ခြုံခိုတိုက်ခိုက်ခြင်း
Vol. 138 Ch. 1911
ဝမ်လင်း ပတ်လည်ရှိ မြူများထံမှ ကြမ်းကြုတ်မှုအပြည့် ဟိန်းအော်သံ တစ်သံ ထွက်ပေါ်လာ၏။ လက်တစ်ဖက် ဆုံးရှုံးထားသော ရီစီရုပ်သေးက အရူးအမူး လျှိုဇီယန်းထံ တိုးဝင်လာသည်။
အဖြစ်အပျက်က မြန်လွန်းလှ၏။ လျှိုဇီယန်း လှည့်ကြည့်လိုက်သည့်အခိုက်တွင် ရီစီက ရောက်လာခဲ့လေပြီ။
လျှိုဇီယန်း၏အမူအရာ ပြောင်းလဲသွား၏။ သူသည် ထိုအနက်ရောင်မြူထံမှ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ တုန်ခါမှုလှိုင်းကို ရှင်းလင်းစွာ ခံစားမိသည်။ သူက အလန့်တကြား ဖြစ်သွား၏။ သူသည် ၎င်းမှာ ရုပ်သေးမှန်း သိသည်။ တုန့်နှေးမနေဘဲ သူက နောက်ဆုတ်၍ အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ ကြာပွင့်နက်ခုနစ်ခုက သူ့ရှေ့တွင် ပေါ်လာပြီး ရီစီရုပ်သေးနှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သွားသဖြင့် အကွာအဝေးတစ်ခုတွင် တိုက်ခိုက်နေသော လူခြောက်ယောက်၏ အာရုံကို စွဲဆောင်သွား၏။ လျှိုဇီယန်း၏ အဖော်သုံးယောက် အမူအရာမှာ ပြောင်းလဲသွားကာ သူတို့က လှမ်းလာလို၏။ သို့သော် သူတို့ကို ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူသုံးယောက်က တားဆီးထားသည်။ မြူများကြောင့် သူတို့သည် မည်သို့ဖြစ်ပျက်နေသည်ကို မမြင်ရပေ။ သို့သေ်ာ သူတို့က ဤသည်မှာ သူတို့အတွက် အသာစီးရသည်ကိုတော့ သိကြသည်။
ကြာပွင့်နက်ခုနစ်ခုက ပျက်စီးသွား၏။ ရီစီရုပ်သေးကလည်း အော်ဟစ်လိုက်ရကာ ၎င်း၏ခန္ဓာကိုယ်တွင် ဒဏ်ရာများ ပြည့်ဖုံးသွားသည်။ သို့ပေမည့် ၎င်း၏လျှာက ကြာပွင့်နက်ခုနစ်ခုကို ထွင်းဖောက်ကာ လျှိုဇီယန်း၏ရင်ဘက်ပေါ်သို့ ကျရောက်သွားသည်။
လတ်လတ်ဆတ်ဆတ်သွေးများ ပေါက်ကွဲထွက်လာ၏။ လျှိုဇီယန်းသည် သူ့ရင်ဘက်မှ နာကျင်မှုကို ခံစားလိုက်ရ၏။ သို့သော် သူ့အတွက် ဒဏ်ရာကို စစ်ဆေးနေဖို့ အချိန်မရပေ။ သူ့ထံ၌ ကောင်းကင်ဘုံစွမ်းအင် များများစားစား မကျန်တော့ပေ။ ဒီမြူကလည်း သူ့ထံမှ ကောင်းကင်ဘုံစွမ်းအင်ကို စုပ်ယူနေသေး၏။ သူက အန္တရာယ်အခိုက်အတန့်တွင် ကြာပွင့်နက်ခုနစ်ခုကို ဖန်တီးလိုက်ရသဖြင့် မောပန်းသွားရသည်။ သူ နောက်သို့ ဆက်ဆုတ်နေရင်း သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အလင်းလုံးတစ်လုံး ပေါ်လာသည်။ သူက ၎င်းကို ဝါးမြိုရန် ဟန်ပြင်သည်။
ဝမ်လင်းက သူ့ညာလက်ကို ရုတ်တရက် ပင့်မြှောက်လိုက်၏။ သူ၏လက်ကြားတွင် အဖြူရောင်ရွက်ဖျင်တစ်ခု ပေါ်လာသည်။ သူ လက်ဝေ့ယမ်းလိုက်ကာ အော်ငိုငြီးသံများ ပဲ့တင်ထပ်ပြီး ဒဏ်ရာရသွားသော လျှိုဇီယန်း၏စိတ်အတွင်းသို့ ဝင်ရောက်သည်။ ရုတ်တရက် အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်၏ပုံရိပ်က သူ့စိတ်ထဲတွင် ပေါ်လာ၏။ သူမက သူ့ကို နောက်ကျောခိုင်းကာ ငိုကြွေးနေသည်။
ထိုပုံရိပ်ပေါ်လာသည့်အခါ၌ လျှိုဇီယန်း၏ ညာလက်က အလင်းလုံးကို လှမ်းထိသည့် သူ့ညာလက်က ခဏတာ တုန့်နှေးသွား၏။
ဤအခိုက်တွင် ဝမ်လင်း ရောက်လာပြီး ကောင်းကင်ထက်သို့ လက်ဝါးရိုက်ချက် ထုတ်ဖော်သည်။ မြူများ တဝုန်းဝန်းဖြစ်ကာ ဧရာမလက်ဝါးချက်တစ်ခု ပေါ်လာပြီး လျှိုဇီယန်းထံ ဆင်းသက်လာသည်။
တချိန်တည်းမှာ လျှိုဇီယန်း၏နောက်၌ မီးလင်းလက်သွားသည်။ မီးလက်ဝါးတစ်ခုက မြူအတွင်းမှ လောင်ကျွမ်းထွက်ပေါ်ကာ သူ့ထံ တိုးဝင်လာသည်။
အဖြစ်အပျက်တို့က မြန်လွန်းလှချေ၏။ ဝမ်လင်းက သူ့စိတ်ထဲ၌ ဒီလိုပုံစံတိုက်ခိုက်ဖို့ ဆက်တိုက် စီစဉ်ထားခဲ့ပြီး ဖြစ်သည်။
ထိုလက်ဝါးချက် နီးကပ်လာပြီး ငိုသံက လျှိုဇီယန်း၏စိတ်ကို နှောက်ယှက်စဉ်၌ ရီစီရုပ်သေးက လျှိုဇီယန်းထံ တဖန်တိုးဝင်လာပြန်သည်။ သွေးဓားကလည်း ပျံသန်းလာကာ လျှိုဇီယန်းကို ခုတ်ပိုင်းလေ၏။
မန္တာန်များအားလုံး နီးကပ်လာခဲ့ပြီပင်။
သို့ပေမည့် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူများသည် သတ်ဖို့ အလွန်ခက်၏။ ဝမ်လင်းသည် ချိန်သားကိုက် လှုပ်ရှားနိုင်သော်လည်း လျှိုဇီယန်းက သူ့လျှာထိပ်ကို ကိုက်ကာ သွေးများထွေးထုတ်လိုက်လေ၏။ ထိုသွေးက ချက်ခြင်း သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားလေသည်။ သူ့ဆံပင်တို့ပင် သွေးရောင်ဖြစ်သွားသည်။
သူ့အရေပြားမှာလည်း အလားတူပင်။ ဖြတ်ခနဲအတွင်း သူက သွေးလူအဖြစ်သို့ ပြောင်းသွားသည်။ သူ့လက်နှစ်ဖက်ကို သူ့ကိုယ်သူ ပွေ့ဖက်လိုက်ပြီး မန္တာန်များ နီးကပ်လာချိန်၌ သူ့လက်နှစ်ဖက်ကို ပြန်ဖြန့်ကားလိုက်သည်။
“သွေးချပ်ဝတ်အစီအရင်…” လျှိုဇီယန်း၏ စကားသံ ပဲ့တင်ထပ်လာစဉ် သူ့ခန္ဓာကိုယ်မှ သွေးက ခြောက်ခမ်းကာ သွေးချပ်ဝတ်အဖြစ်သို့ ပြောင်း၏။ တချိန်တည်းမှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးချပ်ဝတ်က သွေးမုန်တိုင်းအဖြစ်သို့ ပြောင်းသည်။
လက်ဝါးချက်က ထိုသွေးမုန်တိုင်းနှင့် ထိမိသည့်အခါ ပျက်စီးသွား၏။ သူ့နောက်မှ မီးလက်ဝါးမှာလည်း ထိုသွေးမုန်တိုင်းနှင့် ထိမိသည့်အခါ အလားတူ ပျက်စီးသွားသည်။
သွေးဓားက ဖြတ်ခနဲ သွေးမုန်တိုင်းအတွင်း ဖြတ်ပိုင်းဝင်လာ၏။ ရီစီရုပ်သေးကလည်း သွေးမုန်တိုင်းအတွင်း တိုးဝင်လာ၏။ တဝုန်းဝုန်း ဟိန်းဟိန်းထသံများ ပဲ့တင်ထပ်၏။
တုန်ဟည်းသံ စတင်ပဲ့တင်ထပ်လာစဉ် ဝမ်လင်းက သွေးမုန်တိုင်းထံ တိုးဝင်လာသည်။ ထိုသွေးမုန်တိုင်းက လျှိုဇီယန်း၏ အသက်ကယ်ရတနာတစ်ခုဖြစ်တာ သိသာသည်။ ခုချိန်၌ ၎င်းက ဝမ်လင်း၏မန္တာန်မျိုးစုံကို ခုခံပေးနေလျက် ပျက်စီးမည့်အရိပ်အယောင် ပြသလာသည်။ သွေးမုန်တိုင်းအတွင်းရှိ လျှိုဇီယန်းက သွေးအန်လိုက်ရကာ သူ့အမူအရာမှာ ကြမ်းကြုတ်နေသည်။ သို့ပေမည့် သူက အသည်းအသန် နောက်ဆုတ်နေသည်။
သူ နောက်ဆုနေသော်လည်း သူ့အကြည့်က ဝမ်လင်းထံ မြဲမြံစွာ ရှိနေ၏။ သို့ပေမည့် ဝမ်လင်းသည် ရုတ်တရက် ပျောက်သွားသည်။ လျှိုဇီယန်း၏ မျက်လုံးသူငယ်အိမ် ကြုံ့သွားကာ သူ့ညာလက်ကို နောက်သို့ ဝေ့ယမ်းလိုက်သည်။
ဝမ်လင်းသည် သူ့နောက်မှ လှမ်းထွက်လာကာ လက်သီးတစ်လုံး ပစ်သွင်းလာ၏။ ထိုလက်သီးချက်၌ ရှေးတောက်အရိပ် မပါရှိပါ။ သို့သော် ၎င်းက ရှေးတောက်လက်သီးချက်ပင်။
ဘန်းခနဲ ပေါက်ကွဲကာ လျှိုဇီယန်း၏ညာလက်သည် သွေးအဖြစ်သို့ ပေါက်ကွဲသွားပြီး လွင့်ထွက်သွားသည်။ ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများစီးကျ၏။ သို့သော် သူက မရပ်တန့်ပေ။ သူသည် လျှိုဇီယန်းနောက် ထပ်ကြပ်မကွာ လိုက်ပါလာ၏။
ကျယ်လောင်စွာတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ဝမ်လင်းက နောက်ကနေ အမြန်လိုက်ပါကာ လက်သီးဆယ့်ကိုးချက် ပစ်သွင်းလိုက်ပြီးပင်။ လျှိုဇီယန်း၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်လာနေပြီ။ ဝမ်လင်း၏ လိုက်လံတိုက်ခိုက်မှုက ကြမ်းလှ၏။ ဝမ်လင်းက သူ့ကို နောက်ဆုတ်နိုင်မည့် အခွင့်အရေး လုံးဝ မပေးလေပေ။ ထိုလက်သီးချက်များက သွေးများ ဖုံးလွှမ်းနေပြီး သူသည် ခုချိန်၌ ထိတ်လန့်တကြားပုံ ပေါက်နေသည်။
“ဒီလောက်နဲ့ ငါ့ကို သတ်ဖို့ မလုံလောက်သေးဘူး…” လျှိုဇီယန်းက သူသည် ဖြစ်တောင့်ဖြစ်ခဲ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီကို နားလည်၏။ တဖက်လူ၏ ချိန်သားကိုက်မှုက ကောင်းမွန်လွန်းနေသည်။
နောက်သို့ ဆုတ်နေရင်း သူက ဝမ်လင်း၏လက်သီးချက်များထဲမှ တစ်ခုကို ခံယူကာ သူ့ဘယ်လက်ကို ဝေ့ယမ်းပြီး ခေါင်းလောင်းနက်တစ်ခုကို ထုတ်ယူလိုက်သည်။
ဤသည်က ဝမ်လင်းနှင့် တိုက်ပွဲ၌ သူ့အနေဖြင့် ၎င်းရတနာကို ပထမဆုံးအကြိမ် ထုတ်ယူလိုက်ခြင်းပင်။ ၎င်းက သူ၏အစွမ်းထက်ဆုံးရတနာဖြစ်၏။ ထိုခေါင်းလောင်း ပေါ်လာသည့်အခါ တစီစီတချွင်ချွင်အသံကို စတင် ထုတ်လွှတ်သည်။
ခေါင်းလောင်းသံ ပဲ့တင်ထပ်လာသည့်အခါ မရေမတွက်နိုင်သော အမျိုးသမီးအရိပ်များ လျှိုဇီယန်း၏ရှေ့တွင် ပေါ်လာ၏။ ထိုအမျိုးသမီးအရိပ်များအားလုံးသည် အဝတ်ဗလာဖြစ်ကာ မကျေမချမ်းမှုနှင့် ပြည့်နေပြီး ဆိုးဆိုးဝါးဝါးနာကျင်နေပုံ ပေါ်သည်။
ယင်းအမျိုးသမီးအရိပ်မှာ ရာထောင်ချီသည်။ ယင်းတို့ ပျံ့နှံ့လာသည့်အခါ အရိပ်တစ်ခုနှင့်တစ်ခု ထပ်၏။ သူတို့၏ မကျေမချမ်းမှုက အတူတကွ ပေါင်းစပ်ကာ ဒီအဆုံးစွန်ကောင်းကင်မြက်ခင်းပြင်တွင် တိုက်ခိုက်နေသော ကျင့်ကြံသူအားလုံးပင် သတိပြုမိသော ပြင်းထန်သည့်မကျေမချမ်းအော်ရာ ဖြစ်ပေါ်လာသည်။
လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ခြောက်ယောက်ကြား တိုက်ခိုက်မှုကလည်း ပိုပြင်းထန်လာနေ၏။ သူတို့က ဒီအော်ရာကို ခံစားမိသည့်အခါ သူတို့၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြသည်။ သို့သော် မြူက သူတို့ကို ကန့်သတ်ထားသည်။ သို့ရာတွင် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ လူသုံးယောက်က လျှိုဇီယန်း၏ မန္တာန်များ၊ရတနာများနှင့် အတော်လေး သိထားကြသည်။
သည်အခိုက်တွင် သူတို့က မကျေမချမ်းစိတ်ဝိညာဉ်များကို အာရုံခံမိသည့်အခါ သူတို့၏အမူအရာများ ပြောင်းလဲသွားသည်။ သူတို့က လျှိုဇီယန်းသည် သေရေးရှင်ရေးအန္တရာယ်ကို ရင်ဆိုင်နေရပြီကို သိလိုက်သည်။ မဟုတ်ပါက သူသည် ဒီရတနာကို လုံးဝ ထုတ်လိမ့်မည် မဟုတ်ပေ။
ယန်လုတို့ အုပ်စုနှင့် တိုက်ခိုက်နေသော လေဟာနယ်အတိဒုက္ခအလယ်အဆင့် အဘိုးအို၊ လုဝမ်ရန်နှင့် တိုက်ခိုက်နေသော အဘိုးအိုကျန်းမှာလည်း ထိုအော်ရာကို ခံစားမိကြသည်။ သို့ပေမည့် သူတို့၏နတ်ဘုရားအာရုံများကို မြူက ပိတ်ဆို့ထားသဖြင့် သူတို့သည် မည်သို့ဖြစ်ပျက်နေသည်ကို မမြင်နိုင်ကြပေ။
လုဝမ်ရန်၏ မျက်လုံးက အရောင်တောက်သွားပြီး သူ့နတ်ဘုရားအာရုံက ပျံ့နှံ့လာသည်။ သို့ပေမည့် လျှိုဇီယန်းနှင့် တိုက်ခိုက်နေသော နေရာပတ်လည်တွင် မမြင်ရသော အရံအတားတစ်ခု ရှိနေသဖြင့် သူ့ကိုလည်း ထိုတိုက်ပွဲအား မမြင်ရစေနိုင် ဖြစ်စေသည်။
ယန်လုနှင့် တခြားသူများကလည်း ထိုသို့ တွေ့ကြုံရသည်။
မကျေမနပ်စိတ်ဝိညာဉ်များ ထိုးထွက်လာသည့်အခါ ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သူက ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့တာ ဖြစ်၏။ ခုချိန်ထိ သူ၌ အသုံးမပြုရသေးသော အစစ်အမှန်ဝှက်ဖဲနှစ်ခု ရှိနေသေးသည်။
သည်အခိုက်တွင် သူက ကောင်းကင်ထက်သို့ လက်ညွှန်လိုက်၏။ ဘူးသီးခြောက်တလုံး သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာ၏။ ၎င်းဘူးသီးခြောက်၌ စိတ်ဝိညာဉ်သန်းသုံးဆယ် ပါဝင်၏။ ၎င်းသာ ပေါက်ကွဲသွားပါက လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ချိန်းခြောက်နိုင်သည်။ သို့ပေမည့် ဝမ်လင်းက ၎င်းကို ပေါက်ကွဲဖို့ အမိန့်မပေးပေ။ သူက ဘူးသီးခြောက်ပေါ်သို့ သွေးအန်ထုတ်လိုက်၏။ ထိုသွေးက မြန်ဆန်စွာ ပျောက်ကွယ်သွားပြီးနောက် စိတ်ဝိညာဉ်သန်းသုံးဆယ်၏ အော်သံများ ပဲ့တင်ထပ်သည်။ ထိုစိတ်ဝိညာဉ်သန်းသုံးဆယ်က ပျံသန်းထွက်လာပြီး ဝမ်လင်း၏နောက်တွင် သွေးလမ်းတစ်ခု ဖြစ်ပေါ်သည်။
“ငါ့အနှစ်သာရသွေးကို အသုံးပြုပြီး မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဘိုးဘေးကို ဆင့်ခေါ်တယ်။ လေဟာနယ်ချိုးဖျက်ခြင်း…ဝိညာဉ်စိတ်ကူးမူလ…”
ဝမ်လင်း၏အသံက တည်ငြိမ်၏။ သို့သော် ထူးခြားသောအားတစ်ခု ပါဝင်နေသည်။
ထိုသွေးလမ်း၏အဆုံးတွင် ပတ်ဝန်းကျင်ရှိမြူနှင့် ပေါင်းစပ်နေဟန်ရသော ဝဲကတော့ကြီးတစ်ခု ရှိ၏။ ဝမ်လင်း ထိုသို့ ပြောလိုက်သည့်အခါ ယင်းဝဲကတော့ထံမှ သွေးပုံရိပ်တစ်ခု တဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
၎င်းပုံရိပ်၏ ခြေလှမ်းတိုင်းက လောကကို တုန်ဟည်းစေနိုင်လောက်သည်။
လျှိုဇီယန်း၏ ရတနာကနေ ဆင့်ခေါ်လိုက်သော ကြောက်မက်ဖွယ်မကျေမချမ်းမှုက သွေးအရိပ်ပေါ်လာသည့်အခါ၌ ပျက်စီးမည့် အရိပ်အယောင် ပြသလာသည်။ လျှိုဇီယန်း၏ အမူအရာသည် ပြောင်းလဲသွားကာ သူက ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။ ထိုမကျေမချမ်းမှုသည် ချက်ခြင်း သိပ်သည်းလာကာ ဧရာမအမျိုးသမီးတစ်ယောက်အသွင်သို့ ပြောင်းလဲသည်။ သူမ၏ခန္ဓာကိုယ်မှာ မကျေမချမ်းစိတ်ဝိညာဉ်တစ်သိန်းကျော်နှင့် ဖွဲ့စည်းထားခြင်းတည်း။ ထိုစိတ်ဝိညာဉ်များ၏ မျက်နှာများက သူမ၏မျက်နှာထက်တွင် ပေါ်နေသည်။
ထိုပုံရိပ် ဖွဲ့စည်းပြီးသည့်အခါ ၎င်းက ပါးစပ်ဟကာ ဝမ်လင်းကို ဝါးမြိုရန် တာဆူလာသည်။
သည်အခိုက်တွင် မဟာစိတ်ဝိညာဉ်ကလန်၏ ကိုးယောက်မြောက်ဘိုးဘေး၊ လို့ယွမ်ဟွေ၏ပုံရိပ်က သွေးဝဲကတော့ထံမှ လှမ်းလျှောက်ထွက်လာ၏။ သူ့ညာလက်ကို ပင့်မြှောက်ရာ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ကနေ အနီရောင်လှံတစ်လက် ဖွဲ့စည်းပေါ်ထွက်လာသည်။ သူက ထိုလှံကို ဆုပ်ကိုင်ကာ ပစ်သွင်းလိုက်၏။ ထိုလှံက မရေမတွက်နိုင်သော မကျေမချမ်းစိတ်ဝိညာဉ်များနှင့် ဖွဲ့စည်းထားသော ဧရာမအမျိုးသမီးနှင့် ထိပ်တိုက်တွေ့သည်။
ယင်းတို့ ထိပ်တိုက်တွေ့ချိန်၌ လှံက လွှမ်းမိုးနိုင်သောအလင်းကို ထုတ်လွှတ်၏။ ထိုဧရာမပုံရိပ်သည် ချက်ခြင်း ပျက်စီးကာ ၎င်းအတွင်းရှိ မကျေမချမ်းစိတ်ဝိညာဉ်များသည် စူးစူးဝါးဝါး အော်မြည်ကြသည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်ကာ သူက သွေးအန်လိုက်ရသည်။ သူက နောက်သို့ ပေတစ်ထောင်ကျော်ထိ ဆုတ်သွားရ၏။ သူ့နောက်ရှိ သွေးလမ်းမှာလည်း ပျက်စီးကာ ကိုးယောက်မြောက်ဘိုးဘေးလည်း ပျောက်ကွယ်သွားသည်။ တချိန်တည်းမှာ ဧရာမပုံရိပ်က ပျက်စီးကာ လျှိုဇီယန်းထံမှ သွေးများ ပေါက်ကွဲထွက်လာ၏။ သူက ဆိုးဝါးနာကျင်စွာ အော်ဟစ်လိုက်ရပြီး နောက်ဆုတ်သည်။
ထိုပျက်စီးသွားသော အရိပ်က မရေမတွက်နိုင်သော မကျေမနမ်စိတ်ဝိညာဉ်များအဖြစ်သို့ ပြောင်းလဲသွား၏။ ယင်းအဖြစ်က လျှိုဇီယန်းပေါ် တန်ပြန်ဒဏ်သက်ရောက်စေသည်။ ယင်းမကျေမချမ်းစိတ်ဝိညာဉ်များသည် သူ၏ခန္ဓာကိုယ် အတွင်းအပြင်ကို တူးဆွကာ သူ့အော်ဟစ်သံများကို ပိုပြင်းထန်လာစေသည်။ သူသာ အလွန်နာကျင်စွာ အော်ဟစ်နေရ၏။ သို့ပေမည့် သူသည် မသေသွားသေးပေ။ အပြင်းအထန် ဒဏ်ရာရသွားခြင်းသာ။ သူက ခုချိန်၌ ဒီစစ်ပွဲကို ဆက်၍ အရေးစိုက်မနေတော့ဘဲ အလျင်အမြန် လွတ်မြောက်အောင် ထွက်ပြေးတော့သည်။
“နတ်ဘုရားတုန်ဟည်းခြင်း…စစ်တပ်အစီအရင်…”
“နတ်ဆိုးမန္တာန်…လေနဲ့မီးတောင်တန်း…”
“မိစ္ဆာတာအို…သေခြင်းရှင်ခြင်း ပြောင်းပြန်ဖြစ်ခြင်း…”
“နတ်ဘုရား၊နတ်ဆိုး၊မိစ္ဆာ….ရှေးတောက်၊ ကောင်းကင်ဘုံသားဟူ၍ မရှိ…”