← Chapters

အခန်း (၇၄၁-၇၄၂)

Vol. 58 Ch. 741-742

အခန်း (၇၄၁-၇၄၂)

Vol. 58 Ch. 741-742

အခန်း ၇၄၁- ပူးပေါင်းတိုက်ခိုက်ရန် ပြင်ဆင်ခြင်းနှင့် တည်နေရာ ပေါက်ကြားသွားခြင်း

“ဒါနဲ့... မင်းတို့ကို ဘယ်နိုင်ငံက လာတိုက်တာလဲ။”

“ကျုပ်တို့ အကျဉ်းသားတစ်ယောက်ကို ရေနဲ့ပက်နှိုးပြီး စစ်မေးလိုက်တော့ သူပြောတာတွေကို နားမလည်ဘူး။ ဒါပေမဲ့ သူက ပြောင်းဖူးနိုင်ငံကဆိုတာတော့ ကျုပ်သေချာ သိတယ်။”

“မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်သေချာနေတာလဲ။”

“သူပြောသမျှ စာကြောင်းတိုင်းရဲ့ အဆုံးမှာ ‘ဆီမီဒါ’ (Simida) ဆိုတာ ပါနေတာကိုး။ ကျပ်မပြည့်တဲ့ငတုံးတစ်ယောက်ဆိုရင်တောင် ဒါက ပြောင်းဖူးနိုင်ငံကမှန်း သိတယ်။”

“ပြောင်းဖူးနိုင်ငံက ငါတို့ ရှားနိုင်ငံရဲ့ နယ်နိမိတ်ကို ကျူးကျော်ရဲတယ် ဟုတ်လား။”

ရှောင်းယီသည် လူအုပ်ကြီး၏ စကားသံများကို မြင်သောအခါ ချက်ချင်းပင် ဝင်ပြောလိုက်၏။

“ပြောင်းဖူးနိုင်ငံကလူတွေကို ကျုပ် အရင်ကတည်းက ကြုံဖူးတာမို့ ဒါက သိပ်ပြီးတော့ ထူးဆန်းမနေပါဘူး။”

“သူဌေးက တကယ်ကို အတွေ့အကြုံရှိတာပဲ။ သူဌေး ကြုံခဲ့ရတဲ့ ပြောင်းဖူးနိုင်ငံသားတွေက သူဌေးကိုရော လာတိုက်ခိုက်ကြသေးလား။”

“သူက ကျုပ်ကျွန်းနားကနေ ဖြတ်သွားရုံပါပဲ။ ဒါပေမဲ့ ကျုပ်ရဲ့ကျွန်းက တော်တော်လေး ကောင်းမွန်နေတာကို မြင်တော့ သူက ပိုင်ဆိုင်ချင်စိတ်တွေပေါက်လာပြီး သိမ်းဖို့ ကြိုးစားခဲ့တာ။ အဲဒါနဲ့ပဲ တိုက်ပွဲဖြစ်ခဲ့ကြတယ်ဆိုပါတော့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ရလဒ်ကရော ဘာဖြစ်သွားလဲ။”

“ဟေ့လူ... အဲဒါကို မေးနေဖို့ လိုသေးလို့လား။ သူဌေးရဲ့ လက်ချက်နဲ့ အလဲအလဲအကွဲကွဲ ဖြစ်သွားမှာပေါ့ကွ။”

“ဟုတ်တယ်။ သူဌေးရဲ့ကျွန်းကို သိမ်းပိုက်နိုင်လောက်တဲ့ အသက်ရှင်ကျန်ရစ်သူ ရှိဦးမယ်လို့ မင်း တကယ်ထင်နေတာလား။”

လူတိုင်း အပြင်းအထန် ဆွေးနွေးနေကြစဉ်မှာပင် ယခင်ကမ္ဘာက အနောက်နိုင်ငံသား အသက်ရှင်ကျန်ရစ်သူ ကိုးဦးသည် ယာယီဖန်တီးထားသော စကားပြောချန်နယ်တစ်ခုတွင် တိုင်ပင်နေကြ၏။

“အဲဒီ ရှားနိုင်ငံက ယီရန်ပင်းက တော်တော်လေး တိုးတက်နေတာပဲ။ မထင်မှတ်ထားလောက်တဲ့ ဇိမ်ခံအပန်းဖြေစခန်းမျိုးတောင် ရှိနေပြီ။”

“ဟုတ်တယ်။ ငါတို့ သူ့ကျွန်းတစ်ခုလုံးရဲ့ အခြေအနေကို မမြင်ရသေးပေမဲ့ သူ့ကျွန်းက တော်တော်လေးကို ကြီးမားမယ်လို့ ငါ ရဲရဲကြီး ပြောရဲတယ်။ ငါတို့တွေ အားလုံး စုပေါင်းပြီး သူ့ကို ဖြိုချနိုင်ရင် အုတ်မြစ်ကျောက်တွေ အများကြီး ခွဲဝေယူလို့ ရလောက်တယ်။”

“ဒါပေမဲ့ ယီရန်ပင်းရဲ့ ခွန်အားက တော်တော်လေးကြီးမားတယ်။ ငါတို့ ဘယ်လိုတိုက်မှာလဲ။”

“သူ ဘယ်လောက်ပဲ သန်မာနေပါစေ သူက မဟာမိတ်အဖွဲ့ တစ်ခုပဲလေ။ ငါတို့ မဟာမိတ်အဖွဲ့တွေ အများကြီး ပေါင်းလိုက်ရင် သူ့ကို ရင်မဆိုင်နိုင်စရာ အကြောင်းရှိလို့လား။”

“ဒါပေမဲ့ ငါတို့ဆီမှာ အဆင့်မြင့် တိုက်ခိုက်ရေးသမား အင်အား မလုံလောက်ဘူး။ ဒါကို ဘယ်လို ဖြေရှင်းမှာလဲ။”

“အင်း သူတို့ဆီမှာ SSS အဆင့်နဲ့တောင် ရင်ဆိုင်နိုင်တဲ့ ခွန်အားရှိတယ်လို့ ငါကြားဖူးတယ်။”

“တကယ်လို့ မင်းတို့အားလုံး ငါနဲ့အတူ ယီရန်ပင်း မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် ငါ ဒါလေးကို ထုတ်ပြီး မျှဝေပေးပါမယ်။ 【ယာယီ အဆင့်မြှင့်တင်ရေးကတ်】(SSS အဆင့်) ၁ ခု။”

“【ယာယီ အဆင့်မြှင့်တင်ရေးကတ်】(SSS အဆင့်): ပစ်မှတ်၏ အဆင့်ကို SSS အဆင့်သို့ မြှင့်တင်ပေးနိုင်သည်။ တစ်နာရီကြာ ခံပြီး တစ်နာရီ ပြည့်ပါက မူလအဆင့်သို့ ပြန်လည် ရောက်ရှိသွားမည်။ မည်သည့် နောက်ဆက်တွဲ ဆိုးကျိုးမျှ မရှိပါ။”

ထိုကတ်၏ အစွမ်းသတ္တိကို မြင်လိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားခဲ့ကြလေသည်။

“ဒီလို ပစ္စည်းမျိုးတောင် ရှိတယ်လား။ ဒါက ယီရန်ပင်း ပြီးခဲ့တဲ့ အခေါက်က ထုတ်ခဲ့တဲ့ ရူးသွပ်ဆေးထက်တောင် ပိုပြီးအစွမ်းထက်သေးတယ်။”

“အဓိကက မင်းဆီမှာ အဲဒါ ဘယ်နှခုရှိလဲ ဆိုတာပဲ။ တစ်ခုတည်းနဲ့တော့ စိတ်မချရဘူး။”

“စိတ်မပူပါနဲ့။ ငါ့လက်ထဲမှာ သုံးခုရှိပါတယ်။ ဒါပေမဲ့ ဒါကို တိုက်ပွဲအတွေ့အကြုံ အရှိဆုံးနဲ့ အဆင့်အမြင့်ဆုံး လူတွေအပေါ်မှာပဲ သုံးရမယ်။”

“မှန်တယ်။ အဲဒါမှလည်း အရေးကြီးတဲ့နေရာမှာ ထိရောက်မှုရှိမှာ။”

“ဒါဆိုရင် လုပ်ကြတာပေါ့။ ရှားနိုင်ငံ နယ်မြေနားမှာရှိတဲ့ တခြားနိုင်ငံတွေကို ဦးသူစားစနစ်နဲ့ အခွင့်အရေးတွေ အဆုံးရှုံးမခံနိုင်ဘူး။”

“အခု ပြဿနာတစ်ခု ကျန်သေးတာက ယီရန်ပင်းရဲ့ ကျွန်းတည်နေရာပဲ။ အပန်းဖြေစခန်းကို သွားတာက မြို့ပြန်ကျောက်ကနေတစ်ဆင့် တယ်လီပို့ တည်နေရာကူးပြောင်းသွားရုံပဲဆိုတော့ တည်နေရာအတိအကျကို ငါတို့ မသိဘူး။”

“ဟားဟားဟားဟား... အဲဒါအတွက် စိတ်မပူပါနဲ့။ လူတိုင်းကို ဒီကိစ္စအတွက် စုပြီး တိုင်ပင်နေကတည်းက ငါ အဆင်သင့် ပြင်ထားပြီးသားပါ။”

“မင်းက သူ့တည်နေရာကို သိနေပြီလို့ ဆိုလိုတာလား။”

“ဟုတ်တယ်။ ငါ တစ်ခါသုံး တည်နေရာရှာဖွေစက်တစ်ခု ရထားလို့ အဲဒါကိုသုံးပြီး အပန်းဖြေစခန်းရဲ့ တည်နေရာကို ရှာဖွေထားပြီးပြီ။”

“ဘုရားရေ မင်းက ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေ ရနေတာလဲ။”

“ဘုရားသခင်က ငါ့ကို ပိုပြီး မျက်နှာသာပေးလို့ ဖြစ်မှာပါ။”

“ယီရန်ပင်းရဲ့ တည်နေရာကို အများသုံးချန်နယ်မှာ ချပြလိုက်ဖို့ ငါ အကြံပြုချင်တယ်။”

“ဟင် ဒါက ငါ ခက်ခက်ခဲခဲ ရထားတဲ့ တည်နေရာလေ။ ဒီအတိုင်း အလကား ချပြလိုက်တာက မသင့်တော်ဘူး မဟုတ်လား။”

“ဒါမှ တခြားလူတွေကလည်း ယီရန်ပင်းရဲ့ အင်အားကို ဝိုင်းပြီး ဖြုန်းတီးပေးနိုင်မှာပေါ့။ ငါတို့ချည်းပဲ တိုက်ရုံနဲ့ ယီရန်ပင်းကို တကယ် ဖြိုချနိုင်မယ်လို့ မင်း တကယ်ထင်နေတာလား။”

“အကြံကောင်းပဲ။ ယီရန်ပင်းရဲ့ တည်နေရာကို ကြေညာလိုက်တာနဲ့ သူ့ကို သွားပြီး နှောင့်ယှက်မယ့်လူတွေ အများကြီး ပေါ်လာမှာပဲ။ အဲဒီအချိန်ကျမှ ငါတို့က ကြားကနေ အမြတ်ထုတ်ရုံပဲ။ တစ်ယောက်ယောက်က သူတို့ကို ထိန်းထားပေးရင် ငါတို့အတွက် ပိုလွယ်သွားတာပေါ့။”

“ကောင်းပြီ။ ငါ အခုချက်ချင်း ယီရန်ပင်းရဲ့ တည်နေရာကို ကြေညာလိုက်မယ်။”

မကြာမီမှာပင် မြေပုံပေါ်ရှိ အမှတ်တစ်ခုကို အများသုံစချန်နယ်တွင် အမှတ်အသားပြုလုပ်လိုက်ပြီးနောက် စာသားတစ်ခု ပါတက်လာခဲ့၏။

“ဒါက ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ တည်နေရာပဲ။”

ဆုဝမ်သည် ထိုအချက်အလက်ကို မြင်မြင်ချင်း ရှောင်းယီအား ဖုန်းဆက်တော့လေသည်။

“ကျွန်းပိုင်ရှင် ကျွန်မတို့ရဲ့တည်နေရာ ပေါက်ကြားသွားပြီ။”

ရှောင်းယီက အံ့သြသွား၏။

“ဘယ်မှာလဲ။ ဘယ်သူက ချပြလိုက်တာလဲ။”

သူက မေးလိုက်သည်။

“အများသုံးချန်နယ်မှာ ကြည့်လိုက်ပါ။ ဂျေးလို့ အမည်ရတဲ့သူက ဖော်ပြလိုက်တာပါ။”

ဆုဝမ်က ပြန်ဖြေလိုက်၏။

ရှောင်းယီ အများသုံးချန်နယ်သို့ ပြောင်းကြည့်လိုက်ရာ သူ့ကျွန်း၏တည်နေရာကို အမှတ်အသားပြုထားသည်မှာ အမှန်ပင် ဖြစ်နေခဲ့သည်။

“ကြည့်ရတာ လူတိုင်းက ထူးဆန်းတဲ့ ပစ္စည်းအမျိုးမျိုးကို ရထားကြတဲ့ပုံပဲ။ ငါ့ကျွန်းကို တစ်ခါရောက်ဖူးရုံနဲ့ တည်နေရာကို သိနိုင်တဲ့ နည်းလမ်းတွေတောင် ရှိနေတယ်။”

ရှောင်းယီ တွေးလိုက်မိ၏။

“ကျွန်းပိုင်ရှင်၊ ကျမတို့ ဘာဆက်လုပ်ကြမလဲ။”

ဆုဝမ်က စိုးရိမ်တကြီး မေးလိုက်သည်။

ယီရန်ပင်း မဟာမိတ်အဖွဲ့၏ တည်နေရာ ပေါက်ကြားသွားခြင်းသည် လူတိုင်း၏ ပစ်မှတ်ဖြစ်သွားခြင်းနှင့် အတူတူပင်။ ရှောင်းယီ၏ကျွန်းမှာ အလွန်တိုးတက်နေသဖြင့် ငြူစူမနာလိုသူများစွာ ရှိနေမည်မှာ သေချာပြီး တစ်စုံတစ်ယောက်က စွန့်စား၍ လာရောက်တိုက်ခိုက်ရန် ကြိုးစားလာပေလိမ့်မည်။

မဟာမိတ်အဖွဲ့တစ်ခု သို့မဟုတ် နှစ်ခုဆိုလျှင် ရှောင်းယီတို့အတွက် ပြိုင်ဘက်မဟုတ်သော်လည်း အဖွဲ့များစွာ စုပေါင်းလာလျှင်ရော။

လက်နှစ်ဖက်သည် လက်လေးဖက်ကို မယှဉ်နိုင်သကဲ့သို့ မဟာမိတ်အဖွဲ့များစွာက ဝိုင်းဝန်းတိုက်ခိုက်လျှင် ရှောင်းယီတို့ မဟာမိတ်အဖွဲ့သည် မောဟိုက်ပြီး ပင်ပန်းသွားနိုင်ပေသည်။

“ဘာလုပ်ရမလဲ ဟုတ်လား။”

ရှောင်းယီက ပြုံးလျက် ပြန်ဖြေလိုက်၏။

“စားစရာရှိတာစား၊ သောက်စရာရှိတာသောက်ပေါ့။ သူတို့ တကယ်လာရဲရင်လည်း လာခိုင်းလိုက်ပါ။ အချိန်လည်း မစောတော့ဘူး။ စောစောအိပ်တော့။”

ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ဆုဝမ်သည် အနည်းငယ် ကြောင်အသွားခဲ့ပြီး နောက် ခေါင်းကို အသာအယာ ခါယမ်းလိုက်မိသည်။ ရှောင်းယီကိုယ်တိုင်က ယုံကြည်မှုရှိနေမှတော့ သူမအနေဖြင့် စိုးရိမ်နေစရာ မလိုတော့ပေ။

ရှောင်းယီသည် အများသုံးချန်နယ်၏မြေပုံပေါ်ရှိ သူ့တည်နေရာကို ကြည့်ရင်း တွေးလိုက်၏။

“မင်းတို့က ယီရန်ပင်းရဲ့ အစွမ်းကို စမ်းသပ်ဖို့ လူရှာနေတာပေါ့လေ...။ ဒါဆိုရင် ငါကပဲ မင်းတို့ကို စိတ်ကျေနပ်အောင် လုပ်ပေးရတာပေါ့။”

တစ်ဖက်တွင်လည်း တိလင်းထျန်းရှားသည် သူ၏လက်အောက်ငယ်သားထံမှ သတင်းပို့ချက်ကို လက်ခံရရှိခဲ့လေသည်။

“ဥက္ကဋ္ဌ တစ်ယောက်ယောက်က ယီရန်ပင်းရဲ့ တည်နေရာကို ချပြလိုက်ပြီ။”

“ဘာ...”

တိးလင်ထျန်းရှား အံ့သြသွားပြီး အများသုံးချန်နယ်သို့ ချက်ချင်းပြောင်းကြည့်လိုက်ရာ ယီရန်ပင်း၏ တည်နေရာကို မှတ်သားထားသော မြေပုံကို မြင်လိုက်ရလေသည်။

“ဥက္ကဋ္ဌ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ တည်နေရာ ပေါက်ကြားသွားပြီဆိုတော့ စိတ်ဝင်စားတဲ့လူတွေ အများကြီးရှိလာလိမ့်မယ်။ ကျုပ်တို့ရော ပြင်ဆင်ထားရမလား။ ဒီကြားထဲကနေ အကျိုးအမြတ် တစ်ခုခု ရကောင်းရနိုင်လောက်တယ်။”

ချင်ချင်းလုံက ပြောလိုက်၏။ တိလင်းထျန်းရှားက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

“ကောင်းပြီ အသင့်ပြင်ထားလိုက်။ ယီရန်ပင်း မဟာမိတ်အဖွဲ့ကို ပြည်ပရန်သူတွေရန်ကနေ ကာကွယ်ပေးဖို့ စစ်ကူလွှတ်ဖို့ ပြင်ဆင်ထား။”

“အမ်...”

ချင်ချင်းလုံ ကြောင်အသွား၏။ သူ ဆိုလိုသည်မှာ မီးလောင်ရာ လေပင့်ပြီး အခွင့်အရေးယူရန် ဖြစ်သော်လည်း ဥက္ကဋ္ဌက ဆီးနှင်းထဲတွင် မီးသွေးပို့သကဲ့သို့ ကူညီရန် ပြောနေခြင်းဖြစ်လေသည်။

“ငါ အရင်က ပြောဖူးသလိုပဲ။ ငါတို့ ရှားနိုင်ငံသား အချင်းချင်း ဘယ်လိုပဲ ယှဉ်ပြိုင်တိုက်ခိုက်နေပါစေ ဒါဟာ ငါတို့ရဲ့ ပြည်တွင်းရေးပဲ။ ဒါပေမဲ့ အခု နိုင်ငံခြားသားတစ်ယောက်က ယီရန်ပင်းရဲ့ တည်နေရာကို ချပြလိုက်ပြီဆိုတာ နိုင်ငံခြားအင်အားစုတွေက ယီရန်ပင်းကို ပစ်မှတ်ထားနေပြီဆိုတဲ့ သဘောပဲ။ ဒါက ပြည်တွင်းစစ် တိုက်ရမယ့် အချိန်မဟုတ်ဘူး။ ငါတို့ အချင်းချင်း တိုက်လေလေ နိုင်ငံခြားသားတွေက ပိုပျော်လေပဲ။ ဒါဆို သူတို့ တိုက်ခိုက်ဖို့ ပိုလွယ်သွားလိမ့်မယ်။”

တိလင်းထျန်းရှားက ရှင်းပြလိုက်သည်။

“ဒါ့အပြင် ငါတို့က ယီရန်ပင်း မဟာမိတ်အဖွဲ့နဲ့ အခုလေးတင် ပြန်တည့်ထားတာ။ တကယ်လို့ ငါတို့က အခွင့်အရေးယူပြီး သူ့ကို တိုက်ခိုက်လိုက်ရင် ငါတို့ရဲ့ ဆက်ဆံရေးက ဘယ်တော့မှ ပြန်ပြင်လို့ မရနိုင်တော့ဘူး။”

ချင်ချင်းလုံသည် အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး နောက် လက်ယှက်ကာ ပြောလိုက်သည်။

“ဥက္ကဋ္ဌရဲ့ ဆုံးမမှုက မှန်ကန်ပါတယ်။ ကျုပ် မှတ်သားထားပါ့မယ်။”

ထိုအချိန်တွင် ယီထျန်းဂရုထဲမှ တစ်ယောက်သည်လည်း အများသုံးချန်နယ်မှ သတင်းကို မြင်သွားခဲ့၏။ ထိုခဏ၌ပင် ဂရုထဲ၌ ဟိုးလေးတကျော် ဖြစ်သွားတော့လေသည်။

အခန်း ၇၄၂ - စစ်ကူကို ငြင်းပယ်ခြင်း၊ ဆေးသုတ်စက်နှင့် ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်မှု

“ဟား... ဘယ်ကောင်က ငါတို့သူဌေးရဲ့ တည်နေရာကို ချပြလိုက်တာလဲ။”

“သူဌေး အန္တရာယ်ရှိပြီ။ ဒါက သူတို့ တမင်သက်သက် လုပ်တာပဲ။”

“ဒါကတော့ ဗြောင်ကျကျကို ကြံစည်ကြတာပဲ။ ပတ်ဝန်းကျင်က နိုင်ငံငယ်လေးတွေက သူဌေးရဲ့ကျွန်းကို မျက်စိကျနေကြတော့မယ်။”

“တခြားဟာတွေကို ခဏထားဦး။ အပန်းဖြေစခန်း တစ်ခုတည်းနဲ့တင် သူတို့ကို ရူးသွပ်သွားစေဖို့ လုံလောက်တယ်။”

အပန်းဖြေစခန်းကို အများပြည်သူသို့ ဖွင့်လှစ်လိုက်ပြီးနောက်တွင် နိုင်ငံခြားသား အသက်ရှင်ကျန်ရစ်သူများသည်လည်း ထိုနေရာ၏ခေတ်မီဆန်းသစ်ပြီး ဇိမ်ခံနိုင်မှုများကို သိရှိသွားခဲ့ကြ၏။

ဤကမ္ဘာတွင် ရောက်ရှိနေကြသော အသက်ရှင်ကျန်ရစ်သူတိုင်းသည် အရင်ဘဝကလို နေထိုင်မှုမျိုးကို ပြန်မရချင်ကြသည့်သူ မည်သူရှိပါမည်နည်း။ အပန်းဖြေစခန်းက သူတို့ကို ထိုမျှော်လင့်ချက်မျိုး ပေးလိုက်ခြင်းပင်ဖြစ်သည်။

အကယ်၍ သူတို့သာ အပန်းဖြေစခန်းကို သိမ်းပိုက်နိုင်ခဲ့လျှင် သူတို့၏ အရင်ဘဝဟောင်းဆီသို့ အပြည့်အဝ ပြန်လည်ရောက်ရှိသွားသလို ခံစားရပေလိမ့်မည်။ ရေမရှိ၊ မီးမရှိသည့် သစ်သားအိမ်များ၊ ကျောက်အိမ်များထဲတွင် နေရသည်ကို သူတို့ တော်တော်လေး ငြီးငွေ့နေကြပြီဖြစ်သည်။

“ဒါဆိုရင် သူဌေးအတွက် အန္တရာယ် မများသွားဘူးလား။”

“အရမ်းကို အန္တရာယ်များတယ်။ ကျုပ်အနေနဲ့ ရှားနိုင်ငံသား အချင်းချင်းကိုပဲ တောင်းဆိုချင်ပါတယ်။ နိုင်ငံခြားသားတွေရဲ့ လက်ပါးစေတွေ မလုပ်ကြပါနဲ့။ ဥက္ကဋ္ဌ တိလင်း ပြောခဲ့သလိုပဲ အချင်းချင်း ပြိုင်ဆိုင်တာက ကိစ္စမရှိပေမဲ့ နိုင်ငံခြားသားတွေ ဝင်လာပြီဆိုရင်တော့ ကျုပ်တို့အားလုံး စုပေါင်းပြီး တွန်းလှန်ရမယ်။”

“မှန်တယ်။ ဒီအမြင်ကို ကျုပ် လုံးဝထောက်ခံတယ်။ ပြည်ပရန်ကို အတူတွန်းလှန်ကြစို့။ သူဌေးရဲ့ ကျွန်းနဲ့ နီးစပ်တဲ့ တိုင်းသူပြည်သားတွေအနေနဲ့ သွားပြီး စစ်ကူပေးဖို့ မမေ့ကြပါနဲ့။ “

ဂရုထဲရှိ ဆွေးနွေးမှုများကို မြင်သောအခါ ရှောင်းယီက စာတစ်စောင် ပို့လိုက်၏။

“အားလုံးပဲ စိတ်မပူကြပါနဲ့။ အဝေးကနေ လာပြီး ကူညီပေးချင်ကြတဲ့ စေတနာတွေအတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။ ကျုပ်ရဲ့ မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ရေးစနစ်ကို ကျုပ် အပြည့်အဝ ယုံကြည်မှုရှိတာမို့ စိတ်အေးအေးထားကြပါ။”

“သူဌေး စကားပြောလာပြီဟေ့။ ကြည့်လိုက်ဦး...အဲဒီလို စိတ်ဓာတ်မျိုး...။ သူက ဟိုကောင်တွေကို လုံးဝ ဂရုမစိုက်ဘူး။”

“သူဌေး V587 (အရမ်းမိုက်တယ်)။ ဒါပေမဲ့ စဉ်းစားကြည့်ရင် သူဌေးက အဆင့်မြင့်လက်နက်တွေ အများကြီး ရောင်းထားတာဆိုတော့ သူ့မဟာမိတ်အဖွဲ့မှာ ဒီထက်မကတောင် အားကောင်းတဲ့ လက်နက်တွေ ရှိနေမှာပဲ။ စိတ်ပူစရာ မလိုပါဘူး။”

“ဟုတ်တယ်။ အဆင့်မြင့် အမြောက်တွေ အများကြီးနဲ့ဆိုရင် သူတို့ ဘယ်နှယောက်လာလာ ပြန်လွှတ်လိုက်ရုံပဲ။”

“ဟုတ်တယ်။ အားလုံးပဲ သွားပြီး ရှုပ်ထွေးအောင် မလုပ်ကြတာ ပိုကောင်းမယ်။”

တကယ်တမ်းတွင် ရှောင်းယီသည် လူတိုင်း၏ အကူအညီကို ငြင်းပယ်လိုက်ရခြင်းမှာ သူ့၏ကိုယ်ပိုင်အတွေးအမြင်ကြောင့်လည်း ပါဝင်ပေသည်။

ဂရုထဲတွင်တော့ လူတိုင်းသည် ပြည်ပရန်ကို အတူတွန်းလှန်မည်ဟု ပြောနေကြသော်လည်း အကယ်၍ အကျိုးအမြတ်ကသာ လုံလောက်အောင် ရှိနေလျှင် အချို့လူများသည် စိတ်မထိန်းနိုင်ဘဲ ဖောက်ပြန်သွားနိုင်သည် မဟုတ်ပါလား။

အကယ်၍ ထိုလူများ၏ စစ်ကူကို လက်ခံလိုက်လျှင် သူတို့သာ် နောက်ကျောကနေ ဓားနဲ့ ပြန်ထိုးမလားဆိုသည်ကို ရှောင်းယီ အမှန်တကယ် စိုးရိမ်မိသည်။

တစ်ချိန်တည်းမှာပင် ရှောင်းယီသည် လာတိုက်မယ့်သူများကို အမှန်တကယ်ကို ကြောက်မနေချေ။ ထိုအရာသည် အုတ်မြစ်ကျောက်များ အများကြီး ထပ်မံစုဆောင်းရန် အခွင့်အရေးသစ်တစ်ခုပင် ဖြစ်နေနိုင်သေးသည်။

ကိုးနိုင်ငံ မဟာမိတ်အဖွဲ့သည် ရှောင်းယီ၏ တုံ့ပြန်မှုကို ချက်ချင်း သိရှိသွားခဲ့ကြ၏။

“ဟီးဟီး... ဒီ ယီရန်ပင်းက တော်တော်လေး မာန်တက်နေတာပဲ။ သူကစစ်ကူကိုတောင် မလိုချင်ဘူးဆိုပဲ။”

“ရပါတယ်။ သူ မာန်တက်လေ ငါတို့အတွက် ပိုကောင်းလေပဲ။ ဒါနဲ့ အရင်ဆုံး ရှားနိုင်ငံ နယ်မြေနားက နိုင်ငံငယ်လေးတွေကို သူ့ကို သွားတိုက်ခိုင်းလိုက်။”

“ဟုတ်တယ်။ သူ့မှာ ဘာအစွမ်းရှိလဲဆိုတာ အရင်ဆုံး စမ်းသပ်ကြည့်ရမယ်။”

ထိုစဉ် ကျန်းယွင်ထျန်းသည်လည်း အိပ်မပျော်သေးဘဲ ယီရန်ပင်း မဟာမိတ်အဖွဲ့၏ တည်နေရာ ပေါက်ကြားသွားသည့် သတင်းကို ရရှိခဲ့သည်။ သူသည် ရှောင်းယီကို ချက်ချင်းပင် ဖုန်းဆက်လိုက်၏။

“ကျွန်းပိုင်ရှင် ငါတို့ မဟာမိတ်အဖွဲ့တော့ ရှေ့လျှောက် အေးအေးဆေးဆေး နေရတော့မှာ မဟုတ်ဘူးထင်တယ်။”

“သူတို့ကို တစ်ခါတည်းနဲ့ နာနာလေး နှိပ်ကွပ်လိုက်ရင် နောက်ဆို ငြိမ်သွားကြမှာပါ။ ဒါက အခွင့်အရေးပဲ။”

ရှောငယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ပါတယ်။ ဒါပေမဲ့ မဟာမိတ်အဖွဲ့တွေ အများကြီးသာ စုပေါင်းလာရင် နည်းနည်းတော့ လက်ဝင်လိမ့်မယ်။”

ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။

“ဒီတစ်ခါပဲ လက်ဝင်မှာပါ။ အဲဒါပြီးရင် ဘယ်သူမှ ငါတို့ကို လာထိရဲတော့မှာ မဟုတ်ဘူး။”

ရှောင်းယီက ဆိုသည်။

“နောက်ရက်တွေမှာ အမြောက်စာတွေ အရင်လာကြလိမ့်မယ်။ တိုက်တဲ့အခါမှာ နည်းနည်း လျှော့တိုက်ဦး။ နောက်က ငါးကြီးတွေကို ခြောက်လှန့်ပြီး ထွက်မပြေးစေနဲ့။”

ကျန်းယွင်ထျန်းသည် အနည်းငယ် ကြောင်အသွားသော်လည်း နောက်အခိုက်တွင် ရှောင်းယီ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားခဲ့သည်။

“ကောင်းပြီ ငါ အစီအစဉ်ဆွဲလိုက်ပါ့မယ်။”

“ကောင်းပြီ။ ညဥ့်လည်းနက်နေပြီ။ မနေ့ကတည်းက ငါစောစောအိပ်မယ် ပြောထားတယ်။”

ရှောင်းယီသည် ဖုန်းချလိုက်ပြီးနောက် ကုတင်ပေါ်တွင် ပြန်လှဲကာ ဖုန်းကိုသာ ပြန်ကြည့်နေလိုက်၏။ နောက်တစ်နေ့တွင် ရှောင်းယီသည် ဖုန်းမြည်သံကြောင့် နိုးလာခဲ့လေသည်။

“စောစောစီးစီး... ဘယ်သူတွေ လာတိုက်နေပြီလဲ။”

ရှောင်းယီသည် တိုးတိုးလေး ရေရွတ်ရင်း ဖုန်းကို ကြည့်လိုက်ရာ ကျန်းယွင်ထျန်း ဖြစ်နေ၏။ ထို့နောက်

သူ ဖုန်းဖြေလိုက်သည်။

“ကျွန်းပိုင်ရှင် လူပုဘုရင်ရောက်နေပါတယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဟင်”

ရှောင်းယီ အံ့သြသွား၏။

“သူ မနေ့ကမှ လာထားတာ မဟုတ်ဘူးလား။ ဘာလို့ ထပ်ရောက်လာတာလဲ။ ပုံစံထုတ်ထားတဲ့ဟာတွေကို ထပ်ပြင်ချင်လို့လား။”

“ကျုပ်လည်း မသိပါဘူး။ သူက ကျွန်းပိုင်ရှင်နဲ့ တွေ့ချင်တယ်လို့ပဲ ပြောတယ်။”

“ကောင်းပြီ။ သူ့ကို ဘားကို ခေါ်သွားလိုက်။ ငါ အခု လာခဲ့မယ်။”

ထို့နောက် ရှောင်းယီသည် ကိုယ်လက်သန့်စင်ပြီးနောက် လက်မှတ်ထိုးဝင်လိုက်၏။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အသိဉာဏ်မြင့် ဆေးသုတ်စက် (SSS အဆင့်) ၁ ။”

“အသိဉာဏ်မြင့် ဆေးသုတ်စက် (SSS အဆင့်): အရောင်အမျိုးမျိုးနှင့် လုပ်ဆောင်ချက်အမျိုးမျိုးရှိသော ဆေးများကို ထုတ်လုပ်ပေးနိုင်သည်။ အရည်အသွေးမှာ အလွန်ကောင်းမွန်သည်။”

ရှောင်းယီ အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့ရသည်။ နောက်ပိုင်းရသည့် ဆုလာဘ်များမှာ နေ့စဉ်လူနေမှုဘဝနှင့်သာ သက်ဆိုင်နေသလိုပင်။ ယခုအချိန်တွင် သူ အလိုအပ်ဆုံးက လက်နက်များသာ ဖြစ်သင့်ပေသည်။

ထို့အပြင် ဤဆေးသုတ်စက်မှာ အပိုဖြစ်နေသလိုပင်။ အဘယ်ကြောင့်ဆိုသော် တိုက်ခန်းပုံစံကွက်များတွင် အခြေခံအလှဆင်ခြင်းများ ပါပြီးသားမို့ အဆောက်အဦးများမှာ ဆေးသုတ်ပြီးသား ဖြစ်နေ၍ပင်။

“လက်မှတ်ထိုးဝင်ခြင်းစနစ်က နောက်ပိုင်း နည်းနည်း အားနည်းနေသလားလို့။”

ရှောင်းယီ တီးတိုးရေရွတ်လိုက်ရင်း ကားမောင်းကာ အပန်းဖြေစခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။

ဘား၏ အပေါ်ဆုံးထပ်ရှိ သီးသန့်ခန်းသို့ ရောက်သောအခါ ရှောင်းယီက ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။

“အရှင်မင်းကြီး ဘာကိစ္စရှိလို့ ဒီလောက်စောစော ရောက်လာရတာလဲ။”

“မနေ့က ပုံစံတွေကို ငါပြန်ကြည့်ပြီးပြီ။ အဲ့ဒါကြောင့် ရှေ့ဆက်မယ့် ဆောက်လုပ်ရေး အစီအစဉ်တွေကို မေးချင်လို့ပါ။ မင်းရဲ့ ဆောက်လုပ်ရေး တိုးတက်မှုအပေါ် မူတည်ပြီး ငါတို့လူမျိုးတွေ ပြောင်းရွှေ့မယ့် ကိစ္စတွေကို ဆုံးဖြတ်ရမယ်လေ။”

လူပုဘုရင်က ပြန်ဖြေလာ၏။

ဩော်... တည်ဆောက်ရေး တိုးတက်မှုကို လာမေးတာကိုး။

“အရှင်မင်းကြီး သိတဲ့အတိုင်း မြို့တော်ကြီး တည်ဆောက်တဲ့စီမံကိန်းက အကြီးကြီးလေ။ အခုလောလောဆယ် ကုန်ကြမ်းတွေ နည်းနည်း လိုအပ်နေသေးတယ်။ အခုရှိနေတဲ့ ကုန်ကြမ်းထုတ်လုပ်မှုနှုန်းအရဆိုရင်တော့ ၁၀ ရက်လောက် ကြာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“၁၀ ရက်အတွင်း တည်ဆောက်လို့ ပြီးမှာလား။”

လူပုဘုရင်သည် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်၏ စွမ်းပကားကို သိထားသော်လည်း ထိုအချိန်ကို ကြားလိုက်ရသောအခါ အံ့သြမှုကို မထိန်းနိုင်ဖြစ်သွားခဲ့၏။

“ဟုတ်ကဲ့ တကယ်လို့ ကုန်ကြမ်းသာ မပြတ်လပ်ဘူးဆိုရင် တစ်ရက်တည်းနဲ့တောင် အပြီးအောင် တည်ဆောက်လို့ရပါတယ်။”

ရှောင်းယီက ဆိုသည်။

“တစ်ရက်တည်း။”

လူပုဘုရင်သည် အာမေဍိတ်သံဖြင့် ပြောလိုက်မိပြီးနောက် နှမြောတသစွာဖြင့် ပြောလိုက်၏။

“ငါတို့မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးလို့မရတာ နှမြောစရာပဲ။ မဟုတ်ရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ တည်ဆောက်ရတဲ့ ခံစားချက်ကို ငါတို့လည်း မြည်းစမ်းကြည့်ချင်မိတယ်။”

ရှောင်းယီ ပြုံးလိုက်၏။

“လူပုမျိုးနွယ်တွေမှာ အဆင့်မြင့် စက်မှုလက်မှု အတတ်ပညာတွေ ရှိနေတာပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာက ကန့်သတ်ချက်တွေက အများကြီးရှိပါသေးတယ်။ ဥပမာ - ပုံစံကွက်တွေ၊ ထုတ်လုပ်မှုပုံစံတွေ၊ ကုန်ကြမ်းတွေ ရှိမနေရင် ဘာမှလုပ်လို့ မရပါဘူး။”

လူပုဘုရင်က ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့ မင်းပြောတဲ့ ပြတ်လပ်နေတဲ့ ကုန်ကြမ်းဆိုတာ ဘာလဲ။ ငါတို့ လူပုမျိုးနွယ်ဆီမှာ ရှိလောက်မလား။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။

“အရှင်မင်းကြီးတို့ဆီမှာ ရှိမှာမဟုတ်ပါဘူး။ အဲဒါက ဘိလပ်မြေလို့ ခေါ်တဲ့ ကုန်ကြမ်းပါ။”

“ဘိလပ်မြေလား။ တစ်ခါမှ မကြားဖူးဘူး။”

လူပုဘုရင်က ခေါင်းခါလိုက်သည်။

“အဲဒါက အုတ်တွေကို တွဲဆက်ပေးတဲ့ ပစ္စည်းပါ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“ကောင်းပြီ။ ဒါဆို ငါတို့ဆီမှာ မရှိတာ သေချာတယ်။ မင်းကိုပဲ အားကိုးရတော့မှာပဲ။”

လူပုဘုရင်က ဆိုသည်။

“ဟုတ်ကဲ့။ ဒါပေမဲ့ ကျွန်တော်မျိုးတို့ရဲ့ ထုတ်လုပ်မှုနှုန်းကတော့ အမြဲတမ်း တိုးတက်နေပါတယ်။ မနေ့ကတင် မြို့တော်အတွက် အုတ်မြစ်ချပြီးပါပြီ။”

ရှောင်းယီက ပြောလိုက်၏။

“ဘာ...မင်းတို့က မြို့တော်အတွက် အုတ်မြစ်တောင် ချပြီးသွားပြီ ဟုတ်လား။”

လူပုဘုရင် အံ့သြတုန်လှုပ်သွားလေသည်။

“ဟုတ်ကဲ့။ သွားကြည့်ချင်လား။”

“သွားမယ်။”

ထို့နောက် ရှောင်းယီနှင့် လူပုဘုရင်တို့သည် အနွေးထည်များ ဝတ်ဆင်ကာ မြို့ပြန်ကျောက်တုံးကို အသုံးပြုပြီး လူပုနိုင်ငံမှ ဝယ်ယူထားသော ကျွန်းဆီသို့ ရောက်ရှိသွားခဲ့ကြ၏။

မနေ့ကမှ ကျွန်းကို ချဲ့ထွင်ထားခြင်း ဖြစ်သောကြောင့် ကျွန်းပေါ်တွင် သစ်ပင်အချို့သာ ကျိုးတို့ကျဲတဲ ပေါက်နေကြသေးသည်။

All Chapters