စိတ်တစ္ဆေ
Vol. 21 Ch. 283
စုမင်အပြောင်းအလဲ၏ သက်ရောက်မှုကြောင့် ပိုင်စုနှလုံးသားသည် ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေသည်။ ပတ်ဝန်းကျင်ရှိ ကောင်ကင်နှင့်မြေပြင်မှထွက်ပေါ်နေသော အအေးဓာတ်ထက် ပိုမိုအေးစက်သော အေးစက်မှုများသည် စုမင်ထံမှ ထွက်ပေါ်နေသည်ဟုလည်း သူမခံစားနေရ၏။ ပိုင်စု တုန်လှုပ်ခြောက်ချားသွားမိသည်။
စုမင်၏ဤပုံစံကို ပိုင်စု ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်သည်။
သူ့ပုံစံက သူမအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
သူမရှေ့မှ လူကို နားမလည်နိုင်တော့သကဲ့သို့ ပိုင်စု ရုတ်တရက်ခံစားလိုက်မိသည်။ ဤယောကျ်ား တိတ်တဆိတ်ဒေါသထွက်လာချိန်တွင် သူ့ထံမှ ယခုလိုသန်မာသော သတ်ဖြတ်ခြင်းအရှိန်အဝါမျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူမ ယနေ့မတိုင်ခင်အထိ မသိခဲ့ဖူးပေ။
စုမင်သည် ကောင်ငယ်လေးမဟုတ်တော့သလို၊ မစဉ်းစားမဆင်ခြင်လုပ်တတ်သည့် ကမူးရှူးထိုးကလေးငယ်တစ်ဦးလည်း မဟုတ်တော့ပေ။ မည်သို့ တည်ငြိမ်အောင်နေရမည်၊ မည်သို့ ခေါင်းအေးအေးထားရမည် ဆိုသည်များကို သူသင်ယူခဲ့ပြီးချေပြီ။ သူဒေါသထွက်နေလျှင်တောင် ညာမျက်လုံးအတွင်းရှိ သတ်ဖြတ်လိုသောအသိမှအပ အခြားအရာများကိုတော့ ထုတ်ဖော်ပြသလိမ့်မည်မဟုတ်ပေ။ ထိုအစား ညာလက်ကိုမြှောက်၍ ကျီချဲ၏မျက်ခုံးများအလယ်ကို လက်ချောင်းဖြင့်ထိကပ်လိုက်သည်။
တစ်ချက်ထိကပ်လိုက်သည်နှင့် ကျီချဲက ရုတ်တရက်စတင်တုန်ယင်လာခဲ့သည်။ စုမင် ထိုင်ချလိုက်ပြီး ဆေးလုံးအချို့ကိုထုတ်ယူ၍ ကျီချဲပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ ထို့နောက် ကျီချဲအားဆွဲထူလိုက်ပြီး ထိုင်နေသည့်ပုံစံအဖြစ် ပြင်ပေးလိုက်သည်။ စုမင်က ညာလက်ကို ကျီချဲ၏ ဦးခေါင်းထိပ်တွင် တင်လိုက်ပြီး စုမင်ခန္ဓာကိုယ်မှ ရုပ်နယ်လွန်စွမ်းအား တိုးထွက်လာသည့်အခိုက်အတန့်မှာပင် ကျီချဲခန္ဓာကိုယ်က ပိုမိုပြင်းထန်စွာ တုန်ရီသွားခဲ့သည်။ နောက်ထပ်သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး ထိုသွေးများထဲတွင် တွန့်လိမ်လှုပ်ရှားနေကြသည့် အနက်ရောင်ပိုးကောင်များ ပြည့်နေဆဲဖြစ်သည်။
စုမင် မျက်မှောင်ကြုတ်သွားမိ၏။ ကျီချဲခန္ဓာကိုယ်အတွင်းသို့ သူ့စွမ်းအားများဝင်ရောက်သွားသည်နှင့် ၎င်းတို့သည် သန်းပေါင်းများစွာသော အမျှင်လေးများအဖြစ် ပြောင်းလဲသွားပြီး ကျီချဲ၏ခန္ဓာကိုယ်အစိတ်အပိုင်းများ အားလုံးဆီသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို စုမင်သတိပြုမိခဲ့ချေသည်။ သူ့စွမ်းအားများက ဝါးမြိုခံလိုက်ရသကဲ့သို့ပင် ဖြစ်သည်။
ဤအရာက ပုံမှန်ပင်ဖြစ်ပြီး သူမျှော်လင့်ထားသောအရာလည်း ဖြစ်သည်။ ထို့ကြောင့်စုမင် ထိုသို့လုပ်ခဲ့ခြင်းပင်။ သူ၏ရုပ်နယ်လွန်နယ်ပယ်စွမ်းအားကို ကျီချဲမြိူချလိုက်သော ဆေးလုံးများနှင့်တွဲ၍ ကျီချဲ၏ခန္ဓာကိုယ်အား အားဖြည့်ပေးလိုခဲ့ခြင်းဖြစ်သည်။ စုမင်က အနည်းငယ်သာ ကုသပေးနိုင်လိမ့်မည် ဖြစ်သော်လည်း သို့မှသာ ကျီချဲမြန်မြန်ပြန်နိုးလာပြီး သူ့ကိုယ်သူစတင်ကုသနိုင်ပေလိမ့်မည်။
သို့သော် ယခုတော့ စုမင်စွမ်းအားများသည် ကျီချဲခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်ပျောက်ကွယ်သွားကြသော်လည်း ကျီချဲက ပိုကောင်းမလာခဲ့ပေ။ အမှန်တွင် သူ့အခြေအနေက ပို၍ပင်ဆိုးရွားလာသေးသည်။ ယခင်က ကျီချဲထံတွင် နောက်ဆုံးသော အသက်မျှင်လေးသာ ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး ယခုတော့ ထိုအသက်မျှင်လေးသည်လည်း အလျင်အမြန်ပျောက်ကွယ်လာနေချေပြီ။
၎င်းသာ လုံးဝပျောက်ကွယ်သွားပါက ကျီချဲသေချာပေါက်သေသွားပေလိမ့်မည်။
စုမင်က အေးစက်စက်ဖြင့် ‘ဟမ့်’ခနဲ အသံပြုလိုက်သလို သူ့ညာမျက်လုံးအတွင်းရှိ သတ်ဖြတ်လိုသောအသိကလည်း ပိုမိုသန်မာလာခဲ့သည်။ ကျီချဲအား နဝမတောင်ထွတ်၏လူများထဲမှ တစ်ဦးအဖြစ် စုမင် မည်သည့်အခါကမှ မဆက်ဆံခဲ့ဖူးသော်လည်း ကျီချဲသည် နဝမတောင်ထွတ်သို့ရောက်လာချိန်မှစ၍ အစပိုင်းတွင် မနာခံခဲ့ခြင်းမှအပ စုမင်အမိန့်များကို အမြဲတမ်းနားထောင်ခဲ့လေသည်။
လွန်ခဲ့သောလများတွင် ကျီချဲနှင့်ပက်သက်၍ မည်သည့်မကျေနပ်စရာ အကြောင်းအရင်းမှ စုမင် ရှာမတွေ့ခဲ့ပေ။ ပိုအရေးကြီးသည်မှာ ကျီချဲသည် သူ့ကိုယ်ပိုင်ဆန္ဒအလျောက်ပင် စုမင်အား ‘ဆရာဦးလေး’အစား ‘သခင်’အဖြစ် တစ်ဖြည်းဖြည်း ရည်ညွှန်းသတ်မှတ်လာခြင်း ဖြစ်သည်။ ထိုသို့လုပ်ရန် သူ ကျီချဲကိုမပြောဆိုခဲ့ဖူးပေ။
စုမင်၏ နှလုံးသားအတွင်း နက်ရှိုင်းသောနေရာတွင် သူအမြဲတမ်းတွေးတောထားခဲ့သည်မှာ အကြီးဆုံးအစ်ကိုကြီးသည် သူဆန္ဒရှိသလောက် ကျီချဲကိုနာကျင်အောင် ပြုလုပ်နိုင်သည်။ အစ်ကိုနှစ်သည်လည်း ထိုသို့ပြုလုပ်နိုင်ပြီး အစ်ကိုသုံးအတွက်လည်း အတူတူပင်ဖြစ်သည်။ ဟုတ်သည်၊ ထိုအရာက ဆရာ့အတွက်လည်း အလားတူပင်ဖြစ်သည်။ သို့သော် ဤလူများမှလွဲ၍ တစ်ခြားလူတစ်ဦးကသာ သူ့နောက်လိုက်ကို အန္တရာယ်ပြုခဲ့လျှင်တော့ သူတို့က ထိုအရာအတွက် ပြန်ပေးဆပ်ရပေလိမ့်မည်။
‘ဟမ့်’ခနဲ အေးစက်စက်အသံပြုလိုက်ပြီး စုမင်၏မျက်ခုံးများအလယ်မှ အစိမ်းရောင်ဓားအမှတ်အသားက တောက်ပသွားကာ သူ့နတ်ဘုရားစိတ်အာရုံက ပျံ့နှံ့ထွက်ပေါ်လာပြီး ကျီချဲကိုယ်ပေါ်တွင် စုဝေးသွားသည်။ စစ်ဆေးကြည့်ရှုပြီးသွားသည်နှင့် နတ်ဘုရားစိတ်အာရုံများသည် ကျီချဲကိုယ်အတွင်း ဝင်ရောက်သွားပြီး ခန္ဓာကိုယ်၏ တစ်လက်မချင်းစီတိုင်းအား အသေးစိတ် စတင်ရှာဖွေလိုက်သည်။
ခဏအကြာတွင် စုမင်မျက်လုံးများအတွင်း စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ ကျီချဲဗိုက်ထဲတွင် ပိုးအိမ်ကဲ့သို့အရာတစ်ခုကို စုမင်နတ်ဘုရားအာရုံဖြင့် ရှင်းရှင်းလင်းလင်းအာရုံခံလိုက်မိလေသည်။ ထိုအရာက လက်သီးဆုပ်အရွယ်ခန့်သာ ရှိသော်လည်း အတွင်းရှိနေရာလွတ်မှာ အကန့်အသတ်မရှိပုံရပြီး ထိုအထဲမှ အနက်ရောင်ပိုးကောင်များ အဆက်မပြတ်တွားထွက်လာနေကြခြင်း ဖြစ်သည်။
ထိုပိုးကောင်များသည် သူတို့ကိုယ်သူတို့ ပိုမိုသန်မာလာစေရန် ကျီချဲ၏ခန္ဓာကိုယ်ထဲတွင်နေ၍ သူ့အသက်ဓာတ်များကို စုပ်ယူစားသုံးနေကြသည်။ ထိုလုပ်ရပ်က မယုံနိုင်လောက်အောင်ပင် ရက်စက်ကြမ်းကြုတ်သော အရာဖြစ်သည်။
ကျီချဲခေါင်းပေါ်မှ ညာလက်ကိုမြှောက်လိုက်ပြီး ကျီချဲ၏ရင်ဘတ်အား ဖုံးအုပ်ထားသည့် ဝတ်ရုံများကို ခွဲပစ်လိုက်သည်။ ထို့နောက် သူ့ဝမ်းဗိုက်ပေါ်သို့ စုမင်လက်ဝါးဖြင့်ဖိကပ်လိုက်သည်။ ထိုသို့လုပ်ပြီးသည်နှင့် သူ၏ရုပ်နယ်လွန်စွမ်းအားကို နတ်ဘုရားအာရုံနှင့်ပေါင်း၍ ကျီချဲဗိုက်ထဲမှ ပိုးအိမ်ကဲ့သို့အရာကို ဖြတ်ထုတ်လိုက်သည်။
ကျီချဲသည် မျက်လုံးများပိတ်လျက် သတိလစ်လဲလျောင်းနေခြင်း ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် စူးရှနာကျင်စွာအော်ဟစ်လိုက်သည်။ သူ အော်ဟစ်လိုက်သည်နှင့် စုမင်ညာလက်က လက်သည်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ကျီချဲဗိုက်ထဲသို့ထိုးဖောက်သွားသည်။ လက်ချောင်းများ အသားထဲသို့နစ်ဝင်သွားပြီးသည်နှင့် စုမင် ပိုးအိမ်ကိုဆုပ်ကိုင်လိုက်ပြီး ကျီချဲခန္ဓာကိုယ်ထဲမှ အားသုံးကာဆွဲထုတ်လိုက်သည်။
ပိုးအိမ်ထွက်ပေါ်လာသည့်အခိုက်အတန့်မှာပင် ကျီချဲမျက်လုံးများက ပွင့်ဟလာပြီး သူ့မျက်လုံးများထဲတွင် အလွန်အမင်းပင်ပန်းနွမ်းနယ်နေသော အရိပ်အယောင်တစ်ခု ထင်ဟပ်ထွက်ပေါ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျီချဲဗိုက်မှ ဒဏ်ရာပေါ်သို့ စုမင်ဘယ်လက်ဖြင့်ထိကပ်လိုက်သည်။ ရုပ်နယ်လွန်စွမ်းအားများသည် စုမင်အမိန့်ဖြင့်တိုးဝင်သွားပြီး ကျီချဲခန္ဓာကိုယ်အား သန့်စင်လိုက်ကြသည်။ ဒဏ်ရာက အလျင်အမြန်ပြန်စေ့ပိတ်လာပြီး များစွာသော အနက်ရောင်ပိုးကောင်များသည် ကျီချဲ၏ မျက်လုံးများ၊ ပါးစပ်၊ နှာခေါင်းနှင့် နားများထဲမှ တွားထွက်လာကြသည်။ ၎င်းတို့သည် ခဏတာရုန်းကန်လှုပ်ရှားနေပြီးနောက်တွင် မြေပြင်ပေါ်သို့ပြုတ်ကျကာ အသက်မဲ့သွားတော့သည်။
ကျီချဲမျက်နှာသည် တစ်ဖြည်းဖြည်း သွေးရောင်ပြန်လွှမ်းလာပြီး သူ့အသက်စွမ်းအားများသည်လည်း ပျောက်ကွယ်ကုန်ဆုံးနေရာမှ ဖြည်းဖြည်းချင်းရပ်တန့်သွားသည်။ ကျီချဲသည် အမောတကောအသက်ရှူလိုက်ပြီး ခြေချိတ်ထိုင်ကာ တရားထိုင်လိုက်သည်။ ထို့နောက် ပြန်လည်သက်သာကောင်းမွန်သည့် အရိပ်အယောင်များ ဖြည်းဖြည်းချင်းပြလာလေသည်။ သို့သော် သူ့ညာခြေတွင်စိုက်ဝင်နေသော အနက်ရောင်မြား၏ ပတ်ဝန်းကျင်တွင် အနက်ရောင်အခိုးအငွေ့များ ဝန်းရံနေဆဲဖြစ်သည်။ ထိုအနက်ရောင်အခိုးအငွေ့များသည် ရံဖန်ရံခါ စုဝေးသွားကြပြီး တစ္ဆေ၊သရဲများအဖြစ်ပြောင်း၍ အသံတိတ်အော်ဟစ်ဟိန်းဟောက်နေကြချေသည်။
ကျီချဲဗိုက်ပေါ်မှ ဘယ်လက်ကို ပြန်ဆွဲယူလိုက်ပြီး အနက်ရောင်မြားကို ဆွဲနှုတ်ရန်ပြင်လိုက်ပြီးမှ စုမင် ကိုယ့်ကိုယ်ကိုရပ်တန့်လိုက်မိသည်။ ထိုမြားကို စိုက်ကြည့်လိုက်ပြီး သူမျက်မှောင်ကြုတ်သွားရ၏။ ထိုမြားသည် သူအလွယ်တကူ ထုတ်ယူနိုင်မည့်အရာမျိုးမဟုတ်ဟု စုမင်ခံစားမိနေသည်။
“မြားနက်မာန်စွမ်းအားရှင်တစ်ယောက်ရဲ့ မြား... အပစ်ခံလိုက်ရတဲ့သူတွေက အဆိပ်သင့်သွားသလိုမျိုး သူတို့အသက်ဓာတ်တွေ ဆက်တိုက်ပျောက်ကွယ်သွားလိမ့်မယ်... သင့်တော်တဲ့ နည်းလမ်းတစ်ခုမရှိပဲနဲ့ မြားကိုဆွဲထုတ်လိုက်မယ်ဆိုရင် ကျီချဲက အခုလိုအားနည်းနေတဲ့ အခြေအနေမျိုးမှာ သေသွားလိမ့်မယ်” ပိုင်စု၏ ဖျော့တော့သောအသံလေးက အနီးမှထွက်ပေါ်လာခဲ့သည်။
စုမင် ခဏတာငြိမ်သက်နေပြီးနောက် ကျီချဲ၏ခန္ဓာကိုယ်မှ အကြည့်လွှဲလိုက်ပြီး ညာလက်ထဲတွင် ဆုပ်ကိုင်ထားသည့် ပိုးအိမ်ကိုပြန်ကြည့်လိုက်သည်။ ထိုပိုးအိမ်က လုံးဝနက်မှောင်နေပြီး ကျောက်တုံးတစ်တုံးကဲ့သို့ပင် ဖြစ်သည်။ ၎င်းအား ကျီချဲကိုယ်ထဲမှ စုမင်ထုတ်ယူခဲ့ချိန်တွင် ထိုအရာအားထိကိုင်ရသည်မှာ နူးညံ့နေသော်လည်း ပိုးအိမ်သည် လေနှင့်ထိတွေ့သွားသောအခါ အလျင်အမြန်မာကျောသွားခဲ့သည်။
ပိုးအိမ်၏ထောင့်တွင် အက်ကွဲကြောင်းတစ်ခုရှိနေပြီး ထိုနေရာမှ အနက်ရောင်ပိုးကောင်များ တွားထွက်လာနေခြင်းဖြစ်သည်။ အပြင်သို့တွားထွက်လာသည့် ပိုးကောင်များအားလုံးသည် လေအေးများအောက်တွင် မြေပြင်ပေါ်သို့ပြုတ်ကျသွားကြသည်။
လက်ထဲရှိ ပိုးအိမ်ကိုငေးကြည့်နေရင်း စုမင်မျက်လုံးများထဲတွင် စူးစမ်းလိုသည့်အလင်းတစ်ဖြာ တောက်ပလာခဲ့သည်။
“အဲဒါက အေးခဲကောင်းကင်ကလန်က မဟုတ်ဘူး...”
ကြောက်ရွံ့မှုများပါဝင်နေသည့် အားနည်းဖျော့တော့နေသော အသံလေးက စုမင်အရှေ့မှထွက်ပေါ်လာသည်။
စုမင်မော့ကြည့်လိုက်သောအခါ တွန့်ဆုတ်နေဟန်မျက်နှာအမူအယာဖြင့် စင်မြင့်ပေါ်လျှောက်လာနေသော ပိုင်စုကို တွေ့လိုက်ရသည်။
“အေးခဲကောင်းကင်ကလန်ထဲမှာရှိတဲ့ အရာအားလုံးက အအေးဒဏ်ကို ခံနိုင်ရည်ရှိကြတယ်။ ဒါပေမယ့် ဒီဟာက လေအေးနဲ့ထိတာနဲ့ အမြန်မာကြောသွားတယ်။ အဲဒါက အေးခဲကောင်းကင်ကလန်နဲ့ မသက်ဆိုင်ဘူး” ပိုင်စု ညင်ညင်သာသာ ရှင်းပြလိုက်သည်။
စုမင် မည်သည့်စကားမှပြန်မပြောခဲ့ပေ။ ခေါင်းပြန်ငုံ့လိုက်ပြီး သူ့လက်ထဲမှပိုးအိမ်ကိုသာ ဆက်ကြည့်ရှုနေလိုက်သည်။ သူ့မျက်ခုံးများပေါ်တွင် မျက်မှောင်တစ်ခုက ဖြည်းဖြည်းချင်း ဖြစ်တည်လာသည်။ သူ့မျက်လုံးများက တည်ငြိမ်နေပုံပေါ်သော်လည်း ကျီချဲသွေးအန်လိုက်သောအခါ ထွက်ပေါ်လာခဲ့သည့် ပိုးကောင်များကို တွေ့မြင်ခဲ့ရသည့်အချိန်နှင့် သူ့လက်ထဲ၌ ပိုးအိမ်ကိုဆုပ်ကိုင်ထားချိန်တွင် သူ့နှလုံးသားအတွင်း မုန်တိုင်းထန်နေသည်ကိုတော့ မည်သူတစ်ဦးတစ်ယောက်မှ မသိခဲ့ပေ။
ပိုင်စု ခဏတာတွန့်ဆုတ်နေပြီးမှ ဆက်ပြောလိုက်သည်။ “အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးထဲမှာတောင် ဒီလိုအရာမျိုး ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ ရာသီဥတုက ဒီလိုအရာမျိုးတွေ ရှင်သန်နေထိုင်ဖို့ မသင့်တော်ဘူး... တွေ့လား သူတို့သေသွားကြပြီ။ ရှင့်လက်ထဲက ပိုးအိမ်ကလည်း မကြာခင်သေဆုံးသွားမှာ...”
“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုနဲ့ အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီး ကြားက ဆက်ဆံရေးက ဘယ်လိုလဲ...” စုမင် ဖြည်းဖြည်းချင်းမေးလိုက်သည်။
“အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးရဲ့ လက်အောက်မှာ အခွဲလေးခုရှိတယ်။ မြောက်ပိုင်းနယ်စပ်က သူတို့ထဲကတစ်ခုပဲ။ ကျိုးကောကတော့... ငါသူ့ကိုအရင်ကကြားဖူးတယ်။ သူက အေးခဲကောင်းကင်ကလန်ရဲ့ တပည့်မဟုတ်ပေမယ့် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု စစ်သည်တော်ခေါင်းဆောင် ကျိုးယာ ရဲ့သားပဲ...”
ပိုင်စု ခဏတာတွန့်ဆုတ်နေမိသော်လည်း သူမသိထားသည့်အရာများကို အဆုံးထိပြောပြရန်သာရွေးချယ်ခဲ့သည်။ သို့သော် တွန့်ဆုတ်နေပြီးနောက်တွင် သူမစုမင်ကို ပြောမပြခဲ့သောအရာတစ်ခုတော့ရှိသည်။ ကျိုးကောသည်... စစ်မာရှင်းနှင့် ရင်းနှီးကျွမ်းဝင်သောလူတစ်ဦး ဖြစ်သည်ဆိုတာပင်။
“မြားနက် မာန်စွမ်းအားရှင်ဆိုတာ ဘာလဲ”
စုမင်မေးလိုက်ရင်းမှပင် လက်ထဲရှိပိုးအိမ်ထံမှ အကြည့်ပြန်လွှဲလိုက်ပြီး ငြိမ်သက်စွာထိုင်နေဆဲဖြစ်သည့် ကျီချဲ၏ ညာခြေထောက်အား လှမ်းကြည့်လိုက်သည်။
မြားပတ်ဝန်းကျင်ရှိ အနက်ရောင်အခိုးအငွေ့များမှ ဖြစ်ပေါ်လာသော တစ္ဆေသရဲများသည် ပတ်ဝန်းကျင်တွင် ရက်စက်ကြမ်းကြုတ်စွာ လွင့်မျောပျံသန်းနေကြဆဲ ဖြစ်သည်။
“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုထဲမှာ ကျင့်ကြံတဲ့နည်းလမ်းတွေက အေးခဲကောင်းကင်ကလန်ထဲမှာ ငါတို့ကျင့်ကြံတာတွေနဲ့ အရမ်းကွဲပြားတယ်။ သူတို့က သူတို့သွေးတွေကို သန့်စင်ကြပေမယ့် ရုပ်နယ်မလွန်သလို၊ သူတို့အရိုးတွေကိုလည်း မစတေးကြဘူး။ အဲဒီအစား သူတို့သွေးကြောတွေထဲမှာရှိတဲ့ သွေးတွေရဲ့စွမ်းအားကို လှုံ့ဆော်ပြီး သူတို့ခန္ဓာကိုယ်တွေကို ဖျက်ဆီးလို့မရအောင်ကျင့်ကြံတဲ့ လမ်းကြောင်းကို လျှောက်လှမ်းကြတယ်”
“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုအတွက်တော့ သူတို့ရဲ့ကျင့်ကြံရေးနည်းလမ်းက ထူးခြားပြီး အဲဒါကို အပြင်လူတွေနဲ့ဝေမျှခဲတယ်။ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးဆီမှာ အညံ့ခံတဲ့အချိန်တုန်းကလည်း သူတို့က အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးရဲ့ လေးစားမှုကိုတောင်ရခဲ့တယ်။ အဲဒါကြောင့် သူတို့ရဲ့ထူးခြားတဲ့ ကျင့်ကြံနည်းကို ထိန်းသိမ်းထားကြတာပဲ”
“မြားနက်ဆိုတာ သူတို့ဘွဲ့အမည်တွေထဲက တစ်မျိုးပဲ။ သူတို့ကို အပြာ၊ အနက်၊ အစိမ်းနဲ့ ခရမ်းဆိုပြီး ခွဲခြားသတ်မှတ်ထားတယ်။ မြားနက်မာန်စွမ်းအားရှင်တွေက ရိုးရေစတေးနယ်ပယ်က မာန်စွမ်းအားရှင်နဲ့ အတူတူလောက်ပဲ။ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက သူတို့ကိုကျင့်ကြံရေးနည်းလမ်းကို လျှို့ဝှက်ထားရုံမကဘူး သူတို့မြားတွေကို ဖန်တီးဖို့သုံးတဲ့နည်းလမ်းကိုလည်း လျှို့ဝှက်ထားသေးတယ်”
“သူတို့ရဲ့ လျှို့ဝှက်ကျင့်ကြံရေးနည်းလမ်းကို ကျင့်ကြံထားတဲ့လူတွေကပဲ မြားတွေကိုပစ်နိုင်တာ။ မြားတွေမှာ အသက်ဓာတ်ကိုစုပ်ယူနိုင်တဲ့ အစွမ်းရှိပြီးတော့ သူတို့ကိုအလွယ်တကူ ဆွဲထုတ်လို့မရဘူး။ အပေါ်က အနက်ရောင်မြူခိုးငွေ့တွေကို သန်စင်ပစ်ရမယ်။ ပြီးတော့ လုံလောက်တဲ့အသက်ဓာတ်တွေကို ထောက်ပံ့နိုင်မှပဲ မြားကိုဆွဲထုတ်နိုင်မှာ” ပိုင်စု ညင်ညင်သာသာ ရှင်းပြလိုက်သည်။ သူမသိထားသမျှ အရာအားလုံးနီးပါးကို အသေးစိတ်ပြောပြလိုက်ခြင်း ဖြစ်သည်။
ကျီချဲ၏ ညာခြေထောက်မှ မြားကို ငေးစိုက်ကြည့်နေရင်း စုမင်၏ ညာမျက်လုံးအတွင်းမှ သတ်ဖြတ်ခြင်းအရှိန်အဝါက ပိုမိုသန်မာလာခဲ့သည်။
“အဲဒီ အနက်ရောင်မြူခိုးတွေက ဘာတွေလဲ” စုမင် တည်ငြိမ်စွာမေးလိုက်သည်။
“စိတ်တစ္ဆေ တစ်မျိုး... အဲဒါက မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက ပေးခဲ့တဲ့နာမည်။ နှစ်စဉ်နှစ်တိုင်းလိုလို အရွယ်ရောက်လာတဲ့ မာန်စွမ်းအားရှင်တွေက သူတို့ကိုယ်ပိုင် စိတ်တစ္ဆေကို ရှာဖွေဖို့ မြောက်ပိုင်းနယ်စပ်က လျှို့ဝှက်နေရာတစ်ခုကို ပို့လွှတ်ခံရတယ်”
“လူတစ်ယောက်က အဲဒါကို ရှာတွေ့တာနဲ့ သူ ဒါမှမဟုတ် သူမ ပစ်လွှတ်တဲ့မြားမှာ အဲဒီစိတ်တစ္ဆေရဲ့ အစွမ်းပါသွားလိမ့်မယ်။ လူတစ်ယောက်က လူများများပိုသတ်နိုင်လေ၊ သူ့စိတ်တစ္ဆေတွေက ပိုသန်မာလာလေလေပဲ။ နောက်ဆုံးကျရင် အငွေ့ရဲ့စွမ်းအားက ကြောက်ဖို့ကောင်းတဲ့ အဆင့်တစ်ခုထိရောက်သွားလိမ့်မယ်”
“အတိတ်တုန်းက အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးလည်း အများကြီးခံစားခဲ့ရပြီးမှ သူတို့ကို နှိမ်နင်းနိုင်ခဲ့တာ။ ပြီးတော့ သူတို့ကို မြောက်ပိုင်းနယ်စပ်လို့ အမည်ပေးခဲ့တယ်”
စုမင် တစ်ခဏတာ ငြိမ်သက်နေပြီးမှ ပိုင်စုကိုကြည့်လိုက်သည်။ ဤအရာများနှင့်ပက်သက်၍ သူမပိုင်ဆိုင်ထားသော အသိပညာများသည် စုမင်ကိုပင် အံ့အားသင့်တုန်လှုပ်သွားစေခဲ့၏။ “အေးခဲကောင်းကင်မနှိမ်နင်းနိုင်ခင်က အဲဒီမျိုးနွယ်စုရဲ့နာမည်က ဘာလဲ”
“စိတ်တစ္ဆေ ကပ်ဆိုး...” ပိုင်စု ခပ်တိုးတိုးပြန်ဖြေလိုက်သည်။ စကားပြောပြီးသွားသည်နှင့် ခဏတာတိတ်ဆိတ်နေပြီးမှ စုမင်ကိုကြည့်လိုက်သည်။ “ဖြစ်နိုင်တာက... မြားပေါ်က စိတ်တစ္ဆေအရှိန်အဝါကို ငါဖယ်ရှားပစ်ဖို့ ကြိုးစားကြည့်နိုင်လောက်တယ်...”
စုမင် သူမကိုစူးစိုက်ကြည့်လိုက်သည်။
“ငါ... ငါ့စွမ်းအားက အရမ်းမသန်မာပေမယ့် ငယ်ငယ်လေးတည်းက ရှေးဟောင်းစာလိပ်တွေ ဖတ်ရတာကို အမြဲလိုလိုသဘောကျခဲ့တာ။ တစ်ခြားလူတွေမသိတာတွေကိုလည်း ငါအများကြီးသိတယ်... ထူးဆန်းတဲ့ မျိုးနွယ်စုတစ်ချို့ဆီက ပညာရပ်တွေအများကြီးကိုလည်း ငါ့အဖေဆီကနေ သင်ခဲ့ဖူးတယ်...” ပိုင်စု ညင်ညင်သာသာ ရှင်းပြလိုက်သည်။
သူမငယ်ရွယ်စဉ်က ဖြစ်ပျက်ခဲ့သောအရာကြောင့် သူမကိုထိန်းသိမ်းစောင့်ရှောက်ရန် သူမစိတ်ဝင်စားသော အရာများဖြစ်သည့် အသုံးပြုသူ၏ ကျင့်ကြံဆင့်အပေါ်မူတည်ခြင်းမရှိပဲ အသုံးပြုနိုင်မည့် တန်ဖိုးကြီးသော ပညာရပ်များနှင့် ရှေးဟောင်းစာလိပ်များကို ရရှိရန် သူမဖခင်က အတတ်နိုင်ဆုံးလုပ်ခဲ့ကြောင်းကိုတော့ သူမစုမင်ကိုမပြောပြခဲ့ပေ။
“မင်းကိုယ်မင်း ဘယ်လောက်ယုံကြည်မှုရှိလဲ” စုမင် တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။
ပိုင်စု ခဏတာ တွန့်ဆုတ်နေပြီးနောက် ခပ်တိုးတိုးပြန်ဖြေလိုက်သည်။ “ဆယ်ပုံသုံးပုံ... ဆယ်ပုံနှစ်ပုံ... အဲဒီထက်နည်းရင် နည်းနိုင်တယ်...”
“မင်း မအောင်မြင်ရင် ကျီချဲသေရမှာလား” စုမင် ခဏတာငြိမ်သက်သွားပြီးမှ ပြန်မေးလိုက်သည်။
ပိုင်စု မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ အချိန်အတော်ကြာပြီးနောက်တွင်မှ လေးနက်သည့်အမူအယာဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။
***