ကောင်းကင်ဘုံနွားထီး၏ တတိယမြောက်သွေးကြောနေရာ
Vol. 138 Ch. 1908
ပင်မနေရာခုနစ်ခု(ကောင်းကင်ဘုံနွားထီး၏ အဓိကသွေးကြောခုနစ်ခု)၌ ဖြစ်စေ၊ ဆေးလုံးပင်လယ်တွင် ဖြစ်စေ မဟာစိတ်ဝိညာဉ်ကလန်၏ တပည့်များ ရှိနေပေ၏။
မဟာစိတ်ဝိညာဉ်ကလန်ကသာ ဂရုစိုက်ပါက ဆေးလုံးပင်လယ်မှာ လွယ်လင့်တကူ သန့်စင်ခြင်း ခံခဲ့ရလိမ့်မည် မဟုတ်ပေ။ အစိမ်းရောင်မိစ္ဆာကုန်းမြေသည် အစွမ်းထက်သော်လည်း သူတို့က မဟာစိတ်ဝိညာဉ်ကလန်၏ ပထမမျိုးဆက်ဘိုးဘေးကို ရှေ့ဖြစ်ဟောခြင်းတွင် မယှဉ်နိုင်ကြပေ။
အကြောင်းမှာ ပထမမျိုးဆက်ဘိုးဘေးက ခုလက်ရှိ အင်ပါယာဆရာသခင်နှင့် ကျောင်းတော်အတူတူမှ လာခဲ့ခြင်းကြောင့် ဖြစ်၏။ ရှေးအချိန်များက တာအိုအမွေဆက်ခံသူတစ်ယောက် ဖြစ်ခဲ့သောကြောင့်ပင်။
အရှင်ကုန်းနျန်သည် ဝမ်လင်းတစ်ယောက်တည်းကို ကျောက်စိမ်းပြားပေးခဲ့ခြင်း မဟုတ်၊ မဟာစိတ်ဝိညာဉ်ကလန်၏ စုစုပေါင်းအကြီးအကဲလေးယောက်ထံ ပေးခဲ့ခြင်းပင်။
ထိုကျောက်စိမ်းပြားကို သိမ်းဆည်းကာ ဝမ်လင်းက ထရပ်လိုက်၏။ ထို့နောက် သူသည် ဒီတောင်ထံမှ တည်ငြိမ်စွာ လှမ်းလာတော့သည်။ သူ ထွက်ခွာလာသည့်အခိုက်၌ တောင်ပေါ်ရှိ မီးပင်လယ်သည် သူ၏နောက်တွင် စုဝေးကာ သူ့အနှစ်သာရအစစ်အမှန်ခန္ဓာအဖြစ် ဖြစ်ပေါ်သည်။ ၎င်းက တဖြည်းဖြည်း သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ ပျောက်ကွယ်သွားလေသည်။
ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ မဟာစိတ်ဝိညာဉ်ကလန်၏ ဝင်ပေါက်ထံသို့ ပျံသန်းလာတော့သည်။
သူ၏နောက်တွင်လည်း ဝမ်လင်းနှင့်အတူ ဝင်ပေါက်ထံ ဦးတည်နေသော အလင်းတန်းတစ်ခု ကပ်ပါလာ၏။
သူတို့နှစ်ယောက်က အလွန်မြန်ပေသည်။ သို့ပေမည့် ဝမ်လင်း၏နောက်မှ အလင်းတန်းက သူ့ကို ကျော်သွားကာ သူ့ရှေ့ ခြေတစ်လှမ်းအကွာတွင် အစိမ်းရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက်၏အသွင် ပေါ်ထွက်လာသည်။
ထိုသူက သာမန်အသွင်သာ ရှိ၏။ သူက လာနေသော ဝမ်လင်းထံ လှည့်၍ ကြည့်သည်။
ထိုသက်လတ်ပိုင်းလူက ဝမ်လင်းကို လေးလေးနက်နက် ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “အကြီးအကဲဝမ်…ငါက လုဝမ်ရန်ပဲ…”
ဝမ်လင်းသည် တည်ငြိမ်စွာ ခြေချကာ သက်လတ်ပိုင်းလူကို ကြည့်သည်။
“အကြီးအကဲလုကို ကျုပ် မသိဘူး…”
ဝမ်လင်း မဟာစိတ်ဝိညာဉ်ကလန်၌ ရှိနေစဉ်အချိန်အတောအတွင်း သူက တချို့မွန်းစတားအိုများကလွဲ၍ အကြီးအကဲအများစု၏ အထင်ကြီးကို ရရှိထားခဲ့၏။ သို့သော် အခုက ထိုသက်လတ်ပိုင်းလူနှင့် သူ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပင်။
“ဟားဟား…ငါက ဘိုးဘေးကြောင့် တနေရာကို ရောက်နေခဲ့ပြီး ခုမှ ပြန်ရောက်လာခဲ့တာ။ ဒါ့ကြောင့် အကြီးအကဲဝမ်က ငါ့ကို မသိတာ မဆန်းပါဘူး…”
သူတို့ အပြန်အလှန် စကားဆိုနေစဉ်အတွင်း နောက်ထပ် အလင်းတန်းနှစ်ခုသည် ကလန်ထံမှ ရောက်ရှိလာပြီး အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ပေါ်လာသည်။ အမျိုးသမီးဖြစ်သူက ယန်လုပင်။ လူငယ်အမျိုးသားကတော့ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည်။
“ယန်လုက အကြီးအကဲ လုကို နှုတ်ဆက်ပါတယ်။ အကြီးအကဲလုပါ ငါတို့နဲ့ လိုက်ပါလိမ့်မယ်လို့ ငါ မထင်ထားမိဘူး…” ယန်လုနှင့် လုဝမ်ရန်တို့သည် တစ်ယောက်နှင့်တစ်ယောက် သိထားပြီး ဖြစ်ကာ အပြန်အလှန် ပြုံး၍ နှုတ်ဆက်ကြ၏။
“အကြီးအကဲ ယန်လုနဲ့ အကြီးအကဲ ရှုတန်သဲတို့က ငါနဲ့အတူ သွားရောက်မှာဟာ ဂုဏ်ယူစရာပါဘဲ…”
“အကြီးအကဲလုကို နှုတ်ဆက်ပါတယ်…” တာအိုဝတ်ရုံနှင့်လူငယ်က တည်ငြိမ်စွာ ရှိနေပြီး သူက လုဝမ်ရန်ထံ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်၏။ ထို့နောက် သူက စကားထပ်မဆိုတော့ပေ။ သူက အေးဆေးနေတတ်ပုံ ရ၏။
ဝမ်လင်းက ထိုသုံးယောက်ကို ကြည့်လိုက်သည်။ သူတို့ထဲတွင် အားအနည်းဆုံးမှာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ပင်။ လုဝမ်ရန်ဟူ အမည်ရသော သက်လတ်ပိုင်းလူကတော့ လေဟာနယ်အတိဒုက္ခအလယ်အဆင့်တွင် ရှိနေ၏။
ထိုသုံးယောက်ဖြင့်ပင် အစွမ်းထက်အင်အားစုတစ်ခု ဖြစ်နေခဲ့လေပြီ။ သူတို့နှင့် ယှဉ်ပါက ဝမ်လင်း၏ စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့် ကျင့်ကြံမှုမှာ အမှန်တကယ် မယှဉ်သာပေ။
ဝမ်လင်းက သူတို့သုံးယောက်ကို စူးစမ်းစဉ်မှာပင် ယန်လုကလွဲ၍ ကျန်နှစ်ယောက်ကလည်း ဝမ်လင်းကို စူးစမ်းကြည့်၏။ သည်မျှအချိန်တိုအတွင်း ဝမ်လင်းသည် မဟာစိတ်ဝိညာဉ်ကလန်၌ ကျော်ကြားမှု ရရှိနေခဲ့ပြီ ဖြစ်၏။
ရှုတန်သဲက ဝမ်လင်းကို ကြည့်၍ သူ့ဟာသူ တွေးလိုက်သည်။ “ဝိညာဉ်ကျမ်းစာအဆောက်အဦရဲ့ ခုနစ်ထပ်နဲ့ ရှစ်ထပ်မြောက်ကို ဝင်ရောက်နိုင်တဲ့ တစုံတစ်ယောက်ကို လျှော့တွက်လို့ မရဘူး…”
“ဒါ့အပြင် ဒီလူဟာ ဆေးလုံးပင်လယ်ကနေ ဘေးကင်းကင်းထွက်လာနိုင်ပြီး ကောင်းကင်ဘုံဆေးလုံးကိုပါ ပေါက်ကွဲစေနိုင်ခဲ့သေးတယ်။ ငါ သူ့ကို အခု အပေါ်ယံမြင်ရသလောက်နဲ့ ဆုံးဖြတ်လို့ မဖြစ်ဘူး။ ဒါ့အပြင် ဆေးလုံးပင်လယ်ကနေ ပြန်လာတဲ့ သူ့အမြန်နှုန်းကလည်း အံ့အားသင့်ဖွယ် ကောင်းနေပြီ…”
လုဝမ်ရန်ကလည်း ဝမ်လင်းကို ကြည့်၏။ သူသည်လည်း ဆေးလုံးပင်လယ်ကနေ ပြန်ရောက်လာခဲ့သူ ဖြစ်သည်။ သို့သော် သူက ဆရာဦးလေးမုန့် ပိုင်ဆိုင်သည့် ပထမမျိုးဆက်ဘိုးဘေး၏ အလွန်ဆန်းကြယ်သော ရတနာများထဲမှ တစ်ခု ဖြစ်သည့် တိမ်လှေနှင့် ပြန်လာခဲ့ခြင်း ဖြစ်၏။ ၎င်းတိမ်လှေ၏ အမြန်နှုန်းက အံ့မခန်း မဟုတ်လား။
“ကောင်းပြီ….လူတိုင်း ဒီမှာ ရှိနေပြီပဲ။ ငါတို့ရဲ့ တာဝန်က ကောင်းကင်ဘုံနွားထီးရဲ့ တတိယမြောက်သွေးကြောနေရာကို သွားရောက်ပြီး အစိမ်းရောင်မိစ္ဆာကုန်းမြေရဲ့ ကျူးကျော်မှုကို စောင့်ကြပ် တားဆီးဖို့ပဲ…။ ဒီခရီးစဉ်ဟာ အသက်အန္တရာယ် ရှိနိုင်ပြီး ကြိုခန့်မှန်းလို့ မရနိုင်ဘူး။ ဒါ့ကြောင့် လူတိုင်း ဂရုစိုက်သင့်တယ်…”
လုဝမ်ရန်က ဝမ်လင်းနှင့်တခြားနှစ်ယောက်ထံ လက်နှစ်ဖက်ဆုပ်ကာ ထိုသို့ ပြောလာသည်။
ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။ ယန်လုနှင့် ရှုတန်သဲတို့သည်လည်း စကားပြန်မဆိုဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။ သူတို့လေးယောက်သည် မဟာစိတ်တိညာဉ်ကလန်ကနေ မြန်ဆန်စွာ ထွက်ခွာလာကြတော့၏။
သူတို့အုပ်စုကဲ့သို့ပင် တခြားအဖွဲ့များကလည်း မဟာစိတ်ဝိညာဉ်ကလန်ကနေ ထွက်လာခဲ့ကြပြီး ဖြစ်သည်။ သူတို့အားလုံးက တည်နေရာအမျိုးမျိုးကို စောင့်ကြပ်ဖို့ ဘိုးဘေး၏ အမိန့်ပေးမှုကို လက်ခံရရှိပြီး ဖြစ်သည်။
ဝမ်လင်းတို့ လေးယောက်သည် အလွန်မြန်လှ၏။ အထူးသဖြင့် လေဟာနယ်အတိဒုက္ခအလယ်အဆင့်သို့ ရောက်နေသော လုဝမ်ရန်ပင်။ သူသည် မိုးကြိုးတန်းအလား မြန်ဆန်စွာ ရွှေ့လျားနေသည်။
ယန်လုနှင့် ရှုတန်သဲတို့နှစ်ယောက်မှာလည်း လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်တွင် ရှိကြသူများဖြစ်၍ သူတို့က မနှေးပေ။
ဝမ်လင်း၏အမြန်နှုန်းက သူတို့ကို ရေရှည်တွင် မယှဉ်သာပေ။ ဝမ်လင်း၏မျက်လုံးက ဖြတ်ခနဲ လင်းလက်သွားကာ သူက ခြင်သားရဲကို ဆင့်ခေါ်လိုက်၏။ သူသည် ခြင်သားရဲ၏ ကျောပေါ်တွင် ထိုင်ကာ ရှေ့သို့ ဦးတည်လေ၏။
ခြင်သားရဲ ပေါ်လာသည့်အခိုက်တွင် တခြားသုံးယောက်က လှမ်းကြည့်လာ၏။ သူတို့က ထိုခြင်သားရဲသည် သာမန်မဟုတ်တာကို သတိပြုမိ၏။
လုဝမ်ရန်က ပြုံး၍ မေးလိုက်သည်။ “အကြီးအကဲဝမ်…သင့်သားရဲရဲ့ အမြန်နှုန်းက လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့တောင် ယှဉ်နိုင်တယ်။ သင် ဒီသားရဲကို ဘယ်နေရာကနေ ရရှိခဲ့တာလဲ ငါ သိချင်မိတယ်…”
သူ ထိုသို့ ပြောလိုက်သည့်အခါ ယန်လုနှင့်ရှုတန်သဲတို့ကလည်း အာရုံ စစိုက်လာသည်။
“ငါ ဒီသားရဲကို ငါ့မွေးရပ်မြေကနေ ရလာခဲ့တာပါ…” ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ခပ်တိုတိုသာ ပြန်ပြောလိုက်သည်။
“အို…အကြီးအကဲဝမ်ရဲ့ မွေးရပ်မြေက ဘယ်နေရာမှာလဲကော ငါ သိလို့ရမလား…”
လုဝမ်ရန်က စိတ်ဝင်စားဟန်အကြည့် လှစ်ဟဖော်သည်။
“အကြီးအကဲလု…” ဝမ်လင်းက မျက်မှောင်ကြုတ်သွားကာ လုဝမ်ရန်ထံ လှမ်းကြည့်သည်။
လုဝမ်ရန်သည် သူ စကားပြောမှားသွားသလို ခံစားမိကာ ပြုံးလိုက်၏။ သူက မေးခွန်းများမေးခြင်းကို ရပ်လိုက်သည်။ သို့ပေမည့် စိတ်ထဲတွင်တော့ သူက နှာခေါင်းရှုံ့လိုက်၏။
သူတို့လေးယောက်သည် တလမ်းလုံး တိတ်ဆိတ်စွာ ရှေ့ဆက်လာကြ၏။ ခုနစ်ရက်မြောက်ပြီးနောက် လုဝမ်ရန်က သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားကို အနီးကပ်သေချာ ကြည့်ပြီးနောက် သူက အောက်ဘက်သို့ လက်ညွှန်လိုက်သည်။
“ဒီနေရာပဲ…။ ဒီနေရာဟာ မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ပထမမျိုးဆက်ဘိုးဘေး ဖန်တီးထားခဲ့တဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုပဲ။ ဒါက တတိယမြောက်သွေးကြောနေရာနဲ့ အနီးဆုံးကို ပို့ဆောင်ပေးနိုင်တယ်။ ဒါကို လက်လွတ်စပယ် အသုံးပြုလို့ မရဘူး။ ဒါပေမဲ့ တတိယမြောက်သွေးကြောနေရာဆီ ရောက်ဖို့ ဘိုးဘေးရှိကနေ ငါ ဒါကို အသုံးပြုနိုင်တဲ့ ခွင့်ပြုချက် ရခဲ့ပြီးပြီ…”
လုဝမ်ရန် ထိုသို့ ပြောလိုက်ပြီးနောက် သူက တဟုန်ထိုး စုန်ဆင်းလိုက်သည်။
အောက်ဘက်တွင် တောင်တလုံး ရှိနေပေသည်။ လုဝမ်ရန်က တောင်များအတွင်းရှိ တောင်းကြားတစ်ခုထဲသို့ ဝင်ရောက်လာသည်။ ဝမ်လင်းတို့ သုံးယောက်က နောက်မှ လိုက်ပါလာသည်။
တအောင့်အကြာတွင် ထိုတောင်ကြားထံမှ ဖိအားတစ်ခု မြင့်တက်လာပြီး ကြောက်မက်ဖွယ်တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ တလျှံလျှံတောက်ပသောအလင်း ပေါက်ကွဲထွက်လာပြီး နာရီဝါမျှအကြာတွင် ပြန်လွင့်ပြယ်သွားသည်။
တောင်ကြားအတွင်း၌ မည်သူမျှ ရှိမနေပေ။ လပေါင်းများစွာ အချိန်ပေး သွားရောက်ရမည့် အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်တွင် လောကသည် တွန့်ခေါက်ပုံပျက်ကာ တိမ်စိုင်များ တဝီဝီလည်ပတ်သည်။ ဝမ်လင်းတို့လေးယောက် အုပ်စုက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြကာ အလင်းတို့ တောက်ပနေလေသည်။
ထိုအလင်း ပျောက်ကွယ်သွားချိန်၌ ဝမ်လင်းသည် မဟာစိတ်ဝိညာဉ်ကလန် ရှိရာသို့ လှည့်ကြည့်၏။ သူ၏မျက်လုံးထံမှ လေးနက်သောအကြည့် လှစ်ဟပေါ်သည်။
“ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က တကယ် ထည်ဝါလှတာပဲ…” ဝမ်လင်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ ရှိနေခြင်းအပေါ် အံ့အားမသင့်ပေ။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက ကြီးမားလွန်းလှ၏။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များသာ မရှိပါက ခရီးသွားလာဖို့ အချိန်ကြာမြင့်စွာ ကုန်ဆုံးရပေလိမ့်မည်။
“တခြားကုန်းမြေတွေကြားမှာလည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် တစ်ခုခု ရှိနိုင်လား ငါ သိချင်မိတယ်။ တည်ရှိခဲ့မယ်ဆိုရင်တောင် အဲ့လိုအစီအရင်တွေကို အသက်သွင်းဖို့ဟာ အလွန် ခက်ခဲလိမ့်မယ်…”
လုဝမ်ရန်၏ လက်ထဲရှိ ကျောက်စိမ်းပြားမှာ သူ ထုတ်ယူပြီးနောက် တစစီ ဖြစ်သွား၏။ ဝမ်လင်းသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုကို အသက်သွင်းနိုင်အောင် ထောက်ပံ့ပေးနိုင်သော ထိုကျောက်စိမ်းပြားအတွင်း၌ မည်သည့်အရာ ရှိသည်ကို မသိပေ။ သူက မဟာစိတ်ဝိညာဉ်ကလန်၌ ထိုသို့ ကျောက်စိမ်းပြား များများစားစား မရှိနိုင်တာကိုတော့ သေချာသိပေသည်။
အကြောင်းကား တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များသည် အရေးတကြီးအခိုက်အတန့်၌သာ အသုံးပြုနိုင်မည် ဖြစ်၏။ သည်လို တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် အသက်သွင်းရာ၌ ကုန်ကျစရိတ်မျိုးက ကလန်တစ်ခုအတွက်ပင် များများစားစား တောင့်ခံနိုင်သည့်အရာ မဟုတ်လေပေ။
အမှန်တော့ ဝမ်လင်း၏ထင်မြင်ချက်က ဟုတ်ပေ၏။ မဟာစိတ်ဝိညာဉ်ကလန်၌ ထိုသို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များ ပိုင်ဆိုင်ထားပေသည်။ သို့ပေမည့် အသက်သွင်းတိုင်း ကုန်ကျစရိတ်ရင်းမြစ်က ကြီးမားလွန်းလှ၏။ မဟာစိတ်ဝိညာဉ်ကလန်၌ ရင်းမြစ်များစွာ ပိုင်ဆိုင်သော်ငြားလည်း သူတို့က နှစ်ပေါင်းတစ်သောင်းအတွင်း အကြိမ်တစ်ရာထက်ပိုပြီး ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်များကို အသက်မသွင်းနိုင်ကြပေ။
ဝမ်လင်းတို့ လေးယောက် ပေါ်လာသည့်အချိန်၌ ညနေချိန်ခါ ဖြစ်နေလေပြီ။ ရွှေရောင်နေအလင်းက မြက်ခင်းပေါ် ပက်ဖြန်းတောက်ပနေပြီး အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်သည် ကိုယ်ပိုင်အလှတရားကို ပေးစွမ်းနေချေသည်။
“ဒါဟာ တတိယမြောက်သွေးကြောရဲ့ တည်နေရာပဲ။ မဟာစိတ်ဝိညာဉ်ကလန်က ဒီနေရာမှာ မြေအောက်နန်းတော်တစ်ခု တည်ဆောက်ထားတယ်။ ဒီနေရာက လေလွင့်ကျင့်ကြံသူတွေဖြစ်ကြပေမယ့်လည်း အနီးအနား ကလန်တွေက ကျင့်ကြံသူတွေလည်း ဒီမှာ ရောက်နေလောက်ပြီ…”
လုဝမ်ရန်က ထိုသို့ ပြောလိုက်ပြီးနောက် ရှေ့သို့ လှမ်းကာ မြေကြီးအတွင်း ပျောက်ကွယ်သွားသည်။
ယန်လုနှင့် ရှုတန်သဲတို့ကလည်း နောက်မှ လိုက်ပါ ပျောက်ကွယ်သွားကြ၏။ ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူလည်း မြေပြင်အတွင်း ပျောက်ကွယ်သွားလေသည်။
သူတို့လေးယောက်က မြေအောက်တွင် မြန်ဆန်စွာ ရွှေ့လျားနေကြပြီး သိပ်မကြာခင်တွင် မြေအောက်အတွင်းနက်ပိုင်း၌ တူးထားသော ဧရာမလှိုဏ်ဂူကြီးတစ်ခုကို လှမ်းမြင်ရသည်။ လှိုဏ်ဂူဆိုတာထက် ၎င်းက နန်းတော်များ စုဝေးနေသော နေရာကြီးတစ်ခုနှင့် ပိုတူသည်။
ထိုနန်းတော်အစုအဝေး အပြင်ဘက်တွင် အကာအကွယ် အတားအဆီးအလွှာများ ရှိသည်။ မဟာစိတ်ဝိညာဉ်ကလန်၏ အကြီးအကဲများ ဖြစ်ကာ ဝင်ရောက်ဖို့ တုန်ကင်များ ပိုင်ဆိုင်ခြင်းကြောင့်သာ မဟုတ်ပါက သူတို့သည် ဒီနန်းတော်ဝန်းသို့ ဝင်ရောက်ဖို့ ခက်ခဲပေလိမ့်မည်။
ထိုနန်းတော်အုပ်စုအတွင်း၌ ကျင့်ကြံသူတစ်သောင်းနီးပါး ရှိ၏။ အများစုက အနီးအနားကလန်များမှ ဖြစ်ကြသည်။ သို့မဟုတ် လေလွင့်ကျင့်ကြံသူများ ဖြစ်ကြ၏။ မဟာစိတ်ဝိညာဉ်ကလန်မှ အမိန့်လက်ခံရရှိပြီးနောက် သူတို့က ဒီနေရာသို့ အလျင်စလို အရောက်လာခဲ့ကြခြင်းပင်။
ဝမ်လင်းတို့လေးယောက်အုပ်စုက နီးကပ်လာချိန်၌ နန်းတော်များထံမှ အားပါးတရရယ်မောသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ အလင်းတန်းသုံးခု နီးကပ်လာချိန်၌ အဘိုးအိုသုံးယောက်အသွင် ပေါ်လာကာ သူတို့က လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လာသည်။
“အစ်ကိုလု…ငါတို့ နောက်ဆုံးတွေ့ခဲ့တာ နှစ်ပေါင်းတစ်ထောင်လောက် ရှိခဲ့ပြီ။ နောက်ဆုံးတော့ သင် ရောက်လာခဲ့ပြီပဲ…”
“အစ်ကိုကျိုး…ဘိုးဘေးရဲ့ အမိန့်ရပြီးတဲ့နောက် ငါ ဒီကို အလျင်စလို ရောက်လာခဲ့တာပဲ။ အစိမ်းရောင်မိစ္ဆာကလန်က ကျင့်ကြံသူတွေ ရောက်မလာကြသေးတာ တော်သေးတာပေါ့…”
လုဝမ်ရန်က ထိုအဘိုးအိုကို တွေ့သည့်အခါ ပြုံး၍ သူတို့က စကားစမြည် ပြောကြသည်။
တခြားအကြီးအကဲနှစ်ယောက်ကလည်း ယန်လုနှင့် ရှုသဲတန်တို့ထံ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။
ထိုအဘိုးအိုသုံးယောက်က ဝမ်လင်းကိုတော့ ခေါင်းသာညိတ်ပြ၏။ အကြောင်းမှာ ဝမ်လင်း၏ကျင့်ကြံမှုက သူတို့၏အမြင်တွင် မထိုက်တန်သောကြောင့်ပင်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ ထိုအဘိုးအိုသုံးယောက်၏ ကျင့်ကြံမှုက မဆိုးလှပေ။ သူတို့ထဲမှ နှစ်ယောက်သည် ဆန်းကြယ်လေဟာနယ်အလယ်အဆင့်တွင် ရှိပြီး လုဝမ်ရန်ကို နှုတ်ဆက်သော အဘိုးအိုကျိုးကတော့ ကျင့်ကြံမှုအဆင့် အနည်းငယ် ပိုမြင့်မားနိုင်၏။ သူက ဆန်းကြယ်ဒုက္ခခြောက်ဆင့်၊ခုနစ်ဆင့်လောက် ကျော်ဖြတ်ပြီးခဲ့သူ ဖြစ်နိုင်လောက်၏။ တုချင်းနှင့် အဆင့်တူလောက်တွင် ရှိလောက်မည်။
“မင်းတို့အားလုံးက ယန်လုနဲ့အကြီးအကဲရှုတို့ကိုတော့ တွေ့ဖူးကြလောက်မှာပါ။ ဒါကတော့ ခုမှ ငါတို့ မဟာစိတ်ဝိညာဉ်ကလန်ကို ဝင်ရောက်လာခဲ့တဲ့ အကြီးအကဲဝမ်ပါ။ သူက အစိမ်းရောင်မိစ္ဆာကုန်းမြေက ကျင့်ကြံသူတွေကို တိုက်ခိုက်ဖို့ ငါတို့ကို လာကူပေးတဲ့သူပဲ…”
လုဝမ်ရန်က ဝမ်လင်းနှင့် ထိုအဘိုးအိုသုံးယောက်ကို မိတ်ဆက်ပေးလိုက်သည်။
အနီးအနားရှိ တခြားကလန်မှလူများစွာလည်း ရှိနေကြ၏။ သူတို့အားလုံးက လုဝမ်ရန်နှင့် တခြားသူများကို လေးစားသမှုနှင့် ကြည့်နေသည်။
လုဝမ်ရန်၏ မိတ်ဆက်ပေးမှုကို ကြားသည့်အခါ သူတို့သုံးယောက်သည် တုန်လှုပ်ကာ ဝမ်လင်းကို လှမ်းကြည့်၏။ သူတို့က ဝမ်လင်းသည် တပည့်တစ်ယောက်သာ ဖြစ်မည်ဟု ထင်ထားခဲ့ကြ၏။ သို့ပေမည့် အခုတော့ ဝမ်လင်းက အကြီးအကဲတစ်ယောက် ဖြစ်နေချေသည်။
သူတို့အားလုံးက လက်နှစ်ဖက်ဆုပ်ကာ ယဉ်ကျေးမှုအရ ပြုံး၍ နှုတ်ဆက်သည်။ သို့ပေမည့် ထိုသို့ ပြုလုပ်ပြီးနောက် သူတို့သည် ဝမ်လင်းကို လစ်လျူရှုပြီး ယန်လုနှင့် တခြားနှစ်ယောက်ကိုသာ စကားဆက်ပြောကြသည်။