အခန်း (၆၀-၆၁)
Vol. 6 Ch. 60-61
အခန်း ၆၀ အကြွေးတောင်းခြင်း
ဆန့်ကျင်ဘက်အနေနှင့် ရှန်းချင်းယန်၏ မျက်နှာတွင် မည်သည့် ခံစားချက်မျှ ရှိမနေပေ။ သူမက လည်ပင်းကို ဆန့်တန်းထားလျက် ပြန်ထိုင်ချလိုက်သည်။ ထို့နောက် သူမက အံ့အားသင့်နေသော လဲ့ကျစ်ကို အနည်းငယ် ပြုံးပြပြီး မေးလာခဲ့သည်။
"ရှင်းရှင်းလင်းလင်း မြင်ပြီလား၊ အဲဒါ မင်း ကူညီခဲ့တဲ့ လူပဲ"
လဲ့ကျစ်က အနည်းငယ် သတိပြန်ဝင်လာပြီး တိုးတိုးလေး မေးလိုက်သည်။
"ဟော်... ဟော်ရှ လုပ်တာလား"
‘အဲဒီ အနီရောင်နဲ့ အမဲရောင် အစက်အပြောက်တွေက ထူးဆန်းတယ်၊ အရိုက်ခံရပုံလည်း မပေါ်ဘူး… ဒါပေမယ့် နည်းနည်းတော့ ရင်းနှီးနေသလိုပဲ’
ထိုအတွေးနှင့်အတူ လဲ့ကျစ်၏ စိတ်ထဲတွင် နက်နဲသော အမှတ်ရစရာများ ပြန်ပေါ်ပေါက်လာပြီး လက်ထပ်ပွဲမတိုင်ခင်က အထိန်းတော်ကြီးများ ပြသခဲ့သော စာအုပ်များကို ရုတ်တရက် သတိရသွားသည်။ ထိုစာအုပ်များထဲတွင် ပါဝင်သော ပုံစံများနှင့် ကိုယ်ဟန်အမူအရာများက ပုံပျက်ပန်းပျက်နှင့် ရှက်စရာကောင်းလှသဖြင့် မင်္ဂလာဆောင်ညတွင် သူမ အလွန်တုန်လှုပ်ခဲ့ရသေးသည်။
စာအုပ်ထဲရှိ အမျိုးသမီးများ၏ ခန္ဓာကိုယ်ပေါ်မှ အမှတ်အသားများက ရှန်းချင်းယန်၏ ကိုယ်ပေါ်မှ အနီရောင်အမှတ်များနှင့် အလွန်ဆင်တူနေသည်။ ထို့ကြောင့် ထိုဒဏ်ရာများက ရိုက်နှက်ခံရခြင်းမျိုး မဟုတ်ဘဲ ကာမဆက်ဆံစဉ်အတွင်း ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ခံထားရခြင်း ဖြစ်ကြောင်း သူမနားလည်သွားသည်။
"မင်းရော ငါရော နှစ်ယောက်လုံးက အိမ်ထောင်ကျပြီးပြီဆိုတော့ အချို့အရာတွေကို မင်းလည်း သဘာဝကျကျ နားလည်မှာပါ"
ရှန်းချင်းယန်၏ နှုတ်ခမ်းများတွင် မိမိကိုယ်ကို နှိမ့်ချသော အပြုံးများ ပြည့်နှက်နေပြီး သူမက လဲ့ကျစ်ကို ကြည့်ကာ မေးလာပြန်သည်။
"ငါ့မှာ မျက်လုံးတွေ ရှိခဲ့ပေမယ့် မမြင်နိုင်ခဲ့ဘူး၊ မင်းကျတော့..."
ရှန်းချင်းယန်၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်နေသည်။
‘ဒီတာ့လီက မင်းသမီးလေးရဲ့ အမြင်မှာ သူမရဲ့တိုင်းပြည် ဖျက်ဆီးခံရတာနဲ့ မိဘတွေအတွက် သွေးကြွေးတွေ၊ အမုန်းတရားတွေက ယောကျာ်းတစ်ယောက်အပေါ် ထားရှိတဲ့ ခံစားချက်တွေထက် မသာလွန်နိုင်ဘူးလား၊ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး’
‘ဒါပေမယ့် ငါကရော အခြားသူတွေကို အပြစ်တင်ပြောဆိုဖို့ အရည်အချင်းရှိလို့လား။ ဟော်ရှက ကြင်နာမှုနဲ့ ဖြောင့်မတ်မှုကို လျစ်လျူရှုပြီး တာ့လီကို သုတ်သင်ပယ်ရှင်းခဲ့တာကို ငါ သိခဲ့ပေမယ့် ငါလည်း ဟော်ရှကို စွဲလန်းခဲ့ဖူးတာပဲ။ အဲ့လို ကျေးဇူးကန်းတဲ့သူရဲ့နှလုံးသားက နွေးထွေးနိုင်လိမ့်မယ်လို့ ငါ အမှန်တကယ် စိတ်ကူးယဥ်ခဲ့မိတယ်’
‘အရူးတစ်ယောက်လို အိပ်မက် မက်နေခဲ့တာပေါ့လေ’
လဲ့ကျစ်က ရှန်းချင်းယန်၏ ဆိုလိုရင်းကို နားလည်သွားသည်။ နောက်ဆုံးအကြိမ်က သူမနှင့် ဟော်ရှတို့ကြား သီးသန့်တွေ့ဆုံမှုတွင် ဖြစ်ပျက်ခဲ့သည်များကို လင်းယွိရှန့်က ရှန်းချင်းယန်အား ဖုံးကွယ်ထားမည် မဟုတ်ပေ။ ထို့ကြောင့် ယနေ့တွင် ရှန်းချင်းယန်က သူမကို ဟော်ရှအပေါ် အစွဲအလမ်းမကြီးရန်နှင့် ရပ်တန့်ရန် သွေးဆောင်ရန် ရောက်လာခြင်း ဖြစ်နိုင်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လဲ့ကျစ်က သူမ၏ခံစားချက်များကို မျိုသိပ်ကာ အေးအေးဆေးဆေး ပြန်မေးလိုက်သည်။
"တတိယမင်းသားနဲ့ ကျွန်မ ဆက်သွယ်နေတယ်ဆိုတာ အားလုံးသိနေတာတောင် ရှင်က ဘာလို့ ကျွန်မကို ဒါတွေ လာပြောနေတာလဲ၊ ကျွန်မက ဒါတွေအားလုံး သူ့ဆီ ပြန်ပြောမှာကို ရှင် မကြောက်ဘူးလား"
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှန်းချင်းယန်က သိသိသာသာ လန့်ဖျပ်သွားသော်လည်း ခဏမျှသာ ကြာလိုက်သည်။ သူမက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ပြန်ပြောလိုက်သည်။
"ငါ... ဒီည ဒီကိုလာကတည်းက ဖြစ်နိုင်ခြေအားလုံးကို ကြိုတွေးထားပြီးသားပါ”
‘အခုလည်း နေ့တိုင်းနီးပါး ညှဉ်းပန်းခံနေရတာပဲ၊ ဘာကို ကြောက်နေရဦးမှာလဲ
အသက်လား.....’
‘ငါကိုယ်တိုင်က သေခြင်းတရားကို စောင့်မျှော်နေခဲ့တာလေ၊ ဒါပေမယ့် ဟော်ရှက ငါ့ကို သေခွင့်မပေးသလို၊ ငါကလည်း ငါ့အဖေ စိတ်နှလုံး ထိခိုက်မှာကို စိုးရမ်လို့ ငါ့ကိုယ်ငါ သတ်မသေရဲဘူး’
"ဒါက အဆိုးဆုံး ဖြစ်နိုင်ခြေတစ်ခုလို့ပဲ မြင်တယ်"
ရှန်းချင်းယန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
"သူ့ကို ပြော မပြောကတော့ ထိုက်ဇီဖေး အပေါ်မှာပဲ မူတည်ပါတယ်"
“ခဏနေဦး”
လဲ့ကျစ်က သူမကို တားဆီးလိုက်ပြီး သူမ၏မျက်နှာကို စိုက်ကြည့်ကာ ထပ်မေးလိုက်သည်။
“ရှင့်ရဲ့ ရည်ရွယ်ချက်က... ကျွန်မကို တတိယမင်းသားရဲ့ စရိုက်တွေ သိစေချင်ရုံတင် မဟုတ်ဘူးမလား”
သူမနှင့် ရှန်းချင်းယန်ကြားရှိ ဆက်ဆံရေးအရဆိုလျှင် သူမကို သတိပေးရန်သက်သက်နှင့် ရှန်းချင်းယန်က သူမကိုယ်ကိုယ် အန္တရာယ်အဖြစ်ခံမည် မဟုတ်ပေ။
အခန်းတွင်းရှိ ဖယောင်းတိုင်မီးများက လေကြောင့် အနည်းငယ် ယိမ်းယိုင်သွားသည်။ မီးတောက်များက ဖယောင်းတိုင်ကို လောင်ကျွမ်းစေပြီး အသံများ ထွက်ပေါ်လာသည်။ ရှန်းချင်းယန်က ကြမ်းပြင်ပေါ်ရှိ အပေါ်ဝတ်ရုံကို ကောက်ယူကာ ပေါ့ပေါ့ပါးပါး လှုပ်ခါလိုက်ပြီး သူမ၏ပခုံးပေါ်တွင် ပြန်ခြုံလိုက်သည်။
ထို့နောက်တွင် ရှန်းချင်းယန်က အပေါ်ရုံအင်္ကျီ၏ အနီရောင်ကြိုးများကို ဂရုတစိုက် ပြန်ချည်နှောင်ရင်း လဲ့ကျစ်ကို လေးနက်စွာ စိုက်ကြည့်ပြီးမှ ပြန်ဖြေလာသည်။
“ငါက မင်းနဲ့ ညှိနှိုင်းချင်တာပါ”
“အိုး”
လဲ့ကျစ်က စိတ်ဝင်တစားရှိလှသော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
“ကျေးဇူးပြုပြီး... ပြောပါဦး”
“ငါ သူ့ကို ကွာရှင်းချင်တယ်၊ ဒါပေမယ့် သူက ငြင်းနေတယ်၊ သူက မင်းစကားဆိုရင် နားထောင်လိမ့်မယ်ဆိုတာ ငါ သိတယ်။ တကယ်လို့ မင်းသာ သူ့ကို ကွာရှင်းစာရွက်မှာ လက်မှတ်ထိုးခိုင်းနိုင်ရင်... အပြန်အလှန်အနေနဲ့ မင်း တာ့ချီကနေ ဘေးကင်းကင်း ထွက်သွားနိုင်ဖို့ ငါ့အဖေကို ကူညီခိုင်းပေးမယ်၊ ဟော်ရှ မင်းကို ဘယ်တော့မှ ပြန်ရှာမတွေ့စေရဘူးလို့လည်း ငါ ကတိပေးတယ်”
ရှန်းချင်းယန်က မျက်မှောင်ကြုတ်လျက် တုံ့ဆိုင်းမနေဘဲ ဆက်ပြောနေသည်။
“မင်း သူ့အပေါ် နာကြည်းစရာမရှိဘူးဆိုတာ ငါမယုံဘူး၊ မင်းလည်း ဒီမှာနေဖို့ ဖိအားပေးခံရတာဆိုရင် လွတ်မြောက်ဖို့ နည်းလမ်းရှာသင့်တယ်၊ ငါ့ရဲ့ အကြံပြုချက်ကို သေချာစဉ်းစားပေးပါ”
လဲ့ကျစ်က ရှန်းချင်းယန်ကို တိတ်တဆိတ် ကြည့်နေမိသည်။ ရှန်းချင်းယန်၏ စကားလုံးတိုင်းက သူမ၏နားထဲသို့ ရှင်းရှင်းလင်းလင်း တိုးဝင်လာသည်။ ဖယောင်းတိုင်မီးမှ ရောင်ပြန်ဟပ်မှုကြောင့် ရှန်းချင်းယန် ဝတ်ထားသော အနီရောင်ဝတ်စုံက ပိုတောက်ပနေပြီး လဲ့ကျစ်အနေဖြင့် သူမကို ပထမဆုံး မြင်ဖူးသည့်နေ့ထက် ယခုအချိန်တွင် ပိုလှသည်ဟု ခံစားနေမိသည်။
ဤကဲ့သို့သော ရှန်းချင်းယန်ကမှ ဝန်ကြီးချုပ်၏သမီးဖြစ်ကာ တာ့ချီ၏ မြင့်မြတ်သောမိန်းမပျိုတို့၏ အမူအရာကို ပိုင်ဆိုင်နေခြင်းပင်။
လဲ့ကျစ်က စိတ်ထဲတွင် သက်ပြင်းချလိုက်သော်လည်း ချက်ချင်းတော့ ပြန်မဖြေလိုက်ပေ။ စကားလုံးများထက် သက်သေကသာ ပို၍ လိုအပ်မှန်း သူမ နားလည်နေသည်။
“ကောင်းပါပြီ၊ အပြင်မှာ မှောင်နေပြီဆိုတော့ လမ်းကို သတိထားပါဦး”
သူမ၏ စကားက အခြေအနေကို ခေတ္တရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ ရှန်းချင်းယန်က အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် တံခါးဆီသို့ ဦးတည်ထွက်ခွာသွားသည်။ သစ်သားတံခါး ပွင့်သွားပြီး ပြန်ပိတ်သွားချိန်တွင် လီယောင်က အခန်းထဲသို့ ဝင်လာသည်။
“ထိုင်ဦး”
လဲ့ကျစ်က လီယောင်၏ လက်ကောက်ဝတ်ကို ဆွဲကာ ထိုင်ခိုင်းလိုက်သည်။ အပြင်တွင် အကြာကြီး ရပ်စောင့်နေရသဖြင့် လီယောင်၏လက်က အေးစက်နေသည်။ လဲ့ကျစ်က လက်နွေးအိုးလေးကို လီယောင်၏လက်ထဲသို့ အမြန်ထည့်ပေးလိုက်သည်။ အပြင်လူများရှေ့တွင်သာ လဲ့ကျစ်က သခင်နှင့်ကျွန် ကျင့်ဝတ်များကို သတိထားပြုမူပြီး နောက်ကွယ်တွင် လိုက်နာနေလေ့ မရှိပေ။
“သခင်မ...”
လီယောင်က အေးခဲနေသော နှာခေါင်းလေးကို ရှုံ့လိုက်ရင်း ပြောလာခဲ့သည်။
“ရှန်းချင်းယန်ရဲ့ အစေခံ လုယင်က အရမ်းကို သတိထားပြီး ပါးစပ်လုံတယ်၊ ကျွန်မ သွယ်ဝိုက်ပြီး မေးကြည့်ပေမယ့် အသုံးဝင်တဲ့ အချက်အလက်တစ်ခုတောင် မရခဲ့ဘူး၊ ဒါပေမယ့် သေချာတာတစ်ခုကတော့ သူ့သခင်မက ဟော်ရှနဲ့ လက်ထပ်ပြီးကတည်းက ကောင်းမွန်တဲ့ ဘဝမျိုး မရခဲ့ဘူးဆိုတာပဲ၊ လုယင်က စကားပြောရင်း အမြဲတမ်း သက်ပြင်းချနေတာကို ကြည့်ရင် သိသာနေတယ်”
အသေးစိတ်အချက်အလက်များကို ထုတ်မပြောသော်လည်း ထိုသို့သော အမူအရာများက ဟန်ဆောင်ရန် အခက်ခဲဆုံးဖြစ်သည်။
လဲ့ကျစ်က ခေါင်းညိတ်လိုက်သော်လည်း သူမ၏ မျက်နှာက ပို၍ အေးစက်လာသည်။
အမှန်တကယ်တွင် သူမက ရှန်းချင်းယန်၏ စကားများကို ယုံကြည်နေပြီ ဖြစ်သည်။ သို့သော် သူမ၏ရင်ထဲတွင် ရှန်းချင်းယန်က ဟော်ရှကို ကူညီရန် လိမ်ညာနေခြင်းဖြစ်စေရန် သို့မဟုတ် ထိုဒဏ်ရာများက အတုများသာ ဖြစ်စေရန် မျှော်လင့်နေဆဲပင်။
လီယောင်က လုယင်၏ ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိပြီး သခင်မနှင့် ကျွန်တို့၏ ဇာတ်ကြောင်းကို ဖော်ထုတ်နိုင်လိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သည်။ ရှန်းချင်းယန်ကဲ့သို့ အချစ်ကြီးပြီး ရူးမိုက်သော မိန်းကလေးတစ်ဦးကို ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နှိပ်စက်မှုမျိုး မခံစားစေချင်သဖြင့် သူမ ထိုသို့ မျှော်လင့်မိခြင်းသာ ဖြစ်သည်။
သို့သော် ရှန်းချင်းယန်၏ ကိုယ်ပေါ်မှ သွေးရောင်အမှတ်အသားများက လဲ့ကျစ်၏ စိတ်ထဲတွင် စွဲထင်နေသည်။ ဟော်ရှက သူမအား ထိုသို့ နှိပ်စက်နေချိန်တွင် ရှန်းချင်းယန် မည်ကဲ့သို့ ခံစားရမည်ကို လဲ့ကျစ် စိတ်ကူးနှင့်ပင် မတွေးရဲတော့ပေ။
“လူယုတ်မာ”
လဲ့ကျစ်က ညာဘက်လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသတကြီး အော်လိုက်သည်။
“သူက လူရော ဟုတ်သေးရဲ့လား”
‘ဘာပဲဖြစ်ဖြစ် ရှန်းချင်းယန်က သူကိုယ်တိုင် အလိုရှိလို့ လက်ထပ်ခဲ့တဲ့ ဇနီးလေ။ ဝန်ကြီးချုပ်ရဲ့ အာဏာအတွက် ဖြစ်နေလို့ သူမအပေါ် မေတ္တာမရှိဘူးဆိုရင်တောင် ဒီလို တိရိစ္ဆာန်ထက် ဆိုးရွားတဲ့ လုပ်ရပ်မျိုး မလုပ်သင့်ဘူး’
လဲ့ကျစ်တစ်ယောက် ပိုတွေးလေလေ ဒေါသပိုထွက်လေလေ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် တဖြည်းဖြည်းနှင့် သူမ၏နှလုံးသားက အေးစက်သွားသလို ခံစားလိုက်ရပြီး သူမ၏ခန္ဓာကိုယ်ပါ မလှုပ်မယှက် ဖြစ်သွားရသည်။ ထိုသို့သော လူယုတ်မာမျိုးက တာ့လီတွင် ဓားစာခံအဖြစ် ဆယ်နှစ်ကြာအောင် နေထိုင်ခဲ့သော်လည်း သူ၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ရက်စက်ကြမ်းကြုတ်သော စိတ်ဓာတ်ကို မည်သူမျှ မမြင်နိုင်ခဲ့ကြပေ။
'ငါတို့ကပဲ မိုက်မဲပြီး တုံးအလွန်းခဲ့တာလား၊ ဒါမှမဟုတ် ဟော်ရှကပဲ ဟန်ဆောင်တဲ့နေရာမှာ တော်လွန်းနေခဲ့တာလား...'
လီယောင်ကလည်း စိတ်မသက်မသာ ဖြစ်နေပြီး သူမ၏သခင်မ ပြောချင်နေသည့် အကြောင်းအရာကို ရိပ်မိနေသည်။
“သခင်မ၊ စိတ်မဆိုးပါနဲ့တော့၊ အခု ညနက်နေပြီဆိုတော့ အရင် အနားယူလိုက်ပါ”
လီယောင်က အကြံပေးလိုက်သည်။
လဲ့ကျစ်က ‘အင်း” ဟု ညင်ညင်သာသာ ပြန်ပြောလိုက်ပြီး လီယောင်ကို မော့ကြည့်ကာ မေးလိုက်ပြန်သည်။
“ရှောင်ရှီနဲ့ ချိုးယွီတို့ရော အပြင်မှာ အေးနေကြမလား”
“သခင်မ စိတ်မပူပါနဲ့၊ သူတို့ရဲ့ အဝတ်အစားတွေကို အေးတဲ့ဒဏ် ခံနိုင်အောင် အထူးအလွှာနဲ့ ချုပ်ထားတာဆိုတော့ သူတို့ ဘယ်တော့မှ အေးခဲသွားမှာ မဟုတ်ပါဘူး”
လီယောင် ပြောလိုက်သည့်စကားကို ကြားရမှ လဲ့ကျစ်လည်း စိတ်သက်သာရာ ရသွားသည်။ သူမက မျက်ခုံးများကို ဖြေလျှော့လိုက်ကာ ထပ်ပြောလိုက်သည်။
“ဘုရားကျောင်းက အိမ်တော်နဲ့ မတူဘူး၊ အထူးသဖြင့် ညမိုးချုပ်ဆိုတော့ ပိုသတိထားရမယ်”
မနေ့က ဟော်တူကို သူမ ပြောခဲ့သည့် စကားများက ပေါ့ပေါ့ပါးပါး ပြောခဲ့ခြင်း မဟုတ်ပေ။ သူမ အမှန်တကယ် သတိထားနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သိုင်းပညာကျွမ်းကျင်သည့် ချိုးယွီနှင့် ရှောင်ရှီကို တိတ်တဆိတ် စောင့်ကြပ်ရန် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ ရှိနေခြင်းက သူမ၏ ဘေးကင်းရေးကို အပြည့်အဝ အာမခံချက် ပေးနိုင်သည်။
သူတို့ကို ထည့်မတွက်လျှင်ပင် လဲ့ကျစ်က သူမကိုယ်သူမနှင့် လီယောင် အန္တရာယ်မှ ကင်းဝေးအောင် စောင့်ရှောက်နိုင်သည်။
လီယောင်က လေးနက်စွာ ခေါင်းညိတ်ပြပြီးနောက် အခန်းပြင်သို့ ပြန်ထွက်သွားသည်။
ဖူရှီဘုရားကျောင်းက တောင်ပေါ်လမ်းတစ်ဝက်တွင် ရှိနေပြီး ရေရှားပါးသည်။ လဲ့ကျစ်က ရိုးရိုးရှင်းရှင်း ကိုယ်လက်သန့်စင်ပြီး ညဝတ်အင်္ကျီ လဲဝတ်လိုက်သည်။ မနေ့ညက သူမ အိပ်ရေးမဝခဲ့သော်လည်း ယခုအချိန်ထိ အိပ်ချင်စိတ် မရှိသေးပေ။ အစီအစဥ်များကို သေချာစွာ ပြင်ဆင်ထားသော်လည်း သူမ၏စိတ်ထဲတွင် စိုးရိမ်မှုအချို့ ရှိနေဆဲပင်။
လဲ့ကျစ်က ရိုးရှင်းလှသော အခန်းငယ်လေးကို ဂရုတစိုက် လှည့်ပတ်ကြည့်ရှုရင်း တစ်ယောက်တည်း နေရသည်ကို အနည်းငယ် ကြောက်လန့်သလို ခံစားရသည်။ ထိုအချိန်တွင် သူမကို စိတ်ဆိုးပြီး ကျန်ရစ်ခဲ့သည့် တစ်စုံတစ်ယောက်ကို ရုတ်တရက် သတိရလိုက်မိသည်။
သူမ မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းလေးကို ကိုက်လိုက်ပြန်သည်။
'တစ်ယောက်ယောက်က ဒီလောက်တောင် ဒေါသကြီးရသလား၊ ဘယ်လို ဖြစ်နိုင်မှာလဲ.... သူ့နာမည်ကို "ဟော်စိတ်တို" လို့ ပြောင်းလိုက်သင့်တာ’
ခဏအကြာတွင် လဲ့ကျစ်တစ်ယောက် ခေါင်းယမ်းလိုက်ပြန်သည်။
‘ငါ သူ့အကြောင်းကို ဆက်မတွေးချင်တော့ဘူး။ သူ့ဘာသာ အိမ်တော်မှာ စိတ်ဆိုးချင်သလောက် စိတ်ဆိုးနေပါစေ’
လဲ့ကျစ်က မအိပ်ချင်သော်လည်း ကုတင်ရှိရာသို့ လျှောက်သွားလိုက်သည်။
‘အိပ်မပျော်ရင်လည်း လှဲနေရုံပေါ့’
သို့သော် သူမ ကုတင်၏ကန့်လန့်ကာကို ဖွင့်လိုက်ချိန်တွင် ဤနေရာ၌ မရှိသင့်သော လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် လဲ့ကျစ် မှင်တက်သွားရသည်။
ယခုအချိန်တွင် “ဟော်စိတ်တို”က ခေါင်းအုံးပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေသည်။
လဲ့ကျစ်က လန့်အော်မိတော့မည့် သူမ၏ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်လိုက်သည်။ သို့သော် သူမက ထိုနေရာတွင် ကျောက်ရုပ်ကြီးလို မလှုပ်မယှက် ရပ်နေမိသည်။ ဟော်တူက မျက်ခွံများကို ပင့်ကာ သူမကို စိုက်ကြည့်နေသော်လည်း စကားတစ်ခွန်းမှ မပြောပေ။
လဲ့ကျစ် ရုတ်တရက် ရယ်ချင်စိတ် ပေါက်သွားသည်။
‘ဒီလူက တစ်လမ်းလုံး လိုက်လာခဲ့တာလား၊ သူ ငါ့ကို စိတ်ဆိုးနေတာ မဟုတ်ဘူးလား။ ဒါမှမဟုတ် စိတ်ဆိုးဟန်ဆောင်ပြီး ငါ ချော့မှာကို စောင့်နေတာလား’
'ဒါကတော့ ကောင်းကင်ပြစ်ဒဏ်ကြီးပဲ...'
လဲ့ကျစ်က ကုတင်ပေါ်သို့ ညင်သာစွာ လှဲချလိုက်ပြီး ခေါင်းအုံးကို သူနှင့်အတူ မျှဝေမှီထားလိုက်သည်။ ဘုရားကျောင်းရှိ ကုတင်က ထိုက်ဇီစံအိမ်တော်ရှိ အိပ်ရာလောက် မပျော့ပျောင်းဘဲ လဲ့ကျစ်၏ ကျောပြင်လေး နာကျင်သွားကာ သူမက အလိုအလျောက် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ယခုအချိန်တွင် ထိုအရာကို ဂရုစိုက်ရန် အချိန်မရှိသေးပေ။
လဲ့ကျစ်က ခေါင်းကို အနည်းငယ်စောင်းကာ ဟော်တူ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ သူက ဘယ်ဘက်လက်ဖြင့် ခရမ်းရောင် ကျောက်တုံးလေးကို ကိုင်ထားကာ ပေါ့ပေါ့ပါးပါး ပွတ်သပ်ဆော့ကစားနေသည်။ လဲ့ကျစ်က သူ၏ လက်ချောင်းရှည်များကို လှမ်းဆွဲလိုက်ပြီး တိုးတိုးလေး မေးလိုက်သည်။
“အရှင့်သား ဒီကို လိုက်လာတာက... ကျွန်မကို စိတ်ပူလို့လား၊ ဒါမှမဟုတ် ကျွန်မကို လွမ်းလို့လား”
လဲ့ကျစ်က တိုက်ရိုက် မေးလိုက်သော်လည်း မေးပြီးသည်နှင့် ရှက်စိတ်ကြောင့် မျက်လွှာချကာ သူ့ကို ပြန်မကြည့်ရဲတော့ပေ။
ဟော်တူက ပြန်မဖြေဘဲ သူ့ညာဘက်လက်ကို မြှောက်ကာ လဲ့ကျစ်၏ ပါးပြင်လေးကို လက်မနှင့် လက်ညိုးသုံးကာ ဆွဲဖျစ်လိုက်သည်။ သူမ အနည်းငယ် နာကျင်သွားစေရန် ခွန်အားအချို့လည်း အသုံးပြုထားသောကြောင့် လဲ့ကျစ် မကျေမနပ် မျက်မှောင်ကြုတ်လိုက်မှသာ သူက လက်ကို ပြန်ရုပ်သိမ်းသွားသည်။
“ဘာလုပ်တာလဲ”
ဟော်တူက သူမ၏ ဆူပုတ်သွားသော မျက်နှာလေးကို ကြည့်ကာ လှောင်ပြောင်သည့် လေသံဖြင့် ပြောလာခဲ့သည်။
“ကိုယ်က မင်းရဲ့ မျက်နှာအရေပြား ဘယ်လောက်တောင် ထူနေလဲလို့ စမ်းကြည့်တာလေ”
ဤကဲ့သို့သော သူ၏ထူးဆန်းသည့် စနောက်သံကို မကြားရသည်မှာ ကြာပြီဟု လဲ့ကျစ် ခံစားလိုက်ရသည်။ သူမက အပြုံးလေးဖြင့် သူ့အနားသို့ တိုးကပ်သွားပြီး ပြန်မေးလိုက်သည်။
“အဲဒါဆို အခု အရှင့်သား ရှင်းရှင်းလင်းလင်း မြင်ရပြီလား၊ နောက်တစ်ခါ ထပ် စမ်းကြည့်ချင်သေးလား”
သူမက သူမ၏နီရဲသွားသော ပါးပြင်ကို ပွတ်သပ်ရင်း တောင်းဆိုနေသေးသည်။
“ဒါပေမယ့် နောက်တစ်ခါဆိုရင် အားအများကြီး မသုံးနဲ့နော်”
ထိုအချိန်တွင် ဟော်တူက သူမ၏ပါးလေးကို အမှန်တကယ် ထပ်ဆွဲချင်သလို သူ့လက်ကို ဆန့်ထုတ်လိုက်သော်လည်း သူ့လက်ချောင်းများက သူမ၏ နူးညံ့သော ပါးပြင်ပေါ်သို့ ညင်သာစွာ ကျရောက်သွားသည်။ သူက ကိုယ်ကို အနည်းငယ် မတ်လိုက်ပြီး သူမ၏ နှာသီးဖျားလေးကို သူ့နှာသီးဖျားဖြင့် ထိကပ်လိုက်သည်။
“ကိုယ် ဘာလို့ ဒီကို ရောက်နေတာလဲဆိုတာ သိချင်လား”
နွေးထွေးသော အသက်ရှူသံများက သူမ၏ နှုတ်ခမ်းဖျားဆီသို့ တိုးဝင်လာသဖြင့် လဲ့ကျစ်၏ မျက်ဝန်းလေးများ အနည်းငယ် လှုပ်ရှားသွားသည်။ သူမက ငြိမ်သက်စွာဖြင့် သူ့မျက်လုံးများကို ကြည့်ကာ အဖြေကို စောင့်နေမိသည်။
သူမ၏ နာခံမှုရှိသော အကြည့်လေးကြောင့် ဟော်တူ၏ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ခဏအကြာတွင် သူက ခပ်တိုးတိုး ရယ်မောလိုက်ပြီး ပြန်ဖြေလိုက်သည်။
“အကြွေးတောင်းဖို့ လာခဲ့တာလေ”
‘ဒါဇင်နဲ့ချီတဲ့ အနမ်းတွေ အကြွေးတင်နေတယ်လေ.... ဆပ်လို့ မကုန်သေးဘူး’
.....။........။........
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : ငါ စိတ်ဆိုးနေတယ်၊ ငါ စိတ်ကောက်ပြေသွားပြီ...
ကျစ်ကျစ် : “...” (ဒေါသထွက်နေသော မျက်နှာ)
အခန်း ၆၁ ချော့မော့ခြင်း
ကုတင်ကန့်လန့်ကာ၏ တစ်ဖက်က တွဲလောင်းကျနေပြီး တစ်ဖက်က ချိတ်ဆွဲနေသည်။ စိတ်ပြန်ငြိမ်သွားသည့် လဲ့ကျစ်က ဟော်တူ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး သူမ၏ မျက်လုံးများက သူမဘေးနားမှ လူ၏ ခြေသလုံးနှစ်ဖက်ပေါ်သို့ ကျရောက်သွားသည်။ အဝတ်အထည်များမှတစ်ဆင့် သူ၏ အေးမြသော ခန္ဓာကိုယ်အပူချိန်ကို သူမ ခံစားနေရသည်။ ထို့နောက် သူမက မသိစိတ်ဖြင့် သူမ၏နှုတ်ခမ်းများကို လက်ချောင်းများဖြင့် ပြန်ပွတ်သပ်ကြည့်နေပြန်သည်။ ထိုနွေးထွေးမှုက စွဲမြဲနေဆဲပင်။
“သတိရပြီလား”
ငြိမ့်ညောင်းသော လေသံတစ်ခု ထွက်ပေါ်လာပြန်သည်။
လဲ့ကျစ် မယုံနိုင်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ သူကလည်း သူမလိုမျိုး သူ့နှုတ်ခမ်းကို လက်ချောင်းများဖြင့် ဖိထားသည်ကို တွေ့လိုက်ရသည်။
‘ဒီဈေးပေါတဲ့လူက ကျီစားချင်နေတယ်ပေါ့...’
“ဒီနေ့ အကြွေးဆပ်ရမှာလား”
လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို ကိုက်ကာ နီမြန်းနေသော ပါးပြင်များဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူမက သူ့အင်္ကျီလက်ဝကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်ကာ တောင်းဆိုလိုက်သည်။
“အရှင့်သား... ပြန်သွားတော့”
ဟော်တူက သူမကို စိုက်ကြည့်နေပြီး သူမ၏ ဆူပုတ်နေသော အသွင်အပြင်လေးကြောင့် အလွန်သဘောကျနေပြန်သည်။ တဖြည်းဖြည်းနှင့် သူ၏ အေးစက်နေသော မျက်လုံးများထဲတွင် အပြုံးများ ပေါ်လာခဲ့သည်။ သူက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲခေါ်ကာ အပြုံးချိုချိုလေးဖြင့် မေးလိုက်သည်။
“မင်းက ကိုယ့်ကို မောင်းထုတ်နေတာလား”
လဲ့ကျစ်က သူမ၏လက်ဖဝါးဖြင့် ဟော်တူ၏ရင်ဘတ်ကို တွန်းထုတ်ရန် ကြိုးစားသော်လည်း အသုံးမဝင်ကြောင်း သိလိုက်ရပြီး ရပ်တန့်လိုက်သည်။
“ကျွန်မက အရှင့်သားထိုက်ဇီကို ဘယ်လို မောင်းထုတ်ရဲမှာလဲ”
သူမက မျက်နှာလေးရှုံ့ကာ ပြန်ပြောလိုက်သည်။
‘သူက အမြဲတမ်း မှန်းဆလို့ မရဘူးလေ’
‘သူ ဒေါသထွက်ချင်တဲ့အခါ ဒေါသ ထွက်တယ်၊ ကျီစားချင်တဲ့အခါ ကျီစားတယ်၊ သူ လုပ်ချင်တာကိုပဲ အမြဲလုပ်တယ်’
လဲ့ကျစ်က ထိုအကြောင်းကို တွေးလေလေ ပိုစိတ်ဆိုးလေလေ ဖြစ်လာခဲ့သည်။ သူမက မျက်လုံးလေးများကို မှိတ်ထားရင်း တိတ်တဆိတ် ရှိုက်ငိုနေမိသည်။
ဟော်တူက သူမ ငြိမ်နေသဖြင့် တမင် စကားမပြောဘဲ နေ နေသည်ဟု ထင်နေခဲ့သော်လည်း ငိုသံကို ကြားလိုက်ရချိန်တွင်မှ သူ၏ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။
ဟော်တူက လဲ့ကျစ်၏ ခါးကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ၏ နောက်ကျောလေးကို ညင်ညင်သာသာဖြင့် အဖန်ဖန် ပွတ်သပ်ပေးနေမိသည်။
သို့သော် သူ့ရင်ခွင်ထဲမှ ကောင်မလေးက အငိုမရပ်သည့်အပြင် ပို၍ပင် ငိုနေသေးသည်။ သူမ၏ မျက်ရည်များက မိုးရွာသလို ကျလာပြီး သူ၏အင်္ကျီပါးပါးလေးကို စိုရွှဲသွားစေသည်။ ဟော်တူ၏ လက်များလည်း တုန့်ဆိုင်းသွားရသည်။
‘သူက လူတွေကို ဘယ်လိုချော့ရမှန်းမသိသလို လူတွေကို ချော့တာမျိုးလည်း မလုပ်ဖူးဘူး။ အရင်တုန်းကတော့ တစ်နေ့မှာ သူ သူများကို ချော့ဖို့ တွေးတောင် မတွေးဖူးဘူး။
စောစောသိရင် သူ သူမကို စနောက်မှာ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မနေ့က သူ သူမနဲ့ စိတ်မကောက်သင့်ဘူးလို့ ပြောရမယ်။
တကယ်က သူ့ခြေထောက်နဲ့ သူကိုယ်သူ ပြန်ကန်မိတာပဲ....’
ဟော်တူ၏အမူအရာ ပျက်ယွင်းသွားပြီး ဘေးတွင် ချထားသော သူမ၏ လက်ကလေးများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမ၏ နူးညံ့သော လက်ကလေးကို ကိုင်ရန် လက်လှမ်းလိုက်သည်။
“ဖြန်း”
တိတ်ဆိတ်သော ညနှောင်းပိုင်းတွင် ရိုက်သံက အထူး ကျယ်လောင်နေသည်။ လဲ့ကျစ်က အလွန်တုန်လှုပ်သွားပြီး အငိုရပ်သွားကာ ဟော်တူ၏ ပွေ့ဖက်မှုမှ ရုန်းထွက်ရန် ကိုယ်ကို အနည်းငယ် မတ်လိုက်သည်။ သူမ၏ လက်ကောက်ဝတ်က ဟော်တူ၏ လက်ထဲတွင် ဆုပ်ကိုင်ထားခံရဆဲဖြစ်ပြီး လက်ဖဝါးလည်း အနည်းငယ် နာကျင်နေသည်။
လဲ့ကျစ်က မှင်သက်နေသော မျက်လုံးများဖြင့် ဟော်တူ၏ မျက်နှာကို ကြည့်လိုက်သည်။ အေးစက်ပြီး ဖြူဖွေးနေသော သူ၏ ဘယ်ဘက်ပါးပြင်တွင် လက်ငါးချောင်းပုံစံ အနီရောင်မျဉ်းကြောင်း ပါးပါးလေးများကို သူမ တွေ့လိုက်ရသည်။ သူမ၏ လက်သည်းများဖြင့် ခြစ်မိသွားပုံရသည်။
ဟော်တူက လက်ကို မြှောက်ကာ သူမ၏ပါးပြင်မှ မျက်ရည်များကို လက်ညိုးဖြင့် အသာအယာ သုတ်ပေးလိုက်ပြီး မေးလိုက်ပြန်သည်။
“မင်း စိတ်ငြိမ်သွားပြီလား”
လဲ့ကျစ်က သူ၏မေးခွန်းကို ချက်ချင်း နားမလည်နိုင်ဘဲ ကြောင်အနေသည်။
‘သူက ငါ့ကို ရိုက်ခွင့်ပေးပြီး ချော့နေတာလား၊ ဒါက လူကို ချော့တဲ့ သာမန်နည်းလမ်းမျိုး မဟုတ်ဘူးပဲ’
သူမ အကြာကြီး တိတ်ဆိတ်နေသောကြောင့် ဟော်တူက သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရာမှ အားအနည်းငယ် ထပ်တိုးလိုက်သည်။ သူက သူမလက်ကို ဆွဲယူကာ သူ့မျက်နှာကို နောက်တစ်ကြိမ် ရိုက်ခိုင်းရန် ပြင်ဆင်နေခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် သူမ၏လက်ဖဝါးနှင့် သူ့ပါးပြင် ထိတော့မည့်အချိန်တွင် လဲ့ကျစ်က အတင်းနောက်ပြန်ဆွဲလိုက်သဖြင့် လေကိုသာ ရိုက်မိသွားသည်။
“အရှင့်သား... ဘာလုပ်နေတာလဲ”
လဲ့ကျစ်၏ အသံက အနည်းငယ် အက်ရှကာ တုန်ရီနေပြီး သူမ၏မျက်လုံးလေးများကလည်း နီရဲနေဆဲ ဖြစ်သည်။
ဟော်တူက သူမ၏ အနီရောင် မြေခွေးမျက်လုံးလေးများကို အလေးအနက် ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက သူမ၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး ဘာမှမပြောတော့ဘဲ ကုတင်ပေါ်မှ ဆင်းရန် ကုတင်အစွန်းသို့ တိုးသွားသည်။
ထို့နောက် သူက ထပ်ပြောလာပြန်သည်။
“ကိုယ် သွားတော့မယ်”
သူ၏ အေးစက်သော လေသံက ခါတိုင်းနှင့် အတူတူ ဖြစ်နေသော်လည်း လဲ့ကျစ်အတွက်တော့ ခါတိုင်းနှင့်မတူသော အဓိပ္ပာယ်တစ်မျိုး ပါဝင်နေသလို ခံစားရစေသည်။ သူမ၏ နှလုံးသားက ရုတ်တရက် တင်းကျပ်သွားပြီး မသက်မသာ ဖြစ်လာသည်။ သူမ၏စိတ်ခံစားချက်များကို မဖြေဖျောက်နိုင်ခင်မှာပင် လဲ့ကျစ်က ဟော်တူ၏ လက်မောင်းကို လှမ်းဆွဲထားလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“အပြင်မှာ အရမ်းအေးနေပြီ”
'မသွားပါနဲ့...'
လဲ့ကျစ်က စိတ်ထဲမှလည်း အော်ဟစ်နေသေးသည်။
ကုတင်ကန့်လန့်ကာကို မတင်ရန် ပြင်နေသော ဟော်တူ၏လက်က ခေတ္တ ရပ်တန့်သွားသည်။ ထို့နောက် ကန့်လန့်ကာကို မြှောက်တင်ရမည့်အစား အခြားတစ်ဖက်ကိုပါ အောက်ပြန်ချလိုက်သဖြင့် အိပ်ရာထဲတွင် မှောင်အတိ ကျသွားတော့သည်။
ဟော်တူက သူမကို ပြန်လည်ပွေ့ဖက်ပြီး တိတ်တိတ်လေး အိပ်နေသော်လည်း အမှောင်ထဲမှ သူ၏ နှုတ်ခမ်းများက တွန့်ကွေးနေကာ အောင်မြင်သော အပြုံးတစ်ခုကို ဖော်ပြနေသည်။ ထိုအပြုံးကို လဲ့ကျစ် မမြင်စေရန် သူ ကုတင်ကန့်လန့်ကာကို တမင်နှိမ့်ချလိုက်ခြင်းပင်။
လဲ့ကျစ်က သူ့ရင်ဘတ်ပေါ်တွင် ငြိမ်သက်စွာ ခေါင်းတင်ထားရင်း ခဏမျှ တုံ့ဆိုင်းနေပြီးမှ မေးလာပြန်သည်။
“နောက်ဆိုရင် အရှင့်သား ခဏခဏ စိတ်ဆိုးတာကို ရပ်ပေးလို့ရမလား”
ဟော်တူက တိုးညှင်းသောအသံဖြင့်သာ တုံ့ပြန်ခဲ့သည်။ မနေ့က သူ့အပြုအမူ လွန်သွားသည်ကို သူကိုယ်တိုင်လည်း သိနေခဲ့သည်။ သို့သော် လင်းဝမ်နင်နှင့်အတူ ခရီးထွက်ရခြင်းက မည်မျှ အန္တရာယ်ကြီးကြောင်း လဲ့ကျစ် မသိပေ။ ဖူရှီဘုရားကျောင်းသို့ လာရာလမ်းတစ်လျှောက်လုံး အရိပ်သက်တော်စောင့်များအား သူမကို လျှို့ဝှက်ကာကွယ်ရန် အမိန့်ပေးထားခဲ့သော်လည်း သူ စိတ်မချနိုင်ခဲ့ပေ။
လင်းဝမ်နင်ကို တွေးမိတိုင်း ထိုသွေးစွန်းသော ပုံရိပ်များက ပြန်ပေါ်လာပြီး သူ့နှလုံးသားတစ်ခုလုံး နာကျင်လာရသည်။ သူ၏ အစ်မဖြစ်သူ တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းနေခဲ့သည့် ထိုအချိန်တုန်းက သူ ကူကယ်ရာမဲ့စွာ ကြည့်နေရုံမှအပ ဘာမှမလုပ်ပေးနိုင်ခဲ့ပေ။
သူ လင်းဝမ်နင်ကို မသတ်ရသေးသည့် အကြောင်းရင်းက သူမကို ရိုးရိုးရှင်းရှင်း သတ်ပစ်လိုက်လျှင် သူမအတွက် အလွန်သက်သာလွန်းသောကြောင့် ဖြစ်သည်။ သူမက ညှဉ်းပန်းနှိပ်စက်မှုကို ခံစားသင့်ပြီး ထို့သို့မဟုတ်လျှင် သူ အစ်မဖြစ်သူကို မည်သို့မျှ မျက်နှာချင်းဆိုင်ရဲတော့မည် မဟုတ်ပေ။ နှစ်များစွာကြာပြီးနောက် သူ၏ လက်စားချေ ဖျော်ဖြေပွဲများက စတင်နေပြီ ဖြစ်သည်။
‘အဲ့လောက် ရက်စက်ယုတ်မာတဲ့ မိန်းမကြီး ပေါ့ပေါ့တန်တန် သေသွားဖို့က ဘယ်လိုဖြစ်နိုင်မှာလဲ’
သို့သော် မနေ့က ဟော်တူ၏ ကာလရှည်ကြာ ပျောက်ဆုံးနေသော သတ်ဖြတ်လိုစိတ် ပြန်ရောက်ရှိလာခဲ့သည်။
‘အရင်ကတော့ သူက သူ့ရဲ့ ရန်သူတွေကို ချက်ချင်းမသတ်ဘဲ ဖြည်းဖြည်းချင်း ကစားချင်ခဲ့တာပါ၊ ဒါပေမယ့် လင်းဝမ်နင်ဘက်က လဲ့ကျစ် နာကျင်အောင် လုပ်လာမယ်ဆိုရင်တော့ သူက အဲ့လိုမျိုး လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူး’
ဟော်တူ အဆုံးမရှိသော အတွေးများနှင့် ရုန်းကန်မှုများထဲသို့ ကျရောက်နေစဉ် လဲ့ကျစ်က အသံတိုးတိုးဖြင့် ပြောလာပြန်သည်။
“အရှင့်သားရဲ့ ဒေါသက အရမ်း ဆိုးဝါးလာတယ်”
ဟော်တူ သတိပြန်ဝင်လာချိန်တွင် သူက သူမ၏ အနက်ရောင် ဆံပင်နုနုလေးများကို သူ့လက်ချောင်းများဖြင့် ရစ်ပတ်ဆော့ကစားရင်း တိုးတိုးလေး ရယ်မောလိုက်သည်။
“မင်း ဒေါသထွက်တာကျတော့ ကောင်းတယ်ပေါ့လေ”
‘ပွေ့ဖက်ထားရင်း ချော့ရတာက လုံးဝ အဆင်မပြေဘူး။
သူမ မနေ့က သူ့ကို ဒီလို ချော့ခဲ့ရင် ခက်ခဲတဲ့ အခြေအနေကနေ လွတ်မြောက်သွားမှာ သေချာတယ်’
“ကျွန်မရဲ့ ဒေါသက ဘာဖြစ်လို့လဲ”
လဲ့ကျစ်က မကျေမနပ် ရေရွတ်လိုက်သည်။ သူမကိုယ်တိုင်ပင် သတိမထားမိဘဲ ယခုအချိန်တွင် သူမ ဟော်တူ၏ ရှေ့၌ ဒေါသအနည်းငယ် ထွက်ပြနေမိပြီ ဖြစ်သည်။
ထိုမေးခွန်းကို ကြားလိုက်ချိန်တွင် ဟော်တူက ရယ်မောလိုက်ပြီး သူမ၏ခေါင်းလေးကို အသာအယာ ကိုင်ကာ ပြန်ပြောလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်”
‘ဟုတ်တယ်....သူ့ရဲ့မင်းသမီးလေးက ဒေါသထွက်ခွင့် ရှိတာပေါ့’
သူ့ဆီမှ ဤကဲ့သို့ နူးညံ့သော စကားမျိုး ကြားရရန် ခက်ခဲလွန်းသောကြောင့် လဲ့ကျစ် ပြုံးမိသွားသည်။ သို့သော် နောက်တစ်ခဏမှာပင် သူမ၏ ရှန်းချင်းယန်အကြောင်းကို ရုတ်တရက် သတိရသွားပြီး သူမကိုယ်သူမ အားပြုကာ ကုတင်ကန့်လန့်ကာ၏ တစ်ဖက်ကို ဆွဲတင်လိုက်သည်။ ထို့နောက် ဟော်တူကို လေးနက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ မေးလိုက်ပြန်သည်။
“အရှင့်သား ရောက်နေတာ ကြာပြီမလား၊ ခုနက ရှန်းချင်းယန် ပြောသွားတာတွေကို အရှင့်သား ကြားလိုက်လား”
ဖယောင်းတိုင်မီးက အိပ်ရာအတွင်းပိုင်းကို အနည်းငယ် လင်းထိန်သွားစေသည်။ ဟော်တူ၏ မျက်ဝန်းနက်များက အလင်းရောင်ကြောင့် အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူမကို စိတ်ရှုပ်ထွေးနေဟန်ဖြင့် ကြည့်ကာ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလာသည်။
“အရှင့်သားရဲ့ အမြင်အရ သူရဲ့စကားက ဘယ်လောက်မှန်နိုင်မလဲ”
လဲ့ကျစ်က သူမဘာသာ လွယ်လွယ်နှင့် မယုံရဲသောကြောင့် ဟော်တူ၏ ထင်မြင်ချက်ကို သိချင်နေခဲ့သည်။
“သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ဟော်ရှကြောင့် ဖြစ်တာ”
ဟော်တူက သူမ၏ ဆံပင်ရှည်များကို လက်ဖြင့် ရစ်ပတ်ဆော့ကစားရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။
“သူ့စကားက ဘယ်လောက်မှန်သလဲဆိုရင်... သူ ပြောနေတဲ့အချိန်မှာတော့ စကားလုံးတိုင်းက ရိုးရိုးသားသား ပြောနေတာပဲ”
‘ဒါပေမယ့် လူတွေရဲ့ နှလုံးသားက ပြောင်းလဲလွယ်တယ် မဟုတ်ဘူးလား။ အနာဂတ်မှာ သူမက သူတို့နဲ့ ရန်ဘက်ဖြစ်မလာဘူးလို့တော့ ဘယ်သူက အာမခံနိုင်မှာလဲ’
ဟော်တူက လဲ့ကျစ်၏ ဆံပင်များကြားတွင် တွယ်ကပ်နေသော သူ၏ လက်ချောင်းများကို စိုက်ကြည့်ကာ သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ သို့သော် နောက်အခိုက်အတန့်တွင် သူ၏ ကျောပြင် တောင့်တင်းသွားသည်အထိ အတွန်းခံလိုက်ရပြီး သူ့လက်ထဲမှ ဆံပင်နုနုလေးများလည်း လွှတ်ထွက်သွားသည်။ သူ စိတ်ရှုပ်ဟန်ဖြင့် မော့ကြည့်လိုက်ချိန်တွင် ဒေါသရိပ်များ ဖုံးလွှမ်းနေသော မျက်လုံးတစ်စုံကို မြင်လိုက်ရသည်။
“သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရှိနေတာကို အရှင့်သားက ဘယ်လိုလုပ် သိနေတာလဲ”
လဲ့ကျစ်က အေးစက်စွာ မေးနေပြီး သူမ၏ ဒေါသက ဖုံးကွယ်၍ မရ ဖြစ်နေပြီး သူမ၏မျက်ဝန်းများထဲ၌ အတိုင်းသား ပေါ်လွင်နေသည်။
‘အဲဒါတွေ...’
‘သိသာနေတာက သူ ပုန်းနေခဲ့တာလေ။ စကားသံတွေကိုပဲ နားထောင်တာဆိုရင် ရှန်းချင်းယန်ရဲ့ ကိုယ်ပေါ်မှာ ဒဏ်ရာတွေကို ရှိနေတာကို သူ ဘယ်လို ရှင်းရှင်းလင်းလင်း သိနိုင်မှာလဲ’
‘ဒါဆို... ဖြစ်နိုင်တာက... သူ ကုတင်ကန့်လန့်ကာကို မပြီး တိတ်တဆိတ် ချောင်းကြည့်နေခဲ့တာလား၊ သူ တကယ်ပဲ ကြည့်နေတာ ဖြစ်ရမယ်၊ အဲဒါကိုတောင် အသေးစိတ် မြင်အောင် ကြည့်နေခဲ့တာပဲ ဖြစ်ရမယ်’
‘အား..... အားးးး’
လဲ့ကျစ် ဟော်တူကို မကြည့်ချင်တော့ဘဲ ခေါင်းလွှဲလိုက်သည်။ ဟော်တူကလည်း လဲ့ကျစ် ဤမျှအထိ ဒေါသထွက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ သူ့ကို ကြည့်နေသည့် ပုံစံက အရိုင်းအစိုင်းတစ်ယောက်ကို ကြည့်နေသလို ဖြစ်နေလေသည်။
သူက မျက်မှောင်ကြုတ်ကာ မျက်နှာသေဖြင့် ရှင်းပြနေသည်။
“ဟော်ရှရဲ့ အိမ်တော်မှာ ဖြစ်ပျက်သမျှ အရာအားလုံးကို ကိုယ် သိတယ်၊ ဘယ်လောက်ပဲ ကြီးကြီး ဘယ်လောက်ပဲ သေးသေး အကုန် သိတယ်၊ ကိုယ် သူ့အိမ်တော်မှာ သူလျှိုတွေ အများကြီး ထားထားတယ်လေ”
“လဲ့ကျစ်...”
သူ ဆက်ပြောလိုက်သော်လည်း သူ့အသံက ပို၍ အေးစက်လာသည်။
“ကိုယ် ဒီနေ့ ဒီကိုလာတာက အကြွေးလာယူတာနော်၊ တခြားမိန်းမနဲ့ တွေ့ဖို့ လာတာ မဟုတ်ဘူး”
သူ ပြောလိုက်သည့် အခိုက်အတန့်တွင် လဲ့ကျစ် ဝမ်းနည်းသွားရပြန်သည်။
‘တကယ်တော့ သူမက သူ ဒီလို သိက္ခာမရှိတဲ့ လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ရုတ်တရက် ဒေါသထွက်မိသွားတယ်၊ သူမ လေးလေးနက်နက် မစဉ်းစားဘဲ ဒေါသကို ရှေ့ထားမိသွားတယ်။’
‘သူ ပြောတဲ့အတိုင်း သူမရဲ့ဒေါသက အရမ်း ဆိုးရွားနေတာလား’
‘ဖူး....’
လဲ့ကျစ်တစ်ယောက် မျက်နှာလေး ပူထူသွားရသည်။
‘အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူမ စိတ်ဆိုးနေရင်တောင်မှ သူက သူမအပေါ် ဆိုးဆိုးရွားရွား သည်းခံပေးခဲ့တာပေါ့။ ဒါပေမယ့်... နောက်ဆုံးတော့ သူမဘက်က မှားသွားခဲ့တာ အမှန်ပဲ’
လဲ့ကျစ်က သူမ၏ခေါင်းလေးကို ဖြည်းဖြည်းချင်း လှည့်ကာ သူမ၏ခန္ဓာကိုယ်ကို ဟော်တူ၏အနားသို့ ပြန်တိုးကပ်လိုက်သည်။ ထို့နောက် သူ့ကို ပွေ့ဖက်ရန် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး နူးညံ့သောအပြုံးဖြင့် သူ့မျက်နှာကို မော့ကြည့်လိုက်သည်။ သူမက သူ့ကို မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ကာ ချော့မော့သောလေသံဖြင့် မေးလိုက်သည်။
“အရှင့်သားက... အတိုးနည်းနည်းလောက် လိုချင်လားဟင်”
ဟော်တူကတော့ သူမ၏ ဤကဲ့သို့ ရုတ်တရက် အမူအရာပြောင်းပြီး ချော့မော့လာမှုကြောင့် အမှန်တကယ် စိတ်ဆိုးချင်ယောင်ဆောင်နေခဲ့သည်။ သူက သူမ၏ပခုံးကို လက်ဖြင့် အသာအယာ တွန်းထုတ်ရင်း အေးစက်စက် ပြန်ပြောလိုက်သည်။
“ကိုယ် စိတ်မဝင်စားဘူး”
သို့သော် လဲ့ကျစ်က သူ့စကားကို နားမထောင်ခဲ့ပေ။ သူမက ရှေ့သို့ ငုံ့ကာ သူ့နှုတ်ခမ်းထောင့်လေးကို ပေါ့ပေါ့ပါးပါး နမ်းလိုက်သည်။ ထို့နောက် သူ့ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားကာ သူမ၏မျက်နှာနှင့် သူ့လည်ပင်းကို တိုးဝှေ့ပွတ်သပ်နေရင်း ထပ်ခါထပ်ခါ နမ်းနေပြန်သည်။
“တောင်းပန်ပါတယ်”
ဟော်တူက စကားတည်သူဖြစ်ပြီး နောင်တွင် သူ စိတ်မဆိုးတော့ဟု ကတိပေးထားသောကြောင့် သူမကို တကယ်တမ်း ဒေါသမထွက်နိုင်တော့ပေ။ ဟော်တူက သူမကို ရင်ခွင်ထဲ၌ ပြန်လည်ပွေ့ဖက်ထားရင်း တိုက်ရိုက်မေးလာခဲ့သည်။
“မင်း သူ့ကို တကယ်ကူညီချင်လို့လား”
လဲ့ကျစ်က ခဏမျှ လေးလေးနက်နက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။
‘ရှန်းချင်းယန်က ဘာအမှားမှ မလုပ်ခဲ့ဘဲ မှားယွင်းတဲ့လူကိုပဲ ရွေးချယ်ခဲ့မိတာပါ။ ဒါပေမယ့် ပြန်ပေးဆပ်ရတဲ့တန်ဖိုးက အရမ်းကြီးလွန်းနေတယ်’
“ပထမအချက်အနေနဲ့... ကျွန်မ သူ့ကို ကူညီချင်ပါတယ်”
လဲ့ကျစ်က တစ်ခုခုကို တွေးတောနေသကဲ့သို့ မျက်လုံးကို မှေးကျဥ်းကာ ဆက်ပြောနေသည်။
“ဒုတိယအနေနဲ့ကတော့... အဲဒါက သူ့ကို ကူညီရုံတင် မဟုတ်ဘူး”
သူမက အခြားသူများကို အပြန်အလှန် ဘာမှမမျှော်လင့်ဘဲ ကူညီပေးတတ်သည့် သူတော်စင်မျိုး မဟုတ်ဘဲ သူမထံတွင်လည်း ကိုယ်ပိုင်အမြင် ရှိနေခဲ့သည်။
လဲ့ကျစ်က ဆက်ပြောနေသည်။
“ရှန်းဟွိုက်၊ ဟော်ရှက ရှန်းချင်းယန်ကို ဝန်ကြီးချုပ်ရဲ့ အာဏာ လိုချင်လို့ လက်ထပ်ခဲ့တာလေ၊ အခု ရှန်းချင်းယန်က သူ့ကို မုန်းတီးပြီး ရွံရှာနေပြီဆိုတော့... ကျွန်မက ရှန်းဟွိုက်နဲ့ မိတ်ဖွဲ့နိုင်မယ့် ဒီအခွင့်အရေးကို ဘာလို့ လက်လွတ်ခံရမှာလဲ”
သူမ၏ မြေခွေးမျက်လုံးလေးများက လိမ္မာပါးနပ်ဟန်ဖြင့် တောက်ပနေသည်။ ဟော်ရှက ရေခပ်ရန် ဝါးခြင်းတောင်းကို အသုံးပြုခဲ့သူဖြစ်ရာ ဤရလဒ်က သူနှင့် ထိုက်တန်သည်ဟု သူမ ယူဆထားသည်။
(t/n: ရေခပ်ရန် ဝါးခြင်းတောင်းကိုသုံးသည်* – မသင့်လျော်သောနည်းလမ်းကို အသုံးပြုသည်။ တို့တွေရဲ့ ခြင်းကြားတောင်းရေသယ်ဆိုတဲ့ စကားပုံနဲ့ အတူတူပါပဲ)
ဟော်တူက သူမ၏ ပြုံးယောင်သန်းနေသော မျက်ဝန်းများကြားတွင် ကျဆုံးသွားပြီး ထိုမျက်လုံးလေးများကို နမ်းရန် ခေါင်းငုံ့လိုက်သည်။ အိပ်ရာပေါ်တွင် ကိုယ်ပိုင်အစီအစဉ်များကို တွေးတောနေသော သူမ၏ပုံစံလေးက သူ့ကို အမှန်တကယ် ရင်ခုန်စေခဲ့သည်။
.........။..........။...........
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : “ငါ့မိန်းမက ငါ့ကို ရိုက်ပြန်ပြီ”
ကျစ်ကျစ် : “... ဒီအရူးက ဘာကိုမှ မရိပ်မိဘူး”
PS: ဟော်_ မိုက်မဲတဲ့ _တူ ရေ... ကောင်မလေးက မနာလိုဖြစ်နေတာ သိသာတယ်နော်... နင်က အဲဒါကို မမြင်နိုင်ဘူးလား.... အမှိုက်ကောင်....