← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း ၆၉ ခြေဖျားထောက်ပြီး...

ကံကောင်းထောက်မစွာဖြင့် ထိုကဲ့သို့ အနေရခက်လှသော ကြောင်တောင်တောင် အခြေအနေက ခဏသာ ကြာမြင့်ခဲ့သည်။ ဟော်တူက ချက်ချင်း ပုံမှန်အတိုင်း ပြန်တည်ငြိမ်သွားပြီး ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

“မပင်ပန်းပါဘူး...”

သူ့အသံက အနည်းငယ် အက်ရှရှ ဖြစ်နေသည်။ တစ်ညလုံး မအိပ်ရသေးသောကြောင့်လား၊ သို့မဟုတ် တခြားသော စိတ်လှုပ်ရှားမှုများကြောင့်လား ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။

လဲ့ကျင်းက အရာရာကို ရိပ်မိပြီး နားလည်နေသော်လည်း ထပ်ပြီး မေးခွန်းထုတ်နေသေးသည်။

“ထိုက်ဇီရဲ့ အဆင့်အတန်းနဲ့ စွမ်းဆောင်ရည်အရဆိုရင်... ဘယ်အမျိုးသမီးကိုမဆို ရွေးချယ်နိုင်တာပဲ၊ ကျစ်ကျစ်ကို ချစ်ရတာထက်တော့ တခြားတစ်ယောက်ကို ချစ်ရတာက ပိုပြီး လွယ်ကူပါလိမ့်မယ်၊ အဲဒါကို ဘာလို့ ဒီလောက်အထိ အပင်ပန်းခံပြီး စိတ်ရှုပ်ခံနေရတာလဲ”

‘ဟုတ်တယ်... သူ ဘာလို့ စိတ်ရှုပ်ခံနေတာလဲ’

သို့သော် ဟော်တူအတွက်တော့ လဲ့ကျစ်က ထောင်ပေါင်းများစွာသော အမျိုးသမီးများထဲမှ တစ်ယောက် မဟုတ်ခဲ့ပေ။ သူက သူမကို ထိုအမျိုးသမီးများနှင့် ချိန်ဆနှိုင်းယှဉ်ပြီးမှ ရွေးချယ်ချစ်မိသွားခဲ့ခြင်း မဟုတ်မေ။ သူ၏ နှလုံးသားက သူမတစ်ယောက်တည်းကိုသာ တောင်းတခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် လွယ်ကူခြင်း၊ ခက်ခဲခြင်းဟူသော အချက်က သူ၏ ရွေးချယ်မှုတွင် အကျုံးမဝင်နိုင်တော့ချေ။ သူ့အတွက် လုံးဝ ရွေးချယ်စရာ မရှိခဲ့ခြင်းသာ ဖြစ်သည်။

ဟော်တူ၏ မျက်ဝန်းအိမ်များက အနည်းငယ် လှုပ်ခတ်သွားသော်လည်း သူကတော့ ပြန်မဖြေခဲ့ပေ။

“ကျွန်မ နားလည်ပါပြီ”

လဲ့ကျင်းက သူ့ကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ထိုင်ရာမှ ထရပ်ကာ ပြန်ထွက်ရန် ပြင်လိုက်သည်။ တံခါးဝသို့ ရောက်လာချိန်တွင် သူမက နောက်ပြန်လှည့်ကြည့်ရင်း ထပ်ပြောလာခဲ့သည်။

“ကျေးဇူးတင်ပါတယ်”

“မင်း... ငါ့ကို မမုန်းဘူးလား”

ဟော်တူက မေးလိုက်သည်။

တံခါးဘောင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသော လဲ့ကျင်းက ရှုပ်ထွေးဟန် အကြည့်များဖြင့် ပြန်လှည့်ကြည့်လာသည်။

‘ပုံမှန်ဆိုအရဆိုရင်တော့... ရန်သူရဲ့ သားဖြစ်တဲ့ ဒီလူကို သူမ သေလောက်အောင် မုန်းသင့်တာ မဟုတ်ဘူးလား’

‘ဒါပေမယ့် သူသာ မရှိခဲ့ရင် ကျစ်ကျစ်ရဲ့ အခြေအနေက အခုလို ကောင်းမွန်နေမှာ မဟုတ်ဘူး။ သူမကိုယ်တိုင်လည်း ပရမ်းပတာ အခြေအနေနဲ့ ရှဖေးထိုင်မှာပဲ ပိတ်မိနေဦးမှာပဲ မဟုတ်လား၊ သူမတို့လို ကျရှုံးခဲ့ပြီးတဲ့ လက်အောက်ခံ တိုင်းပြည်က မင်းသမီးလေး နှစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံး ထိန်းသိမ်းပေးထားခဲ့တဲ့သူက တာ့ချီရဲ့ ထိုက်ဇီ ဖြစ်နေတယ်တဲ့လေ’

‘ထိုက်ဇီစံအိမ်တော်မှာ သူမ နေထိုင်ခဲ့တဲ့ ဒီရက်တွေအတွင်းမှာလည်း အစေခံတွေနဲ့ ကျေးကျွန်တွေက သူမအပေါ် အရမ်း ယဥ်ယဉ်ကျေးကျေး ဆက်ဆံခဲ့ကြတယ်။ အထူးသဖြင့် ထိုက်ဇီဖေးကို ရည်ညွှန်းပြောဆိုတဲ့ အချိန်တိုင်း သူတို့ အလွန်အမင်း ရိုကျိုးနေကြတာကို သူမ သတိပြုမိခဲ့တယ်။’

‘ပြီးတော့ သူမ ကျစ်ကျစ်ရဲ့ အိပ်ခန်းကနေ ပြန်ထွက်လာပြီးတဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျစ်ကျစ်ရဲ့ ကျန်းမာရေး အခြေအနေကို စုံစမ်းပေးဖို့ ဖူရှန်းကို အကူအညီ တောင်းခဲ့ဖူးသည်။ ဆေးကျိုတဲ့ နေရာမှာ ဆေးကြွင်းဆေးကျန်တွေ ရှိနေခဲ့တာကြောင့် ကျစ်ကျစ် ခံစားခဲ့ရတာက သာမန်အအေးမိတာမျိုး မဟုတ်ခဲ့မှန်း သူမ သိခဲ့ရတယ်’

‘အခု သူမရှေ့တွင် ရှိနေတဲ့ ဒီလူကြောင့်သာ မဟုတ်ခဲ့ရင် သူမတို့ ညီအစ်မနှစ်ယောက် ပြန်ဆုံတွေ့နိုင်ဖို့ အခွင့်အရေးလေးတောင် ရှိခဲ့မှာ မဟုတ်ဘူး။’

အမုန်းတရားနှင့် ကျေးဇူးတရားတို့က သူမ၏ နှလုံးသားအောက်ခြေတွင် ပြင်းထန်စွာ တိုက်ပွဲဖြစ်နေသဖြင့် လဲ့ကျင်းအတွက် ဖြေရှင်းရန် ခက်ခဲစေသည်။ ထို့ကြောင့်ပင် သူမ ပိုစိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

‘သူမတောင် ဒီခံစားချက်ကို တည့်တည့် ရင်မဆိုင်နိုင်ရင် ကျစ်ကျစ်ရော.... ကျစ်ကျစ်က ပိုတောင် ဒုက္ခရောက်နေမှာ မဟုတ်ဘူးလား’

ထို့ကြောင့်ပင် သူမက ဟော်တူကို တွေ့ဆုံကာ သူ့၏ စိတ်ဆန္ဒကို လက်လျှော့သွားစေရန် ကြိုးစားချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ အမူအရာများအရ သူ မည်ချိန်တွင်မျှ လက်လွှတ်မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။

အမှန်စင်စစ် သေဘေးနှင့် ရင်ဆိုင်ရသည့် ရောဂါဆိုးကိုပင် မကြောက်ဘဲ အတူတူ ကျော်ဖြတ်ပေးခဲ့သည့် လူတစ်ယောက်က မိမိချစ်မြတ်နိုးရသူ ဖြစ်နေလျှင် မည်သည့်အကြောင်းပြချက်နှင့်မှ လက်လွှတ်ပေးနိုင်မည် မဟုတ်ပေ။

အစ်မကြီးတစ်ယောက်အနေဖြင့် သူမ၏ညီမလေး ဤကဲ့သို့သော လူကောင်းတစ်ယောက် ရှာနိုင်ခဲ့ခြင်းကို သူမ အလွန် ဝမ်းသာမိသည်။ သို့သော်လည်း တာ့လီ၏ မင်းသမီးတစ်ယောက်အနေနှင့်တော့ တိုင်းပြည်နှစ်ခုကြားရှိ နက်ရှိုင်းလှသော အမုန်းတရားများကို လျစ်လျူရှုရန် သူမ မတတ်နိုင်ခဲ့ပေ။

“အမှန်အတိုင်း ပြောရရင်တော့... ကျွန်မလည်း မသိတော့ပါဘူး”

လဲ့ကျင်း၏ မျက်ဝန်းများက အနည်းငယ် နီမြန်းလာပြီး သက်ပြင်းတစ်ချက် အသာချလိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ဆက်ပြောလာသည်။

“ကျွန်မမှာ တောင်းဆိုချက် တစ်ခုပဲ ရှိပါတယ်။ အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ... သူ့ကို ဘယ်တော့မှ အတင်းအကျပ် မလုပ်ပါနဲ့။ အရှင့်သား... အဲဒါကို လုပ်ပေးနိုင်မလား”

လဲ့ကျင်းက ဤကဲ့သို့သော စကားမျိုး ပြောလာလိမ့်မည်ဟု မထင်ထားသဖြင့် ဟော်တူတစ်ယောက် ခဏမျှ မှင်တက်သွားရပြန်သည်။ ထို့နောက်တွင် သူက မဆိုင်းမတွ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

“အင်း... ငါ ကတိပေးတယ်”

‘သူ လဲ့ကျစ်ကို ချစ်မိသွားတဲ့နေ့ကတည်းက အရာရာကို သူမရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဖို့ ဆုံးဖြတ်ခဲ့ပြီးသားပါ၊ သူတို့နှစ်ဦးကြားမှာ လဲ့ကျစ်ပြောတဲ့ စကားကပဲ အတည် ဖြစ်လာလိမ့်မယ်’

“ကျေးဇူးတင်ပါတယ်ရှင်”

လဲ့ကျင်းက ပြုံးလိုက်ရင်း ပြန်လှည့်သွားကာ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး ထွက်သွားခဲ့သည်။

သူမ ထွက်သွားသည့် နောက်ကျောကို ကြည့်ရင်း ဟော်တူက အတွေးများထဲတွင် နစ်မျောနေမိသည်။

‘တကယ်တော့ လဲ့ကျင်းက သူ့ထက် အသက်မကြီးဘူး၊ သူ့ထက်တောင် နှစ်နှစ်လောက် ငယ်နိုင်သေးတယ်။ ဒါပေမယ့် ခုန သူမ စကားပြောနေတဲ့ ဟန်ပန်က သူ့အစ်မကို သတိရစေခဲ့တယ်။ သူရဲ့ အစ်မတော်သာ သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် လဲ့ကျင်းလိုမျိုး ဖော်ရွေပြီး နူးညံ့သိမ်မွေ့သူ ဖြစ်နေနိုင်လား။’

အစ်မဖြစ်သူ မျက်စိမမှိတ်ခင် နောက်ဆုံးထွက်သက်ဖြင့် သူ့ကို အော်ပြောခဲ့သည့် စကားများကို သူ ဘယ်တော့မှ မေ့လိမ့်မည်မဟုတ်ပေ။

‘အစ်ကိုတွေ အစ်မတွေအားလုံးက ဒီလိုပဲလား။ အငယ်တွေအတွက်ဘဲ အမြဲတွေးပေးတတ်တာလား။ သူ့အစ်မကလည်း ဒီလိုမျိုးပဲလား၊ လဲ့ကျစ်ရဲ့အစ်မလိုမျိုး ဖြစ်နေမှာလား’

နောက်ဆုံးတွင် ဤလူအားလုံးကို ဒုက္ခပေးခဲ့သူက တာ့ချီတိုင်းပြည်နှင့် ဟော်ချန်ယွင်သာလျှင် ဖြစ်သည်။ ဟော်တူက လက်သီးကို တင်းတင်းဆုပ်ထားရင်း ပြတင်းပေါက်၏အပြင်သို့ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများက ပို၍ နက်မှောင်တည်ကြည်လာသည်။

ပြင်ပတွင် နှင်းဖွဲဖွဲကျနေပြီး သူမ အိမ်နောက်ဘက် ခြံဝင်းထဲသို့ ရောက်ချိန်တွင် လဲ့ကျင်းက သူမ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူမက ခေါင်းမော့လိုက်ပြီး မျက်နှာပေါ်သို့ ကျဆင်းလာသော နှင်းပွင့်များ၏ အအေးဓာတ်ကို ခံယူလိုက်သည်။ သူမ၏ မျက်ဝန်းထောင့်မှ စိုစွတ်မှုများက အရည်ပျော်နေသော နှင်းများနှင့် ရောနှောသွားသဖြင့် မျက်ရည်များဖြစ်ကြောင်း မည်သူမျှ မမြင်နိုင်တော့ပေ။

‘သူမရဲ့ ခမည်းတော်ဧကရာဇ် ပြောခဲ့တာ မှန်တယ်၊ သူမရဲ့ညီမလေးက နှလုံးသား ကြီးမားသူ ဖြစ်ပေမယ့် သူမကတော့ အဲ့လိုမဟုတ်ဘူးလေ။ သူမက နည်းနည်း တစ်ကိုယ်ကောင်းဆန်တတ်ပြီး သူမရဲ့ နှလုံးသားထဲက ချစ်ရသူတွေကို ကာကွယ်စောင့်ရှောက်ချင်ရုံပါပဲ၊ တိုင်းပြည်က တိုင်းပြည်ဆိုပေမယ့် သူမရဲ့ညီမလေး အစစ်အမှန် ပျော်ရွှင်နေနိုင်သရွေ့တော့ လုံလောက်နေပါပြီ’

သူမ၏ခမည်းတော်၊ မယ်တော်နှင့် အစ်ကိုတော်တို့ကလည်း သူမကို နားလည်ပေးလိမ့်မည်ဟု လဲ့ကျင်း ယုံကြည်နေခဲ့သည်။ ထိုလူများ၏ ညီမငယ်လေးအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာက သူမထက် မလျော့နည်းနိုင်သောကြောင့်သာ ဖြစ်သည်။

.........။........။..........

လဲ့ကျစ်နှင့် တွေ့ဆုံပြီးနောက် ရှန်းချင်းယန်၏ စိတ်နှလုံးက ယခင်ကထက် ပိုမို တည်ငြိမ်လာခဲ့သည်။ သူမလည်း အမှန်တရားကို နားလည်သွားခဲ့ပြီဖြစ်ရာ နောင်တရနေတော့မည် မဟုတ်ပေ။ လဲ့ကျစ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက သူမ၏ ကံကြမ္မာကို အခြားသူများလက်ထဲသို့ ပုံအပ်လိုက်ခြင်း မဟုတ်ဘဲ သူမကိုယ်တိုင် လန်းဆန်းတက်ကြွစွာဖြင့် ရှေ့ဆက်ရမည်ဖြစ်ကြောင်း နားလည်လိုက်ပြီ ဖြစ်သည်။

နောက်တစ်နေ့ မနက်စာစားချိန်တွင် ရှန်းချင်းယန်က ခါတိုင်းလို နှစ်လုပ်သုံးလုပ်နှင့် အဆုံးသတ်မသွားဘဲ အားရပါးရ စားနေသည်ကို ကြည့်ပြီး လုယင်ပင် အံ့သြနေရသည်။ သို့သော် သူမ၏သခင်မ ယခုကဲ့သို့ အစားဝင်ပြီး တက်ကြွလာသည်ကို မြင်ရသဖြင့် လုယင်တစ်ယောက် အတိုင်းမသိ ဝမ်းသာနေရှာသည်။

မနက်စာစားပြီးနောက် ရှန်းချင်းယန်က အိပ်ခန်းထဲသို့ တိုက်ရိုက်မပြန်ဘဲ စိတ်အပန်းဖြေရန်အတွက် အိမ်တော်ဝင်းအတွင်း လမ်းလျှောက်ထွက်လာခဲ့သည်။ ထိုသို့ လျှောက်လာရင်း မခိုးမခန့် အမူအရာဖြင့် အနောက်ဘက်ခြံဝင်းဆီသို့ ခိုးကြောင်ခိုးဝှက် သွားနေသော အစေခံငယ်တစ်ဦးကို သူမ သတိပြုမိသွားသည်။

‘အနောက်ဘက်ခြံ... အဲ့ဒါ ကျန်းမန် နေတဲ့နေရာ မဟုတ်ဘူးလား’

ရှန်းချင်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး လုယင်ကို အချက်ပြကာ ထိုအစေခံနောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။

ယခုရက်ပိုင်းအတွင်း ဟော်ရှက အိမ်တော်ထဲတွင်သာ အကျဉ်းချခံထားရပြီး သူ အလွန်အမင်း စိတ်ဓာတ်ကျနေခဲ့သည်။ သူက သူ့၏ဂုဏ်သိက္ခာများ ဆုံးရှုံးသွားပြီဟု ခံစားနေရသဖြင့် အိမ်တော်ရှိ အစောင့်များနှင့် အစေခံအများအပြားကို ထုတ်ပယ်လိုက်ပြီး သူ၏ စိတ်ပျက်အားငယ်နေသော ပုံစံကို မည်သူမျှ မြင်ခွင့်မရစေရန် တားမြစ်ထားသည်။ သူ နေ့ခင်းဘက်တွင် မူးရူးအောင်သောက်ပြီး ညအထိ ဆက်သောက်ကာ စာဖတ်ခန်းထဲမှပင် ထွက်မလာတော့ပေ။

ပုံမှန်အားဖြင့် သူက အနောက်ဘက်ခြံဝင်းတွင်သာ အိပ်စက်လေ့ရှိပြီး တစ်ခါတစ်ရံမှသာ ရှန်းချင်းယန်၏ အဆောင်သို့ ရောက်လာတတ်သည်။ ရှန်းချင်းယန်ကတော့ သူ့ကို အနောက်ဘက်ခြံမှာပင် ထာဝရ နေထိုင်သွားစေချင်သည်။ သူ ရောက်လာချိန်တိုင်းပါလာသော အရက်နံ့နှင့် အတင်းအကြပ် ပြုမူတတ်သော သူ၏ အသွင်အပြင်များက သူမကို ရွံရှာစက်ဆုပ်စေသည်။

ထိုအစေခံငယ်က အတော်ပင် ချောမောသော လူငယ်တစ်ဦးဖြစ်သည်။ သူက အနောက်ဘက်ခြံ၏ အရှေ့တံခါးမှ မဝင်ဘဲ ကျွမ်းကျင်လှသော အမူအရာဖြင့် နောက်ဖေးပြတင်းပေါက်မှတစ်ဆင့် ကျန်းမန်၏ အိပ်ခန်းထဲသို့ ခုန်ဝင်သွားသည်။

မလှမ်းမကမ်းမှ လိုက်ကြည့်နေသော ရှန်းချင်းယန်တစ်ယောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်တကြား အော်မိတော့မည့်ဆဲဆဲတွင် သူမ၏နှုတ်ခမ်းကို လက်ဖြင့် အမြန်ဖုံးအုပ်လိုက်ရသည်။ သူမဘေးရှိ လုယင်လည်း တုန်လှုပ်ချောက်ချားနေသည်ကို သူမ တွေ့လိုက်ရသည်။

“နင် ဒီမှာပဲ စောင့်နေ၊ ငါ သွားကြည့်မယ်”

သူမက အသံကို တိုးတိုးလေး နှိမ့်ပြီး လုယင်ကို လှမ်းပြောလိုက်သည်။

အနောက်ဘက်ခြံဝင်းအတွင်း၌ အစောင့်များ မရှိပေ။ ထိုလူငယ်၏ လမ်းကြောင်းအပေါ် အလွန်ရင်းနှီးကျွမ်းဝင်နေပုံအရ သူ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်လာခြင်း မဟုတ်ကြောင်း သိသာနေသည်။ ရှန်းချင်းယန်က တိတ်တဆိတ် ချဉ်းကပ်သွားပြီး ပြတင်းပေါက်အပြင်ဘက်မှ ငြိမ်ငြိမ်လေး ခိုးနားထောင်နေသည်။

မကြာမီမှာပင် အခန်းထဲမှ အမျိုးသမီး၏ ညည်းညူသံများနှင့် အမျိုးသားတစ်ဦး၏ ရယ်မောသံများ ထွက်ပေါ်လာသည်။

“မန်မန်... မန်မန်...”

ထိုလူက ချစ်စနိုးဖြင့် ခေါ်လိုက်ပြီး ကျန်းမန်ကလည်း တိုးတိုးလေး ပြန်ထူးနေသည်။

“အ....”

ကျန်းမန်၏ အသံက စူးစူးဝါးဝါး ထွက်ပေါ်လာသော်လည်း ကျေနပ်အားရနေသည့် လေသံမျိုး ဖြစ်သည်။

“အရမ်း သိပ်ကောင်းတာပဲ”

ထိုလူ၏ အပြုံးက ပို၍ အားကောင်းလာပြီး လေသံကလည်း ပျော့ပျောင်းသွားသည်။ ကျန်းမန်၏ ဆွဲဆောင်မှုအပြည့်ရှိသော အသွင်အပြင်က သူ့ကို ဖမ်းစားထားဟန်တူသည်။

အပြင်ဘက်မှ နားထောင်နေသော ရှန်းချင်းယန်၏ မျက်နှာက ဒေါသကြောင့် နီမြန်းနေသည်။ သူမက မြင့်မြတ်သော အမျိုးသမီးတစ်ဦးအဖြစ် ကြီးပြင်းလာသူ ဖြစ်ပြီး ဤကဲ့သို့ ရှက်ဖွယ်လိလိ ကိစ္စများကို ရှောင်ကြဉ်ချင်သော်လည်း တစ်ဖက်တွင်လည်း ဘာတွေ ဆက်ဖြစ်မည်ကို သိချင်စိတ်ဖြင့် ဆက်နားထောင်နေမိသည်။

အခန်းထဲ၌ အချိန်အတော်ကြာ လှုပ်ရှားမှုများ ဖြစ်ပွားပြီးနောက် နှစ်ဦးသား၏ ညည်းသံများ ငြိမ်သက်သွားကာ ခဏတာမျှ တိတ်ဆိတ်သွားသည်။

“လတ်တလော ဘာတွေ အလုပ်များနေတာလဲ”

ကျန်းမန်က မကျေမနပ် လေသံဖြင့် ပြောလိုက်သည်။

“ကျွန်မ ရှင့်ကို မတွေ့ရတာ ကြာပြီနော်”

“ထုံးစံအတိုင်းပါပဲကွာ... ငါတို့က ကိစ္စအကြီးကြီးတစ်ခုကို လုပ်နေရတာလေ”

“ဘာကိစ္စကြီးမို့လို့လဲ”

“သိချင်လို့လား”

အမျိုးသားက ကုတင်ပေါ်တွင် မတ်တတ်ရပ်လိုက်ပြီး ကျန်းမန်၏ နုနယ်ဝင်းပပြီး တို့ဟူးနှင့်တူသော အရေပြားကို ခပ်ဖွဖွကိုက်ကာ ကျီစယ်လိုက်သည်။

“မန်မန်က ဘာနဲ့ လဲလှယ်ပေးမှာလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့”

သူက ပြုံးစိစိဖြင့် ပြောနေပြန်သည်။

ကျန်းမန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း သူ့ရင်ခွင်ထဲသို့ နွဲ့နွဲ့နှောင်းနှောင်း မှီတွယ်ချလိုက်ပြီး သူ အလိုရှိသမျှ ယူခွင့်ပေးထားလိုက်သည်။ ဤသို့ဖြင့် ထိုအမျိုးသားက သူ၏လက်ထဲမှ နူးညံ့ပျော့ပျောင်းသော အထိအတွေ့ကြောင့် စိတ်သာယာသွားပြီး နှုတ်မှ စကားများ ပွင့်ထွက်လာသည်။

“အကျယ်ချုပ် ကျခံထားရတဲ့ ငါတို့ရဲ့ တတိယမင်းသားကတော့ အရမ်းလောနေပုံရတယ်”

“ရှင် ဘာကို ဆိုလိုတာလဲ”

“အဆိုးမလေး... မင်းက ငါ မင်းဆီကို မကြာမကြာ မလာနိုင်လို့ ညည်းညူနေတာ မဟုတ်လား”

ထိုလူက ကျန်းမန်၏ ပါးပြင်ကို အသာကိုက်ရင်း ဆက်ပြောနေသည်။

“ငါလည်း ဘာမှမတတ်နိုင်ဘူးလေ၊ ငါတို့ရဲ့ တတိယမင်းသားအတွက် တာ့ကျင်းကို နှစ်ကြိမ်တောင် သွားခဲ့ရတာ”

“တာ့ကျင်း...”

ကျန်းမန်၏ မျက်လုံးများ မှေးစင်းသွားပြီး ထိုလူ ဆိုလိုသည့်အဓိပ္ပာယ်ကို ချက်ချင်း ရိပ်မိသွားကာ အသံကို နှိမ့်၍ ပြန်မေးလိုက်သည်။

“ရှင် ဆိုလိုတာက.... သူ လုပ်ချင်တာက... အင်”

သူမ၏ စကားမဆုံးခင်မှာပင် ထိုလူက သူမ၏ ပါးစပ်ကို လက်ဖြင့် အမြန်ပိတ်လိုက်ကာ အလေးအနက် တားဆီးလိုက်သည်။

“တော်လောက်ပြီ... တော်တော့”

ကျန်းမန်က ထိတ်လန့်သွားပြီး စကားတစ်ခွန်းမျှ မဟရဲတော့ဘဲ ခေါင်းကိုသာ နာနာခံခံ ညိတ်ပြလိုက်သည်။ ထိုအခါမှသာ အမျိုးသားက လက်ကို လွှတ်ပေးလိုက်သည်။

“သူ... သူက ဘယ်လိုတောင် သတ္တိရှိနေတာလဲ”

ကျန်းမန်က တိုးတိုးလေး ရေရွတ်လိုက်ပြန်သည်။

ထိုလူက ကျန်းမန်ကို လက်ဖြင့် သိမ်းကြုံးပွေ့ဖက်လိုက်ကာ သူမ၏ခန္ဓာကိုယ် အောက်ပိုင်းကို ဆုပ်ကိုင်ရင်း ထပ်ပြောလိုက်သည်။

“မင်းက ဘာတွေ ဂရုစိုက်နေတာလဲ၊ အခုအချိန်မှာ ကြိုးကြိုးစားစားနဲ့ ပျော်ပျော်ပါးပါး နေဖို့က ပိုအရေးကြီးတယ်လေ”

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက ဆက်ပြောနေပြန်သည်။

“ငါတို့သခင်ရဲ့ အကြံအစည်ကြီး အောင်မြင်ပါစေလို့ပဲ ဆုတောင်းရမှာပေါ့၊ အချိန်တန်ရင် မင်းက ဧကရာဇ်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာပြီး ငါ့အတွက် သားတစ်ယောက် မွေးပေးရမယ်။ ငါတို့သားက မင်းသားလေး ဖြစ်လာလိမ့်မယ်... မင်း ကံကောင်းရင် သူက ထိုက်ဇီတောင် ဖြစ်လာနိုင်သေးတယ်... ဟားဟား”

ထိုလူက သူ၏ လှပသော စိတ်ကူးယဉ် အိပ်မက်များထဲတွင် နစ်မြောနေပြီး မသိစိတ်ဖြင့် သူ့လက်မှ ခွန်အားကို တိုးလိုက်မိသဖြင့် ကျန်းမန် သည်းမခံနိုင်တော့ဘဲ တိုးတိုးလေး အော်ဟစ်ညည်းတွားလိုက်ရသည်။

အပြင်ဘက်တွင် ရှိနေသော ရှန်းချင်းယန်၏ မျက်နှာက ဒေါသကြောင့် နီမြန်းရာမှ ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားပြီး လက်ဖဝါးများပင် အေးစက်လာခဲ့သည်။ သူမ အမှတ်တမဲ့ လက်ကို လှုပ်လိုက်မိရာ ပြတင်းပေါက်ဘောင်နှင့် ထိမိသွားပြီး အသံအနည်းငယ် ထွက်သွားခဲ့သည်။

“ဘယ်သူလဲ”

ကုတင်ပေါ်ရှိ အမျိုးသား၏ နားရွက်များက လှုပ်ခတ်သွားပြီး သတိကြီးစွာဖြင့် ပြတင်းပေါက်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကာ ကုတင်ပေါ်မှ ဆင်းရန် ဟန်ပြင်လိုက်သည်။

ရှန်းချင်းယန်တစ်ယောက် သေလောက်အောင် ထိတ်လန့်သွားပြီး နှလုံးခုန်သံများ မြန်ဆန်လာကာ ခြေထောက်ပင် မလှုပ်ဝံ့တော့ပေ။ ထိုအချိန်တွင် လုယင်က အလျင်အမြန် ရောက်ရှိလာပြီး သူမ၏လက်ထဲမှ ကြောင်တစ်ကောင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ ရှန်းချင်းယန်ကို အနောက်ဘက်ခြံဝင်းထဲမှ အမြန်ဆွဲထုတ်သွားသည်။

“မြောင်... မြောင်...”

“အော်... တောကြောင်တစ်ကောင်ပါပဲ၊ ရှင်က ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေတာလဲ”

ကျန်းမန်က ထိုလူ၏ လည်ပင်းကို လက်ဖြင့် ပြန်လည်ဆွဲချိတ်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်က မသက်မသာ တင်းကျပ်နေဆဲ ဖြစ်သောကြောင့် မကျေမနပ် ညည်းတွားလိုက်သည်။

အမျိုးသားက သက်ပြင်းတစ်ချက် ချလိုက်ကာ ပြုံးပြလိုက်ပြီး သူ၏ သံသယအားလုံးကို မျိုသိပ်လိုက်ကာ ကျန်းမန်၏ နှုတ်ခမ်းလွှာများကို နမ်းရှိုက်ရန် ပြန်လှဲချလိုက်သည်။

......။.........။......

ရှန်းချင်းယန်ကတော့ သူမ သူမ၏ အိပ်ခန်းထဲသို့ မည်သို့မည်ပုံ ပြန်ရောက်လာသည်ကိုပင် မမှတ်မိတော့ပေ။ သူမ၏ခြေထောက်များကလည်း အားအင်ကုန်ခမ်းနေကာ ပျော့ခွေနေသလို သူမ ခံစားနေရသည်။ လုယင်က သူမကို ကုတင်ပေါ်သို့ ရောက်အောင် တွဲကူပေးပြီး ခေါင်းအုံးပေါ်သို့ မှီချလိုက်ရမှသာ အသက်ကို ဝဝရှူနိုင်တော့သည်။

“သူတို့... သူတို့ ဘယ်လောက်တောင် သတ္တိရှိနေကြတာလဲ”

သူမ၏ အတွေးများက ရှုပ်ထွေးပွေလီနေသည်။ ကျန်းမန်၏ ရဲတင်းမှုက မယုံနိုင်စရာ ကောင်းလှသော်လည်း ကျန်းမန်နှင့် ယှဉ်လျှင် ဟော်ရှက ပို၍ပင် သတ္တိကောင်းနေသေးသည်။

‘တခြားတိုင်းပြည်နဲ့ မဟာမိတ်ဖွဲ့ဖို့ ဘယ်လိုတောင် သတ္တိရှိနေတာလဲ။ သူက ဘာလုပ်ချင်နေတာလဲ။’

‘ထီးနန်းကို သိမ်းပိုက်ဖို့ ကြံစည်နေတာလား’

တွေးရင်းနှင့်ပင် ရှန်းချင်းယန်၏ ကျောပြင်၌ အေးစက်သော ချွေးစများ စိမ့်ထွက်လာသည်။ ရုတ်တရက် သူမ တစ်စုံတစ်ခုကို သတိရသွားပြီး လုယင်ကို အလောတကြီး ကြည့်ကာ မေးလိုက်သည်။

“စောစောက ကြောင်နက်လေးကို ဘယ်သူ ပေးလိုက်တာလဲ”

“ကျွန်မလည်း သေချာ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး သခင်မ၊ ဒါပေမယ့် ထမင်းစားဆောင်က 'သရွှင်' ကိုတော့ ခပ်ဝါးဝါး မြင်လိုက်ရသလိုပဲ”

လုယင်က စိတ်ရှုပ်ထွေးနေသည့် လေသံဖြင့် ဆက်ပြောနေသည်။

“သူက ကြောင်လေးကို ကျွန်မရင်ခွင်ထဲ အတင်းထည့်ပေးပြီး အမြန် ပြန်ထွက်သွားတာ၊ သခင်မက ပြတင်းပေါက်နားမှာ အန္တရာယ်ဖြစ်တော့မလို မြင်နေရတာနဲ့ ကျွန်မလည်း အမြန်ပြေးလာခဲ့ရတာပါ”

‘သရွှင်...’

ရှန်းချင်းယန်က လဲ့ကျစ် ပြောခဲ့သော စကားကို ပြန်အမှတ်ရသွားသည်။

‘အဲ့တာဆို ဟော်ရှရဲ့လှုပ်ရှားမှုတိုင်းက အရှင့်သားထိုက်ဇီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာလား’

“လုယင်... ငါ့ကို ကူညီပါဦး”

‘ထိုက်ဇီက ဟော်ရှရဲ့ ရည်ရွယ်ချက်ကို သိသိ မသိသိ၊ ငါ ဒီမှာ အချိန်အကြာကြီး စဉ်းစားနေလို့ မဖြစ်တော့ဘူး။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရမယ်’

........။...........။.........

လဲ့ကျစ်က ခဏမျှ မှိန်းခနဲ အိပ်ပျော်သွားသော်လည်း အိပ်ရေးဝဝ မအိပ်နိုင်ခဲ့ပေ။ သူမ နိုးလာချိန်တွင် ဘေးနား၌ တစ်ယောက်မျှ ရှိမနေချေ။ သူမ ကြောင်စီစီဖြင့် ထိုင်လိုက်ပြီး ဘေးနားရှိ အိပ်ရာကို စမ်းကြည့်လိုက်သော်လည်း နွေးထွေးမှု လုံးဝမရှိတော့သည်ကို တွေ့လိုက်ရသည်။

‘ဒါဆို ဟော်တူ နိုးသွားတာ အတော်ကြာနေပြီပေါ့’

‘သူ ဘယ်ကို သွားတာလဲ...’

သူမ၏ မျက်လုံးများက အခန်းအနှံ့ကို ဝေ့ဝဲကြည့်နေရင်းမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ စိုးရိမ်စိတ်တို့ ပြင်းထန်လာတော့သည်။

‘အို... မဟုတ်သေးဘူး’

လဲ့ကျစ်က နှုတ်ခမ်းကို တင်းတင်းကိုက်ကာ စောင်ကို ဖယ်လိုက်သည်။ သူမက ဖိနပ်နှင့် ခြေအိတ်ဝတ်ရန်ပင် မေ့လျော့သွားကာ စိုးရိမ်တကြီးဖြင့် ကုတင်ပေါ်မှ ဆင်းလိုက်ပြီး တံခါးဆီသို့ ပြေးသွားလိုက်သည်။

တိုက်ဆိုင်စွာပင် အခန်းတံခါး ပွင့်လာပြီး ရင်းနှီးနေသော လူတစ်ယောက်က ဘီးတပ်ထိုင်ခုံပေါ်တွင် ထိုင်လျက် အခန်းထဲသို့ ပေါ့ပေါ့ပါးပါး ဝင်လာသည်။

တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဆုံသွားကြစဉ် ဟော်တူ၏ အကြည့်တို့က လဲ့ကျစ်၏ ခြေဗလာလေးများဆီသို့ ရောက်ရှိသွားသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ စိုးရိမ်တကြီး ဖြစ်နေသော မျက်နှာလေးကို စိုက်ကြည့်ရင်း လှမ်းပြောလိုက်သည်။

“ဖိနပ်နဲ့ ခြေအိတ် အရင်ဝတ်လိုက်ဦး”

လဲ့ကျစ်ကတော့ ထိုအချက်ကို ဂရုမစိုက်နိုင်သေးဘဲ ရှေ့သို့ နှစ်လှမ်းခန့် တိုးသွားကာ စိုးရိမ်တကြီး မေးလိုက်သည်။

“ရှင်... ကျွန်မအစ်မနဲ့ သွားတွေ့တာလားဟင်”

သူမက သူ၏စကားကို နားမထောင်ဘဲ မေးခွန်းထုတ်နေသည်ကို မြင်လိုက်ရချိန်တွင် ဟော်တူ၏ မျက်နှာက ညိုမှိုင်းသွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“အဆင်ပြေရဲ့လားဟင်... ဘာတွေဖြစ်ခဲ့လဲ...”

လဲ့ကျစ်တစ်ယောက် စိုးရိမ်ပြီးရင်း စိုးရိမ်လာရသည်။ သူမ၏ အစ်မဖြစ်သူက တာ့လီတွင် အရည်အချင်းရှိသော မိန်းကလေးအဖြစ် လူတိုင်းဆီမှ အသိမှတ်ပြုမှု ရထားခဲ့သည်။ သူမက ပညာရှိကျမ်းစာများကို ဖတ်ရှုရုံသာမက စကားပြောရာတွင်လည်း လူတစ်ယောက်ကို အသက်မရှင်ချင်အောင် ပြုလုပ်နိုင်စွမ်းရှိသူ ဖြစ်သည်။ တကယ်၍ သူမ၏အစ်မက တစ်စုံတစ်ယောက်ကို ပြက်ရယ်ပြုချင်ပြီဆိုလျှင် ထိုလူက လွယ်လွယ်နှင့် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ဟော်တူ၏ စိတ်နေစိတ်ထားကို တွေးမိချိန်တွင် သူတို့နှစ်ဦးကြားတွင် စကားပြောဆိုရသည်က အဆင်မပြေဖြစ်မည်ကို လဲ့ကျစ် ကြောက်နေမိသည်။

သို့သော် ဟော်တူက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူမကို လုံးဝ လျစ်လျူရှုကာ ကုတင်အနားသို့သာ တည့်တည့် သွားနေလေသည်။

‘သူမက ဘာအမူအရာ ပြနေတာလဲ... သူက သူမအစ်မကို တစ်ခုခု လုပ်ခဲ့တယ်လို့ ထင်နေတာလား။ သူမက ဘာလို့ သူ့ကို ဒီလောက်တောင် ယုံကြည်မှု ကင်းမဲ့နေရတာလဲ။ တကယ်လို့ သူက သူမအစ်မကို ရိုက်နှက်ဆုံးမလိုက်ရင်ရော ဘာဖြစ်မှာမို့လို့လဲ... တကယ်ကို အသိတရား မရှိလိုက်တာ’

ထိုအေးစက်သော နှာမှုတ်သံကို ကြားလိုက်ရမှ လဲ့ကျစ် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး သူမ အလွန်အမင်း တွေးတောမိသွားခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ သို့သော်လည်း ထိုသို့ဖြစ်ရသည်မှာ သူမ အပြစ်မဟုတ်ပေ။ သူ အမြဲတမ်း ဒေါသတကြီး မနေလျှင် သူမလည်း ယခုလောက်အထိ စိုးရိမ်နေရမည် မဟုတ်ပေ။

“အပြင်မှာ အေးလားဟင်”

လဲ့ကျစ်က ကုတင်ဘေးသို့ အမြန်ပြေးသွားပြီး ဟော်တူကို ကူညီကာ ကုတင်ပေါ်၌ လှဲလျောင်းစေလိုက်သည်။

သူမ တွေးထားသည့်အတိုင်း ဤလူကြီးကတော့ မျက်နှာကြီးကို တည်ထားပြီး သူမကို ဆက်လက် လျစ်လျူရှုနေဆဲပင်။

သို့သော် လဲ့ကျစ် သူ့ကို မကြောက်တော့သည်မှာ ကြာနေပြီ ဖြစ်သည်။ သူမက ကုတင်ဘေးတွင် ရပ်နေသော်လည်း ကုတင်ပေါ်သို့ တက်မသွားသေးဘဲ အေးစက်နေသော ကြမ်းပြင်ပေါ်တွင် ခြေဖျားလေးများ ထောက်ကာ သူ့ကို ကြည့်လိုက်သည်။

“ကြမ်းပြင်ပေါ်မှာ အရမ်းအေးနေတယ်... ကျွန်မလည်း ရှင်နဲ့အတူ ကုတင်ပေါ်မှာ အတူအိပ်လို့ ရမလားဟင်”

......။.......။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူနဲ့ ကျစ်ကျစ် : “အမ်း.... ခွေးကောင်ရှက ခေါင်းစိမ်းနေပြီဆိုတော့ သူ့ကို ခေါင်းစိမ်းရှလို့ ခေါ်ရအောင်”

ဟော်ရှ : “.....”

အခန်း ၇၀ ကျေးဇူးတရား

လဲ့ကျစ်၏ နူးညံ့သော လေသံကြောင့် ဟော်တူ၏ မျက်ခုံးများပင် မသိမသာ လှုပ်ယမ်းသွားရသည်။ ရုတ်တရက်ဆိုသလို သူ သူမကို ဆွဲဖမ်းပြီး အားရပါးရ ကိုက်ပစ်ချင်စိတ်များ ပေါက်လာရသည်။ သို့သော် ဟော်တူက စိတ်ကို ထိန်းကာ တမင်တကာ အေးစက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

“ဒီလောက် အကြာကြီး အိပ်ပြီးတာတောင် အိပ်ရေးမဝသေးဘူးလား”

ဤစကားက လဲ့ကျစ်၏ တောင်းဆိုမှုကို လုံးဝငြင်းပယ်လိုက်ခြင်ူပင်။ သူမက နှုတ်ခမ်းလေးကို ဖွဖွကိုက်ထားရင်း “အိုး” ဟု တိုးတိုးလေး ရေရွတ်ကာ ကုတင်အနားတွင် ထိုင်ချလိုက်ပြီး ကြမ်းပြင်ပေါ်မှ ဖိနပ်နှင့် ခြေအိတ်များကို ကောက်ကိုင်လိုက်သည်။

သို့သော် သူမ၏ လက်ချောင်းလေးများ ဖိနပ်ဆီသို့ မရောက်မီမှာပင် ခါးထက်သို့ သန်မာသော လက်တစ်စုံ ရောက်ရှိလာပြီး တစ်ကိုယ်လုံး နောက်သို့ ဆွဲယူခြင်း ခံလိုက်ရသည်။ ကုတင်ကန့်လန့်ကာများ ဝေ့ဝဲသွားပြီးနောက် စောင်ကြီးက သူမအပေါ်သို့ အုပ်မိုးကျလာကာ တစ်ကိုယ်လုံးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်သွားတော့သည်။ ယခုအချိန်တွင် စောင်ပုံထဲမှ သူမ၏ မြေခွေးမျက်လုံးလေးတစ်စုံသာ ပြူးပြူးလေး ထွက်ပေါ်နေရှာသည်။

စောင်အောက်တွင် ဝှက်ထားသော လဲ့ကျစ်၏ နှုတ်ခမ်းထောင့်လေးများက အောင်နိုင်သူအပြုံးဖြင့် ကွေးညွတ်နေသည်။ ယခုန သူမ ပြောခဲ့သော စကားများက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် အတော်ကြာ ရပ်နေခဲ့သဖြင့် သူမ၏ ခြေဖဝါးလေးများက အမှန်တကယ် အေးစက်နေခဲ့သည်။ သူမက မျက်တောင်လေးများ ခတ်ကာ ခြေထောက်ကို စောင်အောက်၌ ဂရုတစိုက် ရွှေ့လိုက်သည်။

လဲ့ကျစ်က ဟော်တူ၏ ခြေထောက်ကို ပေါ့ပေါ့ပါးပါးလေး အရင်ထိကြည့်လိုက်သည်။ သူ ဘာမှတုံ့ပြန်ခြင်း မရှိသည်ကို တွေ့ရသဖြင့် သူမက အခွင့်ကောင်းယူကာ သူမ၏ခြေနှစ်ချောင်းလုံးကို သူ၏ခြေထောက်ပေါ်သို့ တင်လိုက်သည်။ နွေးထွေးသော အထိအတွေ့က အေးစက်နေသည့် ခြေဖဝါးလေးများဆီသို့ စိမ့်ဝင်လာရာ လဲ့ကျစ်တစ်ယောက် ကျေနပ်လွန်းသဖြင့် မျက်လုံးလေးများပင် မှေးစင်းသွားရသည်။

“အခုရော... အဆင်ပြေသွားပြီလား”

နွေးထွေးသော အသက်ရှူသံက သူမ၏ နားရွက်နားသို့ တိုးဝင်လာသဖြင့် လဲ့ကျစ် တစ်ကိုယ်လုံး ရှိန်းခနဲ တုန်လှုပ်သွားရသည်။ သူမ၏ ခြေဖဝါးလေးများကို အမြန်ပြန်ကျုံ့ရန် ကြိုးစားသော်လည်း အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူ၏ ခြေထောက်များကြားတွင် ညှပ်မိသွားပြီး သူမတို့နှစ်ဦး၏ ခြေထောက်များ လုံးထွေးသွားရသည်။

လဲ့ကျစ်၏ နှင်းဖြူရောင် ပါးပြင်လေးများက တခဏချင်း နီရဲလာသည်။

ထင်ရှားသည်မှာ သူတို့၏ ခြေထောက်များသာ ရောယှက်နေခြင်း ဖြစ်သော်လည်း ထိုနွေးထွေးမှုက သူမ၏ နှလုံးသားထိပ်ဖျားအထိ ရောက်ရှိလာပြီး သူမ၏ရင်ထဲအထိ တုန်လှုပ်သွားစေသည်။

“လွှတ်... လွှတ်ပေး”

လဲ့ကျစ်က လက်ကလေးကို သူ့၏ရင်ဘတ်ပေါ် တင်ကာ ညင်ညင်သာသာ တွန်းထုတ်နေသည်။

သို့သော် ဟော်တူက သူမကို ပို၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ကဲ့ရဲ့လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

“မင်းကိုယ်တိုင် ပြေးဝင်လာတာလေ”

‘သူတို့ကြားမှာ ဒီလိုမျိုးဖြစ်နေတာက အမြဲတမ်းပဲ မဟုတ်ဖူးလား။ သူမက သူ့ကို ရည်ရွယ်ချက်ရှိရှိ နှိုးဆော်ပြီး သူ့ကို ကျီစယ်ဖို့ သူမရဲ့ ခြေသည်းလေးတွေကို ဆန့်ထုတ်လိုက်တယ်၊ ပြီးတော့ သူက ပြန်စတာနဲ့ သူမက ထွက်ပြေးချင်နေပြီ’

‘သူ ဘယ်လို ခွင့်ပြုနိုင်မှာလဲ၊ အခု သူ နှိုးဆော်ခံလိုက်ရပြီဆိုမှတော့ အဆုံးထိ ဆက်သွားရမယ်လေ’

လဲ့ကျစ်က သူမ မှားသွားမှန်း သိလိုက်သဖြင့် ဘာမှ ထပ်မပြောဝံ့တော့ဘဲ အသံလေး နှစ်ချက်မျှ အော်ဟစ်ကာ အရှုံးပေးလိုက်သည်။ သို့သော်လည်း သူမ၏ ခြေထောက်လေးများကတော့ သူ၏ ခြေထောက်ကြား၌ တင်းတင်းကြပ်ကြပ် ဖက်တွယ်ခံထားဆဲပင်။ ထိုအချိန်တွင် လဲ့ကျစ်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် သူမ၏ မျက်ခုံးလေးများ လှုပ်ခတ်သွားသည်။

“အရှင့်သား... အရှင့်သားရဲ့ ခြေထောက်တွေ...”

လဲ့ကျစ်က ဟော်တူ၏ မျက်ဝန်းများကို အံ့သြတကြီး ကြည့်ရင်း မေးလာခဲ့သည်။

“လှုပ်နိုင်ပြီလား”

ယခင်က အားအင်ကင်းမဲ့နေခဲ့သော ညာဘက်ခြေထောက်က ယခု သန်မာကြံ့ခိုင်နေပုံရကြောင်း သူမ၏ ခြေထောက်လေးများက အနီးကပ် ထိတွေ့ခံစားနေရသည်။ ဟော်တူက ချက်ချင်း ပြန်မဖြေဘဲ စိတ်လှုပ်ရှားမှုကြောင့် ဝင်းပနေသော သူမ၏ မျက်နှာလေးကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ ထို့နောက် သူမ၏ ပျော်ရွှင်မှုက သူ့ထံသို့ ကူးစက်သွားဟန်ဖြင့် သူ၏ မျက်ဝန်းအိမ်ထဲ၌ အပြုံးအရိပ်အယောင်များ တဖြည်းဖြည်း ထင်ဟပ်လာသည်။

“ဒါ... ဒါက တကယ်ကို ဝမ်းသာစရာပဲ”

လဲ့ကျစ်က သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း သူ့ရင်ဘတ်ပေါ်ရှိ သူမ၏လက်ကလေးများကို ဖြေလျှော့လိုက်သည်။ ရင်ထဲ၌ ပြောမပြနိုင်သော ကြည်နူးမှုများဖြင့် သူမ စနောက်နေမိသည်။

“အဲဒါဆိုရင်... ရှင် ကျွန်မကို ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား”

“ကျေးဇူးတင်ပါတယ်”

ဟော်တူက သဘောတကျ ရယ်မောလိုက်ပြီး လက်ကိုမြှောက်ကာ သူမ၏ နောက်ကျောလေးကို အသာအယာ ပုတ်ပေးလိုက်သည်။

“သေချာပေါက်ကို ကျေးဇူးတင်ရမှာပေါ့”

ညက သူမ အိပ်ရေးပျက်ထားသဖြင့် ယခု စိတ်အေးသွားချိန်တွင် လဲ့ကျစ်က ဟော်၏ ရင်ခွင်ထဲ၌ အလျင်အမြန် အိပ်ပျော်သွားပြန်သည်။ သူမ၏ အသက်ရှူသံလေးက ပုံမှန်ဖြစ်လာပြီး ပေါ့ပါးလာသည်။ ဟော်တူက သူမကို အသာအယာ လွှတ်ပေးလိုက်ပြီး နူးညံ့သော ခေါင်းအုံးပေါ်သို့ တင်ပေးလိုက်သည်။

ဟော်တူက လဲ့ကျစ်အနားသို့ တိုးကပ်သွားပြီး ကောက်ကွေးနေသော မျက်တောင်လေးများကို တစ်ပင်ချင်း ရေတွက်ကြည့်နေသည်။ ထို့နောက် သူမ၏ မျက်လုံးအစုံကို နမ်းရှိုက်ရန် ငုံ့ချလိုက်ပြီးမှ သူကိုယ်တိုင်လည်း သူမဘေးတွင် ခေါင်းချကာ အေးချမ်းစွာ အိပ်စက်လိုက်တော့သည်။

မကြာမီမှာပင် အိပ်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး သူတို့နှစ်ဦး၏ ရောယှက်နေသော အသက်ရှူသံများသာ ကျန်ရစ်ခဲ့သည်။ ခဏအကြာတွင် လဲ့ကျစ်၏ မျက်ခွံလေးများက အနည်းငယ် တုန်ခါသွားပြီးနောက် သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်လာသည်။ သူမက အနားတွင် အိပ်ပျော်နေသော လူကို လေးလေးနက်နက် စိုက်ကြည့်နေသည်။ စောင်အောက်မှ သူမ၏ နုနယ်သော လက်ကလေးက သူ၏ အေးစက်ဖြူဖျော့သော ပါးပြင်ကို ထိတွေ့ရန် ဆန့်ထွက်သွားသော်လည်း ခဏအကြာတွင် မဝံ့မရဲဖြင့် လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူမ၏ ရင်ထဲတွင် မွန်းကြပ်လာရပြီး အတွေးစိတ်များကို ရှင်းထုတ်ရန် မျက်လုံးများကို ပြန်မှိတ်ထားလိုက်သော်လည်း သူမ၏မျက်ဝန်းထောင့်လေးများကတော့ နီမြန်းစိုစွတ်နေဆဲပင်။

.......။..........။........

ယခု အစ်မဖြစ်သူ လဲ့ကျင်း ပြန်လည်ကျန်းမာလာပြီ ဖြစ်သောကြောင့် လဲ့ကျစ်က သူမကို မြို့တော်မှ ထွက်ခွာခွင့်ပြုရန် စတင်စဉ်းစားလာခဲ့သည်။ သူမနှင့်အတူ ဆက်ရှိနေမည်ဆိုပါက အစ်မ၏ လုံခြုံရေးအတွက် စိုးရိမ်ရမည် ဖြစ်သဖြင့် အစ်မကို ဘေးကင်းရာသို့ အမြန်ဆုံး ပို့ဆောင်ရန် လိုအပ်နေသည်။ ထိုသို့ ပို့ဆောင်ပြီးမှသာ သူမ၏ နောက်ထပ် အစီအစဉ်များကို ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

တိုက်ဆိုင်စွာပင် ရှမင်နှင့် အားချန်တို့လည်း ပြန်ရောက်လာကြသည်။ အချိန်အတော်ကြာ ရှာဖွေခဲ့ပြီးနောက် တာ့ချီနှင့် တာ့နင် နယ်စပ်ရှိ ဝေးလံသော မြို့ငယ်လေးတစ်ခုတွင် သူမ၏ ယောင်းမနှင့် တူလေး 'ယုအာ' တို့ ရှိနေနိုင်သည့် သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် လဲ့ကျစ်နှင့် လဲ့ကျင်းတို့ တိုင်ပင်ကာ လဲ့ကျင်းကိုယ်တိုင် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်ကြသည်။ ဤအစီအစဉ်က တစ်ဖက်တွင် အစ်မဖြစ်သူကို မြို့တော်မှ ဘေးကင်းစွာ ထွက်ခွာခိုင်းရန် အကြောင်းပြချက်ကောင်း ဖြစ်သလို အခြားတစ်ဖက်တွင်လည်း လဲ့ကျင်းအနေဖြင့် မိသားစုဝင်များကို ပြန်တွေ့ရခြင်းက သူမ၏စိတ်ဝေဒနာ ပိုမိုသက်သာလာစေမည် ဖြစ်သောကြောင့်ပင်။

လဲ့ကျင်း မြို့တော်မှ ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် လဲ့ကျစ်၏ စိတ်ထဲ၌ ဝမ်းနည်းမှုနှင့် စိတ်အေးရမှုတို့ ဒွန်တွဲနေခဲ့သည်။ ဤခရီးစဉ်က သူတို့ညီအစ်မနှစ်ဦး ခွဲခွာရခြင်းဖြစ်သော်လည်း လဲ့ကျင်း၏ ဘေးကင်းလုံခြုံရေးအတွက်တော့ အကောင်းဆုံးသော လမ်းစ ဖြစ်သည်။

"အစ်မ.... ဂရုစိုက်နော်"

လဲ့ကျစ်က အစ်မဖြစ်သူ၏ကိုယ်ပေါ်ရှိ အပေါ်ရုံအင်္ကျီကို တင်းကြပ်အောင် ချည်ပေးနေပြီး သူမအသံက အက်ရှနေသည်။

လဲ့ကျင်းက ပြုံးနေရင်း ညီမငယ်၏ ပါးပြင်လေးကို အသာအယာ ကိုင်ကာ တိုးတိုးလေး ကတိပေးလိုက်သည်။

“အစ်မအတွက် စိတ်မပူပါနဲ့ ကျစ်ကျစ်၊ မင်း ဘေးကင်းဖို့ဘဲ လိုတယ်”

သူမ တစ်ခုခုပြောချင်သော်လည်း နောက်ဆုံးတွင် မပြောတော့ပဲ ရပ်တန့်လိုက်သည်။

လဲ့ကျင်းက ခေါင်းကို ပြန်လှည့်ပြီး ဘီးတပ်ထိုင်ခုံတွင် ထိုင်နေသောသူကို စိုက်ကြည့်လိုက်ပြန်သည်။

‘တကယ်တော့ သူမ ဘာမှထပ်ပြောနေစရာတော့ မလိုတော့ပါဘူး၊ သူမ ပြောခဲ့တာတွေကို သူ မှတ်မိမယ်လို့ သူမ ယုံကြည်တယ်’

ထို့အတွေးကြောင့် လဲ့ကျင်းက အပြုံးဖြင့် ခေါင်းညိတ် နှုတ်ဆက်လိုက်သည်။

ဖူရှန်းက ဟော်တူကို ဆန့်ကျင်ရန်အတွေးများ ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင် သူတို့ကို ကယ်တင်ခဲ့သော ကြင်နာမှုက အမှန်တကယ်ပင် ဖြစ်နေသည်။ ထို့ကြောင့် သူ ထွက်မသွားခင် လက်ခုပ်ကို တင်းတင်းဆုပ်ပြီး ဟော်တူကို ဦးညွှတ်လိုက်သည်။

ဟော်တူက ခဏတာမျှ အံ့အားသင့်နေပြီး သူတို့နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။

ကန့်လန့်ကာများ ပြုတ်ကျလာပြီး ရထားလုံးက ရွေ့လျားသွားသည်။

လဲ့ကျစ်က ရထားလုံး၏အရိပ် ပျောက်ကွယ်သွားသည်အထိ အကြာကြီး ရပ်နေခဲ့သည်။ သူမ၏အမူအရာက လေးနက်နေပြီး သူမ၏နှလုံးသားက ဆူပွတ်နေသည်။ အစ်မဖြစ်သူနှင့် ပြန်ဆုံပြီး သိပ်မကြာခင် သူမတို့နှစ်ယောက် ခွဲခွာခဲ့ရပြန်သည်။

သူမ၏ လက်ချောင်းထိပ်များ ပူနွေးလာသည်ကို ခံစားမိလိုက်သောကြောင့် လဲ့ကျစ် ငုံ့ကြည့်လိုက်ရာ လက်တစ်စုံကို သူမလက်အား ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

"ကျေးဇူးတင်ပါတယ်"

လဲ့ကျစ်က ဟော်တူကို လေးလေးနက်နက် ကျေးဇူးတင်ကြောင်းပြောလိုက်သည်။ ထို့နောက် သူမ အနည်းငယ် စိုးရိမ်လာပြီး ထပ်မေးလိုက်ပြန်သည်။

“ဖျားနာပြီး သေဆုံးသွားတယ်လို့ပြောလိုက်ရင် အမှန်တရားကို တကယ်‌ရော ဖုံးကွယ်နိုင်ပါ့မလား”

ဟော်တူက စကားတစ်ခွန်းမှ မပြောဘဲ သူမကို အိမ်နောက်ဖေးတံခါးမှ ဆွဲခေါ်သွားသည်။

ဆည်းဆာဝန်းကျင်အချိန်က လဲ့ကျင်းနှင့် ဖူရှန်းတို့ အနောက်ဖေးတံခါးမှ တိတ်တဆိတ် ထွက်သွားစေရန် အလုံခြုံဆုံးနည်းလမ်း ဖြစ်သည်။

“ငါးဆယ့်တစ်ခါ”

လဲ့ကျစ်က တအံ့တသြဖြင့် သူ့မျက်လုံးများကို ကြည့်လိုက်ပြီး သူ ပြောချင်သော အဓိပ္ပါယ်ကို တွေးနေမိသည်။

ဟော်တူက မရှင်းပြဘဲ ထပ်ပြောလာသည်။

"ရထားလုံးပတ်ပတ်လည်မှာ လျှို့ဝှက်အစောင့်တွေ ရှိတယ်၊ မင်းအစ်မရဲ့ လုံခြုံရေးကို သေချာကာကွယ်ပေးမှာပါ"

ထိုစကားကြောင့် လဲ့ကျစ်က သက်ပြင်းချလိုက်သည်။

‘ခဲအိုကို သူမရဲ့အစ်မကို ခေါ်ထုတ်ခိုင်းခဲ့ပေမယ့် သူမ စိတ်မသက်မသာ ဖြစ်နေတုန်းပါပဲ။ အခု ဟော်တူရဲ့လူတွေက အစ်မကို လျှို့ဝှက်ကာကွယ်ပေးနေတာဆို‌တော့ သူမရဲ့နှလုံးသားတစ်ခုလုံး လုံးဝ သက်သာရာရသွားပြီ’

"ကျေးဇူးတင်ပါတယ်"

"ငါးဆယ့်နှစ်ခါ"

ဤအချိန်တွင် လဲ့ကျစ်က သူ ဘာပြောနေသည်ကို နားမလည်နိုင်သလို မမေးဘဲလည်း မနေနိုင်တော့ပေ။ သူမက နှုတ်ခမ်းကို ကိုက်လိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

“ဘာတွေ ရေတွက်နေတာလဲ”

ဟော်တူက ရယ်နေရင်းဖြင့် သူမ ပြန်ပြောခဲ့သည့် စကားအတိုင်း လိုက်ပြောနေသည်။

"ကျေးဇူးတင်ပါတယ်..... အကြိမ်တိုင်း ကျေးဇူးတင်ပါတယ်လို့ ပြောရင် လုံလောက်ပြီလို့ ထင်နေတာလား"

သူက စကားကို ခေတ္တရပ်ထားပြီးမှ ဆက်ပြောလာသည်။

“ပြန်ဆပ်ရမှာလေ၊ နားလည်ပြီလား”

လဲ့ကျစ်ကတော့ တခဏချင်းမှာပင် ခံစားနေရသည့် ကျေးဇူးတင်စိတ်များ ပျောက်ကွယ်သွားရသည်။ သူမက မှုန်ကုပ်ကုပ် မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေကာ သူ့လက်ထဲမှ ရှုန်းထွက်ချင်လာသည်။ သို့သော် သူမ မလွတ်မြောက်နိုင်ဘဲ ပိုပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် ဤအခိုက်အတန့်တွင် လီယောင်က အလောတကြီး အမူအရာဖြင့် ပြေးလာပြီး အရိုအသေပြုကာ သူမအင်္ကျီလက်ဝထဲမှ စာကို လဲ့ကျစ်အား ပေးအပ်လိုက်သည်။

"သခင်မ... ဒါက သရွှင်ဆီက စာပါ"

လဲ့ကျစ်က စာကို ယူကာ ဟော်တူကို ကြည့်လိုက်သည်။ ထိုနောက်မှသာ သူမက စာကို ဖွင့်ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူမ၏မျက်နှာတွင် လျှို့ဝှက်ဆန်သောအပြုံးတစ်ခု ပေါ်လာသည်။

"အရှင့်သား"

လဲ့ကျစ်က မျက်လုံးလေးပြူးဖြင့် ဟော်တူထံသို့ စာကို လှမ်းပေးပြီး ပြုံးနေပြန်သည်။

"တစ်ချို့လူတွေက မီးနဲ့ကစားပြီး ကိုယ့်ကိုယ်ကို မီးရှို့ချင်နေပုံရတယ်"

ဟော်တူ၏အကူအညီကို မရဘဲ သူမတစ်ယောက်တည်း၏ စွမ်းအားဖြင့်သာဆိုလျှင် ရှန်းချင်းယန်နှင့် ဆက်ဆံရန် ဤမျှလောက် ချောမွေ့နေမည် မဟုတ်ပေ။ ထို့ကြောင့် လဲ့ကျစ်က မည်သည့်အခါမှ သူ့ကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ထားခဲ့ပေ။

‘ဖုံးကွယ်ထားရင်တောင် သူသိမှာပဲလေ ဟုတ်တယ်မလား’

"ဒါဆို..."

"အင်း... ကျွန်မ ဒီအခွင့်အရေးကို လက်လွတ်မခံနိုင်ဘူး"

လဲ့ကျစ်၏ အပြုံးလေးက ပိုထင်ရှားလာပြီး မျှော်လင့်တကြီးဖြင့် ပြောလာခဲ့သည်။

"အရှင့်သားကတော့ ပြဇတ်ကောင်းကောင်းလေးတစ်ခု ကြည့်ဖို့ စောင့်နေနော်"

ကြယ်များက တဖြည်းဖြည်း ထင်ရှားစွာ ထွက်ပေါ်လာသော်လည်း ကြယ်များက မည်မျှပင် တောက်ပနေပါစေ သူမ၏ မျက်လုံးလေးများလောက် တောက်ပနိုင်ခြင်း မရှိပေ။

ဟော်တူက ပြုံးလိုက်ပြီး သူ့လက်ဖဝါးထဲမှ သူမ၏လက်ကလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူက သူမ၏ တောက်ပသော မျက်လုံးများကို မော့ကြည့်ကာ ပြန်ပြောလိုက်သည်။၏

“ကောင်းပြီလေ”

‘စောင့်ကြည့်ကြတာပေါ့လေ....’

.........။.......။..........

ရက်ပေါင်းများစွာ အကျယ်ချုပ် ကျခံခဲ့ရပြီးနောက် သူ့အတွက် တားမြစ်မိန့်များအား ရုပ်သိမ်းလိုက်ကြောင်း အမိန့်ရောက်လာချိန်တွင် ဟော်ရှတစ်ယောက် မယုံနိုင်လောက်အောင် ဝမ်းသာသွားခဲ့သည်။

‘နောက်ဆုံးတော့ ခမည်းတော်ဧကရာဇ်က သူ့ကို ခွင့်လွှတ်ခဲ့ပြီပေါ့’

‘ဘာပဲဖြစ်ဖြစ်လေ... သူက ခမည်းတော်ရဲ့ တန်ဖိုးအထားရဆုံး သားတစ်ယောက် ဖြစ်နေတုန်းပဲ၊ ဒီလိုတားမြစ်အမိန့်တွေကို ပြန်ရုပ်သိမ်းခံရဖို့က အချိန်လေးနည်းနည်း စောင့်ဖို့ပဲ လိုအပ်တာပါ။’

ထိုအတွေးကြောင့်ပင် ဟော်ရှက နောက်တစ်နေ့ နံနက်၌ နန်းတော်ထဲသို့ ကျောမတ်ပြီး ရင်ကော့လျက် ဝင်လာခဲ့သည်။

သို့သော် ညီလာခံခန်းမသို့ အဝင်တွင် တံခါးခုံကို မတော်တဆ နင်းမိကာ ခြေလှမ်းအနည်းငယ် ပျက်သွားခဲ့သဖြင့် ပြန်ထိန်းလိုက်ရသည်။ သူ၏ မျက်ခုံးများ တွန့်ကွေးသွားပြီး ဆိုးရွားသော နိမိတ်အချို့က သူ့နှလုံးသားထဲသို့ စိမ့်ဝင်လာသလို ခံစားလိုက်ရသည်။

သို့သော် သူက အသက်ကို ဝဝရှူလိုက်ပြီး ခေါင်းကို ခါယမ်းကာ အဓိပ္ပာယ်မရှိသော အတွေးများကို မောင်းထုတ်လိုက်သည်။ အချိန်အတော်ကြာ အကျယ်ချုပ်မိနေခဲ့သဖြင့် သူ အနည်းငယ် ထိလွယ်ရှလွယ် ဖြစ်နေခြင်းသာ ဖြစ်မည်ဟု သူ တွေးလိုက်သည်။ စိတ်ပြန်ငြိမ်သွားပြီးနောက် ဟော်ရှ၏အမူအရာက ပြန်တည်ငြိမ်လာသည်။

‘ဘာကို ကြောက်နေရမှာလဲ... တကယ်ဆိုရင် သူ ဆိုတဲ့ “ဟော်ရှ”က တာ့ချီရဲ့ အကျော်ကြားဆုံး တတိယမင်းသား ဖြစ်နေတုန်းပဲလေ’

........။........။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်ရှ : “ယို့ ဟို့ ဟို့..... ငါ ပြန်လာပြီ”

ဟော်တူ : “တော်ပါကွာ... မင်းခေါင်းက အစိမ်းရောင်ကြီး မျက်လုံး အရမ်းစူးတယ်”

ကျစ်ကျစ် : “ဟက်...”

All Chapters