အခန်း (၂၃၃)
Vol. 24 Ch. 233
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၂၃၃)
ကျောက်ဖုန်းက သူ၏ တဲအတွင်း၌ ထိုင်ပြီး စစ်ရေးစာရွက်စာတမ်းများကို စစ်ဆေးနေသည်။ စစ်ပွဲပြီးဆုံးသွားသည်နှင့် သူက နစ်နာကြေးနှင့် နေရပ်ပြန်ပို့ခြင်းဆိုင်ရာ မှတ်တမ်းများကို စစ်တရားသူကြီးထံ အစီရင်ခံစာ မတင်ပြမီ ကိုယ်တိုင် ပြန်လည်စစ်ဆေးနေခြင်းဖြစ်သည်။
သူက တပ်ရင်းမှူးအဆင့်နှင့် အထက်အဆင့်ရှိသူများအတွက် စစ်ရေးစွမ်းဆောင်မှုဆိုင်ရာ ဆုလာဘ်စာရင်းများကိုလည်း ကိုယ်တိုင်ပြုစုရသည်။ ထိုသို့သော တာဝန်များမှာ သဘာဝအတိုင်း အလွန်များပြားလှသည်။ ထို့ကြောင့် တိုက်မြို့ကို သိမ်းပိုက်ပြီးနောက် ကျောက်ဖုန်းက ၎င်းတို့ကို ဆောင်ရွက်ရန် နေရစ်ခဲ့ရသည်။
သူက တိုက်နယ်မြေမှ ကျန်ရှိသော မြို့များကို သိမ်းပိုက်မှုများတွင် မပါဝင်ခဲ့ပေ။ သူက ထိုကဲ့သို့ သေးငယ်သော အောင်မြင်မှုများကို စိတ်မဝင်စားဘဲ ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့ကိုသာ လွှဲပေးထားခဲ့သည်။
" စစ်သည်တစ်သိန်းမှာ ဒဏ်ရာသက်သာလို့ စခန်းက ပြန်လာတဲ့သူတွေ ပေါင်းလိုက်ရင်တောင် ခြောက်သောင်းအောက်ပဲ ကျန်တော့တယ်။ ကျောက်ကို ချေမှုန်းတဲ့တိုက်ပွဲမှာ ငါ့ရဲ့စစ်သည် လေးသောင်းလောက် ဆုံးရှုံးသွားခဲ့တယ်။ " ကျောက်ဖုန်းက စာရွက်စာတမ်းများကို စစ်ဆေးရင်း သူ၏ စစ်တပ်အတွင်းမှ အကျအဆုံးများကို ပိုမိုရှင်းလင်းစွာ သိလာရသည်။
ဤတိုက်ပွဲတွင် သူ၏ စစ်သည် ၃၈၀၀၀ ကျော် ကျဆုံးသွားခဲ့ပြီး လေးထောင်ကျော်က မသန်စွမ်းဒဏ်ရာများကြောင့် တာဝန်မှ အနားယူခဲ့ရသည်။ ချင်စစ်တပ်တွင် အနားယူခြင်းက ခြေလက်အင်္ဂါဆုံးရှုံးခြင်းကဲ့သို့သော တစ်သက်လုံး မသန်စွမ်းဖြစ်သွားစေမည့် ပြင်းထန်သော ဒဏ်ရာများအတွက်သာ ခွင့်ပြုသည်။
စစ်သည်များအပြင် တပ်ရင်းမှူး ၃၀ ကျော်၊ တပ်မမှူး ၇ ယောက်နှင့် တပ်မှူး ၂ယောက်တို့ကလည်း တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။ အကယ်၍ ကျောက်ဖုန်း၏ ကံကြမ္မာအရာရှိတံဆိပ်မှ တိုက်ခိုက်ရေးစွမ်းအား နှစ်ဆမြှင့်တင်မှုသာ မရှိခဲ့လျှင် စစ်သည်တစ်သိန်းမှ နှစ်သောင်းပင် အသက်ရှင်ကျန်ရစ်မည်မဟုတ်ပေ။
" စစ်သူကြီး တပ်မှူးတွေက တွေ့ခွင့်တောင်းနေပါတယ်။ " ကျန်းမင်က အပြင်မှ ပြောလိုက်သည်။
" ဝင်ခဲ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။
သူပြောပြီးသည်နှင့် တုဆွေ၊ ကျန်းဟန်နှင့် တပ်မှူးများက တဲထဲသို့ ဝင်လာကြသည်။
" စစ်သူကြီးကို ဂါရဝပြုပါတယ်။ " သူတို့က ကျောက်ဖုန်းကို အရိုအသေပေးလိုက်ကြသည်။
" ထိုင်ကြပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် စစ်သူကြီး။ " တုဆွေနှင့် ကျန်းဟန်တို့က သူ၏ ဘယ်ဘက်နှင့် ညာဘက် ရှေ့ဆုံးတွင် ထိုင်လိုက်ကြပြီး အခြားသူများကလည်း ရာထူးအလိုက် နေရာယူလိုက်ကြသည်။
" မြို့ထဲမှာ အထြေအနေဘယ်လိုရှိလဲ။ " ကျောက်ဖုန်းက တုဆွေကို ကြည့်ပြီး မေးလိုက်သည်။
" ကျွန်တော်တို့ အများကြီး ဖမ်းမိထားပါတယ်။ မြို့ထဲက ထောင်တွေမှာလည်း ပြည့်နေပါပြီ။ " တုဆွေက အစီရင်ခံလိုက်သည်။ " ခန့်မှန်းခြေကတော့ လူပေါင်း ခြောက်ထောင် ခုနှစ်ထောင်လောက် ရှိပါတယ်။ ကျောက်နန်းတွင်း အကြွင်းအကျန်တွေနဲ့ ကျောက်စစ်သည်တွေအပြင် သာမန်ပြည်သူတွေလည်း အများကြီးပါပါတယ်။ "
" သူတို့က ကျောက်စစ်သည်တွေနဲ့ အရာရှိတွေကို ဝှက်ထားကြတယ်။ အချို့ဆိုရင် ကျွန်တော်တို့ စစ်သည်တွေကိုတောင် တိုက်ခိုက်ကြသေးတယ်။ ဒီမြို့က လူတွေက ကျွန်တော်တို့ ချင်အပေါ် ပြင်းထန်တဲ့ ရန်လိုမုန်းတီးမှုတွေ ရှိနေကြတယ်။ "
" သူတို့နိုင်ငံ ပျက်စီးသွားလို့ မုန်းတီးမှုတွေ ရှိနေတာ ပုံမှန်ပါပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
မိခင်နိုင်ငံ ပျက်စီးသွားသောကြောင့် ဖြစ်ပေါ်လာသော မုန်းတီးမှုများက တစ်ညတည်းနှင့် ပျောက်ကွယ်သွားမည့် ခံစားချက်များမဟုတ်ပေ။ ၎င်းတို့ကို သက်သာလျော့ပါးစေရန်အတွက် မေတ္တာတရားနှင့် အုပ်ချုပ်သော နိုင်ငံတစ်ခု လိုအပ်ပေသည်။ အမှန်တကယ်တော့ ချင်က လက်ရှိတွင် ၎င်းတို့ကို ဦးစားမပေးသေးပေ။
ယင်ချွမ်းခရိုင်မှ ဟန်ပြည်သူများပင် ယခုအချိန်တွင် ဥပဒေနှင့် စစ်ရေးအရ ခြိမ်းခြောက်မှုများနှင့် ထိန်းချုပ်ခံထားရသည်။ သို့သော် သူတို့၏ အခြေအနေများက သူတို့နိုင်ငံရှိစဥ်ကထက် အနည်းငယ် ပိုမိုကောင်းမွန်လာကြသည်။ အကြောင်းမှာ ချင်က သူတို့၏ အခွန်များကို စနစ်အတိုင်း တိတိကျကျ ကောက်ခံသောကြောင့် ဖြစ်သည်။
တစ်လောကလုံးတွင် ချင်တစ်ခုတည်းကသာ အခွန်ကို ၆၀ ရာခိုင်နှုန်း ကောက်ခံလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဟန်နိုင်ငံက ၈၀ ရာခိုင်နှုန်း ကောက်ခံပြီး ကျောက်ဆိုလျှင် ၉၀ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့သည်။ အခွန်များကို လျော့ချကောက်ခံခြင်းက သာမန်ပြည်သူများအတွက် အေးချမ်းမှုများစွာ ဆောင်ကျဥ်းပေးပေလိမ့်မည်။ သူတို့၏ သစ္စာစောင့်သိမှုကို ရရှိရန်တွက်ကတော့ အချိန်ယူရပေလိမ့်မည်။
" မှန်ပါတယ်။ အဲ့ဒီကျောက်ပြည်သူတွေအားလုံးက ကျွန်တော်တို့အပေါ် အရမ်းရန်လိုကြတယ်။ "
" ဒီလိုဆက်ဖြစ်နေလို့ မရဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " ငါတို့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေက နယ်မြေချဲ့ထွင်ဖို့နဲ့ ရန်သူတွေကို ချေမှုန်းဖို့ပဲ တာဝန်ရှိတာ။ အုပ်ချုပ်ရေးက ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ဒါကြောင့် မင်းတို့ အဲ့ဒါကို သိပ်မစဥ်းစားနဲ့။ "
" အခုကျောက်နိုင်ငံ ပျက်ဆီးသွားပြီဆိုတော့ ရှန်းယန်ကနေ အုပ်ချုပ်ရေးကို တာဝန်ယူဖို့ အရပ်ဘက်အရာရှိတစ်ယောက်ကို စေလွှတ်ပေးလိမ့်မယ်။ " ကျောက်ဖုန်းက အရပ်ဘက်အရာရှိတစ်ယောက် မဟုတ်သောကြောင့် အုပ်ချုပ်ရေကိစ္စများကိုလည်း စိတ်ဝင်စားခြင်းမရှိပေ။
" ငါ့အမြင်မှာတော့ လက်ရှိချင်ရဲ့ ဥပဒေတွေက အားနည်းချက် အများကြီး ရှိနေတယ်။ ပြည်သူတွေကို ဖိနှိပ်ဖို့ ဥပဒေကို အသုံးပြုတယ်။ ဒါက သိမ်းပိုက်ခံရတဲ့ နိုင်ငံတွေ မပြောနဲ့ ချင်ပြည်သူတွေကိုယ်တိုင်တောင် ဒါကို ခံစားနေရတယ်။ ငါသာဆိုရင် ချင်ဥပဒေကို ပြောင်းလဲပစ်လိမ့်မယ်။ "
" ပြီးတော့ စစ်ရေးစွမ်းဆောင်မှုစနစ်လည်းရှိသေးတယ်။ စစ်ပွဲနဲ့ ရန်သူနိုင်ငံတွေ ရှိနေသရွေ့ကတော့ ဒါက ချင်ရဲ့ အင်အားအတွက် အုတ်မြစ် ဖြစ်နေဦးမှာပဲ။ ဒါပေမယ့် ရှန်းကျိုးသာ စုစည်းသွားပြီး ဟွာရှသာ ပေါင်းစည်းသွားမယ်ဆိုရင် စစ်ရေးစွမ်းဆောင်မှုစနစ်က ဆိုးကျိုးတစ်ခု ဖြစ်လာလိမ့်မယ်။ အဲ့ဒါကိုလည်း အနာဂတ်မှာ ပြောင်းလဲဖို့ လိုလိမ့်မယ်။ "
" နောက်ပြီး အရာရှိတွေကို ခန့်အပ်တာနဲ့ ရာထူးထုတ်ပယ်တဲ့ ကိစ္စတွေလည်း ရှိသေးတယ်။ ချင်ဘာကြောင့် ကျရှုံးခဲ့တာလဲ။ ချင်အာရှီဖြစ်တဲ့ ဟူဟိုက်ရဲ့ အမှားတွေအပြင် နောက်ထပ် အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ရှိသေးတယ်။ အဲ့ဒညကတော့ ပေါင်းစည်းပြီးတဲ့နောက်မှာ ဒေသခံအရာရှိတွေ ရှားပါးသွားတာပဲ။ "
" ဒီခေတ်မှာ လူတိုင်းက စာမတတ်ကြဘူး။ အထက်တန်းလွှာ လူတန်းစားတွေလောက်ပဲ စာဖတ်စာရေးလုပ်ဖို့ အခွင့်အရေးရှိကြတယ်။ ချင်က ခြောက်နိုင်ငံကို အမြစ်ပြတ် ချေမှုန်းလိုက်တာက အဲ့ဒီနိုင်ငံတွေက အရာရှိတွေနဲ့ ပညာတတ်တွေကို သတ်ဖြတ်သလိုဖြစ်သွားခဲ့တယ်။ ဒါ့အပြင် အသက်ရှင်ကျန်ရစ်သယတွေကလည်း ချင်ကို မုန်းတီးနေကြတယ်။ ဒါက အရာရှိရှားပါးရတဲ့ အကြောင်းရင်းတစ်ခုပဲ။ "
" ဒါတွေက ငါနဲ့ ဘာမှမဆိုင်ပါဘူး။ ချင်ခေတ်ကုန်ဆုံးချိန်ရောက်ရင် ငါ့ရဲ့ အာဏာကို တည်ဆောက်ဖို့ ငါ့မှာ ကိုယ်ပိုင်အစီအစဉ်တွေရှိတယ်။ ယန်ထင်မှာ အရည်အချင်းရှိတဲ့သူတွေကို ဖြည်းဖြည်းချင်း ပျိုးထောင်သွားမယ်။ "
" စစ်သူကြီးပြောတာ မှန်ပါတယ်။ " တပ်မှူးများက ခေါင်းညိမ့်လိုက်ကြသည်။ သူတို့က အမှန်တကယ် စိုးရိမ်နေကြခြင်းဖြစ်သည်။ သို့သော် အုပ်ချုပ်ရေးကိစ္စများက သူတို့နှင့် မဆိုင်ပေ။
" အုပ်ချုပ်ရေးက ငါတို့နဲ့ မဆိုင်ဘူးဆိုပေမယ့် ငါတို့ လက်မလွှဲခင် ဘာအမှားအယွင်းမှ ဖြစ်လို့မရဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " တကယ်လို့ စစ်စည်းကမ်းကို ဖိဆန်ပြီး ငါတို့ရဲ့ သတိပေးချက်ကို နားမထောင်တဲ့သူ ရှိရင် ကွပ်မျက်လိုက်။ "
" ကျွန်တော်တို့ နားလည်ပါပြီ။ " တပ်မှူးများက ပြန်ပြောလိုက်ကြသည်။
" စစ်သူကြီး နေရာတိုင်းမှာ သတင်းပျံ့နေတာကတော့ စစ်သူကြီးက စစ်သေနာပတိချုပ်ဖြစ်တော့မယ်တဲ့။ " တုဆွေက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ " ဒီသတင်းက စစ်သေနာပတိချုပ် စခန်းက ထွက်လာတာဆိုတော့ သေချာသလောက် ဖြစ်နေပြီ။ "
၎င်းကို ကြားသောအခါ အခြားတပ်မှူးများကလည်း စိတ်လှုပ်ရှားသွားကြသည်။ သူတို့အားလုံးက ကျောက်ဖုန်းအပေါ် အလွန်သစ္စာရှိသူများ ဖြစ်ပြီး သူနှင့်အတူ သေတူရှင်မကွာ တိုက်ခိုက်ခဲ့သူများ ဖြစ်သည်။ သူတို့ စစ်သူကြီး၏ ရာထူးတိုးမှုက လုံးဝ ထိုက်တန်သည်ဟု ယုံကြည်ထားကြသည်။ လန်ထျန်းစခန်းတစ်ခုလုံး သို့မဟုတ် ချင်တစ်နိုင်ငံလုံးမှာတောင် သူတို့ စစ်သူကြီး၏ စစ်ရေးအောင်မြင်မှုများကို ယှဉ်နိုင်သူ ရှိမည်မဟုတ်ပေ။
" ဒီကိစ္စက အတည်မဖြစ်သေးပါဘူး။ အခုလောလောဆယ် သိပ်စဉ်းစားမနေနဲ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" စစ်သူကြီး တကယ်လို့ စစ်သူကြီး ရာထူးတိုးသွားရင် ကျွန်တော်တို့အတွက်လည်း ရှေ့တိုးဖို့ အခွင့်အလမ်းရမယ်မဟုတ်လား။ " တုဆွေက ရယ်ပြီး ပြောလိုက်သည်။
" မင်းက မင်းရဲ့ အတွေးတွေကို မဖုံးကွယ်ထားဘူးပဲ။ " ကျောက်ဖုန်းက ရယ်လိုက်သည်။
ကျောက်ကို အမြစ်ပြတ်ချေမှုန်းသော စစ်ဆင်ရေးတွင် သူတို့စုဆောင်းခဲ့သော စစ်ရေးစွမ်းဆောင်မှုများအရ သူတို့က ရာထူးတိုးရန် အမှန်တကယ် ထိုက်တန်ပေသည်။ သို့သော် ၎င်းတို့အားလုံးက စစ်သူကြီး ရာထူးတက်မှုအပေါ် မူတည်နေသည်။ ထိုအချိန်ကျမှသာ သူတို့ရာထူးတိုးရန် နေရာများ ပွင့်လာမည်ဖြစ်သည်။
" ကောင်းပြီ။ ငါအမှန်အတိုင်း ပြောပြပါမယ်။ " ကျောက်ဖုန်းက သူ့လူများ၏ မျှော်လင့်ချက်များကို ခံစားမိသောကြောင့် စကားစလိုက်သည်။
" အရင် ဟန်တန်မှာတုန်းက ငါ အရှင်မင်းကြီးနဲ့ သီးသန့်စကားပြောဖူးတယ်။ သူက ငါရှန်းယန်ကို ပြန်ရောက်တဲ့အခါ ငါ့အတွက် အံ့ဩစရာတစ်ခုရှိတယ်လို့ ပြောခဲ့တယ်။ အဲ့ဒါက ဘယ်လိုအံ့ဩစရာမျိုး ဖြစ်မယ်ဆိုတာ မင်းတို့ ခန့်မှန်းမိမှာပါ။ "
" စစ်သူကြီးကို ဂုဏ်ပြုပါတယ်။ " တပ်မှူးများက ဝမ်းသာသွားကြပြီး ဂုဏ်ပြုစကား ပြောလိုက်ကြသည်။
" ငါမင်းတို့ရဲ့ စစ်ရေးစွမ်းဆောင်မှုတွေကို စာရင်းလုပ်ပြီးပြီ။ ဒီစစ်ဆင်ရေးမှာ မင်းတို့က အနည်းဆုံး ဘွဲ့ထူးနှစ်ဆင့်စီ တိုးလိမ့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ရာထူးတိုးဖို့ကတော့ ငါ ရှန်ယန်ကို ရောက်တဲ့အခါ နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်ရလိမ့်မယ်။ "