← Chapters

အခန်း (၇၁-၇၂)

Vol. 7 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 7 Ch. 71-72

အခန်း ၇၁ မတူမတန်

ရာဇပလ္လင်တည်ရှိရာ ညီလာခံခန်းမကြီးအတွင်း၌ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများက ဝဲယာနှစ်ဖက် ခွဲလျက် တလေးတစား ခစားနေကြသည်။

တိုင်းပြည်ရေးရာများကို ဆွေးနွေးပြီးနောက် တာ့ချီဧကရာဇ်က မျက်နှာတော်ကို မှုန်ကုပ်ထားလျက် မိန့်ကြားလိုက်သည်။

“ချစ်လှစွာသော ဝန်ကြီးတို့... မင်းတို့မှာ တင်ပြစရာ တစ်ခုခုရှိရင် အခု တင်ပြနိုင်တယ်။ မရှိရင်တော့ ညီလာခံကို ဒီမှာတင် ရုပ်သိမ်းမယ်”

ဧကရာဇ်၏ မှုန်ကုပ်ကုပ် အမူအရာနှင့် အသံ‌နေအသံထားကြောင့် အရာရှိများ သတင်း တင်ပြရန် နေနေသာသာ အသက်ပင် ဝဝမရှူရဲဘဲ ခေါင်းငုံ့နေကြသည်။ သို့သော်လည်း ညာဘက် ပထမဆုံးနေရာတွင် ရပ်နေသော ဝန်ကြီးချုပ် ရှန်းဟွိုက်က ရုတ်တရက် ရှေ့သို့ ပြတ်ပြတ်သားသား ထွက်လာပြီး ‌‌လျောက်တင်လိုက်သည်။

“အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ တင်ပြစရာ ရှိပါတယ်”

ထိုစကားကြောင့် ခန်းမအတွင်းရှိ အရာရှိအားလုံး ထိတ်လန့်သွားကြပြီး ခေါင်းများကို ပို၍ ငုံ့ထားလိုက်ကြသည်။

“ဘာကိစ္စလဲ”

“မကြာသေးမီက ကျွန်တော်မျိုး အဖြစ်အပျက်တစ်ခုကို သိရှိခဲ့ရပါတယ်၊ ဒီကိစ္စက တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်နေတာကြောင့် မတင်ပြဘဲ မနေရဲပါဘူး”

ရှန်းဟွိုက်က ဦးညွှတ်အရိုအသေပြုပြီးနောက် တည်ငြိမ်စွာ ဆက်ပြောနေသည်။

“တတိယမင်းသား ဟော်ရှက.. ကျင်းပြည်ထောင်က တော်ဝင်မိသားစုဝင်တွေနဲ့ လျှို့ဝှက်ဆက်သွယ်နေပါတယ်”

“ခင်ဗျား...၊ ခင်ဗျား... မဟုတ်တာတွေ စွပ်စွဲနေတာပဲ”

ဟော်ရှက အံ့အားသင့်သွားပြီး သူ့ပါးပြင်များပင် နီမြန်းလာသည်။

ရှန်းဟွိုက်က ဤလျှို့ဝှက်ချက်အား မည်သို့သိရှိသွားသနည်းဟု တွေးတောရန်ပင် အချိန်မရှိတော့ဘဲ အမှန်တရားကို ဖုံးကွယ်ရန်အတွက် ရှန်းဟွိုက်၏ စကားကို ဒေါသတကြီး ဖြတ်ပြောလိုက်ရသည်။

“ပါးစပ်ပိတ်ထားစမ်း”

ဟော်ချန်ယွင်က ဟန့်တားလိုက်သော်လည်း သူ၏လေသံက ဒေါသထွက်နေပုံမရဘဲ အေးစက်နေသည်။ သူက ဟော်ရှကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်းဟွိုက်ကို စူးစိုက်ကြည့်ကာ လှမ်းမေးလိုက်သည်။

“ဒါက မင်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်နေတာနော်၊ ဝန်ကြီးချုပ်မှာ ခိုင်လုံတဲ့ သက်သေရှိလား”

ရှန်းဟွိုက်က သူ၏ အင်္ကျီလက်ဝကျယ်ထဲမှ စာတစ်စောင်ကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် မြှောက်ပြလိုက်ပြီး လေးလေးနက်နက် ပြန်လည်လျှောက်တင်လိုက်သည်။

“အထောက်အထား ခိုင်ခိုင်လုံလုံ မရှိဘဲ ကျွန်တော်မျိုး ပေါ့ပေါ့တန်တန် မတင်ပြဝံ့ပါဘူး”

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေသဖြင့် ဝန်ကြီးချုပ်၏ အသံက ပို၍ပင် ဟိန်းထွက်နေသည်။ ဧကရာဇ်၏ အနားတွင် ခစားနေသော မိန်းမစိုးစွေ့ဖုန်းက အလျင်အမြန် ဆင်းလာပြီး ထိုစာကို တရိုတသေ ယူဆောင်သွားသည်။ သူက တုန်တုန်ယင်ယင်ဖြင့် ထိုစာကို ဧကရာဇ်ထံသို့ ဆက်သလိုက်သည်။

တာ့ချီဧကရာဇ်က စာကို ယူကာ ပေါ့ပေါ့ပါးပါး ဖတ်နေလေသည်။ အောက်ရှိ အရာရှိများကတော့ ဧကရာဇ်၏ ဒေါသတကြီး ခြိမ်းဟောက်သံကို ကြောက်လန့်တကြား စောင့်ဆိုင်းနေကြသည်။

သို့သော် မမျှော်လင့်ဘဲ...

“တတိယမင်းသား၊ မင်းမှာ ဘာများ ထပ်ပြီး ငြင်းစရာရှိသေးလဲ”

ဟော်ချန်ယွင်၏ လေသံက အလွန်တည်ငြိမ်နေသဖြင့် လူတိုင်း၏ ထင်မြင်ချက်ကို ကျော်လွန်သွားခဲ့သည်။ ဤသည်မှာ မုန်တိုင်းမလာမီ တိတ်ဆိတ်ခြင်းမျိုးလားဟုပင် သူတို့ ထင်မှတ်နေကြသည်။

ထိုအမေးစကားကို ကြားလိုက်ရချိန်တွင် ဟော်ရှက အံကို တင်းတင်းကြိတ်ကာ ဝန်ခံရန် ငြင်းဆန်လိုက်သည်။

“ခမည်းတော်ဧကရာဇ်၊ သားတော် ဒါမျိုး လုံးဝမလုပ်ပါဘူး၊ တစ်စုံတစ်ယောက်... တစ်စုံတစ်ယောက်က သားတော်ကို တမင်သက်သက် ချောက်ချနေတာပါ”

“ရှအာ...”

ဟော်ချန်ယွင်က သူ့စကားကို ဖြတ်ပြောလိုက်သည်။

“ငါကိုယ်တော်က မင်း အမှန်အတိုင်း ဝန်ခံဖို့ အခွင့်အရေး ပေးနေတာ၊ မင်း ဘာတွေ မှားနေလဲဆိုတာ အခုထိ မသိသေးဘူးလား”

ဟော်ရှက ရင်ထဲ၌ ဆို့နင့်လာပြီး သူ့မျက်ဝန်းများကလည်း တုန်လှုပ်မှုကြောင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။ သူ့ခမည်းတော်၏ အကြည့်များက သူ့ကို အရာရာ သိမြင်နေသည့်အလား ထိုးဖောက်ကြည့်နေသဖြင့် သူ၏ သတ္တိများလည်း တဖြည်းဖြည်း အရည်ပျော်စပြုလာပြီ ဖြစ်သည်။

ဤအခိုက်အတန့်လေးမှာပင် အဖြေပေးရန် လုံလောက်သွားခဲ့ပြီ ဖြစ်သည်။ ဟော်ရှ၏ အနည်းငယ်မျှသော တုံ့ဆိုင်းမှုကပင် သူ ကျူးလွန်ခဲ့သည်မှာ မှန်ကန်ကြောင်း အရာရှိအားလုံးရှေ့၌ ဝန်ခံလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

ညီလာခံခန်းမ၏ ဘယ်ဘက်ပထမနေရာတွင် တချိန်လုံး ငြိမ်သက်စွာ ရပ်နေသည့် ဟော်တူကတော့ ဘာမှမထူးခြားသလို ခပ်ယဲ့ယဲ့ ပြုံးနေလေသည်။

‘သူ့ရဲ့ မြေခွေးမလေးသာ ဒီမြင်ကွင်းကို ကိုယ်တိုင်မြင်ရရင် သေချာပေါက် အရမ်းပျော်နေမှာပဲ’

လဲ့ကျစ်သာဆိုလျှင် သူတစ်ပါးရှေ့တွင် ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားပြီး ဘေးနားတွင် လူမရှိတော့သည့် အခါမှ သူမ၏ မြေခွေးမျက်လုံးလေးများ ကွေးသွားသည်ပြီး သွားလေးများပေါ်လာသည်အထိ တောက်ပစွာ ပြုံးနေပေလိမ့်မည်။

ဟော်တူ၏ နက်မှောင်သော မျက်ဝန်းအိမ်များကတော့ ဗလာနတ္ထိ ဖြစ်နေဆဲပင်။ သူ၏ လက်ဖဝါးက ကျောက်စိမ်းတုတ်ကောက်ပေါ်တွင် ရှိနေပြီး လက်ညှိုးဖြင့် တုတ်ကောက်လက်ကိုင်ကို အသာအယာ တောက်နေခဲ့သည်။ အမှန်စင်စစ် သူ၏ မသန်စွမ်းသော ခြေထောက်မှ အရိုးအသစ်များက တဖြည်းဖြည်း ပြန်လည်သန်စွမ်းလာပြီဖြစ်သောကြောင့် တုတ်ကောက်အကူအညီ မလိုတော့ချေ။ သို့သော် သူ သက်သာလာသည်ကို အခြားသူများ မသိစေချင်သေးသဖြင့် ဘီးတပ်ထိုင်ခုံနှင့် တုတ်ကောက်ကိုသာ ဆက်လက် အားကိုးနေခဲ့ခြင်းပင်။

တစ်ဖက်တွင်လည်း ဟော်ရှက အကြိမ်ကြိမ် ရှုံးနိမ့်သွားခဲ့ပြီး နောက်ဆုံးတွင် ခေါင်းငိုက်စိုက်ချကာ ဒူးထောက်လိုက်ရသည်။

“ကျွန်တော်မျိုး... မိုက်မဲမိပါတယ်... ကျေးဇူးပြုပြီး ခမည်းတော်ဧကရာဇ်က ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ”

သူက သူကိုယ်သူ ဧကရာဇ်၏ အချစ်ဆုံးသား ဖြစ်နေဆဲဟု ခံယူထားသည်။ သူ အမှားကို မှန်မှန်ကန်ကန် ဝန်ခံလိုက်လျှင် ဧကရာဇ်က သူ့ကို ခွင့်လွှတ်ပြီး ဤကိစ္စအား အဆုံးသတ်ပေးလိမ့်မည်ဟု သူ ယုံကြည်နေခဲ့သည်။

သို့သော်...

"တတိယမင်းသားဖြစ်တဲ့ ဟော်ရှရဲ့ အပြောအဆိုနဲ့ အမူအကျင့်က မိုက်မဲပြီး သူ့စိတ်က မဖြောင့်မတ်တော့ဘူး၊ ဒီနေ့က စပြီး သူ့ကို ရှန်းယိစစ်တပ်ရဲ့တပ်မှူးအဖြစ်ကနေ ရာထူး ဖယ်ရှားစေ၊ သူ့ကို အိမ်တော်ထဲမှာ ချုပ်နှောင်ထားစေ၊ တော်ဝင်အမိန့်မပါဘဲ ထွက်ခွာခွင့် မပြုဘူး"

“ဘာ... ဘာလဲ...”

ဟော်ရှတစ်ယောက် မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။ ဧကရာဇ်၏ အေးစက်လှသော အမိန့်စကားလုံး တစ်လုံးချင်းစီက သူ့နှလုံးသားကို ထိမှန်သွားသည်။ သူ မျှော်လင့်ထားခဲ့သော နူးညံ့သည့် မေတ္တာတရားနှင့် ခွင့်လွှတ်မှုများက အိမ်မက်တစ်ခုကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ့ဖခင်က သူ့ကို လှည့်စားခဲ့ခြင်းပင်။

ဟော်ချန်ယွင်ကတော့ ဟော်ရှကို စကားတစ်ခွန်းမျှမပြောဘဲ ခပ်စူးစူး စိုက်ကြည့်နေသည်။ အမှန်စင်စစ် သူက သားနှစ်ယောက်ကြားက ကိစ္စရပ်အားလုံးကို သိရှိနေခဲ့သည်။

ဟော်ရှနှင့် ကျင်းတိုင်းပြည်၊ ဟော်တူနှင့် နင်တိုင်းပြည်...

သူက သူတို့ ဘာကြံစည်နေကြသလဲဆိုသည်ကို စောင့်ကြည့်နေခဲ့ခြင်းသာ ဖြစ်သည်။

‘သူတို့ ထီးနန်းကို သိမ်းပိုက်ဖို့ ကြံစည်နေတာလား။’

‘သူကိုယ်တိုင်က အဲဒါကို စောင့်မျှော်နေခဲ့တာလေ။ သူ့သားက အဖေကို တကယ် သတ်ပြီး ရာဇပလ္လင်ပေါ်ကနေ ဆွဲချနိုင်မယ်ဆိုရင်… ဒီလိုနေ့မျိုးရှိခဲ့ရင်တော့ အဲ့ဒီလူကသာ တိုင်းပြည်ငါးခုနဲ့ မျိုးနွယ်စုသုံးစု ပေါင်းစည်းနိုင်မယ်လို့ သူ ယုံကြည်တယ်’

‘ကောင်းကင်အောက်မှာ မြင်နိုင်သမျှ အရာအားလုံးကို ဟော်မျိုးနွယ်ကပဲ အုပ်ချုပ်ရမယ်။ အဲဒီအချိန်ရောက်ရင် သူ တကယ်ကို ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးနိုင်လိမ့်မယ်။’

‘ကံမကောင်းစွာနဲ့ပဲ ဟော်ရှကတော့ ဒီလိုမျိုး ကြီးမားတဲ့အရာတစ်ခုကို အောင်မြင်ဖို့ ခက်ခဲနေခဲ့ပြီ။ အကြပ်ကိုင်စရာတောင်မလိုဘဲ ခြိမ်းခြောက်မှုအချို့နဲ့ ချက်ချင်း ဝန်ခံလိုက်ပြီ။’

‘ကောင်းပြီလေ.....’

ထိုအချိန်တွင် ဝန်ကြီးချုပ်ရှန်းဟွိုက်က ရှေ့သို့ နှစ်လှမ်းတိုးကာ ဒူးထောက်ထိုင်ချလိုက်ပြီး ထပ်လျှောက်တင်နေသည်။

"ကျွန်တော်မျိုးရဲ့ သမီးဖြစ်သူက ဖျားနာနေပြီး အိပ်ရာပေါ်မှာ ရက်ပေါင်းများစွာ လဲလျောင်းနေရတာပါ။ အကျယ်ချုပ် ကျခံနေရတဲ့ ဝေဒနာကို သူ ခံနိုင်ရည်မရှိမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်၊ အရှင်မင်းမြတ်ရဲ့ ကရုဏာတော်ကြောင့် ကျွန်တော်မျိုးရဲ့ သမီးလေး ပြန်လည်ကျန်းမာလာတဲ့အထိ ဝန်ကြီးချုပ်အိမ်တော်မှာ ပြန်လည်နေထိုင်ခွင့်ပြုဖို့ အသနားခံ လျှောက်တင်ပါရစေ"

ဟော်ချန်ယွင်၏ အနက်ရောင် မျက်ဝန်းများက တဖြည်းဖြည်း မှေးစင်းသွားသည်။ ဟော်ရှ၏ အနောက်ဘက်ခြံဝင်းအတွင်းမှ ရှုပ်ထွေးလှသော အတွင်းရေးကိစ္စများကို သူလည်း ကြားသိထားပြီးသား ဖြစ်သည်။ သူက ဟော်ရှအတွက် အမြင့်မြတ်ဆုံးသော အိမ်ထောင်ရေးနှင့် အသုံးအဝင်ဆုံးသော အကူအညီကို ပေးအပ်ခဲ့သော်လည်း ဟော်ရှကတော့ ထိုအရာများကို တန်ဖိုးမထားဘဲ လွှင့်ပစ်ခဲ့သည်။

‘ဟော်ရှဆိုတဲ့ကောင်က တကယ်ကို ထွင်းထုလို့ မရတဲ့ ဆွေးမြေ့နေတဲ့ သစ်သားတုံးပဲ။

သူ့မိန်းမနဲ့ အိမ်နောက်ဖေးခြံဝန်းကိုတောင် အေးချမ်းအောင် မလုပ်နိုင်ရင် ကမ္ဘာကြီးကို ဘယ်လို အုပ်စိုးနိုင်မှာလဲ။’

“ခွင့်ပြုတယ်...”

"ကျေးဇူးကြီးမြတ်လှပါပေတယ် အရှင်မင်းကြီး"

ရှန်းဟွိုက်က အလေးအနက် ဦးညွှတ်လိုက်ပြီး ဝမ်းသာလွန်းသဖြင့် ငိုချလုမတတ် ဖြစ်နေရှာသည်။ ဧကရာဇ်ကိုယ်တိုင် အပ်နှင်းထားသော အိမ်ထောင်ရေးဖြစ်သဖြင့် ကွာရှင်းခွင့်ရရန် မလွယ်ကူမှန်း သူလည်း သိထားခဲ့သည်။ သို့သော် ယခုလောလောဆယ်တွင် ရှန်းချင်းယန်ကို အိမ်တော်သို့ အရင်ပြန်ခေါ်နိုင်ခြင်းကပင် နောက်ထပ် အစီအစဉ်များ ဆွဲရန်အတွက် အကောင်းဆုံးသော လမ်းစ ဖြစ်နေလေသည်။

.......။..........။..........

ဟော်ရှကတော့ သူ့အိမ်တော်သို့ မည်သို့ ပြန်ရောက်လာသည်ကိုပင် မမှတ်မိတော့ပေ။ သူ ခြံဝင်းရှေ့တွင် တွေဝေစွာ ရပ်နေရင်း အိမ်တော်အတွင်းရှိ အစေခံများ ထွက်ခွာသွားသည်ကိုသာ ငေးကြည့်နေမိသည်။ တစ်ချိန်က ဈေးကဲ့သို့ စည်ကားခဲ့သော အိမ်တော်က ယခု တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ချေပြီ။

ရှန်းချင်းယန်လည်း ထွက်သွားခဲ့ပြီ ဖြစ်သည်။ သူမ ထွက်သွားချိန်တွင် ဤအိမ်တော်အပေါ် မည်သည့် လွမ်းဆွတ်မှုမျှ မရှိသလိုပုံစံဖြင့် သူ့ကိုပင် တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ ထွက်သွားခဲ့ခြင်း ဖြစ်သည်။

'ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...'

‘သူမက သူ့အနားမှာ နေပြီး သူ့နဲ့ ချိုချိုသာသာ စကားတွေပြောရတာကို နှစ်သက်ခဲ့တာ မဟုတ်ဘူးလား။ ဒီအချိန်မှာ သူမက သူ့ကို ပွေ့ဖက်ပြီး နှစ်သိမ့်ပေးဖို့ ရောက်လာသင့်တာ မဟုတ်ဘူးလား။’

'ကြောင်သူတော်လို မိန်းမ... သူမ ပါးစပ်ကပြောတဲ့ ချစ်ခြင်းမေတ္တာက တကယ်ကို အပေါ်ယံပဲ...'

ဟော်ရှ၏ အတွေးများက လွင့်မျောနေရင်း ယနေ့နံနက် နန်းတွင်း၌ ရှိနေစဉ် သူ့ဖခင်၏အမူအရာကို ပြန်လည်တွေးတောမိချိန်တွင် သူ့စိတ်နှလုံး ညှိုးငယ်သွားရသည်။ သူ့ဖခင်နှင့် နှိုင်းယှဉ်လျှင် တာ့လီ၏ဧကရာဇ်က အလွန်ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ သူ အမှားတစ်ခုခု လုပ်လျှင်တောင် သူ့ကို ကြမ်းတမ်းသော စကားလုံးများဖြင့် ဘယ်တော့မှ မပြောခဲ့ပေ။

ဟော်ရှက သူ တာ့လီတွင် ရှိနေခဲ့သည့် ထိုနှစ်များကို ဝေဝေဝါးဝါး ပြန်သတိရနေမိသည်။ သူ့ငယ်ဘဝ အမှတ်တရများထဲတွင် တာ့လီဧကရာဇ်က အမြဲတမ်း ပြုံးနေတတ်ပြီး သူ့ကို စကားတချို့ ပြောခဲ့ဖူးသည်။

"ရှောင်ရှ... ဒါက မင်းရဲ့ အိမ်ပဲ..."

ထိုအရာအားလုံးကို သူကိုယ်တိုင် သူ့လက်ဖြင့် ဖြိုဖျက်ခဲ့သည်။

ဆောင်းလေက သူ့မျက်လုံးရှေ့မှ မြူခိုးများကို မှုတ်ထုတ်လိုက်သကဲ့သို့ အရာအားလုံး လွင့်ပြယ်သွားခဲ့သည်။

ဟော်ရှက ခေါင်းကို ငုံ့လိုက်သော်လည်း နောင်တရရန်အတွက် အချိန်အကြာကြီး စဉ်းစားနေမည့်သူမျိုးတော့ မဟုတ်ပေ။

ဟော်ရှက သူ့ခြေလှမ်းများကို အနောက်ဘက်ခြံဝင်းဆီသို့ ဦးတည်လိုက်သည်။ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် သင်းပျံ့သော ရနံ့တစ်ခုက နှာခေါင်းထဲသို့ စိမ့်ဝင်လာသည်။ ဟော်ရှက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး အဝတ်အစား ခပ်ပါးပါးဖြင့် သူ့ထံသို့ လျှောက်လာနေသော ကျန်းမန်ကို တွေ့လိုက်ရသည်။ သူမ နားမရောက်ခင်မှာပင် သူက အမြန် လှမ်းသွားလိုက်ပြီး သူမကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။

“ကျစ်ကျစ်... ကျစ်ကျစ်...”

ဟော်ရှ၏ မျက်ဝန်းများက ရီဝေမှိုင်းညို့နေပြီး သူ၏ အနမ်းများကလည်း ပြင်းထန်ပြီးရင်း ပြင်းထန်နေသည်။ ယခုအချိန်တွင် သူ၏ ရင်ထဲ၌ ရှိနေသော ရူးသွပ်မှုများနှင့် နာကြည်းမှုများက ရမက်မီးတောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူက အားနည်းပြီး အရိုးမရှိသလိုဖြစ်နေသောလူကို ကောက်ပွေ့ကာ ကုတင်ပေါ်သို့ အတူတူ လဲကျသွားတော့သည်။ သူက သူ့ကိုယ်သူ ဤရမက်ပင်လယ်ထဲ၌သာ နှစ်မြှုပ်ပစ်လိုက်ချင်နေခဲ့သည်။

ကုတင်ကန့်လန့်ကာများက အကြိမ်အနည်းငယ် ပြင်းထန်စွာ လှုပ်ခါသွားပြီးနောက် မကြာမီ ပြန်လည်ငြိမ်သက်သွားသည်။ စိတ်အရှိန်အဟုန်များ လျော့နည်းသွားချိန်တွင် ဟော်ရှ၏ နှလုံးသားထဲ၌ ဗလာနတ္ထိမှတစ်ပါး ဘာမှမကျန်ခဲ့တော့ပေ။ ထိုအချိန်မှသာ ဟော်ရှက 'အစားထိုး' ဆိုသည်မှာ အစားထိုးသာဖြစ်ကြောင်းကို နာကျင်စွာ သဘောပေါက်သွားပြီး သူ့စိတ်ကို တည်ငြိမ်အောင် မထိန်းနိုင်တော့ချေ။

‘ငါ ကျစ်ကျစ်ကို တွေ့ချင်တယ်... သူမကို တွေ့မှဖြစ်မယ်...’

ထိုအတွေးကြောင့် ဟော်ရှက ကုတင်ပေါ်မှ ရုတ်တရက် ဆင်းကာ အဝတ်အစားများကို ကမန်းကတန်း လဲလှယ်လိုက်ပြီး တံခါးဆီသို့ ဦးတည်လိုက်သည်။

ကုတင်ပေါ်တွင် ကျန်ရစ်ခဲ့သော ကျန်းမန်ကတော့ ထွက်သွားသော သူ၏ နောက်ကျောကို ကြည့်ရင်း မထီမဲ့မြင် ပြုံးလိုက်သည်။ သူမက ရွံရှာဟန်ဖြင့် တံတွေးတစ်ချက် ထွေးလိုက်ပြီးနောက် စောင်ကို ခြုံကာ မျက်လုံးများကို မှိတ်ပြီး အေးအေး‌ဆေးဆေး အိပ်စက်လိုက်သည်။

..........။............။..........

ဟော်ရှဆီမှ စာကို လက်ခံရရှိသည့်အတွက် လဲ့ကျစ် အနည်းငယ်မျှ အံ့သြသွားခြင်း မရှိခဲ့ပေ။ တိုက်ဆိုင်စွာပင် ညကောင်းကင်ယံ၌ လှပသော မီးရှူးမီးပန်းများ တဖျောက်ဖျောက် ပေါက်ကွဲနေပြီး အလွန် ပြိုးပြိုးပြက်ပြက် ရှိလှသည်။ သူမက စာကို ဖတ်နေရာမှ အကြည့်လွှဲလိုက်ပြီး လှပသော ကောင်းကင်ဆီသို့ မော့ကြည့်လိုက်သည်။

“အဲဒီခွေးကောင်က မင်းကို တွေ့ချင်နေတာလား”

ဟော်တူက ညကောင်းကင်ကို မော့ကြည့်ရင်း မေးလိုက်သည်။

“ဟုတ်ကဲ့”

လဲ့ကျစ်က စာကို ကျောက်စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်ပြီး အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“သူ ဒီနေ့ ဒီလောက် ဆုံးရှုံးမှုကြီး ကြုံခဲ့ရတာလေ... အရှင့်သားက ဘာလို့ ကျွန်မကို မျက်မှောင်ကြုတ်ပြီး ကြည့်နေတာလဲ”

ဟော်တူက ပြုံးလိုက်ပြီး စုတ်တစ်ချက် သပ်လိုက်သည်။ ထို့နောက် သူက ထပ်မေးလာပြန်သည်။

“မင်း... ပျော်နေလား”

‘ဒါပဲလား.... ဒါနဲ့ ဘယ်လို လုပ်ပြီး လုံလောက်မှာတုန်း’

“မဆိုးပါဘူး... အဆင်ပြေပါတယ်”

လဲ့ကျစ်က မကျေနပ်သလို လေသံဖြင့် ပြန်ပြောလိုက်ပြီး ဟော်ရှကို သွားတွေ့ရန် ပြင်ဆင်ဖို့ ထရပ်လိုက်သည်။ သို့သော် သူမက လှည့်ထွက်သွားပြီးမှ တစ်ခုခုကို သတိရကာ နောက်ပြန်လှည့်ကြည့်ရင်း အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

“အရှင့်သား... လူတစ်ယောက်ကို ခြေထောက် ထော့နဲ့ထော့နဲ့ ဖြစ်သွားအောင် ဘယ်အပ်စိုက်မှတ်နေရာကို နှိပ်ရမှာလဲ၊ ကျွန်မကို ပြောပြပေးနိုင်မလားဟင်”

ယခုအချိန်တွင် ဟော်ရှက သူမကို အတင်းအကျပ် တွေ့ချင်နေသဖြင့် သူမ အနည်းငယ်တော့ သတိထားနေမည် ဖြစ်သည်။ သူက ဒေါသကြောင့် ထင်မှတ်မထားသော လုပ်ရပ်များ ပြုလုပ်နိုင်သည်မှာ မလွဲဧကန်ပင်။ ဟော်တူက သူမနောက်မှ တိတ်တဆိတ် လိုက်လာမည်ကို သူမ သိထားသော်လည်း သူမကိုယ်တိုင်လည်း ကြိုတင်ပြင်ဆင်မှု ရှိနေသင့်သည်။

ညစ်ပတ်ပေရေနေသည့် အရာများကို လက်နှင့်ပင် မထိချင်တော့ပေ။

“အပ်စိုက်မှတ်... ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေမှာလဲ”

ဟော်တူက ခပ်ဟဟ ရယ်မောရင်း လဲ့ကျစ်၏ လက်ဖဝါးနုနုလေးကို လှမ်းကိုင်လိုက်သည်။ ထို့နောက် သူက သူမကို သူ့အနားသို့ ခပ်သာသာလေး ဆွဲယူရင်း ပြောလာပြန်သည်။

“ဒီအစ်ကိုတော်က ပိုထိရောက်တဲ့ နည်းလမ်းတစ်ခု သင်ပေးမယ်၊ တစ်ဖက်လူရဲ့ နေရာတစ်ခုကို လှမ်းကန်လိုက်တာက အထိရောက်ဆုံးပဲ”

သူ ပြောလိုသည့် နေရာကို လဲ့ကျစ် ချက်ချင်း နားလည်သွားသဖြင့် သူမ၏ မျက်နှာလေး ရုတ်တရက် နီရဲသွားသည်။ စာအုပ်များထဲတွင် ရွှေရောင်ဗဟုသုတများ ပါဝင်သည်ဆိုသည်က အမှန်ပင် ဖြစ်ပေလိမ့်မည်။ သူမ ထိုစိတ်ရှုပ်ဖွယ်ကောင်းသော စာအုပ်ပေါင်းများစွာကို ဖတ်ရှုခဲ့ရသဖြင့် ယခု သူပြောသည့် စကား၏ အဓိပ္ပာယ်ကို ချက်ချင်း သိမြင်လိုက်ခြင်း ဖြစ်သည်။

လဲ့ကျစ်က ဟော်တူ၏ လက်ထဲမှ သူမ၏လက်လေးကို အမြန်ရုန်းထွက်လိုက်ပြီး သူ့ကို မျက်စောင်းခဲကာ စိုက်ကြည့်ရင်း အခန်းထဲမှ အမြန်လှည့်ထွက်သွားတော့သည်။

...........။......။.......

တည်းခိုဆောင်အတွင်းသို့ လှမ်းဝင်လာချိန်တွင် လဲ့ကျစ်က မိမိကိုယ်ကိုယ် ကမ္ဘာကြီးနှင့် သီးခြားခွဲထွက်နေသကဲ့သို့ ခံစားနေရသည်။ ယခင် နှစ်ကြိမ်က သူမ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လာခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်မူ အချို့သောသူများ၏ ဟာသဆန်လှသော ပျက်စီးပုံများကို မြင်တွေ့ရတော့မည်မှာ သိသထင်ရှားနေသည်။

ဟော်တူက သူမကို ‘ဟော်ရှကို တိုက်ရိုက်သတ်ပစ်ချင်သလား’ ဟု မေးခဲ့စဉ်က သူမ ငြင်းဆိုခဲ့သည်။ သူမ အမှန်တကယ် မြင်တွေ့ချင်သောအရာက ယခုကဲ့သို့ အခြေအနေ ဖြစ်သည်။

‘အရာအားလုံး ဆုံးရှုံးသွားပြီး ခိုကိုးရာမဲ့နေတဲ့ ခွေးတစ်ကောင်လို ပုံစံမျိုး...’

တည်းခိုဆောင်၏ ဘေးဘက်အခန်းငယ်အတွင်း၌ ဟော်ရှက သစ်သားထိုင်ခုံဟောင်းတစ်ခုပေါ်တွင် ထိုင်နေသည်။ သူက မိမိဝတ်ထားသော အင်္ကျီကော်လာကို စိတ်တိုတိုဖြင့် ဆွဲကိုင်လိုက်ရင်း စိတ်ထဲမှ ကျိန်ဆဲနေသည်။

‘ဒီကျွန်တွေဝတ်တဲ့ အဝတ်အစားတွေက တကယ်ကို ကြမ်းတမ်းပြီး အသုံးမကျလိုက်တာ’

သို့သော် ယခုအချိန်တွင် သူက အိမ်တော်၌ အကျယ်ချုပ် ကျခံထားရသူဖြစ်သဖြင့် အစေခံတစ်ဦးကဲ့သို့ ရုပ်ဖျက်မဝတ်ဆင်ပါက အပြင်သို့ ခိုးထွက်ရန် မဖြစ်နိုင်တော့ပေ။

ထိုအရာက သူ့ကို အလွန် စိတ်အနှောက်အယှက် ဖြစ်စေသည်။

‘ကျစ်ကျစ်က ဘာလို့ အခုထိ ရောက်မလာသေးတာလဲ...’

“ကျွီ...”

နောက်ဆုံးတွင် အခန်းတံခါး ပွင့်သွားပြီး သူ အာရုံထဲတွင် မြင်ယောင်နေသည့် ပုံရိပ်လေး ပေါ်လာသည်။ လဲ့ကျစ်က အပြာရောင်ဖျော့ဖျော့ ဝတ်စုံလေးပေါ်တွင် နူးညံ့လှသော အမွေးပွများပါသည့် အပေါ်ရုံအင်္ကျီကို ထပ်မံဝတ်ဆင်ထားသည်။ ရက်အတော်ကြာ မတွေ့ရသည့်နောက်တွင် လဲ့ကျစ်၏ ရုပ်ရည်က ပိုမိုလှပတောက်ပလာသည်ဟု ဟော်ရှ ခံစားနေရသည်။

“ကျစ်ကျစ်”

သူက သည်းမခံနိုင်တော့ဘဲ ထရပ်လိုက်ကာ သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ရန်အတွက် သူ့လက်နှစ်ဖက်ကို ဆန့်တန်းကာ ရှေ့သို့ အရှိန်ဖြင့် တိုးလာခဲ့သည်။

ထိုအမူအရာက လဲ့ကျစ်၏ နှလုံးခုန်သံကို မြန်ဆန်လာစေသည်။ ဟော်ရှ ပြေးလာသည့် အရှိန်က အလွန်မြန်လှသဖြင့် သူမ ရှောင်တိမ်းရန် ခက်ခဲနေသည်။ သူ့အသက်ရှူသံ နီးကပ်လာချိန်တွင် သူမ၏ ဗိုက်ထဲ၌ အော်ကလီဆန်ကာ ရွံရှာလွန်းသဖြင့် နာကျင်မှုကိုပင် ခံစားလိုက်ရသည်။

လဲ့ကျစ်က မတော်တဆ ဖြစ်သွားသလို ဟန်ဆောင်ပြီး ဟော်တူ သင်ပေးလိုက်သည့်အတိုင်း ကန်ရန် အဆင်သင့်ပြင်ကာ လက်သီးကို ကျစ်ကျစ်ဆုပ်ထားလိုက်သည်။ သို့သော် သူမ၏ အပေါ်ရုံကို မထိနိုင်သေးမီမှာပင် ဟော်ရှက သူ၏ ခြေဖဝါးအောက်မှ တစ်စုံတစ်ခုကို နင်းမိသွားပြီး ကြမ်းပြင်ပေါ်သို့ တည့်တည့်ကြီး လဲကျသွားသည်။

“ဘုန်း”

ဟော်ရှ ရုတ်တရက် လဲကျသွားပြီး မေးစေ့နှင့် ကြမ်းပြင် ပြင်းထန်စွာ ဆောင့်မိသွားသဖြင့် သည်းမခံနိုင်သော ဝေဒနာတစ်ခု ထွက်ပေါ်လာသည်။ ထို့အပြင် သူ၏ နောက်ခြေထောက်က သစ်သားထိုင်ခုံနှင့် ချိတ်မိနေပြီး ထိုင်ခုံကြီးက သူ့အပေါ်သို့ ထပ်မံပိကျလာပြန်သည်။

“ခွပ်” ဟူသော နောက်ထပ် အသံတစ်သံက အခန်းငယ်အတွင်း၌ ဟိန်းထွက်လာသည်။

လဲ့ကျစ်က ရုတ်တရက် ဖြစ်ပျက်သွားသော ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ သို့သော် ယခုအချိန်တွင် သူမ ရယ်မောရန် မဖြစ်နိုင်သေးသောကြောင့် ခေါင်းကို အသာငုံ့ထားပြီး ဟန်ဆောင်ပန်ဆောင်ဖြင့် လက်တစ်ဖက် လှမ်းပေးကာ ကူညီလိုက်သည်။

နှစ်ယောက်သား ထိုင်လိုက်ပြီးနောက် ဟော်ရှက သူ့မေးစေ့ကို ပွတ်သပ်နေဆဲ ဖြစ်သည်။

“ဟူး...”

မေးစေ့မှ အရေပြား ကွဲအက်သွားပြီး သွေးစအချို့ စိမ့်ထွက်လာသဖြင့် ဟော်ရှက နာကျင်စွာ မချိပြုံး ပြုံးနေရသည်။

“ကျစ်ကျစ်”

ဟော်ရှက အရှက်ရသွားပြီး အနည်းငယ် စိတ်တိုနေပုံရသည်။

“အစ်ကိုအားရှ... ပြောစရာရှိတာကို မြန်မြန်ပြောမှ ဖြစ်မယ်၊ ဟော်တူက ကျွန်မ ဘေးပတ်ဝန်းကျင်မှာ လူယုံတွေ အများကြီး ထားထားတာဆိုတော့ အပြင်ကို သိပ်ကြာကြာ ထွက်လို့ မရဘူး”

ထိုစကားကို ကြားလိုက်ရသည့် ဟော်ရှ၏ ရင်ထဲ၌ တုန်လှုပ်သွားပြီး လဲ့ကျစ်အပေါ် သနားဂရုဏာ သက်သွားခဲသည်။

“ငါ မင်းကို သိမ်ငယ်စေမိပြီ”

သို့သော် လဲ့ကျစ်က ဖြူစင်ပြီး နာခံမှုရှိသော အပြုံးလေးဖြင့် ခေါင်းခါပြလိုက်ရာ ဟော်ရှ၏ စိတ်ထဲမှ ဒေါသများက တဖြည်းဖြည်း အရည်ပျော်သွားရသည်။ ထို့နောက် ဟော်ရှက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ ကြုံတွေ့ခဲ့ရသော ဒုက္ခအရပ်ရပ်ကို လဲ့ကျစ်အား ဇာတ်ကြောင်းပြန်ရင်ဖွင့်ပြနေသည်။

“အစ်ကိုအားရှ...”

လဲ့ကျစ်က တစ်ခုခုကို တုံ့ဆိုင်းနေသလို ဟန်ဆောင်လိုက်ပြီးမှ တစ်ခုခု ပြောရန် စဥ်းစားနေသလို ပြုလိုက်သည်။

“ကျွန်မ...”

“ဘာဖြစ်လို့လဲ ကျစ်ကျစ်... ပြောလေ”

“ကျွန်မ အရင်က ဖူရှီဘုရားကျောင်းကို သွားတုန်းက အစ်ကို့အတွက် ဟောစာတမ်း တစ်ခု တောင်းခဲ့ဖူးတယ်၊ အဲ့တုန်းကတော့ ဆရာလေးက မှားနေတယ်လို့ပဲ ကျွန်မ ထင်ခဲ့တာ၊ ဒါပေမယ့် အခု ဖြစ်ပျက်နေတာတွေကို တွေးကြည့်ရင်...”

ဟော်ရှက ထိတ်လန့်သွားပြီး အလောတကြီး ပြန်မေးလိုက်သည်။

“သူက ဘာပြောလိုက်လို့လဲ”

“ဟောစာတမ်းမှာ ပါတာက... အစ်ကို အခု လက်ထပ်ထားတဲ့သူက အစ်ကိုနဲ့ မသင့်တော်ဘူးတဲ့၊ သူက အစ်ကို့ရဲ့ ကံဇာတာတွေကို ပိတ်ဆို့ပြီး အစ်ကို့ကို ထိခိုက်စေလိမ့်မယ်လို့ ပြောတယ်၊ အဲ့ဒီလူနဲ့ အဆက်အသွယ် ဖြတ်တောက်နိုင်မှပဲ အစ်ကို့ရဲ့ ကံကောင်းခြင်းတွေ ပြန်ရနိုင်မယ်တဲ့”

လဲ့ကျစ်က အတည်ပေါက် ပြောဆိုနေပြီး သူမ၏အသံကို နှိမ့်ကာ မျက်လုံးလေးများကို ကွယ်ထားလျက် တိုးတိုးလေး ဆက်ပြောနေသည်။

“အရင်ကတော့ ကျွန်မက မနာလိုဖြစ်လို့ ပြောတယ်လို့ အစ်ကို ထင်မှာစိုးလို့ မပြောခဲ့တာပါ၊ အခုလိုတွေ တကယ် ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ တောင်းပန်ပါတယ် အစ်ကို”

‘အင်း... ဒါတွေ အားလုံးက ရှန်းချင်းယန်ကြောင့် ဖြစ်ရတာပေါ့လေ’

ဟော်ရှက မျက်မှောင်ကြုတ်ရင်း တွေးနေပြန်သည်။

‘ငါ အဲ့မိန်းမနဲ့ အမြန်ဆုံး ကွာရှင်းရမယ်’

“မင်းနဲ့ ဘာမှ မဆိုင်ပါဘူး၊ ကျစ်ကျစ်ရယ်”

ဟော်ရှ၏ မျက်လုံးများတွင် ပြတ်သားသော အကြည့်များ ပေါ်လာသည်။

“ဧကရာဇ်မင်းမြတ်က လက်ထပ်ခွင့် ပေးထားတာ ဖြစ်ပေမယ့်လည်း ငါ သူ့ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကွာရှင်းပစ်ရမယ်”

.........။..........။.........

ခဏကြာ စကားပြောပြီးနောက် ဟော်ရှက တည်းခိုခန်းမှ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။ သူ ထွက်သွားသည်နှင့် လဲ့ကျစ်က ချက်ချင်း ထရပ်ကာ အခန်းတွင်းရှိ ရေကန်ငယ်ဆီသို့ ပြေးသွားတော့သည်။

စောစောက သူ့ကို ကူညီချင်ဟန် ဆောင်လိုက်စဉ်က သူ၏ အင်္ကျီလက်စကို ထိမိသွားခဲ့သည်။

‘အရမ်း ညစ်ပတ်တာပဲ...’

သူမက ခါးကို ကိုင်းကာ လက်ကို ရေထဲနှစ်ပြီး ခပ်ကြမ်းကြမ်း ပွတ်တိုက်ဆေးကြောနေသည်။ သူမ၏ အပြုအမူက လက်ဆေးနေခြင်းထက် လက်ကို ပွတ်တိုက် ဖျက်ဆီးနေသည်နှင့် ပိုတူနေပြီး သူမ အင်အားသုံး ပွတ်တိုက်လွန်းသောကြောင့် သူမ၏ ဖြူစင်သော လက်ကလေးများ နီရဲလာပြီ ဖြစ်သည်။

ရုတ်တရက် ရင်းနှီးနေသော လက်တစ်စုံက ရေကန်ထဲသို့ ရောက်ရှိလာပြီး သူမ၏ လက်ကလေးများကို ဆုပ်ကိုင်ကာ တားဆီးလိုက်သည်။ ဟော်တူက သူမ၏ လက်များကို ဆုပ်ကိုင်ထားပြီး ညင်သာစွာ ပွတ်သပ်ပေးကာ သူ၏ အေးစက်သော လက်ချောင်းဖြူဖြူများဖြင့် သူမအတွက် သေသေချာချာ ဆေးကြောပေးနေသည်။

ထို့နောက် အခြားတစ်ဖက်ဖြင့် ချည်ပုဝါကို ယူကာ ခြောက်အောင် သုတ်ပေးနေသည်။ သို့သော် သူမ အားပါးတရ ပွတ်တိုက်ထားသဖြင့် အရေပြားလေးများ နီရဲကျန်‌နေတော့သည်။

ဟော်တူက မျက်မှောင်ကြုတ်ကာ သူမကို မော့ကြည့်ပြီး ဆူပူလိုက်သည်။

“မင်း ဘာတွေ လုပ်နေတာလဲ၊ လက်ကို သေသေချာချာ မဆေးတတ်ရင်လည်း ခဏစောင့်နေပါလား”

လဲ့ကျစ်က သူ့ကို ကြောင်တောင်တောင်လေး စိုက်ကြည့်နေရှာသည်။ သူ၏ စကားနှင့် ကြင်နာမှုကြောင့် သူမ၏ မျက်ဝန်းအစုံလည်း အနည်းငယ် စိုစွတ်လာကာ နီရဲလာတော့သည်။

.........။........။.........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ: “ခွေးလိုကောင်...”

ကျစ်ကျစ် : “အညစ်အကြေးလိုကောင်...”

ချင်းယန် : “ခေါင်းစိမ်းကောင်...”

ကျန်းမန်: “အော်ဂလီဆန်ဖို့ကောင်းတဲ့ကောင်...”

ဟော်ရှ : “ငါရဲ့ ညီမလဲ့က အဲ့လို မဟုတ်ဘူး”

အခန်း ၇၂ ငြိတွယ်မှု

သူတို့နှစ်ဦး လျှို့ဝှက်လမ်းမှတစ်ဆင့် အိမ်ရှေ့စံအိမ်တော်သို့ ပြန်ရောက်လာချိန်တွင် ညဉ့်တော်တော် နက်နေပြီ ဖြစ်သည်။

အန်းရွှယ်က အိပ်ခန်းဆောင်အပြင်ဘက်၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေပြီး သူတို့ပြန်လာသည်ကို မြင်သည်နှင့် အပြေးအလွှား လာရောက်အစီရင်ခံသည်။

“အရှင့်သား... နန်းတော်က လူတစ်ယောက် ရောက်နေပါတယ်”

ထိုစကားက လဲ့ကျစ်ကို မျက်မှောင်ကြုတ်သွားစေသည်။

‘ဒီအချိန်ကြီးမှာ စွေ့ဖုန်းက ဘာကိစ္စနဲ့ အိမ်တော်ကို ရောက်လာတာလဲ...’

သို့သော်လည်း ဟော်တူ၏ အမူအရာကတော့ အရာရာကို ကြိုတင်သိရှိထားသည့်အလား ဘာမှပြောင်းလဲသွားခြင်း မရှိပေ။ လဲ့ကျစ်က သူ့ကို မသင်္ကာသောအကြည့်ဖြင့် စိုက်ကြည့်ရင်း အိမ်ရှေ့ခန်းမဆောင်သို့ လိုက်ပါသွားခဲ့သည်။

“အရှင့်သားနဲ့ ထိုက်ဇီဖေးကို အရိုအသေပေးပါတယ်”

စွေ့ဖုန်းက ယခင်ကထက် ပိုမိုယဉ်ကျေးနေသည်။ ယနေ့နံနက်က နန်းတွင်း၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စများနှင့် အမိန့်ပြန်ကြားချက်များက သူ့ကို လေးလေးနက်နက် သတိပေးခဲ့သည်။ ဤအိမ်ရှေ့စံမင်းသားနှင့် ဆက်ဆံရာတွင် လုံးဝပေါ့ဆ၍ မရကြောင်း သူ ကောင်းကောင်းနားလည်နေပြီ ဖြစ်သည်။

ဟော်တူက ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။

“အမှန်တော့ အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်နေတာကြောင့် ဒီကျွန်အိုကြီးက ညဉ့်နက်သန်းခေါင်မှာ အရှင့်သားကို လာရောက်နှောက်ယှက်မိတာပါ၊ ဒီနှစ် ရှန့်ယန်မြို့မှာ ဖြစ်ပွားနေတဲ့ မိုးခေါင်ရေရှားမှုက အရမ်းပြင်းထန်နေပါတယ်၊ တော်ဝင်တရားရုံးကနေ ကယ်ဆယ်ရေးရန်ပုံငွေတွေ အမြောက်အမြား ထုတ်ပေးခဲ့ပေမယ့်လည်း အခြေအနေက နည်းနည်းလေးတောင် တိုးတက်မလာခဲ့ပါဘူး၊ အခုဆိုရင် မြို့တွင်းမှာ အငတ်ဘေးကြောင့် အကြမ်းဖက်မှုတွေ ဖြစ်နေပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေပါတယ်၊ ဒါကြောင့် အရှင်မင်းမြတ်ရဲ့ အမိန့်အရ အရှင့်သားထိုက်ဇီကို အဓိကရုဏ်းတွေကို ချေမှုန်းဖို့ မနက်ဖြန်မနက်မှာပဲ ရှန့်ယန်မြို့ကို သွားရောက်စေလိုပါတယ်”

စွေ့ဖုန်းက တစ်ခုခုကို တွေးနေသလိုမျိုး ခေတ္တရပ်လိုက်သည်။

“မနက်ဖြန်မနက်...”

လဲ့ကျစ် အံ့သြတကြီး ရေရွတ်လိုက်သည်။

‘ဘာလို့ ဒီလောက်တောင် ရုတ်တရက်ကြီး ဖြစ်လာရတာလဲ...’

သူမ၏ အံ့သြသံကြောင့် စွေ့ဖုန်းက ခေါင်းငုံ့ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ဟော်တူဘက်သို့ ပြန်လှည့်ကာ ထပ်ပြောလိုက်သည်။

“ဒီကျွန်အိုကြီးအနေနဲ့ မပြောသင့်တဲ့အရာတွေ ရှိပေမယ့်လည်း ထိုက်ဇီဖေးက မေးတဲ့အတွက် နည်းနည်းတော့ ထပ်ပြောပါရစေ၊ မူလက အရှင်မင်းမြတ်က ဒီကိစ္စအတွက် တတိယမင်းသားကို စေလွှတ်ဖို့ စီစဉ်ထားတာပါ၊ ဒါပေမယ့် ဒီနေ့ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကို ထိုက်ဇီဖေးလည်း သိမှာပါ... တခြားမင်းသားတွေကလည်း ငယ်ရွယ်သေးတာဆိုတော့ ဒီခရီးစဉ်အတွက် အရှင့်သားကိုပဲ နှောက်ယှက်မိတာပါ”

စွေ့ဖုန်းက စကားကို ပါးပါးနပ်နပ် ဆက်ပြောနေသည်။ ဘဝတစ်လျှောက်လုံး နန်းတော်ထဲ၌ ကျင်လည်ခဲ့သော သူ့လိုမျိုး မိန်းမစိုးတစ်ဦးအတွက် ‘ကံဆိုးမိုးမှောင်ကျမှု’ ဆိုသည်က တစ်ခါတစ်ရံ ပါးစပ်မှ ထွက်လာသည့် စကားတစ်ခွန်းကြောင့် ဖြစ်နေတတ်သည်ကို သိထားသင့်သည်။

အမှန်စင်စစ် တတိယမင်းသား နန်းတွင်းသို့ ပြန်ရောက်သည့်နေ့မှစ၍ စွေ့ဖုန်းက ဧကရီ၏ဘက်တွင် လုံးလုံးလျားလျား ရပ်တည်ခဲ့သူ ဖြစ်သည်။ သို့ဖြစ်ရာ ယခု သူ ပြောနေသည့် စကားများက အမှန်တကယ်တွင် ဧကရီ၏ ခိုင်းစေမှုသာ ဖြစ်ပေလိမ့်မည်။

လဲ့ကျစ်က ဘေးနားတွင် တွဲလောင်းကျနေသော သူမ၏ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားသည်။ ဤမျှ ရုတ်တရက်ဆန်လှသော အမိန့်ကြောင့် သူမ ခဏတာမျှ အေးခဲသွားရသည်။

အမိန့်ပြန်ကြားချက်ကို နှုတ်ဖြင့် ပြောကြားပြီးသွားချိန်တွင် စွေ့ဖုန်းက ဦးညွှတ်လိုက်ပြီး လိမ္မာပါးနပ်စွာ ပြန်လည်ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

“စွေ့ဖုန်း...”

ဟော်တူက မျက်တောင်တစ်ချက်မျှ မခတ်ဘဲ သူ့ကို တားဆီးလိုက်သည်။

“မပြောသင့်ဘူးဆိုတာ သိရဲ့သားနဲ့... မင်းက ပြောရဲသေးတယ်ပေါ့လေ...”

ထိုစကား၏ အနက်အဓိပ္ပာယ်က ‘မင်း ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ’ ဟု ဆိုလိုခြင်းပင်။

ဟော်တူက ခပ်ယဲ့ယဲ့ ပြုံးလိုက်ရင်း လက်ကို ဝှေ့ယမ်းပြလိုက်သည်။

“လာကြစမ်း... မိန်းမစိုးစွေ့ကို နန်းတော်အရောက် ပြန်လိုက်ပို့ပေးလိုက်စမ်း”

စွေ့ဖုန်း၏ မျက်ခုံးများက သိသိသာသာ လှုပ်ယမ်းသွားပြီး တစ်ကိုယ်လုံး အကြောင်းပြချက်မရှိဘဲ တုန်ယင်လာသည်။ နားမလည်နိုင်သော ကြောက်ရွံ့မှုနှင့် နောင်တအချို့က သူ့နှလုံးသားထဲသို့ ရုတ်တရက် အစီအရီ တိုးဝင်လာသော်လည်း စကားများကတော့ ပြောပြီးသွားချေပြီ။ နောင်တရလျှင်ပင် နောက်ပြန်လှည့်၍ မရတော့ပေ။ သူက မျက်မှောင်ကြုတ်ကာ အစေခံတစ်ဦး၏နောက်မှ အိမ်တော်အပြင်ဘက်သို့ အမြန်လိုက်သွားတော့သည်။

“သွားမယ်... အိပ်ခန်းထဲကို ပြန်ရအောင်”

ဟော်တူက ဖြည်းညှင်းစွာ ပြောလိုက်သည်။

ထိုအချိန်တွင်မှ လဲ့ကျစ်က သတိပြန်ဝင်လာသလို ဖြစ်လာသည်။ သူမက သူ့လမ်းကို လျင်မြန်စွာ ပိတ်ရပ်လိုက်ပြီး သူ၏ နက်မှောင်သော မျက်ဝန်းများကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

“အမိန့်ပြန်တမ်း... ရှန့်ယန်မြို့... အဓိကရုဏ်းတွေကို နှိမ်နင်းဖို့... အရှင့်သားက ဒီအရာတွေကို အစောကြီးကတည်းက မျှော်လင့်ထားခဲ့တာလား”

သူမ၏ အသံက အနည်းငယ် တုန်ခါနေသော်လည်း အကြည့်တို့ကတော့ ခိုင်မာပြတ်သားနေဆဲပင်။

........။.........။...........

ယုံနင်းနန်းတော် တစ်ခုလုံး မီးရောင်များဖြင့် တောက်ပလင်းထိန်နေသည်။ စောင်အောက်တွင် အေးချမ်းစွာ အိပ်စက်နေသင့်သော ဧကရီက သပ်ရပ်စွာ ဝတ်ဆင်ထားပြီး သူမ၏ မျက်နှာတွင် အိပ်ချင်ငိုက်မြည်းနေသည့် အရိပ်အယောင် လုံးဝ မရှိချေ။

“ဧကရီ... အခု ကျေနပ်ပြီလား”

ဟော်ချန်ယွင်က အပြုံးဖြင့် ပြောနေသော်လည်း သူ့လေသံက အေးစက်လွန်းနေသည်။ လင်းဝမ်နင်က သူမ၏ အကြံအစည်များကို ဧကရာဇ်ထံမှ ဖုံးကွယ်ထား၍ မရနိုင်မှန်း သိနေသော်လည်း တုံးအဟန်ဆောင်ကာ ပြန်ပြောလိုက်သည်။

“အရှင်မင်းမြတ် ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်‌တော်မျိုးမ နားမလည်ပါဘူး”

အိပ်ခန်းဆောင်အတွင်းရှိ အပူပေးမီးဖိုက ပြင်းထန်စွာ လောင်ကျွမ်းနေပြီး မီးဖိုထဲမှ ငွေရောင်မီးသွေးများ၏ တဖျောက်ဖျောက် မြည်သံကိုပင် ကြားနေရသည်။ အမွှေးနံ့သာ၏ အေးမြသော ရနံ့ကတော့ ဤအခိုက်အတန့်တွင် မည်သူတစ်ဦးတစ်ယောက်၏ စိတ်ကိုမျှ ငြိမ်သက်စေနိုင်စွမ်း မရှိတော့ပေ။

အမွှေးနံ့သာမီးဖိုဘေးတွင် ရပ်နေသော ဟော်ချန်ယွင်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး မှန်တင်ခုံအနီးသို့ ခပ်မြန်မြန် လျှောက်လာသည်။ လင်းဝမ်နင်ကလည်း ခုံပေါ်တွင် မတ်မတ်ထိုင်ရင်း သူ့ကို ရင်ဆိုင်လိုက်သည်။ သူက သူမထံသို့ တိုးကပ်လာကာ သူမကို စိုက်ကြည့်ရင်း သူမ၏ မေးစေ့ကို လက်ဖြင့် ညှစ်လိုက်သည်။

“ဧကရီက ဒီလောက်အထိ အကွက်ချ လုပ်ဆောင်ခဲ့တာပဲ... ဧကရီက ငါကိုယ်တော်ကို မယုံကြည်လို့လား”

ဟော်ချန်ယွင်၏ လက်ချောင်းများကြားမှ အားစိုက်မှုကြောင့် လင်းဝမ်နင်၏ နူးညံ့သော အရေပြားပေါ်တွင် အနီရောင်အရာများ ထင်ကျန်သွားရသည်။ လင်းဝမ်နင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ပြန်ပြောလိုက်သည်။

“ကျွန်‌တော်မျိုးမက အရှင့်ကို ယုံကြည်ပါတယ်။ ဒါပေမယ့် အရှင်မင်းမြတ်ကို စိတ်ပျက်စေခဲ့တာက ရှအာပါ”

“အင်း”

ဟော်ချန်ယွင်က လင်းဝမ်နင်၏ စကားထဲမှ ဝှက်ထားသော တိုင်တန်းမှုကို ကြားလိုက်ရသဖြင့် သူ့လက်ကို ပြန်လွှတ်ပေးလိုက်သည်။

“ဧကရီ... ငါတို့ သေချာ စဉ်းစားကြည့်ရအောင်၊ သူ တာ့ချီကို ပြန်ရောက်လာကတည်းက ချီးကျူးစရာကောင်းတဲ့ အလုပ်တစ်ခုခု လုပ်ခဲ့ဖူးလား”

ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းဝမ်နင်က ဝမ်းနည်းဟန်ဖြင့် နှုတ်ခမ်းကို ခပ်ဖွဖွ ဖိကိုက်လိုက်သည်။

အမှန်စင်စစ် တစ်ခုမျှ မရှိခဲ့ပေ။

“အခုတော့ သူက သစ္စာဖောက်ချင်တဲ့ နှလုံးသားကို ပိုင်ဆိုင်ထားပြီး အဲဒါကို လူမြင်ကွင်းမှာပါ ဖော်ထုတ်ခံခဲ့ရပြီ”

ဟော်ချန်ယွင်က လေးနက်သော အသံဖြင့် ဆက်ပြောနေသည်။

“ဒါတောင်မှ ငါကိုယ်တော်က သူ့ကို ခွင့်လွှတ်ပေးနေတုန်းပဲ”

ခေတ္တနားပြီးနောက် သူက မျက်လုံးများကို စူးစိုက်ကြည့်ကာ မေးလာပြန်သည်။

“ရှန့်ယန်မြို့... စွေ့ဖုန်း... ဧကရီက ငါ့ကိုယ်တော့်ရှေ့မှာ ဒီလောက်အထိ မိုက်မိုက်မဲမဲ ပြုမူချင်နေတာလား”

လင်းဝမ်နင်၏ မျက်လုံးများက မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားရသည်။ ဟော်တူအား ရှန့်ယန်မြို့သို့ စေလွှတ်မည့်ကိစ္စကို ဧကရာဇ် သိရှိနေခြင်းအပေါ် သူမ မအံ့သြသော်လည်း မိန်းမစိုးစွေ့ဖုန်းကို သူမ ဘက်ပါအောင် ဆွဲဆောင်သိမ်းသွင်းခဲ့သည့်ကိစ္စကိုတော့ သူမ အလွန်လျှို့ဝှက်ထားခဲ့သည်။ မည်သည့်သဲလွန်စမျှ မကျန်အောင် သေသေချာချာ လုပ်ဆောင်ခဲ့သော်လည်း ဧကရာဇ်က မြေကြီးထဲမှ တူးထုတ်လိုက်သကဲ့သို့ အရာရာကို အစအဆုံး သိရှိနေခြင်းမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

ဟော်ချန်ယွင်က ဧကရီ၏ တုန်လှုပ်ချောက်ချားသွားသော အမူအရာကို ကြည့်ရင်း ကျေနပ်သဘောကျနေပုံပေါ်သည်။ သူက ညာလက်ကို ဆန့်ထုတ်ကာ သူမ၏ပါးပြင်ကို လက်မဖြင့် ညင်သာစွာ ပွတ်သပ်ပေးနေသည်။ သို့သေည် သူ့လက်က အလွန် အေးစက်နေပြီး ထိုအေးစက်မှုက လင်းဝမ်နင်၏ တစ်ကိုယ်လုံးကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေခဲ့သည်။

ခဏအကြာတွင် သူက လက်ကို ပြန်ဖယ်လိုက်ပြီး ခန်းမအပြင်ဘက်သို့ ပြန်ထွက်သွားသည်။

“အရှင်မင်းကြီး”

လင်းဝမ်နင်က ယနေ့ည သူမ၏ လုပ်ရပ်ကြောင့် အလွန်အမင်း ထိတ်လန့်သွားကာ ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး တုန်တုန်ယင်ယင်ဖြင့် ပြန်မေးလိုက်သည်။

“အရှင်... သိရှိပြီးသားဆိုမှတော့... ဘာလို့ ထိုက်ဇီကို လွှတ်လိုက်တာလဲ...”

‘ငါ့ရဲ့ညံ့ဖျင်းတဲ့အစီအစဥ်ကို စောစောစီးစီး မြင်နိုင်ပြီဆိုကတည်းက ဘာလို့ ငါ စီစဥ် ထားသလို ချောချောမွေ့မွေ့နဲ့ လှေကို တွန်းချခိုင်းတာလဲ’

ဟော်ချန်ယွင်က ခေတ္တရပ်တန့်လိုက်သော်လည်း မည်သည့်အဖြေမျှ ပေးမသွားပေ။ ခဏအကြာတွင်တော့ သူက မဆိုင်းမတွ ထွက်ခွာသွားခဲ့သည်။

ဧကရာဇ် ထွက်သွားပြီးနောက် သိပ်မကြာခင်မှာပင် ချင်မော့မော့က စိုးရိမ်တကြီးဖြင့် အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ လင်းဝမ်နင်တစ်ယောက် ကြောင်တောင်တောင်ဖြင့် ကြမ်းပြင်ပေါ်၌ ထိုင်နေသည်ကို မြင်ရသောကြောင့် သူမ ထိတ်လန့်သွားပြီး လင်းဝမ်နင်ကို ကုတင်ပေါ်သို့ တွဲတင်ပေးလိုက်သည်။

“ဒီလို အေးစက်လှတဲ့ ဆောင်းရာသီမှာ ဧကရီမယ်မယ်က ဘာလို့ ကြမ်းပြင်ပေါ်မှာ ထိုင်နေရတာလဲ”

လင်းဝမ်နင်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ချင်မော့မော့ကို စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

“ဘာတွေ ဖြစ်နေလို့လဲ”

“ဧကရီမယ်မယ်... စွေ့ကုန်းကုန်းက အမိန့်ပြန်တမ်း ထုတ်ပြန်ဖို့ ထိုက်ဇီအိမ်တော်ကို သွားခဲ့ပေမယ့် အခုထက်ထိ နန်းတော်ကို ပြန်မလာသေးပါဘူး”

“စောင့်မနေနဲ့တော့...”

လင်းဝမ်နင်က နှုတ်ခမ်းကို တွန့်ကာ ဝမ်းနည်းသော အပြုံးဖြင့် ပြောလိုက်သည်။

“သူ ဘယ်တော့မှ ပြန်မလာတော့ဘူး”

ချင်မော့မော့ အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။

“ဧကရီမယ်မယ်ဆိုလိုတာက... ထိုက်ဇီက သူ့ကို...”

ဖြူဖျော့နေသော မျက်နှာထက်မှ ထိုအပြုံးက ကြည့်ရသူကို မသက်မသာ ဖြစ်စေသည်။ လင်းဝမ်နင်က ခေါင်းကို အသာအယာ ခါယမ်းပြလိုက်သည်။

“အဲဒါ ထိုက်ဇီ မဟုတ်ဘူး...”

မွေးကတည်းက ဟော်ချန်ယွင်အနားတွင် အနီးကပ် အမှုထမ်းခဲ့ပြီး ဆယ်စုနှစ်နှင့်ချီ၍ သစ္စာရှိခဲ့သော စွေ့ဖုန်းတောင် စကားတစ်ခွန်းကြောင့် သတ်ပစ်ခံလိုက်ရသည်။ သူမ၏ ခေါင်းအုံးဘေး၌ အတူရှိနေသော ထိုလူ၏ နှလုံးသွေးများက အမှန်တကယ် အေးစက်လွန်းကြောင်း လင်းဝမ်နင် ပိုနားလည်လာရသည်။

“ချင်မော့မော့... ချင်မော့မော့”

လင်းဝမ်နင်က ရုတ်တရက် ချင်မော့မော့၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ကာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး သူမ၏ လေသံက ထိတ်လန့်တုန်လှုပ်နေပုံရသည်။

“သူက အရမ်းရက်စက်တာပဲ... သူသာ ‘ဟော်ရှောင်း’ ရဲ့ ကိစ္စတွေကို သိသွားရင်... သူ... သူ ဘာတွေ လုပ်မှာလဲ...”

လင်းဝမ်နင်၏ ရင်ထဲတွင် တင်းကျပ်လာပြီး ကြောက်ရွံ့မှုများက သူမတစ်ကိုယ်လုံးဆီသို့ ပျံ့နှံ့သွားသည်။

“အဲဒီတုန်းက ဖြစ်ခဲ့တာတွေက မတော်တဆမှု မဟုတ်ဘူးဆိုတာကို သူ သိနေပြီလို့ ထင်လား...”

“ဧကရီမယ်မယ်”

ချင်မော့မော့က အသံကို မြှင့်လိုက်ပြီး လင်းဝမ်နင်ကို ထိတ်လန့်မှုများထဲမှ အချိန်မီ ဆွဲထုတ်လိုက်သည်။ သူမက လင်းဝမ်နင်၏ ကျောကို အသာအယာ ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။

“ဧကရီမယ်မယ်... စိတ်မပူပါနဲ့၊ အရာရာတိုင်းအတွက် ကျွန်တော်မျိုးမ ရှိပါတယ်... မကြောက်ပါနဲ့”

နောက်ဆုံးတွင် ချင်မော့မော့၏ နှစ်သိမ့်ဖျောင်းဖျမှုအောက်၌ လင်းဝမ်နင် ငြိမ်သက်စွာ အိပ်ပျော်သွားခဲ့သည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသော သခင်မဖြစ်သူ၏ ညှိုးနွမ်းအိုမင်းစပြုနေသည့် မျက်နှာကို ကြည့်ရင်း ချင်မော့မော့က မျက်မှောင်ကို စူးစူးရဲရဲ ကြုတ်ထားခဲ့သည်။ သူမက ဧကရီကို ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်သည်။ သူမတို့က အမည်နာမအရ သခင်နှင့် အစေခံဖြစ်သော်ငြားလည်း နှစ်ပေါင်းများစွာ သံယောဇဉ် တွယ်လာခဲ့ကြပြီး သူမက လင်းဝမ်နင်ကို သူမ၏ သမီးအရင်းကဲ့သို့ မှတ်ယူထားသည်။

ထိုစဉ်က သခင်မကြီးက လမ်းဘေးတွင် ဒုက္ခရောက်နေသော သူမကို ကယ်တင်ခေါ်ဆောင်လာပြီး ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ သခင်မကြီး ကွယ်လွန်သွားပြီးနောက်တွင် သူမက လင်းဝမ်နင်အတွက် မိခင်တစ်ဦးသဖွယ် တာဝန်ယူကာ စောင့်ရှောက်ခဲ့သည်။ ဧကရီဖြစ်လာသည့် လင်းဝမ်နင်ကလည်း လင်းမိသားစု၏ အကျိုးစီးပွားနှင့် သူမ၏ သားတော်အတွက် ဘဝအချိန်အများစုကို ပေးဆပ်ခဲ့ရသည်။ သူမသာ မရှိလျှင် လင်းမိသားစု ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည်မှာ ကြာလှပြီတောင် ဖြစ်နိုင်သေးသည်။

ထိုနှစ်များဆီမှ အဖြစ်အပျက်များသာ တစ်နေ့ ပေါ်ပေါက်လာခဲ့ပါက... သူမက ဧကရီအတွက် အပြစ်အားလုံးကို သူမဘာသာ ခေါင်းခံထမ်းရွက်သွားမည် ဖြစ်သည်။ ထိုသို့ပြုလုပ်ရမည်ကိုလည်း သူမ လုံးဝနောင်တရချေ။

...........။..........။.......

ညဉ့်နက်ပိုင်း ဖြစ်နေသောကြောင့် တော်ဝင်ဥယျာဉ်အတွင်း၌ အရာရာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ဟော်ချန်ယွင်က အကျွမ်းတဝင်ရှိလှသော ဇီးပန်းနီပင်ဆီသို့ သတိလက်လွတ် လျှောက်သွားရင်း ထိုနေရာ၌ ရပ်တန့်ကာ ငြိမ်သက်နေလေသည်။ နန်းတွင်းအစေခံများက ဧကရာဇ်၏ တည်ငြိမ်မှုနှင့် အတွေးကမ္ဘာကို မနှောင့်ယှက်ရဲသောကြောင့် အသက်ကိုပင် ဝဝမရှူရဲဘဲ အဝေးမှ ခစားနေကြသည်။

လင်းဝမ်နင်၏ မေးခွန်းက သူ့နားထဲ၌ ပဲ့တင်ထပ်နေဆဲပင်။ ဧကရာဇ်က နက်ရှိုင်းသော မျက်ဝန်းများဖြင့် အမှောင်ထဲတွင်ပင် နီမြန်းနေသည့် ဇီးပန်းပင်ကို စိုက်ကြည့်နေလေသည်။

‘လင်းဝမ်နင်က ရှန့်ယန်မြို့မှာ ထောင်ချောက်ဆင်ထားတာကို သိနေပါလျက်နဲ့ ဘာလို့ ဟော်တူကို လွှတ်လိုက်တာလဲ တဲ့လား...’

ဟော်ချန်ယွင်၏ မျက်လုံးများက ရုတ်တရက် အနည်းငယ် ရွေ့လျားသွားပြီး ဇီးပန်းပင်ကို တိုက်ရိုက် မကြည့်ဝံ့တော့သလို ခံစားလိုက်ရသော်လည်း ခဏချင်းမှာပင် တည်ငြိမ်မှုကို ပြန်ရသွားပုံပေါ်သည်။

ဆောင်းရာသီ၏ အအေးဓာတ်က ပိုမိုပြင်းထန်လာပြီး တိမ်ထူထပ်သော ကောင်းကင်ယံမှ လနှင့် ကြယ်တို့၏ အလင်းရောင်က ကမ္ဘာမြေပေါ်သို့ အေးစက်စွာ ဖြာကျနေသည်။

အနီရောင်ဇီးသီးများက သွေးစက်များနှင့် တူသလို၊ တောက်လောင်နေသော မီးလျှံများနှင့်လည်း ပို၍တူနေသည်။

‘မီး...’

ဟော်ချန်ယွင်က စန်းယန်တောင်မှ မီးလောင်မှုအကြောင်း ပြန်သတိရသွားသည်။ သူက သူ့လက်သီးကို တင်းတင်းဆုပ်ထားပြီး သူ့မျက်နှာထက်မှ ဒေါသရိပ်များက ည၏အမှောင်ထုကိုပင် ဖုံးလွှမ်းသွားနိုင်သည်အထိ ပြင်းထန်နေသည်။

‘တာ့ချီရဲ့ တောင်စဉ်တောင်တန်းတိုင်းက တိုင်းပြည်ရဲ့အမျိုးသားရေး ယုံကြည်ကိုးကွယ်မှုနဲ့ ဆက်စပ်နေတာလေ။ အဲ့တာကိုတောင် အဲ့ကောင်က တောင်ကို မီးရှို့ရဲသေးတယ်။ မိန်းမတစ်ယောက်အတွက်ကြောင့် သူ့စိတ်တွေက မကြည်လင်တော့ဘူး။’

ထို့ကြောင့် ဟော်တူ၏ ရှန့်ယန်မြို့ခရီးစဉ်က ခမည်းတော်တစ်ဦးအနေဖြင့် ပေးအပ်သော ‘ပြစ်ဒဏ်’ တစ်ခု ဖြစ်သလို၊ ဧကရာဇ်တစ်ဦးအနေဖြင့် ပေးအပ်သော ‘စမ်းသပ်မှု’ တစ်ခုလည်း ဖြစ်သည်။

‘ဟော်တူသာ ဒီဘေးဆိုးကြီးကနေ လွတ်မြောက်လာနိုင်ခဲ့ရင် ရာဇပလ္လင်ရဲ့အမွေဆက်ခံသူဆိုတဲ့ ရာထူးနဲ့ ထိုက်တန်လိမ့်မယ်။ မဟုတ်ရင်တော့…’

‘သူ ဆိုတဲ့ ဟော်ချန်ယွင်က အသုံးမကျတဲ့ သားကို မလိုအပ်ဘူး’

ဟော်ချန်းယွင်၏အတွေးများက တဖြည်းဖြည်း ရှင်းလင်းလာသည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး ဇီးသီးနီတစ်လုံးကို ခူးယူကာ အနံ့သင်းသင်းလေးရစေရန် နှာခေါင်းထိပ်၌ တင်ပြီး နမ်းရှိုက်ကြည့်နေပြန်သည်။

........။...........။........

“ဟုတ်တယ်”

ဟော်တူက အံ့သြမှုများ ပြည့်နှက်နေသည့် လဲ့ကျစ်၏ မြူခိုးဝေသော မျက်ဝန်းများကို စိုက်ကြည့်ရင်း ဝန်ခံလိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဆုံနေချိန်တွင် သူမကို ဆက်လက်လိမ်ညာရန် မဖြစ်နိုင်တော့မှန်း သူ သိလိုက်သည်။

လဲ့ကျစ်၏ ရင်ထဲတွင် ဓားဖျားဖြင့် အထိုးခံလိုက်ရသကဲ့သို့ ထုံကျင်နာကျင်သော ဝေဒနာကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ လဲ့ကျစ်က သူမ၏စိတ်ကို မထိန်းနိုင်တော့ဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရာ အခန်းတံခါးနှင့် ဝင်တိုက်မိလုနီးပါး ဖြစ်သွားရသည်။

ထိုအရာကို မြင်လိုက်ရသည့် ဟော်တူက သူမကို ကူညီရန် လက်ကို အမှတ်တမဲ့ ဆန့်ထုတ်လိုက်သော်လည်း လဲ့ကျစ်က သူ့ကို တားဆီးရန် လက်ကို ချက်ချင်း မြှောက်ပြလိုက်သည်။ သူမ၏ မျက်တောင်ညိုညိုလေးများက တုန်ယင်နေပြီး သူမ၏မျက်ဝန်းအစုံက သူ့ကို စိုက်ကြည့်ရင်း ပြောလာခဲ့သည်။

“ကျွန်မဘာသာ ကျွန်မ နေပါရစေ... တစ်ယောက်တည်း နေပါရစေ...”

လဲ့ကျစ်က ဟော်တူ၏ အဖြေကိုပင် စောင့်မနေတော့ဘဲ ချက်ချင်း ပြန်လှည့်ကာ ခန်းမထဲမှ ပြေးထွက်လာခဲ့သည်။ အပြင်ဘက်တွင် ဆောင်းလေအေးများ ပြင်းထန်စွာ တိုက်ခတ်နေသော်လည်း လဲ့ကျစ်ကတော့ ထိုအအေးဒဏ်ကို လုံးဝ မခံစားရတော့ပေ။ သူမက စိတ်ကို တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားရင်း အတွေးများကို ပြန်လည် စုစည်းနေမိသည်။

သူမက သူမ၏ အစီအစဉ်များ ချောမွေ့နေပြီဟု ထင်မှတ်ထားခဲ့သည်။ သူမက ဟော်ရှကို တိုက်ခိုက်ရန် ရှန်းချင်းယန်နှင့် ပူးပေါင်းခဲ့သည်။ ထိုသို့ဖြင့် ဝန်ကြီးချုပ်၏ အာဏာကို အသုံးချနိုင်သလို ရှန်းချင်းယန်ကိုလည်း ငရဲခန်းမှ လွတ်မြောက်စေမည် ဖြစ်သည်။ အမှန်တကယ်တွင် စွေ့ဖုန်း ပေါ်မလာခင်အထိ သူမက သူမဘာသာ ကျေနပ်နေခဲ့သေးသည်။ ဟော်ရှ၏ ပျက်စီးသွားသော အခြေအနေနှင့် သူမကို လုံးဝ သံသယမဝင်သည့် သူ၏ မိုက်မဲမှုများက သူမကို ပျော်ရွှင်စေခဲ့သည်။

သို့သော် ယခုတွင်မူ ထိုပျော်ရွှင်မှုများက ဝမ်းနည်းမှုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့ချေပြီ။ နန်းတွင်းဆိုသည်က တုန်လှုပ်ချောက်ချားစရာ တွက်ကိန်းများနှင့် ပြည့်နှက်နေသည်ကို သူမ သိလိုက်ရသည်။ သူမ အရာရာကို တွက်ချက်ခဲ့သော်လည်း ဟော်ရှ၏ မိခင်ဖြစ်သလို ပါးနပ်လှသော တာ့ချီ၏ဧကရီကိုတော့ လျှော့တွက်မိခဲ့သည်။ ထိုကဲ့သို့သော လူကြီးများနှင့် ယှဉ်လျှင် သူမက ယခုထက်ထိ အရွယ်မရောက်သေးသော ကလေးမလေးတစ်ယောက်သာ ရှိသေးသည်။

လဲ့ကျစ်၏ မျက်ဝန်းအစုံတွင် အခိုးအငွေ့များ စုပုံလာပြီး ရှည်လျားသော မျက်တောင်လေးများ စိုစွတ်လာကာ မျက်ရည်တစ်စက်က ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွားသည်။ သူမက ခေါင်းမာမာဖြင့် ထိုမျက်ရည်များကို အတင်းသုတ်ပစ်သော်လည်း သုတ်လေလေ ပိုစိုလေလေ ဖြစ်နေတော့သည်။

‘အိပ်ခန်းဆောင်က ဘာလို့ ဒီလောက်တောင် ဝေးနေရတာလဲ...’

လဲ့ကျစ် အချိန်အတော်ကြာ လမ်းလျှောက်နေခဲ့သော်လည်း အိမ်ခန်းဆီးသို့ ပြန်မရောက်နိုင်သေးပေ။ နောက်ဆုံးတွင် လဲ့ကျစ် ဆက်သည်းမခံနိုင်တော့ဘဲ ထိုနေရာ၌ပင် ထိုင်ချလိုက်ပြီး မျက်နှာကို ဒူးပေါ်တင်ကာ တိုးတိုးလေး ငိုချလိုက်မိသည်။

ရုတ်တရက် နွေးထွေးသော လက်တစ်စုံက သူမ၏ ဦးခေါင်းပေါ်သို့ ရောက်လာခဲ့သည်။ လဲ့ကျစ်က ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး အဖြူရောင်ကျောက်စိမ်း ဘီးတပ်ထိုင်ခုံပေါ်တွင် ထိုင်နေသော ဟော်တူကို ကြောင်တောင်တောင်လေး စိုက်ကြည့်နေပြန်သည်။ သူမ၏ စိတ်ခံစားမှုများက ရှုပ်ထွေးနေပြီး မျက်ဝန်းအောက်တွင် ဒေါသအရိပ်အယောင်အချို့လည်း ရောယှက်နေသည်။

သူမက အရွယ်မရောက်သေးသူ ဖြစ်နိုင်သော်လည်း ဟော်တူကတော့ အရာရာကို ရှင်းရှင်းလင်းလင်း သိထားသူဖြစ်သည်။ ရှန့်ယန်မြို့မှ အဓိကရုဏ်းများအကြောင်းကိုပင် သူ ကြိုတင်သိရှိထားခဲ့သည်။ သူသာ သူမကို အစောကြီးကတည်းက ပွင့်ပွင့်လင်းလင်း ပြောပြခဲ့လျှင် သူမ၏ အစီအစဉ်များကို ပြန်လည် ပြင်ဆင်နိုင်ခဲ့မည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူလည်း ဤကဲ့သို့ အန္တရာယ်များသည့် ခရီးကို သွားစရာ လိုမည် မဟုတ်ပေ။

“ဘာလို့လဲဟင်...”

လဲ့ကျစ်က အက်ကွဲသောအသံဖြင့် မေးလိုက်သည်။

“အင်း... မင်းရဲ့ အပြုံးလေးကို မြင်ချင်လို့ပါ”

ဟော်တူက သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ အမှန်အတိုင်း ဝန်ခံလိုက်သည်။

........။.........။........

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ : “ဘာဖြစ်လို့လဲ... ငါလည်း အချစ်ကိုပဲ ဦးစားပေးတဲ့သူ ဖြစ်လို့မရဘူးလား” ကျစ်ကျစ် : (စိတ်ပျက်လက်ပျက်ဖြင့်) “ငါ ဘာမှ မတတ်နိုင်တော့ဘူး...”

All Chapters