အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း ၄၇ တွေဝေမှု
ထိုက်ဇီစံအိမ်တော်၏ မြေအောက်တွင် တိတ်ဆိတ်မှောင်မိုက်လှသော လျှို့ဝှက်အကျဉ်းထောင်တစ်ခု ရှိနေသည်။ ဟော်တူက တုတ်ကောက်ကို အားပြုရင်း တစ်လှမ်းချင်း ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။ သူ၏ ခြေလှမ်းများက ကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်ခံထားရသော လူငယ်လေးတစ်ဦး၏ ရှေ့တွင် ရပ်တန့်သွားသည်။
အကျဉ်းထောင်ထဲတွင် ထိုင်ခုံတစ်လုံး ရှိနေသော်လည်း သူက ဝင်မထိုင်ပေ။ သူ၏ နက်မှောင်သော မျက်ဝန်းများက သူ့ရှေ့မှ လူငယ်ကို အကဲခတ်နေသည်။ ထိုလူငယ်က အသက် ၁၈ နှစ် သို့မဟုတ် ၁၉ နှစ်ခန့်သာ ရှိပေလိမ့်မည်။ အပြာရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး စာပေပညာရှင်တစ်ယောက်၏ အသွင်အပြင်မျိုး ရှိသည်။ အဖမ်းခံထားရသဖြင့် မျက်နှာတွင် ပေရေနေသော်လည်း သူ၏ ချောမောသော ရုပ်ရည်နှင့် ကြည်လင်တောက်ပနေသော မျက်ဝန်းများကိုတော့ ဖုံးကွယ်ထား၍ မရပေ။ လက်များကို ချည်နှောင်ခံထားရသော်လည်း သူ၏ နောက်ကျောက မာန်ပါပါဖြင့် ဖြောင့်စင်းနေဆဲပင်။
ဟော်တူက ခပ်တိုးတိုး ရယ်မောလိုက်သည်။
‘စာပေပညာရှင်တွေရဲ့ ခေါင်းမာပြီး မာနကြီးတဲ့ စရိုက်လက္ခဏာကတော့ အပြည့်ပဲ’
ဟော်တူက သူ့၏တောင်ဝှေးပေါ်တွင် တင်ထားသည့် သူ့လက်ကို တချက် ငုံ့ကြည့်လိုက်ပြီး ထိုလူ၏ မတ်မတ်ရပ်နေသော ကိုယ်ခန္ဓာကို ကြည့်လိုက်ပြန်သည်။ သူ့၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားပြီး အေးစက်စွာ စမေးလိုက်သည်။
"မင်းက တာ့လီကလား"
ထိုလူငယ်က အေးစက်စွာ နှာမှုတ်လိုက်သော်လည်း ဘာမှ ပြန်မဖြေခဲ့ပေ။ ဟော်တူက ဆွပေးလိုက်သည်။
‘ဒီလိုပညာရှင်တွေရဲ့ အားနည်းချက်ကို သူ သိတယ်လေ၊ သူတို့ကို ရန်စပေးတာက အထိရောက်ဆုံးပဲ’
"ဘာလဲ၊ စကားတောင် မပြောရဲတော့ဘူးလား"
"ဘာကို မပြောရဲရမှာလဲ"
ထိုလူငယ်က ဟော်တူကို မကြောက်မရွံ့ တိုက်ရိုက် စိုက်ကြည့်ကာ ထပ်ပြောလာခဲ့သည်။
"မင်း ဘယ်သူလဲဆိုတာ ငါ သိတယ်၊ ငါ မင်းလက်ထဲ ရောက်နေပြီဆိုတော့ သတ်ချင်သတ်၊ ခုတ်ချင်ခုတ် မင်း ကြိုက်တာလုပ်"
"ဟက်.... စိတ်မပူပါနဲ့"
ဟော်တူက သူ့လက်ထဲမှ ခရမ်းရောင်ကျောက်တုံးလေးကို ဆုပ်ကိုင်ထားရင်း မေးလိုက်ပြန်သည်။
"မင်းက တာ့လီရဲ့ မင်းသမီးလေးအတွက် တာ့ချီကို လာခဲ့တာလား"
“ဟုတ်တယ်”
ထိုလူငယ်၏ မျက်လုံးများမှ အကြည့်များက ခိုင်မာလွန်းလှသည်။
ဟော်တူက လက်ကို အနည်းငယ် မြှောက်ကာ အစောင့်များကို အချက်ပြလိုက်ပြီး အစောင့်တစ်ယောက်က ထိုလူငယ်၏ လက်မှ ကြိုးများကို ဖြည်ပေးလိုက်သည်။ ထို့နောက် သူက အနားသို့ တိုးသွားကာ ထိုလူငယ်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ သူ့၏ ခန္ဓာကိုယ်ထဲတွင် အတွင်းအား အနည်းငယ်မျှပင် မရှိဘဲ အားနည်းနေသည်ကို တွေ့လိုက်ရသည်။
"တစ်ယောက်ယောက်ကို ကယ်ချင်တာလား"
ဟော်တူက အထင်အမြင်သေးသော အကြည့်ဖြင့် လှောင်ပြောင်ရင်း ပြောလိုက်ပြန်သည်။
"မင်းတစ်ယောက်တည်းနဲ့လား"
ထိုစကားကို ကြားလိုက်ရချိန်တွင် လူငယ်လေး၏ မာနထောင်လွှားသော အမူအရာက ပြိုကွဲသွားသည်။ သူက အံ့ကြိတ်ထားပြီး မျက်နှာကြီး နီရဲလာကာ စကားမပြောနိုင်တော့ပေ။
‘ဘာလို့လဲဆိုတော့ သူ့မှာ ငြင်းဆိုစရာ အကြောင်းမရှိဘူးလေ၊ ဒီအခြေအနေမှာ သူပိုင်ဆိုင်တဲ့ အသိပညာတွေအားလုံးက ဘာမှ အသုံးမဝင်တော့ဘူး’
“မင်း လူကို ကယ်တင်နိုင်ရင်တောင်......”
ဟော်တူက ထပ်မံ ရယ်မောပြီးမှ ဆက်ပြောလိုက်သည်။
“သူက အတိတ်က တာ့လီရဲ့ မြင့်မြတ်တဲ့ မင်းသမီးဖြစ်နေဦးမယ်လို့ မင်း ထင်နေသေးတာလား”
နောက်ဆုံးတွင် ထိုလူငယ်၏ မျက်နှာပေါ်၌ နာကျင်နေသည့် အမူအရာများ ပေါ်လာပြီး သူ့အကြည့်များလည်း မှေးမှိန်သွားသည်။
‘ပုံပြင်စာအုပ်တွေထဲက နှလုံးသားမဲ့တဲ့ စာပေပညာရှင်တွေလိုပဲ ဒီအသုံးမဝင်တဲ့ ပညာရှင်ကလည်း သူ့အမှားကို ရုတ်တရက် သဘောပေါက်ပြီး ဟန်ဆောင်ထားတဲ့ နက်ရှိုင်းတဲ့ ချစ်ခင်မှုကို ရပ်တန့်လိမ့်မယ်လို့ သူ မျှော်လင့်တယ်။
ဒါဆိုရင် သူလည်း ဒီလူကို ကြည်လင်တဲ့ စိတ်နဲ့ ပြန်လွှတ်ပေးနိုင်ပါတယ်’
သို့သော် ထိုလူငယ်က ရုတ်တရက် မျက်လုံးများ ပြူးကျယ်လာပြီး ဇွဲမလျှော့သော လေသံဖြင့် အော်ဟစ်လိုက်သည်။
“သူက တာ့လီရဲ့ မင်းသမီး မဟုတ်တော့ရင်တောင် ငါ့စိတ်ထဲမှာတော့ သူက အမြဲတမ်း ငါ့ရဲ့ မင်းသမီးလေးပဲ၊ ငါက အသုံးမဝင်ရင်တောင် ငါ အသက်ရှူနေသေးသရွေ့ သူ့အတွက် ဘယ်တော့မှ အရှုံးမပေးဘူး”
ထိုစကားအဆုံးတွင် အကျဉ်းထောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လေထုကလည်း ရုတ်တရက် အေးခဲသွားသလို လူတိုင်း ခံစားလိုက်ရသည်။
“သူ့ကို လွှတ်ပေးလိုက်”
ဘေးတွင် ရပ်နေသော လျှို့ဝှက်အစောင့်များက အံ့အားသင့်နေကြပြီး အချင်းချင်း မယုံကြည်နိုင်စွာ ပြန်ကြည့်နေကြသည်။
‘သူတို့ရဲ့သခင် အရှင့်သားက စကားမှားပြောမိတာလား’
‘ဒါမှမဟုတ် သူတို့ နားကြားလွဲသွားတာလား’
ဟော်တူ၏ အမိန့်ကြောင့် အစောင့်များက သူတို့ နားကြားမှားလေသလားဟုပင် သံသယဝင်သွားကြသည်။ သို့သော် ဟော်တူ၏ စိတ်မရှည်သော အကြည့်များကြောင့် ထိုလူငယ်ကို လျှို့ဝှက်အကျဉ်းထောင်အပြင်ဘက်သို့ အလျင်အမြန် ခေါ်ထုတ်သွားကြသည်။
လူငယ်လေးက ဟော်တူကို သံသယဝင်နေသည့် အကြည့်များဖြင့် စိုက်ကြည့်နေရင်း အစောင့်များနှင့်အတူ ပါသွားခဲ့သည်။ အန်းရွှယ်က ဟော်တူ အနားသို့ တိုးလာကာ မေးလာခဲ့သည်။
"အရှင့်သား ဒီလူနဲ့ ထိုက်ဇီဖေးတို့ရဲ့ ပတ်သက်မှုကို ထပ်ပြီး စုံစမ်းလိုက်ရမလား"
"မလိုဘူး"
ဟော်တူက အေးစက်စွာ တားမြစ်လိုက်ပြီး အမိန့်ထပ်ပေးလိုက်သည်။
"အားလုံး ထွက်သွားကြတော့"
လျှို့ဝှက်အကျဉ်းထောင်ထဲတွင် သူ တစ်ယောက်တည်း ကျန်ရစ်နေချိန်တွင် ဟော်တူက ထိုလူငယ်၏ ခေါင်းမာသော အမူအရာကို ပြန်တွေးတောနေခဲ့သည်။
ဤလူက မည်သူမည်ဝါဖြစ်ကြောင်း သူ ခန့်မှန်းနိုင်သည်။ တာ့လီ ကျဆုံးပြီးနောက် လက်နက်ချရန် ငြင်းဆန်သော တော်ဝင်မိသားစု၊ မင်းမျိုးမင်းနွယ်များနှင့် တာ့လီ၏ ဝန်ကြီးများအားလုံးကို ကွပ်မျက်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ရွေးချယ်ကာ လက်နက်ချခဲ့သူများကို လွတ်ငြိမ်းခွင့်ပေးခဲ့သည်။ ရှုပ်ထွေးမှုများကြားမှ ထွက်ပြေးလာသူအချို့ကလည်း နေရာအမျိုးမျိုးသို့ ပျံ့နှံ့သွားခဲ့ကြသည်။
ထိုလူ၏ အသွင်အပြင်ကို ကြည့်လျှင် သူက ချမ်းသာပြီး မြင့်မြတ်သော နောက်ခံမှ ဆင်းသက်လာမှန်း သေချာနေသည်။ သူ့စကားအရဆိုလျှင် လဲ့ကျစ်ကို သိနေကြောင်းလည်း သူ အတတ်ပြောနိုင်သည်။
‘သူ့ရဲ့ မြေခွေးလေးက အရမ်းတောက်ပတာလေ၊ ဟိုလူယုတ်မာ ဟော်ရှအပြင် သူ့ကို ကြိုက်တဲ့သူတွေ အများကြီး ရှိမှာ အသေအချာပဲပေါ့’
‘ဒါကြောင့် သူက အဲ့ဒီလူကို တမင်တကာ စမ်းသပ်ခဲ့ပေမယ့် မမျှော်လင့်ဘဲ ခိုင်မာပြတ်သားတဲ့ စကားလုံးတွေကိုပဲ ကြားလိုက်ရတယ်’
ဟော်တူက ရေပူစမ်းအပန်းဖြေအိမ်၌ လဲ့ကျစ် ပြောပြခဲ့သည့် တာ့လီ၏ ကောင်းမြတ်ခြင်းနတ်ဘုရား ဒဏ္ဍာရီကိုလည်း ပြန်အမှတ်ရမိနေသည်။
‘ဒီလူရဲ့ ကြည်လင်တဲ့မျက်လုံးတွေနဲ့ အဲ့ဒီဒဏ္ဍာရီကို သူ မဆက်စပ်ဘဲ မနေနိုင်ဘူး’
‘ရုတ်တရက် ဒီလိုလူမျိုးကမှ လဲ့ကျစ်နဲ့အတူ ရှိနေသင့်တယ်လို့ သူ ခံစားလိုက်ရတယ်။ သန့်စင်ပြီး ကြင်နာတတ်တဲ့လူ၊ စိတ်ထားဖြူစင်တဲ့လူ၊ လက်တွေမှာ သွေးစွန်းခဲ့ဖူးတာမျိုးလည်း မရှိဘူး…
ဟော်မိသားစုကသာ သူမကို ငရဲထဲ ဆွဲမခေါ်ခဲ့ဘူးဆိုရင် အခုချိန်မှာ သူမလည်း အဲ့လိုလေး ဖြစ်နေမှာပဲ’
လူငယ်၏ စကားများကို ပြန်ကြားယောင်ရင်း ဟော်တူက စက္ကန့်ပိုင်းမျှ ထိုသူကို သတ်ပစ်ချင်စိတ် ပေါ်လာခဲ့သော်လည်း သူ မလုပ်နိုင်ခဲ့ပေ။
သူက မိုက်မဲသူ မဟုတ်ပေ။ ထိုလူငယ်က လဲ့ကျစ်နှင့် မည်မျှပင် ရင်းနှီးသည်ဖြစ်စေ၊ သူက တာ့လီမှ ဖြစ်ပြီး ဘာအမှားမှ လုပ်ထားသူလည်း မဟုတ်ပေ။ အကယ်၍ သူ ထိုသူကို သတ်လိုက်ပြီး လဲ့ကျစ် ပြန်သိသွားပါက သူမနှင့် သူ ထာဝရ ဝေးကွာသွားပေလိမ့်မည်။ လူချင်း မဝေးလျှင်ပင် သူမ၏ နှလုံးသားက သူ့ထံမှ ထွက်ပြေးသွားလိမ့်မည် ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်နေသည်။
‘ငါက မိုက်မဲတဲ့သူမှ မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး လုပ်ရမှာလဲ’
......။......။.......
ကောင်းကင်က ကြည်လင်ပြီး လင်းလက်နေသည်။
ဤသို့ နေသာသောနေ့တွင် လဲ့ကျစ်က နောက်ဖေးခြံ၌ အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေပြီး လီယောင် ရောက်လာခဲ့သည်။
“သခင်မ သတင်းကောင်းပါပဲ”
လီယောင်က ဝမ်းသာအားရ ပြောပြနေသည်။
“အခု တော်ဝင်ညီလာခံမှာ ဟော်ရှအကြောင်း မကောင်းပြောသူတွေ များလာပြီ၊ သူက တာ့လီရဲ့ စစ်ပွဲပြီးကတည်းက ဘာအောင်မြင်မှုမှ မပြနိုင်တဲ့အပြင် ဇနီးဖြစ်တဲ့ ရှန်းချင်းယန်ကို လျစ်လျူရှုပြီး အစေခံတစ်ယောက်ကို မျက်နှာသာပေးနေတဲ့ သတင်းတွေကလည်း ဟိုးလေးတကျော်ကျော် ဖြစ်နေပြီ၊ ရှန်းလူကြီးမင်းကလည်း အရမ်းဒေါသထွက်နေပြီး ဒီနေ့မနက် ညီလာခံမှာ ဧကရာဇ်ဆီ အစီရင်ခံစာ တင်လိုက်ပြီတဲ့”
"တကယ်လား၊ ဒါဆိုရင်တော့ သူ့အတွက် မီးစာလေးတွေ ထပ်ထည့်ပေးရမှာပေါ့"
လဲ့ကျစ်က နှုတ်ခမ်းကို တွန့်ကာ ပြုံးနေရင်း လီယောင်ကို လှမ်းပြောလိုက်သည်။
"လီယောင် စာရေးဖို့ စုတ်တံနဲ့ စာရွက် ပြင်ပေးပါဦး"
လီယောင်က ချက်ချင်း ပြင်ဆင်ပေးလိုက်သည်။ လဲ့ကျစ်က စုတ်တံကို ကိုင်ကာ ဟော်ရှ၏ 'ကျင့်ရှန်း'ဟူသော ဘွဲ့နာမည်နှင့် လုံးဝ မကိုက်ညီသည့် အရှက်မဲ့သော အပြုအမူများကို ထုတ်ဖော်ရန် စာများ စတင်ရေးသားနေသည်။
[ကျင့်ရှန်း၊ ကျင်းရှန်း၊ ကျင့်လည်းမဟုတ်၊ ရှန်းလည်းမဟုတ်တဲ့ ကျင့်ရှန်း....
အပေါ်ယံမှာ လူကြီးလူကောင်းတစ်ယောက်၊ ဖုံးကွယ်ထားတဲ့ မျက်နှာကတော့ သရဲတစ်ကောင်....
အရှက်မဲ့ပြီး ကျေးဇူးကန်းတဲ့သူ......
သီလမရှိရင် ရာထူးနဲ့ မထိုက်တန်တော့ တိုင်းပြည်နဲ့ မိသားစု ငြိမ်းချမ်းဖို့ ခက်ခဲစေတယ်]
ဟော်ရှ၏ အာဏာနှင့် ဂုဏ်သတင်းကို ဖျက်ဆီးရန် လဲ့ကျစ်က သူမ၏ အစီအစဉ်များကို စတင်လိုက်ပြီ ဖြစ်သည်။
လဲ့ကျစ်၏ စုတ်တံအဆုံးသတ် ဆွဲသားချက်က ပြင်းထန်လွန်းလှသဖြင့် စာရွက်ပင် ပေါက်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူမက စုတ်တံကို အသာချကာ ထိုစာရွက်ကို လီယောင်ထံ ကမ်းပေးလိုက်သည်။ ဤကဗျာကို သာမန်ပြည်သူများအကြား သီဆိုစေခြင်းက ဟော်ရှ၏ သိက္ခာကို ဖြိုခွင်းရန် အကောင်းဆုံး လက်နက်ပင်။
ဟော်ရှ စစ်နိုင်ပြီး တိုင်းပြည်သို့ ပြန်လာစဉ်က အောင်ပွဲခံခဲ့သော်လည်း၊ ယခုကဲ့သို့ အေးစက်လှသော လုပ်ရပ်များ၊ ဇနီးအပေါ် ဖောက်ပြန်မှုများက လူထု၏ ဝေဖန်မှုကို အကြီးအကျယ် ခံရပေလိမ့်မည်။ ကလေးငယ်များအကြား ဤသရုပ်ဖော်ကဗျာကို ဖြန့်ဝေထားလိုက်လျှင် မကြာမီ တာ့ချီဧကရာဇ်၏ နားထဲသို့ ရောက်ရှိသွားပြီး ဟော်ရှအတွက် ကြည့်ကောင်းသော ပြဇာတ်တစ်ခု စတင်ပေတော့မည်။
လဲ့ကျစ်က ခပ်တိုးတိုး လှောင်ပြောင်လိုက်သည်။ သူမက သတင်းကောင်းကို စောင့်မျှော်နေပြီး သူ့ကို တဖြည်းဖြည်းချင်း ရိုက်နှက်ရန် အခွင့်အရေးများ စောင့်နေမည် ဖြစ်သည်။
‘ငါ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက တည်ငြိမ်ပြီး တိကျရမယ်’
လဲ့ကျစ်က ကျေနပ်စွာ ပြုံးလိုက်ပြီး လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်သည်။ သို့သော် သူမ သောက်ခါနီးမှာပင် သွယ်လျသော လက်တစ်ဖက်က ခွက်ကို ဖြတ်လုယူသွားသဖြင့် သူမ မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်မိသည်။
ဘီးတပ်ထိုင်ခုံပေါ်တွင် ထိုင်နေသော ဟော်တူက သူမ၏ လက်ဖက်ရည်ကို လုသောက်လိုက်ပြီး ဘာမှမဖြစ်သလို ခပ်တည်တည် ပြုမူနေသည်။
“မြောင်.... မြောင်”
ဟော်တူ၏ ပေါင်ပေါ်ရှိ ထော့ကျိုးလေးဟော်က လဲ့ကျစ်ကို မြင်သည်နှင့် ပွေ့ဖက်ခိုင်းရန် အတင်းအော်နေပြီး သူမက အပြုံးဖြင့် သူ့ကို ကောက်ချီလိုက်သည်။
ဟော်တူက လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်ပြီး ထော့ကျိုးလေးဟော် ဖိထားခဲ့သည့် သူ့ပေါင်ပေါ်မှ စာအုပ်ကို ကောက်ယူကာ စဖတ်နေလေသည်။
“အရှင့်သားက ဒီနေ့ တကယ်ကို စိတ်ကြည်နေတာပဲ၊ ဘာစာအုပ်တွေ ဖတ်နေတာလဲ”
လဲ့ကျစ်က စပ်စုလိုက်သည်။
ဟော်တူက စာအုပ်ကို ခေတ္တပိတ်ကာ ပြန်ဖြေလိုက်သည်။
"စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖတ်နေတာပါ"
"ဘာအကြောင်းလဲ"
"ကြင်ယာတော်ရွေးတဲ့ မင်းသမီးလေးအကြောင်းလေ"
ဟော်တူက လေသံအေးအေးဖြင့် ဆက်ပြောလိုက်သည်။
"အဲဒီမင်းသမီးက ထိပ်တန်းစာပေပညာရှင်ကို ရွေးလိုက်မယ်လို့ ကိုယ် မမျှော်လင့်ထားဘူး၊ အဲဒီမင်းသမီးက တကယ်ကို အမြင် မရှိတာပဲ"
“အဲ့လိုလား.... အဲဒါက ပုံပြင်ပဲလေ၊ အရှင့်သား မကြိုက်ရင် မဖတ်နဲ့ပေါ့"
လဲ့ကျစ်က သူ့၏ ဆိုလိုရင်းကို နားမလည်ဘဲ ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။
"နေပူထဲမှာ လက်ဖက်ရည်သောက်ရတာ အရမ်းကောင်းတာပဲ"
“အိုး”
ဟော်တူက သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း မေးလာပြန်သည်။
“ထိုက်ဇီဖေးလည်း မင်းသမီးလေးတစ်ပါးပဲဆိုတာ ကိုယ် မေ့သွားတယ်၊ မင်းကရော အဲဒီလို ထိပ်တန်းစာပေပညာရှင်မျိုးကို သဘောကျလား”
လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ စဉ်းစားနေခဲ့သည်။ သူမက ငယ်စဉ်ကတည်းက စာဖတ်ရခြင်းကို မုန်းတီးခဲ့ပြီး ထို့အတွက်ကြောင့်လည်း မရေမတွက်နိုင်အောင် အပြစ်တင်ခံခဲ့ရသည်။ ပညာရှင်များ၏ ဟန်ဆောင်မှုနှင့် သက်ရောက်မှုများသော ကဗျာများကြောင့် သူမ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည်။
သူမ မကြိုက်ကြောင်း ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူမ၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို သတိရသွားသည်။ ထို့ကြောင့် သူမက စကားကို ပြန်ပြင်ကာ မပွင့်တပွင့် ပြန်ဖြေလိုက်သည်။
“အင်း.. အဆင်ပြေပါတယ်၊ မကြိုက်တာမျိုး မရှိဘူး”
လဲ့ကျစ်၏ ထိုအမူအရာကို မြင်နေရသော ဟော်တူ၏ မျက်ဝန်းများတော့ ချက်ချင်း အေးစက်သွားပြီး အောက်သို့ ငုံ့ကာ ပြုံးနေပြန်သည်။
'သေချာတာပေါ့ သူမက သူတို့ကို သဘောကျနေတာပဲ'
.......။.......။.....
သုံးရက်အကြာ.... နံနက်ခင်း ညီလာခံတွင်.....
ညီလာခံသို့ တက်ရောက်ခဲလှသော ဟော်တူက ယနေ့ ဧကရာဇ်မင်းမြတ်၏ ပြင်းထန်သော အမျက်ဒေါသကို ကိုယ်တိုင်လာကြည့်နေလေသည်။
“ဘန်း”
ဟော်ချန်ယွင်က အစီရင်ခံစာကို စားပွဲပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြီး ခန်းမတစ်ခုလုံး တုန်ခါသွားသည်။
"ကျင့်ရှန်းဝမ်.... မင်းက တကယ်ကို အရည်အချင်းရှိနေတာပဲ"
ဧကရာဇ်၏ အော်ဟစ်သံက ဟော်ရှအတွက် ပျက်စီးခြင်း နိမိတ်ပုံပင်။
ဧကရာဇ်၏ အမျက်ဒေါသကြောင့် ဟော်ရှ၏ ခြေထောက်များ တုန်ယင်သွားကာ ခန်းမအလယ်၌ ဒူးထောက်ကျသွားသည်။
"ဒီသားတော်က ဘာမှားခဲ့သလဲဆိုတာ မသိပါဘူး၊ ခမည်းတော် ရှင်းပြပေးဖို့ တောင်းဆိုပါတယ်"
သူက တုန်တုန်ယင်ယင် ပြန်လျှောက်တင်နေသည်။
ဟော်ချန်ယွင်က အစီရင်ခံစာကို စွေ့ဖုန်းထံ ပစ်ချပေးလိုက်ပြီး အမိန့်ပေးသည်။
"ဖတ်ပြလိုက်စမ်း၊ သူ့ကို အကုန်ဖတ်ပြလိုက်"
ဇောချွေးများ ပြန်နေသည့် စွေ့ဖုန်းက အစီရင်ခံစာမှ အချက်အလက်များကို တလုံးချင်း ဖတ်ပြနေပြီး ဟော်ရှ၏ မျက်နှာက သွေးမရှိသလို ဖြူရော်သွားသည်။ တာ့လီကို ဖျက်ဆီးနိုင်ခဲ့ခြင်းက တာ့ချီအတွက် အောင်ပွဲကြီး ဖြစ်ခဲ့သော်လည်း၊ အိမ်နီးချင်းတိုင်းပြည်များက ဟော်ရှကို 'ကျေးဇူးကန်းသူ' ဟု သမုတ်ကာ ကဲ့ရဲ့နေကြသည်။ ထိုသတင်းများက ကလေးသူငယ်များ၏ သီချင်းများ၊ သရုပ်ဖော်ပြဇာတ်များအဖြစ် တာ့ချီပြည်သူများအကြား ပျံ့နှံ့နေပြီး၊ ဟော်ရှ၏ ပျော်ပါးမူးယစ်နေမှုများကလည်း ဧကရာဇ်၏ စိတ်ရှည်မှုကို ကုန်ခန်းစေခဲ့သည်။
ဟော်ချန်ယွမ် ဟော်ရှအပေါ် မကျေမနပ် ဖြစ်နေသည်မှာ ကြာနေပြီ ဖြစ်ပြီး ယနေ့ သူ့ကို ဆုံးမရန် အကောင်းဆုံးအခွင့်အရေး ဖြစ်လာခဲ့သည်။
"ဒီသားတော် အပြစ်ကို သိပါပြီ၊ အပြစ်ပေးတာကို ခံယူပါ့မယ်"
ဟော်ရှက ခေါင်းငုံ့ဝန်ခံနေသည်။
အတော်ကြာ ငြိမ်သက်သွားပြီးနောက် ဟော်ချန်ယွင်က သက်ပြင်းချဟန်ပြုကာ မိန့်ကြားလိုက်သည်။
"တာ့လီကို သိမ်းပိုက်တုန်းက မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်၊ အခု မင်းကို အပြစ်မပေးတော့ဘူး၊ အိမ်မှာပဲ တံခါးပိတ်နေပြီး အမှားတွေကို ပြန်သုံးသပ်ပါ"
ထို့နောက် ဟော်တူဘက်သို့ လှည့်ကာ ပြောလာပြန်သည်။
"ရှဖေးထိုင်ရဲ့ ကိစ္စရပ်အားလုံးကိုတော့ ထိုက်ဇီကပဲ တာဝန်ယူ စောင့်ကြပ်ပေးရမယ်"
ရှဖေးထိုင်တွင် တာ့လီမှ လူများကိုသာ အကျဥ်းချထားခြင်း ဖြစ်သည်။ ဤသည်မှာ ဟော်ရှအပေါ် ဝေဖန်မှုများမှ ကာကွယ်ပေးရန် ဦးတည်လိုက်သော ဧကရာဇ်၏ ရည်ရွယ်ချက်ဖြစ်သည်။
သို့သော်လည်း ဟော်ရှကတော့ ထိုသိုမမြင်နိုင်ဘဲ သူ့၏ အာဏာကို အလုခံရသလို ခံစားနေရပြီး သူ့မျက်ဝန်းထဲတွင် မကျေနပ်မှုများ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာခဲ့သည်။
“ညီလာခံ သိမ်းမယ်၊ ထိုက်ဇီ နေခဲ့”
ညီလာခံသိမ်းပြီးနောက် သားအဖနှစ်ဦးတည်း ကျန်နေခဲ့သည်။
"တူအာ၊ ရှဖေးထိုင်ကို မင်းလက်ထဲ အပ်လိုက်ပြီ၊ မင်းညီတော်လို ငါ့ကို စိတ်မပျက်စေနဲ့ဦး"
ဟော်တူက ခပ်ဖွဖွရယ်မောရင်း ခနဲ့လိုက်သည်။
"ခမည်းတော်က ဒီသားတော်ရဲ့စကားတွေကို နှလုံးသွင်းလိုက်ပုံပဲ၊ ခမည်းတော်က သားတော်ဆီကို ရှဖေးထိုင် ပေးချင်နေတာ ရှင်းသွားပြီပေါ"
"မင်း... လူယုတ်မာကောင်"
ဟော်ချန်ယွင် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ဟော်တူက ဂရုမစိုက်ဘဲ လှည့်ထွက်သွားသည်။
"ဒီသားတော် အနားယူပါတော့မယ်"
"နေဦး"
ဧကရာဇ်၏ လေသံက အနည်းငယ် ပျော့ပြောင်းသွားပြီး ထပ်ပြောလိုက်သည်။
"မင်း ဘာကိုပဲ လိုချင်လိုချင် ရ မရက မင်းအပေါ်မှာပဲ မူတည်တယ်"
ဟော်တူက မည်သည့်အဖြေမှ မပေးဘဲ ပြန်ထွက်သွားခဲ့သည်။
ဟော်ချန်ယွင်က ထွက်ခွာသွားသော ဟော်တူ၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်နေခဲ့သည်။
‘ဒီနှစ်တွေတစ်လျှောက်မှာ သူ့ရဲ့သားက သူ့နောက်ကွယ်မှာ ဘာတွေလုပ်ခဲ့လဲဆိုတာ သိပ်မသိခဲ့ရပေမယ့် သူ လုံးဝ သတိမထားမိတာမျိုးတော့ မဟုတ်ပါဘူး၊ နောက်ဆုံးတော့ တပည့်က ဆရာထက် လက်စောင်းထက်သွားခဲ့ပြီ၊ အဲ့ဒါက သူ့ကို ကျေနပ်စေတယ်၊ ဒါပေမယ့် ဟော်တူက သူ့ကို မုန်းနေတယ်ဆိုတာကိုလည်း သူ သိထားပြီး သားပါ။ သူ့ရဲ့ အစွမ်းအထက်ဆုံးသားက ဟော်တူ မဟုတ်ရင် ကောင်းမှာပဲလို့တောင် သူ ဆုတောင်းခဲ့ဖူးတယ်... ဒါပေမယ့် ဟော်ရှ... နောက်ဆုံးတော့ အရာအားလုံးက အများကြီးပိုလွယ်သွားခဲ့တယ်။
ဘာပဲဖြစ်ဖြစ် သူ အသက်ကြီးလာပြီ။ သူ့ဘဝမှာ တိုင်းပြည်လေးခုနဲ့ မျိုးနွယ်စုသုံးခုကို ပေါင်းစည်းနိုင်မလားဆိုတာ မသေချာတော့ဘူး...’
ဟော်ချန်ယွင်က တစ်ကိုယ်တည်း ရယ်မောလိုက်မိပြန်သည်။ အကယ်၍ ဟော်တူက တာ့လီ၏ မင်းသမီးလေးကို တကယ် စွဲလန်းနေသည်ကမှ ပိုကောင်းမည်ဟု သူ တွေးနေမိပြန်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးအား ထိန်းချုပ်ရန် 'ခံစားချက်' ဟူသော အားနည်းချက် ရှိနေခြင်းက ပို၍ အဆင်ပြေသောကြောင့်ပင်။ သို့သော် ဟော်တူက သူ၏ မိခင်ကဲ့သို့ စိတ်ခံစားချက်နောက် လိုက်မည့်သူလား၊ သို့မဟုတ် သူနှင့်တူကာ ပို၍ ကြောက်မက်ဖွယ်ကောင်းသူလား ဆိုသည်ကတော့......
......။.......။......
"ဘာလဲ.... ခုနက ဘာပြောလိုက်တာလဲ၊ ထပ်ပြောပါဦး"
ကျင့်ရှင်း၏ မျက်နှာထက်တွင် အပြုံးများ ဝေစည်နေသည်။ သူမက လဲ့ကျစ်၏ အံ့ဩမှင်သက်နေသော ပုံစံလေးကို ကြည့်ကာ စိတ်ရှည်လက်ရှည်ဖြင့် ထပ်ပြောပြနေသည်။
"ဒီနေ့မနက် ညီလာခံမှာ ဧကရာဇ်မင်းမြတ်က ရှဖေးထိုင်က အရာအားလုံးကို အရှင့်သားထိုက်ဇီဆီ လွှဲပြောင်းပေးအပ်လိုက်ပြီလို့ ပြောတာပါ သခင်မရဲ့"
လဲ့ကျစ်၏ မျက်ဝန်းများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေဆဲပင်။ ထိုစဉ် ရင်းနှီးလှသော အသံတစ်သံက သူမ၏ အတွေးများကို အသိပြန်ဝင်လာစေသည်။
"မင်း ပျော်နေလား"
ဟော်တူ၏ အမေးကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က သူ၏ အင်္ကျီလက်စလေးကို ဆုပ်ကိုင်လျက် ထပ်မေးလိုက်သည်။ သူမ၏ ရင်ထဲမှ လှိုက်တက်လာသော စိတ်လှုပ်ရှားမှုများကြောင့် သူမ၏အသံလေးပင် တုန်ယင်နေလေသည်။
"အဲဒါ အမှန်ပဲလားဟင်"
ဟော်တူက သူမ၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးကာ တိုးတိုးလေး အဖြေပေးလိုက်သည်။
“အင်း”
“ကောင်းလိုက်တာ”
သူမက သူ့လက်ကို ဆွဲယမ်းကာ ဝမ်းသာအားရ ရေရွတ်နေပြန်သည်။
“ဒါဆိုရင် ကျွန်မ အစ်မဆီကို နေ့တိုင်း သွားတွေ့လို့ ရပြီပေါ့နော်”
ဟော်တူက ခပ်ဖွဖွ ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ဒါပေါ့ မင်းအစ်မကို ခေါ်ဖို့ အန်းရွှယ်ကို လွှတ်လိုက်ပြီ၊ သူက အခုကစပြီး ဒီစံအိမ်တော်မှာပဲ နေတော့မှာ"
ဤသည်မှာ ဟော်တူ လဲ့ကျစ်အတွက် သေချာပြင်ဆင်ထားသော လက်ဆောင်ကြီး ဖြစ်သည်။ လဲ့ကျစ်တစ်ယောက် ဝမ်းသာလွန်းသဖြင့် မူးလဲမတတ် ဖြစ်သွားရသည်။ သူမက ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် အလောတကြီး ပြောကာ ပြေးထွက်သွားတော့သည်။
"ကျွန်မ မီးဖိုချောင်ကို အရင်သွားပြီး အစ်မအကြိုက်ဆုံး အစားအစာတွေ ပြင်ဆင်ထားလိုက်ဦးမယ်"
ဟော်တူကတော့ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကာ ကျန်ရစ်ခဲ့သည်။
'ဒါပဲလား.... လက်ဆောင်ကြီးတစ်ခုလုံး ပေးတာတောင် တချက်လောက်မှ ပွေ့ဖက်မသွားဘူးပေါ့၊ ငါ့ကို တကယ်ပဲ မထီမဲ့မြင် ပြုနေတာပဲ'
ခဏအကြာတွင် အန်းရွှယ် ပြန်ရောက်လာသည်။ သို့သော် သူ၏ အဝတ်အစားများက ဖရိုဖရဲ ဖြစ်နေပြီး တိုက်ပွဲတစ်ခုနှင့် ကြုံခဲ့ရသည့် လက္ခဏာမျိုး ဖြစ်နေလေသည်။
"အန်းရွှယ်၊ ဘာဖြစ်တာလဲ"
ဟော်တူက အသံမာမာဖြင့် မေးလိုက်သည်။
"အရှင့်သား လမ်းမှာ တစ်ယောက်ယောက်က ရထားလုံးကို လုယူဖို့ ကြိုးစားလို့ ကျွန်တော်မျိုး တိုက်ခိုက်ပြီး ဖမ်းဆီးလာခဲ့ပါတယ်၊ သူက ဟိုနေ့ကလူပါပဲ၊ ထိုက်ဇီဖေးရဲ့ အစ်မကို ကယ်ဖို့ ကြိုးစားခဲ့တာပါ"
'သူပဲလား ဒီတစ္ဆေက တဝဲလည်လည် လုပ်နေပြန်ပြီ'
‘ဒီလူက လဲ့ကျစ်ကို ကောင်းကောင်းနားလည်ပုံရတယ်၊ သူမ ဘာကို ဂရုအစိုက်ဆုံးလဲဆိုတာ သိတယ်၊ ဒါကြောင့် သူ့လိုပဲ လဲ့ကျင်းကို ကယ်တင်ပေးပြီး လဲ့ကျစ်ကို ကူညီချင်ပုံရတယ်’
ထိုအချိန်တွင် လဲ့ကျစ် ပြန်ရောက်လာပြီး အန်းရွှယ်ကို မြင်သည်နှင့် အလောတကြီး လှမ်းမေးလိုက်သည်။
"ကိုယ့်ရံတော်အန်း ပြန်လာပြီလား၊ ကျွန်မအစ်မရော... အခု ဘယ်မှာလဲ"
ဟော်တူက မတ်တပ်ထရပ်ပြီး သူမ၏ လက်ကောက်ဝတ်ကို ဆွဲကာ ပြန်ဖြေလိုက်သည်။
"မင်းအစ်မက ဧည့်ခန်းမှာ နားနေတယ်၊ အခုတော့ မင်း တစ်ယောက်ယောက်နဲ့ အရင်တွေ့ဖို့ ကိုယ်နဲ့ လိုက်ခဲ့"
"ဘယ်သွားမလို့လဲ၊ ကျွန်မအစ်မကို အရင်တွေ့လို့ မရဘူးလား"
လဲ့ကျစ်က တတွတ်တွတ် ရေရွတ်နေသော်လည်း ဟော်တူ၏ မျက်နှာ အေးစက်သွားသည်ကို မြင်လိုက်ပြီး ချက်ချင်း အလျော့ပေးလိုက်သည်။
"ကောင်းပြီလေ၊ အရှင့်သားနောက် လိုက်ခဲ့ပါ့မယ်"
ဟော်တူက သူမကို နောက်ဖေးခြံသို့ ခေါ်လာခဲ့သည်။ ထိုနေရာတွင် လူငယ်တစ်ဦးကို ကြိုးဖြင့်ချည်ကာ ရပ်ခိုင်းထားသည်။
"ကျွန်မတို့ ဘယ်သူနဲ့ တွေ့ရမှာလဲ၊ ဘာလို့ ဒီလောက်တောင် လျှို့ဝှက်နေတာလဲ"
လဲ့ကျစ်၏ ရေရွတ်သံများက နေရောင်အောက်တွင် ရပ်နေသော ထိုလူငယ်၏ မျက်နှာကို မြင်လိုက်ရချိန်တွင် ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏ မျက်ဝန်းအစုံက အံ့ဩတုန်လှုပ်မှုများနှင့်အတူ ဝိုင်းစက်သွားတော့သည်။
လဲ့ကျစ်၏ မျက်နှာထက်တွင် ပေါ်လာသော ရှုပ်ထွေးလှသည့် အမူအရာကို ကြည့်ရင်း ဟော်တူက သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေကြောင်း အတည်ပြုနိုင်ခဲ့သည်။
‘သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် သိနေကြတယ်ဆိုတာ သေချာသွားပြီ’
“အစ်ကို ဖူရှန်း”
လဲ့ကျစ်၏ နှုတ်ဖျားမှ ထိုအမည်ကို အမှတ်တမဲ့ လှမ်းအော်လိုက်မိသည်။ ဖူရှန်းကလည်း လဲ့ကျစ်ကို မြင်လိုက်ရသည်နှင့် မျက်ဝန်းများ တောက်ပသွားကာ ပြန်ထူးလိုက်သည်။
“ကျစ်ကျစ်”
ဟော်တူ၏ မျက်လုံးများကတော့ ထိုအသံကြောင့် ပိုအေးစက်လာသည်။ သူက လဲ့ကျစ်ကို ကြည့်လိုက်၊ ဖူရှန်းကို ကြည့်လိုက်နှင့် သူ့မျက်နှာတွင် နှင်းခဲများ ဖုံးလုမတတ် ဖြစ်နေလေသည်။
'အစ်ကို ဖူရှန်း တဲ့လား'
'သူမမှာ ဘာလို့ အစ်ကိုတွေ ဒီလောက်တောင် များနေရတာလဲ'
“အရှင့်သား”
လဲ့ကျစ်က ကြိုးချည်နှောင်ခံထားရသော ဖူရှန်းကို ကြည့်ကာ ချက်ချင်း သတိပြန်ဝင်လာပြီး ဟော်တူ၏ လက်ဖဝါးကို ဆုပ်ကိုင်လျက် တောင်းပန်တိုးလျှိုးလိုက်သည်။
“ဘာလို့ သူ့ကို ဖမ်းထားတာလဲဟင်၊ ဒါက တစ်ခုခု နားလည်မှုလွဲနေတာ ဖြစ်ရမယ်၊ သူက.... သူက တကယ်ကို လူကောင်းတစ်ယောက်ပါ”
“လူကောင်း ဟုတ်လား”
ဟော်တူက ထိုစကားလုံးကို ခပ်ဖိဖိ ရေရွတ်လိုက်သည်။
“သူက လူကောင်းတစ်ယောက်ပေါ့လေ”
သူ၏ နှုတ်ခမ်းထောင့်များက မထီမဲ့မြင်ဟန်အပြည့်ဖြင့် တွန့်ကွေးသွားပြီး လဲ့ကျစ်ကို မျက်နှာသေဖြင့် စိုက်ကြည့်နေသည်။
'ဒီတော့ မင်းက လူကောင်းတွေကို ကြိုက်တယ်ပေါ့လေ ဟုတ်လား'
“ကျစ်ကျစ်၊ သူ့ကို မတောင်းပန်နဲ့”
ဖူရှန်းက လဲ့ကျစ်၏ နူးညံ့ပျော့ပျောင်းစွာ တောင်းပန်နေသည့် အသွင်အပြင်ကို မြင်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက ဟော်တူကို စိန်ခေါ်သလို စိုက်ကြည့်ရင်း အော်ပြောလိုက်သည်။
“မင်းမှာ တစ်ခုခုရှိရင် ငါ့ဆီကို လာခဲ့စမ်းပါ၊ ဘာလို့ ဒီကလေးမလေးကို ခက်ခဲအောင် လုပ်နေရတာလဲ”
ဟော်တူ၏ မျက်နှာပေါ်မှ အပြုံးက ပို၍ ကြောက်စရာကောင်းလာပြန်သည်။ သူက ဖူရှန်းကို ကြည့်ကာ စိတ်ထဲမှ လှောင်ပြောင်နေသည်။
'ဟက် သူက သူရဲကောင်းကြီး လုပ်ချင်နေတာလား'
ဟော်တူ၏ လက်သီးနှစ်ဖက်က တဖြည်းဖြည်း တင်းကျပ်လာသည်။ လဲ့ကျစ်က အခြေအနေ မဟန်တော့သည်ကို သိနေပြီး သူ၏ လက်သီးကို သူမ၏ လက်ကလေးများဖြင့် အမြန် အုပ်ကိုင်ကာ တတွတ်တွတ် ချော့မော့လိုက်သည်။
“စိတ်မဆိုးပါနဲ့၊ အရှင့်သား.... စိတ်မဆိုးပါနဲ့နော်၊ သူက မဟုတ်တာတွေ လျှောက်ပြောနေတာပါ၊ အရှင့်သားက သူနဲ့ ငြင်းခုံမနေပါနဲ့နော်”
“ကျစ်ကျစ်၊ သူ့ကို မတောင်းပန်နဲ့လို့ ပြောနေတယ်လေ”
“ရှင် ပါးစပ်ပိတ်ထားလို့ မရဘူးလား”
လဲ့ကျစ်က ဖူရှန်းကို လှည့်အော်လိုက်သည်။
‘ရှင်က ကမောက်ကမတွေ ဖြစ်အောင် လုပ်နေတာ’
လဲ့ကျစ်တစ်ယောက် စိုးရိမ်စိတ်နှင့်အတူ စိတ်ရှုပ်ထွေးလာရသည်။
'ငါ့အစ်မက ဘာလို့ ဒီလောက် ခေါင်းမာတဲ့ စာဂျပိုးကို ကြိုက်ခဲ့တာလဲ'
သို့သော် ဖူရှန်း၏ နာကျင်ညှိုးငယ်နေသော မျက်ဝန်းများကို မြင်လိုက်ရချိန်တွင်တော့ သူမ၏ စိတ်ထဲမှ စကားလုံးတစ်လုံးက အမှတ်မထင် ထွက်ပေါ်လာသည်။
“ခဲအို”
“ခဲ...အို...လား”
ဟော်တူတစ်ယောက် အနှစ်နှစ်ဆယ်တာ ဘဝသက်တမ်းတစ်လျှောက်အတွင်း ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်လွန်းသောကြောင့် ခြေချော်လုနီးပါး ဖြစ်သွားရသည်။ သူ၏ ရင်ထဲမှ တောက်လောင်နေသော မနာလိုမှု မီးလျှံများကလည်း ထိုစကားလုံးတစ်လုံးတည်းနှင့်ပင် ဖျတ်ခနဲ ငြိမ်းသတ်ခံလိုက်ရသည်။
.......။......။........
ဒီစာရေးသူမှာ ပြောစရာ ရှိပါတယ်။
ဖူရှန်း : "ပြောစရာ စကားတောင် မရှိတော့ဘူး၊ မင်းမိန်းမတစ်ယောက်တည်းကပဲ မင်းသမီးလေးလား"
ဟော်တူ : "ငါ ငါ တကယ် မထိန်းနိုင်တော့ဘူး၊ မင်းတို့က ဆွေမျိုးတွေလို့ ဘာလို့ စောစောက မပြောတာလဲ၊ အခုမှတော့ ငါ့မှာ အခွင့်အရေးရှိသေးတယ်လို့ မင်းထင်လား"
ကျစ်ကျစ် : "ရှက်မနေပါနဲ့တော့"
အခန်း ၄၈ တစ်ရှီးချန်ရဲ့ လေးပုံတစ်ပုံ
အစောင့်များက အတွေ့အကြုံရင့်ကျက်သူများ ဖြစ်ကြပြီး သွက်လက်သော လှုပ်ရှားမှုများဖြင့် ဖူရှန်း၏ ကြိုးများကို တတ်နိုင်သမျှ အမြန်ဆုံး ဖြည်ပေးလိုက်ကြသည်။ ကြိုးဖြည်ပြီးသည်နှင့် အရှင့်သားထိုက်ဇီ၏ ထူးဆန်းသော အမိန့်ကို နာခံကာ အနောက်ဘက်ခြံဝင်းမှ တိတ်တဆိတ် အလျှိုလျှို ထွက်ခွာသွားကြသည်။
မကြာမီအချိန်အတွင်းမှာပင် ကျယ်ပြောလှသော ခြံဝန်းကြီးထဲတွင် လဲ့ကျစ်နှင့် ဖူရှန်းတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
လဲ့ကျစ်က ဟော်တူ ထွက်ခွာသွားသော လမ်းကို လိုက်ကြည့်နေပြီး အံ့အားသင့်ကာ နားမလည်နိုင် ဖြစ်နေခဲ့သည်။
‘ခုနလေးတင် သူ့ရဲ့မျက်ဝန်းထဲက ဒေါသမီးလျှံတွေကို ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာပါ၊ ဒါပေမယ့် ငါ "ခဲအို" လို့ ခေါ်လိုက်တာနဲ့ သူ ခန္ဓာကိုယ်ကြီး တုန်လှုပ်သွားကာ သူ့မျက်လုံးတွေက တစ်မျိုးကြီး ဖြစ်သွားပြန်တယ်’
ဟော်တူက အစောင့်များကို ထွက်သွားရန် အမိန့်ပေးခဲ့ပြီး "မင်းတို့နှစ်ယောက် စကားပြောကြဦး" ဟု တိုတိုတုတ်တုတ် ထပ်ပြောကာ ချက်ချင်း ထွက်သွားခဲ့ခြင်း ဖြစ်သည်။ သူ၏ အမူအရာက တစ်စုံတစ်ခုကြောင့် ရှက်ရွံ့သွားဟန်ဖြင့် ထွက်ပြေးသွားသလို ဖြစ်နေခဲ့သည်။ လဲ့ကျစ်က မျက်မှောင်ကြုတ်နေပြီး ဟော်တူ ဘာတွေးနေသည်ကို လုံးဝ ခန့်မှန်း မရဖြစ်နေကာ ပို၍ စိတ်ရှုပ်ထွေးသွားရသည်။
“ကျစ်ကျစ်”
ဖူရှန်း၏ ခေါ်သံကြောင့် လဲ့ကျစ် အတွေးများနေရာမှ သတိပြန်ဝင်လာခဲ့သည်။ သူမက ရှေ့သို့ အမြန်တိုးသွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“အစ်ကိုဖူရှန်း ဘာတွေ ဖြစ်ကုန်တာလဲ၊ အစ်ကိုက ဘာလို့ ဒီကို ရောက်နေရတာလဲ”
ဖူရှန်းက လဲ့ကျစ်၏ မျက်နှာကို စိုက်ကြည့်နေပြီး သူ့ရင်ထဲတွင် မချိတင်ကဲ ဖြစ်သွားရသည်။
‘အရင်က လူတိုင်းရဲ့ အချစ်ခံလေး ဖြစ်ခဲ့ဖူးပြီး အရမ်းနူးညံ့သိမ်မွေ့တဲ့ မင်းသမီးလေးက အခု အများကြီး ရင့်ကျက်သွားခဲ့ပြီ၊ အဲ့ဒီရင့်ကျက်မှုက အသက်အရွယ်ကြောင့် ရလာတဲ့ ရင့်ကျက်မှုမဟုတ်ဘဲ လက်တလော ကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ ဘဝရဲ့အပြောင်းအလဲတွေကြာင့် ဆိုတာကို သူ မမြင်နိုင်ဘဲနေပါ့မလား’
‘အဲ့ဒါက သူ့ကို တကယ်ရင်နာစေတယ်’
‘တာ့ချီရဲ့စစ်သည်တွေ မြို့တော်ကို တိုက်ခိုက်တဲ့နေ့က သူက ဖန်းယန်မြို့ကို ရောက်ရှိနေခဲ့တယ်။ သူ သတင်းကြား ကြားချင်း ပြန်ဖို့ ကြိုးစားတယ်။
သူ ချစ်မြတ်နိုးရတဲ့ လူတွေ၊ သူ့မိသားစုတွေ အားလုံးက မြို့တော်မှာ ရှိနေကြတာလေ။ ဒါပေမယ့် ဖန်းယန်မြို့ရဲ့မြို့စားမင်းက သူ့ကို မေ့မြောသွားအောင် ရိုက်နှက်ပြီး လျှို့ဝှက်ခန်းထဲမှာ ပိတ်လှောင်ထားခဲ့တယ်၊ အရာအားလုံး ပြီးဆုံးသွားမှပဲ သူ ပြန်လွတ်မြောက်လာခဲ့တယ်။
သူ ပြန်ထွက်လာတဲ့အချိန်မှာ အရာအားလုံး ပြောင်းလဲသွားပြီ။
သူ့တိုင်းပြည်နဲ့ သူ့မိသားစု ပျောက်ကွယ်သွားခဲ့တယ်။ တိုင်းပြည်နဲ့ အိုးအိမ်ပျက်စီးသွားပြီး ချစ်ရသူတွေနဲ့ ဝေးကွာခြင်းဆိုတဲ့ အရာက သူ့ကို အဆုံးစွန်သော ဝေဒနာကို ပေးခဲ့တယ်’
‘သူ ဒီအတောအတွင်း နေရာအနှံ့ ပုန်းအောင်းနေတဲ့ တာ့လီက လူတွေကို စုရုံးပြီး ဆွေမျိုးတွေကို ကယ်တင်ဖို့ တာ့ချီကို ရောက်လာခဲ့တယ်။ ဒါပေမယ့် တာ့ချီထဲကို စိမ့်ဝင်လာပြီးတဲ့နောက်မှာ တာ့ချီရဲ့ အင်အားကို မြင်လိုက်ရပြီး သူ စိတ်ပျက်အားငယ်ခဲ့ရတယ်။ လူတွေကို ကယ်ဆယ်ဖို့ ဘယ်လောက်ခက်ခဲမယ်ဆိုတာ သူ နားလည်ခဲ့ရတယ်။ ဒါပေမယ့် မြို့တော် ကျဆုံးတဲ့နေ့မှာ ရှောင်ကျင်း ခံစားခဲ့ရတဲ့ အရှက်ရမှုကို သိရှိပြီးကတည်းက သူ့နှလုံးသားက မခံမရပ်နိုင်အောင် နာကျင်နေပြီး အဆက်မပြတ် ကွဲအက်သွားနေခဲ့တယ်။
စာအုပ်တွေပဲ ဖတ်ခဲ့မိတဲ့ သူ့ကိုယ်သူလည်း အသုံးမကျတဲ့သူလို့ သတ်မှတ်လိုက်ပြီး မုန်းတီးမိတယ်။ တကယ်လို့ သူသာ သိုင်းပညာ သင်ယူခဲ့ရင် သူ ချစ်ရတဲ့ 'ရှောင်ကျင်း' ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလား။’
‘ရှဖေးထိုင်က အစောင့်အကြပ်တွေ ထူထပ်လွန်းလို့ သူ အနားတောင် မကပ်နိုင်ခဲ့ဘူး။ ပြီးတော့ လဲ့ကျစ် သူ့အစ်မဆီ လာလည်တာကို တွေ့လိုက်ရတဲ့အချိန်မှ သူ လဲ့ကျစ် ထိုက်ဇီနဲ့ လက်ထပ်လိုက်ရတာကို သိခဲ့ရတယ်။
ရှောင်ကျင်းရဲ့ အချစ်ဆုံးညီမငယ်လေးက ကြောက်မက်ဖွယ်ကောင်းတဲ့ စမ်းသပ်မှုတွေကို မရေမတွက်နိုင်အောင် ခံခဲ့ရပြီလား။
သူ ဒါကို တွေးတောင် မတွေးရဲဘူး။’
‘သူ သူမနောက်ကို တိတ်တဆိတ် လိုက်သွားခဲ့ပေမယ့် အပြင်ထွက် မတွေ့ရဲဘူး။ ပထမတစ်ချက်က သူ့ကြောင့် လဲ့ကျစ် ဒုက္ခရောက်မှာကို သူ စိုးရိမ်တယ်၊ ဒုတိယအချက်အနေနဲ့ သူ အပြစ်ရှိသလို ခံစားနေရပြီး လဲ့ကျစ်တို့ညီအစ်မကို ရင်ဆိုင်ဖို့ ခွန်အား မရှိခဲ့လို့ပါ’
‘ရှောင်ကျင်းနဲ့ ကျစ်ကျစ်တို့ အနာကျင်ရဆုံး အချိန်တွေမှာ သူ အနားမှာ ရှိမနေပေးနိုင်ခဲ့ဘူး’
‘ဟော်တူဆီမှာ အဖမ်းခံလိုက်ရတဲ့ အချိန်မှာ သေမင်းနဲ့ တွေ့ပြီလို့ သူ ထင်ခဲ့ပေမယ့် ဟော်တူက သူ့ကို မေးခွန်းနည်းနည်း မေးပြီး လှောင်ပြောင်ရုံနဲ့ ပြန်လွှတ်ပေးခဲ့တယ်။ အဲ့ဒါကြောင့်လည်း သူ ရဲတင်းတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တယ်။ အဲ့ဒါက သူ ရှောင်ကျင်းကို ကယ်တင်ဖို့ ရှဖေးထိုင်ကို ဖောက်ထွင်းမယ်ဆိုတာပဲ။ နေ့တိုင်း နာကျင်မှုတွေနဲ့ စောင့်ဆိုင်းနေရမယ့်အစား သေခြင်းတရားနဲ့ အလောင်းအစားလုပ်ပြီး နောက်ဆုံးတစ်ကြိမ် ကြိုးစားဖို့ သူ ဆုံးဖြတ်ခဲ့တယ်’
ထိုအဆုံးမရှိသော စိတ်ပျက်အားငယ်မှုများကြားမှ ယခုကဲ့သို့ လဲ့ကျစ်နှင့် ပြန်ဆုံရခြင်းက သူ့အတွက် မမျှော်လင့်နိုင်သော အလင်းရောင်တစ်ခု ဖြစ်လာခဲ့သည်။
ဖူရှန်း လဲ့ကျင်းကို ကယ်တင်ရန် အခွင့်ကောင်း စောင့်နေချိန်တွင် ရှဖေးထိုင်မှ တစ်စုံတစ်ယောက်က လဲ့ကျင်းအား ခေါ်ထုတ်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ရထားလုံးကို အစောင့်များ ဝိုင်းထားသည်ကို သူ မြင်နေရပြီး ဦးဆောင်လာသူက ဟော်တူနှင့်အတူ ပါလာတတ်သည့် ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်မှန်းလည်း သူ မှတ်မိနေခဲ့သည်။
တာ့ချီတော်ဝင်မိသားစုဝင်များ၏ ရမ္မက်ကြီးမှုနှင့် ရက်စက်မှုများကို သူ ကောင်းကောင်းသိထားသောကြောင့် ဟော်တူ ရှောင်ကျင်းကို ခေါ်ထုတ်သွားသည်မှာ သူမကို သိမ်းပိုက်လို၍ဖြစ်မည်ဟု သူ တွေးလိုက်ပြီး အထိတ်တလန့် ဖြစ်ခဲ့ရသည်။ ရှဖေးထိုင်၏ သံတံတိုင်းက ခိုင်မာလှသဖြင့် ဤရှားပါးလှသော အခွင့်အရေးကို အသုံးချကာ ရှောင်ကျင်းကို လုယူကယ်တင်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ထပ်မံဖမ်းဆီးခြင်း ခံခဲ့ရပြန်သည်။
"တောင်းပန်ပါတယ်၊ ကျစ်ကျစ်"
ဖူရှန်းက နောင်တနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်များကြောင့် ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒါက ငါ အသုံးမကျလို့ပါ၊ မင်းရဲ့အစ်မကို ငါ မကယ်နိုင်ခဲ့ဘူး၊ မင်းကိုလည်း အခုလို အနှောင့်အယှက် ဖြစ်စေခဲ့တယ်"
လဲ့ကျစ်က သူ၏ စိတ်ပျက်နေသော အမူအရာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ လက်ရှိ အခြေအနေများက ဖူရှန်းတစ်ယောက်တည်း၏ အပြစ်မှ မဟုတ်ချေ။ သူလည်း တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားနေခဲ့ခြင်းပင်။
"စိတ်မကောင်းမဖြစ်ပါနဲ့ အစ်ကိုဖူရှန်း၊ ကျွန်မတို့ ဆက်ပြီး စောင့်နိုင်ပါသေးတယ်"
ထိုအချိန်မှသာ ဖူရှန်းက စိုးရိမ်တကြီး မေးလာခဲ့သည်။
"ကျစ်ကျစ်၊ မင်းရော အဆင်ပြေရဲ့လား?"
"ကျွန်မကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အစ်မက...."
"ရှောင်ကျင်း ဘာဖြစ်နေလို့လဲ၊ သူ ဘယ်မှာလဲ၊ ငါ သူ့ကို အခုချက်ချင်း တွေ့ချင်တယ်"
ဖူရှန်းက စိုးရိမ်စိတ်ကြောင့် ပူလောင်နေသည့်တိုင် သူ ရောက်နေသည့် နေရာကို သတိရသွားပြီး သူ့မျက်လုံးများ မှေးမှိန်သွားပြန်သည်။
"ငါ သွားတွေ့လို့ ရပါ့မလား၊ ဟိုလူက တာ့ချီရဲ့ ထိုက်ဇီလေ"
လဲ့ကျစ်က ခဏစဉ်းစားပြီးနောက် ဤကိစ္စကို ဟော်တူနှင့် စကားပြောလျှင် ပိုကောင်းမည်ဟု တွေးကာ လှည့်ထွက်ရန် ပြင်လိုက်သည်။
"ကျွန်မ သူ့ကို သွားမေးလိုက်မယ်"
"ကျစ်ကျစ်"
ဖူရှန်းက သူမကို လှမ်းတားပြီး အလေးအနက် ပြောလာပြန်သည်။
"မင်းအစ်မကို တွေ့ရဖို့အတွက် မင်း သူ့ရှေ့မှာ နှိမ်ချပြီး တောင်းပန်ရမယ်ဆိုရင်တော့ ငါ သေတာကမှ ပိုကောင်းဦးမယ်၊ ရှောင်ကျင်းလည်း ငါနဲ့ ထပ်တူ ခံစားရလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
လဲ့ကျစ်က ခေါင်းယမ်းကာ သူ့ကို နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့၊ သူက လူဆိုးမဟုတ်ပါဘူး"
ဖူရှန်းကတော့ သူမ၏ စကားကို မယုံနိုင်သလို မျက်မှောင်ကြုတ်နေလေသည်။ လဲ့ကျစ်က သူ စိတ်ပူမည်ကို စိုးရိမ်သောကြောင့် လိမ်ညာနေသည်ဟု သူ ထင်နေခဲ့သည်။ လျှို့ဝှက်အကျဉ်းထောင်တွင် ရှိစဉ်က ဟော်တူ၏ ရန်လိုမှု၊ မထီမဲ့မြင်ပြုမှုနှင့် လှောင်ပြောင်သော စကားများကို သူ မမေ့နိုင်သေးပေ။
‘ဒီလိုလူက ဘယ်လိုလုပ် လူကောင်းဖြစ်နိုင်မှာလဲ...’
‘ပြီးတော့... သူ့ရဲ့မျိုးရိုးနာမည်က ဟော်၊ သူက ဟော်ချန်းယွမ်ရဲ့သား’
လဲ့ကျစ်လည်း နားမလည်နိုင်ဖြစ်နေပြီး ဇဝေဇဝါ ဖြစ်နေရသည်။
‘အစ်ကိုဖူရှန်းက ဟော်တူအပေါ် ဘာကြောင့် ဒီလောက်ထိ မကျေမနပ်ဖြစ်နေရတာလဲ။ ဟော်တူက သူ့ကို ဖမ်းမိသွားလို့ဆိုရင် အဲဒါမျိုး မဖြစ်သင့်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ဟော်တူက သူ့ကို ဘာမှ မလုပ်သေးဘူး’
"အစ်ကိုဖူရှန်း၊ အစ်ကိုက ဘာလို့ သူ့ကို အဲဒီလောက်တောင် မုန်းနေရတာလဲ"
ဖူရှန်းက လျှို့ဝှက်အကျဉ်းထောင်မှ အဖြစ်အပျက်ကို ဖုံးကွယ်မထားဘဲ လဲ့ကျစ်ကို ပြောပြလိုက်သည်။
"သူက ရှောင်ကျင်းကို တာ့လီရဲ့ မြင့်မြတ်တဲ့မင်းသမီးလေး မဟုတ်တော့ဘူးလို့ လှောင်ပြောင်ခဲ့တယ်"
ဖူရှန်းက ဒေါသတကြီး ပြောနေခဲ့သည်။ သူကိုယ်တိုင် စော်ကားခံရခြင်းက အရေးမကြီးသော်လည်း ရှောင်ကျင်းနှင့် ပတ်သက်လျှင်တော့ သူ လုံးဝ သည်းမခံနိုင်ပေ။
လဲ့ကျစ်က အံ့အားသင့်နေပြီး နောက်ပိုင်းတွင် ခဏတာမျှ စဉ်းစားကြည့်လိုက်ရာ ဟော်တူ၏ လုပ်ရပ်များကို အကြမ်းဖျင်း သဘောပေါက်သွားရသည်။
‘အဲ့တော့... အဲ့နေ့က ဒီလူနှစ်ယောက် အချိန်အတော်ကြာ စကားပြောခဲ့ကြပေမယ့် သူတို့က "မင်းသမီး" ဆိုတဲ့ စကားကိုပဲ ပြောပြီး လူတစ်ယောက်တည်းအထင်နဲ့ နားလည်မှုလွဲခဲ့ကြတာပဲ’
‘ငါ "ခဲအို" လို့ ခေါ်လိုက်တာနဲ့ ဟော်တူ ဘာကြောင့် အဲလောက် တုန်လှုပ်သွားပြီး ချက်ချင်း ထွက်ပြေးသွားတယ်ဆိုတာကို ငါ အခု ရှင်းရှင်းလင်းလင်း သိသွားပြီ’
"သူ နားလည်မှုလွဲသွားတာ ဖြစ်ရမယ်..."
လဲ့ကျစ်က သူမဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဘာလဲ”
"ဒါက အချိန်တိုအတွင်း ရှင်းပြဖို့ ခက်တယ်"
လဲ့ကျစ်က ညင်သာစွာ သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။
"အစ်ကိုဖူရှန်း၊ ဒီမှာ ခဏစောင့်နေပါဦးနော်၊ အစ်မနဲ့ သေချာပေါက် တွေ့ခွင့်ရအောင် ကျွန်မ လုပ်ပေးပါ့မယ်"
ထိုနောက် သူမကတော့ ဟော်တူကို ရှာရန် ထွက်ခွာလာခဲ့သည်။
သို့သော် သူမ စာကြည့်ခန်းမှ ခန်းမကြီးတစ်လျှောက် အိပ်ခန်းပါမကျန် စံအိမ်တော်အနှံ့ ရှာပြီးသော်လည်း သူ့ကို မတွေ့သေးပေ။ သူမက သူ နန်းတော်မှ ထွက်သွားပြီဟု ထင်လိုက်မိပြီး မေးမြန်းရန် ဂိတ်တံခါးသို့ သွားခဲ့သေးသည်။ သို့သော်လည်း အစောင့်များက မင်းသားကို မတွေ့ခဲ့ဘူးဟုသာ ပြန်ဖြေကြသည်။
‘ဟော်တူက ဘယ်ကို သွားနေတာလဲ’
“ထိုက်ဇီဖေး၊ အရှင့်သားထိုက်ဇီကို ရှာနေတာလား”
နောက်ဆုံးတွင် အန်းရွှယ် ရောက်လာပြီး တိုးတိုးလေးပြောလာခဲ့သည်။
“ကျွန်တော်မျိုးနောက်ကို လိုက်ခဲ့ပေးပါ”
လဲ့ကျစ်က အန်းရွှယ်နောက်မှ လိုက်လာခဲ့ပြီး မြောက်ဘက်ထောင့်မှ ဖန်လုံအိမ်ဆီသို့ ရောက်လာခဲ့သည်။
“ဒါက ဘယ်နေရာလဲ”
“အရှင့်သား စိတ်အနှောင့်အယှက်ဖြစ်တဲ့အခါ သူ တစ်ယောက်တည်း ဒီကို လာလေ့ရှိပါတယ်၊ ဒါက ထိုက်ဇီအိမ်တော်ရဲ့ ကန့်သတ်နယ်မြေပါ၊ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်လို့ မရဘူး၊ ထိုက်ဇီဖေး... အရှင့်သားကို ဒီမှာ စောင့်နိုင်ပါတယ်”
လဲ့ကျစ်က သူမ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး အန်းရွှယ်လည်း ပြန်ထွက်ခွာသွားသည်။
မြောက်လေတိုက်ခတ်လာသောကြောင့် အေးလာသည့်တိုင် လဲ့ကျစ်က သူမ၏ဝတ်ရုံကာ တင်းတင်းစေ့ကာ သည်းခံနေပြီး လှေကားထစ်များပေါ်တွင် ခြေစုံပိုက်ကာ ထိုင်စောင့်နေခဲ့သည်။
‘ဒါက သူ့ရဲ့ကန့်သတ်နယ်မြေဆိုတော့ သူမ ဝင်သွားလို့ မဖြစ်ဘူးလေ။ လူတိုင်းမှာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နည်းလမ်းကိုယ်စီ ရှိကြတယ်။ သူမ သူ့ကို လေးစားပြီး အနှောင့်အယှက် မပေးချင်ဘူး’
ကံကောင်းစွာဖြင့် သိပ်မကြာခင် ဟော်တူက ဖန်လုံအိမ်ထဲမှ ထွက်လာခဲ့သည်။ လှေကားထစ်ပေါ်တွင် ကလေးငယ်တစ်ယောက်လို ထိုင်စောင့်နေသော လဲ့ကျစ်ကို မြင်လိုက်ရချိန်တွင်တော့ သူ သိသိသာသာ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်ပြန်သည်။
လဲ့ကျစ်ကလည်း သူမ၏လက်ကလေးများကို ပွတ်သပ်ရင်း ထရပ်လိုက်ကာ သူ့ဆီသို့ ပြေးသွားလိုက်သည်။
"အရှင့်သားက အထဲမှာ တော်တော်ကြာနေတာပဲ၊ အထဲမှာ အလှလေးတွေကို ဖုံးကွယ်ထားတာများ ဖြစ်နေမလား"
သူမက သူ့ကို စနောက်လိုက်သည်။ အေးစိမ့်စိမ့်လေက သူမ၏နားရွက်များကို ဖြတ်ကျော် တိုက်ခတ်နေသောကြောင့် သူမ၏ အနီရဲရဲဝတ်စုံလေးက လေအဟုန်၌ လွင့်ဝဲနေသည်။ သူမ၏ဝတ်စုံလေးက ဟော်တူ၏ အပြာရောင်ဝတ်ရုံကိုပင် သွားပွတ်တိုက်နေသေးသည်။
ဟော်တူက ဘာမှမပြောဘဲ သူမ၏ လက်ကောက်ဝတ်ကို ဆွဲယူကာ ဖန်လုံအိမ်ထဲသို့ ပြန်လည် ဆွဲခေါ်သွားခဲ့သည်။ တံခါးပိတ်လိုက်သည်နှင့် အပြင်ဘက်မှ လေအေးများ ပျောက်ကွယ်သွားပြီး ပန်းရနံ့များက နှာခေါင်းထဲသို့ တိုးဝင်လာသည်။
လဲ့ကျစ်က အရောင်စုံလင်လှသော အမည်မသိ ပန်းများကို ငုံ့ကြည့်ရင်း ကြောင်အသွားရပြန်သည်။ ဟော်တူက ပန်းများနှင့် အပင်များကို နှစ်သက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူမ သူ့ကို ဘေးတိုက် ကြည့်လိုက်ချိန်တွင် သူက ပန်းများကို တိတ်တဆိတ် ငေးကြည့်နေလေသည်။
လဲ့ကျစ်က ပန်းပွင့်လေးများ၏ ပွင့်ချပ်များကို စိုက်ကြည့်နေရင်း ပန်းများကို စကားပြောနေသလိုလို၊ သူမကိုယ်သူမ ပြန်ပြောနေသလိုလိုနှင့် စကားစပြောလိုက်သည်။
"အစ်ကိုဖူရှန်းက တာ့လီရဲ့ မဟာပညာရှိကြီးရဲ့ သားပါ၊ သူက သူ့အသက်ဆယ့်ငါးနှစ်မှာတင် ထိပ်တန်းစာပေပညာရှင် ဖြစ်ခဲ့တာ၊ သူနဲ့ ကျွန်မရဲ့အစ်မက ငယ်ငယ်လေးကတည်းက စေ့စပ်ခဲ့ကြတယ်၊ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်လည်း အရမ်းချစ်ကြတယ်၊ သူတို့ အိမ်ထောင်မပြုရသေးပေမယ့် ကျွန်မတို့ အချင်းချင်းပဲ ရှိတဲ့အချိန်ဆိုရင် ကျွန်မ သူ့ကို ခဲအိုလို့ပဲ ခေါ်ခဲ့တာ"
ထို့နောက် လဲ့ကျစ်က မျက်တောင်လေး ခတ်ကာ ဟော်တူကို ကြည့်လိုက်ပြီး လှမ်းမေးလိုက်သည်။
"အရှင့်သား သိချင်တာ ရှိသေးလားဟင်"
ဟော်တူက နှုတ်ခမ်းကို တွန့်ကာ ပြုံးနေသော်လည်း ထိုအပြုံးထဲတွင် သူ့ကိုယ်သူ လှောင်ပြောင်မှု အနည်းငယ် ရောယှက်နေသည်။
"မင်းက ဘာလို့ ကိုယ့်ကို ဒါတွေ လာပြောနေတာလဲ၊ ဖူရှန်းက ဘယ်သူပဲဖြစ်ဖြစ် ကိုယ်နဲ့ ဘာဆိုင်လို့လဲ"
လဲ့ကျစ်က သူနှင့် မျက်နှာချင်းဆိုင် ဖြစ်အောင် သွားရပ်လိုက်ပြီး သူ့ကို မော့ကြည့်ကာ နူးနူးညံ့ညံ့ ပြုံးပြလိုက်သည်။
"ကောင်းပါပြီ၊ အရှင့်သားက လုံးဝ မသိချင်ပါဘူး၊ ကျွန်မကပဲ ပြောချင်လွန်းလို့ ပြောပြတာပါ"
ထိုခဏ၌ ဟော်တူက အမှန်တရားတစ်ခုကို ရှင်းရှင်းလင်းလင်း သိမြင်သွားခဲ့သည်။
‘သူ့ရဲ့ ပျော်ရွှင်မှု၊ ဒေါသနဲ့ ဝမ်းနည်းမှုဆိုတဲ့ စိတ်ခံစားချက်တွေအားလုံးကို ဒီမိန်းကလေးက သူမလက်ခုပ်ထဲမှာ အလွယ်တကူ ဆုပ်ကိုင်ထားနိုင်နေပြီပဲ၊ သူကတော့ သူမအလိုကျ လှုပ်ရှားနေရတာ တော်တော်ကြာခဲ့ပြီပဲ’
လဲ့ကျစ်က မျက်လွှာချလိုက်ပြီး ဘေးတွင် ချထားသော ဟော်တူ၏ လက်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏တုန်ယင်နေသော လက်ကလေးဖြင့် ထိုလက်ကို လှမ်းကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ဟော်တူက ပြုံးနေသော်လည်း ထိုအပြုံးက မျက်ဝန်းဆီသို့ မရောက်နေပေ။
‘သူမက သူ့အပေါ်တွင် ကျေးဇူးတရားသက်သက်ဆိုတဲ့ ခံစားချက်ပဲ ရှိသေးတာလေ’
လဲ့ကျစ်က ရုတ်တရက် ရင်ထဲ၌ ဆို့တက်လာပြီး ငိုချင်သလို ခံစားလိုက်ရသည်။ သူမ ယခုမှ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
‘ဟော်တူ လိုချင်နေတာက ကျေးဇူးတရားထက် ပိုတဲ့အရာဆိုတာကို ငါ သိလိုက်ရပြီ။ ပြီးတော့ ငါ့ရဲ့ နှလုံးသားထဲက ခါးသီးတဲ့ အတိတ်တွေက ငါ့ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို ရိုးသားဖို့ တွန်းအားပေးနေပြန်တယ်’
'ကျေးဇူးတရားဆိုတဲ့ အရိပ်အောက်မှာ ငါ့နှလုံးသားက ဘာတွေကိုများ ထပ်ပြီး ဖုံးကွယ်ထားသေးလို့လဲ'
လဲ့ကျစ်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ ကျယ်ပြောလှသော ဖန်လုံအိမ်ကြီးက တိတ်ဆိတ်လွန်းနေပြီး ကမ္ဘာကြီး၏ အစွန်းတစ်ဖက်တွင် သူမတို့နှစ်ဦးတည်းသာ ရှိနေသကဲ့သို့ ထင်မှတ်နေရသည်။ ဤအခိုက်အတန့်လေးတွင် သူမ၏ စိတ်ထဲ၌ ပြင်းထန်ပြီး ထိန်းချုပ်ရန် ခက်ခဲသော မိုက်မဲသည့် အတွေးတစ်ခု ပေါ်လာခဲ့သည်။
‘မရည်ရွယ်ပေမယ့် ထိန်းချုပ်ဖို့ ခက်ခဲလောက်အောင် ခိုင်မာနေတဲ့.....အတွေးတစ်ခုလေ’
လဲ့ကျစ်က ဟော်တူဆီသို့ ဖြည်းညှင်းစွာ တိုးသွားလိုက်ပြီး သူ့ခါးကို သူမ၏လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ သူမ၏ မျက်နှာကိုလည်း သူ့လည်ပင်းပေါ်သို့ ညင်ညင်သာသာ မှီချလိုက်သည်။ ထိုခဏတာမျှအချိန်တွင် ဟော်တူ၏ နောက်ကျောကြီး တင်းမာသွားသည်ကို သူမ ခံစားလိုက်ရပြီး သူမ၏ နားရွက်နားတွင် ရှုပ်ထွေးနေသော အသက်ရှူသံနှင့်အတူ "မင်း" ဟူသော အသံ ထွက်ပေါ်လာသည်။
“မပြောပါနဲ့”
လဲ့ကျစ်က သူ့ကို စကားမပြောရန် တားလိုက်သည်။
လဲ့ကျစ်က သူ့ပခုံးပေါ်သို့ ခေါင်းမှီထားရင်း သူမ၏ စိတ်ထဲမှ ကြိတ်ဆုတောင်းနေမိသည်။
'တစ်ရှီးချန်ရဲ့ လေးပုံတစ်ပုံလောက်ပါပဲ၊ ခဏလေးပါ၊ ဒီခဏတာ အချိန်လေးမှာ... ငါ့ကိုယ်ငါ လောဘကြီးဖို့ တစ်ကြိမ်ပဲ ခွင့်ပြုလိုက်ပါရစေ'
တစ်ရှီးချန်၏ လေးပုံတစ်ပုံဟူသော အချိန်လေးတွင် တာ့လီ၏ မင်းသမီးနှင့် တာ့ချီ၏ ထိုက်ဇီ ဟူသော အဆင့်အတန်းများ မရှိတော့ပေ။ ရန်ငြိုးရန်စများလည်း မရှိတော့ဘဲ သူနှင့် သူမသာ ရှိနေတော့သည်။
ဟော်တူက သူမ၏ နောက်ကျောကို လက်ဖြင့် အနည်းငယ် ဖိပေးလိုက်ပြီး သူမကို သူ၏ ရင်ခွင်ထဲသို့ ပို၍ နီးကပ်လာစေသည်။ လဲ့ကျစ်က သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အပူချိန်ကို ခံစားရင်း သူမတို့နှစ်ဦး၏ ရောယှက်နေသော နှလုံးခုန်သံများကို တိတ်တဆိတ် နားထောင်နေသည်။ သူမက မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး အရှိန်ဖြင့် စီးကျလာတော့မည့် မျက်ရည်များကို ဂရုတစိုက် ဖုံးကွယ်ထားလိုက်သည်။
......။.......။.....
ဒီစာရေးသူမှာ ပြောစရာ ရှိပါတယ်။
ဟော်တူ: "ငါ နည်းနည်းတော့ စိတ်ရှုပ်ထွေးနေပြီ၊ ငါ့ဇနီးလေးက သူ့ဘက်ကနေ စပြီး ငါ့ကို အရင်ဖက်ခဲ့တာလား”