← Chapters

အခန်း (၅၃-၅၅)

Vol. 5 Ch. 53-55

အခန်း (၅၃-၅၅)

Vol. 5 Ch. 53-55

အခန်း ၅၃ အမှောင်

ပူနွေးသော နေရောင်ခြည်က လဲ့ကျစ်၏ ကိုယ်ပေါ်သို့ ဖြာကျနေပြီး သူမတစ်ကိုယ်လုံး လင်းလက်ဝင်းပနေသည်။

ဟော်တူက သူမ၏ အမူအရာကို အလေးအနက် စိုက်ကြည့်နေသည်။ အားမာန်နှင့် တက်ကြွမှုအပြည့်ရှိနေသော သူမ၏ ပုံစံလေးကို သူ သဘောကျမိသော်လည်း ထိုတက်ကြွမှုများ၏ နောက်ကွယ်တွင် နာကျည်းမှုနှင့် အမုန်းတရားများ ကိန်းအောင်းနေသည်ကို တွေးမိလိုက်ချိန်တွင်တော့ သူ၏ နှလုံးသားလည်း တုန်လှုပ်သွားရပြန်သည်။

"မင်းမှာ အကြံတစ်ခုခု ရှိနေလို့လား"

ဟော်တူက ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။

လဲ့ကျစ်က ခေါင်းညိတ်လိုက်ပြီး သူမ၏မျက်လုံးကို အနည်းငယ် မှေးစင်းပြီးမှ ပြောလာခဲ့သည်။

"အစ်ကိုဖူရှန်း ရထားလုံးကို ပြန်ပေးဆွဲတုန်းက တော်တော် ဆူဆူညံညံဖြစ်ခဲ့မှာပဲ၊ ဒါကို ဟော်ရှ သတိမထားမိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သူက အရှင့်သားကို အမှားလုပ်မိစေချင်နေတာ"

လဲ့ကျစ်က စကားကို ခဏရပ်ထားပြီးမှ ဟော်တူ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။

"အရှင့်သားက အစ်ကိုဖူရှန်းရဲ့ အထောက်အထားကို ဧကရာဇ်မင်းမြတ်ဆီ သတင်းမပို့ခဲ့ဘူး မဟုတ်လား"

ဟော်တူက အဖြေအစား အေးစက်သော နှာမှုတ်သံတစ်ခုကိုသာ ပြန်ပေးလိုက်သည်။ ထိုအသံကပင် လဲ့ကျစ်အတွက် လုံလောက်သော အဖြေဖြစ်သွားပြီး သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။

ဖူရှန်းက သာမန် လုယက်သူတစ်ဦး ဖြစ်နေလျှင် ဟော်တူက သူ့အာဏာဖြင့် ကြိုက်သလို စီရင်နိုင်ပြီး မည်သူမျှ စွက်ဖက်မည် မဟုတ်ပေ။ သို့သော် ဖူရှန်း၏ နောက်ခံက ထူးခြားသည်။ သူက ရာဇဝတ်သားစာရင်းတွင် ပါဝင်သော တာ့လီ၏ အဆင့်မြင့်အရာရှိဟောင်းတစ်ဦး ဖြစ်နေခဲ့သည်။

တာ့ချီက တာ့လီကို သုတ်သင်ရှင်းလင်းခြင်း၏ အကျိုးသက်ရောက်မှုက အလွန်ကြီးမားသောကြောင့် တာ့ချီ၏ ဧကရာဇ်ဟော်ချန်ယွင်က တာ့လီ၏ အကြွင်းအကျန်များကို အမြဲ သတိထားနေသူ ဖြစ်သည်။ တာ့လီ၏တော်ဝင်မျိုးနွယ်ဝင် သို့မဟုတ် မှူးမတ်များကို ဖမ်းမိပါက ဧကရာဇ်၏ရှေ့တော်သို့ တိုက်ရိုက်ပို့ဆောင်ရန် အမိန့်ထုတ်ထားခဲ့သည်။

ပထမအချက်က အိမ်နီးချင်းတိုင်းပြည်များ၏ ဒေါသကို ဖြေဖျောက်ရန် တာ့လီ၏ အကြီးတန်းအရာရှိဟောင်းများကို သိမ်းသွင်းလိုခြင်း ဖြစ်သည်။ ဒုတိယအချက်က တာ့လီ၏ အရာရှိဟောင်းများ ပြန်လည်စုစည်းသွားပြီး တန်ပြန်တိုက်ခိုက်လာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် ဟော်ချန်ယွင်က သူတို့ကို အလွန်သတိထားနေခဲ့သည်။

အကယ်၍ ဟော်တူက သတင်းမပို့ဘဲ ထိုက်ဇီစံအိမ်တွင် ဖုံးကွယ်ထားသည်ကို တခြားလူများသိသွားပါက ဟော်ရှအတွက် ရှုံးနိမ့်ခြင်းမှ အောင်ပွဲသို့ လှည့်ပြောင်းရန် အခွင့်အရေးကောင်းကြီး ဖြစ်လာပေလိမ့်မည်။ တာ့လီ၏ အကြွင်းအကျန်မိသားစုဝင်တစ်ယောက် ထိုက်ဇီစံအိမ်၌ ရှိနေသည်ကို သိသွားပါသည်နှင့် ဟော်ရှက ကြီးမားသော အရှုပ်အထွေးကို ပြုလုပ်ပေလိမ့်မည်။ ထိုသို့မဟုတ်လျှင်လည်း လူလွှတ်ပြီး လုပ်ကြံခိုင်းနိုင်သေးသည်။

ဟော်ရှက လူကို လုပ်ကြံသတ်ဖြတ်ပြီး ထိုက်ဇီက ညှဉ်းပန်းသတ်ဖြတ်သည်ဟု ကောလာဟလဖြန့်ကာ တာ့လီမှ ပြည်သူတို့၏ ဒေါသကို ဆွပေးနိုင်သည်။ သို့မဟုတ် ထိုလူ အသက်ရှင်နေပါက ဟော်တူက တာ့လီ၏တော်ဝင်မျိုးနွယ်များနှင့် ပူးပေါင်းပြီး ပုန်ကန်ရန် ကြံစည်နေသည်ဟု ဧကရာဇ်ထံ တိုင်တန်းကာ စွပ်စွဲနိုင်သည်။ သံသယကြီးလှသော တာ့ချီဧကရာဇ်၏ စိတ်ထားအရ ဤအချက်က ဟော်တူအတွက် အလွန် အန္တရာယ်ရှိသည်။

သို့သော် နောက်ဆုံး လုပ်ကြံမှု၏ ကျဆုံးမှုနှင့် မကြာသေးမီက ကံဆိုးမှုကြောင့် ဟော်ရှ တုံ့ဆိုင်းနေဆဲဖြစ်ကြောင်း လဲ့ကျစ် ခန့်မှန်းနိုင်သည်။ ထိုသို့ပြတ်ပြတ်သားသား မရှိခြင်းက ဟော်ရှ၏ အကြီးမားဆုံး အားနည်းချက်ပင်။

‘သူသာ ပြတ်သားခဲ့ရင် တာ့လီရဲ့မြို့တော်ကျဆုံးတဲ့နေ့က လဲ့မျိုးနွယ်အားလုံးကို သူ သတ်ပစ်ခဲ့မှာပေါ့၊ သူက ငါ့ကို အတင်းအကျပ် အသက်ရှင်ခိုင်းထားမှတော့ ငါက သူ့ရဲ့ စေတနာနဲ့ ထိုက်တန်အောင် ပြန်လုပ်ပေးရမှာပေါ့၊ ဟက်...’

လေပြည်အဝှေ့တွင် လဲ့ကျစ်၏ ဆံပင်လေးများ လွင့်မြောသွားသလို သူမ၏ အပြုံးများကလည်း တဖြည်းဖြည်း အေးစက်မာကြောလာသည်။

ဟော်တူက သူမ၏ အေးစက်နေသော နှုတ်ခမ်းထောင့်များကို ကြည့်နေပြီး သူ့ရင်ထဲတွင် မွန်းကြပ်လာသလို ခံစားလိုက်ရသည်။ သူကိုယ်တိုင်က ညှဉ်းပန်းနှိပ်စက်ခြင်းကို နှစ်သက်သူတစ်ဦး ဖြစ်သော်လည်း သူမ၏ နာကျည်းမှုကို မြင်ရချိန်တွင် သူ မထင်မှတ်ဘဲ မေးလိုက်မိသည်။

"အဲ့ဒီ လူယုတ်မာ... မင်း သူ့ကို ဘာလို့ မသတ်ပစ်တာလဲ"

‘အဲ့ဒီညီတော်က ဘာလို့ ဒီလိုမျိုး စိတ်ရှုပ်စရာကောင်းနေတာလဲ’

မူလက လဲ့ကျစ်၏ ကလဲ့စားချေမှု အစီအစဉ်ကို ဘေးမှ အေးအေးဆေးဆေး စောင့်ကြည့်နေရန် သူ ဆုံးဖြတ်ခဲ့သော်လည်း ယခုအခါ သူမ၏ ပူပန်မှုများကို မြင်နေရသည်က သူ့အတွက် ခံရခက်လွန်းလှသည်။ ကလဲ့စားချေခြင်းဟူသော တွင်းနက်ကြီးထဲတွင် နစ်မြုပ်နေရသည့် ခံစားချက်ကို သူ အသိဆုံးပင်။ မိမိ၏လက်၌ ရန်သူ၏ သွေးများကို စွန်းထင်စေချိန်တွင် ခဏတာ ကျေနပ်မှု ရနိုင်သော်လည်း မိမိကိုယ်ကို တန်ဖိုးထားမှုများကတော့ ထိုသွေးများထဲသို့ ပျော်ဝင်သွားသလို တဖြည်းဖြည်း ပျောက်ကွယ်သွားပေလိမ့်မည်။

‘ရန်သူက ပျောက်ကွယ်သွားပေမယ့် အရင်က အကျိုးဆက်တွေက ကျန်နေတုန်းပဲလေ၊ လူကတော့ အရင်အတိုင်းပဲ၊ ဒါပေမယ့် အတ္တတွေကတော့ ကျစ်ရစ်နေလိမ့်မယ်’

ဟော်တူက သူကိုယ်တိုင် အမှောင်ထုထဲ၌ ပိတ်မိနေသူပီပီ လဲ့ကျစ်ကိုတော့ အလင်းရောင်ထဲ၌သာ ရှိနေစေချင်သည်။ ဟော်တူက လဲ့ကျစ်ကို ပို၍ နက်နက်နဲနဲ နစ်မြုပ်သွားမည်ကို မလိုလားပေ။

‘အလင်းရောင်က သူမအပေါ်မှာ ရှိနေသေးတော့ သူမ အမှောင်ထဲကို မနစ်ဝင်သင့်ဘူးလေ’

ထို့ကြောင့် ဟော်တူက သူမ၏အကြံအစည်ကို အနည်းငယ် ပြောင်းလဲပေးရန် ဆန္ဒရှိနေပြီး ဟော်ရှကို မြန်မြန်ဆန်ဆန် သေစေချင်နေခြင်းပင်။

သို့သော်....

“မရဘူး”

လဲ့ကျစ်၏ အဖြေက ပြတ်သားလွန်းလှသည်။

“သူ့အတွက် ဒီလောက်စျေးပေါတဲ့သေခြင်းကို ဘယ်လိုပေးနိုင်မှာလဲ”

သူမ၏ ရင်ဘတ်ထဲမှ နာကြည်းမှုများက သူမ၏စိတ်ကို လွှမ်းမိုးထားပြီး ဖြစ်သည်။ အစောပိုင်းကာလများတွင် ဟော်တူက ထိုသို့ ပြောလိုက်သည်နှင့် သူမ အလွန်ပျော်ရွှင်သွားနိုင်သည်။ ထိုအချိန်တုန်းက သူမက ဟော်ရှကို သေစေချင်ခဲ့သည်။

သို့သော် သူမကိုယ်တိုင် ရန်ဟမ့်ကို သတ်ပြီးနောက်တွင် သူမ စိတ်ကူးထားသော ပျော်ရွှင်မှုကို ကြာရှည် မခံစားခဲ့ရပေ။ အထူးသဖြင့် သူမ၏အစ်မကို မြင်တိုင်း ရန်ဟမ့် အလွယ်တကူ သေဆုံးသွားသည်ဟု စိတ်နှလုံးအောက်ခြေမှ ခံစားခဲ့ရသည်။

‘ဟော်ရှကို မပြောနဲ့... ရန်ဟမ့်ကတောင် သူမကို အဲ့လို ခံစားရစေခဲ့တယ်’

‘ဟော်ရှ တာ့လီပေါ်မှာ တင်နေတဲ့အကြွေးက သူ့အသက်ထက် ပိုတယ်’

သူမ၏အမြင်တွင် ဟော်ရှအတွက် သေခြင်းတရားက အရိုးရှင်းဆုံးနှင့် အသက်သာဆုံး ပြစ်ဒဏ် ဖြစ်သည်။ ဟော်ရှ အလိုချင်ဆုံးအရာများဖြစ်သည့် အာဏာ၊ ထီးနန်းနှင့် ဂုဏ်သိက္ခာအားလုံးကို တစ်ခုချင်းစီ ဆုံးရှုံးစေပြီးမှ သူ၏ ဘဝတစ်ခုလုံး ပြိုလဲသွားသည့် အရသာကို ခံစားစေကာ သေခွင့်ပေးရန် သူမ ဆုံးဖြတ်ထားခဲ့သည်။

လဲ့ကျစ်က သူမ၏ မျက်ဝန်းမှ နာကျင်မှုနှင့် စိုစွတ်မှုများကို ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။

လဲ့ကျစ်တစ်ယောက် သူမ၏နှလုံးသားထဲမှ ထွက်လာသော အအေးဓာတ်ကြောင့် သူမကိုယ်တိုင်ပင် ထိတ်လန့်နေရသည်။ သို့သော် နောက်ပြန်မလှည့်နိုင်တော့ကြောင်းကိုလည်း သူမ ကောင်းကောင်းသိနေခဲ့သည်။ လွန်ခဲ့သည့်တစ်နှစ်က တစ်စုံတစ်ယောက်က တစ်နေ့တွင် သူမ ဤသို့ဖြစ်လာမည်ဟု ပြောခဲ့မည်ဆိုလျှင် သူမ ယုံခဲ့မည် မဟုတ်ပေ။ သူမ တင်မကဘဲ သူမ၏ ခမည်းတော်၊ သူမ၏ မယ်တော်နှင့် သူမ၏အစ်ကိုတော်လည်း ယုံခဲ့ကြမည် မဟုတ်ပေ။

နူးညံ့သိမ်မွေ့ကာ နွေးထွေးပြီး ဘာကိုမှ ဂရုမစိုက်သော လဲ့ကျစ်က ယခုအခါ စိတ်မာပြီး အေးစက်လာသလို ဒေါသလည်းရှိနေပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက ချစ်ခြင်းမေတ္တာဖြင့် ကြီးပြင်းသော သူမက ဤကဲ့သို့ ရှင်သန်လာခဲ့ရသည်။

လဲ့ကျစ်က သူမ၏ မျက်လုံးများမှ နာကျင်မှုူများကို ဖုံးကွယ်နေသော်လည်း သူမ၏ နှလုံးသားထဲတွင်တော့ အလွန်ဝမ်းနည်းနေခဲ့သည်။ သို့သော် သူမ အဘယ့်ကြောင့် ပြောင်းလဲသွားရသည်ကိုလည်း သူမ အတိအကျ သိနေခဲ့သည်။

သူမက ချစ်ခြင်းမေတ္တာတရားအောက်၌ ကြီးပြင်းလာခဲ့ပြီး ထိုအရာများ ပျက်စီးသွားချိန်တွင် သူမ၏နှလုံးသားက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့သည်။ နတ်ဆိုးက သူမပတ်ဝန်းကျင်ရှိ နွေးထွေးမှုကို ဝါးမြိုသွားသောကြောင့် သူမက နတ်ဆိုးကို တိုက်ခိုက်ရန်အတွက် ရက်စက်ကြမ်းကြုတ်သူ ဖြစ်လာရတော့သည်။

အောင်ပွဲခံပြီးသည့်တိုင်အောင် ဆုံးရှုံးသွားသော အချစ်များကို ပြန်မရနိုင်တော့သည်ကို သူမ သိနေသည်။ သို့သော် ထိုအရာအားလုံးကို ဂါရဝပြုရန်အတွက် ရန်သူ၏ အသွေးအသားကို ပူဇော်ရန်သာ သူမ အလိုရှိတော့သည်။

သူမ၏ လက်ဖဝါးပေါ်သို့ ဟော်တူ၏ နွေးထွေးသော လက်တစ်ဖက် ရောက်ရှိလာချိန်တွင် လဲ့ကျစ် သတိပြန်ဝင်လာသည်။ သူမက ချက်ချင်းပင် တင်းမာမှုများကို ဖုံးကွယ်ကာ ညင်သာသော အပြုံးတစ်ခုကို ဟန်ဆောင်ဖန်တီးလိုက်သည်။

“ကိုယ် နားလည်ပြီ”

ဟော်တူက တိုးတိုးလေး ပြန်ပြောလိုက်သည်။

သူက သူမနှင့် ပူးပေါင်းမည်ဟု သူ ကတိပေးလိုက်ခြင်းပင်။ လဲ့ကျစ်က ကျေးဇူးတင်စကား ဆိုရင်း သူ၏ ပခုံးပေါ်သို့ ခေါင်းမှီချလိုက်သည်။ သူမ၏ မျက်ဝန်းထဲမှ အမှောင်ထုကို သူ မမြင်စေရန် တမင်တကာ ဖုံးကွယ်လိုက်ခြင်းလည်း ဖြစ်သည်။

ဟော်တူ နှစ်သက်သော သူမ၏အသွင်အပြင်ကို သူမ ဖျက်ဆီးမိနေကြောင်း ပြန်တွေးနေမိပြီ သူမ၏မျက်လုံးများက မှေးမှိန်သွားပြန်သည်။

လဲ့ကျစ်၏ စိတ်ထဲတွင် အတွေးတစ်ခုက ခြောက်လှန့်နေသည်။ သူမက ဟော်တူ၏ ရှေ့တွင် အမြဲတမ်း နူးညံ့သိမ်မွေ့သော၊ နာခံမှုရှိသော မြေခွေးလေးအဖြစ် ဟန်ဆောင်ခဲ့သည်။ အကယ်၍ သူမ၏ ရင်ထဲမှ ကြီးမားလှသော အမှောင်ဘက်ခြမ်းနှင့် ရက်စက်လှသော အစီအစဉ်များကို ဟော်တူက သိသွားလျှင် တုန်လှုပ်သွားပေလိမ့်မည်။ ထိုသို့မဟုတ်လျှင်လည်း သူမက အန္တရာယ်ရှိသည်ကို ရိပ်မိသွားပြီး သူမကို အဆုံးစီရင်ပစ်နိုင်သည်။

ရှေ့ဆက်ရမည့်လမ်းက မည်သို့ပင်ဖြစ်စေ သူမတို့နှစ်ဦးက အစွန်းတစ်ဖက်စီတွင် ရပ်တည်နေကြရမည့်သူများ ဖြစ်သည်။

‘အရူးနဲ့ အရူးမက လုံးဝ မလိုက်ဖက်နိုင်ဘူးလေ’

ဟော်တူက လဲ့ကျစ်၏ မျက်နှာကို အချိန်အကြာကြီး စိုက်ကြည့်နေသည်။ သူမက သူမ၏အမူအရာနှင့် သူမ၏မျက်လုံးများထဲမှ ခံစားချက်များကို ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားနိုင်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏နှလုံးခုန်သံကြောင့် သူမ၏ရုန်းကန်မှုနှင့် နာကျင်မှုကို ဟော်တူ ခံစားနိုင်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့က တူညီသောလူများဖြစ်နေသောကြောင့်ပင်။

သူက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

‘စိတ်မပျက်ပါနဲ့၊ မင်းက အမှောင်ထဲကို လျှောက်လှမ်းဖို့ မင်းကိုယ်မင်း တွန်းအားပေးမယ်ဆိုရင်လည်း ကိုယ်က ခွင့်ပြုပေးပါ့မယ်၊ ဘာပဲဖြစ်ဖြစ် ကိုယ်က မင်းကို ကာကွယ်ဖို့ အမြဲအသင့်ရှိနေပေးမှာမို့ပါ...’

......။.......။......

ကျင့်ရှန်းဝမ် (ဟော်ရှ) အိမ်တော်တွင်....

ဟော်ရှက စာဖတ်ခန်းအတွင်းရှိ ပစ္စည်းများကို ဒေါသတကြီး ရိုက်ခွဲနေသည်။ မနေ့ညက ရှန်းချင်းယန်အပေါ် သူ ပြုမူခဲ့သည့် ကြမ်းတမ်းမှုများအတွက် သူကိုယ်တိုင်ပင် အံ့ဩနေမိသည်။

‘သူ သူမကို မကြိုက်ပေမယ့် သူက မိန်းမတွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်တဲ့သူ မဟုတ်ဘူးလေ’

‘ဒါတွေ အားလုံးက ရှန်းဟွိုက်ရဲ့ အပြစ်ပဲ’

‘ပြီးတော့ အရက်ကလည်း ဦးနှောက်ကို ထိုင်းမှိုင်းစေတယ်’

‘အဲ့ဒီလိုမှမဟုတ်ရင် သူက ဘယ်တော့မှ ဒီလို ရက်စက်တဲ့ လုပ်ရပ်မျိုးကို လုပ်မှာ မဟုတ်ဘူး’

ထိုအချိန်တွင် တံခါးခေါက်သံနှင့်အတူ ချိုမြိန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“ဝမ်ရယ်”

ထိုအသံကို နားထောင်ရုံဖြင့် သူ့ခန္ဓာကိုယ်ကို တက်ကြွလွယ်စေသောကြောင် ဟော်ရှက သူ့နှလုံးခုန်သံကို ထိန်းရင်း ပေါ့ပေါ့ပါးပါး ချောင်းဟန့်ကာ အသံပြန်ပေးလိုက်သည်။

"ဝင်လာခဲ့"

ကျန်းမန်က တံခါးကို တွန်းဖွင့်ပြီး ခါးကို နွဲ့ကာ အခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာခဲ့သည်။ သူမ၏လက်ထဲတွင် ကိုင်လာသော ဗန်းကို စားပွဲပေါ်တင်ကာ အပေါ်ရုံကို ဖြည်ပြီး ဘေးသို့ ချထားလိုက်သည်။ ထို့နောက် သူမက ဟော်ရှ၏ နံဘေးသို့ လျှောက်လာပြီး နူးနူးညံ့ညံ့လေး ပြောလာခဲ့သည်။

"ဝမ်ရယ်က မနက်စာ မစားဘဲ စာဖတ်ခန်းထဲမှာ တခါးပိတ်နေတယ်လို့ ကျွန်မ ကြားခဲ့တယ်၊ ကျွန်မ ဝမ်ရယ်အတွက် အရမ်း စိတ်ပူလို့ ရောက်လာတာပါ"

သင်းပျံ့သောရနံ့က လေထဲသို့ ပျံ့လွင့်သွားပြီး ဟော်ရှ၏နှလုံးသားကို အနည်းငယ် တုန်ခါသွားစေသည်။ သူက ကျန်းမန်၏ခါးကို မြှောက်ကာ ပွေ့ယူလိုက်ပြီး သူမကို သူ့ပေါင်ပေါ်၌ ထိုင်ခိုင်းလိုက်သည်။

“ဝမ်ရယ်…”

ကျန်းမန်က သူမ၏လက်ကို သူ့ပခုံးပေါ်တင်ပြီး တွန်းထုတ်ဟန်ပြုလိုက်သော်လည်း သူမ၏ခန္ဓာကိုယ်က သူ့အနားသို့ တိုးကပ်လာသည်။

ဟော်ရှလည်း သူ့ကိုယ်သူ မထိန်းနိုင်ဘဲ နိုးကြားလာတော့သည်။ မနေ့ညက ရှန်းချင်းယန်နှင့် ဖြစ်ပျက်ခဲ့သည်များက သူ့အတွက် လုံးဝ စိတ်ကျေနပ်မှု မရှိခဲ့ပေ။ ရှန်းချင်းယန်ကဲ့သို့သော မြင့်မြတ်လှသည့် အမျိုးသမီးက အိပ်ရာပေါ်တွင် မည်သို့ စိတ်ကျေနပ်အောင် လုပ်ပေးရမည်ကို သိသူ မဟုတ်ချေ။

ဟော်ရှက သူ့လက်ထဲမှ အမွှေးရနံ့ဖျော့ဖျော့လေးကို ဆုပ်ကိုင်ထားရင်း နူးညံ့သောခါးပေါ်ရှိ သူ၏လက်က တဖြည်းဖြည်း အောက်သို့ရွေ့သွားကာ မျက်လုံးများကို မှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူက သူမ၏ နားရွက်နားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

"မင်း အတွင်းခံ မဝတ်ထားဘူးလား”

သူ့အသံက အလိုရမ္မက်များကြောင့် အက်ရှနေသည်။

“စပ်စလူးမလေး"

သူ ကျန်းမန်ကို စားပွဲပေါ်သို့ တင်ကာ သူမ၏ စကတ်ကို ဆွဲလှန်ရန် ပြင်လိုက်စဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။

"ဒေါက်... ဒေါက်.... ဒေါက်...."

"ဝမ်ရယ်၊ ကျွန်တော်မျိုးမှာ အရေးတကြီး သတင်းပို့စရာ ရှိပါတယ်"

အပြင်ဘက်မှ အစေခံ၏ အသံက ဟော်ရှ၏ စိတ်ကို အနှောင့်အယှက် ပေးလာခဲ့သည်။

"ထွက်သွား"

သူ၏ အလိုဆန္ဒများက ပူလောင်နေဆဲဖြစ်သောကြောင့် ဟော်ရှက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဝမ်ရယ်၊ ဒါက ဝမ်ရယ်အတွက် လျှို့ဝှက်စာပါ"

ထိုစကားကြောင့် ဟော်ရှ၏ ခန္ဓာကိုယ်အတွင်းရှိ တောက်လောင်နေသော အလိုရမ္မက် အပူရှိန်များက ရေအေးဖြင့် အပက်ခံလိုက်ရသလို ချက်ချင်း ငြိမ်သက်သွားသည်။ သူက စားပွဲပေါ်မှ ကျန်းမန်ကို အမြန်ဆွဲထူလိုက်ပြီး အမိန့်ပေးလိုက်သည်။

"မင်းအရင် ပြန်သွားလိုက်"

ကျန်းမန်က ရုတ်တရက် အချိုးအကွေ့ကြောင့် မှင်တက်နေပြီး သူမ၏ ဟိုက်နေသော ရင်ဘတ်အင်္ကျီကို ပြန်စေ့ကာ တုံ့ဆိုင်းနေလေသည်။

"ပြန်သွားတော့"

ဟော်ရှက သူ့အသံကို အနည်းငယ်မြှင့်လိုက်သည်။ နောက်ဆုံးတွင် ကျန်းမန်လည်း ဟော်ရှကို ဦးညွှတ်နှုတ်ဆက်ပြီး ထွက်သွားရုံသာ တတ်နိုင်တော့သည်။

သူမ တံခါး ဖွင့်လိုက်ချိန်တွင် ချင်ယုကို တွေ့လိုက်ရပြီး သူ့ကို မကျေမနပ် စိုက်ကြည့်နေမိသည်။ ထိုစာက မည်သူ့ဆီကလာပြီး သူမက မည်သူ့၏ နေရာကို အစားဝင်နေရမှန်းလည်း သူမ သိနေခဲ့သည်။

သူမက အချိန်အတော်ကြာအောင် နာခံဟန်ဆောင်နေခဲ့သော်လည်း ဟော်ရှ၏နှလုံးသားထဲမှ ထိုလူ၏အနေအထားကို မခြိမ်းခြောက်နိုင်သေးပေ။ ထိုအရာက သူမကို မကျေမနပ် ဖြစ်စေသည်။

ကျန်းမန်က သူမ၏အပါ်ရုံကို တင်းကျပ်အောင်စေ့ရင်း အံကြိတ်ကာ စာဖတ်ခန်းမှ ထွက်သွားခဲ့သည်။

ဟော်ရှက လဲ့ကျစ်၏စာကို ကမန်းကတန်း ဖွင့်ဖတ်လိုက်သည်။ စာပါအကြောင်းအရာများကို ဖတ်ပြီးနောက် သူ့စိတ်ထဲတွင် ရှိနေသော ဒေါသအများစု ပြေလျော့သွားသလို သူ ခံစားလိုက်ရသည်။

"ချင်ယု... အိမ်တော်ထဲက ရဲမက်တွေကို ပြန်စုဖို့ အမိန့်ပေးလိုက်"

သူ၏ နှုတ်ခမ်းထက်တွင် ပျော်ရွှင်မှုများ ဝေစည်နေသည်။ မနေ့က ရှဖေးထိုင် အာဏာကို လက်လွှတ်လိုက်ရသည့် အရှက်ရမှုကို ယနေ့ညတွင် ပြန်လည် ဆေးကြောနိုင်တော့မည်ဟု သူ ယုံကြည်နေသည်။ ကံကောင်းထောက်မစွာပင် ကျစ်ကျစ်က သူ့ကို မမေ့သေးဘဲ သူမ၏ နှလုံးသားထဲတွင် ထားရှိနေဆဲ ဖြစ်သည်။

‘ဘာပဲဖြစ်ဖြစ်၊ တာ့ချီမှာ ကျစ်ကျစ်က ငါကလွဲပြီး တခြားဘယ်သူကို့ အားကိုးနိုင်မှာလဲ’

အမှန်တကယ်တွင် လဲ့ကျစ်က ဖူရှန်းကို ကယ်တင်ပေးရန် သူ့ကို အကူအညီတောင်းခံသည့် စာကို ရေးလိုက်ခြင်း ဖြစ်သည်။ ဟော်ရှလည်း မနေ့ကတည်းက ဖူရှန်း အဖမ်းခံရသည့် သတင်းကို ရထားသော်လည်း ဟော်တူ၏ လှည့်ကွက်ကို ကြောက်သဖြင့် မလှုပ်ရှားရဲခဲ့ပေ။ ယခု လဲ့ကျစ်၏စာကြောင့် ဖူရှန်း ထိုက်ဇီစံအိမ်တွင် အမှန်တကယ် အကျဉ်းကျနေကြောင်း အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

‘ဒီတစ်ခါတော့ ငါ ဒီတန်ပြန်ရိုက်ချက် တစ်ချက်တည်းနဲ့ ဟော်တူကို ရိုက်နိုင်တော့မယ်’

သူ့အတွက် ဖူရှန်းကို ကယ်တင်ခြင်းက ဒုတိယအချက် ဖြစ်ပြီး အဓိကအချက်က တာ့လီမှ ရာဇဝတ်သားကို ဖုံးကွယ်ထားသည်ဟူသော သက်သေဖြင့် ဟော်တူကို နန်းချရန် ဖြစ်သည်။ ဟော်ရှက ရင်းနှီးနေသည့် လဲ့ကျစ်၏ လက်ရေးကို ကြည့်နေရင်း သူ့ကို တုန်လှုပ်စေနိုင်သည့် ထိုမျက်နှာလေးကို ပြန်တွေးနေပြန်သည်။ သူ့နှလုံးသားထဲတွင် ရင်ခုန်စိတ်လှုပ်ရှားမှုများ ပြည့်နေပြီး လဲ့ကျစ် မကြာမီ သူ့အနားသို့ ပြန်လာနိုင်တော့မည်ဟု ခံစားနေမိသည်။

......။.......။......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

လဲ့ကျစ်: (တံတွေးထွေးရင်း) "ထွီ.. ထွီ... သူက ငါ အစစ်ကို ကြိုက်တာ မဟုတ်ဘူး၊ သူ စိတ်ကူးယဉ်နေတဲ့ ပုံရိပ်ကိုပဲ ကြိုက်တာ"

ဟော်တူ : "ငါ့မိန်းမက လူသတ်ဖို့ ကြံစည်နေတာတောင် အရမ်းချစ်ဖို့ ကောင်းနေတုန်းပဲ။ ကမ္ဘာပေါ်မှာ အရူးနဲ့ အရူးမ ဆိုတာ အလိုက်ဖက်ဆုံးပဲလေ။ ဒီစကြဝဠာမှာ ငါ့မိန်းမက အတော်ဆုံးပဲ"

ဟော်ရှ : "ငါနဲ့ ကျစ်ကျစ် ပြန်ပေါင်းထုပ်ပြီးရင်.....ဘာလာ....ဘလာ..." (အနာဂတ်ကို စိတ်ကူးယဉ်နေ)

ဟော်တူ : (ဒေါသတကြီးဖြင့်) "ဒီလူယုတ်မာ.... ပေါက်ကရတွေ စိတ်ကူးယဉ်မနေနဲ့၊ သူ့ကို ချက်ချင်း သတ်ပစ်ဖို့ ပြင်ကြစမ်း"

အခန်း ၅၄ ညအချိန်စီးနင်းမှု

ညဉ့်နက်သန်းခေါင်ယံအချိန်တွင် အိမ်ရှေ့စံ၏အိမ်တော်ကို ဝိုင်းရံပိတ်ဆို့ခြင်းက သာမန်ကိစ္စတစ်ခု မဟုတ်ပေ။ သို့သော် ဟော်ရှအတွက်မူ ရန်သူကို လက်ပူးလက်ကျပ် ဖမ်းမိနိုင်မည့် အခွင့်အရေးက ဤတစ်ကြိမ်သာ ရှိသည်ဟု ယုံကြည်နေသည်။ သူက သူ၏ အထူးရွေးချယ်ထားသော စစ်သည်များကို အိမ်ရှေ့စံ၏အိမ်တော်အတွင်းသို့ ဖောက်ဝင်ရန် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။ နောက်ဆုံးတော့ သူ့နှလုံးသားထဲမှ တုန်လှုပ်ချောက်ချားမှုကို ဖယ်ရှားနိုင်တော့မည် ဖြစ်သည်။

ဟော်တူက သူ၏ ဘီးတပ်ထိုင်ခုံကို အိမ်ရှေ့ခြံဝင်းဆီသို့ ဖြည်းညှင်းစွာ တွန်းလာသည်။ သူ၏ အိမ်တော်အစောင့်များနှင့် ဟော်ရှ၏ စစ်သည်များ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ဟော်တူ၏ နှုတ်ခမ်းထောင့်မှ လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။

“တတိယညီတော်၊ မင်း ညဉ့်နက်သန်းခေါင်ကြီး ရောက်လာတာလား၊ ဒါက ဘာသဘောလဲ”

ဟော်တူက ကြက်သွေးရောင် ညဝတ်အင်္ကျီပေါ်တွင် လမင်းဖြူရောင်အပေါ်ရုံကို လွှမ်းခြုံထားသည်။ ညအမှောင်ထုက သူ၏ ဖြူဖွေးသော အသားအရေကို ပိုမိုထင်ရှားစေပြီး သူ၏ အေးဆေးတည်ငြိမ်လွန်းသော အသွင်အပြင်က ဟော်ရှကို ဒေါသထွက်စေသည်။

ဟော်ရှက ဟော်တူ၏ ဘာမှဂရုမစိုက်သလို အေးဆေးသောအသွင်အပြင်ကို အမုန်းဆုံး ဖြစ်သည်။ သူက သူ့စိတ်ထဲတွင် လှောင်ရယ်နေသော်လည်း သူ့မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ရှိနေခဲ့သည်။

“ညဉ့်နက်မှ အစ်ကိုတော်ကို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်၊ ဒါပေမယ့် အစ်ကိုတော်က တာ့လီရဲ့ အကြွင်းအကျန်ကို ဖမ်းမိထားပြီး ခမည်းတော်ဆီ သတင်းမပို့ဘူးလို့ ကြားရလို့ပါ၊ အစ်ကိုတော်က အဲ့ဒီလောက် မိုက်မဲမယ့်သူ မဟုတ်ဘူးဆိုတာကို အတည်ပြုပေးဖို့ ကျွန်တော် လာခဲ့တာ”

ဟော်တူက ခပ်လှောင်လှောင် ရယ်မောလိုက်ပြီးမှ ပြန်ပြောလိုက်သည်။

“အခြေအမြစ်မရှိတဲ့ ကောလာဟလတစ်ခုကြောင့်နဲ့ ဒီမင်းသားရဲ့အိမ်တော်ကို လူအင်အားအပြည့်နဲ့ ဖောက်ဝင်လာတာပေါ့လေ၊ ထိုက်ဇီအိမ်တော်ကို ဒီလိုလုပ်မိတဲ့ အကျိုးဆက်ကို မင်း တွေးကြည့်ဖူးလား”

ဟော်တူ၏အသံက မကျယ်သော်လည်း ထိုအေးစက်သောလေသံက ဟော်ရှ၏နားထဲသို့ ဝင်လာပြီး သူ့နှလုံးသားကို သုံးကြိမ်လောက် တုန်လှုပ်သွားစေသည်။ သို့သော် သူ တွေးနေသည်က ဟော်တူက ဤမျှ မရိုးမသားပြုမှုနေသည့် အကြောင်းပြချက်က အိမ်‌ရှေ့စံအိမ်တော်၌ ရှိနေသည့် လျှို့ဝှက်အကျဉ်းထောင်ကို သူ ရှာမတွေ့နိုင်ဘူးဟု ဟော်တူ ထင်နေသောကြောင့်သာ ဖြစ်ပေမလိမ့်မည်။

သူ၏ လက်ထဲတွင် လဲ့ကျစ်ပေးထားသော လျှို့ဝှက်စာ ရှိနေသဖြင့် ဟော်ရှက ယုံကြည်မှုများကို ပြန်စုစည်းလိုက်သည်။

“ဒီညီတော်က အစ်ကိုတော် ခွင့်ပြုပေးဖို့ တောင်းဆိုချင်ပါတယ်၊ ဒီလှုပ်ရှားမှုက အစ်ကိုတော်ရဲ့အကျိုးအတွက်ပါ၊ ဒါက တကယ်ကို နားလည်မှုလွဲနေတာဆိုရင်လဲ အစ်ကိုတော်က အဲဒီ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကနေ လွတ်မြောက်နိုင်ပါတယ်”

“ကောင်းပြီလေ”

ဟော်တူက ဟော်ရှကို မျက်ခွံပင့်ကြည့်ကာ ပျင်းရိဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

“တတိယညီတော်တို့ အေးအေးဆေးဆေး ရှာဖွေကြပါ”

ဟော်တူက သူ့အစောင့်များ လမ်းဖယ်ပေးရန် အချက်ပြလိုက်သည်ကို မြင်လိုက်ရချိန်တွင် ဟော်ရှ ပို၍ အံ့ဩသွားရသည်။ သူက ဟော်တူ၏ မသန်စွမ်းဖြစ်နေသည့် ခြေထောက်ကို စိုက်ကြည့်ပြီး အံကြိတ်နေပြန်သည်။

ထိုလူက ခြေမသန်သည့် ဒုက္ခိတဖြစ်နေသည်မှာ သိသာထင်ရှားနေသော်လည်း သူ့မျက်နှာတွင် သိမ်ငယ်သည့်အကြည့်မျိုး တစ်ခါမျှ မတွေ့ဖူးပေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုမသန်စွမ်းသောခြေထောက်က သူ့အတွက် ထူးထူးခြားခြားအရာတစ်ခုကိုကဲ့သို့ ဖြစ်နေလေသည်။

‘ဘာကြောင့် သူက အမြဲတမ်း မာနကြီးနေနိုင်ရတာလဲ....’

‘ဘာလို့ သူက ထိုက်ဇီအဖြစ် မွေးဖွားလာရတာလဲ...’

‘ဘာအကြောင်းကြောင့်လဲ’

ဟော်ရှက ဟော်တူ၏မသန်စွမ်းဖြစ်နေသည့်ခြေထောက်ကို စူးစူးဝါးဝါး စိုက်ကြည့်နေရင်း သူ့အမူအရာတွင် နောင်တရနေသည့် အမူအရာများ ရှိနေခဲ့သည်။

‘အဲဒီတုန်းက ငါ မပျော့ညံ့ခဲ့သင့်ဘူး။ သူ့ခြေထောက်နှစ်ဖက်လုံးကို ချိုးခဲ့သင့်တာ။ မဟုတ်သေးဘူး၊ အဲဒီတုန်းက သူ့ကို တခါတည်း သတ်ခဲ့သင့်တာ...’

ဟော်ရှက သူ့အကြည့်ကို ရွှေ့လိုက်ပြီး ဟော်တူ၏ပတ်ပတ်လည်တွင် ရပ်နေသော အစောင့်များ ကျဲပါးသွားသည်ကို တွေ့လိုက်ရသည်။ သူတို့က သူ့အတွက် အမှန်တကယ် လမ်းဖွင့်ပေးနေခဲ့သည်။

‌’ရှေ့တိုးဖို့ နောက်တလှမ်းဆုပ်တာလား၊ ငါ့ကို စိတ်ဓာတ်ရေးရာအရ တိုက်ခိုက်ဖို့ ဒီအရာတွေကို အသုံးပြုနေတာလား..’

‘မင်း အိပ်မက်မက်နေတာပဲ...’

“ဒါဆို ဒီညီတော်က အစ်ကိုတော်ကို အနှောင့်အယှက် ပေးရတော့မယ်၊ သေချာရှာကြစမ်း”

ဟော်ရှက ရှေ့သို့ နှစ်လှမ်းတိုးကာ လေးနက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။

အဆင့်မြင့်စစ်သည်များက လူသွားလမ်းကျဉ်းလေးတလျှောက် စနစ်တကျ သွားလာနေကြသည်။ သူတို့က မထွက်ခွာမီ ဟော်ရှ၏ ညွှန်ကြားချက်ကို လိုက်နာပြီး လူလေးယောက် အုပ်စုငယ်များ လှည့်ပတ်ကာ ကြုံသလို ရှာဖွေခဲ့ကြသည်။ ကျန်နေသည့် စစ်သည်များက အချက်အချာနေရာများကို ချုပ်ကိုင်နိုင်ရန် အရှေ့ဘက် ခြံဝင်းဆီကို ပြေးသွားကြသည်။

ဟော်ရှက အဆုံးဘက်ကို လျောက်သွားလိုက်ပြီး လဲ့ကျစ်၏စာပါ ညွှန်ကြားချက်များအတိုင်း အရှေ့ဘက်ဝင်းအတွင်းမှ လျှို့ဝှက်အကျဉ်းထောင်ကို သူ့၏ရဲမက်များ ရှာတွေ့မည့်အချိန်ကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

သိပ်မကြာခင်မှာပင် သူ့အိမ်တော်မှ ရှေ့ပြေးက စစ်သည်တစ်ယောက် အပြေးအလွှား ရောက်လာခဲ့သည်။

"ဝမ်ရယ်၊ တစ်ခုခု ရှာဖွေတွေ့ရှိပါတယ်၊ အရှေ့ဘက်ဝင်းထဲမှာ လျှို့ဝှက်အကျဉ်းထောင်တစ်ခု ရှိနေပါတယ်”

ထိုစစ်သည်၏ သတင်းပို့သံကြောင့် ဟော်ရှ၏ ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။ သူက အောင်နိုင်သူတစ်ဦး၏ အရှိန်အဝါဖြင့် လျှို့ဝှက်အကျဉ်းထောင်၏ မှောင်မိုက်သော လမ်းကြောင်းထဲသို့ ယုံကြည်မှုအပြည့်ဖြင့် လိုက်ပါသွားခဲ့သည်။

သွေးနံ့သင်းသင်းနှင့် စိုထိုင်းဆများသော ထောင်ထဲသို့ ပိုပိုဆင်းသွားလေလေ ဟော်ရှ၏ မျှော်လင့်ချက်များ ပိုပြင်းထန်လာလေဖြစ်သည်။ နောက်ဆုံးတွင် အကျဉ်းခန်းထဲ၌ ဆံပင်များ ရှုပ်ထွေးနေပြီး အားနည်းနေသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

ရုတ်တရက်ကြည့်လျှင် ထိုလူက ဖူရှန်းနှင့် အလွန်ဆင်တူနေသဖြင့် ဟော်ရှတစ်ယောက် ဝမ်းသာသွားပြီး ထိုသူ၏မျက်နှာပေါ်မှ ဆံပင်ကို ဆွဲဖယ်ရန် အမိန့်ပေးလိုက်သည်။

သို့သော် ထိုသူမှာ ဖူရှန်းမဟုတ်ဘဲ သာမန် အကျဉ်းသားတစ်ဦးမျှသာ ဖြစ်သည်။

"ထောင်ချောက်ပဲ... ပြန်ထွက်မယ်"

ဟော်ရှက အလန့်တကြား အော်ဟစ်ပြီး အပေါ်သို့ အပြေးအလွှား ပြန်တက်လာခဲ့သည်။

သူက လျှို့ဝှက်အကျဉ်းထောင်ထဲသို့ ခဏတာမျှသာ ရှာဖွေရန် ရောက်ရှိသွားခဲ့သော်လည်း အပြင်ဘက်တွင် အလုံးစုံ ပြောင်းလဲသွားပုံရသည်။ သူနှင့်အတူ အကျဥ်းထောင်ထဲသို့ လိုက်ပါသွားသော စစ်သည်အနည်းငယ်မှ လွဲ၍ ကျန်ရှိသော သူ၏လူများက မြေပြင်ပေါ်တွင် လဲကျနေကြပြီး သေသည်ရှင်သည်ကိုတော့ မသိနိုင်သေးပေ။ အိမ်ရှေ့စံအိမ်တော်မှ အစောင့်အကြပ်များ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ ဟော်တူအနားတွင် ဝန်းရံနေသည်က အေးစက်ပြီး လေးနက်သော အမူအရာများ ရှိနေသည့် တော်ဝင်သက်တော်စောင့်များ ဖြစ်နေလေပြီ။

‘အနိုင်အရှုံးက ကွဲပြားသွားခဲ့ပြီ...’

"ဘာလဲ... တတိယညီတော်က သူငယ်ချင်းဟောင်းကို မတွေ့ခဲ့ဘူးလား"

ဟော်တူက သူ့လက်ထဲမှ ခရမ်းရောင်ကျောက်တုံးလေးကို ကစားရင်း ပြုံးလျက် မေးလိုက်သည်။

ဟော်ရှက တုန်လှုပ်မှုကို ဖုံးကွယ်ကာ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေသေးသည်။

"ဒါက နားလည်မှုလွဲတာပါ၊ အစ်ကိုတော်ကို ဒုက္ခမပေးတော့ပါဘူး"

ထိုအချိန်တွင် သူ့ဘေးနား၌ ကျန်နေသည့် စစ်သည်များကလည်း မြေပြင်ပေါ်သို့ အသီးသီး လဲကျသွားကြသည်။ တခဏအတွင်းမှာပင် ကြောက်ရွံ့မှုက ဟော်ရှ၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားစေသည်။ ထိုအချိန်မှပင် ဟော်ရှလည်း သူ၏ လျှို့ဝှက်အစောင့်များ မည်သည့်အတွက်ကြောင့် သတင်းမပို့နိုင်ခဲ့သည်ကို သဘောပေါက်သွားခဲ့သည်။ ဟော်ရှတစ်ယောက် မှောင်မိုက်နေသည့် ညကောင်းကင်ကို မော့ကြည့်လိုက်ပြီး ယခုန တိမ်ထူထပ်နေပြီး ကြယ်များကိုပင် ဖုံးကွယ်ထားသည့် ကောင်းကင်က ယခုမှထွက်လာသည့် လမင်းကြောင့် တောက်ပလာသည်ကို သူ တွေ့လိုက်ရသည်။

‘သူ ဒီနေ့ ဒီမှာ သေရတော့မှာလား...’

ထိုအခိုက်အတန့်တွင် ဟော်တူ၏ အသံက အမှောင်ထုထဲမှ ဟိန်းထွက်လာသည်။

"အစ်ကိုအားရှ၊ မနေ့က ရထားလုံးကို ပြန်ပေးဆွဲခဲ့တဲ့သူက အစ်ကိုဖူရှန်းပါ၊ အခု သူ့ကို ထိုက်ဇီအိမ်တော်ရဲ့ အရှေ့ဘက်ဝင်းထဲမှာ ပိတ်လှောင်ထားပါတယ်"

ဟော်တူက လဲ့ကျစ်၏စာထဲမှ စကားလုံးများကို တစ်လုံးမကျန် ရွတ်ဆိုပြနေရင်း ဟော်ရှ၏ မှန်းဆမရသော အမူအရာကို စိတ်ဝင်တစား ကြည့်နေသည်။

"မင်း"

ဟော်ရှတစ်ယောက် ရုတ်တရက် မူးဝေသွားပြီး မတ်မတ်ရပ်နိုင်အောင် ကြိုးစားနေရသည်။ သူက နာကျင်နေသော နှလုံးသားကို ဖုံးကွယ်ရင်း အံကြိတ်တွေးတောနေမိသည်။

‘ဟော်တူက ငါ့ကို အန္တရာယ်ပြုဖို့ ထောင်ချောက်ဆင်ထားတာပဲ၊ စာရွက်ပေါ်က လက်ရေးက အမှားအယွင်း မရှိဘူး၊ ဒါပေမယ့် ဟော်တူက ဒီအကြောင်းကို အမှန်တကယ် သိနေခဲ့တယ်။ ဒါက သူနဲ့ ကျစ်ကျစ်ရဲ့ ဆက်သွယ်မှုကို ဟော်တူ ရှာတွေ့သွားပြီလို့ ဆိုလိုတာ မဟုတ်ဘူးလား၊ ကျစ်ကျစ် ဒီစာကို ရေးဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ တွန်းအားပေးခံခဲ့ရတာလဲ’

ဟော်ရှတစ်ယောက် သူ့မျက်လုံးများရှေ့မှ အနက်ရောင်အမှောင်ထုကို သည်းမခံနိုင်တော့ဘဲ ရုတ်တရက် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။ သူ သတိမလစ်ခင်အချိန်မှညပင် လဲ့ကျစ်၏ လက်ရှိအခြေအနေအတွက် စိုးရိမ်နေပြီး မျက်မှောင်ကြုတ်နေသေးသည်။

"သူတို့ကို ရှင်းလိုက်"

ဟော်တူ၏ အမိန့်အောက်တွင် သူ့၏လျှို့ဝှက်အစောင့်များက လဲကျနေသော သူများကို ဆွဲထုတ်သွားကြသည်။

ဟော်ရှတစ်ယောက်တည်းသာ အေးစက်နေသော မြေပြင်ပေါ်တွင် သတိလစ် လဲကျကျန်ရစ်နေခဲ့သည်။ ထိုအချိန်တွင် အမှောင်ထဲမှ ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့သော အရိပ်တစ်ခု ထွက်လာခဲ့သည်။ သူမက ဟော်တူ၏ နံဘေးသို့ လျှောက်သွားလိုက်ပြီး သူ့ပုခုံးပေါ်ရှိ အဝတ်များကို သဘာဝကျကျ ဆုပ်ကိုင်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။

"သူ တကယ် မေ့သွားတာလား"

"သေနေတာနဲ့ မခြားဘူး။ မင်း သူ့ကို ကန်ရင်တောင် သူ နိုးမှာမဟုတ်ဘူး"

ဟော်တူက ပြန်ပြောလိုက်သည်။

ဟော်တူက ဟာသအနေဖြင့် ပြောလိုက်သော်လည်း လဲ့ကျစ်က ထိုစကားကို အလေးအနက်ထားကာ ရှေ့သို့ တိုးသွားသည်။ သူမက ဟော်ရှ၏ လက်မောင်းကို ဖိနပ်ဖျားလေးနှင့် အသာတို့ကြည့်ပြီးနောက် သူ အမှန်တကယ် မတုံ့ပြန်သည်ကို မြင်လိုက်သောကြောင့် သတ္တိရှိသွားကာ ဟော်ရှ၏မျက်နှာကို ပြင်းပြင်းထန်ထန် ကန်လိုက်တော့သည်။

လဲ့ကျစ်၏ လက်စားချေလိုစိတ်ပြင်းပြသော အမူအရာက ဟော်တူကို အနည်းငယ် အံ့ဩစေသလို ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ခဲ့သည်။

ယခင်က သူမ လူသတ်သည်ကို သူ လွဲချော်ခဲ့ဖူးသော်လည်း ယနေ့တွင် သူမက လူတစ်ဦးအား ကန်ကျောက်နေသည်ကို မြင်လိုက်ရသည်။

‘တကယ်ကို ကန်လိုက်တာပဲ…

မိုက်တယ်ကွာ...’

သို့သော် သူက ဘီးတပ်ထိုင်ခုံကို တွန်းသွားပြီး သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ပေါ့ပေါ့ပါးပါး ထပ်မေးလိုက်သေးသည်။

“သူ့ကို တကယ် မသတ်ဘူးလား၊ မင်း စိတ်ပြောင်းချင်ရင် အခု အချိန်ရှိသေးတယ်နော်"

လဲ့ကျစ်က မြေပြင်ပေါ်ရှိ သတိလစ်နေသော ဟော်ရှကို စက်ဆုပ်စွာ ကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"အခု သူ့ကို သတ်လိုက်ရင် ပျော်စရာ မကောင်းတော့ဘူး၊ သူ အမြင့်ဆုံးကနေ အောက်ခြေအထိ ပြုတ်ကျသွားတာကို မြင်ချင်သေးတယ်"

ဟော်တူက သူမ၏မျက်နှာကို စိတ်ဝင်တစားကြည့်လိုက်ပြီး သူမ ပြောနေသည်စကားများက သူ့စကားများနှင့် ပို၍တူလာသည်ကို ရှာတွေ့သွားပြီး အံ့အားသင့်သွားရသည်။

ထို့ကြောင့် သူလည်း သူမကို အတုယူကာ ခြေတစ်ဖက်ဆန့်ပြီး ဟော်ရှမျက်နှာ၏ အခြားတစ်ဖက်ကို အားဖြင့်ကန်လိုက်သည်။

‘ဟုတ်တယ်.... ဒါက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်...’

သို့သော် ဟော်တူက သူ့ခြေထောက်ကို အမြန်ပြန်ရုတ်လိုက်ကာ မျက်မှောင်ကြုတ်နေပြန်သည်။

‘ညစ်ပတ်လိုက်တာကွာ.... ကန်ရတာတောင် ရွံ့ဖို့ကောင်းတယ်’

.....။......။......

ဟော်ရှ သတိပြန်ရလာချိန်တွင် သူ့မျက်နှာတစ်ခုလုံး နာကျင်နေပြီး သူ့ရှေ့တွင် ဒေါသထွက်နေသော ခမည်းတော်ဧကရာဇ်ကို တွေ့လိုက်ရသည်။

သူ့ပါးပြင်များ နာကျင်နေဆဲဖြစ်သော်လည်း ဟော်ရှက ချက်ချင်းထလိုက်ပြီး ဒူးထောက်လိုက်သည်။ သူ တော်ဝင်စာကြည့်ဆောင်တွင် ရှိနေသည်ကို သိလိုက်ရပြီး ထပ်မံအံ့ဩသွားရသည်။

"မင်းက ဒီမင်းဆက်ရဲ့ထိုက်ဇီကို သတ်ပစ်ဖို့ ရည်ရွယ်ချက်နဲ့ ထိုက်ဇီအိမ်တော်ထဲကို ဖောက်ဝင်တယ်ပေါ့"

ဟော်ချန်ယွင်က စာရွက်တစ်ရွက်ကို ဟော်ရှ၏ မျက်နှာဆီသို့ ပစ်ပေါက်လိုက်ပြီး ထပ်ပြောလာပြန်သည်။

"ရှုံးနိမ့်သွားတော့ မင်းရဲ့အိမ်တော်က စစ်သည်တွေကို သတ်သေဖို့ အဆိပ်သောက်လိုင်းပြီး ထိုက်ဇီကို အပြစ်ဖို့ဖို့ ကြိုးစားတဲ့ သေတမ်းအတုကိုတောင် လုပ်ထားသေးတယ်"

ဟော်ချန်ယွင်က သူ့စကားကို ရပ်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သော်လည်း ထို့နောက်တွင် အေးစက်သော လေသံဖြင့် ထပ်ပြောလာပြန်သည်။

"ကောင်းတယ်.... အရမ်းကောင်းတယ်၊ ကြီးမြတ်တဲ့ ကျင့်ရှန်းဝမ်ပဲ... မင်းက တကယ်ကို ငါကိုယ်တော်ရဲ့သားကောင်းပဲ”

မေ့မြောနေရာမှ ယခုမှ နိုးလာသည့် ဟော်ရှက စိတ်ရှုပ်ထွေးနေပြီး ဟော်ချန်ယွင်ကို ပဟေဠိဆန်သည့် အကြည့်ဖြင့် ပြန်ကြည့်နေသည်။

‘ခမည်းတော်ဧကရာဇ်က ဘာအကြောင်းတွေ ပြောနေတာလဲ....’

‘ထိုက်ဇီအိမ်တော်ကို ကျူးကျော်ဝင်ရောက်တာအပြင် ဘယ်သူက ဘာတွေ လုပ်ထားသေးလို့လဲ’

ဟော်ရှက သူ့အနားတွင် ရပ်နေသော ဟော်တူကို စိုက်ကြည့်ကာ ထိူလူ၏အရှက်မဲ့ခြင်းအတွက် အံ့အားသင့်သွားရသည်။

"ဒီသားတော်က ထိုက်ဇီအိမ်တော်ထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့တာတော့ အမှန်ပါပဲ၊ ဒါပေမယ့် အဲ့ဒါက တာ့လီရဲ့ အကြွင်းအကျန်တွေကို ရှာဖွေဖို့ပါ၊ အစ်ကိုတော်ကို သတ်ဖို့ လုံးဝ မရည်ရွယ်ပါဘူး၊ ခမည်းတော်ဧကရာဇ်က... ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးပါ”

"တာ့လီရဲ့အကြွင်းအကျန်တွေက ဘယ်မှာလဲ"

ဟော်ချန်ယွင်က ဟိန်းဟောက်လိုက်သည်။

"မင်းက သတ္တိကောင်းနေတယ်ပေါ့၊ ဒီလိုအမူအကျင့်တွေနဲ့ ကျင့်ရှန်းဆိုတဲ့ စကားလုံးနဲ့ ဘယ်လို ထိုက်တန်မှာလဲ"

ဟော်ရှက မြေပြင်ပေါ်ရှိ စာရွက်ကို ကောက်ကိုင်ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ သူ ဂရုတစိုက်ရွေးချယ်ထားသော သူ့အိမ်တော်၏ စစ်သည်များအားလုံးက ဤခိုင်လုံမှုမရှိသော ဝန်ခံချက်တွင် လက်မှတ်ရေးထိုးထားခဲ့သည်။

အနိုင်အရှုံးကို အဆုံးအဖြတ်ပေးခဲ့ပြီး သူ လုံး၀ ရှုံးနိမ့်ခဲ့သည်။

"လာကြစမ်း၊ တတိယမင်းသား ဟော်ရှရဲ့ ကျင့်ရှန်းဝမ်ဘွဲ့ကို ဖျက်သိမ်းစေ။ ဒီနေ့ကစပြီး သူ့ကို အိမ်တော်မှာပဲ အကျယ်ချုပ်ချုပ်ထားပြီး ငါကိုယ်တော်ရဲ့ အမိန့်မရဘဲ အပြင်မထွက်စေနဲ့"

ဟော်ရှကတော့ သူ ပြောသည်ကိုပင်ဆုံးအောင် မကြားလိုက်တော့ပေ။ သူ၏ ခန္ဓာကိုယ်နှင့် စိတ်က ပင်ပန်းနွမ်းနယ်နေပြီး မောပန်းနေကာ တော်ဝင်စာကြည့်ဆောင်တွင် မူးလဲသွားခဲ့သည်။ မိန်းမစိုးလေးများက သူ့ကို သူ့အိမ်တော်သို့ ပြန်ခေါ်သွားသည်ကိုပင် သူ မသိတော့ပေ။

တော်ဝင်စာကြည့်ဆောင်တွင် ဟော်တူနှင့် ဧကရာဇ်သာ ကျန်ရစ်ခဲ့ပြီး ငြိမ်သက်သွားသည်။ ဟော်ချန်ယွင်က သားဖြစ်သူဟော်တူကို ကြည့်နေပြီး တစ်ခုခုပြောချင်နေပုံရသော်လည်း နောက်ဆုံးတွင် ဘာမှမပြောဘဲ လက်ဟန်ပြကာ ပြန်ထွက်သွားခိုင်းလိုက်သည်။

‘ဒီနေ့ အဖြစ်အပျက်မှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပေမယ့် မှားတယ် မှန်တယ်က အရေးမကြီးဘူး၊ အနိုင်အရှုံးကပဲ အရေးကြီးတာလေ’

‘သူ လိုအပ်တာက အရည်အချင်းအရှိဆုံးသားပဲ။ ဟော်တူပဲဖြစ်ဖြစ်၊ ဟော်ရှပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဟော်ရှန့်နဲ့ အခြားမင်းသားငယ်တွေပဲဖြစ်ဖြစ် ရတယ်၊ သူက သူ့တို့ထဲက အတော်ဆုံး အထက်မြတ်ဆုံးသားကိုပဲ လိုအပ်တယ်။’

‘သနားညှာတာမှု ကင်းမဲ့ပြီး ရက်စက်နေလဲ အရေးမကြီးဘူး၊ အဲ့လို လူဖြစ်နေမှ သူက တာ့ချီကို အဲ့လူဆီ လွှဲပြောင်းပေးအပ်လို့ရမှာပေါ့။ သူ သေဆုံးပြီးရင်တောင် သူ့သားက တိုင်းပြည်ငါးခုနဲ့ မျိုးနွယ်စုသုံးစုကို ပေါင်းစည်းချင်တဲ့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်’

ထိုအတွေးများကြောင့် ဟော်ချန်ယွင်က ထရပ်လိုက်ပြီး တော်ဝင်စာဖတ်ခန်းအတွင်းခန်းသို့ လျှောက်သွားလိုက်သည်။ ထိုနေရာရှိ သဲမြေပုံစားပွဲတစ်ခုတွင် နယ်မြေငါးခုနှင့် မျိုးနွယ်စုသုံးစု၏ အလံများကို သက်ဆိုင်ရာနယ်မြေများ၌ စိုက်ထူထားသည်။

တာ့လီတိုင်းပြည်၏အလံကို ချီဟူသော စကားလုံး ရေးထားသည့် အလံဖြင့် အစားထိုးထားပြီး တာ့ချီအလံနှင့် အစားထိုးထားသော အခြားနယ်မြေတစ်ခုက ရှန်းနို့မျိုးနွယ်စု ဖြစ်သည်။

ဟော်ချန်ယွင်၏ မျက်လုံးများက တဖြည်းဖြည်း နက်မှောင်လာပြီး သူ့နှလုံးသားက အနည်းငယ် တင်းကျပ်သွားသော်လည်း သူက ထိုမသက်မသာ ခံစားမှုကို လျစ်လျူရှုရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။ ထို့နောက် ကျန်နေသည့် တိုင်းပြည်သုံးခုနှင့် မျိုးနွယ်စုနှစ်စုကို လောဘကြီးသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။

‘သူ မြန်မြန်လုပ်‌ဆောင်ရမယ်’

......။........။.......

နေရောင်ခြည်များ တောက်ပနေသော နှစ်သစ်ကူးကာလတွင် ထိုက်ဇီစံအိမ်တော်ကြီးက စည်ကားနေသည်။

လဲ့ကျစ်က ဥယျာဉ်ထဲတွင် ထိုင်နေပြီး နှစ်သစ်ကူးပစ္စည်းများ ဝယ်ရန် အလုပ်ရှုပ်နေသော အိမ်တော်မှ လူများကို ကြည့်ကာ ကျေကျေနပ်နပ် ပြုံးနေလေသည်။ ယခုန လီယောင်က ဟော်ရှ ဘွဲ့ဖျက်သိမ်းခံရသည့်အကြောင်း သူမကို ပြောပြခဲ့ပြီး ဟော်တူလည်း မကြာခင် အိမ်ပြန်လာတော့မည် ဖြစ်သည်။

‘နောက်ထပ်… အောင်ပွဲရတဲ့ တိုက်ပွဲတစ်ခုပေါ့’

ဟော်ရှက နိမ့်ကျသွားပြီ ဖြစ်သောကြောင့် သူ့မျက်နှာကို အချိန်အတော်ကြာ တွေ့စရာ မလိုတော့ပေ။ ဤအချိန်အတွင်း သူမ၏အစ်မ ပြန်လည်သက်သာလာရန် ကူညီပေးနိုင်ပေလိမ့်မည်။ ထို့အပြင် သူမက သူမ၏ယောင်းမနှင့် ယုအာတို့၏ တည်နေရာကို ရှာဖွေရန် ရှမင်နှင့် အားချန်တို့ကို စေလွှတ်မည် ဖြစ်သည်။

ထိုအချိန်တွင် လင်းယွဲ့က အရွယ်အစားအမျိုးမျိုးရှိသော သေတ္တာများကို ကိုင်ဆောင်ကာ ဥယျာဉ်ရှေ့သို့ ဖြတ်သွားခဲ့သည်။ လဲ့ကျစ်က သူမကို မြင်သွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။ သူမ၏နှလုံးက ထိတ်ခနဲ ခုန်သွားကာ လင်းယွဲ့ကို လှမ်းခေါ်လိုက်သည်။

"လင်းယွဲ့ ခဏနေပါဦး"

"သခင်မ၊ လင်းယွဲ့ကို ခိုင်းစရာ တခုခု ရှိလို့လား"

လင်းယွဲ့က သူမ၏လက်ထဲမှ သေတ္တာကို ကျောက်စားပွဲပေါ်သို့ တင်ကာ အသက်အနည်းငယ်ရှူပြီးနောက် ပြန်မေးလာခဲ့သည်။ လဲ့ကျစ်က လင်းယွဲ့ကို သူမအနားတွင် ထိုင်စေပြီးမှ အသံကို နှိမ့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ပြီးခဲ့တဲ့ တစ်ခေါက်က ယုံချွမ်းခန်းမကနေ နင် ဝယ်ခဲ့တဲ့ဆေးက အာနိသင် သိပ်မကောင်းဘူး ထင်တယ်"

လဲ့ကျစ်က ဤကိစ္စကို ထပ်ခါတလဲလဲ တွေးတောခဲ့ပြီး လင်းယွဲ့အား ရှင်းပြရန် လိုအပ်နေသေးသည်ဟု ခံစားနေရသည်။ ပထမအချက်က နောက်ဆုံးအကြိမ်တွင် စိတ်ကြွဆေးကို ဝယ်ခဲ့သူက လင်းယွဲ့ ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် သူမ ထိုအရာကို ထပ်ခိုင်းရန် လုံလောက်သော အကြောင်းပြချက် လိုနေသောကြောင့် ဖြစ်သည်။

"ရှင်"

လင်းယွဲ့က အပျိုစင်လေး ဖြစ်ပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။

"ယုံချွမ်းခန်းမက သမားတော်ကတော့ အဲ့ဆေးက အကောင်းဆုံးပဲလို့ ပြောခဲ့တာ၊ အရှင့်သား..... သူ....”

‘သူ မလုပ်နိုင်သေးဘူးလား...’

လင်းယွဲ့က နောက်ပိုင်းစကားများကို ထုတ်မပြောရဲပဲ အတွေးထဲမှသာ ပြောရဲရှာသည်။

လဲ့ကျစ်က သက်ပြင်းတစ်ချက်ချရင်း ခေါင်းခါလိုက်သည်။

"ဖြည်းဖြည်းချင်း ပြန်ပြီး ထိန်းညှိပေးနိုင်မယ့် အာဟာရဖြစ်စေမယ့် ဆေးမျိုးရှိလားဆိုတာ ထပ်မေးကြည့်ပေးပါဦး"

"စိတ်ချပါ သခင်မ၊ ကျွန်မ သေချာပေါက် စုံစမ်းပေးပါ့မယ်"

လင်းယွဲ့က သူမ၏ သခင်မအတွက် ဤကိစ္စကို အောင်မြင်အောင် လုပ်ဆောင်ပေးမည်ဟု ကျိန်ဆိုလိုက်သည်။

လင်းယွဲ့ အိမ်တော်ဂိတ်ပေါက်သို့ အထွက်တွင် အပြင်မှ ပြန်လာသော ဟော်တူနှင့် တွေ့ဆုံခဲ့သည်။ ယခင်က ဟော်တူကို မြင်လျှင် ကြောက်ရွံ့ရိုသေမှုသာ ရှိသော်လည်း ယခုတွင်တော့ အပြင်ပန်းသာ ခန့်ညားပြီး အတွင်းပိုင်းက မစွမ်းဆောင်နိုင်ရှာသော အရှင့်သားကို ကြည့်ကာ လင်းယွဲ့၏ မျက်ဝန်းများတွင် သနားဂရုဏာစိတ်များ ပြည့်လျှံနေလေသည်။

သူမက ဟော်တူကို ရိုသေစွာ ဦးညွှတ်နုတ်ဆက်ပြီးနောက် ယုံချွမ်းခန်းမဆီသို့ ခပ်သွက်သွက် ဦးတည်လိုက်သည်။

အိမ်တော်ရှိ အစေခံများအားလုံးကို အပြည့်အ၀ မမှတ်မိသော ဟော်တူက လဲ့ကျစ်ကို အလုပ်အကျွေးပြုသော အစေခံများကိုတော့ အမှတ်တမဲ့ မှတ်သားထားခဲ့သည်။ ထို့ကြောင့် သူက စံအိမ်ထဲသို့ ဝင်လာချိန်တွင် သူကို့ နှုတ်ဆက်နေသော လင်းယွဲ့ကို ပြန်ကြည့်လိုက်သည်။

ထို့ကြောင့် သူမနှင့် အကြည့်ချင်းဆုံမိသွားသည်။

ဒီအကြည့်က ထူးဆန်းနေတာလား?

သူက မသိစိတ်မှ မျက်မှောင်ကြုတ်လိုက်ပြီး အကြောင်းပြချက်မရှိသော်လည်း သူ့နှလုံးသားထဲတွင် မနှစ်မြို့ဖွယ် ခံစားချက်များ ပေါ်လာခဲ့သည်။

အခန်း ၅၅ အရူးစကား

လင်းယွဲ့၏ ထူးဆန်းသော အကြည့်ကြောင့် ဟော်တူ မကျေမနပ်ဖြစ်သွားသော်လည်း သူက ထိုအရာကို အမှုမဲ့အမှတ်မဲ့ ဖြစ်သွားခဲ့သည်။ သို့သော် ရက်အနည်းငယ်အကြာ ညစာစားချိန်တွင်တော့ ထိုမကျေနပ်မှုက ပဟေဠိတစ်ခု ဖြစ်လာခဲ့သည်။

စားပွဲပေါ်ရှိ ဟင်းလျာများက ပုံမှန်နှင့် လုံးဝ မတူဘဲ ဟင်းပွဲတိုင်းတွင် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုစီ ရှိနေလေသည်။

ငါးမွှာကွဲသုံးမျိုးပါသော ငါးနက်စွပ်ပြုတ်၊ ရုံးပတီသီးလှော်၊ ကြက်နှလုံးကင်၊ အမဲသားကြော်နှင့် သိုးသားတို့အပြင် ကြက်စွပ်ပြုတ်မှာပင် မှိုနှင့် ဂျင်ဆင်းများ အများကြီး ထည့်ထားသေးသည်။

ဟော်တူက ဘာအမူအရာမှ မပြဘဲ ပန်းကန်တစ်ခုစီကို လိုက်ကြည့်နေပြီး နောက်ဆုံးတွင် သူ့စိတ်နှလုံးထဲမှ နားလည်သွားခဲ့သည်။ ထို့နောက် စွပ်ပြုတ်ထည့်ပေးနေသော လဲ့ကျစ်ကို ကြည့်လိုက်ပြီး ကြက်စွပ်ပြုတ်ပူပူကြောင့်လား သို့မဟုတ် အခြားတစ်ခုခုကြောင့်လား မသိနိုင်သော်လည်း သူမ၏မျက်နှာက နီမြန်းလာသည်ကို သူ မြင်လိုက်ရသည်။

“အရှင့်သား၊ မြန်မြန် မြည်းကြည့်ပါ”

လဲ့ကျစ်က ပြုံးနေပြီး စွပ်ပြုတ်ပန်းကန်ကို ဟော်တူရှေ့သို့ တိုးပေးလိုက်သည်။

ထိုကြက်စွပ်ပြုတ်ကို အဆီပိုများမထည့်ဘဲ ကောင်းကောင်းချက်ထားသည်။ သို့သော် ဟော်တူက အသားနှင့် ငါးညှီနံ့ကို မနှစ်သက်သောကြောင့် လဲ့ကျစ်၏ မျက်နှာကို ထောက်ထားပြီး ငွေဇွန်းကို ကိုင်ကာ နှစ်ဇွန်းလောက် မဖြစ်မနေ သောက်လိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ စားပွဲပေါ်ရှိ ဟင်းလျာများကို တစ်ချက်ကြည့်လိုက်ပြီး ငွေတူများကို ပျင်းပျင်းရိရိ ကောက်ကိုင်လိုက်သည်။

လဲ့ကျစ်က ဘေးမှနေပြီး သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။ သူ့၏မျက်နှာအမူအရာကို မြင်လိုက်ရချိန်တွင် သူမ အနည်းငယ် စိတ်မကောင်းဖြစ်သွားသလို ခံစားလိုက်ရသည်။ သူမ စိတ်ဓာတ်ကျနေချိန်တွင် သူက သူမ ပျော်အောင် နည်းလမ်းပေါင်းစုံ ကြိုးစားပေးခဲ့သည်။ သူမကတော့ သူ၏ စားသောက်မှုအလေ့အထကို ရှင်းရှင်းလင်းလင်း သိနေသည့်တိုင် သူ့အတွက် ဤအသားနှင့် ငါးဟင်းလျာများကို ပြင်ဆင်ပေးခဲ့သည်။

ဟော်တူ သိုးသားကို ထပ်ယူရန် ပြန်ဆင်နေချိန်တွင် လဲ့ကျစ်က သူ့လက်ကို အလျင်စလို ဆွဲကာ တားဆီးလိုက်သည်။

“မစားနဲ့တော့”

ဟော်တူက ငွေတူကို ပြန်ချလိုက်ပြီး သူမကို စိုက်ကြည့်ကာ မေးလာခဲ့သည်။

“ဒါက ကိုယ့်အတွက် အထူးပြင်ဆင်ပေးထားတာ မဟုတ်ဘူးလား၊ ဘာလို့ ကိုယ့်ကို မစားခိုင်းတာလဲ”

ထိုစကားကြောင့် လဲ့ကျစ်၏မျက်လုံးလေးများ ပြူးကျယ်သွားပြီး ချက်ချင်း ခေါင်းငုံ့သွားသည်။

‘ဟုတ်သားပဲ၊ ဟော်တူရဲ့ ဆေးပညာကျွမ်းကျင်မှုက အရမ်းကို အဆင့်မြင့်နေပြီ မဟုတ်ဘူးလား၊ ဒီဟင်းလျာတွေက ဘာအတွက်လဲဆိုတာ သူ မသိဘဲ နေပါ့မလား။ ငါက စေတနာနဲ့ လုပ်ပေးခဲ့တာဆိုပေမယ့် အခုတော့ အဲ့စေတနာက ဟော်တူရဲ့ အားနည်းချက်ကို သွားထိုးဆွမိသလို ဖြစ်သွားခဲ့ပြီ။’

သူမ၏နှလုံးက စည်ကြီးတစ်လုံးကို တီးနေသလို ခုန်ပေါက်နေသောကြောင့် လဲ့ကျစ်၏ မျက်နှာလေးက အနီရောင်မှ အဖြူရောင်သို့ ပြောင်းသွားပြီး အဖြူရောင်မှ အနီရောင်သို့ ပြောင်းသွားပြန်သည်။ သူမက ဤအရာကို ကောင်းသောရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့သော်လည်း အမှန်တကယ်တွင် အနည်းငယ် သတိမထားမိခဲ့ပေ။ သူမက ထိုယောကျာ်း၏ ဒဏ်ရာကို ဆားပက်လိုက်မိပြီ ဖြစ်သည်။

လဲ့ကျစ်တစ်ယောက် ထိုအကြောင်းကို တွေးလေလေ စိတ်မသက်မသာ ဖြစ်လာလေလေ ဖြစ်နေရသည်။

‘ဒီရောဂါက ဟော်တူကို လုံးဝ သက်ရောက်မှု မရှိဘူးလို့ ထင်ရပေမယ့် ဆန့်ကျင်ဘက်မှာတော့ ငါက ထူးထူးခြားခြား ပြုမူလွန်းသလို ဖြစ်နေပြီ။ ဒီလျှို့ဝှက်ရောဂါနဲ့ ယှဉ်ရင် ငါ့ရဲ့ လုပ်ရပ်တွေက သူ့ကို ပိုပြီး နာကျင်စေလိမ့်မယ်’

‘သူ့ရောဂါကို ကုသပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ရဲ့အားနည်းချက်ကို အမှန်တကယ် ထိုးဆွမိသွားပြီ’

‘လျှို့ဝှက်ရောဂါဆိုမှတော့… ပျောက်ကင်းအောင် ကုသဖို့ ဖြစ်နိုင်ပါ့မလား’

“တောင်းပန်ပါတယ်”

လဲ့ကျစ်က အသံတိုးတိုးလေးဖြင့် တောင်းပန်လိုက်သည်။

“ကျွန်မ အဲ့လောက် မပါးနပ်သင့်ဘူး”

‘ကျွန်မ နောင်ထပ် မလုပ်တော့ပါဘူး...’

ခဏအကြာတွင် ဟော်တူက သူမ၏ တောင်းပန်မှုကို လက်ခံလိုက်သကဲ့သို့ တိုးညှင်းစွာ အသံပြုလိုက်သည်။ လဲ့ကျစ်လည်း စိတ်သက်သာရာ ရသွားပြီး ဤကိစ္စ ပြီးသွားပြီဟု တွေးလိုက်သည်။

ညအချိန်သို့ ရောက်လာပြီး လဲ့ကျစ်က အိပ်ယာပေါ်တွင် နှင်းဖြူလုံးလေးကို စနောက်နေခဲ့သည်။ ထိုအချိန်တွင် ဟော်တူက ထုံးစံအတိုင်း ရေချိုးခန်းထဲမှ ထွက်လာပြီး ကုတင်ဆီသို့ လျှောက်လာနေသည်။ သူ ကုတင်ပေါ်သို့ တက်လာသည်ကို မြင်လိုက်ရချိန်တွင် လဲ့ကျစ်က သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဘရိုကိတ်စောင်ကို ဆွဲယူလိုက်ပြီး ဟော်တူပေါ်သို့ ခြုံပေးလိုက်သည်။ နှစ်ယောက်သား စောင်တစ်ထည်တည်း အတူသုံးရခြင်းကို မည်သည့်အချိန်က ကျင့်သားရနေမှန်း သူမ မသိနိုင်တော့ပေ။ စောင်က ကြီးလွန်းသောကြောင့် နှစ်ယောက်သား အတူတူ ခြုံလိုက်ကြခြင်းလည်း ဖြစ်နိုင်သည်။

အိပ်ခန်းထဲတွင် နံ့သာဖြူရနံ့လေးက သင်းပျံ့နေပြီး နွေးထွေးသော အငွေ့အသက်များက ဖုံးလွှမ်းနေသည်။

လဲ့ကျစ်၏ မျက်ခွံများက တဖြည်းဖြည်း လေးလံလာပြီး မှိတ်ကျသွားသည်။ သူမက စာအုပ်တစ်အုပ်ကို အလေးအနက်ထားဖတ်နေသော ဟော်တူကို တစ်ချက်ကြည့်လိုက်ပြီး စောင်အောက်မှ နှင်းဖြူလုံးလေးကို လှမ်းဖက်ကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။ သူမ အိပ်ပျော်ခါနီးအချိန်တွင် ဟော်တူက သူမ၏ ဆံပင်တစ်စကို သူ့လက်ချောင်းများဖြင့် လိမ်ကျစ်ဆော့ကစားနေသည်ကို သူမ ခံစားလိုက်ရသည်။ ထိုအပြုအမူက ထူးဆန်းသော်လည်း လဲ့ကျစ်က ကျင့်သားရနေပြီဖြစ်သည်။ သူမက ဂရုမစိုက်ဘဲ ဆက်အိပ်ရန်သာ ကြိုးစားလိုက်သည်။

‘ထားလိုက်ပါတော့...

သူလဲ သူဘာသာ ကစား... ငါလဲ ငါ့ဘာသာ ဆက်အိပ်မယ်....’

သို့သော်.....

"လဲ့ကျစ် ကိုယ် မင်းအတွက် အချစ်တော်လေးတွေ ရှာပေးရမလား"

ထိုစကားကြောင့် လဲ့ကျစ်၏ အိပ်ချင်စိတ်များ ချက်ချင်း လွင့်စင်သွားကာ ထိတ်လန့်တကြား ထထိုင်လိုက်သည်။ ဟော်တူက သူမကို အပြုံးတစ်ဝက်ဖြင့် စိုက်ကြည့်နေကာ သူမ၏ဆံပင်များကို သူ့လက်ချောင်းများဖြင့် စက်ဝိုင်းပုံ ရစ်ပတ်ဆော့ကစားနေဆဲ ဖြစ်သည်။

လဲ့ကျစ်က အနည်းငယ်လန့်ဖျပ်သွားပြီး သူမ နားကြားမှားနေသည်လား သို့မဟုတ် အိပ်မက်ထဲသို့ ဝင်ရောက်သွားပြီလားဟု တွေးနေမိသည်။

"ဘာလဲ၊ ပျော်သွားတာလား"

ဟော်တူက သူ့မျက်လုံးများကို အနည်းငယ် မှေးကျဥ်းပြီး ထပ်မေးလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ လဲ့ကျစ်က လုံးဝ နိုးကြားလာခဲ့သည်။

‘ငါ အိပ်မက်မက်နေတာ မဟုတ်ဘူး၊ အဲ့အရူးက ထပ်ပြီး စိတ်ဖောက်နေပြန်တာပဲ ဖြစ်မယ်’

"ဘာ... ဘာကို ဆိုလိုတာလဲ"

ဟော်တူက ရယ်မောနေရင်း သူမအနားသို့ တိုးကပ်လာကာ ခပ်တိုးတိုးမေးလာပြန်သည်။

"လာ၊ ဒီအစ်ကိုတော်ကို ပြောပြ၊ မင်း ဘယ်လိုလူမျိုးကို ကြိုက်တာလဲ၊ အန်းရွှယ်လို သိုင်းပညာရှင်လား၊ ဒါမှမဟုတ် ဖူရှန်းလို စာပေပညာရှင်လား”

သူက စကားကို ခေတ္တရပ်ထားပြီးမှ တစ်ခုခုကို တွေးနေဟန်ဖြင့် နှုတ်ခမ်းကို ကော့ကာ ထပ်ပြောလာပြန်သည်။

“ဒီနှစ်... နန်းတွင်းစာမေးပွဲမှာ ထိပ်ဆုံးက အောင်တဲ့ စာပေပညာရှင်လေးကလည်း တော်တော်ချောတယ်လို့ ကိုယ် ကြားတယ်၊ မင်း ကြိုက်ရင် ကိုယ် သူ့ကို ဖမ်းပေးမယ်လေ"

မျက်လုံးလေးလုံးက အကြည့်ချင်းဆုံနေပြီး လဲ့ကျစ်က ဟော်တူ၏မျက်လုံးများထဲမှ သူမကိုယ်သူမ ထင်ထင်ရှားရှား မြင်နေရသည်။ ထို့ကြောင့် သူမ၏အမူအရာ မည်မျှထိတ်လန့်နေသည်ကို သူမ မြင်လိုက်ရသည်။

"အရှင့်သား ပြောနေတာတွေကို အရှင့်သား သိရဲ့လား"

သူမက မယုံနိုင်စွာဖြင့် သူ့နဖူးကို ထိရန် သူမ၏လက်ကို ဆန့်တန်းလိုက်သည်။

‘လောင်ကျွမ်းပျက်ဆီးနေတဲ့ ဦးနှောက်ကြောင့်သာ မဟုတ်ရင် သာမာန်လူက ဒီလို အဓိပ္ပါယ်မဲ့တဲ့ စကားမျိုး ပြောနိုင်မှာ မဟုတ်ဘူးလေ’

သို့သော် သူမ၏လက် လေထဲသို့ ရောက်သွားချိန်တွင် ဟော်တူက သူမ၏လက်ကလေးကို ဖမ်းဆုပ်ကာ လက်ချောင်းလေးများကို ညင်ညင်သာသာ နမ်းရှိုက်လိုက်သည်။

"မဟုတ်ရင်... ကိုယ် ဘယ်လို လုပ်ရမလဲ၊ နောက်ဆုံးတော့ ဒီအစ်ကိုတော်က ဆန္ဒရှိပေမယ့် မစွမ်းဆောင်နိုင်ဘူးလေ"

သူက နားရွက်နားသို့ ကပ်ကာ တိုးတိုးလေး ဆိုလိုက်သည်။

နွေးထွေးသော အသက်ရှူသံနှင့် အနမ်းများကြောင့် လဲ့ကျစ်၏ ခန္ဓာကိုယ်အနှံ့ ထူးဆန်းသော တုန်လှုပ်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူမက ရှက်ရှက်ဖြင့် နှုတ်ခမ်းလေးကိုက်ကာ သူ့ကို တွန်းဖယ်လိုက်သည်။ ထို့နောက် သူမက ငုံးတစ်ကောင်လို စောင်ထဲသို့ ပြန်ဝင်သွားပြီး သူ့ကို စိုက်ကြည့်နေသော လှပသော မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ထားတော့သည်။

သို့သော် ဟော်တူက သူမကို လွှတ်မပေးဘဲ စောင်ထဲသို့ လိုက်ဝင်လာကာ သူမ၏ ခါးလေးကို ဆုပ်ကိုင်လိုက်သည်။ သူက သူမ၏ ညဝတ်အင်္ကျီမှတဆင့် သူမခန္ဓာကိုယ်ပေါ်ရှိ တုန်ခါမှုတိုင်းကို ခံစားနေပြီး သူမအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလာပြန်သည်။

“သေချာစဉ်းစားနော်၊ ဒီအစ်ကိုတော်က မင်းကို ဒီတစ်ခါပဲ အခွင့်အရေးပေးမှာနော်၊ မင်း မလိုချင်ဘူးဆိုရင် အခွင့်အရေးက နောက်တစ်ခါရလာမှာ မဟုတ်ဘူး"

“မလိုပါဘူး”

လဲ့ကျစ်က သူမ၏ ခန္ဓာကိုယ်ရှိ နားမလည်နိုင်သော အပူများကို မျိုသိပ်ကာ ဒေါသတကြီး ငြင်းဆန်လိုက်သည်။

ဟော်တူက လဲ့ကျစ်၏ လက်ရှိအသွင်အပြင်ကို ကျေနပ်စွာ စိုက်ကြည့်နေသည်။ သူမ၏ ပါးပြင်များက နီမြန်းနေပြီး တစ်ကိုယ်လုံး ပူနေကာ သူမ၏မျက်လုံးလေးများကလည်း ရီဝေဝေ ဖြစ်နေခဲ့သည်။

‘ဒါပေမယ့် ဒီကလေးမလေးကတော့ သူမ ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ သိပုံမရဘူး’

ဟော်တူက ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူမ၏ ခါးပေါ်မှလက်ကို အောက်သို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။ သူမ အဆင်သင့်မဖြစ်သေးချိန်ကို အခွင့်ကောင်းယူပြီး ဟော်တူက သူ့လက်ချောင်းဖြင့် စက်ဝိုင်းပုံအတိုင်း ထိုးဆွနေလေသည်။

ထိုအပြုအမူက ရုတ်တရက် ပြင်းထန်လွန်းသဖြင့် လဲ့ကျစ် ထိတ်လန့်သွားပြီး သူမ၏ နှလုံးခုန်သံလည်း ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။

"ဟော်တူ"

လဲ့ကျစ်က ရှက်ရွံ့မှုနှင့် ထူးဆန်းသော သာယာမှုများ ရောပြွမ်းနေသည့် ထိုခံစားချက်ကို မခံစားနိုင်တော့ဘဲ သူ့လက်ကို အတင်းဆုပ်ကိုင်ကာ တွန်းထုတ်ရန် ကြိုးစားလိုက်သည်။

ဟော်တူကလည်း သူမကို အတင်းအကျပ်လုပ်ရန် ရည်ရွယ်ချက်မရှိသောကြောင့် သူမ ဖြစ်စေချင်သလို သူ့လက်ကို ဖယ်ပေးလိုက်သည်။ သို့သော် သူ၏ပါးစပ်ကတော့ အနားယူခြင်းမရှိဘဲ လဲ့ကျစ် တစ်ညလုံး အိပ်မပျော်နိုင်အောင် ကျီစယ်နေပြန်သည်။

‘ဘာပဲဖြစ်ဖြစ် သူက ဒီအကြောင်းကို ပြောနေရုံပဲလေ...အဲ့ထက် ဘာမှ မပိုဘူး။’

"ဒါဆို ဒီအစ်ကိုတော်က နည်းလမ်းရှာရမှာပေါ့၊ ဟုတ်လား"

သူက သူမ၏ နားရွက်ဖျားလေးကို ခပ်ဖွဖွ နမ်းပြီးမှ မထိတထိ ကိုက်ရင်း မေးခွန်းထုတ်နေပြန်သည်။ လဲ့ကျစ်ကတော့ သူမ၏ မျက်နှာတစ်ခုလုံး ပေါက်ကွဲထွက်လုမတတ် ပူလောင်လာသလို ခံစားနေရသည်။ သူမက ရင်ထဲမှ မခံမရပ်နိုင်ဖြစ်မှုများကြောင့် မျက်ရည်များ ဝဲတက်လာပြီး သူ့ကို အတင်းတွန်းထုတ်ကာ အော်ဟစ်လိုက်သည်။

"ရှင်က ကျွန်မကို အနိုင်ကျင့်နေတာ၊ ရှင်က တကယ်ကို အနိုင်ကျင့်လွန်းတယ်၊ ဘာကို နည်းလမ်းရှာရမှာလဲ"

‘ဒီလူက တော်တော်ဆိုးတာပဲ… ဝံပုလွေဆိုးကြီး....’

လဲ့ကျစ်၏ လက်များက ဟော်တူကို အဝေးသို့ တွန်းထုတ်ရန် အစွမ်းကုန် ကြိုးစားနေပြီး သူမ၏နှလုံးသားကလည်း အပြင်သို့ ခုန်ထွက်လုနီးပါး ခုန်ပေါက်နေလေသည်။

‘ငါ့မှာ ဘာအမှားတွေ ရှိလို့လဲ...’

လဲ့ကျစ်၏ တဖြည်းဖြည်း နီရဲလာသော မျက်လုံးများကို ကြည့်ရင်း ဟော်တူက သူ တော်တော်လွန်သွားပြီဟု သဘောပေါက်လိုက်သည်။ သို့သော် သူက လုံးဝ နောင်တမရချေ။

‘သူက ရူးနေတာလေ... သူမက သူ့အနားမှာ အေးအေးဆေးဆေး နေလို့ရပါ့မလား’

‘အဲဒါက ဘယ်လို ဖြစ်နိုင်မှာလဲ’

‘သေချာတာပေါ့... သူက သူမကို ဆွဲခေါ်သွားမှာလေ။ အဲဒါမှ တရားမျှတမှာပေါ့။ ဒါပေမယ့် သူက သူမကို ငိုအောင်လုပ်ဖို့ မရည်ရွယ်ထားဘူး။’

‘သူမက စာအုပ်တွေ အများကြီး ဖတ်ဖူးပေမယ့် ဒီလို ယောကျ်ား၊ မိန်းမကိစ္စတွေကို နားမလည်ဘဲ တုံးအနေတာကိုပဲ အံ့သြနေမိတာပါ’

‘မထီမဲ့မြင်ပြုခံရပြန်ပြီပေါ့လေ...

သိပ်ကို မိုက်မဲတာပဲကွာ...’

ဟော်တူက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လဲ့ကျစ်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ သူမ၏နောက်ကျောကို ညင်ညင်သာသာ ပွတ်သပ်ပေးရင်း ပြန်ချော့လိုက်သည်။

"ကိုယ် မင်းကို အနိုင်မကျင့်ပါဘူးကွာ၊ အိပ်တော့... အိပ်တော့နော်"

သို့သော် သူ့လက်ထဲမှ လူက ရုန်းကန်နေပြီး အသံတိုးတိုးလေးဖြင့် ပြောနေရှာသည်။

“ကျွန်မကို မထိနဲ့၊ ကျွန်မတစ်ယောက်တည်း အိပ်မယ်”

"ဒီအစ်ကိုတော်ကို မပွေ့ဖက်ချင်တော့ဘူးလား"

ဟော်တူက ရယ်မောနေပြီး လဲ့ကျစ်၏နောက်ကျောကို လက်ချောင်းထိပ်များဖြင့် စက်ဝိုင်းပုံဆွဲနေသေးသည်။

လဲ့ကျစ်၏ နောက်ကျောက ခဏမျှ တောင့်တင်းသွားပြန်သည်။ မည်သည့်အရာက ဟော်တူကို နှိုးဆွခဲ့ပြီး သူ့ကို ယနေ့ညကဲ့သို့ ထူးဆန်းစေမှန်း သူမ တကယ် မသိနိုင်တော့ချေ။

‘ဒီအစ်ကို‌တော်.... ဘာကို အစ်ကိုတော်လဲ... ဒီလူက အစ်ကိုတော်ရူး ရူးနေတာလား’

သို့သော် ယခုအချိန်တွင် လဲ့ကျစ်ထံ၌ ခွန်အားမရှိတော့သလို ထိုအရူးကိုလည်း အနှောင့်အယှက် မပေးဝံ့တော့ပေ။ ထို့အပြင် သူ့ရင်ခွင်ထဲမှ အသိုက်အမြုံလေးက သူမအတွက် တော်တော်လေး အဆင်ပြေနေခဲ့သည်။

စိတ်မသက်မသာဖြစ်စေသော ခံစားချက်များ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် ငိုက်မျဉ်းမှု ပြန်ရောက်လာသည်။ လဲ့ကျစ်၏ မျက်နှာလေးက ဟော်တူ၏နှလုံးနေရာကို ဖိကပ်ထားပြီး သူ့နှလုံးခုန်သံက သူမကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားစေသည်။

"နှစ်ဆယ့်လေးရက် ကျန်သေးတယ်"

ဟော်တူက လဲ့ကျစ်၏ အိပ်နေသော ပုံစံလေးကို စိုက်ကြည့်ရင်း အပြုံးဖြင့် တိုးတိုးလေး ပြောလိုက်ပြန်သည်။

......။.......။......

ဟော်ရှက သူ့ကိုယ်သူ အခန်းထဲ၌ ပိတ်လှောင်ထားပြီး မူးရူးနေခဲ့သည်။

တရက်တွင် အခန်းတံခါးက ဝုန်းခနဲ ပွင့်သွားပြီး အပြင်ဘက်မှ နေရောင်ခြည်က သူ့မျက်လုံးများကို စူးရှသွားစေသည်။

"ဝေါ"

သူ့ခေါင်းပေါ်သို့ ရေအေးဖြင့် အလောင်းခံလိုက်ရသောကြောင့် ဟော်ရှတစ်ယောက် မူးဝေနေခြင်းမှ လုံးဝ နိုးထလာခဲ့သည်။

"ဘယ်သူလဲ"

ဟော်ရှက သူ့မျက်နှာမှ ရေများကို သုတ်လိုက်ပြီး ဒေါသတကြီးဖြင့် မော့ကြည့်ကာ အော်မေးလိုက်သည်။

"အသက်ရှင်ရတာ ပင်ပန်းနေပြီလား"

သို့သော် သူ ဒေါသတကြီး မော့ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသည့် ဖီးနစ်ဝတ်ရုံနှင့် တည်ကြည်လှသော မျက်နှာထားကြောင့် စကားလုံးများက လည်ချောင်းထဲတွင်ပင် ပိတ်ဆို့သွားရသည်။

"မယ်တော်"

ဟော်ရှက သူ၏ တင်းမာသော အမူအရာကို ချက်ခြင်း လျော့ချလိုက်သော်လည်း "ငါက အသုံးမဝင်တော့ဘူး"ဟု တွေးကာ နာကြည်းမှုကို ခံစားနေရသည်။

လင်းဝမ်နင်က သားဖြစ်သူ၏ ပျက်စီးယိုယွင်းနေသော ပုံစံကို ကြည့်ကာ သက်ပြင်းတိုတိုတစ်ချက် ချလိုက်သည်။ သူမ၏ အချက်ပြမှုဖြင့် အစေခံများက ဟော်ရှကို သန့်ရှင်းရေးလုပ်ပေးကြသော်လည်း အခန်းထဲမှ လေထုကတော့ အေးစက်နေဆဲပင်။

"ရှအာ၊ မင်း ဒီတစ်ကြိမ် ဟော်တူကို ဘာလို့ ရှုံးရတာလဲဆိုတာ စဉ်းစားဖူးလား"

လင်းဝမ်နင်က အေးစက်စွာ မေးလိုက်သည်။

ထိုစကားကြောင့် ဟော်ရှ၏မျက်လုံးထဲမှ ပြင်းထန်သည့်မုန်းတီးမှုများ ထွက်ပေါ်လာပြီး သူက မသိစိတ်ဖြင့် လက်သီးကို ဆုပ်ကာ အံကြိတ်ရင်း ပြန်ဖြေလိုက်သည်။

"ဟော်တူက စက်ဆုပ်ဖို့ကောင်းတဲ့ ကောင်ပဲ၊ သူက ကျွန်တော့်ကို ချောက်ချဖို့ ထောင်ချောက်ဆင်ခဲ့တာ"

"အဲ့ဒါပဲလား"

ထိုစကားက ဟော်ရှကို တွေဝေသွားစေသည်။

‘အခြား ဘာရှိသေးလို့လဲ’

လင်းဝမ်နင်က သားဖြစ်သူ၏အမူအရာကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် တစ်လုံးချင်း သတိပေးလိုက်သည်။

"လဲ့ကျစ်"

ထိုနာမည်ကို ကြားလိုက်ရချိန်တွင် ဟော်ရှ၏ ရင်ထဲ၌ စိုးရိမ်စိတ်များ ချက်ချင်း ဖုံးလွှမ်းသွားပြန်သည်။

‘ငါ အကျယ်ချုပ်ကျနေတဲ့အတောအတွင်း ကျစ်ကျစ် ဘာဖြစ်သွားလို့လဲ၊ ဟော်တူက သူမကို ညှဉ်းပန်းနှိပ်စက်နေပြီလား၊ ဟော်တူက သူ့အသက်ကို လွှတ်ပေးခဲ့ပေမယ့် ကျစ်ကျစ်ကိုတော့ လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး၊ သူရဲ့ ကျစ်ကျစ် ဘယ်လို စော်ကားခံရမယ်ဆိုတာကို သူ မသိသေးဘူး’

သူ့နှလုံသားထဲမှ နာကျင်မှုကြောင့် ဟော်ရှက မျက်မှောင်ကြုတ်ကာ မေးလိုက်ပြန်သည်။

"မယ်တော်၊ ကျစ်ကျစ်ရဲ့ အခြေအနေကို မယ်တော် သိလား၊ သူ အဆင်ပြေရဲ့လား"

"ဖြန်း!!!"

လင်းဝမ်နင်က သည်းမခံနိုင်တော့ဘဲ သူမလက်ကို မြှောက်လိုက်ပြီး ဟော်ရှ၏ ညာဘက်မျက်နှာကို ပြင်းပြင်းထန်ထန်ရိုက်လိုက်ရာ ပါးရိုက်သံက ချက်ချင်း ထွက်ပေါ်လာသည်။

"အရူး"

လင်းဝမ်နင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

မျက်နှာအနည်းငယ် ရောင်နေသော ဟော်ရှတစ်ယောက် နောက်တကြိမ် ပါးရိုက်ခံလိုက်ရပြန်သည်။ သူက သူ့၏ညာဘက်မျက်နှာကို အုပ်ထားပြီး လင်းဝမ်နင်၏ ဒေါသဖြစ်နေသောမျက်နှာကို ထိတ်လန့်စွာ မော့ကြည့်လိုက်သည်။

‘သူ့အမေက သူ့ကို ဘာလို့ ပါးရိုက်တာလဲဆိုတာ သူ တကယ် နားမလည်နိုင်တော့ဘူး’

........။........။.........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဒီနေ့ရဲ့ ရုန်းရင်းဆန်ခတ်မှုက မျော်လင့်ထားတာထက် ပိုတယ်။ အစ်ကိုတော်ဟော်တူကတော့ ခွန်အားတွေ စုဆောင်းနေပါပြီ....

All Chapters