← Chapters

အခန်း (၅၈-၅၉)

Vol. 6 Ch. 58-59

အခန်း (၅၈-၅၉)

Vol. 6 Ch. 58-59

အခန်း ၅၈ အမွှာ

လဲ့ကျစ်က မြင်းခွာသံများကို နားစွင့်ရင်း ရွေ့လျားနေသော ရထားလုံး၏ ကန့်လန့်ကာထောင့်မှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်နေသည်။

မြို့တံခါးမှ ထွက်လာပြီးနောက်တွင် ပြင်ပမှ ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့ချေပြီ။ မြို့ပြင်ရှိ မြက်တောများဆီမှ လေတိုးသံသာ ကြားနေရပြီး ရထားလုံးအတွင်း၌ စိုးရိမ်စရာ တိတ်ဆိတ်မှုတစ်ခု စိုးမိုးထားသည်။

လဲ့ကျစ်က အပြင်သို့ ကြည့်နေသည့်အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ဘေးနားရှိ ဟော်တူကို ကြည့်လိုက်ပြန်သည်။ သူ၏ အမူအရာက တစ်စထက်တစ်စ ပို၍ အေးစက်လာသည်ကို သူမ သတိပြုမိသလို၊ သူမကို ဆုပ်ကိုင်ထားသော သူ၏ လက်အစုံမှာလည်း အေးစက်နေသည်။ သူက စကားတစ်ခွန်းမှ မပြောသော်လည်း ယခု သွားနေသည့် ဦးတည်ရာကို သူ အလွန်အမင်း ရွံရှာနေကြောင်း လဲ့ကျစ် သိသိသာသာ ခံစားနေရသည်။

သူမက မသိစိတ်ဖြင့် သူ့လက်ကို ပြန်လည်ဆုပ်ကိုင်ပေးလိုက်ရင်း တိုးတိုးလေး မေးလိုက်သည်။

“အဲ့ဒီဆေးယူမယ့်နေရာကို... အရှင့်သား မသွားချင်ဘူးမလား၊ ဒါဆို ဘာလို့ ကျွန်မကို အန်းရွှယ်နဲ့ပဲ သွားခွင့်မပေးရတာလဲ”

ထိုအချိန်မှသာ ဟော်တူ၏ မျက်ဝန်းများတွင် အပြုံးအရိပ်အယောင် အနည်းငယ် ပြန်ပေါ်လာပြီး အနည်းငယ် တောက်ပလာသည်။ သူမက သူ၏ စိတ်အခြေအနေကို ဤမျှအထိ အာရုံခံနိုင်စွမ်း ရှိသည်ကို တွေးမိကာ ဟော်တူတစ်ယောက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

‘အခုဆိုရင် ငါ သူမရှေ့မှာ ဘယ်လိုမှ ဟန်ဆောင်လို့ မရတော့ဘူး။ သူမက ငါ့ကို ပို ပိုပြီး နားလည်လာပြီ၊ ငါ့ရဲ့ အတွင်းစိတ်ထဲအထိ အလွယ်တကူ မြင်နိုင်နေပြီ’

သူက ခေါင်းကို အနည်းငယ်ငုံ့ကာ ခပ်ပေါ့ပေါ့ ပြန်ပြောလိုက်သည်။

“သိပ်မတွေးနဲ့”

ထိုစကားကြောင့် လဲ့ကျစ်လည်း ဆက်မမေးတော့ဘဲ ငြိမ်သက်သွားသော်လည်း သူမ၏စိတ်ထဲတွင် အတွေးများက ဆက်လက် ဝေ့ဝဲနေဆဲပင်။ ဟော်တူက လဲ့ကျစ်၏ မျက်ဝန်းအောက်ရှိ ညိုညစ်ညစ် အဝိုင်းများကို အနီးကပ် ကြည့်နေပြန်သည်။ ဂရုတစိုက် မကြည့်လျှင် မသိသာသော်လည်း သူမ အတွေးလွန်ကာ စိတ်ဖိစီးနေပြီး ညဘက်တွင် ကောင်းကောင်းအိပ်မပျော်မှန်း သူ သိ‌နေခဲ့သည်။ သူမ စားမည့်ဟင်းများထဲသို့ သူ ဆေးဖက်ဝင်အပင်များကို တိတ်တဆိတ် ထည့်ပေးထားသော်လည်း သူမ၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို မဖြေရှင်းနိုင်သရွေ့ သူမ၏ အခြေအနေ ပြန်ကောင်းမွန်လာရန် ခက်ခဲနေဦးမည် ဖြစ်သည်။

သူက သက်ပြင်းတစ်ချက်ချကာ သူမကို ဆုပ်ကိုင်ထားသည့် လက်ကို လွှတ်လိုက်ပြီး သူမ၏ပုခုံးကို ဖက်ကာ သူမ၏ခေါင်းလေးကို သူ့ပုခုံးပေါ်သို့ မှီထားစေလိုက်သည်။

လဲ့ကျစ် အတွေးနယ်ချဲ့နေမိရာမှ သတိပြန်ဝင်လာချိန်တွင် ဟော်တူ၏ ရင်ခွင်ထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမနှင့် ဟော်တူကြားမှ ဆက်ဆံရေးက ယခုကဲ့သို့ ပြောင်းလဲသွားသည်ကို သူမကိုယ်တိုင်လည်း အံ့ဩနေမိသည်။ သူမ၏ ဦးနှောက်က ကြည်လင်နေသော်လည်း သူမ၏ခန္ဓာကိုယ်နှင့် နှလုံးသားကတော့ သူ့ထံသို့ လိုလိုလားလား ချဉ်းကပ်နေမိသည်။ ဤထူးခြားသော အသိကြောင့် သူမ၏ ခန္ဓာကိုယ်လေး ချက်ချင်း တင်းမာသွားရသလို သူမ၏ရင်ထဲတွင်လည်း ထူးဆန်းသော ထိတ်လန့်မှုများ ပြည့်လျှံသွားရသည်။

သိပ်မကြာမီမှာပင် ရထားလုံးက ရပ်တန့်သွားသည်။

လဲ့ကျစ် ရထားလုံး၏တံခါးကို ဖွင့်လိုက်ချိန်တွင် ခမ်းနားထည်ဝါသော ဝါးအိမ်တစ်လုံးကို တွေ့လိုက်ရသည်။ ဝေးလံခေါင်သီသော ဤတောစပ်တွင် ဤကဲ့သို့သော အိမ်ကြီးတစ်လုံးရှိနေခြင်းက ထူးဆန်းနေသော်လည်း ပတ်ဝန်းကျင်၏ သဘာဝအလှနှင့်တော့ ဟန်ချက်ညီလှသည်။ သူမက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်လှည့်ကာ သူမ၏လက်ကို ဟော်တူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။

ရထားလုံးပေါ်မှ ဆင်းပြီးနောက် အန်းရွှယ်က အပြင်တွင် စောင့်ကြပ်နေခဲ့ပြီး နှစ်ယောက်သား ဝါးအိမ်အတွင်းသို့ တစ်လှမ်းချင်း လျှောက်ဝင်လာကြသည်။

“အဖိုးကြီး...”

ဟော်တူက အတွင်းဘက်သို့ မျက်နှာမူကာ ပျင်းရိပျင်းတွဲ အသံဖြင့် လှမ်းခေါ်လိုက်သည်။

လဲ့ကျစ်က သူ၏ ရိုင်းစိုင်းသော ခေါ်ဝေါ်ပုံကို မနှစ်သက်သဖြင့် အမှတ်တမဲ့ မျက်မှောင်ကြုတ်ကာ သူ့အင်္ကျီလက်စကို ဆွဲခါလိုက်သည်။ သို့သော် ဟော်တူက ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ရယ်မောနေလေသည်။

ခဏအကြာတွင် အခန်းအတွင်းမှ ခြေသံများ ထွက်ပေါ်လာပြီး လူကိုယ်တိုင် ပေါ်မလာမီ အသံက အရင်ရောက်လာသည်။

“ငါ ပြောမယ်... ကောင်လေး၊ မင်း အရင်က ဒီကို နှစ်အတော်ကြာတဲ့အထိ တစ်ခါမှ ခြေဦးမလှည့်ခဲ့ဘူး၊ အခုကျမှ တစ်ခါပြီးတစ်ခါ လာနေတယ်... မင်း ဘာယူဖို့ လာပြန်...”

ထိုစကားသံထဲတွင် စိတ်မရှည်မှုများ ပါဝင်နေသော်လည်း သူ့စကားမဆုံးမီတွင် ရင်ချန်ရှောတစ်ယောက် အံ့အားသင့်သွားရပြီ ဖြစ်သည်။ သူက ဟော်တူကို တစ်ချက်ကြည့်ပြီးနောက် လဲ့ကျစ်ကို မြင်လိုက်ရချိန်တွင် အကြည့်များ ရပ်တန့်သွားကာ ပြုံးလိုက်သည်။

“အဖိုးကြီးရင်...”

ဟော်တူက ရင်ချန်ရှောကို ကြည့်ကာ ဘေးနားရှိ လဲ့ကျစ်ကို တိုတိုတုတ်တုတ် မိတ်ဆက်ပေးလိုက်သည်။

“ဒါ... လဲ့ကျစ်”

ရင်ချန်ရှောက ဘေးချင်းကပ်ရပ်နေသော လူနှစ်ယောက်ကို ကြည့်နေပြီး သူတို့၏ အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ် ဝဲပျံနေသည်ကို သူ တွေ့လိုက်ရသည်။

'တကယ့်ကို လိုက်ဖက်ညီတဲ့ စုံတွဲပဲ'

ရင်ချန်ရှောက စိတ်ထဲမှ ချီးကျူးလိုက်ပြီး သူ၏ မျက်ဝန်းအိမ်အတွင်း၌ မြူမှုန်များ ဝေရီလာသော်လည်း သူ့မျက်နှာပေါ်ရှိ အပြုံးကတော့ ပို၍ နက်ရှိုင်းလာခဲ့သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လဲ့ကျစ်က ပထမဆုံး တုံ့ပြန်လိုက်သည်။ သူမက ရှေ့သို့ ဖြည်းညှင်းစွာ လှမ်းလာပြီး သူမတို့ ရှေ့မှ အဖိုးအိုကို တလေးတစား အရိုအသေ ပေးလိုက်သည်။

"ဦးလေးရင်"

ရင်ချန်ရှောက သတိပြန်ဝင်လာပြီး သူ့မျက်လုံးထဲမှ ခံစားချက်များကို ဖုံးကွယ်လိုက်သည်။ သူက သူတို့ကို အလျင်အစလို ပြန်နှုတ်ဆက်လိုက်ပြီး အတွင်းထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်သည်။

"အရမ်းယဉ်ကျေးမနေပါနဲ့... လာ... မြန်မြန်ဝင်ထိုင်ကြလေ"

နှစ်ယောက်သား အတွင်းထဲသို့ လိုက်ဝင်လာကြပြီး ဟော်တူကတော့ ခါတိုင်းကဲ့သို့ပင် ဆေးဗီဒိုဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။ လဲ့ကျစ်က သူ့ဘေးတွင် ရပ်နေပြီး တိတ်တဆိတ် ကြည့်နေခဲ့သည်။

ရင်ချန်ရှောက လက်ဖက်ရည်တစ်ခွက် ဖျော်ကာ လဲ့ကျစ်ကို လှမ်းပေးလိုက်သည်။ လဲ့ကျစ်က ကျေးဇူးတင်စကားဆိုရင်း လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ တချိန်တည်းမှာပင် သူမက ဟော်တူနှင့် ရင်ချန်ရှောတို့၏ ဆက်ဆံရေးကို အကဲခတ်နေခဲ့သည်။ နှစ်ယောက်စလုံးက အချင်းချင်း စကားပြောရာတွင် မယဉ်ကျေးကြသော်လည်း ရင်ချန်ရှောက ဟော်တူကို ဧည့်သည်ကဲ့သို့ လုံးဝ မဆက်ဆံဘဲ သူမကိုသာ လက်ဖက်ရည်တစ်ခွက် ပေးခဲ့သည်။ ထိုအချက်က သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးတွင် ကွဲပြားမှုရှိမနေကြောင်း ပြသနေသည်။ သူက ဟော်တူကို ဧည့်သည်အဖြစ် လုံးဝ မဆက်ဆံဘဲ သူတို့က မိသားစုနှင့် ပိုတူနေသည်။

"ဒီမှာ သူနဲ့ အချိန်မဖြုန်းနဲ့၊ ပျင်းစရာကောင်းလွန်းတယ်"

ရင်ချန်ရှောက လဲ့ကျစ်ကို ပြုံးပြနေရင်း ထပ်မေးလာပြန်သည်။

"ဒီအဖိုးကြီးရဲ့ နောက်ဖေးဥယျာဉ်ကို သွားကြည့်ချင်လား"

လဲ့ကျစ်က ချက်ချင်းပြန်မဖြေဘဲ ဟော်တူကို လှမ်းကြည့်လိုက်သည်။ သူက သူမ၏အစ်မအတွက် ဆေးလာယူပေးခြင်း ဖြစ်သောကြောင့် သူမ သူ့အနားတွင် မနေဘဲ ထွက်သွားရန် အနည်းငယ် ဝန်လေးနေမိသည်။

“သွားကစားလေ”

ဟော်တူက သူမကို ပြန်ကြည့်ပြီး သွားခွင့်ပြုလိုက်သည်။

လဲ့ကျစ်က ထော့ကျိုးလေးဟော်နှင့် ဆော့ကစားရသည်ကို နှစ်သက်သောကြောင့် ဤနေရာရှိ တိရိစ္ဆာန်လေးများကို သူမ သဘောကျလိမ့်မည်ဟု ဟော်တူ သိနေခဲ့သည်။ သူမ၏ စိုးရိမ်ပူပန်မှုများ ခေတ္တမျှ ပြေပျောက်ပြီး ပျော်ရွှင်သွားစေရန် သူ မျှော်လင့်နေမိသည်။

ဟော်တူက ခွင့်ပြုလိုက်သောကြောင့် လဲ့ကျစ်လည်း မငြင်းတော့ဘဲ ရင်ချန်ရှောနှင့်အတူ နောက်ဘက်ဥယျာဉ်ဆီသို့ လျှောက်သွားလိုက်သည်။

ဥယျာဉ်ထဲသို့ ဝင်လိုက်သည်နှင့် လဲ့ကျစ် အံ့ဩသွားရသည်။ ကြောင်လေးများ၊ ယုန်လေးများနှင့် ခွေးပေါက်စလေးများ အပါအဝင် ချစ်စရာကောင်းသော တိရိစ္ဆာန်လေးများက ဥယျာဉ်အတွင်း ပြေးလွှားနေကြသည်။ သူမက ဝါးအိမ်ထဲသို့ ဝင်လာချိန်တွင် အပေါ်ဝတ်ရုံကို ချွတ်ထားခဲ့သဖြင့် ယခုအခါ ပန်းရောင်ဖျော့ဖျော့ စကတ်လေးက နေရောင်အောက်တွင် နူးညံ့စွာ တောက်ပနေပြီး သူမကို ပို၍ ကျက်သရေ ရှိစေကာ ပိုနူးညံ့နေစေသည်။

တိရိစ္ဆာန်လေးများက သူမ၏ နူးညံ့သော အငွေ့အသက်ကို ခံစားမိသဖြင့် စိတ်လှုပ်ရှားစွာ ပြေးလာပြီး သူမကို ဝိုင်းရံလိုက်ကြသည်။ သူတို့က သူမ၏ ဖိနပ်လေးများကို ခြေသည်းလေးများဖြင့် အသာအယာ ထိတွေ့နေကြသည်။ လဲ့ကျစ်က ဥယျာဉ်အလယ်ရှိ ခုံတန်းလေးပေါ်တွင် ထိုင်နေပြီး အကောင်ငယ်လေးများကို ကိုင်တွယ်ကြည့်ရင်း သူမ၏နှုတ်ခမ်းထောင့်များတွင် အပြုံးလေးတစ်ခု ဖြစ်ပေါ်လာသည်။

ရင်ချန်ရှောက သူမဘေးတွင် ဝင်ထိုင်ရင်း ပြောလာခဲ့သည်။

"မင်း ကြိုက်ရင်... ပြန်ရင် နည်းနည်းယူသွားလေ"

လဲ့ကျစ် လှည့်ကြည့်လိုက်ချိန်တွင် ရင်ချန်ရှော၏ မျက်နှာပေါ်၌ အလွန်နူးညံ့သော အပြုံးတစ်ခုကို တွေ့လိုက်ရသဖြင့် သူမ မှင်တက်သွားမိသည်။ အကြောင်းတစ်ခုခုကြောင့် သူမကို ဤကဲ့သို့ ကြည့်တတ်သော ခမည်းတော်ကို ရုတ်တရက် သတိရမိသွားခြင်း ဖြစ်သည်။

သို့သော် သူမ ခေါင်းခါကာ ငြင်းဆန်လိုက်သည်။

“သူတို့ကို ဒီမှာပဲ နေခိုင်းတာ ပိုကောင်းပါတယ်”

ဤနေရာက သာယာအေးချမ်းသဖြင့် ဤကောင်လေးများအတွက် အကောင်းဆုံး နေရာဖြစ်သည်ဟု သူမ သတ်မှတ်လိုက်ခြင်းပင်။

ရင်ချန်ရှောက ခေါင်းညိတ်လက်ခံလိုက်ပြီး ဟော်တူ ပြောဖူးသည့်စကားကို သတိရကာ အကြောင်းအရာ ပြောင်းလိုက်သည်။

"မင်းရဲ့ အစ်မက နေမကောင်းဘူးလား"

“ဟုတ်ကဲ့၊ သူက ထိတ်လန့်သွားခဲ့တာပါ”

လဲ့ကျစ်၏ အမူအရာက ခေတ္တမျှ မှေးမှိန်သွားသော်လည်း သူမက အားတင်းပြီး ပြန်ပြုံးလိုက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

“ဆေးအတွက် ကျေးဇူးတင်ပါတယ်၊ ဦးလေးရင်”

“ရပါတယ်”

ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ရင်ချန်ရှောက ဝမ်းနည်းစရာ တစ်ခုခုကို သတိရသွားဟန်ဖြင့် အဝေးသို့ ငေးကြည့်နေပြန်သည်။ သူ့မျက်လုံးများက မှေးမှိန်သွားပြီး မိမိကိုယ်ကိုယ် ပြန်ပြောနေသကဲ့သို့ တိုးတိုးလေး ရေရွတ်နေကာ သက်ပြင်းချလိုက်ပြန်သည်။

“ရှောင်တူရဲ့ အစ်မသာ အသက်ရှင်နေသေးရင် သူလည်း အခုချိန်ဆို လက်ထပ်ဖို့ အချိန်တန်ပြီပေါ့”

ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ် ထိတ်လန့်သွားပြီး ယုန်လေးကို အစာကျွေးနေသည့် သူမ၏လက်ထဲမှ မုန်လာဥနီလေးလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

'အစ်မ...'

'ဟော်တူမှာ အစ်မတစ်ယောက် ရှိတာလား'

‘ဦးလေးရင်ရဲ့ စကားကို နားထောင်ရတာတော့ သူ့အစ်မက အသက်မရှင်တော့ဘူး’

လဲ့ကျစ်က သူမအနေဖြင့် ဟော်တူ၏အကြောင်းကို အလွန်အမင်း အနည်းငယ်မျှသာ သိထားကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ သူက တာ့ချီ၏ ထိုက်ဇီဖြစ်ကြောင်း၊ သူ၏ မွေးမိခင်မှာ ရှန်းနို့မျိုးနွယ်၏ မင်းသမီးဖြစ်ပြီး ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့ကြောင်းလောက်သာ သူမ သိထားခဲ့ခြင်း ဖြစ်သည်။ အခြားသော ဆွေမျိုးသားချင်းများနှင့် ပတ်သက်၍မူ သူမ ဘာမှမသိခဲ့ပေ။

သူ၏ခြေထောက်က မည်သည့်အတွက်ကြောင့် ဒဏ်ရာရခဲ့သည်ကိုပင် သူမ မသိခဲ့ချေ။

သူမ အတွင်းခန်းဘက်သို့ လှမ်းကြည့်လိုက်ချိန်တွင် ဆေးနံ့ပြင်းပြင်းက သူမ၏နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူမ၏ နှလုံးသားကို အနည်းငယ် တင်းကျပ်သွားစေသည်။

“သူ့မှာ အစ်မရှိတာလား”

လဲ့ကျစ်က သတိကြီးကြီးဖြင့် ပြန်မေးလိုက်သည်။

ရင်ချန်ရှောက ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

“ရှောင်ရှောင်နဲ့ ရှောင်တူက အမြွှာတွေလေ... ဒါပေမယ့် သူ ကွယ်လွန်သွားတာ နှစ်ပေါင်းအတော် ကြာခဲ့ပြီ”

သူက အသေးစိတ်အချက်အလက်များကို ဆက်ပြောရန် အစီအစဉ် မရှိပေ။ ဤအကြောင်းအရာက သူ၏ နှလုံးသားထဲမှ အမာရွတ်တစ်ခု ဖြစ်ပြီး ပြန်တွေးမိတိုင်း သည်းမခံနိုင်သော ဝေဒနာကို ခံစားရစေသည်။ အကယ်၍ ထိုအချိန်တုန်းက သူသာ ခြေတစ်လှမ်း စောပြီး ပြန်လှည့်လာနိုင်ခဲ့လျှင် ရှောင်ရှောင်၏ အသက်ကို ကယ်နိုင်ခဲ့မည်ဖြစ်သလို ရှောင်တူ၏ ခြေထောက်ကိုလည်း အရှင်းပျောက်အောင် ကုသပေးနိုင်ခဲ့ပေလိမ့်မည်။

ကံမကောင်းစွာဖြင့် 'အကယ်၍' ဆိုသည့်အရာက တကယ်ရှိမနေခဲ့ပေ။

လဲ့ကျစ်က ဦးလေးရင်ကို တိတ်တဆိတ် ကြည့်နေရင်း ထိုမေးခွန်းကို မေးမိသည့်အတွက် နောင်တရနေမိသည်။ ဦးလေးရင်၏ လေသံနှင့် အမူအရာထဲမှ ဝမ်းနည်းပူဆွေးမှုကို သူမ ခံစားရသည်။ ဤသည်က မမေးသင့်သော မေးခွန်းမျိုးပင်။

ခဏအကြာတွင် ရင်ချန်ရှောက စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး လဲ့ကျစ်ကို ဘေးတိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် မိမိကိုယ်ကိုယ် အပြစ်တင်နေသည့် အရိပ်အယောင်များကို မြင်လိုက်ရသဖြင့် သူ ဆက်ပြောလိုက်သည်။

“ဒီအကြောင်းတွေကိုတော့ ရှောင်တူကိုယ်တိုင် မင်းကို ပြောပြတာက ပိုကောင်းမယ် ထင်တယ်”

သူ့မျက်လုံးထဲတွင် ကိုယ်ချင်းစာမှုများ ရှိနေခဲ့သည်။ မကြာသေးမီက ဤကလေးမလေး တွေ့ကြုံခဲ့ရသည့် ဆုံးရှုံးမှုများကို သူလည်း သိထားခဲ့သည်။ ထို့ကြောင့် သူမ၏ နှလုံးသားကို ပို၍ လေးလံစေမည့်အရာများ ထပ်မဖြည့်လိုတော့ပေ။

လဲ့ကျစ်က သူမ နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ဦးလေးရင်၏ လေးနက်သော အမူအရာက ဤကိစ္စ မည်မျှအထိ နာကျင်စရာကောင်းကြောင်း သူမကို သတိပေးနေသလို ဖြစ်နေခဲ့သည်။ တစ်စုံတစ်ယောက်၏ နာကျင်စရာ အတိတ်ကို ပြန်လှန်ခြင်းက ဒဏ်ရာကို ပြန်ဖွင့်သလို ဖြစ်တတ်မှန်း သူမ ကောင်းကောင်း နားလည်နေသည်။

“ကဲ... မင်း ဒီကို ရောက်နေမှတော့ စိတ်မကောင်းမဖြစ်နေပါနဲ့တော့၊ ဦးလေးရင်က မင်းကို ဝမ်းသာစရာတစ်ခု ပြောပြမယ်”

ရင်ချန်ရှောက စကားလမ်းကြောင်းကို ပြောင်းလိုက်ပြီး ပျော်ရွှင်နေသည့်အမူအရာသို့ ပြန်ပြောင်းလိုက်သသည်။

“နောက်ဆုံးတော့ ဒီကလေးက သူ့ခြေထောက်ကို ကုသဖို့ ဆန္ဒရှိလာပြီကွဲ့”

“သူ့ခြေထောက်ကို ကုသမှာလား”

လဲ့ကျစ်၏ မျက်လုံးများက ချက်ချင်း တောက်ပလာပြီး အံ့ဩဝမ်းသာစွာ မေးလိုက်မိသည်။

“အရှင့်သားရဲ့ ခြေထောက်ကို တကယ် ပြန်ကုသပေးနိုင်မှာလားဟင်”

“ဟုတ်တယ်”

ရင်ချန်ရှောက မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသအနည်းငယ် ထွက်နေဟန်ဖြင့် ထပ်ပြောလိုက်သည်။

“စောစောစီးစီးသာ ကုခဲ့ရင် သူ ပြန်သက်သာနေတာ ကြာလှပြီ၊ အခုတော့... တော်တော်လေးကို ဒုက္ခများနေပြီ”

ဦးလေးရင်၏ စကားများကို နားထောင်ရင်း လဲ့ကျစ်၏ စိတ်နှလုံးက တုန်လှုပ်သွားရသည်။ 'ဒုက္ခများနေပြီ' ဟူသော စကားလုံးကြောင့် သူမ၏ နှလုံးသား အေးခဲသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူမ စိုးရိမ်တကြီး မေးလိုက်မိပြန်သည်။

“ကုသဖို့က အရမ်းခက်ခဲမှာလားဟင်”

ရင်ချန်ရှောက ချက်ချင်းပြန်မဖြေဘဲ ထရပ်ကာ ဆေးစာအုပ်တစ်အုပ် ယူရန် အခန်းထဲသို့ ဝင်သွားသည်။ သူ ပြန်ထွက်လာသောအခါ ထိုစာအုပ်ကို လဲ့ကျစ်ထံသို့ ကမ်းပေးလိုက်သည်။ လဲ့ကျစ်က လှည့်ကြည့်လိုက်ရာ စာမျက်နှာပေါ်တွင် ဆွဲထားသော ပန်းတစ်ပွင့်ကို တွေ့လိုက်ရသည်။ ပန်းပွင့်၏ပုံသဏ္ဍာန်က နှင်းပွင့်များနှင့် ဆင်တူပြီး သူမ တစ်ခါမှ မမြင်ဖူးသော ထူးခြားသည့် မျိုးစိတ် ဖြစ်နေသည်။

“ဒီပန်းကို 'နှင်းအရိုးကြာပန်း' လို့ ခေါ်တယ်၊ တောနက်တွေထဲမှာပဲ ပေါက်တာ”

ရင်ချန်ရှောက ခုံပေါ်တွင် ပြန်ထိုင်ရင်း သက်ပြင်းချလိုက်ပြန်သည်။

“ကျိုးနေတဲ့ ခြေထောက်ရဲ့ အရိုးတွေနဲ့ ကြွက်သားတွေကို ပြန်ပြင်ချင်ရင် ဒီနှင်းအရိုးကြာပန်းကို သုံးရမှာလေ၊ အရင်နှစ်တွေတုန်းကတော့ ဒီပန်းတွေ အများကြီး ရှိခဲ့ပေမယ့် သေသင့်တဲ့ အဲဒီကလေးက ကုဖို့ ငြင်းဆန်ခဲ့တယ်လေ၊ အခုကျမှ စိတ်ကူးပေါက်လာတော့လည်း... ပန်းက ရှာရခက်နေပြီ”

လဲ့ကျစ်က တစ်ဝက်လောက် နားလည်သလို ရှိသော်လည်း တစ်ဖက်တွင်လည်း သံသယများ ပေါ်လာခဲ့သည်။

“ဘာလို့လဲ... သူ ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားတာလဲ”

လဲ့ကျစ်က တိုးတိုးလေး ညည်းတွားလိုက်သည်။

ဦးလေးရင် ပြောနေသည့် စကားများ၏ အဓိပ္ပါယ်ကို နားထောင်ရင်း လဲ့ကျစ်တစ်ယောက် တွေးနေမိပြန်သည်။

‘ဟော်တူက သူ့ခြေထောက်တွေကို ကုသဖို့ ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပြီး အခု ဘာကြောင့် ရုတ်တရက် သူ့ခြေထောက်တွေကို ကုသချင်ရတာလဲ’

ရင်ချန်ရှောက ခပ်မြိန့်မြိန့် ပြုံးနေရင်း မေးလာပြန်သည်။

“မင်းရော... ဘယ်လိုထင်လဲ”

လဲ့ကျစ် ခေါင်းမော့လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် အတွင်းခန်းထဲမှ အဖြူရောင်ကျောက်စိမ်းတုတ်ကောက်ကို အားပြုရင်း ထွက်လာသည့် ဟော်တူကို မြင်လိုက်ရသည်။ သူက အရာအားလုံးကို ကြိုသိနေသည့်အလား အဝေးမှ နေ၍ သူမ ရှိနေသည့် မျက်နှာချင်းဆိုင်ဘက်သို့ စိုက်ကြည့်နေသည်။

အကြည့်များ ဆုံသွားချိန်တွင် နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။

လဲ့ကျစ်က အရင် အကြည့်လွှဲလိုက်ပြီး အောက်သို့ ငုံ့ကာ ဆေးစာအုပ်ထဲမှ နှင်းအရိုးကြာပန်းပုံကို စွဲစွဲမြဲမြဲ မှတ်မိအောင် ကြိုးစားနေလိုက်သည်။ သူမကို စိုက်ကြည့်နေသော သူ့မျက်လုံးများကြောင့် သူ ခြေထောက်ကုလိုသည့် အကြောင်းရင်းက သူမကြောင့် ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းမိသွားသည်။

ဟော်တူကတော့ ထိုနေရာတွင်သာ ရပ်နေပြီး ရှေ့သို့ တိုးမလာပေ။ သူက လဲ့ကျစ်ကို တိတ်တဆိတ် ကြည့်နေပြီး သူမ ဘာတွေတွေးနေမလဲဟု စဉ်းစားနေပုံရသည်။

ရင်ချန်ရှောက မတ်တပ်ထရပ်ကာ ဟော်တူဘေးသို့ လျှောက်လာခဲ့သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရင်ချန်ရှောက ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး မေးလိုက်ပြန်သည်။

“သူ့ကို တာ့ချီကနေ ခေါ်ထုတ်သွားဖို့ တွေးဖူးလား”

ပန်းရောင်ဖျော့ဖျော့ပုံရိပ်လေးကို တချိန်လုံး စိုက်ကြည့်နေသည့် ဟော်တူ၏ အနက်ရောင်မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားသည်။ သူ၏ တိတ်ဆိတ်အေးစက်နေသော နှလုံးသားက ထိုစကားကြောင့် လှုပ်ခတ်သွားပုံရသည်။

........။.........။.........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ကျစ်ကျစ် : ငါ့ခင်ပွန်းအကြောင်း ငါ ဘာမှ မသိဘူး။ (ဝမ်းနည်းနေတဲ့မျက်နှာလေးနဲ့)

ဟော်တူ : ဒါဆို မင်း ကိုယ့်ကို မေးလို့ရတယ်လေ...

အခန်း ၅၉ ကောင်းချီးမင်္ဂလာအတွက် ဆုတောင်းခြင်း

အဖိုးကြီးရင်၏ အဆိုပြုချက်က အမှန်တကယ် ဆွဲဆောင်မှုရှိသည်ကို ဟော်တူ ဝန်ခံရမည် ဖြစ်သည်။

နေရောင်အောက်တွင် ရှိနေသော လဲ့ကျစ်က နွေးထွေးပြီး တောက်ပလွန်းနေသည်။ သူ ခေတ္တမျှ မှင်တက်သွားမိပြီး ဤအကြံပြုချက်ကို အမှန်တကယ် အလေးအနက်ထား စဉ်းစားနေမိသည်။ သို့သော်လည်း ထိုအတွေးက ခဏတာမျှသာ ဖြစ်သွားရသည်။

‘အမုန်းတရားတွေအပေါ်မှာ အသက်ရှင်ကျန်ရစ်နေခဲ့ရတဲ့ လူနှစ်ယောက်က သူတို့ရဲ့ အိပ်မက်ထဲမှာ နှစ်မြုပ်ဖို့ ဘယ်လို ဖြစ်နိုင်မှာလဲ’

ဟော်တူက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ရင်ချန်ရှော၏ စကားကို ပြန်မဖြေတော့ပေ။ သူ၏ တိတ်ဆိတ်ခြင်းနှင့် အမူအရာက ရင်ချန်ရှောအတွက် အဖြေ ဖြစ်နေလေသည်။

ခေတ္တနားနေပြီးနောက် သူက ဆေးစာအုပ်ထဲရှိ နှင်းအရိုးကြာပန်းပုံကို တိတ်တဆိတ် ငေးကြည့်နေသည့် လဲ့ကျစ်အနားသို့ လျှောက်သွားလိုက်သည်။ အရိပ်တစ်ခု ဖုံးလွှမ်းလာသဖြင့် စာမျက်နှာပေါ်ရှိ တောက်ပသော နှင်းကြာပန်းပုံက ချက်ချင်း မှောင်ကျသွားသည်။

လေပြေနှင့်အတူ ပါလာသော ပူရှိန်းရနံ့လေးကြောင့် လဲ့ကျစ်က ဆေးစာအုပ်ကို ပိတ်လိုက်ကာ မတ်တပ်ထရပ်ရင်း ဟော်တူကို ကြည့်လိုက်သည်။ ဦးလေးရင်၏ စကားများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို သူမ၏ မသိစိတ်က သူ့အသွင်အပြင်ကို အနီးကပ် ကြည့်ရင်း သူ၏ အမွှာအစ်မက မည်သို့သော ပုံစံရှိမည်ကို စိတ်ကူးဖြင့် ပုံဖော်နေမိသည်။

လဲ့ကျစ်က သူမအစ်ကိုတော်၏ ခန္ဓာကိုယ်မှ သွေးစွန်းနေသော ဒဏ်ရာများကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ။ ပြန်တွေးမိတိုင်း သူမ၏ရင်ထဲတွင် တဆစ်ဆစ် နာကျင်ရသည်။ မောင်နှမသားချင်းကြားမှ သွေးသားရင်းမြစ်ကြောင့် တစ်ဦး၏ နာကျင်မှုကို တစ်ဦးက ခံစားရသည်။ ထို့အပြင် အမွှာများကြားမှ သံယောဇဉ်က ပို၍ နက်ရှိုင်းပေလိမ့်မည်။

“သွားကြရအောင်”

ဟော်တူ၏ အသံက လဲ့ကျစ်၏ အတွေးများကို ဖြတ်တောက်လိုက်ပြီး သူမက ခေါင်းညိတ်ကာ သူနှင့်အတူ အခန်းပြင်သို့ ထွက်လာခဲ့သည်။

“ကောင်းပါပြီ၊ ဦးလေးရင်... ကျွန်မ ဦးလေးကို ဒီနေရာကနေပဲ နှုတ်ဆက်ခဲ့ပါတယ်ရှင်”

လဲ့ကျစ်က ရင်ချန်ရှောကို နူးညံ့သော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

ရင်ချန်ရှောက သူမတို့ကို ခြံတံခါးပေါက်အထိ လိုက်ပို့ပေးပြီး သူမတို့ ပြန်ထွက်သွားသည်ကို ငေးကြည့်နေခဲ့သည်။ ရထားလုံးလေး ကွယ်ပျောက်သွားသည်အထိ ကြည့်နေပြီးမှ သူ တိတ်တိတ်လေး သက်ပြင်းချလိုက်ပြန်သည်။

'ဒီကလေးနှစ်ယောက် အမှားအမှန်တွေကြားကနေ ရုန်းထွက်နိုင်ပြီး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ပဲ ဆုတောင်းရတော့မယ်'

ရန်ချန်ရှောက ထိုသို့ တွေးနေသည့်တိုင် သူတို့၏ ကျောပေါ်မှ လေးလံသော ဝန်ထုပ်ဝန်ပိုးများ ရှိနေသည်ကိုလည်း သူ မြင်နိုင်ခဲ့သည်။ ၎င်းက ရှောင်လွှဲနေရုံနှင့် ပြီးသွားမည်မဟုတ်ကြောင်းကိုလည်း သူ နားလည်နေသည်။

သူ ကောင်းကင်ကို မော့ကြည့်လိုက်ချိန်တွင် ကောင်းကင်၌ တိမ်ထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် သူ့ရင်ထဲတွင် စိုးရိမ်စိတ်များ ပိုတိုးလာပြီး ပိုလေးလံလာခဲ့သည်။

......။........။..........

အပြန်လမ်းတွင် သူတို့နှစ်ယောက်ကြားရှိ စိတ်အခြေနေက ပြောင်းပြန် ဖြစ်သွားသည်။

လဲ့ကျစ်က မျက်လုံးကို အောက်စိုက်ထားပြီး ဘေးနားရှိ ဆေးအိတ်ကိုသာ စိုက်ကြည့်နေသည်။

ယခုတစ်ကြိမ်တွင် ဟော်တူက ဆေးအမြောက်အမြား ယူလာခဲ့သဖြင့် အချိန်အကြာကြီး အသုံးပြုနိုင်တော့မည် ဖြစ်သည်။ ဆေးပစ္စည်းများ မကုန်မီ သူမ၏အစ်မ ပြန်ကောင်းလာနိုင်သည်ဟု မျှော်လင့်ရသည်။

သူမ၏ နှလုံးသားက တဖျပ်ဖျပ် ခုန်နေသော်လည်း လဲကျစ်တစ်ယောက် စိတ်အားငယ်နေဆဲဖြစ်ကာ ရထားလုံးထဲတွင် ငြိမ်ငြိမ်လေး ထိုင်နေမိသည်။

သူမ ဟိုဟိုဒီဒီ ကြည့်နေရင်းမှ ဟော်တူ၏ ညာဘက်ခြေထောက်ကို အမှတ်မထင် ကြည့်လိုက်မိရာ နှင်းအရိုးကြာပန်း၏ ပုံရိပ်က သူမ၏စိတ်ထဲ၌ ပြန်ပေါ်လာသည်။

'ဒီပန်းက တကယ်ပဲ ရှာရခက်တာလား...'

ဟော်တူကလည်း သူမကို တိတ်တဆိတ် စိုက်ကြည့်နေပြီး ဦးလေးရင်က သူမကို တစ်ခုခု ပြောပြခဲ့မှန်း သူမ၏ စိုးရိမ်နေသော အမူအရာကို ကြည့်ရုံဖြင့် သူ သိနိုင်သည်။ သို့သော် ဦးလေးရင်က အတိုင်းအတာ အတိမ်အနက် အားလုံးကို သိနေပြီး အရာအားလုံးကို အကုန်အစင် ပြောပြမည့်သူ မဟုတ်မှန်းလည်း သူ ယုံကြည်နေသည်။

လဲ့ကျစ်ကတော့ ဦးနှောက်ထဲတွင် ရှုပ်ထွေးနေပြီး ဘာလုပ်ချင်မှန်း မသိဖြစ်နေကာ ဟော်တူကိုလည်း ဘာမှ မပြောရဲဖြစ်နေလေသည်။ အချိန်အတော်ကြာသည်အထိ သူမ၏ရင်ထဲ၌ မသက်မသာ ဖြစ်နေသလို ခံစားနေရပြီး အဘယ်ကြောင့် ဤမျှအထိ အဆင်မပြေ ဖြစ်နေရသည်ကိုလည်း သူမကိုယ်တိုင် ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူမက ဆန့်ကျင်ဘက်တွင် ထိုင်နေသော ဟော်တူကို ငေးကြည့်နေရင်းမှ ဘာကြောင့်မှန်းမသိဘဲ စကားတစ်ခွန်း ပြောလာခဲ့သည်။

“ဖက်ထားလို့ရမလားဟင်”

ရထားလုံးအတွင်း၌ ရုတ်တရက် တိတ်ဆိတ်သွားပြီး သူတို့၏ အသက်ရှူသံများပင် ပျောက်ကွယ်သွားပုံရသည်။

ဟော်တူ၏ မျက်လုံးများက ပိုမိုနက်ရှိုင်းလာပြီး ဟော်တူက သူ့နှလုံးခုန်သံ ခဏမျှ ရပ်တန့်သွားသလို ခံစားနေရသည်။ သူမ၏ နီရဲနေသော မျက်လုံးများကို စိုက်ကြည့်ရင်း သူက ပြန်ဖြေရန်ပင် ခဏတာမျှ မေ့လျော့နေခဲ့ရသည်။

တိတ်ဆိတ်မှုက အနည်းငယ် ကြာသွားပြီး လဲ့ကျစ်က ရှက်ရွံ့သွားကာ ရထားလုံး၏ ကန့်လန့်ကာကို အသာမတင်လိုက်သည်။ အပြင်ဘက်မှ လေအေးများက သူမ၏ ပါးပြင်ကို လာရောက်တိုက်ခတ်ချိန်တွင်တော့ သူမ သူမ၏မျက်နှာလေးကို အသာပြန်လွှဲလိုက်မိသည်။

‘ဒီရှုပ်ထွေးနေတဲ့ ခံစားချက်တွေကို လေထဲ လွှင့်ပစ်နိုင်ရင် အရမ်းကောင်းမှာပဲ’

“ဒီကိုလာ”

ဟော်တူ၏ အသံကြောင့် ကန့်လန့်ကာပေါ်ရှိ လဲ့ကျစ်၏လက်ကလေး အောက်သို့ ပြုတ်ကျသွားပြန်သည်။ လဲ့ကျစ်က အသံလာရာဆီသို့ လှည့်ကြည့်လိုက်ပြီး သူ၏ နက်မှောင်သော မျက်ဝန်းအစုံနှင့် အကြည့်ချင်းဆုံသွားသည်။ သူမက သူ့ခံစားချက်ကို အကဲမဖြတ်နိုင်သော်လည်း သူ၏ ခေါ်သံကို ခွင့်ပြုချက်အဖြစ်သာ မှတ်ယူလိုက်သည်။

လဲ့ကျစ်က ဟော်တူ၏နံဘေးသို့ တိုးကပ်သွားပြီး သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် သိုင်းဖက်ထားလိုက်သည်။ တိုက်ဆိုင်စွာဖြင့် ရထားလုံးက ကျောက်စရစ်ခဲများရှိသော လမ်းကို ဖြတ်သန်းချိန်ဖြစ်သောကြောင့် အနည်းငယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ဟော်တူက သူမကို ထိန်းပေးနိုင်ရန် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သူမ၏ ခါးလေးကို တင်းတင်းကြပ်ကြပ် ပြန်သိုင်းဖက်ထားလိုက်သည်။

သူမ၏ ခါးတစ်ဝိုက်ရှိ သူ၏ နွေးထွေးသော အင်အားကို ခံစားလိုက်ရသော လဲ့ကျစ်၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲတက်လာသည်။ သူမ ဘာကြောင့် ငိုနေသည်ကို သူမကိုယ်တိုင် မသိနိုင်သော်လည်း သူမ၏နှလုံးသားမှ နာကျင်မှုကိုတော့ သူမလည်း မတားဆီးနိုင်တော့ပေ။ သူမက သူမ၏မျက်နှာလေးကို သူ့ပုခုံးပေါ် မြှုပ်နှံထားလိုက်ပြီး သူ့လည်ပင်းကို မျက်ရည်စများဖြင့် ညင်သာစွာ ပွတ်သပ်နေသည်။

လဲ့ကျစ်က သူမ၏နှလုံးသားထဲမှ နာကျည်းမှုနှင့် ပူဆွေးမှုအားလုံးကို ဖွင့်ထုတ်ချင်နေသည့်အလား အကြာကြီး ငိုကြွေးနေခဲ့သည်။ သို့သော် သူမ၏ မကျေနပ်ချက်များ ကုန်စင်သွားသည်အထိ သူမ မည်သို့မျှ မငိုနိုင်ခဲ့ပေ။

အတန်ကြာမှ လဲ့ကျစ်က ငိုနေသည်ကို ရပ်တန့်လိုက်ပြီး ရှက်စိတ်ကြောင့် ခေါင်းကို အနည်းငယ် မော့လိုက်သည်။ သူမက အနောက်သို့ အနည်းငယ် ဆုတ်ပြီး သူ့လည်ပင်းပေါ်ရှိ စိုစွတ်နေသော မျက်ရည်များကို သုတ်ပေးရန် သူမ၏အင်္ကျီလက်ဝကို မြှောက်တင်လိုက်သည်။

“တောင်းပန်ပါတယ်…”

သူမ၏ အသံက အနည်းငယ် အက်ရှကာ ပျော့ပျောင်းနေသည်။

ဟော်တူက သူမ၏ နီရဲနေသော မျက်ဝန်းထောင့်များကို ငုံ့ကြည့်လိုက်ပြီး သူမ၏ ခေါင်းနောက်ဘက်ကို ကိုင်ကာ တိုးတိုးလေး မေးလိုက်သည်။

“ဘာလို့ ငိုနေတာလဲ”

လဲ့ကျစ်ကလည်း သူ့မျက်လုံးများကို ရှောင်ရန် ခေါင်းငုံ့လိုက်ပြီး တိုးတိုးလေး ပြန်ဖြေလိုက်သည်။

“အစ်မရဲ့ ကျန်းမာရေးကို စိတ်ပူလို့ပါ”

ဟော်တူ၏ အမူအရာက ပျော့ပြောင်းသွားပြီး အသံတိုးတိုးဖြင့် ညည်းညူလိုက်သော်လည်း သူမ၏ လိမ်ညာမှုကိုတော့ မဖော်ထုတ်ခဲ့ပေ။ သူက သူမ၏ခေါင်းကို သူ့ပုခုံးပေါ်သို့ အသာအယာ တင်ပေးရင်း ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။

“ခဏလောက် အိပ်လိုက်”

ငိုရသဖြင့် ပင်ပန်းသွားသောကြောင့်လား မသိနိုင်သော်လည်း လဲ့ကျစ်တစ်ယောက် မျက်လုံးများ မှိတ်ပြီး သိပ်မကြာခင် အိပ်ပျော်သွားသည်။ သူမ၏ ဝင်သက်ထွက်သက်က ဟော်တူ၏ လည်ပင်းနားတွင် တိုးဝှေ့နေပြီး သူက သူမ၏ ပါးပြင်လေးကို ငေးကြည့်နေသည်။ ထို့နောက် သူက သူမ၏မျက်ဝန်းထောင့်မှ ကျန်ရှိနေသည့် မျက်ရည်စများကို သူ့လက်ချောင်းထိပ်များဖြင့် အသာအယာ သုတ်ပေးလိုက်သည်။ မျက်တောင်ပေါ်မှ မျက်ရည်စများအတွက်တော့ ခေါင်းအနည်းငယ်ငုံ့ကာ ညင်ညင်သာသာ နမ်းရှိုက်ပေးလိုက်သည်။

သူမ၏ မျက်ရည်က သူ့လျှာဖျားနှင့် ထိမိသွားပြီး ခါးသီးသော အရသာကို သူ ခံစားလိုက်ရသည်။ ထိုခါးသီးမှုက တဖြည်းဖြည်းနှင့် သူ့နှလုံးသားအထိ ပျံ့နှံ့သွားသည်။ ဟော်တူက ထိုအရသာကို သူ့နှလုံးသားထဲ၌ သေသေချာချာ သိမ်းဝှက်ထားလိုက်သည်။

နှစ်ယောက်သား ထိုက်ဇီစံအိမ်သို့ ပြန်ရောက်လာချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။

အိမ်တော်တံခါးဝသို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အန်းရွှယ်က လေးနက်သော အမူအရာဖြင့် ကြိုဆိုပြီး အစီရင်ခံရန် ဦးညွှတ်လိုက်သည်။

“အရှင့်သား... နန်းတော်က အမိန့်တော် ထွက်လာပါတယ်၊ ထိုက်ဇီဖေးအနေနဲ့ အရှင်မင်းမြတ်ရဲ့ ကိုယ်လုပ်တော်တွေနဲ့အတူ ကောင်းချီးမင်္ဂလာ ဆုတောင်းဖို့ မနက်ဖြန် ဖူရှီဘုရားကျောင်းကို ထွက်ခွာရပါမယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်တူ၏ မျက်ဝန်းများက ချက်ချင်း အေးစက်သွားသည်။ သူက နှစ်စဉ်ပြုလုပ်လေ့ရှိသည့် တာ့ချီ၏ ဤအစဉ်အလာကို မေ့လုနီးပါးပင် ဖြစ်နေခဲ့သည်။ လဲ့ကျစ်ကတော့ ဘာမှ နားမလည်ဟန်လေးဖြင့် မျက်မှောင်ကြုတ်ကာ အန်းရွှယ်ကို ပြန်ကြည့်နေသည်။

“ထိုက်ဇီဖေး... ဒါက တာ့ချီရဲ့ ဓလေ့တစ်ခုပါ၊ နှစ်သစ်ကူးမတိုင်ခင်မှာ နန်းတွင်းက အမျိုးသမီးတွေအားလုံး ဖူရှီဘုရားကျောင်းကို သွားပြီး ဆုတောင်းကြရပါတယ်၊ ဘယ်လို ရာသီဥတုမျိုးမှာမဆို သွားရတာက နှစ်ပေါင်းအများကြီး ရှိခဲ့ပါပြီ”

ဟော်တူက ပေါ့ပေါ့ပါးပါး ဆုံးဖြတ်ပေးလိုက်သည်။

“ထိုက်ဇီဖေး နေမကောင်းဖြစ်နေလို့ ဒီတစ်ခေါက် မသွားနိုင်တဲ့အကြောင်း ဧကရီဆီကို သတင်းပို့ဖို့ တစ်ယောက်ယောက်ကို အခုချက်ချင်း လွှတ်လိုက်”

အန်းရွှယ်က ခေါင်းညိတ်ပြီး နောက်ပြန်ဆုတ်ရန် ပြင်လိုက်သော်လည်း လဲ့ကျစ်က လှမ်းတားလိုက်သည်။

“ခဏနေဦး၊ မငြင်းလိုက်နဲ့”

သူမက ခတ္တမျှ စဉ်းစားပြီးနောက် ဟော်တူ၏ အင်္ကျီလက်ဝကို ဆွဲကာ တောင်းဆိုလိုက်သည်။

“အရှင့်သား၊ ကျွန်မ သွားပါ့မယ်”

ဟော်တူက သူမကို ခဏမျှ စိုက်ကြည့်နေပြီးမှ မည်သည့်အမူအရာမျှ မပြဘဲ ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ၊ မင်းဆန္ဒအတိုင်း လုပ်လို့ရတယ်”

အန်းရွှယ်ကလည်း နားလည်စွာဖြင့် ပြန်လည် ဆုတ်ခွာသွားသည်။

နှစ်ယောက်သား အိပ်ခန်းထဲသို့ ပြန်ဝင်လာသည့် လမ်းတစ်လျှောက်လုံး စကားမပြောဖြစ်ကြပေ။ လဲ့ကျစ်က ဟော်တူ ဘာတွေတွေးနေမှန်း ခန့်မှန်းနိုင်သည်။ ဧကရီနှင့်အတူ ခရီးထွက်ရခြင်းက အလွန် အန္တရာယ်များသည်။ သို့သော် သူမ မသွားဘဲ ရှောင်လွှဲနေလျှင် ဧကရီက သူမအပေါ် ပို၍ သံသယဝင်လာပေလိမ့်မည်။

‘ငါ ရွေးချယ်ထားတဲ့ လမ်းက အစကတည်းက အန္တရာယ်တွေနဲ့ ပြည့်နေပြီး တစ်ခါ နှစ်ခါ ရှောင်လွှဲနိုင်ပေမယ့် အချိန်တိုင်းတော့ ရှောင်နေလို့ မရဘူးလေ’

လဲ့ကျစ်က ဟော်တူနှင့် သေသေချာချာ ဆွေးနွေးချင်သော်လည်း သူက အိပ်ခန်းထဲသို့ ဝင်ပြီးသည်နှင့် ရေချိုးပြီး အိပ်ရာထဲသို့ တန်းတန်းမတ်မတ် ဝင်သွားကာ သူမကို စကားပြောခွင့်ပင် မပေးခဲ့ပေ။ သူ သူမအပေါ် စိတ်ဆိုးနေကြောင်း သို့မဟုတ် စကားမပြောချင်ကြောင်း ပြသနေခြင်း ဖြစ်သည်။

လဲ့ကျစ်က သူ့ဘေးတွင် လှဲအိပ်လိုက်ရင်း တိုးတိုးလေး ပြောလိုက်မိသည်။

“ကျွန်မ အများကြီး သတိထားပါ့မယ်”

သို့သော် မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။

သူ အိပ်ပျော်နေပုံရသော်လည်း အမှန်တကယ်တွင် နှစ်ယောက်စလုံး ထိုညက မျက်လုံးမှိတ်၍ အိပ်ချင်ဟန်ဆောင်နေရင်း တစ်ညလုံး အိပ်မပျော်ခဲ့ကြပေ။

........။.......။.......

နောက်တစ်နေ့ နံနက်...

လဲ့ကျစ် ထွက်ခွာခါနီးအချိန်အထိ ဟော်တူက သူမကို လှည့်မကြည့်ဘဲ ကျောခိုင်း၍ အိပ်နေဆဲပင်။ လဲ့ကျစ်က စိတ်ထဲမှ သက်ပြင်းချကာ သူ့အတွက် စောင်ထောင့်လေးကို သေချာဆွဲခြုံပေးခဲ့ပြီးမှ အခန်းပြင်သို့ ထွက်လာခဲ့သည်။

တံခါးပိတ်သံ ကြားလိုက်ရပြီး ခဏအကြာတွင် ကုတင်ပေါ်ရှိလူက စောင်ကို အတင်းဆွဲဖယ်ကာ တုတ်ကောက်ကို ဒေါသတကြီး ဆွဲယူလိုက်သည်။ သူက ပျက်ယွင်းနေသောမျက်နှာဖြင့် ရေချိုးခန်းဘက်သို့ ခြေလှမ်းတလှမ်းချင်း လျှောက်သွားနေသည်။

တိတ်ဆိတ်နေသော အခန်းထဲတွင် တုတ်ကောက်သံက အလွန်ကျယ်လောင်နေသည်။

.......။.......။........

ဖူရှီဘုရားကျောင်းက မြို့တော်နှင့် ဝေးကွာပြီး မြင့်မားသော တောင်ကုန်းပေါ်တွင် တည်ရှိသဖြင့် ပတ်ဝန်းကျင် အပူချိန်က အလွန်နိမ့်ကျနေသည်။ သူတို့ သွားမည့်နေရာနှင့် နီးကပ်လေလေ ပတ်ဝန်းကျင် အပူချိန်က နိမ့်လေလေ ဖြစ်နေခဲ့သည်။

မြင့်မြတ်သော တော်ဝင်မိသားစုမှ အမျိုးသမီးတစ်စု ဘုရားကျောင်းသို့ ရောက်ရှိချိန်တွင် ကောင်းကင်က မှောင်နေပြီ ဖြစ်သည်။ သီလရှင်များက သူမတို့ အနားယူရန် နေရာများ စီစဉ်ပေးခဲ့ပြီး မနက်ဖြန်တွင် ဆုတောင်းပွဲကို တရားဝင် ကျင်းပမည့်အကြောင်း ပြောပြခဲ့ကြသည်။

ညစာစားချိန်၌ အားလုံး စုရုံးပြီး ဘုရားကျောင်းအတွင်း သက်သတ်လွတ်စားကြသည်။ တစ်နေကုန် ခရီးရှည်ထွက်ပြီးနောက် လူတိုင်း ပင်ပန်းနေကြပြီး ညစာစားပြီးသည်နှင့် အနားယူရန် သက်ဆိုင်ရာအခန်းများဆီသို့ ပြန်လာခဲ့ကြသည်။

လီယောင်က မီးပုံးဖြင့် လမ်းပြနေကာ လဲ့ကျစ်၏ရှေ့မှ လျှောက်နေသည်။ သို့သော် သူမတို့ လျှောက်လာပြီး ခဏအကြာတွင် မလှမ်းမကမ်း၌ ရပ်စောင့်နေသော ရှန်းချင်းယန်နှင့် သူမ၏အစေခံကို တွေ့လိုက်ရသည်။ လဲ့ကျစ်က သံသယစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

လီယောင်က ချက်ချင်း လဲ့ကျစ်၏ရှေ့မှ ကာကွယ်ရပ်တည်ကာ သတိဖြင့် စောင့်ကြည့်လိုက်သည်။ ရှန်းချင်းယန်က ဟော်ရှ၏လူဖြစ်သဖြင့် သူမ၏သခင်မအား တစ်စုံတစ်ရာ ဒုက္ခပေးမည်ကို လီယောင် စိုးရိမ်နေခြင်း ဖြစ်သည်။

ထိုအခြေအနေကို မြင်နေရသည့် ရှန်းချင်းယန်က နွမ်းလျစွာ ပြုံးပြပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလာသည်။

“စိတ်မပူပါနဲ့... ငါ မင်းနဲ့ စကားနည်းနည်းလောက်ပဲ ပြောချင်တာပါ၊ ရမလား”

မီးပုံး၏အလင်းရောင်အောက်တွင် လဲ့ကျစ်က ရှန်းချင်းယန်၏မျက်နှာကို သေချာကြည့်လိုက်သည်။ နန်းတော်ဧည့်ခံပွဲတွင် နောက်ဆုံးတွေ့ခဲ့စဉ်က တောက်ပသော အဝါရောင်ဝတ်စုံနှင့် တက်ကြွလှပနေသည့် မိန်းကလေးက ယခုအခါ အဘယ်ကြောင့် ဤမျှအထိ မှိန်ဖျော့သွားရသည်ကို သူမ နားမလည်နိုင်တော့ပေ။ သူမ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ပင်ပန်းနွမ်းနယ်မှုများကလည်း သိသာထင်ရှားနေသည်။

လဲ့ကျစ်ဘက်မှ တုံ့ပြန်မှုမရှိသဖြင့် ရှန်းချင်းယန်က လဲ့ကျစ် သူမနှင့် စကားမပြောချင်ဟု ထင်သွားကာ အတင်းအကျပ်မလုပ်တော့ဘဲ ခေါင်းညိတ်ပြလာပြန်သည်။

“မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေမိရင် တောင်းပန်ပါတယ်”

“ခဏနေပါဦး”

လဲ့ကျစ်က ကမန်းကတန်း တားလိုက်သည်။

ညလေက အေးစက်လာသဖြင့် လဲ့ကျစ်က သူမ၏အပေါ်ရုံအင်္ကျီကို တင်းတင်းစေ့လိုက်ရင်း ထပ်ပြောလိုက်သည်။

“အပြင်မှာ အေးတယ်၊ အထဲမှာ စကားပြောကြရအောင်”

နှစ်ယောက်သား လဲ့ကျစ်၏အခန်းထဲသို့ ရောက်သည်အထိ တိတိဆိတ်ငြိမ်သက်စွာ လျှောက်လာခဲ့ကြသည်။ လီယောင်နှင့် လုယင်တို့က တိတ်တဆိတ် နားလည်မှုဖြင့် အခန်းအပြင်ဘက်တွင် စောင့်နေကြပြီး သူတို့၏သခင်မများကို စောင့်ပေးနေကြသည်။

"ထိုင်ပါ"

လဲ့ကျစ်က တိုးတိုးလေး ပြောလိုက်သည်။

ရှန်းချင်းယန်၏ ယခုလက်ရှိအခြေအနေက ဘာကိုမှ ဟန်ဆောင်နိုင်စွမ်းမရှိတော့သကဲ့သို့ ဖြစ်နေသဖြင့် လဲ့ကျစ်ကလည်း ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

“ကျွန်မကို ရှာတာ... အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိလို့လား”

ရှန်းချင်းယန်က သူမ၏ရင်ဘတ်ကို ဖိကာ နှစ်ကြိမ်မျှ ချောင်းဆိုးလိုက်ပြီးမှ သူမ၏ဖြူဖျော့သောမျက်နှာကို မော့ကာ ခေါင်းညိတ်ပြလာသည်။ သူမက ပါးစပ်ဖွင့်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ ထို့နောက် သူမက မတ်တပ်ရပ်ကာ သူမ၏ အနီနှင့် နက်ပြာရောင် အပေါ်ရုံအင်္ကျီ၏ ဇာကြိုးကို ဖြည်ချလိုက်သည်။

ဝတ်ရုံစက ကြမ်းပြင်ပေါ်သို့ ပြန့်ကျသွားပြီး အေးစက်သောကြမ်းပြင်ပေါ်တွင် သွေးများ စွန်းထင်သွားသလို ဖြစ်နေပြန်သည်။ ရှန်းချင်းယန်က အင်္ကျီကော်လာကို အနည်းငယ်ဖွင့်ကာ အင်္ကျီကို ဆွဲတင်လိုက်သည်။ သူမ၏လည်ပင်းနှင့် လက်မောင်းများပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အစင်းကြောင်းများက လဲ့ကျစ်၏မျက်လုံးရှေ့၌ အထင်အရှား ပေါ်လာခဲ့သည်။

လဲ့ကျစ်တစ်ယောက် ထိတ်လန့်သွားပြီး သူမ၏မျက်လုံးများပင် ပြူးကျယ်သွားရသည်။ လဲ့ကျစ်က အံ့ဩတကြီး ပွင့်ဟသွားသော သူမ၏ချယ်ရီရောင်နှုတ်ခမ်းများကို လက်ဖြင့်အုပ်ကာ ရှန်းချင်းယန်ကို မယုံနိုင်သလို စိုက်ကြည့်နေပြန်သည်။

.......။........။.......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....

ဟော်တူ : ငါ စိတ်ဆိုးနေတယ်၊ အရမ်း ဒေါသထွက်နေတယ်။

All Chapters