← Chapters

နဝမတောင်ထွတ်က မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း

Vol. 21 Ch. 287

နဝမတောင်ထွတ်က မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ခြင်း

Vol. 21 Ch. 287

ဟူကျီသည် တောင်ပေါ်မှခုန်ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ပင် ဖြစ်သည်။ မြေပြင်သို့ သူခြေချလိုက်သည်နှင့် လေထဲသို့ နှင်းများဝဲပျံလွင့်မျောသွားပြီး ဧရိယာတစ်ဝိုက်ဝေဝါးသွားသည်။ ထိုဝိုးတဝါးမြင်ကွင်းအတွင်းမှာပင် ဟူကျီသည် ညာလက်အတွင်းမှ ဧရာမပုဆိန်ကြီးနှင့် ရှေ့သို့တိုးထွက်သွားခဲ့သည်။ ထိုပုဆိန်ကို စုမင်ယခင်က တစ်ခါမှမမြင်ခဲ့ဖူးပေ။ ပုဆိန်သွား၏ နေရာအချို့တွင် သံချေးများတက်နေသော်လည်း ပုဆိန်လက်ကိုင်ကိုတော့ သားရဲအရိုးတစ်ခုဖြင့် ပြုလုပ်ထားလေသည်။

ဟူကျီ မုန်တိုင်းသဖွယ်ထွက်ပေါ်လာချိန်တွင် ကောင်းကင်ကိုပင် တုန်ခါသွားစေသည့် ခပ်တိုးတိုးကျားဟိန်းသံတစ်သံသည် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ ဂိတ်ကိုဖြတ်သန်းထိုးဖောက်သွားခဲ့သည်။

အစ်ကိုနှစ်သည် သူ့ကိုယ်သူဒီရေလှိုင်းကဲ့သို့ ပုံရိပ်ထင်ဟပ်သွားစေသည့် ဆွဲဆောင်မှုရှိသောပုံစံမျိုး ပြုလုပ်လိုက်သည်။ သူ၏ထိုခြေလှမ်းက မြေပြင်ကိုတုန်ခါသွားစေပြီး လေထဲသို့နှင်းများ လွင့်မျောသွားချိန်တွင် သူ့ခြေထောက်အောက်၌ အစိမ်းရောင်များ ထွက်ပေါ်လာခဲ့သည်။ မြက်ပင်များသည် ထိုဧရိယာတစ်ခုလုံးအား ထူးဆန်းသောပုံစံဖြင့် ဖုံးလွှမ်းသွားသည်။

“မင်းတို့က အရမ်းရိုင်းတယ်။ ငါ မင်းတို့အပေါ် ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့ပေမယ့် မင်းတို့ကတော့ ငါ့အပေါ် အခုလိုမျိုးဆက်ဆံခဲ့တယ်။ ဒီတစ်ကြိမ်တော့ မင်းတို့အရမ်းလွန်သွားပြီ”

အစ်ကိုနှစ်၏မျက်နှာသည် ဒေါသကြောင့်နီရဲနေပြီး မျက်နှာထက်ရှိ အပြုံးလည်းပျောက်ကွယ်သွားခဲ့ချေပြီ။ ရှေ့သို့ ရွေ့လျားလိုက်ပြီး ညာလက်ကိုမြှောက်လျက် သူတို့အားတားဆီးရန်လာသူများထံ ဝှေ့ယမ်းလိုက်သည်။

သူလက်ကိုဝှေ့ယမ်းလိုက်သောအခါ အဖြူရောင်ဆီးနှင်းများပေါ်တွင် အစိမ်းရောင်များ ထွက်ပေါ်လာပြီး အစ်ကိုနှစ်ထံတိုးဝင်လာနေသည့် လူသုံးဦး၏ ဆံပင်များ၊ပုခုံးများပေါ်သို့ ကျဆင်းလာခဲ့သည်။ နှင်းများသည် ထိုရက်စက်ကြမ်းကြုတ်ပုံပေါ်သော မြောက်ပိုင်းနယ်စပ်မျိုးနွယ်ဝင်တို့၏ ခန္ဓာကိုယ်များတစ်လျှောက် ပျံ့နှံ့သွားကြသည်။

တစ်ချိန်တည်းမှာပင် တိုးဝင်လာနေသော မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင် လူသုံးဦး၏ ခြေထောက်များအောက်တွင် အစိမ်းရောင်မြက်များတိုးထွက်လာပြီး ထိတ်လန့်ဖွယ်အမြန်နှုန်းဖြင့် ၎င်းတို့ခန္ဓာကိုယ်များကို ဖုံးအုပ်သွားခဲ့သည်။ ထိုလူသုံးဦးအစ်ကိုနှစ်ရှေ့သို့ ရောက်လာချိန်တွင်တော့ သူတို့ခန္ဓာကိုယ်များအား အစိမ်းရောင်မြက်များဖုံးလွှမ်းနေခဲ့ပြီးဖြစ်ကာ သူတို့မျက်နှာများသည်လည်း သေလုနီးပါး ဖြူရော်နေခဲ့ချေပြီ။ ၎င်းတို့သည် ရုန်းကန်နေသော်ငြား မလှုပ်ရှားနိုင်တော့ပေ။

“အစ်ကိုနှစ် အဲဒါ သူတို့ရိုင်းလို့မဟုတ်ဘူး။ ကျွန်တော်တို့က ခေါင်းစွပ်တွေဝတ်ထားလို့။ အစ်ကို ဘယ်လောက်ယဉ်ကျေးနေနေ ကျွန်တော်တို့လာတာကို မြင်တဲ့သူတိုင်း ကျွန်တော်တို့ လုပ်ချင်တာကိုသိမှာပဲ။ အဲလိုဆိုမှတော့ သူတို့က ကျွန်တော်တို့အပေါ် သောက်ရမ်းယဉ်ကျေးပြနေပါတော့မလားလို့” သိပ်မဝေးသောနေရာမှ ဟူကျီသည် ပုဆိန်ကိုလွှဲယမ်းနေရသော်လည်း ခေါင်းလှည့်၍ အစ်ကိုနှစ်အား အော်ရန်တော့ သတိမမေ့ခဲ့ပေ။

အစ်ကိုနှစ်သည် တစ်ခဏတာ အံ့အားသင့်မင်သက်သွားပြီး သူ့မျက်နှာပေါ်တွင် ဖုံးကာထားသော ခေါင်းစွပ်ကို အလိုလိုထိကြည့်လိုက်မိသည်။ ထို့နောက် ခေါင်းခါယမ်းလိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ချေသည်။

“ကုန်းစွန်းဟူရဲ့ပုံစံကို ငါလည်း ယူမသုံးချင်ခဲ့ပါဘူး။ အဲဒီကောင်က သူ့ကိုယ်သူတောင် ဂုဏ်ယူသင့်တာ”

စုမင်၏မျက်နှာအမူအယာက တည်ငြိမ်နေပြီး ညာဘက်မျက်လုံးအတွင်းမှ သတ်ဖြတ်ခြင်းအော်ရာတစ်ခုကိုသာ ထုတ်ဖော်ထားခဲ့သည်။ သူရှေ့သို့လှုပ်ရှားလိုက်သော်လည်း သူ့အစ်ကိုနှစ်ကဲ့သို့ ဆွဲဆောင်မှုရှိသော၊ ဟူကျီကဲ့သို့ ဖိနှိပ်နိုင်သည့် တုန်လှုပ်ဖွယ်ကောင်းသော ပုံစံမျိုးဖြင့်တော့ မဟုတ်ခဲ့ပေ။ သို့သော် လှုပ်ရှားလိုက်သည်နှင့် သူ့လက်ထဲတွင် အစိမ်းရောင်ဓားတစ်ချောင်းကို ကိုင်ဆွဲထားပြီးဖြစ်သလို ဓားထိပ်ဖျားတွင် လျှပ်စီးအလင်းများ တောက်ပသွားချေသည်။

သူ့ရှေ့တွင်တော့ မုန်တိုင်းသဖွယ်တိုးဝင်လာနေသူ သုံးဦးရှိပြီး စုမင်က ၎င်းတို့ကိုတိုးဝင်လာခွင့် ပြုထားချေသည်။ ထိုသူများအား ဖြတ်သွားတော့မည့်အချိန်မှာပင် သူ့အရှိန်နှုန်းကိုတိုးမြှင့်လိုက်ပြီး ၎င်းတို့ထံမှ အဝေးသို့ လျင်မြန်စွာရွေ့လျားသွားလိုက်ရာ စုမင် ၎င်းတို့ကိုဖြတ်ကျော်သွားချိန်တစ်ခဏတွင် သူ့ခန္ဓာကိုယ်က ထိုလူများနှင့် ထပ်တူကျသွားပုံပေါ်၏။ လူသုံးဦး၏ လည်ပင်းများမှ သွေးများချက်ချင်းပန်းထွက်လာပြီး ခေါင်းများက မြေပြင်ပေါ်ပြုတ်ကျသွားကြသည်။

စုမင်သည် လက်ထဲမှ ဓားရှည်ကို တည်ငြိမ်စွာဆုပ်ကိုင်ထားပြီး ရှေ့သို့ရွေ့လျားလိုက်သည်။

ညီနောင်သုံးဦးသည် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု ဂိတ်တံခါးအတွင်း ရက်စက်ကြမ်းကြုတ်ဟန် ဧရာမစိတ်တစ္ဆေရုပ်တုကြီးနှစ်ခု အောက်တည့်တည့်သို့ ရောက်ရှိနေခဲ့ချေပြီ။ သူတို့နောက်တွင်တော့ လေအေးများဖြတ်သန်းတိုက်ခတ်လျက်ရှိသည့် ကျယ်ပြန့်သောဆီးနှင်းပြင်ကြီး ရှိနေသည်။

သူတို့ရှေ့တွင် အဆုံးကိုပင်မမြင်နိုင်သည့် ကြီးမားသော မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုကြီး ရှိသည်။ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုအတွင်းမှ တိုက်ပွဲဗုံသံများ လေထဲသို့ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့သည်။ တိုက်ပွဲဗုံများသည် နက်ရှိုင်း၍ ဖိနှိပ်နိုင်သောအရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။ ၎င်းအသံများသည် လေထဲသို့ပျံ့နှံ့သွားပြီး သူတို့အား သန်မာသောရန်သူများ အတိုက်ခံနေရပြီဖြစ်ကြောင်း မျိုးနွယ်စုတစ်စုလုံးကို ပြောပြနေချေသည်။

မျိုးနွယ်စုအတွင်းမှ လူများထွက်လာပြီး မုန်တိုင်းတိုက်နေသကဲ့သို့ ညီနောင်သုံးဦးဆီ တိုးဝင်လာခဲ့သည်။ စုမင်နှင့် ကျန်နှစ်ဦး၏ ပတ်ဝန်းကျင်တွင် သာမန်မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင် အတော်များများ ရှိနေခဲ့သည်။

ထိုလူများသည် စုမင်ယခင်ကမြင်ခဲ့ဖူးသည့် သာမန်လူများနှင့် ကွဲပြားခြားနေသည်။ ၎င်းတို့မျက်နှာများပေါ်တွင် အကြောက်တရားများကိုမတွေ့ရပေ။ အမှန်တော့ အလွန်နည်းပါးသည့် လူနည်းစုသာ ထိတ်လန့်နေကြခြင်း ဖြစ်သည်။ အများစုသည် နောက်သို့အနည်းငယ်ဆုတ်လိုက်ကြပြီး သူတို့နှင့်တိုက်ခိုက်နေသူများအကြား လုံလောက်စွာ နေရာလွတ်သွားအောင် ပြုလုပ်လိုက်ပြီးနောက်တွင် ရပ်တန့်လိုက်ကြကာ ထိုလူသုံးဦးကို အေးစက်စွာစိုက်ကြည့်နေကြလေသည်။

မျိုးနွယ်စုအတွင်းမှ လူများစွာထွက်ပေါ်လာခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ၎င်းတို့က အနည်းဆုံး ဒါဇင်အနည်းငယ်ခန့်ရှိလိမ့်မည်ဖြစ်ကြောင်း စုမင်ရေတွက်သိလိုက်သည်။ အနီးသို့ရောက်လာပြီးသည်နှင့် ထိုလူများသည် အပိုင်းသုံးပိုင်းခွဲလိုက်ကြပြီး စုမင်၊ ဟူကျီနှင့် အစ်ကိုနှစ်တို့ထံသို့ တစ်ဟုန်ထိုးတိုးဝင်လာခဲ့ကြသည်။

ဟူကျီသည် ရူးမိုက်စွာရယ်မောလိုက်ပြီး ဝိုင်များကို ပါးစပ်အပြည့်တစ်ငုံသောက်လိုက်ကာ ရှေ့သို့ဒယိမ်းဒယိုင်လှမ်းလိုက်သည်။ ပုဆိန်ကို ဘေးတွင်ချလိုက်ပြီး လက်များကိုဖြန့်ကားလျက် ကောင်းကင်သို့မော့ကာ အော်ဟစ်လိုက်သည်။

“အိပ်မက်အတွင်း... ဝင်ရောက်ခြင်း...”

သူ့အော်သံက ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေပြီး သုံးပိုင်းခွဲကာ တိုးဝင်လာနေသည့် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင်များအား အံ့အားသင့်မင်သက်သွားစေခဲ့သည်။ သို့သော် ၎င်းတို့သည်တစ်ခဏသာ အံ့အားသင့်သွားကြခြင်း ဖြစ်သည်။ လေထဲတွင် ဟောက်သံများ ပျံ့လွင့်လာပြီး စုမင်နှင့် စစ်မာရှင်းတို့ တိုက်ခိုက်ခဲ့စဉ်အချိန်ကလိုပင် ဟူကျီသည် ဘေးသို့လဲကျပြီး အိပ်မောကျသွားလေသည်။

စုမင်မျက်နှာပေါ်တွင် ထူးဆန်းသောအမူအယာတစ်ခု ဖြစ်ပေါ်လာသည်။ အစ်ကိုနှစ်သည် သက်ပြင်းချလိုက်ပြီး ဟူကျီထံရွေ့လျားသွားကာ ဟူကျီအားဆောင့်ကန်ပစ်လိုက်လေသည်။

ထိုကန်ချက်တစ်ချက်တည်းနှင့်ပင် ဟူကျီသည် မျက်လုံးများကိုပြန်ဖွင့်လိုက်ပြီး ရှက်ရွံ့နေသော အမူအယာဖြင့် နံဘေးမှပုဆိန်ကို ကောက်ယူလိုက်သည်။

“သုံးလေး၊ မင်းအိပ်မက်တွေထဲကိုပဲ... အမြဲတမ်းဝင်မနေနဲ့...”

အစ်ကိုနှစ်သည် ခေါင်းခါယမ်းလိုက်ပြီး မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုမှ လူများဆီလျှောက်သွားလိုက်သည်။ လက်များကိုမြှောက်လိုက်ရာ သူ့လက်များပေါ်တွင် အစိမ်းရောင်များ ချက်ချင်းပေါ်လာခဲ့ပြီး လက်များကိုမြေပြင်သို့ ရိုက်ချလိုက်သည်။

မြေပြင်ပေါ်ရှိ နှင်းများသည် အလျင်အမြန် အရည်ပျော်သွားကြပြီး အစိမ်းရောင်မြက်များ တိုးထွက်လာခဲ့သည်။ ၎င်းတို့သည် ထူးဆန်းသောပုံစံတစ်မျိုးဖြင့် စတင်ကြီးထွားလာကြပြီး ဧရိယာတစ်ခုလုံးအား မြင်ခင်းပြင်အဖြစ် ပြောင်းလဲပစ်လိုက်ချေသည်။ အစ်ကိုနှစ်ထံ တိုးဝင်လာနေသော မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင်များ ရောက်လာသည့်အချိန်မှာပင် မြေပြင်ပေါ်မှ မြက်များသည် အမြစ်များမှ ပြတ်ထွက်သွားကြပြီး ထိုလူများထံသို့ မြားများသဖွယ် တိုးဝင်သွားသည်။

ဟူကျီသည် ယခုလေးတင်ဖြစ်ပျက်သွားခဲ့သော အရာကြောင့် ဒေါသထွက်သွားပြီး ပုဆိန်ကိုကိုင်ဆွဲလျက် သူ့ထံတိုးဝင်လာသည့် ဒါဇင်ခန့်လူများကို တိုက်ခိုက်လိုက်သည်။ ဟူကျီ၏ခွန်အားကို စုမင်ပထမဆုံးအကြိမ် မျက်မြင်တွေ့ဖူးခြင်း ဖြစ်သည်။ သူသည် နာကျင်ခြင်း၊ ထိခိုက်ဒဏ်ရာရမည်ကို ဂရုမစိုက်ခဲ့ပေ။ ဒေါသထွက်နေသော ကျားတစ်ကောင်သဖွယ် ထိတ်လန့်ဖွယ်ခွန်အားနှင့် လူအုပ်အတွင်းတိုးဝင်သွားပြီး ထိုလူများကို စတင်သတ်ဖြတ်လေသည်။

အရာတစ်ခုက စုမင်၏ အာရုံကိုဖမ်းစားသွားသည်။ ဟူကျီတိုက်ခိုက်ခံလိုက်ရသည့်အကြိမ်တိုင်းတွင် အလင်းတစ်ဖြာတောက်ပသွားပြီး သူကတော့ လုံးဝမထိခိုက်သည့်ပုံဖြင့် ပေါ်လာချေသည်။ ဟူကျီ၏ပတ်လည်တွင် မမြင်ရသောချပ်ဝတ်အလွှာတစ်ခု ရှိနေသကဲ့သို့ သူ့အပေါ်ကျရောက်လာသည့် ထိုးနှက်ချက်များကို နာကျင်မှုမရှိဖြစ်သွားစေသည်။

ဟူကျီသည် ခါးဆန့်ကာရယ်မောလိုက်သည်။ အဆက်မပြတ်သတ်ဖြတ်နေရင်း သူ့မျက်လုံးများက နီရဲလာခဲ့သည်။ နောက်ဆုံးတွင် သူ့လက်များကိုဖြန့်၍ အိပ်မက်ထဲသို့ ဝင်ရောက်တော့မည့်ပုံသဏ္ဍာန်မျိုး နောက်တစ်ကြိမ်ပြုလုပ်လိုက်ပြန်သည်။ သို့သော် ထိုအချိန်တွင် အစ်ကိုနှစ်က ချောင်းဟန့်လိုက်ရာ ဟူကျီတစ်ယောက် ရပ်တန့်သွားခဲ့ရပြန်သည်။

စုမင်ဘေးသို့ရွေ့လျားလိုက်သည်။ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင်များသည် ကျင့်ကြံဆင့်အမျိုးမျိုးရှိကြသော်လည်း သူတို့နီးကပ်လာသည်နှင့် စုမင်၏ပတ်လည်မှ လျှပ်စီးများတိုးထွက်သွားပြီး အရပ်မျက်နှာအနှံ့ အလျင်အမြန်ပျံ့နှံ့သွားကြသည်။ လျှပ်စီးများသည် အလွန်ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာကြပြီး လူများအားလုံးကိုဖုံးအုပ်သွားကာ ၎င်းတို့အား ခဏတာရပ်တန့်သွားစေသည်။

သူတို့ရပ်တန့်သွားသည်နှင့် စုမင်ကရှေ့သို့တိုးဝင်လာသည်။ အစိမ်းရောင်အလင်းသည် သူ့ရန်သူများကို ဖြတ်သန်းသွားပြီး သွေးများကြားတွင် ဒါဇင်ခန့်ခေါင်းများ

လေထဲသို့ လွင့်ပျံသွားခဲ့သည်။

ထိုဒါဇင်ခန့်လူများကို သတ်ပြီးသောအခါ စုမင်ခေါင်းမော့၍ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုအတွင်းပိုင်းသို့ ဦးတည်အော်ဟစ်လိုက်သည်။ “ကျိုးကော ထွက်ခဲ့”

စုမင်အော်ဟစ်သံ၏ ပဲ့တင်သံများ ပျောက်ကွယ်မသွားသေးခင်မှာပင် ဟူကျီ၏ပတ်လည်မှ အက်ကွဲသံများ ပျံ့လွင့်လာပြီး ကျယ်လောင်သောမြည်ဟည်းသံကြီး ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူ့ပတ်လည်မှ များစွာသော မမြင်ရသည့်အပိုင်းအစများသည် အရပ်မျက်နှာအနှံ့ တိုးထွက်သွားပြီး သူ့အားဝန်းရံထားသည့်လူတို့၏ ခန္ဓာကိုယ်များတွင် အပေါက်များဖြစ်ပေါ်လာကာ အော်ဟစ်ရင်းလဲကျသွားကြသည်။

“ဟေး မျိုးမစစ်လေးတွေ၊ အဲဒါကမင်းတို့အဘိုးဟူရဲ့ နောက်ဆုံးတီထွင်မှုပဲကွ” ဟူကျီက ဂုဏ်ယူစွာအော်ဟစ်လိုက်သည်။ “ကျိုးကော ထွက်ခဲ့”

ထိုအချိန်မှာပင် အစ်ကိုနှစ်သည်လည်း သူ့အဝတ်အစားများပေါ်ရှိ နှင်းများကိုခါထုတ်လိုက်သည်။ သူ့အရှေ့တွင်တော့ မြက်များဖြင့်ထိုးဖောက်ခံထားရသော ဒါဇင်ခန့်အလောင်းများရှိနေသည်။ ထို့နောက် ခေါင်းမော့လိုက်ပြီး အပြုံးလေးတစ်ခုဖြင့် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အတွင်းပိုင်းသို့လှမ်းကြည့်လိုက်သည်။ သူလည်း ထိုစကားလုံးလေးလုံးကို အော်ဟစ်လိုက်လေသည်။

“ကျိုးကော ထွက်ခဲ့”

သူတို့အသံများသည် အတူတကွပေါင်းစည်းသွားကြပြီး သန်မာသောအသံလှိုင်းတစ်ခုအသွင် ပြောင်း၍ ဧရိယာတစ်ခုလုံးအား ဖြတ်သန်းပျံ့နှံ့သွားသည်။

မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင် သာမန်လူများသည်လည်း တည်ငြိမ်မနေနိုင်တော့ပေ။ သူတို့မျက်နှာအမူအယာများက အကြီးအကျယ်ပြောင်းလဲသွားခဲ့ချေပြီ။

“ရိုးရေစတေး၊ လူသတ်ဖို့ မြက်တွေကိုသုံးတဲ့ အဲဒီလူက ရိုးရေစတေးနယ်ပယ်မှာရှိတဲ့ အစွမ်းထက်မာန်စွမ်းအားရှင်တစ်ယောက်ပဲ”

“ပုဆိန်နဲ့လူက ဘာတွေဖြစ်နေတာလဲ။ အဲဒီလောက် ရိုက်ချက်အများကြီးကို သူဘယ်လိုများခုခံနိုင်တာလဲ။ အဲဒါက နောက်ဆုံးပေါက်ကွဲသွားတဲ့ပုံ ပေါ်ပေမယ့် ငါတို့မျိုးနွယ်စုဝင်တွေပဲ ထိခိုက်ဒဏ်ရာရသွားတာ”

“အစိမ်းရောင်အလင်း တောက်ပနေပြီး ခန္ဓာကိုယ်ပတ်လည်မှာ လျှပ်စီးတွေကူးခပ်နေတဲ့ တစ်ယောက်လည်းရှိသေးတယ်။ သူ့စွမ်းအားက သိပ်မကြီးမားပေမယ့် သူက မယုံနိုင်လောက်အောင်ကို မြန်လွန်းတယ်။ ဒါပေမယ့် ကြည့်ရတာတော့ သုံးယောက်ထဲမှာ သူကအားအနည်းဆုံး ဖြစ်လိမ့်မယ်”

စုမင်နှင့် ပေပေါင်း၁၀၀၀၀၀ခန့်အကွာအဝေးတွင် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အလယ်ပိုင်း တည်ရှိချေသည်။ ထိုနေရာတွင် ရေခဲအဆောက်အဦးများစွာ တည်ရှိသည်။ မျိုးနွယ်စုတံခါးမှတိုက်ခိုက်သံများသည် ထိုနေရာသို့ရောက်ချိန်တွင်တော့ ပိုမိုအားပျော့သွားခဲ့ချေပြီ။

ထိိုနေရာတွင် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင်များစွာ ရှိနေပြီး မျိုးနွယ်စုအရှေ့ရှိ တိုက်ပွဲနှင့်ပက်သက်၍ မတုန်လှုပ်ဟန်ဖြင့် သူတို့အမူအယာများက အေးဆေးသီးခြားဆန်နေကြသည်။

မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အလယ်ပိုင်းတွင် အခြားရေခဲအိမ်များထက် သိသိသာသာပင်ပိုရှည်လျားသည့် အိမ်တစ်လုံးရှိပြီး ထိုအိမ်အပြင်တွင် မီးပုံတစ်ခုရှိနေသည်။ မီးပုံဘေးတွင်တော့ ယောကျ်ားကြီးသုံးဦး ထိုင်နေကြချေသည်။

သူတို့အားလုံးသည် သက်လတ်ပိုင်းလူများဖြစ်ပြီး ဆံပင်များကတော့ ခါးရောက်နေကြသည်။ သူတို့ဆံပင်များအား ကျစ်ဆံမြီးကျစ်ထားသဖြင့် ရှုပ်ပွနေသည့်ပုံမပေါ်ပေ။ သူတို့နံဘေးတွင် ရပ်နေသည့်သူတို့နောက်လိုက်များက သားရဲငယ်တစ်ကောင်အား ကင်နေချိန်တွင် သူတို့သုံးဦးကတော့ တည်ငြိမ်နေသောအမူအယာများဖြင့် မီးပုံဘေးထိုင်နေကြသည်။ တစ်ခါတစ်ရံတွင် သူတို့သည်အသားပေါ်သို့ အရသာများသုတ်ပေးကြသည်။

“သူတို့ဒီကို မလာနိုင်ဘူးဆိုတာ ငါလောင်းရဲတယ်” သုံးဦးထဲမှ တစ်ဦးကပြောသည်။

“သူတို့မလာဘူး။ ဒါပေါ့ သူတို့မလာနိုင်မှာလေ။ ငါတို့လောင်းကစားချိန်အကြောင်း ပြောနေခဲ့တာ ဟုတ်တယ်မလား။ တစ်နာရီအတွင်း သူတို့ခေါင်းတွေ ဂိတ်တံခါးမှာအချိတ်ခံရလိမ့်မယ်ဆိုတာ ငါလောင်းရဲတယ်” အခြားတစ်ယောက်က ပြုံးလျက်ပြောသည်။

“ကောင်းပြီလေ။ ငါကတော့ နှစ်နာရီလို့လောင်းတယ်။ မြက်တွေကောင်းကောင်းအသုံးပြုနိုင်တဲ့ တစ်ယောက်က သိပ်မဆိုးဘူး။ သူက ကြာကြာအသက်ရှင်နိုင်လောက်တယ်”

“အာ့လိုသာဆိုရင် ငါကတော့ အမွှေးတိုင်တစ်တိုင်ထွန်းစာလောင်းမယ်။ မမေ့နဲ့ဦး၊ အရှေ့ပိုင်းက ငါတို့အဖွဲ့ဝင်တွေရဲ့ သိမ်းပိုက်ခံထားရတာ။ သူတို့မှာ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့ စစ်သည်တော်တွေမှ မရှိတာ၊ ဒါပေမယ့်... ဒီနေ့ကင်းလှဲ့အဖွဲ့ကို ဦးဆောင်တဲ့သူက ယို့လင်းလေ”

“သူ့စွမ်းအားက ငါနဲ့အတူတူလောက်မှာရှိတယ်။ သူ့မြားအရှိန်အဝါမှာ အနက်ရောင်ကြိုးမျှင်တစ်ချောင်းတောင် ရှိနေပြီလို့ငါကြားခဲ့တယ်။ သူ့စိတ်တစ္ဆေကလည်း ဒုတိယအသွင်ပြောင်းလဲမှုကို ချိုးဖျက်တော့မှာ”

ထိုသုံးဦးသည် မျိုးနွယ်စုအရှေ့တွင် ဖြစ်ပျင်နေသောအရာနှင့်ပက်သက်ပြီး လုံးဝစိတ်အနှောင့်အယှက်ဖြစ်ပုံမရပဲ စကားစမြည်ပြောဆိုနေကြသည်။ ထိုအစား သူတို့သည် ၎င်းတိုက်ပွဲကို သူတို့အတွက်ဖျော်ဖြေမှုအဖြစ်ပင် ပြောင်းလဲပစ်လိုက်ပြီး တစ်ဦးနှင့်တစ်ဦး စတင်အလောင်းအစားပြုနေကြ၏။

သို့သော် သူတို့စကားပြောနေစဉ်မှာပင် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုအလယ်ပိုင်းရှိ အခြားရေခဲအိမ်များနှင့်မတူသော သူတို့အနောက်ရှိအိမ်ထဲမှ အက်ကွဲကွဲအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“သူတို့ဒီနေရာကို လာနိုင်လိမ့်မယ်လို့ ငါလောင်းရဲတယ်။

ငါ သူတို့သွေးကိုသောက်ပစ်မယ်။ ပြီးရင်သူတို့ဆံပင်တွေကို ဆုတ်ဖြဲပြီး အသုံးမကျတဲ့ ငါ့ရဲ့ညီလေး ကျိုးကောကို ပေးပစ်မယ်”

ထိုအသံထွက်ပေါ်လာသောအခါ လူသုံးဦးအလယ်မှ မီးပုံသည်ပင် ဆက်လက်၍တောက်ပစွာ မလောင်ကျွမ်းရဲတော့ဟန်ဖြင့် အတန်ငယ်မှေးမှိန်အားပျော့သွားခဲ့သည်။ လူသုံးဦးသည်တော့ ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး စိတ်အားထက်သန်မှုများ ပြည့်နေသည့် ကြည်ညိုလေးစားသောအမူအယာများဖြင့် ရေခဲအိမ်ဆီ ဦးညွှတ်လိုက်ကြသည်။

မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အလယ်ပိုင်းမှာတောင် ငြိမ်သက်အေးချမ်းနေသည်ဆိုလျှင် အနောက်ဘက်ကျသောအပိုင်းရှိ ဆီးနှင်းလွင်ပြင်များတွင် နေထိုင်သူများကတော့ ပိုမိုအေးချမ်းပေသည်။ ထိုနေရာတွင်နေထိုင်သော မျိုးနွယ်စုဝင်များအားလုံးသည် အဆင့်အတန်းမြင့်သူများဖြစ်သည်။ ထိုနေရာတွင်တော့ ပဲ့တင်ထပ်နေသော တိုက်ပွဲဗုံသံများမှအပ ပကတိတိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ မည်သည့်တိုက်ပွဲအသံကမှ ထိုနေရာသို့ရောက်ရှိမလာခဲ့ပေ။

ထိုနေရာတွင် အိမ်ရာပေါင်းများစွာရှိပြီး အိမ်တစ်လုံးချင်းစီတိုင်း၏ အတွင်းထဲတွင် အစွမ်းထက်သည့်အရှိန်အဝါတစ်ခုစီ နေထိုင်နေကြလေသည်။

***

All Chapters