စိတ်တစ္ဆေတူညီ၏ ဒဏ္ဍာရီ
Vol. 21 Ch. 285
“သူ့ငှက်ကလေးကိုဖြတ်ပြီး စားပစ်မှာလား” ထိုစကားများကိုကြားသောအခါ ဟူကျီ အံ့အားသင့်သွားပြီး ခေါင်းကိုအလိုလိုကုတ်လိုက်မိသည်။ သို့သော် ထိုလုပ်ရပ်က သူနှင့်မသင့်တော်ဟု တွေးတောနေမိလေသည်။
သူမြှောက်ထားမိသည့် လက်ကိုချက်ချင်းပြန်ချလိုက်သည်။ နဝမတောင်ထွတ်တွင် သူသာဉာဏ်အကောင်းဆုံး ဖြစ်သည်ဟု အမြဲတစေယုံကြည်ထားခဲ့ခြင်းကြောင့် ထိုစကားလုံးများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို သူအပြည့်အစုံ နားမလည်ကြောင်း မည်သူ့ကိုမှ မသိစေချင်ပေ။
“ဟုတ်တယ်။ အဲဒါက ကျွန်တော်ဆိုလိုတာပဲ။ သူ့ငှက်လေးကိုဖြတ်ပြီး စားပစ်မယ်။ အဲဒီကောင်... ငါသူ့ဟာကို ဖြတ်စားပစ်မယ်” ဟူကျီက ရင်ဘတ်ကိုပုတ်လိုက်ပြီး သူနားလည်သည်ဟူသော အမူအယာဖြင့် အစ်ကိုနှစ်ကိုကြည့်ကာ ရူးမိုက်စွာရယ်မောလိုက်သည်။
အစ်ကိုနှစ်သည် သူ့နေရာမှာပင် နူးညံ့သိမ်မွေ့သောအမူအယာဖြင့် ပြုံးနေခဲ့ခြင်း ဖြစ်သည်။
ဟူကျီ၏ စကားလုံးများကိုကြားသောအခါ သူ့မျက်လုံးများထဲတွင် အံ့အားသင့်၊ မယုံကြည်၊ တွန့်ဆုတ်ခြင်းများ၊ သဘောကျကျေနပ်မှုများ နှင့် အခြားသောစိတ်ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။ သူ့ကိုကြည့်နေသောလူများသာ သူ့အားကောင်းကောင်းမသိထားဘူးဆိုလျှင် အစ်ကိုနှစ်၏မျက်နှာပေါ်ရှိ အပြောင်းအလဲများက သိသာထင်ရှားလိမ့်မည်မဟုတ်ပေ။
ဟူကျီသည် ထိုအရာကိုမြင်သောအခါ တစ်စုံတစ်ရာလွဲမှားနေကြောင်း ခံစားလိုက်မိသည်။ သို့သော် အစောလေးက သူ့အစ်ကိုနှစ်ပြောလိုက်သော စကားအား သူနားမလည်ကြောင်းကိုတော့ လုံးဝထုတ်ဖော်မပြသသင့်ကြောင်း သူသေချာသိနေခဲ့၏။ နဝမတောင်ထွတ်တွင် သူသာဉာဏ်အကောင်းဆုံးသူ ဖြစ်ပြီး အရာရာကိုနားလည်သည်ဟု ကိုယ့်ကိုယ်ကိုအကြိမ်ကြိမ် ပြန်ပြောနေလိုက်သည်။ ထို့ကြောင့်ပင် မေးကိုမော့၍ ရင်ဘတ်ကိုပုတ်လိုက်ပြီး အစ်ကိုနှစ်ကိုခေါင်းညိတ်ပြလိုက်သည်။
မကြာမီမှာပင် အစ်ကိုနှစ်၏မျက်နှာပေါ်၌ လေးနက်သောအမူအယာတစ်ခု ဖြစ်ပေါ်လာသည်။ တစ်စုံတစ်ခု ပြောလိုဟန်ဖြင့် ဟူကျီ၏ပုခုံးကိုပုတ်လိုက်သော်လည်း အဆုံးတွင်တော့ သက်ပြင်းရှည်ကြီးတစ်ခုသာ ချလိုက်ပြီး သူ့မျက်နှာပေါ်ရှိ လေးနက်သောအမူအယာကို လေးစားသောအမူအယာက အစားထိုးသွားချေသည်။
ဟူကျီ၏နှလုံးသားထဲမှ စိတ်မတည်ငြိမ်မှုသည် ပိုမိုပြင်းထန်လာသော်လည်း သူ့မျက်နှာပေါ်တွင်တော့ အေးဆေးတည်ငြိမ်သောအမူအယာကိုသာ ထိန်းသိမ်းထားလေသည်။
ကျီချဲသည် စင်မြင့်ထက်တွင် ခြေချိတ်ထိုင်နေပြီး ငြိမ်သက်နေဆဲပင်ဖြစ်သည်။ အနက်ရောင်မြားမှ စိတ်တစ္ဆေအရှိန်အဝါသည် သူ့ညာခြေထောက်ကို ဝန်းရံဖုံးအုပ်ထားပြီး သူ့မျက်နှာပေါ်မှ အနည်းငယ်သော သွေးရောင်လွှမ်းမှုသည်လည်း အလျင်အမြန်ပျောက်ကွယ်လာနေသည်။
ဟူကျီ၏ ပုခုံးများကို အစ်ကိုနှစ်ပုတ်လိုက်ချိန်မှာပင် စုမင် ပိုင်စုကိုလှည့်ကြည့်လိုက်သည်။
“အခု ငါတို့သုံးယောက်ကို မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဆီ လမ်းပြပေးတော့မှာလား”
စုမင်အသံက တည်ငြိမ်နေသည်။ သို့သော် သူ့ညာမျက်လုံးအတွင်းမှ သတ်ဖြတ်ခြင်းအရှိန်အဝါနှင့် ဘယ်မျက်လုံးအတွင်းမှ အေးဆေးတည်ငြိမ်မှုနှစ်ခုသည် အတူတကွယှဉ်တွဲပေါင်းစပ်နေသောအခါ ထူးဆန်းသောခံစားချက်တစ်ခုကို ဖန်တီးထားပြီး မြင်လိုက်ရသူတိုင်းအား စိတ်ဝိညာဉ်ထဲမှပင် တုန်လှုပ်သွားစေနိုင်လေသည်။
ပိုင်စု ခေါင်းငုံ့လျက် အချိန်ခဏကြာ ငြိမ်သက်နေမိပြီးမှ စုမင်ကိုမော့ကြည့်လိုက်သည်။ ထို့နောက် သိမ်မွေ့စွာခေါင်းညိတ်ပြလိုက်သည်။
သူမခေါင်းညိတ်လိုက်သည်နှင့် စုမင်က လျှောက်လာပြီး သူမခါးကို သူ့လက်ဖြင့် ရစ်ပတ်လိုက်သဖြင့် ပိုင်စုထံမှ အံ့အားသင့်စွာအော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူမအား တင်းတင်းကြပ်ကြပ် ကိုင်ထားရင်းမှပင် စုမင်သည်အလင်းတန်းရှည်တစ်ခုအသွင် ပြောင်း၍ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
ပိုင်စု၏ အမြင်အာရုံကဝေဝါးသွားပြီး မြင်ကွင်းများကလည်း ဝိုးတဝါးဖြစ်သွားခဲ့သည်။ သူမနှလုံးသားက ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်လာသည်။ အမျိုးသားတစ်ဦးပိုင်ဆိုင်သော အငွေ့အသက်က သူမနှာခေါင်းထဲသို့တိုးဝင်လာခဲ့သည်။ ပိုင်စုတစ်ယောက် သူမ၏ ကိုယ်ပိုင်နှလုံးခုန်သံကိုသာ ကြားနေရရုံမက စုမင်၏နှလုံးခုန်သံကိုလည်း ခံစားနေမိလေသည်။
ထိုထူးဆန်းသောခံစားချက်က ပိုင်စုပါးတို့ကို နီရဲလာစေသည်။ စစ်မာရှင်းနှင့်အတူရှိချိန်တွင်တောင် သူမတို့က အများဆုံးလက်ကိုင်ခြင်းသာ ဖြစ်သည်။ စစ်မာရှင်း၏ စိုးရိမ်ပူပန်မှုများနှင့် ပိုင်စု၏စိတ်လှုပ်ရှားမှုများကြောင့် သူမတို့သည် လက်ကိုင်ခြင်းမှအပ မပိုခဲ့ပေ။
စုမင်သည် ပိုင်စုကိုပွေ့ကိုင်၍ ကောင်းကင်သို့ပျံတက်သွားပြီးသောအခါ ဟူကျီသည် ဝိုင်အိုးထဲမှ ပါးစပ်အပြည့်တစ်ငုံခန့်သောက်လိုက်ပြီး ရူးသွပ်သောမျက်နှာအမူအယာဖြင့် သူတို့နောက်မှလိုက်ပါလိုက်သည်။
အစ်ကိုနှစ်၏မျက်နှာသည် နူးညံ့သိမ်မွေ့နေဆဲပင်ဖြစ်ပြီး နှုတ်ခမ်းများထက်မှ အပြုံးလေးတစ်ခုနှင့်အတူ လက်များကိုနောက်ပစ်လျက် ကောင်းကင်သို့ လျှောက်လှမ်းလာခဲ့သည်။ သူခြေချလိုက်ချိန်တိုင်းတွင် လေထဲတွင် မှန်ဖျော့ဖျော့အလင်းတစ်ခု တောက်ပသွားသည်။ သူ့အမြန်နှုန်းကိုတိုးမြှင့်လိုက်သည်နှင့် ထိုအရာက ကောင်းကင်ကိုပိုင်းဖြတ်နေသည့် အစိမ်းရောင်အလင်းတန်းတစ်ခုသဖွယ် ဖြစ်ပေါ်လာခဲ့သည်။
ထိုသုံးယောက်နောက်မှ အနက်ရောင်မီးခိုးမြူအစုအဝေးတစ်ခု လိုက်ပါလာခဲ့သည်။ ထိုအနက်ရောင်မြူများက လွင့်မျောနေပြီး မည်သူမှ အလွယ်တကူရှာမတွေ့နိုင်ပေ။ သို့သော် ထိုအရာကိုသတိပြုမိ၍ အနီးကပ်စစ်ဆေးကြည့်ရှုလိုက်မည်ဆိုလျှင်တော့ ထိုမီးခိုးမြူများအတွင်းမှ တုန်လှုပ်ဖွယ် သွေးဆာရက်စက်မှုတစ်ခုကို တွေ့ရပေလိမ့်မည်။
ထိုဝိုးတဝါးအနက်ရောင်မီးခိုးမြူများသည် အကြီးဆုံးအစ်ကိုကြီးပိုင်ဆိုင်သော ကျွန်၃၀၀ထဲမှ တစ်ဦးပင်ဖြစ်သည်။
သူသည် သူ့သခင်ငယ်လေး၏ အမိန့်များအတိုင်း သခင်ငယ်လေး၏ ဂျူနီယာညီလေးများကိုကာကွယ်ရန် လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ အချိန်ကျလာခဲ့လျှင်တော့ သူတို့မျိုးနွယ်စု၏ အသန်မာဆုံးပညာရပ်ဖြစ်သော... တားမြစ်ကျိန်စာကို အသုံးပြုရပေလိမ့်မည်။
ထိုမီးခိုးမြူအစုအဝေး၏ နောက်တွင်တော့ မီးခိုးမြူများအတွင်းမှ အစ်ကိုကြီး၏ ကျွန်ပင်သတိမထားမိသည့် ဝတ်ရုံအဖြူနှင့်အဘိုးအိုတစ်ဦး လိုက်ပါလာခဲ့သည်။ ထိုအဘိုးအိုသည် စိတ်လှုပ်ရှားနေသော မျက်နှာအမူအယာဖြင့် လက်များကိုအဆက်မပြတ်ပွတ်သပ်နေချေသည်။ အဘိုးအိုသည် သိလိုစိတ်ပြင်းပြစွာ နောက်မှလိုက်လာရင်းဖြင့် တစ်ခါတစ်ရံတွင် အင်္ကျီလက်များကိုခေါက်တင်လိုက်ရာ သေးသွယ်သောပိန်ခြောက်ခြောက်လက်မောင်းများ ပေါ်လာခဲ့သည်။
“သူတို့က သွားတိုက်ခိုက်ကြတော့မှာလား။ အဲဒါက ပျော်စရာကောင်းတော့မှာပဲ။ စတုတ္ထလေးက မတုံးအဘူးပဲ။ အနည်းဆုံးတော့ သူကတစ်ယောက်တည်း မတိုက်ခိုက်ဖို့ သိသေးတယ်။ အုပ်စုဖွဲ့တိုက်ပွဲတွေကသာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ တိုက်ပွဲတွေ။ သူတို့နောက်က ငါလိုက်လာတယ်ဆိုတာ သူတို့သိသွားလို့မဖြစ်ဘူး။ အဲလိုဆိုရင် ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းလိမ့်မယ်”
“ဒါပေမယ့် ဒီကြွက်စုတ်လေးတွေက ငယ်ငယ်တုန်းက ငါ့ကိုတော့မယှဉ်နိုင်ဘူး။ အုပ်စုဖွဲ့တိုက်ရမယ်ဆိုတာကိုတောင် သိနေရင်၊ မျက်နှာဖုံးစွပ်ပြီး တိုက်သင့်တယ်ဆိုတာကို သူတို့ဘာလို့သိမနေရတာလဲ”
ဟုတ်ချေသည်။ ထိုအဘိုးအိုက ထျန်းရှဲ့ကျီပင်ဖြစ်သည်။ သူ့မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေသောအမူအယာအပြင် သူ့ထံတွင် မျိုသိပ်ထားသောစိတ်လှုပ်ရှားမှုတစ်ခုလည်း ရှိနေသေးပေသည်။ သို့သော် မကြာမီမှာပင် သူ့မျက်နှာပေါ်၌ သဘောမကျသော မကျေမနပ်ဖြစ်ဟန်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤအရာသည် နှစ်ပေါင်းများစွာကြာပြီးနောက်မှ ပထမဆုံးအကြိမ်အဖြစ် နဝမတောင်ထွတ်တစ်ခုလုံး အတူတကွအပြင်ထွက်လာခဲ့ခြင်း ဖြစ်သည်။
မြောက်ပိုင်းနယ်စပ်ဆီသို့ သူတို့အတူတကွဦးတည်ခဲ့ကြသည်။
အကယ်၍ မြောက်ပိုင်းနယ်စပ်၏ မြားနက်မာန်စွမ်းအားရှင် ကျိုးကောသည်သာ သူကျီချဲကို ထိခိုက်ဒဏ်ရာရစေလိုက်ခြင်းသည် နဝမတောင်ထွတ်မှ ဆရာ၊တပည့် မွန်းစတားများ ထွက်ပေါ်လာစေလိမ့်မည်ဟူသည့် ယခုလိုရလဒ်မျိုး ယူဆောင်လာလိမ့်မည်ဖြစ်ကြောင်း သိရှိခဲ့မည်ဆိုလျှင် ဖြစ်နိုင်သည်မှာ သူကျီချဲကိုတွေ့သည်နှင့် ချက်ချင်းလှည့်ထွက်သွားပြီး အနှောင့်အယှက်တောင် ပေးခဲ့လိမ့်မည်မဟုတ်ပေ။
“အေးခဲကောင်းကင်ကလန်ကနေ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဆီရောက်ဖို့ တစ်ရက်ကြာတယ်။ သူတို့နှစ်ခုလုံးက ရေခဲပြင်တွေပေါ်မှာပဲ ရှိနေတယ်ဆိုပေမယ့် မတူကွဲပြားကြတယ်။ သူတို့မျိုးနွယ်စုက ရေခဲတောင်တွေ၊ ရေခဲမြစ်တွေပေါ်မှာတည်ထားတာမဟုတ်ဘူး။ ဆီးနှင်းပြင်ပေါ်မှာ တည်ထောင်ထားကြတာ”
လေထုထဲတွင် သူမအား စုမင်ပွေ့ကိုင်ပျံသန်းနေရင်းမှ သူမအရိုးများအတွင်း စိမ့်ဝင်လာသောအေးစက်မှုများကို ပိုင်စုခံစားနေရသည်။ သူမ တုန်ယင်သွားမိပြီးနောက်တွင် သူမထံသို့ရောက်လာသော စုမင်ခန္ဓာကိုယ်မှ အနွေးဓာတ်ကိုချက်ချင်းခံစားလိုက်မိ၏။
ဝန်းရံနေသော ထိုအနွေးဓာတ်ကြောင့် လေအေးများသည်ပင် နူးညံ့သိမ်မွေ့သွားပုံပေါ်သည်။ ပိုင်စုပါးများသည် ရှက်ရွံ့မှုကြောင့်နီရဲသွားပြီး အသံတိုးတိုးဖြင့် စကားပြောလိုက်ပြီးမှ ခဏတာပြန်လည်တိတ်ဆိတ်သွားသည်။ စုမင်နှင့်အခြားသူများအား အသေးစိတ်ပြင်တင်မှုများ ပြုလုပ်ရာတွင်ကူညီနိုင်ရန် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုနှင့် ပက်သက်၍ သူမမှတ်မိသမျှအရာအားလုံးကို ပြန်လည်စဉ်းစားနေခြင်းဖြစ်သည်ဟု ပြော၍ရပေသည်။
“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက အရမ်းကြီးမားပြီးတော့ မြို့တစ်ခုလိုပဲ။ ဒါပေမယ့် အဲဒါရဲ့ပတ်လည်မှာ မြို့ရိုးနံရံတွေတော့မရှိဘူး။ သူတို့ရဲ့အိမ်တွေလုပ်ဖို့ ရေခဲကိုပဲသုံးကြတယ်... မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက လူတွေအတွက်တော့ ရေခဲနဲ့နှင်းဆိုတာ သူတို့ဘဝတွေရဲ့ အစိတ်အပိုင်းဖြစ်လို့ အဲဒါကို သူတို့ဘဝတွေထဲက ပိုင်းခြားသွားမှာစိုးလို့ မြို့ရိုးနံရံတွေမဆောက်နိုင်ကြတာ”
“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုရှေ့မှာ ဧရာမရုပ်တုကြီးနှစ်ခုရှိတယ်။ အဲဒီရုပ်တုနှစ်ခုက ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးဝိညာဉ်ကြီးနှစ်ခု တိုက်ခိုက်နေတဲ့ပုံစံကို ထွင်းထုထားတာ။ သူတို့ခန္ဓာကိုယ်ကြီးတွေက မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုအတွက် ဂိတ်တံခါးပဲ”
လေတိုးသံများထဲတွင် ပိုင်စုအသံက ပဲ့တသ်ထပ်နေခဲ့သည်။ သူမအသံက စုမင်နားထဲသို့သာ ဝင်ရောက်လာခြင်းမဟုတ်ပဲ ဟူကျီနှင့် အစ်ကိုနှစ်တို့ပါ ကြားနေရလေသည်။
“အတိတ်မှာတုန်းက မာန်ဝိညာဉ်နယ်ပယ်က မာန်စွမ်းအားရှင်တွေလောက်သန်မာတဲ့ မြားစိမ်းမာန်စွမ်းအားရှင်သုံးဦး ရှိခဲ့တယ်လို့ ပြောကြတယ်။ သူတို့အထဲကတစ်ယောက်ဆိုရင် ခရမ်းရောင်မြားဆီကိုတောင် လမ်းတစ်ဝက်ရောက်နေပြီတဲ့”
“အဲဒီအစွမ်းထက်မျိုးနွယ်စုက မျိုးနွယ်စုကြီးတစ်ခု မဟုတ်ခဲ့ပေမယ့်၊ သူတို့ကို မျိုးနွယ်စုကြီးတွေ ကြောက်ရွံ့ရတဲ့အထိ လုံလောက်အောင်သန်မာခဲ့တယ်။ အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးကတောင် သူတို့ကိုနှိမ်နင်းဖို့ တန်ဖိုးကြီးကြီးပေးဆပ်ခဲ့ရတယ်။ သူတို့က ခရမ်းမြားမာန်စွမ်းအားရှင်ဖြစ်ဖို့ လမ်းတစ်ဝက်ရောက်နေတဲ့ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုရဲ့ အကြီးအကဲကိုသတ်ခဲ့ပြီး မြားစိမ်းမာန်စွမ်းအားရှင်နှစ်ယောက်ကိုလည်း သတ်ပစ်ခဲ့တယ်။ ပြီးတော့ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုကို အနိုင်ယူပြီး မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုလို့ နာမည်ပြောင်းပစ်ခဲ့တယ်”
“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုထဲမှာ တစ်ဦးတည်းကျန်ခဲ့တဲ့ မာန်ဝိညာဉ်နယ်ပယ်အဆင့်ကိုရောက်နေတဲ့ အစွမ်းထက်မာန်စွမ်းအားရှင်က အတိတ်တုန်းက မျိုးနွယ်စုရဲ့စစ်သည်တော်ခေါင်းဆောင် ဖြစ်ခဲ့တယ်။ အဲဒီလူက သေခြင်းတရားကနေ ဆံခြည်တစ်မျှင်စာ ကပ်ပြီးလွတ်လာခဲ့ပေမယ့် အသက်စွမ်းအားတွေ အများကြီးကုန်ဆုံးခဲ့ရလို့ မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်... မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက အခုချိန်မှာ အတိတ်တုန်းကလောက် မသန်မာတော့ဘူးဆိုပေမယ့် သူတို့ကိုအထင်သေးလို့တော့ မရဘူး”
“အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးရဲ့ လက်အောက်ခံအခွဲကြီးလေးခုထဲက တစ်ခုဖြစ်လို့၊ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုမှာ သူတို့ကိုကာကွယ်ပေးနေတဲ့ မာန်ဝိညာဉ်နယ်ပယ်က အစွမ်းထက်မာန်စွမ်းအားရှင်တွေရှိနေမှာ အသေအချာပဲ။ အတိတ်မှာတုန်းက အဲဒီလက်အောက်ခံအခွဲတွေရဲ့ အကြီးအကဲတွေက သူတို့ရိုးရေစတေးနယ်ပယ် ကြီးမြတ်သောပြည့်စုံဆင့်ကို ရောက်ခဲ့ရင် အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးဆီမှာ သွားလေ့ကျင့်ရတယ်။ သူတို့ မာန်ဝိညာဉ်နယ်ပယ်ကို ရောက်တဲ့အချိန်မှ အကြီးအကဲဆိုတဲ့ဘွဲ့ကို ပေးအပ်ခံရတာ”
“နှစ်ပေါင်း၂၀၀၀ကျော်အထိ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုမှာ ဦးဆောင်တဲ့အကြီးအကဲ မရှိခဲ့ဘူး။ ဒါပေမယ့် ကျွန်မ မှတ်မိတာကတော့ ဖတ်ဖူးတဲ့ ရှေးဟောင်းစာလိပ်တွေထဲက တစ်ခုမှာ လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကျော်လောက်က မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုထဲမှာ အေးခဲကောင်းကင်က အသိအမှတ်ပြုပေးခဲ့တဲ့ အကြီးအကဲတစ်ယောက် ပေါ်ပေါက်လာခဲ့တယ်တဲ့”
“အဲလူနာမည်က မော့ရှန်း...” ပိုင်စု အလျင်အမြန်ရှင်းပြလိုက်သည်။
သူတို့လေးဦး ရှေ့သို့ဆက်လက်ချီတက်ရင်းဖြင့် နေ့တစ်ဝက်ခန့် ကုန်လွန်သွားခဲ့သည်။ မြေပြင်အား အဖြူရောင်များ ဖုံးအုပ်ထားပြီး အဆုံးကိုပင်မမြင်နိုင်ပေ။ သူတို့မြင်နေရသမျှ အရာအားလုံးသည် ရေခဲနှင့်နှင်းများဖြင့် ပြည့်နေသော ကောင်းကင်နှင့်မြေပြင်သာ ဖြစ်သည်။
သူတို့သည် ကောင်းကင်တွင် ပျံသန်းလာရင်းဖြင့် လူတစ်ဦးတစ်ယောက်ကိုမှ မတွေ့မြင်ရသလောက်ပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် သက်ရှိသတ္တဝါများ မရှိတော့သည့်အလားပင် ဖြစ်ပြီး တစ်ခုတည်းသောကျန်ရှိနေသည့် အရာမှာ သူတို့အုပ်စုသာဖြစ်သည်။
မြေပြင်တွင်လည်း တစ်စုံတစ်ဦးလျှောက်လှမ်းသွားသကဲ့သို့ လမ်းကြောင်းမျိုးရှိမနေခဲ့ပေ။ ဤရေခဲများ၊ နှင်းများ၊ တောင်တန်းများနှင့် လွင်ပြင်များပြည့်နှက်နေသည့် နယ်မြေတွင် သာမန်လူတစ်ဦးသာ ရုန်းကန်သွားလာမည်ဆိုလျှင် ထိုသူများသည်လည်း သေချာပေါက်သေဆုံးသွားပေလိမ့်မည်။
လေတိုးသံများက တစ္ဆေသရဲများ အော်ဟစ်နေသကဲ့သို့ ဝံပုလွေများ ဟိန်းဟောက်နေသကဲ့သို့ပင်။ မြေပြင်ထက်တွင် နှင်းမုန်တိုင်းများလည်း ရံဖန်ရံခါဖြစ်ပေါ်လာတတ်ပြီး မြေပြင်ပေါ်ရှိနှင်းများကို ရွေ့လျားစေရင်း အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားသဖြင့် ကြည့်ရှုရန်ပင် ထိတ်လန့်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
ဤအရာက အဖြူရောင်ကမ္ဘာတစ်ခု ဖြစ်သည်။ ဤအရာသည် ရေခဲနှင့်နှင်းများ၏ ကမ္ဘာလောကဖြစ်ပြီး အခြားအရောင်များ မတွေ့ရသည့် ကမ္ဘာတစ်ခု ဖြစ်သည်။
“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုထဲမှာ အကြီးအကဲမော့ရှန်းအပြင် တစ်ခြားအကြီးအကဲလေးယောက် ရှိသေးတယ်။ သူတို့က စစ်သည်တော်ခေါင်းဆောင်၊ အမဲလိုက်ခေါင်းဆောင်၊ စိတ်တစ္ဆေတူညီနဲ့ နတ်ဆိုးဝိညာဉ်ခေါင်းဆောင်တို့တွေ။ သူတို့က မာန်ဝိညာဉ်နယ်ပယ်ကို မရောက်သေးပေမယ့် ရောက်ဖို့သိပ်မဝေးတော့ဘူး...အထူးသဖြင့်တော့ သူတို့အထဲကမှ စိတ်တစ္ဆေတူညီကို ပိုဂရုစိုက်ရလိမ့်မယ်”
“သူနဲ့ပက်သက်ပြီး လူတွေသိပ်မကြားဖူးတဲ့ ကောလဟာလတစ်ခုရှိတယ်။ အဲဒီဒဏ္ဍာရီကို ကျိုးပဲ့နေတဲ့ ရှေးဟောင်းစာလိပ်တစ်ခုထဲကနေ ကျွန်မဖတ်ခဲ့ရတာ။ တောင်ပိုင်းအရုဏ်ဦးကုန်းမြေမှာ သူတို့မျိုးနွယ်စုစပေါ်ထွက်လာတည်းကစလို့ အခုချိန်ထိ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ စိတ်တစ္ဆေတူညီမျက်နှာကို ဘယ်သူမှမမြင်ဖူးခဲ့ဘူးလို့ ပြောကြတယ်။ သူ့အဝတ်အစား၊ သူ့အသံနဲ့ သူ့အပြုအမူလုပ်ရပ်တွေကိုလည်း ဘယ်သူမှမမြင်ဖူးခဲ့ဘူး”
“ဒီနှစ်တွေမှာ သူကလူတွေကြားထဲ နေရာတစ်နေရာ ဖန်တီးထားနိုင်ခဲ့ပြီး အဲဒါကြောင့် ဒီကောလဟာလထွက်လာခဲ့တာ။ စိတ်တစ္ဆေကပ်ဆိုးရဲ့ စိတ်တစ္ဆေတူညီက ဘယ်တော့မှ သေဆုံးမှာမဟုတ်သလို၊ ဘယ်တော့မှလည်းဖျက်ဆီးခံရမှာမဟုတ်ဘူးတဲ့။ စိတ်တစ္ဆေတူညီက ထာဝရရှင်သန်နေမယ့် လူတစ်ဦးပဲ”
လူသုံးဦးနားအတွင်း ပဲ့တင်ထပ်နေသော ပိုင်စုအသံက တည်ငြိမ်နေခဲ့သည်။ လေတိုးသံများကြားတွင် သူမစကားပြောလိုက်သောအခါ သူမ၏စကားလုံးများထဲသို့ ထူးခြားဆန်းကြယ်မှုတစ်ခု ထပ်မံပေါင်းစပ်ပါဝင်လာသကဲ့သို့ပင်။
“အငယ်ဆုံးလေး၊ ဒီလုံမလေးက တော်တော်သိတာပဲ။ အဲဒါ... ကောင်းတယ်”
အစ်ကိုနှစ်၏နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာပြီး ပိုင်စုကို အသိအမှတ်ပြုသည့်အနေဖြင့် လှမ်းကြည့်လိုက်သည်။
စုမင်၏ ရင်ခွင်ထဲတွင်အပိုက်ခံထားရရင်းမှပင် ပိုင်စု အစ်ကိုနှစ်ကိုအလျင်အမြန် ပြန်ပြုံးပြလိုက်သည်။
“ချီးကျူးမှုအတွက်... ကျေးဇူးတင်ပါတယ် ဆရာဦးလေး။ ကျွန်မက စာဖတ်ရတာကို သဘောကျရုံပါ”
“အငယ်ဆုံးလေး ခေါ်သလိုပဲ မင်းငါ့ကို အစ်ကိုနှစ်လို့ခေါ်လို့ရပါတယ်” အစ်ကိုနှစ်က အပြုံးလေးတစ်ခုဖြင့် ပြောသည်။
ပိုင်စုမျက်နှာက ရှက်ရွံ့မှုကြောင့် နောက်တစ်ကြိမ်နီရဲသွားပြန်သည်။ ဘာကြောင့်မှန်းမသိသော်လည်း ဒီနေ့တစ်နေ့တည်းမှာတင် သူမတော်တော်ရှက်ရွံ့နေမိချေသည်။
“ဘာလို့အဲဒီမှာ မျိုးနွယ်စုခေါင်းဆောင်မရှိတာလဲ” စုမင်ရုတ်တရက်မေးလိုက်သည်။
ဤအရာက အစ်ကိုနှစ်မေးချင်နေသော အရာအတိအကျပင်ဖြစ်သည်။ ဟူကျီကတော့ ဝိုင်ကိုသာ ဆက်သောက်နေပြီး အရှေ့သို့သာ မြဲမြဲမြံမြံစိုက်ကြည့်နေပြီး ရံဖန်ရံခါတွင် နှုတ်ခမ်းများကိုသပ်လျက် ရိုင်းစိုင်းမှုအရိပ်အယောင်တစ်ခု ထုတ်ဖော်ပြသနေခဲ့သည်။ သူ့စိတ်ထဲတွင်တော့ သူနှင့်ဆုံခဲ့သမျှလူအားလုံးကို ရိုက်နှက်ခဲ့ပြီး အချိန်တန်လျှင် ထိုလူများနှင့် မည်သို့တိုက်ခိုက်ရမည်လဲဆိုသည်ကို သတိပေးနေလေသည်။
သူ့အတွက်တော့ ထိုအရာက ဉာဏ်ကောင်းသူများ လုပ်သင့်သောအရာပင်ဖြစ်သည်။
“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက စိတ်တစ္ဆေကပ်ဆိုး မျိုးနွယ်စုအဖြစ် ရှိနေခဲ့တဲ့အချိန်တုန်းက သူတို့ရဲ့ဘိုးဘေးတွေချန်ထားခဲ့တဲ့ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းထားတုန်းပဲ။ သူတို့မှာ မျိုးနွယ်စုခေါင်းဆောင်မရှိဘူး။ သူတို့မျိုးနွယ်စုခေါင်းဆောင်က အကောင်အထည်မရှိတဲ့အရာတစ်ခုပဲ။ သူက ကမ္ဘာပေါ်က ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးဝိညာဉ်တစ်ခုလို့ ကျွန်မကြားဖူးတယ်။ ဒါပေမယ့် စိတ်ကူးဝါဒသက်သက်ပါပဲ”
စုမင်စိတ်ထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာသည်။ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုနှင့် ဆက်စပ်နေသော အကြောင်းတရားများ အထူးသဖြင့် မျိုးနွယ်စုခေါင်းဆောင်အကြောင်း ကြားလိုက်ချိန်တွင် သူ့ခေါင်းထဲ၌ ပထမဆုံးပေါ်လာသောအရာသည် ဖွတ်လူရိုင်းမျိုးနွယ်စုမှ အဘိုးအိုဆင့်ခေါ်ခဲ့သော ဧရာမဖွတ်ကြီးပင် ဖြစ်သည်။
ဧရာမဖွတ်ကြီးသည်လည်း မျိုးနွယ်စုတစ်ခု၏ အထွတ်အမြတ်သားရဲ သင်္ကေတတစ်ခုသာ ဖြစ်သည်။
“မြောက်ပိုင်းနယ်စပ်... စိတ်တစ္ဆေကပ်ဆိုး...”
စုမင်မျက်လုံးများ စူးရှတောက်ပသွားသည်။
ဤပုံစံအတိုင်းပင် အချိန်များ ဖြည်းဖြည်းချင်းကုန်ဆုံးလာခဲ့သည်။ သူတို့၏အရှိန်နှုန်းများ တိုးမြှင့်ခဲ့ပြီး နေဝင်ရီတရောအချိန်သို့ ရောက်လာပြီးချိန်တွင် ပိုင်စုအသက်ရှူသံများက ရုတ်တရက်လျင်မြန်သွားခဲ့သည်။
“ကျွန်မတို့ ရောက်ပြီ...”
***