အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း ၄၅ လာပါ့ပွဲတော်
အခန်းအတွင်း၌ ခဏတာမျှ တိတ်ဆိတ်သွားသည်။ လဲ့ကျစ်လည်း မျက်လုံးလေးများ ပြူးသွားကာ ကမန်းကတန်း နောက်ပြန်ဆုတ်လိုက်ပြီး ချက်ချင်း ထရပ်လိုက်သည်။
ဟော်တူက သူမ၏လက်ကို အမှတ်တမဲ့ ဖမ်းဆုပ်ပြီး လှမ်းမေးလိုက်သည်။
"ဘယ်သွားမလို့လဲ"
လဲ့ကျစ်က သူ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ သူမ၏လက်ကို ညင်သာစွာ ပြန်ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ အိပ်ရာထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေစေရန် သူ့ပုခုံးများကို အသာအယာ ဖိချပေးလိုက်ပြီး ဘရိုကိတ်စောင်ဖြင့် သေချာခြုံပေးလိုက်သည်။
"ခဏစောင့်ဦးနော်"
ထိုသို့ပြောပြီးနောက် သူမက တံခါးဆီသို့ အပြေး ထွက်သွားတော့သည်။
သူမက တံခါးကိုဖွင့်ကာ ညဘက် တာဝန်ကျနေသော ကျင့်ရှင်းကို လှမ်းခေါ်လိုက်သည်။
"ကျင့်ရှင်း ရေနွေး မြန်မြန်သွားယူပေး၊ မြန်နိုင်သမျှ မြန်မြန်နော်"
ကျင့်ရှင်းကလည်း နားလည်ကြောင်း ချက်ချင်း ပြန်ပြောလိုက်ပြီး စကတ်စကို မကာ ရေနွေးယူရန် အခန်းဆီသို့ အပြေးအလွှား ထွက်သွားသည်။ သူမ အလွန် အလျင်လိုနေသဖြင့် ထီးယူရန် မေ့လျော့နေခဲ့သည်။ အပြင်ဘက်တွင် နှင်းများ တဖွဲဖွဲ ကျဆင်းနေသည်။
ရုတ်တရက် ကျဆင်းနေသော နှင်းစက်များကြားတွင် ကျင့်ရှင်း၏ ခေါင်းထက်သို့ ထီးတစ်လက် ရောက်ရှိလာသည်။ သူမ နောက်ပြန်လှည့်ကြည့်လိုက်ပြီး အံ့ဩသွားရသည်။
"ကိုယ်... ကိုယ်ရံတော်အန်း"
အန်းရွှယ်က ပေါ့ပေါ့ပါးပါး "အင်း" ဟု တစ်ခွန်းသာ ဖြေပြီး ဘာမှ ထပ်မပြောတော့ပေ။ သူက အရှင့်သား၏ အနီးကပ်လူယုံ ဖြစ်သလို ကျင့်ရှင်းနှင့်လည်း အဆက်အသွယ် နည်းပါးလှသူဖြစ်သဖြင့် ကျင့်ရှင်းတစ်ယောက် အနည်းငယ် တုန်လှုပ်နေခဲ့သည်။
"ကိုယ်ရံတော်အန်းလည်း ဒီည တာဝန်ကျတာလားဟင် ကျွန်မ ရေနွေးပဲ သွားယူမှာပါ၊ ကိုယ်ရံတော်အန်း လုပ်ပေးစရာ မလိုပါဘူး"
"မြန်မြန် သွားကြမယ်"
သူက ဘာမှ ထပ်မငြင်းဘဲ နှစ်ယောက်သား ဘေးချင်းကပ်လျက် လျှောက်သွားကြသည်။ ကျင့်ရှင်းက ပင်ကိုယ် အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး ယခင်က ယောက်ျားတစ်ယောက်နှင့် ဤမျှ နီးကပ်စွာ မသွားလာဖူးပေ။ သူမ၏ ရင်ထဲတွင် အန်းရွှယ်၏ ကြင်နာမှုအတွက် ကျေးဇူးတင်နေသော်လည်း အနည်းငယ်တော့ ဝေးကွာအောင် နေမိဆဲပင်။
အန်းရွှယ်ကတော့ သူမ၏ သေးငယ်သော လှုပ်ရှားမှုလေးများကို မျက်လုံးထောင့်မှ မြင်နေရပြီး စိတ်ထဲတွင် ဝမ်းနည်းသလို ခံစားလိုက်ရသည်။ အမှန်တကယ်တွင် ဤသည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။ ကျင့်ရှင်း ညဘက် တာဝန်ကျသည့် အခါတိုင်း၊ တစ်စုံတစ်ရာ အခက်အခဲဖြစ်မည်ကို စိုးရိမ်သောကြောင့် သူ အဝေးတစ်နေရာမှ အမြဲ စောင့်ကြည့်ပေးနေခဲ့ခြင်း ဖြစ်သည်။ သူမ လိုအပ်လာလျှင် အချိန်မီ ကူညီနိုင်ရန်အတွက် ဖြစ်သည်။
ကျင့်ရှင်းက သူတစ်ပါးအပေါ် တွေးတောပေးလေ့ရှိသော်လည်း သူမကိုယ်သူမ ဂရုစိုက်ရန် မေ့လျော့နေတတ်သည်ကို အန်းရွှယ် သိထားခဲ့သည်။ သူက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး ထီးကို သူမဘက်သို့ ပို၍ ရောက်အောင် တိုးပေးလိုက်သည်။
အိပ်ခန်းထဲတွင် လဲ့ကျစ်က နံ့သာပေါင်းများကို ဖယ်ရှားကာ လိမ္မော်ရနံ့များဖြင့် အစားထိုးလိုက်သောကြောင့် လေထဲတွင် မွှေးကြိုင်လန်းဆန်းသော သစ်သီးရနံ့များ ဖုံးလွှမ်းသွားသည်။ သူမက ဂျင်းမှုန့်ကို လက်ဖက်ရည်နှင့် ရောစပ်ကာ ကုတင်ဘေးသို့ ပြန်ရောက်လာသည်။
"ဂျင်းလက်ဖက်ရည်လေး သောက်လိုက်ပါဦး"
လဲ့ကျစ်က ဟော်တူ ခေါင်းအုံးပေါ်တွင် မှီထိုင်နိုင်ရန် တွဲကူပေးလိုက်သည်။ စောင်ဖြင့် တင်းတင်းကျပ်ကျပ် ပတ်ထားခြင်းခံနေရသည့်တိုင် အအေးဒဏ်ကြောင့် သူ တုန်ရီနေဆဲပင်။
"အရှင့်သားရဲ့ ခန္ဓာကိုယ်က အရမ်းအေးနေတယ် ဂျင်းလက်ဖက်ရည် သောက်လိုက်တာက အကောင်းဆုံးပဲ"
ဟော်တူက အစမှအဆုံးအထိ သူမ၏ အလုပ်ရှုပ်နေသော အသွင်အပြင်လေးကိုသာ ငေးကြည့်နေခဲ့သည်။ သူ၏ ရင်ထဲတွင် တစ်စုံတစ်ခုဖြင့် နွေးထွေးစွာ ပိတ်ဆို့ထားသလို ခံစားနေရပြီး တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ဒါက ဖြစ်နေကျ ရောဂါဟောင်းပါ ခဏနေရင် ကောင်းသွားလိမ့်မယ်"
ထိုစကားကို ကြားရချိန်တွင် လဲ့ကျစ်က မကျေမနပ် မျက်မှောင်ကြုတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို သူ၏ နှုတ်ခမ်းနားအထိ ကမ်းပေးလိုက်သည်။
"အရှင့်သားက ကလေး မဟုတ်တော့ဘူးနော်၊ ဘာလို့ ဒီလောက် တဇွတ်ထိုး ဆန်နေရတာလဲ၊ ကဲ မြန်မြန်သောက်လိုက်ပါ"
ဤတစ်ကြိမ်တွင်တော့ ဟော်တူက ဘာမှမငြင်းတော့ဘဲ သူ့ပါးစပ်ကို နာခံစွာ ဖွင့်လိုက်ကာ ဂျင်းလက်ဖက်ရည် ပူပူလေးကို မော့သောက်လိုက်သည်။
မကြာခင်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသဖြင့် ကျင့်ရှင်း ပြန်ရောက်လာပြီဖြစ်ကြောင်း လဲ့ကျစ် သိလိုက်သည်။ သူမက ချက်ချင်း တံခါးသွားဖွင့်ကာ ရေနွေးပုံးကို အခန်းထဲသို့ ထည့်ခိုင်းလိုက်သည်။
"ပင်ပန်းသွားပြီလား၊ အနားယူဖို့ အခန်းထဲ ပြန်သွားတော့နော်"
လဲ့ကျစ်က သူမ၏ လက်နွေးမီးဖိုလေးကို ကျင့်ရှင်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"ကျွန်မ ဒါကို လက်မခံရဲပါဘူး၊ အစေခံက သခင်မရဲ့ အသုံးအဆောင်တွေကို မသုံးသင့်ဘူး"
သို့သော် လဲ့ကျစ်က အတင်းယူခိုင်းနေသဖြင့် ကျင့်ရှင်းလည်း မငြင်းသာတော့ဘဲ လက်ခံလိုက်ရသည်။ သူမက လက်နှစ်ဖက်ဖြင့် ထိုအပူပေးမီးဖိုလေးကို ကိုင်ကာ အခန်းဆီသို့ ပြန်လာခဲ့သည်။ လမ်းခုလတ်တွင် မီးပုံးတစ်လုံးနှင့် စောင့်နေသော အန်းရွှယ်ကို ထပ်တွေ့လိုက်ရပြန်သည်။
"ငါ မင်းကို အခန်းအထိ ပြန်လိုက်ပို့ပေးမယ်"
"မလို... မလိုပါဘူးရှင့်"
ကျင့်ရှင်း မျက်မှောင်ကြုတ်ကာ တုန်တုန်ယင်ယင်ဖြင့် ငြင်းလိုက်သော်လည်း အန်းရွှယ်ကတော့ နောက်သို့ ပြန်လှည့်မသွားခဲ့ပေ။
ကျင့်ရှင်း၏ ကြောက်ရွံ့နေသော အမူအရာကို မြင်လိုက်ရချိန်တွင် အန်းရွှယ်တစ်ယောက် အပြုံးဖြင့် ရှင်းပြလိုက်သည်။
"ငါ ဒီနေ့ည တာဝန်ကျတာပါ၊ ထိုက်ဇီစံအိမ်တော်ထဲက လူတိုင်းရဲ့ လုံခြုံရေးကို ကာကွယ်ဖို့က ငါ့တာဝန်လေ"
ထိုသို့ အကြောင်းပြချက် ပေးလိုက်ချိန်တွင် ကျင့်ရှင်းလည်း ငြင်းရန် ဆင်ခြေရှာမရတော့ဘဲ သဘောတူလိုက်ရသည်။ နှစ်ယောက်သား မြောက်ဘက်ခြံဝင်းအတွင်းသို့ ဝင်သွားသည်အထိ တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့သည်။ ထိုနေရာသို့ ရောက်မှသာ အန်းရွှယ်က သူ့ခြေလှမ်းကို ရပ်လိုက်ပြီး စကားစပြောလိုက်သည်။
"နောက်ပိုင်း မင်း အကူအညီ လိုအပ်တာရှိရင် ငါ့ဆီကို လာခဲ့လို့ ရတယ်"
ကျင့်ရှင်းကတော့ သူမနှင့် ကိုယ်ရံတော်အန်း မည်သည့်အချိန်က ဤမျှ ရင်းနှီးသွားသလဲဟု တွေးရင်း အံ့ဩနေပြန်သည်။ သို့သော်လည်း သူမ အိပ်ခန်းထဲသို့ အမြန်ဝင်ချင်နေသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ဒီညအတွက်လည်း ကိုယ်ရံတော်အန်းကို ကျေးဇူးတင်ပါတယ်"
အန်းရွှယ်က ကျင့်ရှင်း အခန်းထဲသို့ ဝင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ အခန်းအတွင်းမှ ဖယောင်းတိုင်မီးများ ငြိမ်းသွားပြီး သူမ အိပ်ပျော်သွားသည်အထိ သေချာအောင် စောင့်ဆိုင်းပေးပြီးမှ သူ တိတ်တဆိတ် ပြန်ထွက်သွားခဲ့သည်။
......။......။......
အိပ်ခန်းထဲတွင်မူ လဲ့ကျစ်က ရေချိုးခန်းမှ သန့်ရှင်းပျော့ပျောင်းသော ချည်ပုဝါကို ယူကာ ရေနွေးငွေ့များ ထွက်နေသော ရေပုံးဘေးတွင် ထိုင်ချလိုက်သည်။
‘သူရဲ့ ခန္ဓာကိုယ်ကို သုတ်ပေးဖို့ဆိုရင် ဒီပုဝါက နည်းနည်း အပူပေးဖို့ လိုတယ်’
သူမ၏ သွယ်လျသော လက်ကလေးများကို ရေနွေးထဲသို့ နှစ်လိုက်စဉ် မရည်ရွယ်ဘဲ တွန့်လိမ်ကာ မပွင့်တပွင့် ညည်းတွားလိုက်မိသည်။ လဲ့ကျစ်က ပုဝါကို အမြန် ဆယ်ယူလိုက်ပြီး လက်မှ နာကျင်မှုကို အောင့်ခံလျက် ရေညစ်ကာ ကုတင်ဘေးသို့ အမြန် ပြန်လာခဲ့သည်။ သူမက ဟော်တူ၏ ညဝတ်အင်္ကျီခါးစည်းကို ဖြည်လိုက်သည်။ ယခုက ရှက်ကြောက်နေရမည့်အချိန် မဟုတ်တော့သဖြင့် သူမက ပူနွေးနေသော ပုဝါဖြင့် သူ၏ ခန္ဓာကိုယ်ကို ညင်ညင်သာသာ သုတ်ပေးလိုက်သည်။
ရင်ဘတ်မှ ပုခုံးအထိ၊ ထို့နောက် လက်မောင်းနှင့် နောက်ကျောအထိ ပုဝါ အေးသွားတိုင်း ရေနွေးထဲ ပြန်စိမ်ကာ ရေညစ်ပြီး သုတ်ပေးခြင်းကို အကြိမ်ကြိမ် ပြုလုပ်နေမိသည်။ နောက်ဆုံးတွင် သူမက ပူနွေးသော ပုဝါကို သူ၏ ဒဏ်ရာရနေသော ခြေထောက်ပေါ်သို့ တင်ကာ လက်ဖြင့် အသာအယာ ဖိပေးနေပြန်သည်။
မမျှော်လင့်ဘဲ ဟော်တူက အစမှအဆုံးအထိ သူမ လုပ်သမျှကို ငြိမ်ခံနေခဲ့သည်။
"အခု ပိုပြီး နေလို့ကောင်းသွားပြီလားဟင်"
လဲ့ကျစ်က သူ၏မျက်နှာကို မော့ကြည့်လိုက်သည်။ ယခုန သူမ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ သူ့ကို ရေပတ်တိုက်ပေးနေပြီး သူ၏ အမူအရာကို သတိမထားမိခဲ့ပေ။ ယခု သူမ မော့ကြည့်လိုက်ချိန်တွင်မှ သူ၏ စူးရှလှသော အကြည့်များကို တည့်တည့် ရင်ဆိုင်လိုက်ရသည်။ ဂျင်းလက်ဖက်ရည်ကြောင့်လား၊ သို့မဟုတ် အခြားအကြောင်းကြောင့်လား မသိနိုင်သော်လည်း ဟော်တူ၏ မျက်ဝန်းများက အနည်းငယ် နီစွေးစွေး ဖြစ်နေလေသည်။
သူမ အဖြေ ပြန်ရရန် အတန်ကြာ စောင့်နေသော်လည်း သူက ဘာမှပြန်မပြောပေ။ ထို့ကြောင့် လဲ့ကျစ်က အကြည့်ပြန်လွှဲလိုက်ပြီး သူ၏ ခြေထောက်များကိုသာ ဆက်လက် ဂရုစိုက်ပေးနေမိသည်။ ပုဝါကို ဖယ်လိုက်ချိန်တွင် အေးစက်ဖြူဖျော့နေသော သူ၏ ခြေထောက်အရေပြားက အနည်းငယ် နီလာပြီး ပိုနွေးထွေးလာသည်ကို သူမ တွေ့လိုက်ရသည်။
‘သူ့ခြေထောက်တွေက နွေးထွေးမှုကို မခံစားရသေးဘူးဆိုတာ သူမ သိပေမယ့် အနည်းဆုံးတော့ အေးစက်တဲ့သွေးတွေ စီးဆင်းလာနေပြီ မဟုတ်ဘူးလား’
ရုတ်တရက် သူမလက်ထဲမှ ပုဝါက ဖယ်ထုတ်ခံလိုက်ရပြီး ဟော်တူက သူမ၏ လက်ကောက်ဝတ်ကို ဆွဲကာ ကုတင်ပေါ်သို့ ဆွဲတင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်လေးလည်း သူ့၏နွေးထွေးသော ရင်ခွင်ထဲသို့ ရောက်ရှိသွားပြီး ဘရိုကိတ်စောင်ကြီးဖြင့် အုပ်မိုးခြင်း ခံလိုက်ရသည်။ ထိုအခါမှ လဲ့ကျစ်လည်း သူမ၏ ခန္ဓာကိုယ်လေး မယုံနိုင်လောက်အောင် အေးစက်နေခဲ့သည်ကို သတိပြုမိသွားရသည်။
ဟော်တူက လက်ကို မြှောက်လိုက်ပြီး ကုတင်ကန့်လန့်ကာများ ကျလာကာ ဖယောင်းတိုင်မီး၏ အလင်းရောင် ကွယ်ပျောက်သွားသည်။ လဲ့ကျစ်ကတော့ သူ၏ တင်းကျပ်လှသော ပွေ့ဖက်မှုကြောင့် အသက်ရှူပင် မဝချင်တော့ပေ။
"အိပ်တော့"
နားရွက်နားသို့ ဖြတ်ပြေးသွားသော သူ၏ အသက်ရှူငွေ့ နွေးနွေးကြောင့် လဲ့ကျစ်တစ်ယောက် "အို" ဟု တစ်ခွန်းသာ ညည်းတွားနိုင်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ အမှန်တကယ်တွင် သူမလည်း ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ဟော်တူက သူမကို ဖြည်းညှင်းစွာ ပြန်လွှတ်ပေးလိုက်သည်။ သူက သူမ၏ စည်းချက်ကျကျ အသက်ရှူသံကို နားထောင်ရင်း တိုးတိုးလေး ပြောနေပြန်သည်။
"လဲ့ကျစ် မနက်ဖြန်က လာပါ့ပွဲတော်နော်"
အိပ်ပျော်နေသော လဲ့ကျစ်ထံမှ မည်သည့်အဖြေမှ ပြန်မရခဲ့ပေ။
"မင်း ကိုယ်နဲ့အတူ ရှိနေပေးမှာလား"
သူ့အသံက ပိုတိုးညှင်းသွားသည်။ သူ့အတွက် လာပါ့ပွဲတော်ဆိုသည်မှာ အမှောင်ထုနှင့်သာ ပြည့်နှက်နေသော နေ့တစ်နေ့ ဖြစ်သည်။ နှစ်ပေါင်းများစွာ ထိုနေ့ကို သူတစ်ယောက်တည်း ဖြတ်သန်းခဲ့ရသည်။ သို့သော် ယခုနှစ်တွင် လဲ့ကျစ်က သူနှင့်အတူ ရှိနေပေးလိမ့်မည်ဟု သူ ရုတ်တရက် မျှော်လင့်မိသွားသည်။
‘သူမ သူ့အတွက် ဘာမှ မလုပ်ပေးရင်တောင် အတူရှိနေပေးရုံနဲ့ သူ့အတွက် လုံလောက်နေပါပြီ’
“အမ်…”
အိပ်ပျော်နေသော လဲ့ကျစ်က ထိုအသံကို ကြားလိုက်ပုံရပြီး နှစ်ကြိမ်တိုင်တိုင် ညည်းညူလိုက်သည်။ ဟော်တူက သူမ နိုးသွားမည် စိုးရိမ်နေဟန်ဖြင့် သူမ၏ နဖူးပြင်ကို ညင်ညင်သာသာ နမ်းလိုက်သည်။
'မင်း မငြင်းတဲ့အတွက် မင်း သဘောတူတယ်လို့ ကိုယ် ယူဆလိုက်မယ်'
သူလည်း မျက်လုံးများကို မှိတ်ထားလိုက်ပြီး စောင်အောက်မှ ရေနွေးပူများ ကိုင်ထားရသဖြင့် နီရဲနေသော သူမ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်ချောင်းထိပ်လေးများကို ညင်သာစွာ ပွတ်သပ်ပေးနေရင်း သူ၏ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရကာ တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
လဲ့ကျစ် နိုးလာချိန်တွင် ဟော်တူ မနိုးသေးသည်ကို တွေ့လိုက်ရသဖြင့် သူမ အံ့ဩနေသေးသည်။ သူမ သူမ၏လက်ကို သူ၏ လက်ဖဝါးထဲမှ ညင်သာစွာ ဆွဲထုတ်လိုက်ချိန် အိပ်ပျော်နေသောလူ၏ မျက်ခုံးများက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်ကို သူမ တွေ့လိုက်ရသည်။ သူမလည်း အိပ်ပျော်နေသော သူ၏ မျက်နှာကို စိုက်ကြည့်နေမိသည်။ အမြဲတမ်း အေးစက်ခက်ထန်တတ်သော သူက အိပ်ပျော်နေချိန်တွင် နိုးနေသည့်အချိန်ထက် ပို၍ နူးညံ့နေသည်ကို သူမ တွေ့လိုက်ရသည်။
သူမက လက်ကို မြှောက်လိုက်ပြီး သူ၏ မျက်ခုံးမွှေးများကို အသာအယာ ပွတ်သပ်ကြည့်လိုက်ပြန်သည်။ ထို့နောက် ကုတင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလိုက်ပြီး ကန့်လန့်ကာကို သေချာ ပြန်ပိတ်ပေးလိုက်သည်။ ဟော်တူက တစ်ညတာလုံး ကောင်းကောင်းအိပ်ပျော်ရန် ခက်ခဲလေ့ရှိသူ ဖြစ်သဖြင့် သူ အနည်းငယ်ကြာကြာ ထပ်အိပ်နိုင်ရန် လဲ့ကျစ် မျှော်လင့်နေမိသည်။ ထို့အပြင် ယနေ့ သူမ လုပ်စရာတွေ ရှိနေသေးသည်။
လဲ့ကျစ်က ရေချိုးခန်းထဲသို့ ဝင်သွားပြီး အဝတ်အစားလဲကာ ရိုးရိုးရှင်းရှင်း ပြင်ဆင်လိုက်သည်။ သူမ တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်ချိန်တွင် လီယောင်က အခန်းအပြင်၌ စောင့်နေပြီ ဖြစ်သည်။
“သခင်မ၊ လာပါ့ပွဲတော်အတွက် ယာဂုက အဆင်သင့် ဖြစ်နေပါပြီ”
လီယောင်က တိုးတိုးလေး ပြောလာခဲ့သည်။
“ကောင်းတယ်”
လဲ့ကျစ်က ခေါင်းညိတ်လိုက်သည်။
သူမ ပြောပြီးသည်နှင့် ကုတင်ကန့်လန့်ကာ ဖွင့်သံကို ကြားလိုက်ရသည်။ လဲ့ကျစ်က လီယောင်ကို ရထားလုံးပေါ်တွင် အရာအားလုံး အရင်နေရာချထားရန် ညွှန်ကြားပြီးနောက် သူမ ပြန်လှည့်ကာ ကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။ ဟော်တူက နိုးနေပြီဖြစ်ကာ အိပ်ချင်မူးတူး ဖြစ်နေသော မက်မွန်ပွင့်ပုံ မျက်ဝန်းတစ်စုံဖြင့် သူမကို ကြောင်တက်တက် စိုက်ကြည့်နေသည်။
ယနေ့တွင် လဲ့ကျစ်က ရေနီရောင် ခါးစည်းဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး နှင်းဖြူရောင် အပေါ်ရုံအင်္ကျီကို ပခုံးထက်တွင် ခြုံထားသည်။ သူမက နှုတ်ခမ်းလေးကို တွန့်ကွေးပြုံးပြလိုက်ပြီးမှ သူ့ကို လှမ်းပြောလိုက်သည်။
“အရှင့်သား နိုးပြီလား၊ ဒီနေ့က လာပါ့ပွဲဆိုတော့ မီးဖိုချောင်က ယာဂုတွေ အများကြီး လုပ်ထားတယ်၊ အရှင့်သားလည်း ခဏနေရင် စားလိုက်ဦးနော်”
“မင်းက အပြင်သွားမလို့လား”
“ဟုတ်ကဲ့”
လဲ့ကျစ်၏ မျက်ခုံးလေးများက ကွေးသွားကာ သူမ၏ အပြုံးက ပန်းလေးတစ်ပွင့် ပွင့်လာသကဲ့သို့ တောက်ပနေသည်။
“ကျွန်မက အစ်မနဲ့အတူ ပွဲတော်ချိန်လေး ဖြတ်သန်းဖို့ ရှဖေးထိုင်ကို သွားတော့မှာလေ”
ထိုသို့ပြောပြီးမှ လဲ့ကျစ်က ဟော်တူ၏ မျက်နှာတွင် သူမ တစ်ခါမှ မမြင်ဖူးသည့် အထီးကျန်ဆန်သော အမူအရာကို ရုတ်တရက် တွေ့လိုက်ရသည်။ သို့သော် တခဏအတွင်းမှာပင် ထိုအကြည့်များက ပြန်ပျောက်ကွယ်သွားပြီး ခါတိုင်းကဲ့သို့ အေးစက်စက် အမူအရာပြန်ဖြစ်သွားသည်။ လဲ့ကျစ်က ဟော်တူ တစ်စုံတစ်ခု မှားနေပြီဟု ခံစားမိသွားကာ သတိကြီးကြီးဖြင့် ထပ်မေးလိုက်သည်။
"အရှင့်သား ကျွန်မကို ပြောစရာ ရှိသေးလို့လားဟင်"
"မရှိပါဘူး၊ မင်း သွားတော့လေ"
လဲ့ကျစ်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို အရှင့်သားလည်း လာပါ့ယာဂု သောက်ဖို့ မမေ့နဲ့နော်"
သူမက မှာစရာရှိသည်ကို မှာကာ ပြန်လှည့်ထွက်လာခဲ့သည်။ သူမအနေဖြင့် သူ၏ စိတ်ခံစားချက်များထဲသို့ ထပ်ပြီး စူးစမ်းဝင်ရောက်လိုစိတ် မရှိပေ။
ဟော်တူက အိပ်ခန်းထဲမှ ထွက်ခွာသွားသော လဲ့ကျစ်၏ နောက်ကျောကို ကြည့်ရင်း သူ့နှုတ်ခမ်းကို တွန့်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ကုတင်ပေါ်တွင် ဆက်လဲလျောင်းနေလေသည်။
'ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား? မနေ့ညက ငါ မတွေးသင့်တာတွေ တွေးခဲ့မိပြီး စိတ်ကူးယဥ်ခဲ့မိတာပဲ'
.......။.......။......
လဲ့ကျစ်အနေဖြင့် လဲ့ကျင်းကို မတွေ့ရသည်မှာ ကြာနေပြီ ဖြစ်သော်လည်း သူမ၏မျက်နှာက ယခင်ကထက် ပို၍ ကြည့်ကောင်းလာသည်။ လီယောင်က ရှဖေးထိုင်၏ အစောင့်များနှင့် အမှုထမ်းများကို မကြာခဏ လက်ဆောင်များ ပေးကမ်းထားသဖြင့် သူတို့အားလုံးက လဲ့ကျင်းကို ပိုဂရုစိုက်လာကြသည်။
‘ငွေက တကယ်ပဲ အရာများစွာကို လွယ်ကူချောမွေ့စေတယ်’
“အစ်မ များများစားနော်”
လဲ့ကျစ်က အပြုံးလေးဖြင့် လာပါ့ယာဂုတစ်ဇွန်းကို ခပ်ယူကာ လဲ့ကျင်း၏ နှုတ်ခမ်းနားအထိ ကပ်ပြီး သေသေချာချာ ခွံ့ကျွေးလိုက်သည်။ လဲ့ကျင်း၏ အသိစိတ်က ဖရိုဖရဲ ဖြစ်နေဆဲ ဖြစ်သော်လည်း သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။ လဲ့ကျစ် တိုက်နေသည့် ယာဂုကို အေးအေးဆေးဆေး သောက်နေလေသည်။
အစ်မဖြစ်သူ၏ ကျန်းမာရေး ပြန်ကောင်းမွန်လာသည်ကို မြင်နေရသဖြင့် လဲ့ကျစ်လည်း အလွန်ဝမ်းသာနေပြီး သူမ၏မျက်ဝန်းအစုံပင် နီရဲလာခဲ့သည်။ သူမက ယာဂုပန်းကန်ကို ဘေးသို့ ချကာ လဲ့ကျင်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ရင်း တိုးတိုးလေး ကတိပေးလိုက်သည်။
“အစ်မ အခုဆိုရင် အပြင်မှာ အန္တရာယ်တွေ သိပ်မရှိတော့ပါဘူး၊ နောင်အနာဂတ်မှာလည်း ကျစ်ကျစ်က အစ်မကို ကာကွယ်ပေးဖို့ အမြဲရှိနေမှာပါ”
‘ပိတ်ဆို့ထားတဲ့ အစ်မရဲ့နှလုံးသားကို ပြန်ဖွင့်ပေးနိုင်မလား’
တစ်ဖက်တွင်လည်း ပါးနပ်လှသော လီယောင်က အကျဉ်းထောင်အစောင့်များနှင့် ရင်းနှီးအောင် စကားပြောဆိုရင်း နန်းတွင်းနှင့် အရာရှိကြီးများကြားမှ သတင်းထူးများကို စုံစမ်းနေသည်။ လီယောင်၏ လူမှုဆက်ဆံရေးကောင်းမှုကြောင့် အစောင့်များထံမှ စိတ်ဝင်စားဖွယ် သတင်းအချို့ ထွက်ပေါ်လာသည်။
"ငါ ကြားတာက ကျင့်ရှန်းဝမ်က လက်ထပ်ပြီးတာတောင် သူ့ဝမ်ဖေးကို လျစ်လျူရှုထားတယ်တဲ့၊ ပြီးတော့ သူ့အိပ်ရာကို နွေးထွေးစေဖို့ အစေခံတစ်ယောက် ခေါ်ထားပြီး အဲ့အစေခံကို မျက်နှာသာပေးနေတာတဲ့"
အစောင့်တစ်ဦးက ပြောလာခဲ့သည်။
အခြားအစောင့်တစ်ဦးကလည်း ကဲ့ရဲ့ချင်သော လေသံဖြင့် ဝင်ပြောလိုက်သည်။
"ဟုတ်တယ် ဝမ်ဖေးက ရင်နာလွန်းလို့ ကွာရှင်းဖို့တောင် အော်ဟစ်နေတယ်လို့ ကြားသေးတယ်"
"တကယ်လား မဖြစ်နိုင်တာ"
အခြားတစ်ယောက်က သံသယဝင်ဟန်ဖြင့် ဝင်ပြောလိုက်သော်လည်း ပထမဆုံး ပြောခဲ့သည့် အစောင့်က ထပ်ပြောလိုက်ပြန်သည်။
"တကယ်ပါကွ၊ ရှန်းလူကြီးမင်းတောင်မှ ဒီကိစ္စကြောင့် တော်တော်ထိတ်လန့်သွားရတာ၊ ရှန်းလူကြီးမင်းက ခေါင်းမာပြီး ဒေါသကြီးပေမယ့် သူ့မှာ ဒီသမီးလေးတစ်ယောက်ပဲ ရှိတာလေ၊ သူလည်း ဘယ်လိုမှ စိတ်မဆိုးဘဲ မနေဘူး"
“.....”
စံအိမ်သို့ ပြန်လာရာလမ်းတွင် လီယောင်က ထိုသတင်းအားလုံးကို လဲ့ကျစ်အား ပြန်ပြောပြခဲ့သည်။ လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို တွန့်ကာ ပြုံးနေခဲ့သည်။ ဟော်ရှက မကြာသေးမီက သူမကို လာရောက်မနှောင့်ယှက်နိုင်သည်မှာ ဤပြဿနာများဖြင့် အလုပ်ရှုပ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
တည်းခိုခန်းတွင် ဟော်ရှ သူမနှင့်တူသော ထိုအမျိုးသမီးအား အတင်းအကြပ် ကာကွယ်ပေးနေခဲ့သည့် ထိုနေ့ကို သူမ မှတ်မိနေသေးသည်။
'ဟော်ရှက တဏှာအတွက်ဆိုရင် ခေါင်းပြတ်မှာတောင် မကြောက်တဲ့လူစားပဲ'
လဲ့ကျစ်က ဤအခွင့်အရေးကို အသုံးချကာ ဟော်ရှကို တိုက်ခိုက်နိုင်မလားဟု အလေးအနက် စဉ်းစားခဲ့သေးသည်။ အနည်းဆုံး သူ ရှဖေးထိုင်၏ ကိစ္စများတွင် ခြေရှုပ်မလာအောင် ဟန့်တားနိုင်လျှင် သူမ၏အစ်မကို ကယ်တင်ရန် အခွင့်အလမ်း ပိုများလာမည် ဖြစ်သည်။
‘ရှန်းလူကြီးမင်း....ရှန်းချင်းယန်....’
ဟော်ရှက ရှန်းလူကြီးမင်း၏ အာဏာကို လိုချင်သဖြင့် ရှန်းချင်းယန်ကို လက်ထပ်ခဲ့သော်လည်း ယခု သူ့ကိုယ်သူ မီးရှို့မိသလို ဖြစ်နေချေပြီ။ ထောင်စောင့်များ၏ စကားများက အနည်းငယ် မှားယွင်းနိုင်ပြီး လုံးဝမှန်ကန်မှု မရှိခဲ့လျှင်ပင် ယေဘုယျအားဖြင့် ညွှန်ပြချက်တစ်ခု ရှိနေခဲ့သည်။ ရှန်းချင်းယန်က ခိုင်မာသော စိတ်ဓာတ်ရှိသူဖြစ်ပြီး ဟော်ရှအနေဖြင့် သူမ၏ ဒေါသကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
‘ဟား ဟား... လူလည်ကောင် ဟော်ရှက မိန်းမတစ်ယောက်ကို အသုံးချဖို့ ကြိုးစားရင်း မီးတွင်းထဲကို ခုန်ဝင်မိသွားပြီ’
ရထားလုံးအပြင်ဘက်မှ ဆူညံသံများကြောင့် လဲ့ကျစ်၏ အတွေးများ ပြတ်တောက်သွားပြန်သည်။ သူမ ကန့်လန့်ကာကို ဆွဲတင်ကြည့်လိုက်ရာ ဆိုင်တစ်ဆိုင်၏ အပြင်ဘက်တွင် လူအုပ်ကြီးကို တွေ့လိုက်သည်။
"လီယောင် ဘာတွေဖြစ်နေတာလဲ"
“သခင်မ ဒါက တာ့ချီရဲ့ အစဉ်အလာပါ၊ နှစ်စဉ်နှစ်တိုင်း လာပါ့ပွဲတော်နေ့မှာပဲ တစ်ရက်တည်းဖွင့်တဲ့ 'လာပါ့ဆိုင်' ပါ၊ ဒီဆိုင်မှာ ချစ်ခင်ရသူတွေအတွက် လက်ဆောင်ပစ္စည်းမျိုးစုံ ရနိုင်ပါတယ်”
‘တစ်ရက်ပဲဖွင့်တာလား...
စိတ်ဝင်စားစရာပဲ’
သူမက သူမ နံနက်ခင်း ထွက်လာချိန်တွင် မြင်ခဲ့ရသော ဟော်တူ၏ အထီးကျန်နေသည့် မျက်နှာကို ရုတ်တရက် သတိရသွားပြီး ဆိုင်ထဲသို့ ဝင်ရန် တွေးမိသွားသည်။
"ဆင်းကြည့်ရအောင်"
လဲ့ကျစ်က မျက်နှာအကာပါသော ဦးထုပ်ကို ဆောင်းကာ ပစ္စည်းများကို လိုက်ကြည့်နေခဲ့ပြီး ထူးခြားသော ခရမ်းရောင်ကျောက်တုံးလေးတစ်ခုကို တွေ့သွားခဲ့သည်။ သူမ ထိုကျောက်တုံးကို ကောက်ကိုင်လိုက်ချိန်တွင် သူမ၏လက်ဖဝါးအတွင်းသို့ နွေးထွေးမှုတစ်ခု ချက်ချင်း ပျံ့နှံ့လာသည်။
“သခင်မက အမြင်စူးရှတာပဲ”
ဆိုင်ရှင်က အပြုံးဖြင့် အနားသို့ တိုးလာကာ ရှင်းပြနေသည်။
“ဒီခရမ်းစွဲကျောက်က ထူးခြားတယ်၊ သူ့ရဲ့ နွေးထွေးမှုက ဘယ်တော့မှ ပျောက်မသွားဘူး၊ အဆောင်အယောင်အနေနဲ့ အမြဲဆောင်ထားရင် ဆောင်းရာသီမှာ အအေးမိတာမျိုး မဖြစ်စေဘူး”
လဲ့ကျစ်က ကျောက်တုံးလေးကို သဘောကျနေပြီး စျေးမေးလိုက်သည်။
"ဒါက ဘယ်လောက်လဲ"
ဤနွေးထွေးသော ကျောက်တုံးလေးက အမြဲအေးနေတတ်သော ဟော်တူအတွက် အသင့်တော်ဆုံး လက်ဆောင်ဖြစ်မည်ဟု သူမ တွေးမိလိုက်သည်။
ဆိုင်ရှင်က အပြုံးဖြင့် ဈေးနှုန်းကို ပြောလိုက်ချိန်တွင်တော့ လဲ့ကျစ်၏ အပြုံးများက ရုတ်ချည်း အေးခဲသွားရသည်။ ဤကျောက်တုံးလေးက သူမ ထင်ထားသည်ထက် များစွာ စျေးကြီးနေသောကြောင့်ပင်။
‘ဒါက... အရမ်းဈေးကြီးလွန်းတယ်၊ ခုတောင် ငါ့မှာ အကြွေးတွေ အများကြီးတင်နေပြီ...’
“သခင်မ ဒါကို စျေးကြီးတယ်လို့ မထင်ပါနဲ့၊ ဒီခရမ်းစွဲကျောက်က တကယ်ကို ရှားပါးတဲ့ ရတနာအစစ်မို့ပါ”
လဲ့ကျစ်တစ်ယောက် ခဏမျှ အကျပ်ရိုက်သွားသော်လည်း ဟော်တူ၏ အေးစက်သော ခြေလက်များကို ပြန်လည် မြင်ယောင်လာသဖြင့် အံကြိတ်ကာ ဝဘ်ရန် ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီလေ၊ ကျွန်မ ဝယ်မယ်"
နောက်ဆုံးတွင် လဲ့ကျစ်တစ်ယောက် ကျောက်တုံးလေး ထည့်ထားသည့် မဟော်ဂနီ သေတ္တာလေးကို ပိုက်ကာ ရထားလုံးပေါ်သို့ ပြန်တက်လာခဲ့သည်။ ဟော်တူနှင့် ကတိပြုထားသည့် တစ်နှစ်အတွင်း အကြွေး လျန် ၁၅,၀၀၀ မဆပ်နိုင်ခဲ့လျှင် အချိန်ပိုပေးရန် တောင်းဆိုရမလားဟုပင် သူမ တွေးနေမိသည်။
သူမ အတွေးထဲ၌ နစ်မြုပ်နေသောကြောင့် သူမနှင့် မလှမ်းမကမ်း ထောင့်တစ်နေရာမှ ပညာရှင်ပုံစံ အဖြူရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက သူမကို အချိန်အတော်ကြာ စောင့်ကြည့်နေသည်ကိုတော့ သူမ သတိမပြုမိခဲ့ပေ။ သို့သော် ပါးနပ်သော လီယောင်က ရိပ်မိသွားပြီး မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်သည်။ ထိုလူက ခေါင်းငုံ့ကာ ချက်ချင်း ပြန်ထွက်ခွာသွားသည်။ ထိုလူ၏ အသွင်အပြင်က ဂုဏ်သရေရှိပုံရပြီး ဖြောင့်မတ်သော အရိပ်အယောင်များ ရှိနေသဖြင့် လီယောင်ကလည်း သူမ အမြင်အာရုံ လွဲမှားခြင်းဖြစ်နိုင်သည်ဟု တွေးကာ အကြည့်ပြန်လွှဲလိုက်သည်။
သူမတို့ ထိုက်ဇီစံအိမ်တော်သို့ ပြန်ရောက်လာချိန်က မွန်းလွှဲနေပြီ ဖြစ်သည်။
"အရှင့်သား ထမင်းစားပြီးပြီလား"
လဲ့ကျစ်က အိမ်တော်ထဲသို့ ဝင်ဝင်ချင်း တွေ့လိုက်ရသော အန်းရွှယ်ကို ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ သို့သော် အန်းရွှယ်က ခေါင်းခါပြကာ သက်ပြင်းချလိုက်သဖြင့် သူမ အံ့ဩသွားရသည်။
"နေ့လယ်စာ မစားရသေးဘူးလား၊ ဒါဆို မနက်စာရော...."
အန်းရွှယ်က ခေါင်းကို ထပ်မံခါယမ်းပြလာခဲ့သည်။ လဲ့ကျစ်၏ မျက်နှာလေးက မကျေနပ်မှုအပြည့်ဖြင့် မျက်မှောင်ကြုတ်သွားပြီး ထပ်မေးလိုက်သည်။
"လာပါ့ယာဂုတောင် မသောက်ရသေးဘူးပေါ့ ဟုတ်လား"
"ဟုတ်ပါတယ်၊ အရှင့်သား ဘာမှ မစားရသေးပါဘူး"
"အခု သူ ဘယ်မှာလဲ"
အန်းရွှယ်က တစ်ခုခုပြောရန် ချီတုံချတုံ ဖြစ်သွားပြီးမှ ပြန်ဖြေလိုက်သည်။
"စာဖတ်ခန်းထဲမှာပါ"
လဲ့ကျစ်က စာဖတ်ခန်းဆီသို့ ချက်ချင်း လျှောက်သွားရန် ပြင်လိုက်သော်လည်း နံနက်က ဟော်တူ၏ ထူးဆန်းသော အမူအရာကို သတိရကာ ခြေလှမ်းများ ရပ်တန့်လိုက်သည်။ သူမက နောက်သို့ လှည့်ကာ မေးလိုက်ပြန်သည်။
"သူက ဘယ်သူမှ သူ့ကို လာမနှောင့်ယှက်ဖို့ အမိန့်ပေးထားတာလား"
"ဟုတ်ကဲ့"
အန်းရွှယ်က အလေးအနက် ပြန်ရှင်းပြနေသည်။
"နှစ်တိုင်း လာပါ့ပွဲတော်နေ့ဆိုရင် အရှင့်သားက စာဖတ်ခန်းထဲမှာ သူ့ကိုယ်သူ ပိတ်လှောင်ထားတတ်ပါတယ်၊ ဘာမှလည်း မစားမသောက်သလို ဘယ်သူ့ကိုမှလည်း အဝင်မခံပါဘူး”
‘ဒါပေမယ့် ထိုက်ဇီဖေး ဝင်သွားမယ်ဆိုရင်တော့ အရှင့်သားက စိတ်ဆိုးမှာ မဟုတ်ဘူးလို့ ကျွန်တော်မျိုး ခံစားရတယ်’
“ထိုက်ဇီဖေး၊ အရှင့်သားကို သွားတွေ့လိုက်ပါ၊ ထိုက်ဇီဖေး သွားတွေ့ရင် အရှင်သား ပျော်သွားမယ်ထင်တယ်”
လဲ့ကျစ်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ၊ ဒါဆို မင်း အစားအသောက်တွေ ပြင်ဆင်ပြီး စာဖတ်ခန်းကို တိုက်ရိုက် ယူလာခဲ့ပေး"
.......။.......။.....
စာဖတ်ခန်းအတွင်း၌....
ဟော်တူက ပြတင်းပေါက်မှ တိုးဝင်လာသော လေအေးများနှင့်အတူ ငြိမ်သက်စွာ ထိုင်နေသည်။ သူ၏ အကြည့်များက တစ်နေရာရာသို့ စူးစိုက်နေသော်လည်း အဓိပ္ပာယ်မဲ့နေသယောင် ဖြစ်နေလေသည်။
နံနက်ခင်းတွင် လဲ့ကျစ်က အလွန်ပျော်ရွှင်စွာဖြင့် သူမ၏အစ်မထံသို့ ထွက်သွားခဲ့သည်။ ထိုအချိန်တွင် ဟော်တူက သူတို့ကြားရှိ အကွာအဝေးကို ပြန်လည် သတိရသွားခဲ့သည်။
‘လီတိုင်းပြည်က မင်းသမီးလေးဖြစ်တဲ့ သူမက ကျေးဇူးသိတတ်လို့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေတာပဲ ဖြစ်မှာပါ၊ အတူရှိတဲ့ အချိန် ကြာလာလေလေ သူမရဲ့ တာဝန်သိတတ်မှုနဲ့ စည်းကမ်းရှိမှုကို သူ ပို၍ နားလည်လာလေလေပါပဲ။’
အရင်က သူမ ဟော်ရှအပေါ် စိတ်ပျော့သွားမှာကို သူ စိုးရိမ်ခဲ့သေးတယ်၊ အခုတော့ အဲ့အကြောင်းကို ထည့်စဉ်းစားဖို့တောင် မလိုတော့ဘူး။ ဟော်ရှက သူမ ငယ်စဉ်ကတည်းက သူ့အပေါ် ထားရှိခဲ့တဲ့ ချစ်ခင်မှုတွေကို သူကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ပြီးပြီ’
‘လဲ့ကျစ်က အပြင်ပန်းမှာ နူးညံ့သိမ်မွေ့တယ်လို့ ထင်ရပေမယ့် အတွင်းစိတ်ကတော့ အရမ်းမာကြောလွန်းတယ်။ သူမက သူမကိုယ်သူမ ချစ်ခြင်းမေတ္တာ ထောင်ချောက်ထဲတွင် ပိတ်မိသွားစေဖို့ ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး။ အခုအချိန်မှာ သူမ သူ့အပေါ် ခံစားချက်အချို့ ရှိနေနိုင်ပေမယ့် သူမ ခံစားခဲ့ရတဲ့ တိုင်းပြည်ကို ဆုံးရှုံးမှုနဲ့ မိသားစုကို ခွဲခွာရတဲ့ဝေဒနာတွေနဲ့ နှိုင်းယှဉ်ရင်တော့ အခုခံစားချက်တွေက အရမ်း သေးငယ်နေမှာ သေချာတယ်။’
‘သူမက ဟော်မျိုးနွယ်စုက လူတစ်ယောက်ကို ချစ်မြတ်နိုးဖို့ သူမကိုယ်သူမ ခွင့်ပြုမှာ မဟုတ်သလို သူမတို့ရဲ့ တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့ ဟော်ချန်ယွင်၏ သားဆိုရင်တော့ ပိုပြီး မဖြစ်နိုင်တော့ဘူး။ သူမရဲ့ ရင်ထဲမှာ သူ့ကို သဘောကျနှစ်ခြိုက်မှု နည်းနည်းလေး ရှိနေရင်တောင် အဲ့အရာကို သတိပြုမိသွားတာနဲ့ သူမက ချက်ချင်း ဖျက်ဆီးပစ်ဖို့ ဝန်လေးမယ့်သူ မဟုတ်ဘူး’
ဟော်တူတစ်ယောက် သူ့၏ အသက် နှစ်နှစ်ဆယ်ကာလ ဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် သူ၏ နှလုံးသားထဲ၌ နက်နဲသော နောင်တတစ်ခုကို ခံစားနေရသည်။
အစပိုင်းတွင် ဟော်ချန်ယွင်က လီတိုင်းပြည်ကို ဖျက်ဆီးရန် ကြံစည်ခဲ့စဉ်က သူ သိရှိခဲ့သော်လည်း ထိုစဉ်က သူက အရာအားလုံးကို အေးစက်စွာသာ စောင့်ကြည့်နေခဲ့သည်။
‘သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်တဲ့ အခြေအနေမှာ ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာမယ်လို့ သူ ဘယ်လိုလုပ်ပြီး ကြိုတင် မှန်းဆနိုင်ပါမလဲ’
ယခုအချိန်တွင် ဟော်တူက လဲ့ကျစ် ခံစားနေရသော ဝေဒနာများကို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။ တခါတရံတွင် နာကျင်မှုများဖြင့် ရုန်းကန်နေရသော သူမ၏ မျက်ဝန်းအစုံကို မြင်ရသည့်အခါ သူလည်း ရင်နာရသည်။
‘တကယ်တော့ အစကတည်းက သူမကို ချစ်မြတ်နိုးဖို့ သူ့မှာ အရည်အချင်း မရှိခဲ့ဘူးလေ။ သူရဲ့ခန္ဓာကိုယ်ထဲမှာ ဟော်ချန်ယွင်ရဲ့သွေးတွေ စီးဆင်းနေသရွေ့ သူ့မှာ အဲ့လို အရည်အချင်းမျိုး ဘယ်တော့မှ ရလာနိုင်တော့မှာ မဟုတ်ဘူး’
'ဟုတ်တယ်.... ငါ့မှာ အရည်အချင်း မရှိဘူး'
ဟော်တူက ကံကြမ္မာကို လက်ခံလိုက်ဟန်ဖြင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် တံခါးခေါက်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။ ဟော်တူက သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ယူဆကာ လျစ်လျူရှုထားလိုက်သည်။ သို့သော် သိပ်မကြာမီမှာပင် တံခါးချပ်က အသာအယာ တွန်းဖွင့်ခံလိုက်ရပြီး ရင်းနှီးသော အသံလေးတစ်သံ ထွက်ပေါ်လာသည်။
"ကျွန်မ အထဲဝင်လာလို့ ရမလားဟင်"
ဟော်တူက သူ့မျက်လုံးများကို ချက်ချင်းဖွင့်ကာ တံခါးဆီသို့ လှမ်းကြည့်လိုက်သည်။ လဲ့ကျစ်က တံခါးဝမှ ချက်ချင်း ဝင်မလာသေးဘဲ ခေါင်းလေးစောင်းကာ မျက်တောင်လေး ခတ်လျက် သူ့ကို လှမ်းကြည့်နေသည်။ သူက သူမ၏ မျက်ခုံးနုနုလေးများကို စိုက်ကြည့်နေပြီး သေလူတစ်ယောက်ကဲ့သို့ အေးစက်နေသော သူ၏ နှလုံးသားက တစ်ဖန် ပြန်လည် ခုန်လှုပ်လာပြန်သည်။
သူ၏ နှလုံးသားက ပျော်ရွှင်မှုများကြောင့် ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်နေခဲ့သည်။
.........။.......။.......
ဒီစာရေးသူမှ ပြောစရာရှိပါတယ်။
စာရေးသူ : "ပထမတော့ တစ်စုံတစ်ယောက်က သူ့မိန်းမကို သတ်ချင်ခဲ့တာကို ရုတ်တရက် သတိရမိတယ်နော်"
ဟော်တူ : "အဲဒါ ငါ မဟုတ်ဘူးနော်!" (မျက်နှာသေဖြင့် ငြင်းဆိုနေ)
အခန်း ၄၆ အနမ်း
ဟော်တူက ချက်ချင်း ပြန်မဖြေပေ။ လဲ့ကျစ်က သူ့ကို သေချာကြည့်နေပြီး သူ၏ နက်မှောင်သော မျက်ဝန်းများက သူမ၏ မျက်နှာပေါ်တွင်သာ အာရုံစိုက်နေကြောင်း သိလိုက်ရသည်။ သူမ ရင်ထဲမှ သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ရှိုက်လိုက်မိသည်။
'ဒီလို တုံ့ပြန်မှုမျိုးက ငါ့ကို ဝင်ခွင့်မပေးဘူးလို့ ဆိုလိုတာလား'
သို့သော် သူမက တွန့်ဆုတ်မနေဘဲ တံခါးကို အသာအယာ တွန်းဖွင့်လိုက်ရာ စာဖတ်ခန်းတံခါးမှာ ပွင့်သွားသည်။ လဲ့ကျစ်က အထဲသို့ ဝင်လာပြီး တံခါးကို ညင်သာစွာ ပြန်ပိတ်လိုက်သည်။ သူမ လှည့်ကြည့်လိုက်ချိန်တွင် ဟော်တူက ခေါင်းကို ပြန်လှည့်သွားပြီး ပြတင်းပေါက် အပြင်ဘက်သို့သာ ငေးကြည့်နေပြန်သည်။ ယခုန သူမကို လှည့်ကြည့်ခဲ့သူက သူမဟုတ်သည့်အတိုင်းပင်။
လဲ့ကျစ်က မဟော်ဂနီသေတ္တာလေးကို အင်္ကျီလက်ဝကျယ်ထဲတွင် သေချာဝှက်ကိုင်ထားလိုက်သည်။ သူမက ခြေသံကို ဖွဖွနင်းကာ နူးညံ့ပျော့ပျောင်းသော ထိုင်ခုံလေးတစ်လုံးကို ဆွဲယူပြီး ဟော်တူ၏ နံဘေးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် သူမ၏ အပေါ်ရုံအင်္ကျီကို ချွတ်လိုက်ပြီး သူ့ဘေးတွင် ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။
သူမလည်း ဟော်တူ၏ အကြည့်များအတိုင်း ပြတင်းပေါက် အပြင်ဘက်သို့ လိုက်ကြည့်နေမိသည်။ ကောင်းကင်က ကြည်လင်နေပြီး နေရောင်ခြည်က ရွှေအဆင်းကဲ့သို့ တောက်ပနေသည်။ လာပါ့ပွဲတော်၏ အအေးဒဏ်က ပြင်းထန်လှသော်လည်း တိုက်ခတ်လာသော လေနုအေးလေးမများထဲတွင် နွေးထွေးမှု အနည်းငယ် ပါဝင်နေသည်။
ခဏအကြာတွင် လဲ့ကျစ်က အပြင်ဘက်မှ အကြည့်ကို ပြန်လွှဲကာ ဟော်တူ၏ မျက်နှာကို ကြည့်လိုက်သည်။ သူ၏ ဖြူဖျော့နေသော မျက်နှာက အေးစက်လွန်းလှပြီး မေးရိုးများအထိပင် အေးခဲနေပုံရသည်။ သူမက အသံကို လျှော့ကာ သွေးတိုးစမ်းသည့်အနေဖြင့် မေးလိုက်သည်။
“ကျွန်မ စကားပြောလို့ ရမလားဟင်၊ အရှင့်သား စိတ်ရှုပ်နေတယ်ဆိုရင်တော့ ကျွန်မ စကားမပြောတော့ပါဘူး”
ဟော်တူ၏ မျက်လုံးများက ရွေ့လျားလာပြီး လဲ့ကျစ်ကို ဘေးတိုက် စိုက်ကြည့်နေပြန်သည်။ သူမ၏ မျက်ဝန်းအောက်ခြေမှ ပေါ်လာသည့် ခံစားချက်များကို သူ အနီးကပ် လေ့လာနေခြင်းပင်။ သူမက သတိထားနေပုံရသလို၊ ကြောက်ရွံ့မှု အနည်းငယ်ရှိနေသော်လည်း သတ္တိသေးသေးလေးလည်း မွေးထားပုံရသည်။ ဤသည်မှာ သူနှင့် ရင်ဆိုင်ရချိန်တွင် သူမထံ၌ အတွေ့ရဆုံးသော အမူအရာ ဖြစ်သည်။
“ပြောလေ”
ဘာကြောင့်မှန်းမသိသော်လည်း သူ၏ အဖြေထဲတွင် စိတ်ဝိညာဉ်မဲ့နေသော တစ်စုံတစ်ရာကို လဲ့ကျစ် ခံစားလိုက်ရသည်။ သို့သော် ကံကောင်းစွာဖြင့် သူက သူမကို ပါးစပ်ပိတ်ထားရန် မပြောခဲ့ပေ။
လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို တွန့်ကွေးကာ ပါးပါးနပ်နပ် ပြုံးလိုက်ပြီး မဟော်ဂနီသေတ္တာလေးကို ထုတ်ယူလိုက်သည်။ သေတ္တာကို ဖွင့်ကာ အတွင်းမှ ခရမ်းရောင်ကျောက်တုံးလေးကို ထုတ်ယူပြီးနောက် ရတနာလေးတစ်ခုကို ဝါကြွားပြသလိုမျိုး ဟော်တူ၏ ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
သူ၏ တုံ့ပြန်မှုက နှေးကွေးနေသည်ကို မြင်လိုက်ရချိန်တွင် လဲ့ကျစ်က လျှို့ဝှက်ဆန်းပြားသော အမူအရာဖြင့် ထပ်ပြောလိုက်ပြန်သည်။
“သူ့ရဲ့ သာမန်အသွင်အပြင်ကိုပဲ မကြည့်ပါနဲ့ဦး၊ ဒါက သာမန်ကျောက်တုံး မဟုတ်ဘူးနော်”
ပြောပြောဆိုဆိုဖြင့် သူမက ဟော်တူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူ၏ လက်ဖဝါးများကို ဖြန့်ထုတ်လိုက်သည်။ ထို့နောက် ခရမ်းရောင်ကျောက်တုံးကို သူ၏ လက်ပေါ်သို့ တင်ပေးလိုက်ပြီး သူမ၏ လက်ကလေးဖြင့် ပြန်လည် အုပ်မိုးလိုက်သည်။ နွေးထွေးနေသော ကျောက်တုံးမှတစ်ဆင့် သူမ သူ့လက်ကို ညင်ညင်သာသာ ဆုပ်ကိုင်ထားမိသည်။
ခဏအကြာတွင် ဟော်တူ၏ အေးစက်နေသော လက်များ ပူနွေးလာသည်ကို လဲ့ကျစ် ခံစားလိုက်ရသည်။ သူမက သူ့ကို မော့ကြည့်ကာ အပြုံးဖြင့် မေးလိုက်ပြန်သည်။
“နေလို့ အဆင်ပြေလားဟင်၊ ဒါက ရတနာတစ်ခုပဲ မဟုတ်လား၊ အရှင့်သား သဘောကျရဲ့လား”
ဟော်တူက သူမ၏ ပြုံးနေသော မျက်လုံးများကို ကြည့်နေပြီး သူ၏ အေးစက်နေသော မျက်ဝန်းထဲမှ နှင်းခဲများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ့အတွက်တော့ သူ့လက်ဖဝါးထဲရှိ ခရမ်းရောင်ကျောက်တုံး၏ နွေးထွေးမှုကို လျစ်လျူရှုရန် ခက်ခဲလွန်းလှသည်။ သူ အောက်ငုံ့ကြည့်လိုက်ချိန်တွင်လည်း သူမ၏ ဖြူစင်နူးညံ့သော လက်ကလေးက သူ၏ မြင်ကွင်းထဲ၌ ထင်ဟပ်နေပြန်သည်။
“ကြိုက်တယ်”
သူက စကားနှစ်လုံးတည်းဖြင့် ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။
သူအသံတွင် လဲ့ကျစ်၏ မေးခွန်းကို ဖြေနေခြင်းထက် ပိုသော အနက်အဓိပ္ပာယ်များ ပါဝင်နေပုံရသည်။ ဟော်တူ၏ အမူအရာက ခါတိုင်းလို အေးစက်နေဆဲ ဖြစ်သော်လည်း သူ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ထင်ဟပ်နေသည်။ ထို့နောက် ဟော်တူတစ်ယောက် စိတ်ထဲမှ သက်ပြင်းချလိုက်ပြန်သည်။
‘ဒီကျောက်တုံးလေးက ရတနာတစ်ခုသက်သက် မဟုတ်ဘူး၊ ငါ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို စုပ်ယူနိုင်တဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ကူအဆိပ်နဲ့ အတူတူပဲ။ ဒါပေမယ့် ငါ ပျော်ပါတယ်လေ၊ ကျေကျေနပ်နပ် လက်ခံချင်တာပါ’
ခိုင်လုံသော အဖြေကို ရရှိသွားပြီးနောက် လဲ့ကျစ်တစ်ယောက် သူမကိုယ်သူမ ဂုဏ်ယူလာသည်။ သို့သော် ဤကျောက်တုံးအတွက် ပေးလိုက်ရသော စျေးနှုန်းကို ပြန်တွေးလိုက်မိချိန်တွင် သူမ မထိန်းနိုင်တော့ဘဲ နှုတ်ခမ်းလေးစူကာ ညည်းတွားလိုက်မိသည်။
“ဒီကျောက်တုံးက ဘယ်လောက်တောင် စျေးကြီးတယ်ဆိုတာ အရှင့်သား သိရဲ့လား”
သူမက မျက်နှာတစ်ပြင်လုံးတွင် ဝမ်းနည်းပူဆွေးမှုများ ပေါ်လွင်အောင် ဖော်ပြထားပြီး တစ်လုံးချင်း ပြောလာခဲ့သည်။
“တကယ်ကို အရမ်းစျေးကြီးတယ်၊ အရမ်း အရမ်းကို ဈေးကြီးတာ”
ဟော်တူက သူ၏မျက်ဝန်းအစုံကို ပင့်တင်လိုက်သည်။ သူက သူ၏ မျက်လုံးများထဲမှ ရှုပ်ထွေးနေသည့် ခံစားချက်များကို ဖယ်ထုတ်လိုက်ပြီး ဖြစ်ပြီး သူ့၏ မူလ အေးစက်စက်ဟန်ပန် ပြန်ဖြစ်သွားခဲ့သည်။ သူက လဲ့ကျစ်၏ နီရဲတောက်ပြောင်နေသော ပါးပြင်လေးများကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး သူမ ဆုပ်ကိုင်မထားသော အခြားလက်တစ်ဖက်ဖြင့် သူ၏ ပေါင်ကို အသာအယာ ပုတ်ပြလိုက်သည်။
လဲ့ကျစ်က သူ ဘာကို ဆိုလိုမှန်း သဘာဝကျကျ နားလည်နေသည်။ သူမက ထရပ်ကာ သူ့ဆန္ဒအတိုင်း သူ့ပေါင်ပေါ်သို့ ထိုင်ချလိုက်ပြီး သူမ၏လက်တစ်ဖက်ကိုလည်း သူ့ပုခုံးပေါ်သို့ အသာတင်လိုက်သည်။ သူမက ထိုအပြုအမူအားလုံးကို အလွန် ရင်းနှီးကျွမ်းဝင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ဤအချက်က လဲ့ကျစ်၏ နှလုံးသားကို အနည်းငယ် တုန်လှုပ်သွားစေသည်။
'ဒါ ဘယ်အချိန်ကစပြီး ဒီလောက်အထိ ရင်းနှီးသွားရတာလဲ'
ယခုအချိန်တွင် သူမ ဟော်တူ၏ ပေါင်ပေါ်၌ ဘာမှ မထူးဆန်းသလို အေးဆေးသက်သာစွာ ထိုင်နိုင်နေပြီ ဖြစ်သည်။ အစပိုင်းတွင် ရှိခဲ့သော သည်းမခံနိုင်သည့် ကြောက်ရွံ့မှုများလည်း ပျောက်ကွယ်သွားခဲ့ချေပြီ။
ပြတင်းပေါက်မှ တိုက်ခတ်လာသော အေးစက်သော လေက လဲ့ကျစ်၏ ခန္ဓာကိုယ်ကို လာရောက်ထိမှန်သောကြောင့် ဟော်တူက လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ပြတင်းပေါက်ကို ဖြည်းညှင်းစွာ ပိတ်လိုက်သည်။
ထို့နောက် ဟော်တူက သူ့ရှေ့မှ လူကို အနီးကပ် ကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးထောင့်များ နီရဲနေသေးသည်ကို တွေ့လိုက်ရသည်။ သူမ ငိုပြီးသည့်အခါတိုင်း သူမ၏မျက်လုံးထောင့်စွန်းလေးများ နီရဲလာတတ်ပြီး အချိန်အတော်ကြာမှ ပြန်ပျောက်သွားတတ်သည်ကို သူ သတိထားမိသည်။ ရှဖေးထိုင်သို့ သွားတိုင်း သူမ ငိုခဲ့မည်ဆိုသည်က ခန့်မှန်းရန် မခက်ခဲပေ။ သေချာသည်က သူမ ကိုယ်တိုင် ပျော်မနေသည့်တိုင် သူ့ကို လာရောက် ချော့မြှူပေးနေခြင်းပင်။
'သူမက တကယ်ပဲ ငါ့ကို ပျော်ရွှင်စေချင်တာလား'
“အရမ်း စျေးကြီးတယ်ပေါ့လေ”
ဟော်တူက ခပ်ဟဟ ရယ်မောရင်း ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီနေ့ ကိုယ်က မင်းအတွက် ဘာလက်ဆောင်မှ မပြင်ဆင်ထားမိဘူး”
“မဟုတ်ဘူး မဟုတ်ပါဘူး”
လဲ့ကျစ်၏ ပါးပြင်လေးများက နီရဲလာပြီး အလောတကြီး ငြင်းဆန်လိုက်သည်။
“ကျွန်မက တစ်ခုခု ပြန်ရချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝယ်ခဲ့တာ မဟုတ်ပါဘူး၊ ဒါကို မြင်လိုက်တော့ အရှင့်သားနဲ့ သင့်တော်မယ် ထင်လို့ ဝယ်ခဲ့တာပါ”
စျေးကြီးသည်ဟု သူမ ပြောဆိုနေခြင်းက နှမြော၍သာ ဖြစ်ပြီး သူ့ထံမှ လက်ဆောင်တစ်ခု ပြန်ရရန် လုံးဝ မရည်ရွယ်ခဲ့ပေ။ သို့သော် လဲ့ကျစ်က သတိထားမိလျှင်မူ ဟော်တူ၏ စကားများက ပို၍ လေးနက်ကြောင်း သိနိုင်မည်ဖြစ်သည်။ သူက “ဒီနေ့” အတွက် လက်ဆောင် မပြင်ဆင်ထားဟု ဆိုခြင်းသာ ဖြစ်သည်။ သို့သော် လဲ့ကျစ်က ဖြေရှင်းရန်သာ စိတ်လောနေပြီး သူ့စကားကို ခွဲခြမ်းစိတ်ဖြာရန် မေးနေခြင်းသာ ဖြစ်သည်။
ရုတ်တရက် သူမ၏ ခါးဘေးမှ လက်များက တင်းကျပ်လာပြီး လဲ့ကျစ်တစ်ယောက် ဟော်တူ၏ ရင်ခွင်ထဲသို့ အတင်းအကျပ် ဆွဲသွင်းခြင်း ခံလိုက်ရသည်။ သူမ၏ မျက်နှာလေးက သူ၏ လည်ပင်းနားတွင် ကပ်သွားသဖြင့် သူ၏ နွေးထွေးမှုကို အပြည့်အဝ ခံစားလိုက်ရသည်။
လဲ့ကျစ်က တိတ်တဆိတ် သက်ပြင်းချရင်း တွေးနေပြန်သည်။
'စျေးကြီးတာ မှန်ပေမယ့် ဒီခရမ်းစွဲကျောက်က တကယ်ကို ဝယ်ဖို့ သင့်တော်ပါတယ်လေ'
ဟော်တူက သူမ၏ အနက်ရောင် ဆံကေသာများကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ သူတို့နှစ်ယောက် နီးကပ်လွန်းသဖြင့် သူမ၏ ဆံပင်မှ ခေါက်ရမ်းပန်းရနံ့လေးက သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူက သူမ၏ ဆံထုံးတွင် တပ်ဆင်ထားသော ဆံထိုးကို ဖြုတ်ကာ ပြတင်းပေါက်ဘောင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်တင်လိုက်သည်။
အနက်ရောင် ဆံနွယ်ရှည်များက ဝဲကျလာပြီး သူ၏ ပုခုံးပေါ်အထိ ကျဆင်းလာသည်။ ဟော်တူက သူမ၏ နားနားသို့ တိုးကပ်ကာ မျက်လုံးများကို မှိတ်လျက် သူမ၏ ရနံ့ကို တဝကြီး ရှူသွင်းလိုက်သည်။
‘သူက သူ့အိပ်မက်ထဲမှာတောင် သူမရဲ့ရနံ့ကို ထိန်းထားချင်နေတာလေ၊ တကယ့်ကို ရယ်စရာပဲ’
သူက သူမ၏ နူးညံ့သော လက်ကလေးနှင့် ခရမ်းရောင်ကျောက်တုံးကိုလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသေးသည်။
‘တကယ်တော့ ဒီနေ့က သူ့အတွက် ကောင်းတဲ့နေ့ မဟုတ်ခဲ့ဘူး။
ပြီးတော့ မကြာခင် သူက သူမအတွက် လက်ဆောင်အကြီးကြီးတစ်ခု ပြင်ဆင်ပေးတော့မှာ။ သေချာပေါက် သူမ သဘောကျမယ့် လက်ဆောင်မျိုးပေါ့’
“ဒေါက် ဒေါက်”
တံခါးခေါက်သံ တိုးတိုးလေး ထွက်ပေါ်လာချိန်တွင် လဲ့ကျစ်တစ်ယောက် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူမက ဟော်တူ၏ ရင်ဘတ်ကို တွန်းထုတ်ကာ အမြန်ထရပ်လိုက်သည်။ သူမ၏ တွန့်ကြေနေသော အဝတ်အစားများနှင့် ရှုပ်ထွေးနေသော ဆံပင်များကို ကြည့်ကာ သူမကို ဤအခြေအနေသို့ ရောက်အောင် လုပ်ခဲ့သော အရှင့်သားကိုလည်း မျက်စောင်းခဲ စိုက်ကြည့်နေပြန်သည်။
သူမက အဝတ်အစားများကို သေသပ်အောင် ပြန်ပြင်လိုက်ပြီး ဆံပင်ကိုလည်း အမြန် ပြန်ထုံးပြီးမှ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ သူမ ဘာမှ မမှားသော်လည်း အပြစ်ရှိသလို ခံစားနေရပြီး ရှက်လည်း ရှက်နေမိသည်။ တံခါးပွင့်သွားချိန်တွင် အန်းရွှယ်၏ တည်ငြိမ်သော မျက်နှာပေါ်၌ အံ့အားသင့်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူက ခဏမျှ အကြောင်သား ဖြစ်သွားပြီးမှ လက်ထဲမှ ဗန်းကို ကမ်းပေးလိုက်သည်။
“ထိုက်ဇီဖေး ဒါဆိုရင် စားစရာ လုံလောက်ပြီလားခင်ဗျာ”
“လုံလောက်ပါပြီ”
လဲ့ကျစ်က ဗန်းကို ယူလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
“မင်းရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကိုယ်ရံတော်အန်း”
အန်းရွှယ်က အနည်းငယ် ခေါင်းညိတ်ပြပြီး တံခါးကို ပြန်ပိတ်ပေးလိုက်သည်။ သူ ပြန်လှည့်လာချိန်တွင် ယခင်က လင်းယွိရှန့်ကို လေးလေးနက်နက် ဆုံးမသွန်သင်နေခဲ့သော အရှင့်သား၏ တည်ကြည်သည့် ပုံရိပ်ကို ရုတ်တရက် သတိရသွားပြန်သည်။ သို့သော် ယခုန သူ မြင်လိုက်ရသော ထိုက်ဇီဖေး၏ နီရဲနေသည့် မျက်နှာအမူအရာကတော့ ထိုတည်ကြည်မှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ နောက်ဆုံးတွင် အန်းရွှယ်တစ်ယောက် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်မိသည်။
အန်းရွှယ်၏ မိသားစုနောက်ခံက သာမန်မျှသာ ဖြစ်သော်လည်း သူက ပညာရှိတစ်ယောက်ကဲ့သို့ ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်တတ်သူ ဖြစ်သည်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က ကျင့်ရှင်းကြောင့် သူ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ထိုက်ဇီဖေးကို ပို၍ သတိထားကြည့်မိနေခြင်း ဖြစ်သည်။ ထိုက်ဇီဖေးက အလွန် သိက္ခာရှိပြီး သူမကိုယ်သူမကို ထိန်းချုပ်နိုင်စွမ်းရှိသူဖြစ်ကြောင်း သူ သိသော်လည်း ယခုအချိန်တွင် ဆန့်ကျင်ဘက်အနေဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်က သူ၏သခင်ဖြစ်သော ထိုက်ဇီကိုယ်တိုင် ဖြစ်နေသည်ကို သူ နားလည်လာရသည်။
'အကြင်လင်မယား ဖြစ်နေရင်တောင် စာဖတ်ခန်းထဲမှာ ဒီလိုမျိုးကတော့.... တကယ်ကို.... တရားလွန်းလွန်းတယ်'
အန်းရွှယ်က စာဖတ်ခန်းအပြင်ဘက်ရှိ အစောင့်များကို စိတ်မငြိမ်သက်သော အမူအရာဖြင့် ကြည့်လိုက်ပြန်သည်။ နောက်ဆုံးတွင် သူ သက်ပြင်းချလိုက်ပြီး သူတို့ကို တခြားနေရာသို့ ပို့ရန် အကြောင်းပြချက်တစ်ခု ရှာလိုက်သည်။
စာဖတ်ခန်းအတွင်းတွင်တော့ လဲ့ကျစ်က ဗန်းကို စားပွဲပေါ်သို့ ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ပြီး ဒေါသတကြီးဖြင့် ဝင်ထိုင်လိုက်သည်။ အန်းရွှယ်၏ အကြည့်များက သူ အထင်လွဲနေသည်မှာ သိသာနေသော်လည်း သူမ ရှင်းပြနိုင်စွမ်း မရှိခဲ့ပေ။ ရှင်းပြလေ ပိုရှုပ်လေ ဖြစ်မည်ကို သူမ နားလည်နေသည်။
‘ငါ ဘယ်လို ရှင်းပြနိုင်တော့မှာလဲ’
‘အား... ငါ့ရဲ့ နူးညံ့ယဉ်ကျေးတဲ့ ပုံရိပ်လေးနဲ့ ဂုဏ်သိက္ခာတွေကတော့ မြေခသွားပြီပဲ’
လဲ့ကျစ်က လင်ဗန်းပေါ်ရှိ အစားအစာများကို ကြည့်လိုက်ပြီး သစ်အယ်သီးမုန့်ကို ယူရန် လက်ကို မြှောက်လိုက်ရာ အရှိန်များပြီး သူမ၏ပခုံးပေါ်မှ ဒဏ်ရာဟောင်းကို ဆွဲဆန့်မိသလို ဖြစ်သွားခဲ့သည်။ သူမ၏ ပခုံးပေါ်မှ ဒဏ်ရာက ပျောက်ကင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း သူမ ဒေါသကြောင့် အားထည့်မိသွားသောကြောင့် ပြန်လည် နာကျင်သွားရခြင်း ဖြစ်သည်။
သူမက ညည်းသံလေးနှင့်အတူ အခြားလက်တစ်ဖက်ကို ပြောင်းပြီးမှ မုန့်ကို လှမ်းယူကာ ဒေါသတကြီး ကိုက်ဝါးလိုက်သည်။ ထိုအပြုအမူအားလုံးကို ကြည့်နေခဲ့သည့် ဟော်တူက အပြုံးဖြင့် သူ့ဘီးတပ်ထိုင်ခုံကို သူမဘေးသို့ တွန်းလာခဲ့သည်။ ထို့နောက် သူက သူမ၏ ပခုံးကို ကြည့်ရင်း မေးလာခဲ့သည်။
“ဒဏ်ရာက မပျောက်သေးဘူးလား”
မူလက သူ စိုးရိမ်စိတ်ဖြင့် မေးလိုက်သော မေးခွန်းသာ ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် သူ၏ အသံက နားမလည်နိုင်သော ဆွဲဆောင်မှုအချို့ ရှိနေသဖြင့် သူမ ရုတ်တရက် ရှက်သွားရပြန်သည်။
"အဟွတ် အဟွတ် အဟွတ်"
လဲ့ကျစ် သီးသွားပြီး အပြင်းအထန် ချောင်းဆိုးနေပြန်သည်။ သူမက မထင်မှတ်ဘဲ ယခင်က သူမကိုယ်တိုင် ပြောခဲ့ဖူးသည့် စကားတစ်ခွန်းကို ပြန်လည် တွေးမိသွားခြင်းပင်။
[ကျွန်မ ပခုံးပေါ်က ဒဏ်ရာ သက်သာသွားရင် ကျွန်မတို့ ချစ်ကြမယ်]
သူမ ပြောခဲ့သည့် စကားများက သူမ၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပဲ့တင်ထပ်နေသည်။ ဟော်တူက သူမ၏ နောက်ကျောကို အသာအယာ ပုတ်ပေးပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
လဲ့ကျစ်က လက်ဖက်ရည်အနည်းငယ် သောက်လိုက်ပြီးမှ နောက်ဆုံးတွင် ငြိမ်သက်သွားသည်။ သို့သော် သူမ၏ မျက်နှာပေါ်မှ အနီစက်များက ပိုအရောင်ရင့်လာပြီး အသံတိုးတိုးဖြင့် ရေရွတ်နေသည်။
“မကြာခင် သက်သာလာမှာပါ”
သူမ၏ အမူအရာကြောင့် ဟော်တူလည်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ သူက သူ့လက်ညှိုးဖြင့် သူမ၏ ဦးခေါင်းလေးကို အသာတောက်ကာ မာန်မဲလိုက်သည်။
“မင်း ဘာတွေ တွေးနေတာလဲ”
လဲ့ကျစ်က သူမ မှားသွားမှန်း သိနေပြီး ခေါင်းကုတ်နေသည်။ သူမက လာပါ့ယာဂုကို ဇွန်းဖြင့် ခပ်ယူကာ သူ့ထံသို့ ကမ်းပေးလိုက်သည်။
“အရှင့်သား၊ စားချင်လား”
ဟော်တူက ဘာမှပြန်မပြောဘဲ သူမ၏ နှုတ်ခမ်းထောင့်လေးများကိုသာ စိုက်ကြည့်နေပြီး သူ အမုန်းဆုံးဖြစ်သော လာပါ့ယာဂုကို နာနာခံခံ မျိုချလိုက်သည်။
ခဏအကြာတွင် ဟော်တူက အများကြီး မစားခဲ့သော်လည်း အနည်းငယ်တော့ စားခဲ့သဖြင့် လဲ့ကျစ် ကျေနပ်သွားသည်။ ဟော်တူက သူ၏လက်ထဲမှ ခရမ်းရောင်ကျောက်တုံးလေးကို အပေါ်အောက် မြှောက်ကာ ဂရုတစိုက် ကစားနေသည်။
သူ့ကိုယ်ပေါ်မှ အေးစက်မှုများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် လဲ့ကျစ်လည်း စိတ်အေးသွားရသည်။ သို့သော် ယနေ့ သူမကိုယ်တိုင် စစ်ဆေးရန် လိုအပ်သော လက်ဖက်ခြောက်အသစ်များကို သတိရသွားပြီး အလုပ်လုပ်ရန် ပြင်ဆင်လိုက်သည်။
သူမ၏ လုပ်ငန်းက မတိုးတက်သေးသဖြင့် လဲ့ကျစ်တစ်ယောက် အေးအေးဆေးဆေး မနေနိုင်သေးပေ။ သူမက ဟော်တူကို ပြုံးပြကာ မတ်တပ်ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
"ဒါဆို အရှင့်သား ဒီမှာပဲ အေးအေးဆေးဆေး ကစားနေနော်၊ ကျွန်မ အရင်သွားနှင့်တော့မယ်"
"ခဏ နေဦး"
ဟော်တူက သူမ၏လက်ကို လှမ်းဆွဲကာ တားလိုက်ပြန်သည်။
"ဒီကျောက်တုံးက တစ်ခုခု မှားနေပုံရတယ်"
သူက အံ့ဩနေဟန်ဖြင့် ပြောလိုက်သည်။
"အမ်"
လဲ့ကျစ်က မျက်မှောင်ကြုတ်သွားပြီး ပြန်ထိုင်ချလိုက်သည်။ သူမက သူ့လက်ကို မှီကာ ခရမ်းရောင်ကျောက်တုံးကို အနီးကပ်ကြည့်ရင်း ပြန်မေးလိုက်သည်။
"ဘယ်နေရာမှာ ပြဿနာ ရှိနေတာလဲ"
သူမ စကားမဆုံးခင်မှာပင် ခရမ်းရောင်ကျောက်တုံးလေးက သူမ၏ ချယ်ရီရောင်နှုတ်ခမ်းလေးများထက်သို့ ရောက်ရှိလာသည်။ ချောမွေ့နွေးထွေးသော အထိအတွေ့တစ်ခုက သူမ၏ နှုတ်ခမ်းပေါ်သို့ ကျရောက်သွားပြီး ဟော်တူက ကျောက်တုံးကို စက္ကန့်ပိုင်းအတွင်း ပြန်ဖယ်ထုတ်လိုက်သည်။
"ရှင်"
"ဘာပြဿနာမှ မရှိပါဘူး၊ ကိုယ် မှားပြောတာ"
ဟော်တူက ဘာမှမဖြစ်သလို အေးအေးသက်သာ ပြန်ပြောလိုက်သည်။
လဲ့ကျစ်က သူ၏ ထူးဆန်းသော အပြုအမူကို နားမလည်သော်လည်း သူနှင့် ဆက်လက် ငြင်းခုံရန် စိတ်မပါသောကြောင့် အမြန် ပြန်ထွက်လာခဲ့သည်။
ဟော်တူက ရှက်ရွံ့စွာ ထွက်ခွာသွားသော အနီရောင် ကျောပြင်လေး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ အပြုံးဖြင့် လှမ်းကြည့်နေသည်။ ခဏအကြာတွင် သူက ထိုနွေးထွေးသော ကျောက်တုံးလေးကို မြှောက်ကြည့်ကာ လဲ့ကျစ်၏ နှုတ်ခမ်းနှင့် ထိခဲ့သော နေရာကို စိုက်ကြည့်ရင်း သူ့နှုတ်ခမ်းနှင့် ထိကပ်လိုက်ပြန်သည်။
အနွေးဓာတ်တစ်ခုက သူ၏ အေးစက်နေသော နှုတ်ခမ်းများကို ဖုံးလွှမ်းသွားသည်။ ဤသည်မှာ ခရမ်းရောင်ကျောက်တုံး၏ နွေးထွေးမှုလား သို့မဟုတ် သူမ ချန်ထားခဲ့သော နွေးထွေးမှုလားဆိုသည်ကိုတော့ သူ မဝေခွဲနိုင်တော့ပေ။ အစပိုင်းတွင် သူ၏ ရင်ထဲ၌ ပြည့်နှက်နေသော အမှောင်ထု မြူခိုးများကလည်း လွင့်စင်သွားခဲ့ချေပြီ။ ဟော်တူက လဲ့ကျစ်၏ အနည်းငယ် တွန့်ကွေးနေသော နှုတ်ခမ်းလေးများကို တွေးမိရင်း ပြုံးနေပြန်သည်။
ခဏအကြာတွင် ဟော်တူက သူ့တုတ်ကောက်ကို ကောက်ကိုင်ကာ တံခါးဆီသို့ လျှောက်သွားလိုက်သည်။ လာပါ့ပွဲတော်၏ အငွေ့အသက်များ ပျောက်ကွယ်သွားသည်အထိ သူ့ကိုယ်သူ စာဖတ်ခန်းထဲ၌ ပိတ်လှောင်မထားချင်တော့ပေ။ လဲ့ကျစ်ကတော့ လက်ဖက်ခြောက်ရွက်များကို စမ်းသပ်ကြည့်နေလောက်ပြီ ဖြစ်သည်။ ဟော်တူက လက်ထဲမှ ကျောက်တုံးကို ညင်သာစွာ ပွတ်သပ်ရင်း တွေးနေပြန်သည်။
'ကောင်းပြီလေ ဒီလက်ဆောင်လေးအတွက်ကြောင့် သူမကို ကူညီရတော့မှာပေါ့'
သို့သော် သူ တံခါးအပြင်သို့ ထွက်လိုက်ချိန်တွင် အန်းရွှယ် စောင့်နေသည်ကို တွေ့လိုက်ရသည်။ အန်းရွှယ်ကလည်း သူ့၏အရှင့်သား ဤမျှ မြန်မြန်ဆန်ဆန် ထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ အနားသို့ လျှောက်လာပြီး သတင်းပို့လာခဲ့သည်။
“အရှင့်သား၊ ထိုက်ဇီဖေး ရှဖေးထိုင်ကို သွားတိုင်း ရထားလုံးနောက်ကနေ တိတ်တဆိတ် လိုက်နေတဲ့လူကို ဖမ်းမိပါပြီ”
အန်းရွှယ်က ခေတ္တမျှ ရပ်နားကာ ဟော်တူ၏ အမူအရာကို အကဲခတ်လိုက်ပြီးနောက် ဆက်ပြောလာခဲ့သည်။
"သူက တာ့လီကနေ လာတဲ့သူပါ"
ဟော်တူ၏ မျက်နှာတွင် ရှားရှားပါးပါး ပေါ်နေသည့် နူးညံ့သော အလင်းရောင်များက တခဏအတွင်း ပျောက်ချင်းမလှ ကွယ်ပျောက်သွားတော့သည်။
......။.......။.....
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ရှောင်အန်းရွှယ် : "မမျှော်လင့်ဘဲ စာဖတ်ခန်းထဲမှာ..... တကယ့်ကို အရှုပ်တော်ပုံကြီးပဲ"
ကျစ်ကျစ် : “....."
ဟော်တူ : "မင်းကတော့ မယုံနိုင်စရာပဲ၊ ငါက စာဖတ်ခန်းထဲမှာ လုပ်ဖို့နေနေသာသာ၊ အိပ်ခန်းထဲမှာတောင် ဘာမှ မလုပ်ရသေးဘူးကွ"