← Chapters

အခန်း (၇၆၃-၇၆၄)

Vol. 60 Ch. 763-764

အခန်း (၇၆၃-၇၆၄)

Vol. 60 Ch. 763-764

အခန်း ၇၆၃ - ကေဒါရောက်ရှိလာခြင်းနှင့် အစိတ်အပိုင်းသစ်များ

အသက်ရှင်ကျန်ရစ်သူ အများအပြား၏ တောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် ရှောင်းယီသည် အပန်းဖြေစခန်း၏ ကမ်းခြေတွင် သစ်သားလှေငယ် သုံးစင်းကို စီစဉ်ပေးထားခဲ့၏။

ထိုလှေငယ် သုံးစင်းစလုံးတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုစီ ပါရှိသည်။ ရှောင်းယီသည် ထိုကျောက်တိုင်များကို သိမ်းပိုက်ပြီး လက်အောက်ခံအဖြစ် သတ်မှတ်ထားကာ ဆက်သွယ်ရေးအတွက်သာ အသုံးပြုရန် ကန့်သတ်ထားပြီး စောင့်ကြည့်ရန် လူယုံများကိုလည်း ထားရှိထားခဲ့သည်။

ထို့ကြောင့် အပန်းဖြေစခန်းသို့ လာရောက်သူများသည် မည်သည့်အရာကိုမျှ စိုးရိမ်စရာမလိုဘဲ အနားယူအပန်းဖြေနိုင်၏။ အကယ်၍ ၎င်းတို့၏ မဟာမိတ်အဖွဲ့အတွင်း အရေးပေါ်အခြေအနေတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဤကျွန်းအထိမ်းအမှတ်ကျောက်တိုင်သုံးခုမှတစ်ဆင့် ချက်ချင်း ဆက်သွယ်နိုင်မည်ဖြစ်သည်။

ဤနည်းဖြင့် အသက်ရှင်ကျန်ရစ်သူများသည် အချိန်မီ ပြန်သွားနိုင်ခြင်း သို့မဟုတ် အဝေးရောက်နေရာမှနေ၍ ၎င်းတို့အဖွဲ့၏ နောက်ထပ်လုပ်ဆောင်ချက်များကို ညွှန်ကြားနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ရှောင်းယီသည် အပန်းဖြေစခန်းရှိ ဘားသို့ မကြာမီ ရောက်ရှိလာ၏။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ကေဒါကို မတွေ့ရပေ။

ရှောင်းယီကို မြင်သောအခါ ဒူခန်းက ချက်ချင်းပင် အပြေးရောက်လာပြီး မေးလိုက်၏။

“ကျွန်းပိုင်ရှင် တစ်ယောက်ယောက်ကို ရှာနေတာလား။”

“အင်း... လူပုနိုင်ငံက ကေဒါ ဒီကိုလာတာကို တွေ့မိသေးလား။”

ရှောင်းယီက ခေါင်းငြိမ့်ပြကာ မေးလိုက်သည်။

“လူပုတွေလား။ မတွေ့မိပါဘူး။ လူပုမျိုးနွယ်စုထဲက ဘယ်သူမှ လာတာ မမြင်မိဘူး။”

ဒူခန်းက ဇဝေဇဝါဖြင့် ပြန်ဖြေလိုက်သည်။

“သူ မလာဘူးလား။”

ရှောင်းယီလည်း အနည်းငယ် အံ့သြသွား၏။ ကေဒါသည် ရောက်ရောက်ချင်း ဘားကို အရင်မလာဘဲ နေသည်မှာ တကယ်ကို ထူးဆန်းလှပေသည်။ ဒူခန်းကလည်း မလာကြောင်း အသေအချာ ခေါင်းညိတ်ပြနေ၏။

ရှောင်းယီ ပြန်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ကေဒါသည် အပြင်မှ လမ်းလျှောက်ဝင်လာခဲ့လေသည်။ ရှောင်းယီကို မြင်သည်နှင့် သူက ချက်ချင်း ပြောလိုက်၏။

“ငါ မင်းကို ရှာတော့မလို့ပဲ။ အချိန်ကိုက်ပဲဟေ့... လာ...အတူတူ သောက်ကြရအောင်။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။

“ငါလည်း မင်းကို ရှာနေတာ။ မင်း ရောက်နေပြီဆိုတာ သိပေမဲ့ ဘားမှာ မရှိဘူးဆိုလို့... ဒါက ရှားရှားပါးပါးပဲ။”

ကေဒါက ရယ်မောလိုက်၏။

“ကဲ... အတွင်းထဲဝင်ပြီးမှ စကားပြောကြတာပေါ့။”

ထိုအချိန်တွင် ဘား၌ လူများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ရှောင်းယီသည် ပထမ ၅ ထပ်ကိုသာ အများပြည်သူအတွက် ဖွင့်လှစ်ထားရန်နှင့် ၆ ထပ်ကိုမူ ပိတ်ထားရန် ဒူခန်းအား အစောကတည်းက ညွှန်ကြားထားပြီးဖြစ်သည်။

ထို့ကြောင့် ရှောင်းယီနှင့် ကေဒါတို့သည် ဘား၏ ၆ ထပ်ရှိ သီးသန့်အခန်းတစ်ခုသို့ ရောက်လာခဲ့ကြသည်။

“ဒီနေရာက ပိုပြီး နွေးထွေးနေတုန်းပဲ။”

ကေဒါက သူ၏ အနွေးထည်ကို ချွတ်ရင်း အားကျနေသည့်လေသံဖြင့် ပြောလိုက်၏။

“မင်းတို့ မြို့တော်သစ်ကို ပြောင်းသွားပြီးရင် အဲဒီမှာလည်း ဒီလိုပဲ နွေးထွေးနေမှာပါ။ ဒီနေ့ ဘာကိစ္စ ထူးလို့လဲ။”

ရှောင်းယီက ပြုံးကာ မေးလိုက်သည်။

ကေဒါက အနည်းငယ် တွန့်ဆုတ်နေပြီးမှ စကားစလိုက်၏။

“ငါ အစိတ်အပိုင်းအသစ်တစ်ခုကို ဒီဇိုင်းဆွဲထားတယ်။ အကယ်၍ အခုရှိနေတဲ့ သတ္တုတူးဖော်ရေး ကိရိယာတွေမှာ ဒီအစိတ်အပိုင်းကို အစားထိုးလိုက်ရင် တူးဖော်မှု စွမ်းဆောင်ရည်က အနည်းဆုံး ၅၀ ရာခိုင်နှုန်း တိုးလာလိမ့်မယ်။”

“ဒါ သတင်းကောင်းပဲ။”

ရှောင်းယီက အံ့သြတကြီး ရေရွတ်လိုက်သည်။

“ဒါပေမဲ့ ငါတို့ရဲ့ လက်ရှိ နည်းပညာနဲ့က အရမ်းတိကျတဲ့ အစိတ်အပိုင်းမျိုးကို မထုတ်လုပ်နိုင်သေးဘူး။”

ကေဒါက အားမလိုအားမရ ပြောလာ၏။ စိတ်ပျက်နေသော ကေဒါကို ကြည့်ရင်း ရှောင်းယီက ဆက်ပြောလိုက်သည်။

“မင်းက အဲ့ဒီအစိတ်အပိုင်းကို ထုတ်ဖို့ ငါတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးချင်တယ်။ ဒါပေမဲ့ ငါက ပေါက်ကြားအောင် လုပ်လိုက်မှာကို စိုးရိမ်နေတာ မဟုတ်လား။”

“အတိအကျပဲ။ ဒါက ငါတို့ လူပုနိုင်ငံရဲ့ နည်းပညာလေ။ အကယ်၍ မင်းသာ ပေါက်ကြားအောင် လုပ်လိုက်ရင် ငါတို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အများကြီး ထိခိုက်နိုင်တယ်။”

ကေဒါက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် မင်းက ဘာလို့ ငါ့ကို လာပြောပြနေရတာလဲ။”

ရှောင်းယီက သူ့ကို ကြည့်ကာ ပြုံးစစဖြင့် မေးလိုက်၏။ ထိုအခါ ကေဒါက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလာခဲ့သည်။

“ငါ မင်းရဲ့ စရိုက်ကို ယုံကြည်တယ်။ နောက်ပြီး မင်းရဲ့ ဒီဇိုင်းဆွဲတဲ့ ကိရိယာကို ငှားသုံးခဲ့လို့သာ ငါ့စိတ်ထဲက ဒီဇိုင်းကို အပြည့်အဝ ပုံဖော်နိုင်ခဲ့တာ။ ဒီဒီဇိုင်းရဲ့ တစ်စိတ်တစ်ပိုင်းက မင်းနဲ့လည်း ဆိုင်တာပေါ့။”

“ဟာဟား... သူငယ်ချင်း အဲ့အတွက်တော့ စိတ်ပူမနေနဲ့...။”

ရှောင်းယီက ပြောလိုက်သည်။

“မင်းရဲ့ အစိတ်အပိုင်းကို ငါ ပေါက်ကြားအောင် မလုပ်ပါဘူး။ အဲ့ဒီအစိတ်အပိုင်းအသစ်တွေကို ထုတ်လုပ်ပေးဖို့တောင် ငါကူညီပေးနိုင်သေးတယ်။ ဒါပေမဲ့ ငါ့မှာ အခြေအနေတစ်ခုတော့ ရှိတယ်။ အပြင်ကို ပြန်ရောင်းတဲ့အခါမှာ ငါတို့ကျွန်းကပဲ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် ရောင်းချခွင့် ရရမယ်။”

“တစ်ဦးတည်း ကိုယ်စားလှယ်လား။ အဲဒါ ဘာကို ဆိုလိုတာလဲ။”

ကေဒါက နားမလည်ဘဲ မေးလိုက်သည်။

“ဆိုလိုတာက မင်းတို့ရဲ့ ထွက်ကုန်တွေကို ငါတို့ကနေ တစ်ဆင့်ပဲ ရောင်းရမယ်လို့ ပြောတာ။”

ရှောင်းယီက ရှင်းပြလိုက်၏။ ကေဒါ မျက်မှောင် အနည်းငယ် ကျုံ့လိုက်မိသည်။

“ဒါကို ငါတို့ အရှင်အမင်းကြီးနဲ့ အရင်ဆုံးတိုင်ပင်ရဦးမယ်။ ပြီးမှပဲ ငါ မင်းကို အဖြေပေးနိုင်မယ်။”

“ကောင်းပါပြီ။ တိုင်ပင်ပြီးမှပဲ ဆွေးနွေးကြတာပေါ့။ အခုတော့ အားလပ်ရက်ကိုပဲ ပျော်ပျော်ပါးပါး ဖြတ်သန်းကြရအောင်။”

ရှောင်းယီက ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ ထိုစဉ် ကေဒါက ပြုံးကာ ပြောလိုက်၏။

“ဟုတ်သားပဲ။ မင်းတို့ မဟာမိတ်အဖွဲ့ရဲ့ စည်းကမ်းက တကယ်ကောင်းတယ်။ အပတ်တိုင်း အနားယူချိန် ရှိတာ။ ငါတို့နဲ့ဆို ဘာမှကိုမဆိုင်ဘူး။ နားချိန်ဆိုတာကို မရှိတာ။”

“ငါတို့ရဲ့ ကမ္ဘာဟောင်းမှာတော့ ချမ်းသာတဲ့လူတစ်ယောက်က ‘နေ့တိုင်း အလုပ်လုပ်ရတာဟာ ကောင်းချီးတစ်ရပ်ပဲ’ လို့ ပြောခဲ့ဖူးတယ်။”

ရှောင်းယီက ဘီယာတစ်ငုံ သောက်ရင်း ပြောလိုက်သည်။

“ကောင်းချီး ဟုတ်လား။ အဲဒီလူက ဘုရင်ဖြစ်မှာ သေချာတယ်။”

ကေဒါက အံ့သြသွား၏။

“ငါတို့ ဘုရင်ဆိုရင်လည်း ငါတို့ကို နေ့တိုင်း အလုပ်ပဲ လုပ်စေချင်တာ။”

ရှောင်းယီက ပြုံးကာ ခေါင်းခါလိုက်ပြီး အပြင်ဘက်ကို လှည့်ကြည့်သည်။ နှင်းပွင့်များမှာ ကြွေကျနေဆဲ ဖြစ်သော်လည်း လူအများအပြားသည် အပြင်ဘက်တွင် ဆော့ကစားနေကြဆဲပင်။

ကေဒါသည်လည်း အပြင်ကို လှမ်းကြည့်လိုက်၏။

“မင်းရဲ့ အပန်းဖြေစခန်းက တစ်နေ့ထက်တစ်နေ့ ပိုပိုစည်ကားလာတာပဲ။”

“ဟုတ်တယ်။ ခရီးသွားတွေက အစိတ်အပိုင်း အနည်းငယ်ပဲ ရှိတာပါ။ အများစုက ငါတို့ မဟာမိတ်ရဲ့ အဖွဲ့ဝင်တွေပဲ။”

ရှောင်းယီက ဆိုသည်။

“ဒီကမ္ဘာမှာ အဲဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး။ ဒီကလူတွေက မင်းတို့ရဲ့ ကမ္ဘာအကြောင်း အရမ်း စိတ်ဝင်စားကြတယ်။ အဲဒီမှာတုန်းက အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ။ ဟုတ်တယ်မလား။”

ကေဒါက ရှောင်းယီကို ကြည့်ကာ မေးလိုက်သည်။

“စိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ နေဝင်ချိန်လိုပါပဲ...။ နောက်ဆုံး တောက်ပမှုတစ်ခုပဲ ဖြစ်ခဲ့တာ။ပေါ့”

ရှောင်းယီက သက်ပြင်းချရင်း ဆိုလိုက်သည်။

ထိုကမ္ဘာဟောင်းတွင် ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု၊ မကြာခဏ ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များ၊ အရင်းအမြစ် ကုန်ခမ်းမှုနှင့် အခြားသော အကျပ်အတည်းများစွာ ရှိခဲ့၏။ လူသားမျိုးနွယ်သည် လွတ်မြောက်ရာလမ်းကို အမြဲ ရှာဖွေနေခဲ့ရသည်။

သို့သော် အားလုံးသည် ဤကမ္ဘာသို့ ရောက်ရှိလာပြီး အစကနေ ပြန်စတင်ရမည်ဟု မည်သူက ထင်ထားပါမည်နည်း။

လူသားတွေ မရှိတော့တဲ့ အဲဒီ ကမ္ဘာဟောင်းကြီးက အခု ဘာဖြစ်နေလောက်မလဲ။ ဖြစ်နိုင်တာကတော့ ပိုပြီး ကောင်းမွန်သွားလောက်မှာပါ။

ရှောင်းယီ အနည်းငယ် စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ ကေဒါသည် ထိုအကြောင်းကို ဆက်မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်၏။

“မင်းတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေက တကယ်ကို ထူးဆန်းတဲ့ အရာတွေပဲ။ နှစ်ရက်တည်းနဲ့ မြို့တော်ကြီး တစ်ခုလုံးကို တည်ဆောက်နိုင်တယ်။ ဒါက နတ်ဘုရားတွေရဲ့ ဖန်တီးမှုလိုပဲ။”

ရှောင်းယီ ပြုံးလိုက်မိသည်။

“ကုန်ကြမ်းတွေသာ အလုံအလောက် ရှိမယ်ဆိုရင် ချက်ချင်း ပြီးသွားမှာပါ။ အဲဒီ နှစ်ရက်ဆိုတာက ကုန်ကြမ်းတွေ စုဆောင်းနေရလို့ပဲ။”

“အဲ့ဒါကြောင့်လည်း တိုက်မကြီးပေါ်က ဟန်ဆောင်ကောင်းတဲ့ လူလိမ်တွေက မင်းတို့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရဖို့ မနားတမ်း တိုက်ခိုက်နေကြတာပေါ့။”

ကေဒါက ရယ်မောရင်း ပြောလိုက်သည်။ ရှောင်းယီက ပုခုံးတွန့်ပြလိုက်၏။

“ရတနာရှိတဲ့လူက ရန်သူပေါတယ်လေ။ ဒါပေမဲ့ တိုက်မကြီးပေါ်က အင်အားစုတွေက အခုတလော ငြိမ်နေကြသလားလို့။”

“အဲဒါက မင်းတို့လို အပြင်လူတွေအပေါ်မှာပဲ ငြိမ်နေတာပါ။ သူတို့အချင်းချင်းကြားမှာတော့ ကလိမ်ကကျစ် လုပ်တာတွေ အများကြီးပဲ။”

ကေဒါက သူ၏နှုတ်ခမ်းကို မဲ့ရွဲ့ကာ ပြန်ဖြေလာခဲ့သည်။

“အို... ဟုတ်လား။”

ရှောင်းယီ အနည်းငယ် အံ့သြသွား၏။

“သူတို့က ဘာတွေ ကလိမ်ကကျစ် လုပ်နေကြလို့လဲ။”

ကေဒါက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ငါတို့ ဘုရင်ကြီး အခုတလော ဖိအားတွေ အများကြီး ခံနေရတာ အဲဒီလူတွေကြောင့်ပဲ။”

ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။ အရင်တစ်ခေါက် မြို့တော်သစ် ပြီးစီးကြောင်း လူပုဘုရင်ကို အကြောင်းကြားစဉ်က ဘုရင်ကြီးသည် လူထုကို ငြိမ်ဝပ်အောင် ပြုလုပ်ရမည်ဟုဆိုကာ စိတ်အနှောင့်အယှက် ဖြစ်နေပုံရ၏။

ထိုအကြောင်းကို တွေးမိသောအခါ ရှောင်းယီ ချက်ချင်း နားလည်သွားခဲ့သည်။

မူလက တိုက်မကြီးပေါ်သို့ ပင်လယ်ရေ လွှမ်းမိုးရန် အချိန်အနည်းငယ် လိုသေးသော်လည်း လူပုမျိုးနွယ်စုများ ဤမျှအထိ ထိတ်လန့်နေခြင်းမှာ တစ်စုံတစ်ယောက်က ကြောက်ရွံ့မှုများ ပျံ့နှံ့အောင် လုပ်နေခြင်းကြောင့် ဖြစ်ရပေမည်။

“အဲဒီလူလိမ်တွေက တိုက်မကြီးဟာ မကြာခင် ပင်လယ်ရေအောက် ရောက်တော့မယ်လို့ လိုက်ပြောနေကြတယ်။ တစ်ချိန်တည်းမှာပဲ သူတို့က ကောက်ပဲသီးနှံ ဈေးနှုန်းတွေကို မြှင့်တင်ထားကြတယ်လေ။ ငါတို့က သူတို့ဆီက ဈေးကြီးကြီးနဲ့ ဝယ်စားမှာကို စောင့်နေကြတာ။”

ကေဒါက ရွံရှာနေဟန်ဖြင့် ပြောရင်း ဘီယာကို တစ်ကျိုက်တည်း မော့သောက်လိုက်၏။

“ဟာဟားဟား... သူတို့ရဲ့ အစီအစဉ်တွေက အခုတော့ ရေစုန်မျောကုန်ပြီ ထင်တယ်။”

ရှောင်းယီက အားရပါးရ ရယ်မောလိုက်သည်။

“အမှန်ပဲ။ မင်းဆီမှာ ဈေးနှုန်းလည်း သင့်တင့်၊ အရည်အသွေးလည်း ကောင်းတဲ့ ရိက္ခာတွေ ရှိနေတာကို ဘယ်သူက သူတို့ရဲ့ ညံ့ဖျင်းတဲ့ ပစ္စည်းတွေကို ဝယ်မှာလဲ။”

ကေဒါက ပြန်ပြောလိုက်သည်။

“ဒါဆို ငါက သူတို့ရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်လိုက်သလို ဖြစ်သွားတာပေါ့။”

ရှောင်းယီက ရယ်မောရင်း ဆိုလိုက်သည်။

“ပြတ်သွားတာပဲ ကောင်းတယ်။ အဲဒီလို ကိုယ်ချင်းစာတရားမရှိတဲ့ စီးပွားရေးသမားတွေဆိုတာ အဲဒီလိုပဲ ခံရမှာ။”

ကေဒါက ဒေါသတကြီး ပြောလိုက်၏။

“ကဲ... အချိန်လည်း တော်တော် လင့်နေပြီ။ ငါ ပြန်မှ ဖြစ်တော့မယ်။”

အခန်း ၇၆၄ - အင်ပါယာကြီးလေးခု၏ ပူးပေါင်းကြံစည်မှုနှင့် အော်ကုနှင့် ချင်းကျူးတို့ လက်နက်ချိတ်ဆက်ခြင်း

ထိုအချိန်တွင် တိုက်မကြီးပေါ်ရှိ အင်ပါယာကြီးလေးခုမှ ဘုရင်များသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ သူတို့အသစ်တည်ထောင်ထားသော ဂရုတစ်ခု၌ စကားပြောဆိုနေကြလေသည်။

“ဒီလူပုနိုင်ငံက ဘာဖြစ်နေတာလဲ။ သူတို့က ငါတို့ဆီကနေ ရိက္ခာဝယ်မယ့် အရိပ်အယောင်တောင် မပြပါလား။”

မြင့်မြတ်ဘုရင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ အော်ကုသည်လည်း အံ့သြတကြီးဖြစ်နေခဲ့သည်။

“ဟုတ်တယ်။ ပုံမှန်ဆိုရင် ဒီအချိန်မှာ လူပုနိုင်ငံက ငါတို့ဆီကနေ ရိက္ခာအများကြီး ဝယ်နေကျပါ။”

“ငါတို့က ထိတ်လန့်စရာ သတင်းစကားတွေ အများကြီး ပျံ့နှံ့အောင် လုပ်ထားတာတောင် သူတို့က တုန်လှုပ်ပုံမရဘူး။ ဒါက သူတို့မှာ တခြားရိက္ခာရနိုင်တဲ့လမ်းကြောင်း ရှိနေလို့ပဲ ဖြစ်ရမယ်။”

ချင်းကျူးက အသေအချာ ပြောလိုက်၏။ ရွှိရီက မျက်မှောင်နေခဲ့သည်။

“ဒါဆိုရင် လူထုကို ထိတ်လန့်အောင်လုပ်ပြီး အမြတ်ထုတ်မယ့် ငါတို့ရဲ့ အစီအစဉ်က လုံးဝ ကျရှုံးသွားပြီပေါ့ ဟုတ်လား။”

“ဒါ့အပြင် လူပုမျိုးနွယ်တွေက အုတ်မြစ်ကျောက်ကျွန်း ရောင်းမယ့်သူကိုလည်း ရှာတွေ့ထားပုံရတယ်။ မဟုတ်ရင် သူတို့ ဒီလောက်အေးဆေးနေမှာ မဟုတ်ဘူး။”

“ငါတို့က အစက ကျွန်းတစ်ကျွန်းနဲ့ လူပုတွေကို လှည့်စားဖို့ ကြံထားတာ။ အခုတော့ အခွင့်အရေး မရှိတော့ဘူးထင်တယ်။”

အင်ပါယာကြီးလေးခုသည် အစောကတည်းက အစီအစဉ်ဆွဲထားပြီးဖြစ်၏။ မည်သူက လူပုများအား ကျွန်းရောင်းလိုက်သည်ဖြစ်စေ လူပုများ ပြောင်းရွှေ့လာသောအခါ ၎င်းတို့အားလုံးကို စုပေါင်းတိုက်ခိုက်ကြရန်ဖြစ်သည်။

၎င်းတို့သည် လူပုမျိုးနွယ်ကို တစ်ချက်တည်းဖြင့် အပြတ်နှိမ်နင်းပြီးနောက် လူပုများ၏ အုတ်မြစ်ကျောက်များကို လေးပုံပုံကာ ခွဲဝေယူကြရန် ကြံစည်ထားခြင်းကြဖြစ်သည်။

အဘယ်ကြောင့် နိုင်ငံတစ်ခုတည်း မလုပ်သနည်းဟု မေးလျှင်...

အဘယ်ကြောင့်ဆိုသော် လူပုမျိုးနွယ်သည် ပြောင်းရွှေ့ခါစ အခြေမကျသေးသည့် အချိန်ဖြစ်လင့်ကစား ၎င်းတို့ကို တစ်နိုင်ငံတည်း၏အင်အားဖြင့် ရင်ဆိုင်ရန် မည်သည့်အင်ပါယာကမှ အပြည့်အဝ ယုံကြည်မှု မရှိသောကြောင့် ဖြစ်သည်။

အင်ပါယာကြီးလေးခု မသိလိုက်သောအချက်မှာ လူပုမျိုးနွယ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်အသုံးပြုနိုင်စွမ်း မရှိခြင်းပင်ဖြစ်သည်။ ဤသတင်းကို ဆီးနှင်းသစ်ရွက်မြို့မှ မှော်ဆရာတစ်ဦးသာ သိရှိပြီး သူကလည်း မည်သူ့ကိုမျှ ပြန်မပြောခဲ့ပေ။

“လူပုတွေဆီက အုတ်မြစ်ကျောက်တွေရဖို့ မျှော်လင့်ချက်မရှိတော့ရင်တော့... အဲဒီ အပြင်လူတွေဆီကနေပဲ လုယက်ရတော့မှာပေါ့။”

“ဒါပေမဲ့ အဲဒီ အပြင်လူတွေကလည်း အနိုင်ကျင့်ရ လွယ်တာတော့ မဟုတ်ဘူး။ အရင်က ငါတို့ အင်ပါယာထဲက မှော်ဆရာတွေ အကုန်လုံး အဲဒီလူတွေ လက်ချက်နဲ့ အပြတ်ရှင်းခံလိုက်ရတာ။ ငါ အဲဒီလူတွေနဲ့ မကြာသေးခင်က အဆက်အသွယ်လုပ်ကြည့်ရသလောက် သူတို့မှာ အဆင့်မြင့်လက်နက်တွေ အများကြီးရှိတယ်။ လူပုနိုင်ငံက ငါတို့ဝယ်ထားတဲ့ လက်နက်တွေထက်တောင် ပိုသာသေးတယ်။”

“ဟုတ်တယ်။ အဲဒီလက်နက်တွေက SSS အဆင့် ကျွမ်းကျင်သူတွေကိုတောင် ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။”

“အားလုံးပဲ အဲဒီ အပြင်လူတွေကို အထင်ကြီးလွန်းမနေပါနဲ့။ အဲဒီလက်နက်တွေက အစွမ်းထက်တယ်ဆိုပေမဲ့ အရေအတွက်ကတော့ ကန့်သတ်ချက်ရှိနေမှာဦးပဲ။ မင်းတို့လည်း တခြား အပြင်လူတွေရဲ့ ကျွန်းတွေကို သွားတိုက်ကြည့်ဖူးမှာပဲ မဟုတ်လား။”

“တိုက်တော့ တိုက်ကြည့်ဖူးပါတယ်။ ဒါပေမဲ့ အကွာအဝေးက အရမ်းဝေးလွန်းတယ်။ ငါတို့ ရောက်သွားတဲ့အချိန်မှာ သူတို့က မဟာမိတ်အဖွဲ့ရဲ့ လက်နက်တွေ အကုန်ပြင်ထားပြီးသား ဖြစ်နေပြီ။”

“အဓိကပြဿနာက ငါတို့သင်္ဘောတွေက အရမ်းနှေးနေတာပဲ။ အရှိန်သာ ပိုမြန်မယ်ဆိုရင် ငါတို့ရဲ့ တိုက်စစ်လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲနိုင်လိမ့်မယ်။”

“အဲဒီ အပြင်လူတွေဆီမှာ အရမ်းမြန်တဲ့ သင်္ဘောအမျိုးအစား ရှိတယ်လို့ ငါကြားဖူးတယ်။ နတ်ဘုရားတွေက ငါတို့ကို အဆင့်မြင့်တဲ့ သင်္ဘောတွေ ထပ်ပေးဖို့ပဲ မျှော်လင့်ရတော့မှာပဲ။”

အားလုံး တိတ်ဆိတ်သွားကြပြီးနောက် ချင်းကျူးက စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်။

“မင်းတို့ တိုက်မကြီးပေါ်က ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းပြီးကြပြီလား။”

“၆၀ ရာခိုင်နှုန်းလောက်ပဲ ပြီးသေးတယ်။ အဲ့ဒီအုတ်မြစ်ကျောက်ကျွန်းပေါ်မှာ တော်တော် ကျဉ်းကျပ်နေသလို ခံစားရတယ်။”

“ဟုတ်တယ်။ တိုက်မကြီးပေါ်မှာတုန်းက ငါတို့ပိုင်နက်က အရမ်းကျယ်တယ်။ အခု အဲ့ဒီကျွန်းပေါ်မှာက စတုရန်းကီလိုမီတာ သောင်းဂဏန်းလောက်ပဲ ရှိတာဆိုတော့ တကယ်ကို ကျဉ်းကျပ်လွန်းတယ်။”

“အဲ့ဒါကြောင့် ငါတို့ အပြင်ဘက်ကို နယ်မြေချဲ့ထွင်မှ ဖြစ်မယ်။ မဟုတ်ရင် ငါတို့နိုင်ငံထဲမှာ ပြဿနာတွေ တက်လာလိမ့်မယ် ”

“အမှန်ပဲ။ ငါတို့ရဲ့ ပြည်တွင်းပဋိပက္ခတွေကို အပြင်ဘက်ကို လွှဲပြောင်းပေးဖို့ လိုတယ်။ အဲ့ဒါကြောင့် ငါကတော့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုချင်တယ်။”

“ကောင်းပြီ။ ငါ သဘောတူတယ်။ အပြင်လူတွေရဲ့ မဟာမိတ်အဖွဲ့ကို အတူတူတိုက်ပြီး ရလာတာတွေကို ညီတူညီမျှ ခွဲယူကြတာပေါ့။”

ဆွေးနွေးပြီးနောက် ရွှိရီနှင့် မြင့်မြတ်ဘုရင်၊ ချင်းကျူးနှင့် အော်ကုတို့သည် ပူးပေါင်းစစ်ဆင်ရေး အဖွဲ့နှစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြ၏။

အင်ပါယာနှစ်ခု ပူးပေါင်းတိုက်ခိုက်မည်ဆိုပါက သာမန်အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့များအတွက် ခုခံရန် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် အဓိက လိုအပ်ချက်မှာ ထိုအင်ပါယာကြီးလေးခုသည် ကျယ်ပြောလှသော ပင်လယ်ပြင်ထဲတွင် အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းများကို ရှာဖွေတွေ့ရှိရန် လိုအပ်ခြင်းပင် ဖြစ်သည်။

အခြားအင်ပါယာများတွင် ပစ်မှတ် မရှိသော်လည်း အော်ကုအင်ပါယာတွင်မူ ပစ်မှတ်တစ်ခု ရှိနှင့်ပြီးသားဖြစ်သည်။ ၎င်းမှာ ရှောင်းယီ၏ကျွန်းပင် ဖြစ်သည်။

၎င်းတို့သည် ယခင်က လေသင်္ဘောများဖြင့် ရှောင်းယီ၏ ကျွန်းတည်နေရာကို ရှာဖွေတွေ့ရှိခဲ့ဖူး၏။ ရှောင်းယီက ၎င်းတို့ကို သုံးမိနစ်အတွင်း ပစ်ချခဲ့သော်လည်း အော်ကုသည် ရှောင်းယီကဲ့သို့ ဆူဖြိုးသော သိုးတစ်ကောင်ကို လက်လွှတ်မခံလိုပေ။ထို့ကြောင့် သူသည် ချင်းကျူးထံသို့ ချက်ချင်း သီးသန့်စာ ပို့လိုက်သည်။

“ငါ အပြင်လူတစ်ယောက်ရဲ့ ကျွန်းကို ရှာတွေ့ထားတယ်။ ဒါပေမဲ့ သူ့ရဲ့ ခံစစ်က အရမ်းအစွမ်းထက်တယ်။ ငါတို့အင်ပါယာရဲ့ လေသင်္ဘောတွေတောင် သုံးမိနစ်ပဲ ခံပြီး ပစ်ချခံလိုက်ရတယ်။ မင်း စိတ်ဝင်စားလား။”

အော်ကုက ချင်းကျူးထံ မေးလိုက်၏။ ချင်းကျူးက မျက်မှောင်ကျုံ့ကာ ပြန်ဖြေလိုက်သည်။

“သုံးမိနစ်ပဲ ဟုတ်လား။ အဲဒီဘက်က ပစ်ခတ်မှုအားက တော်တော်ပြင်းမှာပဲ။”

“ဟုတ်တယ်။ အဲ့ဒါကြောင့် ငါတို့အင်ပါယာ တစ်ခုတည်းနဲ့တော့ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး။”

အော်ကုက လက်ဝါးဖြန့်ပြရင်း ဆက်ပြောလိုက်သည်။

“ငါတို့ အင်ပါယာနှစ်ခု ပူးပေါင်းပြီး စစ်တပ်စေလွှတ်မယ်ဆိုရင်တော့ သိမ်းပိုက်နိုင်ဖို့ အခွင့်အရေး ရှိနိုင်တယ်။ အရင်က ရထားတဲ့ သတင်းတွေအရ အဲဒီ အပြင်လူရဲ့ ကျွန်းက အနည်းဆုံး စတုရန်းကီလိုမီတာ ၅၀,၀၀၀ ရှိတယ်။”

“စတုရန်းကီလိုမီတာ ၅၀,၀၀၀လား။ မင်း သေချာလားလား။”

ချင်းကျူးက အံ့သြတကြီး မေးလိုက်၏။

“သေချာသလောက် ရှိတယ်။ ငါ့ရဲ့ ရှေ့ပြေးတပ်ဖွဲ့က ဒီကိစ္စကို ငါ့ကို လိမ်ပြောစရာ အကြောင်းမရှိဘူး။ သတင်းပို့တဲ့ အချိန်မှာ သူတို့ အတိုက်ခံရတာ မရှိသေးဘူးဆိုတော့ ဒီသတင်းက အမှန်ပဲဖြစ်လိမ့်မယ်။”

အော်ကုက ပြန်ဖြေလိုက်သည်။

“ဒါဆိုရင်တော့... ငါတို့ ပူးပေါင်းကြတာပေါ့။”

ချင်းကျူးက ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ကောင်းပြီ။ အဲဒီကျွန်းရဲ့ တည်နေရာကို ငါ အရင်ပို့ပေးမယ်။ မင်းမှာ အဲဒီနေရာနဲ့ နီးစပ်တဲ့ ဦးတည်ချက်ကျောက် ရှိ၊ မရှိ အရင်စစ်ကြည့်လိုက်ဦး။”

ထို့နောက် အော်ကုသည် ရှောင်းယီကျွန်း၏ တည်နေရာကို ချင်းကျူထံသို့ ပို့ပေးလိုက်၏။

ချင်းကျူးအင်ပါယာသည် တစ်နိုင်ငံတည်း ဦးအောင် သွားလိမ့်မည်ကို အော်ကု လုံးဝ စိုးရိမ်ခြင်းမရှိပေ။ ရှောင်းယီနှင့် တစ်ကြိမ်သာ ရင်ဆိုင်ခဲ့ဖူးသော်လည်း ထိုတစ်ကြိမ်တည်းနှင့်ပင် ဤအပြင်လူသည် ရိုးရှင်းသူ မဟုတ်ကြောင်း သူ နားလည်သွားခဲ့သည်။

သူ မြင်ဖူးသမျှ အပြင်လူကျွန်း အများစုသည် စတုရန်းမီတာ ထောင်ဂဏန်းအောက်သာရှိပြီး ကောင်းကောင်း ဖွံ့ဖြိုးထားသော ကျွန်းများပင် စတုရန်းမီတာ သောင်းဂဏန်းသာ ရှိသော်လည်း ထိုကျွန်းမှာမူ စတုရန်းကီလိုမီတာ ၅၀,၀၀၀ အထိ ရောက်ရှိနေပြီဖြစ်၏။ ဤပမာဏမှာ အတိုင်းအတာချင်း လုံးဝ ကွဲပြားခြားနားလှပေသည်။

ဤကျယ်ဝန်းလှသော ဧရိယာကို ကြည့်ခြင်းအားဖြင့် ဤအပြင်လူ၏ မဟာမိတ်အဖွဲ့သည် မရိုးရှင်းကြောင်း သိရှိနိုင်၏။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ပြီးနောက် ၎င်းတို့သည် အုတ်မြစ်ကျောက်ကျွန်း၏ ဝိသေသလက္ခဏာများကို သိရှိထားပြီးသားဖြစ်သည်။ ကျွန်းဧရိယာ ကျယ်ဝန်းလေ၊ ပိုမို အဆင့်မြင့်သော သတ္တဝါများ ပေါ်ထွက်လာလေ ဖြစ်သည်။

အကယ်၍ သူတို့သာ အစွမ်းမထက်ပါက ကျွန်းပေါ်တွင် ပေါ်ထွက်လာသော သတ္တဝါများကပင် သူတို့ကို ဒုက္ခပေးရန် လုံလောက်နေပေလိမ့်မည်။

အော်ကုက ကျွန်းတည်နေရာကို အလွယ်တကူ ပို့ပေးလိုက်သည်အား မြင်သောအခါ ချင်းကျူးသည် ထိုကျွန်းမှာ လုံးဝ မရိုးရှင်းကြောင်း ချက်ချင်းပင် ရိပ်မိလိုက်၏။

“ငါတို့မှာရှိတဲ့ ဦးတည်ချက်ကျောက်တွေရဲ့ တည်နေရာတွေကို အကုန်စစ်ဆေးလိုက်။ ဒီကျွန်းနဲ့ အနီးစပ်ဆုံး ရှိတဲ့နေရာ ရှိလား ကြည့်ကြစမ်း။”

ချင်းကျူးက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

မကြာမီ ကင်းစောင့်တစ်ဦး ဝင်လာပြီး သတင်းပို့လာခဲ့သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ရဲ့ ဦးတည်ချက်ကျောက် တစ်ခုက အဲဒီကျွန်းနဲ့ ကီလိုမီတာ နှစ်ရာအကွာမှာ ရှိတဲ့နေရာကို တည်နေရာကူးပြောင်းနိုင်ပါတယ်။”

“ကီလိုမီတာ နှစ်ရာလား...။ ဒါဆိုရင် တော်တော်လေးနီးတယ်လို့ ပြောလို့ရတယ်။”

ချင်းကျူးက ခေါင်းငြိမ့်လိုက်၏။

“အဲ့ဒီဦးတည်ချက်ကျောက်ကို အသေအချာ သိမ်းထားလိုက်။”

“ဟုတ်ကဲ့။”

ချင်းကျသည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ထိုအကြောင်းကို အော်ကုအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။

“ဘာ...ကီလိုမီတာ နှစ်ရာတည်းလား။ သိပ်ကောင်းတယ်။ ဒါဆိုရင် ငါတို့ရဲ့ ပင်မစစ်တပ်ကြီးကို တိုက်ရိုက် ပို့လို့ရပြီ။”

အော်ကုက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ရှောင်းယီ၏ ကျွန်းကို ရှာတွေ့ခဲ့စဥ်ကတည်းက ထိုနေရာသို့ မည်သို့သွားရမည်ကို သူ စဉ်းစားနေခဲ့ခြင်းဖြစ်သည်။

လေသင်္ဘောဖြင့် ပျံသန်းမည်ဆိုပါက အနည်းဆုံး တစ်ပတ်ချန့် ကြာမြင့်မည်ဖြစ်ပြီး တစ်ဖက်တွင်လည်း လေကြောင်းရန်ကာကွယ်ရေး လက်နက်များ ရှိနေပေလိမ့်မည်။ မဟုတ်ပါက ယခင်က သူ၏ လေသင်္ဘောတပ်စုကို ထိုမျှမြန်မြန် နှိမ်နင်းနိုင်လိမ့်မည် မဟုတ်ပေ။

ပင်လယ်ပြင်မှ သင်္ဘောဖြင့် သွားမည်ဆိုလျှင်လည်း အနည်းဆုံး ဆယ်ရက်မှ လဝက်ခန့် ကြာမြင့်မည်ဖြစ်သည်။ သို့သော် ယခုအခါ ရှောငယီ၏ ကျွန်းနှင့် ကီလိုမီတာနှစ်ရာသာ ဝေးသောနေရာသို့ တိုက်ရိုက် တည်နေရာကူးပြောက်းနိုင်ပြီဖြစ်ရာ အလွန် နီးကပ်သွားပြီဖြစ်သည်။

ထိုအချိန်တွင် ပျော်ရွှင်အေးချမ်းမှုများဖြင့် ပြည့်နှက်နေသော ယီရန်ပင်း မဟာမိတ်အဖွဲ့သည် ကြီးမားသော ပါဆယ်ထုတ်ကြီး နှစ်ထုတ်က သူတို့ဆီသို့ ဦးတည်လာနေပြီ ဖြစ်ကြောင်းကို လုံးဝ မသိရှိသေးပေ။

All Chapters