← Chapters

တစ္ဆေအပူးခံရခြင်း

Vol. 138 Ch. 1906

တစ္ဆေအပူးခံရခြင်း

Vol. 138 Ch. 1906

အရှင်ကုန်းနျန်၏ မျက်လုံးမှာ ကျဉ်းမြောင်းသွားကာ သူသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ကိုးထပ်မြောက်ရှိ အလွှာအထပ်ပုံရိပ်ယောင်မန္တာန်သည် မဟာစိတ်ဝိညာဉ်ကလန်၏ အစွမ်းထက်ဆုံးမန္တာန်တွေထဲမှ တစ်ခု ဖြစ်၏။ မူလတုန်းက ၎င်းကို ဝမ်လင်းထံ လွှဲပြောင်းပေးခြင်းက အဆင်ပြေနိုင်သည်။ သို့ပေမည့် ပထမဘိုးဘေးက ဝမ်လင်းအနေဖြင့် ကိုးခုမြောက်အလွှာသို့ ဝင်ရောက်ရန် နှစ်ပေါင်းသုံးရာ အချိန်ယူရလိမ့်မည်ဟု ရှေ့ဖြစ်ဟောထားခဲ့ပေသည်။

စဉ်းစားနေလျက် အရှင်ကုန်းနျန်က ရုတ်တရက် ပြောလာသည်။ “ဝိညာဉ်ကျမ်းစာအဆောက်အဦမှာ ဆယ်ထပ်မြောက်ထိ ရှိတယ်…”

ဝမ်လင်းသည် တည်ငြိမ်လျက်ပင်။ သို့သော် သူ့မျက်လုံးသူငယ်အိမ်က မဆိုသလောက် ကြုံ့သွားသည်။

“ငါတောင် ဆယ်လွှာမြောက်ထဲ မဝင်နိုင်ဘူး။ ပထမမျိုးဆက်ဘိုးဘေးတစ်ယောက်သာ ဝင်နိုင်တယ်။ အဲ့အလွှာဟာ သူ ထိုင်လျက် သေဆုံးသွားခဲ့တဲ့နေရာလည်း ဖြစ်တယ်…”

အရှင်ကုန်းနျန်က ထိုသို့ ပြောလိုက်ပြီးနောက် သူသည် တဖန် တိတ်ဆိတ်သွားပြန်သည်။

ဝမ်လင်းကလည်း ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက အရှင်ကုန်းနျန် သူ့ကို ဘာကြောင့် ဒီအကြောင်းကို ပြောပြသည်ကို မခန့်မှန်းနိုင်ချေ။

အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် ကြာမြင့်ပြီးနောက် အရှင်ကုန်းနျန်က ကောင်းကင်ထက်ရှိ အကွာအဝေးတစ်ခုထံ ကြည့်ကာ ထပ်မံ ပြောလာသည်။

“မင်းရဲ့ အကျိုးဆောင်မှုက ကိုးထပ်မြောက်မှာရှိတဲ့ ပြည့်ပြည့်စုံစုံအလွှာအထပ်ပုံရိပ်ယောင်မန္တာန်ကို ရဖို့ မလုံလောက်သေးဘူး…”

ဝမ်လင်းက သူ့လက်ကို မြှောက်လိုက်ရာ ကျောက်စိမ်းပြားတစ်ခု သူ့လက်ကြားထဲတွင် ပေါ်လာ၏။ သူက ၎င်းကို အရှင်ကုန်းနျန်ထံ လှမ်းပေးလိုက်သည်။

“ဒါပါ ထပ်ပေါင်းလိုက်ရင်ရော မလုံလောက်သေးဘူးလား…”

အရှင်ကုန်းနျန်က မျက်မှောင်ကြုတ်ကာ ဝမ်လင်းကို လှမ်းကြည့်သည်။ သူက ကျောက်စိမ်းပြားကို ယူကာ သူ့နတ်ဘုရားအာရုံကို ၎င်းအတွင်းသို့ ထည့်သွင်းလိုက်သည်။ သူ၏အမူအရာက ချက်ခြင်း ပြောင်းလဲသွားသည်။ သူက ဝမ်လင်းထံ မော့ကြည့်ကာ ကျောက်စိမ်းပြားကို ထပ်မံ ကြည့်ပြန်၏။

ဝမ်လင်း ကောင်းကင်ဘုံဆေးလုံးကို ဖြတ်တောက်ပစ်ခဲ့သော ဝမ်လင်း၏ လုပ်ဆောင်မှုအားလုံးကို တွေ့မြင်ပြီးနောက် အရှင်ကုန်းနျန်သည် အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက်၏။ သူက ဝမ်လင်းကို ထပ်ကြည့်သည်။ သူ့မျက်လုံးထဲတွင် ဆန်းကြယ်သောအလင်းတစ်ခု ရှိနေလေ၏။

သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက ထိုကျောက်စိမ်းပြားထဲရှိ သူ တွေ့မြင်ခဲ့သမျှမှာ အမှန်ဖြစ်သည်ကို ဆုံးဖြတ်နိုင်ပေသည်။

“ကောင်းတယ်…ကောင်းတယ်…ကောင်းတယ်…” အရှင်ကုန်းနျန်က ကျောက်စိမ်းပြားကို ကိုင်ကာ စတင်ရယ်မော၏။ သူ့ဘယ်လက်ကို ဝေ့ယမ်းလိုက်ရာ ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ စွမ်းအားတစ်ခု တိုးဝင်လာ၏။ တစီစီအသံများ ထွက်ပေါ်ခြင်းနှင့်အတူ ဝမ်လင်း၏ ကျန်ဒဏ်ရာများကား ပြန်ကောင်းမွန်သွားလေ၏။

“ဒီတစ်ကြိမ်…မင်းက ကြီးကြီးမားမား အကျိုးဆောင်ခဲ့တာပဲ။ ငါ့မဟာစိတ်ဝိညာဉ်ကလန်မှာ တစ်ယောက်ယောက်က အကျိုးဆောင်ပေးနိုင်တာနဲ့ ချီးမြှင့်ခံရမှာ ဖြစ်တယ်။ ငါ မင်းကို ကိုးလွှာမြောက်က အလွှာအထပ်ပုံရိပ်ယောင်မန္တာန် အပြည့်အစုံ ပေးလိုက်မယ်။ ဒါပေမဲ့ မင်းအနေနဲ့ ငါ့ကို ကတိတစ်ခု ပေးရမယ်…”

အရှင်ကုန်းနျန်က ဝမ်လင်းကို ကြည့်၏။ သူ ပို၍ ကြည့်မိလေလေ ဝမ်လင်းကို ပို၍ အသိအမှတ်ပြုမိလေပင်။ ပထမမျိုးဆက်ဘိုးဘေးက ခုလိုမျိုး သတ္တိနှင့် ကြံရည်ဖန်ရည်ရှိသူကို ရွေးချယ်ခဲ့သည်မှာ အမှန်ပင် အံ့အားသင့်ဖို့ ကောင်းပေသည်။

ဝမ်လင်းသည် အရှင်ကုန်းနျန်၏ စကားများကြောင့် ပီတိဖြာမသွားပေ။ သူက အရှင်ကုန်းနျန်ကို တည်ငြိမ်စွာ ကြည့်၍ မေးလိုက်၏။ “ဘယ်လိုမျိုး လုပ်ဆောင်ပေးရမှာလဲ…”

“အစိမ်းရောင်မိစ္ဆာကုန်းမြေရဲ့ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ဆယ်ယောက်နဲ့ လေဟာနယ်အတိဒုက္ခအလယ်အဆင့် သုံးယောက်ကို သတ်ရမယ်။ ပြီးရင် ဝိညာဉ်ကျမ်းစာအဆောက်အဦရဲ့ ကိုးထပ်မြောက်နဲ့ဆယ်ထပ်မြောက်ကို ဝင်ရောက်ပါ…”

“မင်း ဒီအရာသုံးခုကို လုပ်ဆောင်ပြီးတာနဲ့ မဟာစိတ်ဝိညာဉ်ကလန်ကနေ ထွက်သွားနိုင်တယ်…”

ထိုသည်ကို ကြားသည့်အခါ ဝမ်လင်း၏စိတ်က တုန်ယင်သွား၏။ သူက စဉ်းစားသည်။ အမှန်ပင် သူသည် အပြန်လမ်း၌ ထွက်သွားဖို့ တွေးခဲ့သေး၏။ သူက စစ်ပွဲကို ရှောင်ဖို့ ထွက်မသွားခင် မဟာစိတ်ဝိညာဉ်ကလန်ကို သူ တတ်နိုင်သလောက် ကူညီပေးမည်ဟုလည်း ပြင်ဆင်ထားခဲ့၏။

တကယ်တော့ သူ့ပန်းတိုင်က တန်လင်းကလန်နှင့် အဝေးရှိ ရှေးတောက်ကလန်ထံသို့ ဖြစ်၏။ ထို့ကြောင့် သူက ကောင်းကင်ဘုံနွားထီးကုန်းမြေတွင် အချိန်ကြာကြာ မနေနိုင်ပေ။ ထို့အပြင် သူက ဒီစစ်ပွဲနှင့် ပတ်သတ်၍ တချို့ထင်မြင်ချက်များ ရှိနေသည့်အတွက် ပါဝင်မသတ်လိုပေ။

အရှင်ကုန်းနျန်က ဝမ်လင်း ထွက်ခွာမည့်အကြံကို တွေးမိတာ သိသာ၏။ သို့သော် သူက ဝမ်လင်းကို နေထိုင်ဖို့ အတင်းအကြပ် မလုပ်ဆောင်၊ ထိုအစား သူက အခြေအနေသုံးခုကိုသာ လုပ်ဆောင်ပေးရန် ပြောခဲ့သည်။ ထိုအခြေအနေသုံးခုက ဝမ်လင်းကို သူ ရရှိခဲ့သော လက်ဆောင်သုံးခုအကြောင်း တွေးမိစေ၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက အရှင်ကုန်းနျန်ကို ကြည့်ကာ အလေးအနက် ခေါင်းညိတ်လိုက်သည်။

မဟာစိတ်ဝိညာဉ်ကလန်၏ ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်ပါစေ သူတို့က ဝမ်လင်းကို ကူညီပေးခဲ့ဖူး၏။ သူ့အနေဖြင့် သူ့အား အကူအညီပေးသူကို ပြန်ပေးဆပ်မည်သာ။ အခု သူက ဒီအခြေအနေသုံးခုကို သဘောတူခဲ့ပေ၏။ ထိုအခြေအနေတို့က ခက်ခဲသော်လည်း ဝမ်လင်းက ဖြစ်နိုင်သည်ဟု ဆုံးဖြတ်ပြီးပင်။

ဝမ်လင်း ခေါင်းညိတ်လိုက်သည်ကို မြင်သည့်အခါ အရှင်ကုန်းနျန်က စကားဆက်မဆိုတော့ပေ။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ရှေးဟောင်းကျောက်စိမ်းပြားတစ်ခုက ဝမ်လင်းထံ ပျံသန်းလာသည်။

ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းယူလိုက်၏။ ၎င်းထဲ၌ မဟာစိတ်ဝိညာဉ်ကလန်၏ အလွန်အစွမ်းထက်သော မန္တာန်၊ အလွှာအထပ်ပုံရိပ်ယောင်မန္တာန် အပြည့်အစုံ ပါဝင်လေသည်။

“ဒီမန္တာန်ကို ကျင့်ကြံဖို့ မင်းက တစ္ဆေရွက်ဖျင်ကို သန့်စင်ဖို့ လိုမယ်။ အခု စစ်ပွဲက စနေပြီ။ ငါ မင်းကို လိုအပ်တဲ့ပစ္စည်းတွေအားလုံး လက်ဆောင်ပေးလိုက်မယ်။ ဒါပေမဲ့ တစ္ဆေရွက်ဖျင်အတွက် စိတ်ဝိညာဉ်တစ်ခု လိုအပ်တယ်။ မင်းမှာ သင့်တော်တဲ့ စိတ်ဝိညာဉ်တစ်ခု မရှိရင် တစ္ဆေတောင်ထွတ်ရှိ သွားရှာပါ…”

အရှင်ကုန်းနျန်က ထိုသို့ ပြောလိုက်ရင်း သူ့လက်ကို လေဟာနယ်ထံ ဆန့်ထုတ်လိုက်ရာ အလင်းလုံးတလုံး ပေါ်လာချေသည်။ ထိုအလင်းလုံးထဲ၌ သန့်စင်ထားသော ပစ္စည်းများစွာ ပါဝင်၏။ သူက ဝမ်လင်းထံ ၎င်းကို လှမ်းပေးလိုက်သည်။

ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး ထိုအလင်းလုံးကို သူ့အင်္ကျီလက်အိုးအတွင်းသို့ ဆွဲသိမ်းလိုက်သည်။ သူ ထရပ်၏။ အရှင်ကုန်းနျန်ကို လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ပြီးနောက် သူ ထွက်လာတော့သည်။

“မင်းမှာ အချိန်သိပ်မရတော့ဘူး။ အခုကစပြီး ခုနစ်ရက်ကြာရင် ငါ မင်းကို အကြီးအကဲအချို့နဲ့အတူ ကောင်းကင်ဘုံနွားထီးရဲ့ နေရာအမှတ်ခုနစ်ခုထဲက တစ်ခုကို စောင့်ကြပ်ဖို့ စေလွှတ်မယ်…”

အရှင်ကုန်းနျန်၏ စကားတို့က ပဲ့တင်ထပ်လာ၏။ သို့သော် ဝမ်လင်းက လှည့်မကြည့်တော့ဘဲ အစိမ်းရောင်ကောင်းကင်တောင်ထွတ်ကနေ ထွက်ခွာလာလေ၏။

ဝမ်လင်းက သူ့ကိုယ်ပိုင်တောင်ထံ ပြန်လာ၏။ တောင်အတွင်းရှိ မီးက သူ ထွက်ခွာသွားသည့်နောက် ငြှိမ်းသေခဲ့ပုံ ပေါ်သော်လည်း အနီရောင်ဖြစ်နေဆဲပင်။ သို့သော် ဝမ်လင်း ထိုတောင်ထံ ခြေချလိုက်သည့်အခါ၌ ၎င်းက တဖန် စတင်လောင်ကျွမ်းလာပြန်၏။ ခပ်ဖျော့ဖျော့တုန်ဟည်းသံ တစ်သံကိုလည်း ကြားရလေ၏။

မျက်လုံးမှိတ်နေသော ဖန်ရှန်မင်က ချက်ခြင်း မျက်လုံးဖွင့်လာ၏။ သူမက အောက်နှုတ်ခမ်းကို ကိုက်ကာ ဝမ်လင်း သူမကို လှမ်းမခေါ်သည်ကို ခဏစောင့်ကြည့်ပြီးနောက် မလွယ်ကူမှုကို ခံစားမိသည်။

အခုချိန်၌ ဝမ်လင်းသည် ဖန်ရှင်မင်နှင့် ပတ်သတ်၍ အာရုံစိုက်နေရန် အချိန်မရှိပေ။ သူက သူ့လှိုဏ်ဂူသို့ ရောက်လာပြီးနောက် ထိုင်ချလိုက်၏။ သူ၏အင်္ကျီလက်အိုးထံမှ အလင်းလုံး ပျံသန်းထွက်လာပြီး ထိုအလင်းလုံးကို ချိုးဖျက်လိုက်သည့်နောက်တွင် တစ္ဆေရွက်ဖျင်သန့်စင်ရာ၌ အသုံးပြုသော ပစ္စည်းများ လှိုဏ်ဂူထဲ၌ ပေါ်လာ၏။

ထိုပစ္စည်းအမျိုးအမည်များက ကွဲပြားပေသည်။ သို့သော် ယင်းတို့က အတော်လေး အဖိုးတန်၏။ တကယ်တော့ အရှင်ကုန်းနျန်က ဒီအရာများကို သူ့ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည် မဟုတ်လား။ ထို့အတွက်ကြောင့် သန့်စင်ရာတွင် အသုံးပြုသော ပစ္စည်းများသည် အရည်အသွေးထူးကဲ ကောင်းမွန်ပေမည်။

ထိုပစ္စည်းများကို ကြည့်ရှုလိုက်ပြီးနောက် ဝမ်လင်းက အလွှာအထပ်ပုံရိပ်ယောင်မန္တာန် ပါဝင်သော ကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။ သူ့နတ်ဘုရားအာရုံကို အတွင်းသို့ ဝင်ရောက်စေကာ တစ္ဆေရွက်ဖျင် သန့်စင်သည့် နည်းလမ်း အပါအဝင် အကြောင်းအရာများကို မှတ်သားလိုက်၏။

ထိုကျောက်စိမ်းပြားအရ တစ္ဆေရွက်ဖျင်ကို အဆင့်ငါးဆင့် ခွဲထား၏။ ယင်းတို့မှာ စဦး၊အလယ်၊အထက်၊ အဆုံးစွန်၊ အကြွင်းမဲ့အဆင့်ဟူ၍ပင်။ အဆင့်တစ်ခုချင်းစီ၌ ပုံရိပ်ယောင်အလွှာထပ်နှစ်ခု ပါဝင်သည်။

မဟာစိတ်ဝိညာဉ်ကလန်၌ တပည့်အများစုက စဦးအဆင့်၌သာ ရှိပြီး အကြီးအကဲများကသာ အလယ်အဆင့်ထိ အောင်မြင်မှု ရကြ၏။ သူတို့ဆရာများ၏ မျက်နှာသာပေးခံရသော တချို့တပည့်များကတော့ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် အလယ်အဆင့် တစ္ဆေရွက်ဖျင်ကို ပေးထားခြင်း ခံရလေသည်။

ဖန်ရှန်မင် ပိုင်ဆိုင်ခဲ့သော တစ္ဆေရွက်ဖျင်က အလယ်အဆင့် ဖြစ်၏။ ၎င်းမှာ ယန်လု သူမကို လက်ဆောင်ပေးခဲ့ခြင်းပင်။

ပုံမှန်အားဖြင့် အလယ်အဆင့် တစ္ဆေရွက်ဖျင်သည်ပင် အတော်လေး အစွမ်းထက်လှပြီ ဖြစ်၏။ ၎င်းကို အသုံးပြုတတ်ပါက ကျင့်ကြံခြင်းကို လစ်လျူရှုထားနိုင်၏။ ထိုအချက်ကို ဖန်ရှန်မင်၏ လက်ထဲ၌ အလယ်အဆင့်တစ္ဆေရွက်ဖျင် ရှိခဲ့စဉ်က သက်သေပြခဲ့ပြီး ဖြစ်သည်။

လူတစ်ယောက်သည် အလွှာအထပ်ပုံရိပ်ယောင်မန္တာန်နှင့်အတူ အထက်အဆင့်၊ သို့မဟုတ် အဆုံးစွန်အဆင့် တစ္ဆေရွက်ဖျင်ကို ပိုင်ဆိုင်ပါက ၎င်းသည် ကြောက်မက်ဖွယ် ကောင်းလာမည် ဖြစ်၏။ အကြွင်းမဲ့အဆင့်ကိုမူ သန့်စင်ဖို့ ခက်ခဲလွန်းသည်။ မဟာစိတ်ဝိညာဉ်ကလန်တခုလုံးတွင် ထိုအကြွင်းမဲ့အဆင့် တစ္ဆေရွက်ဖျင် တစ်ခုသာ ရှိပေသည်။

ယင်းတစ္ဆေရွက်ဖျင်သည် မဟာစိတ်ဝိညာဉ်ကလန်ပတ်လည်ရှိ ကလန်အကွာအကွယ်အစီအရင် ဖြစ်၏။ ဝမ်လင်း၏အမြင်အရ ဒီအစီအရင်မှာ အပြည့်အဝ အသက်သွင်းထားခြင်း မရှိသေးပေ။ ၎င်းစွမ်းအား၏ အစိတ်အပိုင်းငယ်တစ်ခုကိုသာ အသုံးပြုထားသေး၏။

“တစ္ဆေရွက်ဖျင် သန့်စင်တာ ပြီးပြည့်စုံဖို့အတွက် စိတ်ဝိညာဉ်တစ်ခု လိုအပ်တယ်။ ဒါပေမဲ့ အဲ့စိတ်ဝိညာဉ်ဟာ အဆင့်မြင့်တဲ့ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိညာဉ် ဖြစ်စရာ မလိုဘူး။ စိတ်ဝိညာဉ်သေတစ်ခု ဖြစ်ရင် ရပြီ…”

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ စိတ်ဝိညာဉ်သေ ဟူသော အသုံးအနှုန်းကို သူ့အနေဖြင့် ခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

ဒီကျောက်စိမ်းပြားတွင် သတ်မှတ်ထားသည်မှာ စိတ်ဝိညာဉ်သေဟူသည် လူတစ်ယောက် သို့မဟုတ် သားရဲတစ်ကောင် သေဆုံးသည့်အခါ၌ ချိန်သားကိုက် စွဲလမ်းမှု၊ အခဲမကျေမှုတို့ဖြင့် ကျန်ရစ်သော သီးခြားတည်ရှိမှုတစ်ခု ဖြစ်၏။ ထိုတည်ရှိမှုကိုလည်း တခြားသူများက မမြင်နိုင်၊ မခံစားနိုင်ကြပေ။

အချိန်အနည်းငယ် ပိုလင့်သွားပါက ၎င်းစိတ်ဝိညာဉ်သေသည် အသုံးမတည့်သော စိတ်ဝိညာဉ်တစ်ခု ဖြစ်သွားပေလိမ့်မည်။ ထို့အတွက်ကြောင့် လူတစ်ယောက်သည် ယင်းသို့ စိတ်ဝိညာဉ်သေတစ်ခုကို ရရှိဖို့မှာ ခက်ခဲလွန်းပေမည်။ မဟာစိတ်ဝိညာဉ်ကလန်၌ ထိုစိတ်ဝိညာဉ်သေများကို လေ့လာခဲ့သော လူများစွာ ရှိ၏။ သူတို့က တဖြည်းဖြည်းဖြင့် လူတစ်ယောက်၊သို့မဟုတ် သားရဲတစ်ကောင် သေဆုံးပြီးချင်းချင်း စိတ်ဝိညာဉ်သေတစ်ခုအဖြစ် သန့်စင်နိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့ကြပေသည်။

သို့ပေမည့် ထိုသို့ သန့်စင်ခံရသော စိတ်ဝိညာဉ်သေများသည် မပြည့်စုံပေ။ ယင်းတို့ကို စဦးအဆင့် တစ္ဆေရွက်ဖျင်များ သို့မဟုတ် အများဆုံးမှ အလယ်အဆင့် တစ္ဆေရွက်ဖျင်များ သန့်စင်ရာ၌သာ အသုံးပြုနိုင်သည်။

ထိုသို့ စိတ်ဝိညာဉ်သေများသည် ပုံရိပ်ယောင်အလွှာအထပ် သုံးခု၊လေးခုလောက်ကိုသာ တောင့်ခံနိုင်သည်။ သည့်ထက်ပိုပါက ၎င်းစိတ်ဝိညာဉ်သေသည် တောင့်မခံနိုင်ဘဲ ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

“စိတ်ဝိညာဉ်သေကို စိတ်ဆန္ဒတစ်ခုအဖြစ်လို့ ယူဆလို့ ရနိုင်တယ်။ အားကောင်းတဲ့ စိတ်ဆန္ဒနဲ့ စိတ်ဝိညာဉ်သေတစ်ခုနဲ့သာ လူတစ်ယောက်ဟာ ချိန်သားကိုက် သန့်စင်တဲ့အခါကျမှ ပုံရိပ်ယောင်အလွှာလေးခုထက် ပိုပြီး ခံနိုင်မှာ ဖြစ်တယ်…”

“အလွှာအထပ်ပုံရိပ်ယောင်မန္တာန်အတွက် စည်းမျဉ်းဟာ ဒီစိတ်ဆန္ဒဆိုတာ ထင်ရှားတယ်။ ဒီစိတ်ဆန္ဒဟာ ပုံရိပ်ယောင်တွေကို ထုတ်လွှတ်ပေးရာမှာ အားအင်ဖြည့်တင်းပေးနိုင်ပြီး လူတွေကို သူတို့ကိုယ်သူတို့ ဆုံးရှုံးသွားအောင် လုပ်နိုင်မှာ။ ဒီစိတ်ဆန္ဒက ပိုအားကောင်းလေလေ ပုံရိပ်ယောင်က ပိုအစွမ်းထက်လေပဲ…”

ဝမ်လင်းသည် စဉ်းစားနေရင်း အလွှာအထပ်ပုံရိပ်ယောင်မန္တာန်၏ ဖွဲ့စည်းပုံကို တဖြည်းဖြည်း နားလည်လာသည်။

သူ၏မျက်လုံးထဲတွင် လေးစားမှုတို့ ရှိနေ၏။

“ဒီလိုမန္တာန်တစ်ခုကို ဖန်တီးခဲ့တဲ့သူဟာ အံ့အားသင့်ဖို့ ကောင်းလောက်တဲ့ ပါရမီရှင်တစ်ယောက်ပဲ ဖြစ်ရမယ်…”

ဝမ်လင်းသည် သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

အမှန်တော့ ဒီနည်းလမ်းက နားလည်ရန် အလွန်လွယ်ကူပေသည်။ ဝမ်လင်းက သူ ကလေးဘဝအချိန်၊ ကျင့်ကြံသူတစ်ယောက် ဖြစ်မလာခင်တုန်းက ရွာရှိ လူကြီးများထံမှ တစ္ဆေအခြောက်ခံရသော မိသားစုများအကြောင်း ကြားခဲ့ဖူး၏။

ထိုအခါကျလျှင် ယင်းမိသားစုက အနီးအနားရှိ မြို့သို့သွားကာ တစ္ဆေမောင်းထုတ်ပေးမည့် တစ်စုံတစ်ယောက်ကို ဖိတ်ကြားမှု ပြုရသည်။

သူက ထိုသို့သောအခြင်းအရာများ သူ့မိသားစုတွင်လည်း ဖြစ်ခဲ့ဖူးသည်ကို ပြန်အမှတ်ရလိုက်မိသည်။ သူ အစတုန်းက ဒီအကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေခဲ့၏။ သို့ပေမည့် အလွှာအထပ်ပုံရိပ်ယောင်မန္တာန်၏ စည်းမျဉ်းကို သင်ယူပြီးနောက် သူက ငယ်စဉ်ကအကြောင်းကို ပြန်တွေးမိသွားခြင်းပင်။

“ဒီတစ္ဆေအခြောက်ခံရခြင်းဆိုတာဟာ တစ်စုံတစ်ယောက်က ထူးထူးဆန်းဆန်း ပုံရိပ်တွေကို မြင်ရစေတဲ့ ပုံရိပ်ယောင်တစ်ခုပဲ…”

“ဒါက လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ယောင်ယောင်မှားမှား ဖြစ်စေနိုင်တယ်။ ကသိကအောက် ခံစားရစေနိုင်တယ်…”

ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။

သူ ကျင့်ကြံသူတစ်ယောက်ဖြစ်လာခဲ့သည့်အခါတွင်မူ ဝမ်လင်းက ထိုတစ္ဆေအခြောက်ခံရခြင်း၊အပူးခံရခြင်းတို့မှာ သဘာဝအရဖြစ်ပေါ်သည့် အခဲမကျေမှု စိတ်အာရုံတစ်ခုက လူများ၏ စိတ်နှလုံးကို ဖမ်းစားခြင်းဟု သဘောပေါက်ခဲ့ပေ၏။ ထိုအခါ လူများသည် စိတ်ပိုင်းဆိုင်ရာ ယောင်များပြီး နှောက်ယှက်ခံရသည့်အတွက် သူတို့က ဒီထူးထူးဆန်းဆန်းပုံရိပ်များကို တစ္ဆေများဟု တွေးထင်ခဲ့ကြခြင်းပင်။

ဤသည်ကား အလွှာအထပ်ပုံရိပ်ယောင်မန္တာန်၏ ပဓာနအသက် ဖြစ်၏။ ပုံရိပ်ယောင်အားလုံး၏ မူလဇစ်မြစ်လည်း ဟုတ်သည်။

“အလွှာအထပ်ပုံရိပ်ယောင်မန္တာန်ဟာ လွယ်လွယ်ကူကူ သိမြင်နိုင်တဲ့ မန္တာန်တစ်ခုပဲ။ ဒါဟာ တစ္ဆေတစ်ယောက်ကို လူတစ်ယောက်အဖြစ် ပြောင်းလဲလိုက်တာလို့ အပြောကတော့ လွယ်တယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို မန္တာန်တစ်ခုအဖြစ်၊ တာအိုမန္တာန်တစ်ခုအဖြစ် ပြောင်းလဲဖို့ စဉ်စားတွေးခဲ့တာကတော့ ငါ့လေးစားမှုကို ရဖို့ ထိုက်တန်နေပြီ ဖြစ်တယ်…”

ဝမ်လင်း၏မျက်လုံးထံမှ ဉာဏ်အလင်းတို့ လှစ်ဟပေါ်နေ၏။

All Chapters