အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း ၄၉ မာန
ဖန်လုံအိမ်အတွင်းရှိ လေထုက နွေးထွေးစိုစွတ်နေပြီး ရောင်စုံပန်းပွင့်လေးများ ရှင်သန်ရန် သင့်တော်သော အပူချိန်ကို ထိန်းသိမ်းပေးထားသည်။ မင့်ရနံ့သင်းသင်းလေးကလည်း လေထဲတွင် တဝဲလည်လည် ရှိနေလေသည်။
လဲ့ကျစ်က အချိန်ကို စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်နေမိသည်။ သူမ၏ စိတ်က တဖြည်းဖြည်း တည်ငြိမ်လာသော်လည်း သူမ၏နှလုံးသားကတော့ ထိန်းမရနိုင်အောင် အပြင်းအထန် ခုန်လှုပ်နေဆဲပင်။ ဆန့်ကျင်ဘက် အင်အားနှစ်ခုက သူမ၏ နှလုံးသားကို တစ်ဖက်တစ်ချက်စီမှ ဆုပ်ကိုင်ကာ နာကျင်အောင် ဆုတ်ဖြဲနေသလို ခံစားနေရသည်။
သူမ၏ မျက်လုံးများကို ခေတ္တမှိတ်ထားလိုက်ချိန်တွင် အမှောင်ထုထဲမှ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အတိတ်မြင်ကွင်းများက ရုတ်တရက် အစီအရီ ပေါ်လာခဲ့သည်။ လဲ့ကျစ်က သူမ၏အသိစိတ်ကို ပြန်စုစည်းပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်သည်။ သူမ၏ လက်ချောင်းလေးများက ဟော်တူ၏ ခါးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမှန်း သတိပြုမိသွားပြီးနောက် သူမက ထိုလက်များကို ဖြည်းဖြည်းချင်း ဖြေလျော့လိုက်သည်။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်မှ ခွန်အားများ အကုန်ဆုံးရှုံးသွားသလို ဖြစ်သွားပြီး ဘေးဘက်သို့ ပျော့ခွေကျသွားတော့သည်။
သူမ လက်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ကျောပြင်ကို ပွေ့ဖက်ထားသော ဟော်တူ၏ လက်များက ပိုတင်းကြပ်လာသည်။ ထိုလက်တစ်ဖက်က သူမထံမှ ဆုံးရှုံးသွားသော ခွန်အားများကို ပြန်ဖြည့်ဆည်းပေးချင်သယောင်ဖြစ်နေပြန်သည်။
လဲ့ကျစ်၏ နှုတ်ခမ်းထောင့်တွင် နာကျင်မှုများ ပြည့်နှက်နေသော ခါးသီးသည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမ၏ ကလဲ့စားချေမှု ခရီးလမ်းကို ဖြတ်လမ်းနည်းဖြင့် လျှောက်လှမ်းခဲ့ရသည့် 'စျေးနှုန်း'က မည်မျှ ကြီးမားကြောင်းကို ယခုအချိန်မှ သူမ ကောင်းကောင်း နားလည်သွားရသည်။
အစပိုင်းတွင် လဲ့ကျစ်က ဟော်တူ၏ ခံစားချက်များကို အသုံးချကာ သူမ၏ ရည်မှန်းချက်ဆီသို့ လွယ်လွယ်ကူကူ ရောက်ရှိရန် ကြိုးစားခဲ့သည်။ သူမက စိတ်ခံစားချက်များကို နားမလည်သူဟု မိမိကိုယ်မိမိ ထင်မှတ်ခဲ့ပြီး ထိုခံစားချက်များကို အသုံးချရာတွင် ကျွမ်းကျင်သည်ဟု ယူဆခဲ့သည်။ ဟော်တူအပေါ်ထားသည့် သူမ၏ ခံစားချက်များကို သင့်တင့်သည့် အတိုင်းအတာအတွင်း ထိန်းသိမ်းထားနိုင်မည်ဟု အသေအချာ တွက်ဆထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ ဟန်ဆောင်ရသည့် စမ်းသပ်မှုတိုင်းနှင့် ပွင့်ပွင့်လင်းလင်း ဖလှယ်ရသည့် အနမ်းတိုင်းတွင် သူမ၏ နှလုံးခုန်သံကို သူမ မေ့လျော့နေခဲ့သည်။ ဟော်တူ၏ သွေးဆောင်မှုများ၊ နွေးထွေးမှုများနှင့် အနမ်းများကြားတွင် သူမကိုယ်တိုင်၏ နှလုံးသားကို ပေးအပ်မိလိုက်ပြီ ဖြစ်သည်။
သူမ မီးနှင့် ကစားရင်း မိမိကိုယ်ကိုယ် မီးလောင်စေခဲ့ပြီ ဖြစ်သည်။
လဲ့ကျစ်က လက်မြှောက်လိုက်ပြီး ဟော်တူ၏ ပခုံးကို အသာအယာ တွန်းထုတ်လိုက်သည်။ သို့သော် သူမ၏ နောက်ကျောကို ထိန်းထားသော ဟော်တူ၏ လက်က အနည်းငယ်မျှပင် လှုပ်မသွားပေ။ လဲ့ကျစ်က ပို၍ ပြင်းပြင်းထန်ထန် တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
ဟော်တူက လက်တစ်ဖက်ဖြင့် သူမကို ပွေ့ဖက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် တုတ်ကောက်ကို အားပြုထားရသည်။ သူ၏ မသန်စွမ်းသော ခြေထောက်ကြောင့် ခွန်အားရှိသမျှ အသုံးမပြုနိုင်ဘဲ လဲ့ကျစ် သူ့ရင်ခွင်ထဲမှ ရုန်းထွက်နိုင်ခဲ့သည်။ ဟော်တူအနေဖြင့် သူ၏ အတွင်းအားကို အသုံးပြုမည်ဆိုပါက လဲ့ကျစ် မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်သော်လည်း သူက ထိုသို့ မလုပ်ချင်ခဲ့ပေ။
လဲ့ကျစ်၏ မျက်ဝန်းများက တည်ငြိမ်နေသော်လည်း သူမ ရင်ထဲတွင် မည်မျှ နာကျင်နေကြောင်းကို ဟော်တူ ခံစားမိသည်။
‘သူမက သူမကိုယ်သူမ အပြစ်တင်နေတာလေ၊ သူမ အရမ်း နာကျင်နေရပြီ....’
ဟော်တူက လဲ့ကျစ်၏ ခံစားချက်များကို သိသွားခဲ့သော်လည်း သူ ခံစားလိုက်ရသည့် ဝမ်းမြောက်မှုက ချက်ချင်း ပြန်ပျောက်ကွယ်သွားခဲ့သည်။
‘လဲ့ကျစ်အတွက်တော့ သူမရဲ့ ချစ်ခင်ကြင်နာမှုတွေက သူမအတွက် မရှိသင့်တဲ့အရာ၊ ဝန်ထုပ်ဝန်ပိုးတစ်ခု.... သူမ ထုတ်မပြောသင့်တဲ့အရာတစ်ခုပါပဲ’
ဟော်တူက ကလေးဘဝကတည်းက နန်းတွင်းမှ လူများ၏ အကြံအစည်များကြားထဲ၌ ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး လူတစ်ယောက်ကို တစ်ချက်ကြည့်ရုံမျှနှင့် ထိူလူ၏နှလုံးသားကို ခန့်မှန်းနိုင်သည်။ လဲ့ကျစ်က ဟော်ရှကို ကျော်ပြီး သူ့ကို ရွေးချယ်ခဲ့ခြင်းက ကူကယ်ရာမဲ့နေသည့် အခြေအနေကြောင့်မှန်း သူ သိခဲ့သော်လည်း သူမ၏ ထက်မြက်မှုနှင့် ဇွဲလုံ့လတို့ကြောင့် သူကိုယ်တိုင် တဖြည်းဖြည်း ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သူက မသန်စွမ်းဖြစ်နေသော်လည်း သူ၏ မာနကိုတော့ တစ်ဝက်မျှပင် မလျော့ပေးနိုင်သူ ဖြစ်သည်။ သူက တစ်သက်လုံး ဂုဏ်အမောက်ဆုံး ဒုက္ခိတအဖြစ်သာ ရပ်တည်ပေလိမ့်မည်။ ထို့ကြောင့် သူက လဲ့ကျစ်ကို အတင်းအကြပ် ခိုင်းစေမည် မဟုတ်ဘဲ သူမ၏ ဆန္ဒအတိုင်း ပြုမူခွင့်ပေးထားခြင်းပင်။
ယနေ့တွင် ဟော်တူက လဲ့ကျစ်၏ နှလုံးသားကို ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် နားလည်ခဲ့ရပြီး သူမနှင့် အလွန်နီးကပ်နေပြီဟု ခံစားလိုက်ရသည်။ နီးကပ်လွန်းသဖြင့် သူမ၏ နှလုံးသားမှ သွေးထွက်နေသည့် ဒဏ်ရာများကိုပင် သူ မြင်နေရသည်။
ဟော်တူက နှစ်ပေါင်းများစွာ စနစ်တကျ ကြံစည်နေခဲ့သူ ဖြစ်သည်။ ဧကရာဇ်ဟော်ချန်ယွင်ပင်လျှင် သူ့ကို ထိန်းချုပ်ရန် ခက်ခဲပြီး သူ၏ အတွေးများကို မည်သူမျှ မခန့်မှန်းနိုင်ခဲ့ပေ။
'အိုး ငါ့ရဲ့ ခမည်းတော်ဧကရာဇ်ကတော့ လှပတဲ့ အိမ်မက်တစ်ခုကိုပဲ မက်နေဆဲပေါ့လေ။ တကယ်ကို ရယ်စရာကောင်းတာပဲ'
ဟော်တူက ဤကမ္ဘာပေါ်တွင် သူ အလိုရှိသမျှကို ရယူနိုင်ပြီး သူ လုပ်ဆောင်သမျှ အောင်မြင်သည်ဟု မိမိကိုယ်ကိုယ် ဂုဏ်ယူခဲ့သူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ လဲ့ကျစ်နှင့် သူ့ကြားမှ နက်ရှိုင်းလှသော အတားအဆီးကို သူ မကျော်လွှားနိုင်ဘဲ ပထမဆုံးအကြိမ်အဖြစ် ကူကယ်ရာမဲ့မှုကို ခံစားလိုက်ရသည်။
လဲ့ကျစ် တွန်းထုတ်လိုက်သောကြောင့် သူ့လက်က တဖြည်းဖြည်း ပြေလျော့သွားပြီး နှစ်ဦးသားကြားတွင် အကွာအဝေးတစ်ခု ခြားသွားသည်။ လဲ့ကျစ်က ခေါင်းငုံ့ထားပြီး သူ့မျက်လုံးများကို မကြည့်ဝံ့ဘဲ ဘေးသို့ ရှောင်ဖယ်နေပြန်သည်။ သူမ၏ မျက်ဝန်းများထဲမှ တောက်လောင်နေသော ခံစားချက်များအား သူ မြင်သွားမည်ကို သူမ စိုးရိမ်နေမိသလို မီးနှင့်ကစားမိသည့် သူမကိုယ်သူမလည်း ကြိမ်းမောင်းနေမိသည်။
‘ငါကတော့ မီးနဲ့ ကစားဖို့ ကံကြမ္မာပါလာပြီးသားလေ...ဒါပေမယ့် ဟော်တူက ဘာလို့ ငါ့လို လူမျိုးနဲ့ တွေ့ရတဲ့အထိ ကံဆိုးရတာလဲ’
လေထုထဲတွင် သူတို့နှစ်ဦး၏ အသက်ရှူသံများ ရှုပ်ထွေးနေဆဲဖြစ်သဖြင့် လဲ့ကျစ်က အခြေအနေကို ပြောင်းလဲရန် ပန်းများကို ကြည့်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒီပန်းတွေက ဘာပန်းတွေလဲဟင်"
သူမ၏ အသံက တုန်ယင်နေသော်လည်း ဟော်တူက သူမ၏ စကားနောက်သို့ လိုက်ပါပေးခဲ့သည်။ သူက ယခုန ပွေ့ဖက်မှုကြီး လုံးဝ မရှိခဲ့သလိုမျိုး ပေါ့ပေါ့ပါးပါး ပြုံးနေကာ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။
"ဘိန်းပန်း"
"ရှင်.... ဒါက ဘိန်းပန်းလား"
လဲ့ကျစ် အံ့ဩသွားရပြန်သည်။ သူမ ထိုပန်းအကြောင်းကို စာအုပ်များထဲမှ ဖတ်ဖူးခဲ့သည်။ တာ့လီၑ ဥပဒေတွင် ဤပန်းကို စိုက်ပျိုးခွင့် မရှိဘဲ တားမြစ်ထားသည့်အရာ ဖြစ်သည်။ ဤပန်းက ဆေးဖက်ဝင်သော်လည်း အလွန်အကျွံသုံးပါက ထင်ရောင်ထင်မှားဖြစ်စေပြီး စွဲလမ်းစေတတ်သောကြောင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
လဲ့ကျစ်က ဟော်တူကို တစ်ချက်ကြည့်လိုက်ပြီး ဤအိမ်တော်၌ အဘယ်ကြောင့် ဘိန်းပန်းများ စိုက်ပျိုးထားသည်ကို နားမလည်နိုင် ဖြစ်နေရသည်။
"အပြင် ထွက်ကြမယ်"
ဟော်တူက သူမကို ဆွဲယူလိုက်ရင်း ထပ်မေးလိုက်သည်။
“မင်းအစ်မကို မတွေ့ချင်တော့ဘူးလား"
အပြင်ဘက်တွင် လေအေးများ သိသိသာသာ လျော့ပါးသွားသော်လည်း ညင်သာစွာ တိုက်ခတ်နေဆဲပင်။ လေတိုက်နေသောကြောင့် လဲ့ကျစ်၏ ဆံပင်များက တွန့်လိမ်ကာ လွင့်ပျံလာပြီး သူမ၏မျက်နှာပေါ်သို့ ထိကပ်လာကြသည်။ ပူစီနံရနံ့လေး သင်းသင်းလေးကို သတိထားမိသောကြောင့် လဲ့ကျစ် အံ့သြသွားရပြန်သည်။
‘မဟုတ်ဘူး၊ ငါ့ရဲ့ဆံပင်တစ်ခုတည်းမဟုတ်ဘူး၊ ငါ့ရဲ့အင်္ကျီမှာဆိုရင် ရနံ့တွေ ပိုပြီးတောင် စွန်းထင်းနေပြီး စွဲထင်နေသေးတယ်’
ဟော်တူက သူ့ခြေလှမ်းကို ရပ်လိုက်ပြီး သူမ၏ ဆံပင်များကို သပ်ရပ်အောင် ပြန်ပြင်ပေးနေသည်။ လဲ့ကျစ်ကတော့ သူ့၏နူးညံ့သောအမူအရာကို ကြည့်ရင်း တွေးမိတွေးရာ တွေးနေမိသည်။
'ဒီပန်းတွေက သူ့ကို ကိုယ်စားပြုနေတာလား၊ အန္တရာယ်ရှိမှန်း သိပေမယ့်လည်း မရုန်းထွက်နိုင်ဘဲ စွဲလမ်းနေရသလိုမျိုးလေ'
ခဏအကြာတွင် လဲ့ကျစ်က ခေါင်းခါလိုက်ပြီး အတွေးများကို ဖယ်ထုတ်လိုက်သည်။
"အရှင့်သားကရော... ကျွန်မနဲ့ မလိုက်ဘူးလား"
ဟော်တူ၏ အကြည့်က သူမမျက်နှာပေါ်သို့ ကျရောက်လာသော်လည်း ဘာမှ မပြောဘဲ စိုက်ကြည့်နေခဲ့သည်။
‘သူ ဘယ်လိုအနေအထားနဲ့ လိုက်ရမှာလဲ၊ တာ့ချီရဲ့ အိမ်ရှေ့စံ.... ရန်သူရဲ့သား အနေနဲ့လား၊ ဒါမှမဟုတ် သူမရဲ့ 'မတ်'ဆိုတဲ့ အနေနဲ့လား...’
"အစ်မရဲ့ ရောဂါက အရမ်းပြင်းထန်တယ်"
လဲ့ကျစ်က သူ့အင်္ကျီလက်စကို ဆွဲထားပြီး မျက်တောင်လေးခတ်ကာ ချော့မော့လိုက်သည်။
"အရှင့်သားရဲ့ ဆေးပညာက အရမ်းကောင်းတယ်လေ၊ အစ်မကို ကုသပေးလို့ မရဘူးလား"
ဟော်တူတစ်ယောက် စိတ်တိုသွားပြီး ရယ်လည်းရယ်ချင်သွားသည်။ သူက အများကြီး စဥ်းစားရင်း စိတ်မကောင်းဖြစ်ကာ အကြီးအကျယ် ခံစားနေရချိန်တွင် လဲ့ကျစ်က သူ့ကို 'သမားတော်' တစ်ဦးအဖြစ် အသုံးချရန်သာ တွေးနေခဲ့သည်။
"မင်းက ကိုယ့်ကို ပြောင်ပြောင်တင်းတင်းကြီး အသုံးချနေတာလား"
သူက ခပ်တည်တည်ဖြင့် မေးလိုက်ပြီး တမင်တကာ စိတ်ဆိုးပြလိုက်သည်။
"လဲ့ကျစ်.... မင်း ချစ်စရာကောင်းအောင် လုပ်နေသရွေ့ ကိုယ်က အမြဲလိုက်လျောပေးမယ်လို့ မင်း ထင်နေတာလား"
လဲ့ကျစ်က ရှက်ကိုးရှက်ကန်းဖြင့် သူ့အင်္ကျီလက်စကို လွှတ်ချလိုက်ပြီး ပါးပြင်လေးများ နီမြန်းလာကာ ခေါင်းငုံ့သွားသည်။ သူမက ဟော်တူ၏ သူမအပေါ် ထားရှိသော နှစ်သက်မှုကို ပို၍ အားကိုးမိလာကာ တဖြည်းဖြည်းနှင့် ရဲတင်းလာမိသည်ကို သူမဘာသာ သတိပြုမိသည်။
‘သွားပါပြီ... ယခုတော့ ငါက ပုံပြင်စာအုပ်တွေထဲကလို အခြားသူတွေရဲ့ ခံစားချက်ကို အခွင့်ကောင်းယူပြီး အသုံးချနေတဲ့ 'ဆိုးသွမ်းတဲ့မိန်းမ' တစ်ယောက်နဲ့ တူနေပြီ’
ထိုအတွေးကြောင့် လဲ့ကျစ်၏ နှာခေါင်းကလေး ရှုံ့လိုက်ပြီး သူမ၏မျက်လုံးထောင့်လေးများ နီရဲလာသည်။ သူမ ရှက်စိတ်ကြောင့် အမြန်လှည့်ထွက်သွားချင်သော်လည်း ဟော်တူက သူမ၏ လက်ဖဝါးကို အမိအရ ဖမ်းဆွဲထားသဖြင့် ရုန်းမထွက်နိုင်ခဲ့ပေ။ ဟော်တူ၏ နှုတ်ဖျားမှ နူးညံ့လှသော စုတ်သပ်သံကလေး တစ်ခု ထွက်ပေါ်လာသည်ကိုလည်း သူမ ကြားလိုက်ရသေးသည်။
ထို့နောက် သူက ရှေ့သို့ ဆက်လျောက်ရင်း အပြုံးဖြင့် ပြောလာပြန်သည်။
“သွားကြမယ်”
“အဲ့လို မဟုတ်ပါဘူး၊ အရှင့်သားအတွက် ဝန်လေးနေရင် အတင်းအကြပ် မလုပ်ပါနဲ့”
လဲ့ကျစ်၏ အသံက ရှုပ်ထွေးနေသော စိတ်ခံစားချက်များကြောင့် ဗလုံးဗထွေး ဖြစ်နေလေသည်။
"လဲ့ကျစ်၊ မင်း ဘာလို့....."
ဟော်တူက သူ့နှုတ်ခမ်းထောင့်ကို ပင့်လိုက်ပြီးမှ စနောက်လိုက်သည်။
"မင်းက ပိုပိုပြီး ကြောင်သူတော်လေး ဖြစ်လာပြီပဲ"
လဲ့ကျစ်၏ မျက်နှာက မီးတောက်လာသလို ပူလာပြီး ဟော်တူ၏ လက်ကို အတင်းဖြုတ်ချရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ၏ အေးစက်နေသော လက်ချောင်းဖြူဖြူများက သူမ၏ လက်ချောင်းများကြားသို့ ယှက်နွယ်ကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
“ဝန်လေးနေတာမျိုး မရှိပါဘူး”
ဟော်တူက သူမ၏ လက်ခုံကို သူ့လက်ချောင်းများဖြင့် အသာအယာ ပွတ်သပ်နေရင်း လေးလေးနက်နက် ထပ်ပြောလိုက်သည်။
“ကိုယ်... လုပ်ပေးဖို့ ဆန္ဒရှိလို့ပါ”
လဲ့ကျစ်တစ်ယောက် တောင့်တင်းသွားပြီး သူ ဆွဲခေါ်ရာနောက်သို့ လိုက်လာကာ ထမင်းစားခန်းဆီသို့ လျှောက်လာခဲ့သည်။ ဟော်တူကတော့ သူမ၏ ရှုံ့တွနေသော မျက်နှာလေးကို မျက်လုံးထောင့်မှ ကြည့်ရင်း ကျေကျေနပ်နပ် ပြုံးနေမိသည်။
‘သူတို့နှစ်ယောက်ကြားထဲက ရန်ငြိုးရန်စတွေကို ဖြေရှင်းဖို့ နည်းလမ်းမရှိသေးရင်တောင် သူမကို လက်လွှတ်ဖို့တော့ စိတ်ကူးမရှိဘူး။ ဒီလိုမျိုး အသုံးချခံနေရရင်တောင် ဘာပဲဖြစ်ဖြစ် သူမ သူ့အပေါ် ပိုပြီး အားကိုးလာလာအောင်၊ မခွဲနိုင်တော့လောက်အောင် သူ ကြိုးစားမယ်၊ အခွင့်ကောင်းယူခံရတော့ရော ဘာဖြစ်သလဲ၊ သူ အကြောက်ဆုံးအရာက သူက သူမအတွက် အသုံးမဝင်တော့တဲ့ လူတစ်ယောက် ဖြစ်သွားမှာကိုပဲ....’
.......။........။........
ထမင်းစားခန်းအတွင်း၌
လဲ့ကျင်းက စားပွဲတွင် မလှုပ်မယှက် ထိုင်နေပြီး အငွေ့တထောင်းထောင်းထနေသည့် ချိုမြိန်သော ဟင်းချိုပူပူကို တိတ်တဆိတ် သောက်နေသည်။ လဲ့ကျစ်က ဟော်တူကို တံခါးအပြင်ဘက်တွင် ခဏစောင့်ခိုင်းထားပြီး အထဲသို့ ဝင်လာခဲ့သည်။
“အစ်မ”
လဲ့ကျစ်၏ နူးနူးညံ့ညံ့ ခေါ်သံကြောင့် လဲ့ကျင်းက မော့ကြည့်လာသည်။ သူမ၏ မျက်ဝန်းများက နူးညံ့နေသော်လည်း အားနည်းမှုကြောင့် မှုန်မှိုင်းနေဆဲပင်။ သူမက လဲ့ကျစ်ကို အသာအယာ ခေါင်းညိတ်ပြလာခဲ့သည်။ လဲ့ကျစ်က မျက်ရည်များ ဝဲလာပြီး အစ်မဖြစ်သူ၏ လက်ကို ဆုပ်ကိုင်ကာ တိုးတိုးလေး ချော့ပြောလိုက်သည်။
“အစ်မ.... အစ်မရဲ့ ရောဂါကို စစ်ဆေးပေးဖို့ အရမ်းတော်တဲ့ သမားတော်တစ်ယောက်ကို ညီမ ရှာပေးထားတယ်”
ထိုစကားကြောင့် လဲ့ကျင်းက မသိစိတ်ဖြင့် ပုခုံးများ ကျုံ့သွားကာ မျက်မှောင်ကြုတ်သွားခဲ့သည်။ လဲ့ကျစ်က သူမ၏ ကျောပြင်ကို အသာအယာ ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ဟော်တူက အပြင်ဘက်တွင် ရပ်နေပြီး အဝေးမှ တောင်တန်းများကို လှမ်းကြည့်နေသည်။ ထိုအချိန်တွင် အန်းရွှယ်က ဖူရှန်းကို ခေါ်ဆောင်လာခဲ့သည်။ ဤနေရာသို့ လာသည့်လမ်းတွင် လဲ့ကျစ်က ဖူရှန်းအား သူမ၏ အစ်မနှင့် တွေ့ခွင့်ပြုရန် တောင်းဆိုခဲ့ပြီး ဟော်တူကလည်း ချက်ချင်း သဘောတူခဲ့သည်။
ဟော်တူက လျှို့ဝှက်အကျဉ်းထောင်တွင် ဖူရှန်းအပေါ် သူ ပြုမူခဲ့သည်များကို သတိရသွားပြီး အနည်းငယ် မျက်နှာပူသွားသဖြင့် ဖူရှန်းကို မကြည့်ဘဲ မျက်နှာလွှဲထားလိုက်သည်။ ဖူရှန်းကတော့ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လဲ့ကျင်းဆီသို့ ပြေးဝင်သွားသည်။ အန်းရွှယ်ပင် သူ့ကို မတားလိုက်နိုင်ပေ။
"ရှောင်ကျင်း"
ထိုခေါ်သံက လွမ်းဆွတ်ခြင်း၊ နာကျင်ခြင်းနှင့် စိုးရိမ်ခြင်းများစွာ ရောယှက်နေသည်။
အခန်းထဲသို့ အလျင်အစလို ဝင်လာသော ဖူရှန်းကို မြင်သည်နှင့် လဲ့ကျင်းက ထိတ်လန့်သွားပြီး လဲ့ကျစ်၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်သွားသည်။ သူမက အမျိုးသားများကို မြင်လျှင် အလိုလို ကြောက်ရွံ့နေမိသော်လည်း ဖူရှန်းကို မော့ကြည့်မိချိန်တွင် သူမ၏ မျက်ဝန်းများထဲ၌ ထိတ်လန့်မှုနှင့်အတူ နာကျင်မှုများ ပြည့်နှက်နေသည်။
ဖူရှန်း၏ စိတ်လှုပ်ရှားမှုကြောင့် အခြေအနေများ ရုန်းရင်းဆန်ခတ် ဖြစ်သွားရာ ဟော်တူလည်း အခန်းထဲသို့ အမြန်ဝင်လာပြီး ဖူရှန်းကို စိတ်မရှည်စွာ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ့အသံကို လျော့ချလိုက်ပြီး လဲ့ကျစ်ကို ညွှန်ကြားလိုက်သည်။
"မင်းအစ်မရဲ့ မျက်လုံးတွေကို အုပ်ထားပေးလိုက်"
လဲ့ကျစ်က ဟော်တူ၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်လိုက်သည်။ သူမ၏ အစ်မက အမျိုးသားတစ်ဦးနှင့် တိုက်ရိုက်မျက်လုံးချင်း ဆုံရသည်ကို ကြောက်ရွံ့နေခြင်းဖြစ်သည်။ လဲ့ကျစ်က သူမ၏လက်ကလေးဖြင့် အစ်မဖြစ်သူ၏ မျက်လုံးများကို ညင်သာစွာ ဖုံးအုပ်ပေးလိုက်သည်။ ထိုအချိန်မှသာ လဲ့ကျင်း၏ တစ်ကိုယ်လုံး တုန်ယင်နေမှုများက အတော်အတန် ပြေလျော့သွားတော့သည်။
ဟော်တူက လဲ့ကျင်းအနားသို့ တိုးသွားကာ သွေးခုန်နှုန်းစစ်ဆေးရန် ပြင်သည်။ သူက လဲ့ကျစ်ကို ကြည့်ကာ နှုတ်ခမ်းလှုပ်ရုံ ပြောလိုက်ပြန်သည်။
"လက်ကိုင်ပုဝါ"
ထိုစကားကြောင့် လဲ့ကျစ်က ရင်ထဲ၌ လှိုက်တက်လာရသည်။ ဟော်တူက သူမ၏အစ်မကို လူစိမ်းအမျိုးသားတစ်ဦးအနေဖြင့် တိုက်ရိုက်မထိတွေ့မိစေရန်နှင့် သူမ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်ကာ လက်ကိုင်ပုဝါခံ၍ စမ်းသပ်ပေးလိုခြင်း ဖြစ်သည်။ လဲ့ကျစ်က ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်ဝဲနေရင်း လက်ကိုင်ပုဝါကို အစ်မ၏ လက်ကောက်ဝတ်ပေါ် တင်ပေးလိုက်သည်။
ဟော်တူက သွေးခုန်နှုန်းကို ခဏမျှ စမ်းသပ်ပြီးနောက် ဘာမှမပြောဘဲ လဲ့ကျစ်ကို ခေါင်းညိတ်ပြကာ အခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။ သူ တစ်စုံတစ်ယောက်ထံမှ အရေးကြီးသော ဆေးဝါးတစ်ခု သွားရောက်တောင်းခံရပေလိမ့်မည်။
မကြာမီအချိန်အတွင်းမှာပင် ထိုက်ဇီအိမ်တော်မှ ရထားလုံးတစ်စီးက မြို့ပြင်ဆင်ခြေဖုံးအရပ်သို့ အရှိန်ဖြင့် ပြေးထွက်သွားသည်။ ရထားလုံးက တော်ဝင်ဂူဗိမာန်နှင့် မနီးမဝေးရှိ ဝါးအိမ်လေးတစ်လုံးရှေ့၌ ရပ်တန့်သွားသည်။
ဟော်တူက ရထားလုံးပေါ်မှဆင်းကာ ဝါးအိမ်တံခါးကို တွန်းဖွင့်ရင်း အော်ခေါ်လိုက်သည်။၊
“အဖိုးကြီးရင်”
အထဲမှ ထွက်လာသူက အသက်လေးဆယ်ခန့်ရှိပြီး ခန့်ညားထည်ဝါသော အသွင်အပြင်ရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ သူက ဟော်တူကို မြင်လိုက်ရချိန်တွင် သူ အံ့ဩသွားသော်လည်း ချက်ချင်း လှောင်ပြောင်လိုက်သည်။
"ဟေး... ရှားရှားပါးပါး ဧည့်သည်ပါလား၊ နောက်ဆုံးတော့ မင်းက ဒီနှစ် မင်းအမေကို လာတွေ့ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ... ဟုတ်လား"
ထိုစကားကြောင့် ဟော်တူ၏ မျက်နှာ အနည်းငယ် မှောင်မိုက်သွားသည်။ ထိုသူက ဆက်ပြောနေသေးသည်။
"မင်းအမေကို တွေ့ဖို့လာတာ မဟုတ်ရင် မင်း ဒီကို ဘာလာလုပ်တာလဲ၊ နေစမ်းပါဦး မင်းရဲ့ ခြေထောက်ကို ကုဖို့များ လာတာလား"
ဟော်တူက အတော်ကြာ တိတ်ဆိတ်သွားပြီး ဟော်တူ၏ အတွင်းစိတ် မငြိမ်မသက်ဖြစ်မှုကို သိနေသည့် ထိုလူကလည်း ဘာမှ ဆက်မပြောတော့ပေ။ သူက သူ့လက်ကို ဝှေ့ယမ်းပြီး ဟော်တူကို အတွင်းခန်းထဲ ဝင်ရန် လက်ဟန်ပြလိုက်သည်။ သူကိုယ်တိုင်လည်း အထဲသို့ ပြန်ဝင်ရန် နောက်ပြန်လှည့်လိုက်သည်။
"ဟုတ်တယ်"
ထိုသူ၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားပြီး သူ နားကြားမှားသည်ဟုထင်ကာ ပြန်လှည့်ကြည့်လိုက်သော်လည်း ဟော်တူ၏ မျက်နှာက အလွန်တည်ကြည်နေသည်။
“ကျွန်တော့်ခြေထောက်ကို ကုသဖို့”
.....။......။......
ဒီစာရေးသူမှာ ပြောစရာ ရှိပါတယ်။
ဟော်တူ : "ငါ့မိန်းမကို လက်တစ်ဖက်တည်းနဲ့ ပွေ့ဖက်ရတာ ငြီးငွေ့နေပြီ! (လက်နှစ်ဖက်လုံးနဲ့ အားရပါးရ ဖက်ချင်လို့ ခြေထောက်ကို ပြန်ကုတော့မယ်)"
စာဖတ်သူများ : "တစ်သက်လုံး ခြေမသန်တဲ့သူအဖြစ်ပဲ နေမယ်လို့ တစ်စုံတစ်ယောက်က ပြောခဲ့တာကို ငါတို့ မှတ်မိနေသေးတယ်နော်"
ဟော်တူ : "အဲဒါ ငါမဟုတ်ဘူး (အတိတ်ကစကားတွေကို ဥပေက္ခာပြုလျက်)"
အခန်း ၅၀ ပွေ့ဖက်ခြင်း
ဝါးအိမ်အတွင်း၌ ဆေးရနံ့များ သင်းပျံ့နေပြီး ဤရနံ့က ဟော်တူအတွက် အလွန်ရင်းနှီးလှသော အငွေ့အသက်ဖြစ်သည်။
သူ ငယ်စဉ်က ခြေထောက်ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အဖြူရောင်မှုန့်ကို စွဲလမ်းသွားခဲ့သည်။ သူ စိတ်ဓာတ်ကျကာ အိမ်တော်ထဲ၌ သူ့ကိုယ်သူ ပိတ်လှောင်ထားခဲ့စဉ်က အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်ဦးက အိမ်ရှေ့စံအိမ်တော်ထဲသို့ တိတ်တဆိတ် ခိုးဝင်ကာ သူ့ကို ခိုးထုတ်ပြီး ဤဝါးအိမ်လေးဆီသို့ ခေါ်ဆောင်လာခဲ့ဖူးသည်။
ထိုသူမှာ ရင်ချန်ရှော ဖြစ်သည်။
ဟော်တူက ရင်ချန်ရှော၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ရင်ချန်ရှောကို "အဘိုးကြီး" ဟု ခေါ်လေ့ရှိသော်လည်း သူ၏ အသိစိတ်ထဲတွင် ဤလူက ဘယ်တော့မှ အိုမင်းသွားလိမ့်မည်မဟုတ်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီဖြစ်ကြောင်း သူ လက်ခံလိုက်ရသည်။
ဟော်တူက သူ့ခံစားချက်များကို ထိန်းချုပ်ကာ ရင်ချန်ရှော၏ အံ့သြနေမှုကို လျစ်လျူရှုလျက် အနောက်ဘက်အခန်းဆီသို့ ကျွမ်းကျင်စွာ ဝင်သွားခဲ့သည်။ သူက မဟော်ဂနီ ဆေးဗီဒိုဆီသို့ တည့်တည့်သွားပြီး အံဆွဲအချို့ကို ဆွဲဖွင့်ကာ ဆေးဘက်ဝင်အပင်များကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် ညာဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ညာဘက်အစွန်ဆုံးရှိ အကြီးဆုံးအံဆွဲကို ထပ်မံဆွဲဖွင့်လိုက်ပြန်သည်။
ထိုအရာကို မြင်လိုက်သည့် ရင်ချန်ရှောက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟေး... ဟေး... မင်း ညစ်ပတ်တဲ့ကောင်လေး၊ ဒီကိုရောက်တာနဲ့ ငါ့ဆေးသေတ္တာတွေကို မွှေနှောက်နေတော့တာပဲ"
ဟော်တူက မကြားချင်ယောင်ဆောင်ကာ ရှာဖွေနေဆဲဖြစ်သော်လည်း သူ အလိုရှိသောအရာကို မတွေ့ရသဖြင့် ပြန်လှည့်မေးလိုက်သည်။
"အဘိုးကြီး၊ နှင်းအရိုးကြာပန်းက ဘယ်မှာလဲ"
ထိုစကားက ရင်ချန်ရှောကို အံ့အားသင့်သွားစေသည်။ သူက ဟော်တူ၏ ဂရုမစိုက်မှုကို ကျင့်သားရ နေပြီး ယခုလို အလေးအနက် အကူအညီတောင်းခြင်းမျိုးက ရှားပါးလှသည်။
"ဘာလဲ... တကယ်ကြီးလား"
ရင်ချန်ရှောက အပြုံးဖြင့် မေးနေပြန်သည်။
"မင်းရဲ့ ခြေထောက်ကို ကုဖို့ တကယ် ဆုံးဖြတ်လိုက်ပြီပေါ့"
ဟော်တူက ပြန်မဖြေဘဲ နှုတ်ဆိတ်နေသည်ကို မြင်လိုက်ရချိန်တွင် ရင်ချန်ရှောက စားပွဲပေါ်မှ ဆေးပစ္စည်းများကို လှမ်းကြည့်လိုက်သည်။
"ခရမ်းရောင်လင်ဇီး၊ ရေညှိမြက်နဲ့ မြေနီမှုန့် တစ်ယောက်ယောက်ကတော့ ကြောက်လန့်တကြား ဖြစ်နေပုံပဲ"
အတွင်းခန်းကို ခမ်းနားစွာ ပြင်ဆင်ထားသည်။ ပြတင်းပေါက်ဘေးတွင် သစ်သားစားပွဲနိမ့်လေးတစ်ခု ရှိပြီးနေ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်ဖုံများ ရှိသည်။ စားပွဲပေါ်တွင် တည်ထားသော ဆေးဖက်ဝင်လက်ဖက်ရည်က ဆူပွက်နေပြီး အဖုံးလေးကိုပင် ပွဟနေစေသည်။
ဟော်တူ ဘာမှ ပြန်မဖြေဘဲ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ကတ္တီပါထိုင်ဖုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူက လက်ဖက်ရည်အိုးကို လက်လှမ်းလိုက်ပြီး ဖြည်းဖြည်းချင်း ကောက်ယူကာ လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်သည်။ ထို့နောက် လက်ဖက်ရည်ကို တစိမ့်စိမ့် အရသာခံ သောက်နေလေသည်။ ဟော်တူ၏ စိတ်နေစိတ်ထားကို သိထားသည့် ရင်ချန်ရှောကလည်း စိတ်မဆိုးဘဲ သူ့ဘေးတွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။
"ရှောင်တူ၊ မင်း တော်တော်ပြောင်းလဲသွားပြီ
"တကယ်လား"
"အတိအကျတော့ မပြောနိုင်ဘူး၊ ဒါပေမယ့် မင်း နည်းနည်းပိုပြီး လူသားဆန် လာတယ်လို့ ငါ ခံစားရတယ်"
ထိုစကားကြောင့် ဟော်တူ၏ မျက်နှာကြီး မည်းမှောင်သွားသည်။
‘ဒီအဘိုးကြီးက ငါ့ကို အရင်က လူနဲ့မတူဘူးလို့ သွယ်ဝိုက်ပြီး ဆဲဆိုနေတာလား’
"ကောင်းပြီ... ကောင်းပြီ, စကားကို သေသေချာချာ ပြောကြမယ်၊ မင်း ဒီကို အလောတကြီး ရောက်လာတာက....."
ရင်ချန်ရှောက စကားကို ရပ်ထားပြီးမှ မျက်ခုံးပင့်ကာ စနောက်လိုက်သည်။
"မင်းရဲ့ ဇနီးအသစ်လေးကြောင့်လား"
ရင်ချန်ရှောက ဟော်တူ၏ စိတ်နေစိတ်ထားကို ကောင်းကောင်းသိထားခဲ့သည်။ ယခု သူ စိတ်ငြိမ်ဆေးပင်များ ထုတ်ယူနေသည်က တခြားတစ်ယောက်အတွက်မှန်း သိသာနေသည်။ နှစ်ပေါင်းများစွာ ဘာကိုမှ ဂရုမစိုက်ဘဲ အထီးကျန်စွာ နေထိုင်ခဲ့သော ဟော်တူ ယခုကဲ့သို့ အပြောင်းအလဲကြီး ပြောင်းလဲလာခြင်းက မကြာသေးမီက လက်ထပ်ထားသော ဇနီးသည်ကြောင့်သာ ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းနိုင်ခဲ့သည်။
ရင်ချန်ရှောက ခဏမျှ စဉ်းစားနေပြီးမှ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ ဟော်တူကို လက်ညှိုးထိုးပြီး ဆူပူလိုက်ပြန်သည်။
"လူယုတ်မာလေး... မင်း မင်းမိန်းမကို သေလောက်အောင် ခြောက်လှန့်လိုက်ပြန်ပြီလား"
ဟော်တူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး နားလည်ရန် ခက်ခဲသည့် အကြည့်တစ်ချက် ပြန်ပေးလာသည်။
"သူ မဟုတ်ဘူး၊ သူ့အစ်မ"
ရင်ချန်ရှောက မြို့တော်၏ ရှုပ်ထွေးမှုများမှ ဝေးရာတွင် နေထိုင်သော်လည်း ဟော်တူအတွက် အမြဲစိတ်ပူနေခဲ့သူ ဖြစ်သည်။ တာ့လီမှ မင်းသမီးလေးနှင့် ဟော်တူ လက်ထပ်ခဲ့ရသည်ကိုလည်း သူ သိထားသည်။ တာ့လီ၏ဧကရာဇ်က ကြင်နာတတ်ပြီး သားသမီးများကိုလည်း ကောင်းမွန်စွာ ပြုစုပျိုးထောင်ခဲ့သူဖြစ်သည်။ ဟော်ချန်ယွင်ကဲ့သို့ လူယုတ်မာ၏လက်ထဲတွင် ထိုမင်းသမီးလေးတို့ ညီအစ်မ မည်မျှ ဒုက္ခရောက်ခဲ့ရမည်ကို တွေးမိကာ ရင်ချန်ရှောတစ်ယောက် သက်ပြင်းချလိုက်မိပြန်သည်။
သူက လောကီရေးရာများမှ ခွဲထွက်လာသည်မှာ ကြာနေပြီ ဖြစ်သော်လည်း သူ့ရှေ့မှ ကလေးတစ်ယောက်ကိုတော့ မစွန့်လွှတ်နိုင်သေးပေ။
‘ချူယွိရဲ့သား.....’
သားများက မိခင်နှင့် တူတတ်သည်ဟူသော စကားအတိုင်း ဟော်တူ၏ မက်မွန်ပွင့်ပုံ မျက်ဝန်းများမှာ သူနှင့်အတူ ကြီးပြင်းလာခဲ့သည့် ချူယွိနှင့် တစ်ပုံစံတည်းပင်။ ထိုမျက်လုံးများမှတစ်ဆင့် ရင်ချန်ရှောက သူနှင့်အတူ ကြီးပြင်းလာသော ပြုံးရွှင်နေသည့် မိန်းကလေးငယ်ကို ပြန်မြင်ယောင်နေပုံရသည်။
ရင်ချန်ရှောက ပြတင်းပေါက်မှတစ်ဆင့် မြူခိုးများဝိုင်းရံနေသော ဝူရှန်းတောင်ထိပ်ကို လှမ်းကြည့်လိုက်သည်။ ထိုတောင်ထိပ်တွင် တော်ဝင်ဂူဗိမာန်ရှိပြီး တာ့ချီ၏ မြင့်မြတ်သောနေရာဟု သတ်မှတ်ခံထားရသည်။ မြူခိုးများဖြင့် အမြဲဖုံးလွှမ်းနေသော ထိုနေရာတွင် မသေမျိုးများ ရှိနေသည်ဟုလည်း ယုံကြည်ကြသည်။ ချူယွိ ထိုနေရာ၌ အိပ်စက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ချေပြီ။
ရင်ချန်ရှောက ထိုဂူဗိမာန်နှင့် အနီးဆုံးနေရာတွင် ဝါးအိမ်ဆောက်ကာ တစ်နှစ်ပြီးတစ်နှစ် ချူယွိကို အဖော်ပြုပေးနေခဲ့ခြင်းပင်။
သူ၏အကြည့်က မြူခိုးများကို ထိုးဖောက်ဝင်ရောက်နေပြီး ထာဝရအိပ်ပျော်နေသူထံ ဂရုတစိုက် သတင်းစကားပေးပို့နေပုံရသည်။
'အားယွိ... ရှောင်တူ အိမ်ထောင်ကျသွားပြီ၊ သူက မင်းကို မုန်းလို့ ဒီကို သိပ်မလာပေမယ့် အခုတော့ သူ ချစ်ရတဲ့သူအတွက် ဒီကို ရောက်လာခဲ့ပြီ၊ မင်း သူ့ကို ကောင်းကောင်းကြည့်ထားဦးနော်'
ခဏအကြာတွင် ရင်ချန်ရှောက သူ့အတွေးများကို ဖယ်ထုတ်လိုက်ပြီး ဟော်တူကို စိုက်ကြည့်ရင်း မေးလိုက်ပြန်သည်။
"မင်း တကယ်ပဲ ဆွဲဆောင်ခံလိုက်ရပြီလား"
ဤနေရာက တော်ဝင်ဂူဗိမာန်နှင့် နီးကပ်လွန်းသဖြင့် ဟော်တူ အလွန်မုန်းတီးသော နေရာဖြစ်သည်။ သို့သော် ယနေ့တွင် သူက ဇနီးသည်၏ အစ်မအတွက် ကိုယ်တိုင်ကိုယ်ကျ ဆေးလာတောင်းနေခဲ့သည်။ ရင်ချန်ရှောကဲ့သို့လူက ဤအပြောင်းအလဲကို မမြင်နိုင်စရာ အကြောင်းမရှိချေ။
ဟော်တူက ချက်ချင်း မဖြေဘဲ ခတ္တမျှ တိတ်ဆိတ်နေပြီးမှ အသံတိုးတိုးဖြင့် ဝန်ခံသည့်သဘော ပြုမူလိုက်သည်။ လဲ့ကျစ်က အရမ်းကောင်းလွန်းသဖြင့် သူ သဘောကျမိခြင်းက ငြင်းစရာမရှိသော အမှန်တရားပင်။ သူမကို တွေးမိရုံမျှဖြင့် သူ၏ ခက်ထန်လှသော နှလုံးသားထဲ၌ နွေးထွေးမှုများ ဝင်ရောက်လာရသည်။
ရင်ချန်ရှောက ဟော်တူ၏ ခံစားချက်များ ပြောင်းလဲသွားတာကို ရှင်းရှင်းလင်းလင်း သတိပြုမိသွားသည်။ သူက ဟော်တူ၏ခြေထောက်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
‘နောက်ထပ် မေးစရာမလိုတော့ဘူး၊ ဟော်တူ သူ့ခြေထောက်ကို ဘာလို့ ကုချင်လဲဆိုတာ ခန့်မှန်းလို့ ရနေပြီ၊ ဒါပေမယ့်....’
"နှင်းအရိုးကြာပန်းက တောနက်ထဲမှာပဲ ပေါက်တာ၊ သုံးနှစ်မှ တစ်ခါပွင့်ပြီး အသီးသီးဖို့ နောက်ထပ် သုံးနှစ်ကြာတယ်။ ခူးပြီးရင်လည်း ဆယ်ရက်အတွင်း ဆေးဖော်ရတာ။ မဟုတ်ရင် သူရဲ့အာနိသင်ကို ဆုံးရှုံးသွားလိမ့်မယ်၊ ဒီအရာကို စိုက်ပျိုးလို့လည်း မရဘူး။ သဘာဝအတိုင်းပဲ ပေါက်နိုင်တယ်၊ ဒီကာလတွေမှာ နှင်းအရိုးကြာပန်းတွေ တော်တော်လေး ရှားပါးလာပြီ"
စကားကို ခဏ ရပ်ထားပြီးနောက် သူက အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ မင်းရဲ့ ဦးလေးရင် ရှိပါသေးတယ်ကွ၊ ငါ မင်းအတွက် သေချာပေါက် ရှာပေးပါ့မယ်"
ဟော်တူက စကားမပြောဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်။
‘သူရဲ့ခြေထောက်တွေ ဒဏ်ရာရပြီးတဲ့ နောက်ပိုင်းမှာ ဒီလူက သူ့ရဲ့ကိုယ်ပိုင်ဘေးကင်းရေးကို လျစ်လျူရှုပြီး သူ့ရဲ့အတွင်းအားအများစုကို သူ့ဆီ လွှဲပြောင်းပေးခဲ့တယ်။ ပြီးတော့ သူ့ကို ဆေးပညာ၊ စာပေနဲ့ စစ်တုရင်စတဲ့ အနုပညာတွေ၊ စစ်ရေးအခင်းအကျင်းတွေနဲ့ တိုင်းရေးပြည်ရာနည်းဗျူဟာတွေကိုလည်း သင်ပေးခဲ့တယ်။ ဟောင်ချန်ယွမ်နဲ့ ယှဉ်ရင် ရင်ချန်ရောကမှ သူ့ရဲ့အဖေအရင်းလို့ ထင်ရသေးတယ်’
‘သူ ဝန်မခံချင်ပေမယ့် သူ ငယ်ငယ်တုန်းက ရင်ချန်ရှောကို သူရဲ့ ဖခင်အစစ် ဖြစ်စေချင်ခဲ့ဖူးတယ်၊ ဒါပေမယ့် ချူယွိကတော့ အဲ့လို အခွင့်အရေးနဲ့ မထိုက်တန်ဘူးလို့ သူ ခံစားခဲ့ရတယ်။ သူကလည်း ချူယွိရဲ့သား ဖြစ်နေလို့ ရင်ချန်ရှောဆီကနေ ကယ်တင်ခံရဖို့ မထိုက်တန်ခဲ့ဘူး’
ရင်ချန်ရှောက စာပေနှင့် ကိုယ်ခံပညာ နှစ်ရပ်စလုံးတွင် ထူးချွန်ပြောင်မြောက်ပြီး ဂီတနှင့် ဆေးပညာကိုပါ ကျွမ်းကျင်သည့် ပါရမီရှင်တစ်ဦးသည်။ သို့သော် သူက သူ၏ဘဝတစ်ခုလုံးကို အမျိုးသမီးတစ်ဦးတည်းအတွက်သာ ပုံအော၍ ကုန်ဆုံးစေခဲ့သည်။
မူလက ဟော်ချန်ယွင်အနေဖြင့် ရင်ချန်ရှောကို ဤနေရာတွင် မည်သို့မျှ နေထိုင်ခွင့်ပြုလိုခြင်း မရှိခဲ့ပေ။ ဟော်ချန်ယွင်ကဲ့သို့ တစ်ကိုယ်ကောင်းဆန်ပြီး ကောက်ကျစ်သူတစ်ဦးက ရင်ချန်ရှောကို သူ၏မိန်းမနှင့် ဤမျှနီးကပ်သောနေရာတွင် မည်သို့မျှ ထားနိုင်မည်မဟုတ်ပေ။ သူက ရင်ချန်ရှောကို နှိမ်နင်းရန် တပ်သားပေါင်းများ စေလွှတ်ခဲ့သည်။ သို့သော်လည်း ရင်ချန်ရှော၏ စွမ်းရည်က နားမလည်နိုင်လောက်အောင် နက်ရှိုင်းလှသည်။ အတွင်းအားအများစုကို ဆုံးရှုံးထားရသော်လည်း သူ့ကိုယ်သူ ကာကွယ်ရန်က သူ့အတွက် ခဲယဉ်းသောအရာမဟုတ်ပေ။ ဟော်ချန်ယွင် တပ်များစေလွှတ်သည့်အခါတိုင်း ရင်ချန်ရှောက ကိုယ်ဖော့ပညာကို သုံးကာ အဝေးသို့ ရှောင်တိမ်းသွားလေ့ရှိပြီး စစ်သည်များ ပြန်သွားမှသာ သူ၏ဝါးအိမ်လေးဆီသို့ အေးအေးလူလူ ပြန်လာလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ဟော်ချန်ယွင်လည်း သူ့ကို ဘာမှမလုပ်နိုင်တော့ဘဲ လက်လျှော့ခဲ့ရသည်။
ရင်ချန်ရှောက ကျောက်တုံးခေါင်းနှင့် သံမဏိနှလုံးသားရှိပုံရပြီး ချူယွိရှိရာ ဤတောင်ခြေတွင် ဇွတ်အတင်း နေထိုင်ခဲ့သည်။ ဟော်တူက အဝေးမှ မှိုင်းဝေနေသော တောင်ကြီးကို ခံစားချက်ကင်းမဲ့စွာ ကြည့်နေရင်းမှ မျက်လုံးများကို မှိတ်ချလိုက်ပြန်သည်။ သူ၏ ရင်ထဲတွင် ယခင်ကကဲ့သို့ ပြင်းထန်သော အမုန်းတရားများ မရှိတော့ဘဲ အရာရာကို လျစ်လျူရှုနိုင်သော ဥပေက္ခာတရားသာ ကျန်ရစ်တော့သည်။
ခဏအကြာတွင် သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“အဘိုးကြီး ဒီကနေ ထွက်သွားတော့”
ဟော်တူက ရင်ချန်ရှောကို ကြည့်ရင်း ဆက်ပြောလိုက်သည်။
“ခင်ဗျား သူ့အပေါ် ဘာအကြွေးမှ တင်မနေဘူး”
ဤနေရာတွင် ကိုယ့်ကိုယ်ကိုယ် ချုပ်နှောင်ပြီး ဘဝကို အလဟဿ မကုန်ဆုံးစေရန် သွယ်ဝိုက်သတိပေးလိုက်ခြင်းပင်။
ရင်ချန်ရှော၏ မျက်နှာက ခဏမျှ တည်ငြိမ်သွားပြီးမှ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ကောင်စုတ်လေး၊ အဲ့ဒါတွေက မင်း ဂရုစိုက်ရမယ့်အရာ မဟုတ်ဘူး"
သူက မတ်တပ်ထရပ်ပြီး ဟော်တူ ထုတ်ယူထားသော ဆေးဘက်ဝင်အပင်များကို စက္ကူအိတ်ဖြင့် သေချာထုပ်ပိုးပေးရင်း နှင်ထုတ်လိုက်သည်။
"မြန်မြန်သွားတော့"
ဟော်တူက သူ၏ ကျောက်စိမ်းဖြူ တုတ်ကောက်ကို ကောက်ကိုင်ကာ ဆေးထုပ်ကို ယူပြီး အပြင်သို့ ထွက်ခွာလာခဲ့သည်။
"ရှောင်တူ"
ရင်ချန်ရှောက လှမ်းခေါ်လိုက်သောကြောင့် ဟော်တူ၏ခြေလှမ်းများ ရပ်တန့်သွားသော်လည်း လှည့်ကြည့်လာခြင်းတော့ မရှိချေ။
“နောက်တစ်ခါလာရင် သူ့ကိုပါ မင်းနဲ့အတူ ခေါ်လာခဲ့”
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟော်တူက အလေးအနက် ခေါင်းညိတ်ပြပြီး ထွက်ခွာသွားသည်။
ရင်ချန်ရှောက ဟော်တူ၏ ကျောပြင် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေပြီးမှ ပြတင်းပေါက်နားတွင် ပြန်ထိုင်လိုက်သည်။ သူက အဝေးသို့ ငေးကြည့်နေကာ အတွေးထဲ၌ အချိန်အတော်ကြာ နစ်မြုပ်နေခဲ့သည်။
.......။.......။......
ထမင်းစားခန်းအတွင်း၌.....
လဲ့ကျင်းက လဲ့ကျစ်၏ ရင်ခွင်ထဲသို့ ကြောက်လန့်တကြား ကျုံ့ကျုံ့လေး တိုးဝင်နေသဖြင့် ဖူရှန်းလည်း နောက်တစ်ကြိမ် မတိုးကပ်ရဲတော့ပေ။
‘ရှောင်ကျင်းက သူ့ကို စိမ်းကားပြီး ကြောက်ရွံ့နေပြီ’
ဟော်တူ ထွက်သွားပြီးနောက် လဲ့ကျစ်က အစ်မ၏ မျက်လုံးများကို ဖုံးအုပ်ထားသော လက်များကို ဖြည်းညှင်းစွာ ဖယ်ရှားပေးခဲ့သည်။ လဲ့ကျင်းက အလွန်ငြိမ်သက်နေပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေရင်းမှ တံခါးဝတွင် ရပ်နေသော ဖူရှန်းကို မြင်သွားခဲ့သည်။
သူမ၏ နှလုံးသားထဲသို့ ရင်းနှီးသော ခံစားချက်တစ်ခု တိုးဝင်လာသော်လည်း သူမ သူ့ကို မမှတ်မိတော့ပေ။ သူမက လဲ့ကျစ်ကို ကြောင်တောင်တောင်လေး ကြည့်လိုက်သည်။ ဤမိန်းကလေးက မည်သူဖြစ်သည်ကို သူမ မသိသော်လည်း သူမကို ကာကွယ်ပေးနေသူဖြစ်ကြောင်းကိုတော့ သူမ အလိုလို ယုံကြည်နေခဲ့သည်။
“အစ်မ မကြောက်နဲ့နော်၊ သူ့နာမည်က ဖူရှန်းပါ၊ သူက အစ်မရဲ့....”
လဲ့ကျစ်က အစ်မဖြစ်သူ ပိုထိတ်လန့်သွားမည် စိုးရိပ်သဖြင့် စကားကို ခေတ္တရပ်ကာ အဆင်ပြေအောင် ပြင်ပြောလိုက်သည်။
“သူက အစ်မရဲ့ သူငယ်ချင်းကောင်းပါ၊ အစ်မတို့ နှစ်ယောက်က အတူတူ ကြီးပြင်းလာခဲ့ကြတာ”
“အိုး”
လဲ့ကျင်းက နားလည်သလို ခေါင်းညိတ်ပြပြီး ဟင်းရည်ကို ဆက်သောက်နေသည်။ ခဏကြာသောအခါ သူမက သမ်းဝေလာသောကြောင့် လဲ့ကျစ်က သူမကို ဧည့်ခန်းဆီသို့ တွဲခေါ်လာခဲ့သည်။
ဖူရှန်းကတော့ သူမတို့၏နောက် မလှမ်းမကမ်းမှ လိုက်ပါလာခဲ့သည်။ လဲ့ကျင်း အခန်းထဲသို့ ဝင်သွားပြီး လဲ့ကျစ် ပြန်ထွက်လာချိန်အထိ ဖူရှန်းက အပြင်၌ ရပ်စောင့်နေဆဲပင်။ ရှောင်ကျင်း၏ စိမ်းကားသော အမူအရာကြောင့် သူ၏ နှလုံးသားလည်း နာကျင်နေရသည်။
"အစ်ကိုဖူရှန်း စိတ်မပူပါနဲ့၊ အစ်မ ရှဖေးထိုင်ကနေ လွတ်လာပြီဆိုတော့ တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာမှာပါ"
ဖူရှန်းက ခေါင်းညိတ်ပြသော်လည်း ချီတုံချတုံဖြင့် မေးလာခဲ့သည်။
“ဒါပေမဲ့ ငါ...”
လဲ့ကျစ်ကလည်း သူ၏ စိုးရိမ်မှုကို နားလည်နေသည်။ ယနေ့တွင် သူက ထိုက်ဇီ၏ ရထားလုံးကို အတင်းအကျပ် နှောင့်ယှက်ခဲ့ပြီး ထိုအရာက ကြီးလေးသော ပြစ်မှု ဖြစ်သည်။
‘ဟော်တူက သူ့ကို ဘယ်လို ကိုင်တွယ်မှာလဲ၊ ဖူရှန်း ဘေးကင်းဖို့ ဘယ်လို လုပ်ပေးရမလဲ’
လဲ့ကျစ်အတွက် စဉ်းစားစရာများက ပိုများလာပြန်သည်။
ထိုအချိန်တွင် အဝေး၌ရပ်နေသော အန်းရွှယ်က လဲ့ကျစ်၏ စိုးရိမ်ပူပန်မှုများကို ကြိုတင်ဖတ်နိုင်စွမ်းရှိသူကဲ့သို့ ရောက်ရှိလာသည်။ သူက ယဉ်ကျေးစွာ ဦးညွှတ်ပြီး သတင်းပို့နေသည်။
"ထိုက်ဇီဖေး၊ အရှင့်သားက သခင်လေးဖူကိုလည်း ဒီစံအိမ်မှာ ခေတ္တတည်းခိုခွင့်ပြုဖို့ အမိန့်ပေးခဲ့ပါတယ်"
ဟော်တူက အရာရာကို သင့်လျော်စွာ စီစဉ်ပေးတတ်သည်ကို သိသဖြင့် လဲ့ကျစ် စိတ်သက်သာရာရသွားပြီး ခေါင်းညိတ်လိုက်သည်။ သူမက အန်းရွှယ်ကို ကြည့်ကာ ပြန်မေးလိုက်သည်။
"အရှင့်သားက အပြင် ထွက်သွားတာလား"
“ဟုတ်ကဲ့”
အန်းရွှယ်က လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
"ထိုက်ဇီဖေးအနေနဲ့ ညစာကို အတူစားဖို့ စောင့်စရာမလိုအောင် သူ နောက်ကျမှ ပြန်လာမယ်လို့ အရှင့်သားက အကြောင်းကြားခိုင်းထားပါတယ်"
ဘေးတွင်ရှိနေသော ဖူရှန်းက သူတို့နှစ်ဦး၏ စကားဝိုင်းကို နားထောင်နေပြီး အံ့အားသင့်နေသည်။ လဲ့ကျစ်အပေါ် ဤစံအိမ်တော်ရှိ လူများ၏ ရိုကျိုးမှုက သိသာထင်ရှားသောအရာ ဖြစ်သည်။ လဲ့ကျစ်၏ ဝတ်စားဆင်ယင်မှုနှင့် ကျန်းမာရွှင်လန်းနေသော အမူအရာကို ကြည့်လျှင်လည်း သူမ နှိပ်စက်ညှဉ်းပန်းခံနေရပုံ လုံးဝ မပေါ်ပေ။
‘တကယ်ပဲ၊ ဒီမှာ ဘာတွေဖြစ်နေတာလဲ’
"သခင်လေးဖူ၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
အန်းရွှယ်၏ စကားကြောင့် ဖူရှန်း သတိပြန်ဝင်လာသည်။ သူက လဲ့ကျစ်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့စိတ်ထဲတွင် သံသယများစွာ ရှိနေသော်လည်း ယခုအချိန်တွင် မေးခွန်းထုတ်ရန် မသင့်သေးမှန်း သူ နားလည်နေသေးသည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး အန်းရွှယ်နှင့်အတူ အခြားဝင်းတစ်ခုဆီသို့ လိုက်ပါသွားခဲ့သည်။
လဲ့ကျစ်က စိတ်မကြည်လင်သဖြင့် ထော့ကျိုးလေးဟော်၏ အခန်းဆီသို့ လျှောက်သွားလိုက်သည်။ နှင်းဖြူရောင် ကြောင်လေးက သူမကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာ ပြေးလာပြီး သူမ၏ ခြေကျင်းဝတ်ကို ပွတ်သပ်နေသည်။ လဲ့ကျစ်က ကြောင်လေးကို ကောက်ပွေ့ကာ ထိုင်ခုံပေါ်တွင် ထိုင်ရင်း ငါးခြောက် ကျွေးလိုက်သည်။ သူမက ကြောင်လေး၏ နူးညံ့သော ဦးခေါင်းကို ပွတ်သပ်ရင်း မသိစိတ်ဖြင့် ညည်းညူနေပြန်သည်။
"မင်းရဲ့ အဖေဟော်က ဘယ်တွေ သွားနေတာလဲ မသိဘူးနော်"
"မြောင်"
ကြောင်ဆိုးလေးက သူမကို ကြည့်ကာ မျက်လုံးဝိုင်းလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြနေသည်။ လဲ့ကျစ်က ပြုံးလျက် သူ့ကို နွားနို့ ထပ်တိုက်လိုက်ပြီး နေ့တစ်ဝက်ခန့်ကို ကြောင်လေးနှင့်အတူ ကုန်ဆုံးစေခဲ့သည်။
ညစာစားချိန်တွင် အစ်မဖြစ်သူနှင့်အတူ စားသော်လည်း လဲ့ကျစ်တစ်ယောက် စိတ်မအေးနိုင်ဖြစ်နေပြီး ကောင်းကောင်းမစားနိုင်ခဲ့ပေ။
သူမ၏အစ်မ အိပ်ပျော်စေရန် ချော့မော့ပြီးနောက် သူမ၏ အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ သူမ ရေချိုးပြီးသည်အထိ ဟော်တူ ပြန်မလာသေးပေ။ လဲ့ကျစ်က ခေါင်းအုံးကို မှီကာ ငေးငိုင်နေပြန်သည်။ ဟော်တူ၏ အရည်အချင်းကို သူမ သိသဖြင့် သူ ဘာမှ မဖြစ်နိုင်မှန်း နားလည်သော်လည်း သူမ၏ နှလုံးသားမှ သူ့အတွက် စိုးရိမ်နေမှုကို သူမကိုယ်တိုင် မတားဆီးနိုင်တော့ပေ။
ရုတ်တရက် တံခါးအပြင်ဘက်မှ အသံတစ်ချက် ကြားလိုက်ရပြီး တံခါးက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ လဲ့ကျစ်က ဝမ်းသာအားရဖြင့် အိပ်ရာမှထကာ ဟော်တူရှိရာသို့ အပြေးအလွှား သွားလိုက်သည်။
ဟော်တူက သူ ယူဆောင်လာသော ဆေးထုတ်ကို စားပွဲပေါ်တင်လိုက်ပြီး စိုးရိမ်တကြီးဖြင့် သူ့ထံ ပြေးလာသော လဲ့ကျစ်ကို ကြည့်နေခဲ့သည်။ သူမ လဲ့ကျင်း၏ အခြေအနေအတွက် စိုးရိမ်နေသည်ဟု သူ ထင်သွားပြီး လေးနက်သော အသံဖြင့် နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့၊ မင်းရဲ့ အစ်မက အတိတ်က ကိစ္စတွေကြောင့် အရမ်းထိတ်လန့်သွားပြီး စိတ်ရှုပ်ထွေးနေတာပါ၊ ဒီဆေးတွေကို သုံးပြီး သူ့ကျန်းမာရေးကို ဖြည်းဖြည်းချင်း ပြန်ထိန်းပေးလို့ ရပါတယ်၊ မင်းရဲ့ ဂရုစိုက်မှုနဲ့ဆိုရင် သူ မကြာခင် ပြန်ကောင်းသွားမှာပါ"
လဲ့ကျစ်၏ နှလုံးသားက အနည်းငယ် သက်သာရာရသွားသော်လည်း သူမ စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်မှာ သူမ၏အစ်မအတွက်ထက် သူ့အတွက် ပိုနေမှန်း သူမကိုယ်တိုင် သိနေခဲ့သည်။ သူမက သူ့ထံသို့ တိုးကပ်သွားပြီး ပေါ့ပေါ့ပါးပါး အနံ့ခံလိုက်ရာ ရင်းနှီးလှသော မင့်ရနံ့နှင့်အတူ ပြင်းရှရှ ဆေးမြစ်နံ့များကို ရလိုက်သည်။
‘ဒါဆိုရင် သူ တစ်နေ့လုံး ဆေးရှာဖို့ အပြင်ထွက်နေခဲ့တာလား’
လဲ့ကျစ်က သူ့မျက်နှာကို မော့ကြည့်လိုက်ပြီး သူ့မ၏မျက်ဝန်းလေးများက နူးညံ့သွားသည်။ သို့သော် သူ့မျက်လုံးအိမ်ထဲမှ ဖုံးကွယ်မရသော ဝမ်းနည်းမှုရိပ်အချို့ကိုလည်း သူမ မြင်တွေ့လိုက်ရသည်။
‘သူ ဘယ်ကို သွားခဲ့တာလဲ.... ဘာလို့ ဒီလောက်တောင် စိတ်မကောင်းဖြစ်နေရတာလဲ’
လဲ့ကျစ်က သူ့ကို နှစ်သိမ့်ချင်သော စိတ်ဖြင့် သူ့လက်ကို ဆုပ်ကိုင်ရန် ပြင်လိုက်သော်လည်း ဟော်တူက ကိုယ်ကို တိမ်းလိုက်ပြီး ရှောင်ထွက်သွားသည်။
"ကိုယ် အရင် ရေချိုးလိုက်ဦးမယ်"
သူ အပြင်မှ ပြန်လာခြင်းဖြစ်သောကြောင့် သူ့တစ်ကိုယ်လုံး အေးစက်နေသည်။ သူမက အအေးဒဏ်ကို မခံနိုင်မှန်း သူ သိနေသဖြင့် ဟော်တူက သူမ အအေးမိသွားမည် စိုးရိမ်ကာ ရှောင်တိမ်းလိုက်ခြင်းပင်။ သို့သော် လဲ့ကျစ်ကတော့ သူ့ဆန္ဒကို ခွင့်မပြုခဲ့ပေ။ သူမက သူ၏ အေးစက်နေသော လက်ဖဝါးကို အမိအရ ဆွဲကိုင်ကာ ကုတင်ပေါ်တွင် အတူထိုင်ရန် ဆွဲခေါ်သွားသည်။
"ကျွန်မ ထင်တာကတော့ အရှင့်သား ပျော်မနေဘူး"
သူမက တိုးလျသောအသံဖြင့် ပြောလိုက်သည်။
ဟော်တူက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ပြုံးလိုက်သော်လည်း ချက်ချင်း မျက်နှာလွှဲသွားသည်။ သူမရှေ့တွင် သူ၏ ခံစားချက်များကို ဖုံးကွယ်ထားရန်က တစ်နေ့ထက်တစ်နေ့ ပို၍ ခက်ခဲလာခဲ့ချေပြီ။
‘သူမက သူ့ကို အမြဲမြင်နေရတယ်၊ သူမရှေ့မှာ သူ ဟန်ဆောင်ထားတာက ဆိုးလွန်းနေလို့လား’
ထိုအချိန်တွင် လဲ့ကျစ်က သူမ၏ လက်နှစ်ဖက်ကို ဖွင့်ကာ တိုးတိုးလေး ပြောလာခဲ့သည်။
"ဖက်ပေးမယ်"
"မင်းက ဒီအစ်ကိုတော်ကို ပွေ့ဖက်ဖို့ အဲ့လောက် အလျင်လိုနေတာလား"
ဟော်တူက ရယ်မောရင်း သူ၏ တုတ်ကောက်ကို လှမ်းဆွဲကာ ထရပ်ရန် ပြင်လိုက်သည်။
"ခဏလေး... ကိုယ် ရေချိုးပြီးမှ ပေးဖက်မယ်"
သို့သော် သူ မတ်တပ်မရပ်နိုင်မီမှာပင် နွေးထွေးလှသော လက်တစ်စုံက သူ၏ ခါးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်သည်။ လဲ့ကျစ်၏ နွေးထွေးသော ခေါင်းလေးက သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာပြီး သူ၏ နှလုံးသားပေါ်သို့ ဖိကပ်လာသည်။
ဟော်တူ ခဏမျှ ဆွံ့အသွားရသည်။
သူမ၏ ပွေ့ဖက်မှုက သူ့အတွက် မည်သည့် ဆေးဝါးထက်မဆို ပို၍ ထိရောက်သော ကုထုံးဖြစ်နေသည်ကို သူမ ခံစားမိသည်။ သူ၏ မပျော်ရွှင်မှုကို သူမ ခံစားမိသော်လည်း ယနေ့တွင် သူမက ပျော်ရွှင်နေသည်။ ထို့အပြင် သူမ၏ ပျော်ရွှင်မှုအားလုံးက ဟော်တူထံမှ ရောက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက သူ၏ မပျော်မရွှင်မှုကို သူမ၏ ပျော်ရွှင်မှုများဖြင့် အစားထိုးပေးချင်နေသည်။
ဟော်တူက သူမ၏ ခေါင်းမာမှုတွင် ရှုံးနိမ့်သွားပြီး သူမ၏ ကျောပြင်လေးပေါ်သို့ လက်တင်ကာ ညင်ညင်သာသာ ပြန်ပွေ့ဖက်လိုက်သည်။ ခဏအကြာတွင် လဲ့ကျစ်က သူမ၏ခေါင်းလေးကို မော့လိုက်ပြီး သူမ၏ နဖူးကို သူ၏ နဖူးနှင့် ညင်သာစွာ ထိကပ်ထားလိုက်သည်။
ထိုနေ့က ရေပူစမ်းတွင် ဟော်တူက သူမ၏ နဖူးကို ဖိကာ သူမ၏ အပြစ်များကို သူ ခံယူပေးခဲ့သလို ယနေ့တွင်လည်း လဲ့ကျစ်က သူမ၏ ပျော်ရွှင်မှုများကို သူ့ထံသို့ ထိုနည်းအတိုင်း အရောက်ပို့ပေးနေခဲ့ခြင်း ဖြစ်သည်။
........။......။......
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ကျစ်ကျစ် : "ဒီလူယုတ်မာက ကြွားလုံးထုတ်ရတာကို သိပ်ကြိုက်တာ။ ဒါပေမဲ့ တကယ့် အရေးကြီးတဲ့ အခိုက်အတန့်ကျတော့ ငါ့ကိုပဲ အားကိုးနေရတာ မဟုတ်လား။"
ကြောင်လေးဟော် : "မေမေလဲ့ ပြောတာ မှန်တယ်။ အဖေဟော်က အလကားကောင်ပဲ၊ ငါ မင်းကို အထင်မကြီးဘူးကွ"
ဟော်တူ : "မြောင် မြောင် မြောင် (ငါက ဘာလုပ်လို့လဲ?)"