← Chapters

လုဝမ်ရန်

Vol. 138 Ch. 1907

လုဝမ်ရန်

Vol. 138 Ch. 1907

ဝမ်လင်း အစိမ်းရောင်ကောင်းကင်တောင်ထွတ်ကနေ ထွက်လာခဲ့ပြီးနောက် အရှင်ကုန်းနျန်သည် တောင်ထိပ်ပေါ်တွင် ထိုင်ကာ အကွာအဝေးတစ်ခုထံ ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက သူသာ ကြားနိုင်သည့် တစ်ခုခုကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ကောင်းကင်ဘုံအင်ပါယာဟာ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာခဲ့တာ နှစ်အတော်ရှိခဲ့ပြီ။ အစိမ်းရောင်မိစ္ဆာကုန်းမြေက တကယ်ပဲ ဆက်ပြီး သည်းမခံနိုင်တော့တာပဲ။ ပထမမျိုးဆက်ဘိုးဘေး ရှေ့ဖြစ်ဟောမှုက တကယ် တိကျလွန်းတယ်။ ဒါပေမဲ့ တချို့အရာတွေကတော့ အခြေအနေနဲ့ အချိန်အခါ သိပ်မကိုက်တော့ဘူး။ ဘိုးဘေးရဲ့ နည်းလမ်းက ပျော့ပြောင်းလွန်းတယ်။ အဲ့တာက ခုလက်ရှိ အခြေအနေနဲ့ဆို မသင့်တော်တော့ဘူး…”

“အစိမ်းရောင်မိစ္ဆာကုန်းမြေရဲ့ ရည်ရွယ်ချက်ဟာ ငါ့မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်တယ်။ ကောက်ရီကလန်ရဲ့ ရည်ရွယ်ချက်ဆိုလည်း ဟုတ်တယ်…”

အရှင်ကုန်းနျန်က ရုတ်တရက် ပြုံးလိုက်၏။

“လုဝမ်ရန်…”

အရှင်ကုန်းနျန်၏ စကားသံ ထွက်ပေါ်လာသည့်အခါ သူ့နောက်တွင် လှိုင်းဂယက်များထကာ သက်လတ်ပိုင်းလူတစ်ယောက် လှမ်းလျှောက်ထွက်လာသည်။ ထိုလူက အစိမ်းရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထား၏။ သူက သာမန်သာ ထင်ရသည်။ သို့သော် သူ့ထံမှ လေဟာနယ်အတိဒုက္ခအလယ်အဆင့် အော်ရာကို ပေးစွမ်းနေသည်။ သူသည် ခြေလှမ်းကာ အရှင်ကုန်းနျန်၏ နောက်တွင် တလေးတစား ရပ်ကာ ပြောလာ၏။

“တပည့်လုရန်ဝမ်က ဆရာ့ကို နှုတ်ဆက်ပါတယ်…”

အရှင်ကုန်းနျန်က လှည့်မကြည့်ပေ။ သူက အဝေးရှိ တိမ်တိုက်တို့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလာသည်။ “မင်း သူ့ကို ဆေးလုံးပင်လယ်မှာ တွေ့ခဲ့သေးလား…”

“တပည့်ဟာ ကောက်ရီကလန်က ချူယန်းဟွေနဲ့ ဆရာဦးလေးမုန့်ဇီဟိုင်တို့က အစိမ်းရောင်မိစ္ဆာကုန်းမြေက တမန်တော်တွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ ဆရာ့အမိန့်အရ ဆရာဦးလေးမုန့်နဲ့ ကျနော်တို့က သူတို့ကို မယှဉ်နိုင်သလို ဟန်ဆောင်ပြီး တိမ်လှေကို အသုံးပြု ထွက်ပြေးခဲ့တာပါ။ ဒါ့ကြောင့် သူ့ကို မမြင်ခဲ့ရပါဘူး…”

“နောက်ခုနစ်ရက်နေရင် သူနဲ့အတူ တတိယမြောက် ကောင်းကင်ဘုံနွားထီးတည်နေရာကို သွားပါ…” အရှင်ကုန်းနျန်က မျက်လုံးမှိတ်လိုက်၏။

“တပည့် နာခံလျက်ပါ…” ထိုသက်လတ်ပိုင်းလူ၏ အမူအရာက မပြောင်းလဲသွား‌ပေ။ သို့သော် သူ၏မျက်လုံးက မဆိုသလောက် တောက်ပသွားသည်။ လှိုင်းဂယက်များ ထပြီးနောက် သူ ပျောက်ကွယ်သွားတော့သည်။

ဖြတ်ခနဲအတွင်း ခုနစ်ရက်တွင် ငါးရက်တာ ကုန်လွန်သွားခဲ့လေပြီ။ သည်ငါးရက်အတွင်း ဝမ်လင်းက သူ့တောင်ထွတ်၌ ရှိနေကာ အလွှာအထပ်ပုံရိပ်ယောင်မန္တာန် လေ့လာခြင်းတွင် သူ့ကိုယ်သူ စူးနစ်ထားသည်။ ကျောက်စိမ်းပြားအတွင်းရှိ နည်းလမ်းဖြင့် သန့်စင်ရာတွင် အသုံးပြုသော ပစ္စည်းအားလုံးကို အသုံးပြုကာ ဝမ်လင်းက ကိုယ်တိုင် အနက်ရောင်တစ္ဆေရွက်ဖျင်တစ်ခုကို သန့်စင်ခဲ့လေပြီး ဖြစ်သည်။

သို့ပေမည့် ၎င်းက ပြီးပြည့်စုံခြင်း မရှိသေးပေ။ ၎င်း၏ကိုယ်ထည်သာ ဖွဲ့စည်းရသေးပြီး စိတ်ဝိညာဉ်သေတစ်ခု လိုအပ်နေတုန်းပင်။ စိတ်ဝိညာဉ်သေတစ်ခု ထပ်ပေါင်းပြီးမှသာ ၎င်းကို အလွှာအထပ်ပုံရိပ်ယောင်မန္တာန်အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

လှိုဏ်ဂူအတွင်း၌ ဝမ်လင်း၏မျက်လုံးက အရောင်တောက်နေ၏။ သူက သူ့ညာလက်ကို ထိုရွက်ဖျင်ထံ ဆန့်တန်းလိုက်ပြီး ဖမ်းယူကာ သည်ငါးရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့လှိုဏ်ဂူထဲကနေ ထွက်ခွာလာသည်။

သူက သူ့ထံ၌ အချိန်ခုနစ်ရက်သာ ရမည်ဟု အရှင်ကုန်းနျန် ပြောခဲ့တာကို မှတ်မိ၏။ သူ့ထံ၌ ခုဆို နှစ်ရက်သာ ကျန်တော့သည်။ ထို့ကြောင့် သူသည် သည်ရွက်ဖျင်နှင့် ပေါင်းစပ်ဖို့ တစ္ဆေတောင်ထွတ်သို့ သွားကာ စိတ်ဝိညာဉ်သေတစ်ခုကို ရှာဖွေရအုံးမည် ဖြစ်သည်။

သူ့ပုံရိပ် ပျောက်ကွယ်သွား၏။ ထို့နောက် သူက လောင်ကျွမ်းတောင်၏အပြင်ဘက်တွင် ပြန်ပေါ်လာသည်။ သူက မြောက်အရပ်သို့ လှမ်းကြည့်လိုက်၏။ မဟာစိတ်ဝိညာဉ်ကလန်၏ မြေပုံအရ တစ္ဆေတောင်ထိပ်သည် ထိုနေရာတွင် ရှိနေသည်။

တုံ့နှေးမနေတော့ဘဲ ဝမ်လင်းက ၎င်းတောင်ထိပ်ထံ ဦးတည် ပျံသန်းလာတော့သည်။

မဟာစိတ်ဝိညာဉ်ကလန်၏ မြောက်ဘက်အဆုံးပိုင်း၌ မြူများ ခြုံလွှမ်းနေသော တားမြစ်ကုန်းမြေတစ်ခု ရှိနေ၏။ တပည့်အချို့ကသာ ထိုနေရာသို့ လာရောက်တတ်သည်။ သူတို့က သူတို့၏ ဆိုင်ရာဆရာများနှင့်အတူ စိတ်ဝိညာဉ်သေကို ရှာဖို့လိုမှသာ ဒီနေရာသို့ လာကြခြင်းပင်။

ကျင့်ကြံမှုအဆင့်မြင့်များသော ပင်မတပည့်များကသာ သူတို့ကိုယ်တိုင် လာတတ်သည်။

သည်နေရာတွင် မဟာစိတ်ဝိညာဉ်ကလန်မှ စုစည်းထားသော စိတ်ဝိညာဉ်သေ မြောက်များစွာ ရှိနေ၏။ အရည်အသွေး မမြင့်မားလှသော်လည်း ၎င်းစိတ်ဝိညာဉ်သေများကို အလွယ်တကူ ရနိုင်ပေသည်။ တကယ်တော့ မဟာစိတ်ဝိညာဉ်ကလန်မှာ ပုံရိပ်ယောင်များဖြင့် ကျော်ကြားလှသော ကလန်တစ်ခု ဖြစ်၏။ တစ္ဆေတောင်ထိပ်မရှိပါက တပည့်အများစုသည် သူတို့၏ တစ္ဆေရွက်ဖျင်များကို ပြီးပြည့်စုံအောင် လုပ်နိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ပြိးနောက် စိတ်ဝိညာဉ်သေများကို အဆက်မပြတ် ဖြည့်တင်းခဲ့သော်ငြားလည်း ဒီနေရာတွင် စိတ်ဝိညာဉ်သေ မြောက်များစွာ ရှိမနေတော့ပေ။ တကယ်တော့ မဟာစိတ်ဝိညာဉ်ကလန်အတွက် စိတ်ဝိညာဉ်သေများသည် များပြားလွန်းစွာ လိုအပ်သည် မဟုတ်လား။

စိတ်ဝိညာဉ်သေအများစုကို လွန်ခဲ့သောနှစ်ပေါင်းများစွာက ကလန်၏ လူများက ကလန်တာဝန်တစ်ခုအနေဖြင့် စုဆောင်းခဲ့ကြခြင်းပင်။ သို့ပေမည့် လူအနည်းငယ်ကသာ သူတို့ဟာသူတို့ ကိုယ်တိုင် ကျင့်ကြံနိုင်ကြ၏။ ထို့ကြောင့် ဒီစိတ်ဝိညာည်သေများကို အချိန်နှင့်အမျှ သန့်စင်ထားရသည်။

စိတ်ဝိညာဉ်သေ အများစုကို ဒီနေရာတွင် တိုက်ရိုက်ချိပ်ပိတ်ထားပြီး နောင်လာနောင်သား တပည့်များအတွက် ချန်ထားရစ်ခြင်းပင်။

ငါးရက်မြောက် ညနေခင်းတွင် ကောင်းကင်က မှုန်ဝါးလို့နေသည်။ ဝမ်လင်း တစ္ဆေတောင်ထွတ်၏ အပြင်သို့ ရောက်လာသည့်အခါ၌ မှုန်မှိုင်းမှုတို့ဖြင့် ဒီတောင်က ပြည့်နေသည်ဟု ထင်ရသည်။ တောင်ကို မြူများဖြင့် ခြုံလွှမ်းထားသည်။ လေအေးများ တိုက်နေ၏။ ဒီတောင်က တမလွန်လောကတစ်ခုအလား။

သို့ပေမည့် ဝမ်လင်းသည် မည်သို့မျှ မသက်မသာဖြစ်မှုကို မခံစားရပေ။ သူ့ကျင့်ကြံမှုအဆင့်ကြောင့်လည်း ဖြစ်နိုင်၏။ သို့မဟုတ် အရင်တုန်းက သူ့နယ်ပယ်ကို မြေအောက်လောကမြစ်(တမလွန်မြစ်)အဖြစ် ပြောင်းလဲခဲ့ဖူးတာကြောင့်လည်း ဖြစ်နိုင်သည်။

ဝမ်လင်းအဖို့ ဒီလိုအရာများနှင့် မစိမ်းပေ။ သူက တစ္ဆေတောင်ထွတ်ထံ ခြေလှမ်းလာ၏။

သူ နီးကပ်လာသည့်အခါ သူ့ပတ်လည်၌ အတားအဆီးလှိုင်းဂယက်တစ်ခု ထသွား၏။ ၎င်းက ဝမ်လင်းသည် အတွင်းသို့ ဝင်ရောက်ဖို့ ဝမ်လင်းက အရည်အသွေး ပြည့်မှီလား၊ မပြည့်မှီလားကို ဆုံးဖြတ်သည့်နှယ် ထင်ရသည်။

မကြာမီတွင် ထိုအတားအဆီးက လွင့်ပြယ်သွား၏။ ဝမ်လင်းက တစ္ဆေတောင်ထွတ်ထံ တည်တည်ငြိမ်ငြိမ် ဝင်ရောက်လာသည်။

တစ္ဆေတောင်ထွတ်သည် တောင်ကတုံးပြောင်တစ်ခု ဖြစ်ကာ မြင့်မားလှ၏။ ထိုတောင်တွင် မည်သည့်မြက်ပင်မှ ရှိမနေ၊ သင်္ချိုင်းဂူများသာ ရှိချေသည်။

ထိုအုတ်ဂူများက သိပ်သည်းစွာဖြင့် တောင်ပေါ်တွင် ပြည့်နှက်နေသည်။

လေအေးများက ဒီဧရိယာကို ခြုံလွှမ်းထားသည်။ လူတစ်ယောက်သည် ဒီနေရာတွင် ရပ်ကာ မျက်လုံးမှိတ်ထားပါက ဒီနေရာ၌ အဆုံးမရှိသည့်အလား ဟိန်းအော်သံများကို ခံစားမိနိုင်လိမ့်မည်။ ဒီနေရာမှာ ငြိမ်သက်တိတ်ဆိတ်နေသော်လည်း ထိုသို့ခံစားမှုကမူ အားကောင်းလှသည်။

ဝမ်လင်းသည် အုတ်ဂူများကို ကျော်၍ လျှောက်လာ၏။ ယင်းအုတ်ဂူတစ်ခုချင်းစီအတွင်း၌ ဝိညာဉ်သေတစ်ခု အနည်းနှင့်အများဆိုသလို ရှိကြသည်။ ယင်းတို့အားလုံးမှာ ချိပ်ပိတ်ခံထားရသော အခြေအနေ ဖြစ်၏။ တခါတရံ ထိုချိပ်ပိတ်မှုများ ပြေလျှော့သည့်အခါ ယင်းတို့၏အော်ရာများက လွင့်ပျံ့တတ်သည်။

ဝမ်လင်းသည် တလမ်းလုံး ငြိမ်သက်စွာ ရှိနေ၏။ သူသည် ထိုတောင်ထိပ်ထံသို့ ခြေလှမ်းလိုက်ရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။ သူ လှမ်းလျှောက်လာနေစဉ် အုတ်ဂူအရေအတွက်က လျော့နည်းလာ၏။ သူက ထိပ်နားသို့ ရောက်လာခါနီး၌ သာမန်ထက်ထူးကဲသော အုတ်ဂူတစ်လုံးကို တွေ့မြင်လိုက်သည်။

ဤသည်မှာ သင်္ချိုင်းကျောက်စာတိုင်နှင့် အုတ်ဂူ ဖြစ်သည်။ ထိုကျောက်စာတိုင်ပေါ်၌ ရေးထွင်းထားသောစာသားက ဝေဝါးကာ မပြတ်မသား ရှိသည်။ ၎င်းက ဒီနေရာတွင် ရှိနေသည်မှာ အချိန်အတော်ကြာခဲ့လောက်ပေပြီ။

ကျောက်စာတိုင်အောက်၌ ဆံပင်ရှည်၊အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက် ရှိ၏။ သူမက နေရာတွင် ဒူးထောက်ကာ ငိုကြွေးနေသည်။

ထိုအော်သံက ဝမ်လင်း၏နားအတွင်းသို့ ဝင်ရောက်လာ၏။ ယင်းအသံက အလွန်ကြည်ထင်ရှားကာ သူ့စိတ်နှလုံးအတွင်း၌ ရစ်ဝဲလေသလား ထင်ရသည်။ သည်နေရာမှာ ထိုငိုသံကလွဲ၍ လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသည်။ လေပွေတစ်ခု တိုက်ခတ်သဖြင့် သူမ၏ ဆံပင်မှာ အနည်းငယ် ပင့်တက်သွားသည်။

ထိုဝတ်စုံဖြူအမျိုးသမီးကို ကြည့်၍ ဝမ်လင်းက ရပ်လိုက်၏။ သူက တောင်ပေါ်သို့ ဆက်မတက်တော့ဘဲ ထိုအမျိုးသမီးထံ တည်ငြိမ်စွာ လှမ်းကြည့်သည်။

ထိုဝတ်စုံဖြူ အမျိုးသမီးကို ကြည့်ကာ ဝမ်လင်းက ရပ်လိုက်၏။ သူက တောင်ပေါ်သို့ ဆက်၍ မတက်တော့ပေ။

ငိုသံက တဖြည်းဖြည်း ရပ်တန့်သွား၏။ ထိုအမျိုးသမီးက သူမ၏နောက်တွင် တစ်ယောက်ယောက် ရောက်နေသည်ကို သတိပြုမိသွားပုံရသော်လည်း နောက်လှည့်ကြည့်မလာပေ။

“ဒါက ငါ့ အုတ်ဂူပဲ…” အချိန်အတန်ကြာပြီးနောက် ထိုအမျိုးသမီးထံမှ တစ္ဆေဆန်သော အသံ ထွက်ပေါ်လာသည်။ ထိုအသံက အလွန်ဖျော့တော့၏။ အဝေးမှ ထွက်ပေါ်လာသည့်အလား။ သေချာ နားစိုက်မထောင်ပါက ရှင်းရှင်းလင်းလင်း ကြားဖို့ ခက်ခဲလိမ့်မည်။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ တအောင့်အကြာတွင် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ ဒါကို မြင်နိုင်ပါတယ်…”

ဝမ်လင်း ထိုသို့ ပြောလိုက်သည့်အခိုက်၌ ဝတ်စုံဖြူနှင့် အမျိုးသမီးက ရုတ်တရက် တုန်ယင်သွားကာ နောက်သို့ လှည့်ကြည့်လိုသည့်အလား။ သို့ပေမည့် တစက္ကန့်မျှ တုန့်နှေးပြီးနောက် သူမက မလုပ်ပေ။

အချိန်အတန်ကြာပြီးနောက် ထိုအမျိုးသမီးက မေးလိုက်၏။ “နင် ငါ့ကိုရော မြင်နိုင်လား…။ နင် ငါ့အသံကိုရော ကြားရနိုင်တာလား…”

“ငါ မြင်နိုင်တယ်…” ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြော၏။ အမှန်တော့ သူသာ အလိုရှိပါက သူသည် ဒီနေရာရှိ စိတ်ဝိညာဉ်သေများအားလုံးကို မြင်နိုင်ပေသည်။ ဤသည်မှာ သူ၏သေခြင်းရှင်ခြင်းအနှစ်သာရနှင့် ကြီးကြီးမားမား ဆက်စပ်နေခြင်းကြောင့်ပင်။

သေခြင်းရှင်ခြင်းအနှစ်သာရ၊ ဘယ်လက်နှင့်ညာလက်ကြား ကွာခြားမှု။ တူညီသလိုဖြင့် ကွာခြားခြင်း။

ထိုအမျိုးသမီးက သင်္ချိုင်းကျောက်စာတိုင်ပေါ်ရှိ စာသားများကို ထိကာ တိုးညင်းစွာ ပြောလိုက်၏။ “နင်က ငါ စောင့်နေတဲ့ တစ်ယောက် မဟုတ်ဘူး။ ငါကလည်း နင့်ရဲ့ စိတ်ဝိညာဉ် မဟုတ်ဘူး…”

ဝမ်လင်းက သည်နေရာကနေ ကျော်၍ တောင်ထိပ်ပေါ်သို့ မော့ကြည့်လိုက်သည်။ သူက နက်မှောင်သောအော်ရာ ပေးစွမ်းနေသည့် အုတ်ဂူ ခုနစ်ခု၊ရှစ်ခုလောက် ရှိနေ၏။ ယင်းတို့ထဲတွင် စိတ်ဝိညာဉ်သေအရေအတွက်တစ်ခု ရှိနေသည်။ ယင်းစိတ်ဝိညာဉ်သေများထဲမှ နှစ်ယောက်၊သုံးယောက်သည် အလယ်အဆင့်တစ္ဆေရွက်ဖျင် သန့်စင်နိုင်လောက်သည့်အထိ လုံလောက်အောင် အစွမ်းထက်ပေသည်။

တစ္ဆေတောင်ထွတ်ဖျား၌ အကောင်းဆုံးအရည်အသွေးရှိ စိတ်ဝိညာဉ်သေများ ရှိနေကြ၏။

“ငါ ငါ့ခန္ဓာကိုယ်ကို မရှာနိုင်ဘူး။ ငါ ဒီကျောက်စာတိုင်တစ်ခုကိုပဲ ရှာနိုင်ခဲ့တယ်…”

ထိုဝတ်စုံဖြူအမျိုးသမီးက ဤသို့ ပြောလိုက်ပြီးနောက် သူမက စတင်ငိုကြွေးတော့သည်။

ဝမ်လင်းသည် အနည်းငယ် စဉ်းစားနေပြီးနောက် တောင်ထိပ်ထံသို့ ဦးတည်ရန် ခြေလှမ်းသည်။ သို့ပေမည့် ခြေလှမ်းအနည်းငယ်ပြီးနောက် ထိုဝတ်စုံဖြူနှင့် အမျိုးသမီး၏ အော်ငိုသံက အနည်းငယ် ပိုပြင်းထန်လာ၏။

“ငါ့ခန္ဓာကိုယ် ဘယ်မှာလဲ။ ငါ့အိမ်ရော ဘယ်မှာလဲ။ ငါ့ မွေးရပ်မြေ ဘယ်နေရာမှာလဲ…”

ထိုအမျိုးသမီး၏အသံ ဝမ်လင်းနားထဲ ဝင်ရောက်လာပြီး သူ ခြေလှမ်းရပ်လိုက်သည်။

“နင့် နာမည်က ဘာလဲ…”

“မေ့သွားပြီ…” ထိုအမျိုးသမီးက ခေါင်းယမ်းကာ အော်ပြောလိုက်၏။

“ခုချိန်ကစပြီး နင့်ကို တောက်ပသောလေဟာနယ်လို့ နာမည်ပေးလိုက်တယ်…”

ထိုသို့ ပြောပြီးနောက် ဝမ်လင်းက ရုတ်တရက် လှည့်ကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ထိုအမျိုးသမီး ပျောက်ကွယ်သွား၏။ ကျန်နေသည့်အရာဟူ၍ အုတ်ဂူနှင့် သင်္ချိုင်းကျောက်စာတိုင်တို့သာ။

သိပ်မကြာခင်တွင် ဝမ်လင်း ထွက်ခွာလာသည်။ သူက အရည်အသွေးမြင့်သော စိတ်ဝိညာည်သေများကို မရွေးချယ်ခဲ့ပေ။ သည်ဝတ်စုံဖြူအမျိုးသမီး စိတ်ဝိညာဉ်သေဖြင့် စဦးအဆင့်တစ္ဆေရွက်ဖျင်ကိုသာ သန့်စင်နိုင်မည် ဖြစ်သည်။

သို့ပေမည့် ထိုအမျိုးသမီးက သူမ၏အိမ်၊မိသားစုတို့ကို မေးမြန်းသည့်စကားကို ကြားသည့်အခါ ဝမ်လင်း၏စိတ်နှလုံးက တုန်ယင်သွားခဲ့ပေ၏။

စိတ်ဝိညာဉ်သေနှင့် ပေါင်းစပ်သည့်ဖြစ်စဉ်က အချိန်သိပ်မယူရပေ။ တစ်ရက်ဆို လုံလောက်ပြီ ဖြစ်၏။ ဝတ်စုံဖြူအမျိုးသမီး စိတ်ဝိညာဉ်သေဖြင့် ဝမ်လင်း၏ တစ္ဆေရွက်ဖျင် ပေါင်းစပ်ပြီးနောက် ၎င်း၏အရောင်က အနက်ရောင်ကနေ အဖြူရောင်သို့ ပြောင်းလဲသွားသည်။

ထိုအဖြူရောင်တစ္ဆေရွက်ဖျင်ထံမှ ငိုအော်သံသည် ထွက်ပေါ်ကာ လူတစ်ယောက် ၏စိတ်နှလုံးအတွင်း၌ ဝင်ရောက်ပါက ထိုသူသည် ဝတ်စုံဖြူအမျိုးသမီးတစ်ယောက်၏ ငိုသံဟု တွေးမိပေလိမ့်မည်။

ခုနစ်ရက်မြောက်နေ့တွင် ကျောက်စိမ်းပြားတစ်ခုက အကာအကွယ်အလွှာများကို ထွင်းဖောက်ကာ လှိုဏ်ဂူထဲ၌ ရှိနေသော ဝမ်လင်းရှေ့သို့ ရောက်လာ၏။

“ဝမ်လင်း၊ အမိန့်ကို နားထောင်ပါ။ ကောင်းကင်ဘုံနွားထီးရဲ့ တတိယမြောက် အဓိကတည်နေရာကို သွားပြီး စောင့်ကြပ်ရမယ်…”

အရှင်ကုန်းနျန်၏ အသံ လှိုဏ်ဂူအတွင်း၌ ပဲ့တင်ထပ်လာပြီး ထိုကျောက်စိမ်းပြားက ဝမ်လင်းရှေ့တွင် မလှုပ်မယှက် လွင့်မြောသည်။

ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏အကြည့်က တည်ငြိမ်လျက်သာ။ သူ့နတ်ဘုရားအာရုံဖြင့် ထိုကျောက်စိမ်းပြားကို ဖတ်ကြည့်လိုက်သည့်နောက် အချက်အလက်များ သူ့စိတ်ထဲ ဝင်ရောက်လာသည်။

မဟာစိတ်ဝိညာဉ်ကလန်၏ ဘိုးဘေးမျိုးဆက်များက ကောင်းကင်ဘုံနွားထီးကုန်းမြေ ပေါ်တွင် အဓိကနေရာခုနစ်ခုကို အချိန်မြောက်များစွာ သုံး၍ ဖန်တီးခဲ့ကြပေ၏။ ထိုနေရာတို့ကို ကောင်းကင်ဘုံနွားထီး၏ အဓိကသွေးကြောခုနစ်ခုပေါ်တွင် အခြေခံထားပေသည်။

ထိုသွေးကြောနေရာခုနစ်ခု၌ လူတစ်ယောက်သည် ကောင်းကင်ဘုံနွားထီး၏ စွမ်းအားကို အစွမ်းထက်အစီအရင်ထံကနေ တဆင့် ငှားယမ်းနိုင်မည် ဖြစ်၏။ တချိန်တည်းမှာ ဤသည်က ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ ကျင့်ကြံသူများအဖို့ ဆန်းကြယ်သော အကျိုးကျေးဇူးများကို ယူဆောင်ပေးလိမ့်မည်။

မဟာစိတ်ဝိညာဉ်ကလန်၏ ပထမဆုံးဘိုးဘေးက ဝမ်လင်း ရောက်ရှိလာမှုနှင့် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျူးကျော်လာမှုကို ရှေ့ဖြစ်ကြည့်မြင်နိုင်ခဲ့၏။ ထို့ကြောင့် သူတို့သည် ကြိုမပြင်ဆင်ထားဘဲ မည်သို့ ရှိပါ့မည်နည်း။

All Chapters