အခန်း (၇၄၇-၇၄၈)
Vol. 58 Ch. 747-748
အခန်း ၇၄၇ - နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ရန်သူက ဆက်မစောင့်တော့ဘဲ စတင်တိုက်ခိုက်ခြင်း
မဟာမိတ်စစ်သားများသည် အိပ်စက်ရန် လဲလျောင်းခါစရှိသေးသော်လည်း အမျိုးမျိုးသော အော်ဟစ်သံများကြောင့် လန့်နိုးလာကြကာ တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ ထွက်လာခဲ့ကြသည်။
သူတို့သည် အတော်အတန်ဝေးကွာသောနေရာတွင် ရှိနေသည့် သံချပ်ကာစစ်သင်္ဘောကို ကြည့်ပြီး ထိုသင်္ဘောမှာ တစ်စီးတည်းသာဖြစ်ကြောင်း သတိပြုမိသွားကြသောအခါ သူတို့သည် အခြားသူများအား စတင်ဆဲဆိုကြတော့လေသည်။
“ဒီသင်္ဘောလေးတစ်စီးတည်းကို အဲ့လောက်တောင် ကြောက်နေကြတာလား။ မင်းတို့ပုံစံက တကယ့်ကို သနားစရာပဲ။”
“ဟုတ်ပါ့။ ငါကတော့ ရန်သူက သင်္ဘောအစီးပေါင်း ဒါဇင်နဲ့ချီပြီး ရောက်လာပြီ ထင်နေတာ။ တစ်စီးတည်းက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူ့ရဲ့ ဖျက်ဆီးနိုင်စွမ်းကတော့ အကန့်အသတ်ရှိမှာပဲ။”
“သင်္ဘောနှစ်စီးလောက်ကို အဲဒီဘက်လွှတ်ပြီး ရှင်းခိုင်းလိုက်စမ်းပါ။ ဒါက ဘာမှခြိမ်းခြောက်မှု မဟုတ်ဘူး။”
ထိုအဖွဲ့ငယ်လေးများကို အထင်သေးစွာကြည့်လိုက်ရင်း သူတို့သည် အခန်းများထဲသို့ပြန်ဝင်ကာ ဆက်လက်အနားယူရန် ပြင်လိုက်ကြလေသည်။
ထိုသူများ၏ ကဲ့ရဲ့မှုကို ကြားလိုက်ရသောအခါ အဖွဲ့ငယ်လေးများ၏ သင်္ဘောအုပ်စုများသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်လာခဲ့ကြ၏။
“မင်းတို့က ဘာမို့လို့ အဲ့လောက် ဘဝင်မြင့်နေတာလဲ။ အင်အားကြီးအဖွဲ့ထဲ ရောက်နေလို့ မဟုတ်လား။”
“သူတို့တွေ ယီရန်ပင်းရဲ့ သံချပ်ကာစစ်သင်္ဘောတွေရဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မတွေ့ဖူးသေးလို့ နေမှာပါ။”
“သင်္ဘောနှစ်စီးလောက်နဲ့ ရှင်းမယ် ဟုတ်လား...။ အဲဒါက အဲဒီသံသင်္ဘောရဲ့ သွားကြားညှပ်ဖို့တောင် မလုံလောက်ဘူး။”
“ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ် ငါတို့အဖွဲ့မှာတော့ အဲဒီလိုစွမ်းဆောင်ရည်မျိုး မရှိဘူး။”
အယ်လ်ဘန်သည် ထိုသင်္ဘောများ ဆုတ်ခွာသွားသည်ကို မျက်မှောင်ကျုံ့ကာ စိုက်ကြည့်ရင်း ကျန်းယွင်ထျန်းကို ဟန့်တားရန်အတွကခ သူ၏ကိုယ်ပိုင်စစ်သင်္ဘောများကို ရှေ့ထွက်ခိုင်းလိုက်ရတော့လေသည်။
အယ်လ်ဘန်၏ သင်္ဘောများသည် ရိုးရိုးရွက်လှေကြီးများ မဟုတ်ဘဲ B အဆင့် ရေနွေးငွေ့စွမ်းအင်သုံး ‘ချန်းလီ’ စစ်သင်္ဘောများဖြစ်ကြ၏။
ချန်းလီစစ်သင်္ဘောသည် ရှေးဟောင်းပညာရှင် ကျူချုံကျိ တီထွင်ခဲ့သော မိုင်တစ်ထောင်သွားသင်္ဘောမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လှော်တက်အစား ခြေနင်းစနစ်ကို အသုံးပြုထားပြီး ခေတ်သစ်ရေနွေးငွေ့သင်္ဘောများ၏ ရှေ့ပြေးပင် ဖြစ်သည်။
ဤ B အဆင့်ရေနွေးငွေ့သုံး ချန်းလီစစ်သင်္ဘောသည်မူ ခြေနင်းစနစ်အစား အလယ်အလတ်စား ဘွိုင်လာပါဝင်သော ရေနွေးငွေ့အင်ဂျင်ကို တပ်ဆင်ထားသဖြင့် ပိုမိုမြန်ဆန်လှ၏။
သင်္ဘောအမြောက်အမြားကြားမှ ထိုစစ်သင်္ဘောနှစ်စီး ထွက်ခွာလာသည်နှင့် သံချပ်ကာသင်္ဘောပေါ်ရှိ စစ်သားများသည် ချက်ချင်းပင် အမြောက်ဖြင့် စတင်ပစ်ခတ်ကြတော့သည်။
သို့သော် ရန်သူ့ချန်းလီသင်္ဘောများသည် အလွန်လျင်မြန်လှသဖြင့် ယခင်ကထက် ထိမှန်မှုနှုန်းမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။
သံချပ်ကာသင်္ဘောပေါ်ရှိ စစ်သားများသည် ကျန်းယွင်ထျန်း၏ အမိန့်ကို အတိအကျ လိုက်နာကြ၏။ သူတို့သည် ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် မဟုတ်ဘဲ နှောင့်ယှက်ရန်သာဖြစ်သည်။
ထို့ကြောင့် သူတို့သည် ရန်သူကို အပြတ်အသတ်ထိမှန်ရန်ထက် ရန်သူများ အနားမယူနိုင်စေရန် ဆူညံသံများ ထွက်ပေါ်လာစေရန်သာ ရည်ရွယ်ထားခဲ့သည်။
ဝုန်း ဝုန်း ဝုန်း
အမြောက်ဆံများသည် ရန်သူ့သင်္ဘောကို ထိသည်ဖြစ်စေ၊ ရေထဲကျသည်ဖြစ်စေ ပေါက်ကွဲသံမှာ အလွန်ကျယ်လောင်လှ၏။
အခန်းများထဲသို့ ပြန်ဝင်သွားကြသော စစ်သားများသည် ပေါက်ကွဲသံများကြောင့် နောက်တစ်ကြိမ် လန့်နိုးလာခဲ့ကြပြန်သည်။
“တိုက်ပွဲက အဲ့လောက်တောင် ပြင်းထန်နေတာလား။”
“တွေ့တာနဲ့ တရစပ် အမြောက်နဲ့ပစ်တာကတော့ မယဉ်ကျေးရာ ရောက်လွန်းတယ်။”
“ယီရန်ပင်းက တော်တော် မောက်မာပုံပဲ။ သံချပ်ကာသင်္ဘော တစ်စီးတည်းလွှတ်ပြီး ငါတို့ကို တကယ်ပဲ လာပစ်နေတာလား။”
“ငါတို့သင်္ဘောတွေ ဘယ်မှာလဲ။ ဘာလို့ ပြန်မတိုက်တာလဲ။”
သူတို့ပြောဆိုနေစဉ်မှာပင် အယ်လ်ဘန်၏ လက်အောက်ခံသင်္ဘောများသည် ချက်ချင်း ပြန်လည်ခုခံတိုက်ခိုက်တော့လေသည်။
ဘုန်း ဘုန်း ဘုန်း
အမြောက်သံများ ဟိန်းထွက်လာသော်လည်း သံချပ်ကာသင်္ဘောမှာ S အဆင့်သင်္ဘောဖြစ်သည့်အတွက် ၎င်း၏အရှိန်နှင့် လှုပ်ရှားနိုင်စွမ်းမှာ ရန်သူ့ B အဆင့် သင်္ဘောများထက် အဆပေါင်းများစွာ သာလွန်လှသည်။ ထို့ကြောင့် ရန်သူ့အမြောက်ဆံ အများစုမှာ ပင်လယ်ထဲသို့သာ ကျသွားခဲ့ကြ၏။
သူတို့အသုံးပြုနေသော အမြောက်များနှင့် ကျည်ဆန်များမှာ ရှောင်းယီမှ ဈေကွက်ခန်းမတွင် တင်ရောင်းထားခဲ့သည့် အရာများသာဖြစ်သည်။
လွန်ခဲ့သော အချိန်များစွာကပင် ကျန်းယွင်ထျန်းသည် ဤကိစ္စကို စိုးရိမ်ခဲ့ဖူးသည်။ အခြားနိုင်ငံမှ အသက်ရှင်ကျန်ရစ်သူများသည် ရှောင်းယီထံမှ ဝယ်ယူထားသော လက်နက်များကို အသုံးပြု၍ ရှောင်းယီအား ပြန်လည်တိုက်ခိုက်မည်ကို သူ စိုးရိမ်ခဲ့ခြင်းဖြစ်သည်။
ယခုမူ ထိုစိုးရိမ်မှုမှာ အရှိန်အဟုန်ဖြင့် လက်တွေ့ဖြစ်လာခဲ့လေပြီ။
“ကျွန်းပိုင်ရှင်... သူတို့ တကယ်ပဲ မင်းဆီက လက်နက်တွေကိုသုံးပြီး မင်းကို ပြန်တိုက်နေတာပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ရှောင်းယီသည် ကမ်းခြေတွင်ထိုင်ရင်း သူ၏ အနွေးထည်ကို ဆွဲစိကာ ပြန်ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ဒီတစ်ခါ သူတို့ရဲ့ လက်နက်နဲ့ ကျည်ဆန်တွေကို ပိုကုန်အောင် လုပ်လိုက်မယ်။ ပြီးမှ သူတို့ကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းစားတာပေါ့။ ငါတို့အတွက် ဘာမှမရှုံးပါဘူး။ နောက်ပြီး မင်းတို့ကိုလည်း တပ်သားတွေကို လေ့ကျင့်ပေးစေချင်တယ်။ ငါတို့သာ သူတို့ကို တကယ်ကိုင်တွယ်ချင်တယ်ဆိုရင် ဒီလောက်ထိ ဒုက္ခခံနေစရာ မလိုဘူး။”
ကျန်းယွင်ထျန်း ခေတ္တမျှ မှင်တက်သွားပြီးနောက် တစ်ခုခုကို ချက်ချင်းစဉ်းစားမိကာ ခေါင်းခါလိုက်မိ၏။
“တကယ် အဲဒီလို ဖြစ်ပုံပဲ။ ဒါဆိုရင် ကျုပ်တို့ကို ဒီလိုအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
“အဲ့လောက်ထိ ယ်ကျေးမနေစမ်းပါနဲ့။ နောင်မှာလည်း ဒီလိုအခွင့်အရေးတွေ အများကြီး ရှိလာဦးမှာ။ ငါတို့မဟာမိတ်အဖွဲ့ထဲက အဖွဲ့တွေက အမြဲတမ်း တိုးတက်ကြီးထွားနေရမယ်။”
ရှောင်းယီက လက်ဝေ့ယမ်းရင်း ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်...။ ဒေသခံမျိုးနွယ်စုတွေကိုတောင် အပြတ်မရှင်းရသေးဘူး။ ဒီလောဘကြီးတဲ့ သွေးစုပ်ဖုတ်ကောင်တွေက ပြည်တွင်းစစ်ကို စနေကြပြီ။ သူတို့ရဲ့ အပြုအမူတွေက တကယ်ကို ကြည့်မကောင်းဘူး။”
ကျန်းယွင်ထျန်းက ဆိုသည်။
“တကယ်တော့ အပန်းဖြေစခန်းကို နိုင်ငံခြားသားတွေအတွက် ဖွင့်ပေးလိုက်ကတည်းက ဒီလိုပြဿနာတွေ ဖြစ်လာမယ်ဆိုတာ ငါသိပြီးသားပဲ။ ဒါပေမဲ့ ဒါက တစ်ကြိမ်ပဲ ဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်။ ဒီတစ်ကြိမ်ပြီးသွားရင် ဘယ်အသက်ရှင်ကျန်ရစ်သူကမှ ငါတို့ကျွန်းကို လောဘတက်ရဲတော့မှာမဟုတ်ဘူး။”
ရှောင်းယီက ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ထောက်ခံလိုက်၏။
ပင်လယ်ပြင်တွင် နှစ်ဖက်စလုံး အပြန်အလှန် ပစ်ခတ်နေကြဆဲဖြစ်သော်လည်း ရှောင်းယီဘက်မှ သံချပ်ကာသင်္ဘောသည် ရန်သူ့ချန်းလီသင်္ဘောများ နီးကပ်လာသည်ကို မြင်သောအခါ လှည့်ထွက်သွားပြီး ကမ်းခြေဘက်သို့ ခုတ်မောင်းသွားတော့သည်။
ခုလေးတင် အသေတိုက်ဖို့ အဆင်သင့်ဖြစ်နေသလို လိုနဲ့ ယခုကျ ဘာလို့ ရုတ်တရက်ကြီး ထွက်ပြေးသွားတာလဲ။ ဒါက ဘာကို ဆိုလိုတာလဲ။
“အရှင်အယ်လ်ဘန်ရဲ့ သင်္ဘောတွေက တကယ်အစွမ်းထက်တာပဲ။ ယီရန်ပင်းရဲ့ သံသင်္ဘောကိုတောင် မောင်းထုတ်နိုင်ခဲ့တယ်။”
“ဟုတ်တယ်။ အဲဒီသင်္ဘောတွေရဲ့ အရှိန်က ယီရန်ပင်းရဲ့ သံချပ်ကာစစ်သင်္ဘောကိုတောင် မီတော့မလို့ပဲ။ သူ ဘာလို့ အားလုံးကို စုစည်းပြီး ယီရန်ပင်းကို လုယက်ရဲတာလဲဆိုတာ မထူးဆန်းတော့ဘူး။ သူ့မှာ ဒီလို ဝှက်ဖဲမျိုးရှိနေတာကိုး။”
“တကယ်ကို အားရစရာပဲ။ ဒါဆိုရင် ဒီတစ်ခါ ယီရန်ပင်းကို တိုက်နိုင်ဖို့ အခွင့်အရေးအများကြီး ရှိသွားပြီ။ တိုက်ပွဲပြီးရင် ငါတို့လည်း ဝေစုရဖို့ မျှော်လင့်မိတယ်။”
အယ်လ်ဘန်သည် ယီရန်ပင်း၏ သံချပ်ကာသင်္ဘော လှည့်ထွက်သွားသည်ကို မြင်သောအခါ ချက်ချင်း အမိန့်ပေးလိုက်၏။
“လိုက်မတိုက်နဲ့။”
ချန်းလီသင်္ဘောနှစ်စီးသည် အယ်လ်ဘန်၏ အမိန့်အတိုင်း ချက်ချင်း ပြန်လှည့်လာခဲ့ကြသည်။
ရန်သူများ ပြန်လှည့်သွားသည်ကို မြင်သောအခါ ထိုသံချပ်ကာသင်္ဘောသည် ဇွဲကောင်းကောင်းဖြင့် နောက်ကနေ ပြန်လိုက်လာပြန်သည်။ လိုက်ရင်းနှင့်လည်း ချန်းလီသင်္ဘောနှစ်စီးကို အမြောက်ဖြင့် လှမ်းပစ်ပြန်၏။
ဝုန်း ဝုန်း ဝုန်း
“တောက်... ဒီယီရန်ပင်းက ဘာလုပ်ချင်နေတာလဲ။ ထိပ်တိုက်လည်း မတိုက်ဘူး။ ရှေ့တိုးနောက်ဆုတ်နဲ့ ဘာလုပ်နေတာလဲ။”
“သူ ဘာလုပ်ချင်နေတာလဲဆိုတာ ငါသိသွားပြီ ထင်တယ်။”
“ဘာလဲ။”
“ငါတို့ရဲ့ စိတ်ကို လာဆွနေတာပဲ။ ငါတို့ကို ကောင်းကောင်းအနားမပေးဘဲ ဒီလိုမျိုး တောက်လျှောက် နှောင့်ယှက်နေတာပဲ။”
“တောက်...ဒါ တကယ်ပဲ။ ဒီလိုမျိုး နှောင့်ယှက်နေရင် ဘယ်သူမှ ကောင်းကောင်း အိပ်လို့ရမှာ မဟုတ်ဘူး။”
အယ်လ်ဘန်သည်လည်း ကျန်းယွင်ထျန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သိရှိသွားတော့၏။
“စိတ်ဝင်စားစရာပဲ။ တိုက်ပွဲကို ငါတို့ဘက်မှာ ဖန်တီးထားပြီး မင်းတို့ကတော့ ကမ်းခြေမှာ ကောင်းကောင်း အနားယူနေမယ်။ ငါတို့ကတော့ ဒီအမြောက်သံတွေကြားမှာ လုံးဝအနားမယူနိုင်ဘူးပေါ့။ တကယ်ကို ကောင်းလိုက်တဲ့ တွက်ကိန်းပဲ။”
“ဒါဆို အခု ငါတို့ ဘာလုပ်ကြမလဲ။”
ဘေးနားရှိ လူတစ်ဦးက မေးလိုက်သည်။
“အနားယူလို့မရတော့မှတော့ ဘာကို စောင့်နေဦးမှာလဲ။ ဒီလို မှောင်မိုက်ပြီး လေအေးတွေတိုက်ခတ်နေတဲ့ညက သတ်ဖြတ်ဖို့ အကောင်းဆုံးအချိန်ပဲ။ အားလုံး အသင့်ပြင်ထားကြ။ နောက် ၁၀ မိနစ်နေရင် ယီရန်ပင်းမဟာမိတ်အဖွဲ့ကို စတင်တိုက်ခိုက်မယ်။”
အယ်လ်ဘန်က အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့။”
အားလုံးက တုံ့ပြန်လိုက်ကြသည်။
ထို့နောက် သင်္ဘောများအားလုံးသည် ၎င်းတို့၏ တည်နေရာကို ချိန်ညှိကာ တန်းစီလိုက်ကြပြီး ရှေ့သို့ အလုံးအရင်းနှင့် တိုးဝင်ရန် အဆင်သင့် ဖြစ်နေကြလေပြီ။
“ရှေ့ကနေ နှောင့်ယှက်နေတဲ့ သင်္ဘောတွေ အခုချက်ချင်း ပြန်ဆုတ်လာခဲ့တော့။”
ရန်သူ၏လှုပ်ရှားမှုများကို မြင်လိုက်ရသည်နှင့် ကျန်းယွင်ထျန်းက ချက်ချင်း အမိန့်ပေးလိုက်၏။
ရှောင်းယီတို့ဘက်တွင် အဆင့်မြင့် ဝေါကီတော်ကီများနှင့် မိုဘိုင်းဖုန်းများ ရှိသဖြင့် သတင်းဖလှယ်မှုမှာ အလွန် လျင်မြန်လှသည်။
ပင်လယ်ထဲတွင် ရန်သူ့ချန်းလီသင်္ဘောများကို တိုက်ခိုက်နေသော သံချပ်ကာသင်္ဘောသည် ချက်ချင်းပင် ကမ်းခြေဘက်သို့ ဦးတည်ခုတ်မောင်းလာတော့သည်။
စကွိ... စကွိ...စကွိ...
ထိုစဉ် တစ်ကိုယ်လုံး ရွှေဝါရောင် အမွေးအမျှင်များ ဖုံးလွှမ်းနေသော မျောက်ငယ်လေးတစ်ကောင်သည် တုတ်တစ်ချောင်းကို ကိုင်ဆောင်ကာ ဘေးတစ်ဖက်မှ ခုန်ထွက်လာ၏။ ၎င်းမှာ ပဏ္ဍိတငယ်လေးပင် ဖြစ်သည်။
သူ့အပြင် တပိုင်၊ ရှောင်ပိုင်၊ ရော့ခ်ဖဲသား (Roc Feather) နှင့် အခြားသော အိမ်မွေးတိရစ္ဆာန်များစွာလည်း ရောက်ရှိလာကြပြီး သူတို့၏ နောက်လိုက် တိရစ္ဆာန်လေးများစွာလည်း ပါလာခဲ့ကြသည်။
“မင်းတို့အားလုံး ရောက်လာကြပြီလား။ ခဏနေရင် သူတို့နဲ့ လက်ရည်တပြင်တည်း ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရမလားဆိုတာ ကြည့်ရအောင်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
ထိုအခါ ပဏ္ဍိတလေးသည် ပင်လယ်ပြင်ကို ညွှန်ပြကာ အော်ဟစ်လိုက်၏။
“အဲဒီတစ်ကောင်ကို (ကျန်းယွင်ထျန်းကို ဆိုလိုဟန်ရှိ) သာ ဝင်မတိုက်ခိုင်းရင် ငါတို့အတွက် အခွင့်အရေး သေချာပေါက် ရှိတယ်။”
“ဟားဟားဟား... အခြေအနေကို ကြည့်ကြတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“လေ့ကျင့်ဖို့က လိုအပ်ပေမဲ့ မင်းတို့ရဲ့ စွမ်းဆောင်ရည်အတွင်းကပဲ လုပ်ကြရမယ်။”
အခန်း ၇၄၈ - ဂွန်သင်္ဘောကြီး၊ ပိုက်ကွန်ဖြင့် အမြောက်ဆံဖမ်းခြင်းနှင့် အနီးကပ်ချဉ်းကပ်လာခြင်း
ရှောင်းယီသည် သူ၏ အိမ်မွေးတိရစ္ဆာန်များနှင့် စကားပြောနေစဉ်မှာပင် အယ်လ်ဘန်နှင့် အခြားသူများ၏ သင်္ဘောများသည် ကမ်းခြေသို့ ဦးတည်ခုတ်မောင်းလာခဲ့ကြပြီဖြစ်သည်။
ကျန်းယွင်ထျန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။
“သံချပ်ကာစစ်သင်္ဘောအားလုံး အသင့်ပြင်၊ ရန်သူကို ထွက်တိုက်ဖို့ ပြင်ဆင်ကြ။”
“ဟုတ်ကဲ့ပါ ဆရာ။”
ကမ်းခြေရှိ သံချပ်ကာစစ်သင်္ဘော ခြောက်စီးသည် ချက်ချင်းပင် စတင်လှုပ်ရှားလာပြီး အကွာအဝေးတစ်ခုအထိ ရှေ့သို့ ထွက်ခွာသွားပြီးနောက် ရပ်တန့်လိုက်ကြသည်။
အယ်လ်ဘန်နှင့် သူ၏သင်္ဘောအုပ်စုများ နီးကပ်လာသည်နှင့်အမျှ ရှောင်းယီသည် တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သတိပြုမိလိုက်၏။ သူတို့၏ များပြားလှသော သင်္ဘောများကြားတွင် အလွန်ပင် ထင်ရှားလှသော အနက်ရောင်အရိပ်ကြီးတစ်ခု ပါဝင်နေသည်မဟုတ်ပါလော။
“တစ်ခုခုတော့ မှားနေပြီ။”
ရှောင်းယီ ထရပ်လိုက်ပြီး ဘေးနားရှိ အဝေးကြည့်မှန်ပြောင်းကို ကောက်ယူကာ ထိုအနက်ရောင်အရိပ်ကြီးကို ကြည့်လိုက်သည်။
ညအချိန်ဖြစ်သဖြင့် အလင်းရောင်မှာ အားနည်းလှ၏။ အားနည်းသော လရောင်ကို အသုံးပြု၍ ရှောင်းယီသည် ၎င်းမှာ ဘာဖြစ်ကြောင်း နောက်ဆုံးတွင် မြင်လိုက်ရလေသည်။
သင်္ဘောတစ်စီး...။
ဧရာမ သင်္ဘောကြီးတစ်စီး...။
“ဂွန်သင်္ဘောကြီး (Gong Ship – S အဆင့်): ထိပ်တန်းအဆင့် အမြောက်တပ်စစ်သင်္ဘောကြီးဖြစ်ပြီး အလျား မီတာ ၂၀၀ ကျော်ရှည်ကာ အမြောက်ပေါင်း ရာနှင့်ချီ တပ်ဆင်ထားသည်။ ၎င်းကို ရှားနိုင်ငံ၏ ရိုးရာ ဖူချွမ်းသင်္ဘောပုံစံပေါ်တွင် အခြေခံထားပြီး အနောက်တိုင်း၏ အဆင့်မြင့်လက်နက်နည်းပညာများကို ပေါင်းစပ်ထားသဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပင် အထင်ကြီးစရာကောင်းလှသည်။”
“ရန်သူ့ဆီမှာလည်း S အဆင့်သင်္ဘောတစ်စီး ပါလာတယ်။ သတိထားကြ။”
ရှောင်းယီက ချက်ချင်း သတိပေးလိုက်သည်။ ကျန်းယွင်ထျန်း ခေတ္တတုံ့ဆိုင်းသွားခဲ့ပြီး နောက် မေးလိုက်၏။
“သင်္ဘော ဘယ်နှစ်စီးလဲ။”
“တစ်စီးတည်းပဲ။ တခြားသင်္ဘောတွေက ဝိုင်းရံထားတာ။ သူ့ရဲ့ အစွမ်းက မသေးဘူး။ အဲ့ဒါကြောင့် သေသေချာချာ ကိုင်တွယ်မှဖြစ်မယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
“နားလည်ပါပြီ။”
ကျန်းယွင်ထျန်း ပြန်ဖြေလိုက်သည်။
နှစ်ဖက်စလုံး၏ အမြောက်ဆံများ အပြန်အလှန် ရောက်ရှိနိုင်သည့် အဝေးဆုံးအကွာအဝေးသို့ ရောက်သောအခါ ၉ နိုင်ငံမဟာမိတ်အဖွဲ့၏ ရေတပ်သည် ရပ်တန့်လိုက်၏။
သူတို့သည် တစ်နေရာရာမှ အသံချဲ့စက်တစ်ခုကို ရရှိထားပုံရပြီး ရှောင်းယီတို့ဘက်သို့ လှမ်း၍ အော်ဟစ်တော့လေသည်။
“ယီရန်ပင်း... ဒီနေ့ ငါတို့ နိုင်ငံ ၉ ခုက အကောင်းဆုံးဖွံ့ဖြိုးထားတဲ့ မဟာမိတ်အဖွဲ့ ၉ ဖွဲ့ကို စုစည်းလာခဲ့တာပဲ။ မင်းရဲ့ မဟာမိတ်အဖွဲ့ တစ်ခုတည်းနဲ့ ဒါကို တောင့်ခံနိုင်မယ် ထင်နေတာလား။”
အယ်လ်ဘန်က အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။
“မြန်မြန် အညံ့ခံလိုက်ဖို့ ငါအကြံပေးချင်တယ်။ ဒါမှ မင်းရဲ့ကျွန်းက စစ်ဘေးဒဏ်ကနေ သက်သာလိမ့်မယ်။”
ထိုစကားကိုကြားလိုက်ရသောအခါ ရှောင်းယီသည် ပြုံးကာ ခေါင်းခါလိုက်ပြီး လေးနက်သော အသံဖြင့် ပြန်ပြောလိုက်သည်။
“မင်းတို့က ဒါကို အရင်တုန်းက ကမ္ဘာကြီးလို့ တကယ်ပဲ ထင်နေတာလား။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာက အချိန်မဟုတ်တော့ဘူး။ ငါ တစ်ယောက်တည်းက ရှားနိုင်ငံကို ကိုယ်စားမပြုနိုင်ပေမဲ့ ငါက ရှားနိုင်ငံသားတစ်ယောက်ပဲ။ မင်းတို့လို ကျူးကျော်သူတွေကို အဆုံးထိ တိုက်ခိုက်သွားမယ်။”
ရှောင်းယီသည် အသံချဲ့စက် မသုံးထားသော်လည်း သူ၏အသံမှာ အယ်လ်ဘန်နှင့် သူ၏လူများထံသို့ ရှင်းလင်းစွာ ရောက်ရှိသွားခဲ့၏။
“မင်းရဲ့ အခြေအနေကို မင်း သဘောမပေါက်သေးတဲ့ပုံပဲ။ ဒါဆို ငါတို့ကပဲ သင်ခန်းစာ ပေးရတော့မှာပေါ့။”
အယ်လ်ဘန်က အော်လိုက်သည်။
“အလုံးအရင်းနဲ့ တိုက်ကြ။”
“ဟုတ်ကဲ့...။”
သင်္ဘောများအားလုံး ကျွန်းသို့ စတင်ချဉ်းကပ်လာကြ၏။ သံချပ်ကာစစ်သင်္ဘော ခြောက်စီးအပြင် ကျွန်းအနီး ပင်လယ်ပြင်တစ်ခွင်တွင် ရွက်လှေကြီးပေါင်း ၅၀ နီးပါး ဖြန့်ကျက်ထားခဲ့သည်။ ရန်သူများ အမြောက်တပ်အတွင်းသို့ ရောက်ရှိလာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ချက်ချင်း အော်လိုက်လေသည်။
“ပစ်....”
ဝုန်း ဝုန်း ဝုန်း
အမြောက်ဆံများသည် ချဉ်းကပ်လာသော သင်္ဘောများဆီသို့ ပျံသန်းသွား၏။ အလွန်လျင်မြန်သော သင်္ဘောများမှလွဲ၍ ကျန်သင်္ဘောများမှာ အမြောက်ဆံများကို လုံးလုံးလျားလျား ရှောင်တိမ်းရန် ခက်ခဲလှလေသည်။
သင်္ဘောကိုယ်ထည်များမှာ ချက်ချင်းပင် ပျက်စီးသွားသော်လည်း သူတို့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ချက်ချင်း ပြုပြင်လိုက်ကြသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေသဖြင့် တိုက်ပွဲပုံစံမှာ ကွဲပြားသွားခဲ့သည်။ အချို့သော တိုက်ခိုက်မှုများမှာ လုံးဝ အရာမထင်တော့ပေ။
ဥပမာအားဖြင့် ရှေးခေတ်ရေတပ်တိုက်ပွဲများတွင် ရေကူးကျွမ်းကျင်သူများကို ရေအောက်သို့ စေလွှတ်ကာ ရန်သူ့သင်္ဘောကို အပေါက်ဖောက်၍ နှစ်မြှုပ်ခိုင်းလေ့ရှိ၏။
သို့သော် ယခု ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိနေသဖြင့် ဤနည်းလမ်းမှာ လုံးဝ မဖြစ်နိုင်တော့ပေ။ သင်္ဘောကို ထိခိုက်မှုဖြစ်စေသည်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သင်္ဘောသားများကို အချက်ပေးမည်ဖြစ်ပြီး ပျက်စီးသွားသောနေရာကို ချက်ချင်း ရှာဖွေနိုင်မည်ဖြစ်သည်။ သင် ပင်ပင်ပန်းပန်း ဖောက်ထားသည့် အပေါက်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် တစ်ချက်နှိပ်လိုက်ရုံဖြင့် အပြည့်အဝ ပြန်လည်ကောင်းမွန်သွားနိုင်၏။
ထို့ကြောင့် ကျန်းယွင်ထျန်းသည် ထိုသို့သော နည်းဗျူဟာကို လုံးဝ ထည့်သွင်းမစဉ်းစားခဲ့ပေ။
ကျန်းယွင်ထျန်းတို့ဘက်မှ အမြောက်ဖြင့် ပစ်ခတ်နေသည်ကို မြင်သောအခါ အယ်လ်ဘန်က အသံကျယ်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
“ရန်သူ့အမြောက်ဆံတွေကို ကြားဖြတ်ဖမ်းဖို့ ငါးဖမ်းပိုက်တွေကို ပစ်လွှတ်ကြ။”
သူ၏အမိန့်အရ ၉ နိုင်ငံမဟာမိတ်အဖွဲ့၏ သင်္ဘောများပေါ်တွင် လေးသည်တော် အများအပြား ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
အမြောက်ဆံများ သူတို့ဆီသို့ ထပ်မံပျံသန်းလာသောအခါ လေးသည်တော်များသည် လေးယောက်တစ်ဖွဲ့စီခွဲကာ အစွမ်းထက်သော လေးများကို အသုံးပြု၍ ကောင်းကင်သို့ ပစ်လွှတ်လိုက်ကြ၏။
ထိုလေးသည်တော်များ ပစ်လွှတ်လိုက်သော မြှားများအားလုံးတွင် ငါးဖမ်းပိုက်တစ်ခုစီ ချိတ်ဆက်ထားခဲ့သည်။
သူတို့ ဝိုင်းပစ်လိုက်သောအခါ ငါးဖမ်းပိုက်တစ်ခုလုံးသည် ကောင်းကင်သို့ ပျံတက်သွားပြီး စစ်သင်္ဘောတစ်ခုလုံးကို လွှမ်းခြုံနိုင်အောင် ဖြန့်ကားသွားခဲ့၏။
ဝုန်း
အမြောက်ဆံသည် ငါးဖမ်းပိုက်ကို ထိမှန်သွားပြီး ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။
“ဒါမျိုးတောင် လုပ်လို့ရတယ်လား။”
ကျန်းယွင်ထျန်း အံ့အားသင့်သွား၏။
“ဒါပေမဲ့ ဒီလိုလုပ်ရင် သူတို့ကိုယ်တိုင် ပြန်ပစ်ဖို့လည်း အခက်အခဲ ရှိလိမ့်မယ်။”
သို့သော် အယ်လ်ဘန်မှာမူ သူတို့၏ ပစ်ခတ်မှု ထိခိုက်မည်ကို လုံးဝ ဂရုမစိုက်ပုံရပြီး အော်ဟစ်လိုက်လေသည်။
“အားလုံးပဲ ဆက်တိုးကြ။ ငါးဖမ်းပိုက်တွေက ရန်သူ့အမြောက်ဆံတွေကို တားဆီးပေးနိုင်တယ်။”
“ဟုတ်ကဲ့...။”
အယ်လ်ဘန်တို့သည် တိုက်ခိုက်မှုကို လုံးဝရပ်တန့်လိုက်ပြီး ရှောင်းယီ၏ တည်နေရာသို့ တန်းတန်းမတ်မတ် မောင်းနှင်လာကြတော့လေသည်။
“သူတို့က ငါတို့ကို အနီးကပ်တိုက်ခိုက်ချင်နေတာပဲ။”
ကျန်းယွင်ထျန်း သူတို့၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားခဲ့သည်။
“ဒါဆိုလည်း သူတို့ဆန္ဒအတိုင်း ဖြစ်စေရမယ်။ အမြောက်တွေ ရပ်လိုက်တော့။”
ဤနည်းဖြင့် ရှောင်းယီတို့ဘက်မှလည်း ခဲယမ်းအချို့ကို ချွေတာနိုင်သွားမည်ဖြစ်သည်။
“လေးနဲ့မြှား၊ မြှားပစ်စက်၊ တရစပ်ပစ်ဒူးလေးတွေကို ပြင်ထားကြ။ ဖလင့်လော့ခ်ပစ္စတိုတွေနဲ့ မီးသေနတ်တွေကိုလည်း အမြဲတမ်း အသင့်ပြင်ထား။”
ကျန်းယွင်ထျန်း အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့...။”
ကျန်းယွင်ထျန်းတို့ဘက်မှ အမြောက်ဖြင့် ပစ်ခတ်မှုများ ရပ်တန့်သွားသည်ကို မြင်သောအခါ အယ်လ်ဘန်က လှောင်ပြုံးပြုံးလိုက်၏။
“ယီရန်ပင်းက တကယ် မောက်မာတာပဲ။ ငါတို့ကို အနားအထိ အကပ်ခံတယ်ပေါ့။ အစက မင်းတို့ မဟာမိတ်အဖွဲ့ကို တိုက်နိုင်ဖို့ အခွင့်အရေးက ၆၀ ရာခိုင်နှုန်းပဲ ရှိပေမဲ့ အခုတော့ ၉၀ ရာခိုင်နှုန်း ဖြစ်သွားပြီ။”
ရန်သူများ လက်နက်ငယ်များ၏ အကွာအဝေးအတွင်းသို့ ရောက်လာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက ချက်ချင်းပြောလိုက်သည်။
“မီးမြှားတွေ လွှတ်စမ်း...။ သူတို့ရဲ့ ငါးဖမ်းပိုက်တွေက မြှားတွေကို တားနိုင်မလား ကြည့်ကြရအောင်။”
“ဟုတ်ကဲ့...။”
ရွှစ်... ရွှစ်... ရွှစ်...
အသင့်ပြင်ထားသော မီးမြှားများကို ပစ်လွှတ်လိုက်၏။
“ဒိုင်းကာတွေ ပြင်...။”
အယ်လ်ဘန် အော်လိုက်သည်။ သူတို့ ပြင်ဆင်ထားသော ငါးဖမ်းပိုက်များ၏ အပေါက်များသည် အတော်လေးကြီးမားလေရာ ဤသေးသွယ်သော မြှားများကို မတားဆီးနိုင်ပေ။ ၎င်းတို့မှာ ကျောက်ခဲပစ်စက်နှင့် အမြောက်ဆံများကို တားဆီးရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်။ သို့သော် မြှားများကိုမူ သံပြားအုပ်ထားသော ဒိုင်းကာများဖြင့် အပြည့်အဝ ကာကွယ်နိုင်သည်။
ချွင်... ချွင်... ချွင်...
သံ၊သံချင်းထိခတ်သံများ တဆက်တည်း ထွက်ပေါ်လာ၏။ အချို့မြှားများမှာ အကာအကွယ်ကြောင့် ကုန်းပတ်ပေါ်သို့ ကျသွားပြီး အချို့မှာမူ ဒိုင်းကာများပေါ်တွင် စိုက်ဝင်သွားခဲ့ကြသည်။
ထိုအရာကို မြင်သောအခါ အယ်လ်ဘန်သည် သူ၏ စိတ်ထဲမှ တွေးလိုက်မိ၏။
“ဒီယီရန်ပင်းက တကယ်ကို ထူးခြားတာပဲ။ သူ့ရဲ့ မြှားတွေက သာမန်မဟုတ်ဘူး။ ထိုးဖောက်နိုင်စွမ်းက အရမ်းအားကောင်းလွန်းတယ်။”
မြှားများကို တားဆီးထားနိုင်သော်လည်း မြှားများတွင် တပ်ဆင်ထားသော ယမ်းမှုန့်များက စတင်လောင်ကျွမ်းလာခဲ့သည်။ ဘေးကင်းစေရန်အတွက် အယ်လ်ဘန်က အမိန့်ပေးလိုက်၏။
“အားလုံး မျက်နှာဖုံးတွေ တပ်ထားကြ။”
“ဟုတ်ကဲ့...။”
အဆိပ်ငွေ့ဗုံးများသည် သူတို့သင်္ဘောအထိ မရောက်နိုင်သော်လည်း ဤမီးမြှားများတွင် အခြားအရာတစ်ခုခု ပါလာမည်မဟုတ်ဟု အာမမခံနိုင်ပေ။ သူတို့ အထူးပြုလုပ်ထားသော မျက်နှာဖုံးများကို တပ်ဆင်ထားပါက အဆိပ်ငွေ့အတွက် စိုးရိမ်စရာ မလိုတော့ချေ။
နှစ်ဖက်အကွာအဝေးမှာ ပိုမိုနီးကပ်လာသော်လည်း ရန်သူ့ S အဆင့်သင်္ဘောကြီးသည် ရှေ့သို့ ထွက်မလာသေးဘဲ ပင်မသင်္ဘောအုပ်စု၏ နောက်ကွယ်တွင်သာ ကပ်လိုက်နေသည်ကို ကျန်းယွင်ထျန်း သတိပြုမိလိုက်၏။
အကွာအဝေးကို အနည်ငယ် တွက်ချက်ကြည့်လိုက်ပြီးနောက် ကျန်းယွင်ထျန်းက ချက်ချင်း အော်ဟစ်လိုက်သည်။
“သင်္ဘောတွေအားလုံး ချက်ချင်း ဆုတ်ခဲ့ကြ။ ကမ်းခြေနဲ့ ပိုနီးအောင် ကပ်လိုက်။”
ကျန်းယွင်ထျန်း၏ သင်္ဘောများသည် ကမ်းခြေနှင့် အတော်လှမ်းလှမ်းတွင် ရှိနေပြီး ရန်သူ့ S အဆင့်သင်္ဘောမှာမူ သူတို့၏ ပင်မသင်္ဘောအုပ်စုနှင့် ကပ်လိုက်လာနေ၏။
ဤသည်မှာ ဘာကို ဆိုလိုသလဲဆိုလျှင် ရန်သူ့ပင်မသင်္ဘောအုပ်စုသည် S အဆင့်သင်္ဘောထံမှ အချိန်မရွေး ပစ်ကူရနိုင်သော်လည်း ကျန်းယွင်ထျန်း၏ သင်္ဘောများတွင်မူ အခြားအထောက်အပံ့ မရှိပေ။ ရန်သူ့သင်္ဘော စုစုပေါင်းအရေအတွက်မှာလည်း ကျန်းယွင်ထျန်းတို့ထက် သာလွန်နေခဲ့သည်။
ဆုတ်ခွာရန် အမိန့်ပေးလိုက်ခြင်းဖြင့် ကျန်းယွင်ထျန်းနှင့် သူ၏လူများသည် ကမ်းခြေရှိ အမြောက်တပ်များထံမှ ပစ်ကူကို ရရှိနိုင်မည်ဖြစ်၏။ ကျန်းယွင်ထျန်း၏ အမိန့်ကို ကြားသည်နှင့် သင်္ဘောများအားလုံးသည် ချက်ချင်းပင် ဆုတ်ခွာလာခဲ့ကြသည်။ သူတို့၏ လှုပ်ရှားမှုမှာ ညီညာလှပြီး မည်သည့်တုံ့ဆိုင်းနေခြင်းမျှ မရှိပေ။
“နှမြောစရာပဲ “
အယ်လ်ဘန်က သက်ပြင်းချလိုက်သည်။ သူတို့၏ ရည်မှန်းချက် အောင်မြင်ရန် အနည်းငယ်သာ လိုတော့ခြင်းဖြစ်လေသည်။
အကယ်၍ ကျန်းယွင်ထျန်းသာ အနည်းငယ်မျှ နောက်ကျပြီးမှ တုံ့ပြန်ခဲ့လျှင် အယ်လ်ဘန်၏ အင်အားစုများသည် ဂွန်သင်္ဘော၏ ပြင်းထန်သော ပစ်အားကို အသုံးပြု၍ ရှောင်းယီ၏ သံချပ်ကာသင်္ဘော အနည်းဆုံး နှစ်စီးကို ဖျက်ဆီးပစ်နိုင်ခဲ့မည် ဖြစ်သည်။