← Chapters

အခန်း (၇၄၉-၇၅၀)

Vol. 58 Ch. 749-750

အခန်း (၇၄၉-၇၅၀)

Vol. 58 Ch. 749-750

အခန်း ၇၄၉ - အနီးကပ်တိုက်ပွဲ၊ အိမ်မွေးတိရစ္ဆာန်များ ထွက်တိုက်ခြင်းနှင့် ရန်သူ့ SSS အဆင့်

“ဆက်ပြီး တိုးကြ။”

အယ်လ်ဘန်က ထပ်မံအမိန့်ပေးလိုက်၏။

ကျန်းယွင်ထျန်းသည် ရန်သူများ ရှေ့တိုးလာသည်ကို ကြည့်ပြီး ပြောလိုက်သည်။

“ကမ်းခြေက လေးသည်တော်တွေ အသင့်ပြင်...။ မြှားမိုးတွေ တစ်စက္ကန့်မှ မပြတ်စေနဲ့။”

“ဟုတ်ကဲ့...။”

ရွှစ်... ရွှစ်... ရွှစ်...

သင်္ဘောပေါ်တွင် စစ်သားအနည်းငယ်သာ ရှိသော်လည်း ကမ်းခြေတွင်မူ အများအပြားရှိနေ၏။ သူတို့သည် လေးနှင့်မြှားများကို ကိုင်ဆောင်ကာ အယ်လ်ဘန်နှင့် သူ၏လူများဆီသို့ တရစပ်ပစ်ခတ်ကြတော့သည်။

“တောင့်ခံထားကြ။”

အယ်လ်ဘန် အော်ဟစ်လိုက်သည်။

ကုန်းပတ်ပေါ်ရှိသူများသည် ဒိုင်းကာများကို တင်းတင်းဆုပ်ကိုင်ကာ ကောင်းကင်မှ ကျဆင်းလာသော မြှားမိုးများကို ကြံ့ကြံ့ခံ ကာကွယ်နေကြရသည်။ ထိုထဲတွင် မီးမြှားများစွာလည်း ပါဝင်လာရာ မီးစွဲလောင်သည့် အရာဝတ္ထုများကို လိုက်လံငြိမ်းသတ်ရန်ပင် အချိန်မရကြပေ။

ဆယ်မိနစ်ကျော်ကြာ မြှားမိုးရွာသွန်းမှုကြောင့် အယ်လ်ဘန်၏ သင်္ဘောပေါ်တွင် မီးများ စွဲလောင်နေပြီ ဖြစ်သော်လည်း ယခုအခါ သူတို့သည် ကျန်းယွင်ထျန်း၏ သင်္ဘောနှင့် မီတာ ၅၀ ခန့်သာ ကွာဝေးတော့လေသည်။

ထိုအကွာအဝေးတွင် အာဘွန်က အော်ဟစ်လိုက်၏။

“နိုင်မလား ရှုံးမလားဆိုတာ ဒီတစ်ကွက်ပေါ်မှာ မူတည်နေပြီ။ အားလုံးပဲ... ရှေ့မှာရှိတဲ့ ရန်သူမှန်သမျှကို အပြတ်ရှင်းကြ။”

“ဟုတ်ကဲ့...။”

စစ်သားများသည် လေးနှင့်မြှား၊ မြှားပစ်စက်၊ မီးပစ္စတို၊ မီးလှံ စသည့် အနီးကပ်တိုက်ခိုက်ရေး လက်နက်အားလုံးကို ထုတ်ယူကာ တိုက်ပွဲဝင်ကြတော့လေသည်။

နှစ်ဖက်စလုံး အပြန်အလှန် ပစ်ခတ်ကြတော့၏။

ထိုအချိန်တွင် ရန်သူ့သင်္ဘောအုပ်စုကြီးထဲမှ ဂွန်သင်္ဘောကြီးသည် နောက်ဆုံးတွင် စတင်လှုပ်ရှားလာပြီး ကမ်းခြေကို အမြောက်ဖြင့် စတင်ပစ်ခတ်တော့လေသည်။

“ဒါဆို သူတို့က ကမ်းခြေက ပစ်အားကို ဖိနှိပ်ဖို့ ကြံနေတာပေါ့။”

ကျန်းယွင်ထျန်းက တွေးလိုက်သည်။

“မင်းတို့ အများကြီး တွေးနေတာပဲ။ ငါတို့သင်္ဘောကို မပစ်သရွေ့ ငါတို့လည်း ပြန်မပစ်ဘူး။ ခဲယမ်းချွေတာတာက ပိုကောင်းတာပေါ့ မဟုတ်ဘူးလား။”

ကမ်းခြေရှိ အမြောက်တပ်စခန်းတွင် စစ်သားတစ်ဦးက မေးလိုက်၏။

“ကျွန်းပိုင်ရှင်၊ နည်းပြ... ကျုပ်တို့ ပြန်ပစ်ရမလား။”

“မလိုဘူး၊ ဗုံးခိုကျင်းထဲမှာပဲ ပုန်းနေကြ “

ကျန်းယွင်ထျန်း ပြန်ဖြေလိုက်သည်။

လုံလောက်စွာနက်ရှိုင်းသော ဗုံးခိုကျင်း သို့မဟုတ် လေကြောင်းရန်ကာကွယ်ရေးကျင်းများတွင် ခိုလှုံခြင်းသည် အမြောက်ဒဏ်ကို ရှောင်ရှားရန် နည်းလမ်းကောင်းဖြစ်သည်။ ကျန်းယွင်ထျန်းသည် ထိုကျင်းများ တည်ဆောက်ပုံကို အထူးတလည် လေ့ကျင့်ပေးထားပြီးသားဖြစ်၏။

သူတို့သည် အမြောက်ဒဏ်ခံ ဗုံးခိုကျင်းများကို လွန်ခဲ့သော အချိန်ကတည်းက တည်ဆောက်ထားခဲ့ခြင်းဖြစ်ရာ ယခုအခါ အသုံးဝင်လာပြီဖြစ်သည်။

တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေစဉ် အမြောက်ဆံအချို့ ကျရောက်လာသဖြင့် နှစ်ဖက်စလုံးတွင် ထိခိုက်ဒဏ်ရာရသူများ ရှိလာခဲ့၏။

ကွာခြားချက်မှာ အာ်လ်ဘန်တို့ဘက်တွင် သေဆုံးသူရော ဒဏ်ရာရသူပါ ရှိသော်လည်း ရှောင်းယီတို့ဘက်တွင်မူ ဒဏ်ရာရသူသာ ရှိခြင်းဖြစ်သည်။

ဒဏ်ရာရသူမှန်သမျှကို ချက်ချင်း ဆုတ်ခွာစေခဲ့သည်။ နာ့နာသည် ကမ်းခြေတွင်ရှိနေပြီး ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပေးကာ နောက်တန်းသို့ လွှဲပြောင်းပေးနေ၏။ ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ကာ သေသေချာချာ ကုသပေးသည်။

ရှောင်းယီတွင် နာ့နာနှင့် ဆေးရုံရှိနေသဖြင့် ဒဏ်ရာရသူများသည် တပ်ဖွဲ့ထဲတွင် နာကျင်စွာ အော်ဟစ်နေစရာမလိုပေ။

အယ်လ်ဘန်တို့ဘက်မှာမူ လုံးဝကွဲပြား၏။ သူတို့၏ ဒဏ်ရာရစစ်သားများသည် ကုန်းပတ်ပေါ်တွင် လူးလိမ့်ကာ အော်ဟစ်နေကြရသည်။ သူတို့၏ ကုန်းပတ်ပေါ်တွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။

၎င်းသည် စစ်သည်ရဲဘော်တို့၏ စိတ်ဓာတ်ကို ပြင်းထန်စွာ ထိခိုက်သွားစေခဲ့၏။ ဒဏ်ရာမရသေးသော စစ်သားများသည် ထိုကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ပြီး စိုးရိမ်တုန်လှုပ်လာခဲ့ကြသည်။

၎င်းကို ကြိုတင်ခန့်မှန်းထားပုံရသော အယ်လ်ဘန်က အော်ဟစ်လိုက်၏။

“တောင့်ခံထားကြ။ ယီရန်ပင်းကိုသာ ဖမ်းမိရင် ငါတို့ ခေတ်မီတဲ့ ဘဝကို ခံစားရလိမ့်မယ်။ မင်းတို့ရဲ့ ဒဏ်ရာတွေလည်း အပြည့်အဝ ပျောက်ကင်းသွားလိမ့်မယ်။ အထူးတပ်ဖွဲ့တွေ... ထွက်တိုက်ကြတော့။”

အယ်လ်ဘန်၏ အစောပိုင်း ကတိအလွတ်များသည် နားထဲမဝင်သော်လည်း နောက်ဆုံး စကားလုံး ခြောက်လုံးကမူ စစ်သားများကြားတွင် စိတ်လှုပ်ရှားမှုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့သည်။

ထိုစကားကို ပြောလိုက်သည်နှင့် အယ်လ်ဘန်၏ သင်္ဘောသည် ကျန်းယွင်ထျန်း၏ သင်္ဘောဆီသို့ ပိုမိုနီးကပ်လာခဲ့ပြန်၏။

ရှောင်းယီသည် အယ်လ်ဘန်၏ ဟိန်းဟောက်သံကို ကြားလိုက်ရသောအခါ ဘေးနားရှိ ပဏ္ဍိတငယ်လေးတို့ကို ပြောလိုက်သည်။

“မင်းတို့ သင်္ဘောပေါ် တက်လိုက်တော့။ သူတို့ အနီးကပ် တိုက်တော့မယ်။”

“ဟုတ်ကဲ့...”

ပဏ္ဍိတငယ်လေးက ချက်ချင်းတုံ့ပြန်လိုက်ပြီး အိမ်မွေးတိရစ္ဆာန် အုပ်စုလိုက်သည် သင်္ဘောပေါ်သို့ ခုန်တက်သွားခဲ့ကြလေသည်။

သင်္ဘောများ ပိုမိုနီးကပ်လာသောအခါ အယ်လ်ဘန်သည် သူ့ဘေးရှိ လူသုံးယောက်ကို ကြည့်ကာ ပြောလိုက်၏။

“အဲ့ဒါကို သုံးလိုက်တော့။ တစ်နာရီအတွင်း တိုက်ပွဲကို အပြတ်ဖြတ်ကြမယ်။”

“စိတ်မပူပါနဲ့ ခေါင်းဆောင်။ ကျုပ်တို့ SSS အဆင့်သုံးယောက်က သူတို့ကို ချက်ချင်း နှိမ်နင်းပြမယ်။”

“ဟုတ်တယ်။ ယီရန်ပင်းက ဘယ်လောက်ပဲ စွမ်းစွမ်း အများဆုံး SS အဆင့်နှစ်ယောက်ပဲ ရှိမှာပါ။ ရူးသွပ်ဆေး သုံးရင်တောင် SSS အဆင့်နှစ်ယောက်လောက်ပဲ ဖြစ်လာမှာ။ အခု ကျုပ်တို့က သုံးယောက်ရှိတယ်။ သူတို့ ကျုပ်တို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

“အမှန်ပဲာ ပြီးတော့ ရူးသွပ်ဆေးက နာရီဝက်ပဲ ခံတယ်။ သူတို့ မမျှော်လင့်ထားတဲ့အချိန်မှာ ဝင်တိုက်ပြီး ယီရန်ပင်း မဟာမိတ်အဖွဲ့ကို တစ်ချက်တည်းနဲ့ သိမ်းပိုက်လိုက်ကြရအောင်။”

ထိုသုံးယောက်သည် ယီရန်ပင်း မဟာမိတ်အဖွဲ့ကို သေချာပေါက် ဖမ်းဆီးပြမည်ဟု ကြွေးကြော်လိုက်ကြ၏။

ယခုအခါ ကမ်းခြေနှင့် အလွန်နီးကပ်နေပြီ ဖြစ်ရာ ရှောင်းယီသည် သူ၏ အဝေးကြည့်မှန်ပြောင်းမှတစ်ဆင့် ထိုမြင်ကွင်းနှင့် သူတို့လက်ထဲရှိ ဝှက်ဖဲများကို မြင်နေရသည်။

“ဒီလိုဟာမျိုးတောင် ရှိတယ်လား။ ငါ ဘာလို့ တစ်ခါမှ မဲမပေါက်ဖူးပါလိမ့်။”

ရှောင်းယီက အံ့အားသင့်စွာ ရေရွတ်လိုက်၏။

“ပဏ္ဍိတလေး၊ တပိုင်၊ ရှောင်ပိုင်...ရူသွပ်ဆေး သုံးလိုက်တော့။ SSS အဆင့်လူသား သုံးယောက် ပေါ်လာတော့မယ်။”

“ဟုတ်ကဲ့...။”

သုံးကောင်လုံးက တုံ့ပြန်လိုက်ကြသည်။

“မှတ်ထားကြ။ မင်းတို့ဆီမှာ နာရီဝက်ပဲ အချိန်ရှိတယ်။ သူတို့ရဲ့ အဆင့်မြှင့်ကတ်က တစ်နာရီ ခံတယ်။”

ရှောင်းယီက သတိပေးလိုက်သည်။

“ကျုပ်အတွက်တော့ သုံးမိနစ်ပဲ လိုတယ် “

တပိုင်က ပြန်ဖြေလိုက်၏။

“စကားကြီးစကားကျယ် မပြောနဲ့ဦး။ နောက်မှ ပါးရိုက်ခံနေရဦးမယ်။”

ပဏ္ဍိတငယ်လေးက ဘေးကနေ လှမ်းပြောလိုက်သည်။

“သုံးမိနစ်ဆိုတာ တော်တော်လေးလုံလောက်ပါတယ်။”

ရှောင်ပိုင်ကလည်း တိုးတိုးလေး ပြောလိုက်၏။

ဤသားရဲတိရစ္ဆာန်များသည် လူသားများ၏ အင်အားကို ကောင်းကောင်းအာရုံခံနိုင်ကြသည်။ ပထမအချက်မှာ ထိုအဆင့်မြှင့်ကတ် သုံးထားသူများထဲတွင် တစ်ဦးသာ S အဆင့်ဖြစ်ပြီး ကျန်နှစ်ဦးမှာ A အဆင့်မျှသာ ဖြစ်သည်။ သူတို့သည် SS အဆင့်နှင့် အထက် စွမ်းအားများကို ရင်းနှီးကျွမ်းဝင်မှု မရှိကြပေ။

ဒုတိယအချက်မှာ အဆင့်တူပါက သားရဲတိရစ္ဆာန်များသည် လူသားများတွင် ရွှမ်းယွမ်ဓားကဲ့သို့ အလွန်အစွမ်းထက်သော လက်နက်မရှိပါက လူသားများကို အပြတ်အသတ် အနိုင်ယူနိုင်၏။

နောက်ဆုံးအချက်မှာ ပဏ္ဍိတငယ်လေးတို့ သုံးကောင်သည် ရေသူမျိုးနွယ်စုကြားတွင် ရက်အနည်းငယ်ကြာ လေ့ကျင့်ထားခဲ့ပြီးဖြစ်သည်။ ရေအောက်ဖိအားသည် သူတို့၏ ခွန်အားကို အလွန်အမင်း တိုးတက်စေခဲ့၏။

အချုပ်အားဖြင့်ဆိုရသော် ထိုလူသားများသည် အစစ်အမှန် SSS အဆင့်များ မဟုတ်ပါက သားရဲများက အလေးအနက်ထားမည် မဟုတ်ပေ။

အယ်လ်ဘန်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုလူသုံးယောက်ကို အဆင့်မြှင့်ကတ်များ အသုံးပြုပေးလိုက်သည်။ ထိုသုံးယောက်သည် သူတို့ကိုယ်တွင်း၌ အလွန်အစွမ်းထက်သော ခွန်အားများ ပြည့်လျှံလာသည်ကို ချက်ချင်း ခံစားလိုက်ကြရလေသည်။

“တကယ့်ကို အားကောင်းတာပဲ။ ဒီစွမ်းအားသာ ထာဝရ တည်မြဲနေရင် အရမ်းကောင်းမယ်။”

“အဲဒီလိုမျိုး မရှိပါဘူး။ မြန်မြန် အလုပ်လုပ်ကြစမ်းပါ။”

“ငါဆိုရင် လူတစ်ယောက်ရဲ့ ခေါင်းကို လက်သီးတစ်ချက်တည်းနဲ့တင် လွင့်ထွက်သွားအောင် ထိုးနိုင်မယ် ထင်တယ်။”

“ဒါဆို မြန်မြန်လှုပ်ရှားကြ၊ မှတ်ထား... အမြန်ဆုံး အောင်ပွဲခံရမယ်။”

အယ်လ်ဘန်က ပြောလိုက်သည်။

“ဟုတ်ကဲ့”

ထို့နောက် ယုံကြည်မှုများ ပြည့်နှက်နေသော ထိုသုံးယောက်သား ထွက်ခွာသွားခဲ့ကြ၏။

မျက်နှာချင်းဆိုင် သင်္ဘောပေါ်မှ မြှားများ တရစပ် ပျံသန်းလာသော်လည်း သူတို့သည် ၎င်းတို့ကို လွယ်လွယ်ကူကူ ရှောင်တိမ်းနိုင်ခဲ့ကြသည်။

“ဒီလို မဟားတရား စွမ်းအားမျိုး ရထားတာ တကယ်ကို လန်းတာပဲ။”

“စိတ်လှုပ်ရှားနေတာ တော်သင့်ပြီ။ တန်းသွားကြမယ်။”

“ကောင်းပြီ။ ဘယ်သူက အများဆုံး သတ်နိုင်မလဲ ကြည့်ကြတာပေါ့။”

SSS အဆင့်ရှိသော ထိုနိုင်ငံခြားသား သုံးယောက်သည် သူတို့၏ သင်္ဘောပေါ်မှနေ၍ အနီးဆုံးရှိ ရှောင်းယီ၏ သင်္ဘောပေါ်သို့ တိုက်ရိုက် ခုန်ကူးလိုက်ကြတော့လေသည်။

ကျန်းယွင်ထျန်းသည် သူတို့ ခုန်ကူးလာသည်ကို မြင်လိုက်ရ၏။ သူတို့သည် မြှားများနှင့် ကျည်ဆန်များကို လွယ်လွယ်ကူကူ ရှောင်တိမ်းနေကြသည်ကို မြင်သောအခါ မျက်ခုံးပင့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“အားလုံး နောက်ဆုတ်ကြ...။”

“အခုမှ ထွက်ပြေးချင်နေတာလား။ နောက်ကျသွားပြီ။”

လူတစ်ယောက်က လှောင်ပြုံးဖြင့် ပြောဆိုကာ ကျန်းယွင်ထျန်းဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာ၏။

ဝေါင်း...

ထိုစဉ် ကျားကြီးတစ်ကောင် ရုတ်တရက် ခုန်ထွက်လာပြီး ထိုလူနှင့် ကျန်းယွင်ထျန်းကြားတွင် ပိတ်ရပ်လိုက်လေသည်။ ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ရှောင်ပိုင်...ဒီတစ်ကောင်က မင်းအတွက်ပဲ။”

ဝေါင်း...

ရှောင်ပိုင်က ပြန်လည်ဟိန်းဟောက်၍ တုံ့ပြန်လိုက်၏။

ဧရာမ ကျားကြီးကို မြင်သောအခါ ထိုလူမှာ ကြောက်လန့်တကြား နောက်ဆုတ်သွားမိသည်။ သို့သော် သူသည် SSS အဆင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ကျားထံမှ ဘာခြိမ်းခြောက်မှုကိုမှ မခံစားရကြောင်း သတိရသွားသောအခါ “ကြောက်နေလို့ ဘာထူးမှာလဲ “ ဟု တွေးလိုက်မိ၏။

ထိုသို့တွေးပြီးနောက် ထိုလူက ရှောင်ပိုင်ကို လက်ယပ်ခေါ်လိုက်လေသည်။

“မင်း ဒီကို လာခဲ့စမ်း...”

အခန်း ၇၅၀ - ရူးသွပ်ဆေးဖြင့် ချက်ချင်းသတ်ဖြတ်ခြင်းနှင့် ကျောက်ဆောင်အား ဝင်တိုက်မိခြင်း

ထိုအချိန်တွင် ရှောင်ပိုင်သည် ပါးစပ်ထဲရှိ ရူးသွပ်ဆေး၏ သကြားဖုံးထားသောအလွှာကို မဝါးရသေးသဖြင့် ၎င်းမှာ SS အဆင့် ကျားတစ်ကောင်သာ ရှိနေသေး၏။ ထို့ကြောင့် ရန်သူသည် ရှောင်ပိုင်ထံမှ ခြိမ်းခြောက်မှုကို မခံစားရခြင်း ဖြစ်သည်။

အမှန်စင်စစ် ရှောင်ပိုင်သာမက ပဏ္ဍိတငယ်လေးနှင့် တပိုင်တို့သည်လည်း ရူးသွပ်ဆေးကို ချက်ချင်းမသုံးဘဲ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်၏။

“ယီရန်ပင်းက တကယ်ပဲ သားရဲတွေ အများကြီးနဲ့ စာချုပ်ချုပ်ထားတာပဲ။”

“ချုပ်ထားတော့ရော ဘာဖြစ်လဲ။ ဒီသားရဲတွေက ဘာမှ ခြိမ်းခြောက်မှု မရှိပါဘူး။ ဘယ်လောက်ပဲ များများ အသုံးမဝင်ဘူး။”

“စကားများမနေနဲ့တော့။ သူတို့ကို မြန်မြန်ရှင်းပစ်ပြီး တခြားစစ်သားတွေကို သွားတိုက်ကြမယ်။”

ထိုသုံးယောက်သည် အထင်သေးစွာ ပြောဆိုပြီးနောက် တပိုင်နှင့် အခြားသူများဆီသို့ ခုန်ဝင်လိုက်ကြသည်။

သူတို့၏ အထင်သေးမှုကို ခံစားမိပုံရသော တပိုင်သည် ဒေါသတကြီး ဟိန်းဟောက်ကာ ရှေ့သို့ တိုးဝင်သွားခဲ့၏။

“ဒါပဲလား။ နှေးလိုက်တာ...။”

ရန်သူသည် တပိုင်၏ တိုက်ခိုက်မှုကို ပါးနပ်စွာ ရှောင်တိမ်းလိုက်ပြီး တပိုင်၏ ခါးကို ရိုက်ချလိုက်လေသည်။

ဘုန်း

တပိုင်သည် သူ၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့၏။

ကမ်းခြေတွင် ရပ်၍ တိုက်ပွဲကို ကြည့်နေသော ရှောင်းယီက ခေါင်းခါလိုက်သည်။

“အဆင့်ကွာခြားချက်က သိသာလွန်းတယ်။ SSS အဆင့်မှာမရှိရင် သူတို့ကို အနိုင်မယူနိုင်သေးဘူး။”

သို့သော် တပိုင်နှင့် အခြားသူများသည် ပြန်ထလာပြီး ထပ်မံ အားထည့်၍ တိုက်ခိုက်ကြပြန်သည်။ သားရဲတိရစ္ဆာန်များ၏ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ကို အလွန်ခံနိုင်ရည်ရှိသည်ဟု ဆိုရပေမည်။

ထိုသုံးယောက်သည် တပိုင်တို့ကို အကြိမ်ကြိမ် ရိုက်ထုတ်နေသော်လည်း တပိုင်တို့မှာ ထပ်ခါထပ်ခါ ပြန်ထလာပြီး ပြေးဝင်နေကြဆဲပင်။

ထိုစဉ် နောက်ကွယ်ရှိ သင်္ဘောကြီးပေါ်မှ အယ်လ်ဘန်က ချက်ချင်း အော်ဟစ်လိုက်လေသည်။

“သူတို့နဲ့ လုံးထွေးမနေနဲ့။ တခြားလူတွေကို မြန်မြန်သွားရှင်းကြ။”

ထိုသုံးယောက်တွင် အချိန် တစ်နာရီသာ ရှိသည်။ အကယ်၍ ဤသားရဲသုံးကောင်နှင့်သာ အချိန်ကုန်နေပါက အချိန်ပြည့်သွားလျှင် သူတို့အတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

“ဟုတ်ကဲ့”

ထိုသုံးယောက်က တုံ့ပြန်လိုက်ပြီး တပိုင်တို့နှင့် တိုက်ပွဲမှ ခွာကာ ဘေးဘက်ရှိ စစ်သားများဆီသို့ ခုန်ဝင်ရန် ပြင်လိုက်ကြလေ၏။

ထိပ်တိုက်တွေ့လျှင် တပိုင်တို့သည် ရူးသွပ်ဆေးကို မသုံးရသေးသဖြင့် သူတို့ကို မယှဉ်နိုင်သော်လည်း ခဏလောက်တော့ အချိန်ဆွဲထားထားနိုင်သည်။ သို့သော် ရန်သူက သူတို့ကို မတိုက်ဘဲ ရှောင်ထွက်သွားပါက သူတို့ လိုက်မီတော့မည် မဟုတ်ပေ။

ထိုသုံးယောက်သည် တခြားသူများအား သတ်ဖြတ်တော့မည်ကို မြင်သောအခါ တပိုင်တို့သည် တုံ့ဆိုင်းမနေတော့ဘဲ ပါးစပ်ထဲရှိ ရူးသွပ်ဆေးများကို ချက်ချင်း ကိုက်ခွဲလိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါများမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

တိုက်ပွဲမှ ထွက်ခွာရန် ပြင်နေသော ထိုသုံးယောက်သည် ချက်ချင်းပင် ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။ သူတို့သည် ထိတ်လန့်တကြားဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ သတ်ဖြတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေသည့် ဝက်ဝံ၊ မျောက်နှင့် ကျားတို့ကို မြင်လိုက်ရလေသည်။

ဝေါင်း...

သုံးကောင်လုံးက တပြိုင်နက် ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ပစ်မှတ်များဆီသို့ ခုန်အုပ်လိုက်ကြ၏။

ရန်သူသုံးယောက်မှာ အစွမ်းကုန် ပြန်လည်ခုခံလိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ ချက်ချင်းပင် အရေးနိမ့်သွားတော့လေသည်။

နှစ်ဖက်စလုံးသည် အထူးနည်းလမ်းများဖြင့် အဆင့်မြှင့်တင်ထားကြခြင်းဖြစ်ရာ အဆင့်ချင်း တူညီသွားခဲ့ကြသည်။

သို့သော် အဆင့်တူညီပါက သားရဲများသည် လူသားများထက် သဘာဝအတိုင်း ပိုမိုသန်မာကြ၏။ ထိုသုံးယောက်သည် တစ်မိနစ်ခန့်သာ တောင့်ခံနိုင်ခဲ့ပြီး တပိုင်တို့၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့ကြလေသည်။

ဘုန်း

ဂျွတ်

၎င်းတို့၏ ရင်ဘတ်များမှာ ချိုင့်ဝင်သွားပြီး လေထဲတွင် သွေးများ တရစပ် အန်ထုတ်လိုက်ကြရ၏။

ဗွမ်း....

ထိုသုံးယောက်စလုံးသည် ပင်လယ်ထဲသို့ တပြိုင်နက်တည်း ပြုတ်ကျသွားကြတော့လေသည်။

ထိုမြင်ကွင်းကြောင့် အယ်လ်န်မှာ မျက်လုံးများ ပြူးကျယ်သွား၏။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီအိမ်မွေးတိရစ္ဆာန်တွေ အကုန်လုံးက SS အဆင့်တွေလား။”

တပိုင်တို့သည် စောစောက ရိုက်နှက်ဒဏ်ခံနိုင်သည်ကို မြင်သော်လည်း အယ်လ်ဘန်သည် သူတို့ကို S-ယ အဆင့်ဟုသာ ထင်ထားခဲ့ခြင်းဖြစ်သည်။ သားရဲများမှာ အရေထူပြီး အသားမာသဖြင့် ခံနိုင်ရည်ရှိသည်ဟုသာ သူယူဆခဲ့၏။

“ယီရန်ပင်းက ဒီလောက် အဆင့်မြင့်တဲ့ သားရဲတွေကို ဘယ်ကနေ ရလာတာလဲ။”

အယ်လ်ဘန် တုန်လှုပ်သွားခဲ့သည်။

သို့သော် တပိုင်တို့က ရပ်တန့်မနေပေ။ သူတို့ သုံးကောင်လုံး ဒေါသတကြီး ဟိန်းဟောက်လိုက်သောအခါ သူတို့၏ နောက်လိုက် သားရဲများစွာ ထွက်ပေါ်လာပြီး ရန်သူ့သင်္ဘောပေါ်သို့ ခုန်အုပ်လိုက်ကြတော့လေသည်။

ကျူးကျော်သူများသည် ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်တကြားနှင့် အဝေးသို့ ထွက်ပြေးရန် ကြံလိုက်ကြသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

သင်္ဘောများ၏ လှုပ်ရှားနိုင်စွမ်းမှာ အကန့်အသတ် ရှိလှ၏။ ထိုသားရဲများ သင်္ဘောပေါ်သို့ ရောက်ရှိသွားခြင်းမှာ ၎င်းတို့၏ ရှုံးနိမ့်မှုကို ကြေညာလိုက်ခြင်းပင် ဖြစ်သည်။

“ပြီးသွားပြီ...”

အယ်လ်ဘန် စိတ်ပျက်အားငယ်စွာ တွေးလိုက်မိ၏။ ဤမျှ အရှက်ရဖွယ် ရှုံးနိမ့်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ချက်ချင်း လှည့်ပြန်ကြမယ်။ ဒီကနေ မြန်မြန်ထွက်ကြ။”

ဂွန်သင်္ဘောကြီးသည် ချက်ချင်း လမ်းကြောင်းပြောင်းကာ ပင်လယ်ပြင်နက်ထဲသို့ ဦးတည်မောင်းနှင်တော့လေသည်။

အခြားသော သင်္ဘောအားလုံးမှာမူ ကျန်းယွင်ထျန်းနှင့် သားရဲများ၏ လက်အောက်သို့ ကျရောက်သွားကြပြီဖြစ်သည်။

“နည်းပြ... ကျုပ်တို့ လိုက်တိုက်ရမလား။”

စစ်သားတစ်ဦးက မေးလိုက်၏။ ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်သည်။

“အဲ့ဒီသင်္ဘောမှာလည်း အလတ်စား ဘွိုင်လာ ပါလိမ့်မယ်။ ဒီလိုသင်္ဘောမျိုးရဲ့အရှိန်က ငါတို့ သံချပ်ကာသင်္ဘောတွေနဲ့ ရင်ဘောင်တန်းနေတာ။ လိုက်လို့ မမီနိုင်ဘူး။”

“ဒါဆို သူတို့ ထွက်သွားတာကို ဒီအတိုင်းပဲ ကြည့်နေရမှာလား။”

ကျန်းယွင်ထျန်းက ထပ်မံခေါင်းခါလိုက်ပြန်သည်။

“သူတို့ ထွက်သွားလို့ မရပါဘူး။”

ထိုအချိန်တွင် ဂွန်သင်္ဘောပေါ်ရှိ လူအားလုံး စိတ်ဓာတ်ကျနေကြ၏။

“ဒီယီရန်ပင်းက တကယ် အစွမ်းထက်တာပဲ။ ဒီလောက် အဆင့်မြင့်တဲ့ အိမ်မွေးတိရစ္ဆာန်တွေ ရှိနေတယ်။”

“ဒါပေမဲ့ တစ်ခုတော့ ထူးဆန်းတယ်။ ဒီလောက် အဆင့်မြင့်တဲ့ သားရဲတွေက ဘာလို့ စာချုပ်ရဲ့ ချည်နှောင်မှုကို မဖြတ်တောက်ဘဲ ယီရန်ပင်းရဲ့ စကားကို ဒီလောက် နားထောင်နေရတာလဲ။”

“ဟုတ်တယ်... ယီရန်ပင်းကိုယ်တိုင်က SSS အဆင့် ရောက်နေလို့များလား။”

“မဖြစ်နိုင်တာ။ သူ ဘယ်လောက်ပဲ အဆင့်တက်မြန်မြန် SSS အဆင့်တော့ မဖြစ်နိုင်ဘူး။”

အယ်လ်ဘန်က ပြောလိုက်သည်။

“သူ့မှာ ဒီသားရဲတွေကို စာချုပ်ချုပ်နိုင်ဖို့ ထူးခြားတဲ့ စာချုပ်ကတ်တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။”

ထိုစကားကို ကြားသောအခါ အားလုံးက ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ကြ၏။ သူတို့၏ စိတ်ထဲတွင် တစ်ယောက်ယောက်က ဤမျှမြန်မြန် SSS အဆင့်အား ရောက်သွားမည်ကို မယုံကြည်ချင်ကြပေ။

“ဘာပဲဖြစ်ဖြစ်... အရှင်အယ်လ်ဘန်ရဲ့ ဂွန်သင်္ဘော ရှိနေလို့ တော်သေးတာပေါ့ မဟုတ်ရင် ကျုပ်တို့လည်း အဖမ်းခံရမှာ သေချာတယ်။”

“ဟုတ်တယ်။ ယီရန်ပင်းရဲ့ သံသင်္ဘောက တကယ် မြန်တာပဲ။”

“သူ့ရဲ့သံချပ်ကာသင်္ဘောမှာ အလတ်စား ရေနွေးငွေ့အင်ဂျင် မတပ်ရသေးလို့ ဖြစ်ရမယ်။ မဟုတ်ရင် သူတို့က ဂွန်သင်္ဘောထက်တောင် မြန်နေဦးမှာ။”

“ဒီတစ်ခါကတော့ တကယ်ပဲ အံ့သြစရာကောင်းခဲ့တယ်။ ဒါပေမဲ့ ယီရန်ပင်းရဲ့ ဝှက်ဖဲကို ငါတို့ သိသွားပြီလို့ ပြောလို့ရတယ်။ နောက်တစ်ခါ သေချာပြင်ဆင်လာရင်တော့ ယီရန်ပင်း မဟာမိတ်အဖွဲ့ကို သေချာပေါက် သိမ်းပိုက်နိုင်မှာပါ။”

အယ်လ်ဘန်က ပြောလိုက်၏။ အားလုံးက သဘောတူကာ ခေါင်းငြိမ့်ကြသည်။ သူတို့အထင်တွင် ယီရန်ပင်း၌ အဆင့်မြင့် သားရဲတစ်အုပ်ရှိနေရုံသာဖြစ်သည်။ သူတို့၏ အဆင့်များ မြင့်တက်လာသောအခါ အားလုံးပူးပေါင်းပြီး ယီရန်ပင်းကို ဖြိုလဲရန်မှာ ဘာမှအခက်အခဲမရှိဟု ယူဆနေခဲ့ကြ၏။

ထိုစဉ်မှာပင်...

ဘုန်း

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး သင်္ဘောပေါ်ရှိ လူအားလုံး လဲကျသွားခဲ့ကြသည်။ အယ်လ်ဘန်က အော်ဟစ်လိုက်၏။

“ဘာဖြစ်တာလဲ...။”

“အရှင်... ကျုပ်တို့ သင်္ဘော သောင်တင်သွားပုံရတယ်။”

သင်္ဘောကပ္ပတိန်က ချက်ချင်း ပြေးလာပြီး သတင်းပို့လာခဲ့သည်။

“သောင်တင်တယ် ဟုတ်လား။”

အယ်လ်ဘန်က ဆဲဆိုလိုက်၏။

“မင်း ဦးနှောက်ကို သုံးစမ်း။ အခု ငါတို့က ပင်လယ်အလယ်မှာပဲ။ ပြီးတော့ ဒါက ငါတို့ ခုနက လာခဲ့တဲ့ လမ်းကြောင်းပဲ။ ကျောက်ဆောင်တွေက ချက်ချင်းကြီး ပေါက်လာမလားကွ။”

“ဒါပေမဲ့ ကျုပ်တို့ အရမ်းမာတဲ့ အရာတစ်ခုကို တိုက်မိလိုက်တယ်။ သင်္ဘောကိုယ်ထည်လည်း တော်တော် ပျက်စီးသွားပြီ။”

ကပ္ပတိန်က ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။

“ဒါ ယီရန်ပင်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ သင်္ဘောကို မြန်မြန်ပြင်ပြီး ငါတို့ ဘာကို တိုက်မိတာလဲဆိုတာ စစ်ဆေးကြ။”

အယ်လ်ဘန်က ချက်ချင်း အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့...။”

ကပ္ပတိန်က တုံ့ပြန်ပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူသည် မှင်တက်သွားကာ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

“မင်း ဘာဖြစ်နေတာလဲ။ မြန်မြန် အမိန့်အတိုင်းလုပ်ပြီး ဒီနေရာကနေ ထွက်သွားဖို့ ပြင်စမ်း။”

အယ်လ်ဘန် အော်ဟစ်လိုက်၏။

“အ... အရှင်... အရှင်တို့ နောက်မှာ...”

ကပ္ပတိန်သည် တုန်တုန်ရင်ရင်ဖြင့် အယ်လ်ဘန်၏ နောက်ကျောဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။

ထိုအချိန်တွင် အယ်လ်ဘန်သည်လည်း တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း သိလိုက်ရလေသည်။ အကြောင်းမှာ ပတ်ဝန်းကျင်ရှိ လူများသည် သူ့ထံမှ တဖြည်းဖြည်း နောက်ဆုတ်သွားကြပြီး သူ၏ နောက်ကျောဘက်ကို ထိတ်လန့်တကြား ကြည့်နေကြသောကြောင့်ပင်။

အယ်လ်ဘန်သည် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ ဧရာမ ပင်လယ်မြွေကြီးတစ်ကောင်သည် သူ၏ ခန္ဓာကိုယ်တစ်ဝက်ကို ရေပေါ်သို့ ဖော်ထုတ်ထားပြီး သူတို့ကို ရက်စက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရလေသည်။

“ပင်လယ်နဂါးလား။ ဒါမှမဟုတ် ရှေးဦးသတ္တဝါကြီးလား။”

အတွေးပေါင်းများစွာ အယ်လ်ဘန်၏ ခေါင်းထဲတွင် ဖြတ်ပြေးသွားသော်လည်း သူက ချက်ချင်း အမိန့်ပေးလိုက်၏။

“အခုချက်ချင်း တိုက်ခိုက်ကြစမ်း...။”

သင်္ဘောပေါ်ရှိ စစ်သားများသည် ကြောက်လန့်နေကြသော်လည်း စာချုပ်၏ စွမ်းအားကြောင့် အယ်လ်ဘန်၏ အမိန့်ကို မဖီဆန်ဝံ့ကြဘဲ ဧရာမပင်လယ်မြွေကြီးဆီသို့ ချက်ချင်းပင် ပစ်ခတ်ကြလေတော့သည်။

All Chapters