← Chapters

နဝမတောင်ထွတ်၏ စုဝေးရန်ခေါ်ဆိုမှု

Vol. 21 Ch. 284

နဝမတောင်ထွတ်၏ စုဝေးရန်ခေါ်ဆိုမှု

Vol. 21 Ch. 284

“သူ့ကိုမကုသရင် ကြာကြာအသက်ရှင်နေနိုင်တော့မှာ မဟုတ်ဘူး။ ပထမ သူ့စွမ်းအားတွေ ပျောက်ကွယ်ကုန်ဆုံးသွားလိမ့်မယ်။ သူ့စွမ်းအားတွေ ဆုံးရှုံးသွားတာနဲ့ နောက်တစ်ဆင့်က သူ့ခန္ဓာကိုယ်၊ နောက်ဆုံးကျရင် သူ့အသက်ဓာတ်တွေလည်း ပျောက်ကွယ် ကုန်ဆုံးသွားမှာ။ သူလုံးဝသေဆုံးသွားတာနဲ့ စိတ်တစ္ဆေတစ်ကောင်အဖြစ် ပြောင်းပြီး သူ့သခင်ဘေးကိုပြန်သွားလိမ့်မယ်” ပိုင်စု ညင်သာစွာရှင်းပြလိုက်သည်။

“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက  အေးခဲကောင်းကင်ကလန်ရဲ့ ပိုင်ဆိုင်မှုပဲကို။ အကယ်၍ ကျိုးကောက ကျီချဲကိုသတ်ရင် အေးခဲကောင်းကင်ကလန်က အရေးမယူဘူးလား”

သူ့လက်ထဲမှ ပိုးအိမ်ကို စုမင်ကြည့်လိုက်သည်။ ပိုးအိမ်သည် လုံးဝမာကြောနေပြီဖြစ်ကာ သူ့လက်ထဲတွင် ရေခဲတုံးတစ်ခုသဖွယ် ခံစားနေရလေသည်။

“ရှင်... ရှင်မသိဘူးလား”

ပိုင်စု အံ့အားသင့်သွားပြီး သူမအမူအယာက တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည့်ပုံစံ ဖြစ်ပေါ်လာခဲ့သည်။ ကျီချဲကို တစ်ချက်လှမ်းငေးကြည့်လိုက်မိပြီး သူမမျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသော အမူအယာမျိုးလည်း ဖြစ်ပေါ်လာခဲ့၏။

“ဘာလဲ” စုမင် ပိုင်စုကိုမော့ကြည့်လိုက်သည်။

“လွန်ခဲ့တဲ့သုံးလတုန်းက ကျီချဲဆရာက ကောင်းကင်ဘုံတံခါးဝကို အကြောင်းကြားပြီး ကျီချဲကို ဒုတိယတောင်ထွတ်က နှင်ထုတ်လိုက်ပြီလေ... သူက အေးခဲကောင်းကင်ကလန်ရဲ့ တပည့်မဟုတ်တော့ဘူး...”

စုမင်မျက်လုံးများအတွင်း မည်းမှောင်သောအလင်းတစ်ဖြာ တောက်ပသွားပြီး ဖြူရော်နေသော်လည်း စိတ်ပိုင်းဖြတ်ထားဟန်မျက်နှာဖြင့် စင်မြင့်ပေါ်တွင်ထိုင်နေသော ကျီချဲကိုလှမ်းကြည့်လိုက်သည်။ စုမင်နှင့်ပိုင်စုတို့၏ စကားများကို ကျီချဲမကြားနိုင်ပေ။ ယခုအချိန်တွင် သူ့ကိုယ်သူသေချာကုသနေရပြီး ထိုသို့မဟုတ်ပါက မြား၏အစွမ်းကို သူပြန်လည်မခုခံနိုင် ဖြစ်သွားပေလိမ့်မည်။

“လွန်ခဲ့တဲ့သုံးလ...”

စုမင် နားလည်သွားတော့သည်။ ဤအရာသည် သူအေးခဲကောင်းကင်ကလန်မှ ထွက်ခွာသွားသော ငါးရက်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျီချဲထံတွင် မည်သည့်မှားယွင်းနေသော အရာမျိုးမှ သူမမြင်ခဲ့ပေ။

သို့သော် ထိုအရာက ကျီချဲအတွက် အရေးမကြီးသောအရာမျိုး မဟုတ်သည်မှာတော့ အရှင်းအလင်းပင် ဖြစ်သည်။

“အဲဒါကြောင့်သာမဟုတ်ရင် သူ့အစ်မနဲ့ တွေ့တဲ့အချိန်တိုင်း သူရှက်ရွံ့မှုနဲ့ ခေါင်းငုံ့နေရမှာ မဟုတ်ဘူး...” ပိုင်စု သက်ပြင်းဖွဖွချမိသည်။

စုမင် လက်ထဲမှပိုးအိမ်ကိုစိုက်ကြည့်ရင်း ငြိမ်သက်နေမိသည်။ အချိန်အတော်ကြာပြီးနောက်တွင် သူထိုအရာကို တစ်ချက် ဖြစ်ညစ် ပစ်လိုက်သည်။

“အဲဒီပိုးကောင်က အေးခဲကောင်းကင်ကလန်ကမဟုတ်လို့ အအေးနဲ့ထိတွေ့တာနဲ့ သေဆုံးသွားတယ်လို့ မင်းပြောခဲ့တယ်”

စုမင်အသံက တည်ငြိမ်နေသည်။ သူ့အသံထဲတွင် မည်သည့်စိတ်ခံစားချက် အရိပ်အယောင်ကိုမှ မကြားနိုင်ပေ။

ပိုင်စု ခေါင်းညိတ်ပြလိုက်သည်။

စုမင် ထိုင်ချလိုက်ပြီး သေဆုံးသွားပုံပေါ်သည့် မာတောင့်နေသော ပိုးကောင်တစ်ကောင်ကို ကောက်ယူလိုက်သည်။ ထိုအရာကို သူ့လက်အတွင်း ဆုပ်ကိုင်ထားပြီးသည်နှင့် စုမင်လက်ဖဝါးပေါ်တွင် အစွမ်းထက်မီးတောက်လုံးတစ်ခု ထွက်ပေါ်လာပြီး ပိုးကောင်ငယ်ကို ဖုံးအုပ်သွားသည်။

မီးထဲတွင် ပိုးကောင်၏မာတောင့်နေသောခန္ဓာကိုယ်က ရုတ်တရက်တုန်ခါသွားပြီး ခွန်အားပြည့်ဝစွာ အပြင်းအထန်လှုပ်ရှားလာသည်။ ၎င်းက စူးရှစွာအော်မြည်နေပြီး စုမင်ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လိုဟန်ဖြင့် စတင်လှုပ်ရှားလာခဲ့သည်။

သို့သော် ၎င်းမဝင်ရောက်နိုင်ခင်မှာပင် စုမင်လက်ဖဝါးပေါ်ရှိ မီးတောက်များငြိမ်းသွားသည်။ လေအေးများ ဖြတ်တိုက်သွားပြီးသည်နှင့် စုမင်လက်သီးကိုတင်းကျပ်စွာ ဆုပ်လိုက်သည်။ အက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် စုမင်လက်သီးဆုပ်ကို ဖြေလျှော့လိုက်သည်။

စုမင်လက်အတွင်းရှိ အနက်ရောင်ပိုးကောင်သည် အပိုင်းပိုင်းအစစပျက်စီးသွားသည်ကို မြင်လိုက်ရသောအခါ ပိုင်စု အသက်ပြင်းပြင်းရှူရှိုက်လိုက်မိ၏။

“ဒီပိုးကောင်က သေသွားခဲ့တာမဟုတ်ဘူး။ အဲဒါက အိပ်စက်နေခဲ့ရုံပဲ။ ပူနွေးလာတဲ့အချိန်ကျရင် အဲဒါက နောက်တစ်ကြိမ်ပြန်နိုးထလာလိမ့်မယ်” စုမင် လက်ကောက်ဝတ်ကိုခါလိုက်ပြီး လက်ဖဝါးအတွင်းမှ အပိုင်းအစများကို လေထဲသို့ပြန့်ကျဲသွားစေလိုက်သည်။ “ပိုးကောင်ကသာ အဲလိုဆိုရင် ပိုးအိမ်ကလည်းအတူတူပဲ ဖြစ်လိမ့်မယ်”

စုမင်အသံက အေးစက်နေပြီး သူ့မှတ်ဉာဏ်များအတွင်းရှိ မြင်ကွင်းတစ်ခုအား သူ့မျက်လုံးများအတွင်း ပြန်လည်မြင်ယောင်လာခဲ့သည်။ သူ သံကြိုးတစ်ချောင်းကိုမြင်ပြီး ထိုသံကြိုးပေါ်တွင်တော့ လူတစ်ဦး၏ ပုံရိပ်ယောင်ပုံသဏ္ဍာန်တစ်ခု ရှိနေခဲ့သည်။ ထိုလူ့ခန္ဓာကိုယ်အား ဒဏ်ရာများစွာဖုံးအုပ်နေပြီး ထိုဒဏ်ရာများထဲတွင်တော့ သူယခုလေးတင်ကိုင်ထားခဲ့သည့် ပိုးကောင်နှင့် တူညီသည့် မရေမတွက်နိုင်သော အနက်ရောင်ပိုးကောင်များ ရှိနေခဲ့သည်။

‘လေ့ချန်...’

စုမင် မျက်လုံးများကိုမှိတ်လိုက်သည်။ ဟန်တောင်တန်း၏သံကြိုးတန်းပေါ်တွင် သူမြင်တွေ့ခဲ့ရသောအရာသည် အစစ်အမှန်လား၊ အတုအယောင်လားဆိုသည်ကို သူမသိသလို ယခုအထိတောင် ထိုအရာက ဘာမှန်းသူမပြောနိုင်သေးချေ။ သို့သော် ဤအနက်ရောင်ပိုးကောင်များ ရောက်ရှိလာမှုက စုမင်ကိုထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

သူသည် ဟန်တောင်တန်း၏ သံကြိုးတန်းများကို စိန်ခေါ်ခြင်းမပြုမီ ၎င်းတို့ကို တစ်ခါမှမမြင်ခဲ့ဖူးသောကြောင့် ထိုအရာသည် သူ၏ စိတ်ကူးယဉ်မှုတစ်ခု သို့တည်းမဟုတ် ထင်ယောင်ထင်မှားပုံရိပ်ယောင်တစ်ခုသာ ဖြစ်နိုင်ခဲ့လေသည်။ သို့သော် ယခုတော့အတိအကျတူညီသော ပိုးကောင်မျိုးကို တွေ့ခဲ့ရသဖြင့် ထိုအရာသည် သူစိတ်ကူးယဉ်နေခြင်းသာဖြစ်သည်ဟု ယုံနိုင်စရာမရှိတော့ပေ။

‘အဲဒါသာ အစစ်အမှန်ဆိုရင်၊ အမှန်တရားက ဘာလို့ငါ့မှတ်ဉာဏ်တွေနဲ့ ကွဲပြားနေရတာလဲ...။ အဲဒါက အတုအယောင်ဆိုရင်ရော ဘယ်လိုလုပ်ပြီး ငါ့စိတ်ကူးယဉ်မှုတစ်ခုက အစစ်အမှန်အပြင်လောကမှာ ရှိနေရတာလဲ။ ပြီးတော့ အဲဒီဟာရဲ့ ပုံသဏ္ဍာန်က အတိအကျတောင် တူနေသေးတယ်’

‘ဒါ သဲလွန်စပဲ...’

စုမင် မျက်လုံးများကိုပြန်ဖွင့်လိုက်ချိန်တွင် ပိုင်စု၏ သိမ်မွေ့ညင်သာသော အသံတိုးတိုးက သူ့နားထဲသို့ရောက်လာခဲ့သည်။

“ကျွန်မကို ကျီချဲအတွက် ကြိုးစားကြည့်ခွင့်ပြုပါ...” သူမ စုမင်ကိုတည့်တည့်စိုက်ကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။

“အဲလိုလုပ်စရာ မလိုပါဘူး။ စွန့်စားစရာမလိုပဲနဲ့ ကျီချဲကို လုံးဝကုသပေးနိုင်တဲ့ နည်းလမ်းတစ်ခု ငါ့မှာရှိတယ်” စုမင် တည်ငြိမ်စွာပြောလိုက်သည်။ သူ့အသံက အေးစက်နေပြီး ညာဘက်မျက်လုံးထဲတွင် အနီရောင်အလင်းတစ်ဖြာ တောက်ပနေခဲ့သည်။

“ဘာနည်းလမ်းလဲ”

ပိုင်စု အံ့အားသင့်သွားမိသည်။ စုမင် စကားလုံးများ၏နောက်ကွယ်မှ အဓိပ္ပါယ်ကို သူမနားမလည်ပေ။

“ကျိုးကောကိုသတ်ပြီး သူ့စိတ်တစ္ဆေကိုဖျက်ဆီးလိုက်ရင် ကျီချဲခြေထောက်မှာ စိုက်နေတဲ့ မြားပေါ်က စိတ်တစ္ဆေအရှိန်အဝါက အလိုလိုပျောက်ကွယ်သွားလိမ့်မယ်” စုမင်က စကားပြောပြီးသည်နှင့် ပိုင်စုကိုလှမ်းကြည့်လိုက်သည်။ “မင်းက ဒီနယ်မြေဧရိယာကို ငါ့ထက်ပိုသိတယ်။ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဆီ ငါ့ကိုခေါ်သွားပေးပါ”

ပိုင်စု အောက်နှုတ်ခမ်းကိုကိုက်၍ အံ့အားသင့်လျက် ပြူးကျယ်နေသောမျက်လုံးများဖြင့် စုမင်ကိုငေးစိုက်ကြည့်လိုက်မိသည်။ သို့သော် ခိုင်မာစွာဖြင့် ခေါင်းခါယမ်းပြလိုက်သည်။

“ရှင့်စွမ်းအားနဲ့ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဆီ တစ်ယောက်တည်းသွားမယ်ဆိုရင် သေချာပေါက်သေသွားလိမ့်မယ်။ ကျွန်မ ရှင့်ကိုခေါ်သွားမပေးနိုင်ဘူး”

“ငါ တစ်ယောက်တည်းမဟုတ်ဘူး”

စုမင် ကောင်းကင်သို့ခေါင်းမော့၍ ကျယ်လောင်စူးရှစွာ အေယ်ဟစ်ဟိန်းဟောက်လိုက်သည်။ ထိုအော်ဟစ်သံသည် နဝမတောင်ထွတ်တစ်ခုလုံးအား ပဲ့တင်ထပ်ဖြတ်သန်းသွားပြီး ရေခဲစိုင်များကိုပင် တုန်ခါသွားစေကာ ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာစေခဲ့သည်။

ထိုအသံ စတင်ထွက်ပေါ်လာချိန်တွင် ကျီချဲသည် သူ့လှိုဏ်ဂူအတွင်းတွင် ရူးမိုက်မိုက်အပြုံးတစ်ခုဖြင့် မျက်လုံးများကိုပိတ်လျက် သောက်နေခဲ့ခြင်းဖြစ်သည်။ သူ၏ ညအချိန်လုပ်ဆောင်မှုများအတွက် စွမ်းအင်အလုံအလောက်ရှိနေစေရန် ဝိုင်အိုးကိုပိုက်၍ အိပ်ရန်ပြင်နေခဲ့ခြင်းဖြစ်သည်။

သို့သော် သူမျက်လုံးများကိုမှိတ်၍ စဟောက်တော့မည့်အချိန်မှာပင် စုမင်၏ကျယ်လောင်စွာဟိန်းဟောက်သံက သူ့လှိုဏ်ဂူကိုရိုက်ခတ်သွားခဲ့သည်။ ထိုဟိန်းဟောက်သံသည် မိုးခြိမ်းသံကဲ့သို့ဖြစ်ပြီး ဟူကျီလှိုဏ်ဂူက တုန်ခါသွားသဖြင့် ဟူကျီတစ်ယောက် သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်မိချေသည်။ ထို့နောက် မျက်လုံးများကို ပွတ်သပ်လိုက်မိပြီး ၎င်းတို့အထဲတွင် အံ့အားသင့်သောအမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“စတုတ္ထလေး ဘာဖြစ်လို့များလဲ”

သို့သော် ဟူကျီသည် တုန့်ဆိုင်းမနေပဲ ဝိုင်အိုးကိုကောက်ကိုင်လိုက်ပြီး လှိုဏ်ဂူအပြင်သို့ အမြန်ထွက်ကာ စုမင်လှိုဏ်ဂူရှိရာသို့ ပြေးသွားလိုက်သည်။

တစ်ချိန်တည်းမှာပင် နဝမတောင်ထွတ်၏ အလယ်လောက်တွင် ပန်းများစွာဖူးပွင့်နေသော နေရာတစ်ခုရှိ၏။ ထိုဧရိယာတစ်ခုလုံးအား အစိမ်းရောင်သစ်ရွက်များ ဖုံးအုပ်ထားပြီး ရေခဲပြင်ထက်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖန်တီးထားခဲ့သည်။

ပန်းများကြားထဲတွင် စုမင်အစ်ကိုနှစ်သည် သူ့မျက်နှာဘေးဘက်တစ်ခြမ်းသို့ နေရောင်ထိုးနေသည့်ပုံစံဖြင့် ခြေချိတ်ထိုင်နေချေသည်။ သူ့မျက်နှာထက်တွင် နူးညံ့သိမ်မွေ့သော အပြုံးလေးတစ်ခုရှိနေပြီး သူ့အရှေ့တွင်တော့ အပင်ပေါင်းများစွာသည် လေမတိုက်ပါပဲနှင့်ပင် ယိမ်းထိုးလှုပ်ယမ်းနေကြသည်။ အပင်များထဲမှ အချို့သည် အလျင်အမြန်ကြီးထွားလာနေပြီး တစ်စုံတစ်ရာအားပုံဖော်ရန် ကြိုးစားနေဟန်ဖြင့် တစ်ပင်နှင့်တစ်ပင် လိမ်ထွေးရောယှက်နေကြသည်။

အစ်ကိုနှစ်၏ မျက်နှာပေါ်တွင် ပြင်းထန်စွာအာရုံစူးစိုက်ထားသည့် အမူအယာတစ်ခု ရှိနေခဲ့သည်။ သို့သော် ထိုအချိန်မှာပင် စုမင်၏ဟိန်းဟောက်သံက နဝမတောင်ထွတ်တစ်လျှောက် ပဲ့တင်ထပ်ပျံ့နှံ့လာခဲ့သည်။ ထိုဟိန်းဟောက်သံထဲတွင် ထိတ်လန့်ဖွယ် သတ်ဖြတ်လိုသည့်အသိတစ်ခု ပါဝင်နေသည်။ သတ်ဖြတ်လိုသည့်အသိအောက်တွင် အစ်ကိုနှစ်အရှေ့မှ လိမ်ယှက်နေသောသစ်ပင်များပင် တစ်ခဏတာ ရပ်တန့်သွားကြသည်။

အစ်ကိုနှစ်၏မျက်နှာပေါ်တွင် အံ့အားသင့်ဟန်တစ်ခု ဖြစ်ပေါ်လာပြီး အဝေးရှိ စုမင်၏လှိုဏ်ဂူတည်ရှိရာဆီသို့ ခေါင်းမော့ကာ လှမ်းကြည့်လိုက်သည်။

“အခုအချိန်မှာ ဘယ်သူကများ အငယ်ဆုံးလေးကို  ဒေါသထွက်အောင်လုပ်လိုက်တာလဲ”

အစ်ကိုနှစ်သည် အလယ်အလတ်အရှိန်မျိုးဖြင့် ထရပ်လိုက်ပြီး ဝတ်ရုံများကိုခါလိုက်သည်။ ထိူ့နောက် သူ့မျက်နှာဘေးဘက်တစ်ခြမ်းသို့ နေရောင်ထိုးစေရင်းဖြင့်ပင် လက်များကိုနောက်ပစ်လျက် စုမင်လှိုဏ်ဂူဆီသို့ လျှောက်သွားချေသည်။

သူ့ခြေထောက်များသည် မြေပြင်ပေါ်နင်းနေသည့်ပုံစံမျိုး ပေါ်နေသော်လည်း အမှန်တစ်ကယ်တွင်တော့ သူခြေချလိုက်ချိန်တိုင်းတွင် ခြေထောက်များသည် မြေပြင်မှ တစ်လက်မခန့်ကွာဝေးနေလိမ့်မှာ ဖြစ်သည်။

အလားတူပင် စုမင်၏ ဟိန်းဟောက်သံသည် နဝမတောင်ထွတ်အား ဖြတ်သန်းပျံ့နှံ့သွားပြီး နဝမတောင်ထွတ်၏ အောက်၌တည်ရှိသော ရေခဲပြင်ဆီ ရောက်ရှိသွားချိန်တွင် သီးသန့်နယ်မြေအဖြစ် အမြဲတမ်းအသုံးပြုသော နေရာအတွင်းရှိ အမှောင်ထုထဲတွင် အကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။

တိတ်ဆိတ်နေသော ရေခဲစိုင်အတွင်းမှ ခပ်တိုးတိုးရေရွတ်သံများ ထွက်ပေါ်လာသည်။

“ဒီလို သတ်ဖြတ်လိုတဲ့အသိမျိုး... သူသာ အဲဒါကိုမထုတ်လွှတ်လိုက်ရင် သူ့စိတ်ကိုရှင်းအောင်ထားနိုင်ဖို့တောင် ခက်ခဲလိမ့်မှာ... အငယ်ဆုံးလေး၊ မင်းက အဲဒါကိုထုတ်လွှတ်ချင်ပေမယ့် ငါကတော့ ထွက်လာလို့မရသေးဘူး...”

သို့သော် လူတစ်ယောက်၏ အရပ်အမြင့်ခန့်ရှိသော ရေခဲတုံးတစ်ခုက ရုတ်တရက်အက်ကွဲသွားသည်။ ရေခဲတုံးအား လောင်ကျွမ်းပစ်လိုဟန်ဖြင့် ထိုအက်ကြောင်းအတွင်းမှ မီးများပျံ့နှံ့ထွက်ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် ရေခဲတုံးပေါ်၌ အက်ကြောင်းများစွာ ဖြစ်ပေါ်လာပြီး ၎င်းက နောက်ဆုံးပေါက်ကွဲသွားလေသည်။

ပေါက်ကွဲသွားသည့် အခိုက်အတန့်မှာပင် ရေခဲတုံးအတွင်းမှ  အနက်ရောင်လက်တစ်ဖက် တိုးထွက်လာခဲ့သည်။

ထိုအနက်ရောင်လက်ဆီမှ အေးစက်နေသော လေအေးများ ပျံ့နှံ့ထွက်ပေါ်နေသည်။ ဆန့်ထွက်လာသောလက်သည် ၎င်းဘေးရှိ ရေခဲပြင်ကိုထောက်လိုက်ပြီး တစ်ဖြည်းဖြည်းဖြင့် တွားသွားထွက်လာသကဲ့သို့ ပုံဖြင့် အရေပြားက လုံးဝနက်မှောင်နေသော အမျိုးသားတစ်ဦး ထွက်ပေါ်လာခဲ့သည်။

ထိုအမျိုးသားက ကိုယ်တစ်ပိုင်းဗလာဖြင့် ဖြစ်သည်။ သူက ထွက်လာပြီးသည်နှင့် အမှောင်ထုအတွင်းရှိ အကြည့်ရှိရာဘက်သို့ ဒူးတစ်ဖက်ထောက်ကာ မျက်လုံးများကိုပိတ်ထားလိုက်သည်။

“ငါ့ကျွန် ၃၀၀လုံးက အတိတ်တုန်းကလုပ်ခဲ့တဲ့ သတ်ဖြတ်မှုတွေကို တစ်ချိန်တည်းမှာ ရပ်တန့်ခဲ့ကြတယ်။ ပြီးတော့ ငါဒီနေရာမှာ ကိုယ့်ကိုယ်ကို သီးခြားခွဲကျင့်ကြံတဲ့အချိန်မှာ ငါနဲ့အတူလာရောက်ပူးပေါင်းခဲ့ကြတယ်... အခု ငါ ကျွန်၃၀၀ထဲက တစ်ယောက်ဖြစ်တဲ့ မင်းကိုနှိုးခဲ့တယ်။ ငါ့အတွက် တစ်ခုသွားလုပ်ပေးပါ”

“သင့်ရဲ့ ညွှန်ကြားချက်အတိုင်းပါပဲ၊ သခင်ငယ်လေး”

ထိုသူက သူ၏မီးခိုးရောင်မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုမီးခိုးရောင်မျက်လုံးများထဲတွင် ရူးသွပ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ရှိနေခဲ့သည်။ ၎င်းတို့က လူတို့အား သူတို့၏နှလုံးသားများကိုပင် အေးစက်သွားစေနိုင်ပြီး ထိုလူ့အတွင်းမှ ထွက်ပေါ်လာနေသည့် သွေးဆာရက်စက်မှုကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်စေပေလိမ့်မည်။

“ငါ့ ဂျူနီယာညီလေးတွေကို ကာကွယ်ပေးပြီး သူတို့စကားကိုနားထောင်ပါ။ အကယ်၍ လိုအပ်လာခဲ့ရင်... ငါ မင်းကိုတားမြစ်ကျိန်စာ သုံးခွင့်ပြုတယ်”

ရေခဲစိုင်များအတွင်းရှိ အကြည့်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ စကားလုံးများသည်သာ လေထဲတွင်ပဲ့တင်ထပ်ကျန်ရစ်နေခဲ့သည်။

ထိုအမျိုးသားက ပြုံးလိုက်ပြီး နှုတ်ခမ်းများကိုသပ်လိုက်သည်။ ထို့နောက်ဦးညွှတ်ကာ အရိုအသေပေးလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ထိုသူက ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ်က အနက်ရောင်မြူခိုးလွှာတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိရေခဲနံရံများအတွင်း တိုးဝင်ပျောက်ကွယ်သွားချေသည်။

တစ်ချိန်တည်းမှာပင် နဝမတောင်ထွတ်ထိပ်တွင် ထျန်းရှဲ့ကျီသည်လည်း သမ်းဝေလိုက်ပြီး ကျောဆန့်လျက် လှိုဏ်ဂူအပြင်လျှောက်ထွက်လာခဲ့သည်။ လျှောက်လှမ်းထွက်လာရင်းဖြင့် သူ့ပါးစပ်မှလည်း တီးတိုးရေရွတ်သံများ ထွက်ပေါ်နေခဲ့သည်။

တောင်ထိပ်သို့ရောက်သည်နှင့် အသက်ဝဝရှူလိုက်ပြီး မြေပြင်သို့လက်ထောက်၍ ဒိုက်အနည်းငယ်ထိုးလိုက်သည်။ အကြိမ်အနည်းငယ်လုပ်ပြီးသည်နှင့် မတ်တပ်ထရပ်လိုက်ပြီး သူ့နှုတ်ခမ်းများထက်တွင် ကျေနပ်သဘောကျသည့် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

“ငါဒီနေ့ ဆယ်ကြိမ်တောင်လုပ်ခဲ့တယ်။ အရင်နှစ်ထက် တစ်ကြိမ်ကြီးများတောင် ပိုများသွားပြီ။ ကောင်းတယ်။ အရမ်းကောင်းတယ်။ ကျေနပ်စရာပဲ။ ထျန်းရှဲ့ကျီ မင်းကအရမ်းအံ့သြဖို့ကောင်းတယ်။ ငါ့ဘဝမှာ တွေ့ဖူးသမျှလူတွေထဲ မင်းကအသန်မာဆုံးပဲ”

“ထျန်းရှဲ့ကျီ အံ့သြဖို့ကောင်းတဲ့ လူပုဂ္ဂိုလ်ကြီး။ ငါမင်းအတွက် ဂုဏ်ယူတယ်”

မျက်နှာထက်တွင် ကျေနပ်နေသောအပြုံးတစ်ခုဖြင့် ထျန်းရှဲ့ကျီသည် သူ့ကိုယ်သူတီးတိုးပြောဆိုလိုက်ရင်း ခေါင်းမော့လိုက်သည်။ နံနက်ခင်း သူ့ခန္ဓာကိုယ်အားလေ့ကျင့်ပြီးချိန် အရပ်မျက်နှာတစ်ခုဆီသို့ ပျံသန်းမသွားခင် နေ့စဉ်နေ့တိုင်း သူအမြဲတစေ ပြုလုပ်နေကျအရာဖြစ်သည့် ကောင်းကင်သို့မော့၍ အော်ဟစ်ခြင်းကို ပြုလုပ်ရန်ပြင်လိုက်သည်။

သူပါးစပ်ဟလိုက်ချိန်မှာပင် တစ်စုံတစ်ယောက်က သူ့အရင်အော်ဟစ်သွားလေသည်။ ထိုအော်ဟစ်ဟိန်းဟောက်သံသည် မိုးခြိမ်းသံကဲ့သို့ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ထျန်းရှဲ့ကျီအား အံ့အားသင့်မှင်သက်သွားစေသည်။

“ဟမ် ငါတောင်မအော်ရသေးဘူး။ အဲအသံက ဘယ်ကထွက်လာတာလဲ”

ထျန်းရှဲ့ကျီသည် မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်မိပြီး လက်ကိုမြှောက်ကာ ပါးစပ်ကိုအုပ်ထားလိုက်မိသည်။ လေထဲတွင် ထိုအသံက ပဲ့တင်ထပ်နေဆဲဖြစ်ကြောင်း ကြားသောအခါ အလျင်အမြန် ထိုင်ချလိုက်ပြီး လည်ပင်းကိုဆန့်၍ တောင်ထိပ်အစွန်းမှ ငုံ့ကြည့်လိုက်သည်။

“စတုတ္ထလေးရဲ့အော်သံက တစ်ကယ့်ကိုစိတ်မချမ်းမြေ့စရာပဲ။ တတိယလေးက အဲဒီကိုအမြန်ပြေးသွားနေပြီ... အာ၊ ဒုတိယလေးလည်း သွားနေတယ်။ ကောင်းပြီ သေစမ်း။ သီးခြားကျင့်ကြံနေတဲ့ ငါ့ရဲ့အကြီးဆုံးတပည့်ကြီးတောင် ပါလာပါလား”

“သူတို့ သွားတိုက်ခိုက်ကြမှာလား။ ဟဟ၊ အဲဒါက ပျော်ဖို့ကောင်းမှာပဲ”

ထျန်းရှဲ့ကျီ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားနေသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူလည်း ပါဝင်လိုဟန်ဖြင့် အင်္ကျီလက်များကို အလျင်အမြန်ခေါက်တင်လိုက်၏။

လေထဲသို့ စုမင်၏အော်ဟစ်သံ ပျံ့နှံ့သွားပြီးသည်နှင့် စုမင်၏လှိုဏ်ဂူအပြင်ဘက်ရှိ စင်မြင့်ပေါ်တွင် ပထမဆုံးပေါ်လာသူမှာ ဟူကျီဖြစ်သည်။ စင်မြင့်ပေါ်သို့ရောက်၍ ကျီချဲဖြစ်ပျက်နေသော အခြေအနေကိုမြင်လိုက်ရသောအခါ ဟူကျီ၏ မျက်လုံးများထဲ၌ ဒေါသထွက်နေဟန် အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“သေစမ်း။ ဘယ်သူကများ ငါ့ကြောင်လေးကို နာကျင်အောင်လုပ်လိုက်တာလဲ”

မကြာမီမှာပင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုဖြင့် အစ်ကိုနှစ်သည် လက်များကိုနောက်ပစ်ရင်းမှ သူတို့ထံရောက်ရှိလာခဲ့သည်။ သို့သော် ကျီချဲအခြေအနေကို မြင်လိုက်သည့်အခိုက်အတန့်မှာပင် သူ့မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားခဲ့သည်။

“အငယ်ဆုံးလေး ဒါကိုဘယ်သူလုပ်ခဲ့တာလဲ”

စုမင် ကျီချဲကိုလှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာရှင်းပြလိုက်သည်။ “ကျိုးကော၊ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုရဲ့ မြားနက်မာန်စွမ်းအားရှင်။ သူက မြောက်ပိုင်းနယ်စပ်ရဲ့ စစ်သည်တော်ခေါင်းဆောင် ကျိုးယာရဲ့ သား”

“သေစမ်း ငါသူ့ငှက်ကလေးကို သွားလုပ်ပစ်မယ်။ သူကများ ငါ့ကြောင်လေးကို ထိရဲတယ်ပေါ့” ဟူကျီက အော်ဟစ်လိုက်သည်။

“ဒါက... ဆိုးဝါးလိုက်တာ...” အစ်ကိုနှစ်က ခေါင်းခါယမ်းလိုက်ပြီး သူ့နှုတ်ခမ်းများထက်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ထိုအပြုံးထဲ၌ ခြောက်ခြားဖွယ်ရာ ခံစားချက်တစ်ခု ပါဝင်နေခဲ့သည်။

“ငါတို့ သူ့ငှက်ကလေးကို လုပ်မပစ်ဘူး။ သူ့ငှက်ကိုဖြတ်ပြီး စားပစ်ကြမယ်”

အစ်ကိုနှစ်၏ အပြုံးက ပိုမိုကြီးမားကျယ်ပြန့်လာခဲ့သည်။

ပိုင်စုသည် သူတို့စကားများကို နားထောင်နေရင်းဖြင့် နားလည်သဘောပေါက်သွားပြီး သူမမျက်နှာက နီရဲလာခဲ့သည်။

***

All Chapters