အခန်း (၅၁-၅၂)
Vol. 5 Ch. 51-52
အခန်း ၅၁ စိတ်အားထက်သန်မှု နိုးထစေတယ်
ဟော်တူက သူ့နဖူးပြင်ထက်မှ နွေးထွေးမှုကို တိတ်တဆိတ် ခံစားရင်း အနီးကပ်ဆုံးရှိနေသည့် မျက်နှာလေးကို ငေးကြည့်နေသည်။ သူမက သူမ၏မျက်လုံးများကို မှိတ်ထားသော်လည်း ကော့ညွှတ်နေသော မျက်တောင်ရှည်များက သူမ၏ စိတ်လှုပ်ရှားမှုကို ဖော်ပြနေသကဲ့သို့ပင်။ သူမ၏နှုတ်ခမ်းထောင့်လေးများတွင်လည်း နူးညံ့လှသော အပြုံးမျဉ်းကွေးလေးတစ်ခု ဖြစ်ပေါ်နေသည်။
လဲ့ကျစ်၏ ခြင်သံမျှသာရှိသော တိုးလျလှသည့် ရေရွတ်သံလေးကိုလည်း ဟော်တူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူမက သူ ယခင်က ကျီစယ်ပြောဆိုခဲ့သော အဓိပ္ပာယ်မရှိသည့် စကားများကို ယုံကြည်နေခြင်းကလည်း အံ့ဩစရာဖြစ်နေပြန်သည်။ ဟော်တူက သူမ၏ ဖြူစင်သော မိုက်မဲမှုကို ရယ်မောချင်နေသော်လည်း သူမ၏ လေးနက်သော အမူအရာကို မြင်လိုက်ရချိန်တွင် သူ့ရင်ထဲသို့ ပျော်ရွှင်မှုများ အရှိန်အဟုန်ဖြင့် တိုးဝင်လာသည်။
သူမ မျှဝေပေးချင်သော ပျော်ရွှင်မှုကို သူ အမှန်တကယ် အပြည့်အဝ လက်ခံရရှိလိုက်ပုံပေါ်သည်။
ခဏအကြာတွင် ပွေ့ဖက်ထားသော လက်များ ပြေလျော့သွားပြီး လဲ့ကျစ်က နောက်သို့ အသာဆုတ်ရန် ပြင်လိုက်သည်။ သို့သော် သူမ၏ မျက်လုံးများ အပြည့်အဝ မဖွင့်ရသေးမီမှာပင် ဟော်တူက သူမ၏ လည်ပင်း အနောက်ကို သူ့လက်ဖဝါးဖြင့် အသာထိန်းလိုက်ကာ သူမ၏ နှုတ်ခမ်းဖူးဖူးလေးများကို ခပ်ဖွဖွ နမ်းလိုက်သည်။
နူးညံ့အေးမြသော ရနံ့တစ်ခုနှင့်အတူ နွေးထွေးမှုက နှုတ်ခမ်းများမှတစ်ဆင့် ရင်ထဲအထိ ပျံ့နှံ့သွားသည်။
လဲ့ကျစ်က ထိတ်လန့်သွားပြီး သူမ၏ မျက်လုံးလေးများကို ပြူးနေအောင် ဖွင့်ကြည့်လိုက်သည်။ သူမ၏ နှင်းဖြူရောင် ပါးပြင်ထက်မှ နီရဲလာသော အနီကွက်များက နားရွက်ဖျားများအထိ ချက်ချင်း ပျံ့နှံ့သွားသည်။ ဟော်တူ၏ မျက်ဝန်းနက်နက်များထဲမှ ပြင်းပြသော ဆန္ဒရိပ်များကို မြင်လိုက်ရချိန်တွင်တော့ သူမ၏ နှလုံးသားလည်း ဒိတ်ခနဲ ခုန်လှုပ်သွားတော့သည်။
သူမက ရှက်ကိုးရှက်ကန်းဖြင့် အဝေးသို့ အကြည့်လွှဲကာ သူ့လက်မောင်းကို တွန်းဖယ်လိုက်သည်။
"မြန်... မြန်မြန် ရေသွားချိုးတော့"
ဟော်တူက ရယ်မောပြီး သူမကို တမင်တကာ စနောက်နေပြန်သည်။
"မင်းက ပွေ့ဖက်ပြီးတာနဲ့ လူကို တွန်းထုတ်ချင်နေတာလား"
ထိုစကားကြောင့် လဲ့ကျစ် ပို၍ ရှက်သွားရသည်။ သူမက သူ့ကို အားရှိသမျှ တွန်းထုတ်လိုက်ပြီး ကုတင်ပေါ်သို့ လှဲချလိုက်သည်။ ထို့နောက် သူမ၏တစ်ကိုယ်လုံးကို စောင်ထဲသို့ တိုးဝင်သွားပြီး ခေါင်းကိုပါ ဖုံးအုပ်ထားလိုက်သည်။ ဟော်တူက သူမ အသက်ရှူရ ခက်မည်ကို စိုးရိမ်သွားပြီး စောင်ကို အသာအယာ ဆွဲချကာ သူမ၏ခေါင်းလေးကို အနည်းငယ် ဖော်ပေးလိုက်သည်။
"ကိုယ် ဆေးခန်းကို ခဏသွားဦးမယ်"
ဟော်တူက လဲ့ကျစ်ကို တိုးတိုးလေး အသိပေးလိုက်ပြီး တုတ်ကောက်ကို အားပြုကာ အခန်းထဲမှ ထွက်သွားပြန်သည်။ လဲ့ကျစ်က သူ ဆေးဖက်ဝင်ပစ္စည်းများ သွားယူသည်ဟုသာ ထင်နေခဲ့သော်လည်း အမှန်တကယ်က ထိုသို့မဟုတ်ပေ။
ဆေးခန်းသို့ ရောက်သွားချိန်တွင် ဟော်တူက သူ ယူလာသမျှ ဆေးများကို အမှုန့်ဖြစ်အောင် ကြိတ်ချေပြီး ကြွေပုလင်းငယ်များထဲသို့ ခွဲထည့်ကာ ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက ဆေးဗီဒို၏ အမြင့်ဆုံးနေရာတွင် ဝှက်ထားသော ပင်လယ်ပြာရောင်ကြွေပုလင်းကို လှမ်းယူလိုက်သည်။ နောက်ဆုံးတွင် သူက ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး ထိုပုလင်းကို ခဏမျှ စိုက်ကြည့်နေခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးမှ အနက်ရောင် ဆေးပြားတစ်ပြားကို ထုတ်ယူကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ပြင်းရှပြီး ခါးသီးလှသော ဆေးရနံ့က လျှာဖျားမှတစ်ဆင့် လည်ချောင်းထဲသို့ စီးဆင်းသွားသည်။ ထိုခါးသီးမှုက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည့်တိုင် ဟော်တူကတော့ နှုတ်ခမ်းကို တွန့်ကွေးကာ ပြုံးနေသေးသည်။
ဤဆေးက ဟော်တူ လွန်ခဲ့သော ရက်အနည်းငယ်က ဖော်စပ်ထားသည့် တဏှာဆန္ဒကို ထိန်းချုပ်ပေးနိုင်သည့်ဆေး ဖြစ်သည်။ အစပိုင်းတွင် လဲ့ကျစ်နှင့်အတူ အိပ်စက်ခြင်းက သူမ၏ သတိကို လျှော့ချရန်သာ ရည်ရွယ်ခဲ့သော်လည်း ယခု သူမ၏ အနီးအနား၌ ရှိနေရခြင်းက သူ့အတွက် သည်းမခံနိုင်သော တောက်လောင်မှုတစ်ခု ဖြစ်လာခဲ့သည်။ ယခင်က သူ ပြက်ရယ်ပြုခဲ့သော လောကီအာရုံ တပ်မက်ခြင်းများက ယခုအခါ သူမကြောင့် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့ချေပြီ။
ဟော်တူက လဲ့ကျစ်၏ စိတ်နေစိတ်ထားကို ကောင်းကောင်းသိထားပြီး သူက လိုချင်သည်ဟု ပြောလိုက်လျှင် သူမ ငြင်းမည်မဟုတ်ကြောင်းလည်း သူ သိထားသည်။ သူမဘက်က ကြိုးကြိုးစားစား လိုက်လျောမည်ကိုလည်း သူ နားလည်နေသည်။ သို့သော် သူမ၏ ဆန္ဒအစစ်အမှန် မပါဘဲ သဘောတူညီချက်တစ်ခုအနေဖြင့် သူမ၏ ခန္ဓာကိုယ်ကို ရယူလိုက်ပါက သူမ၏ နှလုံးသားကို သူကိုယ်တိုင် တွန်းထုတ်လိုက်သလို ဖြစ်သွားမည်ကို သူ စိုးရိမ်နေမိသည်။
‘သူက အဲ့လို မိုက်မဲတဲ့ အမှားမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။
သူ သူမကို ချစ်မိသွားပြီ ဆိုမှတော့ သူ လောဘကြီးတတ်လာပြီလေ။
သူက သူမရဲ့ ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ရော နှစ်ခုစလုံးကို အပိုင်လိုချင်တယ်’
‘ဒီနေ့ ဖန်လုံအိမ်အတွင်းက နွေးထွေးတဲ့ ပွေ့ဖက်မှုနဲ့ သူမရဲ့ မျက်ဝန်းထဲက သိမ်မွေ့တဲ့ ခံစားချက်တွေကို သူ သတိမထားမိခဲ့ရင် သူ အမှန်တကယ် ငတုံးတစ်ယောက် ဖြစ်သွားမှာပေါ’
‘လဲ့ကျစ်ရဲ့ ခံစားချက်တွေကို မသေချာခင်အချိန်အထိ သူ သူရဲ့စိတ်ဆန္ဒတွေကို အတွင်းအားနဲ့ ဖိနှိပ်ချုပ်တည်းထားနိုင်ခဲ့တယ်၊ ဒါပေမယ့် အခု လဲ့ကျစ်ရဲ့နွေးထွေးမှုကို သိပြီးသွားတဲ့နောက်မှာ သူ ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မယ်ဆိုတာ မသေချာတော့ဘူး။ အဲ့ဒါကြောင့် သူရဲ့ အသိတရား မလျော့ရဲခင်မှာ ဆေးကို စတင်ဖို့ လိုနေပြီလေ’
‘သူ လဲ့ကျစ်ကို အပိုင်ရယူလိုပေမယ့် သူမ ကလေးမွေးဖွားရမှာကိုလည်း မလိုလားဘူး၊ သူ့ကို နည်းနည်းလောက် စိတ်ဝင်စားမိတာကတောင် သူမအတွက် ကြီးမားတဲ့ စိတ်ရှုပ်ထွေးမှုကို ဖြစ်စေခဲ့တယ်။ သူမသာ သူ့ကလေးကို ကိုယ်ဝန်လွယ်ထားရရင် သူမ ဘယ်လောက်တောင် နာကျင်နေလိမ့်မလဲ။’
‘သူရဲ့မြေခွေးမလေးက ထက်မြက်တဲ့ မိန်းကလေးလေ၊ သူမဘာသာ သန္ဓေတားဆေးရည် ရှာသောက်မှာကို သူ သိတာပေါ့၊ ဒါပေမယ့် အဲ့ဆေးတွေက မိန်းခလေးတွေရဲ့ ခန္ဓာကိုယ်ကို အများကြီး ထိခိုက်စေနိုင်တယ်။ သူမကို နာကျင်ခိုင်းမယ့်အစား သူကိုယ်တိုင်ပဲ ဒီအခက်အခဲကို ခံယူလိုက်မယ်၊ တစ်လလောက် နေ့တိုင်းသောက်ပြီးရင် နောက်ပိုင်း တစ်လ တစ်ကြိမ်သောက်တာနဲ့ လုံးဝ ကာကွယ်မှုရလိမ့်မယ်’
‘ပြီးတော့ သူတို့ လျှောက်လှမ်းနေတဲ့လမ်းကလည်း ရန်သူတွေ ဝိုင်းရံနေတဲ့လမ်းဖြစ်နေသေးတယ်၊ အထူးသဖြင့် သူ့အတွက်ကတော့ ပြန်လမ်းမရှိတဲ့ လမ်းတစ်ခုပဲ။ ကလေး ရှိလာတာက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာမှာ သေချာတယ်၊ တကယ်လို့ သူ တစ်ခုခုဖြစ်သွားခဲ့ရင် သူမဆီမှာ ဟော်မျိုးနွယ်ရဲ့ သွေးသားကို ချန်ထားခဲ့ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။ သူမ တစ်သက်လုံး အပြစ်ရှိစိတ်နဲ့ ပိတ်မိနေတာမျိုး မဖြစ်စေချင်တာက သူရဲ့လေးနက်တဲ့ ချစ်ခြင်းမေတ္တာပါပဲ’
သူ့ပါးစပ်ထဲမှ ဆေး၏ ခါးသီးမှုများ ပျောက်ကွယ်သွားမှသာ ဟော်တူက ကျေနပ်စွာဖြင့် ထရပ်လိုက်ပြီး အိပ်ခန်းဆီသို့ ပြန်လာခဲ့သည်။
ဟော်တူ ထွက်သွားပြီးနောက်တွင် လဲ့ကျစ်က စာအုပ်တစ်အုပ် ထရှာလိုက်ပြီး သူမ၏ ပန်းထိုးခေါင်းအုံးကို မှီကာ စာဖတ်ရင်း စာအုပ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
ဟော်တူ တံခါးဖွင့်ဝင်လာချိန်တွင် လဲ့ကျစ်က စာအုပ်ကို စောင်ထဲသို့ အမြန်ဝှက်လိုက်သည်။ သူမက သူ့ကို မော့ကြည့်လိုက်ပြီး သူ့အဝတ်အစားများပေါ်တွင် နှင်းရည်များ စိုစွတ်နေသည်ကို မြင်သွားကာ သူ၏ ခြေထောက်ဒဏ်ရာအတွက် စိုးရိမ်စိတ်သွားရပြန်သည်။
ဟော်တူကတော့ သူမ၏ နီမြန်းနေသော မျက်နှာလေးကို တစ်ချက်ကြည့်ကာ ထူးဆန်းသည့် ခံစားချက်တစ်ခု ခံစားလိုက်ရသည်။ သို့သော် သူက ဘာမှမပြောဘဲ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။
သူ ရေချိုးခန်းထဲ ဝင်သွားသည်နှင့် လဲ့ကျစ်က စာအုပ်ကို ပြန်ထုတ်ပြီး နောက်ဆုံးအကြိမ် လှန်ကြည့်လိုက်ကာ မူလနေရာသို့ သွားပြန်ထားလိုက်သည်။ သူမက သူမ၏ပုခုံးပေါ်မှ သက်သာစပြုနေသော ဒဏ်ရာကို ပြန်ထိကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချနေလိုက်သည်။
လဲ့ကျစ်က ငယ်စဉ်ကတည်းက လုံ့လဝီရိယရှိသူ မဟုတ်ခဲ့သော်လည်း သူမ၏သရုပ်ဆောင်နိုင်မှုက လူအများစုထက် များစွာ သာလွန်ကောင်းမွန်ပြီး သူမက အလွန်ယုံကြည်စိတ်ချရသူ ဖြစ်သည်။
ထို့အပြင် ဒဏ်ရာသက်သာလာလျှင် ဤအိမ်ထောင်ရေးကို အပြီးသတ်မည်ဟု ကတိပေးထားသောကြောင့် သူမ နောက်တွန့်နေမည် မဟုတ်ပေ။ ထို့အပြင် ယနေ့တွင် ဟော်တူက သူမအတွက် ပျော်ရွှင်မှုများစွာ ပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ အနည်းငယ် စိတ်ညစ်နေပုံရသည်။
ပွေ့ဖက်ခြင်းကပင် သူ့ကို စိတ်သက်သာရာ ရစေနိုင်သောကြောင့် သူမ သူ့ကို အဆုံးထိ ပျော်ရွှင်သွားစေရန် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
လဲ့ကျစ်တစ်ယောက် သူမ၏အကြံက ကောင်းမွန်လွန်းသည်ဟု တွေးကာ ဂုဏ်ယူနေသေးသည်။
ဟော်တူ ရေချိုးခန်းမှ ထွက်လာချိန်တွင် အိပ်ခန်းအတွင်းရှိ ပတ်ဝန်းကျင် ပြောင်းလဲနေသည်ကို သတိပြုမိလိုက်သည်။ သူ တစ်ချက် စစ်ကြည့်လိုက်ရာ ဖယောင်းတိုင်မီးများက မှိန်နေပြီး နံ့သာနံ့ကလည်း လဲ့ကျစ် အမြဲသုံးနေကျ သစ်သီးနံ့မဟုတ်ဘဲ ဆွဲဆောင်မှုရှိသော နှင်းဆီနံ့သို့ ပြောင်းလဲနေသည်။ ကုတင်ကန့်လန့်ကာများကိုလည်း တစ်ဝက်ခန့် ချထားသည်။
သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု တိုးလာနေသည်။
ဟော်တူ ကုတင်ဘေးသို့ ဖြည်းညှင်းစွာ လျှောက်သွားချိန်တွင်တော့ အတွင်းမှလူက အိပ်ပျော်နေပုံရသည်။ ဟော်တူက သူ အတွေးလွန်နေပုံရသည်ဟု ထင်ကာ ပြုံးလိုက်မိသည်။ သူ ကုတင်ဘေးသို့ တိုးသွားကာ ကန့်လန့်ကာကို အသာအယာ မတင်လိုက်သည်။ ကုတင်ပေါ်မှ နွေးထွေးသော ရနံ့နှင့် လဲ့ကျစ်၏ ရှိနေမှုက သူ့ကို ဆွဲဆောင်နေပြန်သည်။
ဟော်တူက သူ့၏အလိုဆန္ဒများကို သူ ကောင်းကောင်း ထိန်းချုပ်နိုင်သည်ဟု ယုံကြည်ထားခဲ့သော်လည်း ယခု ဤနွေးထွေးသော နေရာလေးတွင် သူမနှင့်အတူ ထာဝရ ပိတ်မိနေချင်သည့် တောင့်တမှုက ထိန်းမရအောင် ပြင်းပြလာခဲ့သည်။
ဟော်တူက သူ့လက်ကို ဆန့်တန်းပြီး လဲ့ကျစ်ကို ပွေ့ဖက်ရန် ပြင်လိုက်သော်လည်း သူမ၏ အိပ်မက်ကောင်းအား နှောက်ယှက်မိမည်ကိုလည်း ကြောက်နေမိသည်။ ခဏလောက်စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
သို့သော်လည်း မမျှော်လင့်ဘဲ နူးညံ့လှသော လက်မောင်းလေးများက သူ့ခါးကို ရစ်ပတ်လာခဲ့သည်။ လဲ့ကျစ်က သူ၏ရင်ခွင်ထဲသို့ မှီတွယ်လိုက်သည်။
မှိန်ပျပျ ဖယောင်းတိုင်အလင်းအောက်တွင် လဲ့ကျစ်က ဟော်တူ၏ ရင်ဘတ်ပေါ်သို့ လက်တင်ထားပြီး သူမကိုယ်ကို အနည်းငယ် ဆန့်ကာ ချိုသာသော အပြုံးဖြင့် သူ့ကို စိုက်ကြည့်နေသည်။
သူမ၏ တောက်ပနေသော မြေခွေးမျက်လုံးများကို ကြည့်ရင်း ဟော်တူ၏ အသက်ရှူသံများ ကမောက်ကမ ဖြစ်သွားရသည်။ လဲ့ကျစ်က သူ၏ နှုတ်ခမ်းထောင့်များကို တစ်ဖက်ပြီးတစ်ဖက် ညင်သာစွာ နမ်းလိုက်ပြီးနောက် သူ၏ နားရွက်နားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောနေခဲ့သည်။
"ပုခုံးပေါ်က ဒဏ်ရာက သက်သာသွားပြီ"
ဤစကား၏ အဓိပ္ပာယ်ကို အရူးပင် နားလည်နိုင်သည်။ ပါးလွှာလှသော အိပ်ဝတ်အင်္ကျီကြားမှ နှစ်ဦးသား၏ နှလုံးခုန်သံများက တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားမတတ် ပြင်းထန်နေသည်။ ဟော်တူ၏ ခန္ဓာကိုယ်က မီးတောင်တစ်ခုကဲ့သို့ ပူလောင်နေပြီး သူ ရှူထုတ်လိုက်သော လေငွေ့များက လဲ့ကျစ်ကို လောင်မြိုက်စေတော့မည့်အတိုင်း ဖြစ်နေလေသည်။
သူမ သူ့ခြေထောက်ကို ထိကြည့်လိုက်ချိန်တွင် အပူချိန်က ပိုပူလာပုံရပြီး သူမလည်း မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။
စာအုပ်များစွာကို ဖတ်ပြီးနောက် ထိုအရာက ဘာကိုဆိုလိုမှန်း လဲ့ကျစ်လည်း သဘာဝကျကျ သိနေပြီ ဖြစ်သည်။ သို့သော် သူမ စတင်ပြီးပြီ ဖြစ်သောကြောင့် နောက်ပြန်လှည့်တော့မည် မဟုတ်ပေ။
လဲ့ကျစ်က စာအုပ်များထဲမှ သင်ယူထားသည့်အတိုင်း သူမကိုယ်တိုင် အစပျိုးရန် ဆုံးဖြတ်လိုက်သည်။ ဟော်တူ၏ ခြေထောက်တွင် ပြဿနာရှိနေသောကြောင့် သူမကသာ တက်တက်ကြွကြွ လှုပ်ရှားပေးရမည်ဟု တွေးနေပြန်သည်။ ထို့နောက် သူမက နှစ်ယောက်စလုံး သက်တောင့်သက်သာ ရှိစေမည့် အနေအထားကို တွေးကာ သူ၏ လည်ပင်းမှ လည်စေ့လေးကို ပြင်းပြစွာ နမ်းလိုက်သည်။
“လဲ့ကျစ်…”
ဟော်တူ၏ အသံက အက်ရှတုန်ရီနေပြီး သူ၏ သည်းခံနိုင်စွမ်းက အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။
လဲ့ကျစ်၏ နှလုံးခုန်သံများကလည်း ပို၍ ကျယ်လောင်လာသည်။ လဲ့ကျစ်က နောက်ဆုတ်မသွားဘဲ သူမ၏မျက်နှာကို မော့ကာ သူ့နှုတ်ခမ်းကို နမ်းလိုက်သည်။ သို့သော် နှုတ်ခမ်းချင်း ထိခါနီးတွင် ဟော်တူက သူ့၏နောက်ဆုံးလက်ကျန် ထိန်းချုပ်မှုကို အားကိုးကာ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ပါးလွှာသောပုခုံးလေးကို တွန်းထုတ်လိုက်သည်။
ဤပိတ်ဆို့ငြင်းဆန်မှုက လဲ့ကျစ်အတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
လဲ့ကျစ်က မှိန်ပျပျအလင်းရောင်ကို အားပြုပြီး သူမ၏မျက်လုံးများကို ပြူးကာ. ဟော်တူ၏မျက်လုံးများကို ဂရုတစိုက် လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် ဆန္ဒများ ပြည့်လျှံနေသည်မှာ သိသာလှပြီး သူ့လက်ဖဝါးများကလည်း ပူလောင်နေသည်။
‘ဒါဆို ဘာကြောင့်လဲ’
သူမ ကြောင်တောင်တောင်ဖြင့် ကြည့်နေစဉ် ဟော်တူက သူမကို ကုတင်တစ်ဖက်သို့ တွန်းချကာ စောင်ဖြင့် အမြန်ပတ်ပေးလိုက်ပြီး ကုတင်ပေါ်မှ ဆင်းသွားခဲ့သည်။ ကုတင်ကန့်လန့်ကာကို ဆွဲပိတ်လိုက်သော သူ၏လက်များက တုန်ယင်နေပြီး ဒေါသနှင့် ဆန္ဒများ ရောပြွမ်းနေပုံရသည်။
တုတ်ကောက်သံနှင့်အတူ ဟော်တူ ရေချိုးခန်းထဲသို့ ပြန်ဝင်သွားသည်ကို လဲ့ကျစ် သိလိုက်သည်။ သူမ၏ဘေးနားမှ အပူအရင်းမြစ် ထွက်ခွာသွားသော်လည်း သူမ၏ခန္ဓာကိုယ်ထဲမှ အပူများက လျော့မသွားသေးပေ။ လဲ့ကျစ်က မျက်မှောင်ကြုတ်ပြီး အသက်ကို ရှူသွင်းရှူထုတ်လုပ်ကာ အပူများ ပြေပျောက်စေရန် ကြိုးစားနေပြီး စောင်ကို ဖယ်ရှားလိုက်သည်။
တဖြည်းဖြည်းနှင့် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နွေးထွေးမှုက လျော့ပါးသွားသော်လည်း သူမ၏ နှလုံးသားထဲတွင် ဒေါသလှိုင်းများ တိုးလာခဲ့သည်။
‘သူမ... ထပ်ပြီး.... အငြင်း.... ခံရပြန်ပြီ။
သူမက ဆွဲဆောင်ဖို့ အစပျိုးခဲ့ပြီး သူလည်း နိုးကြွလာခဲ့တယ်။
ဒါပေမယ့် သူက ဘာလို့ငြင်းတာလဲ။
သူ နေမကောင်းဘူးလား’
လဲ့ကျစ်က သူမ၏စိတ်ထဲမှ သူ့ကို ဆူပူကြိမ်းမောင်းချင်နေသော်လည်း အနည်းငယ် ကြိမ်းမောင်းပြီးနောက် ငြိမ်သက်သွားသည်။
‘နေမကောင်းတာ…’
‘အော် ဒါကြောင့်ကို”
လဲ့ကျစ်က သေသေချာချာ ပြန်တွေးကြည့်လေလေ၊ သူမ၏ ကောက်ချက်က မှန်ကန်နေသည်ဟု ခံစားရလေလေဖြစ်သည်။ အတိတ်က သူမ သူ့ကို စိတ်ကြွဆေးခတ်ခဲ့စဉ်ကလည်း သူက ဒေါသတကြီး ဆူပူကြိမ်းမောင်းရုံမှလွဲ၍ ဘာမှမဖြစ်လာခဲ့သည်ကို ယခုမှ သတိရသွားခဲ့သည်။
သူမ၏ အတွေးများက အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။ သူ့တွင် ထင်ရှားလှသော ခြေထောက်မသန်စွမ်းမှုအပြင်၊ အမျိုးသားတစ်ဦးအနေဖြင့် ဖွင့်ဟရခက်သော လျှို့ဝှက်ဝေဒနာ တစ်ခုလည်း ရှိနေကြောင်း သူမ နားလည်သွားသည်။
သူက ဆေးပညာတွင် အလွန်ကျွမ်းကျင်သော်လည်း "သမားတော်က မိမိကိုယ်ကို မကုသနိုင်" ဟူသော ရှေးစကားအတိုင်း ဖြစ်နေရှာသည်ဟု သူမ တွေးမိကာ ဒေါသများက ဂရုဏာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူမ၏ နှလုံးသားထိပ်ဖျားကို ပါးလွှာသော အပ်တစ်ချောင်းဖြင့် အထိုးခံရသလို နာကျင်မှုကို ခံစားလိုက်ရသည်။
တစ်ဖက်တွင်တော့ လဲ့ကျစ် ထင်သလိုမဟုတ်ဘဲ ရေချိုးခန်းထဲသို့ ကမန်းကတန်း ဝင်သွားသော ဟော်တူက အလွန်အမင်း ရုန်းကန်နေရသည်။ သူက အတွင်းအားကို လက်ချောင်းထိပ်များသို့ စုစည်းကာ အပ်စိုက်ကုထုံးအမှတ်များကို ပြင်းပြင်းထန်ထန် နှိပ်နေပြီး သူ၏ တပ်မက်မှုကို ထိန်းချုပ်နေရသည်။
သို့သော် သူ့ရင်ဘတ်ထဲမှ တောက်လောင်မှုများက ထိန်းမရဖြစ်နေပြီး လည်ချောင်းထဲသို့ ချိုမြိန်သော အရသာတစ်ခု တိုးဝင်လာကာ သွေးများကို ပါးစပ်အပြည့် ထွေးထုတ်လိုက်ရသည်။
အတွင်းအားကို အသုံးပြု၍ အလိုဆန္ဒများကို အကြိမ်ကြိမ် ဖိနှိပ်ခဲ့ခြင်းကြောင့် သွေးအန်ခြင်းက ပုံမှန်လိုပင် ဖြစ်လာခဲ့သည်။ ယနေ့ည လဲ့ကျစ်၏ အစပျိုးမှုက သူ၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့ပြီး သူ ရူးသွပ်လုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် သူ့မျက်လုံးထဲ၌ တပ်မက်မှုများ ပျောက်ကွယ်သွားပြီး မှုန်ဝါးဝါးသာ ကျန်ရစ်နေတော့သည်။
‘တစ်လ.... တစ်လလောက်သောက်ရမယ့်ဆေးက ဘယ်လို ဆေးမျိုးလဲ၊ သူရဲ့ ထက်မြက်တဲ့ ဆေးပညာကလည်း အခုတော့ ညံဖျင်းလွန်းနေပြီ။ ပိုကောင်းတဲ့ဆေးကိုတောင် မဖော်စပ်နိုင်တော့ဘူး။
‘တစ်လ…
ဒါက တစ်နှစ်စာလောက်ကို နှိပ်စက်ညှဉ်းပန်းခံပြီး နေထိုင်ရသလိုပဲ...’
ဟော်တူက ထိုင်ခုံပေါ်သို့ အားပျော့စွာ လှဲချလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူ၏ တုတ်ကောက်ကို ဒေါသတကြီး ပစ်ချလိုက်သည်။ သူက သူ၏ အားနည်းနေသော ခြေထောက်ကို ငုံကြည့်ကာ လွန်ခဲ့သော အခိုက်အတန့်မှ လဲ့ကျစ်၏ ညင်သာသော အကြည့်ကို သတိရသွားသည်။ သူမက သူ၏ မသန်စွမ်းမှုကိုပင် ငဲ့ညှာကာ သူမဘက်မှ အစပျိုးပေးခဲ့သေးသည်။ ဟော်တူက သူ့လက်ချောင်းများကို ဖြည်းဖြည်းချင်း ကွေးလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်ပြန်သည်။
‘ငါ နှင်းအရိုးကြာပန်းကို အမြန်ဆုံး ရှာရမယ်၊ ငါ့ခြေထောက်တွေ ပြန်ကောင်းလာရမယ်’
.......။.......။......
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်၊
တတယ်လို့ တာ့ချီမှာသာ အင်တာနက်ရှိလျှင် နံပါတ်တစ် Hot search က... #ဟော်တူက မလုပ်နိုင်ဘူး # ဆိုတာပဲ ဖြစ်လိမ့်မယ်.....
*
ဟော်တူ : အေး... တစ်လနေရင် တွေ့မယ်၊ အဲဒီအချိန်ရောက်လာရင် မင်းရဲ့ တောင်းပန်မှုကို ရလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။
အခန်း ၅၂ ကြီးမားသောထိုးနှက်ချက်
ရေချိုးခန်းထဲတွင် ဟော်တူ အချိန်မည်မျှကြာအောင် အရှိန်သတ်နေခဲ့ရသည်ကို မည်သူမျှ မသိနိုင်ခဲ့ပေ။ သူ ပြန်ထွက်လာချိန်တွင် အခန်းထဲမှ နှင်းဆီရနံ့များ ပျောက်ကွယ်နေပြီဖြစ်ကာ စိတ်ကို တည်ငြိမ်စေသော နံ့သာဖြူရနံ့လေး ပျံ့လွင့်နေသည်။
ဟော်တူက မှုန်ကုပ်ကုပ် မျက်နှာဖြင့် ကုတင်ပေါ်သို့ တောင့်တောင့်ကြီး လှဲချလိုက်သည်။ သူ၏ စိတ်ထဲတွင် ယခုဖြစ်ပျက်ခဲ့သော "အရှက်ရစရာ" ငြင်းဆန်မှုကို လဲ့ကျစ်အား မည်သို့ရှင်းပြရမည်နည်းဟု တွေးတောရင်း စိတ်ရှုပ်ထွေးနေမိသည်။ မည်သည့်ရှင်းပြချက်မှ သင့်တော်မည်မဟုတ်သောကြောင့် သူ တွေးလေလေ စိတ်ပျက်လေလေဖြစ်နေရပြန်သည်။
ဟော်တူက သူ့ဘေးနားမှ အသက်ရှုသံကို တိတ်တဆိတ် နားထောင်နေပြီး လဲ့ကျစ် အိပ်မပျော်သေးမှန်း သူ သိနေသည်။ ထိုအချိန်တွင် ဘရိုကိတ်စောင်လေး လှုပ်ရှားသွားပြီး လဲ့ကျစ်က သူမ၏ လက်ကလေးကို ဖြည်းညှင်းစွာ ရွှေ့ကာ ဟော်တူ၏ လက်ခုံပေါ်သို့ အုပ်မိုးဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမက သူ့ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး သူမ၏ခေါင်းလေးကို သူ့ပခုံးပေါ်သို့ တင်ကာ သူ့လက်မောင်းကို တင်းတင်းဖက်ရင်း တိုးတိုးလေး ပြောလာခဲ့သည်။
"ရပါတယ်"
သူမ၏ အသံထဲတွင် ထူးဆန်းသော ကြင်နာမှုနှင့် နှစ်သိမ့်မှုများ ပြည့်နှက်နေသည်။
ဟော်တူ၏အမူအရာက အလွန်ရုပ်ဆိုးနေပြီး သူက သူမ၏မျက်လုံးများကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ သူ၏မျက်မှောင်ကြုတ်နေပြီး မှုန်ကုပ်နေသော မျက်နှာက လဲ့ကျစ်၏ မျက်လုံးများထဲသို့ ဝင်ရောက်သွားပြီး သူမ၏ထင်မြင်ယူဆချက်ကို ပို၍ပင် အတည်ပြုနိုင်ခဲ့သည်။
‘ဒီလိုကိစ္စမျိုးက ယောကျာ်းတစ်ယောက်ရဲ့ သူ့ကိုယ်သူ လေးစားမှုကို အမှန်တကယ် ထိခိုက်စေနိုင်တယ်’
လဲ့ကျစ်က သက်ပြင်းတစ်ချက်ကို တိတ်တဆိတ်ချကာ သူ၏လည်ပင်းနားတွင် မျက်နှာအပ်လျက် သူ့ကို ပွေ့ဖက်ပေးလိုက်သည်။
"အိပ်ကြမယ်လေ"
ယခုအချိန်တွင် စကားများများပြောခြင်းက အသုံးမဝင်ကြောင်း သူမ သိနေပြီး ဤနည်းဖြင့်သာ သူ့ကို နှစ်သိမ့်ပေးနိုင်ခဲ့သည်။ သူ့ကို ကုသပေးရန် နည်းလမ်းရှာရမည်ဟုလည်း သူမ၏စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်နေခဲ့သည်။
ထိုဆုံးဖြတ်ချက်ကြောင့် သူမ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
သူ့လည်ပင်းနားမှ နွေးထွေးပေါ့ပါးသည့် အသက်ရှုသံက သိမ်မွေ့လွန်းနေသော်လည်း ဟော်တူအတွက် လျစ်လျူရှုရန် မလွယ်ကူပေ။ ထိုအရာက သူ့နှလုံးသားကို ကလိထိုးနေသလိုဖြစ်နေခဲ့သည်။ လဲ့ကျစ်၏ ဦးခေါင်းထိပ်ပေါ်ရှိ ဆံပင်များကို ငုံကြည့်ရင်း သူ၏ နှလုံးခုန်နှုန်းနှင့် အသက်ရှုသံများ တဖြည်းဖြည်း မတည်မငြိမ် ဖြစ်နေသည်ကို ဟော်တူ ခံစားနေရသည်။
‘မြေခွေးလေး..... ဒီအစ်ကိုတော်က မင်းကို မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ဝါးစားပစ်မယ်’
ဟော်တူက ရယ်မောလိုက်ပြီး သူမ၏ဦးခေါင်းနားသို့ ချဉ်းကပ်ကာ သူမကို ညင်ညင်သာသာ နမ်းလိုက်ပြီး သူ့မျက်နှာကို သူမ၏အနက်ရောင် ဆံပင်များထဲသို့ တိုးဝင်လိုက်သည်။ သူမဆံပင်ရှိ ခေါက်ရမ်းပန်းပွင့်၏မွှေးရနံ့နှင့်အတူ ပျော်ရွှင်မှုကို ခံစားလိုက်ရသော်လည်း သည်းမခံနိုင်သော ညှဉ်းပန်းမှုကလည်း ရှိနေသေးသည်။ နောက်ဆုံးတွင် ဟော်တူက သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်သည်။
.....။.....။......
အာရုဏ်မတက်မီတွင် ကောင်းကင်ပြင်ကြီးက အနက်ရှိုင်းဆုံးအမှောင်ထဲသို့ ထိုးဆင်းနေသည်။ ကျင့်ရှန်းဝမ်၏စံအိမ်တွင်လည်း တစ်စုံတစ်ယောက်က တစ်ညလုံး အိပ်ပျော်နေခဲ့သည်။
ရှန်းချင်းယန်က ကုတင်ခေါင်းရင်းတွင် အားအင်ကုန်ခမ်းစွာ မှီထိုင်နေသည်။ သူမ၏ မျက်ဝန်းများက ဗလာကျင်းနေပြီး သူမ ပင်ပန်းနွမ်းနွယ်နေပုံရသည်။ လျော့ရဲနေသော ညဝတ်အင်္ကျီကြားမှ မြင်နေရသည့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ညှဉ်းပန်းနှိပ်စက်ခံထားရသော ဒဏ်ရာများ ပြည့်နှက်နေသည်။ အဆိုးရွားဆုံးက သူမ၏ နှုတ်ခမ်းများ ရောင်ရမ်းနေပြီး စေ့ထားရန် ခက်ခဲနေခြင်းပင်။
သူမက ကုတင်ပေါ်တွင် အကြာကြီး အိပ်ပျော်နေသော ယောက်ျားကို မကျေမနပ် စိုက်ကြည့်နေသည်။ အခန်းတွင်းရှိ အရက်နံ့က ပြင်းထန်လွန်းသဖြင့် ပျောက်ကွယ်ရန် ခက်ခဲနေပြီး ချစ်မူရေးရာကိစ္စများအပြီးတွင် ကျန်နေသော အနံ့ပြင်းပြင်းများလည်း ရောထွေးနေကာ မနှစ်မြို့ဖွယ်ဖြစ်စေခဲ့သည်။
သူမ၏စိတ်ထဲတွင် မကြာသေးမီရက်များအတွင်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံး ပေါ်လာခဲ့ပြီး သည်းမခံနိုင်လောက်သည့် မူးဝေမှုကို ခံစားနေရသည်။
‘သူမ တကယ်ပဲ ဒါက အိပ်မက်ဆိုးတစ်ခုဖြစ်ဖို့ မျှော်လင့်ခဲ့တာပါ’
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လင်းယွိရှန့်က အရှုပ်အထွေးများစွာ ပြုလုပ်ခဲ့ပြီး အရာများစွာ ထွက်ပေါ်လာခဲ့သည်။ ဟော်ရှက လဲ့ကျစ်နှင့် အဆက်အသွယ်မပြတ်ခဲ့ဘဲ လင်းယွိရှန့်နှင့် တွေ့ဆုံခဲ့သည့်အချိန်အပါအဝင် သူတို့သီးသန့်တွေ့ဆုံမှုက ဘယ်နှကြိမ်ရှိမှန်း မသိနိုင်ပေ။
သူက လဲ့ကျစ်နှင့်တူသော အိပ်ယာဝင်အစေခံအတွက် လင်းယွိရှန့်ကို ပါးရိုက်ခဲ့သေးသည်။
ရှန်းချင်းယန်၏နှလုံးသားက အေးစက်သွားပြီး သည်းမခံနိုင်တော့ပေ။ သူမက သူ့ကို ချစ်သော်လည်း သူမ၏ ဂုဏ်သိက္ခာအတွက် ကွာရှင်းရန် တောင်းဆိုခဲ့သည်။ သို့သော် ဟော်ရှက ငြင်းဆိုခဲ့သည်။ သူမက ဖခင်ဖြစ်သူကို အကူအညီတောင်းခဲ့သော်လည်း ဧကရီက သူမကို လွှတ်ပေးရန် ငြင်းဆိုခဲပြီး သူမအတွက် အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အမှန်စင်စစ် ဟော်ရှနှင့် ဧကရီက သူမ၏ ဖခင် ဖြစ်သော ဝန်ကြီးချုပ်၏ အာဏာကို လက်မလွှတ်နိုင်ခြင်းကြောင့် သူမကို လှောင်အိမ်ထဲ၌ ပိတ်လှောင်ထားခြင်း ဖြစ်သည်။
ရှန်းချင်းယန်၏ ဘဝက နေမင်းကွယ်ပျောက်သွားသည့်အလား မှောင်အတိကျသွားခဲ့ပြီ ဖြစ်သည်။ သူမ၏အဖေ ဝန်ကြီးချုပ်ရှန်းဟွိုက်က သမီးဖြစ်သူအတွက် ညီလာခံတွင် ဟော်ရှကို နည်းလမ်းမျိုးစုံဖြင့် အကြပ်ကိုင် အပြစ်ရှာခဲ့သော်လည်း နောက်ဆုံးတွင် သမီး၏မျက်နှာကို ထောက်ထား၍ ဟော်ရှ ပြုပြင်ပြောင်းလဲရန်သာ တိုက်တွန်းနိုင်ခဲ့သည်။ သို့သော် လွဲမှားသောလူကို ရွေးချယ်မိခဲ့ခြင်း၏ အကျိုးဆက်က ရှန်းချင်းယန်အတွက် အနိဋ္ဌာရုံများစွာကို သယ်ဆောင်လာခဲ့သည်။
သူမ၏ဖခင်ကြောင့် ဟော်ရှက သူမရှေ့တွင် ထိန်းသိန်းနေသော်လည်း သူက သူမကို နှလုံးသားထဲမှ အမှန်တကယ် မကြိုက်ကြောင်း ရှန်းချင်းယန် သိမြင်လာခဲ့သည်။
မနေ့က မနက်ခင်းညီလာခံတွင် ဧကရာဇ်မင်းမြတ်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရပြီး ရှဖေးထိုင်ကို ထိန်းချုပ်ခွင့် ဆုံးရှုံးသွားသော ဟော်ရှက ဒေါသအလိပ်လိပ်ဖြင့် အရက်မူးပြီး ပြန်ရောက်လာခဲ့သည်။ ပုံမှန်အချိန်တွင် နူးညံ့သိမ်မွေ့သော ပညာရှိဟန်ပန်ကို ထိန်းထားနိုင်သည့် ကြောင်သူတော်ဟော်ရှက အရက်ရှိန်အောက်တွင် သူ၏ ရက်စက်ကြမ်းကြုတ်သော သဘာဝကို အထင်အရှား ဖော်ပြလာခဲ့သည်။
သူက မကြာသေးမီရက်များအတွင်းက ပြသနာများအားလုံးအတွက် ရှန်းချင်းယန်ကို အပြစ်တင်ခဲ့သည်။ ရှန်းချင်းယန်အတွက် သူ့ကို အပြစ်ရှာခဲ့သည့် ရှန်းဟွိုက်ကိုလည်း မုန်းတီးနေခဲ့သည်။ ထို့အပြင် သူပြစ်တင်ရှုတ်ချခံရချိန်တွင် ရှန်းဟွိုက်က သူ့အတွက် စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။
ရှန်းချင်းယန်က ပြင်းထန်သောရောဂါမှ ပြန်လည်သက်သာလာခဲ့သော်လည်း သူမ၏ ဓမ္မတာလာချိန် ကုန်ဆုံးစဖြစ်သောကြောင့် သူမ၏ ခန္ဓာကိုယ်က အားနည်းနေဆဲဖြစ်သည်။ သူမက ငြင်းဆိုနေသော်လည်း ဟော်ရှက အရက်မူးနေပြီး သူမ၏ပါးလွှာသော အင်္ကျီကို ချွတ်ပစ်ကာ သူမထံသို့ ရက်စက်စွာ ချဉ်းကပ်ခဲ့သည်။
"မင်းက ဘာကို ဟန်ဆောင်နေတာလဲ၊ ဒါက မင်းလိုချင်တာ မဟုတ်ဘူးလား"
ထိုကဲ့သို့စက်ဆုပ်ဖွယ်စကားနှင့်အတူ သူက သူမကို အိပ်ရာပေါ်သို့ ဖိချကာ တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ပြုမူခဲ့သည်။
ယခင်က ဟန်ဆောင်ခဲ့သမျှ ယဉ်ကျေးမှုများ ပျောက်ကွယ်သွားပြီးနောက် သူက သူမကို အရှက်ရစေမည့် အပြုအမူများဖြင့် ရက်စက်စွာ ကစားခဲ့သည်။ ရှန်းချင်းယန်က ခေါင်းကို ပြန်လှည့်လာသော်လည်း သူမ၏ မျက်လုံးများက နီရဲနေလေသည်။ သူမ မမှတ်မိချင်တော့သော်လည်း ရှက်စရာကောင်းသည့် မြင်ကွင်းများက သူမစိတ်ထဲ၌ အမြဲပေါ်နေပြီး ပျောက်မသွားနိုင်တော့ပေ။
ဟော်ရှက သူမ၏ ပုခုံးကို ဖိနှိပ်ကာ သူမ၏ပါးစပ်ကို အတင်းအကျပ် အသုံးပြုစေခဲ့သည့် မြင်ကွင်းက ရှန်းချင်းယန်အတွက် မေ့ပစ်၍မရနိုင်သော အိပ်မက်ဆိုးဖြစ်လာခဲ့သည်။ သူမက သူမ၏နှုတ်ခမ်းပေါ်မှ အညစ်အကြေးများကို လက်ကိုင်ပုဝါဖြင့် အကြိမ်ကြိမ် သုတ်ခဲ့ပြီး ယခု ပြန်တွေးမိချိန်တွင်လည်း ရင်ထဲမှ ပျို့အန်ချင်စိတ်က ပျောက်ကွယ်မသွားသေးပေ။
‘အရင်က သူမရဲ့နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာတွေ ရှိခဲ့တုန်းက သူ့အတွက် ဒါကို လုပ်ပေးဖို့ ဆန္ဒရှိခဲ့ပေမယ့် အခုတော့ အချစ်က အပိုင်းပိုင်း အဖြတ်ခံလိုက်ရပြီး ကျန်ခဲ့သမျှကတော့ ပြည့်လျှံနေတဲ့ ရွံရှာစိတ်ပါပဲ’
အနီရောင်ဖယောင်းတိုင် ငြိမ်းသွားပြီး ပထမဆုံး အလင်းရောင် ထွက်ပေါ်လာသည်။
အလင်းရောင် ရောက်လာချိန်တွင် အရက်နာကျနေသော ဟော်ရှက နိုးလာတော့မယောင် ညည်းညူရင်း မျက်မှောင်ကြုတ်လိုက်သည်။ ရှန်းချင်းယန်က သူ့ကို မျက်နှာမပြချင်သဖြင့် စောင်ကို အလျင်အမြန် ဆွဲယူကာ အိပ်ပျော်နေဟန်ဆောင်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဟော်ရှကလည်း သူမကို ဂရုစိုက်ရန် ဆန္ဒမရှိပေ။ သူက နိုးလာပြီးနောက် အိပ်ယာမှ ချက်ချင်းထကာ သူ ချုံထားသော စောင်ကို သူမမျက်နှာပေါ်သို့ အုပ်လိုက်သည်။
ရှန်းချင်းယန်က မျက်လုံးများမှိတ်ထားပြီး ကုတင်ဘေးနားမှလူ အဝတ်အစားဝတ်နေသံကို နားထောင်နေခဲ့သည်။ သူက အဝတ်လဲပြီးသည်နှင့် ထွက်သွားခဲ့သည်။
တံခါးပိတ်သွားသည့်အချိန်တွင် ရှန်းချင်းယန်က သူမ၏ နာကျင်နေသော မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်ရည်များက ထိန်းမနိုင်သိမ်းမရ ကျဆင်းလာခဲ့သည်။
ယခုအချိန်တွင် သူမကိုယ်သူမ မြင့်မြတ်သော ဝမ်ဖေးတစ်ဦးဟု မခံစားရတော့ဘဲ တခြားသူ၏ အလိုရမ္မက်ကို ဖြည့်ဆည်းပေးရသည့် နင်းချေခံရသော သူဆင်းရဲ ပြည့်တန်ဆာမတစ်ဦးကဲ့သို့သာ ခံစားနေရသည်။
အပြင်ဘက်တွင် တစ်ညလုံး စိုးရိမ်တကြီး စောင့်နေသော အစေခံမလေး လုယင်က ဟော်ရှ ထွက်သွားသည်ကို မြင်မြင်ချင်း တံခါးဆီကို အမြန်ပြေးလာပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။
အခန်းတွင်းရှိ အနံ့ဆိုးများကြောင့် လုယင်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိသော်လည်း အခန်းထဲသို့ ဝင်သွားလိုက်သည်။ သူမသခင်မ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက် သူမ၏နှလုံးသား တင်းကျပ်လာရသည်။ သူမက ကုတင်ဘေးသို့ အလျင်အမြန်လျှောက်လာပြီး ငုတ်တုတ်ထိုင်ကာ ရှန်းချင်းယန်၏မျက်ရည်များကို သုတ်ပေးရန် လက်ကိုင်ပုဝါကို တုန်တုန်ယင်ယင်ဖြင့် ထုတ်ယူလိုက်သည်။
"သခင်မ၊ မငိုပါနဲ့... မငိုပါနဲ့နော်"
လုယင်က အားတင်းကာ ဖျောင်းဖျနေသော်လည်း ညဝတ်အင်္ကျီကြားမှ မြင်နေရသော ရှန်းချင်းယန်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်ရင်း သူမကိုယ်တိုင်လည်း ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။
"သခင်မ၊ ကျွန်မတို့ ဝန်ကြီးချုပ်အိမ်တော်ကို ပြန်ကြမလား"
လုယင်က တုန်ယင်နေသောအသံဖြင့် အကြံပြုလာခဲ့သည်။
"ကျွန်မတို့ ဝန်ကြီးချုပ်ဆီသွားပြီး အကျိုးအကြောင်းပြောပြရအောင်၊ ဝန်ကြီးချုပ်က နည်းလမ်းတစ်ခုခု ရှာပေးနိုင်မှာပါ"
လုယင်တစ်ယောက် အလွန်စိတ်မကောင်းဖြစ်နေရှာသည်။
‘သူမရဲ့သခင်မလေးက ငယ်ငယ်ကတည်းက ဝန်ကြီးချုပ်အိမ်တော်ရဲ့ ရတနာလေးလေ၊ ဒီလိုကြီးမားတဲ့ နာကျည်းမှုကို ဘယ်တုန်းက ခံစားခဲ့ဖူးလို့လဲ၊ ဝန်ကြီးချုပ်သာသိရင် သူ့သမီးကို နာကျင်စေတဲ့သူကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး’
သို့သော် ရှန်းချင်းယန်က ခေါင်းကို အားနည်းစွာ ခါယမ်းလိုက်သည်။
သူမ အိမ်တော်သို့ မပြန်နိုင်တော့ပေ။ သူမက သူမ၏ ခေါင်းမာမှုကြောင့် ဖခင်ကို အရှက်ရစေခဲ့ပြီး ဖြစ်သည်။ ယခု သူမက ဖခင်၏ ရင်ခွင်ထဲသို့ ပြေးဝင်ကာ ငိုကြွေးနိုင်သည့် ကလေးမလေး မဟုတ်တော့ပေ။ သူမက ဤအဓိပ္ပာယ်မဲ့သော အိမ်ထောင်ရေးမှ ရုန်းထွက်ရန်နှင့် သူမ၏ ကျန်ရှိနေသေးသော ဂုဏ်သိက္ခာကို မိမိဘာသာ ကာကွယ်ရန်သာ ဆုံးဖြတ်လိုက်သည်။
"လုယင်၊ ငါ့အတွက် ရေနွေး ပြင်ထားပေး"
သူမက ထိုယောက်ျား ထားရစ်ခဲ့သော အညစ်အကြေးများကိုသာမက သူ့အပေါ် ထားရှိခဲ့ဖူးသော ချစ်ခြင်းမေတ္တာအားလုံးကိုပါ တစ်ပါတည်း ဆေးကြောပစ်ရန် ဆုံးဖြတ်လိုက်သည်။
.......။.......။.......
မနက်ခင်း မြူမှုန်များအကြားတွင်.....
"မြန်မြန်၊ အားချန် သူ့ကို ပစ်လိုက်စမ်းပါ"
လင်းယွဲ့က လဲ့ကျစ်၏ ဘေးတွင် ရပ်နေပြီး ပျော်ရွှင်စွာ ခုန်ပေါက်အားပေးနေသည်။
ခြံဝန်းအတွင်းရှိ လူငါးဦးက မတူညီသောလက်နက်များကို ကိုင်ဆောင်ကာ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ရင်း လေ့ကျင့်သင်ယူနေကြသည်။ သူတို့က ကျွန်ဈေးမှ လဲ့ကျစ် ပြန်ခေါ်လာခဲ့သော အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်သည်။
အားချန်ဟု လင်းယွဲ့ခေါ်နေသော အမျိုးသမီးက လေးနှင့်မြားကို ကျွမ်းကျင်စွာ အသုံးပြုကာ ညာဘက်မှ လူငယ်တစ်ဦးကို ပစ်ခတ်နေသည်။ ထိုလူငယ်ကလည်း ကျောက်ခဲဖြင့် မြားကို လမ်းလွှဲကာ ခုခံနေသည်။ အားချန်၏မျက်နှာက အေးစက်နေပြီး သူမက အရှုံးကို ဝန်မခံချင်ဘဲ လေးကို ထပ်မြှောက်လိုက်ပြန်သည်။
အခြားသုံးဦးကလည်း ဓားရှည်၊ ဓားမြှောင်နှင့် ကြာပွတ်များကို အသုံးပြု၍ တစ်ဦးနှင့်တစ်ဦး အားကျမခံ ယှဉ်ပြိုင်နေကြသည်။
လဲ့ကျစ်က သူတို့၏ တက်ကြွမှုကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်ပြီး အော်ပြောလိုက်သည်။
"ကဲ ခဏနားကြရအောင်"
ထိုငါးဦးစလုံးက ရပ်တန့်လိုက်သော်လည်း သူတို့၏မျက်လုံးများက ဘေးတွင် ရပ်နေသော အန်းရွှယ်ဆီသို့ ရောက်သွားပြီး သူ့အမိန့်ကို စောင့်နေပုံရသည်။ အန်းရွှယ်က မျက်ခွံကို အသာပင့်ကြည့်ကာ တိတ်ဆိတ်နေသဖြင့် သူတို့ငါးယောက် အသက်ပင် ဝဝမရှူရဲကြပေ။
သူတို့က ကျွန်စျေးတွင် အကောင်းဆုံးဖြစ်ခဲ့ကြသော်လည်း ကောင်းစွာလေ့ကျင့်မှု မပြုလုပ်နိုင်ခဲ့ကြပေ။ ထိုက်ဇီဖေးက သူတို့ကို ဝယ်ပြီး အိမ်တော်ဆီကို ပြန်ခေါ်လာသည့်အပြင် သူတို့၏ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးခဲ့သည်။
သူတို့အားလုံးက ငယ်စဉ်ကတည်းက မိသားစုမှ စွန့်ပစ်ခြင်း သို့မဟုတ် ရောင်းစားခြင်းခံခဲ့ရပြီး လှည့်လည်သွားလာနေခဲ့ရသည်။ ဆာလောင်မွတ်သိပ်လာလျှင် အမည်နာမဖော်ပြနိုင်ခြင်းမရှိသော စားသောက်ဖွယ်ရာများကိုသာ စားသောက်ခဲ့ရသည်။ သူတို့က တစ်သက်လုံး ရိုက်နှက် ကြိမ်းမောင်းခြင်းကို ခံရမည့် ကျွန်များသာ ဖြစ်နေတော့မည့်ဟု ထင်ထားခဲ့ကြသော်လည်း ကောင်းကင်ဘုံက သူတို့ကို ဤသို့သော အခြေအနေမျိုး ပေးစွမ်းခဲ့သည်။
သူတို့ နူတ်ဖြင့် မဖော်ပြတတ်ကြသော်လည်း သခင်၏ကျေးဇူးကို ပြန်ဆပ်ရန် စိတ်ထဲမှ လျှို့ဝှက်ကတိပြုထားကြသည်။
ဤရက်များတွင် အန်းရွှယ်က သူတို့အားလုံးကို နံနက်ခင်း လေ့ကျင့်ခန်းများ ပြုလုပ်ရန် တာဝန်ယူခဲ့ပြီး သူတို့ တတ်မြောက်ထားသော ကိုယ်ခံပညာအတိုင်း သင်ကြားပေးရန် တာဝန်ယူခဲ့သည်။ ထိုငါးယောက်ကလည်း အလွန်လုံ့လရှိကြသည်။ အကယ်၍ အန်းရွှယ်က လိုအပ်သောစံနှုန်းများနှင့်ကိုက်ညီသည်ဟု မပြောပါက အနားယူရန် ရပ်တန့်မည် မဟုတ်ပေ။
သူတို့ ကြိုးကြိုးစားစား လေ့ကျင့်ပြီး တတ်နိုင်သမျှ အမြန်ဆုံး သခင်မ၏အလုပ်များတွင် ပါဝင်ကူညီရန် စိတ်ပိုင်းဖြတ်ထားကြသည်။
ခြံဝင်းက ရုတ်တရက် တိတ်ဆိတ်သွားသည်။
လဲ့ကျစ်က အခြေအနေကို ပြောင်းလဲရန် မျက်လုံး ကစားလိုက်သည်။ သူမက ကျောက်စားပွဲပေါ်ရှိ မုန့်များကို တွေ့သွားပြီး တမင်တကာ အသံမြှင့်ကာ လင်းယွဲ့ကို အော်မေးလိုက်သည်။
"လင်းယွဲ့၊ ဒီဇီးပန်းပွင့်မုန့်ကို ဘယ်သူလုပ်တာလဲ၊ တော်တော်မွှေးတယ်နော်"
"သခင်မကို အကြောင်းပြန်ပါတယ်၊ ကျင့်ရှင်းက မနက်အစောကြီး အိပ်ရာထပြီး အဲဒါကို လုပ်ခဲ့တာပါ"
“အော် အဲ့လိုလား”
လဲ့ကျစ်က ပန်းကန်အစွန်းကို လက်ချောင်းလေးဖြင့် ထိလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
“အေးကုန်ပြီပဲ၊ ကျင့်ရှင်းခမျာ ခက်ခက်ခဲခဲနဲ့ လုပ်ထားရတာလေ၊ ဘယ်သူမှ မစားရင် နှမြောစရာကြီး”
“မဟုတ်....”
လင်းယွဲ့က အေးနေလျှင်လည်း အရသာရှိကြောင်း ပြောရန် ပြင်လိုက်သော်လည်း လဲ့ကျစ်က သူမ၏ လက်ကောက်ဝတ်ကို ဆွဲကာ မျက်စိမှိတ်ပြပြီး တားဆီးလိုက်သည်။
လဲ့ကျစ်က အန်းရွှယ်ကို ခိုးကြည့်လိုက်ရာ သူမ မျှော်လင့်ထားသည့်အတိုင်း ထိုကျောက်ရုပ်ကဲ့သို့ တင်းမာနေသော အန်းရွှယ်၏ မျက်နှာက ကျင့်ရှင်း၏ အမည်ကို ကြားလိုက်သည်နှင့် အနည်းငယ် ပျော့ပြောင်းသွားသည်။ ထို့နောက် သူက ဘာမှမဖြစ်သလို အသံအေးအေးဖြင့် ပြောလာခဲ့သည်။
“တစ်ရှီးချန်ရဲ့ လေးပုံတစ်ပုံ အနားယူနိုင်တယ်”
ထိုအချိန်မှသာ လေ့ကျင့်နေသော ကလေးငါးယောက်လည်း အသက်ဝဝရှူနိုင်ပြီး ကျောက်စားပွဲဆီသို့ ဝိုင်းအုံလာကြသည်။
ယခုန ကောင်းကောင်းမလုပ်နိုင်ခဲ့သည့် အားချန်က သူမ ဘေးနားမှလူကို မနှစ်မြို့ဟန်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ငါနဲ့ဝေးဝေးနေ"
လူငယ်လေးက ခေါင်းငုံ့သွားသည်။
‘ဒီ အားချန်က တခြားလူတွေကို ပြုံးပြပေမယ့် သူ့ကိုတော့ မပြုံးပြဘူး။ ဒါက အရမ်းလွန်လွန်းတယ်လေ’
သို့သော် သူက သူမကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့မရဲ ဖြစ်နေပြီး လက်ဖက်ရည်သောက်နေသည့် မိန်းကလေးကို ကြည့်ကာ နာခံမှုရှိရှိဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
"ရှောင်ရှီ၊ မင်းရဲ့ဒီကြာပွတ်က အရမ်း အားပျော့တယ်၊ မင်း ခြင်မောင်းနေတာလား"
"မင်း"
အငယ်ဆုံးဖြစ်သည့် ရှောင်ရှီက သူမ၏မျက်နှာကို အောက်သို့ ငုံချကာ သူ့ကို ရိုက်တော့မည့် အမူအရာမျိုး လုပ်ပြနေသည်။
"ရှောင်မင်၊ ရှောင်ရှီကို အမြဲတမ်း အနိုင်ကျင့်မနေနဲ့"
နောက်ထပ် တည်ငြိမ်သော လူငယ်လေးက အသံမာမာဖြင့် ပြောလာခဲ့သည်။
ရှမင်က ရယ်မောပြီး ပြန်ပြောလိုက်သည်။
"အားယွိ၊ မင်းက ဘာလို့ ဒီကောင်မလေးကို အမြဲတမ်း ကာကွယ်ပေးနေတာလဲ"
"နင့်ပါးစပ်ကို ပိတ်ထား"
အားချန်က စိတ်ဆိုးလာပုံရပြီး ရှမင်၏ကျောကို လေးဖြင့် လှမ်းထိုးလိုက်သည်။
လဲ့ကျစ်က ပြုံးနေပြီး သူတို့၏ ရန်ပွဲကို စောင့်ကြည့်နေသည်။ သူတို့က သူမထက်တစ်နှစ်၊ နှစ်နှစ်လောက်သာ ပိုငယ်ကြသည်။ စကားသိပ်မပြောသော ဒေါင်ယဲ့က သူမထက် သုံးနှစ်လောက်ပိုငယ်သည်။ သူတို့က သခင်နှင့် ကျွန်များဖြစ်သော်ငြားလည်း သူမက သူတို့ကို ညီအကို မောင်နှမများဟု မှတ်ယူထားခဲ့သည်။
သူမက သူတို့ကို အားချန်၊ ရှောင်ရှီ၊ ရှမင်၊ ချိုးယွိ၊ ဒေါင်ယဲ့ ဟု နာမည်များ ပေးထားခဲ့သည်။
ကိုယ်ခံပညာ လေ့ကျင့်ချိန်အပြင် လဲ့ကျစ်က အချိန်ရတိုင်း သူတို့ကို စာရေးစာဖတ် သင်ပေးခဲ့သည်။ အရာအားလုံး ပြီးသွားချိန်တွင် သူတို့အားလုံးလည်း တောက်ပသည့်အနာဂတ်များ ပိုင်ဆိုင်နိုင်ရန် သူမ မျှော်လင့်ထားခဲ့သည်။
သူမ၏ဘဝက မပြည့်စုံတော့သည့်တိုင် သူမ၏ပတ်ဝန်းကျင်ရှိလူများ ပိုမိုပြီးပြည့်စုံသောဘဝဖြင့် နေထိုင်နိုင်ရန် လဲ့ကျစ် မျှော်လင့်နေခဲ့သည်။
“ရှောင်ယဲ့ယဲ့၊ မင်းက ဘာလို့ ဒီလောက် တိတ်ဆိတ်နေတာလဲ”
ရှမင်က မုန့်ငြိမ်စားနေသော ဒေါင်ယဲ့ကို ပုခုံးပုတ်ကာ စနောက်လိုက်ပြန်သည်။
‘မနေ့က မင်းလုပ်ပြတာတွေ ငါ ကြားတယ်နော်၊ ရထားလုံးကို လာလုတဲ့ လူတွေရဲ့ခေါင်းဆောင်ကို မင်းကိုယ်တိုင် ဖမ်းခဲ့တာဆို၊ မင်းက တကယ် မလွယ်ဘူးပဲ”
ဒေါင်ယဲ့က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့သွားသည်။
လဲ့ကျစ်က ထိုလူငယ်လေးကို ကြည့်ကာ ပြုံးနေပြန်သည်။
‘အဲဒီနေ့က ကျွန်ဈေးက ပိန်ပိန်ပါးပါးနဲ့ အငယ်ဆုံးလူငယ်လေးက ပိုကြည့်ကောင်းလာခဲ့ပြီ။ ငါ့ရဲ့ရွေးချယ်မှုက တကယ်ကို မှန်ကန်ခဲ့တယ်၊ သူတို့ငါးယောက်ထဲမှာ ဒေါင်ယဲ့က အငယ်ဆုံးဖြစ်ပေမယ့် သူက အရည်အချင်းအရှိဆုံးပဲ’
ထို့ကြောင့်လည်း အန်းရွှယ်က ယမန်နေ့တွင် သူ့ကို အစောင့်အကြပ်အဖွဲ့ထဲထည့်ရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ မူလက သူ့ကို အတွေ့အကြုံများမှတဆင့် သင်ယူရန် စီစဉ်ပေးခဲ့သော်လည်း မမျှော်လင့်ဘဲ ရုတ်တရက် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုကောင်လေး၏ တုံ့ပြန်မှုက အန်းရွှယ် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ဒေါင်ယဲ့က ဖူရှန်းကို ခဏတာအတွင်း အနိုင်ယူနိုင်ခဲ့သည်။ ရုတ်တရက် တုံ့ပြန်မှုအပြင် သူ၏ ထက်မြက်သော ထိုးထွင်းဉာဏ်ကြောင့်လည်း ဖူရှန်းက ခေါင်းဆောင်ဖြစ်ကြောင်း သူ အတိအကျ အကဲဖြတ်နိုင်ခဲ့သည်။
ရှမင်၏ စနောက်သံကြောင့် လဲ့ကျစ် မနေ့ကကိစ္စကို သတိပြန်ရလာသည်။ သူမက အန်းရွှယ်ကို မေးရန် ပြင်ခဲ့သော်လည်း စီစဉ်ထားသော်လည်း ယခုတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ မလိုတော့ဘဲ ဒေါင်ယဲ့ကိုသာ မေးလိုက်သည်။
"ရှောင်ယဲ့ မနေ့က တိုက်ပွဲတုန်းက လူဘယ်နှစ်ယောက်လောက် ရှိလဲ၊ မင်းကို လူတော်တော်များများ တွေ့သွားကြလား"
ဒေါင်ယဲ့က ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်ပြလာသည်။
“သခင်မ၊ ကျွန်တော်က သူတို့ကို မြန်မြန် အနိုင်ယူနိုင်ခဲ့ပေမယ့် လမ်းပေါ်မှာ လူတော်တော်များများ ဖြတ်သွားနေတာ... အဲ့တော့ တော်တော်များများက မြင်ကြမှာပဲ”
လဲ့ကျစ်က ကျေနပ်စွာ ပြုံးလိုက်သည်။ သူမ လိုချင်သော အချက်က ထိုအချက်ပင်။
ထိုအချိန်တွင် ဟော်တူက သူ၏ အဖြူရောင် ကျောက်စိမ်းဘီးတပ်ထိုင်ခုံကို တွန်းရင်း ခြံဝင်းထဲသို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။ ဟော်တူကို မြင်သည်နှင့် တစ်ပြိုင်နက် ကလေးငါးယောက် ငြိမ်ကျသွားကြသည်။ သူက ခပ်ဝေးဝေးတွင်သာ ရှိနေသေးသော်လည်း သူ့၏ သူတို့အပေါ် ဖိနှိပ်ချုပ်ချယ်သည့် ခံစားချက်က သူတို့ကို နွမ်းလျစေသည်။
သူတို့က အဝေးမှ ဟော်တူကို တညီတညွတ်တည်း အရိုအသေပေးလိုက်ကြပြီး လဲ့ကျစ်ကို အလျင်အမြန် မျက်နှာမူကာ နူတ်ဆက်လိုက်ကြသည်။
"သခင်မ ကျွန်တော်တို့ လေ့ကျင့်ဖို့ သွားတော့မယ်"
ထို့နောက် သူတို့က သူတို့၏ လက်နက်အသီးသီးကို ကောက်ယူပြီး အခြားခြံဝင်းသို့ ပြေးသွားကြတော့သည်။
လင်းယွဲ့ကလည်း အခြေအနေကို ကြည့်လိုက်ပြီး အနားယူမည်ဟု အကြောင်းပြပြီး ထွက်သွားခဲ့သည်။ ခြံဝင်းထဲတွင် လဲ့ကျစ်နှင့် ဟော်တူနှစ်ယောက်တည်း ကျန်ရစ်နေခဲ့သည်။
လဲ့ကျစ် မျက်လုံးလေး ပင့်ကြည့်လိုက်ရာ ယနေ့ ဟော်တူ ဝတ်ဆင်ထားသော မီးခိုးရောင်နှင့် ငွေရောင် ရောနှောနေသည့်ဝတ်စုံက နေရောင်အောက်တွင် တောက်ပနေလေသည်။ သူက အပြာရောင်ကြယ်လေးများပါသည့် အပေါ်ရုံကိုလည်း လွှမ်းခြုံထားသေးသည်။ သူ၏အေးစက်သော မျက်နှာကလည်း ခါတိုင်းထက် အနည်းငယ် ညိုမှိုင်းနေသည်။
လဲ့ကျစ်က သူမ၏ရေပြာရောင်ဝတ်စုံကို တစ်ချက်ပြန်ငုံ့ကြည့်လိုက်ပြီး သူမ၏မျက်နှာလေး အနည်းငယ်နီသွားသည်။
‘ဒီလူက သူမနဲ့တူတဲ့အရောင်ကို တမင်ရွေးခဲ့တာလား’
မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးမိပြီး လဲ့ကျစ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း သူမကိုယ်သူမ အမြန်ပြန်ထိန်းလိုက်သည်။ သူ့ကို မြင်လျှင် အနည်းငယ်ရှက်သွားမိမည်ကို စိုးရိမ်သောကြောင့် သူမ အိပ်ယာမှ စောစောထခဲ့ခြင်း ဖြစ်သည်။
လဲ့ကျစ်က မျက်လွှာချထားရင်း ခေါင်းခါလိုက်သည်။
‘တွေးမနေနဲ့တော့၊ အလုပ်က ပိုအရေးကြီးတယ်’
လဲ့ကျစ် ခေါင်းပြန်မော့လိုက်ချိန်တွင် ဟော်တူက သူမကို အဝေးမှ စိုက်ကြည့်နေပြီး လက်ချောင်းလေးများဖြင့် ထိုင်ခုံလက်တင်ကို ခေါက်နေသည်အား တွေ့လိုက်ရသည်။ သူက သူမ လာတွန်းပေးမည်ကို စောင့်နေခြင်းပင်။
‘ဒီသေသင့်တဲ့ ခြေမသန်တဲ့ကောင်က တကယ့်ကို ကြောင်သူတော်ပဲ’
လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး မတ်တပ်ထရပ်ကာ သူ့ကို ကျောက်စားပွဲနားသို့ တွန်းပေးလိုက်သည်။ ထို့နောက် သူ့အနားတွင် ထိုင်ကာ တိုးတိုးလေး မေးလိုက်သည်။
“အရှင့်သား၊ အစ်ကိုဖူရှင်းက မနေ့က ရထားလုံးကို လုယက်ခဲ့တယ်၊ အရှင့်သား ပြောကြည့်... ဟော်ရှက သိသွားနိုင်တယ်မလား"
ဟော်တူက ပြုံးလိုက်ပြီး လဲ့ကျစ်၏လက်ကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ သို့သော် သူမ၏ လက်ဖဝါးလေးများက အေးစက်နေသည်ကို ခံစားမိသောကြောင့် သူ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"အရှင့်သားက မနေ့က ရှဖေးထိုင်ရဲ့ အာဏာကို သူ့ဆီကနေ သိမ်းယူခဲ့တာဆိုတော့ သူ အခုချိန်မှာ အရမ်း ခံရခက်နေမှာပဲ"
လဲ့ကျစ်က အပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။
‘ဟော်ရှက ဘယ်လောက် ပြိုင်ဆိုင်ချင်စိတ် ပြင်းထန်သလဲဆိုတာ သူမ သိတာပေါ့။ ငယ်ငယ်က ဖူရှန်းက သူ့ထက် အိမ်စာကို ပိုကောင်းအောင်လုပ်နိုင်လို့ သူက အစားတောင် မဝင်နိုင်ခဲ့ဘူး။
ဒါကြောင့် အခုချိန်မှာတော့ သူ အရမ်းကို နာကျင်နေရမှာ... ဟော်ရှက ပိုနာကျင်လေလေ သူမ ပိုပျော်လေလေပဲ’
"အဲ့တော့ ဘာဖြစ်လဲ"
ဟော်တူက စိတ်ဝင်တစားဟန်ဖြင့် သူမကို မေးခွန်း ပြန်ထုတ်လိုက်သည်။
“အဲ့တော့…”
လဲ့ကျစ်၏ မြေခွေးမျက်လုံးလေးများမှ လိမ္မာပါးနပ်သော အရိပ်အယောင်များ ပေါ်လာပြီး သူမက သူမ၏လက်တစ်ဖက်ကို သူ့လက်ပေါ်သို့ တင်ကာ တိုးတိုးလေး ပြောလာခဲ့သည်။
“အရှင့်သားက ခွေးကို ရိုက်ဖို့ ဒီအခွင့်အရေးကောင်းကို လက်လွတ်ခံမှာလား”
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်...
ဟော်ရှ : ဟေးးး...... အဲ့ခွေးက ငါ မဟုတ်ဘူးမလား... ရင်တွေ ခုန်လိုက်တာ...
ဆင်တူဝတ်ထားသော ဟော်တူနဲ့ ကျစ်ကျစ် : အဲ့ခွေးက မင်းဆိုတာ သံသယဖြစ်ဖို့တောင် မလိုဘူး..