မြောက်ပိုင်းနယ်စပ် မျိုးနွယ်စု
Vol. 21 Ch. 286
စုမင်က ရုတ်တရက်ရပ်တန့်လိုက်သဖြင့် သူ့ဘေးမှဟူကျီက ရှေ့သို့ခြေလှမ်းအနည်းငယ် ကျော်သွားခဲ့သည်။ ဟူကျီသည် လက်ထဲတွင် ဝိုင်အိုးအားဆုပ်ကိုင်ထားရင်း သူ့မျက်လုံးများအတွင်း သွေးဆာမှုများထွက်ပေါ်လာခဲ့သည်။ အစ်ကိုနှစ်ကမူ လက်များကိုနောက်ပစ်လျက် သက်သောင့်သက်သာအမူအယာနှင့် အနီးတွင်ရပ်နေခဲ့သည်။ နေမင်းကြီးအား တိမ်စိုင်များ ဖုံးအုပ်သွားခဲ့ပြီးဖြစ်သည်မှာတော့ စိတ်မကောင်းစရာပင်။ ကုန်းမြေတွင် အလင်းရောင်များရှိနေဆဲ ဖြစ်သော်ငြား ပူလောင်ခြင်းတော့မရှိတော့ပေ။
စုမင်အရှေ့ ပေ၁၀၀၀၀ခန့်မှအပ ကျန်နေရာများသည်တော့ နှင်းပြင်ကျယ်ကြီးပေါ်တွင် တည်ဆောက်ထားသော အဆောက်အဦးကြီးများပင် ဖြစ်သည်။ လေများဖြတ်သန်းတိုက်ခတ်သွားချိန်တွင် မြေပြင်ထက်မှနှင်းများသည်လည်း ဝေ့ဝဲလွင့်မျောသွားကြချေသည်။
စုမင်အရှေ့တွင်တော့ ဧရာမရုပ်တုကြီးနှစ်ခု ရှိနေသည်။ ထိုရုပ်တုကြီးနှစ်ခုသည် ရက်စက်ကြမ်းကြုတ်သော စိတ်တစ္ဆေကြီးနှစ်ကောင် တိုက်ခိုက်နေသည့်ပုံကို ထွင်းထုထားခြင်းဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုသည် ရုပ်တုကြီးနှစ်ခုထံမှ အကန့်အသတ်မရှိ ပျံ့နှံ့ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်ဧရိယာတစ်ဝိုက်လုံး ၎င်းတို့ဖြင့်သာ ပြည့်နေခဲ့သည်။
ဧရာမစိတ်တစ္ဆေရုပ်တုကြီး နှစ်ခုနောက်တွင်တော့ အတန်းလိုက် သေသေသပ်သပ်စီစီရီရီ ဆောက်လုပ်ထားသော အိမ်များရှိနေသည်။ အိမ်များအားလုံးကို ရေခဲဖြင့်တည်ဆောက်ထားပြီး ရှည်လျား၍ မကျိုးပျက်နိုင်သော မျဉ်းကြောင်းကြီးတစ်ခုသဖွယ် သွယ်တန်းတည်ရှိနေကြသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်တော့ မျဉ်းကြောင်း၏အဆုံးကိုမြင်နိုင်ရန် ခဲယဉ်းပေသည်။
ဤအရာက မြို့တစ်မြို့ထက်ပင် ပိုမိုကြီးမားသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။ မျိုးနွယ်စု၏ ကြီးမားသောအရွယ်အစားသည် ၎င်း၏ကြီးမားကျယ်ဝန်းမှုကြောင့်မဟုတ်ပဲ ၎င်း၏အရှည်ကြောင့်ဖြစ်သည်။ ၎င်းက အဆုံးမရှိပုံပေါ်ပြီး ဝေးလံသောနယ်မြေအထိ ရှည်လျားစွာတည်ရှိနေခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်သည်သာ မျိုးနွယ်စု၏ အပေါ်ဘက်ရှိကောင်းကင်တွင် မတ်တပ်ရပ်လျက် အောက်သို့ငုံ့ကြည့်လိုက်မည်ဆိုလျှင် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုအတွင်းမှ အဆောက်အဦးများသည် ကျယ်ပြန့်သောအဆုံးမဲ့နှင်းလွင်ပြင်ကြီးပေါ်တွင် မြားတစ်ချောင်း၏ ပုံသဏ္ဍာန်အတိုင်း နေရာချပုံဖော်တည်ဆောက်ထားခြင်းဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
ထိုအရာက မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုပိုင် နယ်မြေတွင် ၎င်းတို့၏ ကိုယ်စားပြုသင်္ကေတဖြစ်သော ဧရာမမြားကြီးပင်ဖြစ်သည်။
အောက်ခြေရှိ ဆီးနှင်းလွင်ပြင်သည် ဆီးနှင်းများ တစ်လွှာပြီးတစ်လွှာ ပေါင်းစပ်ဖြစ်ပေါ်နေခြင်းဖြစ်ပြီး
ဆီးနှင်းပြင်များအောက်တွင် နစ်မြုပ်နေသော မြေပြင်နှင့် ထိနေသည့် အောက်ဘက်အကျဆုံး ဆီးနှင်းလွှာတွင်တော့ ဆီးနှင်းများအနည်းဆုံးဖြစ်သည်။
အကယ်၍ တစ်စုံတစ်ဦးသည်သာ ဆီးနှင်းဖုံးလွှမ်းနေသောလွင်ပြင်များထက် ကျော်လွန်၍ ပိုမိုဝေးကွာသောနေရာကို မြင်နိုင်ပါက မြေပြင်ထက်တွင် ပေါက်ရောက်ကြီးထွားနေသည့် စိမ်းလန်းစိုပြေမှုအရိပ်အယောင်များကို တွေ့ရပေလိမ့်မည်။ အကယ်၍ ထိုလူသည် ပိုမိုဝေးကွာသော အဝေးသို့မြင်နိုင်လျှင်တော့ ပျံသန်းနေသောငှက်များနှင့် ဖူးပွင့်နေသောပန်းများကိုတွေ့မြင်ရပေလိမ့်မည်။
ဤနှင်းလွင်ပြင်သည် ဆောင်းရာသီနှင့် နွေရာသီကို ပိုင်းခြားပေးထားသည့် လျှိူမြောင်ကြီးတစ်ခုလိုပင် ဖြစ်သည်။
မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက ဤနယ်မြေအတွင်း တည်ရှိချေသည်။ ဤနယ်မြေကြောင့် အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီးသည် တောင်ဘက်ပိုင်းတွင်တည်ရှိပုံပေါ်နေသော်လည်း အမှန်တစ်ကယ်တွင်တော့ တောင်ပိုင်းအရုဏ်ဦးကုန်းမြေ၏ မြေမျက်နှာသွင်ပြင်အသေးစိတ် မြေပုံများထဲတွင် မြောက်ဘက်၌ တည်ရှိနေသောနေရာတစ်ခုဖြစ်သည်။ မျိုးနွယ်စုသည် ဤနေရာတွင် အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြီး၏ မြောက်ပိုင်းတံခါးကို ကာကွယ်စောင့်ကြပ်နေခြင်း ဖြစ်သည်။
“ဒါက ကြီးမြတ်သောဆီးနှင်းဖုံးလွင်ပြင်တွေပေါ်မှာရှိတဲ့ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဆီးနှင်းလွင်ပြင်တွေရဲ့အောက်မှာ မျိုးနွယ်စုရဲ့အခြားအပိုင်း ရှိသေးတယ်...” ပိုင်စု ညင်သာစွာပြောသည်။
“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုက စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်ရဲ့ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းထားတယ်။ သူတို့ရဲ့မာန်စွမ်းအားရှင်တွေအားလုံးမှာ အရမ်းကိုရှည်လျားတဲ့ ဆံပင်ရှည်ကြီးတွေရှိတယ်။ အကယ်၍ သူတို့က အပြင်လူတွေနဲ့တိုက်ခိုက်ရင်တော့ သေဆုံးတဲ့လူတွေက သူတို့ခေါင်းတွေကိုဆုံးရှုံးရလိမ့်မယ်။ သူတို့အချင်းချင်းကြားမှာ တိုက်ရင်တော့ ရှုံးတဲ့လူက ရွေးချယ်ခွင့်တစ်ခုရလိမ့်မယ်။ အဲလူက သူ့ခေါင်းကိုဖြတ်မလား၊ သူ့ဆံပင်ကိုဖြတ်မလားဆိုတာ ရွေးချယ်ရတယ်”
“အဲဒါကြောင့်ပဲ လူတစ်ယောက်မှာ အရမ်းရှည်လျားတဲ့ဆံပင်ရှိနေရင်၊ အဲလူက ရှုံးနိမ့်ခဲတယ်လို့ ဆိုလိုတာပဲ။ အရင်က သူဘယ်တုန်းကမှ မရှုံးခဲ့ဖူးတာတောင်... ဖြစ်နေနိုင်တယ်” ပိုင်စုသည် စုမင်ကိုကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။ စကားပြောပြီးသည်နှင့် သူမခဏတာတုန့်ဆိုင်းသွားခဲ့၏။
“စုမင် ရှင်တို့အားလုံးကို ခေါင်းစွပ်တွေဝတ်ဖို့ ကျွန်မအကြံပေးချင်တယ်... အဲလိုလုပ်ရင် ရှင်တို့အားလုံးအတွက် ပိုလွယ်ကူနိုင်လိမ့်မယ်လို့ ကျွန်မထင်တယ်”
ပိုင်စု စကားပြောပြီးသော်လည်း စုမင်မည်သည့်အရာမှ ပြန်လည်ပြောဆိုလာခြင်းမရှိသေးသည့် အခိုက်အတန့်မှာပင် အစ်ကိုနှစ်သည် သူမအား အသိအမှတ်ပြုသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူ စုမင်အားလှမ်းကြည့်လိုက်သည်။
“အငယ်ဆုံးလေး၊ ဒီလုံမလေးက အရမ်းတော်တာပဲ။ ဒါပေမယ့် လုံမလေးရေ ငါဒါအတွက် ပြင်ဆင်မှုတွေလုပ်ထားတာ တော်တော်ကြာခဲ့ပြီ” အစ်ကိုနှစ်က သိမ်မွေ့စွာပြုံးလိုက်ပြီး ညာလက်ကိုမြှောက်၍ ရင်ဘတ်အတွင်းမှ အနက်ရောင်ခေါင်းစွပ်များကို ထုတ်ယူလိုက်သည်။
“အဟမ်း နဝမတောင်ထွတ်ရဲ့ တပည့်တွေအနေနဲ့ ငါတို့မျက်နှာတွေကို ဖုံးကွယ်ထားဖို့တော့ မလိုပါဘူး။ အမှန်တော့ ငါတို့မျက်နှာတွေကို ဖုံးကွယ်တယ်ဆိုတာ ငါတို့အတွက်သိက္ခာကျသွားသလိုပဲ။ ဒါပေမယ့်...” စုမင်နှင့် ဟူကျီကိုလှမ်းကြည့်လိုက်သော အစ်ကိုနှစ်၏မျက်နှာပေါ်တွင် စိတ်မသက်မသာဖြစ်သည့်အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ငါတို့ဆရာကို ထည့်စဉ်းစားပေးရမယ်လေ။ သူက အသက်ကြီးနေပြီဆိုတော့ သူ့စိတ်ကလည်း အလိမ်အညာတွေကိုဖော်ထုတ်ဖို့ မြန်မြန်ဆန်ဆန်မတုန့်ပြန်နိုင်တော့ဘူး။ ဒီတော့ ငါတို့က သူ့အတွက်အကြောင်းပြချက်တစ်ခု ရှာပေးထားရမှာပေါ့ မဟုတ်ဘူးလား”
“ငါတို့မျက်နှာတွေ ပြရတာကို ငါတို့စိတ်မပူပေမယ့် ငါတို့ဆရာလူအိုကြီးအတွက်တော့ ငါတို့က အရှက်ရမှုကို သည်းခံပြီး ခေါင်းစွပ်ကိုဝတ်ပေးကြမယ်”
ဟူကျီသည် မျက်တောင်ခတ်လိုက်ပြီး နားလည်သည့်ပုံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အစ်ကိုနှစ် မှန်တယ်။ အာ... ဒါက ဆရာ့အတွက်ပဲလေ။
အစ်ကိုနှစ် ကျွန်တော်ဒါကို သည်းခံနိုင်တယ်။ ကျွန်တော် သည်းခံပါ့မယ်” ဟူကျီက စကားပြောပြီးသည်နှင့် ခေါင်းစွပ်တစ်ခုကို ဆွဲယူကာ သူ့ခေါင်းကိုဖုံးအုပ်လိုက်ပြီး ကြည့်ရှုရန်မျက်လုံးများကိုသာ ချန်ထားခဲ့လေသည်။ ထို့နောက် သူကျိတ်ရယ်လိုက်သည်။
“ညီသုံး မင်းဒီလိုလုပ်ရတဲ့အတွက် ငါစိတ်မကောင်းပါဘူး...” အစ်ကိုနှစ်သည် စိတ်ထဲခံစားသွားရသော မျက်နှာအမူအယာဖြင့် ဟူကျီပုခုံးကို ပုတ်လိုက်သည်။
“အစ်ကိုနှစ် ကျွန်တော်တို့က ဒါကိုဆရာ့အတွက် လုပ်နေကြတာ။ ဒီစော်ကားခံရမှုက ဘာမှမဟုတ်ပါဘူး...” ဟူကျီသည် ကျိတ်ရယ်နေခြင်းကိုရပ်တန့်လိုက်ပြီး သူ့မျက်လုံးများအတွင်း ပြတ်သားသောအမူအယာတစ်ခု ပေါ်လာခဲ့သည်။
“ငါတို့အားလုံးက ဆရာ့ရဲ့တပည့်ကောင်းတွေပဲလေ။ အငယ်ဆုံးလေး မင်းရောဘယ်လိုလဲ” အစ်ကိုနှစ်က ခေါင်းစွပ်တစ်ခုကို စုမင်ထံလှမ်းပေးလိုက်သည်။
စုမင်သည် ထူးဆန်းသောမျက်နှာအမူအယာဖြင့် ထိုအရာကိုလှမ်းယူလိုက်သော်လည်း စကားတစ်ခွန်းမှမဆိုပဲ ထိုအရာဖြင့်သူ့ခေါင်းကို ဖုံးအုပ်လိုက်ဆဲဖြစ်သည်။
ဘေးတွင်ရပ်နေသော ပိုင်စုတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားရသည်။ ထိုအခိုက်အတန့်တွင်တော့ သူမသည် ဘယ်တုန်းကမျှ နဝမတောင်ထွတ်အပေါ် ရှင်းရှင်းလင်းလင်းနားမလည်နိုင်ခဲ့ဟု ရုတ်တရက်ခံစားမိလိုက်လေသည်...
‘ဘယ်လိုလူတွေပါလိမ့်...’
ပိုင်စု မျက်ခုံးများအလယ်ကို နှိပ်နယ်လိုက်မိသည်။ ဤလူများကို ခေါင်းစွပ်ဝတ်ဆင်ရန်တိုက်တွန်းရခြင်းသည် ခဲယဉ်းလိမ့်မည်ဟု သူမတွေးထင်ထားခဲ့သော်လည်း ထူးဆန်းသော တိုးတက်မှု အခြေအနေကြောင့် ဤလူများနှင့်နှိုင်းယှဉ်လျင် သူမသည် အလွန်ငယ်ရွယ်သေးပြီး အတွေ့အကြုံမရှိဟုပင် ရုတ်တရက်ထင်မြင်သွားမိစေ၏။
“ဆရာ ဆရာ့အတွက် ကျွန်တော်တို့ ဒီမတရားမှုကို ခံရလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆရာ့ရဲ့တပည့်ကောင်းလေးတွေဖြစ်လို့ ဒါကို လိုလိုလားလားလုပ်နေကြတာပါ။ ကျွန်တော်တို့ ဆရာ့ကိုချစ်တယ်...”
အစ်ကိုနှစ်သည် ခေါင်းမော့ကာ ရင်ဘတ်ကိုပုတ်လိုက်ပြီး ခေါင်းစွပ်အားဝတ်ဆင်လိုက်သည်။ သူသည် စုမင်နှင့်ဟူကျီတို့အား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး တမင်ပြုလုပ်လိုက်ဟန်ဖြင့် ကျန်ရှိနေသောခေါင်းစွပ်ကို လွှင့်ပစ်လိုက်ပြီး မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဆီသို့ အလင်းတန်းတစ်ခုအဖြစ် ဦးတည်သွားလေသည်။
ဟူကျီသည်လည်း ညာခြေဖြင့် မြေပြင်အားခြေဆောင့်လိုက်ရာ လေထဲသို့နှင်းများပြန့်ကျဲသွားစေပြီး အစ်ကိုနှစ်နောက်မှ လိုက်ပါသွားသည်။
“လုံခြုံတဲ့နေရာတစ်ခုရှာပြီး ငါ့ကိုစောင့်နေ”
စုမင်သည် ပိုင်စုကိုတစ်ချက်ကြည့်လိုက်ပြီး လေထဲသို့တစ်ချက်ခုန်ကာ အစ်ကိုနှစ်နှင့်ဟူကျီတို့နောက်မှ လိုက်ပါသွားသည်။ သူတို့သုံးဦးသည် ကောင်းကင်တွင် ကြွေကျနေသောကြယ်များသဖွယ် သွားလာနေပြီး သူတို့၏ ဦးတည်ရာကတော့... မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုပင် ဖြစ်သည်။
ပိုင်စု ထိုနေရာတွင်ရပ်၍ ၎င်းတို့ကိုစောင့်ကြည့်နေခဲ့သည်။ ခဏတာငြိမ်သက်နေပြီးနောက်မှ ခြေချိတ်ကာထိုင်ချလိုက်သည်။ သူမမျက်နှာပေါ်တွင်တော့ စိတ်ရှုပ်ထွေးနေသော အမူအယာတစ်ခုနှင့်အတူ စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ရှိနေချေသည်။
ကောင်းကင်ထက်တွင် နဝမတောင်ထွတ်မှ တပည့်သုံးဦးသည် ဘေးချင်းယှဉ်လျက် မြောက်ပိုင်းနယ်စပ်ဆီသို့ အလျင်အမြန်နီးကပ်သွားခဲ့ကြသည်။
“အစ်ကိုနှစ် ဆရာက တစ်ကယ်ကျွန်တော်တို့ နောက်မှာလား” ဟူကျီသည် မျက်လုံးများအတွင်း စိတ်လှုပ်ရှားနေသောအမူအယာတစ်ခုဖြင့် ညင်သာစွာမေးလိုက်သည်။
“ဒါပေါ့ ဆရာက ငါတို့ထက်တောင်ပိုမြန်သေးတယ်။ ပြီးတော့ ငါတို့နဝမတောင်ထွတ်က ထွက်လာတဲ့အချိန်မှာ ဝတ်ရုံအဖြူနဲ့သူက ငါတို့နောက်က လိုက်ချောင်းနေတာကို ငါ့မျက်လုံးတွေနဲ့ ကိုယ်တိုင်မြင်ခဲ့တာ” အစ်ကိုနှစ်က အသံတိုးတိုးဖြင့်ပြောသည်။
“... ကျွန်တော်လည်း သူ့ကိုမြင်တယ်...” စုမင်လည်း ခပ်တိုးတိုးပြောလိုက်သည်။
“ဟားဟား၊ ဒါဆိုရင်တော့ မှားစရာအကြောင်းမရှိပါဘူး။ ငါ ဆရာ့အတွက် ခေါင်းစွပ်တစ်ခုချန်ထားခဲ့တယ်။ ဒီနေ့ ငါတို့သတ်ချင်သလောက် သတ်နိုင်တယ်။ ငါတို့ အဲဒီငှက်ကလေးကိုလည်း သတ်ပစ်ကြမယ်။ အကယ်၍ ကိစ္စကြီးကြီးဖြစ်လာရင် ဆရာက ထိန်းထားပေးလိမ့်မယ်။ ငါတို့ဘာမှ ကြောက်စရာမလိုဘူး”
အစ်ကိုနှစ်သည်လည်း စိတ်လှုပ်ရှားနေသည်မှာ အရှင်းအလင်းပင်ဖြစ်သည်။ သူ့မျက်လုံးများက စူးလဲ့တောက်ပလို့နေသည်။
“ကျွန်တော်တို့ သူတို့ကိုဘယ်လိုသတ်ကြမလဲ” ဟူကျီသည် ခေါင်းစွပ်ကိုအနည်းငယ်ဆွဲမလိုက်ပြီး နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။
“သုံးလေးနဲ့ အငယ်ဆုံးလေး ငါဒီနေ့ မင်းတို့ကို နဝမတောင်ထွတ်ရဲ့ စည်းမျဉ်းအကြောင်း ပြောပြမယ်။ အဲဒါက အတိတ်တုန်းက ငါ့ကိုအစ်ကိုကြီးပြောပြခဲ့တာပဲ” အစ်ကိုနှစ်က ဟူကျီနှင့်စုမင်ကိုကြည့်လိုက်သည်။
“နဝမတောင်ထွတ်က အပင်တစ်ပင်ကိုတောင် အန္တရာယ်ပြုခဲ့ရင် ပြုခဲ့တဲ့လူတွေကိုသတ်”
“နဝမတောင်ထွတ်ရဲ့ နောက်လိုက်တစ်ယောက်ကို အန္တရာယ်ပေးခဲ့ရင် ပေးခဲ့တဲ့လူတွေကိုသတ်”
“နဝမတောင်ထွတ်ရဲ့ တပည့်တစ်ယောက်ကို အန္တရာယ်ပြုခဲ့ရင် အဲဒီလူရဲ့ မျိုးနွယ်စုထဲက မာန်စွမ်းအားရှင်တွေအားလုံးကိုသတ်”
“နဝမတောင်ထွတ်က ဘယ်တော့မှပြဿနာရှာမှာမဟုတ်ဘူး။ ဒါပေမယ့် အကယ်၍ တစ်ယောက်ယောက်က ငါတို့ကို ရန်စလာရင်တော့ ငါတို့ကသတ်ဖြတ်ပြီး နဝမတောင်ထွတ်က သူတို့ထိခိုက်အောင်လုပ်နိုင်တဲ့ နေရာမဟုတ်ကြောင်း သူတို့ကိုပြောပြရမယ်။ ဒါကြောင့် ငါတို့ကကျိုးကောကို ရှာကြမှာ။ ပြီးတော့ ငါတို့ကိုတားဆီးတဲ့ ဘယ်သူမဆို သူတို့သေရလိမ့်မယ်” အစ်ကိုနှစ်၏ စကားလုံးများထဲတွင် သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခု ပါဝင်နေပြီး သူ့အသံက ရေခဲသဖွယ် အေးစက်နေခဲ့သည်။
ဟူကျီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ခေါင်းစွပ်ကို ခေါင်းပေါ်ပြန်ဆွဲတင်လိုက်သည်။ သူ့မျက်လုံးများအတွင်း သွေးနီရောင်အလင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သို့သော် ခဏတာတုန့်ဆိုင်းသွားပြီးနောက် ရှေ့သို့ပျံသန်းနေရင်းမှပင် အစ်ကိုနှစ်ကိုလှည့်ကြည့်လိုက်သည်။
“အစ်ကိုနှစ် အဲဆို ဘာလို့ နောက်ဆုံးအကြိမ် ကျွန်တော်အနိုင်ကျင့်ခံရတုန်းက မကူညီပေးခဲ့တာလဲ။ အဲဒါက နဝမတောင်ထွတ်ရဲ့စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူးလား” ဟူကျီ အလွန်ပင် စိတ်မကျေနပ်ဖြစ်သွားရသည်။
“မင်းသာ ညတိုင်းငါ့ကို လာမချောင်းခဲ့ဘူးဆိုရင် ငါမင်းကိုလည်း ကူညီခဲ့မှာပဲ” အစ်ကိုနှစ်သည် ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။
စုမင်က မည်သည့်စကားမျှ မပြောခဲ့ပေ။ သူ့မျက်ခုံးများအလယ်တွင် အစိမ်းရောင်အလင်းက တောက်ပနေပြီး ညာမျက်လုံးအတွင်းမှ သတ်ဖြတ်ခြင်းအရှိန်အဝါသည် သူ့တစ်ကိုယ်လုံးပျံ့နှံ့နေသဖြင့် စုမင်ပုံစံက သတ်ဖြတ်လိုသည့်အသိများပြည့်နေသည့် မြားတစ်ချောင်းကဲ့သို့ပင်ဖြစ်သည်။ တစ်ချက်ဦးတည်လိုက်ရာ သုံးဦးထဲတွင် ရှေ့ဆုံးသို့ရောက်သွားခဲ့သည်။
သူတို့ရှေ့သို့ ဦးတည်တိုးဝင်လာသည်နှင့်အမျှ သူတို့နှင့် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုကြားမှ အကွာအဝေးသည်လည်း ပိုမိုတိုတောင်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့အနောက်ရှိ ပိုင်စုထိုင်ကျန်နေခဲ့သောနေရာတွင် ပိုင်စုသည် အချို့သောအမည်မသိပညာရပ်ကို အသုံးပြုထားခဲ့သဖြင့်
သူမခန္ဓာကိုယ်က တစ်ဖြည်းဖြည်း မှိန်ဖျော့ဝေဝါးလာခဲ့သည်မှာ သူမအားမမြင်ရတော့သလောက်ပင် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်မှာပင် ပိုင်စုမျက်လုံးများက ပြူးကျယ်စွာပွင့်လာခဲ့ပြီး အထိတ်တလန့်ဖြင့် အော်ဟစ်မိလုနီးပါးဖြစ်သွားခဲ့သည်။
သူမရှေ့တွင် အနက်ရောင်မီးခိုးမြူအလွှာတစ်ခု ပေါ်လာခဲ့ခြင်းဖြစ်သည်။ လေထဲတွင်ပြည့်နေသော ထိုအနက်ရောင်မီးခိုးမြူများသည် ဆီးနှင်းပြင်များကိုဖြတ်သန်းလျက် အရှေ့သို့ဦးတည်သွားလေသည်။ အသက်တစ်ကြိမ်ရှူရှိုက်စွာအတွင်းမှာပင် ၎င်းကပေ၁၀၀၀၀ခန့် ဖြတ်သန်းသွားပြီး ပိုင်စုနှင့် အဝေးသို့ရောက်သွားချေပြီ။
“လုံမလေး၊ အသံမထွက်နဲ့နော်...”
ပိုင်စုအထိတ်တလန့်အော်ဟစ်မိတော့မည့် အကြောင်းအရင်းမှာ သူမနားထဲသို့ဝင်လာသော အိုမင်းသောအသံတစ်ခုကြောင့် ဖြစ်သည်။ မကြာမီမှာပင် ဝတ်ရုံအဖြူနှင့် အဘိုးအိုတစ်ဦးသည် ဆီးနှင်းပြင်များပေါ်တွင် ဖြတ်သန်းလျက် အရှေ့သို့လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
အဘိုးအိုသည် ခါးကိုင်းကာငုံ့ထားပြီး သူမဆီသို့ ပေါ့ပါးသောခြေလှမ်းများဖြင့် လျှောက်လှမ်းလာနေခဲ့၏။ ပိုင်စုအရှေ့သို့ရောက်လာသောအခါ ထိုသူက လက်ညှိူးကိုပါးစပ်တွင်တေ့၍ ရှူးခနဲအသံပြုလိုက်လေသည်။
ပိုင်စုမျက်နှာပေါ်တွင် ထူးဆန်းသောအမူအယာတစ်ခု ပေါ်လာခဲ့သည်။ သူမအရှေ့မှ အဘိုးအိုအား သူမ မြင်ဖူးသလို ထိုအဘိုးအိုသည် စုမင်၏ဆရာ ထျန်းရှဲ့ကျီဖြစ်ကြောင်းလည်း သူမသိပေသည်။
ထျန်းရှဲ့ကျီသည် ခေါင်းငုံ့လိုက်ပြီး တီးတိုးရေရွတ်လျက် အစ်ကိုနှစ်အောက်သို့ ပစ်ချထားခဲ့သော ခေါင်းစွပ်ကို ကောက်ယူလိုက်သည်။
“အဲဒီ ကြွက်စုတ်လေးတွေက မရိုးအတာသေချာတယ်။ အနည်းဆုံးတော့ သူတို့နဲ့အတူ ခေါင်းစွပ်တွေယူလာရမှန်းသိသေးတယ်။ ကြည့်ရတာတော့ သူတို့ကလုံးလုံးကြီး မတုံးသေးဘူးပဲ။ သူတို့က ငါ့အတွက်တစ်ခုတောင် ချန်ထားခဲ့သေးတယ်... သေစမ်း သူတို့ ငါ့ကိုမြင်ခဲ့တယ်ပေါ့”
အဖြူရောင်ဝတ်ရုံနှင့် ထျန်းရှဲ့ကျီသည် အဆက်မပြတ်ရေရွတ်နေရင်းမှ ခေါင်းစွပ်ကိုဝတ်ဆင်လိုက်ပြီး အံ့အားသင့်နေသောပိုင်စုကို လှည့်ကြည့်လာသည်။ သူ့မျက်နှာထက်တွင်လည်း အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
“ဟေး မင်းက ငါ့စတုတ္ထတပည့်လေးရဲ့ အဖော်ငယ်လေး ဖြစ်ရမယ်။ ဒီတော့... ဘယ်လိုလဲ ငါကြည့်လို့ကောင်းရဲ့လား”
ပိုင်စု အံ့အားသင့်သွားမိပြီး အလိုလိုခေါင်းညိတ်ပြလိုက်မိသည်။
အဖြူရောင်ဝတ်ရုံနှင့် ထျန်းရှဲ့ကျီ၏ မျက်နှာပေါ်တွင် စိတ်ကျေနပ်သွားသောအမူအယာတစ်ခု ချက်ချင်းဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် လှည့်ထွက်သွားပြီး စုမင်နှင့်အခြားသူနှစ်ဦးထွက်ခွာသွားရာ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဆီသို့ ဦးတည်သွားလေသည်။
စုမင်နှင့် အခြားနှစ်ဦးတို့ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုနှင့် ပေ၁၀၀၀၀အကွာသို့ရောက်သည့်အချိန်မှာပင် မျိုးနွယ်စုအတွင်းမှလူများက သူတို့ကိုသတိပြုမိသွားကြသည်။ သို့သော် စုမင်နှင့် ကျန်နှစ်ဦးအပေါ်သို့ ဤမျိုးနွယ်စု၏ ဆက်ဆံပုံကတော့ စုမင်အတိတ်အချိန်က သွားခဲ့ဖူးသော မျိုးနွယ်စုများနှင့် လုံးဝကွဲပြားခြားနားနေခဲ့သည်။
အခြားမျိုးနွယ်စုများဆိုလျှင်တော့ တစ်စုံတစ်ယောက်က သူတို့အားတားဆီးရန် ရှေ့သို့ထွက်လာပြီးသည်မှာ ကြာခဲ့လောက်ချေပြီ။
သို့သော် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုကတော့ ထိုသို့မဟုတ်ခဲ့ပေ။ သူတို့သည် စုမင်နှင့်အခြားနှစ်ဦး နီးကပ်လာသည်ကို သတိပြုမိသောအခါ မျိုးနွယ်စုဝင်အချို့ကသာ သူတို့လုပ်နေသောအရာများကို ရပ်တန့်လိုက်ပြီး ကောင်းကင်သို့အေးစက်စွာ မော့ကြည့်လာကြသည်။ ကျန်လူအများစုသည်တော့ သူတို့အားလျစ်လျူရှုထားခဲ့လေသည်။
ခဏအတွင်းမှာပင် စုမင်နှင့် သူ့အစ်ကိုနှစ်ဦးသည် ရုပ်တုနှစ်ခုဂိတ်တံခါးဆီရောက်ရှိလာကြသည်။ အပြုံးလေးတစ်ခုဖြင့် အစ်ကိုနှစ်သည် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူတို့အား အေးစက်စွာစိုက်ကြည့်နေသော်လည်း စကားတစ်ခွန်းမှ ပြောမလာသည့် မြောက်ပိုင်းနယ်စပ် မျိုးနွယ်စုဝင်များကို လက်သီးနှင့်လက်ဝါးထပ်၍ နှုတ်ဆက်လိုက်သည်။
“ငါက အေးခဲကောင်းကင်ကလန် တတိယတောင်ထွတ်က ကုန်းစွန်းဟူပါ။ ညီနောင်ကျိုးကောနဲ့ တွေ့ချင်လို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော့ကိုယ်စား သူ့ကိုပြောပေးကြပါဦး”
မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု တံခါးနောက်မှ သူတို့အား အေးစက်စွာစိုက်ကြည့်နေသောလူများသည် ငြိမ်သက်တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။
အစ်ကိုနှစ်က ခေါင်းခါယမ်းလိုက်သည်။
“မင်းတို့အားလုံးက အရမ်းရိုင်းကြတာပဲ။ အဲဒါက... မကောင်းဘူးနော်...”
စကားပြောနေရင်း ရှေ့သို့ခြေတစ်လှမ်း ထပ်လှမ်းလိုက်သည်။ သူခြေချလိုက်ချိန်မှာပက် မြေပြင်ကတုန်ခါသွားပြီး လေထဲသို့နှင်းများ ဝဲပျံသွားကြသည်။ ၎င်းတို့သည် ကောင်းကင်နှင့်မြေပြင်တစ်ခွင်အား ဖုံးအုပ်သွားသဖြင့် အေးစက်စွာစိုက်ကြည့်နေခဲ့ကြသော မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင်တို့၏ မျက်နှာအမူအယာများကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည်။
“ငါတို့ကို ကျိုးကော ပေး။ တားတဲ့သူမှန်သမျှ သေရမယ်”
ဟူကျီသည် လက်မောင်းများကိုမြှောက်လိုက်ရာ သူ့ဘယ်ဘက်လက်ထဲတွင် ဧရာမတိုက်ပွဲပုဆိန်ကြီး ဖြစ်တည်လာခဲ့သည်။ ညာလက်အတွင်းရှိ ဝိုင်အိုးထဲမှ တစ်ငုံခန့်သောက်လိုက်ပြီး ရှေ့သို့ဦးတည်တိုးဝင်သွားခဲ့လေသည်။
***