← Chapters

အခန်း (၇၅၅-၇၅၆)

Vol. 59 Ch. 755-756

အခန်း (၇၅၅-၇၅၆)

Vol. 59 Ch. 755-756

အခန်း ၇၅၅ - သံချပ်ကာစစ်သင်္ဘောတွင် ရေနွေးငွေ့စွမ်းအင် တပ်ဆင်ခြင်း

စက်ရုပ်မှာ ခဏတာ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”

ထို့နောက် ရှောင်းယီသည် စာလိပ်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ယူဆောင်လာပြီး အသုံးပြုလိုက်၏။

“အသုံးပြုမှု အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - 【အလတ်စား ရေနွေးငွေ့အင်ဂျင် ပုံစံကွက်】 (B အဆင့်) ၁။”

လိုအပ်သော ကုန်ကြမ်းများကို ကြည့်လိုက်ရာ အားလုံးမှာ ဂိုဒေါင်ထဲတွင် ရှိနေသဖြင့် သူသည် အလတ်စား ရေနွေးငွေ့အင်ဂျင် ၆ လုံးကို ချက်ချင်း တည်ဆောက်လိုက်လေသည်။ အကယ်၍ ဂိုဒေါင်ထဲတွင် အပိုပစ္စည်းများသာ မရှိပါက ဓာတ်ခွဲခန်းအနေဖြင့် စမ်းသပ်စက်တစ်လုံးကို ထုတ်လုပ်နိုင်ရန် မဖြစ်နိုင်ပေ။

စက်များ ထွက်လာပြီးနောက် ရှောင်းယီသည် ထိုအလတ်စား ရေနွေးငွေ့အင်ဂျင် ၆ လုံးကို သံချပ်ကာစစ်သင်္ဘောပေါ်တွင် တပ်ဆင်ရန် ပြင်ဆင်လိုက်၏။

“တပ်ဆင်မှု မအောင်မြင်ပါ။ အင်ဂျင်ခန်းအတွင်းရှိ တိရစ္ဆာန်အင်အားသုံး မောင်းနှင်မှုကို အရင်ဖယ်ရှားပါ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သတိပေးချက် တက်လာခဲ့သည်။

ရှောင်းယီသည် ခေါင်းခါလိုက်ပြီး အင်ဂျင်များကို ဂိုဒေါင်ထဲသို့ ပြန်သိမ်းကာ ဆိပ်ကမ်းသို့ ထွက်လာခဲ့လိုက်ရလေသည်။ ထိုအချိန်တွင် ကျန်းယွင်ထျန်းမှာ သိမ်းဆည်းရမိထားသော အမြောက်တပ်သင်္ဘောပေါ်တွင် အင်ဂျင်ခန်းကို လိုက်ကြည့်ကာ အံ့သြနေခဲ့၏။ ဧရာမ ဘွိုင်လာကြီးများ၊ ရေနွေးငွေ့အင်ဂျင်များနှင့် ရှုပ်ထွေးလှသော ချိတ်ဆက်မှု ယန္တရားများမှာ အားကောင်းလှသော စွမ်းအင်စက်ရုံကြီးတစ်ခုအလားပင်။

“ငါတို့ သံချပ်ကာသင်္ဘောမှာ ဒီလိုအင်ဂျင်တွေ ဘယ်တော့ တပ်ဆင်ရပါ့မလဲ။ ဒါမျိုးသာ တပ်လိုက်ရင် တခြားသင်္ဘောတွေအားလုံးကို ဖုန်တောင် မမြင်ရအောင် ချန်ထားခဲ့လို့ရတယ်။”

ကျန်းယွင်ထျန်းက ရေရွတ်နေမိသည်။

လောလောဆယ်တွင် သူသည် ငေးကြည့်ရုံသာ တတ်နိုင်၏။ အမြောက်တပ်သင်္ဘောမှာ ထုထည်ကြီးမားပြီး အင်အားမှာ သံချပ်ကာသင်္ဘောထက်ပင် သာလွန်လှသည်။ အကယ်၍ စွမ်းအင်ချင်း တူညီမည်ဆိုပါက သံချပ်ကာသင်္ဘောက အပြတ်အသတ် နိုင်မည်ဖြစ်သော်လည်း အင်ဂျင်ချင်းသည်မူ မတူညီပေ။

သူ သက်ပြင်းချနေစဉ်မှာပင် ရှောင်းယီထံမှ ဖုန်းဝင်လာခဲ့သည်။

“အစ်ကိုကျန်း…မင်းဘယ်မှာလဲ။”

“ဆိပ်ကမ်းမှာလေ။ အမြောက်တပ်သင်္ဘောပေါ် ရောက်နေတာ။ ဒီအင်ဂျင်တွေက ငါတို့သုံးနေတဲ့ နွားရိုင်းအင်အားထက် အဆပေါင်းများစွာ သာတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်၏။ တောနွားရိုင်းများမှာ အဆင့်မြင့်သတ္တဝါများ ဖြစ်သော်လည်း သက်ရှိဖြစ်သဖြင့် ပင်ပန်းတတ်ပေသည်။ ရေနွေးငွေ့အင်ဂျင်ကမူ ပင်ပန်းသည်ဟု မရှိဘဲ လောင်စာကျွေးထားသရွေ့ အမြဲတမ်း လည်ပတ်နေမည်ဖြစ်သည်။

“သံချပ်ကာသင်္ဘောဆီ လာခဲ့ဦး။ အင်ဂျင်အဆင့်မြှင့်တော့မယ်။”

ရှောင်းယီက ပြောလိုက်၏။ ကျန်းယွင်ထျန်း ချက်ချင်းပင် နားလည်သွားပြီး “အခုလာခဲ့ပြီ။” ဟု ပြန်ဖြေကာ ပြေးထွက်သွားခဲ့သည်။

မိနစ်အနည်းငယ်အတွင်း သူ ရောက်ရှိလာသောအခါ သင်္ဘောသားများမှာ အင်ဂျင်ခန်းကို စတင် ရှင်းလင်းနေကြပြီ ဖြစ်သည်။ သူသည် ရှောင်းယီကို အထဲတွင် တွေ့လိုက်ရ၏။

“ရေနွေးငွေ့အင်ဂျင် တပ်ဆင်တော့မှာလား။”

“အင်း… ဓာတ်ခွဲခန်းက သုတေသန ပြီးသွားပြီ။”

ရှောင်းယီက ဆိုသည်။

“မြို့ရိုးထဲက အဲဒီတိုက်မြင့်ကြီးလား။”

ကျန်းယွင်ထျန်းက စူးစမ်းစွာ မေးလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်၏။

“ဒါနဲ့ ဓာတ်ခွဲခန်းက ပစ္စည်းအသစ်တွေတောင် တီထွင်နိုင်တာလား။”

“ငါက C အဆင့်အင်ဂျင်အသေးတစ်လုံးကို ပေးပြီး ပွားခိုင်းတာပဲ။ သူတို့က B အဆင့်အလတ်စားဗားရှင်းကို ပြန်ထုတ်ပေးလိုက်တယ်လေ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“B အဆင့် အလတ်စား။ ဒါဆို ငါတို့ သံချပ်ကာသင်္ဘောတော့ လေပေါ်ပျံနေတော့မှာပဲ။”

ကျန်းယွင်ထျန်းက အော်ဟစ်လိုက်မိသည်။ ရှောင်းယီကလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်၏။

အင်ဂျင်ခန်းကို ရှင်းလင်းပြီးသောအခါ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ အလတ်စား ရေနွေးငွေ့အင်ဂျင်များကို သံချပ်ကာစစ်သင်္ဘောအတွင်း၌ တပ်ဆင်လိုက်လေသည်။

“တပ်ဆင်မှု အောင်မြင်ပါသည်။”

ရှောင်းယီ အောက်ထပ်သို့ အပြေးဆင်းသွားရာ ကျန်းယွင်ထျန်းမှာ စက်အသစ်ကို စစ်ဆေးနေပြီ ဖြစ်သည်။

“ဘယ်လိုလဲ အစ်ကိုကျန်း။”

ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်၏။

“ပြဿနာရှိလို့လား။”

“ဒါက အင်ဂျင်ပဲ ရှိသေးတာ။ ချိတ်ဆက်မှု ယန္တရားမပါရင် အင်ဂျင်က ထွက်တဲ့အားက ပန်ကာဆီကို ရောက်မှာမဟုတ်ဘူး။”

ကျန်းယွင်ထျန်းက နှမြောတသစွာ ဆိုသည်။ ရှောင်းယီ စစ်ဆေးကြည့်လိုက်ရာ အင်ဂျင်မှာ သီးခြားစီဖြစ်နေပြီး ပန်ကာဒိုင်တံ၊ ဂီယာများနှင့် ချိတ်ဆက်ရန် လိုအပ်နေသေးသည်။ သူသည် စက်မှုအင်ဂျင်နီယာပညာကို မလေ့လာခဲ့သဖြင့် မည်သို့လုပ်ရမည်ကို လုံးဝမသိပေ။

“စမတ် အပိုပစ္စည်းထုတ်စက်ကိုသုံးပြီး အမြောက်တပ်သင်္ဘောရဲ့ ချိတ်ဆက်မှုပုံစံကို ပွားယူလိုက်ပါ။”

ထိုစဉ် စနစ်က အကြံပေးလာခဲ့သည်။

“အမြောက်တပ်သင်္ဘောမှာ အဲဒီချိတ်ဆက်မှုတွေ ရှိတယ်လေ။ အဲဒါကို ပွားယူလိုက်လို့ရတယ်။”

ကျန်းယွင်ထျန်းကလည်း ထပ်လောင်းပြောလိုက်၏။

“သွားကြစို့။”

ဤသည်မှာ ရှောင်းယီသည် အမြောက်တပ်သင်္ဘောပေါ်သို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်သည်။ သင်္ဘောကြီးမှာ အလွန်ပင် ခန့်ညားထည်ဝါလှ၏။ သူသည် အောက်ထပ်အင်ဂျင်ခန်းသို့ ဆင်းကာ ချိတ်ဆက်မှု ယန္တရားများကို ဖုန်းဖြင့် အဖက်ဖက်မှ ဓာတ်ပုံရိုက်ယူလိုက်သည်။

ထို့နောက် စမတ်အပိုပစ္စည်းထုတ်စက်ဆီသို့ ပြန်လာကာ ပုံများကို တင်လိုက်ရာ စက်က အစိတ်အပိုင်းများကို ခွဲခြားသိမြင်ပြီး ထုတ်လုပ်ရန် ပြင်ဆင်တော့သည်။

“ထုတ်လုပ်မည့် အတိုင်းအတာကို သတ်မှတ်ပေးပါ။”

စက်က တောင်းဆိုလာ၏။ ရှောင်းယီသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပေတံကိုယူကာ အမြောက်တပ်သင်္ဘောဆီသို့ ပြန်သွားပြီး အဓိက အတိုင်းအတာများကို တိုင်းတာလိုက်သည်။ သင်္ဘောနှစ်စင်းစလုံး၏ အင်ဂျင်ခန်းမှာ ပုံစံတူလုနီးပါးဖြစ်ရာ အတိုင်းအတာများမှာ ကိုက်ညီနေခဲ့သည်။

သူသည် အတိုင်းအတာများကို စက်ထဲသို့ ရိုက်ထည့်လိုက်ရာ စက္ကန့်ပိုင်းအတွင်းမှာပင် လိုအပ်သော အစိတ်အပိုင်းအားလုံး ထွက်ပေါ်လာခဲ့သည်။ ထိုပစ္စည်းများကို သံချပ်ကာသင်္ဘောဆီသို့ သယ်လာပြီး အမြောက်တပ်သင်္ဘော၏ ပုံစံအတိုင်း စတင်တပ်ဆင်ကြတော့သည်။

အမျိုးသားများတွင် စက်မှုဗီဇ ပါရှိကြသည်ဖြစ်ရာ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် မည်သူ့အကူအညီမျှမပါဘဲ ချိတ်ဆက်မှုများအားလုံးကို တပ်ဆင်နိုင်ခဲ့ကြသည်။

“စက်နှိုးလိုက်တော့။”

ထို့နောက်က် ဘွိုင်လာမှ ဟိန်းသံနှင့်အတူ ရေနွေးငွေ့များမှာ အင်ဂျင်အတွင်းသို့ စီးဝင်သွားပြီး ပစ္စတင်များကို မှန်မှန်ကန်ကန် မောင်းနှင်စေခဲ့၏။ ချိတ်ဆက်မှု ယန္တရားမှတစ်ဆင့် ရေအောက်ရှိ ပန်ကာများမှာလည်း စတင်လည်ပတ်လာခဲ့သည်။

“သွားနေပြီဟေ့ ဟားဟား...”

သင်္ဘောကိုယ်ထည်ကြီး ရှေ့သို့ စတင်ရွေ့လျားလာသောအခါ ရှောင်းယီက ရယ်မောကာ ပြောလိုက်၏။ကျန်းယွင်ထျန်းသည်လည်း ပြုံးကာ ပြောလိုက်သည်။

“ငါတို့ ကျွန်းမှာ အလုပ်ပြုတ်သွားရင်တောင် စက်ပြင်ဆရာ လုပ်စားလို့ ရသေးတယ်။”

“ဒါတော့ ဟုတ်တယ်။ ဒါပေမဲ့ ကျန်တဲ့အပိုင်းတွေကိုတော့ ကျွမ်းကျင်တဲ့သူတွေကိုပဲ လွှဲပေးလိုက်ရအောင်။”

သံချပ်ကာသင်္ဘောမှာ အရှိန်မြှင့်လာ၏။ ရှောင်းယီသည် စနစ်၏ သတိပေးချက်ကို ကြည့်လိုက်သည်။

“သံချပ်ကာသင်္ဘော အရှိန် - ၈၂ ကီလိုမီတာ/နာရီ (82 km/h)”

“ဒီနှုန်းအတိုင်းဆိုရင် ငါတို့ ကမ္ဘာဟောင်းက သင်္ဘောအများစုတောင် ငါတို့ကို မမီတော့ဘူး။”

“ဒါ ကားမောင်းတဲ့ အရှိန်လောက် ရှိနေပြီ။ မယုံနိုင်စရာပဲ။”

ကျန်းယွငါထျန်းက ပြန်ပြောလိုက်၏။

“ဒါက S အဆင့်ရဲ့ အပိုဆုကြောင့်ပဲ ဖြစ်ရမယ်။ မဟုတ်ရင် ဒီကိန်းဂဏန်းအထိ ရောက်ဖို့ မလွယ်ဘူး။”

ရှောင်းယီက ပြုံးကာ ဆိုလိုက်သည်။

“ဦးလေးအန်းကို စက်ပြင်ကျွမ်းကျင်သူတွေ ရှာခိုင်းလိုက်မယ်။ သူတို့က ကျန်တဲ့သင်္ဘောတွေကို အဆင့်မြှင့်တင်တာတွေ လုပ်ပေးလို့ရတယ်။”

ရှောင်းယီသည် သင်္ဘောကို ဆိပ်ကမ်းတွင် ကပ်ပြီးနောက် ကမ်းပေါ်သို့ တက်လာခဲ့သည်။ ထို့နောက် ဖုန်းခေါ်လိုက်၏။

“ဟဲလို ကျွန်းပိုင်ရှင် ဘာများ ကူညီပေးရမလဲ။”

အန်းယွဲ့က ပြန်ဖြေလာခဲ့သည်။

“ကျုပ် စက်ပြင်ကျွမ်းကျင်သူတွေ လိုချင်တယ်။ နည်းနည်းလောက် ရှာပေးပါဦး။”

“ဟုတ်ကဲ့ပါ။ ကျုပ်တို့ လူတိုင်းရဲ့ ကျွမ်းကျင်မှုတွေကို မှတ်တမ်းတင်ထားပြီးသားဆိုတော့ သေချာပေါက် ရှိမှာပါ။”

“မနက်ဖြန် သူတို့ကို စုထားပေးပါ။ ကျုပ် လာကြည့်မယ်။”

အရာအားလုံး စီစဉ်ပြီးနောက် သူသည် ကုတင်ပေါ်သို့ ပစ်လှဲလိုက်ကာ အိပ်မောကျသွားတော့လေသည်။ နောက်တစ်နေ့ မနက် မျက်လုံးပွင့်လာသည်နှင့် သူက ပြောလိုက်၏။

“စနစ်... လက်မှတ်ထိုးဝင်မယ်။”

အခန်း ၇၅၆ – ပင်ဖိုင်းယားရိုင်ဖယ်နှင့် လက်လုပ်ကျည်ဆန်များ

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ်- ပင်ဖိုင်းယားရိုင်ဖယ် ပုံစံခွက် (S အဆင့်) ၁။”

“ပင်ဖိုင်းယားရိုင်ဖယ် ပုံစံကွက် (S အဆင့်)- ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အသုံးပြုပြီးနောက် ကုန်ကြမ်းလုံလောက်သရွေ့ ပင်ဖိုင်းယားရိုင်ဖယ်များကို အကန့်အသတ်မရှိ အမြောက်အမြား ထုတ်လုပ်နိုင်သည်။”

ထိုဆုလာဘ်ကို မြင်လိုက်ရသည့် ခဏ၌ ရှောင်းယီ စိတ်လှုပ်ရှားသွားသည်။

“နောက်ဆုံးတော့ နောက်ထပ် လက်နက်ပုံစံကွက်တစ်ခု ရပြီဟေ့။”

ရှောင်းယီသည် ပင်ဖိုင်းယားရိုင်ဖယ်အကြောင်းကို သိပ်မသိသော်လည်း ၎င်းသည် ရိုင်ဖယ်အမျိုးအစားဖြစ်သည့်အတွက် ယခင်က သူပိုင်ဆိုင်ခဲ့သော ဖလင့်လော့ခ်ပစ္စတိုထက် ပို၍အဆင့်မြင့်မည်မှာ သေချာပေသည်။

သူသည် ထိုပုံစံကွက်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ချက်ချင်းအသုံးပြုလိုက်ပြီး လုံလောက်သော ပစ္စည်းများဖြင့် သေနတ်တစ်လက်ကို ချက်ချင်း ထုတ်လုပ်လိုက်၏။

“ပင်ဖိုင်းယား ရိုင်ဖယ် (S အဆင့်): နောက်ပွင့်စနစ်သုံး (Breech-Loading) ရိုင်ဖယ်ဖြစ်ပြီး လည်ပတ်မောင်းတင်စနစ် (Rotating Bolt-Action) ပါဝင်သည်။ အလျား ၁,၄၂၀ မီလီမီတာ၊ အလေးချိန် ၄ ကီလိုဂရမ် ရှိသည်။ စက္ကူခွံပါသော သစ်ဆိမ့်သီးပုံစံ ခဲကျည်ဆန်များကို အသုံးပြုသည်။ ပစ်ခတ်နှုန်း- တစ်မိနစ်လျှင် ၁၀-၁၄ တောင့်။ ထိရောက်သည့် အကွာအဝေး- ၇၅၀ မီတာ။”

စနစ်၏ ဖော်ပြချက်ကို ဖတ်ပြီးနောက် ရှောင်းယီက ဝမ်းသာအားရ ရေရွတ်လိုက်မိသည်။

“ကျန်တာတွေ ထားလိုက်ဦး။ ဒီပစ်ခတ်နိုင်တဲ့ အကွာအဝေးကတင် အရင်ဟာတွေထက် အပြတ်အသတ် သာနေပြီ။”

သူ့တွင်ရှိခဲ့ဖူးသော သေနတ်များမှာ ပစ်ခတ်နိုင်သည့် အကွာအဝေး မီတာနှစ်ရာ၊ သုံးရာသာ ရှိပြီး အဆင့်မြှင့်တင်မှုများ ထပ်ပေါင်းမှ လေးရာကို မနည်းမီခဲ့ခြင်းဖြစ်သည်။ သို့သော် ဤရိုင်ဖယ်မှာမူ သူပိုင်ဆိုင်ခဲ့သမျှ လက်နက်အားလုံးကို ကျော်လွန်သွားလေပြီ။

ရှောင်းယီသည် ရိုင်ဖယ်ကို ကိုင်ဆောင်ကာ စစ်စခန်းဆီသို့ စိတ်အားထက်သန်စွာ ထွက်လာခဲ့လိုက်၏။ သူ့ကျွန်းပေါ်တွင် သေနတ်အကြောင်း နားလည်သူကို ပြပါဆိုလျှင် ကျန်းယွင်ထျန်းက ဒုတိယဖြစ်ပြီး ပထမနေရာမှာမူ ကျန်းယွင်ထျန်း၏ နည်းပြဟောင်းဖြစ်သူ ဇနီးသည် ကျန်းရွှဲ့သာဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ကြေးစားစစ်သားဟောင်းများ ဖြစ်ကြသဖြင့် မည်သည့်သေနတ်အမျိုးအစားကိုမဆို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြသူများဖြစ်သည်။

စခန်းသို့ ရောက်သောအခါ ကျန်းယွင်ထျန်းကို မတွေ့ရသဖြင့် စစ်သားတစ်ဦးကို မေးလိုက်ရာ သူက ပြန်ဖြေလာခဲ့သည်။

“ကျွန်းပိုင်ရှင်ကို သတင်းပို့ပါတယ်။ နည်းပြက နံနက်ခင်း လေ့ကျင့်ခန်း လုပ်နေပါတယ်။”

ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်ပြီး အပစ်အခတ်လေ့ကျင့်ကွင်းတွင် စောင့်နေလိုက်၏။ ပင်ဖိုင်းယားရိုင်ဖယ်ကို ကြည့်ရင်း သူ ပြဿနာတစ်ခုကို ရုတ်တရက် သတိထားမိသွားခဲ့သည်။ ၎င်းမှာ ကျည်ဆန်မရှိခြင်းပင်။ အကယ်၍ ခဲကျည်ဆန်အလွတ်များသာ ဆိုလျှင် ကျည်ဆန်ပုံစံကွက်ရှိသည့် အဖွဲ့ဝင်ထံမှ ဝယ်ယူ၍ ရသော်လည်း စနစ်က ဖော်ပြထားသည်မှာ “စက္ကူခွံပါသော သစ်ဆိမ့်သီးပုံစံ ခဲကျည်ဆန်” ဖြစ်သည်။ ၎င်းမှာ ဘာကိုဆိုလိုမှန်း သူ မသိချေ။

“အစ်ကိုကျန်း သိရင် ကောင်းမယ်။”

ရှောင်းယီ တီးတိုးရေရွတ်လိုက်သည်။ ထိုစဉ် အန်းယွဲ့ထံမှ ဖုန်းဝင်လာခဲ့သည်။

“ကျွန်းပိုင်ရှင် မနေ့က အရှင်အလိုရှိတဲ့ စက်မှုပိုင်းဆိုင်ရာ အရည်အချင်းရှိသူတွေကို ကျုပ် ရှာတွေ့ပါပြီ။”

“သူတို့ကို အပန်းဖြေစခန်းက ဘားမှာ စောင့်ခိုင်းထားလိုက်ပါ။ ကျုပ် အခုလာခဲ့မယ်။”

ရှောင်းယီ ပြန်ပြောလိုက်သည်။

“တစ်၊ နှစ်၊ သုံး၊ လေး!”

ထိုစဉ် အဝေးမှ ဟစ်အော်သံများကို ကြားလိုက်ရပြီး အစ်ကိုကျန်းမှ စစ်တပ်ကို ပြန်ခေါ်လာပြီဖြစ်ကြောင်း ရှောင်းယီ သိလိုက်၏။

“အစ်ကိုကျန်း ဒီမှာကြည့်ဦး။ ကျုပ် ဘာရလာလဲလို့။”

ရှောင်းယီ လှမ်းခေါ်လိုက်သည်။

ကျန်းယွင်ထျန်းသည် စစ်သားများကို အခြားလေ့ကျင့်ရေးဆရာတစ်ဦးထံသို့ လွှဲပြောင်းပေးပြီး သူ့ဆီသို့ လျှောက်လာလိုက်သည်။

“ငါခန့်မှန်းကြည့်ရရင် သေနတ်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ အခုခေတ် သေနတ်တွေက ပြောင်းဝကနေ ယမ်းထည့်၊ ကျည်ထည့်ပြီးမှ ထိုးတံနဲ့ ထိုးထည့်ရတာဆိုတော့ အလုပ်ရှုပ်လွန်းတယ်။ အဲဒါထက်စာရင် လေးနဲ့မြှားက ပိုတောင် မြန်သေးတယ်။”

သူ၏စကားမဆုံးခင် ရှောင်းယီလက်ထဲမှ ရိုင်ဖယ်ကို မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်း အံ့အားသင့်သွား၏။

ရိုင်ဖယ်၏ ပုံသဏ္ဌာန်ကို ကြည့်ရုံနှင့် ၎င်းသည် နောက်ပွင့်စနစ်သုံးဖြစ်ကြောင်း သူ သိလိုက်သည်။ နောက်ပွင့်စနစ်သုံး ရိုင်ဖယ်များ ပေါ်ပေါက်လာခြင်းသည် ကျည်ဆန်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အလှည့်အပြောင်း ဖြစ်ခဲ့ဖူး၏။

ယခင်က ယမ်းနှင့် ကျည်ကို သီးခြားစီ ထည့်ခဲ့ရသော်လည်း ဤပင်ဖိုင်းယားရိုင်ဖယ်မှာမူ ကျည်တောင့် (Fixed Ammunition) ကို အသုံးပြုရန် လိုအပ်သည်။

ရိုင်ဖယ်ကို စစ်ဆေးရင်း ကျန်းယွင်ထျန်းသည် ရှောင်းယီအား သေနတ်အကြောင်း အခြေခံအချို့ကို ရှင်းပြလိုက်၏။

“ကျည်တောင့်ဆိုတာ ယမ်းတောင့်နဲ့ ကျည်ဆန်ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားတာပဲ။ ဒါမှ တစ်ခါတည်း ထည့်ပြီး ပစ်လို့ရမှာ။ အခု ငါတို့ လက်နဲ့ လုပ်လို့ရပါတယ်။ စက္ကူထုတ်စက် ရှိနေတာပဲ။ စက္ကူခွံလုပ်၊ ယမ်းထည့်၊ ပြီးရင် ခဲကျည်တပ်လိုက်ရုံပဲ။ ဒါပေမဲ့...”

ရှောင်းယီ မျက်မှောင်ကျုံ့လိုက်မိသည်။

“ဒါပေမဲ့ ဘာဖြစ်လို့လဲ။”

“လက်နဲ့လုပ်ရင် အရွယ်အစား အတိအကျရဖို့ ခက်တယ်။ ပုံစံမမှန်တာတွေ ဖြစ်တတ်သလို ချို့ယွင်းချက်လည်း များနိုင်တယ်။”

ကျန်းယွင်ထျန်းက ဆိုသည်။ ရှောင်းယီက ရယ်မောလိုက်၏။

“ကိစ္စမရှိပါဘူး၊ အရင်ဆုံး နှစ်တောင့်လောက်ပဲ အရင်လုပ်ကြည့်ရအောင်။”

ကျန်းယွင်ထျန်းသည် နားမလည်သော်လည်း ဆက်မမေးတော့ဘဲ စက္ကူထုတ်စက်သို့ သွားကာ ကျည်ဆန်အတွက် စက္ကူခွံများ ပြုလုပ်လိုက်သည်။ ထို့နောက် သေနတ်ပြောင်းဝကို တိုင်းတာပြီး ယမ်းထည့်ကာ ခဲကျည်ဆန်ဖြင့် ပိတ်လိုက်သည်။

“ကြည့်ရတာ နည်းနည်း အကြမ်းထည်ဆန်နေသလိုပဲ။”

ရှောင်းယီက မှတ်ချက်ပေးလိုက်၏။

“အလုပ်လုပ်ရင် ပြီးတာပဲလေ။ လှနေဖို့ မလိုပါဘူး။”

ကျန်းယွင်ထျန်းက ပခုံးတွန့်ပြလိုက်သည်။

ရှောင်းယီသည် သေနတ်ကို ကျည်သွင်းကာ မီတာ ၆၀၀ ခန့် အကွာရှိ ထင်းရှူးပင်တစ်ပင်ကို ချိန်ရွယ်၍ ခလုတ်ဆွဲလိုက်၏။

ဖောင်း

ကျည်ဆန်သည် သစ်ကိုင်းတစ်ခုကို ထိမှန်သွားပြီး သစ်ပင်ထိပ်မှ နှင်းများ လွင့်စင်သွားခဲ့သည်။

“အားကောင်းလိုက်တာ။”

ရှောင်းယီ အော်ဟစ်လိုက်မိ၏။

ကျန်းယွင်ထျန်းသည် နောက်ထပ် နှစ်တောင့် ထပ်လုပ်ပေးသောအခါ ရှောင်းယီက ပြောလိုက်သည်။

“တော်ပြီ၊ ခဏလောက်ရပ်လိုက်ဦး။”

ထိုသို့ဆိုကာ သူသည် ပစ္စည်းများကို သိမ်းဆည်းပြီး ဓာတ်ခွဲခန်းဆီသို့ ဦးတည်သွားလိုက်၏။ ကျန်းယွင်ထျန်း ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။

“ဟုတ်သားပဲ၊ ဓာတ်ခွဲခန်းမှာ သုတေသနလုပ်ခိုင်းပြီး ပုံစံကွက် ထုတ်ခိုင်းလိုက်ရင် ပိုလွယ်သွားပြီ။”

ဓာတ်ခွဲခန်းတွင် ရှောင်းယီသည် စက်ရုပ်တစ်ရုပ်ကို ခေါ်လိုက်၏။

“ဒီကျည်ဆန်ကို သုတေသနလုပ်ဖို့ ဦးစားပေးလိုက်။ ငါ့ကို ပုံစံကွက်တစ်ခု ထွက်လာအောင် လုပ်ပေးရမယ်။”

“ဟုတ်ကဲ့ပါ၊ ကျွန်းပိုင်ရှင်။”

စက်ရုပ်က ပြန်ဖြေပြီး အလုပ်စတင်လိုက်သည်။ အလုပ်မှာ ရိုးရှင်းသဖြင့် နာရီဝက်ခန့်အတွင်း ပုံစံကွက် ပြီးစီးနိုင်ကြောင်း စက်ရုပ်က အစီရင်ခံလာခဲ့သည်။

ရှောင်းယီ ခေါင်းငြိမ့်ပြပြီး အပန်းဖြေစခန်းသို့ ထွက်လာခဲ့သည်။ အပန်းဖြေစခန်း ဘားတွင် ဝမ်ရှင်းဖုန်းနှင့် အခြားသူများသည် အခမဲ့ အအေးများကို သောက်ရင်း စိတ်လှုပ်ရှားနေခဲ့ကြသည်။

“ကျွန်းပိုင်ရှင်က ငါတို့ကို ဘာလို့ ခေါ်တာလို့ မင်းတို့ ထင်လဲ။”

“ဘယ်သူသိမှာလဲ။ ဒါပေမဲ့ သတင်းကောင်းပဲ ဖြစ်ရမယ်။ သွမ့်ပေယန်ကို မှတ်မိလား။ သူဆို အခု ရာထူးတွေ တက်နေတာ။ ငါတို့ အားလုံးက စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေချည်းပဲဆိုတော့ ကျွန်းပိုင်ရှင်က စက်မှုလုပ်ငန်းတွေကို တိုးချဲ့တော့မှာ ထင်တယ်။”

All Chapters