အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း ၆၇ နှုတ်ခမ်းနီ
လေပြင်းမိုးသီးများ ရွာချနေသကဲ့သို့ ပြင်းရှပြီး နက်ရှိုင်းလှသော အနမ်းရှည်များအောက်တွင် လဲ့ကျစ်တစ်ယောက် ရုန်းကန်ရန် အင်အားပင် မရှိတော့ချေ။ ဟော်တူ၏ ပါးပြင်ကို ဆုပ်ကိုင်ထားခဲ့သော သူမ၏ လက်ကလေးများကပင် အားလျော့ကာ သူ၏ပခုံးသားများပေါ်သို့ လျောကျသွားခဲ့ရသည်။
ယခင်တစ်ခေါက်ကဲ့သို့ အသက်ရှူရ ကျပ်မနေသော်လည်း ရင်ဘတ်ထဲတွင်တော့ အနည်းငယ် မွန်းကျပ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် လဲ့ကျစ်က သူ့ပခုံးကို ဖြည်းဖြည်းချင်း တွန်းထုတ်ကာ အနမ်းတို့ကို ရပ်တန့်ရန် ကြိုးစားလိုက်သည်။
သူမ၏ ငြင်းဆန်မှုကို ခံစားမိလိုက်သောအခါ ဟော်တူက သူမခါးကို ဖက်ထားသည့် လက်ကို အသာအယာ ဖြေလျှော့ပေးလိုက်သည်။ သို့သော် သူ၏ နှုတ်ခမ်းထောင့်တွင်တော့ ကျေနပ်သည့် အပြုံးတစ်ခု စွဲထင်နေဆဲပင်။ နှုတ်ခမ်းချင်း ခွာတော့မည့် ဆဲဆဲတွင် သူက ရုတ်တရက် သူမ၏ အပေါ်နှုတ်ခမ်းလွှာကို အငမ်းမရ စုပ်ယူကာ ခပ်ဖွဖွ နမ်းလိုက်ပြီးမှ နောက်သို့ ပြန်ဆုတ်သွားသည်။
လဲ့ကျစ်၏ နှင်းဆီရောင် ပါးပြင်လေးများက နီမြန်းနေပြီး ရောင်ရမ်းသွားသော ချယ်ရီရောင် နှုတ်ခမ်းလေးများကလည်း အရည်လဲ့ကာ တောက်ပြောင်နေသည်။ သူမက ရှက်ကိုးရှက်ကန်းဖြင့် ချောင်းတစ်ချက် ဟန်ဆောင်ဆိုးလိုက်ပြီးနောက် မျက်လုံးများကို မှိတ်ချကာ တည်ငြိမ်အောင် ကြိုးစားရင်း မေးလိုက်သည်။
“ဥယျာဉ်ထဲမှာ လေညင်းခံဖို့ အရှင့်သားကို တွန်းသွားပေးရမလား”
ဟော်တူက သူမ၏ အမူအရာကို ကြည့်ပြီး သဘောတကျ ရယ်မောနေသော်လည်း သူမကို ထပ်ပြီး မကျီစယ်တော့ပေ။ သူက လက်ကို ဆန့်တန်းလိုက်ပြီး သူမ၏ နူးညံ့လှသော နှုတ်ခမ်းလေးများကို လက်ချောင်းများဖြင့် ခပ်ဖွဖွ ဖိကပ်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
“အင်း...”
နွေးထွေးသော နေရောင်ခြည်က သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသဖြင့် ခန္ဓာကိုယ်အတွင်းမှ ဝေဒနာများပင် သက်သာသွားသလို လဲ့ကျစ် ခံစားနေရသည်။ လဲ့ကျစ်က ကျောက်စားပွဲပေါ်တွင် ထိုင်ကာ စာရင်းစာအုပ် အမြောက်အမြားကို ဂရုတစိုက် ဖတ်ရှုနေသည်။
‘ဖျားနေတာ ရက်အတော်ကြာသွားတော့ စစ်ဆေးစရာ စာရင်းတွေကလည်း တောင်ပုံရာပုံပါလား... ဟူး...’
သူမက စာရင်းဖတ်ရင်း မေးခွန်းထုတ်စရာ ရှိသည်များကို စာရေးတံဖြင့် ကောက်နုတ်နေသည်။ ထို့နောက် စားပွဲပေါ်ရှိ သကြားလုံးပန်းကန်ထဲမှ သကြားလုံးတစ်လုံးကို လှမ်းယူလိုက်သည်။ ခါးသက်သော ဆေးများကို ရက်ရှည်သောက်ခဲ့ရသောကြောင့် သူမ၏ လျှာဖျားက အချိုဓာတ်ကို ပိုမိုတောင့်တနေမိသည်။
ပါးစပ်ထဲမှ လိမ္မော်အရသာ သကြားလုံးလေး အရည်ပျော်သွားသဖြင့် နောက်တစ်လုံး ထပ်ယူရန် ပြင်လိုက်စဉ်မှာပင် ကြည်လင်နေသော စပျစ်သီးအရသာ သကြားလုံးတစ်လုံးက သူမ၏ နှုတ်ခမ်းရှေ့သို့ ရောက်ရှိလာသည်။ လဲ့ကျစ်က ဘာမှ မတွေးဘဲ ပါးစပ်ဟကာ လှမ်းယူဝါးစားလိုက်သည်။
အချိုအရသာက ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး ပူရှိန်းအနံ့က နှာခေါင်းထဲအထိ စိမ့်ဝင်သွားသည်။ ထိုအချိန်မှသာ လဲ့ကျစ်က သကြားလုံးကို ဘယ်သူကျွေးနေမှန်း သတိထားမိသွားသည်။ သူမ၏ မျက်လုံးများက အံ့အားသင့်ဟန်ဖြင့် မှင်တက်သွားပြီး ဘေးနားတွင် ထိုင်နေသူကို ကြောင်ကြည့်နေသည်။
သူမ၏ နှလုံးသားလည်း ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ ဗလောင်ဆူသွားရသည်။
‘အခု ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ဘယ်အခြေအနေကို ရောက်နေပြီလဲ’
‘ငါက ကြီးမားတဲ့ ပိုက်ကွန်ထဲမှာ ဖမ်းမိထားတဲ့ ငါးတစ်ကောင်လိုပဲ... တစ်ဖြည်းဖြည်းနဲ့ သူ မျိုချတာကို ခံရတော့မှာလား...’
လဲ့ကျစ်က ခေါင်းကို တစ်ဖက်သို့ အမြန်လှည့်လိုက်သည်။ သူမ၏ ရင်ခုန်သံကို သူ သိသွားမည်စိုးသဖြင့် သူ့အကြည့်များကို ရှောင်လွှဲလိုက်မိသည်။
ထိုစဉ်မှာပင် အဝေးမှ လျှောက်လှမ်းလာသော လီယောင်၏ ပုံရိပ်ကို မြင်လိုက်ရသည်။ လီယောင်က စင်္ကြံသို့ ရောက်လာပြီး လဲ့ကျစ်တို့ကို နှောင့်ယှက်မိမည်အား စိုးရိမ်သောကြောင့် မဝံ့မရဲ ရပ်တန့်နေသည်။ သူမ၏ မျက်နှာပေါ်ရှိ စိုးရိမ်ပူပန်နေသော အမူအရာကို မြင်လိုက်ရသည့်အတွက် လဲ့ကျစ်၏ စိတ်ထဲတွင်လည်း တုန်လှုပ်သွားရသည်။
လီယောင်၏ ပုံစံအရ အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေသည်မှာ သေချာပေသည်။
လဲ့ကျစ်က မတ်တပ်ထရပ်ကာ စင်္ကြံဆီသို့ အမြန်လျှောက်သွားလိုက်သည်။ သူမ အနားသို့ ရောက်ရှိသွားချိန်တွင် လီယောင်က အနီးနားတွင် လူမရှိသည်ကို သေချာအောင် ဝေ့ဝဲကြည့်ပြီးမှ အသံကို နှိမ့်ကာ ပြောလာခဲ့သည်။
“သခင်မ... သခင်မအတွက် စာတစ်စောင် ရှိတယ်”
လီယောင်က သူမ၏ အင်္ကျီလက်ထဲတွင် ဝှက်ယူလာသော စာအိတ်ကို ထုတ်ပေးလိုက်သည်။
“ဒီနေ့ ကျင့်ရှင်းနဲ့ ကျွန်မ မနက်စောစော ဆိုင်ကို သွားခဲ့ကြတယ်၊ အပြန်မှာ လုယင်က အိမ်တော်တံခါးအပြင်ဘက်မှာ ဟိုဟိုဒီဒီ လမ်းလျှောက်နေတာကို တွေ့လိုက်ရတယ်။ ဒီစာကို ဘယ်သူ့လက်ထဲမှ မထည့်ရဲလို့ သခင်မကိုပဲ ကိုယ်တိုင်ပေးချင်လို့ စောင့်နေတာတဲ့၊ အကြာကြီး စောင့်နေရတယ်လို့လဲ ပြောပါတယ်”
စာအိတ်ကို လက်ခံရရှိပြီးနောက် လဲ့ကျစ်၏ မျက်နှာပေါ်မှ အပြုံးများက အရိပ်အယောင်ပင် မကျန်တော့အောင် ပျောက်ကွယ်သွားခဲ့သည်။
‘လုယင်ကိုယ်တိုင် လာပို့တာဆိုတော့ ဒီစာက ရှန်းချင်းယန်ဆီကပဲ ဖြစ်ရမယ်’
“သခင်မ... ကျွန်မ ကြည့်ရတာ လုယင်ရဲ့ အခြေအနေက တကယ်ကို ဆိုးနေပုံပဲ၊ စာကို လှမ်းပေးတဲ့အချိန်မှာ သူ့လက်ကောက်ဝတ်မှာ အညိုအမဲစွဲနေတဲ့ ဒဏ်ရာတွေကို ဝိုးတိုးဝါးတား မြင်လိုက်ရတယ်”
“ဘာ... ဘယ်လိုဖြစ်တာလဲ”
လဲ့ကျစ် အံ့အားသင့်သွားရသည်။ လုယင်က ရှန်းချင်းယန်၏ အနီးကပ်အစေခံဖြစ်ပြီး သူမကို ထိပါးစော်ကားရန် မည်သူမျှ မဝံ့ရဲသင့်ပေ။ ထို့နောက်တွင်တော့ လဲ့ကျစ်၏ စိတ်ထဲတွင် ထိုဒဏ်ရာများက ဟော်ရှ လက်ချက်ဖြစ်နိုင်သည်ဟု တွေးမိကာ ဒေါသလှိုင်းများ ထိန်းမရအောင် တက်လာခဲ့သည်။
‘အရှက်မရှိတဲ့ လူယုတ်မာ...’
သူမက လီယောင်ကို လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြန်သွားခွင့်ပြုလိုက်သည်။ သူမ ခြေလှမ်းများကို လှည့်ပြန်လာခဲ့သော်လည်း လက်ထဲမှ စာကိုတော့ ချက်ချင်း ဖွင့်မကြည့်ရဲဘဲ ခဏတာ စိုက်ကြည့်နေမိသည်။
“အိုး... ဒါက ဘယ်ကလဲ၊ ချစ်သူဆီက စာများလား”
ရင်းနှီးနေသော လှောင်ပြောင်သံကြောင့် လဲ့ကျစ် သတိပြန်ဝင်လာသည်။ သူမက ကျောက်စိမ်းဖြူ ဘီးတပ်ထိုင်ခုံပေါ်တွင် ထိုင်နေသော ဟော်တူကို တစ်ချက်စိုက်ကြည့်လိုက်ပြီး လက်ထဲမှ စာကို သူ့ရင်ခွင်ထဲသို့ တိုက်ရိုက် ပစ်ထည့်ပေးလိုက်သည်။
ဟော်တူက ပေါ့ပေါ့ပါးပါး ရယ်မောရင်း စာကို ကျောက်စားပွဲပေါ်သို့ တင်လိုက်သည်။
“နေပြန်ကောင်းလာပြီဆိုတော့ မင်းရဲ့ ဒေါသကလည်း အရင်ကထက် ပိုဆိုးလာတာပဲလား”
‘ဒါတွေအားလုံးက ရှင်သင်ပေးခဲ့တာတွေ မဟုတ်ဘူးလား’
လဲ့ကျစ်က စိတ်ထဲမှ ပြန်လည်လှောင်ရယ်နေမိသည်။ သူမက အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးမှ စာကို ဖြန့်ဖတ်လိုက်သည်။
“သားရဲကောင်ထက် မိုက်ရိုင်းတဲ့ လူပဲ”
လဲ့ကျစ်က အံကြိတ်ကာ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်ပြီး သူမ၏ မျက်ခုံးအစုံက ဒေါသကြောင့် ပင့်တက်နေသည်။ ဟော်တူက ခေါင်းကို တစ်ဖက်သို့ စောင်းငဲ့ကြည့်လိုက်ပြီး ဒေါသကြောင့် နီမြန်းနေသော လဲ့ကျစ်၏ ပါးပြင်လေးများကို မြင်လိုက်ရသည်။ လဲ့ကျစ်ကလည်း သူမ၏ မျက်ဝန်းအစုံဖြင့် ဟော်တူကို ပြန်လည်စိုက်ကြည့်လိုက်သည်။
သူမ၏ ရင်ထဲတွင် လေးလံမှုကို ခံစားနေရပြီး အမှန်တရားကို ထပ်ခါတလဲလဲ စဉ်းစားပြီးနောက်မှ ဟော်တူကို ပြောပြလိုက်သည်။
“ဒါက ရှန်းချင်းယန်ဆီက စာပါ၊ အဲဒီနေ့က ဖူရှီဘုရားကျောင်းမှာ သူ ပြောခဲ့တာတွေက အကုန်လုံး မဟုတ်သေးဘူး၊ အခု ဒီစာထဲမှာ အကုန်ရေးထားတယ်၊ ဟော်ရှကို လက်ထပ်ပြီးကတည်းက သူ ဘယ်လို ငရဲခန်းမျိုးမှာ နေထိုင်ခဲ့ရလဲဆိုတာ အကုန်ပြောပြထားတယ်”
သူမ၏ လက်ချောင်းများက ဒေါသကြောင့် တင်းကျပ်လာကာ လက်ထဲမှ စာရွက်ပါးလေးပင် ကြေမွသွားရသည်။
ဆဲဆိုခြင်း၊ ကဲ့ရဲ့ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အောက်တန်းကျလှသော ပုတ်ခတ်မှုများ...
ရှန်းချင်းယန် မည်မျှအထိ နာကျင်ခံစားခဲ့ရမည်ကို လဲ့ကျစ် ထပ်မတွေးဝံ့တော့ပေ။
“ဒါကို မင်း သိသွားပြီလား”
ဟော်တူက သူမ၏လက်ကလေးကို အသာအယာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ဒေါသကြောင့် တင်းတင်းဆုပ်ထားသော သူမ၏ လက်ချောင်းလေးများကို စိတ်ရှည်လက်ရှည်ဖြင့် တစ်ချောင်းချင်းစီ ဖြန့်ပေးပြီးနောက် သူ၏ လက်ဖဝါးနွေးနွေးဖြင့် ဆုပ်ကိုင်ထားလိုက်သည်။
ဟော်တူက စားပွဲပေါ်မှ စာကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ခပ်တိုးတိုး မေးလာပြန်သည်။
“မင်း... သူ့ကို တကယ်ပဲ ကူညီချင်နေတာလား”
“အင်း...”
လဲ့ကျစ်က ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ အမူအရာတွင် တုံ့ဆိုင်းမှုအချို့ ရှိနေဆဲ ဖြစ်သည်။
“ဒါပေမယ့် ကျွန်မ စိတ်လည်း ပူမိတယ်”
“ဘာကိုလဲ... ကိစ္စတွေ ပြီးသွားတဲ့အခါ သူက မင်းရဲ့ကျေးဇူးကို မေ့သွားပြီး ကတိပျက်မှာကိုလား၊ ဒါမှမဟုတ် မင်း ကူညီနေတုန်းမှာပဲ သူက လမ်းတစ်ဝက်မှာ စိတ်ပြောင်းသွားပြီး ဟော်ရှကို အကုန်ဖွင့်ပြောလိုက်မှာကိုလား၊ အဲဒီထက်ပိုဆိုးတာက... ရှန်းချင်းယန်က ဟော်ရှကို ကူညီဖို့အတွက် မင်းကို တမင်တကာ စမ်းသပ်နေတာမျိုး ဖြစ်နေမှာကို စိတ်ပူနေတာလား”
“ဘယ်လို... ရှင် ဘယ်လို လုပ် သိနေတာလဲ”
လဲ့ကျစ် အံ့အားသင့်သွားပြီး စကားပင် ဆက်မပြောနိုင်လောက်အောင် တုန်လှုပ်သွားရသည်။
‘ဒီလူက ငါ့ဗိုက်ထဲက သန်ကောင်လား* ငါ တွေးသမျှကို သူ ဘယ်လိုသိနေတာလဲ’
(ဗိုက်အတွင်းရှိ သန်ကောင်* – အခြားသူများ၏ စိတ်နှလုံးကို ရှင်းရှင်းလင်းလင်း သိသူအတွက် ဥပမာသုံးသောစကား)
‘ရေးထားတဲ့စာတွေ အားလုံးမှန်ရင်တော့ ငါ ရှန်းချင်းယန်ကို တကယ်ပဲ ကူညီချင်ပါတယ်၊ ဒါပေမယ့် ရှန်းချင်းယန်က ဟော်ရှကို ခြွင်းချက်မရှိ ကူညီဖို့ တကယ်ပဲ ရွေးချယ်ခဲ့မယ်ဆိုရင်ရော... ငါ တကယ်ကို အယုံလွယ်ဖို့ မရဲဘူး။ ငါ့ ပေါ့လျော့မှုကြောင့် ငါ့ရဲ့ ကိုယ်ပိုင်အစီအစဉ်ကို ပျက်ဆီးစေနိုင်ရုံသာမကဘဲ ဟော်တူကိုလည်း ထိခိုက်စေလိမ့်မယ်’
“မင်း ကူညီချင်ရင်လည်း ကူညီလိုက်ပါ”
ဟော်တူက ပြုံးလိုက်ရင်း သူမ၏ နှုတ်ခမ်းနားသို့ သကြားလုံးတစ်လုံး တေ့ပေးလာသည်။
လဲ့ကျစ်က ခေါင်းငုံ့ကာ ထိုသကြားလုံးကို အလိုအလျောက် ယူစားလိုက်မိသည်။ သူ၏ ပေါ့ပေါ့ပါးပါး လေသံကြောင့် သူမ ရင်ထဲတွင် အများကြီး စိတ်အေးသွားရသည်။ သူမက နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်ပြီးမှ မျက်လုံးကို မှိတ်ချကာ ထပ်မေးလိုက်သည်။
“တကယ်လို့ ဒါက အကြံအစည်တစ်ခု ဖြစ်နေရင်ရော... ဘယ်လိုလုပ်မလဲ”
ဟော်တူက သူမကို စိုက်ကြည့်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
“ကောင်းပါပြီ”
လဲ့ကျစ်က နှုတ်ခမ်းကို ခပ်ဖွဖွ ဖိထားရင်း ထပ်ပြောလိုက်သည်။
“အဲဒီအတွက်ကြောင့် အရှင့်သားကို ထိခိုက်စေခဲ့ရင်တော့ ကျွန်မကို အပြစ်မတင်နဲ့နော်”
“စိတ်မပူပါနဲ့”
ဟော်တူက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောသည်။
“ဒါက ကိုယ့်ကို ဘာမှ မထိခိုက်စေနိုင်ပါဘူး”
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က စာကို စားပွဲပေါ်သို့ ပြန်တင်လိုက်ပြီး ဒေါသတကြီး ထရပ်ကာ လှည့်ထွက်ရန် ပြင်လိုက်သည်။ သို့သော် သူမ၏ လက်ကောက်ဝတ်လေးက တင်းတင်းကျပ်ကျပ် ဆွဲထားခြင်း ခံလိုက်ရသည်။ သူမ ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် ဆွဲဆောင်မှုအပြည့်ရှိသော မက်မွန်ပွင့်ပုံ မျက်ဝန်းများနှင့် ဆုံလိုက်ရသည်။
“ဘာလို့ ဒေါသတွေ ဒီလောက် ကြီးနေရတာလဲ”
ဟော်တူက သူမကို သူ့ဒူးနားသို့ ညင်ညင်သာသာ ဆွဲခေါ်လိုက်ပြီး သူမ မထွက်သွားနိုင်စေရန် ပွေ့ဖက်ထားလိုက်သည်။ လဲ့ကျစ်ကတော့ သူ့လုပ်ရပ်ကြောင့် ရင်တထိတ်ထိတ် ဖြစ်သွားရသည်။
‘သူ့ခြေထောက်က ပတ်တီးစည်းထားရတာလေ... သူ ရူးနေတာလား’
ဒဏ်ရာရနေသော သူ၏ ခြေထောက်ကို ထည့်သွင်းစဉ်းစားပြီး လဲ့ကျစ်က သူမ၏ ခန္ဓာကိုယ်အလေးချိန်ကို အခြားတစ်ဖက်သို့သာ ပိုပေးထားလိုက်သည်။ သူမ ကိုယ်ကို ထိန်းနိုင်ရန်အတွက်လည်း လက်နှစ်ဖက်ဖြင့် သူ၏ ပခုံးသားများကို ဖက်တွယ်ထားလိုက်သည်။
“မင်း အကုန်သိနေတာပါ... သိနေရင်တောင် မေးတော့မေးသင့်တယ် မဟုတ်လား”
အမှန်တကယ်တွင် လဲ့ကျစ်က ဟော်တူ သူမကို ကူညီပေးမည်ဟု ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သည်။ ယခုကဲ့သို့ အတည်ပြုချက်ကို ကြားလိုက်ရချိန်တွင် သူမ ပိုယုံကြည်မှုရှိလာပြီး တိုးတိုးလေး ဝန်ခံလိုက်သည်။
“အင်း...”
“လဲ့ကျစ်...”
ဟော်တူက သူမ၏ ခါးသွယ်သွယ်လေးကို လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွလေး ဆုပ်ကိုင်ထားရင်း မေးလိုက်သည်။
“မင်း... မရောင့်ရဲနိုင်တာက ကောင်းလား"
လဲ့ကျစ်က သူမ၏ မျက်နှာလေးကို မော့လိုက်ပြီး မျက်လွှာချကာ မချိုမချဉ် လေသံဖြင့် ပြန်ပြောလိုက်သည်။
“ဒါကို ဘယ်လိုလုပ် သည်းခံမှုမရှိဘူးလို့ ယူဆနိုင်မှာလဲ”
“အိုး... ဟုတ်လား”
ဟော်တူက သဘောတကျ ရယ်မောရင်း မေးလာပြန်သည်။
“ဒါဆိုရင် ကိုယ့်ကို ပြောပြပါဦး... မင်း ဘယ်လောက်အထိ တောင်းဆိုချင်သေးတာလဲ”
လဲ့ကျစ်က အမှန်တကယ် လေးလေးနက်နက် စဉ်းစားနေဟန်လေးဖြင့် မျက်တောင်လေးများ ခတ်ကာ ငြိမ်သက်သွားသည်။ ခဏအကြာတွင် စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။
ယနေ့တွင် သူမက ဖျားနာနေသည့် ဖြူဖျော့သောမျက်နှာကို ဖုံးကွယ်ရန်အတွက် ခါတိုင်းထက်ပိုပြီး နှုတ်ခမ်းနီအချို့ကို သုံးစွဲထားသည်။ လက်ဖက်ရည်ခွက်၏ နှုတ်ခမ်းသားပေါ်တွင် ကျန်ရစ်ခဲ့သော ချယ်ရီရောင်နှုတ်ခမ်းရာလေးက ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေသည်။
လဲ့ကျစ်က မျက်လုံးလေးများကို အနည်းငယ် ကစားလိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို ဟော်တူ၏ နှုတ်ခမ်းဆီသို့ တမင်တကာ ကပ်ပေးလိုက်သည်။
ဟော်တူက သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်းရိပ်မိလိုက်ကာ နှုတ်ခမ်းထောင့်များကို ပင့်လိုက်ပြီး ခွက်နှုတ်ခမ်းသားကို ထိကာ ကျန်ရှိနေသော လက်ဖက်ရည်ပူပူကို သောက်လိုက်သည်။ ခွက်ပေါ်မှ နှုတ်ခမ်းနီရာလေး ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး လဲ့ကျစ်၏ ပါးပြင်များလည်း ရှက်စိတ်ကြောင့် ပူလောင်လာရသည်။
သူမက လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်ပြီး ဟော်တူကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ဒီလက်ဖက်ရည်က... ချိုရဲ့လား”
ဟော်တူက သူမ၏ စိုစွတ်နေသော နှုတ်ခမ်းဖူးလေးများကို အကြည့်မခွာနိုင်ပုံဖြင့် စိုက်ကြည့်ရင်း စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလိုက်သည်။
“မင်းပါးစပ်က ပိုချိုတယ်...”
လဲ့ကျစ်က အံ့အားသင့်သွားပြီး အချက်တစ်ချက်ကို ကောင်းကောင်းနားလည်လိုက်သည်။ ဟော်တူကို စကားလုံးဖြင့် အနိုင်ယူရန် ကြိုးစားခြင်းက ကောင်းကင်ဘုံသို့ တက်ရသည်ထက်ပင် ခက်ခဲလွန်းနေခြင်းပင်။
ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် လဲ့ကျစ်က အမှုမဲ့အမှတ်မဲ့ ပြုံးလိုက်ကာ သူ၏ နားရွက်နားသို့ ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ရှန်းချင်းယန်နဲ့ တွေ့ဆုံဖို့အတွက် လုံခြုံတဲ့ နေရာတစ်ခုလောက် ရှာချင်တယ်... အစ်ကိုတော် ကူညီပေးနိုင်မလား”
ထိုသို့ပြောပြီးနောက် ပြုံးနေသော မျက်လုံးလေးများဖြင့် သူ့ကို ကြည့်ရန် နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။
‘ဒါကိုမှ မရောင်ရဲတက်တာလို့ခေါ်တယ်ရှင့်....’
တောက်ပသော နေရောင်ခြည်က လဲ့ကျစ်၏ မျက်နှာပေါ်သို့ ဖြာကျနေသဖြင့် သူမ၏ မျက်လုံးထောင့်စွန်းလေးများ နီရဲတောက်ပနေသည်။ သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများကလည်း ပါးနပ်သော အပြုံးတစ်ခုနှင့်အတူ ကွေးညွတ်နေကာ အလွန် ချစ်စရာကောင်းနေလေသည်။
ဟော်တူက သူ့လက်ကို သူမ၏ခါးမှတစ်ဆင့် ကျောပြင်ပေါ်ရှိ လိပ်ပြာရိုးနေရာသို့ ရွှေ့လိုက်သည်။ သူက သူမကို အားအနည်းငယ် သုံး၍ ဖိကပ်လိုက်ပြီး ကျေနပ်စွာ ပြန်တုံ့ပြန်လိုက်သည်။
‘သူမက အသံချိုချိုလေးနဲ့ “အစ်ကိုတော်” လို့ ခေါ်ခဲ့တယ် မဟုတ်ဘူးလား၊ သူမကို ကူညီဖို့ မပြောနဲ့ ကောင်းကင်က ကြယ်တွေကို ယူခိုင်းရင်တောင် သူက ငြင်းနိုင်မှာ မဟုတ်တော့ဘူးလေ။’
နွေးထွေးသော နေရောင်အောက်တွင် အပြန်အလှန် ပွေ့ဖက်ထားသည့် ပုံရိပ်နှစ်ခု ရှည်လျားစွာ ထင်ဟပ်နေပြီး သူတို့နှစ်ဦး၏ မျက်နှာပေါ်တွင်လည်း ကြည်နူးနေသည့် အပြုံးများက အမှတ်အသားတစ်ခုအဖြစ် စွဲထင်နေသည်။
......။.........။........
ရှန်းချင်းယန် နိုးလာချိန်တွင် ကုတင်ဘေးရှိ စားပွဲငယ်လေးပေါ်မှ မှတ်စုစာတိုလေးကို သတိပြုမိသွားသည်။ သူမက သံသယစိတ်ဖြင့် ထိုစာကို လှမ်းယူဖတ်ကြည့်လိုက်သည်။ စာပါအကြောင်းအရာများကို မြင်လိုက်ရသည့်ခဏတွင် သူမ၏မျက်နှာထက်၌ အံ့ဩတုန်လှုပ်မှုများ သိသိသာသာ ပေါ်လွင်လာသည်။
နေဝင်ရီတရောအချိန် ကျော်လွန်ပြီး လရောင်ထွက်ပေါ်လာကတည်းက အိမ်တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အစေခံမလေး လုယင်ပင် အိပ်ပျော်နေပြီ ဖြစ်သည်။ ရှန်းချင်းယန်က စာထဲမှ ညွှန်ကြားချက်များအတိုင်း အိပ်ခန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့ပြီး အခန်းတံခါးကို အသံမထွက်အောင် ဂရုတစိုက် ပြန်ပိတ်လိုက်သည်။
သူမက နောက်ဖေးခြံဆီသို့ အမြန်လျှောက်လှမ်းလာခဲ့ပြီး မကြာမီမှာပင် စာထဲ၌ ဖော်ပြထားသော ရေတွင်းပျက်ရှိရာထောင့်သို့ ရောက်ရှိလာခဲ့သည်။ သူမက ရေတွင်း၏ ဘယ်ဘက်ခြမ်းသို့ လှည့်ပတ်ကြည့်ရှုပြီးနောက် ငုံ့ချလိုက်ကာ အပေါ်ယံတွင် ဖုံးကွယ်ထားသော ယန္တရားခလုတ်ကို အားကုန်သုံး၍ ဖိချလိုက်သည်။
ချက်ချင်းဆိုသလိုပင် ခြောက်သွေ့နေသော ရေတွင်းအောက်ခြေမှ အနည်အနှစ်များက အောက်သို့ နိမ့်ဆင်းသွားပြီး မည်းမှောင်နက်ရှိုင်းလှသော လမ်းကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ရှန်းချင်းယန်တစ်ယောက် အလွန်အံ့အားသင့်သွားသော်လည်း အသက်ကို ခပ်ပြင်းပြင်းရှူကာ စိတ်ကို တင်းထားပြီးနောက် ထိုလမ်းကြောင်းထဲသို့ ဝင်လာခဲ့သည်။
မှောင်မည်းနေသော လမ်းကြားထဲတွင် အလင်းရောင်ဖျော့ဖျော့လေးသာ ရှိသော်လည်း ခဏမျှ လျှောက်လှမ်းပြီးနောက်တွင် လင်းထိန်နေသော မြေအောက်ခန်းတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ လဲ့ကျစ်က ထိုအခန်းထဲတွင် သူမကို ကြိုတင်စောင့်ဆိုင်းနေသည်။
သူမ၏ ရင်ထဲ၌ မည်မျှပင် အံ့ဩနေပါစေ ရှန်းချင်းယန်က သူမ၏ မူလဣန္ဒြေကို ပြန်လည်ထိန်းသိမ်းလိုက်ပြီး လဲ့ကျစ်ကို တရိုတသေ ဂါရဝပြုလိုက်သည်။
“ယဉ်ကျေးနေဖို့ မလိုပါဘူး... ထိုင်ပါဦး”
အမှန်စင်စစ် လဲ့ကျစ်ကိုယ်တိုင်လည်း ဤလျှို့ဝှက်လမ်းအကြောင်း စတင်သိရှိခဲ့စဉ်က ရှန်းချင်းယန်ထက်ပင် ပိုမိုအံ့အားသင့်ခဲ့ရသည်။ ဟော်တူတစ်ယောက် ဟော်ရှ၏ အိမ်တော်အထိ ပေါက်ရောက်သော လျှို့ဝှက်မြေအောက်လမ်းကို တူးဖော်ထားလိမ့်မည်ဟု သူမ အိပ်မက်ပင် မက်ဖူးခဲ့ပေ။
‘ဒီကြီးကျယ်ခမ်းနားတဲ့ တာ့ချီတိုင်းပြည်အတွင်းမှာ ဟော်တူ မသွားနိုင်တဲ့ နေရာမျိုး တကယ်ပဲ ရှိပါတော့မလား’
“ကျေးဇူးတင်ပါတယ်... ထိုက်ဇီဖေး”
ရှန်းချင်းယန်က လဲ့ကျစ်၏ စကားအတိုင်း ထိုင်လိုက်ပြီးနောက် စကားကို လှည့်ပတ်မနေတော့ဘဲ တိုက်ရိုက် ပြောလာခဲ့သည်။
“ထိုက်ဇီဖေးက ကျွန်မရဲ့စာကို ဖတ်ပြီး ဒီလိုလာတွေ့ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတော့...”
“ကျွန်မ ရှင့်ကို ကူညီနိုင်ပါတယ်”
သူမတို့နှစ်ဦးက ရင်းနှီးသော သူငယ်ချင်းများ မဟုတ်ကြသည့်အတွက် ဟန်ဆောင်ပန်ဆောင်ဖြင့် ကြည်နူးဖွယ်စကားများ ပြောနေရန် အချိန်မလိုပေ။ လဲ့ကျစ်က သူမ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်သည်။ ရှန်းချင်းယန်ကတော့ လဲ့ကျစ် ဤမျှအထိ ဒဲ့တိုးဆန်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အနည်းငယ် ကြောင်အနေလေသည်။
“ကျေးဇူးတင်ပါတယ်...”
ရှန်းချင်းယန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီးနောက် ပြန်မေးလိုက်သည်။
“ဒါဆိုရင် ကျွန်မကရော ထိုက်ဇီဖေးကို ဘယ်လိုပြန်ပြီး ကူညီပေးရမလဲ၊ ထိုက်ဇီဖေး တာ့ချီကနေ ဘေးကင်းကင်း ထွက်သွားနိုင်အောင် ကျွန်မအဖေကို ပြောပြီး ကူညီခိုင်းရမလား”
ထိုစကားကို ကြားလိုက်ချိန်တွင် လဲ့ကျစ်က ခေါင်းခါပြီး ငြင်းဆိုလိုက်သည်။
“ဟင့်အင်း... ကျွန်မ တာ့ချီကနေ ထွက်သွားမှာ မဟုတ်ဘူး”
“ဒါဆိုရင်...”
ထိုစကားက ရှန်းချင်းယန် ပို၍ပင် အံ့ဩသွားစေသည်။
“ရှင် ကျွန်မကို တကယ် ကူညီချင်တယ်ဆိုရင် ဘာလို့ တခြားဟာကို မလုပ်ပေးနိုင်ရမှာလဲ”
လဲ့ကျစ်က ပြုံးရင်း ဆက်ပြောလိုက်သည်။
"ရှင်က ရှင့်ရဲ့အဖေ ဝန်ကြီးချုပ်ရှန်းကို ထိုက်ဇီ ထီးနန်း အောင်အောင်မြင်မြင် အမွေဆက်ခံနိုင်ဖို့ စည်းရုံးပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်တယ်"
ထိုစကားကို ကြားရသော်လည်း ရှန်းချင်းယန်က သိပ်ပြီး အံ့ဩသွားပုံမရပေ။ အမှန်စင်စစ် သူမက ဤလျှို့ဝှက်လမ်းကြောင်းထဲသို့ လျှောက်လာကတည်းက အရာရာကို အတော်အသင့် တွေးတောခဲ့ပြီး ဖြစ်သည်။ လဲ့ကျစ် တာ့ချီသို့ ရောက်ရှိလာသည်မှာ မကြာသေးသောကြောင့် ဤမျှရှည်လျားပြီး ခိုင်ခံ့သော မြေအောက်လမ်းကို သူမဘာသာဖန်တီးနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ ၎င်းအပြင် ဟော်ရှ၏ အိမ်တော်ထဲသို့ လူ လုံးဝ မသိစေဘဲ စာတစ်စောင် ရောက်လာအောင် လုပ်နိုင်သည်ကလည်း သာမန်စွမ်းရည်မဟုတ်ပေ။
သေချာသည်က လဲ့ကျစ် ဟော်တူ၏ဘက်တွင် ရပ်တည်နေသည်မှာ ကြာနေပြီ ဖြစ်သည်။ ရယ်စရာအကောင်းဆုံးက ဟော်ရှ ဖြစ်ပြီး သူ၏ ငယ်ကျွမ်းဆွေက သူ့ဘေး၌ အမြဲရှိနေမည်ဟု သူ ရူးရူးမိုက်မိုက် တွေးတောနေခဲ့ခြင်းပင်။
“အဲဒီကိစ္စကိုတော့ ကျွန်မ ကတိမပေးနိုင်ဘူး၊ အဖေက ဖြောင့်မတ်တဲ့ အရာရှိတစ်ယောက်ပဲ ဖြစ်ချင်တာပါ၊ သူ အစပိုင်းမှာ ဟော်ရှကို ရွေးချယ်ခဲ့တာကလည်း ဟော်ရှရဲ့ နူးညံ့သိမ်မွေ့တဲ့ အသွင်အပြင်ကြောင့် မျက်စိမှားသွားခဲ့လို့ပဲ၊ သူက ကိုယ်ကျိုးစီးပွားအတွက်နဲ့ လူကို ရွေးချယ်မယ့်သူ မဟုတ်ဘူး”
ရှန်းချင်းယန်က လေးနက်သော အမူအရာဖြင့် ဆက်ပြောနေသည်။
“ကျွန်မ သွယ်ဝိုက်ပြော မနေတော့ဘူး၊ အရှင့်သားထိုက်ဇီက အပြင်မှာ နာမည်ဆိုး ရှိတယ်"
လဲ့ကျစ် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ရှန်းချင်းယန်ကသာ လွယ်လွယ်ကူကူ သဘောတူလိုက်မည်ဆိုလျှင် သူမ သံသယဖြစ်မိပေလိမ့်မည်။ ယခုကဲ့သို့ တုံ့ပြန်မှုမျိုးကသာ ပုံမှန် ဖြစ်သည်။
“ထိုက်ဇီကို မကူညီချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်၊ ဒါပေမယ့် ဝန်ကြီးချုပ်အနေနဲ့ ညီလာခံမှာ ဟော်ရှကို ပိုပြီး ဖိနှိပ်ပေးဖို့တော့ လိုအပ်လိမ့်မယ်၊ အဲဒါကတော့ ရှင့်အတွက် သိပ်ပြီး မခက်ခဲဘူး မဟုတ်လား”
ရှန်းချင်းယန်က ခေါင်းညိတ်လိုက်သည်။ ဟော်ရှက ကြင်နာတတ်သူ မဟုတ်ကြောင်း ယခု သူမ ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်သည်။ သူမ၏အဖေက ထိုက်ဇီကို မကူညီလျှင်ပင် ဟော်ရှကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသော လူမျိုး နန်းတက်နိုင်ရန်တော့ မည်သည့်နည်းနှင့်မျှ ကူညီမည် မဟုတ်ပေ။
“ဒီလောကမှာ အပေါ်ယံ ပုံသဏ္ဍာန်တွေကြောင့် လှည့်စားခံရနိုင်ပေမယ့် ဆွေမျိုးသားချင်းတွေကတော့ အတူရှိနေနိုင်ပါတယ်၊ ဟန်ဆောင်ထားတဲ့ နူးညံ့မှုတွေကို ကျွန်မတို့ မြင်နိုင်ပေမယ့် တချို့လူတွေကတော့ သူတို့ရဲ့ ညံ့ဖျင်းတဲ့ ပုံသေအတွေးတွေကြောင့် အထင်လွဲနေနိုင်တယ်။ ကျွန်မမှာ အဲ့အတွက် ပြန်ငြင်းခုံဖို့ ဆန္ဒမရှိပါဘူး”
လဲ့ကျစ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ အရာရာကို ကြုံတွေ့ခဲ့ပြီးနောက် လူတစ်ယောက်ကို သိရှိရန်အတွက် မျက်စိကိုသာ အားမကိုးဘဲ နှလုံးသားဖြင့်ပါ ခံစားကြည့်ရမည်ဟု သူမ အမှန်တကယ် နားလည်ခဲ့ပြီး ဖြစ်သည်။
ရှန်းချင်းယန်က တစ်ချက်ရှုံ့မဲ့ပြီးမှ ပြုံးလိုက်သည်။
‘လူတစ်ယောက်ကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့မိတဲ့ သူမဘာသာလည်း ရှက်နေမိတယ်လေ’
“ဒီနေ့တော့ နောက်ကျနေပြီ၊ အရင်ပြန်ပြီး အနားယူလိုက်ပါ၊ နောက်ဆိုရင်တော့ ကျွန်မ ပြောခဲ့သလိုပဲ သတင်းပေးပို့လိုက်မယ်၊ ရှင် ကျွန်မကို ရှာချင်တယ်ဆိုရင်တော့ ဒီအိမ်တော်ရဲ့ ထမင်းစားခန်းမှာ အလုပ်လုပ်နေတဲ့ သရွှင်ကို သတင်းပို့ခိုင်းလိုက်ရင် ရပြီ၊ စိတ်မပူပါနဲ့... ရှင့်ကို ဒီငရဲတွင်းကနေ အမြန်ဆုံး လွတ်မြောက်အောင် ကျွန်မ ကူညီပေးပါ့မယ်”
“ကောင်းပါပြီ...”
ရှန်းချင်းယန်၏ မျက်ဝန်းများက မျက်ရည်စများဖြင့် အနည်းငယ် နီမြန်းနေသည်။ သူမက မတ်တပ်ထရပ်ကာ ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ရှန်းချင်းယန်တစ်ယောက် ကျေးဇူးတင်စကား ဆိုရုံမှအပ အခြားဘာမျှ မတတ်နိုင်တော့ပေ။ လဲ့ကျစ်က မတ်တပ်ထရပ်ကာ သူမ၏ လက်ကလေးကို တင်းတင်းဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးလိုက်သည်။
“မကြာခင် အကုန်လုံး အဆင်ပြေသွားမှာပါ”
‘ဟုတ်တယ်၊ မကြာခင် ပိုကောင်းလာလိမ့်မယ်’
မရေမတွက်နိုင်သော ညများတွင် နာကျင်ကိုက်ခဲမှုများကို အန်တုရင်း လဲ့ကျစ်က မိမိကိုယ်ကို ထိုစကားဖြင့်သာ ထပ်ခါတလဲလဲ နှစ်သိမ့်ခဲ့ဖူးသည်။ ယခုတွင်တော့ ထိုစကားကို ရှန်းချင်းယန်ထံသို့ လက်ဆင့်ကမ်းလိုက်ပြီး ရှန်းချင်းယန်လည်း သူမကဲ့သို့ ကြံ့ကြံ့ခံရှင်သန်နိုင်လိမ့်စေရန် လဲ့ကျစ် မျှော်လင့်နေမိသည်။
ရှန်းချင်းယန်က ကျေးဇူးတင်ဟန်ဖြင့် ခေါင်းညိတ်ပြကာ လှည့်ထွက်သွားသည်။ သို့သော် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ခြေလှမ်းများကို ရပ်တန့်ကာ ပြန်လှည့်ကြည့်လာသည်။
“ကျွန်မ ထိုက်ဇီဖေးကို ယုံကြည်ပါတယ်၊ တကယ်တော့ အရှင့်သားထိုက်ဇီက ဘယ်လိုလူမျိုးလဲဆိုတာ ကျွန်မအဖေကို ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးမှာပါ”
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူမက စိုးရိမ်တကြီးဖြင့် ဆက်မေးနေသေးသည်။
“ကျွန်မ စကားများလွန်းတယ်လို့ မထင်ပါနဲ့ဦး၊ တစ်ခုလောက် မေးပါရစေ၊ ထိုက်ဇီဖေးက အရှင့်သားထိုက်ဇီကို ကြင်နာတတ်ပြီး ဧကရာဇ်တစ်ပါးအနေနဲ့ ထိုက်တန်တယ်လို့ ယူဆလို့ အခုလို ကူညီနေတာလား၊ ဒါမှမဟုတ် သူ့ကို တကယ်ပဲ သဘောကျနေလို့လား”
ယွိရှန့်က ထိုက်ဇီ၏ ငြင်းပယ်ခြင်းကို ခံရပြီးကတည်းက မည်သူ့ကိုမျှ မတွေ့တော့ဘဲ အခန်းထဲတွင်သာ အောင်းနေခဲ့သည်။ ရှန်းချင်းယန်က လဲ့ကျစ်ကိုလည်း သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သည့် ယွိရှန့်ကဲ့သို့ အမှားမျိုး မကြုံစေချင်သဖြင့် မေးလိုက်ခြင်း ဖြစ်သည်။ ယနေ့ သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ကြည့်ရသည်မှာ ရိုးရှင်းသည့် အိမ်ထောင်ရေးတစ်ခုထက် ပိုနေသည်ကို သူမ ရိပ်မိလိုက်သည်။
“ငါ... ငါက...”
ရုတ်တရက် ကျရောက်လာသော မေးခွန်းကြောင့် လဲ့ကျစ် ဆွံ့အသွားရသည်။ သူမက တစ်နေရာတည်းမှာပင် ကြောင်စီစီဖြင့် ရပ်နေမိပြီး မည်သို့ပြန်ဖြေရမည်ကို မသိတော့ပေ။
“ကျွန်မ အဖြေကို သိပါပြီ”
ရှန်းချင်းယန်က နားလည်သွားသည့်ဟန်ဖြင့် ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။
လဲ့ကျစ်ကတော့ စိတ်မသက်မသာဖြင့် ခုံပေါ်သို့ ပြန်ထိုင်ချလိုက်မိသည်။
‘အလုပ်အကြောင်းတွေ သေသေချာချာ ပြောနေရင်းနဲ့ ဘာလို့ ဒီလိုမေးခွန်းမျိုး လာမေးရတာလဲ... ပြီးတော့ သူမက ဘာကို သိသွားတာလဲ’
“ဒါဆို... မင်း တကယ်ပဲ သူ့ကို ကြိုက်နေတာလား”
ရင်းနှီးနေသော အသံက နားထဲသို့ တိုးဝင်လာသောကြောင့် လဲ့ကျစ် အံ့ဩတကြီး မော့ကြည့်လိုက်မိသည်။ ဘီးတပ်ထိုင်ခုံလေးဖြင့် အမှောင်ရိပ်ထဲမှ ထွက်ပေါ်လာသော ဟော်တူက သူမကို စူးရှတောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
........။.......။........
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : “ငါ့မိန်းမရဲ့ နှုတ်ခမ်းနီက အရမ်းအရသာရှိတယ်”
ကျစ်ကျစ် : “အဲ့တာ အဆိပ်ဆိုရင်ရော... ရှင့်ပါးစပ်ကို ပိတ်နိုင်မှာလား”
အခန်း ၆၈ အဆင်မပြေဘူး
လဲ့ကျစ်က သူမ၏ နှုတ်ခမ်းလွှာကို ခပ်ဖွဖွ ကိုက်ထားမိရင်း ရင်ထဲတွင် တင်းကျပ်လှသော ခံစားချက်ကြီးကြောင့် မသက်မသာ ဖြစ်နေရသည်။
“...ရှင်... ရှင် ခိုးနားထောင်နေတာပဲ”
သူမ မျက်မှောင်ကြုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။ ရှန်းချင်းယန်နှင့် တွေ့ရန် လာစဉ်က သူမနှင့်အတူ လိုက်ခဲ့ပါလားဟု သူ့ကို မေးခဲ့သေးသည်။ သို့သော် သူကိုယ်တိုင် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ယခုကဲ့သို့ နောက်မှ တိတ်တဆိတ် လိုက်လာလိမ့်မည်ဟုတာ့ သူမ မမျော်လင်ထားခဲ့ပေ။
ဟော်တူက သူမ၏ စွပ်စွဲချက်ကို ဂရုမစိုက်သည့်အပြင် ပေါ့ပေါ့ပါးပါး ပြန်မေးနေသေးသည်။
“ဒါဆို... မင်းရဲ့ အဖြေက ဘာလဲ”
“သူ ထင်သလိုပဲပေါ့”
လဲ့ကျစ်က ရုတ်တရက် မတ်တပ်ထရပ်ကာ ခြေထောက်ကို ဒေါသတကြီး ဆောင့်နင်းလိုက်ပြီးနောက် အော်ဟစ်ပြန်ပြောလိုက်သည်။
“သူ့ကို အရမ်းကြိုက်တယ်လို့”
စကားဆုံးသည်နှင့် သူမက သူရှေ့သို့ အမြန်လျှောက်လာခဲ့သည်။ လျှို့ဝှက်လမ်းအတွင်းရှိ အလင်းရောင်က မှိန်ဖျော့နေသော်လည်း ဟော်တူက သူမ၏ ပါးပြင်နီနီလေးများနှင့် တင်းတင်းစေ့ထားသော နှုတ်ခမ်းလေးများကို မြင်နေရဆဲပင်။
သူမ၏ မျက်ဝန်းများက ‘ရှင် ကျေနပ်ပြီလား...’ ဟု မေးနေသယောင်ရှိနေလေသည်။
‘ကျေနပ်ပြီလား...’
‘အဲ့လို မေးလာရင်တော့ သူ ဘယ်လို ကျေနပ်နိုင်ပါဦးမှာလဲ’
‘အဲ့ညက သူမက သူ့ရင်ခွင်ထဲမှာ မှီတွယ်နေရင်း ဆန့်ကျင်ဘက်စကားတွေ ပြောခဲ့ဖူးတယ်။ အဲ့စကားလုံးတိုင်းကို သူ ရှင်းရှင်းလင်းလင်း ကြားနေခဲ့ရပေမယ့် လူဆိုတာက လောဘကြီးတတ်တယ် မဟုတ်ဘူးလား။ အဲ့လို အထေ့အငေါ့ စကားမျိုးတွေကို ကြားရရုံနဲ့ သူ မကျေနပ်နိုင်တော့ဘူးလေ’
မှိန်ဖျော့သော အလင်းအောက်တွင် ဒေါသတကြီး ပြောဆိုနေသော လဲ့ကျစ်၏ အသံလေးကပင် ဟော်တူ၏ နားထဲ၌ သာယာနေသေးသည်။ သူက သူမအပေါ် အလွန်စိတ်ရှည်သူ ဖြစ်သည်။ တစ်နေ့တွင် တောက်ပသော မီးရောင်အောက်၌ သူမကိုယ်တိုင် ပြုံးပြုံးရွှင်ရွှင်နှင့် ဤစကားကို ပြောလာလိမ့်မည်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။
“ကောင်းပါပြီ”
ဟော်တူ၏ အပြုံးက ပို၍ နက်ရှိုင်းလာသော်လည်း လေသံကို တည်ငြိမ်အောင် ထိန်းထားရင်း လှမ်းပြောလိုက်သည်။
“ပြန်ကြမယ်”
လဲ့ကျစ်က စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ သူ၏ နောက်သို့ တိတ်တဆိတ် လျှောက်သွားကာ အဖြူရောင် ကျောက်စိမ်းဘီးတပ်ထိုင်ခုံပေါ်သို့ လက်တင်ပြီး အသာအယာ ပြန်တွန်းပေးလိုက်သည်။
လျှို့ဝှက်လမ်းက ရှည်လျားပြီး တိတ်ဆိတ်နေသဖြင့် ဘီးသံများနှင့် သူတို့နှစ်ဦး၏ အသက်ရှူသံများကိုသာ ကြားနေရသည်။ လဲ့ကျစ်၏ စိတ်က ဖရိုဖရဲ ဖြစ်နေပြီး ဤလမ်းက မည်ချိန်တွင်မှ အဆုံးမရှိတော့သလို ခံစားနေရသည်။
ရုတ်တရက် သူမ၏ လက်ခုံပေါ်သို့ နွေးထွေးသော အထိအတွေ့တစ်ခု ရောက်ရှိလာသည်။ သူမ ငုံ့ကြည့်လိုက်ချိန်တွင် ဟော်တူက သူ၏ လက်ဖဝါးဖြင့် သူမ၏လက်လေးအား အုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူ၏ လက်ချောင်းရှည်များက သူမ၏ လက်ချောင်းလေးများကြားသို့ ဖြည်းဖြည်းချင်း တိုးဝင်ကာ ရောယှက်ကိုင်ထားလိုက်သည်။
သူ့လက်ဖဝါးက ယခင်ကကဲ့သို့ အေးစက်မနေတော့ပေ။ နေ့တိုင်း သူမ ပေးထားသော ခရမ်းရောင်ကျောက်တုံးကို ကိုင်ထားသောကြောင့် ဖြစ်ပေလိမ့်မည်။ သူမ ပေးခဲ့သော နွေးထွေးမှုများက ယခု သူ့လက်ဖဝါးမှတစ်ဆင့် သူမထံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
.....။......။.....
လျှို့ဝှက်လမ်းမှ ပြန်ထွက်လာသည့်အချိန်တွင် ညဉ့်နက်နေပြီ ဖြစ်သည်။ လဲ့ကျစ်က အိပ်ငိုက်နေသဖြင့် မသိစိတ်မှ သမ်းဝေနေမိသည်။ သို့သော် အိပ်ခန်းထဲသို့ ရောက်ခါနီးတွင် အဝေးမှ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသဖြင့် သူမ၏ အိပ်ချင်စိတ်များက သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားရသည်။
“အစ်မ...”
သူမက မသေချာမရေရာသော လေသံဖြင့် ခပ်တိုးတိုး ခေါ်လိုက်မိသည်။ လဲ့ကျင်းက အဖြူရောင်စကတ်ရှည်နှင့် အပြာနုရောင် အပေါ်ဝတ်ရုံကို ဆင်မြန်းထားပြီး သူမ၏ မျက်နှာထက်တွင် ကြည်လင်သော မျက်ဝန်းများနှင့်အတူ ပေါ့ပါးသော အပြုံးတစ်ခု ရှိနေသည်။ လဲ့ကျစ်၏ ခေါ်သံကို ကြားလိုက်ရချိန်တွင် သူမက ခေါင်းညိတ်ပြရင်း အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
“ကျစ်ကျစ် ပြန်ရောက်ပြီလား”
သူမ၏ အသံက ဝေဝါးခြင်းမရှိဘဲ ရှင်းလင်းပြတ်သားနေသည်။ ထိုအခါမှသာ အစ်မဖြစ်သူ၏ ဝေဒနာများ လုံးဝပျောက်ကင်းသွားပြီဖြစ်ကြောင်း လဲ့ကျစ် အမှန်တကယ် ယုံကြည်သွားရသည်။ သူမ၏ ရင်ထဲတွင် တင်းကျပ်သွားရပြီး ဟော်တူ၏ လက်ဖဝါးထဲ၌ ဆုပ်ကိုင်ထားသော သူမ၏လက်ကို မသိစိတ်မှ ရုန်းထွက်လိုက်မိသည်။ သူမ၏ လှုပ်ရှားမှုများတွင် စိုးရိမ်စိတ်နှင့် ရှက်စိတ်များ ရောယှက်ရှုပ်ထွေးနေလေသည်။
သူမ၏ လက်ကလေး လွတ်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဟော်တူ၏ မျက်နှာလည်း မှိုင်းညို့သွားပြီး မကျေမနပ် ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက စကားတစ်ခွန်းမှ မပြောဘဲ ဘီးတပ်ထိုင်ခုံကို စာဖတ်ခန်းရှိရာဘက်သို့ ဦးတည်ကာ လှည့်ထွက်သွားခဲ့သည်။
လဲ့ကျစ်၏ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားပြန်သည်။ အဝေးသို့ ရောက်သွားသော သူ၏ကျောပြင်ကို ကြည့်ရင်း သူမ ရင်ဆိုင်ရဲခြင်း မရှိသလို နှာခေါင်းထဲတွင်လည်း တစ်ချက်တစ်ချက် စစ်ခနဲ နာလာသလို ခံစားလိုက်ရသည်။ သို့သော် သူမက ထိုခံစားချက်အားလုံးကို မျိုသိပ်လိုက်ပြီး လဲ့ကျင်းရှိရာသို့ အပြေးသွားလိုက်သည်။ သူမက လဲ့ကျင်း၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။
“အစ်မ... အခန်းထဲမှာ စကားပြောမယ်လေ နော်”
လဲ့ကျင်းက ညီမငယ်၏ ခေါင်းလေးကို အသာအယာ ပုတ်ပေးလိုက်ပြီး သူမနှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့သည်။ အိပ်ခန်းအတွင်းရှိ အပူပေးမီးဖိုက ပူနွေးနေပြီး လေထဲတွင် ဆေးနံ့ပြင်းပြင်း လွင့်ပျံ့နေဆဲပင်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ အပြင်းဖျားနေစဉ် ဆေးရည်များစွာ သောက်ခဲ့ရသဖြင့် အခန်းအတွင်း လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ထားသော်လည်း ဆေးနံ့ကတော့ တဖြည်းဖြည်းမှသာ ပျောက်ကွယ်သွားပေလိမ့်မည်။
“နေမကောင်းဘူးလား၊ ကျစ်ကျစ်”
လဲ့ကျင်းက လေထဲမှ ဆေးနံ့ကို ရှူရှိုက်မိပြီး လဲ့ကျစ်၏ ပင်ပန်းနွမ်းနယ်နေသော ပုံစံကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
“ဒါက သာမန်အအေးမိတာပါ အစ်မရဲ့၊ အခုတော့ အများကြီး သက်သာသွားပါပြီ”
လဲ့ကျစ်က လဲ့ကျင်းကို ထိုင်ခိုင်းလိုက်ပြီး စိတ်မပူစေရန် ပေါ့ပေါ့တန်တန်လေး လိမ်ညာလိုက်သည်။
“အစ်မ... အခု အားလုံးကို ပြန်မှတ်မိပြီလားဟင်”
လဲ့ကျစ်၏ စိုးရိမ်ပူပန်နေသော မျက်နှာလေးကို ကြည့်ပြီး လဲ့ကျင်းမှာ မရယ်နိုင်၊ မပြုံးနိုင် ဖြစ်သွားရသည်။ သူမက စိတ်ဓာတ်မခိုင်မာခဲ့သဖြင့် ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် ပိတ်မိနေခဲ့ပြီး သူမ ချစ်ရသူများကို ပူပင်စေခဲ့မိပြီ ဖြစ်သည်။
ဤအတောအတွင်း ညီမငယ်လေး၏ ဘဝမှာ မည်မျှအထိ ခက်ခဲကြမ်းတမ်းခဲ့မည်ကို သူမ တွေးပင်တွေးမကြည့်ရဲတော့ပေ။ ငယ်စဉ်ကတည်းက တာ့လီတွင် အလိုလိုက် ဂရုစိုက်ခံခဲ့ရသည့် ပျော်ပျော်ရွှင်ရွှင် နေတတ်သော မင်းသမီးလေးက ယခု ရန်သူ့တိုင်းပြည်အတွင်း ရှင်သန်နိုင်ရန် တစ်ယောက်တည်း ရုန်းကန်နေခဲ့ရသည်။ ထို့အပြင် သူမ ချစ်ရသူများကို ကာကွယ်ရန်လည်း အစွမ်းကုန် ကြိုးစားနေခဲ့ရသည်။
လဲ့ကျင်းက သူမ၏လက်နှစ်ဖက်ဖြင့် ညီမငယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ဝမ်းနည်းနေသော လေသံဖြင့် တိုးတိုးလေး ညည်းညူလိုက်သည်။
“ငါက ကျစ်ကျစ်ကို စိတ်ပူအောင် လုပ်ခဲ့မိပြီ၊ တောင်းပန်ပါတယ်နော်”
လဲ့ကျစ်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်ပြီး နီရဲနေသော မျက်လုံးများဖြင့် အစ်မဖြစ်သူကို တင်းတင်းကြပ်ကြပ် ပြန်ဖက်ထားမိသည်။ သူမ၏ မျက်ဝန်းမှ မျက်ရည်များက တားမရအောင် စီးကျလာပြီး နောက်ဆုံးတွင် သူမ စိတ်လွတ်ကိုယ်လွတ် ငိုချလိုက်မိသည်။
သူမတို့ ညီအစ်မနှစ်ဦး အတော်ကြာ ငိုယိုပြီးနောက်မှ စကားစမြည် ပြောဖြစ်ကြသည်။ သို့သော် နောက်ဆုံးတွင် စကားဝိုင်းက လူတစ်ယောက်အကြောင်းဆီသို့ မလွဲမသွေ ရောက်ရှိလာခဲ့သည်။
“ကျစ်ကျစ်... တာ့ချီရဲ့ အဲဒီထိုက်ဇီကလေ”
“အစ်မ”
လဲ့ကျစ်၏ အသံလေးက တုန်ယင်သွားပြီး မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖျော့သွားသည်။ သူမ ကလဲ့စားချေရန်အတွက် ဟော်တူကို အားကိုးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ကြောင်း အစ်မဖြစ်သူကို သူမ ပြောပြချင်ခဲ့သည်။ ယနေ့တိုင်အောင်လည်း ကလဲ့စားချေလိုသည့် သူမ၏ ဆန္ဒက အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။
သို့သော် ဟော်တူနှင့် သက်ဆိုင်သည့် ကိစ္စများတွင်တော့...
လဲ့ကျစ်က အစ်မဖြစ်သူအပေါ် အခွင့်ကောင်းယူပြီး မလိမ်ညာချင်တော့ပေ။ သူမကိုယ်သူမ ပြန်လှည့်စားနိုင်သည်။ အခြားမည်သူ့ကိုမဆို သူမ ဝေဝါးအောင် လိမ်လည်နိုင်သည်။ သို့သော် သူမ အသက်ထက်ချစ်ရသော သူများကိုတော့ သူမ မညာရက်ပေ။
သူမက ချစ်ရသူများစွာကို ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်သောကြောင့် ကျန်ရှိနေသော တစ်ဦးတည်းသော အစ်မအား ထပ်မံလှည့်စားရန် သူမ၏ အသိစိတ်က ခွင့်မပြုတော့ပေ။
လဲ့ကျစ်၏ နာကျင်မှုများ ပြည့်နှက်နေသော အမူအရာနှင့်အတူ၊ သူမ သတိပြန်ရပြီးနောက် ဖူရှန်းပြောပြခဲ့သော စကားများကြောင့် လဲ့ကျင်းက အခြေအနေကို ရိပ်မိလိုက်သည်။ ထို့အပြင် စောစောက သူတို့ ဝင်လာစဉ်က လဲ့ကျစ်နှင့် တာ့ချီ၏ အိမ်ရှေ့စံတို့ကြားမှ သိမ်မွေ့သော အကြည့်ချင်း ဖလှယ်မှုများကိုလည်း သူမ မြင်တွေ့ခဲ့ရသည်။
သူမ၏ မိုက်မဲလှသော ညီမငယ်လေးက လက်ကို မည်မျှပင် အမြန် ပြန်ဆွဲထုတ်ခဲ့သည်ဖြစ်စေ၊ အဝေးမှ လျှောက်လာခဲ့သော လဲ့ကျင်းအတွက်တော့ ထိုရင်းနှီးမှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
ယခင်က သူမတို့ ဟော်ရှနှင့် အတူတူ ကြီးပြင်းခဲ့ကြပြီး သူမတို့၏ခမည်းတော်က လဲ့ကျစ်နှင့် ဟော်ရှတို့နှစ်ဦးအား လက်ထပ်ပေးရန် စီစဉ်ခဲ့သည်။ သို့သော်လည်း လဲ့ကျစ်က ဟော်ရှနှင့် တွေ့တိုင်း အမြဲတမ်း ခပ်ခွာခွာသာ နေလေ့ရှိသည်။ ထိုစဉ်ကတော့ လဲ့ကျစ်က အမျိုးသားနှင့် အမျိုးသမီးကြားရှိ ကျင့်ဝတ်များကို စည်းကမ်းတကျ လိုက်နာနေခြင်းဟု လဲ့ကျင်း ထင်ခဲ့မိသည်။
ယခုအချိန်တွင်တော့ လဲ့ကျင်း၏အမြင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
‘ကျစ်ကျစ်က ဟော်ရှကို မချစ်ခဲ့တာကြောင့်ပဲ ဖြစ်လိမ့်မယ်၊ လူတစ်ယောက်က အခြားတစ်ယောက်ကို အမှန်တကယ် ချစ်မြတ်နိုးလာတဲ့အခါ အနီးကပ်နေချင်တဲ့ စိတ်ဆန္ဒကို ဖုံးကွယ်ထားဖို့ အရမ်းခက်ခဲတယ်လေ’
‘ငယ်ငယ်ကတည်းက ကျစ်ကျစ်က ဟော်ရှကို အစ်ကိုတစ်ယောက်လို၊ ကစားဖော်တစ်ယောက်လိုပဲ သဘောထားခဲ့သည်။ အဲ့ဒါကြောင့် ဟာသအဖြစ်နဲ့ဆိုရင်တောင် သူနဲ့ နီးနီးကပ်ကပ် နေဖို့ သူမ ငြင်းဆန်ခဲ့တာပဲ’
“ကောင်းပါပြီ၊ ဒါတွေက အစ်မ အမှားပါ”
လဲ့ကျင်းက လဲ့ကျစ်၏ ကျောလေးကို ခပ်ဖွဖွ ပုတ်ပေးရင်း တိုးတိုးလေး နှစ်သိမ့်လိုက်သည်။
“အစ်မ ထပ်မမေးတော့ဘူးနော်”
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်၏ မျက်ရည်များက ပိုမိုပြင်းထန်စွာ စီးကျလာတော့သည်။ သူမက ရှိုက်ကြီးတငင် ငိုကြွေးရင်း ခေါင်းကိုသာ ရမ်းနေပြီး မျက်တောင်များ အောက်သို့ ငိုက်ကျလျက် ရေရွတ်နေရှာသည်။
“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် အစ်မရယ်...”
လဲ့ကျင်းက ညီမငယ်လေး၏ မျက်ရည်များကို သုတ်ပေးရန် ပိုးလက်ကိုင်ပုဝါကို ထုတ်ယူလိုက်သည်။ သို့သော် သူမကိုယ်တိုင်လည်း မျက်ရည်များကို ထိန်းမထားနိုင်တော့ဘဲ မျက်လုံးများ နီရဲကာ ရင်ထဲတွင် ဆစ်ခနဲ နာကျင်လာရသည်။
သူမအနေဖြင့် လဲ့ကျစ်ကို အပြစ်မတင်ရက်ပေ။ သူမ၏ ခမည်းတော်၊ မယ်တော်နှင့် အစ်ကိုတော်တို့လည်း လဲ့ကျစ်ကို အပြစ်တင်လိမ့်မည် မဟုတ်ဟု သူမ ယုံကြည်နေသည်။ လဲ့ကျစ်က အသက်ဆယ့်ခြောက်နှစ်အရွယ်မျှသာ ရှိသေးသော်လည်း ကြီးမားလှသော လောကဓံ အပြောင်းအလဲများကို ကြုံတွေ့ခဲ့ရသည်။ ဤမျှအထိ ခရီးရောက်အောင် တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့ရသည်က မလွယ်ကူလှပေ။
‘ကျစ်ကျစ်က ဘာများ မှားခဲ့လို့လဲ.....
သူမကိုယ်တိုင်ကသာ အစ်မတစ်ယောက်အနေနဲ့ အသုံးမဝင်ဘဲ ညီမလေးကို မကာကွယ်နိုင်ခဲ့တာပါ။ တောင်းပန်စကား ဆိုသင့်တဲ့သူက သူမပါပဲ’
လဲ့ကျင်း၏ အမြင်အာရုံတို့ တဖြည်းဖြည်း မှုန်ဝါးလာရသည်။ ယခင်က သူမတို့၏ခမည်းတော်က လဲ့ကျစ်အပေါ်တွင်သာ အမြဲတစေ အလိုလိုက်ခဲ့ပြီး အစ်ကိုတော်နှင့် သူမအပေါ်တွင် အနည်းငယ် တင်းကြပ်ခဲ့သည်ကို ရုတ်တရက် သတိရမိသွားသည်။ တစ်ခါက သူမနှင့် အစ်ကိုတော်တို့က မကျေမနပ်ဖြစ်ကာ ခမည်းတော်ကို ဒေါသတကြီး မေးခဲ့ကြဖူးသည်။
“ခမည်းတော်က ဘာလို့ ခဏခဏ ပျင်းရိပြီး အိပ်နေတတ်တဲ့ ကျစ်ကျစ်ကို အပြစ်မတင်တာလဲဟင်၊ သမီးတော်တို့ဆိုရင် တစ်ခါတရံ မှားတာနဲ့တင် အပြစ်တင်ခံရပြီး စာအုပ်တွေ ကူးခိုင်းပြီး အပြစ်ပေးတယ်၊ ခမည်းတော်... အဲဒါက တကယ်ကို မတရားဘူးနော်”
ထိုစဉ်က သူမတို့၏ ခမည်းတော် ဧကရာဇ်ကြီးက နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုဖြင့် ပြန်ဖြေခဲ့ဖူးသည်။
“ဘာလို့လဲဆိုတော့ သူက နန်းတော်ကလူတွေ ညဘက်မှာတောင် နန်းတော်ကို သန့်ရှင်းရေးလုပ်ချင်စိတ် ပေါက်လာအောင် လုပ်ပေးနိုင်တယ်ဆိုတာကို မင်းတို့ မသိလို့ပဲ၊ အစေခံတွေ နေမကောင်းတဲ့အခါ သူကိုယ်တိုင် တော်ဝင်ဆေးခန်းကို သွားပြီး ဆေးယူပေးတတ်သလို၊ တစ်ယောက်ယောက်ကိုလည်း လွှတ်ပြီး ဆေးပို့ပေးတတ်တယ်။ သူ ကစားဖို့ နန်းတော်ထဲကနေ တိတ်တဆိတ် ခိုးထွက်ရင်တောင်မှ ဆင်းရဲသားတွေကို ငွေအလွယ်တကူ ပေးလိုက်တာမျိုး မဟုတ်ဘဲ အစားအသောက်နဲ့ မျိုးစေ့တွေ ဝယ်ပေးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် တမင်တကာ ကူညီပေးတတ်လို့ပဲ”
သူမတို့၏ခမည်းတော်က ဆက်ပြောခဲ့သေးသည်။
“မင်းတို့ရဲ့ ညီမတော်လေးက စိတ်နှလုံး အင်မတန် ကြီးမားတဲ့သူပါ”
ထိုအချိန်တုန်းက လဲ့ကျင်းက ခမည်းတော် ပြောခဲ့သည့် စကား၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ ယခုမှသာ သူမ ကောင်းကောင်း နားလည်လာခဲ့ရသည်။ အားနည်းနွဲ့နှောင်းပုံ ပေါက်သော်လည်း လဲ့ကျစ်ထံတွင် အသန်မာဆုံးသော နှလုံးသား ရှိခဲ့သည်။ တာ့လီတိုင်းပြည်နှင့် သူမချစ်သော လူများအပေါ် ထားရှိသည့် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကြောင့်သာ ရန်သူ၏သားကို ချစ်မိသွားသည့် မိမိကိုယ်ကို ခွင့်မလွှတ်နိုင်ဘဲ နာကျင်ခံစားနေရခြင်း ဖြစ်သည်။ သူမကိုယ်သူမ ခွင့်မလွှတ်နိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခြင်းပင်။
လဲ့ကျင်းကလည်း တိတ်တဆိတ် မျက်ရည်ကျနေမိသည်။ သူမလည်း သူမ၏ညီမငယ်လေးကို မည်သို့နှစ်သိမ့်ရမည်မှန်း မသိတော့ဘဲ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရုံသာ တတ်နိုင်ခဲ့သည်။ သူမတို့၏ အစ်ကိုတော်သာ ဤနေရာတွင် ရှိနေခဲ့ပါက ညီမလေး ပျော်ရွှင်အောင် လုပ်ပေးရာတွင် အတော်ဆုံး ဖြစ်နေပေလိမ့်မည်။
ညီအစ်မနှစ်ဦးစလုံး ရင်ထဲ၌ စုပြုံကျနေသော ခံစားချက်များ ပေါ့ပါးသွားအောင် အချိန်အတော်ကြာအောင် ငိုချလိုက်ကြသည်။ လဲ့ကျင်း အိပ်ခန်းထဲမှ ပြန်ထွက်သွားချိန်တွင် မိုးကုပ်စက်ဝိုင်းမှ နံနက်ခင်း၏ အလင်းရောင် တဖြည်းဖြည်း ပေါ်လွင်လာပြီ ဖြစ်သည်။
လဲ့ကျစ်က မျက်နှာသစ်၊ ရေချိုးပြီး မျက်ရည်စများကို သန့်စင်လိုက်သည်။ သူမ၏ မျက်ဝန်းတွင် အိပ်ငိုက်ခြင်း အလျင်းမရှိတော့ဘဲ ကုတင်ပေါ်၌ ငြိမ်သက်စွာ ထိုင်နေမိသည်။ အစ်မ ထွက်မသွားခင်က ပြောခဲ့သည့် စကားများကို ပြန်လည်တွေးတောရင်း ပဟေဠိဖြစ်နေသလို စိတ်မသက်မသာလည်း ခံစားနေရသည်။
‘အစ်မက ဘာများလုပ်ချင်နေတာပါလိမ့်’
ထိုစဉ်မှာပင် အခန်းတံခါး ပွင့်သွားပြီး ရင်းနှီးနေသော လူတစ်ယောက် ဝင်လာသည်။ လဲ့ကျစ်၏ မျက်ခုံးများ တွန့်ကွေးသွားပြီး ကုတင်ပေါ်မှ အလျင်အမြန် ဆင်းကာ သူ့ထံသို့ ပြေးသွားလိုက်သည်။ နေမထွက်ခင်အချိန်က အပြင်ဘက်တွင် အအေးဆုံးဖြစ်ပြီး သူ၏ ခြေထောက်ဒဏ်ရာကို စိုးရိမ်နေမိခြင်း ဖြစ်သည်။ သူမက သူ့ကို ကုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ခြေထောက်ကို အနီးကပ်ကြည့်ရန် ဘောင်းဘီစကို ညင်သာစွာ လှန်တင်လိုက်သည်။
ကံကောင်းထောက်မစွာပင် ခြေထောက်မှ ဒဏ်ရာက အအေးဒဏ်ကြောင့် ပြန်ပွင့်မလာခဲ့ပေ။
“အရှင့်သား... ခဏလောက် အိပ်လိုက်ပါဦးနော်”
သူမက သူ၏လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ ဟော်တူက ဒေါသထွက်နေဟန်ဖြင့် သူမ၏လက်များကို ပြန်လည်ဆွဲထုတ်ကာ ဝေးကွာအောင် ကြိုးစားခဲ့သည်။ သို့သော် လဲ့ကျစ်၏ နီရဲနေသော မျက်လုံးများနှင့် အိပ်ရေးပျက်သဖြင့် ညိုနေသော မျက်ခွံလေးများကို မြင်လိုက်ရချိန်တွင် သူ၏ ဒေါသများက ချက်ချင်း အရည်ပျော်သွားသည်။
သူက သူမကို တွဲခိုင်းလိုက်ပြီး ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။ လဲ့ကျစ်က စောင်ကို ဆွဲယူကာ သူနှင့် သူမကိုပါ လုံခြုံအောင် ခြုံလိုက်ပြီး ပန်းထိုးခေါင်းအုံးပေါ်တွင် ခေါင်းကို အသာတင်ကာ မေးလိုက်သည်။
“ခြေထောက်က နာနေသေးလားဟင်”
သူမက စောင်၏ အလေးချိန်ကပင် သူ၏ ခြေထောက်ဒဏ်ရာအား ထိခိုက်စေမည်ကို စိုးရိမ်နေမိသည်။
“မနာပါဘူး...”
ဟော်တူက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ထို့နောက်တွင်တော့ အခန်းအတွင်း၌ အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ သူတို့နှစ်ဦးလုံး မျက်လုံးများကို မှိတ်ထားကြသော်လည်း ကုတင်အမိုးကို အကြည့်ရောက်နေကြကာ အသီးသီး ဘာတွေတွေးနေကြမှန်း မသိနိုင်ပေ။
နောက်ဆုံးတွင် ဟော်တူက သက်ပြင်းတစ်ချက်ချကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူက ပေါ့ပါးသော လေသံဖြင့် မေးလိုက်သည်။
“မင်းတို့ ညီအစ်မနှစ်ယောက်... စကားကောင်းကောင်း ပြောဖြစ်ကြရဲ့လား”
“ဟုတ်ကဲ့”
လဲ့ကျစ်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။
“နောက်ဆုံးတော့ အစ်မက သေချာပေါက် သက်သာသွားပါပြီ”
ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် လဲ့ကျစ်က ထပ်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“အဲဒါဆိုရင်လည်း ကောင်းတာပေါ့”
ဟော်တူက ရယ်မောပြီးမှ ထပ်ပြောလိုက်သည်။
“အိပ်တော့”
လဲ့ကျစ်က သူမအစ်မ ပြောခဲ့သော စကားများကို ပြန်တွေးနေသဖြင့် အိပ်မပျော်နိုင်သေးပေ။ မူလကတော့ သူ နိုးလာမှ မေးရန် စိတ်ကူးထားသော်လည်း ထိုအကြောင်းကို တွေးလေလေ ပို၍ပင် မျက်စိကြောင်လေလေ ဖြစ်နေသည်။
သူမက ချီတုံချတုံဖြစ်နေသော လက်ကလေးကို ဆန့်ထုတ်လိုက်ပြီး စောင်အောက်မှ ဟော်တူ၏ အင်္ကျီလက်စကို ညင်သာစွာ ဆွဲကိုင်လိုက်သည်။
“အစ်မက... အရှင့်သားကို တွေ့ချင်နေတယ်တဲ့”
သူမ၏အစ်မက ဟော်တူကို တွေ့ချင်ရသည့် အကြောင်းအရင်းကို သူမ မသိသလို ဟော်တူက လက်ခံတွေ့ဆုံပါ့မလားဆိုသည်ကိုလည်း သူမ ယုံကြည်မှု မရှိလှပေ။ သူမ ရင်ထဲတွင် အနည်းငယ် ကြောက်လန့်နေသော်လည်း ဘာကို ကြောက်နေမိမှန်းလည်း သူမကိုယ်တိုင် မသိတော့ချေ။ ဟော်တူက သူမကို ငြင်းပယ်လိုက်ပြီး အစ်မဖြစ်သူကို ရှင်းပြနိုင်မည့် အခွင့်အရေးမျိုး ရနိုင်မလားဟု သူမ စိတ်ထဲမှ တိတ်တဆိတ် မျှော်လင့်နေမိသည်။
သို့သော် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဟော်တူက “ကိုယ် သိပြီ” ဟုသာ ပေါ့ပေါ့ပါးပါး ပြန်ပြောလာသည်။
ထိုစကားကြောင့် လဲ့ကျစ်တစ်ယောက် ပို၍ပင် အိပ်မပျော်နိုင်တော့ပေ။ သို့သော် ဟော်တူက သူမ၏ အကူအညီမဲ့နေသော စိတ်အခြေအနေကို သိရှိပုံရသည်။ သူက သူမ၏ ပခုံးသားလေးကို ဆွဲဖက်လိုက်ပြီး ပြောလာပြန်သည်။
“အိပ်ကြမယ်”
သူ၏ လေသံက ပေါ့ပါးစွာ ချော့မြှူနေသလို ဖြစ်နေလေသည်။ ၎င်းအပြင် သူမ၏ ခန္ဓာကိုယ်ကလည်း အမှန်တကယ် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သောကြောင့် နွေးထွေးသော ထိုရင်ခွင်ထဲတွင် လဲ့ကျစ်တစ်ယောက် မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ချကာ အိပ်ပျော်သွားခဲ့သည်။
သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြောင်း သေချာမှသာ သူမဘေးမှ လူက ကုတင်ပေါ်မှ ညင်သာစွာ ထလိုက်သည်။ သူက စောင်ကို အသာအယာ ဖယ်လိုက်ပြီး အိပ်ခန်းအပြင်ဘက်သို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
.......။..........။.........
စာကြည့်ဆောင်အတွင်း၌...
ဟော်တူက စူးရှသော မျက်ဝန်းများဖြင့် ပြတင်းပေါက်အနားတွင် ငြိမ်သက်စွာ ထိုင်နေသည်။ မကြာမီမှာပင် တံခါးခေါက်သံ သဲ့သဲ့ကို ကြားလိုက်ရသည်။ အခန်းတံခါး တွန်းဖွင့်သံနှင့်အတူ အန်းရွှယ်၏ အသံ ထွက်ပေါ်လာသည်။
“ဝင်ခဲ့...”
ထို့နောက်တွင်တော့ တံခါးပြန်ပိတ်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။
ဟော်တူက ရုတ်တရက်ဆိုသလို တစ်ခါဖူးမျှ မကြုံဖူးသော စိတ်မသက်မသာမှုကို ခံစားလိုက်ရသည်။ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်မိချိန်မှ ထိုခံစားချက်က 'ရှက်ကြောက်ခြင်း' တစ်မျိုးဖြစ်နေသည်ကို သူ သိလိုက်ရသည်။ ဤကဲ့သို့သော ခံစားချက်မျိုးက သူ၏ ဘဝတစ်လျှောက်လုံးတွင် မည်သည့်နေရာကမှ ထွက်ပေါ်လာဖူးခြင်း မရှိခဲ့ချေ။ သူက သူ့ကိုယ်သူ လှောင်ပြောင်ပြုံး ပြုံးလိုက်ရင်း အဖြူရောင် ကျောက်စိမ်းဘီးတပ်ထိုင်ခုံပေါ်တွင် ဟန်မပျက် ထိုင်ကာ သူ့ကို တွေ့ချင်နေသည့်သူနှင့် ရင်ဆိုင်ရန် အသင့်ပြင်လိုက်သည်။
ထိုသူကား... လဲ့ကျင်းပင်။
ဆန့်ကျင်ဘက်အနေနှင့် လဲ့ကျင်းက ပို၍ သက်တောင့်သက်သာ ရှိနေပုံရသည်။ သူမက ရိုးရှင်းသော အဝတ်အစားကိုသာ ဝတ်ဆင်ထားသော်လည်း မျက်နှာပေါ်တွင် အပြုံးမပျက် ရှိနေခဲ့သည်။ သို့သော် သူမအနေဖြင့် တာ့ချီ၏ အိမ်ရှေ့စံကို မည်သို့ခေါ်ရမည်ဟူသော အချက်ကိုတော့ အနည်းငယ် ဝေခွဲမရ ဖြစ်နေမိသည်။
'အရှင့်သား' လို့ ခေါ်ရမှာလား... ဒါမှမဟုတ် 'မတ်ကလေးလို့' ခေါ်ရမှာလား’
မည်သို့ပင်ဖြစ်စေ တစ်ခုခုတော့ မှားနေသယောင် ခံစားနေရသည်။
“ထိုင်ပါ”
ဟော်တူက လက်ဟန်ပြရင်း စာဖတ်ခန်းအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ လဲ့ကျင်းက အနည်းငယ် ခေါင်းညိတ်ပြကာ ပျော့ပျောင်းသောထိုင်ခုံရှိရာသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းက ငြိမ်သက်အေးဆေးနေပြီး တော်ဝင်မင်းသမီးတစ်ယောက်၏ ခန့်ညားထည်ဝါသော ဂုဏ်ကျက်သရေကို ပေါ်လွင်စေသည်။
သူမ ဟော်တူကို အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် မော့ကြည့်လိုက်ချိန်တွင် ဟော်တူက စိတ်ခံစားချက်များကို ကောင်းစွာ ထိန်းချုပ်နိုင်သူဖြစ်ကြောင်း သူမ တွေ့လိုက်ရသည်။ သို့သော် အနီးကပ် သေချာစွာ စစ်ဆေးကြည့်မည်ဆိုလျှင်တော့ သူ၏ မျက်ဝန်းအိမ်ထဲ၌ ဖုံးကွယ်ထားသော ထိတ်လန့်တကြားဖြစ်မှု အရိပ်အယောင်လေးများကို မြင်တွေ့ရန် မခက်ခဲပေ။
ထိုအခြင်းအရာကို မြင်လိုက်ရချိန်တွင် လဲ့ကျင်း မပြုံးဘဲ မနေနိုင်တော့ချေ။ သူမက စကားကို လှည့်ပတ်မနေတော့ဘဲ ခပ်ပြတ်ပြတ် မေးလိုက်သည်။
“ကျစ်ကျစ်ကို ချစ်ရတာ... အတော်လေး ပင်ပန်းနေပြီလား”
ဟော်တူက လဲ့ကျင်း ဤမျှအထိ တိုက်ရိုက်ဆန်ဆန် မေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အမြဲတမ်း တည်ငြိမ်အေးစက်နေသော သူ၏ မျက်နှာထားက အံ့အားသင့်မှုကြောင့် အနည်းငယ် ပျက်ယွင်းသွားရသည်။
.......။..........။........
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : “ငါ တစ်ညလုံး မအိပ်ရတာတောင် အမျိုးတွေနဲ့ တွေ့နေရတုန်းပဲ။ အရမ်းကို ထိတ်လန့်မိပါတယ်... QAQ (သေလောက်အောင် ကြောက်တယ်လို့)”
ကျစ်ကျစ် : “တကယ်လား.... ရှင်က လန့်တက်တယ်ပေါ့လေ....”
အန်းရွှယ် : “မင်းမှာလည်း ဒီလိုနေ့ ရှိသေးတယ်လား” (ညလုံးပေါက် မအိပ်ရသူတွေရဲ့ မကျေနပ်မှုတွေအတွက် လက်စားချေလိုက်ရတယ်)
ဟော်တူ: “.......”