← Chapters

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂) - လဲ့ယိုဖန်းကို သိမ်းသွင်းခြင်းနှင့် အထူးနယ်မြေဆီသို့ ဦးတည်ခြင်း

အောက်ခြေမမြင်ရဘဲ ငြိမ်သပ်နေသည့် ရေကန်ကြီးကို နောက်ဆုံးတစ်ချက် လှမ်းကြည့်ရင်း ရေအောက်က ဧရာမလိုဏ်ဂူကြီး ဆက်လက်ကျယ်ပြန့်လာမှာကို ရွှီရှင်း စိုးရိမ်နေမိသော်လည်း သူ ဘာမှမတတ်နိုင်ပေ။

သူသည် သက်ပြင်းတစ်ချက်ချကာ ခဲခဲလေးကိုပွေ့ပြီး ပြန်လာခဲ့တော့သည်။

သတ္တုတွင်းရှိရာကို ပြန်ရောက်တော့ သူ၏သင်းခွေချပ်အမေကြီး တူးနေသည်မှာ ကြာလှပြီဖြစ်သည်။

ကျင်းထဲတွင် ကျောက်မီးသွေးများ ပြည့်လျှံနေသော်လည်း ၎င်းကတော့ မနားတမ်း ဆက်လက်တူးဖော်နေဆဲပင်။

"ကဲ တော်ပြီ၊ ဒီနေ့အတွက်တော့ ဒီလောက်ဆို ရပြီ"

ရွှီရှင်း သူ၏သင်းခွေချပ်အမေကြီးကို အလျင်အမြန် တားလိုက်ရသည်။

သင်းခွေချပ်အမေကြီးမှာ မကျေမနပ်အသံလေး ပြုရှာသည်။

၎င်းသည် သတ္တုတူးရသည်ကို ဝါသနာတစ်ခုလို စွဲလမ်းနေပုံရပြီး ယင်းကို အင်အားထုတ်သုံးရန် အပန်းဖြေမှုတစ်ခုလို သဘောထားနေပုံရ၏။

ထိုတစ်နာရီအတွင်းမှာပင် သူ၏သင်းခွေချပ်အမေကြီးသည် သတ္တုတွင်းကျင်းကို သိသိသာသာ ချဲ့ထွင်လိုက်နိုင်ခဲ့သည်။

မြေပြင်တစ်ခုလုံး ကျောက်မီးသွေးများ ဖုံးလွှမ်းနေပြီး အပိုင်းအစတစ်ခုစီကို တွက်ချက်ကြည့်လျှင် ထောင်နှင့်ချီ၍ ရှိနေပေလိမ့်မည်။

၎င်း၏ လုပ်ဆောင်နိုင်စွမ်းမှာ တကယ့်ကို အံ့မခန်းပါပေ။

ရွှီရှင်းသည် မြေပြင်ပေါ်ရှိ ကျောက်မီးသွေးအားလုံးကို သူ၏ကျောပိုးအိတ်ထဲသို့ ထည့်ရန် အတော်လေး အားစိုက်လိုက်ရပြီး စုစုပေါင်း ၂၆,၅၃၄ ခု တိတိ ရရှိခဲ့သည်။

နှစ်သောင်းကျော်တောင်လား။

ဤမျှများပြားသည့် ပမာဏမှာ မမျှော်လင့်ထားသော်လည်း အကြောင်းပြချက်တော့ ရှိ၏။

ဘာပဲဖြစ်ဖြစ် ကျောက်မီးသွေးမှာ တူးရလွယ်ကူပြီး တစ်ချက်တူးလိုက်လျှင် ဆယ်ခုကျော် ထွက်လာတတ်သည် မဟုတ်ပါလား။

သူ၏သင်းခွေချပ်အမေကြီးမှာ သူ့ထက် အဆပေါင်းများစွာ ပို၍ထိရောက်မှုရှိသဖြင့် တစ်နာရီအတွင်း နှစ်သောင်းကျော် တူးနိုင်ခြင်းမှာ ပုံမှန်ပင် ဖြစ်ပါသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ကျောပိုးအိတ်မှာ အဆင့်မြင့်ကျောပိုးအိတ်ဖြစ်နေ၍သာ ဤကျောက်မီးသွေးအားလုံးကို တစ်ခါတည်း သယ်နိုင်ခြင်း ဖြစ်၏။

သို့သော်လည်း နှစ်သောင်းကျော်ဆိုသည်မှာ များလှသည်ဟု ထင်ရသော်လည်း အသုံးပြုသည့်အခါတွင်တော့ ခဏချင်း ကုန်သွားနိုင်သည်။

သံမဏိတစ်သုတ်ထုတ်လျှင် ကျောက်မီးသွေး ၂၅ ခု လိုအပ်သည့်အပြင် လီဝမ်ရှီး၏ မီးလင်းဖိုမှာလည်း အမြဲတမ်း ကျောက်မီးသွေး သုံးနေရသဖြင့် သုံးစွဲမှုနှုန်းမှာ အလွန်ပင် မြန်ဆန်လှပေသည်။

သူ၏သင်းခွေချပ်အမေကြီးမှာ မပင်ပန်းသေးဘဲ ဆက်တူးချင်နေသဖြင့် ရွှီရှင်းက နောက်ထပ် တစ်နာရီ ထပ်တူးခိုင်းထားခဲ့ပြီး ညနေဘက်ကျမှ ကျောက်မီးသွေးလာသိမ်းရန် စီစဉ်လိုက်သည်။

သင်းခွေချပ်အမေကြီးမှာ အသံတစ်ချက်ပြုပြီး ကျင်းထဲသို့ ပြန်ငုပ်ကာ ဆက်လက်တူးဖော်နေတော့သည်။

ရွှီရှင်း သစ်ပင်အိမ်ရှိရာသို့ လျှောက်လာခဲ့၏။

ထိုအချိန်တွင် လုဖေးအာမှာ သစ်ပင်အောက်တွင် ရပ်နေပြီး ငွေရောင်ဘုရင်ကို မှီလျက် သူမ၏လက်ပတ်နာရီကို ပွတ်နေသည်။

ငွေရောင်ဘုရင်၏ ကျောပေါ်တွင်တော့ လူတစ်ယောက်ကို သေချာစွာ တုပ်ထားပြီး သတိလစ်နေပုံရ၏။

ဒါ လဲ့ယိုဖန်း မဟုတ်လား။

သူ့ကို မေ့အောင်ရိုက်ပြီးခေါ်လာတာလားဟ။

ရွှီရှင်း ပြန်လာတာကို မြင်တော့ လုဖေးအာက သူ့ကို အမြန်လက်ယမ်းပြသည်။

"ရှင် နောက်ဆုံးတော့ ပြန်လာပြီပဲ၊ ကျွန်မ ဒီမှာ စောင့်နေတာ နာရီဝက်နီးပါး ရှိနေပြီ"

သူမ ပြန်ရောက်လာချိန်တွင် ရွှီရှင်းမှာ ရေထဲတွင် ရှိနေသေးသည်။

ရွှီရှင်း ဘယ်မှာလဲဆိုတာ မသိသည့်အပြင် ဟိုဟိုဒီဒီ သွားဖို့လည်း မဝံ့ရဲသဖြင့် သူပြန်လာသည်အထိ သစ်ပင်အိမ်အောက်မှာပဲ စောင့်နေရခြင်း ဖြစ်သည်။

"ရှင်... သတ္တုသွားတူးတာလား"

ရွှီရှင်း အနားသို့ ရောက်လာသောအခါ လုဖေးအာက ထူးဆန်းသောအမူအရာဖြင့် ကြည့်လာသည်။

သူမ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရပုံပင်။

သူ ခုနက သတ္တုတူးနေခဲ့တာ မဟုတ်သော်လည်း ရေကန်ထဲမှ ရေစိုရွှဲလျက် တက်လာပြီး ကျောက်မီးသွေးကျင်းထဲ ဝင်လိုက်သဖြင့် သူ၏တစ်ကိုယ်လုံးမှာ ကျောက်မီးသွေးမှုန့်များဖြင့် မည်းနက်နေတော့သည်။

အထူးသဖြင့် သူ၏ ခြေလက်များမှာ ပို၍ ဆိုးလှပေသည်။

"အီး"

ခဲခဲလေးက ရွှီရှင်း၏ ပုခုံးပေါ်မှ ငွေရောင်ဘုရင်၏ ကျောပေါ်သို့ ခုန်ဆင်းသွားပြီး လဲ့ယိုဖန်း၏ ခေါင်းကို သူမ၏ လက်သည်းလေးဖြင့် တစ်ချက် တို့ကြည့်လိုက်သည်။

ထို့နောက် ငွေရောင်ဘုရင်နှင့် "အီး အီး အီး" ဟု စကားစပြောနေတော့သည်။

"နင် ဒါကို ဘယ်လို ကိုင်တွယ်ခဲ့တာလဲ။ အခြေအနေကို ရှင်းမပြဘဲ သူ့ကို တစ်ခါတည်း သတိလစ်အောင် လုပ်လိုက်တာလား"

ရွှီရှင်း ဝံပုလွေကျောပေါ်မှ သတိလစ်နေသော လဲ့ယိုဖန်းကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"မဟုတ်ပါဘူး"

လုဖေးအာ ခေါင်းခါရင်း ဆိုသည်။

"ကျွန်မ နယ်မြေ ၁၈၇ ရဲ့ ထိပ်သီး ၁၀ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂုဏ်ပုဒ်ကို သုံးပြီး သူ့အိမ်ထဲ တိုက်ရိုက်ဝင်ခဲ့တာ။ သူ့ကို အကျိုးအကြောင်း ရှင်းပြပြီး ဖျောင်းဖျခဲ့တယ်။ သူ မသေချင်ရင် ကျွန်မနောက် လိုက်ခဲ့ဖို့မှတစ်ပါး အခြားမရှိဘူးလေ"

"ဖျောင်းဖျခဲ့တယ် ဟုတ်လား"

"ကျွန်မရဲ့ ဓားမြှောင် နာမည်က 'အကျိုးသင့်အကြောင်းသင့်' လေ"

လုဖေးအာ သူမ၏ ခါးမှာ ချိတ်ထားသည့် ဓားကို ညွှန်ပြလိုက်သည်။

ရွှီရှင်း - "... သူ့အခြေအနေက ဘယ်လိုလဲ၊ နည်းနည်း ပြောပြပါဦး"

"ဪ ဒီကောင်လေးက နယ်မြေ ၁၈၇ မှာ စိတ်ပျက်နေတဲ့ လူငယ်တစ်ယောက်ပဲ။ အထူးသဖြင့် ဒေသတွင်းချန်နယ်မှာ စကားပြောရတာ ဝါသနာပါပြီး တခြားရှင်ကျန်သူတွေရဲ့ စိတ်ခံစားချက်ကို ဆွပေးရတာ ကြိုက်တဲ့သူ။ သူ့ကို ကျွန်မ အကြိမ်ကြိမ် တွေ့ဖူးတယ်။ သူ့ကို အကျိုးသင့်အကြောင်းသင့် နဲ့ စကားပြောကြည့်တော့မှ ကျန်းတောက်ကွမ်က သူ့ကို ချန်နယ်ထဲမှာ ဒီလိုလုပ်ဖို့ ခိုင်းထားမှန်း သိရတာ"

နယ်မြေ ၁၈၇ ရဲ့ လူမှုကွန်ရက် ကီးဘုတ်ဖိုက်တာဘုရင်ကြီးပေါ့။

"သူ့ကို ရှင်ချင်သလား သေချင်သလားလို့ ကျွန်မ မေးလိုက်တယ်။ သူက အကဲခတ်တော်တော့ ဘာမှ သိပ်ပြီး ရုန်းကန်မနေဘဲ လိုက်ခဲ့ဖို့ သဘောတူလိုက်တာပဲ"

"ဒါဆို သူ ဘာလို့ သတိလစ်နေတာလဲ"

ရွှီရှင်း ဝံပုလွေကျောပေါ်က ငြိမ်သက်နေဆဲဖြစ်သော လဲ့ယိုဖန်းကို လက်ညှိုးထိုးပြကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

ဟင်။ သူ နည်းနည်း လှုပ်သွားတာလား။

"ဪ သူ့ကို ပြန်သယ်လာဖို့က သူက ကျွန်မရဲ့ နောက်ကနေ ဖက်လိုက်လာမှာကို ကျွန်မက မလိုချင်ဘူး။ အဲဒါကြောင့် သူ့ကို ဝံပုလွေကျောမှာ တုပ်ထားရမယ်ဆိုတော့ သူက ငြင်းနေတာနဲ့ သတိလစ်အောင် လုပ်လိုက်ရတာပဲ"

လုဖေးအာက ဘာမှတတ်နိုင်ဘူးဆိုသည့် အမူအရာဖြင့် ပုခုံးတွန့်ပြသည်။

ရွှီရှင်း ငွေရောင်ဘုရင်အနားသို့ တိုးသွားလိုက်၏။

လဲ့ယိုဖန်း၏ အသက်ရှူသံမှာ မတည်မငြိမ်ဖြစ်လာပြီး နှလုံးခုန်သံမှာလည်း မြန်ဆန်လာသည်။

သိသာပါသည်၊ သူ နိုးနေပြီ ဖြစ်၏။

"သူ့ကို ဖြေပေးလိုက်"

" ရတာပေါ့"

လုဖေးအာ သူမ၏ခါးကို လက်ဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ရာ အေးစိမ့်သော အလင်းတစ်ချက်နှင့်အတူ ကြိုးများမှာ မြေပြင်ပေါ်သို့ ပြတ်ကျသွားတော့သည်။

လဲ့ယိုဖန်းမှာ သူနိုးနေမှန်း သူတို့သိသွားပြီကို ရိပ်မိလိုက်သဖြင့် ခေါင်းကို ရှက်ကိုးရှက်ကန်းနှင့် မော့ကြည့်လာသည်။

"ဟို... မင်္ဂလာပါ၊ ကျွန်တော်... ဟာ။ ခင်ဗျား... ဖုန်းအစ်ကိုကြီး မဟုတ်လား။ နေဦး၊ ခင်ဗျားက ရွှီရှင်း ဆိုတဲ့ ထိပ်သီးကြီးလား။"

လဲ့ယိုဖန်းမှာ ရွှီရှင်းကို မြင်လိုက်ရသည့် ခဏမှာပင် မှင်သက်သွားတော့သည်။

သူသည် ဝံပုလွေကျောပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ပြီး မျက်လုံးများ ပြူးကျယ်သွား၏။

ရွှီရှင်း၏ မျက်နှာမှာ သူ၏မှတ်ဉာဏ်ထဲတွင် အလွန်ပင် စွဲထင်နေ၏။

အကြောင်းမှာ ရွှီရှင်းသည် ဤကမ္ဘာတွင် သူ ပထမဆုံးတွေ့ဖူးသည့် လူသားဖြစ်ပြီး ယနေ့ လုဖေးအာ ရောက်မလာခင်အထိ သူ မြင်ဖူးသမျှ တစ်ဦးတည်းသော လူသားလည်း ဖြစ်နေသောကြောင့် ဖြစ်၏။

ထို့အပြင် ရွှီရှင်း၏ ထူးခြားလှသော ရုပ်ရည်ကြောင့်လည်း သူ၏ မှတ်ဉာဏ်ထဲတွင် အသေအချာ စွဲမြဲနေခြင်း ဖြစ်ပေသည်။

ခုနက ကြားလိုက်ရတဲ့ အသံက ဘာလို့ ရင်းနှီးနေရတာလဲဆိုတာ အခုမှ သဘောပေါက်တော့သည်။

"နင်က ချန်နယ်ထဲမှာ ပြင်ပနယ်မြေကလူတွေကို ဝိုင်းပြီး ပုတ်ခတ်နေတဲ့သူ မဟုတ်လား။ အခုကျမှ ဘာလို့ သူ့ကို ထိပ်သီးကြီးလို့ ခေါ်နေရတာလဲ"

လုဖေးအာသည် ရွှီရှင်း၏ အနောက်တွင် ရပ်လျက် လဲ့ယိုဖန်းအား သရော်သံဖြင့် ကြည့်လိုက်သည်။

သူမသည် ချန်နယ်ထဲတွင် သူ၏ ဆွပေးတတ်သော အပြုအမူများကို မကြိုက်သည်မှာ ကြာလှပြီ ဖြစ်၏။

"အာ... အဲဒါက ကျန်းတောက်ကွမ်က ကျွန်တော့်ကို အရင်းအမြစ်တွေပေးပြီး ခိုင်းလို့ လုပ်ရတာပါ။"

လဲ့ယိုဖန်း ခေါင်းကို ကုတ်ရင်း ပြောသည်။

"တကယ်တော့ ကျွန်တော်က ပြင်ပနယ်မြေကလူတွေအပေါ် တော်တော်လေး ဖော်ရွေပါတယ်။ ဖုန်းအစ်ကိုကြီး... အဲ မဟုတ်ဘူး၊ အစ်ကိုကြီးရွှီရှင်းကျွန်တော့်ရဲ့ အရင်က သဘောထားကို သိမှာပါ"

အခန်း ၃၅၂ ပြီး။

အပိုင်း (၃၅၃) - လဲ့ယိုဖန်းကို သိမ်းသွင်းခြင်းနှင့် အထူးနယ်မြေဆီသို့ ဦးတည်ခြင်း (၂)

အမှန်တကယ်တော့ ထိုစဉ်က သူသည် ရွှီရှင်းအပေါ် အတော်လေး ဖော်ရွေခဲ့၏။

ရွှီရှင်း၏ စကားအနည်းငယ်ကြောင့်ပင် သူသည် သစ်ပင်အိမ်ပေါ်မှ ဆင်းလာခဲ့သည် မဟုတ်ပါလား။

"ကျွန်တော်ကလည်း ကျန်းတောက်ကွမ် ပြောတာတွေကို ယုံမိသွားတာဗျ။ ပြင်ပနယ်မြေက ရှင်ကျန်သူတွေနဲ့ ကျွန်တော်တို့က တစ်ဦးသေမှ တစ်ဦးရှင်ရမယ့် ဆက်ဆံရေးမျိုးလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ နယ်မြေရဲ့ ထိပ်သီးကြီး အမဖေးအာကတောင် ပြင်ပနယ်မြေက ထိပ်သီး ရွှီရှင်းနောက်ကို လိုက်နေပြီဆိုတော့၊ ကျန်းတောက်ကွမ် ပြောတာတွေက အလကားပဲပေါ့ ဟုတ်တယ်မလား" ဟု လဲ့ယိုဖန်းက မကျေမနပ်နှင့် ဆိုသည်။

"အဲဒီလူက ကျွန်တော်တို့ကို ပြင်ပနယ်မြေကလူတွေနဲ့ အဆက်အသွယ်မရအောင် တားဆီးပြီး သူ့ရဲ့ အာဏာကိုပဲ တည်ဆောက်ချင်နေတာ ထင်တယ်"

သူ၏ စိတ်ကူးစိတ်သန်းကတော့ တကယ့်ကို ကောင်းလှပေသည်။

ဒါပေမဲ့ အမဖေးအာ တဲ့လား။

ရွှီရှင်း ဘေးနားက လုဖေးအာကို တစ်ချက်ကြည့်လိုက်မိသည်။

သူမကတော့ သူမနောက်လိုက်တစ်ယောက်ကို အောင်အောင်မြင်မြင် ရရှိသွားပုံရပေသည်။

"ဘာဖြစ်လို့လဲ..."

လုဖေးအာသည် ရွှီရှင်း ကြည့်နေသည်ကို မြင်သောအခါ အပြစ်ကင်းစင်သည့် အမူအရာလေးဖြင့် ပြန်ကြည့်လာသည်။

"ဒါနဲ့"

သူမသည် ကျောပိုးအိတ်ထဲမှ သစ်ပင်အိမ်မျိုးစေ့တစ်ခုနှင့် အူတိုင်တစ်ခုကို ထုတ်ယူကာ ရွှီရှင်းထံသို့ ကမ်းပေးလိုက်၏။

"ဒါက သူ့ရဲ့ မျိုးစေ့နဲ့ အူတိုင်ပဲ၊ ရှင့်အတွက်"

သူမ ခေါင်းငုံ့လျက် လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ကမ်းပေးနေသည်ကို မြင်တော့ ရွှီရှင်း ရယ်ချင်စိတ်ကို မနည်းအောင့်လိုက်ရသည်။

ကြည့်ရသည်မှာ ယနေ့ လက်ပတ်အတွင်း၌ ငါးမိနစ်ခန့် အပြစ်ပေးခံလိုက်ရခြင်းက သူမကို အတော်လေး လိမ္မာသွားစေပုံရသည်။

"ဒါတွေကို နင်ပဲ ခဏသိမ်းထားလိုက်ဦး။"

ရွှီရှင်း ၎င်းတို့ကို မယူသေးဘဲ လဲ့ယိုဖန်းကို မေးလိုက်သည်။

"မင်းမှာ ထူးခြားတဲ့ စွမ်းရည်တွေရော ရှိလား"

"ထူးခြားတဲ့ စွမ်းရည်လား"

လဲ့ယိုဖန်းက နားမလည်သလို ပြန်မေးသည်။

"ဘာကို ဆိုလိုတာလဲ၊ ကျွမ်းကျင်မှုတွေကို ပြောတာလား။ ကျွန်တော်ကတော့ အွန်လိုင်းမှာ သူများကို ပုတ်ခတ်ရတာ တော်တယ်၊ ဟန်ဆောင်ရတာလည်း တော်တယ်၊ အဲဒါက ထူးခြားတဲ့ စွမ်းရည်ထဲ ပါလားဗျ"

ကြည့်ရသည်မှာ သူသည် ထူးခြားသော စွမ်းရည်များ မရှိဘဲ လီယာကျွင်းကဲ့သို့ပင် သာမန်လူတစ်ယောက် ဖြစ်ပုံရပေသည်။

စွမ်းရည်မရှိသည့်အတွက် သူသည် ဤနေရာတွင် နေထိုင်မည်မဟုတ်ပေ။

သူ့ကို လီဝမ်ရှီးထံသို့ လွှဲပေးပြီး သတ္တုတူးခိုင်းလိုက်မည်။

ထိုဘက်တွင် လီဝမ်ရှီးအပါအဝင် အမျိုးသမီး နှစ်ယောက်သာ ရှိနေသဖြင့် လူအင်အား အလွန်အမင်း လိုအပ်နေသည် မဟုတ်ပါလား။

ရွှီရှင်းသည် လဲ့ယိုဖန်းအတွက် နေရာကူးပြောင်းရေးတံဆိပ် တစ်ခုကို ချက်ချင်းဖန်တီးကာ ပေးလိုက်၏။

"ဒါက ဘာလဲဗျ"

လဲ့ယိုဖန်းသည် တံဆိပ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။

"ကျွန်တော့်နာမည်နဲ့ ရုပ်ပုံပါ ပါနေပါလား။ ကိုယ်ပိုင်နံပါတ်ပြား လားဗျ။ ကျွန်တော် အခု စစ်သည်တော်တစ်ယောက် ဖြစ်သွားပြီလား"

သူပြောသော ကိုယ်ပိုင်နံပါတ်ပြားဆိုသည်မှာ သဘာဝကျကျပင် ခွေးလည်ပတ်က တံဆိပ်ကို ဆိုလိုခြင်းမဟုတ်ဘဲ စစ်သားအမှတ်အသားတံဆိပ်ကို အခေါ်အဝေါ်တစ်ခုအနေဖြင့် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။

"နင် ဘာတွေ လျှောက်တွေးနေတာလဲ။ ဒါက နေရာကူးပြောင်းရေးတံဆိပ်လေ..."

လုဖေးအာ စကားကို အဆုံးမသတ်ဘဲ ရွှီရှင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

"ရှင် သူ့ကို လီဝမ်ရှီးဆီ ခေါ်သွားခိုင်းမလို့လား..."

"နေရာကူးပြောင်းရေးတံဆိပ် ဟုတ်လား"

လဲ့ယိုဖန်းမှာ မှင်သက်သွားရ၏။

"ဟုတ်တယ်"

ရွှီရှင်း ခေါင်းညိတ်ပြသည်။

"အဲဒီ မျိုးစေ့နဲ့ အူတိုင်ကို လီဝမ်ရှီးဆီ လွှဲပေးလိုက်၊ ပြီးရင် သူမကို ချက်ချင်း ကူညီပေးလိုက်တော့"

"အာ..."

လုဖေးအာ စိတ်ပျက်သွားဟန်ဖြင့် "နောက်တစ်ခါ ထပ်ပြီး ကူးပြောင်းရဦးမယ်ပေါ့..."

"ငါလည်း နင်တို့နဲ့အတူ လိုက်ခဲ့မယ်၊ ခဏစောင့်ဦး"

သူသည် လီဝမ်ရှီး သစ်ပင်အိမ်၏ မြောက်ဘက်ရှိ အထူးနယ်မြေသို့ သွားချင်နေခြင်းပင်။

ထိုနေရာက ပိုမိုသန်မာသော နွယ်ပင်များကို ပစ်မှတ်ထားခြင်းအားဖြင့် အမှတ်များများ ရရှိနိုင်ရုံတင်မကဘဲ နွယ်ပင်အရည်များကိုလည်း ပိုမိုရရှိနိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် လီဝမ်ရှီး၏ သစ်ပင်အိမ်မှာ ဘေးကင်းဇုံ၏ အစွန်းနှင့် ပိုမိုနီးကပ်လှပေသည်။

သူ၏ သစ်ပင်အိမ် ဘေးကင်းဇုံမှာ ခုခံကာကွယ်ရေး တိုက်ပွဲပြီးနောက် ကိုးကီလိုမီတာအထိ ကျယ်ပြန့်သွားခဲ့သလို၊ ညောင်ပင်များ စိုက်ပျိုးခြင်းကလည်း အမြစ်များကို ပိုမိုကျယ်ပြန့်စေခဲ့ရာ လီဝမ်ရှီး၏ ဘေးကင်းဇုံ ခြောက်ကီလိုမီတာထက်စာလျှင် နယ်စပ်နှင့် ပိုဝေးနေပေသည်။

သို့သော်လည်း ထိုနေရာက နွယ်ပင်များမှာ ဘေးကင်းဇုံအတွင်းသို့ ခဏတာ ကျူးကျော်ဝင်ရောက် တိုက်ခိုက်နိုင်လောက်အောင် သန်မာလှသဖြင့် သူသည် မီမီနှင့် အာဖုတို့ကိုပါ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

ရွှီရှင်းသည် နွယ်ပင်အမြစ်များကို တွယ်ကာ သစ်ပင်အိမ်အတွင်းသို့ ဝင်ခဲ့၏။

သူသည် ကြေးနီသတ္တုရိုင်းများကို ကိုယ်တိုင် အရည်မကျိုပါပေ။

သူ၏ မီးလင်းဖိုမှာ စွမ်းဆောင်ရည် အလွန်နိမ့်ကျလှသည်။

ကြေးနီသတ္တုရိုင်း တစ်တုံးကျိုရန် နာရီဝက်ခန့် ကြာနိုင်သဖြင့် သူသည် ကြေးနီတုံးထွက်လာသည်အထိ စောင့်ဆိုင်းရန် အချိန်မရှိပါပေ။

ဒါ့အပြင် သူကျိုလျှင် အထွက်နှုန်းကိုလည်း မြှင့်တင်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် အားလုံးကို လီဝမ်ရှီးထံသို့သာ လွှဲပေး၍ အရည်ကျိုခိုင်းလိုက်ပြီး၊ သူ ပြန်လာသည့်အခါမှ ကြေးနီတုံးများကို တစ်ခါတည်းယူကာ ၎င်းတို့၏ အာနိသင်ကို စစ်ဆေးတော့မည် ဖြစ်သည်။

ရွှီရှင်းသည် လီဝမ်ရှီးထံသို့ အသံမက်ဆေ့ခ်ျအရင်ပို့ကာ အခြေအနေကို ရှင်းပြလိုက်ပြီး ကြေးနီသတ္တုရိုင်းများကိုပါ လွှဲပေးလိုက်၏။

"ကြေးနီသတ္တုရိုင်းတွေလား။ လူအင်အားအသစ်လည်း ပါတာလား။ ကျွန်မ အခု အပြင်ရောက်နေလို့ လဲလှယ်မှုကို လက်မခံနိုင်သေးဘူး၊ အခုချက်ချင်း ပြန်လာခဲ့မယ်"

လီဝမ်ရှီးက စိတ်လှုပ်ရှားစွာ အော်လိုက်၏။

သူမသည် ပြင်ပနယ်မြေကလူတွေအား ကိုင်တွယ်ရသည်ကို သိပ်ပြီး အဆင်မပြေသော်လည်း ရွှီရှင်း ခေါ်လာခြင်းဖြစ်သဖြင့် ဘာပြဿနာမှ ရှိမည်မဟုတ်ဟု ယူဆကာ လိုလိုလားလားပင် လက်ခံလိုက်ခြင်း ဖြစ်ပေသည်။

ရွှီရှင်းက မီမီနှင့် အာဖုတို့ကို ခေါ်ဆောင်ဆင်းလာခဲ့၏။

ဗီဇပြောင်းသတ္တဝါကြီး နှစ်ကောင်ကို မြင်လိုက်ရသောအခါ လဲ့ယိုဖန်းမှာ ထိတ်လန့်သွားကာ စကားပင် မဆိုနိုင်တော့ချေ။

"သွားကြစို့"

ရွှီရှင်း သူတို့ကို ခေါ်ဆောင်သွားကာ နေရာကူးပြောင်းရေးတံခါးကို အသက်သွင်းလိုက်သည်။

လဲ့ယိုဖန်း ဘာဖြစ်မှန်း မသိခင်မှာပင် ရွှီရှင်းက သူ့ကို တံခါးထဲသို့ တွန်းပို့လိုက်ရာ သူသည် အော်ဟစ်လျက် ပျောက်ကွယ်သွားတော့သည်။

သူတို့သည်လည်း သူ၏နောက်ကနေ လိုက်ဝင်ခဲ့ကြ၏။

ရွှီရှင်းက နောက်ဆုံးမှ ဝင်ခဲ့ခြင်းဖြစ်ရာ သူ မြေပြင်ပေါ်သို့ ခြေချလိုက်သည့်အချိန်တွင် ဘေးပတ်ပတ်လည်၌ မူးလဲနေသူများ ရှိနေချေပြီ။

လဲ့ယိုဖန်းမှာ မူးဝေနေစေကာမူ သူ၏ ထိတ်လန့်မှုက ပိုမိုပြင်းထန်နေသဖြင့် မြေပြင်မှ ထိုင်လိုက်ကာ "ဒါ ဘယ်နေရာလဲ... နေရာကူးပြောင်းရေးတံဆိပ်... ခုနက ဒါ နေရာကူးပြောင်းရေးတံခါးကြီးလား။ အူးးး..."

"အဲဒီ တံဆိပ်ကို အပျောက်မခံနဲ့နော်၊ မဟုတ်ရင် မင်း နောက်တစ်ခါ ကူးပြောင်းလို့ ရမှာမဟုတ်ဘူး" ဟု ရွှီရှင်းက သူ၏လက်ထဲက တံဆိပ်ကို ညွှန်ပြကာ ပြောလိုက်သည်။

"သိပါပြီ၊ သိပါပြီ။ အူးးး..."

လဲ့ယိုဖန်း တံဆိပ်ကို တင်းတင်းဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ ပြန်လှဲကျသွားတော့သည်။

"အီး"

ငွေရောင်ဘုရင်၏ ကျောပေါ်တွင် ဝပ်နေသော ခဲခဲလေးသည် အောက်သို့ ခုန်ဆင်းလိုက်ပြီး မြေပြင်ပေါ်က လူများနှင့် သားရဲများကြားထဲတွင် ပြေးလွှားဆော့ကစားနေတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် လီဝမ်ရှီးသည် သူမ၏ နွားမကို စီးလျက် ပြန်ရောက်လာခဲ့၏။

"ဝါး... နောက်ထပ် လူတွေရော၊ သတ္တဝါတွေရော ထပ်ပြီး မူးလဲနေကြတာလား"

လီဝမ်ရှီး အနားသို့ အပြေးလာပြီး လုဖေးအာကို ထူပေးလိုက်သည်။

"အူးးး... ဝမ်ရှီး... ငါ နင့်ကို သတ္တုတူးရာမှာ ကူညီဖို့ ရောက်လာတာပါ..."

လုဖေးအာမှာ နေလို့မကောင်းဖြစ်နေသည့်ကြားမှ လီဝမ်ရှီးကို ပြုံးပြလိုက်ပြီး သစ်ပင်အိမ်မျိုးစေ့နှင့် အူတိုင်ကို လွှဲပေးလိုက်ကာ မြေပြင်ပေါ်က လဲ့ယိုဖန်းကို ညွှန်ပြသည်။

"ဒါက သူ့ရဲ့ သစ်ပင်အိမ်မျိုးစေ့နဲ့ အူတိုင်ပဲ"

ဒီနေရာမှာ သွေးမြူခိုးပန်းတွေ စိုက်ဖို့အတွက် သစ်သားအိမ်လေး တစ်လုံး ဆောက်ရတော့မယ်။

ကူးပြောင်းပြီးတိုင်း ဒီလောက်အထိ အကြာကြီး နားနေရတာက တကယ့်ကို အနှောင့်အယှက်ဖြစ်စရာပင်။

လီဝမ်ရှီး မြေပြင်ပေါ်က လဲ့ယိုဖန်းကို သတိထားမိသွား၏။

"ဒါက အဖွဲ့ဝင်သစ်လား။ သစ်ပင်အိမ် မစိုက်ရသေးဘူးဆိုတော့၊ ရှင့်ဘက်မှာပဲ စိုက်ပေးလိုက်ရမလား"

"မင်းဘက်မှာပဲ စိုက်လိုက်တာက ပိုကောင်းပါတယ်"

ရွှီရှင်း ခေါင်းခါလိုက်၏။

သူသည် ထိုဘက်တွင် ထူးခြားသော စွမ်းရည်ရှိသည့် ရှင်ကျန်သူများကိုသာ လက်ခံရန် စီစဉ်ထားခြင်းဖြစ်သည်။

စွမ်းရည်မရှိသူဖြစ်ပါကလည်း အလွန်အမင်း သန်မာသောသူ ဖြစ်ရမည်ဖြစ်ပြီး တစ်ဦးချင်းစီတိုင်းကို သူ၏စာချုပ်နှင့် ချည်နှောင်ထားမည် ဖြစ်ပေသည်။

လဲ့ယိုဖန်းကတော့ အလုပ်သမားအင်အားအဖြစ်သာ အသင့်တော်ဆုံး ဖြစ်ပေသည်။

"ကောင်းပြီလေ၊ ဒါဆို သူ့ကို ငါပဲ ခေါ်သွားလိုက်မယ်"

လီဝမ်ရှီးက ထပ်မံ ငြင်းဆိုခြင်းမပြုဘဲ "ခဏစောင့်နော်၊ ငါ သစ်ပင်အိမ်ကို အရင်သွားစိုက်လိုက်ဦးမယ်"

မကြာမီမှာပင် ဘေးထွက်ဆိုးကျိုးများ ပျောက်ကွယ်သွားခဲ့ပြီး လီဝမ်ရှီးသည် လဲ့ယိုဖန်း၏ သစ်ပင်အိမ်ကို လီယာကျွင်း၏ အိမ်နှင့် မလှမ်းမကမ်းတွင် စိုက်ပျိုးပေးခဲ့သည်။

ထို့နောက် အရင်းအမြစ်များကို ပြန်လည်သိမ်းဆည်းကာ သူမ ယခုလေးတင် တူးဖော်လာခဲ့သော ယမ်းစိမ်းများကို ယူဆောင်လာခဲ့၏။

"ဒီနေရာကူးပြောင်းရေး စနစ်ကြီးက တကယ့်ကို အစွမ်းထက်တာပဲ၊ နယ်မြေ ၁၈၈ ကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"

လဲ့ယိုဖန်းမှာ ပြန်လည် လန်းဆန်းလာခဲ့ပြီဖြစ်ရာ မျက်လုံးများ ဝင်းလက်လျက် "အမဖေးအာရေ... ကျွန်တော့်ကို ဒီကို ခေါ်လာပေးတာ တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ"

"တွေ့လား... ဒီနေ့ကစပြီး... ဪ နေဦး၊ နင်က သခင်ကြီးနဲ့ သခင်မကြီးနောက်ကို လိုက်ပြီး ကောင်းကောင်း အလုပ်လုပ်ရမယ်။ ဒါဆိုရင် နင် တော်တော်လေး သက်သောင့်သက်သာ နေရလိမ့်မယ်"

လုဖေးအာက လဲ့ယိုဖန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"သခင်မကြီး ဟုတ်လား။အခု ကျွန်တော်တို့ မြင်လိုက်ရတဲ့ တစ်ယောက်က သခင်မကြီးလား..."

"ဟုတ်တယ်၊ အခုကစပြီး နင်က သခင်မကြီးနဲ့အတူ သတ္တုတူးရမှာ"

"သခင်ကြီးကတော့ တကယ်ကို ကံကောင်းတာပဲဗျာ။ ကျွန်တော် သတ္တုတူးရတာကို အလွန် ဝါသနာပါတယ်ဗျ"

ရွှီရှင်း ခေါင်းခါလိုက်၏။

"ငါ့ကို အစ်ကိုကြီးရှင်းလို့ပဲ ခေါ်ပါ၊ သခင်ကြီး လို့ မခေါ်ပါနဲ့။ မင်းက ငါနဲ့ စာချုပ်ချုပ်ထားတာ မဟုတ်ဘူး။ မင်းက အခု ဝမ်ရှီးရဲ့လူ ဖြစ်သွားပြီ၊ ငါ့လူ မဟုတ်ဘူး"

"အစ်ကိုကြီးရှင်းက တကယ်ကို အထာကျတာပဲ။ အစ်ကိုကြီးရှင်း ကျန်းမာပါစေဗျာ"

လီဝမ်ရှီး သစ်ပင်အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး အားလုံး အဆင်ပြေသည်ကို မြင်သောအခါ ရွှီရှင်းအား ပြောလိုက်သည်။

"ရှင်ပေးတဲ့ ကြေးနီသတ္တုရိုင်းတွေကို ကျွန်မ အရည်ကျိုဖို့ ထည့်ထားပြီးပြီ။ တစ်တုံးကို ငါးမိနစ်လောက်ပဲ ကြာမှာပါ။ ရှင် ပြန်ရောက်လာတဲ့အခါကျရင် အများကြီး ရနေပါလိမ့်မယ်။အခုတော့ သူတို့ကို ကျွန်မ ခေါ်သွားလိုက်ဦးမယ်၊ ရှင်လည်း သတိထားဦးနော်၊ ဟိုဘက်က ဗီဇပြောင်းသတ္တဝါတွေက အန္တရာယ်ရှိတယ်"

"စိတ်မပူပါနဲ့၊ ဒီတစ်ခါ မီမီနဲ့ အာဖု ပါတာဆိုတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး"

ရွှီရှင်းသည် မီမီနှင့် အာဖုတို့၏ စွမ်းရည်အပေါ် ယုံကြည်မှု ရှိနေပေသည်။

ငွေရောင်ဘုရင်မှာ ခွေးမျိုးနွယ်ဖြစ်သဖြင့် ကိုက်ခဲခြင်းဖြင့်သာ အဓိက တိုက်ခိုက်နိုင်သောကြောင့် အကန့်အသတ် ရှိလှပေသည်။

၎င်းမှာ စီးနင်းရန်အတွက် အလွန်ကောင်းမွန်စေကာမူ နွယ်ပင်များကို တိုက်ခိုက်ရန်အတွက်တော့ အကောင်းဆုံး မဟုတ်ပေ။

ဆန့်ကျင်ဘက်အားဖြင့် မီမီနှင့် အာဖုတို့မှာ များစွာ ပိုမိုဖျတ်လတ်ကြသည်။

တစ်ကောင်က လက်သည်းနှင့် ပါးစပ်ကို သုံးနိုင်သလို အခြားတစ်ကောင်ကတော့ အသံလှိုင်းကို သုံးနိုင်သည်။

ထို့ကြောင့် အလယ်အလတ်အဆင့် ဗီဇပြောင်းလဲမှု အဆင့်သို့ မရောက်သေးသော နွယ်ပင်များကို အမဲလိုက်ရန်မှာ ဘာမှ အခက်အခဲ မရှိပါချေ။

"ဒါဆိုရင်တော့ ကျွန်မ စိတ်အေးသွားပါပြီ။ ကဲ... အားလုံး ငါ့နောက်လိုက်ခဲ့ကြ၊ ယမ်းစိမ်းသွားတူးကြမယ်"

"သတ္တုတူးမယ်ဟေ့"

လဲ့ယိုဖန်းမှာ အကျဉ်းသားတစ်ယောက်လို စိတ်ဓာတ်ကျမနေဘဲ အလွန်ပင် စိတ်လှုပ်ရှားနေတော့သည်။

လုဖေးအာသည်လည်း လီဝမ်ရှီး၏ လက်မောင်းကို အမြန်ချိတ်ကာ ရင်းနှီးမှုကို ပြသလိုက်၏။

ရွှီရှင်းသည် ဝံပုလွေကျောပေါ်သို့ တက်လိုက်ပြီး ခဲခဲလေး၏ အမြီးကြီးကို ပွတ်သပ်ကာ မြောက်ဘက်သို့ ဦးတည်ထွက်ခွာခဲ့တော့သည်။

မီမီသည်လည်း အာဖုကို တင်လျက် ချက်ချင်း လိုက်ပါလာခဲ့၏။

လူတစ်ယောက်နှင့် သားရဲ လေးကောင်တို့သည် တောအုပ်အတွင်း လျင်မြန်စွာ ဖြတ်သန်းသွားကြရာ မကြာမီမှာပင် ဘေးကင်းဇုံ၏ အစွန်းသို့ ရောက်ရှိသွားခဲ့ကြချေပြီ။

"အီး"

ခဲခဲလေးသည် ရွှီရှင်းကို သူမ၏ လက်သည်းလေးဖြင့် တွန်းကာ ရှေ့ဆက်သွား၍ မရတော့ကြောင်းနှင့် ရှေ့တွင် အန္တရာယ်နယ်မြေ ရှိနေကြောင်း အချက်ပြလိုက်သည်။

ကောင်းပြီလေ၊ ဒါဆိုရင်တော့ အမဲလိုက်တာကို စကြတာပေါ့။

အခန်း ၃၅၃ ပြီး။

အခန်း ၃၅၄ - ဗီဇပြောင်းနွယ်ပင်များကိုထိန်းချုပ်ခြင်း

ရွှီရှင်းသည် ဘေးကင်းဇုံအတွင်းမှနေ၍ အပြင်ဘက်သို့ အဆင်ခြင်မဲ့စွာ မထွက်ဘဲ ကျောပိုးအိတ်ထဲမှ စွမ်းအင်အမြုတေ အပိုင်းအစကို အရင်ထုတ်ယူလိုက်သည်။

ယခုမှာ နေ့ခင်းဘက်ဖြစ်သော်လည်း ကောင်းကင်ကြီးမှာ လင်းထိန်မနေပေ။

ထူထပ်လှသည့် တိမ်ဖြူကြီးများက ကောင်းကင်အနှိမ့်ပိုင်းတွင် စုပုံနေပြီး တောအုပ်တစ်ခုလုံးကို အရိပ်များ လွှမ်းမိုးထားသဖြင့် ခြောက်ကပ်နေသော တောအုပ်ကြီးကို ပို၍ စိတ်ဓာတ်ကျစရာ ကောင်းနေစေသည်။

သို့သော် စွမ်းအင်အမြုတေ အပိုင်းအစကို ထုတ်လိုက်သည့် ခဏမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဖြူရောင်အလင်းတန်းများဖြင့် လင်းထိန်သွားပြီး မူလက ငါးဒီဂရီ၊ ခြောက်ဒီဂရီခန့်သာရှိသော အပူချိန်မှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ ၂၀ ဒီဂရီကျော်အထိ ရောက်ရှိသွားတော့သည်။

ရွှီရှင်းသည် စွမ်းအင်အမြုတေကို ကိုင်ထားရင်း အန္တရာယ်နယ်မြေထဲသို့ ခြေလှမ်းလှမ်း၍ စမ်းသပ်ရန် ပြင်လိုက်၏။

"အီး"

ခဲခဲလေးသည် လင်းလက်နေသော အမြုတေကို တစ်လှည့်၊ အန္တရာယ်ဇုံကို တစ်လှည့်ကြည့်ကာ သူမ၏ ခေါင်းလေးကို စောင်းလျက် ဇဝေဇဝါ ဖြစ်နေရှာသည်။

"မင်းတို့အားလုံး ဒီမှာပဲနေကြ၊ မလှုပ်နဲ့ဦး။ ငါ သွားစစ်ကြည့်လိုက်မယ်"

ရွှီရှင်း ဝံပုလွေပေါ်မှ ဆင်းကာ အန္တရာယ်ဇုံဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်။

ခဲခဲလေးက သူ့ကို မတားဆီးပါပေ၊ ဆိုလိုသည်မှာ လက်ရှိတွင် အမှန်တကယ်ပင် အန္တရာယ်မရှိနိုင်ကြောင်း အချက်ပြနေခြင်းပင်။

ရွှီရှင်းသည် အန္တရာယ်နယ်မြေထဲသို့ ခြေချလိုက်သည်နှင့် မြေပုံကို အသေအချာ အာရုံစိုက်လိုက်၏။

သူ ခြေလှမ်းလှမ်းလိုက်သည့် ခဏမှာပင် သူ၏ ခြေဖဝါးအောက်၌ အနီရောင်အစက်တစ်ခု ရုတ်တရက် လင်းလာခဲ့သည်။

အန္တရာယ်..။

သူသည် ချက်ချင်းပင် အနောက်သို့ ခုန်ဆုတ်လိုက်ပြီး ဘေးကင်းဇုံထဲသို့ ပြန်ဝင်လိုက်ရ၏။

မြေပြင်မှာ တုန်ခါမှုကြောင့် အနည်းငယ် အက်ကွဲသွားသော်လည်း ရွှီရှင်းကို အံ့သြသွားစေသည်မှာ မြေအောက်က ဗီဇပြောင်းသတ္တဝါများမှာ ထိုအက်ကြောင်းထဲမှ ထွက်ပေါ်မလာခြင်းပင်။

မြေပုံပေါ်တွင်လည်း အနီရောင်အစက်မှာ လျင်မြန်စွာ မှိန်သွားပြီး ဘာအစအနမျှ မကျန်အောင် ပျောက်ကွယ်သွားတော့သည်။

မီမီသည် အနီရောင်အစက် အတောက်ပဆုံးအချိန်တွင် ရှေ့သို့ ခုန်အုပ်လိုက်ပြီး ထွက်လာတော့မည့် နွယ်ပင်ကို တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း လေထဲမှာတင် လက်သည်းနှင့် ယမ်းလိုက်ရရုံသာ ရှိတော့သည်။

သူမ မြေပြင်ပေါ်သို့ ပြန်ဆင်းသက်လာပြီး ဇဝေဇဝါဖြစ်နေသော အသံလေး ပြုလုပ်လိုက်၏။

အရင်တစ်ခါကလိုပင် ဤမြေအောက် ဗီဇပြောင်းသတ္တဝါများသည် မြေပြင်ပေါ်က စွမ်းအင်အမြုတေ၏ အလင်းရောင်ကို အာရုံရလိုက်သည်နှင့် အပြင်သို့ မထွက်လာတော့ဘဲ ပြန်လည် ဆုတ်ခွာသွားကြခြင်းပင်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ မြေပြင်မှာ အမှန်တကယ် အက်ကွဲသွားခဲ့သည်။

ပြီးခဲ့သည့်အကြိမ်က ငွေရောင်ဘုရင်ကိုစီးပြီး ဒီနယ်မြေကို ဖြတ်သွားစဉ်က မြေပြင်မှာ ဘာမှမထူးခြားဘဲ မြေပုံပေါ်တွင်သာ အနီရောင်အစက်များ လှိုင်းလုံးများအလား တက်လိုက်ကျလိုက် ဖြစ်နေသည်ကို မြင်ခဲ့ရခြင်း ဖြစ်သည်။

ဒါဟာ သဘာဝကျ၏။ ဘာပဲဖြစ်ဖြစ် ဒါက အန္တရာယ်နယ်မြေ မဟုတ်လား။

တစ်ဖက်မှာက အန္တရာယ်ဇုန်ဖြစ်နေစေကာမူ ၎င်းကို ကာကွယ်ရေးဇုံတစ်ခုအဖြစ် သတ်မှတ်၍ရသေးသည်။

စွမ်းအင်အမြုတေ၏ အလင်းအောက်တွင် ထိုဗီဇပြောင်းသတ္တဝါများ မြေပေါ်သို့ မတက်နိုင်သော်လည်း၊ ရွှီရှင်းအနေဖြင့် အထဲကို ပိုနက်အောင် ဝင်သွားရန်တော့ ရည်ရွယ်ချက် မရှိပါပေ။

သူ၏ ခန့်မှန်းချက်အရဆိုလျှင် အဓိကနေရာနှင့် နီးကပ်လေလေ မြေအောက်က ဗီဇပြောင်းသတ္တဝါတွေ ပိုမိုသန်မာလေလေ ဖြစ်ပေလိမ့်မည်။

အခု မြေပြင်ကတောင် အက်ကွဲနေပြီဖြစ်ရာ သူသာ ပိုဝင်သွားပါက သူတို့တွေ အပြင်ကို အတင်းထွက်ပြီး တိုက်ခိုက်လာနိုင်ပေသည်။

ဒီမှာတင်ပဲ ရပ်လိုက်တာက အကောင်းဆုံးပင်။

မနက်ဖြန် ကျရောက်တော့မည့် အအေးဒဏ်နှင့် သားရဲလှိုင်းလုံးကြီးအတွက် ပြင်ဆင်ရမည် မဟုတ်ပါလား။

သူသည် စွမ်းအင်အမြုတေ အပိုင်းအစကို ပြန်သိမ်းလိုက်၏။

ဤအရာကို ကိုင်ထားပါက ထိုမြေအောက်သတ္တဝါများ အပြင်သို့ မထွက်လာသဖြင့် သူတို့အား သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။

ရွှီရှင်း ခေတ္တစဉ်းစားလိုက်မိသည်။

မီမီကို နယ်မြေအစွန်းတစ်လျှောက် ပြေးခိုင်းပြီး ဗီဇပြောင်းနွယ်ပင်တွေကို ဆွဲထုတ်ကာ၊ ထို့နောက်မှ အမြုတေကို ထုတ်ပြီး တစ်ပြိုင်နက်တည်း သတ်ဖြတ်ရမလားဆိုတာပင်။

သို့သော် ထိုအတွေးကို ချက်ချင်းပင် ပြန်ဖျက်လိုက်ရသည်။

ဂူထဲက ရေကန်ထဲမှာ စွမ်းအင်အမြုတေကို သုံးပြီး သွေးရောင်မျိုးနွယ် အသားစားငါးတွေကို သတ်ခဲ့တုန်းက အလွန်ပင် ထိရောက်ခဲ့၏။

ဒါပေမဲ့ အဲဒီတုန်းက ငါးတွေက ရေကန်ထဲမှာ ပိတ်မိနေပြီး ထွက်ပေါက်က ကျဉ်းမြောင်းနေတာကြောင့် ရွှီရှင်း အမြုတေကို ထုတ်လိုက်တဲ့အခါ သူတို့တွေ အမြန်မပြေးနိုင်ဘဲ အများစုက သေဆုံးသွားခဲ့ရခြင်းပင်။

စွမ်းအင်အမြုတေ၏ အဖြူရောင်အလင်းတန်းက ဗီဇပြောင်းသတ္တဝါတစ်ကောင်ကို သေစေရန် အနည်းဆုံး 5 စက္ကန့်မှ 10 စက္ကန့် ခန့် ကြာပေသည်။

ထိုအချိန်ခဏမှာ ဗီဇပြောင်းနွယ်ပင်တွေ မြေအောက်ကို ပြန်ဝင်သွားဖို့အတွက် လုံလောက်လှပေသည်။

ဒါ့အပြင် အဓိကအချက်မှာ စွမ်းအင်အမြုတေကို သုံးပြီး သတ်ဖြတ်ပါက သူ့အတွက် အမှတ် များ မရရှိခြင်းပင်။

ဒါကတော့ လက်ခံနိုင်စရာ မရှိပေ။

ယခုတစ်ကြိမ်တွင် သူသည် နွယ်ပင်အရည်ရော၊ အမှတ်တွေပါ နှစ်ခုစလုံးကို လိုချင်နေခြင်း ဖြစ်ပေသည်။

"မီမီ... ဘေးကင်းဇုံရဲ့ အစွန်းတစ်လျှောက် မီတာ ဆယ်ဂဏန်းလောက်ကို ပြေးကြည့်စမ်း" ဟု ရွှီရှင်းက အမိန့်ပေးလိုက်၏။

မီမီ ချက်ချင်းပင် ပြေးထွက်သွားပြီး ဘေးကင်းဇုံ အပြင်ဘက်သို့ ခြေချလိုက်ကာ နယ်စပ်တစ်လျှောက် စတင်ပြေးလွှားတော့သည်။

မြေပုံပေါ်တွင် အနီရောင်အစက်တစ်ခု ရုတ်တရက် လင်းလာကာ မြေပြင်မှာ အက်ကွဲသွားပြီး ထူထဲလှသော သွေးရောင်မျိုးနွယ် နွယ်ပင်များ မြေကြီးထဲမှ အရှိန်အဟုန်ဖြင့် ပေါက်ထွက်လာတော့သည်။

မီမီ၏ အရှိန်မှာ မမြန်လှပါချေ၊ ပြောရလျှင် သူမ၏ အမြန်ဆုံးအရှိန်နှင့် နှိုင်းယှဉ်ပါက သူမသည် အေးအေးဆေးဆေး လမ်းလျှောက်နေသကဲ့သို့ပင် ရှိပြီး မြေအောက်က ထွက်လာသည့် နွယ်ပင်များကို ပြက်ရယ်ပြုနေသည့်အလား။

နွယ်ပင်တစ်ခုစီတိုင်းမှာ မီမီကို ထိလုနီးပါး ဖြစ်ခဲ့သော်လည်း သူမ ရွှီရှင်းဆီကို ပြန်ပတ်လာသည့်အချိန်အထိ အမွေးတစ်ပင်မျှပင် အနာအဆာ မရှိခဲ့ပါပေ။

သူမသည် မထွက်ခွာမီ နွယ်ပင်တစ်ပင်ကိုပါ သတ်ဖြတ်ခဲ့သေး၏။

[သွေးရောင်မျိုးနွယ် နွယ်ပင်အား သတ်ဖြတ်ပြီးစီး၊ ရရှိသော အမှတ် 50]

ဟုတ်ပါသည်၊ ဒါဟာ မှန်ကန်ပါ၏။

ဒီနေရာက နွယ်ပင်တွေက တကယ်ပဲ ပိုသန်မာနေကြခြင်းပင်။

ရွှီရှင်းသည် ဘေးကင်းဇုံအစွန်း၌ အထဲဝင်၍ မတိုက်ခိုက်ဝံ့သော နွယ်ပင်များကို ကြည့်ကာ သူ၏ လှံရှည်ကြီးကို ထုတ်ယူလိုက်သည်။

ဒီနေရာက နွယ်ပင်တွေက ဘေးကင်းဇုံထဲကို အရင်ဝင်ပြီး မတိုက်ခိုက်ကြချေ။

ပြီးခဲ့သည့်အကြိမ် လီယာကျွင်း၏ နယ်မြေအစွန်းတွင်တော့ နွယ်ပင်တစ်ပင်က ဘေးကင်းဇုံအတွင်းပိုင်းအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ထိုနေရာက နွယ်ပင်တွေက ပိုသန်မာပြီး အမှတ်တွေလည်း ပိုရပေသည်။

ဒါ့အပြင် ထိုနေရာမှာဆိုလျှင် ငွေရောင်ဘုရင်မှာလည်း သွေးရောင်အစင်းကြောင်းများ၏ လွှမ်းမိုးမှုကို ခံရသော်လည်း ဒီနေရာမှာတော့ မဖြစ်ချေ။

သူ၏ ခန့်မှန်းချက်အရဆိုလျှင် ထိုနေရာမှာ အဓိကအရာနှင့် ပိုမိုနီးကပ်သောနေရာ ဖြစ်ရပေမည်။

သို့သော် ဤနေရာမှာလည်း သတိထားရန် လိုအပ်ပေသည်။

ပြီးခဲ့သည့်အကြိမ်က ဒီနေရာမှ နွယ်ပင်တွေလည်း ဘေးကင်းဇုံအတွင်းကို တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသော်လည်း၊ အမှတ်အသား များ ရုတ်တရက် လင်းလာကာ သူတို့ကို ကာကွယ်ပေးပြီး နွယ်ပင်များကို ပြန်ဆုတ်သွားစေခဲ့ဖူးသည် မဟုတ်ပါလား။

ယခု ဘေးကင်းဇုံအစွန်းတွင် နွယ်ပင်တစ်တန်းမှာ လေထဲ၌ ယိမ်းနွဲ့နေကြ၏။

သူတို့၏ အစိမ်းရင့်ရောင် ကိုယ်ထည်ပေါ်တွင် သွေးရောင်အစင်းကြောင်းများ သို့မဟုတ် သွေးရောင်ဆူးများ ပါရှိနေကြပြီး ခြောက်ကပ်ပြီး မှောင်မည်းနေသော ပတ်ဝန်းကျင်၌ ကြည့်ရသည်မှာ တကယ့်ကို ကျောစိမ့်စရာ ကောင်းလှပေသည်။

ရွှီရှင်းသည် လှံရှည်ကြီးကို ဝေ့ယမ်းကာ နွယ်ပင်များ၏ အမြစ်များကို ချက်ချင်း ပိုင်းဖြတ်လိုက်တော့သည်။

"ဂျောက် ဂျောက် ဂျောက်"

လှံရှည်၏ ဘေးသွားမှာ နွယ်ပင်လေးခု၏ အမြစ်များကို အားစိုက်စရာမလိုဘဲ ဆက်တိုက် ဖြတ်တောက်နိုင်ခဲ့၏။

တောင့်တင်းနေသော နွယ်ပင်လေးခုမှာ ယိမ်းနွဲ့နေခြင်း ရပ်တန့်သွားပြီး မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားတော့သည်။

ရွှီရှင်းသည် သူ၏ကိုယ်ကို အနည်းငယ် လှည့်လိုက်ကာ သူ့ထံသို့ ဝှေ့ယမ်းလာသော နွယ်ပင်တစ်ပင်ကို ရှောင်တိမ်းလိုက်၏။

ထိုနွယ်ပင်မှာ မြေပြင်ပေါ်သို့ ရိုက်ချလိုက်သဖြင့် ဖုန်မှုန့်များနှင့် သစ်ရွက်ခြောက်များ လွင့်ပျံသွားခဲ့သည်။

[သွေးရောင်မျိုးနွယ် နွယ်ပင် 2 ခု၊ သွေးရောင်ဆူးနွယ်ပင် 2 ခုအား သတ်ဖြတ်ပြီးစီး၊ ရရှိသော ရမှတ် 160 မှတ်]

သွေးရောင်မျိုးနွယ် နွယ်ပင် တစ်ခုစီအတွက် အမှတ် 30 ရရှိပြီး၊ သွေးရောင်ဆူးနွယ်ပင်ထက် အနည်းငယ် လျော့နည်းပေသည်။

လှံရှည်မှတစ်ဆင့် စီးဝင်လာသော သက်စောင့်အားများက ရွှီရှင်း၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးလိုက်သဖြင့် ပိုမိုလန်းဆန်းလာခဲ့၏။

သူသည် မရပ်နားဘဲ ဆက်လက်ပြေးလွှားရင်း နွယ်ပင်တစ်တန်းလုံးကို လှံရှည်ဖြင့် လိုက်လံပိုင်းဖြတ်နေတော့သည်။

"ဂျောက် ဂျောက် ဂျောက်"

နောက်ထပ် ဗီဇပြောင်းနွယ်ပင် အတော်များများကို အမြစ်ကနေ တိုက်ရိုက်ပိုင်းဖြတ်လိုက်သဖြင့် ထူထဲလှသော ကိုယ်ထည်ကြီးများမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျကုန်တော့သည်။

"အီး"

ခဲခဲလေးသည် ငွေရောင်ဘုရင်၏ ခေါင်းပေါ်တွင် ရပ်လျက်၊ သူမ၏ လက်သည်းလေးများကို ယမ်းကာ ရွှီရှင်းအား အားပေးနေရှာသည်။

ကျန်ရှိနေသော ဗီဇပြောင်းနွယ်ပင်များမှာလည်း ဒီအတိုင်း ငြိမ်မနေတော့ပါပေ။

အချို့မှာ မြေအောက်သို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားကြသလို၊ ကျန်ရှိသော နွယ်ပင်များကတော့ ဘေးကင်းဇုံအတွင်းရှိ ရွှီရှင်းအား တိုက်ရိုက် စတင်တိုက်ခိုက်လာတော့သည်။

ဟုတ်ပေသည်။ဒီနေရာက နွယ်ပင်တွေက ဘေးကင်းဇုံအတွင်းပိုင်းကို တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲပင်။

သူတို့က အရင်ဦးအောင် တိုက်ခိုက်ခြင်း မရှိကြရုံသာ ဖြစ်၏။

"မီမီ"

ရွှီရှင်းသည် သူ့ကို ရိုက်လာသော သွေးရောင်ဆူးနွယ်ပင်၏ ဒဏ်ကို ကိုယ်ကိုတိမ်း၍ ရှောင်လိုက်ကာ လှံရှည်ကို မြှောက်၍ ၎င်းကို နှစ်ပိုင်းပိုင်းလိုက်သည်။

မီမီ ချက်ချင်းပင် ရှေ့သို့ ခုန်အုပ်လိုက်ပြီး သူမ၏ လက်သည်းများကို ထုတ်လိုက်၏။

အေးစိမ့်သော အလင်းတန်း နှစ်ချက် ဖြတ်သန်းသွားပြီးနောက် သွေးရောင်မျိုးနွယ် နွယ်ပင် နှစ်ခုမှာ မီမီ၏ လက်သည်းချက်ကြောင့် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။

ရုတ်တရက် ရွှီရှင်းနှင့် အနီးဆုံးရှိ နွယ်ပင်များမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သူတို့ပေါ်က သွေးရောင်အလင်းတန်းများ ပိုမိုတောက်ပလာကာ ရွှီရှင်းအား ပြိုင်တူ တိုက်ခိုက်လာကြတော့သည်။

ထိုးခြင်း၊ ရိုက်ခြင်းများအပြင်၊ နွယ်ပင်တစ်ပင်က သူ၏ခြေထောက်ကို ရစ်ပတ်ကာ အန္တရာယ်နယ်မြေထဲသို့ ဆွဲခေါ်ရန်ပင် ကြိုးစားလာခဲ့ချေပြီ။

ရွှီရှင်းမှာ မမျှော်လင့်ဘဲ အတိုက်ခံလိုက်ရသဖြင့် သူ၏ လှံရှည်ကို ဝေ့ယမ်းကာ သူ့ထံသို့ လာနေသော အထူဆုံး သွေးရောင်ဆူးနွယ်ပင်ကို ပိုင်းဖြတ်လိုက်သော်လည်း သူ၏ခြေထောက်မှာမူ ရစ်ပတ်ခံထားရပြီဖြစ်ရာ အန္တရာယ်နယ်မြေထဲသို့ ဆွဲခေါ်ခြင်း ခံရတော့မည့်အခြေအနေ ဖြစ်နေသည်။

ထိုအချိန်မှာပင် အာဖု၏ စူးရှလှသော အော်သံကြီး ထွက်ပေါ်လာခဲ့ရာ နွယ်ပင်အားလုံးမှာ ခေတ္တမျှ ငြိမ်သက်သွားခဲ့ရ၏။

ဤအခွင့်အရေးကို အသုံးချကာ ရွှီရှင်းသည် သူ၏ခြေထောက်ကို ရစ်ပတ်ထားသော နွယ်ပင်ကို အမြန်ပိုင်းဖြတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ငွေရောင်ဘုရင်က ရှေ့သို့ ခုန်အုပ်၍ နွယ်ပင်တစ်ပင်ကို ကိုက်ခဲလိုက်သလို၊ ရှောင်တိမ်းရင်း နွယ်ပင်များကို ပြက်ရယ်ပြုနေသော မီမီသည်လည်း ရွှီရှင်း၏ အန္တရာယ်ကို သတိပြုမိသွားကာ ချက်ချင်းပင် အစွမ်းကုန် လှုပ်ရှားလာတော့သည်။

အေးစိမ့်သော အလင်းတန်းအချို့ ဖြတ်သန်းသွားပြီးနောက်တွင်တော့ ရွှီရှင်းကို ဝိုင်းထားသော နွယ်ပင် 5 ခုစလုံးမှာ အသက်စွမ်းအားများ ဆုံးရှုံးသွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ခဏမျှ တုန်ခါနေပြီးနောက် ငြိမ်သက်သွားတော့သည်။

ရွှီရှင်းနှင့် သူ၏ စာချုပ်သားရဲများ စုပေါင်းအားဖြင့် ကျန်ရှိနေသော နွယ်ပင်အားလုံးကို နတ်ပြည် ဆီသို့ ချက်ချင်း ပို့ဆောင်ပေးလိုက်ကြတော့၏။

"အီး"

အနောက်မှာ ပုန်းနေသော ခဲခဲလေးသည် သူတို့တွေ နွယ်ပင်အားလုံးကို ရှင်းလင်းပြီးမှသာ ပြေးလာခဲ့ပြီး ရွှီရှင်း၏ ရင်ခွင်ထဲသို့ စိုးရိမ်တကြီး ခုန်ဝင်လာတော့သည်။

"အီး..."

"ခုနက... ဘာတွေ ဖြစ်သွားတာလဲ"

ရွှီရှင်းသည် ခဲခဲလေး၏ ခေါင်းလေးကို ပွတ်ပေးရင်း မယုံနိုင်သလို ရေရွတ်လိုက်မိသည်။

ခုနက နွယ်ပင်တွေရဲ့ တိုက်ခိုက်ပုံ နည်းဗျူဟာတွေက သူအရင်က ကြုံခဲ့ဖူးတဲ့ နွယ်ပင်အုပ်စုတွေနဲ့ လုံးဝကို ကွဲပြားနေခြင်းပင်။

သွေးမြူခိုးတွေကြားက ဆားတွင်းဂူတွေနားမှာဖြစ်စေ၊ သစ်ပင်အိမ် ခုခံကာကွယ်ရေး တိုက်ပွဲတုန်းကဖြစ်စေ၊ နွယ်ပင်အုပ်စုတွေရဲ့ တိုက်ခိုက်ပုံက ဖရိုဖရဲဖြစ်နေပြီး ဘာစနစ်မှ ရှိမနေပါပေ။

ထို့ကြောင့်လည်း ရွှီရှင်းအနေဖြင့် ခုခံကာကွယ်ရေး တိုက်ပွဲတုန်းက နွယ်ပင်အုပ်စုတွေကြားထဲကနေ ထိုးဖောက်ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ သူတို့တွေက စနစ်တကျ အဖွဲ့အစည်းနဲ့ တိုက်ခိုက်မည်ဆိုပါက ထိုနွယ်ပင်တွေကြားကနေ လွတ်မြောက်နိုင်ခြေမှာ သုညနီးပါးပင် ရှိပေလိမ့်မည်။

စနစ်မရှိသော စစ်တပ်နှင့် စစ်မှန်သော စစ်တပ်ကြားက တိုက်ခိုက်ရေးစွမ်းရည် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။

သို့သော်လည်း ခုနက နွယ်ပင် 5 ခုမှာမူ အမှန်တကယ်ပင် တစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ ပူးပေါင်းခဲ့ကြခြင်းပင်။

သွေးရောင်ဆူးနွယ်ပင် တစ်ခုက သူ၏ခြေကျင်းဝတ်ကို ရစ်ပတ်ရန် ကြိုးစားချိန်တွင် အခြားနွယ်ပင် နှစ်ခုက ဘယ်ဘက်အပေါ်နှင့် ညာဘက်အောက်တို့မှ သူ့အား ထိုးနှက်လာခဲ့ပြီး၊ ကျန်ရှိသော သွေးရောင်ဆူးနွယ်ပင် နှစ်ခုကတော့ ဘေးကင်းဇုံထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ ဘေးတစ်ဖက်တစ်ချက်စီမှ သူ့အား ရိုက်လာခဲ့ခြင်း ဖြစ်၏။

ဒါဟာ သူ၏ ထွက်ပြေးနိုင်မည့် လမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်ခြင်းပင်။

အနောက်သို့ ဆုတ်မည်ဆိုလျှင်ပင် ရှေ့တည့်တည့်က လာနေသော သွေးရောင်ဆူးနွယ်ပင်များ၏ ထိုးစိုက်မှုကို ခံရပေလိမ့်မည်။

ဘာလို့ သူတို့တွေက ရုတ်တရက်ကြီး နည်းစနစ်တကျ ဖြစ်သွားရတာလဲ။

ဖြစ်နိုင်တာက ဒီနွယ်ပင်တွေဟာ တစ်စုံတစ်ခုရဲ့ ထိန်းချုပ်မှုကို ခံနေရတာများလား။

သူတို့ကို ထိန်းချုပ်ပြီး တိုက်ခိုက်ရေးစနစ်တွေ ဖန်တီးပေးနေတဲ့အရာကပဲ သူတို့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးနေတဲ့ အဓိကတရားခံ ဖြစ်နိုင်မလား။

ဘာကြောင့်ရယ်မသိ ရွှီရှင်းသည် ကျိချောင်းယန်၏ နိမိတ်အမြင်ထဲက ကိရိယာတွေ ကိုင်ထားတဲ့ ဗီဇပြောင်းလူသားတွေအကြောင်းကို ပြေးမြင်ယောင်မိသွားသည်။

ထိုသူတွေက ဗီဇပြောင်းသတ္တဝါတွေရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်တာများလား။

အကယ်၍သာ အဲဒီလိုဆိုရင်တော့ ဒီတစ်ခါ သားရဲလှိုင်းကြီးရဲ့ တိုက်ခိုက်ရေးစွမ်းအားက နောက်ထပ် အဆင့်တစ်ခုကို မြင့်တက်သွားပေလိမ့်မည်။

ဒီကပ်ဘေးကတော့ သာမန်ရှင်ကျန်သူတွေအတွက် တကယ့်ကို ခက်ခဲလှပေလိမ့်မည်။

ရွှီရှင်းသည် ဆီးနှင်းတွေကြားက သားရဲလှိုင်းကြီးကြောင့် သူကိုယ်တိုင် အန္တရာယ်ရှိမည်ကိုတော့ စိုးရိမ်ခြင်း မရှိချေ။

ဘာပဲဖြစ်ဖြစ် သူ့မှာ အပင်နှလုံးသား ရှိသလို ထိန်းချုပ်ရေးခလုတ်နဲ့ ချိတ်ဆက်ထားတဲ့ ပေါက်ကွဲ မြားတွေ ပစ်နိုင်တဲ့ မြှားပစ်စက်ကြီးတွေလည်း ရှိနေသည် မဟုတ်ပါလား။

ဒါ့အပြင် ဗီဇပြောင်းသတ္တဝါတွေကို သတ်နိုင်တဲ့ စွမ်းအင်အမြုတေ အပိုင်းအစလည်း ရှိနေသဖြင့် သားရဲလှိုင်းလုံးကြီးကို ခုခံရန် လုံလောက်လှပေသည်။

သူ အစိုးရိမ်ဆုံးကတော့ ရေကန်ထဲက ဧရာမ မြွေကြီးနှင့် အခြားသော တိုက်ခိုက်လာနိုင်သည့် ဧရာမ သားရဲကြီးများပင် ဖြစ်၏။

ရွှီရှင်း ခေါင်းခါယမ်းလိုက်ပြီး စွမ်းအင်အမြုတေ အပိုင်းအစကို ထုတ်ယူလိုက်ရာ ပတ်ဝန်းကျင်မှာ ချက်ချင်းပင် လင်းထိန်နွေးထွေးသွားတော့သည်။

စွမ်းအင်အမြုတေ၏ အလင်းရောင်ကြောင့် အန္တရာယ်နယ်မြေထဲကို ဝင်လျှင်ပင် ဗီဇပြောင်းနွယ်ပင်များ မြေအောက်မှ ထွက်ပေါ်မလာတော့သဖြင့် သူသည် နွယ်ပင်အသေကောင် အားလုံးကို သူ၏ ခရမ်းရောင်အဆင့် ကျောပိုးအိတ်ထဲသို့ အလွယ်တကူပင် သိမ်းဆည်းနိုင်ခဲ့၏။

အခန်း ၃၅၄ ပြီး။

All Chapters