အခန်း (၇၃၇-၇၃၈)
Vol. 57 Ch. 737-738
အခန်း ၇၃၇ - သုံ့ပန်းများ၊ အော်ကုအင်ပါယာ၏ တပ်ဖွဲ့
ရှောင်းယီရှိနေသဖြင့် ဆက်သွယ်ပြောဆိုရေးမှာ စိုးရိမ်စရာမရှိပေ။
“ရပ်လိုက်။”
ရှောင်းယီက လက်မြှောက်ကာ အမိန့်ပေးလိုက်သည်။လေးမြားကြီးများ၏ ပစ်ခတ်သံများ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။ ရှောင်းယီက အော်ပြောလိုက်သည်။
“မင်းတို့ရဲ့ လက်နက်တွေကို ချထားပြီး လက်မြှောက်ထားကြ။ လှုပ်ရှားတဲ့သူမှန်သမျှကို သတိပေးချက်မရှိဘဲ ပစ်မယ်။”
တစ်ဖက်လေသင်္ဘောပေါ်မှ စစ်သားများသည် လက်နက်များကို ချက်ချင်းပစ်ချပြီး လက်မြှောက်လိုက်ကြ၏။
“ကျုပ်တို့ မလှုပ်ပါဘူး။”
လေသင်္ဘောနှစ်စင်းမှာ အလွန်အမင်း နီးကပ်၍မရပေ။ ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“မင်းတို့ရဲ့ လေသင်္ဘောကို အမြန်ဆုံးပြန်ပြင်ပြီး ဟိုဘက်က ကျွန်းဆီကို မောင်းသွား။ ယာဉ်မောင်းကလွဲလို့ ကျန်တဲ့သူတွေအားလုံး လက်မြှောက်ထားရမယ်။ တခြား ဘာလှုပ်ရှားမှုပဲဖြစ်ဖြစ် ငါတို့ ပစ်မယ်။”
“ဟုတ်ကဲ့ပါ။”
ထိုလူများက ချက်ချင်းပင် တုံ့ပြန်လိုက်ကြသည်။
သူတို့ ပင်လယ်ထဲသို့ မကျလိုကြပေ။ ယခုလို ရာသီဥတုမျိုးတွင် ပင်လယ်ထဲကျခြင်းမှာ သေမိန့်ကျသည်နှင့် အတူတူပင်ဖြစ်သည်။ ပြင်ဆင်မှုများပြီးနောက် သူတို့သည် ကျွန်းပေါ်သို့ ဖြည်းညှင်းစွာ ပျံသန်းသွားပြီး ဆင်းသက်လိုက်ကြသည်။
ရှောင်းယီတို့သည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ သူသည် အောက်တွင်စောင့်နေသော စွန်းကုထောင်ကို ဖုန်းဖြင့် ကြိုတင်အကြောင်းကြားထားပြီးဖြစ်ရာ ဆင်းသက်မည့်နေရာကို အင်အားကြီးတပ်ဖွဲ့တစ်ခုက ဝိုင်းရံထားပြီးဖြစ်သည်။
ရှောင်းယီတို့အဖွဲ့ ဆင်းသက်လာသည်နှင့် တိုက်ခိုက်ခဲ့သော ဒေသခံအားလုံးကို လေသင်္ဘောပေါ်မှ ဖမ်းဆီးခေါ်ဆောင်လာခဲ့၏။
သုံ့ပန်းများကို ကြည့်ရှုစစ်ဆေးပြီးနောက် ရှောင်းယီသည် A အဆင့်မှော်ဆရာတစ်ဦးကို ဆွဲထူလိုက်သည်။
“ပြောစမ်း... မင်းတို့ ဘယ်မြို့က လာတာလဲ။”
မှော်ဆရာမှာ ကြောင်အသွားခဲ့သည်။ သူတို့အားလုံး ဝတ်စုံချင်း တူတူဝတ်ဆင်ထားပါလျက် ဤလူက သူ့ကို ဘယ်လိုမျိုး ခွဲခြားသိမြင်သွားရသနည်း။
သူသာ် အမူအရာမပျက်ဘဲ ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
“အရှင်... ကျုပ်က သာမန်စစ်သားတစ်ယောက်ပါ။ ဘာမှမသိပါဘူး။”
“ငါ့ကို လာပြီး လိမ်ဖို့ကြိုးစားမနေနဲ့။ မင်းက ဒီမှာ တစ်ဦးတည်းသော A အဆင့်မှော်ဆရာပဲ။ ကျန်တဲ့သူတွေကမှ တကယ့် အောက်ခြေစစ်သားတွေပဲလေ။”
ရှောင်းယီက ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ ထိုင်ရင်း ပြောလိုက်၏။
သူ၏ အဆင့်နှင့် အဆင့်အတန်းကို တစ်ချက်ကြည့်ရုံဖြင့် သိသွားသည်ကို မြင်သောအခါ မှော်ဆရာမှာ တုန်လှုပ်သွားခဲ့သည်။
“အရှင်... ကျုပ်က အမိန့်ကို နာခံခဲ့ရုံပါ။”
သူက ချက်ချင်း ဒူးထောက်လိုက်၏။
“ငါ့မေးခွန်းကို ဖြေစမ်း။”
“ဟုတ်ကဲ့... ကျုပ်တို့က အော်ကုအင်ပါယာရဲ့ တပ်ဖွဲ့ဝင်တွေပါ။”
“အော်ကုအင်ပါယာ... မြင့်မြတ်အင်ပါယာကြီးလေးခုထဲက တစ်ခုပေါ့။”
ရှောင်းယီက မေးလိုက်သည်။
“ဟုတ်ပါတယ်။”
“ဒီလို လေသင်္ဘောတွေကို ဘယ်တုန်းက ရခဲ့တာလဲ။”
“ဒါကိုတော့ ကျုပ် တကယ်မသိပါဘူး။ လွန်ခဲ့တဲ့ သုံးရက်ခန့်က အင်ပါယာက လေသင်္ဘော ရှစ်စင်းကို ရုတ်တရက် ထုတ်လုပ်လိုက်ပြီး ကျုပ်တို့ကို အရပ်မျက်နှာအသီးသီးက အပြင်လူတွေရဲ့ ကျွန်းတွေကို ရှာဖွေဖို့ စေလွှတ်လိုက်တာပါ။ တကယ်လို့ ကျွန်းက အားနည်းတယ်လို့ ထင်ရရင် ချက်ချင်း တိုက်ခိုက်ပြီး တကယ်လို့ မသိမ်းပိုက်နိုင်ရင် နေရာအမှတ်အသား လုပ်ထားပြီး အဓိကစစ်တပ်ကို စောင့်ဖို့ ညွှန်ကြားထားပါတယ်။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ဒါဆို မင်းတို့က ဒီကျွန်းရဲ့ တည်နေရာကို သတင်းပို့ပြီးပြီပေါ့။”
“ကျုပ်... ကျုပ် သတင်းပို့ပြီးပါပြီ။ အရှင် ကျုပ်ကို အသက်ချမ်းသာပေးပါ။ ကျုပ်က အမိန့်ကို နာခံရုံသက်သက်ပါ။”
ထိုလူသည် ဦးခိုက်ကာ တောင်းပန်တိုးလျှိုးတော့၏။
ရှောင်းယီသည် ၎င်း၏တောင်းပန်မှုများကို ဖြတ်တောက်ပြီး မေးခွန်းအနည်းငယ် ထပ်မေးကာ လက်ယမ်းပြလိုက်သည်။
“သူ့ကို အခုလောလောဆယ် ခေါ်သွားလိုက်တော့။”
ကျန်းယွင်ထျန်းသည် ထိုလူကို တုပ်နှောင်ကာ ချက်ချင်း ခေါ်ဆောင်သွားလိုက်သည်။
“ကျွန်းပိုင်ရှင်... ကျုပ်တို့ မဟာမိတ်ကျွန်း တည်နေရာက ပေါက်ကြားသွားပြီ။ အော်ကုအင်ပါယာက ကျိန်းသေပေါက် လာတိုက်လိမ့်မယ်။”
“အင်း... ဒါဆို ပြင်ဆင်ထားကြတာပေါ့။ သူတို့က ငါတို့ဆီကို အုတ်မြစ်ကျောက်တွေ လာပို့နေတာပဲ။ ငါတို့က လက်မခံရင် ယဉ်ကျေးရာမကျသလို ဖြစ်နေလိမ့်မယ်။”
ရှောင်းယီက ပြုံးလိုက်သည်။
တိုက်သစ်ကြီးမှာတုန်းကပင် သူသည် ထိုသူများကို ထိပ်တိုက်ရင်ဆိုင်ရဲခဲ့၏။ ယခု သူ၏ အင်အားသည် သိသိသာသာ တိုးတက်လာပြီဖြစ်ရာ ပို၍ပင် စိုးရိမ်စရာမရှိတော့ပေ။
သူတို့ လာရဲလျှင် သူတို့၏ အသားတစ်လွှာ ကွာသွားစေရမည်ဖြစ်သည်။ ဖြစ်နိုင်လျှင် အော်ကုအင်ပါယာကိုပင် သူ၏ကျွန်းထဲသို့ သိမ်းပိုက်ပစ်ဦးမည်။
“နားလည်ပါပြီ။ ကျုပ် စစ်ပွဲအတွက် ပြင်ဆင်ထားလိုက်ပါ့မယ်။ လေသင်္ဘောကိုရော ဘာလုပ်လိုက်ရမလဲ။”
“သိမ်းထားလိုက်။ သူတို့ကို သတင်းတစ်ချက်မှ ပြန်ပို့ခွင့်မပေးနဲ့။ အော်ကုအင်ပါယာက ဘာဖြစ်သွားလဲဆိုတာကို ဝေခွဲမရဖြစ်နေပါလိမ့်စေ။”
“ဟုတ်ကဲ့။”
အော်ဂူးအင်ပါယာ သိမ်းပိုက်ထားသော ကျွန်းတစ်ကျွန်းပေါ်တွင် အင်ပါယာဘုရင် အော်ကုသည် သူ၏ လက်အောက်ငယ်သား၏ သတင်းပို့ချက်ကို နားထောင်ရင်း မျက်မှောင်ကျုံ့နေ၏။
“မင်းပြောတာက ငါတို့ရဲ့ လေသင်္ဘောတပ်ဖွဲ့က ရန်သူ့ယာဉ်ကို မြင်ပြီး သုံးမိနစ်တောင် မခံခဲ့ဘူးပေါ့ ဟုတ်လား။”
“ဟုတ်ပါတယ် အရှင်မင်းကြီး။”
ဘုရင်ကြီးက စားပွဲကို လက်ချောင်းဖြင့် ခေါက်လိုက်သည်။
“ဒါဆို အဲ့ဒီကျွန်းက ဆူဖြိုးတဲ့ သိုးပဲပေါ့။ လေသင်္ဘောကို ပစ်ချနိုင်တဲ့ လက်နက်တွေ ရှိနေတာကိုး။ တခြားဘက်တွေကရော ဘယ်လိုလဲ။”
“တခြား အဖွဲ့နှစ်ဖွဲ့က အပြင်လူတွေရဲ့ ကျွန်းတွေကို တွေ့ရှိထားပါတယ်။ တစ်ဖွဲ့ကတော့ အခြေအနေ စောင့်ကြည့်နေပြီး နောက်တစ်ဖွဲ့ကတော့ ကျွန်းကို သိမ်းပိုက်ပြီးပါပြီ။ ဒါပေမဲ့ ပြင်းထန်တဲ့ တန်ပြန်တိုက်ခိုက်မှုတွေ ရင်ဆိုင်နေရလို့ စစ်ကူတောင်းနေပါတယ်။”
“ကျွန်းတစ်ကျွန်းကို သိမ်းပိုက်ပြီးတာနဲ့ မြို့ပြန်ကျောက်တွေကို သုံးပြီး လူအင်အားနဲ့ ခဲယမ်းတွေ ပို့ပေးလို့ရပြီ။ ကျွန်းကို ထိန်းထားဖို့တော့ ဖြစ်နိုင်ပါတယ်။”
“အရှင်မင်းကြီးရဲ့ အမိန့်အတိုင်း လုပ်ဆောင်နေပါပြီ။ ဘာမှ ပြဿနာရှိမှာ မဟုတ်ပါဘူး။”
အော်ကုဘုရင်က အနည်းငယ် စဉ်းစားလိုက်သည်။
“စစ်တပ်ကို စုစည်းလိုက်... အဲဒီ အပြင်လူတွေရဲ့ ကျွန်းနှစ်ကျွန်းဆီကို ချီတက်မယ်။”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး။”
အော်ကုအင်ပါယာက စစ်တပ်စုစည်းနေချိန်တွင် ရှောင်းယီသည် သူ၏ ဗီလာသို့ ပြန်ရောက်နေပြီဖြစ်သည်။
ထိုစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြည့်နေသော ဆုဝမ်က လှမ်းခေါ်လိုက်၏။
“ကျွန်းပိုင်ရှင် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်တစ်ခု လေသင်္ဘောတွေရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။”
ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။
“ငါတို့ဆီကိုလည်း လာတိုက်သွားတယ်။ ခုနတင်ပဲ ရှင်းလိုက်တာ။”
“အာ ကျွန်မတို့ဘက်က အဆင်ပြေရဲ့လား။”
ဆုဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။
“ဒါပေါ့။ အခုချိန်မှာ ဘယ်တပ်ဖွဲ့မှ ငါတို့ မဟာမိတ်ကို မယှဉ်နိုင်ပါဘူး။ စိတ်အေးအေးထားပါ။”
“ကောင်းပါပြီ။ ဂရုထဲမှာတော့ လေသင်္ဘော တိုက်ခိုက်မှုတွေအကြောင်း ဆွေးနွေးနေကြတုန်းပဲ။”
“ကောင်းတယ်...။ ငါသိတာလေးတွေ သွားပြောလိုက်ဦးမယ်။”
သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားလိုက်၏။
“တောက်... ဒီလူတွေက နှင်းမုန်တိုင်းထဲမှာတောင် အိမ်မှာပဲ ငြိမ်ငြိမ်မနေတတ်ကြဘူးလား။”
“ဟုတ်ပ၊ အခုလိုအချိန်မျိုးမှာတောင် လာတိုက်နေတယ်။ သတိသာမထားမိရင် တကယ်ကို အလစ်အငိုက် မိသွားနိုင်တယ်။”
“ကြည့်ရတာ ဒေသခံတွေမှာ ကောင်းမွန်တဲ့ အအေးမိကာကွယ်ရေးဝတ်စုံတွေ မရှိဘူး ထင်တယ်။”
“ဟင် ဘာလို့လဲ။”
“သူတို့က လှုပ်ရှားလိုက်၊ အေးခဲသွားလိုက်၊ ပြန်လှုပ်ရှားလိုက်နဲ့လေ။”
“ဟာသတွေ လုပ်မနေနဲ့။ အဲ့ဒီလေသင်္ဘော တိုက်ခိုက်မှုတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာသာ စဉ်းစားကြစမ်းပါ။”
ထိုစဉ် ရှောင်ယီက ဝင်ပြောလိုက်သည်။
“ကျုပ်တို့ မဟာမိတ်ကျွန်းတွေလည်း လေသင်္ဘောတွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်။ ဒါပေမဲ့ ပြန်တိုက်ထုတ်နိုင်ခဲ့ပါတယ်။ သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းကြည့်တော့ သူတို့က အော်ကုအင်ပါယာရဲ့ တပ်ဖွဲ့တွေဖြစ်ကြောင်း သိလိုက်ရတယ်။ အခု မြေပုံပေါ်မှာ အော်ကုအင်ပါယာရဲ့ တည်နေရာကို မျှဝေပေးထားပါတယ်။ သုံ့ပန်းတွေရဲ့ ပြောကြားချက်အရ အော်ကုတွေက အရပ်မျက်နှာ ရှစ်ဖက်ကို လေသင်္ဘောတွေ စေလွှတ်ပြီး ကျုပ်တို့ရဲ့ ကျွန်းတွေကို လိုက်ရှာနေတယ်။ အော်ကုနယ်မြေနဲ့ နီးစပ်တဲ့ အသက်ရှင်ကျန်ရစ်သူတွေ သတိထားကြပါ။”
“ဟမ်... သူဌေးက သူတို့လေသင်္ဘောကိုတောင် သိမ်းလိုက်နိုင်တာလား။”
“ကျုပ် မဟာမိတ်ကတော့ ပျက်စီးသွားပြီ။ ကျွန်းတစ်ကျွန်းကို လေသင်္ဘောတပ်ဖွဲ့တွေ သိမ်းသွားတယ်။”
“ဟူး... လူတိုင်းကတော့ သူဌေးလို လက်နက်အင်အား မရှိကြဘူးလေ။”
ရှောင်းယီက ထပ်လောင်းပြောလိုက်၏။
“သတိရှိကြပါ။ ဆောင်းရာသီ နှင်းကျနေရင်တောင် ကင်းစောင့်တွေကို လျှော့မထားပါနဲ့။ လေသင်္ဘောတွေ လာရင်လည်း မထိတ်လန့်နဲ့။ လေးမြားကြီး တွေ ဒါမှမဟုတ် တခြားလက်နက်တွေကို သုံးပြီး သူတို့ရဲ့ ပျံတက်စေတဲ့ ကိရိယာတွေကို ဖျက်ဆီးပစ်ပါ။ အဲဒါတွေ ပျက်စီးသွားရင် လေသင်္ဘောက အမှိုက်ဖြစ်သွားလိမ့်မယ်။”
“အကြံပေးတာ ကျေးဇူးပါ သူဌေး။ ဒါနဲ့ ဒေသခံတွေက ဘယ်ကနေ လေသင်္ဘောတွေ အများကြီး ရလာတာလဲ။ သူတို့က ထုတ်လုပ်မှုပုံစံကွက်တစ်ခုကို လုယူထားတာများလား။”
အခန်း ၇၃၈ - ခြောက်လှန့်ရန် မိုးပျံပူဖောင်းများနှင့် အုတ်အစားထိုး ကျောက်တုံးများ
ထိုသူ၏မေးခွန်းကို မြင်သောအခါ ရှောင်းယီက ဂရုထဲတွင် ဆက်ပြောလိုက်သည်။
“အဲဒါကတော့ အပိုင်ပြောလို့မရဘူး။ ဒါပေမဲ့ တစ်ခုသိထားရမှာက ဒေသခံတွေဆီမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သာ ရှိသွားရင် ကမ္ဘာ့စည်းမျဉ်းတွေက သူတို့အတွက် နောက်ပေါက်တွေ ဖွင့်ပေးထားတတ်တယ်။”
“ဟုတ်တယ်။ သူတို့မှာ ပုံစံကွက် ရှိရှိ မရှိရှိ၊ ကမ္ဘာ့စည်းမျဉ်းက ပေးမယ်ဆိုရင် ရတာပဲ။ ဘာအကြောင်းပြချက်မှ မလိုဘူး။”
“ဟူး... စနစ်ရဲ့ NPC တွေကတော့ တကယ်ကံကောင်းတာပဲ။ ဘာလိုချင်ချင် စနစ်က တန်းပေးတယ်။ ငါတို့ကျတော့ တစ်ခုချင်း လိုက်ဖွင့်နေရတယ်...။”
“ဒါဆိုရင် အဲ့ဒီဒေသခံတွေဆီမှာ လေသင်္ဘောတွေ ရှိနေပြီဆိုတာ သေချာသလောက်ပဲပေါ့။”
“အဲဒါလည်း အပိုင်ပြောလို့မရသေးဘူး။ အဲ့ဒါကြောင့် လူတိုင်း ကိုယ့်ကျွန်းရဲ့ ကာကွယ်ရေးကို ဂရုစိုက်ကြပါ။ မဟုတ်ရင် ကိုယ့်အိမ်ကို ဒေသခံတွေ သိမ်းသွားတာ ခံရရင် ရှက်စရာကြီး ဖြစ်နေဦးမယ်။”
“ဟုတ်တယ်။ လေသင်္ဘောတွေရှိရင် သူတို့က မဟာမိတ်အဖွဲ့ရဲ့ အပြင်ဘက်ကျွန်းတွေကို ကျော်ပြီး ပင်မကျွန်းကို တိုက်ရိုက် တိုက်ခိုက်လို့ရသွားပြီ။”
“နောက်ဆိုရင် လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေပါ လိုလာတော့မယ့်ပုံပဲ။ ဒါတွေက ဘယ်တော့မှ ပြီးဆုံးမှာလဲကွာ...။”
လူတိုင်း၏ ညည်းတွားသံများကို ကြည့်ရင်း ရှောင်းယီလည်း ကူကယ်ရာမဲ့ကာ ခေါင်းခါယမ်းလိုက်မိသည်။
အနည်းဆုံးတော့ လောလောဆယ်တွင် ဤကမ္ဘာ၏ အဆုံးသတ်ကို မမြင်ရသေးပေ။ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အရဆိုလျှင် အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ ယခင်ကမ္ဘာအဆင့်အထိ ရောက်အောင် တည်ဆောက်ပြီးမှသာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့်ပုံပင်။ အခုချိန်မှာတော့ ထိုအဆင့်ကိုရောက်ရန် အဝေးကြီး လိုပါသေးသည်။
ထိုစဉ် ကျန်းယွင်ထျန်းက ဖုန်းဆက်လာ၏။
“ကျွန်းပိုင်ရှင် ကျုပ်တို့ တိုက်သစ်ကြီးက တပ်ဖွဲ့တွေနဲ့ တိုက်တုန်းက သိမ်းဆည်းရမိထားတဲ့ မိုးပျံပူဖောင်းတွေကို အသုံးပြုဖို့ ခွင့်ပြုချက် တောင်းခံချင်ပါတယ်။”
“မိုးပျံပူဖောင်းတွေလား။”
ရှောင်းယီ အနည်းငယ်ကြောင်အသွားခဲ့သည်။ ၎င်းတို့လက်ထဲတွင် မိုးပျံပူဖောင်း အများအပြား ရှိနေသည်မှာ မှန်သော်လည်း လေသင်္ဘောများနှင့် ယှဉ်လျှင် မိုးပျံပူဖောင်းများမှာ လုံးဝ အသုံးမဝင်ပေ။
ကျန်းယွင်ထျန်းက ဆက်၍ရှင်းပြလိုက်၏။
“အဲဒီ မိုးပျံပူဖောင်းတွေကို ကင်းထောက်ဖို့ သုံးမလို့ပါ။ ဒါမှမဟုတ် စာခြောက်ရုပ်တွေလိုမျိုး ရန်သူကို ခြောက်လှန့်ဖို့ သုံးလို့ရတယ်။”
“စာခြောက်ရုပ်တွေလား။”
ရှောင်းယီ မျက်မှောင်ကျုံ့ကာ ခဏစဉ်းစားလိုက်ပြီးနောက် မျက်လုံးများ တောက်ပသွားခဲ့သည်။
“စိတ်ကူးကောင်းပဲ။ ငါခွင့်ပြုတယ်။ ယူသွားပြီး သုံးလိုက်တော့။”
လေသင်္ဘောများသည် လေကြောင်းတပ်ဖွဲ့ ဖြစ်သော်လည်း ၎င်းတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ ကန့်သတ်ချက်ရှိ၏။ အဓိကအားဖြင့် ကျွန်းပေါ်သို့ စစ်သားများချပေးပြီး ရုတ်တရက် တိုက်ခိုက်ရန်သာ အသုံးပြုကြသည်။
ကျွန်းအထက် ကောင်းကင်တွင် မိုးပျံပူဖောင်းများ ပျံဝဲနေသည်ကို မြင်လျှင် ရန်သူသည် ကျိန်းသေပေါက် သတိထားလာမည်ဖြစ်သည်။ ထိုအပေါ်တွင် လူပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ၎င်းတို့သည် ထိုကျွန်း၏ ကောင်းကင်နယ်မြေထဲသို့ အလွယ်တကူ ချဉ်းကပ်ရဲတော့မည် မဟုတ်ချေ။
ကျန်းယွင်ထျန်းသည် သိမ်းဆည်းရမိထားသော မိုးပျံပူဖောင်းအားလုံးကို ပတ်ပတ်လည်ရှိ မဟာမိတ်ကျွန်း ရှစ်ကျွန်းသို့ တစ်ကျွန်းလျှင် ပျမ်းမျှ ငါးလုံးမှ ခြောက်လုံးအထိ ခွဲဝေချထားပေးလိုက်၏။
တစ်ချိန်တည်းမှာပင် ပင်မကျွန်းအထက်တွင် လေကြောင်းခံတပ်တစ်ခုက ပျံဝဲနေခဲ့သည်။ ထိုကဲ့သို့ ကြီးမားလှသော အစီအစဉ်ကို မြင်လျှင် ကျူးကျော်လာမည့် လေသင်္ဘောများသည် အလွယ်တကူ ချဉ်းကပ်ရဲမည် မဟုတ်သည်မှာ သေချာပေသည်။
အစီအစဉ်များ ချမှတ်ပြီးနောက် ရှောင်းယီသည် ချင်ဖုန်းပေးပို့ထားသော သတင်းများကို စစ်ဆေးကြည့်လိုက်၏။ သူတို့အဖွဲ့တစ်ခုလုံးနီးပါး ထုံးကျောက်များ တူးဖော်ရန် ထွက်ခွာသွားကြပြီး အမြောက်အမြား ရရှိထားခဲ့ကြသည်။
“အခုဆိုရင် ဘိလပ်မြေ တော်တော်များများ ထုတ်နိုင်ပြီ။”
ရှောင်းယီသည် တွက်ချက်ကြည့်လိုက်ရင်း ချင်ဖုန်းထံမှ ထုံးကျောက်များကို လဲလှယ်ရယူကာ ဘိလပ်မြေအဖြစ် ထုတ်လုပ်လိုက်သည်။
မကြာသေးမီက ရှောင်းယီသည် အုတ်များကို အပြင်းအထန် စုဆောင်းနေခဲ့ရာ အသက်ရှင်ကျန်ရစ်သူများလက်ထဲရှိ အုတ်များမှာ ကုန်သလောက်ပင် ဖြစ်နေပြီဖြစ်၏။
သို့သော် ထိုအုတ်ပမာဏမှာ မလုံလောက်သေးပေ။ တော်ဝင်မြို့တော်တစ်ခု တည်ဆောက်ရန် အုတ်အရေအတွက်မှာ အလွန်အမင်း များပြားလှလေသည်။
“အုတ်ကလည်း ပြဿနာတစ်ခုပဲ။ တစ်ယောက်ယောက်တော့ အုတ်ဖိုပုံစံကွက်တစ်ခုလောက် ရထားလောက်ပြီ မဟုတ်လား။”
ရှောင်းယီက ယီထျန်ဂရုထဲတွင် မေးကြည့်လိုက်၏။
“ဂရုထဲမှာ အုတ်ဖို ရထားတဲ့သူ ရှိလား။”
“အုတ်ဖိုလား။ အဲဒါက အဆောက်အဦး အမျိုးအစားလား။ ဘယ်သူမှ ရတယ်လို့တော့ မကြားမိသေးဘူး။”
“အပေါ်ကလူ ခင်ဗျားက လာနောက်နေတာလား။ အုတ်ဖိုဆိုတာ အုတ်တွေ ဖုတ်တဲ့နေရာလေ။ သူဌေးက အုတ်တွေ အများကြီး လိုနေတာပဲ ဖြစ်ရမယ်။”
“သူဌေး အုတ်တွေ စုနေတာကို ကျုပ်တွေ့ပါတယ်။ အခုထိ မလောက်သေးဘူးလား။”
“သူဌေးရဲ့ကျွန်းမှာ အဆင့်မြင့်အဆောက်အဦးတွေ အများကြီး ရှိနေတာတောင် ထပ်ဆောက်ဖို့ လိုနေသေးတာလား။”
“ဒီလိုနှိုင်းယှဉ်ကြည့်ရင် ကျုပ်ကိုယ်ကျုပ် ဘာမှအသုံးမကျသလို ခံစားရတယ်။ သူဌေးက ဒီလောက်တောင် အင်အားကြီးနေတာတောင် ကြိုးစားနေတုန်းပဲ။ ကျုပ်ကတော့ ရှိတာလေးနဲ့ပဲ ရောင့်ရဲနေမိတယ်။ ဟူး...။”
ဆွေးနွေးမှုများကို ကြည့်ရင်း ရှောင်းယီ အနည်းငယ် အခက်တွေ့နေခဲ့သည်။ ဘယ်သူမှ ထိုကဲ့သို့ အသုံးဝင်သည့် အဆောက်အဦးမျိုး မရကြသေးပုံပင်။
ထိုစဉ် တိလင်းထျန်းရှားက သတင်းပို့လာခဲ့၏။
“ကျုပ်လက်ထဲမှာ အုတ်တွေ အများကြီးရှိတယ်။ ခင်ဗျား ဘယ်လောက်လိုလဲ။”
“၁ ဘီလီယံ မဟုတ်ရင် ၁၀ ဘီလီယံလောင်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ တိလင်းထျန်းရှားမှာ ဆွံ့အသွားခဲ့၏။
“အဲ့လောက်တောင်လား။ ခင်ဗျားက ဘယ်လောက်ကြီးတဲ့ အဆောက်အဦးမျိုး ဆောက်မှာမို့လို့လဲ။”
“မင်းဆီမှာ အဲလောက်ရှိလို့လား။”
ရှောင်ယီက မေးလိုက်သည်။
“မရှိဘူး။ ကျုပ်ဆီမှာ တစ်သိန်းပဲ ရှိတယ်။ ၁ ဘီလီယံလား။ ကျုပ် အဲလောက် မထုတ်နိုင်ဘူး။”
တိလင်းထျန်းရှားက ပြန်ဖြေလိုက်၏။
“ဒါဆို ငါ တခြားနည်းလမ်း အရင်စဉ်းစားလိုက်ဦးမယ်။ လိုအပ်ရင် မင်းဆီက ဝယ်မယ်။”
ရှောင်းယီက စကားစဖြတ်လိုက်သည်။ ထို့နောက် ရှောင်းယီ အတွေးထဲ နစ်ဝင်သွားခဲ့၏။
“အုတ်တွေကို အဓိကအားဖြင့် နံရံတွေစီဖို့နဲ့ အထောက်အပံ့ပေးဖို့ သုံးတာပဲ။ ဟုတ်သားပဲ... ငါ ကျောက်တုံးအုတ်တွေကို သုံးလို့ရတာပဲ။ သာမန်ကျောက်တုံးတွေကို အုတ်ပုံစံ ပြောင်းလိုက်ရုံပဲလေ။”
“စနစ်... ငါ ကျောက်တုံးအုတ်တွေကို အဆောက်အဦး တည်ဆောက်တဲ့နေရာမှာ သုံးရင် အုတ်တွေနဲ့ တူတူပဲလား။”
ရှောင်းယီက စနစ်ကို မေးကြည့်လိုက်သည်။ ထို အဆင့်မြင့်အိမ်ရာ ပုံစံကွက်မှာ စနစ်ထံမှ ရရှိထားခြင်း ဖြစ်သောကြောင့်ပင်။
“တွက်ချက်မှုများအရ ကျောက်တုံးအုတ်တွေကို အုတ်အစား အသုံးပြုနိုင်တယ်။ ကျောက်တုံးအုတ်တွေက ပိုပြီးတောင် ခိုင်ခံ့ပြီး တာရှည်ခံပါတယ်။”
စနစ်က ပြန်ဖြေလာခဲ့သည်။ ရှောင်းယီ ဝမ်းသာသွား၏။
“ကောင်းပြီ။ ဒါဆိုရင် အုတ်ကိစ္စက ပြဿနာ မဟုတ်တော့ဘူး။ တခြားသူတွေဆီကလည်း အုတ်တွေ လိုက်စုနေစရာ မလိုတော့ဘူး။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံး၍ ကျောက်တုံးအုတ်များကို ချက်ချင်းပင် ထုတ်လုပ်လိုက်လေသည်။ ကျောက်တုံးအုတ်မှာ ကျောက်တုံး၏ ပုံသဏ္ဌာန်ကို ပြောင်းလဲခြင်းသာ ဖြစ်သဖြင့် အလွန်ရိုးရှင်းပြီး တစ်သုတ်ချင်း အမြောက်အမြား ထုတ်လုပ်နိုင်သည်။ မကြာမီ ရှောင်းယီသည် ကျောက်တုံးအုတ် အများအပြားကို ထုတ်လုပ်နိုင်ခဲ့သည်။
ယခင်က အုတ်ကို အခြေခံပစ္စည်းအဖြစ် ရရှိခဲ့သောကြောင့် ရှောင်းယီ များများစားစား မစဉ်းစားခဲ့မိပေ။ အခုတော့ သူ၏ဉာဏ်ကို လွှာသုံးရန်လိုနေပြီဟုပင် ခံစားလိုက်ရ၏။
ကံကောင်းသည်မှာ သူသည် ယခင်က အုတ်များကို ဝယ်ယူရာတွင် အုတ်မြစ်ကျောက်များ မသုံးခဲ့ဘဲ တခြားပစ္စည်းများဖြင့်သာ လဲလှယ်ခဲ့ခြင်းပင်။ မဟုတ်လျှင် ရှောင်းယီတစ်ယောက် နှမြောတသ ဖြစ်နေရပေလိမ့်မည်။
“ဒီဘိလပ်မြေတွေနဲ့ ကျောက်တုံးအုတ်တွေကို ကျွန်းပေါ်မှာ ထားရင် နေရာပဲ ပုပ်သွားလိမ့်မယ်။ လူပုဘုရင်ရဲ့ တော်ဝင်မြို့တော်အတွက် အခြေခံအုတ်မြစ် အရင်သွားချပေးလိုက်တာ ပိုကောင်းမယ်။”
ရှောင်းယီသည် ထိုသို့တွေးလိုက်ပြီးနောက် ပစ္စည်းအားလုံးကို လူပုနိုင်ငံတော်သို့ ရောင်းချထားသော ကျွန်းဆီသို့ ပို့ဆောင်လိုက်လေသည်။
ထို့နောက် ရှောင်းယီသည် ထိုကျွန်းသို့ တည်နေရာကူးပြောင်းသွားပြီး ကျွန်းကို အရင်ချဲ့ထွင်လိုက်ကာ လူပုဘုရင်၏ တော်ဝင်မြို့တော် ပုံစံသစ်အတိုင်း စတင်တည်ဆောက်လေသည်။
“ဘိလပ်မြေ မလုံလောက်ပါ။”
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ သတိပေးချက် ထွက်ပေါ်လာ၏။
ရှောင်းယီသည် တော်ဝင်မြို့တော်၏ အခြေခံအုတ်မြစ်ကို ချပေးပြီးရုံသာ ရှိသေးသော်လည်း ဘိလပ်မြေမှာ ကုန်သွားပြီဖြစ်သည်။
အခြေခံအုတ်မြစ် ချပြီးသွားပြီ ဖြစ်သဖြင့် မြို့တော်ဧရိယာအတွင်း တခြားအရာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ အပေါ်မှ အဆောက်အဦးများကိုမူ ဖြည်းဖြည်းချင်း တည်ဆောက်သွား၍ ရပေသည်။
ဗီလာသို့ ပြန်ရောက်သောအခါ ညရှစ်နာရီ ရှိနေပြီဖြစ်သည်။ ကျန်းရွှဲ့သည်လည်း နာ့နာနှင့်အတူ ပြန်ရောက်လာခဲ့သည်။
ရှားနိုင်ငံ နယ်မြေအတွင်းရှိ ဗိုင်းရပ်စ် ကူးစက်ခံထားရသော အသက်ရှင်ကျန်ရစ်သူအားလုံးကို ကုသပေးပြီးပြီ ဖြစ်သည်။ နောက်ဆိုလျှင် အနည်းငယ် သတိထားကြလျှင် အဆင်ပြေသွားပေလိမ့်မည်။
တစ်ရက်နှင့် တစ်ညအတွင်း နာ့နာသည် လူပေါင်း တစ်သန်းနီးပါးကို ကုသပေးခဲ့ပြီး ရှောင်းယီအတွက် ဆေးကုသခအဖြစ် အုတ်မြစ်ကျောက် တစ်သန်းကို ပြန်လည်ယူဆောင်လာပေးခဲ့သည်။
အစပိုင်းတွင် နာ့နာနှင့်အတူ လိုက်ပါခဲ့သော ကျန်းယွင်ထျန်ကိုလည်း ကျန်းရွှဲ့က လူစားလဲပေးခဲ့ပြီး ဖြစ်သည်။
“နာ့နာ... မင်း နောက်တစ်ခေါက် ထပ်သွားဖို့ လိုဦးမယ်။”
ရှောင်းယီက ပြောလိုက်၏။
“ဟုတ်ကဲ့ပါ။”
နာ့နာက ပြန်ဖြေလိုက်သည်။
“ကျွန်မတို့ ယီထျန်းဂရုထဲက ကျွန်းအားလုံးကို သွားပြီးပြီ ထင်တယ်။ နောက်ထပ် ဘယ်ကို သွားရမှာလဲ။”
ကျန်းရွှဲ့က မေးလိုက်သည်။
“တိလင်းထျန်းရှားရဲ့ ကျွန်းကို။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
“သူတို့ဆီကိုလား။”
ကျန်းရွှဲ့ မျက်မှောင်ကျုံ့လိုက်မိသည်။
“သူတို့မှာ မကောင်းတဲ့ အကြံအစည်တွေ ရှိနေနိုင်မလား။”
“ကြောက်စရာ မလိုပါဘူး။ ဒီတစ်ခေါက် SS အဆင့်မှော်ဆရာ တစ်ယောက်ကိုပါ ခေါ်သွားလိုက်။”
ရှောင်းယီက ညွှန်ကြားလိုက်သည်။