အခန်း (၂၃၂)
Vol. 24 Ch. 232
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၃၂)
" ကျောက်နိုင်ငံက မရှိတော့ဘူး။ လက်နက်ချစစ်သည်တွေကို စစ်ဆေးတာနဲ့ ပြန်လည်ဖွဲ့စည်းတာအပြင် ကျောက်နယ်မြေကို အုပ်ချုပ်ဖို့ အရည်အချင်းရှိတဲ့ အရာရှိတွေလည်း လိုအပ်တယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" အရှင်မင်းကြီး " ဟန်ဖေးက ရှေ့သို့ တိုးပြီး ပြောလိုက်သည်။ " ယင်ချွမ်ခရိုင်က ချင်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်တာ နှစ်နှစ်ကျော်ပြီဆိုတော့ အခုဆိုရင် လုံးဝ တည်ငြိမ်မှုရှိနေပါပြီ။ ဒါပေမယ့် ဒီလောက်ကျယ်တဲ့ နယ်မြေကို ခရိုင်တစ်ခုတည်း အုပ်ချုပ်ရတာက အရမ်းကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ "
" အဲ့ဒါကြောင့် နယ်မြေကို ခွဲထုတ်ဖို့ ကျွန်တော်မျိုး အကြံပြုချင်ပါတယ်။ ဥပမာ ဟန်နယ်မြေကို အုပ်ချုပ်ရေးအတွက် ခရိုင်သုံးခုအဖြစ် ခွဲထုတ်နိုင်ပါတယ်။ "
" မင်း ဒါကို အရင်က ပြောဖူးတာပဲ။ " ရင်ကျန့်က ဟန်ဖေးကို ပြောလိုက်သည်။ " မင်းအကြံပြုတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ယင်ချွမ်းကို ခရိုင်သုံးခု ခွဲလိုက်ပါ။ မင်းကိုယ်တိုင် အဲ့ဒီခွဲထုတ်မှုက အသေးစိတ်ကို ကြီးကြပ်ရမယ်။ "
" ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါမယ်။ " ဟန်ဖေးက ချက်ချင်း ဦးညွှတ်လိုက်သည်။
" အရှင်မင်းကြီး။ " ဝမ်ဝမ်က ရှေ့တိုးလာသည်။ " ကျောက်နယ်မြေကို အုပ်ချုပ်ဖို့ မီလီနဲ့ မန်ချူးတို့ကို ကျွန်တော်မျိုး အကြံပြုပါတယ်။ သူတို့က ဒီအရေးကြီးတဲ့တာဝန်ကို သေချာပေါက် ထမ်းဆောင်နိုင်ပါလိမ့်မယ်။ "
" ဒီတာဝန်အတွက် ကျွန်တော်မျိုးက ယောင်ကျားကို အကြံပြုချင်ပါတယ်။ " လီစီကလည်း ချက်ချင်း ပြောလိုက်သည်။
ထိုအချိန်တွင် ဟန်ဖေးကလည်း ရှေ့ထွက်လာပြီး ပြောလိုက်သည်။ " ကျွန်တော်မျိုးက အရှင်မင်းကြီးကို အမှုထမ်းဖို့ ချင်ကို ဝင်ရောက်လာကတည်းက နိုင်ငံအတွက် ကိစ္စရပ်တွေကို စီမံခန်ခွဲခဲ့ပေမယ့် ဒါတွေက အရှင်မင်းကြီးရဲ့ ကျေးဇူးတရားကို ပြန်ဆပ်ဖို့ မလုံလောက်သေးပါဘူး။ ကျောက်နယ်မြေကို သွားရောက်အုပ်ချုပ်တဲ့နေရာမှာ အရှင်မင်းကြီးကို ကူညီပေးချင်ပါတယ်။ "
ဟန်ဖေး၏ စကာများကို ကြားသောအခါ ဝမ်ဝမ်နှင့် လီစီတို့က သူကို လှည့်ကြည့်လိုက်ကြသည်။ သူက ထိုကိစ္စတွင် ပါဝင်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။ သူတို့သာမက ရင်ကျန့်ပင် အတော်လေး အံ့အားသင့်သွားခဲ့သည်။
ဟန်ဖေးက ချင်တွင် အမှုထမ်နေခဲ့သော်လည်း အမြဲတမ်း အေးအေးဆေးဆေး နေခဲ့ပြီး လိုအပ်သည်ထက် ပိုလုပ်သည်မျိုးမရှိခဲ့ပေ။ သူက မည်သူနှင့်မှ အပြိုင်အဆိုင် မလုပ်ဘဲ ပေးအပ်သောတာဝန်များကိုသာ ပြီးမြောက်အောင် လုပ်လေ့ရှိသည်။ သို့သော် လူတိုင်းက ဟန်ဖေး၏ အရည်အချင်းများအပေါ် သံသယဝင်ခြင်းမရှိကြပေ။
" ကျောက်နယ်မြေကို အုပ်ချုပ်ဖို့ မင်းမှာ အရည်အချင်း အပြည့်အဝရှိတယ်။ ဒါပေမယ့် ကျောက်နယ်မြေက ကျယ်ပြောပြီး လူဦးရေသန်ပေါင်းများစွာ ရှိတယ်။ လူတစ်ယောက်တည်း အုပ်ချုပ်ဖို့က အတော်လေး ဝန်ကြီးလိမ့်မယ်။ ငါမင်းကို ကျောက်နယ်မြေကို အုပ်ချုပ်ဖို့ ခွင့်ပြုတယ်။ ဒါပေမယ့် တိုက်နယ်မြေကို အုပ်ချုပ်ဖို့ လူတစ်ယောက်လိုသေးတယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။ ၏
" ခမည်းတော် " ဖုစုက ရုတ်တရက် ရှေ့ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ " သားတော်ကို တိုက်နယ်မြေ အုပ်ချုပ်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ "
ဖုစုက တက်ကြွစွာဖြင့် ပြောလိုက်သည်။ သူ၏ ဘေးတွင် ရှိသော ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က စိုးရိမ်တကြီး ဖြစ်သွားကြပြီး ဖုစုကို ရပ်တန့်ရန် အချက်ပြလိုက်ကြသည်။ အကြီးဆုံးတော်ဝင်သားတော်အနေဖြင့် ထိုသို့ တောင်းဆိုခြင်းက ကိုယ်ကိုကိုယ် နှိမ့်ချရာရောက်ပေသည်။ လူတိုင်းက သူ့ကို အိမ်ရှေ့စံဖြစ်လာရန် အလားအလာ အရှိဆုံးဟု သတ်မှတ်ထားပြီး သူ၏ အခြေအနေကို ပိုမိုခိုင်မာအောင် ကြိုးစားသင့်ပေသည်။
နယ်မြေတစ်ခုကို အုပ်ချုပ်ခြင်းက အမတ်တစ်ယောက်၏ တာဝန်ဖြစ်ပြီး မင်းသား၏ တာဝန်မဟုတ်ပေ။ သူ၏ တာဝန်မှာ သူ့ကိုသူ မြှင့်တင်ရန် ဖြစ်ပြီး ချင်နိုင်ငံ၏ ညီလာခံတွင် ဗျူဟာများ ချမှတ်ရန် ဖြစ်သည်။
ရင်ကျန့်က ဖုစုကို ကြည့်လိုက်သော်လည်း သူ၏ အမူအရာက တည်ငြိမ်နေသည်။ ထို့နောက် သူက ဖုန်းကျယ်ကို ကြည့်လိုက်သည်။
" ဝန်ကြီးဖုန်း "
ဖုန်းမိသားစုတွင် အရည်အချင်းရှိသူ နှစ်ယောက်ရှိပြီး သူတို့က ဖုန်းချွီကျိနှင့် သူ၏ ညီဖြစ်သူ ဖုန်းကျယ်တို့ ဖြစ်ကြသည်။
" ကျွန်တော်မျိုး ရှိပါတယ်။ " ဖုန်းကျယ်က ချက်ချင်း ပြန်ပြောလိုက်သည်။
" ငါ တိုက်နယ်မြေကို အုပ်ချုပ်ဖို့ မင်းကို တာဝန်ပေးလိုက်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" ကျွန်တော်မျိုးကို ယုံကြည်ပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး အရှင်မင်းကြီးကို စိတ်ပျက်အောင် မလုပ်ပါဘူး။ " ဖုန်းကျယ်က အမိန့်ကို ချက်ချင်း လက်ခံလိုက်သည်။
ကျောက်နိုင်ငံ၏ အသစ်သိမ်းပိုက်ထားသော နယ်မြေများကို အုပ်ချုပ်ခြင်းက အရပ်ဘက်အရာရှိများအတွက် ကြီးမားသော စွမ်းဆောင်မှုတစ်ခု ဖြစ်သည်။ သူတို့ ပြန်ရောက်လာသည့်အခါ ရာထူးတိုးမြှင့်ခံရပြီး ဘွဲ့ထူများ ရရှိပေလိမ့်မည်။
" ကောင်းပြီ။ ဝန်ကြီးတို့ အကြံပြုထားတဲ့သူတွေကိုလည်း တာဝန်ပေးစရာရှိတယ်။ မီလီ၊ ယန်ကျား။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ ရှိပါတယ်။ " မီလီနှင့် ယန်ကျားတို့က စိတ်လှုပ်ရှားစွာဖြင့် ရှေ့ထွက်လာကြသည်။
" မီလီ မင်းက ဝန်ကြီးဖုန်းကို ကူညီဖို့ တိုက်နယ်မြေကို သွားရမယ်။ ယောင်ကျား မင်းက ဝန်ကြီးဟန်ကို ကူညီဖို့ ကျောက်နယ်မြေကို သွားရမယ်။ အခု ကျောက်နိုင်ငံကို သိမ်းပိုက်ပြီးပြီဆိုတော့ ဒီနယ်မြေနှစ်ခုကို လောလောဆယ် သီးခြားစီ အုပ်ချုပ်သွားမယ်။ "
" အရှင်းမင်းကြီးရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးကို ကျွန်တော်မျိုးတို့ အသက်နဲ့ရင်းပြီး ပြန်ဆပ်ပါမယ်လို့ ကျိန်ဆိုပါတယ်။ " မီလီနှင့် ယောင်ကျားတို့က တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" အာ ငါ အခုမှသတိရတယ်။ " ရင်ကျန့်က တစ်စုံတစ်ခုကို သတိရသွားပြီး ပြုံးလိုက်သည်။ " စစ်သူကြီးကျောက်ဖုန်းက အသက် ၁၆နှစ်မှာ စစ်ထဲဝင်ခဲ့ပြီး အခုဆိုရင် အသက်နှစ်ဆယ်နီးပါး ရှိနေပြီ။ ဒါပေမယ့် သူက အိမ်ကို တစ်ခါမှ မပြန်ရသေးဘူး။ အရင် ဟန်တန်မှာတုန်းက ကျောက်ကို သိမ်းပိုက်ပြီးရင် သူ့ကို ခွင့်ရက်ပေးမယ်လို့ ငါကတိပေးခဲ့တယ်။ "
" တရားရေးဝန်ကြီး ကျောက်ဖုန်းဆီ လူလွှတ်ပြီး ငါ သူ့ကို ခွင့်ရက်ပေးလိုက်ပြီလို့ အကြောင်းကြားလိုက်ပါ။ ဒါပေမယ့် ကျောက်နယ်မြေထဲက မြို့တွေအားလုံးကို အပိုင်သိမ်းပြီး လက်နက်ချစစ်သည်တွေ ပြန်လည်ဖွဲ့စည်းပြီးတဲ့အထိ သူ စောင့်ရဦးတယ်။ " ရင်ကျန့်က ယွီလျောင်ကို ကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးနားလည်ပါပြီ။ " ယွီလျောင်က ပြုံး၍ ပြန်ဖြေလိုက်သည်။
" ကောင်းပြီ။ ငါ့ရဲ့ ဝန်ကြီးတွေ ဘယ်သူတင်ပြစရာရှိသေးလဲ။ မရှိရင် ညီလာခံကို ဒီမှာပဲ ရပ်နားကြစို့။ " ရင်ကျန့်က ခန်းမကို ကြည့်ပြီး ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ ဖုစု၏ မျက်နှာတွင် စိတ်ပျက်သော အမူအရာ ပေါ်လာသည်။ သူ၏ ခမည်းတော်က သူ့ကို အခွင့်အရေး ပေးလိမ့်မည်ဟု သူက ထင်နေခဲ့သည်။
" တကယ်လို့ ခမည်းတော်သာ သားတော်ကို အခွင့်အရေးပေးခဲ့ရင် ကျောက်နယ်မြေကို တရားမျှတမှုနဲ့ အုပ်ချုပ်နိုင်တယ်ဆိုတာ သက်သေပြနိုင်လိမ့်မယ်။ " ဖုစုက သူ့ကိုသူ ယုံကြည်နေခဲ့သည်။ သို့သော် ရင်ကျန့်ကတော့ အစမှအဆုံး သူ့ကို မမြင်သည့်အလား သူ့ကို အခွင့်အရေး လုံးဝမပေးခဲ့ပေ။
" ကျွန်တော်မျိုးတို့မှာ တင်ပြစရာမရှိတော့ပါဘူး။ " ဝန်ကြီးများက ပြောလိုက်ကြသည်။
" ဒါဆို ညီလာခံရပ်နားမယ်။ " ရင်ကျန့်က ဘာမှမပြောတော့ဘဲ လက်ဝှေ့ရမ်းပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။
ကျန်းထိုင်နန်းတော်၏ နောက်ခန်းမထဲတွင် ရင်ကျန့်က သူ၏ လက်ထဲတွင် တော်ဝင်တံဆိပ်တုံးတစ်ခုကို ကိုင်ထားသည်။ သို့သော် ၎င်းက ချင်၏ တံဆိပ်တုံးမဟုတ်ဘဲ ကျောင်နိုင်ငံ၏ တံဆိပ်တုံး ဖြစ်သည်။
သူက စားပွဲတစ်ခုဆီသို့ လျှောက်သွားလိုက်ပြီး ၎င်းပေါ်တွင် ချီ၊ ချူ၊ ယန်၊ ကျောက်၊ ဝေနှင့် ဟန်ဟု ရေးထိုးထားသော သေတ္တာခြောက်လုံးရှိနေသည်။ ရင်ကျန့်က ကျောက်ဟု ရေးထိုးထားသော သေတ္တာကို ဖွင့်လိုက်သည်။ သူကိုင်ထားသော တော်ဝင်တံဆိပ်တုံးကို အတွင်းသို့ ထည့်လိုက်ပြီး အဖုံးကို ပိတ်လိုက်သည်။
ထိုအချိန်တွင် ရင်ကျန့်က မြေပုံပေါ်ရှိ ကျောက်နိုင်ငံ၏ အလံကို ဖယ်ရှားလိုက်ချိန်တွင် သူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။
" လေးခုပဲ ကျန်တော့တယ်။ ချင်ဘိုးဘေးတွေနဲ့ ဘုရင်ဟောင်းတွေ။ အရာအားလုံးက မကြာခင် ဖြစ်လာတော့မယ်။ တစ်လောကလုံးကို စုစည်းပြီး ဟွာရှကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်လိမ့်မယ်။ "
တိုက်နယ်မြေ၊ တိုက်မြို့။
ချင်စစ်တပ်က မြို့အနှံ့ ကင်းလှည့်နေကြသည်။
" တကယ်လို့ ကျောက်စစ်သည်တွေကို တွေ့ရင် ချက်ချင်း ဖမ်းဆီးလိုက်။ ထွက်ပြေးတဲ့သူနဲ့ ခုခံတဲ့သူတွေကို နေရာမှာတင် သတ်ပစ်လိုက်။ ကျောက်စစ်သည်တွေကို ဝှက်ထားတဲ့သူတွေကိုတော့ အကျဉ်းချထားလိုက်။ "
ကင်လှည့်နေစဉ် ချင်စစ်သည်များက အလုပ်ရှုပ်နေကြသည်။ တိုက်နယ်မြေ၏ မြို့တော်ဖြစ်သဖြင့် ထိုမြို့က ကြီးမားလှသည်။ တိုက်ပွဲအပြီးတွင် သေဆုံးသူများ၊ ဖမ်းဆီးခံရသူများ ရှိခဲ့သော်လည်း ထွက်ပြေးတိမ်းရှောင်ပြီး ပုန်းအောင်းနေသူများလည်း ရှိခဲ့သည်။
ချင်စစ်တပ်က မြို့တစ်ခုလုံးကို ပိတ်ဆို့လိုက်ပြီး ကျောက်စစ်သည်များနှင့် ကျောက်အရာရှိများကို တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေခဲ့သည်။ တွေ့ရှိသည်နှင့် သူတို့ကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ ထိုအခြေအနေက တိုက်မြို့တစ်ခုတည်းတွင် မဟုတ်ဘဲ တိုက်နယ်မြေတစ်ခုလုံးတွင် ဖြစ်ပျက်နေခြင်း ဖြစ်သည်။
ရှန်းယန်မှ ထိုနယ်မြေကို ကြီးကြပ်ရန် အရာရှိများကို မစေလွှတ်ရသေးသဖြင့် အရာအားလုံးကို စစ်ဥပဒေအတိုင်း စီမံခန့်ခွဲနေသည်။ ထိုပြဿနာများ တည်ငြိမ်စေရန်အတွက် အချိန်ယူရပေလိမ့်မည်။
သာမန်ပြည်သူများ အသက်ရှင်ရပ်တည်နိုင်သရွေ့ သူတို့က သေချာပေါက် ပုန်ကန်ကြမည်မဟုတ်ပေ။ မည်သည့်ခေတ်တွင်မဆို သာမန်ပြည်သူများက တည်ငြိမ်သောဘဝနှင့် အေးချမ်းသော မိသားစုကိုသာ လိုချင်ကြသည်။