← Chapters

အခန်း (၆၄-၆၆)

Vol. 6 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 6 Ch. 64-66

အခန်း ၆၄ ထေ့ငေါ့ခြင်း

အခန်းက တိတ်ဆိတ်လွန်းနေသဖြင့် လဲ့ကျစ်၏ ဒူးပေါ်သို့ တစ်စက်ချင်း ကျနေသော မျက်ရည်စက်သံများကိုပင် သဲသဲကွဲကွဲ ကြားနေရသည်။

လဲ့ကျစ်က မျက်ရည်များကို သုတ်ရန် လက်ကို မြှောက်လိုက်ပြီး စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးနီလေး၏ အလင်းရောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ အလွန် တည်ငြိမ်လှသော လေသံဖြင့် စကားစပြောလိုက်သည်။

“အရှင့်သား... မလာသင့်ဘူး”

ဟော်တူက ဘာမှပြန်မပြောဘဲ တည်ငြိမ်နေသော်လည်း ကျောက်စိမ်းတုတ်ကောက်ကို ကိုင်ထားသည့် လက်က ရုတ်တရက် တင်းကျပ်သွားသည်။ သူက စားပွဲဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး စာရွက်များစွာထဲမှ စာရွက်တစ်ရွက်ကို ကောက်ယူလိုက်သည်။

“ဝန်ကြီးချုပ်ရှန်းက အရှင့်သားအတွက် အရမ်းအကျိုးရှိမယ့် လှုပ်ရှားမှုကို လုပ်ပေးနိုင်မှာပါ၊ အခု ကျွန်မ ရေးထားတာတွေက...”

လဲ့ကျစ်က သူ ကိုင်ထားသည့်စာရွက် ရှင်းရှင်းလင်းလင်း မြင်နေရပြီး သူမ၏ အစီအစဉ်များကို ပေါ့ပေါ့တန်တန် ရှင်းပြနေသည်။

“ပြီးတော့ ဝန်ကြီးချုပ်ရှန်းကို အနိုင်ယူချင်ရင် ရှန်းချင်းယန်ကနေ စရမယ်၊ အရှင့်သားက အရင်ဆုံး... အရှင့်သား”

သူမ စကားမဆုံးမီမှာပင် ဟော်တူက စာရွက်တစ်ရွက်လုံးကို လက်ဖြင့် ဆွဲဖြဲပစ်လိုက်ပြီး စာရွက်အပိုင်းအစများလည်း ကြမ်းပြင်ပေါ်သို့ လွင့်စဉ်ကျသွားသည်။ လဲ့ကျစ်၏ မျက်လုံးလေးများ ပြူးကျယ်သွားပြီး စိတ်ပျက်အားငယ်မှုကြောင့် စကားလုံးများ ပျောက်ကွယ်သွားရသည်။

“ဘာလို့ ဆက်မပြောတော့တာလဲ”

ဟော်တူက လဲ့ကျစ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။ သူက နက်မှောင်သော မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်နေသည်။ လဲ့ကျစ် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရချိန်တွင် သူက စားပွဲပေါ်မှ ကျန်နေသည့်စာရွက်များကို ကောက်ယူကာ ပေါ့ပေါ့ပါးပါး ဖတ်ကြည့်နေပြန်သည်။

'ဟမ်... ဒါတွေက ဘာလဲ... သေတမ်းစာလား'

‘သူမက အနာဂတ်အတွက် အရာအားလုံးကို ကြိုတင်စီစဉ်နေတဲ့ လေသံမျိုးနဲ့ ရေးထားတာပဲ’

ဟော်တူ၏ မျက်ဝန်းများက ရေခဲကဲ့သို့ အေးစက်လာပြီး လဲ့ကျစ်ကို စိုက်ကြည့်နေပြန်သည်။

“အဲ့တော့... မင်းက သူတို့အတွက် အရမ်းစဉ်းစားပေးတာပဲ”

သူ့နှုတ်ခမ်းများက တွန့်ချိုးသွားသော်လည်း အပြုံးအရိပ်အယောင် လုံးဝမရှိချေ။ သူက ရွဲ့စောင်းသော လေသံဖြင့် ဆက်ပြောနေသည်။

“ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ...”

လဲ့ကျစ်က သူ ပြောချင်သည့် အဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ ကြောင်တောင်တောင်လေး ပြန်ကြည့်နေမိသည်။

“ကျွစ်...”

ဟော်တူက ညင်သာစွာ စုတ်သတ်လိုက်ပြီး သူ့လက်ကို ဆန့်ထုတ်ကာ သူမ၏ ခြောက်သွေ့အက်ကွဲနေသော နှုတ်ခမ်းများကို သူ့လက်ချောင်းထိပ်ဖြင့် ဖိလိုက်သည်။ အခြားလက်တစ်ဖက်က စားပွဲကို ခပ်မှန်မှန် ခေါက်နေရင်း အေးစက်စွာ ပြောလာခဲ့သည်။

“မင်းကို တစ်ခုပြောပြမယ်... မင်းသာ သေသွားရင် ကိုယ်က ရှန်းဟွိုက်နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး၊ အဲဒီအစား ဟော်ရှ နန်းတက်ဖို့ကိုပဲ ကူညီပေးလိုက်မယ်၊ ပြီးတော့ မင်းအစ်မကိုလည်း လုံးဝ ဂရုစိုက်ပေးမှာ မဟုတ်ဘူး၊ မင်းရဲ့ လူတွေအားလုံးကိုလည်း ကျွန်ဈေးကို ပြန်ပို့ပစ်မယ်”

သူ့အသံတွင် နွေးထွေးမှု လုံးဝမရှိဘဲ ခြိမ်းခြောက်မှုများသာ ပြည့်နှက်နေသည်။ ၎င်းu သူမတို့ ပထမဆုံး ဆုံတွေ့စဉ်ကကဲ့သို့ပင် ကြမ်းတမ်းအေးစက်နေခဲ့သည်။

သို့သော် ထိုအေးစက်မှုနောက်ကွယ်တွင် သူ၏ ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုများကို အချိန်အကြာကြီး ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

လဲ့ကျစ်၏ နှာသီးဖျားလေးက နီရဲလာပြီး သူမ၏မျက်ရည်များက ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာပြန်သည်။ သူမက သူ ပြောနေသည့် အန္တရာယ်များကို မကြောက်သော်လည်း သူ၏ ထိတ်လန့်တုန်လှုပ်နေမှုကို မြင်ရခြင်းက သူမ၏ နှလုံးသားကို ပိုနာကျင်စေသည်။

“ရှင်... ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ...”

နောက်ဆုံးတွင် သူမ ဘာမှမတတ်နိုင်တော့ဘဲ လက်သီးကို တင်းတင်းဆုပ်ကာ သူ့ပခုံးကို ထုရိုက်မိတော့သည်။ သို့သော် သူမထံတွင် ခွန်အားမကျန်တော့သဖြင့် နှစ်ချက်မျှသာ ထုရိုက်ပြီး ရပ်လိုက်ရသည်။

“အစကတော့ ရှင်က ကျွန်မကို စိတ်ဆိုးတယ်၊ အခုကျတော့ ခြောက်လှန့်နေပြန်ပြီ၊ ကျွန်မကို သက်တောင့်သက်သာ မနေစေချင်လို့ တမင်လုပ်နေတာမှတ်လား”

ဟော်တူက သူမကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများက ပိုနက်မှောင်လာသည်။

‘လဲ့ကျစ်က ပြောတာတာ မှန်တယ်။ သူက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပါ။ သူ သူမကို သက်တောင့်သက်သာ မဖြစ်စေချင်ဘူး။ လုံးဝ မဖြစ်စေရဘူး။ သက်တောင့်သက်သာဖြစ်သွားရင် သူမမှာ အသက်ရှင်သန်ချင်တဲ့စိတ် ရှိတော့မှာ မဟုတ်ဘူး။’

‘သူမအတွက် အရေးကြီးဆုံးက ဘာလဲဆိုတာ သူ သိတယ်၊ သူမ ချစ်ရတဲ့သူတွေ၊ သူမရဲ့ တာဝန်နဲ့ ဝတ္တရားတွေ... သူမရဲ့ နောက်ဆုံးစကားကို ရေးပေးခဲ့တဲ့ အဲ့ဒီလူတွေ...

ဒါပေမယ့် သူကတော့ မပါဝင်ဘူး’

‘သူမက သူ့အပေါ် နည်းနည်းလေးမျှ သံယောဇဉ်ရှိနေရင်တောင် သူက သူမအတွက် အရေးမပါဘူးဆိုတာကို သူ ကောင်းကောင်းသိနေပါတယ်။ သူက သူမကို မစောင့်ရှောက်ပေးနိုင်ခဲ့ဘူး’

ဟော်တူက မျက်လုံးများကို အောက်စိုက်ကာ သူ့နှလုံးသားနေရာကို ထိချင်နေသကဲ့သို့ အနည်းငယ်တုန်နေသော သူမ၏လက်ချောင်းထိပ်များကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမ၏လက်ကို ဆွဲယူကာ နီရဲရောင်ရမ်းနေသော လက်ချောင်းလေးကို စုပ်ပေးရန် သူ့ပါးစပ်ကို ဟလိုက်သည်။ ယားယံပြီး နာကျင်နေသော လက်ချောင်းလေးများပေါ်သို့ ပူနွေးပျော့ပျောင်းသော လျှာဖြင့် ရစ်ပတ်ထိတွေ့ခံလိုက်ရသဖြင့် လဲ့ကျစ်တစ်ယောက် ချွေးအေးများထွက်လာသည်အထိ တုန်လှုပ်သွားရသည်။

သူမ အလွန်ထိတ်လန့်သွားသဖြင့် သူ့ကို ချက်ချင်း တွန်းထုတ်လိုက်သော်လည်း ဒဏ်ရာပြန်ပွင့်လာမည်ကို စိုးရိမ်သဖြင့် လက်ချောင်းများကို ပြင်းပြင်းထန်ထန် ဆွဲမထုတ်ဝံ့ပေ။

‘ပြီးတော့... ဒါက သူ့ကို ကူးစက်စေမှာလား။ ဒီလိုအချိန်မျိုးမှာတောင် သူက ဘာလို့ ဒီလောက်အထိ အရူးထနေရတာလဲ’

လဲ့ကျစ် သတိပြန်ဝင်လာချိန်တွင် သူမ ဟော်တူ၏ လက်မောင်းများအတွင်း၌ တင်းကျပ်စွာ အဖက်ခံနေရပြီ ဖြစ်သည်။ သူမက နီရဲနေသော မျက်လုံးများဖြင့် သူ့ကို တွန်းဖယ်ရန် သူ့ပခုံးပေါ်သို့ လက်တင်လိုက်သည်။

“ရှင် ဘာလုပ်တာလဲ... ရှင်က ကျွန်မနဲ့ ခွဲခွာဖို့ ဝန်လေးနေတာလား၊ ဒါမှမဟုတ် ကျွန်မကို စိတ်ဆိုးအောင် တမင်တကာ လုပ်နေတာလား”

‘ဟော်တူသာ ငါ့ဆီကနေ ကူးစက်ခံရမယ်ဆိုရင် တကယ်ပဲ အရာအားလုံး ပြီးသွားလိမ့်မယ်’

ထိုအတွေးက လဲ့ကျစ်၏ နှလုံးသားကို ပြင်းထန်စွာ တုန်လှုပ်စေပြီး သေလောက်အောင် ကြောက်လန့်မိစေသည်။

“လဲ့ကျစ်... မင်းက လူလိမ်ပဲ”

ဟော်တူ၏ အသံက သူမနားထဲသို့ တိုးဝင်လာသည်။ လဲ့ကျစ်က သူ့ပေါင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ပြန်မေးလိုက်သည်။

“ကျွန်မ ဘာလိမ်ခဲ့လို့လဲ”

“မင်းပဲ ပြောခဲ့တယ်လေ၊ ကိုယ်တို့ကြားမှာ ကံကြမ္မာရှိတယ်ဆို...”

ဟော်တူ၏ အသံက အနည်းငယ် ပျော့ပျောင်းသွားသော်လည်း သူ့လေသံထဲတွင် တင်းမာမှုများရှိနေဆဲပင်။

“အခုတော့ မင်းက ရင်မဆိုင်ဘဲ အရှုံးပေးချင်တာလား”

‘ဒီလောက် ဈေးပေါတဲ့ အရှုံးပေးမှုမျိုး ဘယ်မှာရှိနိုင်လို့လဲ။’

ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ် ရုတ်တရက် အေးခဲသွားပြီး အတိတ်က အမှတ်တရများ ပြန်လည်လွင့်စင်လာသည်။

“ကျွန်မက ကံကြမ္မာကို ယုံတယ်၊ မိုင်ထောင်ချီဝေးကွာနေတဲ့ အရှင့်သားနဲ့ ကျွန်မ လင်မယားဖြစ်ခွင့်ရတာက ကံကြမ္မာကြောင့် မဟုတ်ဘူးလား”

ထိုနေ့က သူမ သူ့ကို ဝန်ခံခဲ့သော စကားဖြစ်သည်။ အမှန်တကယ်တွင် ထိုအချိန်က သူမ လှည့်စားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု သူ ပြန်ပြောနေသည်ကို ကြားလိုက်ရချိန်တွင် သူမရင်ထဲမှ နာကျင်လာရသည်။

‘နောက်ဆုံးတော့ သူရဲ့ ရူးသွပ်မှု အကြောင်းရင်းကို ငါ သိသွားပြီ’

လဲ့ကျစ်က သူမ၏မေးစေ့လေးကို သူ့ပခုံးပေါ်သို့ တင်လိုက်ကာ တိုးတိုးလေး မေးလိုက်သည်။

“ကြောက်လား”

လဲ့ကျစ်၏ ခါးပေါ်ရှိ လက်များက ပိုတင်းကျပ်လာသည်။

‘ငါ နားမလည်တာ တစ်ခုခု ရှိနေသေးတာလား’

“ကျွန်မလည်း လက်မလျှော့ချင်ပါဘူး၊ ဒါပေမယ့် ကျွန်မ နာကျင်ရမှာကို ကြောက်တယ်”

လဲ့ကျစ်က ရှိုက်သံကို မမျိုသိပ်နိုင်တော့ဘဲ သူမ၏ငိုသံက ပိုကျယ်လောင်လာသည်။

“ကျွန်မ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်၊ ဒီရောဂါက အရမ်းနှိပ်စက်တာ... ကျွန်မ ကြောက်တာက...”

“အလောင်းအစား တစ်ခု လုပ်ရအောင်”

ဟော်တူက သူမစကားကို ဖြတ်ပြောလိုက်သည်။

ပွေ့ဖက်ထားသော လက်များ အနည်းငယ် ပြေလျော့သွားသဖြင့် လဲ့ကျစ်က နောက်သို့ ဆုတ်ကာ သူမတို့ကြားမှ အကွာအဝေးကို ချဲ့လိုက်သည်။ သူမက ဟော်တူ၏ အကြည့်အတိုင်း စားပွဲပေါ်ရှိ နှင်းရိုးကြာပန်းကို ငေးကြည့်နေသည်။

“ဆယ်ရက်... ဆယ်ရက်ပဲ၊ ဒီဆယ်ရက်အတွင်း ကိုယ် မင်းကို သေချာပေါက် ကုသပေးမယ်”

နှင်းအရိုးကြာပန်းကို ဆေးဝါးအဖြစ် အသုံးပြုရန် ကြာချိန်က ဆယ်ရက်ဖြစ်သည်။

လဲ့ကျစ်က သူ့မျက်နှာကို စိုက်ကြည့်ရန် သူမ၏မျက်လုံးများကို ညင်ညင်သာသာ ရွှေ့လိုက်သည်။

‘ဟော်တူ ပြောတာ မှန်တယ်။ ငါက လူလိမ်တစ်ယောက်ပဲ’

‘ငါက 'ရှင် ကျွန်မနဲ့ ခွဲဖို့ ဝန်လေးနေတာလား၊ ကြောက်နေတာလား' လို့ မေးခဲ့ပေမယ့် တကယ်တော့ အဲ့ဒါက ငါရဲ့ထိတ်လန့်မှုကို ဖုံးကွယ်ချင်နေတာလေ’

‘ဘာလိုလဲဆိုတော့ ငါ သူနဲ့ ခွဲခွာရမှာ ဝန်လေးနေလို့လေ’

“ကောင်းပြီလေ...”

လဲ့ကျစ်က တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာပြီး လီယောင်က ဆေးပြုတ်ရည် ယူလာပေးသည်။

“ဒီနေ့ကစပြီး ဒီမင်းသားနဲ့ ထိုက်ဇီဖေးတို့က အပြင်လူတွေကို တွေ့တော့မှာ မဟုတ်ဘူး၊ အစားအသောက်နဲ့ ဆေးရည်တွေကို အိပ်ခန်းရှေ့အထိပဲ ပို့ပေးဖို့ လိုတယ်”

ဟော်တူ၏ အမိန့်ကြောင့် လီယောင် ခဏမျှ ထိတ်လန့်သွားပြီးမှ ဦးညွှတ်ကာ ပြန်ထွက်သွားသည်။ အခန်းတွင်းရှိ လေထုက ထူးထူးခြားခြား ပုံမှန်မဟုတ်သည်ကို သူမ သေသေချာချာ ခံစားလိုက်ရသည်။ ထို့အပြင် ကျင့်ရှင်းက နေ့လယ်က ဖြစ်ပျက်ခဲ့သော အခြေအနေများနှင့် သမားတော်ကျင်း၏ တုံ့ပြန်မှုများကို ပြောပြထားသဖြင့် သခင်မ၏ ရောဂါက သာမန်မဟုတ်ကြောင်း သူမ ရိပ်မိနေသည်။ လီယောင်က ရင်ထဲ၌ လေးလံစွာဖြင့် အခန်းတံခါးကို ပိတ်ကာ ပြန်ထွက်ခွာသွားခဲ့သည်။

လဲ့ကျစ်က ဆေးရည်ကို သောက်လိုက်ပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲသို့ ဝင်သွားသည်။ သူမ ဝင်သွားသည်နှင့် ဟော်တူက တံခါးကို အသာဖွင့်ကာ အနီးနားရှိ အန်းရွှယ်ကို ခေါ်လိုက်သည်။

“ဒါကို လျှို့ဝှက်ကိုယ်ရံတော်တွေနဲ့အတူ တာ့နင်တိုင်းပြည်ကို ချက်ချင်းပို့ခိုင်းလိုက်”

သူက အမိန့်ပေးရင်း အင်္ကျီလက်ဝမှ စာကို ထုတ်ပေးလိုက်သည်။

အန်းရွှယ်က လေးနက်စွာဖြင့် ပြန်ပြောလာသည်။

“အရှင့်သား... စန်းယန်တောင်မှာ...”

လဲ့ကျစ် ရေချိုးခန်းမှ ပြန်ထွက်လာချိန်တွင် ဟော်တူက တံခါးအပြင်ဘက်မှ တစ်စုံတစ်ယောက်နှင့် စကားပြောနေသည်ကို သူမ တွေ့လိုက်ရသည်။ အသံအရ အန်းရွှယ်ဖြစ်ကြောင်း သိလိုက်သလို ‘မီးလောင်’ ဟူသော စကားလုံးကိုလည်း ဝိုးတဝါး ကြားလိုက်ရသည်။ ဟော်တူက သူမ၏ ခြေသံကို ကြားသည်နှင့် စကားကို ဖြတ်ကာ တံခါးပြန်ပိတ်လိုက်သည်။

“ဘာဖြစ်လို့လဲ၊ တစ်နေရာရာမှာ မီးလောင်နေလို့လား”

“ဘာမှ မဟုတ်ပါဘူး”

ဟော်တူက သူမ အနားသို့ ပြန်လျှောက်လာပြီး သူမ၏ စိုစွတ်နေသော ဆံပင်များကို ခပ်ဖွဖွ တို့ထိကာ သတိပေးလိုက်သည်။

“မင်းဆံပင်တွေကို ခြောက်အောင် အရင်လုပ်လိုက်ဦး”

“အင်း...”

လဲ့ကျစ်က တိုးတိုးလေးပြောကာ ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။ ဟော်တူက ရေချိုးခန်းဘက်သို့ လျှောက်သွားရင်း လဲ့ကျစ်၏ မေးခွန်းကို ပြန်သတိရကာ သူ့မျက်လုံးများ အေးစက်သွားပြန်သည်။

‘သူမ ကြားတာကတော့ မှန်တယ်၊ သူက အန်းရွှယ်ကို စန်းယန်တောင်ကို မီးရှို့ခိုင်းလိုက်တာလေ၊ သူမကို ဒုက္ခပေးရင် ဘယ်အရာပဲဖြစ်ဖြစ် ဆက်မရှိစေရဘူး’

သူ ညဝတ်အင်္ကျီလဲပြီး ပြန်ထွက်လာသောအခါ ကုတင်ပေါ်၌ ချည်ပုဝါတစ်ထည်ကို ကိုင်ထားသည့် လဲ့ကျစ်ကို တွေ့လိုက်ရသည်။ သူမက စိတ်မကောင်းနေဟန်လေးဖြင့် ညည်းတွားနေသည်။

“ကျွန်မမှာ အားတွေ မရှိတော့ဘူး”

ဟော်တူက ပြုံးလိုက်ပြီး ကုတင်ပေါ်တွင် ဝင်ထိုင်ကာ သူမ၏ ပခုံးလေးကို ဆွဲယူပြီး သူ့ပခုံးပေါ်သို့ မှီစေလိုက်သည်။ ထို့နောက် သူမလက်ထဲမှ ချည်ပုဝါကို ယူကာ သူမ၏ဆံပင်များကို ဖြည်းဖြည်းချင်း သုတ်ပေးနေသည်။ ဆောင်းရာသီတွင် ဆံပင်ခြောက်ရန် နှေးကွေးသဖြင့် သူက အတွင်းအားကို အသုံးပြုကာ သူမ၏ဆံပင်များ ခြောက်သွေ့သွားစေရန် ကူညီပေးနေသည်။

ခဏအကြာတွင် သူ၏လက်က ရေခဲတုံးကို ထိလိုက်သကဲ့သို့ အေးစက်လှသော သူမ၏ နဖူးပြင်ကို ထိမိသွားသည်။ သူ ငုံ့ကြည့်လိုက်ချိန်တွင် လှပသော မျက်လုံးလေးများက မျက်မှောင်ကြုတ်နေပြီး ဝေဒနာကို အားတင်းတောင့်ခံနေသည်အား မြင်လိုက်ရသည်။ ပူလိုက်၊ အေးလိုက် အထပ်ထပ် ဖြစ်နေခြင်းက ငှက်ဖျားဝေဒနာရှင်များ ခံစားရမည့် အဆိုးရွားဆုံး အခြေအနေပင်။

ဆံပင်သုတ်ပေးနေသော လက်ကို ရပ်လိုက်သည်နှင့် လဲ့ကျစ်က အနည်းငယ် မိန်းမောနေရာမှ ထလာသည်။ သူ့မျက်လုံးများကို ကြည့်ရင်း ယခုတွေ့နေရသည့် နူးညံ့သိမ်မွေ့သော ဟော်တူနှင့် ပထမဆုံး စတွေ့စဉ်က ရက်စက်ကြမ်းကြုတ်ခဲ့သော ဟော်တူ၏ ပုံရိပ်တို့ကို နှိုင်းယှဉ်ကာ တွေးနေမိသည်။ ထိုအတွေးများကြောင့် သူမ၏ နာကျင်မှုကို ခဏတာ မေ့သွားရသည်။ သူမက နှုတ်ခမ်းထောင့်လေးများ ကွေးတက်သွားသည်အထိ ပြုံးလိုက်သောကြောင့် သူမ၏မျက်ခုံးနှင့် မျက်လုံးလေးများပါ လိုက်ပါ ကွေးညွတ်သွားသည်။

ဟော်တူက သူမကို ပွေ့ဖက်ကာ ကုတင်ပေါ်တွင် လှဲလျောင်းစေပြီး အေးစက်နေသော ခန္ဓာကိုယ်ကို စောင်ဖြင့် နွေးထွေးအောင် ထုပ်ပိုးပေးလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဘာလို့ ရယ်နေတာလဲ”

‘ဒီလို အခြေအနေ ဖြစ်နေတာတောင် သူမက ရယ်နိုင်သေးတယ်ပေါ့။ သူမ တုံးအသွားတဲ့အထိ နေမကောင်းဖြစ်နေတာလား’

“အရင်က အရှင့်သားက ဘယ်လိုပုံစံလဲဆိုတာကို ကျွန်မ ပြန်စဉ်းစားနေတာ”

လဲ့ကျစ်က နူးညံ့စွာ ထပ်ပြောလိုက်သည်။

“ဒါပေမယ့် ကျွန်မ မမှတ်မိတော့ဘူး”

ဟော်တူက ပြန်မဖြေဘဲ သူမ၏ခေါင်းကို ဆွဲယူကာ ဆံပင်တစ်စကို ကိုင်လိုက်ပြီး သူ့လက်ချောင်းများဖြင့် ရစ်ပတ်လိုက်သည်။

"ကျွန်မတို့ ကစားပွဲတစ်ခုလောက် ကစားကြမလား"

ဟော်တူ၏ လက်ချောင်းရှည်များက ခေတ္တရပ်သွားပြီး လဲ့ကျစ်ကို သံသယဖြင့် ကြည့်လိုက်သည်။ ယနေ့ညတွင် သူမ ခါတိုင်းထက် စကားအများကြီး ပိုပြောနေသည်ဟု သူ ခံစားနေရသည်။

"ဘယ်လို ကစားမှာလဲ"

"ဆန့်ကျင်ဘက်ပြောကြမယ်"

ပါးနပ်ပြီး လှည့်စားချင်ပုံရသော အပြုံးတစ်ခု ပေါ်လာပြီး လဲ့ကျစ်က ကစားပွဲ၏ စည်းမျဉ်းစည်းကမ်းများကို တိုးလျသောလေသံဖြင့် ရှင်းပြနေသည်။

"ဆန့်ကျင်ဘက်ပြော... ပြောချင်ရာကို ပြောလို့ရတယ်"

"ပြီးတော့ ကျွန်မ အရင်ပြောမယ်"

သူမက မျက်လုံးကို မှိတ်ချရင်း ဆက်ပြောနေသည်။

"အရှင့်သားက အရမ်း ရုပ်ဆိုးတယ်"

"အင်း... မင်းက တော်တော်တုံးတယ်"

လဲ့ကျစ်က တခစ်ခစ်ရယ်လိုက်သော်လည်း ခဏအကြာတွင် အရယ် ရပ်လိုက်ပြီး ထပ်ပြောလာသည်။

"တကယ်တော့ ကျွန်မ လုံးဝမကြောက်ဘူး"

ဟော်တူ၏ မျက်လုံးများ နက်မှောင်လာပြီး ပြန်ဖြေလိုက်သည်။

"ကိုယ်က မင်းနဲ့ တစ်ချိန်လုံး အတူရှိနေပေးမှာ မဟုတ်ဘူး"

.......။........။.........

နှစ်ယောက်သား ပင်ပန်းသွားသည်အထိ စကားပြောနေကြသည်။ နောက်ဆုံးတွင် အိပ်ခန်းက တဖြည်းဖြည်း တိတ်ဆိတ်လာပြီး ဖယောင်းတိုင်မှ မီးတောက်သံများသာ ထွက်ပေါ်လာသည်။

လဲ့ကျစ်၏ နဖူးတွင် ချွေးများ ထွက်နေသော်လည်း သူမ၏ ခန္ဓာကိုယ်က အေးစက်နေကာ တုန်ယင်နေသည်။ သူမဘေးနားရှိလူ၏ အသက်ရှူသံကို ငြိမ်သက်စွာ နားထောင်နေသော်လည်း သူတကယ် အိပ်ပျော်သွားသလားကိုတော့ သူမ မသိနိုင်ခဲ့ပေ။

သူမ၏ လည်ချောင်းက မသက်မသာ ဖြစ်နေသောကြောင့် လဲ့ကျစ် ပါးစပ်ဟကြည့်လိုက်ရာ အသံပျောက်တော့မလို ဖြစ်နေခဲ့သည်။

‘ငါ တကယ် အောင်မြင်နိုင်ပါ့မလား၊ ငါ မဖြတ်ကျော်နိုင်ခဲ့ရင်...’

သူမ၏ နှလုံးသားက တဖြည်းဖြည်း တုန်လှုပ်လာခဲ့သည်။ လဲ့ကျစ်က ဘယ်ကရောက်လာမှန်းမသိသော ခွန်အားဖြင့် ဟော်တူ၏ နားရွက်ဆီသို့ ညင်ညင်သာသာ ချဉ်းကပ်သွားပြီး သူမ၏ ချယ်ရီရောင် နှုတ်ခမ်းများကို သူ့နားထိပ်ဆီသို့ ညင်သာစွာ ဖိကပ်လိုက်သည်။ ထို့နောက် သူမ၏ နောက်ဆုံးခွန်အားအနည်းငယ်ဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"ရှင့်နဲ့တွေ့တာက ကျွန်မကို အရမ်း စိတ်ဆင်းရဲစေတယ်၊ ရှင်နဲ့ ခွဲခွာဖို့ ဝန်လေး မနေဘူး၊ ပြီးတော့ ကျွန်မ ရှင့်ကို လုံးဝ မကြိုက်ဘူး"

ထိုသို့ပြောပြီးနောက် သူမ၏ လည်ချောင်းက ဂွမ်းဖြင့် ပိတ်ဆို့ခံလိုက်ရသလို အသံမထွက်နိုင်တော့ပေ။ သူမ အမှောင်ထဲသို့ နစ်မြုပ်မသွားမီ သိသိသာသာ သက်သာရာရသွားခဲ့သည်။ ထုတ်ဖော်ပြောဆိုလိုက်ရသည့် ခံစားချက်က အလွန်ကောင်းမွန်ကြောင်း သိလာရသည်။

သို့သော် သူမဘေးတွင် မျက်လုံးမှိတ်ထားရင်း လဲလျောင်းနေသူကတော့ သူမ၏စကားကြောင့် မျက်တောင်များပင် တုန်ယင်နေလေသည်။

.......။.........။.......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

အစ်ကိုတော်ဟော်တူက ငိုချင်နေတာလား ရယ်ချင်နေတာလား ...ပြောကြပါဦး

အခန်း ၆၅ တင်းတင်းကြပ်ကြပ် ဖက်ထားမယ်

လူတစ်ကိုယ်လုံးကို အမှောင်ထုထဲသို့ ဆွဲယူခံလိုက်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ခြမ်းကွဲသွားသလို ခံစားရသည်။ တစ်ဝက်က ရေခဲထဲတွင် စိမ်ထားသကဲ့သို့ အေးစိမ့်နေပြီး ကျန်တစ်ဝက်ကတော့ တဟုန်းဟုန်းတောက်နေသော မီးတောက်ထဲသို့ ကျဆင်းသွားသလို ပူလောင်နေသည်။ သို့သော် ထိုဝေဒနာများကြားတွင်ပင် လဲ့ကျစ်၏ အသိစိတ်များက အလွန်ရှင်းလင်းနေဆဲပင်။

အပူအအေး ရောယှက်နေသော ဒုက္ခကြား၌ သူမ၏ ခန္ဓာကိုယ်က ရင်းနှီးသော ပွေ့ဖက်မှုတစ်ခုအတွင်း နစ်ဝင်နေသည်။ သူမက ထိုလူ၏ နှလုံးခုန်သံကို နားထောင်ရင်း သူ့ရင်ခွင်ထဲ၌ တွယ်ကပ်နေမိသည်။ နွေးထွေးသော အတွင်းအား အင်အားစုတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာပြီး ခုန်လှုပ်နေသော နှလုံးသားကို ဝန်းရံကာ ညင်ညင်သာသာ နှစ်သိမ့်ပေးနေသည်။

'အရူး... ရှင့်မှာ အတွင်းအား ဘယ်လောက်ပဲရှိရှိ အဲဒါကို ဒီလောက်အထိ လက်လွတ်စပယ် မသုံးသင့်ဘူးလေ...'

လဲ့ကျစ်က သူ့ကို တားရန် ပါးစပ်ဟလိုက်သော်လည်း အသံက လုံးဝ ထွက်မလာတော့ပေ။ သူမ မှတ်သားဖူးသော ဆေးစာအုပ်များအရ ငှက်ဖျားပိုးက အာရုံကြောများကို ထိခိုက်စေသဖြင့် တချို့လက္ခဏာများ ဖြစ်လာနိုင်သည်။

ထို့ကြောင့် သူမ စကားမပြောနိုင်တော့ခြင်း ဖြစ်သည်။

ရုတ်တရက် နွေးထွေးနူးညံ့သော နှုတ်ခမ်းတစ်စုံက သူမ၏ နှုတ်ခမ်းများပေါ်သို့ နှစ်သိမ့်ပေးသည့်အလား ညင်သာစွာ ဖိကပ်လာသည်။ နာကျင်မှုနှင့် ထုံကျင်မှုရောနှောသော နှုတ်ခမ်းပေါ်တွင် ထိုအနမ်းက သူ့ဘက်မှ အလွန်အမင်း ဂရုတစိုက်ရှိနေခြင်းကို ခံစားမိစေသည်။

တဖြည်းဖြည်းနှင့် ဝေဒနာများ အနည်းငယ် သက်သာသွားချိန်တွင် လဲ့ကျစ်၏ တစ်ကိုယ်လုံး၌ ချွေးစေးများ ထွက်နေချေပြီ။ ပါးလွှာသော ညဝတ်အင်္ကျီက အရေပြားပေါ်တွင် စေးကပ်နေပြီး သူမ အလွန်မသက်မသာ ဖြစ်နေရသည်။ သူမ၏ နောက်ကျောမှ ဟော်တူ၏ လက်များ ဖြေလျှော့သွားသည်ကို လဲ့ကျစ် ခံစားလိုက်ရပြီး သူ ကုတင်ပေါ်မှ ဆင်းသွားသော ခြေသံတိုးတိုးကို ကြားလိုက်ရသည်။

လဲ့ကျစ်က သူ လီယောင်ကို ခေါ်ပြီး သန့်ရှင်းရေးလုပ်ခိုင်းမည်ဟု ထင်ထားခဲ့သော်လည်း သူက အစေခံများကို မခေါ်ဘဲ ရေနွေးယူလာရန်သာ တောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် လဲ့ကျစ် သူမ၏ လေးလံလှသော မျက်ခွံများကို ဖွင့်နိုင်ခဲ့သည်။ သူမ၏ မျက်လုံးများက ဖျားနာမှုကြောင့် ကြက်သွေးရောင် သန်းနေသည်။

ဟော်တူက လက်ထဲတွင် ပူနွေးသော ချည်ပုဝါတစ်ထည်ကို ကိုင်ဆောင်ထားပြီး လဲ့ကျစ်အနားသို့ တရွေ့ရွေ့ ချဉ်းကပ်လာသည်။ သူက ကုတင်ဘေးတွင် ထိုင်ချလိုက်ပြီး သူမ၏ အားနည်းနေသော မျက်လုံးများကို စိုက်ကြည့်ကာ နဖူးမှ ချွေးများကို သုတ်ပေးနေသည်။

“နာနေသေးလား”

ဟော်တူက မေးလိုက်ပြီး လဲ့ကျစ်က စကားပြန်ပြောချင်သော်လည်း အသံမထွက်နိုင်ပေ။ သူမ ခေါင်းကိုသာ ခါယမ်းပြလိုက်ရသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသော ဟော်တူ၏ နှလုံးသားက ဆို့နင့်သွားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိသည်။ သူက လက်ကိုဆန့်ကာ သူမ၏ မျက်လုံးထောင့်မှ မျက်ရည်စက်များကို ညင်သာစွာ သုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။

“မကြောက်ပါနဲ့”

ကြောက်ရွံ့မှုကြောင့် တွန့်ချိုးနေသော လဲ့ကျစ်၏ မျက်ခုံးတန်းလေးများက ထိုစကားကြောင့် ဖြည်းဖြည်းချင်း ပြေလျော့သွားသည်။ ဤသည်မှာ သူမအပေါ် သူ ဤမျှအထိ နူးညံ့သိမ်မွေ့သော လေသံဖြင့် ချော့မော့ပေးသည်ကို ပထမဆုံးအကြိမ် ကြားရခြင်းပင်။ နေ့လယ်က သူ ဒေါသထွက်ခဲ့သမျှတို့က ယခုအခါ အရည်ပျော် ပျောက်ကွယ်သွားလေပြီ။

'ငါက တကယ်ပဲ စိတ်ပျော့တဲ့သူပါလား...'

လဲ့ကျစ်က ဟော်တူကို ကြည့်ကာ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

“အရမ်းကို နာခံနေတာပဲ”

ဟော်တူက ပြုံးလိုက်ပြီး သူမ၏ ခေါင်းလေးကို ပုတ်ကာ ချော့မော့သော လေသံဖြင့် ထပ်ပြောလိုက်သည်။

“မင်း တစ်ကိုယ်လုံးကို သုတ်ပေးမယ်”

သူ၏ မက်မွန်ပွင့်ပုံ မျက်ဝန်းများက မှော်ဆန်လွန်းနေသောကြောင့်လား မသိနိုင်ဘဲ လဲ့ကျစ်လည်း ထူးထူးခြားခြား ထပ်မံခေါင်းညိတ်ပြမိပြန်သည်။

ဟော်တူက သူမ၏ နာခံမှုရှိသော အမူအရာကို ကြည့်ကာ ခေတ္တမျှ အံ့အားသင့်သွားပြီးမှ သူမ၏ ညဝတ်အင်္ကျီကို ဖြည်ရန် သူ့လက်ကို သူမ၏ခါးဆီသို့ ရွှေ့လိုက်သည်။ ရင်အုပ်နေရာမှ အဝတ်များ ပြေလျော့သွားချိန်တွင် ဇီးပန်းပွင့်ရောင် အတွင်းခံလေး ပေါ်ထွက်လာသည်။

ထိုအခါမှ လဲ့ကျစ် သတိပြန်ဝင်လာပြီး သူမ၏ ဖြူဖျော့သော ပါးပြင်များက ရှက်ရွံ့မှုကြောင့် နီမြန်းလာသည်။ သူမက အားနည်းနေသော လက်ကလေးဖြင့် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ တားဆီးလိုက်သည်။

သူမ၏ ရှက်ရွံ့နေမှုကို မြင်လိုက်ရချိန်တွင် ဟော်တူက သူ့လက်ကို ခေတ္တမျှ ရပ်တန့်ထားလိုက်သည်။

ထို့နောက် သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ မီးတောက်နေသော ဖယောင်းတိုင်များက ချက်ချင်း ငြိမ်းသွားပြီး အခန်းတစ်ခုလုံးကို အမှောင်ထု ဖုံးလွှမ်းသွားသည်။

“ဒါဆိုရင်ရော... မင်း ရှက်နေသေးလား”

ဟော်တူက တိုးညှင်းစွာ မေးလိုက်သည်။

လဲ့ကျစ်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားရာမှ ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည်။ ဟော်တူက သူမအပေါ်သို့ အနည်းငယ် ငုံ့ကိုင်းလိုက်ပြီး သူ့လက်ဖဝါးဖြင့် သူမ၏လည်ပင်းကို အသာအယာ ထိတွေ့ကာ၊ အတွင်းခံအင်္ကျီကို ချွတ်ရန် သူ့လက်ချောင်းရှည်များကို အသုံးပြုလိုက်သည်။ လဲ့ကျစ်၏ ခန္ဓာကိုယ်က တောင့်တင်းနေပြီး အသက်ရှူသံပင် ရပ်တန့်မတတ် ဖြစ်နေရသည်။

“အသက်ရှူလေ...”

ဟော်တူက ခပ်တိုးတိုး ရယ်မောရင်း သူမ၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။

“ဘာတွေ စိတ်ပူနေတာလဲ၊ ဒီအစ်ကိုတော်က မင်းကို အနိုင်ကျင့်မှာ မဟုတ်ပါဘူး”

'ရှင် နည်းနည်းတော့ အနိုင်ကျင့်နေတာပဲ မဟုတ်လား'

လဲ့ကျစ်တစ်ယောက် နှလုံးသားထဲမှ ရေရွတ်လိုက်မိသော်လည်း နောက်ဆုံးတွင် သူမ ခန္ဓာကိုယ်ကို ဖြေလျှော့ပေးလိုက်သည်။

သူက သူမ၏ အတွင်းခံကို ချွတ်ကာ ရေနွေးစွတ်ထားသော ချည်ပုဝါဖြင့် သူမ၏တစ်ကိုယ်လုံးမှ ချွေးစေးများကို စင်ကြယ်အောင် သုတ်ပေးနေသည်။ ထို့နောက် ဘရိုကိတ်စောင်ဖြင့် သူမကို ထုပ်ပိုးပေးထားပြီး ကုတင်ပေါ်မှ ဆင်းကာ ဗီရိုထဲမှ သန့်ရှင်းသော ညဝတ်အင်္ကျီများကို ယူလာပေးသည်။ အမှောင်ထဲတွင်ပင် သူက သူမ အဝတ်အစား လဲနိုင်ရန် အစအဆုံး ကူညီပေးခဲ့သည်။

ထို့နောက် လေပြင်းတစ်ချက် တိုက်ခတ်လာသကဲ့သို့ ခံစားလိုက်ရပြီး အိပ်ခန်းထဲတွင် မီးအလင်းရောင် ပြန်လည် တောက်ပလာသည်။ ဟော်တူက သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် စိုးရိမ်တကြီး မေးလာပြန်သည်။

“မင်း စကားမပြောနိုင်တော့တာလား”

လဲ့ကျစ်၏ မျက်လုံးလေးများက မှေးမှိန်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။

“ကိုယ် ဒီမှာ ရှိနေမှာပါ၊ အဆင်ပြေသွားလိမ့်မယ်”

ဟော်တူက ကုတင်ကန့်လန့်ကာကို ချလိုက်ပြီး လဲ့ကျစ်ကို ရင်ခွင်ထဲ ထည့်ကာ ပွေ့ဖက်ပြီးမှ လဲလျောင်းလိုက်သည်။ သူ့လက်ဖဝါးက သူမနောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးနေပြီး ကလေးငယ်တစ်ဦးကို ချော့သိပ်နေသည့်အလားပင်။

သူ့ရင်ခွင်ထဲသို့ ရောက်သွားချိန်တွင် လဲ့ကျစ်၏ နှလုံးသားတစ်ခုလုံး လှုပ်ခတ်သွားရပြန်သည်။ သူက သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး သူမ၏ ပါးပြင်များက သူ့လည်ပင်းသားနှင့် နက်နက်နဲနဲ ထိကပ်နေသည်။

“ဟွန်း...”

အမှောင်ထဲတွင် ထွက်ပေါ်လာသော နှာမှုတ်သံတိုးတိုးက ရှင်းလင်းနေပြီး လေသံတစ်ခုက သူမနားရွက်ဖျားကို ညင်သာစွာ ဖုံးလွှမ်းသွားကာ “တွယ်ကပ်တတ်တဲ့ တစ္ဆေလေး” ဟူသော သူ့အသံက သူမနားထဲသို့ တိုးဝင်လာသည်။ လဲ့ကျစ်က မကြားသလိုသာ နေလိုက်ပြီး သက်တောင့်သက်သာ အရှိဆုံး အနေအထားဖြင့် သူ့ရင်ခွင်ထဲ၌ အိပ်ပျော်သွားရသည်။

.........။..........။........

ဖြတ်သန်းခဲ့ရသော နေ့ရက်များက အထူးရှည်လျားလွန်းလှသည်။ လဲ့ကျစ်ကတော့ ရက်ပေါင်းမည်မျှ ကုန်ဆုံးသွားသည်ကိုပင် မသိနိုင်လောက်အောင် ဝေဒနာများ ခံစားနေရသည်။ သူမ နေ့နှင့်ညကို ခွဲခြားမရတော့ဘဲ အိပ်ပျော်လိုက်၊ နိုးလာလိုက်နှင့်သာ အချိန်ကုန်ဆုံးနေရသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများသာ ရှိနေပြီး သူမ၏ဘေးတွင် ထိုလူတစ်ယောက်သာ အမြဲရှိနေခဲ့သည်။

တစ်ခါတွင် ပြန်နိုးလာချိန်တွင်လည်း ဘယ်အချိန်ရှိပြီကို သူမ မသိနိုင်ပြန်ပေ။ သူမ မျက်လုံးဖွင့်ကြည့်လိုက်သော်လည်း သူမ၏ရှေ့တွင် အမှောင်ထုကြီးသာ ရှိနေသဖြင့် မိုးမလင်းသေးဟု ထင်နေခဲ့သည်။

‘ဒါပေမဲ့... တစ်ခုခု မှားနေပြီ’

‘နေမထွက်သေးရင်တောင် အိပ်ခန်းထဲမှာ ဖယောင်းတိုင်တွေ၊ ပြတင်းပေါက်အပြင်ဘက်က လရောင်နဲ့ ကြယ်ရောင်တွေ ရှိနေသင့်တယ်လေ။ ရှင်းရှင်းပြောရရင် လုံးဝမဲမှောင်နေတယ်ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်ဘူး’

လဲ့ကျစ်က သူမ၏ မျက်လုံးကို အကြိမ်ကြိမ် ပြန်ပိတ်လိုက်၊ ပြန်ဖွင့်ကြည့်လိုက် လုပ်နေခဲ့သော်လည်း သူမ ရှေ့မှ မြင်ကွင်းကတော့ မည်းနက်နေဆဲပင်။

လဲ့ကျစ်၏ နှလုံးသား အေးခဲသွားရပြန်သည်။ အသံပျောက်ရုံသာမက ယခု အမြင်အာရုံကိုပါ ဆုံးရှုံးခဲ့ရချေပြီ။ သူမက ကုတင်ပေါ်မှ ခက်ခဲစွာ ထထိုင်လိုက်ပြီး ဘေးနားရှိ လူကို စမ်းရန် လက်ကို ဆန့်ထုတ်လိုက်သည်။

သို့သော် သူမ၏ လက်ဖျားက ခေါင်းအုံးပေါ်၌ ကျန်ရှိနေသေးသည့် နွေးထွေးမှုအချို့ကိုသာ ထိတွေ့လိုက်ရပြီး ဟော်တူက သူမဘေးတွင် မရှိတော့ပေ။ အထိတ်တလန့်ဖြစ်မှုက သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ဘာလုပ်ရမှန်းမသိဘဲ ဒူးကို ပိုက်ကာ ကြောက်လန့်တကြား ထိုင်နေမိသည်။

နောက်အခိုက်အတန့်တွင် ကုတင်ကန့်လန့်ကာ ရုတ်သိမ်းခံလိုက်ရပြီး ပြင်းထန်သော ဆေးနံ့များနှင့်အတူ ရင်းနှီးလှသော ပူရှိန်းနံ့လေးက သူမဆီသို့ တိုးဝင်လာသည်။ ထိုအနံ့သင်းသင်းလေးကပင် လဲ့ကျစ်၏ နှာခေါင်းဖျားကို ချဉ်တက်သွားစေပြီး ကြောက်စိတ်နှင့် ဝမ်းနည်းစိတ်တို့ကြောင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာသည်။

ထို့နောက် ကြွေပန်းကန်လုံးကို စားပွဲပေါ် တင်လိုက်သော အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။ သူ ဆေးယူရန် ခဏထွက်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။

ဟော်တူက ကုတင်ပေါ်တွင် အားကိုးရာမဲ့စွာ ထိုင်နေသော မိန်းကလေးငယ်ကို စိုက်ကြည့်လိုက်သည်။ သူမ၏ တောက်ပခဲ့သော မြေခွေးမျက်လုံးလေးများက အရောင်အဝါ ကင်းမဲ့သွားကာ မှိန်ဖျော့သွားသည်ကို မြင်လိုက်ရချိန်တွင် သူ့နှလုံးသားလည်း ချောက်ထဲသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ပို၍ဆိုးသည်က သူမ၏ ခန္ဓာကိုယ်လေး အရင်ကထက် ပိုမိုပြင်းထန်စွာ တုန်ခါနေခြင်းပင်။

ဟော်တူက လဲ့ကျစ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသမျှ အတွင်းအားများကို သူမထံသို့ တစ်စက်မကျန် လွှဲပြောင်းပေးလိုက်သည်။ သူမက သူ့ရင်ခွင်ထဲတွင် ရှိနေသော်လည်း အားနည်းလွန်းလှသဖြင့် အချိန်မရွေး လေထဲသို့ လွင့်ပါးသွားမည့် သစ်ရွက်ခြောက်လေးတစ်ရွက်ကို ဆုပ်ကိုင်ထားရသလို သူ ခံစားနေရသည်။

အကြောက်တရားနှင့် ထိတ်လန့်မှုတို့က ဟော်တူ၏ နှလုံးသားကို တစ်စစီ ကိုက်ဝါးနေပြီး သူ့လည်ချောင်းထဲတွင် သွေးနံ့များပင် စိမ့်တက်လာသည်။ တစ်ချိန်က ဤကမ္ဘာကြီးပေါ်တွင် သူ တစ်ယောက်တည်း အထီးကျန်နေခဲ့သည်ဟု ဟော်တူ ထင်ခဲ့ဖူးသည်။ သူ့ကို ကြောက်လန့်စေနိုင်သောအရာ သို့မဟုတ် လွမ်းဆွတ်တန်ဖိုးထားရမည့်အရာဟူ၍ မရှိခဲ့ပေ။

ထိုအထင်အမြင်က လဲ့ကျစ် ပေါ်မလာခင် အထိသာ ဖြစ်သည်။

သူ၏ မှောင်မိုက်လှသော ဘဝထဲတွင် သူမကသာ တစ်ဦးတည်းသော အလင်းရောင် ဖြစ်ခဲ့သည်။ သူမကြောင့် သူ လောဘကြီးလာခဲ့သည်။ ဤမျှ လှပသော အလင်းရောင်ကို မြင်ဖူးပြီးနောက် အမှောင်ထုထဲသို့ သူ နောက်တစ်ကြိမ် ပြန်မသွားချင်တော့ပေ။ အကယ်၍ ဤအလင်းရောင်လေးသာ ပျောက်ကွယ်သွားမည်ဆိုလျှင် သူက ဤကမ္ဘာပေါ်ရှိ အရောင်အသွေးမှန်သမျှကိုပါ ဖျက်ဆီးပစ်ရပေတော့မည်။

သူမကို နာကျင်စေခဲ့သော၊ ငိုကြွေးစေခဲ့သော အရာအားလုံးကို သူမနှင့်အတူ မြှုပ်နှံပေးရမည် ဖြစ်သည်။ သူမ၏ ရန်သူများ ယနေ့တိုင် အသက်ရှင်နေရခြင်းကလည်း သူက သူမ ကိုယ်တိုင် ကစားနိုင်ရန်အတွက် ထိုလူများ၏ အသက်ကို ချန်ထားပေးခဲ့ခြင်းသာ ဖြစ်သည်။

ဝေဒနာက ပိုပြင်းထန်လာသဖြင့် လဲ့ကျစ်က သူမ၏ နှုတ်ခမ်းကို တင်းနေအောင် ကိုက်ထားသည်။ သူမကိုယ်တိုင်လည်း သူမ မကျော်ဖြတ်နိုင်တော့ဘူးဟု ခံစားနေရသည်။ ယခုဆိုလျှင် သူမ မျက်စိပါ ကွယ်သွားပြီဖြစ်ရာ လုံးဝ အသုံးမဝင်သော လူတစ်ယောက် ဖြစ်သွားပြီဟု သတ်မှတ်နိုင်သည်။

‘ငါ ဘယ်လို လက်စားချေနိုင်တော့မှာလဲ’

‘ဟော်တူကလည်း ငါလို့ အသုံးမကျတဲ့ မိန်းကလေးမျိုးကို သူ့အနားမှာ ဘာအတွက်ဆက်ထားနေမှာလဲ’

ဤသို့တွေးရင်း လဲ့ကျစ်က လက်ကို စမ်းတဝါးဝါး ဆန့်တန်းလိုက်ပြီး ရင်းနှီးနေသော လက်ဖဝါးတစ်ခုကို ဖမ်းဆုပ်လိုက်သည်။ သူမက တုန်ယင်နေသော လက်ချောင်းလေးများဖြင့် ဟော်တူ၏ လက်ဖဝါးကို ဖြန့်လိုက်ပြီး စကားလုံးအချို့ ရေးပေးလိုက်သည်။

နောက်ဆုံးစကားလုံးကို ရေးပြီးသွားချိန်တွင် သူ့လက်မှ နွေးထွေးမှုအားလုံး ဆုံးရှုံးသွားသလို သူမ ခံစားလိုက်ရသည်။ အေးစက်နေသော သူ့လက်ဖဝါးက ရုတ်တရက် တင်းကျပ်သွားပြီး သူမ၏ လက်ချောင်းလေးများကို ဆုပ်ကိုင်ကာ လွှတ်မပေးတော့ပေ။

သူမ ရေးသားခဲ့သော စကားလုံးက သူ့အတွက် အလွန်ခက်ခဲစေသည်။

[ကျွန်မကို သတ်လိုက်ပါ]

သူ့လက်ချောင်းလေးများ လှုပ်ရှားလိုက်ရုံဖြင့် သူမ ဤဝေဒနာများမှ လွတ်မြောက်နိုင်မည်ကို လဲ့ကျစ် သိနေခဲ့သည်။ သူ အစွမ်းကုန် ကြိုးစားပေးခဲ့သည်ကို သူမ သိသော်လည်း သူမကိုယ်တိုင်က ဆက်ပြီး တောင့်မခံနိုင်တော့ခြင်းသာ ဖြစ်သည်။

‘ကျွန်မ တကယ်ကို နာကျင်ပြီး အရမ်းပင်ပန်းနေပြီ’

သို့သော် သူမ၏နောက်ကျောကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည့် ခွန်အားက လုံးဝ လျော့ပါးမသွားပေ။ ရုတ်တရက် အေးစက်စက် အထိအတွေ့အနည်းငယ်က သူမ၏ ပူနွေးနေသော ပုခုံးပေါ်သို့ ကျဆင်းလာကာ သူမ၏ ဖရိုဖရဲ ဖြစ်နေသော အသက်ရှုသံများပင် ရပ်တန့်သွားစေသည်။

ထို့နောက်တွင် သူ၏ အက်ရှနေသော အသံကို သူမ ကြားလိုက်ရသည်။

"မင်း မရှိလဲ ကိုယ် နေနိုင်တယ်"

ဟော်တူက ဆန့်ကျင်ဘက် စကားကို ပြောလိုက်ခြင်းပင်။ ထိုစကားကြောင့် လဲ့ကျစ်၏ မျက်ရည်များလည်း ပိုကျလာသည်။ သူက ဘယ်တော့မှ အရှုံးမပေးမည့် နှလုံးသားတစ်ခုကို ဆုပ်ကိုင်ထားပုံရပြီး ဖယ်ရှားပစ်ရန် ခက်ခဲနေသည်။

‘သူ ဒီလို လက်မလျှော့နိုင်ဖြစ်နေရင် ငါက ဘယ်လိုလုပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်ပါတော့မလဲ’

လဲ့ကျစ်က အသက်ကို ပြင်းပြင်းရှူကာ အားယူပြီး ပြန်လှည့်လိုက်သည်။ ထို့နောက် သတ္တိရှိရှိ ခွန်အားအပြည့်ဖြင့် သူ့ကို ပြန်လည် ပွေ့ဖက်လိုက်သည်။ သူမ နောက်ထပ်တစ်ကြိမ် သည်းခံနိုင်အောင် ထပ်ကြိုးစားရန် ဆန္ဒရှိသွားခဲ့ချေပြီ။

အချိန်အနည်းငယ် ကြာပြီးနောက် လဲ့ကျစ်၏ ခန္ဓာကိုယ်က ပျော့ပျောင်းသွားပြီး နောက်ဆုံးတွင် နာကျင်မှုများ သက်သာလာသည်။ သူမ၏မျက်ခွံများ မှိတ်ကျသွားပြီး အိပ်ပျော်သွားပြန်သည်။ သူမ ပြန်နိုးလာသောအခါတွင်တော့ သူမ၏ မျက်လုံးများက တောက်ပလာပြီး ဖယောင်းတိုင်မီးရိပ်က သူမ၏မျက်ဝန်းထဲ၌ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ လည်ချောင်းထဲရှိ အဆို့ကလည်း ဖယ်ရှားခံလိုက်ရပုံရသည်။

လဲ့ကျစ်က ဘေးနားရှိလူကို ကြည့်လိုက်ရာ ဟော်တူက ပင်ပန်းနွမ်းနယ်နေသော မျက်နှာ၊ လေးနက်သော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်။

“ဟော်တူ”

လဲ့ကျစ်က တိုးတိုးလေး ခေါ်ရန် ကြိုးစားလိုက်သည်။

ဟော်တူက သူမ၏ သွေးခုန်နှုန်းကို စမ်းရန် လက်ကို ဆွဲယူလိုက်ပြီး သူမ၏ အသားအရေ အများကြီး ပြန်လည်ကောင်းမွန်လာသည်ကို တွေ့လိုက်ရမှ “အမ်း”ဟု တိုးတိုးလေး ပြန်ထူးလိုက်သည်။ သူက သူမခေါင်းကို ကိုင်လိုက်ပြီး ပြောလာလေသည်။

"ခဏလောက် ထပ်အိပ်ဦးနော်"

ထို့နောက် သူက သူ၏ပင်ပန်းနွမ်းနယ်မှုကို သူမ မမြင်စေရန် အခြားဘက်သို့ လှည့်သွားသည်။

လဲ့ကျစ်ကတော့ မြင်လိုက်ပြီးသား ဖြစ်နေကာ သူမ၏လက်နှစ်ဖက်ကို ဆန့်တန်းပြီး သူ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ သူမ၏မျက်နှာကို သူ့ကျောပြင်နှင့် ကပ်ထားလိုက်သည်။ ဤတစ်ကြိမ် ပွေ့ဖက်မှုက ယခင်ကနှင့် လုံးဝ မတူတော့ပေ။

“တွယ်ကပ်တတ်တဲ့ တစ္ဆေလေး”

ဟော်တူက ပင်ပန်းနွမ်းနယ်နေသော လေသံဖြင့် တိုးတိုးလေး ပြောလာသည်။ ထို့နောက် သူ့ခါးမှ လက်ကလေးကို အသာအယာ ပွတ်သပ်ကာ ထပ်ပြောလိုက်ပြန်သည်။

“ညစ်ပတ်နေတာပဲ... ရေချိုးပြီးရင် တစ်ခုခုစား၊ ပြီးရင် ပြန်အိပ်တော့”

လဲ့ကျစ်က ညည်းညူရင်း ခေါင်းကို ခါယမ်းကာ လူဆိုးတစ်ယောက်လို ပြုမူနေပြီး သူ့ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ ပြင်းထန်သော နာမကျန်းမှုမှ ပြန်လည်ကောင်းမွန်လာသည့် ပျော့ညံမှုက သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေသည်။ ယခုအချိန်တွင် သူမ သူ့ကို တမင်တကာ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားချင်ပြီး စွန့်လွှတ်ရန် ဆန္ဒမရှိပေ။

"လဲ့ကျစ်၊ နေကောင်းအောင်နေ"

ဟော်တူက အမှန်တကယ် ပင်ပန်းနေပုံရပြီး သူ့အသံက အက်ရှနေကာ တဖြည်းဖြည်း တိုးဝင်သွားသည်။

လဲ့ကျစ်က သူ့စကားကို နားထောင်ပြီး သူ့ကို လွှတ်‌ပေးလိုက်သည်။ ထို့နောက် ကုတင်ပေါ်မှ ထပြီး ရေချိုးခန်းသို့ လျှောက်သွားလိုက်သည်။ နှင်းအရိုးကြာပန်းနားမှ ဖြတ်သွားချိန်တွင် သူမ၏ အကြည့်များက ထိုပန်းပေါ်၌ ခဏတာမျှ ရပ်တန့်သွားသည်။ သူမ မူလက သူမတို့ကြားက ဆက်ဆံရေးကို အဆုံးသတ်ရန် ဤပန်းကို အသုံးပြုချင်ခဲ့သော်လည်း မထင်မှတ်ဘဲ သူမတို့နှစ်ဦး ပိုနီးကပ်လာကာ ငြိတွယ်နေကြပြီ ဖြစ်သည်။

.........။.......။.........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : “နောက်ဆုံးတော့ ငါ့မိန်းမ အသက်ရှင်သွားပြီ....ရေးးးးးး”

အားလုံး : “အေးအေး... နင်လဲ ငိုခဲ့ရတယ်”

ဟော်တူ : “ပေါက်ကရတွေ... ဒီမင်းသားက မငိုပါဘူး...”

အခန်း ၆၆ နာကျင်မှုကို သက်သာစေတယ်

ညဉ့်နက်နေပြီဖြစ်၍ မင်းသားအိမ်တော်တစ်ခုလုံး သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်ခြောက်ကပ်နေသည်။ ဟော်ရှ၏ ဂုဏ်သတင်း နိမ့်ကျသွားပြီး အာဏာလျော့ပါးသွားကတည်းက အိမ်တော်တစ်ခုလုံးတွင် မှောင်မိုက်သောအရှိန်အဝါများ ဖုံးလွှမ်းနေခဲ့သည်။

အိပ်ခန်းထဲတွင် ရှန်းချင်းယန်က မျက်မှောင်ကြုတ်နေပြီး ပျော့ပျောင်းသော ထိုင်ခုံပေါ်တွင် မှီထိုင်နေသည်။ လုယင်က သူမအတွက် နှင်းရည်သွားယူနေသည်မှာ အတော်ကြာနေပြီ ဖြစ်သော်လည်း ပြန်မလာသေးပေ။ ရုတ်တရက် ရှန်းချင်းယန်၏ မျက်ခမ်းများ လှုပ်ခါလာပြီး ရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ခံစားလိုက်ရသည်။ သူမက ချက်ချင်း ထရပ်ကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။

ရှည်လျားသော စင်္ကြံတစ်လျှောက် လျှောက်လာရင်း လက်ဖက်ရည်ခန်းအနားသို့ ရောက်လာချိန်တွင် အထဲမှ ကျယ်လောင်သော ရုန်းကန်သံများနှင့် အော်ဟစ်သံများကို သူမ ကြားလိုက်ရသည်။ ရှန်းချင်းယန်၏ နှလုံးသား တုန်လှုပ်သွားပြီး တံခါးကို အတင်းတွန်းဖွင့်လိုက်သည်။

ပြင်းထန်လှသော အရက်နံ့များက သူမ၏ ဗိုက်ကို မသက်မသာ ဖြစ်သွားစေသော်လည်း သူမ ဂရုမစိုက်နိုင်အားပေ။ အခန်းထဲတွင် ဟော်ရှက လုယင်ကို လက်ဖက်ရည်စားပွဲပေါ်သို့ ဖိနှိပ်ထားသည်ကို သူမ မြင်လိုက်ရသည်။ ကြမ်းပြင်ပေါ်တွင်လည်း လက်ဖက်ရည်ခွက်များ ပျက်စီးရှုပ်ပွနေသည်။

ရှန်းချင်းယန်က ဒေါသတကြီး ရှေ့သို့ ပြေးသွားကာ အရက်မူးနေသော ဟော်ရှကို အစွမ်းကုန် တွန်းထုတ်လိုက်သည်။ ထိုအချိန်မှသာ ဆံပင်များ ဖရိုဖရဲဖြစ်ကာ အဝတ်အစားများ စုတ်ပြဲနေသော လုယင်ကို သူမ မြင်လိုက်ရသည်။ လုယင်၏ အတွင်းခံအင်္ကျီပင် ပေါ်နေပြီဖြစ်ကာ သူမ၏ပခုံးနှင့် လက်ကောက်ဝတ်များတွင် အနီရောင် အစက်အပြောက်များ ထင်ကျန်နေသည်။

“သခင်မ”

လုယင်က မျက်ရည်များ ဝဲနေပြီး တုန်ရီသော အသံဖြင့် စကားပင် ဆက်မပြောနိုင်ရှာတော့ပေ။

ရှန်းချင်းယန်က လုယင်ကို ထူပေးကာ သူမ၏ အဝတ်အစားများကို ပြန်လည် ဖုံးဖိပေးပြီး သူမ၏ နောက်ကွယ်တွင် ကာကွယ်ထားလိုက်သည်။

ထိုအချိန်တွင် ဟော်ရှက တုန်တုန်ယင်ယင်နှင့် မတ်တပ်ရပ်လာသည်။ သူ့မျက်နှာက နီမြန်းနေပြီး ခြေလှမ်းများကလည်း ယိမ်းထိုးနေကာ အလွန်အမင်း မူးယစ်နေသည်မှာ သိသာနေသည်။

ရှန်းချင်းယန်၏ လက်များက ဒေါသကြောင့် တုန်ယင်နေသည်။ သူမက ရှေ့သို့ တစ်လှမ်းတိုးသွားပြီး ဟော်ရှ၏ မျက်နှာကို အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။

“ဖြောင်း…”

ပြင်းထန်သော ပါးရိုက်သံက အခန်းထဲတွင် ပဲ့တင်ထပ်သွားပြီး ဟော်ရှ၏ မူးဝေမှုကို ခေတ္တမျှ ပြေပျောက်သွားစေသည်။ ကြိုတင်ပြင်ဆင်မှု မရှိသဖြင့် သူ့မျက်နှာလည်း တစ်ဖက်သို့ လည်သွားရသည်။ သူ မျက်နှာကို ပြန်လှည့်ကြည့်လာချိန်တွင် မယုံနိုင်သော အမူအရာ ရှိနေသော်လည်း မကြာခင်မှာပင် နီမြန်းနေသော သူ့မျက်နှာက ဒေါသကြောင့် နက်မှောင်လာသည်။

အရက်ရှိန်ကြောင့် စိတ်ရိုင်းဝင်နေသော ဟော်ရှက ရှန်းချင်းယန်၏ လည်ပင်းကို ဆွဲညှစ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“တောက်.... မင်းက ငါ့ကို ရိုက်ရဲတယ်လား”

အသိစိတ်လွတ်နေသူတစ်ဦး၏ လက်အားက အတိုင်းအဆမရှိပေ။ သူက ရှန်းချင်းယန်၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသောကြောင့် သူမ အသက်ရှူမဝတော့ဘဲ သူ့လက်မောင်းကို ပြန်လည် ထုရိုက်နေရသည်။

“လွှတ်... ကျွန်မကို လွှတ်၊ ရှင်က တကယ်ကို သားရိုင်းတိရစ္ဆာန်လို ကောင်ပဲ၊ ကျွန်မကို အဲ့လို မဆက်ဆံနဲ့...”

သူမက စကားကို အဆုံးမသတ်နိုင်ခင်မှာပင် သူမ၏လည်ပင်းပေါ်မှ လက်များက ပိုမိုတင်းကျပ်လာသည်။ လုယင်က ထိတ်လန့်တုန်လှုပ်သွားကာ ရှေ့သို့ တိုးလာပြီး ဟော်ရှ၏ လက်ချောင်းများကို ဖြည်ရန် ကြိုးစားနေသည်။

“ကျွန်မရဲ့ သခင်မကို လွှတ်ပေးဖို့ သခင်ကြီးကို တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး...”

ရှန်းချင်းယန်၏ မျက်နှာက အသက်ရှူကျပ်ခြင်းကြောင့် နီရဲလာပြီး အခြေအနေက အလွန်စိုးရိမ်စရာ ဖြစ်လာခဲ့သည်။

လုယင်က အလွန်စိုးရိမ်ထိတ်လန့်လာပြီး သူမ၏သခင်မကို လွှတ်ပေးရန် အပြင်းအထန် တောင်းဆိုနေခဲ့သည်။ သို့သော်....

“ထွက်သွား”

ဟော်ရှက လုယင်ကို လက်ဖြင့် ခပ်ကြမ်းကြမ်း တွန်းထုတ်လိုက်ရာ လုယင်လည်း ကြမ်းပြင်ပေါ်သို့ လွင့်စဉ်ကျသွားသည်။ ထိုသို့ တွန်းထုတ်လိုက်ချိန်တွင် ရှန်းချင်းယန်၏ လည်ပင်းပေါ်မှ ဟော်ရှ၏ လက်က အနည်းငယ် လျော့ရဲသွားသည်။

“အဟွတ်... အဟွတ်...”

ရှန်းချင်းယန်က ခေါင်းငုံ့ကာ မောဟိုက်ရင်း ချောင်းဆိုးလိုက်ရသည်။ သူမ၏ရင်ဘတ်ထဲမှ အသက်ရှူကျပ်မှု ဝေဒနာက တဖြည်းဖြည်း သက်သာလာသော်လည်း သူမ၏ မျက်ဝန်းများထဲတွင်တော့ နာကျင်မှုနှင့် ရွံရှာမှုတို့ အစားထိုး ဝင်ရောက်လာသည်။

သူမ၏ ထိုအသွင်အပြင်ကို မြင်လိုက်ရမှသာ ဟော်ရှလည်း အနည်းငယ် စိတ်ပြန်ငြိမ်သွားသည်။ သူက သူ့လက်ဖဝါးကို ပြန်ငုံ့ကြည့်လိုက်ပြီး ရှန်းချင်းယန်၏ လည်ပင်းပေါ်မှ ထင်ရှားနေသော လက်ရာများကို ကြည့်ကာ စိတ်ထဲတွင် အပြစ်ရှိစိတ် တစ်စုံတစ်ရာ ပေါ်လာခဲ့သည်။ သို့သော်လည်း သူ၏ ဘယ်ဘက်ပါးပြင်မှ နာကျင်မှုက ထိုအပြစ်ရှိစိတ်ကို ချက်ချင်း ဖုံးလွှမ်းသွားစေခဲ့သည်။

“သူက အစေခံတစ်ယောက်ပဲ... ငါ့အိပ်ရာထဲ ဝင်ခိုင်းတော့ရော ဘာဖြစ်သွားမှာလဲ”

ဟော်ရှက ပေါ့ပေါ့ပါးပါး အပြုံးဖြင့် မထီမဲ့မြင် ပြောလာပြန်သည်။

ငြိမ်ကျသွားသော ရှန်းချင်းယန်က ထိုစကားကြောင့် ဒေါသထွက်လာပြန်သည်။ သူမက ဟော်ရှကို စိုက်ကြည့်ရင်း အသံမာမာဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

“စဉ်းတောင် မစဉ်းစားနဲ့”

ဟော်ရှက ခေါင်းငုံ့ကာ ရယ်မောလိုက်သည်။ ယနေ့ သူ အရက်ရှိန်ဖြင့် စင်္ကြံကို ဖြတ်သွားနေစဉ် လုယင် သယ်လာသော နှင်းရည်၏ ရနံ့ပြင်းပြင်းကြောင့် သူ၏ စိတ်ရိုင်းများ ဂနာမငြိမ် ဖြစ်ခဲ့ရခြင်းပင်။ မူလက သူ ယုတ်ညံ့သော ဤအစေခံကို စိတ်ဝင်စားခြင်း မဟုတ်ဘဲ ရှန်းချင်းယန်ကို ကြောက်ရွံ့စေချင်ရုံသာ ဖြစ်သည်။ သို့သော် ရှန်းချင်းယန်၏ သဘောထားက သူ့ကို ဒေါသထွက်စေသည်။

‘အစေခံတစ်ယောက်အတွက်နဲ့ ငါ့ကို ပါးရိုက်ရဲတယ်လား’

'ကျစ်... ဘယ်လောက်တောင် မနာလိုဝန်တိုတတ်တဲ့ မိန်းမလဲ'

ထိုအချိန်တွင် လုယင်က ကြမ်းပြင်ပေါ်မှ ထရပ်ကာ ဟော်ရှ၏ ရန်ငြိုးဖွဲ့နေသော မျက်လုံးများကို မြင်သွားပြီး သူမ၏နှလုံးသားထဲမှ တုန်လှုပ်လာရသည်။ သူမက ရှန်းချင်းယန်၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး တားမြစ်လိုက်သည်။

“သခင်မ၊ ရှိပါစေတော့”

ဟော်ရှသာ အမှန်တကယ် ရက်စက်ပြလာလျှင် သူမ၏ သခင်မကို ကယ်တင်ပေးမည့်သူ မရှိတော့မည်ကို သူမ အလွန်စိုးရိမ်နေသည်။

ဟော်ရှက လုယင်၏ ငိုသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာကာ လက်ကို ဝှေ့ယမ်းပြီး မောင်းထုတ်လိုက်သည်။

“ထွက်သွား”

ရှန်းချင်းယန်က လုယင်ကို ငဲ့ညှာလိုက်ပြီး ဟော်ရှနှင့် ဆက်လက် အငြင်းမပွားတော့ဘဲ ဒေါသတကြီး လှည့်ထွက်လာခဲ့သည်။ စိတ်ပိုင်းဖြတ်ထားပုံရသော သူမ၏ နောက်ကျောကို ကြည့်ရင်း ဟော်ရှက ထိုင်ခုံပေါ်သို့ မှီချလိုက်ကာ နဖူးကို ပွတ်သပ်နေခဲ့သည်။ အရက်မူးခြင်းကြောင့် ခေါင်းကိုက်လာခြင်းတို့က သူ့ကို ပိုစိတ်တိုလာစေသည်။

သူ့နှလုံးသားတွင် နောင်တများ ပြည့်နှက်နေသည်။

‘တာ့ချီကို ပြန်ရောက်ကတည်းက သူ လုပ်ခဲ့သမျှ ခြေလှမ်းတိုင်းက မှားယွင်းနေပုံရတယ်။ အချိန်ကို နောက်ပြန်ဆုတ်နိုင်ရင် သူ ရှန်းချင်းယန်ကို လက်ထပ်မှာ မဟုတ်သလို၊ ကျစ်ကျစ်ကိုလည်း ဟော်တူနဲ့ လက်မထပ်ခိုင်းခဲ့မှာ မဟုတ်ဘူး’

‘ကျစ်ကျစ်..... ကျစ်ကျစ်... သူ့ရဲ့ကျစ်ကျစ်အကြောင်းကို တွေးမိတိုင်း သူ့နှလုံးသားက အမြဲနာကျင်နေခဲ့ရတယ်။ ကျစ်ကျစ် သူ့ဆီပြန်လာဖို့ ဘယ်လောက်ကြာဦးမှာလဲ။’

‘အခုတော့ သူ့နှလုံးသားတစ်ခြမ်း ပျောက်ဆုံးသွားသလိုမျိုး သူမကို အရမ်းလွမ်းဆွတ်နေပြီး အရမ်းနာကျင်နေရတယ်။’

......။.........။.........

လုယင်က အဝတ်အစားများ လဲလှယ်ပြီးနောက် ဆေးဆီပုလင်းကို ယူလာကာ မျက်လုံးနီနီများဖြင့် ကုတင်ဘေးတွင် ထိုင်ချလိုက်သည်။ သခင်မ၏ လည်ပင်းပေါ်မှ နီရဲရောင်ရမ်းနေသော လက်ရာငါးခုကို ကြည့်ရင်း သူမ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။

“ကျွန်မ မကောင်းတာပါ၊ ကျွန်မကြောင့်သာ မဟုတ်ရင် သခင်မ ဒီလို ဖြစ်မှာ မဟုတ်ဘူး...”

“မင်းနဲ့ ဘာဆိုင်လို့လဲ”

ရှန်းချင်းယန်က သူမကို တားလိုက်ပြီး မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးသည်။

“ငါက မင်းကို ခေါ်လာခဲ့တဲ့သူပါ၊ ငါ့နောက်ကိုသာ မလိုက်ခဲ့ရင် မင်း ဒီလိုဒုက္ခတွေ ကြုံရမှာ မဟုတ်ဘူး”

ကံကောင်းစွာဖြင့် သူမ အချိန်မီ ရောက်သွားသဖြင့် ဟော်ရှ ဘာမှမလုပ်နိုင်ခဲ့ပေ။ သို့သော် အပြစ်ကင်းသော မိန်းကလေးတစ်ဦး၏ အဝတ်အစားများ ဆွဲစုတ်ခံလိုက်ရခြင်းက သူမအပေါ် စိတ်ဒဏ်ရာ မည်မျှအထိ ကျရောက်စေမည်ကို မခန့်မှန်းနိုင်ပေ။

လုယင်က ငယ်စဉ်ကတည်းက ရှန်းချင်းယန်နောက်သို့ လိုက်ခဲ့သူ ဖြစ်ပြီး အပျိုလေးအရွယ်သို့ ရောက်နေပြီဖြစ်သည်။ သူမ လက်မထပ်မီက လုယင်နှင့် ဝန်ကြီးချုပ် အိမ်တော်မှ 'လီချူ'တို့ တစ်ဦးကိုတစ်ဦး ချစ်ကြိုက်နေသည်ကို ရှန်းချင်းယန် သိခဲ့သည်။ သူမက သူတို့ကို လက်ထပ်ပေးချင်ခဲ့သော်လည်း လုယင်က ရှန်းချင်းယန် အိမ်ထောင်ကျသည့်အခါ အနားတွင် ယုံကြည်ရသူ မရှိမည်ကို စိုးရိမ်သောကြောင့် ပြုစုစောင့်ရှောက်ပေးရန် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

ဤနည်းအားဖြင့် သူမ၏ အချစ်ရေးကို နှောင့်နှေးစေခဲ့ရုံသာမက ယနေ့တွင် သူမ၏ အပြစ်ကင်းစင်မှုပါ ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး... သခင်မ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ သခင်မလည်း လုံလောက်တဲ့ နစ်နာမှုတွေ ခံစားခဲ့ရပြီးပါပြီ”

လုယင်က သူမ၏ နှုတ်ခမ်းလေးကို တင်းတင်းကိုက်ထားသည်။ ကျော်ကြားလှသော တတိယမင်းသားက ဤကဲ့သို့ အယုတ်တမာ သားရဲတစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။

“မနက်ဖြန်မနက်ကျရင် မင်း ဝန်ကြီးချုပ်အိမ်တော်ကို ပြန်သွားတော့၊ ငါ အဖေ့ဆီကို စာတစ်စောင် ရေးပေးလိုက်မယ်၊ မင်းရဲ့ ခန်းဝင်ပစ္စည်းတွေကို ပြင်ဆင်ပေးဖို့လည်း ငါ အိမ်တော်ထိန်းကို ညွှန်ကြားထားပြီးပြီ၊ နောက်ဆိုရင် မင်း ဝန်ကြီးချုပ်အိမ်တော်မှာပဲ အလုပ် ဆက်လုပ်ပြီး လီချူနဲ့အတူ ကောင်းမွန်တဲ့ ဘဝကို တည်ဆောက်ရမယ်”

“မဖြစ်ဘူး”

လုယင်က စိုးရိမ်တကြီးဖြင့် ခေါင်းကို အပြင်းအထန် ခါယမ်းနေသည်။

“ကျွန်မ မသွားဘူး”

‘ဒီလိုအခြေအနေမျိုးမှာ သူမရဲ့သခင်မကို ဘယ်လိုထားခဲ့နိုင်မလဲ။ တကယ်လို့များ... တတိယမင်းသားက တစ်နေ့မှာ ရူးသွပ်သွားတယ်ဆိုရင် သူမရဲ့သခင်မ တစ်ယောက်တည်း ဘယ်လိုရင်ဆိုင်မှာလဲ’

လုယင်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ရင်း ရှန်းချင်းယန်၏ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားသည်။ စွန့်လွှတ်ခြင်း၊ ကံကြမ္မာကို အရှုံးပေးခြင်းနှင့် နာကျည်းခြင်းစသည့် အတွေးပေါင်းစုံ ခေါင်းထဲ ရောက်လာသော်လည်း ထိုထက်ပိုသည်က 'မသင့်မြတ်ခြင်း' ပင် ဖြစ်သည်။

“လုယင်... စုတ်တံနဲ့ မှင် ယူလာပေး”

နောက်ဆုံးတွင် ရှန်းချင်းယန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကာ ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး ရဲတင်းသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ယနေ့ ဖြစ်ပျက်ခဲ့သည့် အရာက သူမအတွက် ပြင်းထန်သော နှိုးဆော်မှုတစ်ခု ဖြစ်ခဲ့ပြီး သူမ ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ပေ။ သို့မဟုတ်ပါက သူမသာမက သူမဘေးနားမှ လူများပါ ဤဆိုးရွားလှသော ချောက်ထဲသို့ ကျဆင်းသွားပေလိမ့်မည်။

.............။.............။............

ညဘက်တွင် တိုက်ခတ်ခဲ့သော နှင်းမုန်တိုင်းကြောင့် နေရာအားလုံးတွင် ငွေဖြူရောင် လွှမ်းနေခဲ့သည်။ သို့သော် မကြာမီ ထွက်ပေါ်လာသော နေရောင်ခြည်နွေးနွေးက ထိုငွေရောင်နှင်းများကို ရွှေရောင်ဖြင့် အလှဆင်လိုက်ပြန်သည်။

အိမ်ရှေ့စံအိမ်တော်၏ ဆေးကုသဆောင်အတွင်း၌ တုန်ယင်နေသော အသံအချို့ ထွက်ပေါ်လာသည်။

“ပြီးပြီလား... ပြီးပြီလားဟင်”

ဟော်တူက လဲ့ကျစ် သူ့လက်ကို တင်းတင်းဆုပ်ကိုင်ကာ မကြည့်ဝံ့ဘဲ ဖြစ်နေသည်ကို မြင်နေရပြီး မပြုံးဘဲ မနေနိုင်တော့ပေ။ သူက သူမကို လှမ်းပြောလိုက်သည်။

“လှည့်ကြည့်လိုက်ပါဦး”

ထိုအသံကြောင့် လဲ့ကျစ်က သူမ၏တောင့်တင်းနေသော လည်ပင်းကို အားယူကာ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သို့သော် သူမ၏ မျက်လုံးများက တစ်ဝက်မျှသာ ပွင့်နေပြီး အပြည့်အဝ ဖွင့်ကြည့်ရန် မဝံ့မရဲ ဖြစ်နေသေးသည်။ ဟော်တူ ကိုင်ထားသော ခွဲစိတ်ဓား၏ ရောင်ပြန်အလင်းတန်းက သူမ၏ မျက်ဝန်းထဲသို့ ဝင်ရောက်လာသောကြောင့် နှလုံးသား၏အစွန်အဖျားအထိ တုန်လှုပ်သွားရသည်။

ခွဲစိတ်မှု မစရသေးသည်ကို တွေ့လိုက်ရသဖြင့် သူမ၏ ရင်ထဲ၌ ပြန်လည် တင်းကြပ်လာကာ မျက်ခုံးများပါ တွန့်ချိုးသွားသည်။ ဟော်တူက သူမကို ပြုစုစောင့်ရှောက်ပေးခဲ့ရသဖြင့် သူ၏ အတွင်းအားများ ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ သို့သော် ခြောက်ရက်အတွင်းမှာပင် သူမ၏ ငှက်ဖျားရောဂါက အမှန်တကယ် ပျောက်ကင်းသွားခဲ့သည်။ ပြင်းထန်သော ဖျားနာမှုကြောင့် သူမ၏ ခန္ဓာကိုယ်က အားနည်းနေသေးပြီး အထူးဂရုစိုက်ရန်‌တော့ လိုအပ်နေသေးသည်။

သို့သော် လဲ့ကျစ်က စိုးရိမ်မကင်း ဖြစ်နေမိသည်။ ခြောက်ရက် ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် နှင်းအရိုးကြာပန်းကို နောက်ထပ် လေးရက်အတွင်း ဆေးဖော်ရပေမည်။ သူမ၏ တိုက်တွန်းမှုကြောင့် ဟော်တူက ဆေးကို အမြန်ဆုံး ပြုလုပ်ခဲ့သည်။ ဆေးဖော်စပ်ရန် မခက်သော်လည်း အရိုးများ ပြန်လည် ကြီးထွားစေရန်က အခက်ခဲဆုံး အပိုင်းဖြစ်သည်။

အရိုးများက ကျိုးနေပြီးသားဖြစ်သဖြင့် ယခင်အတိုင်း ပြန်ကောင်းစေရန် ဒဏ်ရာဟောင်းကို ဓားဖြင့် ပြန်လည် ခွဲဆွပြီးမှ ဆေးထည့်ရမည် ဖြစ်သည်။ ထိုမှသာ နှင်းအရိုးကြာပန်းက ထိုကျိုးနေသော အရိုးများကို အရိုးအသစ်အဖြစ် ပြန်လည် ပေါက်ဖွားစေမည် ဖြစ်သည်။ ခွဲစိတ်မှု သုံးကြိမ်နှင့် ဆေးသုံးကြိမ် ထည့်ပြီးနောက်မှသာ အရိုးအသစ်များ ကောင်းမွန်စွာ ကြီးထွားလာနိုင်ပေလိမ့်မည်။

ထိုအကြောင်းကို ကြားလိုက်ရုံနှင့် လဲ့ကျစ်၏ လက်ခြေများ အေးစက်သွားရသည်။

‘ဒီလိုနည်းလမ်းက အရမ်းနာကျင်ရမှာပဲ မဟုတ်ဘူးလား’

ဟော်တူက သူမ စိုးရိမ်နေသည်ကို သိနေ‌သောကြောင့် အစကတည်းက လိုက်မလာစေချင်ခဲ့ပေ။ သို့သော် သူမက အတင်းလိုက်မည်ဟု ဇွတ်ပြောနေသဖြင့် ဘေးမှ စောင့်ကြည့်ခွင့် ပေးလိုက်ရခြင်း ဖြစ်သည်။ သို့သော် သူ ကိရိယာများ အသင့်ပြင်ကာ ခွဲစိတ်ရန် ပြင်လိုက်တိုင်း သူမက မကြည့်ဝံ့ဘဲ သူ့လက်မောင်းကို အတင်းဆွဲထားသဖြင့် စတင်ရန်ပင် မဖြစ်နိုင်တော့ပေ။

သူမက ကြောက်လန့်နေသလို သူ့ကိုလည်း အလွန်တွယ်ကပ်နေပြန်သည်။

“မကြည့်ပါနဲ့တော့၊ အိပ်ခန်းထဲပြန်သွားပြီး အနားယူနေလိုက်လေ...နော်”

ဟော်တူက သူမကို ချော့မော့လိုက်သည်။

"မပြန်ဘူး"

လဲ့ကျစ်၏ မျက်နှာလေးက ညှိုးနွမ်းနေသည်။ ၎င်းက ဖျားနာခဲ့သည့် ဒဏ်ကြောင့်လား၊ သို့မဟုတ် စိုးရိမ်ကြောင့်ကြမှုကြောင့်လား မသိနိုင်တော့ပေ။ သူမက မျက်နှာလေးကို အောက်ငုံ့ထားပြီး တတွတ်တွတ် ငြင်းဆန်နေသည်။

"ကျွန်မ မသွားဘူး"

သူမက လက်ကို လွှတ်ရန် ဆန္ဒမရှိကြောင်း မြင်လိုက်ရသဖြင့် ဟော်တူက ခပ်တိုးတိုး ရယ်မောလိုက်ပြီး စနောက်လိုက်သည်။

"မင်း ဒီလို ဆွဲထားရင်တော့... ဒီအစ်ကိုတော်ရဲ့ ခြေထောက်က ပြန်ကောင်းလာမှာ မဟုတ်ဘူး"

"ဘယ်လိုဖြစ်နိုင်မှာလဲ"

လဲ့ကျစ်က စိုးရိမ်တကြီးဖြင့် မော့ကြည့်လိုက်ပြီး နှုတ်ခမ်းလေးကို ကိုက်ထားပြန်သည်။ ထို့နောက် သူမက သေချာအောင် ထပ်မေးနေသည်။

"အကိုက်အခဲပျောက်ဆေး သောက်ပြီးပြီလားဟင်"

ဟော်တူက သူမ၏ ထိတ်လန့်နေသော မျက်ဝန်းများကို စိုက်ကြည့်ကာ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။ သူမ ဤမေးခွန်းကို မေးနေသည်က သုံးကြိမ်မကတော့ပေ။

"ကိုယ် နာကျင်မှာကို ဒီလောက်တောင် ကြောက်နေတာလား"

ဟော်တူက လဲ့ကျစ်၏ ဆံနွယ်များကို အသာအယာ ဆွဲယူလိုက်ပြီး လည်ပင်းနောက်ဘက်သို့ လက်တင်ကာ သူ့အနားသို့ ဆွဲကပ်လိုက်သည်။

'ဒါဆို... မင်း ဘာလို့ ကိုယ်ကို မနမ်းတာလဲ'

တစ်ယောက်ကို တစ်ယောက် ကြည့်နေရင်း လဲ့ကျစ်က ပူလောင်နေသော သူ့မျက်လုံးများထဲမှ ထင်ရှားနေသည့် အဓိပ္ပာယ်တစ်ခုကို ဖတ်မိသွားသည်။

'ခုက ဘယ်အချိန်လဲ... ဒီလူက ဘာလို့ အမြဲတမ်း ဘာကိုမှ အလေးအနက် မထားတာလဲ'

“မြန်မြန်လုပ်တော့၊ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူး”

လဲ့ကျစ်က သူမ၏လက်ကို အသာဆွဲထုတ်လိုက်ပြီး တိုးတိုးလေး ထပ်ပြောကာ ဘေးသို့ အနည်းငယ် ဖယ်ပေးလိုက်သည်။

ဟော်တူက စကားတစ်ခွန်းမှ မပြောသော်လည်း သူ၏ မက်မွန်ပွင့်ပုံ မျက်လုံးများတွင် မကျေနပ်မှုအချို့ အရိပ်ထင်သွားသည်။

'နမ်းတာတောင် မရဘူးလား... တကယ့်ကို တွန့်တိုတာပဲ'

ဓား၏ အလင်းတန်းတစ်ခု ဖြတ်သွားသော်လည်း လဲ့ကျစ်က တိုက်ရိုက် မကြည့်ဝံ့သေးပေ။ သူမက ခေါင်းကို အနည်းငယ်လွှဲကာ မျက်လုံးထောင့်မှ ခိုးကြည့်နေသည်။ လေထဲတွင် သွေးနံ့များ ပြည့်နှက်လာပြီး သူမ၏ လက်ချောင်းများကလည်း ရင်ခုန်သံနှင့်အတူ တုန်ယင်နေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူမတစ်ကိုယ်လုံးရှိ သွေးများ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

"ပြီးပြီ..."

ဟော်တူ၏ စကားကို ကြားလိုက်ရမှ လဲ့ကျစ်က ခေါင်းကို အမြန်လှည့်ကြည့်လိုက်သည်။ ဒဏ်ရာကို ဖုံးအုပ်ရန် ပိတ်စများဖြင့် ပတ်ထားသော သူ့ခြေထောက်ကို တွေ့လိုက်ရပြီး ကြမ်းပြင်ပေါ်တွင် သွေးစက်အချို့ ကျန်နေခဲ့သည်။

လဲ့ကျစ်က ဟော်တူ၏ မျက်နှာကို အနီးကပ် စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာက အပြုံးမပျက်သော်လည်း ဖြူဖျော့နေသော အသားအရေနှင့် နဖူးပေါ်မှ ချွေးစက်များက သူ မည်မျှ နာကျင်နေရသည်ကို သက်သေပြနေသည်။

'သူ နာကျင်မှာပဲ... အရမ်းနာမှာ...'

နောက်ဆုံးတွင် သူမ၏ မျက်ရည်များက ထိန်းမရဘဲ စီးကျလာပြန်သည်။ သူမ၏ နှလုံးသားတစ်ခုလုံး ကွဲကြေသွားသကဲ့သို့ ခံစားလိုက်ရပြီး အလွန်အမင်း နာကျင်နေရသည်။

"ကိုယ်က တော်တော် သတ္တိရှိပါတယ်"

ဟော်တူက နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်သည်။ သူ၏ အနက်ရောင် မျက်ဝန်းများက နက်ရှိုင်းနေပြီး ဖုံးကွယ်၍မရသော နူးညံ့မှုများဖြင့် ပြောလာသည်။

"မနာပါဘူး"

သူ့စကား မဆုံးသေးမီမှာပင် နူးညံ့သော လက်တစ်စုံက သူ့မျက်နှာကို ဆုပ်ကိုင်လာပြီး သူ့စကားကို ရပ်တန့်သွားစေသည်။ သူမ ဘာလုပ်မည်ကို သူ မခန့်မှန်းနိုင်ခင်မှာပင် သူ့နှုတ်ခမ်းများပေါ်သို့ ပူနွေးသော အထိအတွေ့တစ်ခု ရောက်ရှိလာပြီး သူမ၏ မျက်တောင်ရှည်လေးများက သူ့ပါးပြင်ပေါ်၌ ဝဲနေလေသည်။

ဟော်တူ၏ အေးစက်နေသော နှုတ်ခမ်းပေါ်သို့ နွေးထွေးမှုများ တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။ ဟော်တူက သူမ၏ သွယ်လျသော ခါးလေးကို သိုင်းဖက်ကာ အပြင်းအထန် ပြန်နမ်းရှိုက်လိုက်သည်။

မူလက သူမ စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် 'မနာဘူး' ဟု လိမ်ညာခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်တွင်တော့ သူ တကယ် မနာတော့သလို ခံစားနေရသည်။

‘သေချာတာပေါ့.... သူမရဲ့ အနမ်းတွေက နာကျင်မှုကို သက်သာစေတယ်’

........။.......။.......

ဒီစာရေးသူက ပြောစရာရှိပါတယ်။

ခွေးကောင်ရှ : “ငါ တကယ်လွမ်းတယ်၊ တကယ် လွမ်းတယ်၊ တကယ်ပဲ ကျစ်ကျစ်ကို လွမ်းတယ်...”

ဟော်တူ : “နမ်းနေတယ်... မနှောင့်ယှက်ပါနဲ့” (ခြေထောက်တွေကို လှုပ်ရမ်းနေရင်း ပြောလိုက်သည်)

ကျစ်ကျစ် : “ရှင့်ခြေထောက်က အဆင်ပြေရဲ့လား” (ရှင်ခြေထောက်က ထပ်ပြီး မကျိုးတော့ဘူး မဟုတ်လား)

All Chapters