← Chapters

အခန်း (၅၆-၅၇)

Vol. 6 Ch. 56-57

အခန်း (၅၆-၅၇)

Vol. 6 Ch. 56-57

အခန်း ၅၆ တိုးတက်မှု

“ဒီအချိန်အထိ လဲ့ကျစ်က မင်းဘက်မှာ ရှိနေသေးတယ်လို့ မင်း ထင်နေတုန်းလား”

ဧကရီ၏ စကားလုံးတိုင်းက ဟော်ရှ၏ နှလုံးသားတည့်တည့်ကို အရှိန်ဖြင့် ရိုက်ခတ်သွားပြီး သူ ချက်ချင်း တောင့်တင်းသွားရသည်။ တာ့ချီသို့ ပြန်ရောက်ပြီးနောက် သူ မည်သို့ ဆိုးရွားသော အခြေအနေနှင့် ကြုံရပါစေ သူ လဲ့ကျစ်အပေါ် တစ်ခါမျှ သံသယမဝင်ခဲ့ဖူးပေ။

ရန်ဟမ့်နှင့် ပတ်သက်လျှင်ပင် သူ အနည်းငယ်မျှသာ မှန်းဆခဲ့ခြင်း ဖြစ်သည်။

သူက အသက်ခြောက်နှစ်အရွယ်တွင် တာ့လီသို့ ဓားစာခံအဖြစ် စေလွှတ်ခံခဲ့ရပြီး ထိုအချိန်တွင် က လဲ့ကျစ်က လေးနှစ်သမီးလေးသာ ရှိသေးသည်။ သူတို့နှစ်ယောက် အတူတူ ကြီးပြင်းလာခဲ့ကြပြီး ကလေးဘဝတွင် စစ်မှန်သော သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။ သူတို့ကြားတွင် ခိုင်မာသော ဆက်နွှယ်မှုနှင့် တူညီသော နှလုံးသားရှိသည်ဟု ဟော်ရှ အခိုင်အမာ ယုံကြည်ထားသည်။ အရာရာ ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း လဲ့ကျစ်အတွက် လဲ့ကျင်းမှလွဲလျှင် သူကသာ တစ်ဦးတည်းသော ဆွေမျိုးရင်းချာ ဖြစ်နေသေးသည်။

'ကျစ်ကျစ်က ငါ့ဘက်မှာ မဟုတ်ဘူးလား။ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။'

“အသေအချာပါပဲ”

ဟော်ရှက မော့ကြည့်လိုက်ပြီး လေးနက်ခိုင်မာသော လေသံဖြင့် ပြန်ဖြေလိုက်သည်။ သူက ဧကရီကို ယုံကြည်အောင် ဆွဲဆောင်နေခြင်းလား သို့မဟုတ် မိမိကိုယ်မိမိ ပြန်လည် အားပေးနေခြင်းလားတော့ မသိနိုင်တော့ချေ။

အခန်းတွင်းရှိ အရက်နံ့များ ပြယ်လွင့်သွားစေရန် တံခါးကို တချိန်လုံး ဖွင့်ထားခဲ့သည်။ ယခုအချိန်တွင် ပြင်ပမှ လေပြင်းများ တိုးဝင်လာသဖြင့် လူတိုင်း အေးခဲတုန်လှုပ်သွားကြသည်။

သို့သော် လင်းဝမ်နင်၏ နှလုံးသားကတော့ ထိုလေထက်ပင် ပို၍ အေးစက်နေခဲ့ချေပြီ။

သူမက ဟော်ရှ၏ အဖြေကို ဂရုမစိုက်ဘဲ သားဖြစ်သူ၏ မျက်နှာကိုသာ အနီးကပ် စိုက်ကြည့်နေသည်။ ရုတ်တရက်ဆိုသလို သူမ၏ သားကို သူမ နားမလည်နိုင်ဖြစ်လာရသည်။ ဟော်ရှက ငယ်စဉ်ကပင် ထူးဆန်းသော ကလေးတစ်ဦး ဖြစ်ခဲ့သည်။ သူ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ကိုယ်ကျိုးကြည့်တတ်သော စရိုက်က အရိုးထဲအထိ စွဲမြဲနေပြီး ဟော်ချန်ယွင်နှင့် တစ်ထပ်တည်း တူညီလွန်းလှကြောင်း လင်းဝမ်နင် ကောင်းကောင်း သိထားခဲ့သည်။

ဤသို့သာ မဟုတ်ပါက ထိုအချိန်တွင် က အသက်ခြောက်နှစ်ပင် မပြည့်သေးသည့် ကလေးငယ်တစ်ဦးက သူမကို ဧကရီနေရာအထိ ရောက်လာအောင် မည်သို့မျှ ကူညီပေးနိုင်ခဲ့မည် မဟုတ်ပေ။ ထိုအချိန်တွင် က သူမက ငယ်ရွယ်နုပျိုပြီး ဧကရီဖြစ်လာရသည့် ပျော်ရွှင်မှုတွင် နစ်မွန်းနေခဲ့သော်လည်း နောက်ပိုင်းတွင် ကြောက်ရွံ့မှုတစ်ခုထဲသို့ တဖြည်းဖြည်း ကျဆင်းသွားခဲ့ရသည်။

'ငါ့သားက မွေးရာပါ မကောင်းဆိုးဝါးတစ်ကောင်လို စိတ်ဓာတ်မျိုးနဲ့ မွေးဖွားလာတာပဲ။'

ထို့ကြောင့် ဟော်ချန်ယွင်က ဟော်ရှကို ဓားစာခံအဖြစ် တာ့လီသို့ စေလွှတ်ရန် ဆုံးဖြတ်လိုက်စဉ်က လင်းဝမ်နင်အနေဖြင့် အပေါ်ယံတွင် တုံ့ဆိုင်းဟန်ပြခဲ့သော်လည်း စိတ်ထဲကတော့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်။ တာ့လီက ကြင်နာမှုနှင့် မေတ္တာတရား ပြည့်ဝသော တိုင်းပြည်ဖြစ်သောကြောင့်ပင်။

မိခင်တစ်ဦး၏ ဗီဇအရ လင်းဝမ်နင်၏ နှလုံးသားထဲမှ နက်ရှိုင်းသောဆန္ဒက သူမ၏ သားသမီးများ အားလုံး ကြင်နာတတ်ရန် အမြဲ မျှော်လင့်ခဲ့သည်။

'မကောင်းမှုမှန်သမျှကို အမေ့ကိုပဲ လုပ်ခွင့်ပေးပါ'

ထိုအရာက သူမ အမြဲ မျှော်လင့်နေခဲ့သော အရာဖြစ်ပြီး ယခုတော့ သူမ နောင်တရနေမိချေပြီ။ ဟော်ရှက တာ့လီတွင် ဆယ့်နှစ်နှစ်တိုင် နေထိုင်ခဲ့သော်လည်း ထိုတိုင်းပြည်၏ ကြင်နာမှုများနှင့် လုံးဝ ရောနှောနိုင်ခြင်း မရှိခဲ့ပေ။ တာ့လီကို ဖျက်ဆီးရန် တာ့ချီ၏စစ်တပ်နှင့် မဆိုင်းမတွ ပူးပေါင်းခဲ့ခြင်းက သက်သေ ဖြစ်နေခဲ့သည်။ သူမ၏သားက လုံးဝ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

သို့သော်လည်း နောက်ဆုံးတွင် သူက တာ့လီ၏ တော်ဝင်မိသားစုနှင့် သံယောဇဉ် နှောင်ကြိုးတွယ်ငြိနေဆဲဖြစ်ကာ ထိုအမျိုးသမီး၏ နှောင့်ယှက်မှုကို ခံနေရဆဲပင်။

လင်းဝမ်နင်က သူမ၏ နှလုံးသားထဲမှ လှောင်ပြောင်ရယ်မောနေမိသည်။

'ဒီလိုတွေ ဖြစ်နေမယ့်အစား သူ့အဖေလိုပဲ စိတ်အေးအေးထားပြီး ကိုယ့်အတွက်ကိုယ် ကြည့်တဲ့ လူစားမျိုး ဖြစ်နေတာကမှ ပိုကောင်းဦးမယ်။'

လင်းဝမ်နင်က ဟော်ရှနှင့် အပိုစကားများ ပြောပြီး အငြင်းမပွားချင်တော့ပေ။ သူမတွင် ဤသားတစ်ယောက်သာ ရှိပြီး သူက တုံ့ဆိုင်းနေသဖြင့် သူမက သူ့အတွက် အရာရာ ချောမွေ့အောင် လုပ်ပေးရတော့မည် ဖြစ်သည်။

“ကောင်းပြီလေ”

လင်းဝမ်နင်က သက်ပြင်းတစ်ချက်ချကာ စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။

“ရှအာ... အခု မင်း အိမ်တော်ထဲမှာ အကျဉ်းချခံထားရတယ် ဆိုပေမယ့် အားလျှော့လိုက်လို့ မရဘူးလေ၊ စိတ်ဓာတ်ကျပြီး တစ်နေ့လုံး မူးရူးနေတာမျိုး မဖြစ်စေနဲ့”

မိခင်ဖြစ်သူ၏ ညှိုးငယ်နေသော မျက်နှာကို မြင်လိုက်ရချိန်တွင် ဟော်ရှလည်း စိတ်မကောင်း ဖြစ်သွားရသည်။ သူက ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ လေသံတွင် ဒေါသနှင့် အားကိုးရာမဲ့မှုများ ရောယှက်နေဆဲပင်။

“သားတော်က ရည်ရွယ်ချက်ရှိရှိ အားလျှော့နေတာ မဟုတ်ပါဘူး မယ်တော်၊ ဒါပေမဲ့ အခုလို အိမ်တော်ထဲမှာ ပိတ်လှောင်ခံထားရတော့ သားတော် ဘာမှလုပ်လို့ မရဘူး ဖြစ်နေတာ”

သူ့ဘေးတွင် အားကိုးရာမဲ့စွာ တွဲလောင်းကျနေသော လက်အစုံက တဖြည်းဖြည်း တောင့်တင်းလာပြီး သူက လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားခဲ့သည်။

သားဖြစ်သူ၏ အမူအရာကို ကြည့်နေသည့် လင်းဝမ်နင်က ခပ်ဖွဖွ ပြုံးရင်း ပြန်ပြောလိုက်သည်။

“အနည်းဆုံးတော့ အခု မင်း လုပ်နိုင်တာ တစ်ခု ရှိသေးတယ်”

ဟော်ရှ အံ့ဩသွားပြီး ပြန်မေးလိုက်သည်။

“မယ်တော်... ရှင်းရှင်းလင်းလင်း ပြောပြပါ”

“မင်းနဲ့ ချင်းယန်ကြားက ဆက်ဆံရေးကို ပြုပြင်ဖို့ ဒီအချိန်ကို အခွင့်ကောင်းယူလိုက်လေ”

ဟော်ရှ၏ မျက်နှာက ချက်ချင်း ပျက်ကျသွားသည်။ သူနှင့် ရှန်းချင်းယန်တို့က ဤကမ္ဘာပေါ်တွင် အချင်းချင်း အမုန်းဆုံး စုံတွဲများ ဖြစ်နိုင်ပေသည်။ သူက သူမကို မုန်းတီးသလို သူမကလည်း ထိုအမုန်းတရားကို သိရှိသွားပြီး ကွာရှင်းရန်ပင် တောင်းဆိုခဲ့သည်။

'ကွာရှင်းဖို့လား'

ဟော်ရှက သူမထက်ပင် ပို၍ ကွာရှင်းချင်နေခဲ့သည်ကို ကောင်းကင်ကသာ သိပေလိမ့်မည်။ အမှန်တကယ်ဆိုလျှင် သူကသာ သူမကို အရင်စွန့်ပစ်ချင်သူ ဖြစ်သည်။

သို့သော် အကယ်၍ ယခုအချိန်တွင် သူမကို ကွာရှင်းလိုက်မည်ဆိုပါက ရှန်းဟွိုက်၏ စရိုက်အရ နံနက်ခင်းညီလာခံတွင် သူ့ကို သေချာပေါက် ကန့်ကွက်တိုက်ခိုက်ပေလိမ့်မည်။ အိပ်ရာဝင်အစေခံတစ်ဦးအပေါ် စွဲလန်းကာ မိမိသမီးကို စိတ်မချမ်းသာအောင် လုပ်ခဲ့သည့်အတွက် ရှန်းဟွိုက်က သူ့ကို ဗြောင်ကျကျ လက်တုံ့ပြန်ခဲ့ဖူးသည်။

'မုန်းစရာကောင်းလိုက်တာ... ရှန်းမျိုးရိုးနဲ့ ငါနဲ့က တကယ်ကို မတည့်ဘူးပဲ။'

“မင်းရဲ့ လက်ရှိအခြေအနေကို ပြန်တွေးကြည့်စမ်း၊ မင်းမှာ ငြင်းဆန်ဖို့ သတ္တိရှိသေးလို့လား”

လင်းဝမ်နင်က ဟော်ရှ၏ တုံ့ဆိုင်းနေသော အမူအရာကို မြင်နိုင်ပြီး အလေးအနက် သတိပေးလိုက်သည်။

“မင်းသာ အရေးကြီးတဲ့အရာကို မခွဲခြားနိုင်ရင် ငါ ကျန်းမန်ကို ကွပ်မျက်လိုက်မယ်၊ ဒါမှ မင်း လေးနက်တဲ့ကိစ္စတွေကို ပိုပြီး အာရုံစိုက်နိုင်မှာ”

“မယ်တော်”

ဟော်ရှတစ်ယောက် ထိတ်လန့်သွားသည်။ သူက အံ့ကို တင်းတင်းကြိတ်ကာ ပြန်မေးလိုက်သည်။

“သားတော်က မလိုလားတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ရှန်းချင်းယန်က အရမ်းမောက်မာတာကို မယ်တော်လည်း သိနေတာပဲ၊ မယ်တော်က သားတော့်ကို ခေါင်းငုံ့ခံပြီး သူ့ကို ထပ်ခါတလဲလဲ တောင်းပန်စေချင်တာလား”

ဟော်ရှက ရှန်းချင်းယန်ကို သူ့အပေါ် အမြဲတမ်း တိမ်းညွတ်နေမည့် မိန်းကလေးတစ်ဦးဟုသာ ထင်ခဲ့ဖူးသည်။ သူ ဘာပဲလုပ်လုပ် သူမက သူ့ကို အမြဲချစ်နေလိမ့်မည်ဟု သူ ယူဆထားခဲ့သည်။ သို့သော် သူမက ဤမျှ ပြတ်သားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ သူမကို အမှန်တကယ် မချစ်ကြောင်း သိသွားချိန်တွင် သူမက သူ့ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။

သူက မည်သည့်အတွက်မျှ သူမ အလိုကျ လိုက်လျောပေးမည်မဟုတ်ပေ။ သူကသာ အမျိုးသမီးများကို ငြင်းပယ်မည် ဖြစ်ပြီး သူ့ကို ငြင်းပယ်မည့် အမျိုးသမီး မရှိစေရဟု သူ ခံယူထားခဲ့သည်။

ရှန်းချင်းယန်၏ အပြုအမူက သူ့ကို ဆွဲဆောင်ရန် ဟန်ဆောင်နေခြင်းဟုလည်း ဟော်ရှ သတ်မှတ်ခဲ့သည်။ ထို့ကြောင့် သူလည်း ဆက်ပြီး ဟန်မဆောင်တော့ဘဲ သူမကို အိပ်ရာပေါ်တွင် တမင်တကာ အရှက်ခွဲကာ သူ့လက်အောက်သို့ ထာဝရ ရောက်ရှိသွားစေရန် တွန်းအားပေးခဲ့သည်။

'မလိုချင်ဘူးဆိုရင်တောင်... အဲဒီစကားကို ပြောရမယ့်သူက ငါပဲ ဖြစ်ရမယ်။'

‘ဘာလို့ သူ့ကို တောင်းပန်ရမှာလဲ’

ထိုအချိန်တွင် လင်းဝမ်နင်၏ အသံက ဟော်ရှ၏ အတွေးများကို ပြတ်တောက်သွားစေသည်။

“မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို ချည်နှောင်ဖို့က အရမ်းရိုးရှင်းတယ်။ သူ့ဆီမှာ မင်းရဲ့ကလေး ရှိလာအောင် မြန်မြန်လုပ်... နားလည်လား”

‘ကလေးတစ်ယောက် ရှိနေရင် သူ မင်းကို ဘယ်တော့မှ ထားမသွားနိုင်တော့ဘူး’

‘ရှန်းချင်းယန် မင်းအနားမှာ ရှိနေသရွေ့ ရှန်းဟွိုက်က မင်းကို အထောက်အပံ့ ပေးရလိမ့်မယ်၊ သွေးရင်းသားရင်းတွေကြားက ဒီလို သံယောဇဉ်နှောင်ကြိုးက အခိုင်မာဆုံးပဲ’

“ကလေးလား”

ဟော်ရှက ထိုစကားကို တိုးတိုးလေး ရေရွတ်နေသည်။ သူ အရွယ်ရောက်ကတည်းက သူနှင့် လဲ့ကျစ်တို့၏ ကလေးများက မည်သို့သော ပုံစံရှိမည်ကို အကြိမ်ကြိမ် တွေးတောခဲ့ဖူးသည်။ သူ့အတွက် သူ့ကလေးကို လဲ့ကျစ်ကသာ မွေးဖွားပေးရမည်ဟု သူ့စိတ်ထဲတွင် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။

သို့သော် ယခုအချိန်တွင် အခြားနည်းလမ်း မရှိတော့ဟု ထင်ရသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဟော်ရှက ရင်ထဲမှ စိတ်ပျက်အားငယ်မှုများကို မျိုသိပ်လိုက်ကာ လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

“...သားတော် နားလည်ပါပြီ”

သို့သော် ဟော်တူကို တွေးလိုက်မိသည်နှင့် ဒေါသနှင့် မနာလိုစိတ်များက သူ့နှလုံးသားကို ပြန်လည်ဆူပွက်လာစေသည်။

'ငါ့ကို ဒီမှာ ပိတ်လှောင်ထားနိုင်လို့ ဟော်တူကတော့ ပျော်နေမှာပဲ။ ခုချိန်ဆို သူက ငါ့ရဲ့ကျစ်ကျစ်ကို ဘေးမှာ ထားပြီး ကုတင်ပေါ်မှာ အတူအိပ်နေတော့မှာပေါ့'

ထိုအတွေးက သူ့ကို ရူးသွပ်လုမတတ် မုန်းတီးစေသည်။

“မင်းက ကိုယ်လုပ်ရမယ့်အလုပ်ကို အောင်မြင်အောင်ပဲ အာရုံစိုက်၊ ကျန်တာကိုတော့ မယ်တော် ကူညီပေးမယ်”

ဟော်ရှ မော့ကြည့်လိုက်ချိန်တွင် လင်းဝမ်နင်၏ တည်ငြိမ်လွန်းသော အမူအရာကို မြင်လိုက်ရသဖြင့် အံ့သြတကြီး ထပ်မေးလိုက်သည်။

“မယ်တော်မှာ ဟော်တူကို ဖြေရှင်းဖို့ နည်းလမ်းရှိနေတာလား”

လင်းဝမ်နင်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြသည်။

“သားတော်ကို အသေးစိတ် မိန့်ကြားပေးပါဦး”

“ရှအာ...”

လင်းဝမ်နင်က ခပ်ဖွဖွရယ်မောရင်း ပြန်ဖြေလိုက်သည်။

“ကိုယ်ရဲ့ရန်သူကို ရင်ဆိုင်ချင်ရင် ကိုယ်တိုင် လက်ဖျားနဲ့ ထိစရာမလိုဘဲ အငှားခွန်အားကို အသုံးချတတ်ဖို့ သင်ယူရမယ်”

ထိုစကားက ဟော်ရှကို အံ့ဩသွားစေပြန်သည်။

'သူများရဲ့အင်အားကို ငှားပြီး အသုံးချမှာလား၊ ဘယ်သူ့ခွန်အားကို ငှားရမှာလဲ'

“ရှန့်ယန်မြို့”

လင်းဝမ်နင်က စကားလုံးသုံးလုံးကို တိုးတိုးလေး ဖွင့်ဟလိုက်သည်။ ခဏတာ စဉ်းစားပြီးနောက် ဟော်ရှ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။ သူ့မယ်တော် ဆိုလိုသည်ကို သူ နားလည်သွားချေပြီ။

‘ဒီကမ္ဘာမှာ သူ့အပြင် ဟော်တူကို အမုန်းဆုံးလူတွေက ရှန့်ယန်မြို့မှာပဲ ရှိနိုင်တာ မဟုတ်ဘူးလား’

ရှန့်ယန်မြို့က ယခင် ရှန်းနို့မျိုးနွယ်စု၏ နယ်မြေဖြစ်ခဲ့သော်လည်း တာ့ချီက ထိုနေရာကို သိမ်းပိုက်လိုက်သောကြောင့် ပျက်စီးခဲ့ရသည်။ ဤအရာအားလုံး၏ တရားခံက ဟော်တူ၏မိခင် 'ချူယွီ' သာ ဖြစ်သည်ဟု လူတိုင်းက သတ်မှတ်ထားကြသည်။ ချူယွီ သေဆုံးသွားသော်လည်း ထိုမျိုးနွယ်စုဝင်များ၏ အမုန်းတရားက ပျောက်ကွယ်မသွားဘဲ ဟော်တူထံသို့ ဦးတည်လာမည်မှာ သေချာနေပေသည်။

သို့သော် ဟော်တူ ထိုနေရာသို့ မည်သည့်အတွက်ကြောင့် သွားရမည်ကိုတော့ သူ မရှင်းမလင်း ဖြစ်နေသေးသည်။

ဟော်ရှက မေးခါနီးတွင် လင်းဝမ်နင်က သူမ၏အစီအစဉ်ကို ဆက်လက် ပြောပြခြင်း မရှိဘဲ အပြင်သို့ ထွက်ခွာသွားသဖြင့် သူလည်း ကမန်းကတမ်း နှုတ်ဆက်ပြီး ကျန်ရစ်နေခဲ့ရသည်။

.......။.........။.......

ထိုက်ဇီအိမ်တော်၏ ထမင်းစားခန်းအတွင်း၌ နွေးထွေးသော လေထုတစ်ခု ဖုံးလွှမ်းနေသည်။ လဲ့ကျစ်နှင့် ဖူရှန်းတို့က လဲ့ကျင်း၏ တစ်ဖက်တစ်ချက်တွင် ထိုင်ကာ နေ့လည်စာ စားနေကြသည်။

ရက်အနည်းငယ် ကြာလာပြီးနောက် လဲ့ကျင်းက ဖူရှန်း၏ တည်ရှိမှုကို တဖြည်းဖြည်း လက်ခံလာခဲ့ပြီး ယခင်ကလို ပြင်းပြင်းထန်ထန် ငြင်းပယ်ခြင်း မရှိတော့ပေ။ ဖူရှန်းကလည်း သူမ မထိတ်လန့်စေရန် ခပ်ခွာခွာနေပေးခဲ့သည်။ သို့သော် သူက သူမကို သူ့မျက်လုံးထောင့်မှ အမြဲစောင့်ကြည့်နေပြီး တိတ်တိတ်လေး ဟင်းထည့်ပေးနေတတ်သည်။

“အစ်မ... ဟင်းရည်လေး သောက်ဦးနော်”

လဲ့ကျစ်က လဲ့ကျင်းအတွက် မှိုဟင်းချို ထည့်ပေးလိုက်ပြီး သူမ ဟင်းချို သောက်နေသည်ကို အပြုံးလေးဖြင့် စောင့်ကြည့်နေသည်။ လဲ့ကျင်းက ဆေးခါးခါးများကို မနှစ်သက်သဖြင့် လဲ့ကျစ်က ဆေးဖက်ဝင်ပစ္စည်းများကို မှိုနှင့်ရော၍ စွပ်ပြုတ်ချက်ပေးထားခြင်း ဖြစ်သည်။ မှို၏အရသာက ဆေးနံ့ကို ကောင်းကောင်း ဖုံးအုပ်ပေးထားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လဲ့ကျင်း၏ အခြေအနေက သိသိသာသာ တိုးတက်လာခဲ့သည်။ သူမ၏မျက်ဝန်းများထဲမှ အမှောင်ထုများ မှိန်ဖျော့ကာ တစ်စထက်တစ်စ ကြည်လင်လာသည်။ လဲ့ကျစ် ဝမ်းသာလွန်းသဖြင့် မျက်ရည်ဝဲလာကာ ခေါင်းငုံ့ပြီး သူမ၏ စိတ်ကို ထိန်းထားရသည်။

ထိုအခိုက်အတန့်တွင် ငွေတူတစ်စုံက သူမ၏ပန်းကန်ထဲသို့ နို့ကိတ်မုန့်တစ်ဖဲ့ ထည့်ပေးလာပြီး အသံတစ်သံကို ကြားလိုက်ရသည်။

“ကျစ်ကျစ်လည်း များများစားနော်”

ထိုအသံကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ သူမ နားကြားမှားနေသည်ဟု ထင်လိုက်မိသော်လည်း လဲ့ကျင်းက သူမကို နူးညံ့စွာ ပြုံးပြနေသည်။

“ဘာဖြစ်လို့လဲ၊ ဒါက မင်းကြိုက်တဲ့ အစားအစာ မဟုတ်ဘူးလား”

လဲ့ကျစ်က သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဖူရှန်း၏ မျက်နှာဆီသို့ လှည့်ကြည့်လိုက်မိသည်။ ဖူရှန်း၏မျက်နှာတွင်လည်း အံ့အားသင့်သွားသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်ကို မြင်လိုက်ရမှ သူမ ကြားလိုက်ရသည်က အမှန်ဖြစ်ကြောင်း သေချာသွားသည်။

“အစ်မ…”

လဲ့ကျစ်၏ နှလုံးသားက လှိုက်ခနဲ တုန်ခါသွားသည်။ သူမ၏ အတိုင်းအထက်အလွန် စိတ်လှုပ်ရှားမှုကြောင့် အစ်မဖြစ်သူအား ထိတ်လန့်သွားစေမည်ကိုလည်း စိုးရိမ်သောကြောင့် အသံကို တတ်နိုင်သမျှ ထိန်းကာ တိုးတိုးလေး မေးလိုက်သည်။

“မှတ်မိသွားပြီလားဟင်...”

“ဘာကို မှတ်မိတာလဲ”

လဲ့ကျင်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမ၏နဖူးကို လက်ဖြင့် အုပ်လိုက်သည်။ သူမ၏ ပုံစံက စိတ်မသက်မသာ ဖြစ်နေပုံရပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်လည်း ရှိသည်။

“ကောင်းပါပြီ... အဲဒါကို မစဉ်းစားနဲ့တော့နော်”

လဲ့ကျစ်က အခြေအနေကို ရိပ်မိလိုက်သဖြင့် လဲ့ကျင်း၏ ပုခုံးများကို ညင်သာစွာ ပွတ်သပ်ပေးကာ နှစ်သိမ့်လိုက်သည်။ မကြာမီမှာပင် လဲ့ကျင်းက ပြန်လည်ငြိမ်သက်သွားပြီး ခေါင်းလေးငုံကာ ဆက်စားနေတလေသည်။

ဤမျှလောက်လေးနှင့်ပင် လဲ့ကျစ် အတိုင်းမသိ ပျော်ရွှင်နေမိသည်။

‘အစ်မရဲ့ အခြေအနေက သိသိသာသာ သက်သာလာခဲ့ပြီ၊ အခုတစ်ခေါက် နည်းနည်းလေးပဲ မှတ်မိသေးပေမယ့် အချိန်ကြာလာတာနဲ့အမျှ အရာအားလုံးကို ပြန်လည်မှတ်မိလာမှာ သေချာတယ်’

‘ဒါပေမယ့်... အရာအားလုံးကို ပြန်မှတ်မိသွားတာက အစ်မအတွက် အမှန်တကယ် ကောင်းနိုင်ပါ့မလား၊ တိုင်းပြည်ကျဆုံးသွားတာ၊ ခမည်းတော်နဲ့ မယ်တော်အပြင် အစ်ကိုတော် ကွယ်လွန်သွားတဲ့ နာကျင်စရာ ပူဆွေးမှုတွေကို အစ်မက ခံနိုင်ရည်ရှိပါ့မလား’

လဲ့ကျစ်၏ နှလုံးသားထဲတွင် ဝေခွဲမရ ဖြစ်နေပြီး တုန်လှုပ်နေမိသည်။ နေ့လည်စာစားပြီးနောက် အနားယူရန် အစ်မဖြစ်သူကို အခန်းထဲသို့ ပြန်ပို့ပေးခဲ့သော်လည်း သူမ၏မျက်ခုံးများက စုကျုံနေဆဲပင်။ သူမ တွေးမိတွေးရာ တွေးနေပြီး အိမ်တော်တစ်ဝိုက် လျှောက်သွားနေမိရာမှ မသိလိုက်ဘဲ နောက်ဖေးဥယျာဉ်ဆီသို့ ရောက်လာခဲ့သည်။

ထိုနေရာတွင် အဖြူရောင်ကျောက်စိမ်း ဘီးတပ်ထိုင်ခုံပေါ်၌ ထိုင်နေသည့် ဟော်တူကို သူမ တွေ့လိုက်ရသည်။ သူက ခေါင်းကို အနည်းငယ်ငုံ့ထားပြီး လဲ့ကျစ် ပေးထားသော ခရမ်းရောင်ကျောက်တုံးလေးကို လက်ထဲတွင် ဖြည်းညှင်းစွာ လှည့်ပတ်ဆော့ကစားနေသည်။

ထိုအရာက လဲ့ကျစ်ကို ခေတ္တမျှ မှင်တက်သွားစေသည်။ ထိုနွေးထွေးသည့် ကျောက်တုံးလေးကို ပေးကတည်းက သူ နေ့တိုင်းလိုလို ဆော့နေသည်ကို သူမ သတိထားမိသည်။

'ဒါက ကျောက်တုံးတစ်တုံးပဲလေ... သူက အဲဒါကို ဒီလောက်တောင် ကြိုက်နေတာလား'

သူမက သူ့အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး ဘေးရှိ ကျောက်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူ နေ့လည်စာစားပြီးလောက်ပြီဟု ထင်မှတ်ထားသဖြင့် သူမ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“အရှင့်သား၊ နေ့လည်စာ စားပြီးပြီလား”

“မစားရသေးဘူး”

ဟော်တူက မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ပြန်ဖြေလိုက်သည်။

“ဘာလို့ မစားရသေးတာလဲ”

လဲ့ကျစ်က မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

ဟော်တူက ခပ်တိုးတိုးရယ်လိုက်ပြီး သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်ကာ အေးအေးဆေးဆေး ပြန်ပြောလာခဲ့သည်။

“ကိုယ်နဲ့ အတူစားပေးမယ့်သူ မရှိလို့လေ”

.......။.........။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : “ငါ့မိန်းမ ငါ့အနားမှာ မရှိဘဲ ငါ့ဘာသာ ဘယ်လိုစားနိုင်မှာလဲ... ဗိုက်တောင် ဆာလာပြီ”

အခန်း ၅၇ ချိုမြိန်မှု

နေရောင်ခြည်အောက်တွင် ဟော်တူ၏ မျက်ဝန်းများက လင်းလက်တောက်ပနေပြီး အေးစက်ခက်ထန်လေ့ရှိသော သူ၏ ပုံရိပ်ကလည်း ယခုအချိန်တွင် နွေးထွေးမှုများဖြင့် စွန်းထင်းနေပုံရသည်။

လဲ့ကျစ်က သူ၏စကားကြောင့်လား သို့မဟုတ် ခါတိုင်းနှင့်မတူဘဲ ရှားရှားပါးပါး တွေ့မြင်ရသည့် သူ၏ နူးညံ့ညှာတာသော အကြည့်ကြောင့်လားမသိဘဲ သူမ၏ ရင်ထဲ၌ တုန်လှုပ်သွားရသည်။

“ဒါဆို ကျွန်မ အရှင့်သားနဲ့ အတူစားပေးမယ်လေ... ရမလား”

လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို ဖွဖွဖိထားရင်း သူမ၏စိတ်ထဲ၌ အနည်းငယ် အပြစ်ရှိသလို ခံစားနေရသည်။

သူမ၏အစ်မ ရှဖေးထိုင်မှ ထွက်လာပြီးကတည်းက သူမ၏ အာရုံအားလုံးက အစ်မဖြစ်သူအတွက်သာ ဖြစ်နေခဲ့ပြီး ကျန်အချိန်များတွင်လည်း ဆိုင်၏လုပ်ငန်းများနှင့် ပျောက်ဆုံးနေသော ယောင်းမနှင့် တူလေးတို့ကို ရှာဖွေရန်သာ ကြိုးစားနေခဲ့သည်။ ညစာစားချိန်နှင့် အိပ်ရာဝင်ချိန်မှလွဲ၍ သူမနှင့် ဟော်တူမှာ စကားပြောရန် အချိန်မရှိသလောက် ဖြစ်နေခဲ့သည်။

ဟော်တူက သူမ၏ အဆိုပြုချက်ကို သဘောတူသည့်အနေဖြင့် “ဟမ့်” ဟု တိုးတိုးလေး အသံပြုလိုက်သည်။

လဲ့ကျစ်က ကောင်းကင်မှ နေရောင်ခြည်ကို တစ်ချက်မော့ကြည့်လိုက်ပြီး သူ့ကို ထမင်းစားခန်းသို့ တွန်းမသွားတော့ဘဲ လီယောင်ကိုခေါ်ကာ ဟင်းပွဲများကို ဥယျာဉ်ထဲသို့ ယူလာခိုင်းလိုက်သည်။

ဆောင်းရာသီ၏ အေးမြသော လေထုထဲတွင် နေပူစာလှုံရင်း စားသောက်ရသည်ကလည်း စိတ်ကြည်လင်စရာ ဖြစ်နေလေသည်။

ထမင်းစားနေစဉ်အတွင်း နှစ်ယောက်သား စကားသိပ်မပြောဖြစ်ဘဲ ငြိမ်ငြိမ်လေးသာ စားနေကြသည်။ လီယောင်က ချိုမြိန်သော ဟင်းချိုပန်းကန်ကို ကိုင်ထားရင်း အဝေးတွင် ရပ်နေကာ သာယာလှပသော ထိုမြင်ကွင်းလေးကို ကြည့်နေခဲ့သည်။ သူမက သူတို့ကို နှောင့်ယှက်မိမည်အား စိုးရိမ်နေသဖြင့် ခဏမျှ ရပ်နေခဲ့ခြင်းပင်။

ထိုအချိန်တွင် လင်းယွဲ့က ဖြတ်သွားရင်း လီယောင်ကို မြင်သွားကာ အနားသို့ လျှောက်လာခဲ့သည်။ သူမလည်း ဥယျာဉ်အလယ်မှ မြင်ကွင်းကို မြင်သွားပြီး အတူတူ ရပ်ကြည့်နေမိသည်။ ဤမြင်ကွင်းက မြင်လိုက်ရသည့် မည်သူကိုမဆို ငေးမောသွားရလောက်အောင် လှပလွန်းလှသည်။

‘အရမ်းလှတာပဲ....’

လင်းယွဲ့ကလည်း သူမ၏ ရင်ထဲမှ ခံစားချက်ကို မထိန်းနိုင်ဘဲ ငေးကြည့်နေမိသည်။

ယခင်က ဤအိမ်တော်ကြီးတွင် အေးစက်ခြောက်ကပ်မှုများ ပြည့်နှက်နေခဲ့သည်။ အရှင့်သားထိုက်ဇီက မသေမျိုးတစ်ဦးကဲ့သို့ တင့်တယ်သော်လည်း သူ၏ ခန္ဓာကိုယ်က ရေခဲလွှာများ ဖုံးလွှမ်းနေသလို ဖြစ်နေပြီး လူများကို ထိတ်လန့်စေခဲ့သည်။ သို့သော် သူမတို့၏ သခင်မ ရောက်လာပြီးနောက်တွင် အရှင့်သားအပေါ်မှ ရေခဲပြင်ကြီးက အရည်ပျော်သွားပုံရသည်။

‘အထူးသဖြင့် သခင်မ အရှင့်သား အနားမှာ ရှိနေတဲ့အချိန်မျိုးတွေပေါ့လေ’

သူမတို့၏ သခင်မက လှပတင့်တယ်ရုံသာမက စိတ်နှလုံးလည်း ကောင်းမွန်သူဖြစ်သည်။ သူမတို့ စတင်သိကျွမ်းသည်မှအစ နောက်ပိုင်း သခင်မ၏ကိုယ်ရေးကိုယ်တာ အစေခံ ဖြစ်လာသည်အထိ လင်းယွီ၏ သခင်မအပေါ် ချစ်ခင်လေးစားမှုက တနေ့တခြား တိုးပွားလာခဲ့သည်။ ထို့ကြောင့် အရှင့်သားထိုက်ဇီ၏ ပြောင်းလဲမှုကို သူမ မအံ့သြပေ။

'ဘယ်ယောကျာ်းက ငါတို့ သခင်မကို မချစ်ဘဲ နေနိုင်မှာလဲ၊ အဲလိုလူရှိရင် အဲဒီလူက မျက်စိကန်းနေလို့ပဲ ဖြစ်ရမယ်'

ထိုအချိန်တွင် လင်းယွဲ့က ရုတ်တရက် တစ်ခုခုကို သတိရသွားပုံဖြင့် သခင်မ၏ဘေးနားရှိ အရှင့်သားထိုက်ဇီကို ဝမ်းနည်းစွာ စိုက်ကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ခု မှုတ်ထုတ်လိုက်သည်။

လီယောင်က စိတ်ရှုပ်ထွေးဟန်ဖြင့် သူမကို လှည့်ကြည့်လိုက်ပြီး အလောတကြီး မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ဘာမှ မဟုတ်ပါဘူး၊ ဘာမှ မဟုတ်ဘူး”

လင်းယွဲ့က သတိပြန်ဝင်လာပြီး ပြဿနာကို ရှောင်ရှားရန် အမြန် အကြည့်လွှဲလိုက်သည်။

“မြန်မြန်သွားပြီး ဟင်းချိုပို့လိုက်လေ၊ အေးသွားရင် သောက်လို့ မကောင်းတော့ဘူး”

ဤကိစ္စက လျှို့ဝှက်လွန်းလှပြီး ၎င်းက သူမနှင့် သခင်မတို့ နှစ်ဦးကြားမှ လျှို့ဝှက်ချက်ဖြစ်နေဖြင့် မည်သူ့ကိုမျှ ပြောပြရန် မဖြစ်နိုင်ပေ။

လီယောင်က ဘာမှပြန်မပြောဘဲ ဖြည်းဖြည်းချင်း လျှောက်သွားကာ ဟင်းချိုပန်းကန်ကို ကျောက်စားပွဲပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။ သူမက အသံမထွက်စေရန် အတတ်နိုင်ဆုံး ကြိုးစားပြီး အမြန် ပြန်ထွက်သည်။

လဲ့ကျစ်က ငွေတူကို ချလိုက်ပြီး ဟင်းချိုပန်းကန်ကို ယူကာ ငွေဇွန်းလေးဖြင့် ဖြည်းညှင်းစွာ ခပ်သောက်နေသည်။ သူမ နေ့လယ်စာ စားပြီးပြီ ဖြစ်သောကြောင့် အများကြီး မစားနိုင်တော့ပေ။ သူမက စားစရာပေါ်မှ အနည်းငယ် အကြည့်လွှဲလိုက်ပြီး ဘေးနားရှိလူကို မျက်လုံးထောင့်မှ တိတ်တဆိတ် အကဲခတ်နေခဲ့သည်။

ဟော်တူက ညာဘက်လက်ဖြင့် ငွေတူကို ကိုင်ထားပြီး အသီးအရွက်များကို အေးအေးလူလူ လှမ်းယူစားသောက်နေသည်။ အစောပိုင်းတွင် သူ ဆော့ကစားနေခဲ့သည့် ခရမ်းရောင်ကျောက်တုံးလေးကတော့ ကျောက်စားပွဲပေါ်သို့ ရောက်ရှိနေပြီး သူ၏ ဘယ်ဘက်လက်ဖဝါးဖြင့် အသာအယာ အုပ်မိုးထားသည်။

လဲ့ကျစ်၏ အကြည့်များက သူ၏ ဖြူလွှလွှ လက်ချောင်းများပေါ်တွင်သာ စွဲထင်နေသည်။ ထိုအချိန်တွင် သူ့လက်ညှိုးလေးက အနည်းငယ်ကွေးသွားပြီး ခရမ်းရောင်ကျောက်တုံးလေးကို လက်ချောင်းထိပ်ဖြင့် အမှတ်တမဲ့ ပွတ်သပ်လိုက်သည်ကို သူမ မြင်လိုက်ရသည်။

ထိုညင်သာလွန်းသော ထိုထိတွေ့မှုလေးက လဲ့ကျစ်၏ နှလုံးသားကို ဆတ်ခနဲ တုန်သွားစေသည်။ မနေ့ညက ခံစားချက်များက သူမ၏ရင်ထဲသို့ တရိပ်ရိပ် ပြန်လည် ဝေ့ဝဲရောက်ရှိလာပြီး ငွေဇွန်းကို ကိုင်ထားသော သူမ၏လက်ကလေးများ တုန်ယင်လာသည်။

“ဗွမ်း”

ငွေဇွန်းလေးက ဟင်းချိုပန်းကန်ထဲသို့ ပြုတ်ကျသွားပြီး ပူနွေးသော ဟင်းချိုစက်များက လဲ့ကျစ်၏ ပါးပြင်ပေါ်သို့ စင်သွားသည်။ သူမ၏ စိတ်က ကမောက်ကမ ဖြစ်နေသဖြင့် လဲကျစ်တစ်ယောက် ထိုဟင်းရည်ကို သုတ်ရန်ပင် မေ့လျော့နေလေသည်။

ဟော်တူက လက်ဖက်ရည်သောက်နေရာမှ အသံ ကြားသောကြောင့် မော့ကြည့်လိုက်သည်။ သူက ခွက်ကို အသာချပြီး လဲ့ကျစ်၏ အင်္ကျီလက်ဝတွင် ထိုးထားသည့် ပိုးလက်ကိုင်ပုဝါလေးကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူမမျက်နှာပေါ်မှ အစွန်းအထင်းများကို သုတ်ပေးလိုက်သည်။ ပါးလွှာသော ပုဝါစလေးမှတစ်ဆင့် သူ၏ လက်ချောင်းနွေးနွေးများက လဲ့ကျစ်၏ ပါးပြင်ကို ထိမိသွားသည်။

သူမ၏ နှင်းဖြူရောင် ပါးပြင်လေးက သူ့ရှေ့တင် တဖြည်းဖြည်း နီရဲလာသည်ကို ဟော်တူ တွေ့လိုက်ရသည်။ သူက မျက်ခုံးကို အသာပင့်ကာ လက်ကိုင်ပုဝါကို ဖယ်လိုက်ပြီး သူမ၏မျက်နှာကို လက်ဖဝါးဖြင့် တိုက်ရိုက် ထိလိုက်ပြန်သည်။ ထိုအချိန်တွင် သူမ၏ပါးပြင်နှင့် နဖူးလေးက အံ့ဩစရာကောင်းလောက်အောင် ပူနေသည်ကို သူ ခံစားလိုက်ရသည်။

'ဒီလောက်အေးတဲ့ ဆောင်းရာသီမှာ သူမက ဘာလို့ ရုတ်တရက် မီးဖိုလေးလို ပူနေရတာလဲ'

ဟော်တူက စိုးရိမ်စိတ်ဖြင့် သူ့လက်ကို အောက်သို့ ရွှေ့ကာ သူမ၏ လက်ကောက်ဝတ်လေးကို စမ်းကြည့်လိုက်သည်။ သူမ ဖျားမနေသည်မှာလည်း သေချာနေသည်။

နွေးထွေးသော ကျောက်တုံးကို တစ်နေ့လုံး ကိုင်ထားသော်လည်း ဟော်တူ၏ လက်ဖဝါးက အနည်းငယ် အေးမြနေဆဲပင်။ သို့သော် ထိုအေးမြသော ထိတွေ့မှုက လဲ့ကျစ်၏ မျက်နှာကို ပို၍ နီမြန်းသွားစေသည်။ သူ့လက်ချောင်းများက သူမ၏ သွေးခုန်နှုန်းရှိရာ လက်ကောက်ဝတ်အား ထိတွေ့နေသည်ကလည်း သူမ၏ရင်ကို ပို၍ ပူလောင်လာစေသည်။

အပူရှိန်က သူမ၏နှလုံးသားဆီသို့ မရောက်မီ လဲ့ကျစ်က ဟော်တူ၏လက်ကို အမြန်တွန်းထုတ်လိုက်ပြီး မျက်လွှာချလိုက်သည်။ သူမ၏ ရင်ဘတ်အတွင်းမှ ပြင်းထန်စွာ ခုန်နေသော ရင်ခုန်သံကို သူမကိုယ်တိုင် ပြန်ကြားနေရသည်။

'ငါ... ငါ ဘာဖြစ်နေတာလဲ'

‘အရင်က သူနဲ့အတူ ဒီထက် ပိုရင်းနှီးတဲ့ အရာတွေ လုပ်ခဲ့တယ်လေ၊ ရေအတူ ချိုးတာတွေ၊ နမ်းတာတွေလိုမျိုး ပိုရင်းနှီးတဲ့ အရာတွေကိုတောင် လုပ်ဆောင်ခဲ့ဖူးတာ မဟုတ်ဘူးလား၊ ခုမှ ဘာလို့ ထိမိသွားတာလေးနဲ့ ငါက ဒီလောက်ကြီးမားတဲ့ တုံ့ပြန်မှုမျိုး ဖြစ်လာနိုင်တာလဲ’

လဲ့ကျစ်က သူမ၏ အောက်နှုတ်ခမ်းကို ဖိကိုက်ထားရင်း သူမ၏ ခံစားချက်များကို ပြန်တွေးနေခဲ့သည်။

ဟော်တူကလည်း အစကတည်းက သူမ၏ သိမ်မွေ့သော လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူ့မြေခွေးလေးက အဘယ့်ကြောင့် အဆင်မပြေ ဖြစ်နေရသည်ဆိုသော အချက်က သူ့အတွက် အနည်းငယ် ထူးဆန်းနေသော်လည်း သူမ၏ မျက်ဝန်းထောင့်လေးများ နီရဲလာသည်ကို မြင်လိုက်ရချိန်တွင် သူ နားလည်သွားပုံရသည်။

သို့သော် သူက ထပ်မံ အတည်ပြုချင်နေသေးသည်။

“လဲ့ကျစ်၊ အချိုပွဲရဲ့ ဟင်းချိုက အရသာရှိရဲ့လား”

သူ၏ မေးခွန်းကြောင့် လဲ့ကျစ်က မော့ကြည့်လိုက်ချိန်တွင် ဟော်တူ၏ နက်နဲသော မက်မွန်ပွင့်ပုံ မျက်ဝန်းများနှင့် ဆုံသွားသည်။ ထိုမျက်ဝန်းများက ကြည်လင်နေသော ရေပြင်တစ်ခုကဲ့သို့ပင်။ သူမ ထပ်ကြည့်နေမိပါက ထိုရေပြင်ထဲသို့ ပြုတ်ကျသွားပြီး သူနှင့်ဝေးရာသို့ မရုန်းထွက်နိုင်တော့မည်ကို လဲ့ကျစ် စိုးရိမ်မိသွားသည်။

သူမက အပြစ်မကင်းသလို ခံစားချက်ဖြင့် အဝေးသို့ အကြည့်လွှဲလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

“ဒါက တကယ်အရသာရှိတာပဲ၊ အရှင့်သားလည်း မြည်းကြည့်လို့ရအောင် လီယောင်ကို နောက်ထပ်တစ်ပန်းကန် ယူလာခိုင်းလိုက်မယ်”

ထိုသို့ ပြောပြီးနောက် သူမက တစ်စုံတစ်ယောက်ကို လှမ်းခေါ်ရန် မတ်တပ်ရပ်လိုက်သည်။ သူမက ဤအခွင့်အရေးကို အသုံးချကာ သူမ၏စိတ်လှုပ်ရှားနေမှုများအား ပြန်တည်ငြိမ်အောင် လုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

သို့သော် သူမ၏လက်ကို အဆွဲခံလိုက်ရပြီး တစ်ကိုယ်လုံး တောင့်တင်းသွားကာ မတ်တပ်မရပ်နိုင်တော့ပေ။ ဟော်တူ နောက်ထပ် ဘာလုပ်ဦးမည်ကို နားမလည်နိုင်သဖြင့် လဲ့ကျစ်က သူ့ကို အံ့ဩတကြီး ကြည့်နေမိသည်။

ထိုနောက် ဟော်တူက နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် သူမအနားသို့ တိုးကပ်လာသည်ကို သူမ မြင်လိုက်ရသည်။

“ဘာလို့ ဒီလောက် ဒုက္ခရှာနေရတာလဲ”

သူက တိုးတိုးလေး ပြောလာပြန်သည်။

သူ၏ အကြည့်များက အောက်သို့ နိမ့်ဆင်းသွားကာ သူမ၏ ချယ်ရီရောင် နှုတ်ခမ်းများပေါ်၌ ရပ်တန့်သွားသည်။ ထိုအကြည့်များ၏ အဓိပ္ပာယ်က အလွန်ပင် ရှင်းလင်းလှသည်။

လဲ့ကျစ်က သူ့ကို တွန်းဖယ်ပြီး အမြန်ပြေးသင့်မှန်း သိနေသလို အနည်းဆုံးတော့ ခေါင်းကို လှည့်လိုက်သင့်သည်ဟု တွေးနေမိသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်လေးက မလှုပ်မယှက် ဖြစ်နေပြီး သူမ၏ရင်ထဲတွင်လည်း မျှော်လင့်ချက်များ ကင်းမဲ့နေသလို ခံစားလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟော်တူ၏ နှုတ်ခမ်းထောင့်စွန်းများက ပင့်တက်သွားပြီး သူက သူ့လက်တစ်ဖက်ကို ဆန့်ကာ လဲ့ကျစ်၏ လည်ပင်းနောက်ဘက်သို့ အသာအယာ အုပ်မိုးလျက် သူမကို တင်းတင်းကျပ်ကျပ် ဆွဲယူကာ နမ်းရှိုက်လိုက်တော့သည်။

အချိုပွဲကြောင့် သူမ၏ နှုတ်ခမ်းပေါ်တွင် ချိုမြိန်သော အရသာများ ကျန်ရှိနေသည်။ ဟော်တူက အချိုအရသာကို မနှစ်သက်သူ ဖြစ်သော်လည်း ယခုအချိန်တွင်တော့ ဤချိုမြိန်မှုတွင် စွဲလန်းနစ်မွန်းနေလေသည်။ သူက သူမ၏ နှုတ်ခမ်းများကို ညင်ညင်သာသာ စုပ်ယူနမ်းရှိုက်လိုက်ပြီး ချိုမြိန်သော ခံစားချက်များက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

နောက်ဆုံးတွင် သူ့ပါးစပ်ထဲမှ ချိုမြိန်မှုနှင့် သူ့နှလုံးသားထဲမှ ချိုမြိန်မှုတို့က တစ်ခုနှင့်တစ်ခု ထိတွေ့သွားပြီး ပို၍ထူးကဲသော အရသာကို ဖန်တီးပေးနေသည်။ ဟော်တူက ပြုံးနေပြီး အနမ်းကို ပို၍ နက်ရှိုင်းအောင် ဖန်တီးလိုက်သည်။

လဲ့ကျစ်တစ်ယောက် အံ့အားသင့်နေမိသော်လည်း သူ၏ကိုယ်မှ ထွက်ပေါ်နေသော မှိန်ဖျော့ဖျော့ ပူရှိန်းရနံ့ကို ခံစားနေရသည်။ သူ၏ နှုတ်ခမ်းများက နွေးထွေးနေသော်လည်း အနမ်းများကတော့ အလွန် ပူပြင်းပြင်းထန်လှသည်။ တဖြည်းဖြည်းနှင့် သူမ၏ နှုတ်ခမ်းလေးများလည်း ပူလာပြီး သူ့နှုတ်ခမ်းပေါ်ရှိ အပူချိန်နှင့် လိုက်လျောညီထွေ ဖြစ်သွားရသည်။

ထို့နောက်တွင် သူမ အသက်ရှူမဝလုနီးပါး ဖြစ်လာပြီး တဖြည်းဖြည်း အသက်ရှူကြပ်လာသည်။ ဟော်တူက သူမကို အချိန်မီ လွှတ်ပေးလိုက်သဖြင့် လဲ့ကျစ်က သူမ၏ရင်ဘတ်ထဲမှ အသက်ရှူကြပ်ခြင်း သက်သာသွားစေရန် လေကို အငမ်းမရ ခပ်ပြင်းပြင်းရှူနေရသည်။ သို့သော် သူမ၏ နှလုံးသားလေး လုံးလုံးလျားလျား မငြိမ်သက်နိုင်သေးခင်မှာပင် ရင်းနှီးသော အသက်ရှူသံက ထပ်မံ ထွက်ပေါ်လာပြီး ယခင်ထက်ပင် ပို၍ ပူပြင်းလာပြန်သည်။

ယခင်အနမ်းက အဆုံးသတ်သွားခြင်း မဟုတ်ဘဲ သူက သူမ ခေတ္တ အသက်ရှူရန် အချိန်ပေးခဲ့ခြင်းသာ ဖြစ်သည်။

လဲ့ကျစ်တစ်ယောက် မူးဝေနောက်ကျိနေသည့် ခံစားချက်များကြားထဲမှ တိမ်ပေါ်သို့ လှမ်းတက်နေရသလို ခံစားနေရသည်။ သူမက လေထဲမှ ပြုတ်ကျမသွားစေရန် သူ၏လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

အမိန့်ကို စောင့်မျှော်နေရင်း အဝေးတစ်နေရာတွင် ရပ်နေသော လီယောင်နှင့် လင်းယွဲ့တို့လည်း ထိတ်လန့်သွားကြသည်။ အလှမ်းဝေးကွာနေသော်လည်း ထိုမြင်ကွင်းကို သူမတို့ မြင်နိုင်သေးစသည်။

နောက်ဆုံးတွင် သူမတို့နှစ်ယောက်ကလည်း အိမ်ထောင်မရှိသေးသော မိန်းကလေးများ ဖြစ်ကြပြီး ဤမြင်ကွင်းကို ရုတ်တရက် မြင်လိုက်ရချိန်တွင် ခဏတာမျှ မှင်တက်သွားကြသည်။

'အတူတူ ထမင်းစားနေတာကနေ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ...'

သတိပြန်ဝင်လာချိန်တွင်တော့ နှစ်ယောက်သား အလျင်အမြန် အကြည့်လွှဲလိုက်ကြသည်။

'မကောင်းတာတွေကို မကြည့်နဲ့... မကြည့်နဲ့...'

ထိုအချိန်တွင် ကျင့်ရှင်းက အစေခံအချို့နှင့်အတူ သူမတို့ရှိရာသို့ လျှောက်လာနေသည်။ လီယောင်နှင့် လင်းယွဲ့တို့က နီမြန်းနေသော မျက်နှာများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ကျင့်ရှင်းဆီသို့ အမြန်ပြေးသွားကာ လမ်းပိတ်လိုက်ကြသည်။

“ကျင့်ရှင်း... သခင်မက ငါတို့ကို ရှာနေတယ်၊ လာ... သွားရအောင်၊ အတူတူ သွားကြမယ်”

သူမတို့က ကျင့်ရှင်း ထိုမြင်ကွင်းကို မမြင်စေရန် အတင်းအကျပ် ခေါ်ဆောင်သွားကြသည်။

“ဟေး… နေဦးလေ၊ ငါက အိမ်ရှေ့အလှဆင်တာတွေ စစ်ဆေးဖို့ အိမ်ထိန်းကို ကူညီရဦးမှာ”

ကျင့်ရှင်းတစ်ယောက် ဘာမှ ပြန်မပြောနိုင်ခင်မှာပင် လီယောင်တို့၏ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး လမ်းတစ်ဝက်အထိ ပါသွားရသည်။ သူမ၏ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသဖြင့် သူမ ရုန်းမရဘဲ ထိုနှစ်ယောက်နောက်သို့သာ လိုက်ပါသွားရသည်။ သို့သော် ခဏမျှ လမ်းလျှောက်ပြီးချိန်တွင် ကျင့်ရှင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားခဲ့သည်။

'နေဦး... သခင်မက ပန်းခြံထဲမှာ ထမင်းစားနေတာ မဟုတ်ဘူးလား၊ အခု ငါတို့သွားနေတဲ့ လမ်းကြောင်းက မှားနေတာလား'

.....။........။......

လဲ့ကျစ်ကတော့ သူမ ထိုအနမ်းများကြား၌ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပင် မသိနိုင်တော့ပေ။ သူမ၏ ဦးနှောက်တစ်ခုလုံးက ဖရိုဖရဲ ဖြစ်နေရသည်။ ဟော်တူ၏ လက်ဖဝါးနွေးနွေးက သူမ၏ လည်ပင်းနောက်ဘက်တွင် အသာအယာ ကပ်လျက်ရှိနေပြီး လုံးဝ ဖယ်ခွာသွားခြင်း မရှိပေ။ ထိုထိတွေ့မှုကြောင့် သူမ၏ ကျောပြင်လေးလည်း တောင့်တင်းနေရသည်။

ဟော်တူက မျက်လုံးလေးမှိတ်ကာ ရှက်သွေးဖြာနေသော လဲ့ကျစ်၏ နှင်းဆီရောင် ပါးပြင်များနှင့် နီမြန်းနေသော နှုတ်ခမ်းလေးကို အနီးကပ် စိုက်ကြည့်နေသည်။ သူက လက်ညှိုးလေးဖြင့် သူမ၏ နှုတ်ခမ်းလိုင်းလေးအတိုင်း ညင်သာစွာ ပွတ်သပ်နေရင်း ကျန်ရှိနေသော နွေးထွေးမှုကို ခံစားနေပြန်သည်။ ထို့နောက် သူမ၏ နားရွက်နားသို့ တိုးကပ်ကာ သူ့မျက်နှာကို သူမမျက်နှာဆီသို့ ဖိကပ်လိုက်သည်။

‘စဉ်းစားစရာတောင် မလိုတော့ဘူး၊ သူမရဲ့ ရှက်ရွံ့မှုနဲ့ ပါးပြင်လေးတွေရဲ့ နွေးထွေးမှုက ဒီမင်းသားရဲ့သံသယတွေကို အတည်ပြုဖို့ လုံလောက်နေပြီ။ လူတွေကို ဖြားယောင်းသွေးဆောင်တက်တဲ့ ချစ်စရာကောင်းတဲ့ မြေခွေးလေးက သူများကို သွေးဆောင်ရမယ့်အစား သူမကိုယ်တိုင် သွေးဆောင်ခံလိုက်ရပြီ’

သို့သော် ဟော်တူက လဲ့ကျစ်ကို ဆက်၍ ကျီစယ်ချင်နေသေးသည်။ သူက “ဒီအစ်ကိုတော်က အစားစားနေတဲ့အချိန်မှာ ကြည့်ကောင်းရဲ့လား” ဟု တိုးတိုးလေး မေးချင်နေသေးသည်။

လဲ့ကျစ် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရချိန်တွင် သူက သူမ၏လည်ပင်းကို လက်ဖြင့် တမင်တကာ ပွတ်သပ်ရင်း ထပ်မံ စနောက်လိုက်သည်။

“ဒီအစ်ကိုတော်ရဲ့ လက်နဲ့ ယှဉ်ရင်ရော... ဘာက ပိုကောင်းလဲ”

လဲ့ကျစ်က သူ၏ ထိုကဲ့သို့ ဘလာ ဘလာ ဖြားယောင်းမှုများကို ဆက်သည်းမခံနိုင်တော့ပေ။

'အခုက ပန်းခြံထဲမှာလေ... နေ့ခင်းကြောင်တောင်ကြီး... ဒီအရူးမှာ အရှက်အကြောက်ဆိုတာ လုံးဝ မရှိဘူးလား'

သူမက သူ့ကို တွန်းဖယ်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ထို့နောက် အေးစက်နေသော ကျောက်စားပွဲပေါ်သို့ ခေါင်းလေး မှောက်ချကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေရသည်။

ခဏအကြာတွင် သူမ ပြန်တည်ငြိမ်လာသော်လည်း တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်လာရသည်။ ဤအခြေအနေကို ကျော်လွှားရန် သူမ တခုခု ပြောသင့်သည်ဟုလည်း တွေးနေမိပြန်သည်။ ဟော်တူကတော့ ရှက်နေသည့်ပုံ မပေါ်ဘဲ ရှက်နေသူက သူမတစ်ယောက်တည်းသာ ဖြစ်နေခဲ့သည်။

အတန်ကြာ စဉ်းစားပြီးနောက် လဲ့ကျစ်က သူမ၏အစ်မကို ကုသရန်အတွက် ဟော်တူ ပေးထားသော ဆေးဖက်ဝင်ပစ္စည်းများ ကုန်ခါနီးပြီဖြစ်ကြောင်း သတိရသွားသည်။ သူမက ချောင်းဟန့်လိုက်ပြီး ဘေးသို့ လှည့်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“အင်း... အစ်မအတွက် ဆေးတွေက ကုန်ခါနီးနေပြီ...”

ထိုစကားကို ပြောပြီးမှ လဲ့ကျစ်တစ်ယောက် အနည်းငယ် နောင်တရသွားပြန်သည်။

‘ငါက ဆေးအကြောင်းပြောဖို့အတွက် သူ့ကို တမင်တကာ အတူစားဖို့ ခေါ်လိုက်သလို ဖြစ်နေပြီလား'

သူမက သူမ၏နှုတ်ခမ်းလေးကို ဒေါသတကြီး ပြန်သုတ်လိုက်ပြီး သူ့ကို စိတ်ထဲမှ ကျိန်ဆဲနေမိသည်။

'အားလုံးက သူ့အမှားပဲ... သူက ငါ့ကို ဗရုတ်ဗရက်ဖြစ်အောင် လုပ်လိုက်လို့ ငါ ဘာမှ မတွေးနိုင်ဘဲ စကားတွေ လျှောက်ပြောနေမိတာ'

ထိုအချိန်တွင် သူမ၏ဘေးမှ ဟော်တူက တုတ်ကောက်ကို ယူကာ ထရပ်လိုက်သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ ရပ်သွားသဖြင့် လဲ့ကျစ်က ခေါင်းငုံ့နေရာမှ သတိဖြင့် မော့ကြည့်လိုက်ရာ သူမကို စိုက်ကြည့်နေသော သူ၏ မျက်ဝန်းများနှင့် ဆုံသွားရသည်။

“သွားကြမယ်”

ဟော်တူက အေးအေးဆေးဆေးပင် ပြောလာခဲ့သည်။

“ဆေးသွားယူမယ်”

ဤသည်မှာ သူမကိုပါ အတူတူ ခေါ်သွားမည်ဟု ဆိုလိုခြင်းပင်။

လဲ့ကျစ်က သံသယစိတ်ဖြင့် မတ်တပ်ရပ်လိုက်ပြီး သူ့ဘေးနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူမက အကျင့်ပါနေသည့်အတိုင်း သူမ၏လက်လေးကို မြှောက်ကာ သူ့ကို တွဲရန် ပြင်လိုက်သော်လည်း ထိုလက်က လေထဲတွင် ခဏတန့်သွားပြီးမှ ပြန်ချလိုက်သည်။

ယခင်က သူမတို့နှစ်ယောက် အတူတူ လမ်းလျှောက်သည့်အခါတိုင်း သူမက သူ့ကို အမြဲတမ်း တွဲပေးခဲ့သည်။ သို့သော် ယခုနောက်ပိုင်း သူ့လက်ကို ကြည့်မိတိုင်း သူမ အနည်းငယ် ရှက်သွေးဖြာနေမိသည်။

သူမ၏ တုံ့ဆိုင်းနေသော လှုပ်ရှားမှုလေးများကို ကြည့်ရင်း ဟော်တူ၏မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားသည်။ သူက မကျေမနပ်ဖြစ်သွားဟန်ဖြင့် လက်ကို ဆန့်ထုတ်ကာ ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

“ကိုင်ထား”

ရုတ်တရက် ပြောင်းလဲသွားသော သူ့စိတ်ခံစားချက်ကြောင့် လဲ့ကျစ် အံ့အားသင့်သွားရပြီး သူမ၏နှုတ်ခမ်းကို တင်းတင်းဖိကာ သူ့လက်ကို ညင်ညင်သာသာ ဆုပ်ကိုင်လိုက်သည်။ သို့သော် ဟော်တူက သူမ၏ ထိရုံရုံမျှ ဆုပ်ကိုင်ထားမှုကို အားမရသည်မှာ ထင်ရှားနေလေသည်။

သူက သူ့လက်ဖဝါးကို အနည်းငယ်လှည့်ကာ ရှည်လျားသော လက်ချောင်းများကို လဲ့ကျစ်၏ လက်ချောင်းများကြားသို့ ထိုးသွင်းယှက်နွယ်လိုက်သည်။ ထို့နောက် လက်ဆယ်ချောင်းလုံး ထပ်တူကျသွားသည်အထိ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

နှစ်ယောက်သား တံခါးဝဆီသို့ အတူတူ လျှောက်သွားကြသည်။ လဲ့ကျစ်က သူ့ခြေလှမ်းအတိုင်း လိုက်ပါရင်း ယှက်နွယ်ထားသော လက်အစုံကို ငုံ့ကြည့်မိသည်။ သူမက ပေါ့ပေါ့ပါးပါးလေးသာ ဆုပ်ကိုင်ထားသော်လည်း ဟော်တူကတော့ သူမကို လက်လွှတ်မခံလိုသလို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ထိုခံစားချက်က သူမ၏ နှလုံးသားကိုပါ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရသလို ခံစားရစေသည်။

သူမက ရှက်ကိုးရှက်ကန်းနှင့် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထိုသို့ မော့ကြည့်လိုက်စဉ်မှာပင် ထူးထူးခြားခြား အနီရောင်တောက်နေသည့် ဟော်တူ၏ နားရွက်ဖျားလေးကို မတော်တဆ တွေ့လိုက်ရသည်။ သူမ မျက်တောင်လေး ပေကလပ်ပေလလပ် ဖြစ်သွားရပြီး နီရဲနေသည့် သူ့နားရွက်ကို သေသေချာချာ ကြည့်လိုက်မိသည်။

ထိုအရာက သူမ၏ ရှက်ရွံ့မှုများကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေသည်။

'ဒီလူလည်း ငါ ထင်ထားသလောက် မတည်ငြိမ်နိုင်တာ ထင်ရှားနေတာပဲ'

‘သူ့မျက်နှာကို အနီးကပ် မကြည့်ရသေးပေမယ့် သူ့နားရွက်လေးတွေကတော့ သူ့စိတ်ခံစားချက်ကို ဖော်ပြနေပြီ’

'ဒါဆို သူလည်း ရှက်နေတာပေါ့ ဟုတ်လား...'

ဟော်တူ၏ လျှို့ဝှက်ထားသော ထိုခံစားချက်လေးကို သိလိုက်ရပြီးနောက် လဲ့ကျစ်၏နှလုံးသားတွင် နားမလည်နိုင်သော ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ သူမက ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်ထားသော လက်ကလေးကိုပင် မသိစိတ်မှ တင်းကျပ်လိုက်မိသည်။ သူမ၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားပြီး နူးညံ့သောအပြုံးတစ်ခုက သူမ၏မျက်လုံးများကို ဝင်းပလာစေသည်။

......။.........။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : ဇနီးလေးရေ... ကိုယ် ကောင်းကောင်းမွန်မွန် နမ်းခဲ့ရဲ့လား။

ကျစ်ကျစ် : အဝတ်ကို သေချာဝတ်ထား!!!

*

လင်းယွဲ့ နဲ့ လီယောင် : မိုက်တယ်ဟေ့.... CPစာတမ်းကိုင်ထားကြတော့!!!

ကျင့်ရှင်း : ငါ ဘာတွေ လွတ်သွားတာလဲ!!

All Chapters