပူးပေါင်းကာ တပည့်များ၊ အကြီးအကဲများကို စုစည်း၍ ကျင့်ကြံသူခုနစ်သောင်းလောက် ပါဝင်သော တပ်တစ်ခုကို ဖွဲ့စည်းကာ အရံအတား မရှိတော့သော ကောင်းကင်ဘုံနွားထီးကုန်းမြေထံ ဦးတည်လာကြသည်။
လေဟာနယ်အတိဒုက္ခအဆင့်သို့ ရောက်နေသော ကျင့်ကြံသူအချို့ကတော့ ပင်မစစ်တပ်နှင့် ကွဲထွက်ကာ ရှေ့ကနေ ပျံသန်းလာကြ၏။ သူတို့က ဒီစစ်ပွဲ၏ အခရာများပင်။
ကောင်းကင်ဘုံနွားထီးကုန်းမြေ၊ ဆေးလုံးပင်လယ်နှင့် အနီးဆုံးတောင်တန်းတစ်ခု၊ ထိုနေရာရှိတောင်များကတော့ ပျက်စီးနေချေပြီ။ ကောင်းကင်သည် နက်မှောင်ကာ ဖုန်များလှိုင်လှိုင်ထနေသည်။
ထိုပျက်စီးနေသော တောင်တစ်လုံးအတွင်း၌ ဆံဖြူလူငယ်တစ်ယောက် ထိုင်နေ၏။ သူက ဝမ်လင်းပင်။
ခုချိန်တွင် ဝမ်လင်း၏မျက်နှာက သေလောက်အောင် ဖြူရောနေ၏။ သူက သူ့ဒဏ်ရာများကို ပြန်ကောင်းမွန်ဖို့ ပြီးခဲ့သောသုံးရက်လုံးလုံး ကုစားနေခဲ့၏။
ထိုအဖျက်အစီးစွမ်းအားက ဝမ်လင်း မျှော်လင့်ထားသလိုပင်။ သို့သော် သူက ထိုအား၏ အဖျားအနားစွန်း ရိုက်ခတ်ခြင်းကို ခံခဲ့ရသေးသည်။
ထိုရိုက်ခတ်ဒဏ်ကြောင့် သူက သွေးအန်ခဲ့ရကာ အလျင်အမြန် ပြန်ကုစားခဲ့ရ၏။
သာမန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါက မသေလျှင်ပင် နောက်ထပ်ခန္ဓာကိုယ်တစ်ခုကို ရှာရနိုင်၏။ သို့ပေမည့် ဝမ်လင်းကမူ ရှေးတောက်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူဖြစ်သဖြင့် သူက ခန္ဓာကိုယ် ပျက်စီးခြင်း မရှိဘဲ ဒဏ်ရာသာ ရခဲ့ခြင်းပင်။
သုံးရက်မြောက် ညနေခင်းတွင် ဝမ်လင်းက ပထမဆုံးအကြိမ်အဖြစ် မျက်လုံးဖွင့်လာ၏။ သူက အသက်အနည်းငယ် ရှုရှိုက်လိုက်သည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ ညနေခင်းခါ ဖြစ်သော်ငြားလည်း ဖုန်မှုန်များကြောင့် နေကို မမြင်ရလေပေ။
“ငါ ဒဏ်ရာရခဲ့ပေမယ့်လည်း တန်တယ်။ လေဟာနယ်တိမ်က ငါ့ကို အသေသတ်မယ်လို့ ပြောခဲ့မှတော့ သူဟာ ကိုယ်ပွားနဲ့ ရောက်လာခဲ့တာ ဖြစ်ရမယ်။ ဒါပေမဲ့လည်း ခုတော့ သူ့ကိုယ်ပွားဟာ လုံးဝ သေဆုံးသွားခဲ့လောက်ပြီ…”
“ကိုယ်ပွား သေဆုံးမှုက သူ့မူလခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိမှာပဲ။ ဒီသက်ရောက်မှုက ဘယ်လောက် ပြင်းထန်မလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ ပေါ့သေးသေးတော့ မဖြစ်တန်လောက်ဘူး…”
“ဒါ့အပြင် ငါက သံလိုက်အိမ်မြှောင်ကိုလည်း ရခဲ့သေးတယ်…” သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဖြတ်ခနဲ လင်းလက်သွားပြီး သူ့လက်ဝါးထဲတွင် သံလိုက်အိမ်မြှောင်တစ်ခု ပေါ်လာ၏။
ထိုသံလိုက်အိမ်မြှောင်က အလွန်သာမန်ဆန်သည်။ ဆေးလုံးပင်လယ်၏ မြေပုံက ၎င်းထံကနေ ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုအစား ၎င်းက ဝမ်လင်း၏ ပတ်ပတ်လည်ဧရိယာကို ခုခါ၌ ပြသပေး၏။ ၎င်းသံလိုက်အိမ်မြှောင်ပေါ်၌ မည်သည့်အလင်းစက်မှ ရှိမနေပေ။
“ဒီအတားအဆီး ချခင်းထားပုံဟာ ဆန်းကြယ်လှတယ်။ ငါ ဒါကို ဝါးမြိုလိုက်ရင် ငါ့အတားအဆီးအနှစ်သာရဟာ တိုးတက်လာလိမ့်မယ်။ ဒါပေမဲ့ ဒါက အသုံးတည့်နေတုန်းပဲ။ ဒါ့ကြောင့် ဒါကို အလျင်စလို ဝါးမြိုဖို့ မလိုသေးဘူး…”
ဝမ်လင်းသည် ဒီနေရာတွင် စိတ်ရှည်လက်ရှည် ဒဏ်ရာကုစားနေဝံ့ခြင်းမှာ ထိုအတားအဆီးကြောင့် ဖြစ်၏။
သူ ဒဏ်ရာစမကုခင် ဒီနေရာတွင် အတားအဆီးကို နေရာချခဲ့၏။ ၎င်းကို ပို၍ သေးငယ်စေထားသဖြင့် ၎င်းအတားအဆီးက ပိုမိုအစွမ်းထက်ကာ ဒီဧရိယာပတ်လည်သို့ လူအများ ဝင်ရောက်လာမည်ကို ခွင့်မပြုဘဲ ထွက်ခွာခြင်းကိုသာ ခွင့်ပြုထားချေ၏။
“ငါ့ဒဏ်ရာတွေ ခုနစ်ဆယ်၊ရှစ်ဆယ် ရာခိုင်နှုန်းလောက် ပြန်ကောင်းမွန်နေပြီ။ ဒါ့ကြောင့် ဘာပြဿနာမှ မရှိနိုင်တော့ဘူး။ အခု ငါ့ရေအနှစ်သာရလည်း ပြီးပြည့်စုံသွားခဲ့ပြီ။ ဒါ့ကြောင့် ငါ မဟာစိတ်ဝိညာဉ်ကလန်ကို ပြန်ဖို့ လိုမယ်။ သူတို့ ငါ့ သတင်းပို့ပေးလိုက်တဲ့ ကျောက်စိမ်းပြားကို ရလား၊ မရလား ငါ သိချင်တယ်…”
“လွန်ခဲ့တဲ့သုံးရက်က ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ တုန်ခါမှုကလည်း တချို့အာရုံစိုက်မှုတွေကို ဖြစ်သွားစေလောက်တယ်…”
ဝမ်လင်းက စဉ်းစားရင်း ထရပ်၏။ သူ၏မျက်လုံးက တောက်ပနေသည်။ သူက ဘယ်လက်ကို ဆန့်ထုတ်လိုက်ရာ ကျောက်စိမ်းပြားတစ်ခု သူ့လက်ကြားတွင် ပေါ်လာသည်။
ထိုကျောက်စိမ်းပြားက သာမန်ပင်။ သို့သော် ဝမ်လင်း ဆေးလုံးပင်လယ်သို့ ဒုတိယအကြိမ် ဝင်ရောက်ခဲ့စဉ်က အဖြစ်သနစ်များကို မှတ်တမ်းတင်ထားမှုများ ပါဝင်သည်။
၎င်းက ဝမ်လင်း ဆေးလုံးပင်လယ်ကနေ ပြန်ထွက်ခွာခဲ့စဉ်အခါထိ အဖြစ်အပျက်များကို မှတ်တမ်းတင်ထားပေ၏။
ဝမ်လင်းသည် ဘူမသိကိုးမသိ ကျင့်ကြံသူလေး မဟုတ်ပေ။ မဟာစိတ်ဝိညာဉ်ကလန်ကို ဝင်ရောက်ပြီးနောက် သူက ကလန်ထံမှ ရတနာများ၊ ဆေးလုံးများ၊ ကျင့်ကြံခြင်းနည်းလမ်းများကို ရနိုင်သည့် အဓိကနည်းလမ်းမှာ အကျိုးဆောင်ခြင်း ဖြစ်သည်ကို သိထား၏။
သူသာ လူအများကို ဒီအတိုင်း ပြောပြပါက တခြားသူများက သံသယဝင်နိုင်သည်။ သူ့ကို မယုံတာလည်း ဖြစ်နိုင်သည်။ အကောင်းဆုံး သက်သေပြနိုင်သည်မှာ သူ လုပ်ဆောင်ခဲ့သမျှကို ကျောက်စိမ်းပြားဖြင့် မှတ်တမ်းတင်ထားခြင်း ဖြစ်၏။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ သံလိုက်အိမ်မြှောင်ရခဲ့သော မြင်ကွင်းကိုမူ ပယ်ဖျက်လိုက်၏။ သူက ကောင်းကင်ဘုံဆေးလုံးကို ခုတ်ပိုင်းခဲ့သည့် မြင်ကွင်းကိုသာ ချန်ထားလိုက်သည်။ ဤမျှက လုံလောက်ပြီ မဟုတ်လား။
“ဒါနဲ့ဆိုရင် ငါဟာ အရှင်ကုန်းနျန်ဆီကနေ အလွှာအထပ်ပုံရိပ်ယောင်မန္တာန်ကို တောင်းဆိုင်နိုင်လိမ့်မယ်…” ဝမ်လင်းသည် ထိုကျောက်စိမ်းပြားနှင့် သံလိုက်အိမ်မြှောင်တို့ကို သိမ်းဆည်းလိုက်၏။ အတားအဆီးကို ဖယ်ရှားပြီးနောက် သူက ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အတွင်းပိုင်းသို့ ဦးတည် ပျံသန်းလာတော့သည်။
ပေတစ်သိန်းလောက် ပျံသန်းပြီးနောက် လှိုင်းဂယက်များ ထလာကာ သူ ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသည့်အခါ၌ သူသည် ဆေးလုံးပင်လယ်၏ အဝေး၊ ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အတွင်းပိုင်းသို့ ရောက်နေခဲ့လေပြီ။
သူက တစက်လေးမျှ မရပ်တော့ဘဲ ရှေ့သို့ မြန်မြန်ဆန်ဆန် ပျံသန်းလာခဲ့သည်။
အချိန် တဖြည်းဖြည်း ကုန်ဆုံးနေ၏။ ဖြတ်ခနဲအတွင်း လဝက်ကျော် ကုန်ဆုံးသွားခဲ့ပြီ။ ဝမ်လင်းက မဟာစိတ်ဝိညာဉ်ကလန်နှင့် သိပ်မဝေးတော့ပေ။ ထိုမျှ မြန်မြန်ဆန်ဆန် ဒီအထိ ရောက်လာခြင်းမှာ ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို သူ အသုံးပြုနိုင်ခြင်းကြောင့် ဖြစ်၏။ လူတစ်ယောက်က ဒီအတိုင်း ပျံသန်းလာပါက လပေါင်းများစွာ အချိန်ယူရလိမ့်မည်။
ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးမပြုဘဲ ဒီအတိုင်း ပျံသန်းနေစဉ်အတွင်းမှာတော့ ဝမ်လင်းက ခြင်သားရဲဘုရင်ပေါ်တွင် ထိုင်၍ ရှေ့သို့ ပျံသန်းလာခဲ့ခြင်းပင်။ သူက ခြင်သားရဲဘုရင်၏ ကျောပေါ်တွင် ထိုင်ကာ ဒဏ်ရာကုစားနေခဲ့၏။ လဝက်ကျော် ကြာပြီးနောက် သူ့ဒဏ်ရာများက ကိုးဆယ်ရာခိုင်နှုန်းလောက်ထိ ပြန်ကောင်းမွန်လာခဲ့ပေပြီ။ ကျန်ဒဏ်ရာများကိုလည်း လစ်လျူရှုထား၍ ရနိုင်ပြီ ဖြစ်၏။
သည်နေ့တွင် ဝမ်လင်း ပျံသန်းနေစဉ် သူက ရုတ်တရက် ခေါင်းမော့သွားသည်။ သူ့မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူ၏ရှေ့တွင် တစ္ဆေအလင်း တဖြတ်ဖြတ် လင်းလက်သွားသည်။ ထိုအလင်းများအတွင်း၌ စက္ကူနက်ကြိုးကြာငှက်များ ရှိနေသည်။
ထိုစက္ကူကြိုးကြာများသည် မတူညီသော အရပ်မျက်နှာများသို့ ပျံသန်းနေ၏။ သူတို့က ဝမ်လင်းထက်ပင် ပိုမြန်သေးသည်။ ဖြတ်ခနဲ ပျောက်ကွယ်သွား၏။ ကံကောင်းစွာဖြင့် ထိုစက္ကငှက်တစ်ကောင် ဝမ်လင်းကို ဖြတ်သန်းသွားစဉ် ပျောက်ကွယ်တော့မည့် အခါ၌ ဝမ်လင်းက ၎င်းကို ပေရာချီအကွာတွင် ရပ်တန့်သွားအောင် ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုလိုက်နိုင်သည်။ သူက လက်ဝေ့ယမ်းလိုက်ရာ ၎င်းက သူ့လက်ထံ ပျံသန်းလာခဲ့သ်ည။
သူ့နတ်ဘုရားအာရုံဖြင့် ထိုစက္ကူငှက်ထံ ဝင်ရောက်ကြည့်၏။ အစွမ်းထက်အသံတသံ ရုတ်တရက် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
“အစိမ်းရောင်မိစ္ဆာကုန်းမြေက ကျူးကျော်လာကြပြီ။ ဆေးလုံးပင်လယ်ဟာလည်း ပျက်စီးသွားပြီ။ ဒါ့ကြောင့် ကောင်းကင်ဘုံနွားထီးကုန်းမြေ ပတ်လည်က အရံအတားလည်း မရှိတော့ဘူး။ သူတို့ရဲ့ စစ်တပ်ဟာ မကြာခင် ရောက်လာကြတော့မယ်။ မဟာစိတ်ဝိညာဉ်ကလန်နဲ့ ကောက်ရီကလန်တို့က ဒီအရေးအခင်းအတွက် ဝိညာဉ်အမိန့်ကို ထုတ်ပြန်တယ်။ ကလန်အားလုံးက သူတို့ရဲ့ ကလန်ဝင်တွေကို စေလွှတ်ရမယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက ဖန်တီးထားတဲ့ ကောင်းကင်ဘုံနွားထီးကလန်ရဲ့ အချက်အချာနေရာခုနစ်ခုမှာ တိုက်ပွဲဝင်ဖို့ ကျင့်ကြံသူတွေဟာ အဆင်သင့် စုဝေးကြရမယ်…”
ဝမ်လင်းက ထိုစက္ကူကြိုးကြာငှက်ကို ပြန်လွှတ်ပေးလိုက်၏။ ၎င်းက ဖြတ်ခနဲ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းသည် သူ့ရှေ့ရှိ ကောင်းကင်ထက်သို့ ကြည့်ကာ စဉ်းစားနေ၏။ သူက တော်တော်များများကို တွေးကြည့်မိနေသည်။ အချိန်အတန်ကြာပြီးနောက် သူက မျက်မှောင်ကြုတ်ကာ သူ့စိတ်ထဲရှိ ထူးဆန်းသောအတွေးများနှင့် ပတ်သတ်၍ ထပ်မံ စဉ်းစားမနေတော့ပေ။ သူက ပြန်တည်ငြိမ်လာ၏။ ခြင်သားရဲဘုရင်ပေါ်တွင်ထိုင်ကာ ရှေ့ဆက် ပျံသန်းလာတော့သည်။
ဝမ်လင်းသည် မဟာစိတ်ဝိညာဉ်ကလန်ထံ ပျံသန်းလာရင်း ပေါက်ကွဲမှုဖြစ်ပြီး ရက်နှစ်ဆယ်မြောက်၌ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် ရှေ့ပြေးအဖွဲ့အနေဖြင့် ရောက်လာခဲ့ကြလေပြီ။ သူတို့၏ပန်းတိုင်က ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ တတိယအဆင့်ကျင့်ကြံသူများကို တတ်နိုင်သမျှ တိုက်ခိုက် သတ်ဖြတ်ရန်ပင်။
သူတို့ ပိုင၍ သတ်နိုင်လေလေ အောင်မြင်နိုင်မည့် အခွင့်အရေးက ပိုကြီးမားလာလေ မဟုတ်လား။
သူ့တို့ရောက်လာပြီး နောက်တစ်လ ဝန်းကျင်လောက်တွင် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူခုနစ်သောင်းတပ်က ကောင်းကင်ကို ဖုံးလွှမ်းစိုးမိုးကာ တဖြည်းဖြည်း ချီတက်လာကြသည်။
ထိုကျင့်ကြံသူစစ်တပ်၏ နောက်၌ ကြောက်မက်ဖွယ်ဓားအရိပ်တစ်ခုက ဓားစိတ်ဆန္ဒတစ်ခုနှင့်အတူ တဖြည်းဖြည်း လိုက်ပါလာ၏။ ဤသည်မှာ ရှေးဟောင်းရွှေရောင်ဓားတစ်လက် ဖြစ်၏။ ထိုဓားထိပ်ဖျားပေါ်၌ အပြာရောင်ဝတ်ရုံဖြင့် လူငယ်တစ်ယောက် ထိုင်နေသည်။ သူ့ဆံပင်ရှည်တို့က ပုခုံးပေါ် ဝဲကျနေပြီး သူက နတ်ဆိုးဆန်လောက်အောင် ချောမောသူတစ်ယောက်ပင်။ သူက တည်ငြိမ်နေ၏။ သို့သော် သူ့မျက်နှာက အနည်းငယ် ဖြူရောနေ၏။ သူက ကောင်းကင်ဘုံနွားထီးကုန်းမြေရှိရာသို့ လှမ်းကြည့်ရင်း သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။
“သူက ငါ့ကိုယ်ပွားကို ဖျက်စီးခဲ့တယ်။ ငါ့ကျင့်ကြံမှုအဆင့်ကိုလည်း လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ထိ လျှော့ကျသွားစေခဲ့တယ်။ ငါတို့ ဒီရန်ငြှိုးနဲ့ ပြန်ဖြေရှင်းကြတာပေါ့…”
သူ့အောက်မှ ရှေးဟောင်းရွှေရောင်ဓားက အလွန်အမင်း ထည်ဝါမြင့်မြတ်သော အော်ရာကို ပေး၏။ ထိုဓားအရိပ်၏နောက်တွင် ရွှေရောင်ချပ်ဝတ်ဖြင့် အင်ပါယာဝတ်ရုံ ဝတ်ဆင်ထားသော အရိပ်တစ်ခု ရှိသည်။ ထိုအရိပ်က မနှိုင်းသာလောက်အောင် ကြီးမားက ရှေးကျသော အော်ရာတစ်ခုကို ပေးစွမ်းနေသည်။ ထိုဓားက သာမန်ထက် ထူးကဲလှသည်။