← Chapters

အခန်း (၇၄၃-၇၄၄)

Vol. 58 Ch. 743-744

အခန်း (၇၄၃-၇၄၄)

Vol. 58 Ch. 743-744

အခန်း ၇၄၃ - ဆေးရုံ၏ အသုံးဝင်ပုံ၊ တရုတ်တိုင်းရင်းဆေးပညာ ဝင်ရောက်လာခြင်းနှင့် ကမောက်ကမဖြစ်မှုများ

ရှောင်းယီနှင့် လူပုဘုရင်တို့သည် ကျောက်တုံးအိမ်အချို့ကြားတွင် ရပ်နေကြပြီး ပတ်ဝန်းကျင်၌ ချထားပြီးသား အုတ်မြစ်များကို ကြည့်ရှုနေခဲ့ကြသည်။ ထိုစဉ် လူပုဘုရင်က ထပ်မံသက်ပြင်းချကာ ပြောလိုက်၏။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးတာက တကယ် မြန်တာပဲ။”

ရှောင်းယီသည် တစ်ညတည်းနှင့် အုတ်မြစ်ချခြင်းလုပ်ငန်းအား အပြီးသတ်နိုင်ခဲ့သည်ကို မြင်သောအခါ လူပုဘုရင်သည် ရှောင်းယီ၏ ဆောက်လုပ်ရေးတိုးတက်မှုအတွက် စိုးရိမ်မနေတော့ဘဲ မကြာမီပြုလုပ်မည့် ပြောင်းရွှေ့ရေးကိစ္စများကို အေးအေးဆေးဆေး စီစဉ်နိုင်တော့သည်။

လူပုဘုရင်ကို ပြန်လည်ပို့ဆောင်ပေးပြီးနောက် ရှောငယီသည် ဗီလာသို့ပြန်ကာ မနက်စာစားရန် ပြင်ဆင်လိုက်၏။

ထိုစဉ် အန်းယွဲ့က အပြေးအလွှား ရောက်လာပြီး သတင်းပို့လာခဲ့သည်။

“ကျွန်းပိုင်ရှင်၊ ကျွန်းပေါ်က နေထိုင်သူ အတော်များများ ဖျားနာနေကြတယ်။”

“အသက်ရှင်ကျန်ရစ်သူတွေလား ဒေသခံတွေလား။”

ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“အများစုကတော့ ဒေသခံတွေပါပဲ။ အသက်ရှင်ကျန်ရစ်သူက နည်းနည်းပဲ ဖျားတာပါ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ကြည့်ရတာ ကမ္ဘာ့စည်းမျဉ်းတွေက နောက်တစ်ခါ ပြဿနာရှာနေပြန်ပြီထင်တယ်။ နေလို့မကောင်းဘူးလို့ ခံစားရတာနဲ့ ဆေးရုံကိုသွားပြီး ကုသမှုခံယူဖို့ သူတို့ကို ပြောလိုက်ပါ။”

ရှောင်းယီက ပြောလိုက်၏။

“ဟုတ်ကဲ့။”

ကံကောင်းထောက်မစွာဖြင့် မနေ့က လက်မှတ်ထိုးဝင်ခြင်းဆုလာဘ်ကြောင့် ဆေးရုံတစ်ခု ရရှိထားခြင်းဖြစ်သည်။ မဟုတ်လျှင် နာ့နာတစ်ယောက်တည်းနှင့် ကိုင်တွယ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

ဆေးရုံရှိလာသောအခါ နာ့နာသည် နောက်ဆုံးတွင် အခြေစိုက်ရာနေရာတစ်ခု ရသွားခဲ့ပြီး သူမသည် ဆေးရုံထဲတွင်ပင် နေရာတစ်ခု သတ်မှတ်ထားလိုက်သည်။

ခဏအကြာတွင် ရှောင်းယီသည် ပဲနို့သောက်ကာ အီကြာကွေးကို ကိုင်လျက် ဆေးရုံဆီသို့ ထွက်လာခဲ့၏။

ဆေးရုံသို့ ရောက်သောအခါ လူများ အဆက်မပြတ် ဝင်ထွက်နေသည်ကို တွေ့လိုက်ရလေသည်။ ဌာနတိုင်းတွင် ကုသမှုခံယူနေသော လူနာများဖြင့် ပြည့်နှက်နေခဲ့သည်။

“ဟင်... ဘာလို့ တရုတ်တိုင်းရင်းဆေးခန်းက အလွတ်ကြီး ဖြစ်နေတာလဲ။”

ရှောင်းယီသည် လွတ်နေသော ဆေးခန်းကို ကြည့်ကာ တွေးလိုက်မိ၏။

“တရုတ်တိုင်းရင်းဆေးပညာကို ရောဂါရှာဖွေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးလို့မရပါဘူး။ ‘ပုံသေနည်းတစ်ခုတည်းနဲ့ အကုန်ဖြေရှင်းလို့ရတဲ့’ နည်းလမ်းမျိုး မရှိတာကြောင့် အိမ်ရှင်အနေနဲ့ အရည်အချင်းပြည့်မီတဲ့ ဆရာဝန်တွေကို ရှာဖွေပြီး ခန့်ထားရပါမယ်။”

စနစ်က ပြန်ဖြေလာခဲ့သည်။

“ဩော်... ဒါကြောင့်ကိုး။”

ရှောင်းယီ ချက်ချင်း နားလည်သွားခဲ့ပြီးသည့်နောက် စွန်းယောင်ကို ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်လေသည်။

“ဟယ်လို ကျွန်းပိုင်ရှင် ဘာကိစ္စရှိလို့လဲခင်ဗျ။”

စွန်းယောင်က မေးလိုက်၏။

“အင်း... မင်း ဒီမှာ ဆေးခန်းဖွင့်ချင်တယ် မဟုတ်လား။ ငါ အခု စီစဉ်ပြီးသွားပြီ။ မင်း လာခဲ့လို့ရပြီ။”

ရှောင်းယီက ပြောလိုက်သည်။

“ဗျာ... အရမ်းမြန်လွန်းမနေဘူးလား။”

စွန်းယောင် အံ့အားသင့်သွားခဲ့၏။ ကျွန်းပေါ်က တာဝန်ခံအားလုံး သိထားကြသည်မှာ ကျွန်းပိုင်ရှင်သည် လူပုမျိုးနွယ်အတွက် မြို့တော်တည်ဆောက်ရန် အရင်းအမြစ်အားလုံးကို ပုံအောထားသဖြင့် တခြားအဆောက်အအုံများ တည်ဆောက်ရန် ပစ္စည်းပိုရှိမည်မဟုတ်ဟု ထင်ထားကြခြင်းဖြစ်သည်။

“ကျွန်းပိုင်ရှင်က ကျောက်တုံးအိမ်တစ်လုံးကို ဆေးခန်းအဖြစ် ပြောင်းလိုက်တာများလား။”

စွန်းယောင်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“မြန်လွန်းနေလို့လား။ ဒါဆိုလည်း နောက်တစ်ပတ်နေမှ လာလေ။”

ရှောင်းယီက ပြောလိုက်၏။

“မဟုတ်ပါဘူး ကျွန်းပိုင်ရှင် မြန်လေ ကောင်းလေပါပဲ။”

စွန်းယောင်က ချက်ချင်းပြန်ဖြေလိုက်သည်။

“ကျုပ် အခုချက်ချင်း လာခဲ့ပါ့မယ်။”

“မင်းရဲ့ တပည့်တွေကိုလည်း ခေါ်ခဲ့ဦး။ လူများလာရင် မင်းတစ်ယောက်တည်း မနိုင်ဘဲ နေလိမ့်မယ်။”

ရှောင်းယီက မှာလိုက်သည်။

“ဟုတ်ကဲ့ပါ။”

စွန်းယောင်က သဘောတူလိုက်သော်လည်း စိတ်ထဲတွင်မူ “ဆေးခန်းလေး တစ်ခုမှာ လူဘယ်လောက်များလို့ ငါတစ်ယောက်တည်း မနိုင်ရမှာလဲ။” ဟု တွေးလိုက်မိ၏။

ဖုန်းချပြီးနောက် စွန်းယောင်သည် သူ့တပည့်များကို ခေါ်ကာ လှေစီး၊ ရထားစီးပြီးနောက် တစ်နာရီမပြည့်မီမှာပင် ‘ဆေးရုံ’ ဟု အမည်ရသော ဘူတာသို့ ရောက်ရှိလာခဲ့သည်။

“ဆေးခန်းလေး တစ်ခုအတွက် သီးသန့် ဘူတာတစ်ခုတောင် ရှိတာလား။ ကျွန်းပိုင်ရှင်က ငါ့ကို တကယ် တန်ဖိုးထားတာပဲ။”

စွန်းယောင် ကျေနပ်စွာ တွေးလိုက်မိ၏။

ရထားဘူတာမှ ထွက်လာသောအခါ စွန်းယောင် ကြောင်အသွားခဲ့လေသည်။ သူ့ရှေ့တွင် မြင့်မားခမ်းနားသော အဆောက်အဦးကြီးတစ်ခု ရှိနေပြီး အဝင်ဝတွင် ဆေးရုံဖြစ်ကြောင်း ပြသနေသည့် အနီရောင် ကြက်ခြေခတ် အမှတ်အသားကြီး တစ်ခု ရှိနေခဲ့သည်။

“ကျွန်းပိုင်ရှင်က ဒီလောက်ကြီးတဲ့ ဆေးရုံကြီးကို တကယ်ပဲ တည်ဆောက်လိုက်တာလား။”

စွန်းယောင် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရ၏။

ထိုစဉ် အန်းယွဲ့သည် လမ်းလျှောက်ကာ ရောက်ရှိလာပြီးပြောလိုက်သည်။

“စွန်းယောင် ငါ မင်းကို ရှာနေတာ။”

“ဦးလေးအန်း ဘာတွေဖြစ်သွားတာလဲ။”

စွန်းယောင်က မေးလိုက်၏။ သူသည် ယခင်က ဆေးရုံကို တစ်ခါမှ မမြင်ခဲ့ရချေ။

သူသည် ကျွန်းပေါ်တွင် အလုပ်ပြီးသည်နှင့် အပန်းဖြေစခန်းသို့ တိုက်ရိုက်ပြန်ကာ အနားယူလေ့ရှိသဖြင့် အဆောက်အဦးသစ် ပေါ်လာသည်ကို သတိမထားမိခဲ့ခြင်းဖြစ်သည်။

“ဘာဖြစ်ရမှာလဲ။ ဒါ ကျွန်းပိုင်ရှင် ဆောက်ထားတဲ့ ဆေးရုံလေ။”

အန်းယွဲ့က ဆိုသည်။ စွန်းယောင်သည် သူ၏စိတ်ကိုပြန်ထိန်းပြီးနောက် မေးလိုက်၏။

“ဦးလေးအန်း ကျုပ်ကို ခိုင်းစရာ ရှိလို့လား။”

“ဟုတ်တယ်။ တရုတ်တိုင်းရင်းဆေးခန်းက အလွတ်ကြီး ဖြစ်နေလို့ မင်းတို့ကို လာပြီး တာဝန်ယူစေချင်တယ်။”

အန်းယွဲ့က ပြောလိုက်သည်။

“ဒါကြောင့် ကျွန်းပိုင်ရှင်က ကျုပ်ကို လာခိုင်းတာကိုး။”

စွန်းယောင် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

“ကျွန်းပိုင်ရှင်က မင်းကို ခေါ်လိုက်တာလား။”

အန်းယွဲ့က မေးလိုက်၏။။စွန်းယောင်က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့၊ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပါ။”

“ကျွန်းပိုင်ရှင်က စီစဉ်ပြီးသားဆိုရင်တော့ သူ့ဆန္ဒအတိုင်းပဲ လုပ်လိုက်ပါ။”

“ဟုတ်ကဲ့။ ကျုပ် အခုပဲ အပေါ်တက်သွားလိုက်ပါ့မယ်။”

“တိုင်းရင်းဆေးခန်းက ကိုးထပ်မှာနော်။”

“ဟုတ်ကဲ့။”

စွန်းယောင်နှင့် သူ့တပည့်များသည် ဓာတ်လှေကားဖြင့် ကိုးထပ်သို့ တက်လာခဲ့ကြရာ ရှောင်းယီသည် ထိုနေရာတွင် စောင့်နေသည်ကို တွေ့လိုက်ရလေသည်။

“ကျွန်းပိုင်ရှင်...”

ရှောင်ယီက ခေါင်းညိတ်ပြလိုက်၏။

“ဒီနေရာမှာ ရောဂါရှာဖွေဖို့ (ကြည့်၊ နားထောင်၊ မေးမြန်း၊ စမ်းသပ်ခြင်း) အတွက် စက်ရုပ်တွေက မင်းတို့ကို အစားမထိုးနိုင်ဘူး။ အဲဘဒါကြောင့် မင်းတို့ကိုပဲ အားကိုးရမယ်။”

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ ကျုပ်တို့ကို ဒီလောက် နေရာအကျယ်ကြီး ပေးတဲ့အတွက်။”

စွန်းယောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အကောင်းဆုံး လုပ်ပြီး ငါတို့ ရှားနိုင်ငံရဲ့ တိုင်းရင်းဆေးပညာ ဂုဏ်သတင်းကို ဖြန့်ဝေပေးကြပါ။”

ရှောင်းယီက မှာကြားလိုက်၏။

“ကိုယ့်ဘာသာကိုယ်ပဲ စီစဉ်လိုက်ကြတော့။ လူနာတွေ ရောက်လာလိမ့်မယ်။ အခုက ရာသီဥတု အေးနေတော့ ဖျားတဲ့လူတွေ များနေတယ်။”

“နားလည်ပါပြီ။”

ထို့နောက် ရှောင်းယီသည် ဆေးရုံမှ ထွက်လာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လာခဲ့သည်။ ယီထျန်းဂရုချက်ထဲတွင် ဖျားနာမှုသတင်းများ ပျံ့နှံ့နေသည်ကို တွေ့လိုက်ရလေသည်။

“အရင် ဗိုင်းရပ်စ် ကူးစက်မှုက မပြီးသေးဘူး။ ဒီနေ့ ထပ်ပြီး ဖျားတဲ့သူတွေ ရှိနေပြန်ပြီ။ ဘာလုပ်ကြမလဲ။”

“ဟုတ်တယ်။ ငါ့ဆီမှာ ဗိုက်အောင့်ပြီး ဝမ်းလျှောနေတဲ့သူတွေ အများကြီးပဲ။ သူဌေး ဟို ဆေးဘက်ဆိုင်ရာစက်လေး ခဏလောက် ငှားပေးလို့ ရမလား။”

“ကျုပ်တို့ ကျွန်းမှာလည်း လူနာတွေ အများကြီးပဲ။ သက်ပြင်းပဲ ချမိတော့တယ်။ တစ်ရက်မှ အေးအေးဆေးဆေးကို မနေရဘူး။”

ထိုအခါ ရှောင်းယီက ဂရုချက်ထဲတွင် ပြန်ဖြေလိုက်၏။

“ကျုပ်တို့ မဟာမိတ်ကျွန်းပေါ်မှာ ဆေးရုံတစ်ခု ဆောက်ထားပြီးပါပြီ။ တကယ်လို့ လူနာရှိရင် ဆေးရုံကို လာပြလို့ ရပါတယ်။ ဒါပေမဲ့ လူနည်းစုလေးအတွက်တော့ ဆေးဘက်ဆိုင်ရာစက်ကို အသွားအပြန် လုပ်နေရတာက မတန်ဘူးလေ။”

“ဟိုး... သူဌေး တကယ်ပဲ ဆောက်ပြီးသွားပြီလား။”

“ဆေးရုံဆိုတာထက် ဆေးခန်းလို့ ခေါ်တာ ပိုမှန်မယ်ထင်တယ်။ ဆေးရုံဆိုတာ ခုတင်တွေ၊ အဆင့်မြင့် ပစ္စည်းတွေ အများကြီး လိုတယ်လေ။ ဖွင့်ပြီးချင်းတော့ ဒါတွေ ရှိဦးမှာ မဟုတ်ဘူး။”

“ဟုတ်တယ်။ ဘာပဲခေါ်ခေါ်ပါ။ နေမကောင်းရင်တော့ ဆရာဝန်ပြရမှာပဲ။ ကျုပ် သွားကြည့်လိုက်ဦးမယ်။”

တစ်ချိန်တည်းမှာပင် နိုင်ငံခြားသားကျွန်းများတွင်မူ ဗိုင်းရပ်စ်သည် လုံးဝထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး သေဆုံးသူဦးရေမှာ ဆက်တိုက် မြင့်တက်နေခဲ့သည်။

သူတို့ဆီတွင် ဆေးဝါးမရှိ၊ ကြိုတင်ကာကွယ်မှုလည်း မရှိဘဲ ဗိုင်းရပ်စ်ကို ပျံ့နှံ့ခွင့်ပေးထားသဖြင့် ကျွန်းသူကျွန်းသားများ ထိတ်လန့်နေခဲ့ကြ၏။

အချို့ကျွန်းများတွင် ဆန္ဒပြမှုများပင် ဖြစ်ပွားနေပြီး အစိုးရအနေဖြင့် ကုသမှု အစီအစဉ်တစ်ခု ချမှတ်ပေးရန် သို့မဟုတ် ယီရန်ပင်းဆီမှ ဆေးဘက်ဆိုင်ရာစက်များကို ငှားရမ်းရန် တောင်းဆိုနေကြလေသည်။

သို့သော် အထက်တန်းလွှာ လူတန်းစားများကမူ ယီရန်ပင်းကို အုတ်မြစ်ကျောက်များ အလွယ်တကူ မရစေချင်သဖြင့် နည်းမျိုးစုံဖြင့် အဟန့်အတား ပြုလုပ်နေခဲ့ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့သည် ပြည်တွင်း ပဋိပက္ခများကို လွှဲပြောင်းရန်အတွက် တခြားကျွန်းများကို စစ်မီးမွှေးကြတော့လေသည်။ ၎င်းမှာ သူတို့ အမြဲသုံးနေကျ နည်းဗျူဟာပင် ဖြစ်သည်။

“သူဌေး ဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ နည်းလမ်းတစ်ခုခုတော့ ရှာမှရမယ်။ ဒီအတိုင်း ဆက်သွားရင် ကျုပ်တို့ ကျွန်းမှာ ပုန်ကန်မှုတွေ ဖြစ်လာတော့မယ်။”

“ဒါက ငါတို့ သိခဲ့တဲ့ ကမ္ဘာ မဟုတ်တော့ဘူး။ ငါတို့မှာ အဆင့်မြင့် ကုသရေး ပစ္စည်းတွေ မရှိသလို ကာကွယ်ဆေးတွေနဲ့ ဆေးဝါး ထုတ်လုပ်နိုင်စွမ်းလည်း မရှိဘူး။ အဲ့ဒါကြောင့် ဒီဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

“ဒါပေမဲ့...”

“ဒါပေမဲ့ မလုပ်နဲ့တော့။ နျူအာ့မဟာမိတ်ကျွန်းတွေထဲမှာ ယီရန်ပင်းဆီက ဆေးမရသေးတဲ့သူ ရှိသေးလား။”

အခန်း ၇၄၄ - အခြားအသက်ရှင်ကျန်ရစ်သူများ ဆေးကုသမှုခံယူခြင်းနှင့် ဆေးဝါးပြဿနာများ

“နျူအာ့နိုင်ငံမဟာမိတ်အဖွဲ့ ရောက်ဖို့ လေးနာရီလောက် ထပ်ကြာဦးမယ်လို့ ခန့်မှန်းရတယ်။”

“သူတို့ကို မြန်မြန်လာဖို့ ပြောလိုက်။ သူတို့က ယီရန်ပင်းရဲ့ အစွမ်းကို စမ်းသပ်ပေးနေသရွေ့ ငါတို့က လျှပ်တပြက်စစ်ဆင်ရေးနဲ့ ယီရန်ပင်း မဟာမိတ်အဖွဲ့ကို အပိုင်သိမ်းနိုင်လိမ့်မယ်။ အဲဒီကျရင် အားလုံးက အဆင်ပြေသွားမှာပဲ။”

“ဟုတ်ကဲ့၊ ကျုပ် အခုပဲ အကြောင်းကြားလိုက်ပါ့မယ်။”

မကြာမီမှာပင် ရှောင်းယီ၏ ကျွန်းဆီသို့ ဦးတည်ခုတ်မောင်းနေသော ရေတပ်အုပ်စုတစ်ခုထံမှ အထင်အမြင်သေးသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“ဟမ့် ငါတို့ကို နယ်ရုပ်တွေလို သုံးချင်နေတာလား။ ငါတို့က အဲဒီလောက် မအဘူးကွ။”

“ဆရာ ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ။”

ဘေးမှ လက်ထောက်တစ်ဦးက မေးလိုက်သည်။

“အစီအစဉ်အတိုင်းပဲ လုပ်။ အချိန်တန်ရင် ယီရန်ပင်းရဲ့ ကျွန်းကို အမြောက်နဲ့ အချက်ပြ ပစ်ပြီးတာနဲ့ ချက်ချင်း ပြန်လှည့်မယ်။”

ခေါင်းပေါင်းပေါင်းထားသော နျူအာ့နိုင်ငံသား အမျိုးသားတစ်ဦးက ပြုံးလျက် ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့ပါ။ လော့ဒ် ကာဂေးလ်။”

ကာဂေးလ်သည် နျူအာ့နိုင်ငံတွင် အတိုးတက်ဆုံး မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ သူသည် မနေ့ကလေးတင် ရေလူသားနိုင်ငံရဲ့ အကြီးဆုံးမဟာမိတ်အဖွဲ့ဖြစ်သည့် အယ်လ်ဘန်ဆီက သတင်းစကားတစ်ခု လက်ခံရရှိခဲ့၏။

အဓိက ဆိုလိုရင်းမှာ အယ်လ်ဘန်သည် ယီရန်ပင်းကို တိုက်ခိုက်ရန်အတွက် သူတို့ကို အဆင့်မြင့် လက်နက်ကိရိယာများ ထောက်ပံ့ပေးမည်ဖြစ်သည်။

ရေလူသားနိုင်ငံက သူတို့ကို နယ်ရုပ်အဖြစ် အသုံးချနေမှန်း သိသော်လည်း ကာဂေးလ်က သဘောတူလိုက်သည်။

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သူတို့ကို ရိက္ခာများ ထောက်ပံ့ပေးမည့်အပြင် ရလဒ်က ဘာပဲဖြစ်ဖြစ် အုတ်မြစ်ကျောက် ၁၀,၀၀၀ ထပ်ပေးမည်ဟု ကတိပေးထားသည် မဟုတ်ပါလော။

ရလဒ်က ဘာဖြစ်ဖြစ် အုတ်မြစ်ကျောက် ရမှာဆိုတော့ ဘာလို့ မလုပ်ဘဲနေရမှာလဲ။

သူတို့သည် ယီရန်ပင်း မဟာမိတ်အဖွဲ့နှင့် အတော်လေး နီးစပ်သော ရှားနိုင်ငံ နယ်မြေအတွင်းရှိ ကျွန်းတစ်ခုသို့ တည်နေရာကူးပြောင်းသွားပြီး အောင်အောင်မြင်မြင် ရောက်ရှိလာခဲ့ကြသည်။

ယီထျန်းဂရုထဲတွင် လူတိုင်းသည် ဘယ်လောက်ပင် တောင်းဆိုတောင်းဆို မက်လုံးများကြား၌ စိတ်မထိန်းနိုင်ဘဲ အကျိုးအမြတ်နောက်လိုက်ပြီး နိုင်ငံခြားသားများ၏ လက်ပါးစေများ ဖြစ်သွားသူများကတော့ ရှိနေစမြဲပင်။

ထို့ကြောင့်လည်း နျူအာ့ရွက်နိုင်ငံသားများသည် ရှားနိုင်ငံ နယ်မြေထဲသို့ ဒီလောက်မြန်မြန် ရောက်ရှိလာနိုင်ခြင်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီသို့ ရောက်ရှိရန် လေးနာရီသာ လိုတော့ခြင်း ဖြစ်သည်။

“ကျွန်းပိုင်ရှင် မဟာမိတ်အဖွဲ့ရဲ့ တောင်ဘက် ကီလိုမီတာ ၈၀ ခန့်အကွာမှာ အမည်မသိ သင်္ဘောအုပ်စုကို တွေ့ရှိထားပါတယ်။”

ကျန်းယွင်ထျန်း၏ လက်အောက်ရှိ ကင်းထောက်များသည် နျူအာ့နိုင်ငံ၏ သင်္ဘောများကို ရှာဖွေတွေ့ရှိသွားခြင်းဖြစ်၏။

ရှောင်းယီသည် အနည်းငယ် ကြောင်ပသွားခဲ့ပြီး နောက် ပြုံးကာ ပြောလိုက်သည်။

“ကြည့်ရတာ ငါတို့ ရှားနိုင်ငံထဲမှာ သစ္စာဖောက်တွေ ရှိနေတုန်းပဲကိုး။”

“ဒါကတော့ ရှောင်လွှဲလို့ မရပါဘူး။ အကျိုးအမြတ်ရှိရင် သစ္စာဖောက်မယ့်သူကတော့ ရှိနေမှာပဲ။”

ကျန်းယွင်ထျန်းက သက်ပြင်းချကာ ဆိုလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်၏။

“မနေ့က ငါပြောတာကို မှတ်ထားဦး။ လျှော့တိုက်ရမယ်။ အရမ်း ပြင်းပြင်းထန်ထန် မတိုက်နဲ့။”

“ဟုတ်ကဲ့။”

ထိုအချိန်တွင် ရှောင်းယီ၏ ကျွန်းပေါ်ရှိ ဆေးရုံတွင် အခြားကျွန်းများမှ အပြေးအလွှား ရောက်လာကြသော သူစိမ်းမျက်နှာသစ်များဖြင့် စည်ကားနေခဲ့လေသည်။

ခေတ်မီဆန်းသစ်လှသော ဆေးရုံကြီးကို မြင်သောအခါ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

“ဘယ်သူက သူဌေးရဲ့ကျွန်းပေါ်က ဆေးရုံက ဆေးခန်းလေးပဲလို့ ပြောခဲ့တာလဲ။”

“ဟုတ်ပါ့ ဒီလောက်ကြီးတဲ့ ဆေးခန်းမျိုး ရှိလို့လား။”

“အလွှာတွေကို ကြည့်လိုက်ဦး။ အလှဆင်ထားတာတွေကိုလည်း ကြည့်ဦး။ ဒါက မြို့ကြီးပြကြီးက အဆင့်မြင့် ဆေးရုံကြီးတွေအတိုင်းပဲ။”

အန်းယွဲ့၏ စီမံဆောင်ရွက်မှုအောက်၌ ဆေးရုံတွင် ဝန်ထမ်းများစွာ ရှိနေပြီး အများစုမှာ သင်တန်းသား များ ဖြစ်ကြသည်။

ထိုသင်တန်းသားများတွင် အသက်ရှင်ကျန်ရစ်သူများနှင့် ဒေသခံများ ပါဝင်ပြီး ရှောင်းယီ၏ ကျွန်းပေါ်တွင် ခွဲခြားဆက်ဆံမှု မရှိပေ။ သင်ယူလိုစိတ်ရှိလျှင် မည်သူမဆို စာရင်းပေးနိုင်သည်။။သို့သော်လည်း အဓိက စမ်းသပ်ကုသပေးနေသူများမှာမူ စက်ရုပ်များသာဖြစ်၏။ ရောဂါအခြေအနေ မပြင်းထန်သူများကို မြန်မြန်ဆန်ဆန် ကုသပေးပြီး ဆေးစာပေးကာ ဆေးထုတ်ပြီး ပြန်ခိုင်းလိုက်လေသည်။

ပြန်သွားသူများသည် ရှောင်းယီ၏ ဆေးရုံကို အားတက်သရော ပြန်လည် ညွှန်းဆိုကြတော့လေသည်။

“သူဌေးကတော့ သူဌေးပါပဲ။ သူ့ရဲ့ကျွန်းပေါ်က ဆေးရုံက အရင်ကမ္ဘာက ဆေးရုံတွေထက်တောင် ပိုသာသေးတယ်။”

“ဟုတ်တယ် အဆောက်အဦးကြီး တစ်ခုလုံးပဲ။ ကုပေးတဲ့သူတွေကလည်း စက်ရုပ်တွေချည်းပဲ။ တကယ် လန်းတယ်။”

“ဟုတ်တယ်။ စက်ရုပ်တွေ လူကုပေးတာကို ငါတစ်ခါမှ မမြင်ခဲ့ဖူးဘူး။”

“ဘာလို့ ပထမဆုံး မြင်ဖူးတာဖြစ်ရမှာလဲ။ မနေ့က ဗိုင်းရပ်စ်အတွက် စက်ရုပ်တွေပဲ ကုပေးခဲ့တာ မဟုတ်ဘူးလား။”

“အဲဒါက ကျုပ်ကိုယ်တိုင် ကုတာ မဟုတ်တော့ မတွေ့လိုက်ရဘူးလေ။”

“မတူဘူး။ ဒီဆေးရုံက စက်ရုပ်တွေက မနေ့က စက်ရုပ်တွေနဲ့ လုံးဝ မတူဘူး။”

လူတိုင်း ပြောနေကြသည်ကို မြင်သောအခါ ရှောင်းယီသည် ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွားပြီး ဆေးရုံဆီသို့ ထွက်လာခဲ့လေသည်။

ဆေးဆိုင်သို့ ရောက်သောအခါ ရှောင်းယီက ဝန်ထမ်းကို မေးကြည့်လိုက်၏။

“ဆေးရုံမှာ ဆေးဝါး လက်ကျန် ဘယ်လောက်ရှိသေးလဲ။”

“ကွန်ပျူတာထဲက အချက်အလက်တွေအရဆိုရင် အများကြီး ကျန်ပါသေးတယ်။”

ဝန်ထမ်းက လက်ကျန်စာရင်းကို ထုတ်ပြလိုက်သည်။ရှောင်းယီသည် ၎င်းကို ဖတ်ကြည့်လိုက်၏။

“ဆေးအမျိုးအစား အားလုံးကို တစ်ခုစီ ချန်ထားလိုက်။ ငါ ယူသွားမယ်။”

ဝန်ထမ်းသည် အနည်းငယ် ကြောင်အသွားသော်လည်း ချက်ချင်းပင် သဘောတူလိုက်သည်။ ကျွန်းပိုင်ရှင်၏ စကားသည် အမိန့်ဖြစ်ပြီး မေးခွန်းထုတ်စရာ မလိုပေ။ မကြာမီ ဝန်ထမ်းသည် ဆေးအမျိုးအစား တစ်ခုစီကို စုစည်းပေးလိုက်၏။

“ကျွန်းပိုင်ရှင်၊ အကုန် စုထားပြီးပါပြီ။”

“ကောင်းပြီ။ ဒါတွေကို ဓာတ်ခွဲခန်းကို ပို့ပေးဖို့ လူစီစဉ်လိုက်ဦး။”

ရှောင်းယီက မှာကြားပြီး ဓာတ်ခွဲခန်းဆီသို့ ထွက်လာခဲ့သည်။

ဤဆေးရုံက ဆေးဝါးများသည် ဆေးရုံတည်ဆောက်စဉ်က တစ်ပါတည်းပါလာခဲ့ခြင်းဖြစ်သည်။ ထိုအရာများ ကုန်သွားရင် အလိုအလျောက် ပေါ်လာမှာ မဟုတ်သဖြင့် ရှောင်းယီအနေဖြင့် ဆေးတစ်ခုချင်းစီ၏ ဖော်မြူလာကို လေ့လာပြီး ကိုယ်တိုင် ထုတ်လုပ်နိုင်ရန် လိုအပ်ပေသည်။

အဆင့်မြင့် အသိဉာဏ်ရှိ ဓာတ်ခွဲခန်းကသာ ၎င်းကို ပြီးအောင် လုပ်နိုင်မည် ဖြစ်သည်။

ရှောင်းယီ ဓာတ်ခွဲခန်းသို့ ရောက်သောအခါ စက်ရုပ်တစ်ရုပ်က လာရောက်ကြိုဆို၏။

“သခင်၊ ရေနွေးငွေ့အင်ဂျင် သုတေသနက ပြီးခါနီးပါပြီ။ နောက်ထပ် ဘာကို သုတေသန လုပ်ရမလဲ။”

“ဆေးဝါးတွေပဲ။ အပြင်ကနေ ဆေးဝါးတွေ ရောက်လာလိမ့်မယ်။ အဲဒီဆေးတွေရဲ့ ဖော်မြူလာနဲ့ ထုတ်လုပ်ပုံတွေကို အပြည့်အဝ သုတေသန လုပ်ရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

မကြာမီ ဆေးရုံမှ ဆေးဝါးများ ဓာတ်ခွဲခန်းတံခါးဝသို့ ရောက်ရှိလာခဲ့သည်။ ရှောင်းယီသည် စက်ရုပ်ကို ထိုဆေးများအား ဓာတ်ခွဲခန်းထဲသို့ သယ်သွားခိုင်းလိုက်၏။

“တွက်ချက်မှုအရ အားလုံးကို ခွဲခြမ်းစိတ်ဖြာဖို့ သုံးပတ်လောက် ကြာပါမယ်။”

စက်ရုပ်က ပြန်ဖြေလာခဲ့သည်။

“အင်း ဘယ်ဆေးတွေက ပိုကုန်လဲဆိုတာ ငါ တစ်ယောက်ယောက်ကို စာရင်းလုပ်ခိုင်းလိုက်မယ်။ မင်းက အဲဒီနှုန်းအပေါ် မူတည်ပြီး သုတေသနလုပ်မယ့် အစီအစဉ်ကို သတ်မှတ်လိုက်ပါ။ သိပ်တော့ မလောပါဘူး။ ဒါပေမဲ့ ဆေးလက်ကျန် မကုန်ခင်တော့ ပြီးအောင် လုပ်ရမယ်။”

“ဟုတ်ကဲ့။”

ရှောင်းယီသည် စက်ရုပ်ကို တာဝန်ပေးပြီးနောက် စွန်းယောင်ကို သွားရှာလိုက်၏။

“ကျွန်းပိုင်ရှင် ကျုပ်ကို ခိုင်းစရာ ရှိလို့လား။”

စွန်းယောင်က မေးလိုက်သည်။ တိုင်းရင်းဆေးခန်းတွင် လူသိပ်မရှိသေးသဖြင့် သူ အနည်းငယ် အားနေခြင်းဖြစ်သည်။

“အင်း နောင်ကျရင် ဒီဆေးရုံ တစ်ခုလုံးကို တာဝန်ယူဖို့ မင်းအတွက် အဆင်ပြေမလား။ ဦးလေးအန်းကလည်း တခြားကိစ္စတွေနဲ့ အရမ်းများနေတယ်လေ။”

ရှောင်းယီက ဆိုသည်။

“အဆင်ပြေပါတယ်။ လုံးဝကို အဆင်ပြေပါတယ်။”

စွန်းယောင် ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။ ယခုတော့ သူသည် ဆေးရုံအုပ်ကြီး ဖြစ်သွားပြီ မဟုတ်ပါလော။

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ဒါဆိုရင် ဆေးရုံရဲ့ ကိစ္စအဝဝကို မင်း တာဝန်ယူရမယ်။ အခု လောလောဆယ် ဆေးရုံမှာ ဆေးဝါး ကုန်ဆုံးတဲ့နှုန်းကို ငါ သိချင်တယ်။ နေ့တိုင်း လက်ကျန်စာရင်း အပြောင်းအလဲကို မှတ်ထားပြီး သုံးရက်နေရင် ငါ့ကို အချက်အလက်တွေ ပို့ပေးပါ။”

All Chapters