အခန်း (၇၅၇-၇၅၈)
Vol. 59 Ch. 757-758
အခန်း ၇၅၇ – စက်မှုပညာရှင်များ၊ တည်ဆောက်ပြီးစီးသွားသော နန်းမြို့တော်
“မင်းတို့တွေ အရမ်းတွေးနေကြတာပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သာရှိရင် ထုတ်လုပ်မှု ပုံစံကွက်ရတာနဲ့ ဘာမဆို လုပ်လို့ရနေတာပဲ။ ငါတို့ကို ဘာအတွက် လိုအပ်မှာလဲ။”
“အဲ့ဒါတော့ ဟုတ်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အရမ်း အစွမ်းထက်တယ်။ ငါတို့မှာ စက်မှုအသိပညာ ရှိနေရင်တောင် အခြေခံ စက်တွင်ခုံမရှိဘဲနဲ့ အရာရာတိုင်းကို လက်နဲ့ ထိုင်ပွတ်နေရမှာလား။”
“အားလုံးပဲ တိတ်တိတ်နေပြီး ခန့်မှန်းမနေကြနဲ့တော့။ ကျွန်းပိုင်ရှင် ရောက်လာရင် သိရမှာပါ။”
ဝမ်ရှင်းဖုန်းက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
ဝမ်ရှင်းဖုန်းသည် ထိုအုပ်စုကြားတွင် ဩဇာတိက္ကမ ရှိသူဖြစ်ကြောင်း ထင်ရှားလှ၏။ သူပြောလိုက်သည်နှင့် အားလုံး ငြိမ်ကျသွားခဲ့ကြသည်။
မကြာမီမှာပင် ရှောင်းယီသည် ကားဖြင့် အပန်းဖြေစခန်း၏ ဘားရှေ့သို့ ရောက်ရှိလာခဲ့သည်။ ရှောင်းယီသည် ဝမ်ရှင်းဖုန်းတို့ရှိရာ အခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် လူအားလုံး ချက်ချင်း မတ်တတ်ရပ်၍ အရိုအသေပေးလိုက်ကြလေသည်။
“စောင့်ခိုင်းမိလို့ အားနာပါတယ်။”
ရှောင်းယီက ပြုံးကာ နှုတ်ဆက်လိုက်၏။
“ကဲ... ထိုင်ကြပါဦး။”
ရှောင်းယီ ဆိုဖာတစ်ဖက်တွင် ထိုင်လိုက်ပြီးနောက် ကျန်သူများလည်း ရိုသေစွာ ထိုင်လိုက်ကြသည်။
“ဒီတစ်ခေါက် ခင်ဗျားတို့ကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းကတော့ ကျုပ်တို့ကျွန်းမှာ စက်မှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို တိုးချဲ့ဖို့ လိုအပ်လာလို့ပါ။ ဥပမာ အထူးအစိတ်အပိုင်းအချို့ကို တပ်ဆင်တဲ့နေရာမှာ ကျွမ်းကျင်သူတွေ လိုအပ်နေတယ်။”
ရှောင်းယီက ဆိုသည်။
“အစိတ်အပိုင်းတွေကို တပ်ဆင်ဖို့ ဟုတ်လား။”
လူတိုင်း ဇဝေဇဝါ ဖြစ်သွားခဲ့ကြသည်။ ထိုစဉ် ဝမ်ရှင်းဖုန်းက မေးလိုက်၏။
“ကျွန်းပိုင်ရှင်၊ ကျုပ်တို့ တည်ဆောက်လိုက်တဲ့ အရာတွေက အလိုအလျောက် တပ်ဆင်ပြီးသား မဟုတ်ဘူးလားခင်ဗျာ။”
“ဟုတ်ပါတယ်။ ဒါပေမဲ့ အခုက စက်ပစ္စည်းတစ်ခုနဲ့တစ်ခုကို အစိတ်အပိုင်းတွေကတစ်ဆင့် ချိတ်ဆက်ရမှာမျိုးပါ။ အဲဒါက ကျွမ်းကျင်ပညာရှင်တွေ လုပ်မှ အဆင်ပြေလိမ့်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ဝမ်ရှင်းဖုန်းက မျက်မှောင်ကျုံ့ကာ ဆက်မေးလိုက်သည်။
“ကျွန်းပိုင်ရှင် ဆိုလိုတာက ဒီချိတ်ဆက်တဲ့ အစိတ်အပိုင်းတွေကို ကျုပ်တို့ကိုယ်တိုင် ဒီဇိုင်းဆွဲရမယ်လို့ ပြောတာလား။”
မတူညီသော စက်ပစ္စည်းနှစ်ခုကြား ချိတ်ဆက်ခြင်း ဖြစ်သောကြောင့် အထူးပြုလုပ်ထားသော ထုတ်လုပ်ရေး ပုံစံကွက်များ မရှိနိုင်သည်မှာ သေချာသလောက်ပင်။
“သေချာပေါက်ရှိတာပေါ့။”
ရှောင်ယီက ယုံကြည်ချက်ရှိရှိ ဖြေလိုက်သည်။
ဥပမာအားဖြင့် အလတ်စား ရေနွေးငွေ့အင်ဂျင်ကို သင်္ဘောအောက်ခြေက ရေယက်ဘီးနှင့် မည်သို့ချိတ်မလဲ ဆိုသည်မျိုးဖြစ်၏။ အကယ်၍ သူတို့သာ စစ်သင်္ဘောကို သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပါက ၎င်းကို ကိုယ်တိုင် ဒီဇိုင်းဆွဲရမည်သာ ဖြစ်သည်။
ဝမ်ရှင်းဖုန်းက ခေါင်းညိတ်ပြီး ထပ်မေးလိုက်ပြန်သည်။
“ကျုပ်တို့ကျွန်းမှာ တွင်ခုံလိုမျိုး အခြေခံ အစိတ်အပိုင်း ထုတ်လုပ်တဲ့ စက်တွေရော ရှိပါသလား။”
ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“ထုတ်လုပ်မှုအပိုင်းအတွက်တော့ စိတ်မပူပါနဲ့။ ခင်ဗျားတို့ တွင်ခုံတွေ မောင်းနေရမှာ မဟုတ်ပါဘူး။ အဲဒါက အရမ်းအလုပ်ရှုပ်တယ်။ ခင်ဗျားတို့က ဒီဇိုင်းပုံစံတွေကိုသာ အောင်မြင်အောင် ဆွဲနိုင်ရင် အဲဒါတွေကို သေချာပေါက် ထုတ်လုပ်ပေးနိုင်မှာပါ။”
သူ့တွင် အဆင့်မြင့်ဉာဏ်ရည်တုအစိတ်အပိုင်း ထုတ်လုပ်ရေး စက်ကိရိယာများ ရှိနေသောကြောင့် ထုတ်လုပ်နိုင်စွမ်းအတွက် စိုးရိမ်စရာ မရှိချေ။
ရှောင်းယီက မတ်တတ်ရပ်လိုက်ပြီး သူ၏ အနွေးထည်ကို ဝတ်လိုက်ကာ ပြောလိုက်သည်။
“ကဲ... သွားကြစို့။ ကျုပ်နောက်ကို လိုက်ခဲ့ကြပါ။”
ဝမ်ရှင်းဖုန်းနှင့် အဖွဲ့သား ၉ ဦးတို့သည် ရှောင်းယီနောက်သို့ လိုက်ပါသွားခဲ့ကြ၏။ ရှောင်းယီသည် ၎င်းတို့အား ဂိုဒေါင်သို့ ခေါ်ဆောင်သွားပြီး အသိဉာဏ်မြင့် အစိတ်အပိုင်း ထုတ်လုပ်ရေး စက်ကိရိယာ ၄ လုံးကို ညွှန်ပြလိုက်သည်။
“ဒါတွေက အဲဒီစက် ၄ လုံးပဲ။ ခင်ဗျားတို့ ဒီဇိုင်းဆွဲနိုင်သမျှ အရာအားလုံးကို ဒီစက်တွေက ထုတ်လုပ်ပေးလိမ့်မယ်။”
တစ်လုံးမှာ လက်မှတ်ထိုးဝင်ခြင်းဆုလာဘ်ဖြစ်ပြီး ကျန်သုံးလုံးမှာမူ သူ၏ပစ္စည်းပုံတူပွားကတ်ဖြင့် ပွားထားခြင်း ဖြစ်သည်။
“ကျွန်းပိုင်ရှင် ဒါက ဘာစက်မျိုးလဲ။ အရမ်း အံ့သြဖို့ကောင်းတာပဲ။”
လူတစ်ဦးက တုန်တုန်ယင်ယင် မေးလိုက်၏။
“အသိဉာဏ်မြင့် အစိတ်အပိုင်း ထုတ်လုပ်ရေး စက်ကိရိယာ SSS အဆင့်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
လူတိုင်း အံ့အားသင့်ကာ မှင်သက်သွားကြ၏။ အခြားကျွန်းများတွင် SSS အဆင့်တစ်ခုတောင် မရှိနိုင်ချိန်တွင် သူတို့ရှေ့၌ ၄ လုံးတောင် ရှိနေခြင်းပင်။
“SSS အဆင့်စက်ကြီးပဲ၊ တကယ့်ကို အလန်းစားပဲ။”
“ကျွန်းပိုင်ရှင်ဆီမှာ အဆင့်မြင့် စက်တွေ အများကြီးရှိတယ်လို့ပဲ ကြားဖူးခဲ့တာ။ အခုမှပဲ မျက်ဝါးထင်ထင် မြင်ဖူးတော့တယ်။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
“အဲ့ဒါကြောင့် ထုတ်လုပ်မှုအပိုင်းအတွက် မပူနဲ့။ အဓိကက ခင်ဗျားတို့ရဲ့ ဒီဇိုင်းဆွဲနိုင်စွမ်းနဲ့ လက်တွေ့ တပ်ဆင်နိုင်စွမ်းပဲ။”
“ဟုတ်ကဲ့ပါ။”
ဝမ်ရှင်းဖုန်းနှင့် အဖွဲ့သားများက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ကြသည်။
“အခု ခင်ဗျားတို့ရဲ့ ပထမဆုံး စမ်းသပ်ချက်က သံချပ်ကာစစ်သင်္ဘောနဲ့ ချိတ်ဆက်တဲ့ကိရိယာတွေကို တပ်ဆင်ဖို့ပဲ။ မနေ့က အစ်ကိုကျန်းနဲ့ ကျုပ် တစ်ခုစမ်းပြီး တပ်ကြည့်ထားတယ်။ အဲ့ဒီဟာမှာ အမှားအယွင်းတွေ ဒါမှမဟုတ် ပြင်ဆင်စရာတွေ ရှိ၊ မရှိ သွားကြည့်ပေးပါ။”
ထို့နောက် အန်းယွဲ့အား ၎င်းတို့ကို ကျန်းယွင်ထျန်းထံသို့ ခေါ်ဆောင်သွားရန် ရှောင်းယီက ခိုင်းစေလိုက်သည်။
ရှောင်းယီသည်မူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး ဘိလပ်မြေနှင့် အခြားကုန်ကြမ်း လက်ကျန်များကို စစ်ဆေးကြည့်လိုက်ရာ လူပုများ၏ နန်းမြို့တော်ကို တည်ဆောက်ရန် လုံလောက်ကြောင်း တွေ့ရှိလိုက်ရ၏။
သူသည် တုံ့ဆိုင်းမနေဘဲ ကုန်ကြမ်းအားလုံးကို လူပုများ ဝယ်ယူထားသည့် ကျွန်းရှိ ကျောက်တိုင်သို့ လွှဲပြောင်းပေးလိုက်ပြီး ထိုကျွန်းသို့ တည်နေရာကူးပြောင်းသွားလိုက်သည်။
သွမ့်ပေယန်၏ ဒီဇိုင်းပုံစံများအတိုင်း ဘိလပ်မြေနှင့် သံမဏိများကို အသုံးပြုလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးကျယ်ခမ်းနားသော နန်းမြို့တော်ကြီးတစ်ခု ပေါ်ပေါက်လာလေတော့၏။
ထိုကျွန်းတွင် တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်နေသော လူပုအင်ဂျင်နီယာများမှုမူ ဆွံ့အသွားခဲ့ကြသည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ခုနလေးတင် လွင်တီးခေါင်ကြီးပဲရှိသေးတာလေ။ အခု နန်းတော်မြို့တော်ကြီး ဖြစ်သွားပြီလား။”
“ငါ အိပ်မက်မက်နေတာလား။ ဒါ ငါတို့ရဲ့ နန်းတော်မြို့တော်နဲ့ တူလိုက်တာ။”
“မဟုတ်ဘူး။ အဲဒါထက်တောင် ပိုလှသေးတယ်။”
အင်ဂျင်နီယာချုပ်က အော်ဟစ်လိုက်မိ၏။
“အားလုံးပဲ စကားပြောမနေကြနဲ့တော့။ အလုပ်လုပ်ကြစမ်း။ သူတို့က မြို့ကြီးတစ်မြို့လုံး ပြီးအောင်တောင် တည်ဆောက်လိုက်ပြီ။ ငါတို့ရဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်က အခုထိ မပြီးသေးဘူး။ မရှက်ကြဘူးလား။”
ရှောင်းယီသည် မြို့တော်တည်ဆောက်ပြီးနောက် လူပုနိုင်ငံဆီသို့ ချက်ချင်း တည်နေရာကူးပြောင်းသွားခဲ့သည်။
လော့စ်ကို တွေ့သောအခါ ရှောင်းယီက ပြောလိုက်၏။
“ငါ မင်းတို့ ဘုရင်မင်းမြတ်ကို တွေ့ချင်တယ်။ သတင်းကောင်း တစ်ခု ပြောစရာရှိလို့။”
“ဆောက်လုပ်ရေး လုပ်ငန်းစဉ်က ပိုမြန်သွားပြန်ပြီလား။”
လော့စ်၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုအတိုင်းပင်။ ထိုအခါ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်၏။
“မင်း ခန့်မှန်းတာ မှန်တယ်၊ အဲဒါပဲ။”
“အဲ့လောက်နဲ့တော့ အရှင်မင်းကြီးဆီကို အလောတကြီး တင်ပြစရာမလိုပါဘူး။”
လော့စ်က ပြန်ဖြေလိုက်သည်။
“အာ...အဲ့ဒါ တည်ဆောက်ပြီးသွားတာကို အရှင်မင်းကြီးဆီ တင်ပြစရာမလိုဘူးလား။”
ရှောင်းယီက အံ့အားသင့်စွာမေးလိုက်၏။
“မလိုပါဘူး...”
လော့စ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ သို့သော် ပြောလိုက်ဖြင့် ခေတ္တရပ်တန့်သွား၏။
“ခဏလေး မင်း ဘာပြောလိုက်တာလဲ။”
“မြို့တော်ကြီး ပြီးသွားပြီလို့ ပြောတာ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟား... မင်းတို့တွေ မြန်လှချည်လား။ လာ... ငါနဲ့အတူ အရှင်မင်းကြီးဆီ လိုက်ခဲ့။”
လော့စ်က အော်ဟစ်ကာ ရှောင်းယီကို ဆွဲ၍ နန်းတော်ထဲသို့ ပြေးသွားတော့သည်။
လော့စ်မှာ သူ၏ခြေတိုလေးများ ဖြစ်သောကြောင့် အပြေးအလွှား သွားနေရသော်လည်း ရှောင်းယီအတွက်မူ ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေရသလိုပင်။
ဘုရင်ကြီးသည် ၎င်းတို့အား ချက်ချင်းပင် လက်ခံတွေ့ဆုံပြီး မေးလိုက်၏။
“ဘာကိစ္စများ အရေးတကြီး ရှိလို့လဲ။”
“တင်ပါ့”
လော့စ်က ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ရှောင်းယီက ကျွန်တော်မျိုးတို့ရဲ့ နန်းမြို့တော် ပြီးစီးသွားပြီလို့ ပြောပါတယ်။”
“ဘာ...”
ဘုရင်ကြီးသည် တုန်လှုပ်စွာဖြင့် မတ်တတ်ရပ်လိုက်ပြီး ရှောင်းယီကို ကြည့်၏။ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်။ အားလုံး ပြီးသွားပါပြီ။ ဒီတစ်ခေါက် လာတာက အရှင်မင်းကြီးကို လာရောက် စစ်ဆေးပေးဖို့အတွက် လာပြီးဖိတ်ကြားတာပါ။”
“ကောင်းတယ်... ကောင်းတယ်... တကယ်ကို ကောင်းတယ်။”
ဘုရင်ကြီးက ဝမ်းသာအားရ ထပ်တလဲလဲ ဆိုလိုက်၏။
ယခုအခါ ပင်လယ်ရေမြင့်တက်လာပြီး တိုက်ကြီးများ နစ်မြုပ်တော့မည့် သတင်းမှာ တစ်တိုက်လုံး ပျံ့နှံ့နေပြီ ဖြစ်ရာ လူပုနိုင်ငံသားများမှာ အလွန် ထိတ်လန့်နေကြသည်။ ဘုရင်ကြီးက ကျွန်းတစ်ကျွန်း ဝယ်ယူထားကြောင်း ကြေညာထားသော်လည်း မည်မျှကြာအောင် တည်ဆောက်ရမည်ကို မသိသဖြင့် စိုးရိမ်နေခဲ့ကြ၏။ ယခုအခါ မြို့တော်ကြီး အဆင်သင့် ဖြစ်သွားခြင်းက ၎င်းတို့အတွက် အကြီးမားဆုံးသော သတင်းကောင်းပင် ဖြစ်တော့သည်။
အခန်း ၇၅၈ – လူပုမျိုးနွယ်စု၏ တုန်လှုပ်ချောက်ချားမှု၊ အစိတ်အပိုင်းများ ပြုပြင်မွမ်းမံခြင်း
ယခုမှာ ဆောင်းရာသီဖြစ်ပြီး အပြင်ဘက်တွင် အပူချိန်မှာ အလွန်အမင်း နိမ့်ကျနေသည်ကို သိထားရမည်ဖြစ်သည်။ ၎င်းတို့တွင် ရှောင်းယီ၏ကျွန်းမှ ဝယ်ယူထားသော အနွေးထည်များ ရှိသော်လည်း တစ်ချိန်လုံး ထိုအထဲတွင်သာ ပတ်ထား၍ မရနိုင်ချေ။ ကျွန်းဆောက်လုပ်ရေး ပြီးစီးသည်အထိ စောင့်မည်ဆိုလျှင်လည်း မည်မျှကြာမည်မှန်း မသိနိုင်ပေ။
ရှောင်းယီ ယူဆောင်လာသော သတင်းသည် လူပုဘုရင်အတွက် ပြည်သူတို့၏ စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးရန် အချိန်ကိုက် ရောက်ရှိလာခြင်းပင် ဖြစ်သည်။ လူပုဘုရင်သည် ချက်ချင်းပင် ရှောင်းယီထံ လျှောက်လာပြီး ပြောလိုက်၏။
“သွားကြစို့။ အခုချက်ချင်း သွားကြည့်ရအောင်။”
ရှောင်းယီသည် စကားအရှည်ကြီးမပြောတော့ဘဲ မြို့ပြန်ကျောက် သုံးတုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းကို သူတို့သုံးဦးသား အသက်သွင်းလိုက်ပြီးနောက် ဝင်းခြံငယ်လေးတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ကြသည်။
“အရှင်မင်းကြီး။ ဒါက အရှင်မင်းကြီးရဲ့ နန်းတော်ထဲမှာရှိတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ထားရှိတဲ့နေရာပါ။”
ရှောင်းယီက မိတ်ဆက်ပေးလိုက်သည်။
ဘုရင်ကြီးနှင့် လော့စ်တို့သည် ဘေးပတ်ပတ်လည်သို့ လျှောက်သွားကာ ဆေးဖြူသုတ်ထားသော နံရံများကို ခေါက်ကြည့်ခြင်း၊ ညီညာသော ကြမ်းပြင်များကို ကြည့်ရှုခြင်းတို့ ပြုလုပ်ပြီးနောက် အဆက်မပြတ် ချီးကျူးကြတော့၏။
“မဆိုးဘူး... တကယ်ကို မဆိုးဘူး။”
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ သွားကာ မဟာမိတ်အဖွဲ့အတွင်းမှ မီးပုံးပျံတစ်လုံးကို လဲလှယ်ယူလိုက်ပြီး နန်းတော်အတွင်းရှိ ကျယ်ပြောသော လေ့ကျင့်ရေးကွင်းပြင်တွင် ချထားလိုက်သည်။
“မြေပြင်ကနေ ကြည့်ရတာက နှေးလွန်းတယ်။”
ရှောင်းယီက ဆိုသည်။
“ကျုပ်တို့ ကောင်းကင်ပေါ်ကနေ နန်းမြို့တော်တစ်ခုလုံးကို တိုက်ရိုက် စီးမိုးကြည့်ကြတာပေါ့။”
“ကောင်းတာပေါ့။”
လူပုဘုရင်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ထို့နောက် သူတို့သုံးဦးသား မီးပုံးပျံပေါ်သို့ တက်လိုက်ကြပြီးနောက် အပေါ်သို့ တဖြည်းဖြည်း မြင့်တက်သွားခဲ့သည်။ ဘုရင်ကြီးနှင့် လော့စ်တို့သည် သူတို့ရှေ့မှ ခမ်းနားထည်ဝါလှသော နန်းမြို့တော်ကြီးကို ကြည့်ရင်း မှင်သက်သွားကြတော့လေသည်။
ရှောင်းယီကိုယ်တိုင်လည်း ဤမျှကြီးမားသော စီမံကိန်းကြီးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ရာ အနည်းငယ် အံ့သြမိသော်လည်း တုန်လှုပ်သွားခြင်းမျိုးတော့ မရှိခဲ့ပေ။ သူ၏ ယခင်ကမ္ဘာတွင် ရှေးဟောင်းယဉ်ကျေးမှုကြီး လေးခုအနက် တစ်ခုဖြစ်သော ရှားဂုဏ်ဆောင် တရုတ်နိုင်ငံတွင် သမိုင်းတစ်လျှောက် နန်းမြို့တော်များစွာ ရှိခဲ့ပြီး အချို့မှာ ယနေ့တိုင် တည်ရှိနေဆဲပင်။ ထိုမြို့တော်များမှာ ဤနေရာထက်ပင် ပို၍ ကြီးကျယ်ခမ်းနားလှ၏။
ခေတ္တအကြာတွင် လူပုဘုရင်က စိတ်လှုပ်ရှားစွာ ပြောလာခဲ့သည်။
“ကျွန်းပိုင်ရှင်ရှောင်း ဒီကုန်သွယ်မှုအတွက် ကိုယ်တော် အရမ်းကျေနပ်တယ်။ အဆောက်အဦးတွေရဲ့ အရည်အသွေးကို စစ်ဆေးဖို့ လူအချို့ကို အရင်လွှတ်လိုက်ပါမယ်။ စစ်ဆေးပြီးတာနဲ့ ဒီကုန်သွယ်မှုက လုံးဝပြီးမြောက်သွားပါပြီ။”
“ကောင်းပါပြီ။”
ရှောင်းယီက ပြန်ဖြေပြီးလိုက်၏။
“ကျွန်တော်မျိုးဆီမှာ ဆေးရောင်ခြယ် ဝန်ဆောင်မှုလည်း ရှိပါတယ်။ အိမ်တွေကို တခြားအရောင် သုတ်ချင်တယ်ဆိုရင် ကျွန်တော်မျိုးကို ပြောနိုင်ပါတယ်။”
သူက ထပ်လောင်းပြောကြားလိုက်သည်။
ဘုရင်ကြီးသည် လူပုမျိုးနွယ်စုထံသို့ ချက်ချင်း အသိပေးချက် ထုတ်ပြန်လိုက်ရာ အားလုံးက မယုံနိုင်အောင် ဖြစ်နေခဲ့ကြသည်။
“နှစ်ရက်၊ သုံးရက်အတွင်းမှာ မြို့ကြီးတစ်မြို့လုံး ပြီးသွားပြီလား။ နောက်နေတာ မဟုတ်လား။”
ထိုသို့ဆိုကာ အားလုံးက ကိုယ်တိုင်သွားကြည့်ရန် စာရင်းပေးကြတော့၏။
လူပုကျွန်းပေါ်ရှိ တည်နေရာကူးပြောင်းခြင်းအစီအရင်သည်လည်း ပြီးစီးသွားပြီဖြစ်ရာ လူပုမျိုးနွယ်စုဝင်များသည် ထိုမှတစ်ဆင့် ကူးပြောင်းလာခဲ့ကြလေသည်။ သူတို့ရှေ့မှ အသစ်စက်စက် နန်းမြို့တော်ကြီးကို မြင်သောအခါ အားလုံးမှာ ဆွံ့အကုန်ကြတော့သည်။
“ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။”
“ငါတို့ တည်နေရာကူးပြောင်းခြင်းအစီအရင်က ပျက်နေတာလား။ နေရာက မရွေ့သွားဘဲ ငါတို့ နန်းတော်ထဲမှာပဲ ရှိနေသလိုပဲ။”
“မဟုတ်ဘူး မတူဘူးဟ။ ဒီက နံရံတွေက ငါတို့ဆီကထက် အများကြီး ပိုချောတယ်။”
ထိုစဉ် လော့စ်က အော်ဟစ်လိုက်သည်။
“ကဲ... အားလုံးပဲ ကိုယ့်အိမ်ကို အမြန်သွားရှာပြီး အခန်းထဲမှာ ချို့ယွင်းချက် ရှိ၊ မရှိ စစ်ဆေးကြည့်ကြ။ ပြဿနာရှိရင် ငါ့ကို ချက်ချင်းလာပြော။”
လူပုများသည် အိမ်ထဲသို့ ဝင်ရောက်စစ်ဆေးပြီးနောက် ပြန်ထွက်လာကြသည်။
“အိမ်ကတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အထဲက သံပိုက်လုံးတွေက ဘာတွေလဲ။”
သူတို့က မေးလာကြ၏။ လော့စ်က ပြုံးကာ ရှင်းပြလိုက်သည်။
“အဲဒါတွေက အပူပေးပိုက်တွေလို့ ခေါ်တယ်။ ဆောင်းရာသီမှာတောင် အိမ်ထဲမှာနေရင်း နွေဦးလို နွေးထွေးနေအောင် လုပ်ပေးလိမ့်မယ်။”
ရှောင်းယီ ဆိပ်ကမ်းသို့ ရောက်သောအခါ အတွင်းမှ အောင်ပွဲခံ ဟစ်အော်သံများကို ကြားလိုက်ရလေသည်။ သူ အမြန်လျှောက်ဝင်သွားရာ ကျန်းယွင်ထျန်းက လာရောက်ကြိုဆို၏။
“ဒီလူတွေက တကယ့်ကို တော်ကြတယ်။ အထူးသဖြင့် ဝမ်ရှင်းဖုန်းပေါ့။ သူရောက်လာတာနဲ့ ငါတို့ လုပ်ထားတဲ့ အစိတ်အပိုင်းကို ပြန်ပြင်ပေးတယ်။ တည်ဆောက်ပုံမှာ ပိုနေတာတွေနဲ့ စွမ်းအင်ပို့လွှတ်မှု အားနည်းတာတွေကို ပြင်လိုက်တာ။ ငါတော့ သိပ်နားမလည်ပေမဲ့ သူပြင်ပေးတဲ့အတိုင်း သံချပ်ကာ စစ်သင်္ဘောမှာ တပ်ဆင်လိုက်တော့ သင်္ဘောရဲ့ အရှိန်က နောက်ထပ်တစ်ဆင့် တိုးသွားခဲ့တယ်။”
“အဲလောက်တောင်လား။”
ရှောင်းယီ အံ့သြသွားပြီး သင်္ဘောကို စစ်ဆေးကြည့်လိုက်သည်။
“သံချပ်ကာ စစ်သင်္ဘော (S အဆင့်): အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၉၀ ကီလိုမီတာ။”
ယခင်ကထက် အမြန်နှုန်း သိသိသာသာ တိုးတက်သွားခြင်းပင်။ ထိုစဉ် ဝမ်ရှင်းဖုန်းနှင့် အခြားလူများ ရှောင်းယီထံ လျှောက်လာခဲ့ကြ၏။
“ကျွန်းပိုင်ရှင် သံချပ်ကာ စစ်သင်္ဘောတွေကို အားလုံး ပြုပြင်မွမ်းမံပြီးပါပြီ။ ကျေနပ်ရဲ့လားခင်ဗျာ။”
ဝမ်ရှင်းဖုန်းက မေးလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။
“ကျေနပ်တယ်။ အရမ်းကျေနပ်တယ်။ ခင်ဗျားတို့ အားလုံးကို အလုပ်ခန့်လိုက်ပြီ။ ဝမ်ရှင်းဖုန်း... ခင်ဗျားက စက်မှုဌာနရဲ့ တာဝန်ခံအဖြစ် လုပ်ရမယ်။”
“ကျုပ်... ကျုပ်ကလား။ ကျုပ် ခေါင်းဆောင် တစ်ခါမှ မလုပ်ဖူးဘူး။”
ဝမ်ရှင်းဖုန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
ရှောင်းယီက ပြုံးလိုက်သည်။
“စိတ်မပူပါနဲ့ ။ အန်းယွဲ့ကို သင်ခိုင်းလိုက်ပါမယ်။ လူတိုင်းက မလုပ်ဖူးရာကနေ စကြရတာပါပဲ။ စိတ်အေးအေးထားပြီး ဖြည်းဖြည်းချင်း လုပ်ပါ။”
သူက အားပေးလိုက်၏။
“ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ကျွန်းပိုင်ရှင်”
ဝမ်ရှင်းဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။