← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း ၁၄၇ အော်တိုစ်၏ သေဆုံးမှု (သို့မဟုတ်) ဘေဘယ်လ် မျှော်စင်လား

【သေနတ်ပစ်ခတ်မှုဖြင့် တရားစီရင်ခြင်း အသက်ဝင်လာသည်။】

【အပြစ်များအား တရားစီရင်ခြင်း 】

【လှည့်စားခြင်း၊ သစ္စာဖောက်ခြင်း၊ လောဘကြီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အသက်ရှင်ခွင့်တောင်းခံခြင်း။】

【တရားစီရင်မှု။】

【အပြစ်ရှိသည်။】

ဤ လစ်ချ် လူသားအား ထပ်မံစကားပြောခွင့် မပေးတော့ဘဲ ရဲချီယန်က အက်ဘိုနီ ကို မြှောက်ထားလိုက်ချေပြီ။

သေနတ်ပစ်ခတ်မှုဖြင့် တရားစီရင်ခြင်း စတင်သွားလေ၏။

ကရုဏာသက်ရန် နေရာမချန်ထားတော့ဘဲ ခလုတ်ကို ညင်သာစွာ ဆွဲလိုက်ရာ ကျည်ဆန်သည် ပြောင်းဝမှ ထွက်ခွာသွားတော့သည်။

သန့်စင်သောအလင်း သတ္တိပါဝင်သည့် အဖြူအမည်း သံချပ်ကာဖောက်ခွဲရေးကျည်ဆန်၏ တိုက်ခိုက်မှုအောက်တွင် အော်တိုစ်၏ ဦးခေါင်းနှင့်တကွ အသားများတွင် စွဲကပ်နေသော ဦးထုပ်ပါ ပျောက်ကွယ်သွားလေ၏။

သံချပ်ကာအတွင်းရှိ ပုံပန်းပျက်ယွင်းနေသော ခန္ဓာကိုယ်ပင်လျှင် သန့်စင်သောအလင်းရောင်ကြောင့် အငွေ့ပျံသွားခဲ့ပေသည်။

ဤပစ်ခတ်မှုဖြင့် ရဲချီယန်သည် သူ့အား အသက်ရှင်ခွင့်ပေးရန် လုံးဝ မရည်ရွယ်ထားခဲ့ချေ။

အဆင့် ၂၇ ရထားမောင်းနှင်သူ ဖြစ်သော အော်တိုစ်မှာ ရဲချီယန်၏ လက်ထဲတွင် ဤမျှလွယ်ကူစွာ သေဆုံးသွားခဲ့လေသည်။

သူ အားနည်းနေခဲ့၍တော့ မဟုတ်ပေ။

ထို အသားစများဖြင့် ပေါင်းစပ်ပြုလုပ်ထားသော မကောင်းဆိုးဝါး တစ်ကောင်ချင်းစီမှာပင် သာမန် ရထားမောင်းနှင်သူ တစ်ဦးအတွက် အတော်လေး ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပေသည်။

လစ်ချ် လူသားတစ်ဦးဖြစ်သော သူ့ကိုယ်သူပင် သင့်လျော်သော တန်ပြန်တိုက်ခိုက်မှုမျိုး မရှိပါက သတ်ဖြတ်ရန် အလွန်ခက်ခဲပေလိမ့်မည်။ သူသေဆုံးရခြင်း၏ အကြောင်းရင်းမှာ တစ်ခုတည်းသာရှိလေ၏။ ယင်းမှာ ရဲချီယန်က သူထက် ပို၍ စွမ်းအားကြီးမားနေခြင်းပင် ဖြစ်သည်။

ထို့အပြင် ဤကောင်၏ သေဆုံးမှုက အချက်တစ်ချက်ကို အတည်ပြုပေးလိုက်လေ၏။

ယင်းမှာ ဤကမ္ဘာလောကသို့ စောစီးစွာ ရောက်ရှိလာခဲ့ကြသော စီနီယာ ရထားမောင်းနှင်သူ များမှာ အားလုံးက စွမ်းအားကြီးမားနေခြင်း မဟုတ်သလို အနိုင်မယူနိုင်သူများလည်း မဟုတ်ကြချေ။

【လစ်ချ် လူသား၏ သံချပ်ကာ】

【အသုံးပြုပါက အသုံးပြုသူ၏ လူမျိုးကို လစ်ချ် လူသားအဖြစ် ပြောင်းလဲပေးမည်။】

【ပြောင်းလဲပြီးနောက် မော်ဂျူးများကို ရရှိမည်။ အလောင်းများ ပေါင်းစပ်ချုပ်နှောင်ခြင်း၊ သန့်စင်သောအလင်းကို ကြောက်ရွံ့ခြင်း၊ ဖုတ်ကောင်စားသောက်ပွဲ၊ သွေးနှင့်သံချပ်ကာ ပေါင်းစပ်ခြင်း၊ လစ်ချ် လူသားခန္ဓာကိုယ်၊ မကောင်းဆိုးဝါး အညစ်အကြေး...】

【မှတ်ချက်။ ပြောင်းလဲပြီးနောက်တွင် အခြားလူမျိုးပြောင်းလဲသည့် နည်းလမ်းများကို အသုံးပြု၍ ထပ်မံပြောင်းလဲနိုင်သော်လည်း မူလလူမျိုးသို့ ပြန်လည်ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။】

【ပြောင်းလဲပြီးနောက် ဖယ်ရှား၍မရသော ဂုဏ်ပုဒ်တစ်ခုကို ရရှိမည်။ လူမျိုးသစ္စာဖောက်။】

【လူမျိုးသစ္စာဖောက်။ မူလလူမျိုးက ပြောင်းလဲသွားသူအပေါ် ထားရှိသော မွေးရာပါ နှစ်သက်သဘောကျမှုသည် ထက်ဝက် လျော့ကျသွားမည်။】

အော်တိုစ် သေဆုံးပြီးနောက် သံချပ်ကာမှာ ထိုနေရာတွင် ကျန်ရစ်ခဲ့လေ၏။ အကဲဖြတ်ကြည့်လိုက်ရာ ယင်းက မျှော်လင့်မထားသော အကျိုးအမြတ်တစ်ခု ဖြစ်လာတော့သည်။

သံချပ်ကာမှာ ကြီးမားလှသဖြင့် ကျောပိုးအိတ်ထဲတွင် သိမ်းဆည်းရန် လက်တွေ့မကျလှပေ။

ဤကဲ့သို့သောအရာမျိုးကို ရဲချီယန်က သူကိုယ်တိုင် အသုံးပြုရန်အတွက် သေချာပေါက် သိမ်းထားမည် မဟုတ်ချေ။

သို့သော် ချင်ချန် ထံမှ ယခင်က ရရှိခဲ့သော မြွေရေခွံအိတ်မှာ ဤပစ္စည်းကို သယ်ဆောင်ရန်အတွက် အရွယ်အစား အတိအကျဖြစ်နေခဲ့လေ၏။

နှစ်ခြမ်းကွဲသွားသော စက်ခေါင်းတွဲ နှင့်ပတ်သက်၍မူ ရဲချီယန်က ၎င်းကို ယူဆောင်သွားရန် စိုးစဉ်းမျှ ဆန္ဒမရှိခဲ့ပေ။

ယင်းထဲတွင် အလောင်းများမှလွဲ၍ ဘာမျှမရှိချေ။ အခြေခံ ပစ္စည်းအနည်းငယ်ကို ပြန်လည်အသုံးပြုရန်မှလွဲ၍ ယင်းမှာ တန်ဖိုးမရှိလှပေ။

အကျိုးအမြတ်များကို စုစည်းပြီးနောက် အထက်ဘက်တွင် အချိန်တစ်လျှောက်လုံး ပုန်းအောင်းနေခဲ့သော ကျောက်လင်နှင့်အတူ ထိုနေရာမှ ထွက်ခွာရန် သူ ပြင်ဆင်လိုက်လေသည်။

လမ်းတစ်လျှောက်တွင် ရဲချီယန်က မေးခွန်းတစ်ခုကို တွေးတောနေခဲ့၏။

ဘေဘယ်လ် မျှော်စင် ဆိုသည်မှာ ဘာများလဲ။

ကြယ်တစ်ထောင်မြို့တော် တွင် ဤ ဘေဘယ်လ် မျှော်စင် နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို သူ တစ်ခါမျှ မကြားဖူးခဲ့ချေ။

ယင်းက အောက်ခြေရပ်ကွက် ကဲ့သို့ ဖုံးကွယ်ထားသော နောက်ထပ်နေရာတစ်ခုများ ဖြစ်နေမလား။

သူက အနည်းငယ် စပ်စုလိုစိတ်ဖြစ်လာကာ လူတစ်ဦးဦးကို တိုက်ရိုက်မေးမြန်းသင့်သလားဟု တွေးတောနေမိသည်။ အကယ်၍သာ မွန်ရိုးဂျီနာ သို့မဟုတ် အသံသြသြနှင့်လူသာ ဆိုလျှင် သူတို့ထံမှ ဤ ဘေဘယ်လ် မျှော်စင် အကြောင်းကို သိရှိနိုင်ကောင်း သိရှိနိုင်ပေမည်။

သို့သော် သူတို့နှစ်ဦး လာခဲ့သော လမ်းကြောင်းအတိုင်း ကြယ်တစ်ထောင်မြို့တော် သို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေချိန်မှာပင် ကောင်းကင်ယံတွင် ရွှေရောင်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာလေ၏။

သူပင် ဖြစ်ပေသည်။ ထို အမိန့်ကတ်ပြား၏ သခင်ကြီး။

ကျူရှင်းထူအား လမ်းဘလောက်များစွာအထိ လိုက်လံဖမ်းဆီးခဲ့သော အမျိုးသားပင် ဖြစ်၏။

သူက ဘာလို့ ဒီနေရာမှာ ပေါ်လာရတာလဲ။

"တရားသူကြီးမင်း... အို... ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်ခဲ့မှ ဖြစ်မယ်"

သူတို့အား အောက်ခြေရပ်ကွက် သို့ စေလွှတ်ပေးခဲ့သော စစ်ဆေးရေးမှူးက ရဲချီယန် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် အလျင်စလို ပြေးလာလေ၏။

"ဘာဖြစ်လို့လဲ"

စစ်ဆေးရေးမှူး က ကောင်းကင်ယံရှိ အမျိုးသားကို အကြောက်လွန်စွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ကာ ထွက်ပေါက်ဆီသို့ ဦးတည်သွားရင်း တိုးတိတ်သော လေသံဖြင့် ရှင်းပြလာလေသည်။

"ခင်ဗျား သိမှာမဟုတ်ဘူး။ ကောင်းကင်ပေါ်က တစ်ယောက်က အရမ်းကို အရေးပါတဲ့လူတစ်ယောက်ပဲ။ သူက လွန်ခဲ့တဲ့ အချိန်ကာလတစ်ခုက တခြားမြို့တော်တစ်ခုမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရလာခဲ့ပြီး ဒီကို သက်သာဖို့အတွက် လာခဲ့တာ။ ဒါပေမဲ့ မကြာသေးခင်ကမှ ဘာအကြောင်းကြောင့်မှန်းမသိ မိန်းမတစ်ယောက်ကို လမ်းတွေအများကြီး ဖြတ်ပြီး လိုက်ဖမ်းခဲ့တာကြောင့် သူ့ရဲ့ ဒဏ်ရာတွေ ပိုဆိုးသွားပုံရတယ်။ အဲဒီနောက် သူက ဒီကိုရောက်လာပြီး သူ ဘာတွေလိုတယ်ဆိုလား... လိုအပ်တဲ့ ယဇ်ပူဇော်မှုတစ်ခုခု ဆိုလား။ ဘာပဲဖြစ်ဖြစ် သူက သတ်ဖို့ လာတာပဲ။ အောက်ခြေရပ်ကွက် ထဲက လူတိုင်း သေရတော့မယ်"

ပြင်းထန်တဲ့ ဒဏ်ရာလား။ သတ်ဖြတ်ခြင်းလား။ ယဇ်ပူဇော်ခြင်းလား။

အမဲလိုက် စက်ယန္တရားနဂါး ၏ တိုက်ခိုက်မှုက ဤရွှေရောင်အမျိုးသားကို လုံးဝ ပြန်လည်ကောင်းမွန်မလာနိုင်သည်အထိ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး ဤကဲ့သို့ အစွန်းရောက်သော နည်းလမ်းများကို အသုံးပြုရန် ဖိအားပေးနေခြင်းများ ဖြစ်နေမလား။

"အဲဒီလူက တိတိကျကျပြောရရင် ဘယ်သူလဲ။ အရေးပါတဲ့လူလား။ ဘယ်လောက်တောင် ကြီးကျယ်တာလဲ"

စစ်ဆေးရေးမှူး က သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ကာ သူနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များက အရှေ့ဘက်တွင် ရွှေ့ပြောင်းရေး လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်လိုက်လေ၏။

"အို... တရားသူကြီးမင်းရယ် မမေးပါနဲ့တော့။ ကျွန်တော့်လို အသေးအဖွဲကောင်လေးက ဒီလိုကိစ္စတွေကို ဘယ်လိုလုပ်သိမှာလဲ။ ခင်ဗျား စုံစမ်းစစ်ဆေးရေးရုံး ကို ပြန်ရောက်မှ တခြားလူတွေကို မေးတာက ပိုကောင်းလိမ့်မယ်။ မြန်မြန် သွားကြရအောင်။ ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို အမြင့်ဆုံးအလွှာဆီကို ခေါ်သွားပေးမယ်။ ထပ်စောင့်နေမယ်ဆိုရင် ကောင်းကင်ပေါ်ကလူက လှုပ်ရှားတော့မှာ"

အမြင့်ဆုံးအလွှာ ဟုတ်လား။ ဘာလို့ အဲဒီကိုလဲ။

ရဲချီယန်က နားမလည်ဖြစ်သွားသော်လည်း သူ၏ မေးခွန်းများကို နှုတ်မှ ထုတ်မမေးခဲ့ချေ။

ကျောက်လင်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် သူတို့နှစ်ဦးသည် စစ်ဆေးရေးမှူး နောက်သို့လိုက်ကာ ရွှေ့ပြောင်းရေး ဝင်္ကပါကို ဖြတ်သန်း၍ အောက်ခြေရပ်ကွက် မှ ထွက်ခွာလာခဲ့ကြလေသည်။

သူတို့နှစ်ဦး ထွက်ခွာသွားပြီး မကြာမီမှာပင် ကောင်းကင်ယံရှိ ရွှေရောင်အမျိုးသားသည် သူတို့ ပျောက်ကွယ်သွားသော နေရာဆီသို့ ရုတ်တရက် အကြည့်လွှဲလိုက်လေ၏။

"ကတ်ပြား အစီအစဉ်ရဲ့ အငွေ့အသက်လား။ ဘယ်သူလဲ။ အဟွတ်... ကျစ်... အချိန်ထပ်ဆွဲနေလို့ မရတော့ဘူး"

သူ၏ ရင်ဘတ်ထဲမှ ရုတ်တရက် စူးရှစွာ နာကျင်လာမှုက ထို ကတ်ပြား အစီအစဉ် ကို ပိုင်ဆိုင်သူ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်လိုသည့် အတွေးကို စွန့်လွှတ်လိုက်စေလေသည်။

သူက အောက်ဘက်ရှိ သက်ရှိလူသေများကဲ့သို့ မျက်လုံးများတွင် အသက်ဝင်မှုမရှိသော ထိုအရှုံးသမားများကို ငုံ့ကြည့်လိုက်လေ၏။

သူ၏ လက်ကို ဆန့်ထုတ်လိုက်ရာ ရွှေရောင်ကတ်ပြားတစ်ခုက သူ၏ ရှေ့တွင် ပေါ်လာတော့သည်။

【အမိန့် ကတ်ပြား။ ယဇ်ပူဇော်ခြင်း】

"အမိန့်စနစ်အတွက်ဆိုရင် ယဇ်ပူဇော်ခြင်းတိုင်းက အဓိပ္ပာယ်ရှိပါတယ်"

ရှည်လျားသော ဓားကြီး ဝှေ့ယမ်းကျဆင်းလာလေ၏။

အောက်ခြေရပ်ကွက် မှာ ဤဓားအလင်းရောင်အောက်တွင် နစ်မြုပ်သွားတော့မည် ဖြစ်ပေသည်။

ကြယ်တစ်ထောင်မြို့တော် ၏ အမြင့်ဆုံးအလွှာ။

စစ်ဆေးရေးမှူး ၏ ဦးဆောင်မှုဖြင့် ရဲချီယန်နှင့် ကျောက်လင်တို့သည် ကြီးမားခမ်းနားလှသော မျှော်စင်ကြီးတစ်ခုရှေ့သို့ ရောက်ရှိလာကြလေ၏။

မျှော်စင်ကြီးမှာ ကောင်းကင်ယံသို့ ထိုးတက်နေပြီး အဆုံးသတ်ကို တစ်ချက်ကြည့်ရုံဖြင့် မမြင်နိုင်ဘဲ အထက်ရှိ ကြယ်များနှင့် ဆက်သွယ်ထားသကဲ့သို့ ရှိနေပေသည်။

မျှော်စင်တစ်ခုလား။

မဖြစ်နိုင်တာ။

ဒီလောက်တောင် တိုက်ဆိုင်နေတာလား။ ဒါမှမဟုတ်...

ရဲချီယန်က ပတ်ဝန်းကျင်ကို စပ်စုလိုစိတ်ဖြင့် အကဲခတ်နေသော ကျောက်လင်ကို တစ်ချက်ကြည့်ရင်း မျက်ခုံးအနည်းငယ် ပင့်လိုက်မိလေ၏။

ကံကောင်းခြင်းများလား။

"ဒါက ဘယ်နေရာလဲ" ကျောက်လင်က စစ်ဆေးရေးမှူး ကို သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ဒါက ကျွန်တော်တို့ရဲ့ ဌာနချုပ်ပါ။ ခင်ဗျားတို့နှစ်ယောက် ဒီမှာ ခဏလောက် စောင့်ပေးပါ။ ခင်ဗျားတို့ကို အောက်ပြန်ပို့ပေးဖို့ ကျွန်တော် ဆက်သွယ်လိုက်ပါ့မယ်"

"ခဏနေဦး" ရဲချီယန်က သူ့ကို ရုတ်တရက် တားလိုက်လေ၏။

ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခုနှင့်အတူ နတ်ဆိုး ကတ်ပြား။ ဖြားယောင်းခြင်းက တိတ်ဆိတ်စွာ ပေါ်ထွက်လာတော့သည်။

"ဒီမျှော်စင်ကို ဘယ်လိုခေါ်လဲ"

စစ်ဆေးရေးမှူး မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ပြန်ဖြေလာလေ၏။

"ကျွန်တော်တို့က ဒီနေရာကို ဌာနချုပ်လို့ပဲ အမြဲတမ်း ခေါ်ကြတာ။ နာမည်တစ်ခုအနေနဲ့ဆိုရင်တော့... သခင်တစ်ယောက်က တစ်ခါပြောဖူးတာကို ကျွန်တော် ကြားခဲ့ဖူးသလိုပဲ။ အရင်တုန်းကတော့ အဲဒါကို... ဘေဘယ်လ် မျှော်စင် လို့ ခေါ်ကြတယ်ထင်တယ်"

"ကျေးဇူးပါပဲ။ ကျွန်တော်တို့အတွက် ဘယ်သူ့ကိုမှ ဆက်သွယ်ပေးနေစရာ မလိုတော့ပါဘူး။ ဒီမှာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရှိလို့ သူက ကျွန်တော့်ကို ခေါ်သွားပေးလိမ့်မယ်။ ဒုက္ခခံနေစရာ မလိုတော့ပါဘူး"

"အိုး... ဒါဆိုရင်လည်း... သွားတော့မယ်နော်"

"ကောင်းကောင်းသွားပါ"

ထွက်ခွာသွားသော ရဲချီယန်နှင့် ကျောက်လင်တို့၏ ကျောပြင်ကို ကြည့်ရင်း စစ်ဆေးရေးမှူး က ဝေခွဲမရသော ရှုပ်ထွေးမှုတစ်ခုကို ခံစားလိုက်ရကာ ခေါင်းကုတ်လိုက်လေ၏။

"ဘေဘယ်လ် မျှော်စင် ဟုတ်လား။ ငါ အဲဒီနာမည်ကို ဘယ်တုန်းက ကြားဖူးခဲ့တာလဲ။ အဲဒီအကြောင်းကိုတောင် မေ့လုနီးပါး ဖြစ်နေပြီကို အခုလေးတင်မှ ရုတ်တရက် ခေါင်းထဲရောက်လာတာပဲ။ ထူးဆန်းလိုက်တာ"

"ဟက်... ဒါပေမဲ့ ဆော်လမွန် မြို့တော် က တရားသူကြီးတစ်ယောက်ကို ကူညီလိုက်ရတာဆိုတော့ မကြာခင် ရာထူးတိုးပြီး လစာတိုးတာမျိုး ဖြစ်လာနိုင်တယ်။ အဲဒီအခါကျရင် ဒေသခံလူမျိုး နောက်ထပ် နည်းနည်းလောက်ကို မိန်းမအဖြစ် ဝယ်လို့ရပြီ။ မိုက်တယ်ကွာ"

အခန်း ၁၄၈ တံခါးအနောက်ဘက်ရှိ ယဇ်ပလ္လင်

"အစ်ကိုချီယန်... ဒီလိုနေရာမျိုးမှာ အစ်ကို့သူငယ်ချင်းတွေ ရှိနေမယ်လို့ ကျွန်မ မယုံနိုင်အောင်ပဲ။ တကယ်ကို အံ့သြစရာကောင်းတာပဲ"

"မင်း အရမ်းတွေးနေပါပြီ။ ငါ သူ့ကို လိမ်ပြောလိုက်တာပါ"

"ဟင်"

ကျောက်လင်၏ မျက်နှာပေါ်တွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားလေ၏။ ခုနက သူ လိမ်ပြောနေသည်ကို သူမ လုံးဝ မရိပ်မိခဲ့ချေ။ ရဲချီယန်တွင် သူတို့နှစ်ဦးကို ပြန်ခေါ်သွားပေးနိုင်မည့် သူငယ်ချင်းတစ်ဦး ဤနေရာ၌ တကယ်ရှိနေသည်ဟုသာ သူမ အမှန်တကယ် ယုံကြည်ထားခဲ့ခြင်း ဖြစ်ပေသည်

"အရူးမလေး... ငါတို့က ဒီကမ္ဘာလောကထဲကို ရောက်လာတာ တစ်လတောင် မပြည့်သေးတဲ့ နောက်ဆုံးအသုတ် ရထားမောင်းနှင်သူတွေလေ ကြယ်တစ်ထောင်မြို့တော်က ထိပ်တန်းအဆင့်ရှိတဲ့ လူတွေနဲ့ ငါက ဘယ်လိုလုပ် သွားသိမှာလဲ စဉ်းစားကြည့်ရုံနဲ့တင် မဖြစ်နိုင်ဘူးဆိုတာ သိသာနေတာပဲဟာကို"

"အင်း... ဟီးဟီး... ဟုတ်တာပေါ့... အစ်ကို သူတို့ကို မသိလောက်ပါဘူးလေ"

ရဲချီယန်၏ ပကတိအတိုင်းပြောလိုက်သော စကားများက ကျောက်လင်ကို အနေခက်စွာ ပြုံးသွားစေရုံသာ တတ်နိုင်လေတော့သည်

ကြယ်တစ်ထောင်မြို့တော်၏ ထိပ်တန်းလူများကို မသိသော်လည်း ဆော်လမွန် မြို့တော်၏ တရားသူကြီးချုပ်၊ တစ်ချက်ကြည့်ရုံဖြင့် စွမ်းအားကြီးမားပုံရသော ထို လူလိမ်မနှင့် မွန်ရိုးဂျီနာဟုခေါ်သည့် အစ်မကြီးတို့ကိုတော့ သူ သိနေသည် မဟုတ်ပါလား

ထိုလူများမှာ မည်သို့ပင်ကြည့်စေကာမူ ဤနေရာရှိ ထိပ်တန်းလူများထက်ပင် ပို၍ စွမ်းအားကြီးမားကာ အဆင့်အတန်း မြင့်မားပုံရလေ၏။

"ဒါဆို ကျွန်မတို့ ဘယ်လိုပြန်ကြမလဲ"

သူမ၏ ရထားမှာ အောက်ဘက်တွင် ရှိနေဆဲဖြစ်ပေသည်။ နေ့တစ်ဝက်ပင် မပြည့်သေးသော အချိန်အတွင်း၌ ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့ချေပြီ။ ထိုရွှေရောင်အမျိုးသားက ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ချက်ဖြင့်ပင် လမ်းမကြီးကို ပေါက်ကွဲထွက်သွားစေနိုင်ရာ အကယ်၍သာ သူ၏ အစွမ်းအစအပြည့်ကို အသုံးပြုလိုက်ပါက ကြယ်တစ်ထောင်မြို့တော်တစ်ခုလုံးကိုပါ ဖျက်ဆီးပစ်လိုက်နိုင်ချေ ရှိလေသည်

အကယ်၍ ဤဘူတာက သူမ၏ ကံကောင်းခြင်းများရှိရာ ဘူတာဖြစ်ကြောင်းကိုသာ သူမ မသိထားခဲ့ပါက သူမသည် ပုန်းအောင်းရန် နေရာတစ်ခုကို စောစောစီးစီးကပင် ရှာဖွေထားခဲ့ပြီး အချိန်ကောင်းရောက်လာသောအခါ ထွက်ပြေးရန်သာ ရွေးချယ်ခဲ့မည် ဖြစ်၏

"မလောပါနဲ့"

ရဲချီယန်သည် သူ၏ရှေ့ရှိ ကောင်းကင်ယံသို့ ထိုးတက်နေသော အဆောက်အအုံကြီးကို စိုက်ကြည့်လိုက်လေသည်

"ငါ အထဲဝင်ပြီး တစ်ချက်လောက် သွားကြည့်ချင်သေးတယ်"

ဘေဘယ်လ် မျှော်စင်၏ ဗဟိုတံခါး။ သူက ထိုကတ်ပြားကို ရရှိခဲ့ပြီး ဤနေရာသို့ တိုက်ဆိုင်စွာ ရောက်ရှိလာခဲ့ပြီဖြစ်ရာ အထဲသို့ ဝင်မကြည့်ဘဲ နေလိုက်မည်ဆိုလျှင် နှမြောစရာ ကောင်းနေမည် မဟုတ်ပါလား။

သို့သော် ယင်းမတိုင်မီ သူက ကျောက်လင်ကို အရင်ဆုံး အောက်သို့ ပို့ပေးရပေမည်

သူ မည်သူ့ကိုမျှ ရှာဖွေနေရန် သို့မဟုတ် ဆက်သွယ်နေရန် မလိုအပ်ချေ။ လူတစ်ယောက်ကို မေးမြန်းရန်နှင့် အောက်ထပ်သို့သွားမည့် ရွှေ့ပြောင်းရေးစက်ကို ရှာဖွေရန် နတ်ဆိုး ကတ်ပြား · သွေးဆောင်ဖြားယောင်းခြင်း၏ စွမ်းအားကို အသုံးပြုလိုက်ရုံပင် ဖြစ်လေ၏

ရဲချီယန်က ကျောက်လင်ကို ဘာကြောင့် ထွက်သွားစေချင်သနည်းဆိုသည်ကို မရှင်းပြခဲ့သလို ကျောက်လင်ကလည်း မမေးမြန်းခဲ့ချေ

သူမ၏ ကံကောင်းခြင်းများမှလွဲ၍ သူမကိုယ်တိုင်မှာ လုံးဝ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေကြောင်းကို သူမ ကောင်းစွာ သိရှိထားပေသည်။

ထို့အပြင် အစ်ကိုချီယန် ယခုလုပ်ဆောင်ရမည့် ကိစ္စများမှာ ကံကောင်းခြင်းများ လိုအပ်မည့်ပုံ မပေါ်ချေ။ ပို၍ တိတိကျကျ ပြောရလျှင် ကံကောင်းခြင်း သက်သက်ဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်သောကြောင့် သူမက အမှန်တကယ်ပင် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သွားပေလိမ့်မည်။

ကျောက်လင်က ရထားဒင်္ဂါးတစ်ပြားကို သုံးစွဲလိုက်ကာ ရွှေ့ပြောင်းရေးစက်ထဲသို့ လျှောက်ဝင်သွားလေ၏

ယင်းစက် မစတင်မီမှာပင် သူမက ရဲချီယန်အား နောက်ဆုံးအကြိမ်အဖြစ် ပြောလိုက်လေသည်

"အစ်ကိုချီယန်... အစ်ကို ဘာပဲလုပ်လုပ် အောင်မြင်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်"

ဤသည်မှာ သူမ၏ ဒုတိယမြောက် ကောင်းချီးပေးမှုပင် ဖြစ်၏။

ပြီးခဲ့သည့်အကြိမ်ကဲ့သို့ပင် သူ၏ ကိုယ်ရေးအချက်အလက်များတွင် မည်သည့် အထူးသက်ရောက်မှုမျှ ပေါ်မလာခဲ့သော်လည်း ယင်းက လူကို အလွန်အမင်း စိတ်ကြည်နူးသွားစေခဲ့ပေသည်။

ဘေဘယ်လ် မျှော်စင်အပြင်ဘက်တွင် အစောင့်အများအပြား မရှိလှချေ။

စစ်ဆေးရေးမှူးများ ဝင်ထွက်သွားလာနေကြပြီး နတ်ဆိုး ကတ်ပြား · မာနတရား၏ စွမ်းအားအောက်တွင် သူတို့ကြားထဲ ရောနှောဝင်ရောက်သွားရန် သူ့အတွက် လွယ်ကူလှပေသည်

ထို့အပြင် ဗဟိုတံခါး၏ တည်နေရာကို သိရှိရန်မှာ သီအိုရီအရဆိုလျှင် သိပ်မခက်ခဲလှပေ။ သွေးဆောင်ဖြားယောင်းခြင်းမှတစ်ဆင့် သူ လိုချင်သော သတင်းအချက်အလက်များကို အလွယ်တကူ ရယူနိုင်လေ၏

သို့သော် စစ်ဆေးရေးမှူးအနည်းငယ်ကို မေးမြန်းပြီးနောက်တွင် ရဲချီယန်သည် သူတို့ထံမှ ဗဟိုတံခါးနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ မရရှိခဲ့ချေ ဤမျှော်စင်ကို ဘေဘယ်လ် မျှော်စင်ဟု ခေါ်ကြောင်းကိုပင် သိရှိသူ အများအပြား မရှိကြပေ။

ကံကောင်းထောက်မစွာဖြင့် သန့်ရှင်းရေးအဒေါ်ကြီးတစ်ဦးထံမှ ဗဟိုတံခါးအကြောင်းကို သူ ကြားသိခဲ့ရလေသည်။

"ဗဟိုတံခါး ဟုတ်လား။ အိုး... အဲဒီနေရာက မြေအောက်တတိယထပ်မှာ ရှိတယ်ထင်တယ်။ ဒါပေမဲ့ အဲဒီကို ရောက်ဖူးတဲ့သူက တော်တော်လေး ရှားတယ်။ အဒေါ် တစ်ခေါက်သွားဖူးတုန်းက အဆူခံရပြီး အနှင်ထုတ်ခံခဲ့ရတယ်။ လူလေး... မင်းက ဘာလို့ အဲဒီကို သွားချင်ရတာလဲ။ မင်း အိမ်ထောင်ကျပြီးပြီလား။ မင်းက တော်တော်လေး ချောတာပဲ။ အဒေါ့်မှာ သမီးတစ်ယောက်ရှိတယ်..."

အဒေါ်ကြီး၏ အောင်သွယ်ပေးလိုသော တိုက်ခိုက်မှုများကို ခါထုတ်လိုက်ကာ ရဲချီယန်သည် သူမ ညွှန်ပြလိုက်သော လမ်းကြောင်းအတိုင်း လိုက်သွားခဲ့ပြီး အချိန်အတော်ကြာ အသုံးမပြုထားသည့်ပုံပေါက်နေသော ဓာတ်လှေကားတစ်ခုကို ရှာတွေ့သွားလေ၏

သူက ခလုတ်ကို နှိပ်လိုက်ရာ ဂီယာများ ပွတ်တိုက်နေသော စူးရှသောအသံများ မရပ်မနား ထွက်ပေါ်လာတော့သည်။

ဓာတ်လှေကားအတွင်းသို့ မည်သူမျှ မဝင်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သိသာလှပေသည်။

ဤနေရာတွင် ရွေးချယ်စရာ တစ်ခုတည်းသာ ရှိလေ၏။

မြေအောက် တတိယထပ်။

ဗဟိုတံခါး ရှိရာ အလွှာပင် ဖြစ်ပေသည်။

ရဲချီယန်က ယင်းကို နှိပ်လိုက်လေသည်

ဓာတ်လှေကားက အရှိန်အဟုန်ဖြင့် ဆင်းသွားကာ သူ၏ မျက်စိရှေ့ရှိ မြင်ကွင်းများမှာ ပြောင်းလဲသွားတော့၏။

ဖောက်ထွင်းမြင်ရသော မှန်နံရံများအပြင်ဘက်တွင်။

ကြီးမားကျယ်ပြန့်ကာ လွတ်ဟာနေသော နေရာတစ်ခုက မြင်ကွင်းထဲသို့ ဝင်ရောက်လာလေသည်။

ထိုနေရာအတွင်း၌။

မိုးထိမတတ် မြင့်မားလှသော တံခါးကြီးတစ်ခု ရပ်တည်နေပေသည်။

၎င်း၏ အသွင်အပြင်မှာ မြို့တော်အတွင်းသို့ ဝင်ရောက်ပြီးနောက် ရထားများကို သိမ်းဆည်းရန် အသုံးပြုသော တံခါးနှင့် အနည်းငယ် ဆင်တူနေလေ၏။

ဤနေရာတွင် အခြားမည်သူ၏ အရိပ်အယောင်မျှ မရှိချေ။

ရဲချီယန်သည် ဓာတ်လှေကားထဲမှ ထွက်လာကာ အရှေ့မှ ကြိုတင်စူးစမ်းရန်အတွက် ကျီးကန်းနတ်ဆိုးကို ဆင့်ခေါ်လိုက်လေသည်

ဤနေရာတွင် တကယ်ပဲ အန္တရာယ် မရှိသည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။

လမ်းကြောင်းမှာ အတားအဆီးကင်းမဲ့နေပြီး တံခါးရှေ့သို့ ရောက်ရှိလာကာ ယင်းကို ထိတွေ့ရန် လက်လှမ်းလိုက်လေသည်။

【ကြယ်တစ်ထောင်မြို့တော် · ဘေဘယ်လ် မျှော်စင် · ဗဟိုတံခါး】

【ဤတံခါးကိုဖွင့်ရန် သီးသန့် ဝင်ရောက်ခွင့် အမြုတေကတ်ပြား လိုအပ်သည်။】

တကယ်ပဲ ဒီမှာ ရှိနေခဲ့တာကိုး။

ဝင်ရောက်ခွင့် ကတ်ပြားကို ရရှိခဲ့သည်မှစ၍ အထဲသို့ ဝင်ရောက်နိုင်သည်အထိ။

အားလုံးပေါင်းလိုက်လျှင် တစ်နာရီပင် မကြာသေးချေ။

ယင်း၏ အကြောင်းရင်းမှာ ကံကောင်းခြင်းများက အလုပ်လုပ်နေခြင်းကြောင့်များလား။

သူက ဝင်ရောက်ခွင့် ကတ်ပြားကို တံခါးရှိ အဟပ်ဆီသို့ ချိန်ရွယ်ကာ ညင်သာစွာ ပွတ်ဆွဲလိုက်လေ၏။

နောက်တစ်ခဏတွင်တော့။

မည်မျှကြာအောင် မဖွင့်လှစ်ခဲ့ရမှန်းမသိသော တံခါးကြီးက အနည်းငယ် တုန်ခါသွားတော့သည်။

【ဘေဘယ်လ် မျှော်စင် · ဗဟိုချက် (သော့ပွင့်သွားပါပြီ)】

တံခါးပွင့်သွားကာ ကျီးကန်းနတ်ဆိုးက စူးစမ်းရန်အတွက် အရင်ဆုံး ဝင်သွားလေ၏

ဗဟိုချက် ဟုခေါ်သော နေရာမှာ ယဇ်ပလ္လင်တစ်ခုနှင့် ဆင်တူသော နေရာတစ်ခု ဖြစ်ပေသည်။

"ယဇ်ပလ္လင်လား။ ကတ်ပြား အစီအစဉ်ကို ဒီမှာ သိမ်းထားတာလား"

ဘယ်လို ကတ်ပြား အစီအစဉ်မျိုးများ ဖြစ်နေမလဲ ၎င်းကို ထိန်းသိမ်းထားရန် ဤမျှများပြားသော နည်းလမ်းများကို အသုံးပြုရလောက်အောင် တန်ဖိုးရှိနေသလား။

တွေဝေမနေတော့ဘဲ သူက ယဇ်ပလ္လင်ပေါ်သို့ တက်သွားရာ အမြင့်ဆုံးနေရာတွင် ရွှေရောင်ကတ်ပြားတစ်ခုကို မြင်လိုက်ရလေ၏။ သူက ယင်းကို ထိတွေ့ရန် လက်လှမ်းလိုက်ရာ ဤကတ်ပြားအတွက် အချက်အလက်များက သူ၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။

【အမိန့် ကတ်ပြား · ပျင်းရိခြင်း】

【ပျင်းရိခြင်း။ အနားယူလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဒီလောက်တောင် ပင်ပန်းနေစေရမှာလဲ။】

【အမိန့်။ ပျင်းရိသူတစ်ယောက် ဖြစ်လာပါ။ ရှေ့ကိုဆက်သွားဖို့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဖိအားပေးနေမှာလဲ။】

အမိန့် ကတ်ပြားလား

ထိုရွှေရောင်အမျိုးသား စုဆောင်းနေသော ကတ်ပြား အစီအစဉ်လား

တကယ်ကြီး ဒါဖြစ်နေတာလား

ရှီး...

ထို လူလိမ်မ ကျူရှင်းထူ၏ သနားစရာကောင်းသော အသွင်အပြင်က ရဲချီယန်၏ စိတ်ထဲတွင် ချက်ချင်းပင် လက်ခနဲ ပေါ်လာတော့၏

သူ ဒါကို ယူသင့်သလား။

ဘေးကင်းစေရန်အတွက် ယင်းကို စွန့်လွှတ်လိုက်လျှင် အဆင်ပြေမည် မဟုတ်ပါလား။

သို့သော် ကတ်ပြား အစီအစဉ်မှာ သူ၏ မျက်စိရှေ့ တည့်တည့်တွင် ရှိနေခဲ့ပြီ... သူ အရှုံးပေးလိုက်သင့်သလား။

အမှန်တကယ်တော့ သူ တစ်ချက်လောက် စမ်းကြည့်နိုင်သည်ဟု ခံစားမိနေလေ၏။

အဆိုးဆုံးအခြေအနေတွင် နေရာရွှေ့ပြောင်းအမှတ်အသား၏ ကိုဩဒိနိတ်များကို အသုံးပြု၍ သူ ထွက်ပြေးနိုင်ပေသည်

မည်သို့ပင်ဆိုစေ သူက သူ၏ ရထားကို အပြင်ထုတ်မထားရသေးချေ နေရာရွှေ့ပြောင်းအမှတ်အသားကို အသက်သွင်းလိုက်သည်နှင့် သူသည် ယခင်ဘူတာ၏ ရှေးဟောင်း စစ်မြေပြင် အပျက်အစီးများဆီသို့ ပြန်လည်ရောက်ရှိသွားမည်ဖြစ်ကာ ထိုရွှေရောင်အမျိုးသားကလည်း လိုက်မီနိုင်တော့မည် မဟုတ်ပေ

ထိုသို့ တွေးတောလိုက်ပြီးနောက်။

ရဲချီယန်သည် ထိုရွှေရောင် ပျင်းရိခြင်းကတ်ပြားကို ဆုပ်ကိုင်လိုက်ကာ သူ၏ လက်ထဲသို့ ယူဆောင်လိုက်လေတော့သည်

ချက်ချင်းဆိုသလိုပင် ကမ္ဘာမြေကြီးက တုန်လှုပ်သွားကာ တောင်များ ယိမ်းထိုးသွားလေ၏

သူက တစ်စက္ကန့်မျှ ရပ်တန့်မနေတော့ဘဲ လှည့်ကာ အပြင်ဘက်သို့ ပြေးထွက်သွားပြီး ဓာတ်လှေကားမှတစ်ဆင့် ပထမထပ်သို့ ပြန်လည်ရောက်ရှိသွားလေသည်။

နတ်ဆိုး ကတ်ပြား · မာနတရား၏ စွမ်းအားအောက်တွင် သူ ရှိနေသည်ကို မည်သူကမျှ လုံးဝ သတိမထားမိနိုင်ကြချေ

သူက ကျောက်လင်ကို လွှတ်လိုက်သော ရွှေ့ပြောင်းရေးစက် အပြင်ဘက်သို့ အတားအဆီးမရှိ ရောက်ရှိလာခဲ့လေ၏

သူက ရထားဒင်္ဂါးတစ်ပြားကို သုံးစွဲကာ ယင်းထဲသို့ လျှောက်ဝင်သွားပြီး ထိတ်လန့်တကြားဖြစ်နေသော စစ်ဆေးရေးမှူးများကို နောက်ဆုံးအကြိမ်အဖြစ် တစ်ချက်ကြည့်လိုက်ကာ ရွှေရောင်ပုံရိပ် ပေါ်မလာသေးသော ကောင်းကင်ယံကို လှမ်းကြည့်လိုက်လေသည်

တည်နေရာ ရွှေ့ပြောင်းခြင်း စတင်သွားလေပြီ

သူ၏ ပုံရိပ်မှာ ဤအလွှာမှ ပျောက်ကွယ်သွားတော့၏

ရဲချီယန် ထွက်ခွာသွားပြီး နောက်တစ်ခဏမှာပင်

ထိုရွှေရောင်အမျိုးသားသည် ဘေဘယ်လ် မျှော်စင်အထက်တွင် ဒေါသတကြီးဖြင့် ပေါ်လာလေသည်။

သူ၏ အမိန့် ကတ်ပြား၏ အငွေ့အသက်မှာ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို သူ အာရုံခံသိရှိလိုက်လေ၏

သူခိုးကို တိုက်ရိုက်ဖမ်းမိခဲ့သော ဆော်လမွန် မြို့တော်တွင်ကဲ့သို့ မဟုတ်ဘဲ

ဤတစ်ကြိမ်တွင်တော့ အမိန့် ကတ်ပြားကို ယူသွားသူ မည်သူမည်ဝါဖြစ်ကြောင်း သူ လုံးဝ ရှာမတွေ့နိုင်တော့ချေ

ယင်းက အသံတစ်သံက ပြောနေသည့်အလားပင်

သူက ရှာတွေ့ဖို့ မထိုက်တန်ဘူးတဲ့လား။

"ခွေးမသား... ဘယ်သူလဲ။ မင်းကို ငါ သေချာပေါက် ဖမ်းပြမယ်"

All Chapters