ထင်မြင်ချက်
Vol. 138 Ch. 1905
ဝမ်လင်းက ကိစ္စတစ်ခုနှင့် ပတ်သတ်၍ စိတ်ရှုပ်ထွေးမိနေ၏။ သူက စက္ကူကြိုးကြာများကို တွေ့မြင်သည့်အခါ၌ ထူးဆန်းသောခံစားမှုတစ်ခုကို ရခဲ့ပေသည်။ အစိမ်းရောင်မိစ္ဆာကုန်းမြေ ဖြစ်စေ ကောင်းကင်ဘုံနွားထီးကုန်းမြေ ဖြစ်စေ ယင်းကလန်နှစ်ခုကို ကောင်းကင်ဘုံကလန်က ပိုင်ဆိုင်ပေသည်။
ကုန်းမြေနှစ်ခု၏ ကလန်များက တစ်ခုနှင့်တစ်ခု အရင်တည်းက သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်၏။ သို့သော် ဆေးလုံးပင်လယ်ကို သန့်စင်ကာ တခြားကုန်းမြေတစ်ခု၏ အရံအတားကို ဖွင့်လှစ်ပြီး ကျူးကျော်ခြင်းကတော့ ဝမ်လင်းကို တခြားအတွေးများ တွေးစေသည်။
ထိုကိစ္စက ကလန်များကြား ရန်ကြွေးမဟုတ်တော့၊ အစစ်အမှန် စစ်ပွဲ ဖြစ်လေ၏။
“စိတ်ဝင်စားစရာပဲ…။ ငါ့ထင်မြင်ချက် မမှန်ဖို့ပဲ မျှော်လင့်ရမှာပဲ။ မဟုတ်ရင် လူတွေ ပိုသေကုန်လေလေ ကောင်းကင်ဘုံကလန်နဲ့ ပတ်သတ်လို့ ငါ ခံစားမိတဲ့ ပတ်သတ်မှုက နည်းပါးလေပဲ…”
“ငါ ခန့်မှန်းမိသလိုသာ တကယ် ဖြစ်ခဲ့ရင် ဒါဟာ လူတစ်ယောက်ရဲ့ စိတ်နှလုံးကို အမှန်တကယ် စိမ့်ခနဲ အေးသွားနိုင်လောက်တယ်။ အစိမ်းရောင်မိစ္ဆာကုန်းမြေဖြစ်ဖြစ်၊ ကောင်းကင်ဘုံနွားထီးကုန်းမြေ ဖြစ်ဖြစ်…ဖြစ်နိုင်တာက…”
ဝမ်လင်းသည် ခြင်သားရဲပေါ်တွင် ထိုင်၍ လိုက်ပါနေရင်း ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက အတော်များများကို တွေးမိပေသည်။ မဟာစိတ်ဝိညာဉ်ကလန်က သူ့အတွက် လက်ဆောင်သုံးခု ချန်ခဲ့ခြင်းနှင့် ပတ်သတ်၍လည်း သူ တွေးမိ၏။ မဟာစိတ်ဝိညာဉ်ကလန်၏ ပထမဆုံးမျိုးဆက်ဘိုးဘေးက သူ ရောက်ရှိလာမည်ကို ရှေ့ဖြစ်ဟောခဲ့သည့်အကြောင်းကိုလည်း တွေးမိသည်။
သည်အရာများအားလုံး၌ ရည်ရွယ်ချက်ကြီးကြီးမားမားတစ်ခု ရှိနေနိုင်သည်။ ထိုရည်ရွယ်ချက်က မဟာစိတ်ဝိညာဉ်ကလန်နှင့် အစိမ်းရောင်မိစ္ဆာကုန်းမြေအတွက် အလွန်အရေးကြီးနိုင်၏။
ထို့ကြောင့် အစိမ်းရောင်မိစ္ဆာကလန်က ကောင်းကင်ဘုံနွားထီးကုန်းမြေကို မရေမတွက်နိုင်လောက်အောင် အကြိမ်ရေများစွာ မထိတထိ ရန်စကျူးလွန်ခဲ့တာ ဖြစ်လိမ့်မည်။ သည်တစ်ကြိမ်၌ သူတို့က ဆေးလုံးပင်လယ်ကို သန့်စင်ပြီး ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အတွင်းပိုင်းထိ ကြီးကြီးမားမား ကျူးကျော်လာခဲ့ကြပေပြီ။
သည့်အတွက်ကြောင့် လွန်ခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်သောအချိန်က မဟာစိတ်ဝိညာဉ်ကလန်သည် ဒီနေရာသို့ ရွှေ့လာခဲ့၏။ မဟာစိတ်ဝိညာဉ်ကလန်၏ ပထမဆုံးဘိုးဘေးက အနာဂတ်ပြောင်းလဲမှုများကို ရှေ့ဖြစ်ကြည့်ခဲ့၏။ ထိုအရာများက ရှည်ကြာစွာ ပုန်းကွယ်နေသော လျှို့ဝှက်ချက်အတွက် ဖြစ်ချေမည်။
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ့လက်ဝါးကို ဖြန့်ကြည့်သည်။ သူ့လက်ထဲတွင် လူသေးလေး ပေါ်လာ၏။ သူက ၎င်းလူသေးလေးကို ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက အနာဂတ်ပြောင်းလဲမှုများနှင့် ပတ်သတ်၍ ရှေ့ဖြစ်ကြည့်ဖို့ ၎င်းကို အသုံးမပြုတော့ဘဲ သူ့လက်ဝါးကို ပြန်ဆုပ်ကာ ၎င်းလူသေးလေးကို ပြန်သိမ်းဆည်းလိုက်သည်။
“ငါ ရှေ့ကို ကြိုသိတော့ရော ဘာဖြစ်သေးသလဲ။ ငါ့တာအိုမန္တာန်နဲ့ဆိုရင် ငါဟာ ဒါကို ကြိုတင်ရှေ့ဖြစ်ကြည့်နိုင်မှာ မဟုတ်ဘူး။ ဘိုးဘေးအိုက ငါ့အတွက် လက်ဆောင်သုံးခု ချန်ထားပေးခဲ့တယ်။ ဒီထဲက တစ်ခုက သူ့ကိုယ်ပိုင်ရှေ့ဖြစ်ကြည့်နိုင်စွမ်းပဲ။ ငါ ဒီကိစ္စနဲ့ ပတ်သတ်လို့ မေးခွန်းထုတ်လိမ့်မှာကို သူ ခန့်မှန်းမိပြီး အဖြေတစ်ခု ချန်ထားခဲ့လောက်တယ်…”
ဝမ်လင်းက ပြုံးလိုက်၏။ သူက ထိုလက်ဆောင်ကို အသုံးမပြုသေးပေ။ သူက သေချာသိရန်လည်း မလိုချေ။ သူက သဲလွန်စများထံမှ တချို့ထင်မြင်ချက်များကို ရှာတွေ့ခဲ့ပြီး ဖြစ်၏။ သူက ထိုထင်မြင်ချက်များကို သေချာစေပြီး အစစ်အမှန်အဖြေကို ရှာဖွေရမည် ဖြစ်၏။
ဝမ်လင်းက ဒီလိုသဲလွန်စများကနေ ကောက်ချက်ချခြင်းတွင် တော်ပေ၏။ သို့မဟုတ် သူက ဒီနေရာရှိ စစ်ပွဲကို လစ်လျူရှုကာ စောစောစီးစီး ထွက်သွားနိုင်သည်။
ဆယ်ရက်ကြာပြီးနောက် ဝမ်လင်းက မဟာစိတ်ဝိညာဉ်ကလန်၏ အပြင်ဘက်တွင် ပေါ်လာ၏။ သူ ပေါ်လာသည့်အခိုက်တွင် အလင်းတန်းများက သူ့ထံ ပျံသန်းလာကြသည်။ ဝမ်လင်းက မဟာစိတ်ဝိညာဉ်ကလန်သည် မှုန်မှိုင်းကာ တွန့်ခေါက်ပျက်စီးမှုများ ခြုံလွှမ်းနေသည်ဟု ခံစားမိသည်။
ထိုတွန့်ခေါက်ပျက်စီးမှုကနေ ထွက်ပေါ်နေသော သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးသူငယ်အိမ်ကို ကြုံ့သွားစေ၏။ ထိုသတ်ဖြတ်လိုစိတ်က သူ့ထံ ပစ်မှတ်ထားခြင်း မဟုတ်ပေ။ မဟာစိတ်ဝိညာဉ်ကလန် ပတ်လည်ရှိ အကာအကွယ်အစီအရင်၏ အစိတ်အပိုင်းတစ်ခုမျှသာ။
ထိုတွန့်ခေါက်ပုံပျက်မှုက ကလန်ကို ခြုံလွှမ်းထားသဖြင့် အတွင်းသို့ မြင်ရဖို့ မဖြစ်နိုင်တော့ပေ။ ဝမ်လင်းက မဟာစိတ်ဝိညာဉ်ကလန်သည် တိုက်ပွဲအသင့်အနေအထား၌ ရှိနေပြီဟု ခံစားမိ၏။ ၎င်းက ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုလိုပင်။ ရန်စောင်နေခြင်းလည်း ဟုတ်သည်။
ဤသည်မှာ ဝမ်လင်း ထိုကလန်ကို တွေ့မြင်သည့်အခါ၌ ခံစားရမှု ဖြစ်၏။ ယင်းခံစားမှုက မှန်ချင်မှန်မည်။ ပုံရိပ်ယောင်တစ်ခုလည်း ဖြစ်နိုင်သည်ပင်။ အလင်းတန်းများက ဝမ်လင်းအနား ရောက်လာ၏။ ယင်းအလင်းတန်းများထံတွင် သတိထားခြင်းနှင့် သတ်ဖြတ်လိုစိတ်တို့ ရှိနေသည်။
သို့ပေမည့် ဝမ်လင်းကို တွေ့မြင်သည့်နောက် ထိုသတ်ဖြတ်လိုစိတ်က လွင့်ပြယ်သွား၏။ သို့ပေမည့် သတိအနေထားကတော့ ရှိနေတုန်းပင်။ အလင်းတန်းများက ဝမ်လင်းရှေ့တွင် လူခုနစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။
သည်ခုနစ်ယောက်ထဲတွင် မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲနှစ်ယောက် ပါဝင်ကာ ကျန်ငါးယောက်က တပည့်များ ဖြစ်သည်။
“အကြီးအကဲဝမ်…သင့်ကို ခုလို တားဆီးရတဲ့အတွက် တောင်းပန်ပါတယ်…”
အကြီးအကဲတစ်ယောက်က ဝမ်လင်းကို ပြောလာ၏။ သူက ဝမ်လင်းနှင့် ယန်လုတို့၏ တိုက်ပွဲကို ကြည့်ရှုခဲ့ဖူးသည်။
အကြီးအကဲထဲက တစ်ယောက်က လက်နှစ်ဖက်ဆုပ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အစိမ်းရောင်မိစ္ဆာကုန်းမြေက ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ အရံအတားကို ချိုးဖျက်ခဲ့ပြီး ဖြစ်တယ်။ ဘိုးဘေးက ငါတို့ကို ကလန်ကို ချိပ်ပိတ်ထားဖို့ အမိန့်ပေးထားတယ်။ ပြန်လာတဲ့လူတိုင်း အကြီးအကဲပဲ ဖြစ်ဖြစ်၊ တပည့်တွေပဲ ဖြစ်ဖြစ် ကလန်ထဲ မဝင်ခင် အစစ်ဆေးခံရမယ်တဲ့…”
တခြားအကြီးအကဲတစ်ယောက်ကလည်း ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်လိုက်၏။ သူတို့က ဝမ်လင်း ခုနစ်ထပ်မြောက်နှင့်ရှစ်ထောင်မြောက်တို့ကို ဝင်ရောက်ခဲ့သည်ကို တွေ့မြင်ပြီးနောက် မဟာစိတ်ဝိညာဉ်ကလန်တွင် သူ့ကို ရန်စချင်စိတ်ရှိသူမှာ မရှိသလောက် ဖြစ်သွားခဲ့လေပြီ။
အကြီးအကဲနှစ်ယောက်ဘေးရှိ တပည့်ငါးယောက်က ခေါင်းငုံ့ထားကြ၏။ သူတို့က တချက်တချက် ဝမ်လင်းကို လှမ်းလှမ်းကြည့်သည်။ အခုက သူတို့အနေဖြင့် ဝမ်လင်းကို လူကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
“ပြဿနာမရှိဘူး။ အခုက စစ်ပွဲကာလပဲ။ ဒီလိုပဲ ဖြစ်သင့်တယ်…”
ဝမ်လင်းက ပြုံး၍ ခေါင်းညိတ်လိုက်၏။ သူက သူ့ကို တားဆီးခြင်းကို စိတ်ထဲမထားပေ။
ဝမ်လင်း ပြုံးလိုက်သည်ကို တွေ့မှ အကြီးအကဲနှစ်ယောက်က စိတ်အေးသွားနိုင်၏။
ဝမ်လင်းက အသာအကြည်ရှိသူ ဖြစ်သည်ကို မြင်သည့်အခါ သူတို့နှစ်ယောက်ကလည်း ပြုံး၍ ဝမ်လင်းနှင့် ပိုပြီး တရင်းတနှီး ဖြစ်ချင်မိသွားသည်။
“အကြီးအကဲဝမ်…ကျေးဇူးပြုပြီး သင့်ရဲ့တုန်ကင်ကို ထုတ်ပေးပါ။ ပြီးရင် သင့်မူလစိတ်ဝိညာဉ်ကို သက်သေပြဖို့ သင့်နတ်ဘုရားအာရုံကို မှတ်သားလိုက်ပါ။ အဲ့လိုလုပ်ပြီးရင်တော့ သင့်ရဲ့ ခန္ဓာကိုယ်ကို သက်သေပြဖို့ သွေးစက်တစ်စက် ချပေးပါ…”
လက်နှစ်ဖက်ဆုပ်ကာ အကြီးအကဲတစ်ယောက်က ထိုသို့ ပြောလိုက်၏။
ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူ့ညာလက်ကို လေဟာနယ်ထံ ဆန့်ထုတ်လိုက်၏။ သူ ဝိညာဉ်ကျမ်းစာအဆောက်အဦသို့ ဝင်ရောက်ခဲ့ရာ၌ အသုံးပြုခဲ့သော တုန်ကင်ပေါ်လာသည်။ သူက ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် အမှတ်အသားပြုလိုက်၏။ ထို့နောက် သွေးစက်တစ်စက် ချပေးကာ ၎င်းတုန်ကင်ကို အကြီးအကဲနှစ်ယောက်ထံ ပစ်ပေးလိုက်သည်။
အကြီးအကဲနှစ်ယောက်ထဲက တစ်ယောက်က ထိုတုန်ကင်ကို ဖမ်းယူလိုက်ပြီး ချိပ်ဟန်တစ်ခု ဖြစ်စေကာ သူ့နောက်ရှိ အတားအဆီးထံ လက်ညွှန်လိုက်သည်။ ပြင်းထန်သောဖိအားတစ်ခု မြင့်တက်လာကာ ဝမ်လင်းထံ တိုးဝင်လာ၏။ ၎င်းဖိအားက ဝမ်လင်း၏ ခန္ဓာကိုယ်ကို ချက်ခြင်း ခြုံလွှမ်းသွားသည်။
ဝမ်လင်း၏စိတ်က တုန်ယင်သွား၏။ သူက ထိုဖိအားသည် အတော်လေး ထူးခြားသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ ထိုဖိအား၏ အဓိကအခန်းကဏ္ဍမှာ ဝမ်လင်းကိုယ်ပေါ်ရှိ အပိုဖြစ်သော နတ်ဘုရားအာရုံဖြစ်စေ၊ မူလစိတ်ဝိညာဉ်ကိုဖြစ်စေ ဖယ်ရှားပစ်ရန်ပင်။
ထိုနည်းလမ်းဖြင့် သူ၏ပုံရိပ်ကို ဆုံးဖြတ်နိုင်မည် ဖြစ်၏။ ထို့နောက် ဖိအားက တုန်ကင်ပေါ်သို့ ကျရောက်သွားသည်။ နှစ်ကြိမ်နှစ်ခါ စစ်ဆေးကြည့်ပြီးနောက် အနှီဖိအားက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ထိုအခိုက်တွင် အကြီးအကဲနှစ်ယောက်က လုံးဝ စိတ်အေးသွားတော့သည်။ သူတို့က ဝမ်လင်းထံ တုန်ကင်ပြား ပြန်ပေးကာ သူတို့ထဲမှ တစ်ယောက်က ရယ်မောကာ ပြောလာသည်။ “အကြီးအကဲဝမ်…ခုလိုစစ်ဆေးရတဲ့အတွက် တောင်းပန်ပါတယ်။ သင် အတားအဆီးထဲ ဝင်ပြီး ကလန်ရှိ ပြန်နိုင်ပါပြီ။ ငါတို့ကတော့ တာဝန်ရှိသေးတယ်။ ဒါ့ကြောင့် သင့်ကို အဖော်ပြုပြီး လိုက်မပို့တော့ပါဘူး။ အကြီးအကဲဝမ် နားလည်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်…”
တခြားသူများက သူ့အပေါ် ယဉ်ကျေးမှု ရှိလျှင် ဝမ်လင်းကလည်း ပြန်ယဉ်ကျေးတတ်သူ ဖြစ်၏။ သူက အိပ်မက်လောက၌ မဟာပညာရှိတစ်ယောက် ဖြစ်ခဲ့ဖူးကာ သူ့ထံ၌ ဆန်းကြယ်သောသွင်ပြင် ရှိနေသည်မှာ သဘာဝတစ်ခုလို ဖြစ်နေခဲ့လေပြီ။ သူက ပြုံး၍ ထိုနှစ်ယောက်ထံ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။ သူ ထွက်ခွာတော့ရန် ဟန်ပြင်ပြီးမှ ရုတ်တရက် မေးလိုက်၏။
“ကလန်မှာ အစောပိုင်းတုန်းက တစ်ခုခု ဖြစ်ခဲ့လို့လား…”
အကြီးအကဲနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့ထဲမှ တစ်ယောက်က ခပ်တိုးတိုး ပြောလာသည်။ “လွန်ခဲ့တဲ့ခုနစ်ရက်က အစိမ်းရောင်မိစ္ဆာကုန်းမြေက ကျင့်ကြံသူတစ်ယောက်က ကလန်ကို ဟန်ဆောင်ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်။ သူ့ကို အကြီးအကဲ ရှုတန်သဲက ရှာတွေ့ခဲ့ပြီး ချက်ခြင်း သတ်ပစ်ခဲ့တယ်…”
“ဘိုးဘေးက အတော်လေး ဒေါသထွက်ခဲ့တယ်။ ပြီးတော့…”
သူ့စကားက ထိုနေရာအရောက်တွင် သူက ခါးသီးစွာ ပြုံး၍ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ကာ လှည့်ထွက်သွားတော့သည်။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူက မဟာစိတ်ဝိညာဉ်ကလန်ထံ ပျံသန်းလာသည်။ ဖိအားခံစားရမှုက ပို၍ ပြင်းထန်လာ၏။
မဟာစိတ်ဝိညာဉ်ကလန်တစ်ခုလုံးတွင် အလင်းတန်းများ ပြည့်နေ၏။ တပည့်များက တောင်ထွတ်အမျိုးမျိုးကြား ပျံသန်းလို့နေသည်။ တောင်ထွတ်များကြား သန့်စင်ခြင်းပစ္စည်းအမြောက်အများကို ကျင့်ကြံသူများက ရွှေ့နေကြသည်။
တောင်များပေါ်၌ ဆေးဝါးပင်များကို စုဆောင်းနေသော တပည့်များစွာလည်း ရှိကြ၏။ သူတို့က ယင်းဆေးပင်များကို ဆေးဝါးပညာရပ်၌ ကျွမ်းကျင်သော အကြီးအကဲများထံ ဆေးလုံးများ သန့်စင်ဖို့ ပို့ပေးကြသည်။
တောင်များထံမှ ကျင့်ကြံမှုလှိုင်းဂယက် အမျိုးမျိုးလည်း ထွက်ပေါ်နေ၏။ အကြီးအကဲများက ကလန်က ပေးအပ်လာမည့် တာဝန်များကို ပြီးမြောက်အောင် လုပ်နိုင်ဖို့ သူတို့၏ အထွတ်အထိပ်အနေအထားတွင် ရှိနေရန် တံခါးပိတ်ကျင့်ကြံနေသည်။
ကလန်ရှိ တောင်ထွတ်များအားလုံးတွင် ဝမ်လင်း၏ မီးတောင်ကလွဲ၍ သက်ဝင်လှုပ်ရှားနေ၏။
ဝမ်လင်းက လှမ်းကြည့်လိုက်သည့်အခါ သူက ဖန်ရှန်မင်သည် သူမ၏လှိုဏ်ဂူထဲ၌ မလှုပ်မယှက် ထိုင်နေသည်ကို လှမ်းမြင်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ သူက သူ့ကိုယ်ပိုင်တောင်သို့ ပြန်မလာဘဲ ဘိုးဘေးကုန်းနျန် ရှိနေသော ကလန်၏ အတွင်းနက်ပိုင်းသို့ ဦးတည်လာခဲ့၏။
“အကြီးအကဲဝမ်ကို နှုတ်ဆက်ပါတယ်…”
“တောက်လောင်ကျွမ်းခြင်းတောင်ထွတ်က တပည့်က အကြီးအကဲဝမ်ကို နှုတ်ဆက်ပါတယ်…”
“ကျိုးပျက်ခြင်းတောင်ထွတ်က တပည့်က အကြီးအကဲဝမ်ကို နှုတ်ဆက်ပါတယ်…”
လမ်းတလျှောက်တွင် ဝမ်လင်းကို တွေ့မြင်သော တပည့်များအားလုံးက သူတို့ လုပ်လက်စများကို ရပ်ကာ ဝမ်လင်းကို နှုတ်ဆက်ကြ၏။
ဝမ်လင်းက မရပ်ပေ။ သူက ပျံသန်းနေရင်း ခေါင်းညိတ်ပြ၏။ သူ၏ကျင့်ကြံမှုက သာမန် မဟုတ်ပေ။ ထို့ကြောင့် သူ ဖြတ်သန်းပျံသန်းသည့်အခါ အကြီးအကဲများ၏ အာရုံစိုက်မှုကိုပါ ရလေ၏။ သို့ပေမည့် သူတို့က ဝမ်လင်းကို တွေ့မြင်သည့်အခါ သူတို့၏နတ်ဘုရားအာရုံများကို ပြန်ရုတ်သိမ်းကြ၏။
မကြာခင်တွင် အစိမ်းရောင်ကောင်းကင်တောင်ထွတ်က ဝမ်လင်းရှေ့တွင် ပေါ်လာ၏။ ဝမ်လင်းက တည်နေရာရွှေ့ပြောင်းလိုက်ရာ အစိမ်းရောင်ကောင်းကင်တောင်ထွတ်၏ အပြင်ဘက်၌ ပေါ်လာ၏။ သူက သူ့လက်နှစ်ဖက်ကို ဆုပ်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။
“ဝမ်လင်းက မြင့်မြတ်သောအရှင်ကုန်းနျန်ကို တွေ့ခွင့် တောင်းပါတယ်…”
အစိမ်းရောင်ကောင်းကင်တောင်ထွတ်မှာ အရင်နှင့် မတူတော့ပေ။ ခုချိန်၌ အစိမ်းရောင်မြူလွှာပါးတစ်ခုက ဒီတောင်ထွတ်ကို ခြုံလွှမ်းနေသည်။ ဝမ်လင်း ထိုသို့ ပြောလိုက်သည့်အခါ ထိုမြူလွှာက ဖယ်ရှားသွားကာ အဟတစ်ခု ပေါ်လာ၏။
“ဝင်လာခဲ့…” အရှင်ကုန်းနျန်၏ အသံ ပဲ့တင်ထပ်လာသည်။
ဝမ်လင်းသည် ထိုအဟအတွင်းသို့ တုံ့ဆိုင်းခြင်းမရှိ တိုးဝင်လိုက်သည်။ သူ ဝင်ရောက်လာပြီးနောက် မြူလွှာက ဝင်ပေါက်အဟကို ပြန်ဖုံးသွားသည်။ ဝမ်လင်းသည် မြူလွှာအတွင်း ဝင်ရောက်လာပြီး အစိမ်းရောင်ကောင်းကင်တောင်ထွတ်သို့ ရောက်လာ၏။ သည်နေရာကနေ သူသည် အကွာအဝေးတစ်ခု၌ အရှင်ကုန်းနျန် ထိုင်နေသည်ကို လှမ်းမြင်သည်။ အရှင်ကုန်းနျန်၏ လက်ထဲတွင် မူလစိတ်ဝိညာဉ်နှင့်တူသော လူသေးလေးတစ်ယောက် ရှိနေ၏။ ထိုလူသေးလေးက အရှင်ကုန်းနျန်ထံ ဒူးထောက်အရိုအသေ ပြု၏။
ဝမ်လင်းသည် နေရာတွင်ရပ်ကာ အရှင်ကုန်းနျန် လက်ဝါးထဲရှိ လူသေးလေးကို ငြိမ်သက်စွာ ကြည့်နေသည်။
တအောင့်အကြာတွင် ထိုလူသေးလေးက တဆက်တည်း ခြိမ်ကြိမ်တိုင် ဦးညွှတ်လိုက်ပြီးနောက် ပင်ပန်းဟန် ပေါ်၏။ အရှင်ကုန်းနျန်က သူ့လက်ဝါးကို ပြန်ဆုပ်လိုက်ရာ ၎င်းလူသေးလေး ပျောက်ကွယ်သွားတော့သည်။
“ငါ မင်းရဲ့ ကျောက်စိမ်းပြားကို လက်ခံရခဲ့တယ်။ ဒီကိစ္စဟာ အကျိုးဆောင်မှုတစ်ခုအဖြစ် ယူဆလို့ ရတယ်…” အရှင်ကုန်းနျန်က မျက်လုံးဖွင့်လာပြီး ဝမ်လင်းထံ ပြုံး၍ ကြည့်လိုက်သည်။
“အစိမ်းရောင်မိစ္ဆာကုန်းမြေဟာ ငါတို့ ကောင်းကင်ဘုံနွားထီးကုန်းမြေနဲ့ အသေးစား ပဋိပက္ခ ခဏခဏ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီလောက်ကြီးမားတာကတော့ အခုက ပထမဆုံးအကြိမ်ပဲ။ သူတို့က ဆေးလုံးပင်လယ်ကို သန့်စင်နိုင်တဲ့ နည်းလမ်းကို တကယ် တွေ့ရှိခဲ့ကြတာပဲ…”
“ဒီကိစ္စဟာ အချိန်တိုအတွင်း အပြီးသပ်သွားမှာ မဟုတ်ဘူး။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှာ ကလန်ကြီးသုံးခု ရှိပြီး သူတို့ရဲ့ဘိုးဘေးတွေဟာ ငါနဲ့ ကျင့်ကြံမှုအဆင့် တူတူပဲ။ ဒါပေမဲ့ ဒါက ပြဿနာတော့ မဟုတ်ဘူး။ ငါ တစ်ယောက်တည်းနဲ့ သူတို့ထဲက နှစ်ယောက်ကို တိုက်ခိုက်နိုင်တယ်…”
အရှင်ကုန်းနျန်၏ မျက်လုံးထံမှ အေးစက်စက်အလင်းတစ်ခု လှစ်ဟပေါ်၏။
ဝမ်လင်း၏အမူအရာက တည်ငြိမ်စွာ ရှိနေပြီး သူက အရှင်ကုန်းနျန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။ သူက အရှင်ကုန်းနျန်ကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။
“ဂျူနီယာ့အနေနဲ့ ဝိညာဉ်ကျမ်းစာအဆောက်အဦရဲ့ ကိုးထပ်မြောက်က အလွှာအထပ်ပုံရိပ်ယောင်မန္တာန်ကို လိုချင်ပါတယ်…”