အခန်း (၇၃-၇၄)
Vol. 7 Ch. 73-74
အခန်း ၇၃ နာကျင်မှု (နှစ်ယောက်ထဲမှ တစ်ယောက်)
လဲ့ကျစ်က သူမ၏ ရင်ထဲ၌ ထပ်ခါတလဲလဲ ရေရွတ်နေသည်။
‘သူက အမြဲတမ်း ဒီလိုပဲ... ရူးနေတာ...’
တဖြည်းဖြည်းနှင့် သူမ၏ ငိုသံများက တိတ်ဆိတ်သွားပြီး ဦးခေါင်းပေါ်မှ သူ၏ လက်ကို ဖယ်ထုတ်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။
“အရှင့်သား ထိုက်ဇီကတော့ အရာရာကို ကောင်းကောင်း တွက်ချက်ထားတာပဲနော်”
လဲ့ကျစ်က အက်ကွဲသောအသံဖြင့် ဆက်ပြောနေသည်။
“ဧကရီရဲ့ အစီအမံတွေ... ရှန့်ယန်မြို့က အဓိကရုဏ်းတွေ... ဧကရာဇ်ရဲ့ အမိန့်ပြန်တမ်းတွေ... လူတိုင်းရဲ့ ခြေလှမ်းတိုင်းက အရှင့်သားရဲ့ အစီအစဉ်ထဲမှာ ရှိနေခဲ့တာပေါ့။ အရှင့်သားက ကျွန်မရဲ့ တုံ့ပြန်မှုကိုတောင် ကြိုတင်မှန်းဆထားပြီးသား မလား ဟုတ်တယ်မလား... ဟမ်”
‘ဟော်ရှ အပြစ်ပေးခံရတဲ့အတွက် သူမ ခံစားရမယ့် ပျော်ရွှင်မှုတွေ၊ အမိန့်တော်ကို ကြားပြီးနောက် တုန်လှုပ်ချောက်ချားသွားရမှုတွေနဲ့ သူရဲ့ အစီအစဉ်အားလုံးကို သိရှိသွားပြီးနောက် သူမကိုယ်သူမ ကဲ့ရဲ့ရှုတ်ချပြီး ငိုကြွေးမယ့် အဖြစ်အပျက်တွေ...
အဲ့အရာတွေအားလုံးကတောင် သူ စနစ်တကျ ခင်းကျင်းထားတဲ့ ဘယ်အချိန်မှ မကျရှုံးနိုင်တဲ့ ပြီးပြည့်စုံတဲ့ည့် ဗျူဟာကြီးအောက်မှာ ရှိနေခဲ့တာလား’
ဟော်တူက မျက်မှောင်ကြုတ်ကာ တိတ်ဆိတ်နေပြီး သူ၏ မျက်ဝန်းအိမ်များက ပိုမိုနက်မှောင်လာသည်။ လဲ့ကျစ်က နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်ပြီး သူ၏ မျက်နှာကို သေချာစွာ စိုက်ကြည့်နေမိသည်။
တိတ်ဆိတ်သော ညနက်ပိုင်းတွင် နှင်းပွင့်များက လျင်မြန်စွာ ကျဆင်းလာသည်။ နှင်းပွင့်လေးများက သူမ၏ ဆံနွယ်များ၊ မျက်တောင်များနှင့် ပခုံးသားများပေါ်တွင် နားခိုနေကြသည်။
“မင်း... စိတ်ဆိုးနေတာလား”
ဟော်တူက တိုးညှင်းစွာ မေးလိုက်သည်။
လဲ့ကျစ်က သူ့ကိုကြည့်ကာ ဖြည်းညှင်းစွာ ပြုံးလိုက်သည်။ အနက်ရောင် မျက်တောင်ပေါ်မှ နှင်းပွင့်လေးများက တဖြည်းဖြည်း အရည်ပျော်လာပြီး သူမ၏ မျက်ဝန်းများကို စိုစွတ်စေရာ မျက်လုံးအိမ်အတွင်းမှ ခံစားချက်အစစ်အမှန်ကို မည်သူမျှ မမြင်နိုင်တော့ချေ။
“ဘာလဲ... အရှင့်သားရဲ့ ခန့်မှန်းချက်အရဆိုရင် ကျွန်မက ဘယ်လိုတုံ့ပြန်မယ်လို့ ထင်ထားလို့လဲ”
သူမ၏ အပြုံးက ပိုမိုတောက်ပလာသော်လည်း မျက်လုံးအစုံက အနည်းငယ် လှုပ်ခတ်နေသည်။ သူမက သူ၏ ဒဏ်ရာရထားသော ခြေထောက်ကို တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
“မနက်ဖြန် မနက်စောစော ခရီးထွက်ရမှာဆိုတော့ အခု အနားယူဖို့ အိပ်ခန်းထဲကို ပြန်သွားတော့”
ထိုသို့ပြောပြီးနောက် သူမက ချက်ချင်း လှည့်ထွက်သွားသည်။
“ဘယ်သွားမလို့လဲ”
“အရှင့်သားက အဲဒါကိုရော မခန့်မှန်းနိုင်တော့ဘူးလား”
လဲ့ကျစ်က အပြုံးဖြင့် ပြန်မေးလိုက်သည်။
နှစ်ကြိမ်ဆက်တိုက် စွန့်ပစ်ခံလိုက်ရသဖြင့် ဟော်တူက သူကိုယ်သူ ဖနောင့်နှင့် ပြန်ပေါက်မိသလို ခံစားနေရသည်။
‘သူမရဲ့ ဒေါသကို သိပါလျက်နဲ့... အခုတော့ သူက အမှန်တကယ်ကို အဲ့တာနဲ့ ထိုက်တန်နေပါပြီ။’
သူမ၏နောက်မှ လူက စကားရပ်သွားသည်ကို မြင်လိုက်ရချိန်တွင် လဲ့ကျစ်က ခဏမျှ ရပ်တန့်သွားသော်လည်း အိမ်တော်တံခါးဆီသို့သာ ဆက်လက်လျှောက်လှမ်းနေခဲ့သည်။ နှင်းတောထဲတွင် အဖြူရောင်ကျောက်စိမ်း ဘီးတပ်ထိုင်ခုံပေါ်၌ ကျန်ရစ်ခဲ့သော ဟော်တူက လဲ့ကျစ် ထွက်ခွာသွားရာ လမ်းကြောင်းကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေမိသည်။
‘အဲ့ဒီ ပြီးပြည့်စုံတဲ့ ဗျူဟာကြီးက... ဘာမှာတုန်း’
‘သူက သူမစိတ်ကို ဘယ်တော့မှ မှန်းဆနိုင်မှာ မဟုတ်ဘူးလေ...ဟုတ်တယ်မလား’
.......။........။.......
ညဉ့်နက်ချိန်တွင် အိမ်ရှေ့စံအိမ်တော်၏ နောက်ဘက်တံခါးမှ ရထားလုံးတစ်စင်း အပြေးထွက်ခွာသွားခဲ့သည်။
လဲ့ကျစ်က ရထားလုံးပေါ်တွင် ထိုင်နေရင်း ရင်ထဲ၌ လေးလံမှုကို ခံစားနေရသည်။ ဒေါသထွက်နေခြင်း မဟုတ်တော့သော်လည်း တစ်စုံတစ်ခုအတွက် စိတ်မကောင်း ဖြစ်နေမိသည်။
‘ဟော်တူက ရှန့်ယန်မြို့ကို ဘာကြောင့် သွားရမှာလဲ...’
ဤအဖြစ်အပျက်များအပြီးတွင် သူမ သူ့ကို လုံးဝ နားမလည်သေးကြောင်း လေးလေးနက်နက် ခံစားလိုက်ရသည်။
‘သူ ဘာတွေတွေးနေလဲ၊ ဘာတွေ ဆက်လုပ်မှာလဲ ဆိုတာကို သူမ လုံးဝ မသိနိုင်ခဲ့ဘူး’
‘အခုအချိန်အထိ သူမ သူမရဲ့ကိစ္စတွေက လွဲပြီး ဟော်တူအပေါ် ဂရုစိုက်မှု အမှန်တကယ် နည်းပါးလွန်းနေခဲ့တာ မဟုတ်ဘူးလား’
ဂရုစိုက်မှု နည်းလွန်းတယ်လို့ ပြောမည့်အစား၊ သူမရဲ့ ဂရုစိုက်မှုတွေက အပေါ်ယံဆန်လွန်းတယ်လို့ ပြောရင် ပိုမှန်မှာပေါ့၊ သူမ အမှန်တရားကို မေးမြန်းဖို့ ကြောက်ရွံ့နေသလို မေးလည်း မမေးချင်ခဲ့ဘူး။ တကယ်တော့ သူမ အမြဲတမ်း ရှောင်လွှဲနေခဲ့မိတာပါ’
ယခုလည်း လဲ့ကျစ်က ဟော်တူကို တိုက်ရိုက်မေးရမည့်အစား သူမ၏ မသိစိတ်က ဦးလေးရင်ကို မေးမြန်းရန် ရွေးချယ်ခဲ့သည်။
‘တကယ်တော့ ငါ့မှာ ဒေါသဖြစ်ပိုင်ခွင့်ရော ရှိလို့လား၊ ငါတို့နှစ်ဦးစလုံးက တူညီတဲ့ လူစားမျိုး ဖြစ်နေကြတာ မဟုတ်ဘူးလား။’
“ရပ်... ရပ်...”
ရှမင်က ဇက်ကြိုးကို တင်းတင်းဆွဲကာ မြင်းကို အရှိန်သတ်လိုက်သည်။
“သခင်မ... ကျွန်တော်တို့ ရောက်ပါပြီ”
ရှမင်၏ အသံ အပြင်ဘက်မှ ထွက်ပေါ်လာချိန်တွင် လဲ့ကျစ်က သူမ၏ အပေါ်ရုံအင်္ကျီကို တင်းကျပ်အောင် စေ့လိုက်ပြီး ရထားလုံး ကန့်လန့်ကာကို မကာ အပြင်သို့ ထွက်လာခဲ့သည်။
ထိုအချိန်တွင်မှ လဲ့ကျစ်က တစ်ခုခုကို တွေးမိသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
‘ငါ ဒီလိုအချိန်ကြီးမှာ ဦးလေးရင်ကို နှောင့်ယှက်ဖို့ မရွေးချယ်သင့်ဘူး’
သူမ နှုတ်ခမ်းကို တင်းတင်းစေ့ကာ စဉ်းစားနေစဉ်မှာပင် ဝါးအိမ်အတွင်းမှ မီးရောင်များ လင်းထိန်လာသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမ တံခါးခေါက်ရန် လက်မြှောက်လိုက်သော်လည်း တံခါးက အလိုလို ပွင့်လာပြီး ဦးလေးရင်က အပြင်သို့ ထွက်လာကာ သူမကို ပြုံးပြုံးလေး ကြည့်နေလေသည်။
‘ဦးလေးရင်က ငါ လာမယ်ဆိုတာကို ကြိုသိနေသလိုပဲ’
ရင်ချန်ရော လက်ဝှေ့ယမ်းပြလိုက်သည်နှင့် ခြံတံခါးက အလိုလို ပွင့်သွားသည်။ လဲ့ကျစ် အံ့သြသွားသော်လည်း ခြေလှမ်းအနည်းငယ် တိုးလိုက်ကာ အလေးအနက် အရိုအသေပေးလိုက်သည်။
“ဦးလေးရင်...”
“အပြင်မှာ အေးတယ်... အထဲကို မြန်မြန်ဝင်”
ဦးလေးရင်၏ အသံက ယခင်ကထက် ပို၍ နူးညံ့နေသည်။ လဲ့ကျစ်က ခေါင်းညိတ်ပြလိုက်ပြီး ရှမင်နှင့် အခြားသူများကို အိမ်ထဲသို့ ခေါ်သွားလိုက်သည်။ အိမ်ရှေ့ခန်းမတွင် အစားအသောက်များ အစုံအလင် ပြင်ဆင်ထားသည်ကို တွေ့ရသဖြင့် လဲ့ကျစ်က သူတို့ကို ထိုနေရာ၌ ထားခဲ့ကာ သူမကိုယ်တိုင်ကတော့ ဦးလေးရင်နောက်သို့ လိုက်သွားပြီး လက်ဖက်ရည်ခန်းထဲသို့ ဝင်လာခဲ့သည်။
“ဦးလေးရင်က ကျွန်မ လာမယ်ဆိုတာကို သိနေတာလားဟင်”
လဲ့ကျစ်က နူးညံ့သော ထိုင်ခုံတွင် ဝင်ထိုင်လိုက်ရင်း ရင်ချန်ရှော ကမ်းပေးသော လက်ဖက်ရည်ပူပူကို လှမ်းယူလိုက်သည်။
ရင်ချန်ရှောက အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“အင်း၊ မြင်းခွာသံကို ငါ ကြားရတယ်”
လဲ့ကျစ်က သူ့ကို အံ့သြတကြီး ကြည့်လိုက်မိသည်။
‘မြင်းခွာသံကို ကြားရုံနဲ့ သိတယ်ဆိုရင် အိမ်ရှေ့ခန်းမှာ ပြင်ထားတဲ့ အစားအသောက်တွေနဲ့ ဒီမှာ ဖျော်ထားတဲ့ လက်ဖက်ရည်မွှေးကို ဘယ်လို ရှင်းပြမှာလဲ။ ဒီအရာတွေကို အချိန်တို အတွင်း ပြင်ဆင်လို့ မရနိုင်ဘူးလေ။
ဖြစ်နိုင်တာက…’
တစ်မူထူးခြားသော ကိုယ်ခံပညာရှင်ကြီးများက မိုင်တစ်ရာအကွာမှ အသံကိုပင် ကြားနိုင်သည်ဟု သူမ၏ အစ်ကိုတော်က တစ်ခါက ပြောဖူးသည်ကို လဲ့ကျစ် ရုတ်တရက် သတိရမိသည်။ ထိုစဉ်က သူမ၏ အစ်ကိုက နောက်ပြောင်နေသည်ဟု ထင်ခဲ့သော်လည်း ယခုတွင်တော့ ကမ္ဘာပေါ်၌ ထိုကဲ့သို့သော လူမျိုးများ တကယ်ရှိကြောင်း သူမ သိလိုက်ရချေပြီ။
လဲ့ကျစ်၏ အံ့သြနေသော အမူအရာကို ကြည့်ကာ ရင်ချန်ရှောက ပြုံးနေခဲ့သည်။ သူ့တွင် ထိုကဲ့သို့ အရည်အချင်းမျိုးသာ မရှိခဲ့လျှင် ဟိုးအရင်ကတည်းက ဟော်ချန်ယွင် စေလွှတ်လိုက်သော တပ်ဖွဲ့များ၏ လက်ချက်ဖြင့် သူ အသက်ပျောက်ခဲ့သည်မှာ ကြာနေလောက်ပေပြီ။
“ရှောင်တူနဲ့ ရန်ဖြစ်လာတာလား”
သူက အဓိကအချက်ကို တိုက်ရိုက် မေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသဖြင့် လဲ့ကျစ်၏ ပါးပြင်လေးများ နီရဲသွားပြီး ခေါင်းခါလိုက်သည်။
“မဟုတ်ပါဘူး... ကျွန်မ သူ့ကို သိပ်ပြီး နားမလည်နိုင်တော့လို့ပါ...”
သူမ၏ စကားမဆုံးခင်မှာပင် ဦးလေးရင်က လက်ဟန်ခြေဟန်ဖြင့် တားမြစ်လိုက်သည်ကို မြင်လိုက်ရသဖြင့် လဲ့ကျစ်က စကားစ ရပ်လိုက်သည်။
ထို့နောက် ဦးလေးရင်က ဘေးဘက်ရှိ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီး လက်ဖက်ရည်ခွက်အလွတ်ကို ကောက်ယူကာ ညအမှောင်ထုထဲသို့ ခပ်ပြင်းပြင်း ပစ်ပေါက်လိုက်သည်ကို လဲ့ကျစ် တွေ့လိုက်ရသည်။ ဆူညံသံအချို့နှင့်အတူ အိမ်ခေါင်မိုး တံစက်မြိတ်ပေါ်မှ လူရိပ်အချို့ ကြမ်းပြင်ပေါ်သို့ ဒိုင်းခနဲ ခုန်ဆင်းလာကြသည်။
“ပြန်သွားပြီး အဲဒီ ညစ်ပတ်နံစော်နေတဲ့ ကောင်လေးကို ပြောလိုက်... အရွယ်ရောက်လာတာတောင် စကားကို ပါးစပ်ကနေ ပွင့်ပွင့်လင်းလင်း မပြောနိုင်သေးဘူး။ သူ့မိန်းမ ထွက်ပြေးတာကတော့ သူနဲ့ အမှန်တကယ် ထိုက်တန်တယ်လို့သာ ပြောလိုက်စမ်း”
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လျှို့ဝှက်အစောင့်များက မည်သို့မျှ ပြန်မဖြေရဲဘဲ အချင်းချင်း ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြသည်။ ဤစကားမျိုးကို သူတို့က အရှင်သခင်ထံ မည်သည့် သတ္တိဖြင့် ပြန်ပြောရမည်ကို သူတို့ မသိတော့ပေ။
ရင်ချန်ရှောက နောက်ထပ် လက်ဖက်ရည်ခွက်တစ်ခွက်ကို ထပ်မံကောက်ယူလိုက်ပြီး မေးလိုက်သည်။
“ထွက်မသွားကြသေးဘူးလား”
ထိုစကားကို ကြားပြီးနောက် လျှို့ဝှက်အစောင့်များက ဤအကြပ်အတည်းကို အရှုံးပေးလိုက်ရပြီး အမြန်ဆုံး ထွက်ခွာသွားကြတော့သည်။ လက်ဖက်ရည်ခွက် အောက်ခြေက သစ်သားစားပွဲကို ပြန်ထိလိုက်သည့် အသံတိုးတိုးလေး ထွက်လာပြီးနောက် ပြတင်းပေါက်ကို ပြန်ပိတ်လိုက်သဖြင့် အပြင်ဘက်တွင် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
ရင်ချန်ရှောက သူ၏အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး လဲ့ကျစ်ကို ကြည့်လိုက်ချိန်တွင် သူမ၏ အမူအရာက စိတ်အနှောက်အယှက် ဖြစ်မနေသည်ကို သူ တွေ့လိုက်ရသည်။
“မင်းလည်း အဲဒါကို ကျင့်သားရနေပြီလား... အဲဒါက အဲဒီ ညစ်ညမ်းတဲ့ကောင်လေးရဲ့ အမြဲတမ်းလုပ်နေကျ အပြုအမူတွေပဲလေ”
လဲ့ကျစ်က ခေါင်းညိတ်ပြလိုက်သည်။ ဟော်တူက သူမကို လျှို့ဝှက်ကာကွယ်ရန် တစ်စုံတစ်ယောက် လွှတ်လိုက်သည့်အပေါ် သူမ မအံ့သြတော့ပေ။ သူက အမြဲတမ်း ဤကဲ့သို့ သူမအတွက် အရာရာကို စီစဉ်ပေးတတ်သော်လည်း ကြိုတင်ပြောဆိုလေ့ မရှိခဲ့ပေ။ သူမ သူ့ကို အပြစ်မတင်လိုသော်လည်း ရင်ထဲတွင်တော့ အပြည့်အဝ မကျေနပ်နိုင်သေးချေ။
“ကျစ်ကျစ်... မင်း သိလား၊ တကယ်တော့ မင်းက သူနဲ့ အရမ်းတူတယ်”
ရင်ချန်ရှောက အပြုံးဖြင့် ဆက်ပြောနေသည်။
“မင်းက ထက်မြက်ပြီး သွက်လပ်တယ်၊ နည်းနည်းလေး ပြောရုံနဲ့ အကုန်နားလည်နိုင်တယ်၊ ဒါပေမယ့် ရှောင်တူလိုပဲ စကားတွေ အများကြီး မပြောတတ်ဘူး၊ မင်း မပျော်တဲ့အချိန်မှာတောင် မင်းရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားပြီး ဘယ်တော့မှ ထုတ်ဖော်မပြဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်၊ ဟုတ်တယ်မလား”
သူမ၏ နှလုံးသားထဲတွင် စူးစူးနင့်နင့် ဖြစ်သွားရသဖြင့် လဲ့ကျစ် ဘာမှပြန်မပြောနိုင်ဘဲ မျက်လုံးများကို အောက်ငုံ့ထားလိုက်မိသည်။ သူမ၏ ပြောမပြနိုင်သော မွန်းကျပ်မှုများကို ဦးလေးရင်က ကောင်းကောင်း မြင်နိုင်ခဲ့သည်။
ရင်ချန်ရှောက ဆက်ပြောနေပြန်သည်။
“မင်း ဘာမှမပြောဘူးမလား... အင်း... သူကလည်း ဘာမှမပြောတတ်ဘူး၊ မင်းက ဂရုမစိုက်သလို ဟန်ဆောင်လေလေ၊ သူက မင်းအပေါ် ပိုပြီး စိတ်တိုလေလေပဲ၊ သူက အရမ်းသန်မာတယ်လို့ မင်း မထင်လိုက်ပါနဲ့၊ တကယ်တော့ သူက ဟန်ဆောင်နေတာပါ၊ သူက မိန်းကလေးတစ်ယောက်ကို သဘောကျဖို့ အလွန်ခက်ခဲပေမယ့် အခုတော့ မင်းရဲ့စိတ်ကို သူ မဖတ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒါကြောင့် သူ သေလောက်အောင် စိုးရိမ်နေတာ၊ ဘာကိုမှ သေသေချာချာ မတွေးနိုင်တော့ဘဲ မင်းကို စိတ်ဆိုးအောင် လုပ်မိနေတာပဲ၊ သူ့အမြင်မှာတော့ မင်း စိတ်ဆိုးနေရင် အဲဒါက မင်း သူ့ကို ဂရုစိုက်နေတယ်လို့ သူက ယူဆနေတာလေ”
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။
ဟော်တူက လွန်ခဲ့သော ရက်အနည်းငယ်က သူမအပေါ် အဘယ်ကြောင့် ထိုမျှအထိ ဒေါသတကြီး ဖြစ်နေခဲ့ရသည်ကို လဲ့ကျစ် ရုတ်တရက် နားလည်သွားသည်။
‘အကြောင်းရင်းအမှန်က ဒီလိုလား။ သူက အသက်ကြီးနေပြီလေ၊ အဲ့ဒါကို ခုထိ ကလေးဆန်နေတုန်းပဲ၊ အာ....’
“ပြတ်ပြတ်သားသား ပြောရရင်တော့ သူက ငတုံးပဲ”
ရင်ချန်ရှောက ပြောပြောဆိုဆိုနှင့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။ သူ၏ လေသံက အတော်ပင် စက်ဆုပ်ရွံရှာနေဟန်ရှိသည်။
“ကျွန်မ... မသိခဲ့ဘူး...”
လဲ့ကျစ်က ခေါင်းငုံ့ကာ တိုးတိုးလေး ပြန်ပြောလိုက်သည်။
‘ဟော်တူကို ငတုံးလို့ ပြောရင် သူမလည်း ပိုကောင်းမှာတော့ မဟုတ်ပါဘူး။ သူ့ဒေါသနောက်ကွယ်က အကြောင်းရင်းကို သူမ မမြင်နိုင်သလို သူမကို မပြောချင်တဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို သူမ မမှန်းဆနိုင်ခဲ့ဘူး။
နှစ်ယောက်စလုံးက အရမ်းကို တုံးအခဲ့တာပါ’
“ဟေး... မဟုတ်ဘူး၊ မဟုတ်ဘူး”
ရင်ချန်ရှောက မကျေမနပ် ခေါင်းခါရင်း ထပ်ပြောလိုက်သည်။
“မင်းလုပ်တာ မှန်တယ်၊ အဲဒီညစ်ပတ်တဲ့ ကောင်လေးကို ဒီလောက်လွယ်လွယ်နဲ့ အောင်မြင်အောင် လုပ်ပေးလို့ ဘယ်ဖြစ်မလဲ၊ အခု မင်း ထွက်လာလိုက်တော့ အဲဒီနံစော်နေတဲ့ ကောင်လေးက တော်တော်လေး စိတ်ဓာတ်ကျနေမှာ၊ ဒီလိုပဲ လုပ်သင့်တယ်၊ သူ့ကို စိတ်မသက်မသာ ဖြစ်အောင် လုပ်တာက ဖြစ်သင့်တဲ့ ပြစ်ဒဏ်ပဲ”
“ဒါပေမဲ့ ဦးလေးရင်... သူက ဘာလို့ ရှန့်ယန်မြို့ကို သွားမှာလဲဟင်”
နောက်ဆုံးတွင် လဲ့ကျစ်က ထပ်မေးလိုက်သည်။ သူမက နားမလည်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ထပ်ပြောပြလိုက်သည်။
“ဧကရီဆီမှာ ယုတ်မာတဲ့ အကြံအစည်တွေ ရှိနေတယ်၊ မြို့ထဲမှာ သူ့အတွက် ထောင်ချောက်တွေ အဆင်သင့်ရှိနေတယ်... ဒါတွေအားလုံး သိနေတာတောင် သူက ဘာလို့ သွားမှာလဲ”
‘ရှန့်ယန်မြို့...’
ရင်ချန်ရှော၏ မျက်လုံးများက အနည်းငယ် မှေးစပြုလာသည်။ သူက လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ ပြတင်းပေါက်ကို ပြန်ဖွင့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်နေသည်။ လဲ့ကျစ်ကလည်း ခေါင်းကိုလှည့်ပြီး ဦးလေးရင်ကဲ့သို့ပင် အဝေးဆီမှ တောင်တန်းများကို လှမ်းကြည့်လိုက်သည်။ သူမ မှတ်မိနေသည့်အရာများ မှန်ကန်ပါက ထိုနေရာက တာ့ချီတိုင်းပြည်၏ တော်ဝင်ဂူဗိမာန်ရှိသော နေရာ ဖြစ်သည်။
“ဒီလူအိုကြီး ပြောပြမယ့် ပုံပြင်လေးကို နားထောင်ချင်လား”
ရင်ချန်ရှောက မျက်လုံးကို အကြည့်မလွှဲဘဲ ပေါ့ပေါ့ပါးပါး မေးလာခဲ့သည်။
“ကျွန်မ ကြားချင်ပါတယ် ဦးလေးရင်”
“ဟိုးရှေးရှေးတုန်းက မျိုးနွယ်စုငယ်တွေနဲ့ ဆွေစဉ်မျိုးဆက် ခင်မင်ခဲ့ပြီး ဆက်ဆံရေးကောင်းတဲ့ တိုင်းပြည်တစ်ခုရှိခဲ့တယ်၊ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်၊ မျိုးနွယ်စုတွေက ပိုပိုပြီး သန်မာလာကြတယ်..."
နှစ်ဘက်စလုံးကို ချည်နှောင်ပေးနိုင်တဲ့ တံတားကတော့ ထိမ်းမြားလက်ထက်ခြင်းပေါ့၊ မျိုးဆက်တစ်ခုအရောက်မှာတော့... အဲ့မျိုးနွယ်စုက နဂါးနဲ့ ဖီးနစ်အမြွှာလေးတွေကြောင့် ကောင်းချီး ခံစားခဲ့ရတယ်။ မင်းသားငယ်လေးက မဟာဆန်ဆန် ခမ်းညားပြီး မင်းသမီးငယ်လေးက ဆွဲဆောင်မှုရှိရှိ လှပတယ်။ မင်းသမီးလေး ထိမ်းမြားလက်ထပ်ရမယ့် အရွယ်ကို ရောက်လာတော့ ထုံးစံအတိုင်း လက်ထပ်ဖို့ မဟာမိတ်နိုင်ငံကို ပို့ဆောင်ပေးကြတယ်။
မင်းသမီးလေးမှာ သူ့ကို ငယ်စဉ်ကလေးဘဝကတည်းက ချစ်ခင်မြတ်နိုးနေတဲ့ ငယ်ကျွမ်းဆွေကောင်လေး တစ်ယောက်ရှိတယ်။ သူက မင်းသမီးလေးကို အမြဲတမ်း သဘောကျနေပေမယ့် ဘာမှတော့ မပြောရဲဘူး။ သူက မင်္ဂလာအခမ်းအနားကို သွားမယ့် မင်းသမီးလေးကို လမ်းတလျောက်လုံး တိတ်တိတ်လေး လိုက်ပါပို့ဆောင်ပေးခဲ့တယ်။
ပထမတော့က ဒါက နှစ်ဦးနှစ်ဘက်ကြား ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းဖို့ လုပ်ဆောင်တဲ့ လုပ်ရပ်တစ်ခုပဲလို့ သူ ထင်ခဲ့တာ။ မင်းသမီးကလဲ အဲ့ဒီအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ပူနေခဲ့တယ်။ အဲ့လို စိတ်ပူနေတာက... သူမရဲ့မင်္ဂလာပွဲနေ့မှာ အနီရောင်ကန့်လန့်ကာကို ရုတ်သိမ်းပြီး မဟာမိတ်တိုင်းပြည်က ထိုက်ဇီရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်အထိပေါ့။
သူမရဲ့ခင်ပွန်းသည်က ချောမောခန့်ညားပြီး သူမကို နူးညံ့စွာ ပြုံးပြနေခဲ့တယ်။
မင်းသမီးလေးက တစ်ချက်ကြည့်ပြီးနောက် မျက်လွှာလေးချပြီး ပြုံးနေခဲ့တယ်။
ပြီးတော့ အဲ့ဒီညမှာ အရှေ့ဘက်နန်းတော်ထဲကို ခိုးဝင်သွားတဲ့ ငယ်ကျွမ်းဆွေလေးက ချစ်စဖွယ် တီးတိုး ရယ်မောသံတွေအပြင် တရားဝင် သေရည်ခွက်လဲလှယ်မှုရဲ့ ပေါ့ပါးတဲ့ အထိအတွေ့ကို နားထောင်လိုက်ရပြီး နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားပြီး အမြန်ပြန်ထွက်သွားတော့တယ်။
လက်ထပ်ပြီးတဲ့ရက်တွေက စီဖေး*အိမ်တော်ထဲကို မ၀င်လာခင်အထိ သာယာပျော်ရွှင်နေခဲ့တယ်။ ခင်ပွန်းသည်အတွက် သူမ တစ်ဦးတည်း မဖြစ်နိုင်ဘူးဆိုတာကို စောစောထဲက သိခဲ့ပေမယ့်... နောက်ဆုံးမှာတော့ ရင်ဆိုင်ဖို့ တကယ်ကို ခက်ခဲခဲ့တယ်။
(စီဖေး* – အရန်ကြင်ယာတော်)
ကံကောင်းထောက်မစွာနဲ့ စီဖေးကလည်း နူးညံ့သိမ်မွေ့ပြီး ပေါင်းရသင်းရ လွယ်ကူတယ်။ သူက စံအိမ်တော်ထဲကို ဝင်လာပြီးနောက် မင်းသမီးလေးနဲ့လည်း ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံခဲ့တယ်။
သိပ်မကြာမခင်ပဲ မင်းသမီးလေးက ကိုယ်ဝန်ရှိလာတော့ မင်းသမီးလေးကလည်း မျိုးနွယ်စုရဲ့မျိုးရိုးကို လိုက်ပြီး အရမ်းချစ်စရာကောင်းတဲ့ နဂါးနဲ့ ဖီးနစ်အမွှာတစ်စုံကို ဖွားမြင်ခဲ့တယ်။ မင်းသမီးလေးက နဂါးနဲ့ ဖီးနစ်အမွှာလေးတွေကို မွေးဖွားခဲ့ပြီး နှစ်နှစ်အကြာမှာ စီဖေးကလည်း သားလေးတစ်ဦး မွေးဖွားခဲ့တယ်။
နောက်ပိုင်းမှာတော့ ဧကရာဇ်ဟောင်းက ကွယ်လွန်သွားပြီး တော်ဝင်အမိန့်စာတစ်စောင် ချန်ထားခဲ့တယ်။ ထိုက်ဇီ ထီးနန်းဆက်ခံရင် မင်းသမီးလေးရဲ့သားတော်ကို အမွေဆက်ခံသူအဖြစ် အမြန်ခန့်အပ်ပေးရမယ်။ ဒါကြောင့်ထိုက်ဇီ နန်းတက်တဲ့နေ့မှာဘဲ ပထမဇနီးကနေ မွေးတဲ့ သူ့သားအကြီးဆုံးကို ထီးနန်းဆက်ခံသူအဖြစ် ခန့်အပ်ခဲ့တယ်။
ဧကရာဇ်ငယ်လေး နန်းတက်ပြီးတဲ့ နောက်မှာတော့ သူက လျှို့ဝှက်ထားတဲ့ ရည်မှန်းချက်တွေကို သံသယဖြစ်ဖွယ် ထုတ်ဖော်လာခဲ့တယ်။
သူက အိမ်နီးနားချင်း တိုင်းပြည်သုံးခုကို စစ်တိုက်ဖို့ တိုင်းပြည်တစ်ခုလုံးရဲ့ အာဏာကို အသုံးပြုပြီး အဲ့တိုင်းပြည်သုံးခုကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တယ်၊ ဒါပေမယ့်လည်း တိုင်းပြည်သုံးခုရဲ့ ပေါင်းစပ်ခုခံမှုကြောင့် ပြန်တွန်းလှန်ခံခဲ့ရပြီး နောက်ဆုံးတော့ သူ့ရဲ့ကလေးကို ဓားစာခံအနေနဲ့ အခြားတိုင်းပြည်ကို ပို့ပေးဖို့ သဘောတူခဲ့ရတယ်။
ဒါပေမယ့် သူ့ရဲ့အတွင်းစိတ်က အရမ်းစဥ်းလဲပြီး သစ္စာမဲ့တတ်တယ်။ ပြီးတော့ သူက စေ့စပ်သေချာတယ်၊ ပါးနပ်တယ်၊ သူက အခြားတိုင်းပြည်တွေကို ကတိပေးခဲ့မယ့် စိတ်ထဲကတော့ မပါဘူး။ ကလေးကို ကတိစကားအဖြစ် ပို့ပေးဖို့ သဘောတူထားတဲ့ နောက်ဆုံးရက်မတိုင်ခင်အထိ အချိန်အနည်းငယ်လေးအတွင်းမှာ နည်းလမ်းတွေတစ်ခုပြီးတစ်ခု စဥ်းစားပြီး အစီအစဥ်ဆွဲခဲ့တယ်။
နောက်ဆုံးတော့ တန်ပြန်တိုက်ခိုက်ဖို့ ဧကရီရဲ့အင်အားကို ငှားလိုက်တယ်။
အဲ့အချိန်မှာ မင်းသမီးလေးရဲ့မျိုးနွယ်စုဘက်မှာ မင်းသမီးလေးရဲ့အစ်ကိုက ခေါင်းဆောင်နေရာကို ဆက်ခံနေပြီ။ သူတို့မျိုးနွယ်စုတွေ အားလုံးက ကြင်နာတတ်ပြီး ဖြောင့်မတ်သူတွေဆိုတော့ အခြားတိုင်းပြည်တွေနဲ့ ရန်မဖွဲ့ချင်ကြဘူး။ ဒါပေမယ့် နောက်ဆုံးတော့ မင်းသမီးလေးကြောင့် ဧကရာဇ်ရဲ့တောင်းဆိုချက်ကို သူတို့ သဘောတူခဲ့ကြတယ်။
ဒါပေမယ့် သူတို့ ရှုံးနိမ့်မှုနဲ့ အဆုံးသတ်ခဲ့တယ်။
ဒါပေမယ့် ဧကရာဇ်က လက်လွှတ်မခံဘဲ သူရဲ့ ထိန်းချုပ်မှုကနေ ကျော်လွန်ပြီး နေရာတိုင်းကနေ တပ်တွေကို ငှားရမ်းခဲ့တယ်။ ရှုံးနိမ့်မှုကိုလည်း ဝန်မခံသလို ရှုံးနိမ့်မှုကိုလည်း လက်မခံနိုင်ဘူး။
မင်းသမီးလေးက စစ်ပွဲက လူပေါင်းများစွာကို သေစေခဲ့တဲ့အတွက် သူ့ကိုယ်သူ အပြစ်တင်ခဲ့တယ်။ ဧကရာဇ်မင်းလုပ်ခဲ့တဲ့ လုပ်ရပ်တွေကို သူမ စိတ်ပျက်နေခဲ့တာ ကြာနေပြီ။ သူမက စိတ်ဓာတ်ကျလာပြီး မစားမသောက်ဘဲ တစ်နေ့ထက်တစ်နေ့ ပိုပိန်လာတယ်။
ပြီးတော့ သူမကို ချစ်တဲ့ ငယ်ကျွမ်းဆွေလေးက သူမကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တယ်။ သူမ ငြိမ်းချမ်းပျော်ရွှင်တဲ့ဘဝနဲ့ ရှင်သန်နေမယ်ဆိုရင် သူ ဘယ်တော့မှ ပေါ်လာမှာ မဟုတ်ဘူးလို့ သူ တွေးခဲ့တာ။ ဒါပေမယ့် သူမက ပိုပိုပြီး မပျော်နိုင်တော့ဘူး။
ဒီတော့ သူ ပေါ်လာတယ်။ သူမ အလိုရှိသရွေ့ သူမနဲ့ သူမကလေးတွေကို ဒီရေခဲနန်းတော်ထဲက ခေါ်ထုတ်သွားနိုင်တယ်လို့ မင်းသမီးလေးကို ပြောခဲ့တယ်။ မင်းသမီးကလည်း သဘောတူတယ်။
ဒါပေမယ့် အဲ့တာကို ဧကရာဇ်က တစ်နည်းနည်းနဲ့ သိသွားတယ်။ ဧကရာဇ်က ဒေါသမထွက်ဘဲ မင်းသမီးလေးကို ခွင့်လွှတ်ပေးပြီး သူ့ကို နောက်ထပ်အခွင့်အရေးပေးဖို့ အေးအေးဆေးဆေး တောင်းဆိုတယ်။ သူက စစ်ပွဲကို မစွဲလမ်းတော့ဘဲ ကမ္ဘာကြီးကို စိုးမိုးဖို့ စိတ်ကူးမယဉ်တော့ဘူးလို့ ပြောခဲ့တယ်။
သူ့စကားတွေက လေးနက်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေပြီး ရိုးသားနေခဲ့တယ်။
နောက်ဆုံးတော့ သူတို့နှစ်ယောက်က နှစ်အတော်ကြာအောင် လက်ထပ်ပေါင်းသင်းခဲ့ကြပြီး မင်းသမီးလေးက ကြင်နာတတ်တဲ့သူမို့ သူ့ကို ယုံကြည်ခဲ့တယ်။ သူမက ငယ်ကျွမ်းဆွေလေးနဲ့ ချိန်းဆိုထားတဲ့နေရာကို မသွားတော့ဘူး။
ငယ်ကျွမ်းဆွေလေးက မင်းသမီးလေး ချိန်းထားတဲ့နေရာကို ရောက်မလာတော့ သူမ ဘာကိုဆိုလိုမှန်း သိလိုက်တယ်။ ဒါက သူမရဲ့ရွေးချယ်မှုဖြစ်တာကြောင့် သဘာဝအတိုင်း လေးစားပေးခဲ့တယ်။
အဲ့ဒီရိုးသားတဲ့ အာမခံချက်တွေက ဧကရာဇ်ရဲ့ ချောမော့တဲ့ စကားတွေထက် မပိုခဲ့ဘူးလို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ။ သူက မင်းသမီးလေးကို ချစ်တာကြောင့် မင်းသမီးလေးက သူ့ကို ထားခဲ့ပြီး ငယ်ကျွမ်းဆွေလေးနဲ့ ထွက်သွားချင်နေတာကို သိလိုက်တော့ မနာလိုမှုတွေက ပြင်းထန်လာပြီး ဒေါသက သူ့နှလုံးသားကို ဖုံးလွှမ်းသွားတယ်။
သူမက သူ့ကို ဘယ်တော့မှ ထားခဲ့လို့ရမှာ မဟုတ်ဘူး။ သူမ ပျံသန်းချင်ရင် သူက သူမရဲ့တောင်ပံတွေကို ချိုးဖျက်ပစ်မယ်။
အဲ့တာကြောင့် ဧကရာဇ်က မင်းသမီးလေးကို ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေဆီကို သွားရောက်လည်ပတ်ဖို့ ဟန်ဆောင်စီစဥ်ပေးခဲ့ပြီး အမှန်တကယ်ကျတော့ မျိုးနွယ်စုကို ကြိုတင်ပြင်ဆင်ချိန်မရ မရှိစေဘဲ အခွင့်ကောင်းယူပြီး အလစ်အငိုက်တိုက်ဖို့ တပ်တွေကို တိတ်တဆိတ် ချထားလိုက်တယ်။
သူမက သူ့ကို ဘယ်တော့မှ ထားမသွားနိုင်အောင် သူမရဲ့မျိုးနွယ်စုကို သူ့လက်ထဲမှာ မြဲမြဲဆုပ်ကိုင်ထားချင်ခဲ့တယ်။
သူက မင်းသမီးလေးရဲ့ဝမ်းကွဲတော်စပ်သူကိုတောင် နန်းတော်ကို ခေါ်ပြီး ကိုယ်လုပ်တော်တင်မြှောက်ခဲ့တယ်။ မင်းသမီးလေးကလဲ သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာကို သိတယ်။ သူက သူမနဲ့ သူမရဲ့မျိုးနွယ်စုကို တမင်တကာ အရှက်ရစေခဲ့တာလေ။ ဒါက သူ့ကို ဘယ်တော့မှ ထားခဲ့ဖို့ မစဉ်းစားနဲ့လို့ သတိပေးလိုက်တာပေါ့လေ။
မင်းသမီးလေးက ဝမ်းနည်းကြေကွဲပြီး သေချင်နေပြီ။ ဒါပေမယ့် သူ့ကလေးနှစ်ယောက်ကို ပြန်တွေးပြီး သူမက တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ သူတို့ကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ သူမ သေဆုံးသွားရင်တောင်မှ သူ့ကလေးနှစ်ယောက်ကို ဒီရက်စက်ကြမ်းကြုတ်တဲ့ နန်းတော်ထဲက အရင်လွှတ်ပေးရမယ်။ သူမရဲ့သားသမီးတွေ အခြားသူတွေက သနားနေရမယ့် ဘဝနဲ့ ဒီလိုနေရာမှာ တစ်သက်လုံး မနေစေချင်ခဲ့ဘူး။
ငယ်ကျွမ်းဆွေလေးကို ရှာတာက အရှက်မရှိမှန်း သူမ သိပေမယ့် သူကလွဲပြီး အခြားဘယ်သူ့ကို အကူအညီ တောင်းနိုင်မှာလဲ။ သူမက စာတွေ တစ်စောင်ပြီးတစ်စောင် ပေးပို့ခဲ့ပေမယ့် အကြောင်းပြန်စာ မရခဲ့ဘူး။ သူ စိတ်ဆိုးနေတယ်လို့ သူမ ထင်ခဲ့တာ။
သူမ လက်လျှော့ခါနီးမှာ စီဖေး ရောက်လာတယ်။ အရင်ကလိုပဲ ဖော်ရွေနေဆဲဖြစ်တဲ့ စီဖေးက အခုတော့ ဝမ်နင်ကွေ့ဖေး* ဖြစ်နေခဲ့ပြီ။ ဝမ်နင်ကွေ့ဖေးက သူမကို အမှန်အတိုင်း ပြောပြခဲ့တယ်။
(ကွေ့ဖေး* – တော်ဝင်ကြင်ယာတော်၊ အကြီးတန်း ကိုယ်လုပ်တော်)
အဲ့တော့မှ ငယ်ကျွမ်းဆွေလေးက သူမကို လျစ်လျူရှုထားတာ မဟုတ်ဘဲ သူမရဲ့စာတွေက နန်းတော်ထဲကနေ လုံးဝထွက်ခွာသွားခြင်းမရှိတာကို သူမ သိလိုက်ရတယ်။
ဧကရာဇ်က သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ဖို့ လူလွှတ်ထားပြီး သူမ ဘယ်လိုပဲ သတိထားနေပါစေ သူမရဲ့စာပို့ပေးသူကို ဖမ်းမိနေတယ်။
မင်းသမီးလေးက အမှန်တရားကို သိသွားပြီးနောက် ပြိုလဲသွားတယ်။
ကံကောင်းထောက်မစွာနဲ့ ကွေ့ဖေးက စိတ်နှလုံးကောင်းရှိနေတယ်။ သူမက မင်းသမီးလေးရဲ့ စာကို ပို့ပေးဖို့ ကူညီပေးမယ်လို့ အဆိုပြုခဲ့ပြီး ကလေးနှစ်ယောက်ကို နန်းတော်ကနေ လွှတ်ပေးပြီး သူမရဲ့ ငယ်ကျွမ်းဆွေဆီကို ပို့ဆောင်ပေးဖို့ ဆန္ဒရှိခဲ့တယ်။
ကလေးနှစ်ယောက်ကို ကွေ့ဖေးလက်ထဲ အပ်လိုက်တဲ့အချိန်မှာ မင်းသမီးလေးရဲ့ အသည်းနှလုံးမှာ သွေးတွေထွက်နေခဲ့တယ်။ ဒါပေမယ့် သူမ လုပ်ရမှာက သူမကလေးနှစ်ယောက်ကို လွှတ်ပေးရတယ်။ ဒါပေမယ့် ကလေးနှစ်ယောက်က ကွေ့ဖေးနဲ့ ရင်းနှီးပုံ မပေါ်ဘူး။ အထူးသဖြင့် ထိုက်ဇီဖြစ်တဲ့ သားငယ်က သူ့မယ်တော်ရဲ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ထွက်ခွာဖို့ ဆန္ဒ မရှိဘူး။
သူက အန္တရာယ်ကို အနံ့ခံမိပုံရပြီး “မယ်တော်က သားတော်တို့ကို ခေါ်သွားရမယ်၊ မဟုတ်ရင် သားတော် မသွားဘူး… သူနဲ့ မလိုက်ချင်ဘူး…”
မင်းသမီးငယ်လေးကတော့ သူမရဲ့မောင်လေးက အမေနဲ့ ခွဲဖို့ ဝန်လေးတဲ့အတွက် ငိုတယ်လို့သာ တွေးမိပြီး သူ့လက်ကို မကျေမနပ် ဆွဲလိုက်တယ်။ ဘေးနားကနေ သူမရဲ့သမီးကို လှမ်းကြည့်နေတဲ့ ဧကရီက သူမရဲ့ခေါင်းကို လက်နဲ့ ပုတ်လိုက်ပြီး တုန်တုန်ယင်ယင် အသံနဲ့ မှာနေသေးတယ်။
“မင်းတို့နှစ်ယောက်လုံး ကောင်းကောင်းနေရမယ်... နားလည်လား”
နူးညံ့သိမ်မွေ့တဲ့ မင်းသမီးငယ်လေးက နီရဲနေတဲ့ မျက်လုံးတွေနဲ့ ခေါင်းညိတ်ပြပြီး နူးနူးညံညံ့ တုံ့ပြန်လိုက်တယ်။
ကွေ့ဖေးက ဧကရာဇ် တိုင်းပြည်ရေးရာကိစ္စတွေ ဆွေးနွေးဖို့ အလုပ်များနေတာကို အခွင့်ကောင်းယူပြီး ကောင်းချီးမင်္ဂလာဆုတောင်းမယ်လို့ အကြောင်းပြပြီး မင်းသားငယ်လေးနဲ့ မင်းသမီးငယ်လေးကို နန်းတော်ကနေ ခေါ်ထုတ်လာခဲ့တယ်။ သူမကို သံသယမဖြစ်အောင် သူမရဲ့ကလေးကိုလည်း ခေါ်သွားခဲ့သေးတယ်။
မင်းသမီးလေးကတော့ သူမဆီကို သတင်းဆိုး မရောက်လာမီအထိ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတယ်လို့ပဲ ထင်နေခဲ့တာပေါ့။
သူ့ကလေးတွေ တယောက်က သေပြီး တယောက် ဒဏ်ရာရတယ်။
သွေး၊ ဒီလောက်သွေးတွေ သူမ မမြင်ဖူးဘူး။ အရှေ့ နန်းတော်ထဲက သွေးတွေ တစ်ဇလုံပြီး တစ်ဇလုံထွက်လာတယ်၊ သူမသားရဲ့သွေးတွေလေ။
ပြီးတော့ သူမရဲ့သမီးလေး...သမီးဖြစ်သူက တောအုပ်ထဲမှာ ထာဝရနေခဲ့ရတယ်။
မင်းသမီးငယ်လေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးတွေထွက်နေပြီး အေးခဲနေခဲ့တယ်။ သူမ တုန်တုန်ယင်ယင်နဲ့ အရှေ့နန်းတော်ကို လျှောက်သွားတော့ မင်းသားငယ်လေးရဲ့ သွေးတွေ ချောင်းစီးနေတာကို တွေ့လိုက်ရတယ်။ မင်းသားငယ်လေးရဲ့ မျက်နှာမှာ မျက်ရည်တွေ ပြည့်နေပေမယ့် သူ့မျက်လုံးတွေထဲမှာတော့ မျက်ရည်တွေ မရှိတော့ဘူး။
သားအမိ ဆက်နွယ်မှုကြောင့် ဖြစ်နိုင်ပုံနဲ့ မင်းသားငယ်လေးက ခေါင်းလှည့်ပြီး ကြည့်လာတယ်။
ရှစ်နှစ်အရွယ်ကလေးငယ်လေးရဲ့ မျက်ဝန်းတွေထဲမှာ.... ဝမ်းနည်းမှု... စိတ်ပျက်အားငယ်မှုနဲ့... နက်နက်နဲနဲ နာကြည်းမှုတွေပဲ ရှိတော့တယ်။ သူက သူ့အမေကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းပြန်လှည့်ပြီး မျက်လုံးမှိတ်ထားလိုက်တယ်။
မင်းသမီးလေးက သူမသားက သူမကို မုန်းတီးသွားပြီဆိုတာကို နားလည်လိုက်တယ်။
သူမသားက သူမကို မုန်းတီးတာ မှန်တယ်လို့ သူမလည်း ခံစားရတယ်။ သူမဘဝတစ်လျှောက်လုံးမှာ သူမက မပြတ်မသားနဲ့ အယုံလွယ်ခဲ့လို့ သူမရဲ့လူတွေကို မကာကွယ်နိုင်ဘဲ ကလေးနှစ်ယောက်ကို ထိခိုက်နစ်နာစေခဲ့တယ်။ ဖြစ်နိုင်ရင် သူမရဲ့သမီးလေးအတွက် သူမကိုယ်ပိုင်ဘဝနဲ့တောင် လဲလှယ်ပေးချင်ခဲ့တယ်။
ဒါပေမယ့် အဲ့လို မဖြစ်နိုင်တော့ဘူး။
အဆုံးမှာတော့ သူမက ကြောင်တက်တက်နဲ့ သူမနန်းဆောင်ကို ပြန်သွားခဲ့တာပေါ့။ အဲ့နေရာမှာ ဧကရာဇ်က သူမကို စောင့်နေတယ်လေ။
ဧကရာဇ်ရဲ့ မျက်လုံးတွေက နီရဲနေပြီး ဧကရာဇ်က သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ဖို့ ရှေ့ကို လှမ်းလာတယ်။
သူက တတွတ်တွတ်လည်း ပြောနေသေးတယ်။
“ဒါ ငါ့အမှားပါ... ငါ့အပြစ်ပါ…”
အဲ့အချိန်မှာ မင်းသမီးလေးက ဧကရာဇ် ပြောနေတာတွေကို နည်းနည်းလေးတောင် မခံစားနိုင်တော့ပဲ သူမက လမ်းလျှောက်နေတဲ့ အလောင်းကောင်နဲ့ တူနေပြီလေ။
ဧကရာဇ်က သူမ သူမကိုယ်သူမ သတ်သေမှာကို ကြောက်နေပြီး နန်းတော်ထဲက ချွန်ထက်တဲ့ အရာတွေ အကုန်လုံးကို ဖယ်ရှားဖို့ နန်းတော်က လူတွေကို အမိန့်ပေးခဲ့တယ်။ သံတန်းတွေကိုတောင် ရိုက်ချိုးစေပြီး မာကျောတဲ့ နံရံတွေကို ပျော့ပျောင်းတဲ့ အကာအရံတွေ ပြုလုပ်စေခဲ့တယ်။
ဒါပေမယ့် နွမ်းလျနေတဲ့ နှလုံးသားကတော့ ပြန်မရှင်သန်လာနိုင်တော့ပါဘူး။
သူမ သေခြင်းတရားကို ရှာဖွေဖို့တောင် မလိုအပ်ပါဘူး။ မင်းသမီးလေးရဲ့ ဘဝက တဖြည်းဖြည်း ယိုယွင်းလာပြီး သူမသားနဲ့ သူမမျိုးနွယ်စုတွေအတွက် အပြစ်ရှိစိတ်နဲ့ စိတ်ဓာတ်ကျမှုကြောင့် အချိန်သိပ်မကြာခင်ပဲ သေဆုံးသွားခဲ့တယ်။
နောက်ဆုံးတော့ သူမရဲ့သမီးကို သွားတွေ့နိုင်ခဲ့တယ်ပေါ့။ ဒါပေမယ့် သူမရဲ့သမီးလေးက ဒီလို တာဝန်မဲ့တဲ့ မိခင်ကို တွေ့ချင်မယ် မတွေ့ချင်ဘူးကတော့ သူမလည်း မသိနိုင်ရှာတော့ဘူး။
မရဏပြည်မှာ အပြစ်ဖြေနိုင်ခဲ့မယ်ဆိုရင်တော့ သားဖြစ်သူရဲ့ ဘဝလေး သာယာပါစေလိုပဲ သူမ ဆုတောင်းနေမယ် ထင်တယ်။ နောက်ဘဝတစ်ခုရှိခဲ့မယ်ဆိုရင် သူမရဲ့သားသမီးတွေက မိခင်ကောင်းတစ်ယောက်နဲ့ တွေ့ပါစေလို့ ဆုတောင်းပေးချင်တယ်လေ။
သူမလို လူကိုတော့ မတွေ့ပါစေနဲ့တော့။
မင်းသမီးလေး ကွယ်လွန်ပြီး ဧကရာဇ်က ဂူဗိမာန်မှာ သင်္ဂြိုဟ်လိုက်တဲ့ အချိန်အထိ မင်းသားငယ်လေးက သူမကို မကြည့်တော့ဘူး။
ငယ်ကျွမ်းဆွေလေးကလည်း သူ စိတ်ပျက်လက်ပျက်နဲ့ တိုင်းပြည်ကနေ ထွက်ခွာသွားခဲ့တဲ့ လအနည်းငယ်အတွင်း သူ မရှိတဲ့ အချိန်မှာ ဒီလိုအရာတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။ သူလည်း နောင်တရပြီး နာကျင်ရလွန်းလို့ မင်းသမီးလေးနဲ့အတူ သေလုနီးပါး ဖြစ်ခဲ့တယ်။
ဒါပေမယ့် သူ မလုပ်နိုင်ခဲ့ဘူး။
မင်းသမီးရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေက သူ့တာဝန်ပဲလေ။ သူက လုံးဝ စိတ်ပျက်အားငယ်နေတဲ့ မင်းသားလေးကို အိမ်တော်ထဲကနေ ခေါ်ထုတ်ပြီး သူ့ကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ပေးခဲ့တယ်”
"မင်းက ဉာဏ်ကောင်းတဲ့သူဆိုတော့ ဒီဇာတ်လမ်းထဲက လူတွေအကုန်လုံးကို မင်း သိမှာပါ"
ရင်ချန်ရှောက ပုံပြင်ကို အဆုံးသတ်ရင်း သူ့မျက်လုံးများကို လဲ့ကျစ်ဘက်သို့ ပြန်လှည့်လိုက်သည်။
တောင်တန်းများမှ လေအေးများက ပြတင်းပေါက်အနိမ့်လေးများမှတဆင့် စိမ့်ဝင်နေကာ အေးခဲသွားစေသည်။ လဲ့ကျစ် သူမ၏ပါးပြင်ကို ပြန်စမ်းကြည့်လိုက်ရာ မျက်ရည်များက ပါးပြင်တစ်ခုလုံးကို စိုရွှဲနေစေမှန်း သိလိုက်ရသည်။ သို့သော် သူမ မျက်ရည်များကို အတင်းသုတ်နေလေလေ ပိုစီးကျလာလေလေ ဖြစ်နေပြန်သည်။
‘ဇာတ်လမ်းထဲက လူတွေကို မှန်းဆရတာ မခက်ပါဘူး။ ဧကရာဇ်က ဟော်ချန်ယွင်၊ မင်းသမီးလေးက ဟော်တူရဲ့ မိခင်၊ ကိုယ်လုပ်တော်ကတော့ လက်ရှိဧကရီ လင်းဝမ်နင်ပေါ့။’
လဲ့ကျစ် ဟော်တူ၏ ခြေထောက်ဒဏ်ရာအကြောင်း အမြဲသိချင်နေခဲ့သော်လည်း ယခု ထိုကိစ္စက မတော်တဆမှု မဟုတ်မှန်း သူမ သိလိုက်ရသည်။ ထို့အပြင် ဟော်တူက သူ့၏အစ်မအကြောင်း မည်သည့်အတွက် တစ်ခွန်းမှ မဟခဲ့မှန်ူလည်း သူမ နားလည်သွားခဲ့သည်။
‘ဦးလေးရင်တောင်မှ အခုနက ဇာတ်လမ်းပြောနေတုန်း သမီးဖြစ်သူ သေဆုံးရတဲ့ အကြောင်းရင်းကို တမင်ချန်ထားခဲ့တာလေ။ ဒါက တွေးကြည့်ရုံနဲ့တင် ဘယ်လောက်တုန်လှုပ်စရာကောင်းမလဲဆိုတာ သိသာနေပြီပဲ’
"ရှောင်ရှောင်းက..."
ရင်ချန်ရှော၏စကားလုံးများက တစ်ဆို့နေပြီး သူ ဆက်ပြောရန် အတော်လေး ကြိုးစားနေရရှာသည်။
“ဦးလေးရင်... မပြောပါနဲ့တော့”
လဲ့ကျစ်က မျက်နှာလွှဲလိုက်ရင်း မွမ်းကျပ်နေသော လေသံဖြင့် တားလိုက်မိသည်။ အတိတ်မှ နာကျင်စရာ ဒဏ်ရာဟောင်းကို ပြန်လှန်ရခြင်းက ရက်စက်လွန်းလှသလို အသွေးအသားထဲအထိ ယူကျုံးမရအောင် ခံစားရစေသောကြောင့် ဖြစ်သည်။
“ရှောင်တူက ရှောင်ရှောင်းကြောင့် သူ့အမေကို မုန်းနေတာ... နှစ်တွေ ဘယ်လောက်ကြာပါစေ သူ့ကို တစ်ကြိမ်တစ်ခါမှ မကန်တော့ခဲ့ဘူး၊ ဒီနေရာမှာ ဆေးကုသနေတုန်းကဆိုရင် အဝေးက တော်ဝင်ဂူဗိမာန်ကို မြင်တာနဲ့တင် သူက စကားမပြောတော့ဘဲ တစ်နေကုန် မှိုင်းဝေနေတော့တာပဲ”
ရင်ချန်ရှောက ဝမ်းနည်းရိပ်သန်းနေသော မျက်ဝန်းများဖြင့် ကြမ်းပြင်ကို စိုက်ကြည့်ရင်း ဆက်ပြောနေသည်။
“သူ့ညာဘက်ခြေထောက်က အရွတ်တွေ ပျက်စီးသွားတဲ့ ဝေဒနာက ရှောင်တူရဲ့ နှလုံးသားထဲမှာရှိတဲ့ နာကျင်မှုရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူးဆိုတာ ငါ သိပါတယ်၊ အဲဒီတုန်းက သူ့ရှေ့မှာတင် ဖြစ်ပျက်ခဲ့တဲ့ ရှောင်ရှောင်းရဲ့ အဖြစ်အပျက်ကို သူက ဒီအတိုင်း ကြည့်နေခဲ့ရတာလေ... သူက သူကိုယ်သူ ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘဲ အပြစ်တင်နေခဲ့တာ၊ ဒါပေမယ့် အဲဒီတုန်းက သူ့အသက်က ရှစ်နှစ်ပဲ ရှိသေးတာပါ...”
မိမိတို့၏ ရှေ့မှောက်တွင် ချစ်ရသူများ သေဆုံးသွားရသည်ကို ကြည့်နေရသည့် ခံစားချက်က လဲ့ကျစ်အတွက်လည်း ဘယ်တော့မှ မမေ့နိုင်သော နာကျင်မှုတစ်ခု ဖြစ်သည်။ ထိုခံစားချက်ကို နားလည်နေသည့်အတွက် လဲ့ကျစ်၏ နှလုံးသားကလည်း ထိုအချိန်ကလို ပြန်နာကျင်လာသည်။
“အခု ရှန့်ယန်မြို့ဆိုတာ... အရင်က ‘ရှန်းနို့’ မျိုးနွယ်စုတွေ နေခဲ့တဲ့နေရာပဲ”
လဲ့ကျစ်က သူမ၏ မျက်လုံးများကို ဆတ်ခနဲမော့ကာ ရင်ချန်ရှောကို ကြည့်လိုက်မိသည်။ နောက်ဆုံးတွင် ဟော်တူက အဘယ်ကြောင့် ထိုနေရာသို့ သွားချင်နေမှန်း သူမ သဘောပေါက်သွားရသည်။
“အမုန်းတရားက နက်နဲတာ မှန်ပေမဲ့ယ့် သူ့အမေအပေါ် ချစ်တဲ့စိတ်ကလည်း ရှိနေသေးတာပေါ့”
ရင်ချန်ရှောက သက်ပြင်းတစ်ချက်ချလိုက်ရင်း ထပ်ပြောနေသည်။
“အဲဒီ မိုက်မဲတဲ့ကောင်လေးက အမြဲတမ်း အေးစက်စက် အမူအရာနဲ့ လူတွေကို ဝေးဝေးက ဆက်ဆံတတ်ပေမယ့် လင်းဝမ်နင်က မြို့ထဲမှာ ထောင်ချောက်ဆင်ထားတာကို သူ မသိဘဲ မနေပါဘူး၊ ဒါပေမဲ့ သူက သွားမှာပဲ... ဘာလို့လဲဆိုတော့ သူက သူ့အမေနဲ့ တူလို့ပဲ၊ သူ့နှလုံးသားက တခြားသူတွေထက် ပိုပြီး နူးညံ့တယ်၊ အဲဒီကလူတွေက သူ့အမေကို ဘယ်လောက်ပဲ မုန်းနေပါစေ... သူကတော့ သူတို့ကို စွန့်လွှတ်မှာ မဟုတ်ဘူး”
“ဒါတွေအားလုံးက ကျွန်မအမှားပါ...”
လဲ့ကျစ်က တိုးတိုးလေး ငိုရှိုက်နေလေသည်။
‘ဒါတွေအားလုံးက ငါ့ကြောင့်ပဲ၊ ငါက ဟော်ရှကို တစ်ချက်တည်းနဲ့ အပြတ်မရှင်းဘဲ ကစားချင်ခဲ့တာကြောင့် ဖြစ်လာရတာ၊ အဲ့လို မပြတ်မသား လုပ်ခဲ့မှုက လင်းဝမ်နင် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးပေးလိုက်သလို ဖြစ်သွားခဲ့တယ်၊ ဟော်တူကိုလည်း ကျားရဲတွင်းထဲ ဆင်းရမည့်အခြေအနေအထိ တွန်းပို့ခဲ့မိတယ်။’
“ကလေးမလေးရယ်...”
ရင်ချန်ရှောက ခေါင်းခါရင်း ရှင်းပြနေပြန်သည်။
“မင်း မရှိရင်တောင် လင်းဝမ်နင်က ရှောင်တူကို အလွှတ်ပေးမှာ မဟုတ်ပါဘူး။ စောတာနဲ့ နောက်ကျတာပဲ ကွာမယ်၊ ဘာပဲဖြစ်ဖြစ် ဟော်တူက ရှန့်ယန်မြို့ကို သွားကို သွားရမှာပါပဲ”
ထို့နောက် ရင်ချန်ရှောက ဗီဒိုထဲမှ သစ်သားသေတ္တာလေးတစ်ခုကို ထုတ်ယူကာ လဲ့ကျစ်ကို ပေးလိုက်သည်။
“ဒါကို ရှန့်ယန်မြို့ဆီ ယူသွားလိုက်... မင်းအတွက် အရမ်းအသုံးဝင်လိမ့်မယ်”
လဲ့ကျစ်က မတ်တပ်ရပ်ကာ သစ်သားသေတ္တာကို ယူလိုက်သည်။ သူမ ဖွင့်မကြည့်သေးသော်လည်း သူမ ဟော်တူနောက်သို့ လိုက်သွားမည်ဆိုသည်ကို ဦးလေးရင် သိနေသည့်အပေါ် သူမ အံ့သြနေမိသည်။
အရှေ့ဘက်ကောင်းကင်ယံက တဖြည်းဖြည်း ပြန်လင်းလာပြီး မနက်ခင်း နေမင်းကြီး ထွက်ပေါ်လာတော့မည် ဖြစ်သည်။ လဲ့ကျစ်က ဦးလေးရင်ကို အရိုအသေပေး နှုတ်ဆက်ကာ ဝါးအိမ်လေးထဲမှ ထွက်ခွာပြီး ရထားလုံးပေါ်သို့ ပြန်တက်လာခဲ့သည်။
ရထားလုံး ထွက်ခွာသွားသည်ကို ကြည့်နေရင်း ရင်ချန်ရှော၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက တော်ဝင်ဂူဗိမာန်ရှိရာဘက်သို့ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
‘အားယွီ... မင်း ပျော်ရဲ့လား.... ရှောင်တူကတော့ မင်းနဲ့ငါ့ထက် ပိုပြီး ကံကောင်းတယ် မဟုတ်လား’
.......။.......။......
မနက်မိုးလင်းလာသောအခါ လဲ့ကျစ်က အိမ်တော်ဆီသို့ အမြန်ဆုံး ပြန်လာခဲ့သည်။ ခရီးဝေးသွားမည့် ရထားလုံးက အိမ်တော်ပြင်ပသို့ ထွက်ခွာရသေးခြင်း မရှိသေးသည်ကို မြင်လိုက်ရမှသာ သူမ သက်ပြင်းချနိုင်တော့သည်။ အပြန်လမ်းတစ်လျှောက်လုံးတွင် ဟော်တူက သူမကို မစောင့်ဘဲ ထွက်သွားမည်ကို သူမ၏ရင်ထဲမှ အလွန် စိုးရိမ်ပူပန်နေခဲ့မိသည်။
သူမ စိုးရိမ်တကြီးဖြင့် အိမ်တော်တံခါးဝသို့ ဝင်လိုက်ပြီး အိပ်ခန်းထဲသို့ အမြန်ပြေးဝင်သွားခဲ့သော်လည်း တံခါးကို တွန်းဖွင့်လိုက်ချိန်၌ အထဲတွင် ဘယ်သူမှ မရှိတော့ပေ။ ဟော်တူကို ရှာမတွေ့သဖြင့် သူမ၏ ကိုယ်ရေးကိုယ်တာ အစေခံသုံးဦးကို အမြန်ခေါ်ယူလိုက်ရသည်။
လီယောင်က ဟော်ရှ၏လူများနှင့် ဆက်သွယ်ရန်နှင့် မြို့တော်တွင် ကျန်ရစ်ခဲ့ပြီး ဟော်ရှ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် တာဝန်ရှိသဖြင့် သူမနှင့်အတူ မလိုက်နိုင်တော့ပေ။ ရှန်းချင်းယန် သူမကို ရှာချင်လျှင်လည်း လီယောင်မှတစ်ဆင့်သာ ဆက်သွယ်ရမည်ဖြစ်သည်။
မူလက သူမ လင်းယွဲ့နှင့် ကျင့်ရှင်းကို ခေါ်သွားရန် ရည်ရွယ်ခဲ့သော်လည်း အန်းရွှယ်ကို တွေးမိသောကြောင့် တုံ့ဆိုင်းသွားပြန်သည်။ ရှန့်ယန်မြို့က အန္တရာယ်ရှိသော အကျပ်အတည်းများကြားတွင် ရှိနေသဖြင့် အန်းရွှယ်အနေဖြင့် ကျင့်ရှင်းကို မသွားစေချင်မည်မှာ သေချာနေသောကြောင့်ပင်။
“ကျင့်ရှင်း... မင်းက လီယောင်နဲ့အတူ အိမ်တော်မှာပဲ နေခဲ့ရမယ်နော်”
“ဟင့်အင်း... သခင်မ...”
ကျင့်ရှင်းက ခေါင်းခါလျက် ငြင်းဆန်သည်။
“ကျွန်မ သခင်မကို ဂရုစိုက်ပေးဖို့ သခင်မနောက်ကိုပဲ လိုက်ချင်ပါတယ်”
ကျင့်ရှင်းက အမြဲတမ်း နာခံတတ်သူဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ထူးထူးခြားခြား ပြတ်သားစွာ ငြင်းဆန်နေသည်။ သူမက သခင်မ၏ နေ့စဉ်ကိစ္စများကို ကူညီဆောင်ရွက်ပေးကာ ပြုစုစောင့်ရှောက်လာသည်မှာ ကြာပြီဖြစ်ပြီး ယခုကဲ့သို့ အဝေးခရီးသွားမည့်အချိန်တွင် အစေခံတစ်ယောက်တည်းနှင့် မည်သို့မှ စိတ်မချနိုင်ပေ။
“ဒါပေမယ့်...”
လဲ့ကျစ်က တုံ့ဆိုင်းနေစဉ်မှာပင် ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။
“ထိုက်ဇီဖေး...”
သခင်မနှင့် အစေခံတို့၏ စကားသံလည်း ပြတ်တောက်သွားရသည်။ လဲ့ကျစ် လှည့်ကြည့်လိုက်ချိန်တွင် အန်းရွှယ်က အခန်းအပြင်တွင် ရပ်နေပြီး သူမကို အရိုအသေးပေးနေသည်။
“အရှင့်သားထိုက်ဇီက ထိုက်ဇီဖေးအနေနဲ့ သူ့နောက်ကို လိုက်ချင်သလားလို့ မေးခိုင်းလိုက်ပါတယ်”
“သူ့ကို ခဏစောင့်ခိုင်းလိုက်”
လဲ့ကျစ်က တမင်တကာ ဒေါသသံဖြင့် ပြန်ပြောလိုက်သည်။
‘ကိုယ့်ဘာသာကိုယ် လာမမေးဘဲ တခြားသူကိုပဲ ခိုင်းဖို့ သိတယ်’
သူမ၏ စိတ်ထဲတွင်လည်း သူ့ကို ဆူပူနေမိသည်။ အန်းရွှယ်က ခဏမျှ အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ပြကာ ပြန်ထွက်သွားခဲ့သည်။ သူက ကျင့်ရှင်းကို အမှတ်တမဲ့ ကြည့်မိသလိုနှင့် တချက်ကြည့်ပြီးမှ လှည့်ထွက်သွားခြင်း ဖြစ်သည်။
ကျင့်ရှင်းကို ပြောမရသဖြင့် နောက်ဆုံးတွင် လဲ့ကျစ်က မိန်းကလေးနှစ်ဦးလုံးကို ခေါ်သွားရန် သဘောတူလိုက်သည်။ မိန်းကလေးနှစ်ဦးက ချက်ချင်း ခရီးဆောင်ထုပ်များကို ပြင်ဆင်ကြပြီး မကြာမီ အဆင်သင့်ဖြစ်သွားကြသည်။
လဲ့ကျစ်က လီယောင်ကို နှုတ်ဆက်ပြီးနောက် စံအိမ်အပြင်ဘက်သို့ လျှောက်လာခဲ့သည်။ သူမ တံခါးဝတွင် အန်းရွှယ်ကို တွေ့လိုက်ရပြီး တမင်တကာ ရပ်ကာ စကားပြောလိုက်သည်။
“တောင်းပန်ပါတယ် ကိုယ်ရံတော်အန်း... ငါ ကျင့်ရှင်းကို နေခဲ့ဖို့ ပြောခဲ့ပေမယ့် မရခဲ့ဘူး”
အန်းရွှယ်ကလည်း သူမတို့ ပြောနေသည့်စကားများကို ကြားခဲ့ရပြီး အခြေအနေကို နားလည်နေပြီး ဖြစ်သည်။
“ကျေးဇူးတင်ပါတယ်... ထိုက်ဇီဖေး”
‘သူက ကျင့်ရှင်းရဲ့ စိတ်နေစိတ်ထားကို ကောင်းကောင်းသိပြီးသားပါ။ ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် သူမ သူ့မျက်စိအောက်မှာ ရှိနေတာက ပိုပြီး လုံံခြုံစိတ်ချရတာပေါ့။’
လဲ့ကျစ်က သက်ပြင်းတစ်ချက်ချကာ ရထားလုံးပေါ်သို့ တက်သွားပြီး ကန့်လန့်ကာကို မတင်ကာ အတွင်းသို့ ဝင်လိုက်သည်။ ဟော်တူက သူမကို စကားတစ်ခွန်းမှမဆိုဘဲ တိတ်တဆိတ် စောင့်ကြည့်နေသည်။ ရထားလုံးက တဖြည်းဖြည်းချင်း စတင်ထွက်ခွာလာခဲ့သည်။
လဲ့ကျစ်က သူ့ကို ခဏလောက်တော့ အေးစက်စက် ဆက်ဆံပြီး လျစ်လျူရှုထားရန် ကြံရွယ်ထားခဲ့သော်လည်း သူ့မျက်နှာကို မြင်လိုက်ရသည့် ခဏမှာပင် သူမ၏ရင်ထဲ၌ တုန်လှုပ်သွားကာ မျက်ဝန်းအစုံ၌ မျက်ရည်များ ပြည့်လျှံလာခဲ့သည်။ သူမ အခြေအနေကို ဖုံးကွယ်ရန် ခေါင်းငုံ့လိုက်သော်လည်း ဟော်တူက မြင်သွားခဲ့သည်။ သူက သူမဆီသို့ သတိထားပြီး တိုးကပ်လာကာ ဘေးချင်းယှဉ်လျက် ဝင်ထိုင်လိုက်သည်။
သို့သော် သူ ကောင်းကောင်းမထိုင်ရသေးခင်မှာပင် လဲ့ကျစ်က သူ့ဘက်သို့ ရုတ်တရက် လှည့်လာပြီး သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် သိုင်းဖက်ထားလိုက်သည်။ ဟော်တူ၏ ခန္ဓာကိုယ်လည်း ချက်ချင်း တောင့်တင်းသွားရသည်။
"ရှင်က ကျွန်မကို ဒေါသထွက်အောင် တမင်တကာ ဖုံးကွယ်ထားတာမလား၊ ကျွန်မကို စိတ်ဆိုးအောင် တမင်လုပ်နေတာလား"
"အင်း..."
"ကျွန်မ အရမ်းစိတ်ဆိုးတယ်၊ အရမ်းလည်း ဒေါသထွက်တယ် သိလား"
လဲ့ကျစ်၏ အသံမှာ တိုးလျနေသော်လည်း ဒေါသနှင့် နာကျင်မှုများ အတိုင်းသား ပေါ်လွင်နေသည်။
ဟော်တူက "အင်း..." ဟု ထပ်မံ အသံပြုလိုက်ပြန်သည်။
"ကျွန်မကို တောင်းပန်..."
ဟော်တူက သူမ၏ကျောပြင်ကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်ပြီး နာနာခံခံ ပြောလိုက်သည်။
"တောင်းပန်ပါတယ်"
လဲ့ကျစ်က ဘာမှထပ်မပြောတော့ဘဲ သူ့ကို ပိုမိုတင်းကျပ်စွာ ဖက်ထားလိုက်ရာ ရထားလုံးအတွင်း၌ ခဏတာ တိတ်ဆိတ်သွားသည်။
"ခွင့်လွှတ်တယ်..."
သူမ၏ အသံထဲတွင် လေးလံသော ရှိုက်သံတစ်ခု ကျန်ရှိနေသေးသော်လည်း နောက်ဆုံးတွင်တော့ သူမ ခွင့်လွှတ်ကြောင်း ပြောလာခဲ့သည်။
.........။.........။.......
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဝူး၊ ဝူး၊ ဝူး…. ရှောင်ဟော်တူ ရဲ့ ကလေးဘဝက တကယ်ကို သနားစရာကောင်းတယ်။
*ဒီနှစ်ယောက်ထဲက တစ်ယောက်ဆိုတဲ့ အခန်းက ငါ့ကို ငိုစေတယ်… QAQ
ဒီဘာသာပြန်သူမှာလည်း ပြောစရာရှိပါတယ်။
ဒီအခန်းက တကယ်ကို အရှည်ကြီးပဲ... ပြီးတော့ အမွှာနှစ်စုံလုံးက တကယ်ကို ကြေကွဲရတယ်။ အဲ့တာကြောင့် နဲနဲလောက် ချိုတာလေး spoil ချင်တယ်လို့... spoilမကြိုက်ရင် ကျော်သွားနော်...
တတိယအမွှာတစ်စုံရဲ့ စကားပြောခန်းလေး...
ညီမလေး : ကိုကို... ညီမလေး ပင်ပန်းနေပြီ... လမ်းမလျောက်ချင်တော့ဘူး...
ကိုကို : ဒါပေမယ့် အမေက အိပ်ပျော်သွားပြီလေ.... အမေအိပ်ပျော်သွားရင် အဖေက ကိုကိုတို့ကို မချီနိုင်တော့ဘူး (အိပ်ပျော်နေသော အမေ့ကို ပွေ့ချီပြီး ရှေ့ကလျောက်နေသော အဖေကို ကြည့်ရင်း....0-0)
အခန်း ၇၄ ရက်ရောတဲ့လက်ဆောင်
လဲ့ကျစ်က သူမ၏မေးစေ့လေးကို သူ့ပခုံးပေါ် တင်ထားရင်း တိုးညှင်းသော အသံဖြင့် ရှိုက်ကြီးတငင် ငိုနေလေသည်။
ဟော်တူက တိတ်တဆိတ် သက်ပြင်းချရင်း ပြန်မေးလိုက်သည်။
“အားလုံးကို... သိသွားပြီလား”
လဲ့ကျစ်က ပြန်မဖြေဘဲ သူမ၏ မျက်လုံးအိမ်တွင် ဝဲနေသော မျက်ရည်များကိုသာ အသာအယာ သုတ်နေမိသည်။ ခဏအကြာတွင် သူမ သူ့ကို ဖက်ထားရာမှ ဖြည်းညှင်းစွာ လွှတ်ပေးလိုက်ပြီး အနည်းငယ် ခပ်ခွာခွာ နေလိုက်သည်။ ယခုန စိတ်လိုက်မာန်ပါ လုပ်လိုက်မိသည့် အပြုအမူများကြောင့် စိတ်တည်ငြိမ်သွားချိန်တွင် သူမ အနည်းငယ် ရှက်ရွံ့သွားမိသည်။
လဲ့ကျစ်က ရှက်ကိုးရှက်ကန်းဖြင့် မျက်လွှာချထားပြီး ရုတ်တရက် သူမ၏ နှုတ်ခမ်းသားများကို နွေးထွေးသော လက်ချောင်းထိပ်လေးများက ပေါ့ပေါ့ပါးပါး ထိတွေ့လာသည်။ ထို့နောက် ပျားရည်သကြားလုံးတစ်လုံးက သူမပါးစပ်ထဲသို့ ရောက်ရှိလာသည်။ သူမ၏ နှုတ်ခမ်းနှင့် သွားများကြားတွင် ချိုမြိန်သော အရသာ ပျံ့နှံ့သွားသဖြင့် လဲ့ကျစ် အံ့အားသင့်စွာ မျက်လုံးပင့်ကြည့်မိသည်။
“ချိုလား”
ဟော်တူက သူမကို စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
ပျားရည်သကြားလုံး၏ ချိုမြိန်မွှေးပျံ့သော အရသာက သူမ၏ ခါးသီးနေသည့် နှလုံးသားကို ဝန်းရံပေးရန် ကြိုးစားရင်း လည်ချောင်းထဲသို့ လျှောကျသွားသည်။ သူမက ခေါင်းညိတ်ပြသော်လည်း နှာခေါင်းထဲမှ အပြင်းအထန် ချဉ်တက်လာကာ မျက်ရည်များက ဆက်တိုက် ကျဆင်းလာပြန်သည်။
ဟော်တူက သူမအနားသို့ ပိုမိုတိုးကပ်လာပြီး သူမ၏ မျက်တောင်ပေါ်တွင် ကျန်နေသော မျက်ရည်စများကို ဂရုတစိုက် ကြည့်ကာ ထိုမျက်ရည်များကို ဖယ်ရှားပေးရန် အသာအယာ နမ်းလိုက်သည်။ သူ သူမ၏ မျက်ရည်များကို ဂရုတစိုက် နမ်းယူလိုက်ချိန်တွင် ခါးသီးသော အရသာက သူ့လျှာဖျားဆီသို့ ပျံ့နှံ့လာသည်။
ဟော်တူက မျက်မှောင်ကြုတ်သွားပြီးနောက် အခြားအရသာရှိသော သကြားလုံးများကို ထပ်မံထုတ်ကာ လဲ့ကျစ်ကို ကျွေးရန် ကြိုးစားနေပြန်သည်။ သို့သော် လဲ့ကျစ်က ခေါင်းခါပြကာ ငြင်းဆန်နေခဲ့သည်။
“ဒါဆိုလည်း... မငိုနဲ့တော့လေ”
ဟော်တူက သူမ၏ မျက်နှာကို အသာအယာ ထိတွေ့ရင်း တိုးတိုးလေး ချော့မော့လိုက်သည်။
လဲ့ကျစ်က ပြန်မဖြေဘဲ လက်ကို မြှောက်ကာ သူ့လက်ထဲရှိ သကြားလုံးများကို ယူပြီး သူ၏ ပါးစပ်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။
“ရှင်လည်း... စားရမယ်”
သူမ ငိုထားသည့်အတွက် အသံက တိုးဝင်အက်ရှနေသည်။ သူတို့နှစ်ဦးလုံး တစ်ညလုံး မအိပ်ခဲ့ရသဖြင့် မျက်ဝန်းအောက်ရှိ ညိုမည်းနေသော အစက်အပြောက်များကို ဖုံးကွယ်ထားရန် ခက်ခဲနေသည်။ ဟော်တူက သူမကို သူ့လက်မောင်းထဲသို့ ဆွဲယူပွေ့ဖက်လိုက်ပြီး သူမ၏ ဦးခေါင်းကို သူ၏ ပခုံးပေါ်တွင် အသာတင်ကာ ပြောလာခဲ့သည်။
“ခဏလောက် အိပ်လိုက်ဦးနော်”
လဲ့ကျစ် တစ်ကိုယ်လုံး သူ၏ လက်မောင်းများကြားတွင် ပွေ့ဖက်ခံထားရပြီး သူ့စကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က သူမ၏ လက်ဖဝါးဖြင့် သူ၏ မျက်လုံးများကို အုပ်လိုက်ပြီး ပြန်ပြောလိုက်သည်။
“ရှင်လည်း အိပ်တော့”
“ကောင်းပြီ”
ဟော်တူက လဲ့ကျစ်၏လက်လေးကို ဆွဲယူကာ သူ့နှုတ်ခမ်းပေါ်သို့ တင်လိုက်ပြီး လက်ဖျားလေးများကို အသာအယာ နမ်းလိုက်သည်။ ထို့နောက် ရှည်လျားသော သူ၏ လက်ချောင်းများက သူမ၏ လက်ချောင်းများကြားသို့ ဝင်ရောက်လာကာ သူတို့နှစ်ဦး၏ လက်ဆယ်ချောင်း ယှက်ရက်သား ဖြစ်သွားခဲ့သည်။
ရထားလုံးက အနောက်ဘက်သို့ ဦးတည်မောင်းနှင်နေပြီး တောင်လမ်းသို့ ရောက်ချိန်တွင် လမ်းများ မညီညာသဖြင့် အနည်းငယ် ကြမ်းကြမ်းတမ်းတမ်း ခုန်ပေါက်လာသည်။ အိပ်ပျော်ခါနီး ဖြစ်နေသော လဲ့ကျစ်က မသက်မသာ ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ နိုးတော့မည့် အသွင်ပေါ်မျိုး ဖြစ်လာသည်။ သူမ၏ မျက်ခွံလေးများကလည်း တုန်နေလေသည်။
ဟော်တူက သစ်ကြားသီးကဲ့သို့ ရောင်ရမ်းနေသော သူမ၏ မျက်လုံးများကို စိုက်ကြည့်နေခဲ့ရာ ထိုအခြေအနေကို မြင်လိုက်ရချိန်တွင် သူမ သက်သောင့်သက်သာ ဖြစ်စေရန်အတွက် သူမ၏ မျက်နှာကို သူ၏ လက်ဖဝါးဖြင့် အသာအယာ အုပ်ကိုင်ပြီး ထိန်းပေးထားလိုက်သည်။ သူ ထိုပုံစံအတိုင်း တစ်ချိန်လုံး ငြိမ်သက်စွာ ထိန်းထားပေးရင်း စိတ်ပူနေခဲ့သော်လည်း ပင်ပန်းသည်ဟုတော့ လုံးဝ မခံစားရပေ။
တဖြည်းဖြည်းနှင့် သူမ၏ အသက်ရှူသံများက ပိုမှန်လာပြီး လုံးဝ အိပ်ပျော်သွားခဲ့သည်။
ဟော်တူက သက်ပြင်းတစ်ချက်ကို အသာအယာချကာ ပင်ပန်းနွမ်းနယ်စွာ အိပ်ပျော်နေသော သူမ၏ မျက်နှာလေးကို တိတ်တဆိတ် ငေးကြည့်နေမိသည်။ အနှေးနှင့်အမြန် ဆိုသလိုပင် သူမ မသိအောင် အချိန်အကြာကြီး ဖုံးကွယ်ထား၍ မရနိုင်တော့မှန်း သူ နားလည်ထားသည်။ သို့သော် သူ၏ အတိတ်ဆိုးများကို သိရှိသွားခြင်းက သူမအတွက် ကောင်းသောကိစ္စ မဟုတ်ပေ။
သူမက သူမ၏ ကိုယ်ပိုင်ဝန်ထုပ်ဝန်ပိုးများစွာကိုပင် လေးလံစွာ ထမ်းပိုးထားရပြီးသား ဖြစ်သောကြောင့် သူ့ကြောင့် သူမ ထပ်မံပင်ပန်းရမည်ကို သူ အလွန်ကြောက်ရွံ့ခဲ့သည်။ သူမအတွက် ချိုမြိန်မှုများကို မပေးစွမ်းနိုင်ဘဲ သူမ၏ နှလုံးသားထဲသို့ ခါးသီးမှုများကိုသာ ထပ်လောင်းပေးမိသလို ဖြစ်နေရသည်။
ဟော်တူ၏ နှလုံးသားက နှစ်ခြမ်းကွဲသွားသလို ခံစားနေရသည်။ တစ်ဖက်တွင် သူမ စိတ်ဆိုးပြီး သူ့ကို ဂရုစိုက်လာစေရန် ရည်ရွယ်ချက်ရှိရှိ စမ်းသပ်ချင်နေမိသော်လည်း အခြားတစ်ဖက်တွင်လည်း သူမ ဝမ်းနည်းကာ ငိုကြွေးနေမည်ကို စိုးရိမ်သောကြောင့် ရင်ထဲ၌ မွန်းကြပ်နေရသည်။ သူ့နှလုံးသားက သူမ၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများနှင့်အညီ အချိန်အတော်ကြာအောင် ထိန်းမနိုင်သိမ်းမရ လိုက်ပါပြောင်းလဲနေခဲ့သည်။
သို့သော်... ဤသို့ ဖြစ်တည်နေရခြင်းကပင် သူ့အတွက် အဆင်ပြေနေခဲ့သည်။
........။........။.........
နောက်ဆုံးတွင် သူတို့အဖွဲ့ ဆည်းဆာချိန်မတိုင်မီ လမ်းခရီးရှိ ပထမဆုံး တည်းခိုစခန်းသို့ ရောက်ရှိသွားခဲ့သည်။ ဒေသဆိုင်ရာ အရာရှိများက နံနက်အစောပိုင်းကတည်းက တည်းခိုခန်းအပြင်ဘက်တွင် တန်းစီစောင့်ဆိုင်းနေကြပြီး အဝေးမှ ရထားလုံးကို မြင်လိုက်ရသည်နှင့် အားလုံးက ဒူးထောက်ကာ အရိုအသေပေး နှုတ်ဆက်လိုက်ကြသည်။
ရထားလုံး ရပ်တန့်သွားပြီးနောက် ဒေသခံအရာရှိကြီးက ခေါင်းငုံ့လျက် သတင်းပို့လေသည်။
“ဒီနိမ့်ကျတဲ့ အရာရှိက အရှင့်သားထိုက်ဇီနဲ့ ထိုက်ဇီဖေးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ ဒီတည်းခိုစခန်းက အလွန်ရိုးရှင်းလွန်းတာကြောင့် အရှင့်သားတို့အနေနဲ့ မြို့ထဲက စံအိမ်တော်ကို ပြောင်းရွှေ့နေထိုင်ဖို့ တောင်းဆိုချင်ပါတယ်၊ ကျွန်တော်မျိုးတို့က သင့်တော်တဲ့ နေရာထိုင်ခင်းတွေကို အစုံအလင် စီစဉ်ပေးထားပါတယ်”
သူ စကားပြောပြီးသည်အထိ ရထားလုံးအတွင်းမှ မည်သည့်တုံ့ပြန်မှုမျှ ထွက်ပေါ်မလာချေ။ သတင်းပို့နေသော အရာရှိကလည်း အရှင်သခင်၏ စိတ်သဘောထားကို မခန့်မှန်းနိုင်ဖြင့် နဖူးမှ ချွေးစများပင် စိမ့်ထွက်လာသည်။
“မလိုဘူး”
အန်းရွှယ်က ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ကာ အသံမာမာဖြင့် ပြောလိုက်သည်။
“ဒီနေ့ ဒီတည်းခိုဆောင်မှာပဲ အနားယူဖို့ အရှင့်သားက အမိန့်ပေးထားတယ်၊ အရာရှိတို့ အရင်ပြန်နိုင်ပါပြီ”
“ဒါက...”
မနက်အစောကတည်းက မြို့ထဲရှိ စံအိမ်တွင် လှပသော မိန်းမပျိုတစ်ဦးကိုပါ အသင့်ပြင်ဆင်ခိုင်းထားသော အရာရှိများ၏ မျက်နှာက ပျက်ယွင်းသွားကြသည်။ လက်ရှိမင်းဆက်၏ အိမ်ရှေ့စံကို တွေ့ဆုံခွင့်ရရန် အလွန်ခက်ခဲလှပြီး ဤအချိန်က သူတို့ ရာထူးတိုးရန် အခွင့်ကောင်း ဖြစ်သည်။ ထို့ကြောင့် အလွယ်တကူ လက်မလွှတ်ချင်ကြပေ။
“အခြား လိုအပ်တာ ရှိသေးလို့လား”
အန်းရွှယ်က ထပ်မေးလိုက်သည်။
“မရှိပါဘူး... မရှိပါတော့ပါဘူး...”
အန်းရွှယ်၏ မှိုင်းညို့နေသော မျက်နှာပေးကို ကြည့်ကာ အရာရှိများ ထိတ်လန့်သွားကြသည်။
“ဒါဆိုရင်... ကျွန်တော်မျိုးတို့ ပြင်ဆင်ထားတဲ့ အထူးဟင်းလျာတွေကိုတော့ တည်းခိုဆောင်ဆီ ပို့ဆောင်ပေးဖို့ ခွင့်ပြုပါ၊ အရှင့်သားအနေနဲ့ ဒါကိုတော့ မငြိုငြင်ဖို့ မျှော်လင့်ပါတယ်”
တစ်နေ့လုံး အပြေးအလွှား ခရီးနှင်ခဲ့ရသဖြင့် သခင်နှစ်ဦးလုံး အလွန်ပင်ပန်းနေမည်ကို သိသောကြောင့် အန်းရွှယ်လည်း ဤလူများနှင့် စကားရှည်ရှည်မပြောချင်တော့ပေ။ သူက အသာအယာ ခေါင်းညိတ်ပြကာ ထိုလူများကို ပြန်လွှတ်လိုက်သည်။
လူတိုင်း တည်းခိုဆောင်အတွင်းသို့ ဝင်ရောက်ကာ အနားယူရန် သက်ဆိုင်ရာ အခန်းများသို့ ဝင်သွားကြသည်။
လဲ့ကျစ်က ခရီးတစ်လျှောက်လုံး အလွန်ကောင်းမွန်စွာ အိပ်မောကျခဲ့သဖြင့် ယခုအခါ အင်အားများ ပြန်လည်ပြည့်ဝနေပြီဖြစ်သည်။ လက်ရှိအချိန်တွင် သူမက သူနှင့်ပတ်သက်သည့် လေးနက်သော အတိတ်ဖြစ်ရပ်များကို သူမ၏ နှလုံးသားအောက်ခြေ၌ လုံခြုံစွာ သိမ်းဆည်းထားနိုင်ခဲ့ပြီဖြစ်ရာ မည်သည့်အမူအရာမှ ထုတ်ဖော်မပြတော့ပေ။ သူမ စိတ်ထဲတွင် ပို၍ဝမ်းနည်းလာလေလေ၊ သူလည်း သူ့အတိတ်က နာကျင်စရာ အမှတ်တရများကို ပြန်လည်သတိရလေလေ ဖြစ်နေမည်ကို သူမ သိသည်။ ထို့ကြောင့် သူမ၏ ဝမ်းနည်းမှုကို ဖုံးကွယ်ထားရမည်ဖြစ်ပြီး နာကျင်နေလျှင်ပင် နှုတ်ဆိတ်နေရမည်သာ ဖြစ်သည်။
ညမိုးချုပ်ချိန်တွင် နှစ်ယောက်သား ထမင်းစားခန်းသို့ ရောက်လာကြသည်။ လဲ့ကျစ်က သူမရှေ့ရှိ ဟင်းပွဲများ ပြည့်နှက်နေသော စားပွဲကြီးကိုကြည့်ကာ အံ့သြတကြီး နှုတ်ခမ်းလေးဟသွားရှာသည်။
“ဒါက... အရမ်းများလွန်းတယ်”
ဟော်တူက သူမကို ထိုင်စေပြီး မျက်မှောင်ကြုတ်လျက် အန်းရွှယ်ကို ခေါ်ရန် ပြင်လိုက်စဉ်မှာပင် အန်းရွှယ်က အခန်းထဲသို့ ဝင်လာသည်။ သူ၏ မျက်နှာအမူအရာက အတော်လေးကို ထူးခြားနေသည်။
“ဘာဖြစ်တာလဲ”
“အရှင့်သားကို သတင်းပို့ပါတယ်”
အန်းရွှယ်က တုံ့ဆိုင်းနေပြီး စကားကို ခဏရပ်လိုက်သည်။ ထို့နောက်မှ သူက ဆက်ပြောလာသည်။
“သခင်ကြီးလီက အရှင့်သားအတွက် ပြင်ဆင်ထားတာက... ဒီအစားအစာတွေအပြင်... အရှင့်သားအတွက် ‘ရက်ရောတဲ့ လက်ဆောင်တစ်ခု’ လည်း ပေးအပ်ခဲ့ပါတယ်”
“ဘာရက်ရောတဲ့ လက်ဆောင်လဲ၊ ယူလာခဲ့စမ်း”
ဟော်တူက အေးစက်စွာ ပြောလိုက်သည်။
‘စံပြဖြစ်သင့်တဲ့ အရာရှိတစ်ယောက်က ဒီစျေးပေါတဲ့လှည့်ကွက်တွေကိုပဲ နေ့တိုင်းစဉ်းစားနေတာလား’
အန်းရွှယ်က အနည်းငယ် ထိတ်လန့်နေပုံရပြီး လဲ့ကျစ်ကို သတိထားကာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ရှက်ရွံ့နေသည့် အမူအရာဖြင့် ထပ်ပြောလာသည်။
“အဲဒါက...”
သူ့စကားမဆုံးမီမှာပင် ချစ်စဖွယ်ကောင်းသော ပုံရိပ်လေးတစ်ခုက စားသောက်ခန်းအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ထိုအမျိုးသမီးက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အဝတ်အစားများက ဖောက်ထွင်းမြင်နိုင်လောက်အောင် ပါးလွှာလှသည်။ သူမ၏တစ်ကိုယ်လုံးတွင်လည်း မွှေးကြိုင်သော ရနံ့များ လှိုင်နေသည်။
အမျိုးသမီး၏ ခါးက သေးသွယ်ပြီး နှင်းကဲ့သို့ ဖြူစင်နေသော ပါးပြင်များက ရှက်သွေးကြောင့် နီမြန်းနေသည်။ သူမက ရှားပါးသော အလှလေးတစ်ယောက် ဖြစ်ပေသည်။
“ရဲတင်းလှချည်လား”
အန်းရွှယ်က အေးစက်စွာ အော်ဟစ်လိုက်သည်။
“မင်းကို မခေါ်ဘဲ ဘာလို့ ဝင်လာတာလဲ၊ ပြန်ထွက်သွားစမ်း”
သို့သော် ခရမ်းရောင်ဝတ်အမျိုးသမီးက မကြားချင်ယောင်ဆောင်ကာ စားသောက်ခန်းထဲသို့ ဝင်လာခဲ့သည်။ သူမ၏မျက်လုံးများက ဟော်တူ၏မျက်နှာပေါ်တွင်သာ အချိန်ပြည့်စွဲမြဲနေပြီး စူးရှသောမျက်ဝန်းအစုံက မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။ သူမ၏အကြည့်များထဲတွင် ပို၍ပို၍နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်လာသည်။
ပို၍ထူးခြားသည်က သူမက သူမကိုယ်သူမ ယုံကြည်မှုအပြည့် ရှိနေပြီး အနည်းငယ်မျှ ကြောက်ရွံ့ဟန်မပြခြင်းပင်။ သူမ အခန်းထဲရောက်ချိန်တွင် လဲ့ကျစ်ကို တစ်ချက်ကြည့်လိုက်မိပြီး အနည်းငယ် တောင့်တင်းသွားသည်။
‘ဒီထိုက်ဇီဖေးက မျက်နှာမှာ ဘာမှ မလိမ်းခြယ်ထားတာတောင် ငါ့ထက် ပိုလှနေတာလား’
သို့သော် သူမက ချက်ချင်း ပြန်တွေးလိုက်သည်။.
‘အမျိုးသားတွေအတွက် အရေးကြီးဆုံးက ‘ဆန်းသစ်မှု’ မဟုတ်ဘူးလား။ မျက်နှာက ဘယ်လောက်ပဲ လှနေပါစေ၊ အကြာကြီး မြင်နေရလျှင် ငြီးငွေ့သွားတတ်၏တာပဲ’
သူမက ယနေ့အတွက် အချိန်အတော်ကြာ ပြင်ဆင်လာခဲ့ခြင်း ဖြစ်ပြီး အဆင့်အတန်းမြင့်မားသော ဘဝသစ်ကို ပိုင်ဆိုင်နိုင်တော့မည်ဟု အခိုင်အမာ ယုံကြည်ထားသည်။
“ဒီသာမန်ပြည်သူက အရှင့်သားထိုက်ဇီနဲ့ ထိုက်ဇီဖေးကို အရိုအသေပေးပါတယ်”
ခရမ်းရောင်ဝတ်အမျိုးသမီး၏ အသံက အလွန်ပင် နူးညံ့ချိုသာလွန်းလှသည်။ ပုံမှန်အားဖြင့် အမျိုးသားများက ထိုကဲ့သို့သော အသံမျိုးကို ကြားလိုက်ရလျှင်ပင် ခန္ဓာကိုယ်တစ်ခုလုံး ပျော့ညံ့သွားတတ်ကြသည်။
လဲ့ကျစ်က ဟော်တူ၏အမူအရာကိုကြည့်ရန် လှည့်လိုက်စဉ် သူနှင့်အကြည့်ချင်း ဆုံသွားသည်။ လဲ့ကျစ်က ထိုမိန်းမငယ်၏ ရည်ရွယ်ချက်ကို လုံးလုံးလျားလျား နားလည်သွားပြီး ပြုံးလိုက်မိသည်။ ထို့နောက် သူမက ဟော်တူ၏ အင်္ကျီလက်ဝကို အသာဆွဲကာ နှုတ်ခမ်းလှုပ်ရုံမျှ လှမ်းပြောလိုက်သည်။
“လူ... မသတ်နဲ့နော်”
ထို့နောက် သူမက နေရာမှထပြီး ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် သူမ ခြေလှမ်းတစ်လှမ်းပင် မလှမ်းရသေးမီမှာပင် သူမ၏လက်ကောက်ဝတ်ကို ရုတ်တရက် ဆွဲယူခြင်း ခံလိုက်ရသည်။ လဲ့ကျစ် သံသယစိတ်ဖြင့် လှည့်ကြည့်လိုက်ချိန်တွင် ဟော်တူ၏ နားမလည်နိုင်သော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသဖြင့် ဘာလုပ်ရမှန်းမသိ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
........။.......။.......
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : “ဇနီးလေးရေ... ကိုယ်ကြောက်တယ်...အီး...”
ကျစ်ကျစ် : “.......”