အခန်း (၇၆၁-၇၆၂)
Vol. 60 Ch. 761-762
အခန်း ၇၆၁ - တည်နေရာကူးပြောင်းခြင်းအစီအရင်အား ပြောင်းရွှေ့ခြင်း အစီအစဉ်နှင့် စားနပ်ရိက္ခာအကျပ်အတည်း
မြို့ပြန်ကျောက်များသည် တစ်ကြိမ်လျှင် လူတစ်ဦးသာ တည်နေရာကူးပြောင်းနိုင်ခြင်းကြောင့် ထိရောက်မှု အလွန်နည်းပါးနေသေးသည့်အပြင် စွမ်းအင်ကိုလည်း အမြဲမပြတ် ပြန်လည်ဖြည့်တင်းနေရသည်။အကယ်၍ တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုသာ ရှိမည်ဆိုပါက ဝင်လိုက်ထွက်လိုက်ရုံဖြင့် အလုပ်ပြီးမြောက်သွားမည်ဖြစ်သည်။
ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။
“အင်း...တည်နေရာကူးပြောင်းခြင်းအစီအရင်တွေ တပ်ဆင်ဖို့ ငါစဉ်းစားပေးမယ်။”
ကျန်းယွင်ထျန်း အံ့အားသင့်သွားခဲ့သည်။ သူသည် ရင်ထဲရှိသည်ကို ညည်းညူလိုက်ခြင်းသာဖြစ်ပြီး ဤနေရာတွင် တစ်ခုတည်ဆောက်ရန် အမှန်တကယ်အဆိုပြုလိုခြင်း မဟုတ်ပေ။ အကြောင်းမှာ တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်ခြင်းသည် ကုန်ကျစရိတ် အလွန်ကြီးမားသောကြောင့်ပင်။
“တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုတည်ဆောက်ဖို့ ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူးနော်။”
ကျန်းယွင်ထျန်းက စမ်းတဝါးဝါးဖြင့် မေးလိုက်၏။
“ငါက အလကား ပြောလိုက်တာပါ။”
ထိုအခါ ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဟွာရှားနိုင်ငံ မဟုတ်တဲ့ တခြားအသက်ရှင်ကျန်ရစ်သူ ဇုန်တွေက ကျွန်းတွေကို အခုလောလောဆယ် ပင်မကျွန်းကြီးနဲ့ လာမပူးပေါင်းသေးဘူး။ အဲ့ဒါကြောင့် တည်နေရာကူပြောင်းခြင်းအစီအရင်က တကယ်လိုအပ်တယ်။ နောက်ပြီး အသစ်ဆောက်ရမယ်လို့ ဘယ်သူပြောလဲ။”
ကျန်းယွင်ထျန်းသည် မျက်မှောင်ကျုံ့ကာ စဉ်းစားလိုက်ပြီးနောက် မျက်လုံးများ တောက်ပသွားခဲ့၏။
“ဆိုလိုတာက... ရှိပြီးသားတစ်ခုကို တိုက်ရိုက်ရွှေ့ပြောင်းမလို့လား။”
“အတိအကျပဲ။ အခု ပင်မကျွန်းကြီးနဲ့ လာရောက်ပူးပေါင်းထားတဲ့ တိုက်သစ်ကြီးက ဒေသခံမြို့တိုင်းမှာ ကိုယ်ပိုင်တည်နေရာကူးပြောင်းခြင်းအစီအရင်တွေ ရှိကြတယ်။ သူတို့ တစ်နေရာရာကို သွားချင်ရင် ပင်မကျွန်းကြီးက အစီအရင်ကို သုံးလို့ရတယ်လေ။ သူတို့မြို့ထဲက အစီအရင်တွေက အသုံးမလိုတော့ဘူးလေ။”
ရှောင်းယီက ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ ကျန်းယွင်ထျန်းက သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။
“အဲဒီဘက်မှာ ကင်းစောင့်တွေ စီစဉ်ပြီးရင် မင်းပြန်လာခဲ့လို့ရပြီ။”
ရှောင်းယီက လက်ဝှေ့ယမ်းကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“ဒီနေ့က စနေနေ့ဆိုတော့ အနားယူရမယ့် အချိန်ပဲ။”
“ကောင်းပြီ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ စကားပြောပြီးနောက် ရှောင်းယီသည် အန်းယွဲ့ကို ဖုန်းခေါ်ကာ အမိန့်ပေးလိုက်၏။
“အဲဒီဒေသခံမြို့တွေနဲ့ သွားဆွေးနွေးလိုက်ပါ။ သူတို့ဆီက တည်နေရာကူးပြောင်းခြင်းအစီအရင်တွေကို ကျုပ်တို့ အသုံးပြုဖို့ လိုနေတယ်။”
“အကုန်လုံးကိုလား။”
အန်းယွဲ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“သေချာတော့ မသိသေးဘူး။ လောလောဆယ် ရေလူသားနိုင်ငံထဲက အယ်လ်ဘန်ရဲ့ကျွန်းမှာ တစ်ခု၊ နောက်ပြီး စာချုပ်ချုပ်ထားတဲ့ မဟာမိတ်အဖွဲ့တွေ ကျုပ်တို့ကို ပေးထားတဲ့ ကျွန်းပေါ်မှာ တစ်ခုလိုတယ်။ အသေးစိတ်ကိုတော့ သူတို့နဲ့ ညှိနှိုင်းလိုက်ပါ။ အဆင်ပြေပြီဆိုရင် ရှီခုန်းကို အစီအရင်တွေ ရွှေ့ခိုင်းလိုက်တော့။”
“နားလည်ပါပြီ။”
အန်းယွဲ့က ခေါင်းငြိမ့်လိုက်သည်။
ဖုန်းချပြီးနောက် အန်းယွဲ့သည် အနီးနားရှိ ဒေသခံမြို့များမှ တာဝန်ခံများကို အစည်းအဝေး ခေါ်ယူလိုက်၏။
“လူကြီးမင်းတို့... အခုဆိုရင် ရီရန်ပင်း မဟာမိတ်အဖွဲ့မှာ ပင်လယ်ရပ်ခြားကျွန်းတွေ အများကြီး ရှိလာပြီဆိုတော့ ဆက်သွယ်ရတာ အဆင်မပြေဖြစ်နေတယ်။ အဲ့ဒါကြောင့် ကျွန်းတစ်ခုချင်းစီမှာ တည်နေရာကူးပြောင်းခြင်းအစီအရင် တစ်ခုစီ တပ်ဆင်ဖို့ လိုအပ်နေပါတယ်။”
အန်းယွဲ့က မြို့တော်တာဝန်ခံများကို ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ အစီအရင်တွေက အသုံးနည်းနေပြီဆိုတော့ အရင်းအမြစ်တွေကို အကျိုးရှိရှိ သုံးစွဲနိုင်ဖို့အတွက် ကျွန်းပိုင်ရှင်က ခင်ဗျားတို့မြို့က အစီအရင်တွေကို ရွှေ့ပြောင်းဖို့ အကြံပြုထားတယ်။ အကယ်၍ ခင်ဗျားတို့ တည်နေရာကူးပြောင်းဖို့ လိုလာခဲ့ရင် ပင်မကျွန်းပေါ်က အစီအရင်ကိုပဲ သုံးလို့ရတယ်။”
လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် အန်းယွဲ့က ဆက်ပြောလိုက်သည်။
“ဘယ်သူ့မှာ ကန့်ကွက်စရာ ရှိပါသလဲ။”
“မရှိပါဘူး။ ကျုပ်တို့ တခြားမြို့တွေနဲ့ အဆက်အသွယ် ပြတ်နေတာကြာပါပြီ။ အခု ပင်မကျွန်းကြီးနဲ့ပဲ ကုန်သွယ်နေတာဆိုတော့ မီးရထားနဲ့တင် အကုန်လုံးအတွက် အဆင်ပြေနေပါတယ်။”
“ကျုပ်တို့လည်း အတူတူပါပဲ။ ကျုပ်တို့ဆီက အစီအရင်ကလည်း သုံးမရတာ ကြာပါပြီ။”
“ဟုတ်ပါတယ်။ ကျုပ်တို့ ကျွန်းပိုင်ရှင်ရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပါတယ်။”
အန်းယွဲ့ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။
“ကောင်းပြီ။ ကန့်ကွက်သူမရှိဘူးဆိုမှတော့ ရှီခုန်းက ပြောင်းရွှေ့ရေးလုပ်ငန်းကို တာဝန်ယူပါလိမ့်မယ်။ မြို့အသီးသီးက ကူညီဖို့ လူတွေ လွှတ်ပေးကြပါဦး။”
“ဟုတ်ကဲ့ပါ။”
အားလုံးက တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
“တခြားပြဿနာ ရှိသေးလား။ မရှိရင် အစည်းအဝေး ပြီးပါပြီ။”
အန်းယွဲ့က ဘေးဘီကို ကြည့်ကာ မေးလိုက်၏။
“ကျုပ်မှာ တစ်ခုရှိပါတယ်။”
ထိုစဉ် တာဝန်ခံတစ်ဦးက မတ်တပ်ရပ်လာခဲ့သည်။
“ဘာများလဲ။”
အန်းယွဲ့က အံ့အားသင့်စွာ မေးလိုက်၏။
“ကျူပ်တို့ မြို့ထဲကို ချည်ငင်စက်တွေနဲ့ ရက်ကန်းစက်တွေ တင်သွင်းချင်လို့ရမလား။”
ထိုတာဝန်ခံက သတိထားကာ မေးလိုက်သည်။ အန်းယွဲ့ မျက်တောင်ခတ်လိုက်မိ၏။
“ပြဿနာ မရှိပါဘူး။ ခင်ဗျားတို့ကိုယ်တိုင် ထုတ်လုပ်ရေး စက်ကိရိယာတွေ ဝယ်ဖို့ စိတ်အားထက်သန်တာကို မြင်ရလို့ ဝမ်းသာပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ အခြားမြို့များ၏ တာဝန်ခံများသည်လည်း စက်ပစ္စည်းများ တင်သွင်းလိုကြောင်း ဝိုင်းပြောကြတော့လေသည်။
“ဒါဆိုရင် ခင်ဗျားတို့မြို့နဲ့ ဘယ်လိုစက်မျိုးက သင့်တော်မလဲဆိုတာ အရင်စဉ်းစားကြပါ။ ပြီးရင် လျှောက်လွှာတင်လိုက်ပါ။ ကျုပ် အဘက်ဘက်က ညှိနှိုင်းပေးပါ့မယ်။”
အန်းယွဲ့က ခဏနားပြီး ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အားလုံးက ချည်ငင်စက်နဲ့ ရက်ကန်းစက်တွေပဲ တင်သွင်းမယ်ဆိုရင်တော့ အဝတ်အထည်ဈေးနှုန်းတွေ ထိုးကျသွားလိမ့်မယ်နော်။”
အားလုံးက ခေါင်းငြိမ့်လိုက်ကြ၏။ ၎င်းမှာ ရိုးရှင်းသော ဝယ်လိုအားနှင့် ရောင်းလိုအား သဘောတရားပင်ဖြစ်သည်။ ပစ္စည်း အလွန်အကျွံ ထွက်ရှိပါက ဈေးနှုန်း ကျဆင်းသွားပေလိမ့်မည်။
“သေချာ ပြန်စဉ်းစားကြပါ။ တခြား မေးစရာရော ရှိသေးလား။”
အားလုံးက ခေါင်းခါပြလိုက်ကြ၏။
“ဒါဆိုရင် ဒီနေ့အတွက် ဒီမှာတင် နားကြရအောင်။”
အန်းယွဲ့က ထရပ်လိုက်သည်။ ကျန်ရှိသူများသည်လည်း ရထားစီးကာ မိမိတို့မြို့များသို့ ပြန်သွားခဲ့ကြ၏။
ဗီလာသို့ ပြန်ရောက်သောအခါ အန်းယွဲ့သည် ရှောင်းယီကို သတင်းပို့လိုက်လေသည်။
“ကျွန်းပိုင်ရှင်။ လူတိုင်းက အစီအရင်ရွှေ့ပြောင်းတာကို သဘောတူကြပါတယ်။ ဒါပေမဲ့ သူတို့မှာ တခြားတောင်းဆိုချက်တွေ ရှိနေတယ်။”
“ဘာတွေများလဲ။”
ရှောင်းယီက စိတ်ဝင်တစား မေးသည်။ အန်းယွဲ့သည် သူတို့ စက်ကိရိယာများ တင်သွင်းလိုသည့်အကြောင်းကို ပြောပြလိုက်၏။
“ကောင်းတာပေါ့။ အားပေးလိုက်ပါ။ ကျွန်းရဲ့ ဈေးကွက် စည်ကားဖို့က သူတို့အပေါ်မှာ မူတည်နေတာ။”
ရှောင်းယီက ပျော်ရွှင်စွာ ပြောလိုက်သည်။ အန်းယွဲ့ကလည်း ခေါင်းငြိမ့်လိုက်သည်။
“ငါလည်း အဲဒီလိုပဲ တွေးထားတာပါ။ သူတို့မြို့တွေကို အခြေအနေကြည့်၊ ဘာထုတ်လုပ်မလဲ ဆုံးဖြတ်ပြီးရင် လျှောက်လွှာတင်ဖို့ ပြောထားတယ်။ ငါတို့ဘက်က နည်းပညာနဲ့ စက်ကိရိယာတွေ ကူညီပေးမယ်။”
“အင်း...ဦးလေးပြောတဲ့အတိုင်း အဆင်ပြေသလိုပဲ ဆောင်ရွက်လိုက်ပါ။”
ရှောင်းယီက စိတ်ကျေနပ်စွာ ပြောလိုက်သည်။ အန်းယွဲ့က ခေါင်းငြိမ့်လက်ခံပြီးနောက် ထွက်ခွာသွားတော့သည်။
ထို့နောက် ရှောင်းယီသည် သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဘက်သို့ လှည့်ကြည့်လိုက်၏။
“ဘာလို့ ဆောင်းတွင်းမှာ စားစရာတွေက ပိုပြီးမြန်မြန် ကုန်လာနေသလို ခံစားနေရတာလဲ။”
“မထူးဆန်းပါဘူး။ မင်းရဲ့ ခန္ဓာကိုယ်က အအေးဒဏ်ကို တိုက်ဖျက်ဖို့ စွမ်းအင်တွေ ပိုသုံးနေရတာကိုး။ ဒါက ယုတ္တိရှိပါတယ်။”
“သီအိုရီအရတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ အခု စားနပ်ရိက္ခာပိုင်းမှာ ပြဿနာ တက်နေရပြီ။”
“ဘာပြဿနာလဲ။”
“ရိုးရိုးလေးပဲလေ။ ကျုပ်တို့ စားစရာ အလုံအလောက် စုမထားခဲ့မိဘူး။ နောက်ဆုံးရက်ပိုင်းတွေမှာ ကျုပ်တို့တော့ ငတ်တော့မယ်ထင်တယ်။”
“ဒါဆို ပင်လယ်သတ္တဝါတွေ ပိုဖမ်းလေ။”
“အပေါ်ကလူ၊ မင်း တကယ်မစမ်းကြည့်ရသေးဘူးထင်တယ်။ စမ်းဖူးတဲ့လူတွေဆိုရင် သိတယ်။ ပင်လယ်ထဲမှာ ဘာမှ မကျန်တော့ဘူး။ နေ့တိုင်း အုတ်မြစ်ကျောက်ကို လာတိုက်တဲ့ ကောင်တွေကလွဲရင် သမုဒ္ဒရာကြီးက အလွတ်ကြီးပဲ။”
“ဟုတ်တယ်။ အဲဒီ လာတိုက်တဲ့ အကောင်နည်းနည်းပဲ ရှိတာ။ အဆာပြေဖို့တောင် မလောက်ဘူး။ ဘယ်လိုမှ မလုံလောက်ဘူး။”
“ဒါဆို အားလုံးက စားနပ်ရိက္ခာ ကပ်ဆိုက်နေကြတာလား။”
“လောလောဆယ်တော့ မဟုတ်သေးဘူး။ ဒါပေမဲ့ မင်းမှာရှိတဲ့ လက်ကျန်ကို တွက်ကြည့်ရင် ဘယ်တော့ ငတ်မလဲဆိုတာ သိနိုင်တယ်။ အခုက စိုက်ပျိုးလို့လည်းမရဘူး။ တောထဲမှာလည်း ဘာမှမရှိဘူး။ အရင်စုထားတာလေးတွေနဲ့ပဲ စားနေရတာ။”
“အဲ့ဒါကြောင့် ကျုပ်ကတော့ ဈေးကွက်ခန်းမမှာပဲ စခန်းချနေတယ်။ ဘယ်သူ ကောက်ပဲသီးနှံ တင်ရောင်းလဲ၊ ချက်ချင်း ကောက်ဝယ်လိုက်တာပဲ။”
“သြော်... အဲဒါကြောင့် ငါ အမြဲ မမီတာကိုး။ မင်းက အကုန်ဦးနေတာပဲ။”
“ကျုပ်လည်း ရံဖန်ရံခါမှ ရတာပါ။ အခု ကောက်ပဲသီးနှံ ဈေးတွေက ရူးချင်လောက်စရာပဲ။”
“ဟုတ်တယ်။ ယီရန်ပင်းသူဌေး အရင်က ရောင်းပေးတဲ့ ဈေးက အရမ်းတန်တာ။ အခုတော့ ဈေးက နှစ်ဆ ဖြစ်သွားပြီ။”
“မင်းတို့အားလုံးက လန့်ပြီး ဝိုင်းဝယ်နေကြတော့ ဈေးက နှစ်ဆတက်တာ ဘာဆန်းလို့လဲ။”
“အေးအေးဆေးဆေး နေကြစမ်းပါ။ အစောပိုင်းရက်တွေကိုတောင် ဖြတ်ကျော်နိုင်ခဲ့တာပဲ။ နောက်ထပ် နှစ်ရက်လောက်နဲ့တော့ မသေသွားပါဘူး။”
“နှစ်ရက်လား။ သေချာစဉ်းစားဦး။ ဆောင်းတွင်းက ချက်ချင်းပြီးသွားမှာ မဟုတ်သလို စားစရာတွေကလည်း တစ်ညတည်းနဲ့ ပေါ်လာမှာမဟုတ်ဘူး။ စိုက်လို့ရပြီဆိုရင်တောင် သီးနှံတွေက အချိန်ယူရဦးမှာ။ အဲဒီကြားထဲ ဘာဖြစ်ဦးမလဲဆိုတာ ဘယ်သူသိမှာလဲ။”
“အမ်း...ဘာဖြစ်နိုင်မှာလဲ။ လိုအပ်လာရင် မျက်စိမှိတ်ပြီး သစ်ဥတွေ၊ သစ်ဖုတွေ စားပြီးတော့ပဲ တောင့်ခံရမှာပေါ့။”
အခန်း ၇၆၂ - မိနစ်ငါးဆယ်အတွင်း တုန်လှုပ်ချောက်ချားမှု၊ ပင်ဖိုင်းယား ရိုင်ဖယ်
“သီအိုရီအရတော့ ကျွန်းပေါ်မှာရှိတဲ့ လက်ကျန်ရိက္ခာတွေနဲ့ တောင့်ခံထားလို့ ရနိုင်ပေမဲ့ တစ်ခုခုဖြစ်လာတော့မလိုလို အမြဲခံစားနေရတယ်။”
“ကိုယ့်ကိုယ်ကိုယ် ခြောက်လှန့်မနေကြစမ်းနဲ့။ အခုကစပြီး စားနပ်ရိက္ခာကို လျှော့သုံးကြ။ အားလုံးပဲ အောင့်အည်းသည်းခံလိုက်ကြပါ။ ဆောင်းတွင်းကုန်သွားရင် အကုန်အဆင်ပြေသွားမှာပါ။”
“ဟုတ်တယ်။ နွေဦးရောက်တာနဲ့ သီးနှံတွေ စိုက်လို့ရရုံတင်မကဘူး တောထဲမှာရှိတဲ့ အမျိုးမျိုးသော အစားအစာတွေကလည်း လူတိုင်းရဲ့ ဗိုက်ကို ဖြည့်တင်းပေးနိုင်လိမ့်မယ်။”
လူတိုင်း၏ ဆွေးနွေးမှုများကို ကြည့်ရင်း ရှောင်းယီ မျက်မှောင်ကျုံ့ကာ တွေးတောလိုက်မိသည်။
‘ဆောင်းတွင်းမှာ တကယ်ပဲ အစားအသောက် သုံးစွဲမှု ပိုများလာတာလား။’
ထိုသို့တွေးမိပြီးနောက် ရှောင်းယီသည် အန်းယွဲ့ထံသို့ စာတစ်စောင် ပို့လိုက်၏။ မကြာမီ အန်းယွဲ့က ပြန်လည်ဖြေလာခဲ့သည်။
“လက်ရှိ အခြေအနေအရ ဆောင်းတွင်းစကတည်းက စားနပ်ရိက္ခာ သုံးစွဲမှု ပိုများလာတာ အမှန်ပဲ။ ဒါပေမဲ့ ငါတို့ရဲ့ ရိက္ခာလက်ကျန်က လုံလောက်မှု ရှိသေးသလို၊ စိုက်ပျိုးရေးခြံကလည်း အမြဲမပြတ် ထုတ်လုပ်ပေးနေတော့ ငါတို့ မဟာမိတ်အဖွဲ့ထဲမှာတော့ အစားအသောက် ပြတ်လပ်တဲ့ပြဿနာ ရှိမှာမဟုတ်ပါဘူး။”
စိုက်ပျိုးရေးခြံတွင် အပူချိန်ထိန်းစနစ်ရှိသဖြင့် ပြင်ပပတ်ဝန်းကျင်၏ သက်ရောက်မှုကို လုံးဝမခံရပေ။
အပြင်ဘက်တွင် ဆောင်းရက်စွဲများ ခိုက်ခိုက်တုန်အောင် အေးနေသော်လည်း စိုက်ပျိုးရေးခြံထဲတွင်မူ နွေဦးကဲ့သို့ အမြဲတမ်း သာယာနေမည်ဖြစ်သည်။
ထို့အပြင် ရှောင်းယီ၏ ကျွန်းသည် အလွန်ကျယ်ပြန့်သည်ဖြစ်ရာ အသစ်တဖန် ထွက်ပေါ်လာသော အရင်းအမြစ်များသည် အခြားကျွန်းများထက် အဆပေါင်းများစွာ ကြွယ်ဝပေသည်။ အကယ်၍ သစ်မြစ်နှင့် သစ်ခေါက်များကိုပင် စားရမည်ဆိုလျှင်ပင် အခြားသူများထက် ရွေးချယ်စရာ ပိုများနေဦးမည်ဖြစ်သည်။
အန်းယွဲ့၏ အဖြေကို မြင်သောအခါ ရှောင်းယီ ခေါင်းညိတ်ပြီး ညွှန်ကြားလိုက်၏။
“ဒေသခံလူမျိုးတွေရဲ့ အခြေအနေကိုလည်း ပိုပြီးဂရုတစိုက် ကြည့်ထားပေးပါဦး။”
“ဟုတ်ကဲ့ပါ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
ယီထျန်းဂရုချတ်အတွင်း၌ -
“နောက်ဆုံးရ သတင်း...ရေလူသားနိုင်ငံရဲ့ အကြီးဆုံး မဟာမိတ်အဖွဲ့ဖြစ်တဲ့ အယ်လ်ဘန်ကို ယီရန်ပင်းသူဌေးက သိမ်းပိုက်လိုက်ပြီ။”း
“မြန်လှချည်လား။ သူဌေးက မနက်ကမှ အယ်လ်ဘန်ကို တိုက်ဖို့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘူးလား။ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး သိမ်းလိုက်နိုင်တာလား။”
“ကြည့်ရတာ ရေလူသားနိုင်ငံရဲ့ အဲ့ဒီအကြီးဆုံး မဟာမိတ်အဖွဲ့ဆိုတာ နာမည်နဲ့မလိုက်အောင် ညံ့ဖျင်းပုံပဲ။”
“သူတို့က ညံ့တာမဟုတ်ပါဘူး။ ယီရန်ပင်းကိုက အရမ်း အစွမ်းထက်လွန်းနေတာ။ ယီရန်ပင်းရဲ့ တိုက်စစ်ကို ဘယ်သူက တောင့်ခံနိုင်မှာမို့လို့လဲ။”
ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် ဂရုချတ်ထဲတွင် စာရိုက်တင်လိုက်၏။
“သံချပ်ကာ စစ်သင်္ဘော ၃ စီး၊ စစ်သည် ၁၂၀၀ နဲ့ မိနစ် ၅၀ အတွင်းမှာ အယ်လ်ဘန်ကျွန်းကို ကျုပ်တို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။”
“အားပါးပါး...နေ့တစ်ဝက်လောက်နဲ့ သိမ်းနိုင်ရင်တောင် မြန်လှပြီအောက်မေ့တာ။ သူဌေးက ငါထင်ထားတာထက်တောင် ပိုမြန်နေပါလား။”
“မိနစ် ၅၀ နဲ့ ရေလူသားနိုင်ငံရဲ့ အကြီးဆုံးအဖွဲ့ကို အပြတ်ရှင်းလိုက်တယ် ဟုတ်လား။ တခြားလူသာ အဲဒီလိုပြောရင် ငါ ပါးရိုက်ပစ်လိုက်မှာ။”
“သူဌေး ရှေ့မှာ ဒူးထောက်ပါတယ်။ ဒါက ဘယ်လိုမျိုး နတ်ဘုရားပေးတဲ့ အရှိန်အဝါလဲ။”
“သူဌေးက ပြိုက်ဘက်ကင်းကွ။ မင်းတို့ မဟာမိတ်အဖွဲ့လေးတွေ ဖျင်ယားပြီး ကိုယ့်သေတွင်းကိုယ် မတူးကြနဲ့။”
ယီထျန်းဂရုချတ်မှ သတင်းများသည် အများသုံးချန်နယ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် မဟာမိတ်အဖွဲ့ အားလုံးဆီသို့ ရောက်သွားမည်ကို ရှောင်းယီ သိပြီးသားဖြစ်၏။
ဤတိုက်ပွဲ မတိုင်မီကပင် ရှောင်းယီသည် ဤစစ်ပွဲ၏ အန္တိမရည်မှန်းချက်ကို သတ်မှတ်ထားပြီးသား ဖြစ်သည်။ ၎င်းမှာ “မျောက်ကို ခြောက်ဖို့ ကြက်ကို သတ်ပြခြင်း”ပင် ဖြစ်သည်။
အနည်းဆုံးတော့ အသက်ရှင်ကျန်ရစ်သူများကို သူ၏ အစွမ်းသတ္တိကို သိစေကာ နောင်တွင် မည်သည့် မဟာမိတ်အဖွဲ့မှ ယီရန်ပင်း မဟာမိတ်အဖွဲ့ကို အလွယ်တကူ မတိုက်ခိုက်ရဲအောင် ပြုလုပ်ခြင်းဖြစ်၏။ ၎င်းက သူ၏ကျွန်းအတွက် ဒုက္ခအများကြီး သက်သာစေမည်ဖြစ်သည်။
သို့ဆိုလျှင် ကျန်းယွင်ထျန်းနှင့် အခြားသူများသည်လည်း ဒေသခံလူမျိုးများကို ရင်ဆိုင်ရာတွင် ပိုမို အာရုံစိုက်နိုင်မည်ဖြစ်သည်။
ယီထျန်းဂရုချတ်ထဲတွင် ရှိနေသော တိလင်းထျန်းရှားသည် ရှောင်းယီ၏ စာကို မြင်သောအခါ ရင်ထဲတွင် အေးစိမ့်သွားခဲ့၏။
‘မိနစ် ၅၀ အတွင်း မဟာမိတ်အဖွဲ့တစ်ခုလုံးကို သိမ်းလိုက်တယ်ဟုတ်လား။ အကယ်၍ ယီရန်ပင်းက ငါ့ကို တိုက်မယ်ဆိုရင် ငါ ဘယ်လောက်ကြာကြာ ခုခံနိုင်လောက်မလဲ။ မိနစ် ၅၀ ထက်တော့ ပိုကြာမှာပါ...ဟုတ်တယ်မလား။’
သို့သော် သူသည် ဤမေးခွန်းကို သူ့စိတ်ထဲတွင်သာ တွေးနိုင်၏။ ရှောင်းယီကို သွားဆွပြီး သေတွင်းမတူးသရွေ့တော့ သူ အဖြေရမည်မဟုတ်ချေ။
ရှောင်းယီ၏ သတင်းသည် အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့ အားလုံးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
အခြားအဖွဲ့များသည် ထိုသတင်းကို ကြားလိုက်ရသောအခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ယီရန်ပင်းက ကြွားလုံးထုတ်နေသည်ဟု ထင်ကြခြင်းဖြစ်သည်။
သို့သော် အချို့သော အသက်ရှင်ကျန်ရစ်သူများသည် အယ်လ်ဘန်မဟာမိတ်အဖွဲ့မှ ကံကောင်းထောက်မစွာ ထွက်ပြေး လွတ်မြောက်လာခဲ့ကြ၏။ သူတို့သည် မြို့ပြန်ကျောက်တုံးရှိလျှင် ထောင့်တစ်နေရာတွင် သုံးလိုက်ရုံဖြင့် တည်နေရာကူးပြောင်းကာ ထွက်ပြေးနိုင်ခြင်းကြောင့် ဖြစ်သည်။
“ယီရန်ပင်းပြောတာ အမှန်ပဲ။ သူတို့ရဲ့ စစ်သင်္ဘောတွေက ငါတို့ လှေတွေထက် အများကြီး ပိုမြန်တယ်။ လိုက်လို့တောင် မမီဘူး။ ငါတို့ လိုက်မီသွားတဲ့ အချိန်ကျတော့လည်း သူတို့ သင်္ဘောပေါ်က အမြောက်တွေက စပြီး ပစ်နေပြီ။”
“အမြောက်နဲ့လည်း ပစ်ပြီးရော ယီရန်ပင်းရဲ့ စစ်သားတွေက သင်္ဘောပေါ်ကနေ ခုန်ဆင်းလာကြတယ်။ သူတို့ လက်ထဲမှာ သေနတ်ရှည်တွေ ကိုင်ထားကြတာ။ အဲဒီ သေနတ်တွေက ငါတို့ ကမ္ဘာဟောင်းက သေနတ်တွေအတိုင်းပဲ။”
“မတ်တပ်ရပ်ပြီး ပြောင်းဝကနေ ယမ်းထည့်စရာ မလိုဘူး။ မြေကြီးပေါ်မှာ ဝပ်နေရင်းတောင် ကျည်ဖြည့်လို့ ရတယ်။ ပစ်ခတ်တဲ့ အကွာအဝေးက အနည်းဆုံး မီတာ ၆၀၀ ရှိပြီး တစ်မိနစ်ကို အနည်းဆုံး ၁၂ ချက် ပစ်နိုင်တယ်။”
“ငါတို့ရဲ့ မီးသေနတ်တွေက တစ်မိနစ်ကို ၂ ချက် ပစ်နိုင်ရင်တောင် တော်လှပြီ။ စစ်မြေပြင်မှာ ဘယ်သူက ယမ်းတွေကို အေးအေးဆေးဆေး ထိုးထည့်နေမှာလဲ။ ဒီစစ်ပွဲက တိုက်လို့ကို မရဘူး။”
ထွက်ပြေးလာသော စစ်သည်များ၏ ပြောပြချက်ကြောင့် ဤစစ်ပွဲ အဘယ်ကြောင့် ဤမျှ မြန်မြန်ပြီးသွားသည်ကို လူတိုင်း နားလည်သွားခဲ့ကြ၏။
လျင်မြန်သွက်လက်သော သံချပ်ကာစစ်သင်္ဘောများသည် ကျွန်း၏ ခံစစ်အားနည်းချက်ကို အလွယ်တကူ ရှာဖွေနိုင်ပြီး အမြောက်များဖြင့် ပစ်ကူပေးကာ စစ်သည်များ ကမ်းတက်နိုင်စေခဲ့သည်။ ထို့အပြင် စစ်သည်များ လက်ထဲရှိ ခေတ်မီသေနတ်များက ရန်သူများကို အပြတ်အသတ် နှိမ်နင်းလိုက်ခြင်းပင်။ မျက်စိရှိသူတိုင်းက ၎င်းသည် ရှုံးနိမ့်မည့် စစ်ပွဲမှန်း သိသိသာသာ မြင်နိုင်ပေသည်။
ရှုံးမည်မှာ သေချာနေသဖြင့် အားထုတ်မနေတော့ဘဲ အညံ့ခံလိုက်ကြခြင်းက ပို၍အဓိပ္ပာယ်ရှိပေလိမ့်ဦးမည်။
ထိုနည်းတူစွာပင် စစ်သည်များ၏ ပြောပြချက်ကြောင့် လူတိုင်းသည် ယီရန်ပင်း၏ အစွမ်းထက်မှုကို တစ်ဖန် ပြန်လည် ခံစားလိုက်ကြရပြန်သည်။
“အားပါး... သူဌေးက ခေတ်မီရိုင်ဖယ်တွေတောင် ရနေပြီလား။”
“သူဌေး... ကျုပ်တို့ကို နည်းနည်းလောက် ရောင်းပေးလို့ မရဘူးလား။ ဒီ မီးသေနတ်အစုတ်တွေကို ကိုင်ရတာ ငြီးငွေ့လှပြီ။”
“သူဌေးဆီမှာ ငါတို့ မသိသေးတဲ့ အဆင့်မြင့် လက်နက်တွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ။”
“သင်္ဘောအရှိန် မြှင့်တဲ့ လျှို့ဝှက်ချက်လေးကိုလည်း ပြောပြပါဦး။ အခု ကျွန်းတွေကြား သွားရတာနဲ့တင် အချိန်တွေ အကုန်ပုတ်နေရတယ်။”
ယိထျန်းဂရုချတ်တွင်သာမက ရှောင်းယီ၏ သီးသန့် ချန်နယ်တွင်လည်း မဟာမိတ်ခေါင်းဆောင် အများအပြားက ရိုင်ဖယ်သေနတ်အကြောင်း လာရောက်မေးမြန်းနေကြ၏။
ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် အားလုံးကို တစ်ပြေးညီ ပြန်ဖြေလိုက်သည်။
“လောလောဆယ် ပြင်ပကို ရောင်းဖို့ အစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့ မီးသေနတ်နဲ့ ဖလင့်လော့ခ်သေနတ်လက်ကျန်တွေတော့ ရှိတယ်။ စိတ်ဝင်စားရင် အလွတ်သဘော ဝယ်ယူနိုင်ပါတယ်။”
သူသည် မဟာမိတ်တပ်မတော်မှ အသုံးမပြုတော့ဘဲ ဖယ်ထုတ်ထားသော မီးသေနတ်များကို ဈေးကွက်ခန်းမတွင် တင်လိုက်၏။
တိလင်ထျန်းရှားနှင့် ဂျေဘီတို့သည် ရှောင်းယီ၏ အဖြေကြောင့် အနည်းငယ် စိတ်ပျက်သွားခဲ့ကြလေသည်။ သို့သော်လည်း သူတို့က ပြန်ဖြေလိုက်ကြဆဲပင်။
“အကယ်၍ ရိုင်ဖယ်တွေ ရောင်းဖို့ ဆုံးဖြတ်ဖြစ်ရင် ကျုပ်ကို ချက်ချင်း အကြောင်းကြားပေးပါ။”
သိသာသည်မှာ သူတို့နှစ်ဦးသည် မီးသေနတ်များကို စိတ်မဝင်စားဘဲ ဖလင့်လော့ခ်သေနတ်အချို့ကိုသာ ဝယ်ယူလိုကြခြင်းဖြစ်သည်။ ဖလင့်လော့ခ်သေနတ်များသည် မီးသေနတ်ထက် သေးငယ်ပြီး ကျည်ဖြည့်ရန်အတွက် မတ်တပ်ရပ်နေစရာ မလိုပေ။ သယ်ဆောင်ရ လွယ်ကူသလို ပစ်ခတ်မှုနှုန်းကလည်း မီးသေနတ်များထက် လျင်မြန်၏။
ဈေးကွက်ခန်းမတွင် ဖလင့်လော့ခ်သေနတ်များ လျင်မြန်စွာ ရောင်းကုန်သွားသော်လည်း မီးသေနတ်များမှာမူ ချက်ချင်း ရောင်းမကုန်ခဲ့ပေ။ ရှောင်းယီသည် ထိုပစ္စည်းများ ရောင်းရခြင်း၊ မရောင်းရခြင်းကို ဂရုမစိုက်ချေ။
အဲဒီမှာပဲ ရှိနေပါစေပေါ့။
“ကျွန်းပိုင်ရှင် လူပုနိုင်ငံက ကေဒါ ရောက်နေပါတယ်။ အရှင့်ကို ရှာနေတာတော့ မဟုတ်ဘူး။ အပန်းဖြေစခန်းကိုပဲ တန်းသွားလိုက်ပါတယ်။”
ကျန့်းရွှဲ့က သတင်းပို့လာခဲ့သည်။ ကျန်းယွင်ထျန်းက အယ်လ်ဘန်၏ကျွန်းတွင် စစ်ပွဲပြီးနောက်ဆက်တွဲ ကိစ္စရပ်များကို ကိုင်တွယ်နေရဆဲ ဖြစ်သဖြင့် ကျန့်းရွှဲ့သည် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို စောင့်ကြည့်ရန် တာဝန်ယူထားရ၏။ တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် အခြားသူများ ကျွန်းပေါ်သို့ ချက်ချင်း ရောက်လာနိုင်သဖြင့် ဤနေရာကို အမြဲမပြတ် စောင့်ကြည့်ရန် လိုအပ်သည်။
“အို... ဟုတ်လား။”
ရှောင်းယီ အနည်းငယ် အံ့သြသွားခဲ့သည်။
“နားလည်ပြီ။ ကြည့်ရတာ သူ တစ်ခုခုကို သတိရနေတာဖြစ်မယ်။”
ထို့နောက် သူသည် ယီထျန်းဂရုချတ်ကို တစ်ချက်ကြည့်လိုက်ပြီး အရေးကြီးသတင်း မရှိသဖြင့် အပန်းဖြေစခန်းဘက်သို့ ထွက်လာခဲ့လိုက်သည်။
ယနေ့သည် ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ ၇၆ ရက်မြောက်နေ့ဖြစ်ပြီး ခုနစ်ပတ်မြောက်၏ စနေနေ့ဖြစ်သည်။ အပန်းဖြေစခန်းတွင် လူများဖြင့် စည်ကားနေပြီး အများစုမှာ စနေ၊ တနင်္ဂနွေ အားလပ်ရက်ကို အနားယူရန် အခွင့်ကောင်း ယူနေကြခြင်းပင်။ မဟာမိတ်ခေါင်းဆောင် အများအပြားပင် ဤရှားပါးလှသော အားလပ်ရက်ကို ခံစားရန် ဤနေရာတွင် နှစ်ရက်တိုင်တိုင် လာရောက်တည်းခိုနေခဲ့ကြလေသည်။