အခန်း (၇၅၁-၇၅၂)
Vol. 59 Ch. 751-752
အခန်း ၇၅၁-ရွှမ်းဝူက သင်္ဘောကို မှောက်ပစ်ပြီး သုံ့ပန်းအားလုံးကို ဖမ်းဆီးခြင်း
အမြောက်တပ်သင်္ဘောပေါ်ရှိ စစ်သားများသည် ဧရာမပင်လယ်မြွေကြီးထံသို့ ၎င်းတို့၏ လက်နက်များကို ချက်ချင်းပင် ချိန်ရွယ်လိုက်ကြ၏။
မြားအမျိုးမျိုးမှာ ပင်လယ်မြွေကြီးထံသို့ ပျံသန်းသွားတော့သည်။ ၎င်းတို့က သေနတ်များကို မသုံးချင်၍ မဟုတ်ဘဲ ယမ်းမှုန့်ထည့်ရန်နှင့် မီးစာညှိရန်အတွက် အချိန်မလောက်တော့သောကြောင့်သာဖြစ်သည်။ မြွေကြီးမှာ အလွန်နီးကပ်နေသဖြင့် လက်နက်အေးများက ပို၍မြန်ဆန်နေခြင်းဖြစ်သည်။
သို့သော်လည်း ပင်လယ်မြွေကြီးမှာ ၎င်း၏ကိုယ်လုံးကို လိမ်ကျစ်ကာ မြားအမြောက်အမြားကို ရှောင်တိမ်းသွားခဲ့၏။ ထိမှန်သွားသော ကျန်မြားများမှာလည်း မြွေကြီး၏ကိုယ်ပေါ်မှ လျှောကျသွားပြီး မည်သည့်ထိခိုက်မှုကိုမျှ မပေးနိုင်ခဲ့ပေ။
“ဟစ်… ဟစ်… ဟစ်…”
မြွေကြီးသည် ၎င်း၏လျှာကြီးကို ထုတ်ကာ ကိုယ်အထက်ပိုင်းကို ယမ်းခါလိုက်ပြီး ကုန်းပတ်ပေါ်ရှိ စစ်သားများကို တိုက်ရိုက်ပင် ရိုက်ထုတ်ပစ်လိုက်သည်။ ထိုစစ်သားများသည် အော်ဟစ်ကာ ပင်လယ်ထဲသို့ ပြုတ်ကျသွားကြ၏။
“ပစ်...အမြောက်တွေနဲ့ တိုက်...။”
အယ်လ်ဘန်က အော်ဟစ်လိုက်သည်။
သင်္ဘောပေါ်ရှိ အမြောက်များအားလုံးသည် ပင်လယ်မြွေကြီးထံသို့ ချိန်ရွယ်လိုက်သော်လည်း မြွေကြီးသည် ၎င်းအား ချိန်ရွယ်ထားသော အမြောက်များကို တစ်ချက်ကြည့်ကာ ပင်လယ်ထဲသို့ ချက်ချင်း ငုပ်လျှိုးသွား၏။ ပစ်ခတ်လိုက်သော အမြောက်ကျည်များမှာ ပင်လယ်ထဲသို့သာ ကျရောက်သွားပြီး ရေတိုင်လုံးကြီးများကိုသာ ဖြစ်ပေါ်စေခဲ့သည်။
အယ်လ်ဘန်နှင့် အခြားသူများသည် ပင်လယ်မြွေကြီး မည်သည့်နေရာမှ ရုတ်တရက် ထွက်ပေါ်လာမည်ကို စိုးရိမ်တကြီးဖြင့် ထိတ်လန့်တကြား ကြည့်နေကြရသည်။
ရုတ်တရက် “ဘုန်း” ခနဲ အသံနှင့်အတူ ဧရာမအမြောက်တပ်သင်္ဘောကြီးမှာ ဘယ်ဘက်သို့ တိမ်းစောင်းသွားတော့လေသည်။
“ဘာဖြစ်တာလဲ။”
အယ်လ်ဘန်က ဟိန်းဟောက်လိုက်၏။
“ဆရာ… သင်္ဘောကိုယ်ထည်ရဲ့ ညာဘက်ခြမ်းကနေ တစ်ခုခုက တွန်းတင်နေသလိုပဲ။”
ကပ္ပတိန်က အော်ပြောလိုက်သည်။
“ဘာ… ငါတို့ တကယ်ပဲ ရှေးဦးသတ္တဝါကြီးနဲ့ တွေ့နေရတာလား။”
“ဒီသင်္ဘောကြီးက အဲဒီလောက် လေးတာကို ဘယ်လိုလုပ် မတင်နိုင်ရတာလဲ။ အဲဒီသတ္တဝါက ဘယ်လောက်တောင် အားသန်နေလို့လဲ။”
“သွားပြီ… လက်ရှိနည်းပညာအဆင့်ထက် မကျော်လွန်တဲ့ သင်္ဘောတွေဆိုရင် ရှေးဦးသတ္တဝါကြီးတွေရဲ့ တိုက်ခိုက်မှုကို မခံရဘူးလို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား။”
“ဒီလိုမျိုးမှန်းသိရင် ယီရန်ပင်းမဟာမိတ်အဖွဲ့ကို လာမတိုက်ပါဘူးကွာ...။ ငါတို့တော့ သေပြီ။”
အားလုံးမှာ လက်ရန်းများကို မြဲမြံစွာ ကိုင်ထားကြသော်လည်း သင်္ဘောမှာ ပို၍ ပို၍ တိမ်းစောင်းလာကာ နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ မှောက်ခုံဖြစ်သွားတော့လေသည်။ သင်္ဘောပေါ်ရှိ စစ်သားများသည် မုန့်လုံးရေပေါ်များကဲ့သို့ ပင်လယ်ထဲသို့ ပြုတ်ကျကုန်ကြ၏။
ထိုအချိန်တွင် အပူချိန်မှာ အလွန်နိမ့်ကျနေခဲ့သည်။ ကမ်းခြေတွင် ထိုင်ကြည့်နေသော ရှောင်းယီမှာလည်း ၎င်း၏ အနွေးထည်ကို အထပ်ထပ် ဆွဲစိနေရ၏။ ရေထဲကျသွားသူများကို အချိန်မီ မကယ်နိုင်ပါက ၎င်းတို့မှာ ရေခဲချောင်းများအဖြစ် ပြောင်းလဲသွားနိုင်သည်ဟု ရှောင်းယီ ခန့်မှန်းမိလိုက်သည်။
“အစ်ကိုကျန်း… သူတို့ကို အကုန်ခေါ်လာခဲ့။ သူတို့ကို ဒီအတိုင်း အသေမခံနိုင်ဘူး။ မဟုတ်ရင် ငါတို့က ဘယ်သူ့ဆီကနေ လျော်ကြေးသွားတောင်းရမှာလဲ။”
ရှောင်းယီက ဆိုသည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းသည် သံချပ်ကာတိုက်သင်္ဘောကို မှောက်သွားသော သင်္ဘောရှိရာသို့ မောင်းနှင်သွားခိုင်းလိုက်၏။
တရားခံဖြစ်သူ ရွှမ်းဝူမှာမူ ရှောင်းယီ၏ အမိန့်အရ မှောက်နေသော သင်္ဘောကြီးကို ပြန်လှန်ပေးလိုက်သည်။ ရေထဲကျနေသူများသည် ထိုအချိန်မှသာ ပင်လယ်နဂါးကြီး၏ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရလေသည်။ ၎င်းမှာ ပင်လယ်မြွေကြီးတစ်ကောင် ရစ်ပတ်ထားသော ဧရာမလိပ်ကြီးတစ်ကောင်သာ ဖြစ်၏။
“ဒါက ရှားဒဏ္ဍာရီထဲက အစောင့်အရှောက်နတ်ဘုရား လေးပါးထဲက တစ်ပါးဖြစ်တဲ့ ရွှမ်းဝူပဲ။”
ရေထဲကျနေသူအချို့မှာ ရှားဒဏ္ဍာရီများကို ရင်းနှီးသဖြင့် အံ့အားသင့်စွာ အော်ဟစ်လိုက်ကြသည်။
“ဘာနတ်ဘုရားလဲ… ငါတော့ အေးခဲပြီးသေတော့မယ်။ ကျုပ် လက်နက်ချပါတယ်။ ကယ်ကြပါဦး။”
ထိုအချိန်တွင် အမြောက်တပ်သင်္ဘောပေါ်ရှိ လူအားလုံးမှာ ရေထဲတွင် ကူးခတ်ရင်း ‘ကူပါ၊ကယ်ပါ’ ဟု အော်ဟစ်နေကြ၏။ ကျန်းယွင်ထျန်း ရောက်ရှိလာသောအခါ ၎င်းတို့မှာ မည်သည့်ခုခံမှုမျှ မလုပ်တော့ဘဲ ယီရန်ပင်းထံတွင် အမြန်ဆုံး အဖမ်းခံရပြီး ဤအေးစက်လှသော ရေထဲမှ လွတ်မြောက်ရန်သာ မျှော်လင့်နေကြတော့သည်။
မကြာမီ လူအားလုံးကို ကမ်းပေါ်သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့၏ အဝတ်အစားများမှာ စိုရွှဲနေပြီး အအေးဒဏ်ကြောင့် တုန်ရီနေကြ၏။ ရှောင်းယီက ၎င်းတို့ကိုကြည့်ကာ ပြောလိုက်သည်။
“သူတို့အကုန်လုံးကို ထောင်ထဲပို့လိုက်။”
“မလုပ်ပါနဲ့...။ ကျုပ်တို့ကို အဝတ်အစား အရင်လဲခွင့်ပေးပါ။ ဒီအတိုင်းဆို အေးခဲသေသွားပါလိမ့်မယ်။”
“ဟုတ်ပါတယ် ကျေးဇူးပြုပြီး...။ ကျုပ် အေးခဲပြီး မသေချင်ဘူး။”
“အဝတ်အစားသာ လဲခွင့်ပေးမယ်ဆိုရင် ဘာပဲခိုင်းခိုင်း လုပ်ပါ့မယ်။”
ရှောင်းယီက ၎င်းတို့ကို လုံးဝ လျစ်လျူရှုလိုက်သည်။
“သူတို့ကို အကုန် ပိတ်ထားလိုက်။ ဘာပဲပြောပြော မနက်ဖြန်မှ ဆက်ပြောမယ်။”
ကျန်းယွင်ထျန်းသည် လက်ဝေ့ယမ်းလိုက်ပြီး သုံ့ပန်းအားလုံးကို မဟာမိတ်အဖွဲ့၏ အရှေ့တောင်ဘက်ကျွန်းရှိ ထောင်ထဲတွင် ပိတ်လှောင်လိုက်၏။ ထိုလူများသည် လမ်းတစ်လျှောက်လုံး အော်ဟစ်ငိုယိုလာကြသော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။
သို့သော် ထောင်ထဲသို့ ရောက်သွားပြီးနောက်တွင်မူ ငိုယိုနေသော လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြလေသည်။
“ယီရန်ပင်းက ထောင်ထဲမှာတောင် အပူပေးစက်တွေ တပ်ထားတာလား။”
“အရမ်းနွေးတာပဲ။ ဒါက တကယ်ပဲ ထောင်ရောဟုတ်ရဲ့လား။”
“ငါတို့ တကယ်ကို မောက်မာခဲ့မိတာပဲ။ ငါတို့ကျွန်းပေါ်မှာ ဘယ်လိုတွေ နေထိုင်နေကြတာလဲ။ ကြည့်စမ်း…။ သူတို့ရဲ့ ထောင်ကတောင် ငါတို့နေတဲ့ အိမ်တွေထက် သာနေသေးတယ်။”
“ဟုတ်တယ်။ ဒါက အရင်က ကမ္ဘာမဟုတ်တော့ဘူးဆိုတဲ့ ယီရန်ပင်းရဲ့ စကားက တကယ်မှန်တယ်။ ငါတို့ ယီရန်ပင်းရဲ့ အင်အားကို အထင်သေးခဲ့မိတယ်။”
သုံ့ပန်းများကို တစ်ဦးချင်း ခွဲခြားထိန်းသိမ်းထားခဲ့၏။ ထောင်ထဲသို့ ရောက်သောအခါ သီးသန့်ပြင်ဆင်ထားသော ထောင်ဝတ်စုံများ ရှိနေခဲ့သည်။ ၎င်းတို့မှာ ထောင်စောင့်များက သတိပေးရန်ပင် မလိုဘဲ အဝတ်များကို ကိုယ်တိုင်လဲလှယ်လိုက်ကြသည်။ ထို့နောက် စိုနေသော အဝတ်များကို အပူပေးစက်အနီးရှိ အဝတ်တန်းတွင် လှန်းထားလိုက်ကြလေသည်။
ရှောင်းယီမှာမူ ထိုအချိန်တွင် တိုက်ပွဲတွင် ဒဏ်ရာရခဲ့သော စစ်သားများကို ကြည့်ရှုရန် ဆေးရုံသို့ ရောက်ရှိနေခဲ့၏။
စွန်းယောင်သည် ရှောင်းယီကို မြင်သောအခါ ချက်ချင်း အစီရင်ခံလိုက်သည်။
“ဒီစစ်သားတွေက ဒဏ်ရာ နည်းနည်းပဲ ရထားတာပါ။ စစ်သား နှစ်ယောက်ပဲ လက်မောင်းမှာ ကျည်ဆံထိမှန်ခဲ့ပါတယ်။ ကျည်စတွေကို ဖယ်ရှားပြီးပါပြီ။ ခဏနားပြီးရင် အဆင်ပြေသွားမှာပါ။”
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ...။ လူတိုင်းရဲ့ ဘေးကင်းရေးနဲ့ ပြန်လည်ကျန်းမာရေးကို သေချာဂရုစိုက်ပါ။”
“ဟုတ်ကဲ့။”
စွန်းယောင်က ပြန်ဖြေလိုက်သည်။
“ရန်သူ့ဘက်က ဒဏ်ရာရတဲ့သူတွေရော...။”
ရှောင်းယီက မေးလိုက်သည်။
“သူတို့ကိုတော့ မသေရုံတမယ် အခြေခံ ကုသမှုပဲ ပေးထားပြီး ထောင်ထဲ ပို့လိုက်ပါပြီ။”
စွန်းယောင်က ပြန်ဖြေလိုက်၏။
“အင်း…”
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“လူတိုင်းရဲ့ ဆေးကုသစရိတ်တွေကို တွက်ထားဖို့ မမေ့နဲ့ဦး။ သူတို့ဆီကနေ အဲဒါတွေ တောင်းရဦးမယ်။”
“ဟုတ်ကဲ့...”
စွန်းယောင်က နားလည်စွာဖြင့် ခေါင်းညိတ်လိုက်၏။
အရာအားလုံး ညွှန်ကြားပြီးနောက် ရှောင်းယီသည် ၎င်း၏ဗီလာသို့ ပြန်လာခဲ့လိုက်သည်။ ယခုအကြိမ် ကိုးနိုင်ငံမဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုသည် သုံးနာရီ မပြည့်မီတွင်ပင် အားလုံးကို ဖမ်းဆီးလိုက်နိုင်ခြင်းဖြင့် ပြီးဆုံးသွားခဲ့သည်။
“တော်တော်ဒုက္ခပေးတာပဲ။”
ရှောင်းယီက မကျေမနပ် ရေရွတ်ရင်း အချိန်ကို ကြည့်လိုက်ရာ မနက် နှစ်နာရီကျော်နေပြီ ဖြစ်သည်။
ထို့နောက် သူသည် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်ပြီး စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်၏။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - ပစ္စည်းပွားကတ် ၁၀၀။”
“ပစ္စည်းပွားကတ် - မည်သည့်ပစ္စည်းကိရိယာကိုမဆို ပွားယူနိုင်ပါသည်။”
စနစ်၏ ဖော်ပြချက်မှာ တိုတောင်းရှင်းလင်းလှသဖြင့် ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
မကြာသေးမီကမှ အဆင့်မြင့် သတ္တုတွင်းတူးခြင်းနှင့် အရည်ကျိုသည့် ပစ္စည်းများမှာ တစ်စုံတည်းသာ ရှိသည်ဟုဆိုပြီး ညည်းညူနေခဲ့သည် မဟုတ်လော။
‘စနစ်က နောက်ဆုံးတော့ ငါ့ရဲ့ လိုအပ်ချက်ကို သိသွားပြီပဲ။ အခုဆိုရင် သတ္တုတွင်းတူးပစ္စည်းတွေကို ပိုပြီး ပွားယူလို့ရပြီ။ ကျွန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကလည်း ထပ်ပြီး မြန်ဆန်လာတော့မှာပဲ။အရမ်းနောက်ကျနေပြီဆိုတော့ ဘယ်ပစ္စည်းတွေကို ပွားရမလဲဆိုတာ မနက်ဖြန်မှပဲ သေချာစဉ်းစားတော့မယ်။’
ထိုသို့တွေးရင်းဖြင့် ရှောင်းယီသည် ပျော်ရွှင်စွာဖြင့် အိပ်ပျော်သွားတော့လေသည်။
နောက်တစ်နေ့ မနက်တွင် အလျင်အမြန် မျက်နှာသစ် သန့်စင်ပြီးနောက် ရှောင်းယီသည် ၎င်းတွင်ရှိသော ပစ္စည်းစာရင်းကို စတင်ပြုစုတော့လေသည်။ ပစ္စည်းသေတ္တာများမှ ရရှိထားသော ပစ္စည်းများမှာ SSS အဆင့်မဟုတ်သဖြင့် ပွားယူရန် မထိုက်တန်ပေ။ ထို့ကြောင့် လက်မှတ်ထိုးဝင်ရာလုပ်ရာမှ ရရှိထားသော ပစ္စည်းများကိုသာ အဓိကထားရမည်ဖြစ်သည်။
သူ့တွင် လက်မှတ်ထိုးဝင်ရာမှ ရရှိထားသော ပစ္စည်းများစွာရှိ၏။ ကနဦး ငါးဖမ်းပိုက်များ၊ စက္ကူထုတ်စက်များမှသည် နောက်ပိုင်းတွင် စိုက်ပျိုးရေးအထောက်အကူပြုပစ္စည်းများ၊ သတ္တုနှင့်ပတ်သက်သော ပစ္စည်းများ၊ အင်ဂျင်နီယာပုံဆွဲကိရိယာများနှင့် ဆေးသုတ်ပစ္စည်းများအထိ ရှိနေခဲ့သည်။
အလိုအလျောက် ငါးဖမ်းပိုက်မှာ ယခုအခါ သိပ်မသုံးတော့သဖြင့် ထပ်ပွားရန် မလိုပေ။ စက္ကူထုတ်စက်မှာလည်း ထိရောက်မှု ကောင်းမွန်သဖြင့် တစ်လုံးတည်းနှင့်ပင် ကျွန်းသားအားလုံးအတွက် လောက်ငှပေသည်။ စိုက်ပျိုးရေး အထောက်အကူပြုစက်မှာလည်း လောလောဆယ် လောက်ငှနေသေး၏။
အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေတော့သည်။
အခန်း ၇၅၂ - ပစ္စည်းကိရိယာများ ပွားယူခြင်းနှင့် မမျှတသော စာချုပ်
သူသည် စနစ်အာကာသထဲမှ ပစ္စည်းပွားကတ်များကို ထုတ်ယူကာ သတ္တုအရည်ကျိုစက် ၃၀၊ သတ္တုတွင်းတူးဖော်စက် ၃၀၊ ဆီသန့်စင်စက် ၃၀၊ စူးစမ်းရှာဖွေရေး ကိရိယာ ၅ ခု၊ အပိုပစ္စည်း ထုတ်လုပ်ရေး ကိရိယာ ၃ ခုနှင့် အင်ဂျင်နီယာပုံဆွဲကိရိယာ ၂ စုံတို့ကို ပွားယူလိုက်သည်။
“ပစ္စည်းပွားကတ်ကို အောင်မြင်စွာ အသုံးပြုပြီးပါပြီ။ ရရှိသော အရင်းအမြစ်များမှာ...”
“ဒါတွေရှိရင်တော့ သတ္တုတူးဖော်ရေးနဲ့ အရည်ကျိုတဲ့လုပ်ငန်းတွေကို အမီလိုက်နိုင်တော့မှာပါ။”
ရှောင်းယီက သူ့ဘာသာ တွေးလိုက်၏။
ဤ SSS အဆင့်ရှိ သတ္တုတွင်းတူးဖော်စက်များသည် လူပုနိုင်ငံမှ ဝယ်ယူထားသော စက်များထက် အဆပေါင်း ထောင်ချီ၍ ပိုမိုထိရောက်ကြောင်း သိထားသင့်ရမည်ဖြစ်သည်။
ရှောင်းယီ အောက်ထပ်သို့ ဆင်းလာသောအခါ မနက်စာမှာ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး အန်ယွဲ့မှာ စားပွဲတွင် ထိုင်ကာ စားသောက်နေပြီဖြစ်သည်။
“ဦးလေးအန်း မင်္ဂလာနံနက်ခင်းပါ။”
ရှောင်းယီက နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ။ မနေ့ညက မင်း မနက်နှစ်နာရီကျော်မှ အိပ်ရတယ်လို့ ကြားခဲ့တယ်။”
အန်းယွဲ့က ပြန်ပြောလိုက်သည်။
“ဟုတ်တယ်။ အဲ့ဒီလူတွေက တကယ် ဒုက္ခပေးနိုင်တယ်။ ကျုပ်တို့ကို သက်သက်အိပ်ရေးပျက်အောင် လုပ်နေတာပဲ။ မဖြစ်သေးဘူး… ဒီအချက်ကိုလည်း သူတို့ဆီက တောင်းရမယ့် လျော်ကြေးထဲမှာ ထည့်ရမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်၏။ အန်းယွဲ့သည် ခဏတာ မှင်သက်သွားခဲ့ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ဒါဆို မင်းမှာ ဒီလို အစီအစဉ်ရှိပြီးသားပေါ့။”
“ဒါပေါ့။ မဟုတ်ရင် ဘာလို့ အားလုံးကို လိုက်ဖမ်းနေမလဲ။ တိုက်တန်းနစ်သင်္ဘောပေါ်က လူတွေလိုပဲ ရေထဲမှာ အေးခဲပြီး သေခိုင်းလိုက်မှာပေါ့။”
ရှောင်းယီက ဆိုသည်။
“ဒါလည်း ဟုတ်တာပဲ။ ဒါပေမဲ့ ငါတို့ရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင်တော့ အသက်ရှင်ကျန်ရစ်သူတွေကို ထိန်းထားတာ ပိုကောင်းတယ်။ အသက်ရှင်ကျန်ရစ်သူ များလေလေ ငါတို့ရဲ့ အခြေခံအင်အားက ပိုကြီးလေလေပဲ။”
အန်းယွဲ့က ပြောလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်ကဲ့ပါ။ ကျုပ် အဆင့်မြင့် သတ္တုတူးဖော်ရေးနဲ့ အရည်ကျိုစက်တွေ အများကြီး ရထားတယ်။ ခဏနေရင် ဂိုဒေါင်ကိုသွားပြီး အဲဒါတွေကို သတ္တုသိုက်တွေရှိတဲ့ ကျွန်းတွေပေါ်မှာ သွားချထားဖို့ စီစဉ်ပေးပါဦး။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ။”
အန်းယွဲ့က ခေါင်းငြိမ့်လိုက်၏။
ရှောင်းယီသည် မနက်စာစားပြီးနောက် မဟာမိတ်အဖွဲ့၏ အရှေ့တောင်ဘက်ကျွန်းသို့ အပြေးအလွှား သွားရပြန်သည်။ ထိုနေရာရှိ သုံ့ပန်းများနှင့် စကားပြောရန် ကျန်ရှိနေသေး၏။
အန်းယွဲ့သည် ဂိုဒေါင်သို့ ရောက်ရှိလာသောအခါ ပစ္စည်းကိရိယာ အခု ၁၀၀ ခန့်ကို မြင်ပြီးနောက် မှင်သက်သွားခဲ့ပြန်သည်။ ရှောင်းယီသည် ‘အချို့’ ကို ရရှိထားသည်ဟု ပြောသဖြင့် တစ်ခု သို့မဟုတ် နှစ်ခုဟုသာ ထင်ထားခဲ့သော်လည်း သူ့ရှေ့ရှိ ပစ္စည်းအခု ၁၀၀ မှာ သူ့ကို အံ့အားသင့်သွားစေခဲ့သည်။
ထိုအရာများအားလုံးသည် SSS အဆင့် ပစ္စည်းများဖြစ်ပြီး သာမန်ပစ္စည်းများ မဟုတ်ချေ။ တစ်ပြိုင်နက်တည်း ဤမျှအများကြီး ရလာခြင်းကြောင့် ရှောင်းယီသည့် အမြဲတမ်း အံ့သြစရာတွေ ယူဆောင်ပေးနိုင်သူပဲဟု အန်းယွဲ့အား ခံစားရစေ၏။ အန်းယွဲ့သည် ထိုစက်များကို အသုံးဝင်စေရန်အတွက် သက်ဆိုင်ရာ ကျွန်းများသို့ ချက်ချင်းပင် ပို့ဆောင်ရန် စီစဉ်တော့လေသည်။
“ဒီစက်တွေရှိနေရင် လူပုတွေဆီက ဝယ်ထားတဲ့ စက်တွေကို ပြန်ရောင်းလို့တောင် ရမယ် ထင်တယ်။”
အန်းယွဲ့က တိုးတိုးလေး ရေရွတ်လိုက်မိ၏။ သို့သော် သူ၏ အတွေးကို ချက်ချင်းပင် ပြန်ပြင်လိုက်သည်။ ယခုအခါ ရှောင်းယီတွင် ကျွန်းပေါင်းများစွာ ရှိနေသဖြင့် စက်အလုံး ၃၀ သည် ကျွန်းအားလုံးအတွက် မလုံလောက်သေးပေ။ အဆင့်မြင့်စက်များ မရောက်နိုင်သော ကျွန်းများတွင် လူပုများ၏ စက်များကို ဆက်လက်သုံးစွဲနိုင်ပေသေးသည်။
ဤအတောအတွင်း ရှောင်းယီသည် ရထား၊ သင်္ဘောနှင့် မြင်းလှည်းတို့ကို အဆင့်ဆင့်စီးကာ အရှေ့တောင်ဘက်ကျွန်းရှိ အကျဉ်းထောင်သို့ ရောက်ရှိသွားခဲ့၏။ ကျန်းယွင်ထျန်းသည်လည်း ထောင်တံခါးဝတွင် စောင့်နေပြီးသားဖြစ်သည်။
“အားလုံး အဆင်သင့်ဖြစ်ပြီလား။”
ရှောင်းယီက မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြလိုက်၏။
“အဆင်သင့်ပါပဲ။ အခု စကြတော့မလား။”
“အင်း… သူတို့အားလုံးကို ခေါ်ထုတ်လာခဲ့။”
မကြာမီ မနေ့က ဖမ်းဆီးထားသူအားလုံးကို ခေါ်ဆောင်လာခဲ့သည်။
“အရမ်းအေးတာပဲ။ ငါ ပြန်ချင်တယ်။ မင်းတို့က သုံ့ပန်းတွေကို နှိပ်စက်နေတာပဲ။”
“ငါ ကန့်ကွက်တယ်။ ငါတို့အတွက် အပူပေးစက်ပါတဲ့ အခန်းတွေ စီစဉ်ပေးရမယ်။”
“ဘယ်သူဖြစ်ဖြစ် စကားထပ်ပြောရင် ချက်ချင်း ပစ်သတ်မယ်။”
ကျန်းယွင်ထျန်းက ထိုလူများကို ကြည့်ကာ အော်ဟစ်လိုက်၏။
ဘာသာပြန်သူသည် ကျန်းယွင်ထျန်း၏ စကားကို ချက်ချင်း ဘာသာပြန်ပေးလိုက်ရာ ပတ်ဝန်းကျင်ရှိ အစောင့်များက လက်နက်များကို အသင့်ပြင်လိုက်ကြသည်။ သုံ့ပန်းများမှာ ချက်ချင်းပင် ငြိမ်ကျသွားတော့လေသည်။
“မင်းတို့က ကိုယ့်အခြေအနေကိုယ် လုံးဝနားမလည်သေးဘူးထင်တယ်။ မင်းတို့က အကျဉ်းသားတွေပဲ။ ငါတို့ မင်းတို့ကို အချိန်မရွေး သတ်ပစ်လို့ရတယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
အယ်လ်ဘန်သည် ကျန်းယွင်ထျန်းကို ကြည့်ပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်၏။
“ဟမ့်… ချော့တစ်ခါ ခြောက်တစ်လှည့်ပေါ့ ဟုတ်လား။ ငါတို့ကို ဒီကို ခေါ်လာတယ်ဆိုမှတော့ ဆွေးနွေးစရာ ရှိလို့ဖြစ်ရမယ်။ ဆွေးနွေးစရာ ရှိတယ်ဆိုရင် မင်းတို့ဘက်က ရိုးသားမှုကို အရင်ပြရမှာပေါ့။”
ရှောင်းယီသည် ယုံကြည်မှုလွန်ကဲနေသော အယ်လ်ဘန်ကို ကြည့်ကာ ပြုံးလျက် ခေါင်းခါလိုက်မိသည်။
“ဒီလူရဲ့ မဟာမိတ်အဖွဲ့ကို သွားတိုက်ပြီး အကုန်သိမ်းပိုက်ဖို့ စစ်တပ်ကို ချက်ချင်း အမိန့်ပေးလိုက်။”
“ဟုတ်ကဲ့”
ထို့နောက် ကျန်းယွင်ထျန်းသည် ချက်ချင်းပင် အမိန့်ပေးလိုက်၏။
အယ်လ်ဘန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။
“အဲ့လို မလုပ်ပါနဲ့။ ငါတို့ ဆွေးနွေးလို့ ရပါတယ်။”
ရှောင်းယီက ၎င်းကိုကြည့်ကာ ခေါင်းခါရင်း ပြောလိုက်သည်။
“ငါက ဆွေးနွေးချင်ခဲ့တာပါ။ ဒါပေမဲ့ မင်းရဲ့ အပြုအမူကို ငါ သဘောမကျဘူး။ အဲ့ဒါကြောင့် မင်းရဲ့ မဟာမိတ်အဖွဲ့ကို ငါ သိမ်းပိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ သူ့ကို ဖမ်းသွားပြီး ပြန်ပိတ်ထားလိုက်။”
“ဟုတ်ကဲ့။”
ကျန်ရှိနေသော လူများမှာ ထိတ်လန့်ကြကုန်၏။ ဤ ယီရန်ပင်းမှာ စကားတစ်ခွန်း မတည့်ပါက တစ်ဖက်လူ၏ မဟာမိတ်အဖွဲ့တစ်ခုလုံးကို သိမ်းပိုက်ပစ်မည့်သူ ဖြစ်နေလေသည်။
“အခု ဆွေးနွေးလို့ ရပြီလား။”
ရှောင်းယီက ကျန်ရှိသူများကို ပြုံးလျက်ကြည့်ကာ မေးလိုက်၏။
“ရပါပြီ… ရပါပြီ။”
အားလုံးက ကြောက်ရွံ့စွာဖြင့် ပြန်ဖြေလာခဲ့ကြသည်။
“ကောင်းပြီ၊ ငါပြောတာကို နားထောင်ကြ။ မင်းတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ လက်ခံမလား၊ လက်မခံဘူးလားပဲ။ နားလည်လား။”
ရှောင်းယီက ဆိုသည်။
အားလုံးသည် ၎င်းတို့၏စိတ်ထဲတွင် ကျိန်ဆဲနေကြသော်လည်း အပြင်ပန်းတွင်မူ ငြိမ်သက်နေကြရ၏ည်။
‘ဒါက ဆွေးနွေးတာလား၊ မင်းပြောသမျှ အကုန်လုပ်ရမယ့် ပုံစံကြီးပဲကို။’
သို့သော် ၎င်းတို့သည် စိတ်ထဲတွင်သာ ညည်းညူနိုင်ပြီး အပြင်သို့ မထုတ်ဖော်ရဲပေ။ အကယ်၍ ၎င်းတို့က ကန့်ကွက်လျှင် အယ်လ်ဘန်ကဲ့သို့ပင် ၎င်းတို့၏ ကျွန်းများမှာ သိမ်းပိုက်ခံရပေတော့မည်။
“ပထမအချက် မင်းတို့ ငါတို့ကို လာတိုက်တဲ့အတွက် ငါတို့ကျွန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခဲ့သလို စစ်သားတွေကိုလည်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့တယ်။ ဒါကြောင့် လျော်ကြေးအနေနဲ့ မဟာမိတ်အဖွဲ့တစ်ခုကို အုတ်မြစ်ကျောက် ၁ သိန်းစီ ပေးရမယ်။ အခုချက်ချင်း လက်ငင်းမရှိရင် ဆိုင်းငံ့ပေးမယ်။ ဒါပေမဲ့ အတိုးရှိမယ်။”
“အုတ်မြစ်ကျောက် တစ်သိန်းတောင်လား။ ဒါက အရမ်းများလွန်းတယ်။ ကျုပ်တို့မှာ အဲ့လောက်မရှိဘူး။”
“ဟုတ်ပါတယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့က တစ်နေ့ကို အုတ်မြစ်ကျောက် ထောင်ဂဏန်းပဲ ရတာပါ။ ဘယ်လိုမှ မတတ်နိုင်ပါဘူး။”
“သခင်ကြီး ယီရန်ပင်း… လျော်ကြေးကို နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား။”
ရှောင်းယီသည် သူတို့ကို တစ်ချက်စိုက်ကြည့်ပြီး ချောင်းဟန့်လိုက်ရာ အားလုံး ချက်ချင်းပင် တိတ်သွားခဲ့၏။
“ငါ ထပ်ပြောမယ်။ မင်းတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ တတိယအကြိမ် ထပ်မပြောချင်ဘူး။”
အားလုံးမှာ ကူကယ်ရာမဲ့စွာဖြင့် ဆက်လက်၍သာ နားထောင်နေလိုက်ရသည်။
“ဒုတိယအချက် မဟာမိတ်အဖွဲ့ တစ်ခုချင်းစီက ကျွန်းတစ်ကျွန်းစီကို ယီရန်ပင်းမဟာမိတ်အဖွဲ့ဆီ ခွဲပေးရမယ်။”
ထိုလူများ စကားပြောရန် ပြင်လိုက်သော်လည်း ရှောင်ယီ၏ စူးရှသော အကြည့်ကြောင့် ပါးစပ်ပြန်ပိတ်သွားကြရ၏။
“တတိယအချက် ယီရန်ပင်းမဟာမိတ်အဖွဲ့က ကုန်သည်တွေက မင်းတို့ရဲ့ မဟာမိတ်အဖွဲ့ထဲကို ကုန်သွယ်မှုအတွက် လွတ်လပ်စွာ ဝင်ထွက်ခွင့် ရှိရမယ်။ အခွန်အခ မရှိရဘူး။”
“စတုတ္ထအချက် ငါတို့ရဲ့ စစ်သင်္ဘောတွေက မင်းတို့ရဲ့ မဟာမိတ်ပင်လယ်ပြင်မှာ လွတ်လပ်စွာ သွားလာခွင့် ရှိရမယ်။”
“အထက်က လေးချက်ကို အားလုံး ကြားကြလား။ လက်မခံတဲ့သူ လက်ထောင်။”
ရှောင်းယီက မေးလိုက်သည်။
အယ်လ်ဘန်ကို နမူနာမြင်ထားပြီးဖြစ်ရာ မည်သူက လက်ထောင်ရဲမည်နည်း။ လက်မခံပါက မဟာမိတ်အဖွဲ့တစ်ခုလုံး ပျောက်ကွယ်သွားရမည်ဖြစ်သည်။ ဤလေးချက်ကို လက်ခံခြင်းမှာ ၎င်းတို့၏ မဟာမိတ်အဖွဲ့သည် ယီရန်ပင်း၏ ‘ကိုလိုနီ’ ဖြစ်သွားခြင်းပင် ဖြစ်သော်လည်း အနည်းဆုံးတော့ အသက်ရှင်ခွင့်ရပြီး နောင်တစ်ချိန် ပြန်လည် ထူထောင်ရန် အခွင့်အရေး ရှိသေးသည်ဟု ၎င်းတို့ တွေးလိုက်ကြလေ၏။
“အားလုံး သဘောတူတယ်ဆိုရင် စာချုပ်မှာ လက်မှတ်ထိုးကြတာပေါ့။ လက်မှတ်ထိုးပြီးရင် မဟာမိတ်အဖွဲ့ တစ်ခုစီကနေ လူတစ်ယောက်စီကို စာချုပ်ပါ ကိစ္စတွေ ဆောင်ရွက်ဖို့ ပြန်လွှတ်ပေးမယ်။ အားလုံးပြီးစီးသွားရင်တော့ မင်းတို့ အိမ်ပြန်လို့ရပြီ။”
“ဟုတ်ကဲ့ ”
လူတိုင်း ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလိုက်ကြရသည်။
ဤကဲ့သို့ အရှက်ရဖွယ်ကောင်းသော စာချုပ်ကို ၎င်းတို့ ခုခံနိုင်စွမ်း မရှိကြပေ။ သူတို့သည် ယခင်ကမ္ဘာမှ ရှားနိုင်ငံ၏ သမိုင်းကြောင်းကိုပင် ပြန်လည် မြင်ယောင်သွားမိကြတော့သည်။