လျှိုဇီယန်း
Vol. 138 Ch. 1910
ကျင့်ကြံသူစစ်တပ်တစ်သောင်းနှင့် ရောနှောနေသော ဝမ်လင်းသည် များစွာ အာရုံစိုက်မခံရပေ။ ယန်လုတစ်ယောက်သာ ထိုစစ်တပ်ထံ ဝမ်လင်းကို ရှာဖွေသည့်အလား နောက်လှည့်ကြည့်သည်။
သို့သော် ကျင့်ကြံသူများက များပြားလွန်းလှ၏။ ဒီနေရာတွင် မြူများကလည်း ဖုံးလွှမ်းနေသေးသည်။ ထို့ကြောင့် သူမက သူ့ကို ရှာမတွေ့ပေ။
ဒီမြူများအတွင်း၌ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများသည် လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက် ဦးဆောင်မှုဖြင့် ရှေ့သို့ ပျံသန်းလာကြသည်။ သူတို့ ပျံသန်းလာသည့်အခါ မြူများက နောက်ပြန်ကန်၏။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ပင် လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူများသည် အလယ်အဆင့်ကလန်တစ်ခုကို ထောက်ပိုးထားနိုင်သော အရှင်သခင်များကဲ့သို့ ဖြစ်၏။ ကလန်ကိုးခုနှင့် အင်အားစုဆယ့်သုံးခုကဲ့သို့ ကလန်များအတွင်း၌ပင် သူတို့သည် အကြီးအကဲများကြား အဆင့်အတန်းမြင့်မားသူများပင်။
လေဟာနယ်အတိဒုက္ခအလယ်အဆင့်သို့ ရောက်နေသော ကျင့်ကြံသူများကို သတ်ဖို့မှာလည်း အလွန်ခက်ခဲပေမည်။ သူတို့ထံ၌ အသက်ကယ်ရတနာများစွာနှင့် မန္တာန်များ ရှိထားကြ၏။
အစိမ်းရောင်မိစ္ဆာကုန်းမြေ၌ ဒီလေဟာနယ်အတိဒုက္ခအလယ်အဆင့် အဘိုးအိုနှစ်ယောက်သည် လေးစားခံများ ဖြစ်၏။ သူတို့က မတူညီသော မိစ္ဆာကလန်နှစ်ခုမှ လာခဲ့ကြခြင်း ဖြစ်ပြီး သူတို့ တိုက်ခိုက်သည်နှင့် လောကမှာ တုန်ယင်ရလိမ့်မည်။ လုဝမ်ရန်က ထိုးထွက်လာကာ မြူများအတွင်း၌ အဘိုးအိုကျန်းဟူသော အစိမ်းရောင်မိစ္ဆာကုန်းမြေမှ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှင့် စတင်တိုက်ခိုက်တော့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အဘက်ဘက်သို့ ပျံ့လွင့်လေ၏။ သူတို့၏တိုက်ပွဲက အစွမ်းထက်လေပြင်းကို ဖြစ်စေသည်။ တခြားကျင့်ကြံသူများအဖို့ နီးကပ်လာဖို့မှာ မဖြစ်နိုင်တော့ချေ။
နောက်ထပ် လေဟာနယ်အတိဒုက္ခအလယ်အဆင့် အဘိုးအိုကျောက်က ရှေ့လှမ်းလာကာ လုဝမ်ရန်ကို ပူးပေါင်းတိုက်ခိုက်ရန် ဟန်ပြင်၏။ သူ့အမြင်၌ သူတို့ကသာ လုဝမ်ရန်ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်ပါက ဒီနေရာရှိ ကျန်သည့်ကျင့်ကြံသူများနှင့် ပတ်သတ်ပြီး ပူပန်နေဖို့ မလိုတော့ဟူ၏။
သို့သော် ထိုအဘိုးအိုကျောက် ရှေ့သို့ လှမ်းလာသည်နှင့် ယန်လု၊ ရှုတန်သဲနှင့် တခြား လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်တို့က သူ့အား တားဆီးလေသည်။ သူတို့သုံးယောက်က ပူးပေါင်းတိုက်ခိုက်ကြ၏။
တခြားနေရာတွင်သာ ဖြစ်ပါက သူတို့သုံးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူတို့သည် နိဗ္ဗာနလေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများကြား နယ်ပယ်ကွာခြားချက်က ကြီးမားလွန်းသည် မဟုတ်လား။
ဝမ်လင်းသည် အနှစ်သာရခုနစ်ခု ပိုင်ဆိုင်ကာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်ပေ၏။ သို့သော် သူ့ထံ၌ ခုချိန်တွင် အနှစ်သာရရှစ်ခု ပိုင်ဆိုင်နေပြီ ဖြစ်သော်ငြားလည်း သူက လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူများနှင့်သာ ယှဉ်နိုင်သေးသည်။ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူများကို မလှုပ်ခတ်နိုင်သေးပေ။
သို့ပေမည့် ကောင်းကင်ဘုံနွားထီးသွေးကြော အစီအရင်အတွင်း၌ မြူများက သူတို့၏ ခန္ဓာကိုယ်များအတွင်း ဝင်ရောက်ပါက ထိုမြူသည် အပြောင်းအလဲ ရှိပေမည်။ ယန်လုတို့သုံးယောက်က အဘိုးအိုကျောက်ကို ယှဉ်တိုက်နိုင်ရုံမျှ ရှိနေ၏။ သူတို့က အနိုင်ရမနိုင်သော်လည်း သူ့ကို အချိန်ဆွဲထားနိုင်ဆဲပင်။
သူတို့လေးယောက်က အစိမ်းရောင်မိစ္ဆာကုန်းမြေမှ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို အချိန်ဆွဲထားနိုင်သည် ဖြစ်၍ သည်တိုက်ပွဲတွင် ထိုနှစ်ယောက်၏ ကြောက်မက်ဖွယ်အခန်းကဏ္ဍမှာ ပြသနိုင်တော့မည် မဟုတ်ပေ။ သို့သော် အစိမ်းရောင်မိစ္ဆာကုန်းမြေဘက်၌ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူလေးယောက် ရှိနေသေး၏။
ထိုလေးယောက်မှာ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့ ဖြစ်ကြ၏။ သူတို့က တန်ဖိုးကြီး ဝတ်ရုံများကို ဝတ်ဆင်ထားကာ သာမန်မဟုတ်သော အဆင့်အတန်း ပိုင်ဆိုင်ထားကြသည်။ ထိုလေးယောက်ကလည်း ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်နှင့် ရင်ဆိုင်နေရပေသည်။ ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူသုံးယောက်အတွက် ဒီမြူများအတွင်း အကန့်အသတ်မဲ့လုနီးပါး စွမ်းအင်များ ရှိနေ၏။ သူတို့သုံးယောက်က အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူလေးယောက်နှင့် စတင် တိုက်ခိုက်ကြလေပြီ။ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများကြား တိုက်ခိုက်မှုသည် ဒီစစ်ပွဲ၏ ပထမဆုံးတိုက်ပွဲပင်။
စစ်တပ်နှစ်ခု၏ သတ်ဖြတ်မှုက စတင်ကြလေပြီ။ သည်သတ်ဖြတ်မှုက လူနှစ်သောင်းနီးပါးကြား အပြန်အလှန် သတ်ဖြတ်ခြင်းပင်။ မြူများက အမြင်ကို ဖုံးလွှမ်းထားပြီး နာကျင်အော်ဟစ်သံများ ပဲ့တင်ထပ်သည်။
ဝမ်လင်းသည် မြူအတွင်း၌ တစ္ဆေတစ်ကောင်ကဲ့သို့ ရွှေ့လျားနေ၏။ သူက ခေါင်းငုံ့ထားကာ လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ကြည့်နေ၏။ ထိုသံလိုက်အိမ်မြှောင်တွင် အဖြူနှင့်အစိမ်းကြား အဆက်မပြတ်ပြောင်းလဲနေသော အစက်များစွာ ရှိနေသည်။
မြူအတွင်း၌ အသံဗလံများ ဆက်တိုက် ပဲ့တင်ထပ်နေ၏။ မန္တာန်များ၏ တဖြတ်ဖြတ် ဖြစ်မှုကို မြူက ဖုံးအုပ်ထားသော်လည်း ပေါက်ကွဲထွက်နေသည့် သတ်ဖြတ်လိုစိတ်ကိုမူ မဖုံးကွယ်ထားနိုင်ချေ။ ဝမ်လင်းက ရုတ်တရက် သူ့ညာလက်ကို ပင့်မြှောက်ကာ ညာဘက်သို့ လက်ညွှန်လိုက်၏။ သွေးအလင်း လင်းလက်ကာ သွေးဓား ပျံသန်းထွက်သွားသည်။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် မြူထံမှ လှမ်းထွက်လာ၏။ သူက တုန့်ပြန်နိုင်ရန်ပင် အချိန်မရလိုက်ဘဲ သွေးဓားက သူ့ခေါင်းကို ဖြတ်တောက်သွားတော့သည်။
ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ သူက ရှေ့ဆက်လာနေ၏။ သူ၏ပစ်မှတ်မှာ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ထိုကျင့်ကြံသူများမဟုတ်၊ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများကိုသာ။
ဝမ်လင်းသည် သူ့ပတ်လည်ရှိ အနက်ရောင်မြူလွှာနှင့်အတူ တိုက်ပွဲကြား မြန်မြန်ဆန်ဆန် ရွှေ့လျားနေသည်။ ထိုအနက်ရောင်မြူက ဒီအစီအရင်နှင့် ကွာခြားပေသည်။ ၎င်းထံ၌ ကြမ်းကြုတ်မှုတို့ ပြည့်နေ၏။ ယင်းမြူအတွင်း၌ ကြက်သွေးရောင်လျှာတစ်ခု တလှုပ်လှုပ်တခါခါ ရှိနေလေ၏။
လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူခုနစ်ယောက်၏ တိုက်ပွဲနား ရောက်လာသည့်နောက် ဝမ်လင်းက အရှိန်လျှော့ချလိုက်၏။ သူက ထိုသူတို့၏ တိုက်ပွဲနှင့် ပေထောင်သောင်းချီအကွာတွင် ရပ်လိုက်သည်။ သူသည် နေရာတွင် ရပ်နေပြီး သူ၏မျက်လုံးက အရောက်လက်နေသည်။
“လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ဖို့က တော့်တော့်ကို ခက်ခဲမှာ။ ဒီလိုအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ဖို့ဟာ မဖြစ်နိုင်သလောက်ပဲ။ ရီစီရုပ်သေးနဲ့ဆိုရင်တောင် မလုံလောက်သေးဘူး…”
ဝမ်လင်းသည် ဆန်းကြယ်ဒုက္ခကိုးခုကို ဖြတ်သန်းပြီး လေဟာနယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်သွားသော ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ဖို့မှာ မည်မျှ ခက်ခဲသည်ကို သိ၏။
လှိုဏ်ဂူလောက၌ တစ္ဆေအိုကြီးကျန့်နှင့် ခုနစ်ရောင်စုံတာအိုသခင်တို့သာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်တွင် ရှိခဲ့ကြ၏။ သူတို့နှစ်ယောက်သာ တတိယစိတ်ဝိညာဉ်နှင့် ပေါင်းစပ်နိုင်ခဲ့ပါက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အသစ် ဖြစ်လာပြီး လေဟာနယ်အတိဒုက္ခအလယ်အထွတ်အထိပ်အဆင့်သို့ ရောက်ခဲ့ကြလိမ့်မည်ပင်။
ဝမ်လင်း၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် လေဟာနယ်အတိဒုက္ခအဆင့်အောက်ရှိ လူများကို သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။ သို့ပေမည့် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက်တော့မူ ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ရလိမ့်မည်။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ပင် လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏ သေဆုံးခြင်းမှာ ဖြစ်ခဲပေသည်။ ထိုသို့ ဖြစ်လာခဲ့ပါကလည်း ကလန်တစ်ခုအပေါ် ကြီးမားစွာ သက်ရောက်ပေလိမ့်မည်။
လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ သေဆုံးမှုကတော့ ပြောနေစရာပင် မလိုပေ။ မဟာစိတ်ဝိညာဉ်ကလန်သည်ပင် ထိုသို့သော ဆုံးရှုံးမှုမျိုးကို ဆန္ဒရှိလိမ့်မည် မဟုတ်ပါ။
သူ့ရှေ့ရှိ တဝီဝီလည်ပတ်နေသသော မြူကို ကြည့်၍ ဝမ်လင်းက ထိုခုနစ်ယောက်၏ တိုက်ပွဲကို စောင့်ကြည့်နေသည်။ အနိုင်ရဖို့ကို ဆုံးဖြတ်ရန်မှာ ခက်ခဲလွန်းသည်။ မဖြစ်နိုင်သလောက်ပင်။ သူတို့က သတိထားနေပါက သေဆုံးကြလိမ့်မည် မဟုတ်ပေ။ အများဆုံးမှ ဒဏ်ရာ ရရုံသာ။
သို့ပင်ငြားလည်း ဝမ်လင်းသည် စိတ်မလောပေ။ သူက ထိုင်ချလိုက်၏။ သူ့ပတ်လည်ရှိ အနက်ရောင်မြူက ဒီမြူလွှာနှင့် ပေါင်းစပ်ကာ သူ့ကို ထောက်လှမ်းမိဖို့ ခက်ခဲသွားစေသည်။ ထို့အပြင် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ခုနစ်ယောက် တိုက်ခိုက်သည့် အနီးအနားသို့ သွားရောက်ခြင်းက အန္တရာယ်များလှ၏။ ဝမ်လင်းအဖို့ အခွင့်အရေးကို စောင့်နေရုံသာ ရှိတော့သည်။
သူက လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို တချီတည်း သတ်နိုင်မည့် အခွင့်အရေးကို စောင့်နေသည်။
“ရီစီရုပ်သေးက တိုက်ခိုက်မှုကြီးကြီးမားမား လုပ်နိုင်မယ်။ သွေးဓားက ဒဏ်ရာရအောင် လုပ်နိုင်မယ်။ စစ်စိတ်ဝိညာဉ်လက်ဝါးက လွတ်မြောက်သွားမှာကို တားဆီးထားနိုင်မယ်။ အလွှာအထပ်ပုံရိပ်ယောက်က အခိုက်အတန့်တစ်ခု ဖန်တီးနိုင်ပြီး နောက်ဆုံးတိုက်ခိုက်မှုကတော့ ဝိညာဉ်စိတ်ကူးမူလမန္တာန်နဲ့ပဲ…”
“ဒါပေမဲ့လည်း ဒီတိုက်ခိုက်မှုအားလုံးက လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရသွားစေရုံပဲ တတ်နိုင်မှာ။ မသေ မသတ်နိုင်လောက်ဘူး…”
ဝမ်လင်းသည် ပေတစ်သောင်းလောက် အကွာရှိ တိုက်ပွဲကို ကြည့်နေရင်း သူ၏မျက်လုံးက အရောင်တောက်နေသည်။
ဖြတ်ခနဲအတွင်း နာရီများစွာ ကုန်လွန်လာသည်။ သတ်ဖြတ်မှုက မလျှော့ပါးသွားသည့်အပြင် ပို၍ပင် ပြင်းထန်လာသေး၏။ နှစ်ဘက် သေဆုံးသည့် အရေအတွက်က များပြားလွန်းနေပေပြီ။
သို့ပေမည့် ဝမ်လင်းက ထိုနေရာတွင်သာ ထိုင်နေပြီး အခွင့်အရေးကို စောင့်နေသည်။
လျှိုဇီယန်းက မိစ္ဆာတာအိုကလန်၏ အကြီးအကဲတစ်ယောက် ဖြစ်ကာ သူက လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်သို့ ဝင်ရောက်တာ သိပ်မကြာသေးပေ။ သူသည် မိစ္ဆာတာအိုကလန်၌ အတော်လေး လူသိထင်ရှားရှိ၏။ သူက မိစ္ဆာတာအိုကလန်၏ ကလန်ခေါင်းဆောင်၏ နောင်မျိုးဆက်တစ်ယောက်လည်း ဟုတ်သည်။ ထို့ကြောင့် ကလန်ခေါင်းဆောင်နှင့် သွေးမျိုးဆက်ခြင်း ပတ်သတ်မှု ရှိထားသည်။
သူက ကောင်းကင်ဘုံနွားထီးကုန်းမြေအပေါ် ကျူးကျော်မှု၌ ရှုဝေဟူသော အကြီးအကဲ၊ ကလန်မှ တခြားရောင်းရင်း ကျင့်ကြံသူနှစ်ယောက်နှင့်အတူ ပါဝင်ခဲ့ပေသည်။ သူတို့က ခုလက်ရှိ၌ ကောင်းကင်ဘုံနွားထီးကုန်းမြေမှ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူသုံးယောက်နှင့် တိုက်ခိုက်နေကြသည်။
တဖက်က အဆုံးမရှိသောစွမ်းအင် ပိုင်ဆိုင်ကာ မန္တာန်မျိုးစုံကို အသုံးပြုနိုင်နေသည်။ သူတို့လေးယောက်ကတော့ မြူကြောင့် သူတို့၏ နတ်ဘုရားအာရုံများ ပိတ်ဆို့ထားခံရ၍ ဒီမြူအတွင်း၌ ဒဏ်ရာပြန်ကောင်းမွန်နိုင်ခြင်း မရှိလေပေ။ နာရီများစွာ ကြာမြင့်ပြီးနောက် သူတို့က တဖြည်းဖြည်း နောက်ဆုတ်ရမည့် အရိပ်အယောင်များ ပြသလာသည်။
ထိုခုနစ်ယောက်ကြား ရုန့်ရင်းဆန်ခတ် တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေပြီး ကျယ်လောင်စွာ တုန်ဟည်းသံများပဲ့တင်ထပ်နေသည်။ လျှိုဇီယန်းက လေဟာနယ်အတိဒုက္ခအဆင့်သို့ ရောက်တာ မကြာသေးပေ။ ထို့ကြောင့် သူက ကောင်းကင်ဘုံစွမ်းအင်များ စတင် ကုန်ခမ်းလာနေ၏။ သူ့ပတ်လည်ရှိ မြူများကလည်း သူ့ကောင်းကင်ဘုံစွမ်းအင်ကို များစွာ စုပ်ယူနေပြန်သည်။
“ဒီသောက်မြူတွေ။ တမန်တော်တွေ ဘယ်အချိန် ရောက်လာမှာလဲ။ ဒီလိုသာ ဆက်ဖြစ်နေရင် ဒီစစ်ပွဲက အနိုင်ရဖို့ ခက်ခဲတော့မယ်…”
လျှိုဇီယန်း၏အမူအရာမှာ သုန်မှုန်နေ၏။ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖော်ကာ ကျာပွင့်နက်တစ်ခု ဖြစ်စေပြီး ကောင်းကင်ဘုံနွားထီးကုန်းမြေဘက်မှ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူ ဖန်တီးလိုက်သော နဂါးနက်ကို ထိပ်တိုက်တွေ့စေလိုက်သည်။
တုန်ဟည်းမှုများကြား လျှိုဇီယန်းက ချက်ခြင်း နောက်ဆုတ်လိုက်၏။ သူက ပြောနေဖို့ပင် မလိုပေ။ သူ့အဖော်သုံးယောက်က သူ့ရည်ရွယ်ချက်ကို သိနေပေ၏။ သူတို့က ကျန်သည့် သူ့အပေါ် တိုက်ခိုက်မှုများကို တားဆီးပေးကာ သူ့အတွက် ဆေးလုံးများ သုံးစွဲနိုင်ဖို့ အခွင့်အရေးကို ပေးစွမ်းကြသည်။
တိုက်ပွဲနာရီများစွာ ကြာမြင့်ပြီးနောက် သူတို့လေးယောက်သည် ကောင်းကင်ဘုံစွမ်းအင်ကို ပြန်ဖြည့်တင်းဖို့ လိုလာပေပြီ။ မဟုတ်ပါက ဆက်လက်တိုက်ခိုက်ရာ၌ ခက်ခဲပေတော့မည်။
လျှိုဇီယန်း၏ အမူအရာက ကြမ်းကြုတ်နေ၏။ သူ ယန်နှင့်ယန်စုံတွဲကျင့်ကြံခြင်းကို ကျင့်ကြံခဲ့ကာ အမျိုးသမီး ကျင့်ကြံသူကိုယ်လုပ်တော်များ၏ စိတ်ဝိညာဉ်များကို ကြာပွင့်နက်အဖြစ် ပြောင်းလဲခဲ့သူပင်။ သူ့လက်ချက်ဖြင့် မရေမတွက်နိုင်သော ကိုယ်လုပ်တော်များ သေဆုံးခဲ့ရပြီး ဖြစ်သည်။
ဖြတ်ခနဲအတွင်း သူက နောက်သို့ ပေတစ်သောင်းလောက် ဆုတ်လိုက်သည်။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အလင်းလုံးဆယ့်နှစ်လုံး သူ့ရှေ့တွင် ပေါ်လာ၏။ ထိုအလင်းလုံး တစ်ခုချင်းစီအတွင်း၌ သုံးလက်မအမြင့်ရှိ အဝတ်ဗလာအမျိုးသမီးတစ်ယောက်စီ ရှိကြသည်။ သူတို့အားလုံးက ဆိုးဆိုးဝါးဝါး နာကျင်နေပုံ ပေါက်သည်။
လျှိုဇီယန်းက ကြည့်ပင်မကြည့်ဘဲ ရှိုက်သွင်းရန် ပါးစပ်ဟလိုက်သည်။
သို့ပေမည့် ထိုအခိုက်တွင် သူနှင့် မလှမ်းမကမ်းတွင် ပုန်းကွယ်နေသော ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာကာ အေးစက်စက်အကြည့်ကို လှစ်ဟဖော်သည်။ သူက ဒီအခွင့်အရေးကို စောင့်နေတာ ကြာပြီ ဖြစ်၏။
ဝမ်လင်း၏မျက်လုံးထံမှ သတ်ဖြတ်လိုစိတ် လှစ်ဟပေါ်၏။ သူ မဟာစိတ်ဝိညာဉ်ကလန်သို့ ကတိပေးထားသည်မှာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ဆယ်ယောက်ကို သတ်ဖြတ်ရမည် ဖြစ်၏။ ယနေ့တွင် သူသည် ပထမဆုံးတစ်ယောက်ကို သတ်ဖြတ်ရပေတော့မည်။
ဝမ်လင်းသည် လျှပ်စီးတန်းအလား ရှေ့သို့ တိုးလာကာ သူ့လက်ထဲဝွင် သွေးအလင်း လင်းလက်၏။ သွေးအလင်းက ဝမ်လင်းနား ဆုတ်လာမိသော လျှိုဇီယန်းထံ ခုတ်ပိုင်းလာသည်။
သွေးဓား၏ ထက်ရှမှုက ပြိုင်ဘက်ကင်းပေသည်။ ၎င်းက လျှိုဇီယန်း အလင်းလုံးများကို ဝါးမြိုခါနီး၌ နီးကပ်လာ၏။ သို့ပေမည့် သူက ရုတ်တရက် အန္တရာယ်အာရုံကို ခံစားမိကာ ထိုအလင်းလုံးများကို ဝါးမြိုခြင်းအား လက်လျှော့လိုက်သည်။ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူ့နောက်တွင် ကြာပွင့်နက်တစ်ခု ပေါ်လာသည်။ ထိုကြာပွင့်နက်က သွေးဓားနှင့် ထိပ်တိုက်တွေ့လေသည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ လျှိုဇီယန်းက ရုတ်တရက် လှည့်ကြည့်လာ၏။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေသည်။
“ဘယ်သူက ငါ့ကို အလစ်တိုက်ခိုက်တာလဲ ငါ မြင်ချင်တယ်…”
သို့ပေမည့် သူ လှည့်လိုက်ရုံ ရှိသေး ဝမ်လင်းက တိုက်ခိုက်လာခဲ့လေပြီ။