သတ်ဖြတ်ခြင်းနှင့် ရင်ဆိုင်ခြင်း
Vol. 138 Ch. 1909
ကျင့်ကြံခြင်းလောက၌ ခွန်အားသည်သာ လေးစားခံရမည် ဖြစ်၏။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အမှန်တကယ် မမြင့်မားပေ။ ထို့ကြောင့် သူတို့သုံးယောက်က ဝမ်လင်းကို အလေးမစိုက်သည်မှာ ကျိုးကြောင်းသင့်ပေသည်။
ဝမ်လင်းကလည်း ထိုသည်ကို အရေးမစိုက်ပေ။ သူက ဘေးပတ်လည်သို့ ကြည့်လိုက်ပြီးနောက် သူ ကျင့်ကြံမည့် လှိုဏ်ဂူတစ်ခုကို အေးဆေး ရှာဖွေလိုက်၏။
လုဝမ်ရန်က စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်ပြီး သူ၏အကြည့်က ဝမ်လင်း၏နောက်ကျောသို့ ဝေ့ခတ်ကျရောက်သွားသည်။
“မဟာစိတ်ဝိညာဉ်ကလန်ရဲ့ တာဝန်တစ်ခုအနေနဲ့ ငါဟာ ဆေးလုံးပင်လယ်မှာ နေထိုင်ခဲ့ပြီး အစိမ်းရောင်မိစ္ဆာကုန်းမြေရဲ့ ကျင့်ကြံသူတွေ အာရုံစိုက်လာအောင် ငါ့ပုံပန်းသွင်ပြင်ကို လေလွင့်ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲခဲ့တယ်။ ငါဟာ အဲ့နေရာမှာ နှစ်ပေါင်းတစ်ထောင်ကြာ နေထိုင်ခဲ့တယ်…”
“အစိမ်းရောင်မိစ္ဆာကုန်းမြေဟာ ဘာသံသယမှ မရှိဘဲ ဘိုးဘေး စီစဉ်ထားသလို ကောင်းကင်ဘုံနွားထီးကုန်းမြေကို ကျူးကျော်လာခဲ့တယ်။ ငါ ဒါတွေအားလုံးကို လုပ်ဆောင်ပေးခဲ့တယ်။ ဒါပေမဲ့ ဘိုးဘေးက ငါ့ကို အလွှာအထပ်ပုံရိပ်ယောင်မန္တာန် အပြည့်အစုံကို မပေးခဲ့ဘူး။ မင်းကျတော့ ဘာအရည်အချင်း ရှိလို့ ဒီမန္တာန်အပြည့်အစုံကို ရခဲ့တာလဲ…”
လုဝမ်ရန်က စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ ဝမ်လင်းသည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူနှင့် အကြည့်ချင်း ဆုံသွားသည်။
လုဝမ်ရန်၏အမူအရာက ပြောင်းလဲမသွားပေ။ သူက ပြုံး၍ ဝမ်လင်းထံ ခေါင်းညိတ်ပြသည်။
ဝမ်လင်းက လုဝမ်ရန်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် လှမ်းကြည့်၏။ ထို့နောက် သူက လှည့်ထွက်ကာ လှိုဏ်ဂူတစ်ခုကို ရွေးချယ်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။
လုဝမ်ရန်တို့ အုပ်စိုကြား၌ ယန်လုသည်သာ ဝမ်လင်းကို နားအလည်ဆုံး ဖြစ်၏။ သူမက ဝမ်လင်း မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို မမေ့သေးပေ။ လမ်းတလျှောက်တွင် သူက ဝမ်လင်းနှင့် လုဝမ်ရန်တို့ကြား ဖုံးကွယ်နေသည့် ပဋိပက္ခကို မြင်သည်။
လူတိုင်း စကားတစ်ထိုးနေကြပြီးနောက် အဘိုးအိုသုံးယောက်က လုဝမ်ရန်နှင့် တခြားသုံးယောက်ကို မြင့်မြတ်သောခန်းမထံ ဖိတ်ခေါ်ကြ၏။ သို့ပေမည့် သူတို့က ဝမ်လင်းကို တစ်စက်လေးမျှ စကားထဲ ထည့်မပြောကြပေ။ သူတို့၏အမြင်၌ ဝမ်လင်းသည် အရည်အသွေး မပြည့်မှီဘဲ လုဝမ်ရန်နှင့် တခြားသူများဖြင့် မယှဉ်နိုင်နေတာ သိသာသည်။
သူတို့ခြောက်ယောက်က ပြုံးကာရယ်ကာ အကွာအဝေးတစ်ခုရှိ နန်းတော်ထံ ဦးတည်လာ၏။ လုဝမ်ရန်မှာလည်း ဝမ်လင်း၏တည်ရှိမှုကို မေ့ပျောက်သွားသည့်အလား။
သူတို့ခြောက်ယောက် ထွက်သွားသည့်နောက် တခြားကလန်မှ အနီးအနားရှိ လူများသည်လည်း လူပြန်ခွဲကြသည်။ မဟာစိတ်ဝိညာဉ်ကလန်မှ လူများ ရောက်လာသည့်နောက် အဆုံးစွန်ကောင်းကင်မြက်ခင်းပြင် ပတ်လည်ရှိ အစီအရင်သည် လုံးဝ အသက်ဝင်လာခဲ့ပေပြီ။
ထိုအစီအရင် အသက်ဝင်လာသည့်အခါ ကျယ်လောင်စွာ မြည်ဟိန်းသံ ထွက်ပေါ်သည်။ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်အနှံ့ ကီလိုမီတာရာချီထိ အရံအတားစွမ်းအင်က ပျံ့နှံ့လေသည်။
တချိန်တည်းမှာ မဟာစိတ်ဝိညာဉ်ကလန်မှ ကျင့်ကြံသူများ သို့မဟုတ် ကောက်ရီကလန်မှ ကျင့်ကြံသူများကလည်း ကျန်ကောင်းကင်ဘုံနွားထီး သွေးကြောနေရာခြောက်ခုထံ ရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့၏ ရောက်ရှိလာမှုက ထိုသွေးကြောနေရာများ ပတ်ပတ်လည်ရှိ အစီအရင်များကိုလည်း အသက်ဝင်စေသည်။
ထို့အတွက်ကြောင့် သွေးကြောနေရာခုနစ်ခု အသက်ဝင်လာသည့်အခါ၌ ဧရာမအရံအတားတစ်ခုသည် ကျန်သည့် သွေးကြောနေရာခြောက်ခုတွင်လည်း ပျံ့နှံ့လေသည်။
စုစုပေါင်း အရံအတားခုနစ်ခု ပေါ်လာခဲ့လေပြီ။ ယင်းတို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး ဆေးလုံးပင်လယ်ထံမှ ကောင်းကင်ဘုံနွားထီးကလန်ကို ကာကွယ်ပေးသော ဧရာမအရံအတားကြီးတစ်ခုအသွင် ဖြစ်တည်သည်။
ထိုအရံအတားကို ကျင့်ကြံသူတစ်သိန်းကျော်က ဖန်တီးခြင်း ဖြစ်ကာ ကီလိုမီတာတစ်သိန်းကျော် ထူထဲသည်။ ၎င်းမှာ သာမန်ကျင့်ကြံသူများ ဝင်ရောက်နိုင်သော အရာမဟုတ်တော့ပေ။ အရှင်ကုန်းနျန်ကဲ့သို့ ဘိုးဘေးတစ်ယောက်သည်ပင် ၎င်းအတွင်း ဝင်ရောက်ဖို့ ခက်ခဲပေလိမ့်မည်။
မဖြစ်နိုင်သလောက်ဟုပင် ပြောနိုင်၏။ အကြောင်းမှာ ထိုအစီအရင်ကိုယ်တိုင်၏ စွမ်းအား အပြင် ကောင်းကင်ဘုံနွားထီး၏ စွမ်းအားပါ ပါဝင်နေခြင်းကြောင့်တည်း။
ကောင်းကင်ဘုံနွားထီးသွေးကြောနေရာခုနစ်ခုသည် စတင်ဖန်တီးခဲ့ချိန်မှစ၍ အခု ပထမဆုံးအကြိမ်အဖြစ် အသက်ဝင်လာခဲ့လေပြီ။ ယင်းနေရာခုနစ်ခုက စစ်ပွဲတွင် အဓိကနေရာကနေ ပါဝင်ပေလိမ့်မည်။
ကောင်းကင်ဘုံနွားထီးသွေးကြောနေရာ ခုနစ်ခုအပြင် မဟာစိတ်ဝိညာဉ်ကလန်နှင့် ကလန်ငယ်လေးများမှ လူများ စောင့်ကြပ်သော မြေကမ္ဘာကြော ခုနစ်ဆယ့်နှစ်ခုလည်း ရှိသေး၏။ ခုမြေကမ္ဘာကြောခုနစ်ဆယ့်နှစ်ခုက အဆုံးမဲ့ စွမ်းအင်နှင့် ကောင်းကင်ဘုံစွမ်းအင်တို့ကို စုစည်းကာ ကောင်းကင်ဘုံနွားထီးသွေးကြောခုနစ်ခုကို အထောက်အပံ့ ပေးမည် ဖြစ်သည်။
ယင်းက အကာအကွယ်အတွက်သာ ရှိသေး၏။ မဟာစိတ်ဝိညာဉ်ကလန်က ခုလောက်နှစ်ပေါင်းများစွာအတွင်း ဒီလို ကာကွယ်မှုတစ်ခုတည်းကိုသာ အဘယ်သို့ ကြိုပြင်ဆင်ပါ့မည်နည်း။ သတ်ဖြတ်ခြင်း၌ တာဝန်ယူထားရသော တခြားကျင့်ကြံသူအုပ်စုလည်း ရှိသေးပေ၏။
မြေအောက်ရှိ ကျင့်ကြံသူများ စုဝေးနေထိုင်သော နန်းတော်များ ပတ်ပတ်လည်တွင်လည်း မရေမတွက်နိုင်သော လှိုဏ်ဂူများ ရှိချေ၏။ လူတိုင်း၏စိတ်နှလုံးအတွင်း ရန်လိုရန်စောင်သော ခံစားမှု ပျံ့လွင့်နေသည်။ သူတို့က ကြီးမားသော စစ်ပွဲကြီး မကြာမီ စတင်တော့မည်ကို သိနေသည်။
အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူများက အရံအတားကို ချိုးဖျက်ချင်ခဲ့သည် ဖြစ်၍ သူတို့က သွေးကြောနေရာခုနစ်ခုကိုလည်း ဖျက်စီးကြပေလိမ့်မည်။ ထိုသို့ လုပ်ဆောင်ရန် သူတို့က ကျင့်ကြံသူအမြောက်အများကို တိုက်ခိုက်ဖို့ စေလွှတ်လိမ့်မည်။
မကြာမီတွင် အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်၏ တည်ငြိမ်သော ကောင်းကင်ယံတွင် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများ ဖုံးလွှမ်းလာ၏။
ယန်လုသည် သူမ၏အထွတ်အထိပ်အခြေအနေတွင် ရှိနေစေရန် တံခါးပိတ်ကျင့်ကြံနေ၏။ ရှုတန်သဲနှင့် လုဝမ်ရန်တို့မှာလည်း အလားတူပင်။ သူတို့က လှိုဏ်ဂူတစ်ခုအစား နန်းတော်တစ်ခုကိုသာ ရွေးချယ်နေထိုင်သည်။ တကယ်တော့ သူတို့၏ အဆင့်အတန်းက မြင့်မားလှကာ သည်နေရာကို စောင့်ကြပ်မည့် အဓိကအင်အားဟု ဆိုနိုင်သည်။
အမှန်တော့ သည်ကျင့်ကြံသူတစ်သောင်းကြား၌ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူလေးယောက်လည်း ရှိနေ၏။ သူတို့က ကလန်ငယ်များမှ သို့မဟုတ် လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့၏အဆင့်အတန်းမှာ မြင့်မားပေသည်။ သူတို့က ဒီတိုက်ပွဲတွင် ဝင်တိုက်ခိုက်ပေးဖို့ နန်းတော်များထံ ဖိတ်ကြားခံထားရသည်။
ဝမ်လင်းက သူ့လှိုဏ်ဂူလေးထဲတွင် တည်ငြိမ်စွာ ထိုင်နေ၏။ အချိန်က တဖြည်းဖြည်း ကုန်ဆုံးလို့နေသည်။ သူ့လှိုဏ်ဂူပတ်လည်၌လည်း လှိုဏ်ဂူများ ရှိနေ၏။ ထိုလှိုဏ်ဂူများအတွင်း၌ ဝမ်လင်းကို အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်၌ စကားပြောခဲ့ဖူးသော အဘိုးအို၏ လှိုဏ်ဂူလည်း ပါဝင်ပေသည်။ ထိုသူက ဝမ်လင်းကို မမှတ်မိသော်လည်း ဝမ်လင်းကမူ သူ့ကို သိသည်။ ထိုအဘိုးအိုက လေဟာနယ်အတိဒုက္ခအဆင့် မဟုတ်တာ သိသာ၏။ ထို့ကြောင့် သူက နန်းတော်များအတွင်းသို့ မဝင်ရောက်နိုင်ပေ။ သူသည် အပြင်ဘက်လှိုဏ်ဂူများထဲမှ တစ်ခုကိုသာ ရွေးချယ်နိုင်ပေသည်။
အမှန်တော့ ဝမ်လင်း၏ အဆင့်အတန်းဖြင့် သူက သူသာ အလိုရှိပါက နန်းတော်တစ်ခုကို ရွေးချယ်နိုင်၏။ သို့သော် ဝမ်လင်းက စိတ်မဝင်စားပေ။ သူက သူ နန်းတော်တစ်ခုကို ရွေးချယ်လိုက်ပါက တခြားသူများ ကွယ်ရာတွင် အတင်းပြောမည့်အစား ဒီလှိုဏ်ဂူထဲ၌သာ အေးအေးဆေးဆေး ပိုနေချင်၏။
နေရာတွင် ထိုင်၍ ဝမ်လင်းက တဖြည်းဖြည်း ကျင့်ကြံနေပြီး သူ့နတ်ဘုရားအာရုံကို ခပ်ဖြည်းဖြည်း ဖြန့်ကျက်သည်။ အခု စစ်ပွဲမစခင် အချိန်ကို အသုံးချကာ ဝမ်လင်းက ယန်လုထံမှ ရခဲ့သော အပြာရောင်ထီးကို သန့်စင်နေပြီး ဝိညာဉ်စိတ်ကူးမူလမန္တာန်ကို ပိုကျွမ်းဝင်အောင် လုပ်နေသည်။
သူက သံလိုက်အိမ်မြှောင်အတားအဆီးကိုလည်း ထုတ်ယူ၍ ဒီမြက်ခင်းပြင် တခွင် ဖြန့်ကျက်ထားသည်။ ထိုပစ္စည်းက အလွန်ဆန်းပြား၏။ သူ ၎င်းကို ဖြန့်ကျက်ချိန်၌ လုဝမ်ရန်ကဲ့သို့ ဒီနေရာတွင် ကျင့်ကြံမှုအမြင့်ဆုံးသူပင် သတိမပြုမိခဲ့ပေ။
အချိန် ကုန်လာနေ၏။ နေ့ပေါင်းမည်မျှ ကြာမြင့်သွားခဲ့ပြီမှန်း မသိရပေ။ နန်းတော်များနှင့် လှိုဏ်ဂူများတွင် မည်သည့်အသံဗလံမှ မရှိဘဲ ကျင့်ကြံသူများက ငြိမ်သက်စွာ ကျင့်ကြံနေသည်။
ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ ထိုအခိုက်တွင် သူ့ရှေ့မှ သံလိုက်အိမ်မြှောင်သည် တုန်ယင်သည်။ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်၏ မြေပုံပေါ်တွင် အစိမ်းရောင်လိုင်းတစ်ခု ပေါ်လာ၏။
ထိုအစိမ်းရောင်လိုင်းမှာ မရေမတွက်နိုင်သော အစိမ်းရောင်အစက်များကြောင့် ဖြစ်ပေါ်နေခြင်းပင်။ ပိုပိုများပြားသော အစိမ်းရောင်အစက်များလည်း လာနေကြ၏။
“သူတို့ ဒီကို ရောက်လာကြပြီ…” သံလိုက်အိမ်မြှောင်ကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူသည် မဟာစိတ်ဝိညာဉ်ကလန်အတွက် အခြေအနေသုံးခုကို ပြီးမြောက်အောင် လုပ်ပေးရမည် ဖြစ်၏။ ထို့နောက် သူသည် ဒီကနေ ထွက်ခွာကာ တန်လင်ကလန်ထံ သွားရောက်ရမည်။ သည့်နောက်တွင် သူက ရှေးတောက်ကလန်ထံ သွားရောက်ရဦးမည်။
ဝမ်လင်းက အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူများ ရောက်ရှိလာသည်ကို သတိပြုမိသည့်အခါ၌ လီဝမ်ရန်ကလည်း မျက်လုံးဖွင့်လာကာ အေးစက်စက်အကြည့် လှစ်ဟဖော်သည်။
“ရောင်းရင်းကျင့်ကြံသူတို့…အစိမ်းရောင်မိစ္ဆာကုန်းမြေရဲ့ ကျင့်ကြံသူတွေ ရောက်လာကြပြီ…”
ကျင့်ကြံနေသော အရှိန်အဝါများ ပျောက်ကွယ်ကာ ဒီနေရာရှိ ကျင့်ကြံသူအားလုံးသည် မျက်လုံးဖွင့်လာသည်။
ယန်လုနှင့် ရှုတန်သဲတို့လို လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများကလည်း တစ်ခုခုကို သတိပြုမိကာ သတ်ဖြတ်လိုစိတ်တို့ ပျံ့လွင့်လာသည်။
အဆုံးစွန်ကောင်းကင်မြက်ခင်းပြင် တခွင်တွင် တုန်လှုပ်ဖွယ် တဝီဝီမြည်သံ ထွက်ပေါ်လာ၏။ ထိုမြက်ခင်းပြင်၏ အထက်တွင် ကျင့်ကြံသူတစ်သောင်းကျော်သည် မူလတုန်းက နေသာနေသော ကောင်းကင်ကို ဖုံးလွှမ်းကာ ပျံသန်းလာခဲ့ပြီ။
ထိုကျင့်ကြံသူတစ်သောင်းကြားတွင် ခြောက်ယောက်က အမြန်ဆုံး ဖြစ်၏။
ထိုကျင့်ကြံသူခြောက်ယောက်တွင် အမျိုးသားလေးယောက်၊ အမျိုးသမီးနှစ်ယောက် ပါဝင်၏။ သူတို့က အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ အဆင့်မြင့်ကျင့်ကြံသူများပင်။ သည်ကျင့်ကြံသူတစ်သောင်းကျော် စစ်တပ်အတွင်း လေဟာနယ်အတိဒုက္ခအလယ်အဆင့် အဘိုးအိုနှစ်ယောက်က အစွမ်းထက်ဆုံး ဖြစ်၏။
ကျန်လေးယောက်ကတော့ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်တွင်သာ ရှိသည်။
သူတို့ခြောက်ယောက်က ရှေ့ကနေ ဦးဆောင်လာပြီး ကျင့်ကြံသူစစ်တပ်က နောက်မှ လိုက်ပါလာ၏။ သတ်ဖြတ်လိုစိတ်က တိမ်စိုင်တိမ်နက်အလား ပျံ့လွင့်ကာ ဒီဧရိယာကို ခြုံလွှမ်းသည်။
“အစ်ကိုကျန်း…ငါတို့နှစ်ယောက် ပေါင်းပြီး ကောင်းကင်ဘုံနွားထီးရဲ့ သွေးကြောနေရာခုနစ်ခုရဲ့ စွမ်းအားကို တွေ့မြင်ကြတာပေါ့…” လေဟာနယ်အတိဒုက္ခအလယ်အဆင့် အဘိုးအိုတစ်ယောက်က သူ့အဖော်ကို ပြုံး၍ ပြောလိုက်သည်။
“အစ်ကိုကျောက်…အကြံကောင်းပဲ။ ဒီအစီအရင်က ကောင်းကင်ဘုံနွားထီးရဲ့ စိတ်ဝိညာဉ်ကနေ ဖွဲ့စည်းတည်ဆောက်ထားတာလို့ ငါ ကြားဖူးတယ်။ ဒီကောင်းကင်ဘုံနွားထီးက ဘယ်လိုပုံစံ ရှိလဲ ငါ မြင်ချင်မိပြီ…”
အဘိုးအိုကျန်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ သူတို့၏ ကျင့်ကြံမှုအဆင့်ဖြင့် သူတို့က တော်တော်များများကို တွေ့မြင်ခဲ့ပြီး ဖြစ်ကာ အလွယ်တကူ သေနိုင်တော့မည် မဟုတ်ပေ။ သူတို့၏အမြင်၌ ဒီကျူးကျော်မှုက ကစားပွဲတစ်ခုမျှသာ။
စိတ်ပိုင်းအနေထားအရဆိုပါက သူတို့နှစ်ယောက်သည် လုဝမ်ရန်ထက် များစွာသာ၏။ သို့ပေမည့် ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကိုမူ မမှီပေ။ သူတို့၏ ကျင့်ကြံမှုအဆင့်များက တူညီကြသော်လည်း သူတို့၏သတ္တိနှင့် တည်ငြိမ်မှုကတော့ ကွာဟပေသည်။
သူတို့ ထိုသို့ ပြောနေရင်း နှစ်ယောက်လုံးက သူတို့၏ ညာလက်များကို ပင့်မြှောက်ကာ ချိပ်ဟန်များ ဖြစ်စေပြီး မြက်ခင်းပြင်ထံ ညွှန်လိုက်၏။ မြေပြင်ထု တုန်ဟည်းကာ တိမ်လွှာများက သူတို့ရှေ့တွင် ပေါ်လာပြီး ပေတစ်သိန်းခန့် ဧရာမဘီလူးအသွင် ဖြစ်ပေါ်ကာ ရှေ့သို့ တိုးဝင်လာသည်။
နက်မှောင်သော ကောင်းကင်က ဆွဲဆုတ်ခံရသည့်အလား ထင်မှတ်ရ၏။ ဓားပျံသုံးစင်းလည်း ပေါ်လာသည်။ ထိုဓားများ ပေါ်လာသည့်အခိုက်၌ အနက်ရောင်အခိုးငွေ့များ ပျံ့နှံ့လာ၏။ မြေပြင်ထက်ရှိ မြက်ပင်များက အသက်ဓာတ် စုပ်ယူခံရသည့်အလား သွေ့ခြောက်ကုန်သည်။
ထိုဓားသုံးလက်က ဧရာမဘီလူးနှင့်အတူ တိုးဝင်လာချေ၏။
သို့သော် ထိုအခိုက်တွင် ကောင်းကင်မြက်ခင်းပြင်ထံမှ အတောမသပ်နိုင်သော မြူများ ပျံ့လွင့်လာသည်။ အနက်ရောင်တိမ်စိုင်တစ်ခုက မြက်ခင်းပြင်အများစုကို ထွေးခြုံကာ ဆက်လက် ပျံ့နှံ့သည်။
မြူလွှာထံမှ ခပ်အုပ်အုပ် ဟိန်းသံ ထွက်ပေါ်လာ၏။ မကြာမီတွင် မြူက ကောင်းကင်ဘုံနွားထီး၏ အသွင်သဏ္ဍန် ဖွဲ့စည်းသည်။ ၎င်းက ဧရာမဘီလူးနှင့် ဓားသုံးလက်ထံ တုန်လှုပ်ဖွယ်ဟိန်းသံကို ထုတ်ဖော်လေ၏။
ထိုဟိန်းသံ ပဲ့တင်ထပ်လာစဉ် ကောင်းကင်ဘုံနွားထီးသည် ရုတ်တရက် ပေါက်ကွဲသွား၏။ မြူများက အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများထံ မြန်ဆန်စွာ ပျံ့လွင့်လာချေ၏။
တချိန်တည်းမှာ မြေကြီးအတွင်းနက်ပိုင်းမှ လုဝမ်ရန်က အလေးအနက်အသွင် ဖြစ်လာကာ သူက မာန်သွင်းကာ အော်ဟစ်လိုက်သည်။
“လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူအားလုံး…ငါ့နောက် လိုက်ခဲ့ပြီး သတ်ဖြတ်ကြမယ်။ ဒီမြူအစီအရင်အတွင်းမှာ ငါတို့ဟာ အကန့်အသတ်မဲ့တဲ့ စွမ်းအင်ကို ရနိုင်ပြီး ဒီမြူကနေ စွမ်းအားကိုလည်း လွတ်လွတ်လပ်လပ် ထုတ်ယူနိုင်တယ်…”
သူ၏အော်သံနှင့်အတူ အလင်းတန်းခုနစ်ခုက လုဝမ်ရန်နှင့်အတူ ထိုးထွက်လာ၏။ သူတို့က မြူအတွင်း ပျောက်ကွယ်သွားသည်။
မြေမျက်နှာပြင်တွင် မြူများက အစိမ်းရောင်မိစ္ဆာကုန်းမြေ ကျင့်ကြံသူများကို လုံးဝ ဝန်းရံထားသည်။ ထို့နောက် မြေအောက်ကနေ ကျင့်ကြံသူတစ်သောင်းနီးပါး ပျံသန်းထွက်လာသည်။
တိုက်ပွဲကြီး စတင်လေပြီ။
ဝမ်လင်းက ထိုကျင့်ကြံသူအုပ်စုထဲ၌ ရှိနေ၏။ သူက တည်ငြိမ်စွာ ရှိနေပြီး မြူနှင့် ချက်ခြင်း ပေါင်းစပ်လိုက်၏။ မြူများက အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ နတ်ဘုရားအာရုံများကို ပိတ်ဆို့ထားပေ၏။ သို့ပေမည့် ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူများအတွက်တော့ မြူများ သူတို့၏ခန္ဓာကိုယ်တွင်း ဝင်ရောက်သည့်အခါ အားအင် ဖြစ်စေမည်ပင်။