← Chapters

အရမ်းကြီး ပြတ်ပြတ်သားသား မပြောနဲ့

Vol. 98 Ch. 974

အရမ်းကြီး ပြတ်ပြတ်သားသား မပြောနဲ့

Vol. 98 Ch. 974

ရှန်းယီ၏ စကားများက ယဉ်ကျေးမှုသက်သက်မျှသာ မဟုတ်ပေ။

အကြောင်းမှာ ဤလူစုထဲတွင် သူအချိန်အတော်ကြာမတွေ့ခဲ့ရသူ အချို့ အမှန်တကယ်ပင် ပါဝင်နေသောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့်၊ ဘိုင်ယွင်ခရိုင်တွင် တွေ့ဆုံခဲ့သော ကောင်မလေးကို သူ မှတ်မိနေဆဲဖြစ်သည်။ သူတို့ နောက်ဆုံးတွေ့ဆုံခဲ့ချိန်က ယွဲ့ထျန်းကျီမှ စီနီယာရွှမ်ချင်းအား ဖမ်းဆီးသွားခဲ့ပြီး၊ အနောက်ပိုင်းဟုန်တွင် သူမက သူ့ကို လာရောက်ရှာဖွေခဲ့ချိန်က ဖြစ်သည်။

ထိုအချိန်က အခြေအနေမှာ အရေးတကြီးဖြစ်နေသဖြင့် သူတို့က စကားအနည်းငယ်မျှပင် သေချာ မပြောနိုင်ခဲ့ပေ။

ထို့အပြင် ချင်းဖုန်းတောင်မှ ညီအစ်ကိုများ၊မဟာချန်အတွက် အစီအရင်များတည်ဆောက်ရန် ကူညီပေးခဲ့သော ရွှီမိသားစုမှ လူများလည်းပါဝင်သည်။

သူ၏ခရီးစဉ်တွင် သူက အလွန်အမင်းအလျင်လိုနေခဲ့ပြီး ထိုလူများမှာတော့ ထိုလမ်းကြောင်းပေါ်တွင် ဆက်လက်နေထိုင်ကာ လမ်းခရီး ပိုမို ချောမွေ့စေရန် ကြိုးပမ်းနေခဲ့ကြ၏။

ယခုအခါ သူတို့အား ပြန်လည်မြင်တွေ့ရချိန်တွင် ဝမ်းမြောက်မှုအချို့ဖြစ်ပေါ်လာသည်မှာ မလွဲမသွေပင်။

အက်ပါယာခုံရုံး၏ကောင်းမွန်သောအချက်မှာ ကျင့်ကြံခြင်းနိမ့်ကျသူများကိုပါ နေရာပေး လက်ခံထားခြင်း ဖြစ်သည်။

ထိုအချက်က ရှန်းယီအား အလွန်အမင်းစိုးရိမ်ပူပန်နေစရာ မလိုဘဲ၊သူတို့အား တည်ငြိမ်အေးချမ်းစွာ နှုတ်ဆက်နိုင်ရန် အချိန်ရစေခဲ့၏။

လူအုပ်ကြီး၏မျက်နှာများမှာ အစပိုင်းတွင်ရှုပ်ထွေးနေသော်လည်း သူတို့သည် သူ့အား နှုတ်ဆက်ရန်ပင် မဝံ့ရဲခဲ့ကြပေ။ မည်သို့ပင်ဆိုစေကာမူ ယခုအခါ ရှန်းယီက ပြဿနာများဖြင့်ဝန်ပိနေပြီး သူတို့အနေဖြင့် မိမိကိုယ်ကိုဒုက္ခတွင်းသို့ ဆွဲသွင်းမိမည်ကိုမစိုးရိမ်သော်လည်း လူငယ်လေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သွားမည်ကိုသာ ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။

သို့သော် ထိုတိုတောင်းသော စကားလေးခွန်း ထွက်ပေါ်လာချိန်တွင်..

လူအုပ်ကြီး၏မျက်နှာများပေါ်တွင် အပြုံးများ ချက်ချင်းထွက်ပေါ်လာပြီး၊ ရင်းနှီးကျွမ်းဝင်နေသောလုံခြုံမှုခံစားချက်က သူတို့၏စိတ်နှလုံးအတွင်း၌ တစ်ဖန် ပြန်လည် လှိုင်းခတ်သွားလေသည်။

လင်းပိုင်ဝေ့က စီနီယာအစ်မကျန်း၏အင်္ကျီလက်ကို သတိတကြီးလွှတ်လိုက်ပြီး လူအုပ်ထဲမှ ထွက်ကာ ရှန်းယီထံသို့ ရှက်ရွံ့စွာချဉ်းကပ်သွား၏။

သူမ၏နှာခေါင်းလေး ရှုံ့သွားပြီး မျက်လုံးများကို မှိတ်ကာ အသက်ကို ညင်သာစွာရှူသွင်းလိုက်သည်။

၎င်းမှာ သူမမှတ်ဉာဏ်ထဲရှိ အနံ့လေးပင်၊ သွေးနံ့ သဲ့သဲ့လေး ရောယှက်နေဆဲဖြစ်သည်။

သူမက လူနှစ်ယောက်သာဆံ့သော ထိုမှောင်မိုက်ကျဉ်းမြပ်သည့် အခန်းလေးသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ ဟောင်းနွမ်းနေသော သစ်သားတံခါးကိုတွန်းဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေရင်း၊ခုလေးတင် သတ်ဖြတ်လာသည့် သွေးအငွေ့အသက်များကိုယ်တွင်လွှမ်းခြုံလျက် လူငယ်လေး အစားအစာများယူဆောင်လာမည့်အချိန်ကို စောင့်မျှော်နေသကဲ့သို့ပင်။

တစ်လပင် မပြည့်သော ထိုအချိန်ကာလလေးမှာ မေ့ပျောက်ရန် အလွန်ခက်ခဲလှပေသည်။

"ကျွန်မ အစ်ကို့ကို လွမ်းနေတာ။"

လင်းပိုင်ဝေ့က မျက်လုံးများကို မှိတ်ထားဆဲပင် ခြင်တစ်ကောင်အလားတိုးညှင်းသော အသံလေးဖြင့် ရေရွတ်လိုက်သည်။

သူမ၏စကားများ မဆုံးမီမှာပင်၊သွယ်လျသည့် လက်တစ်ဖက်က သူမ၏ခေါင်းပေါ်သို့ ရောက်ရှိလာပြီး ရင်းနှီးကျွမ်းဝင်စွာဖြင့် အကြိမ်အနည်းငယ်မျှပွတ်သပ်ပေးလိုက်သည်။

မိန်းကလေး၏မျက်နှာပေါ်တွင် ရှက်သွေးဖြာမှုနှင့် ကျေနပ်မှုအရိပ်အယောင်များ ပိုမိုပေါ်လွင်လာလေ၏။

သူမက မျက်လုံးများကို ဖွင့်လိုက်ပြီး ရွှေခေါင်းလောင်းလေးတစ်လုံးကို ကိုင်ထားသော လက်ကို မြှောက်ပြလိုက်ရာ သူမ၏မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

နှစ်အနည်းငယ်အတွင်း ရွှေခေါင်းလောင်းနတ်ဆိုးဖမ်းဆီးသူအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ ရှန်းယီနှင့် နှိုင်းယှဉ်ပါက အရေးမပါလှသော်လည်း၊ ၎င်းမှာ လင်းပိုင်ဝေ့အတွက်မူ အမြင့်ဆုံး စွမ်းဆောင်နိုင်မှုပင်။

သူမ နှေးကွေးနေသော်လည်း အမီလိုက်နိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း သူ့ကို သိစေချင်ခဲ့၏။

"ကျွန်မ ဒါလေးကို အစ်ကို့ကို ပေးချင်လို့ပါ။"

လင်းပိုင်ဝေ့က ပြောလိုက်ရာ သူမ၏အသံမှာ တဖြည်းဖြည်းတိုးဝင်သွားပြီး သူမရှေ့ရှိ လူငယ်ကိုပင် သေချာ မကြည့်ရဲတော့ချေ။

ရှန်းယီက ခေတ္တမျှရပ်တန့်သွားပြီး သူ၏လက်ကို ရုပ်သိမ်းလိုက်ကာ၊ မိန်းကလေး၏လက်ထဲမှ ခေါင်းလောင်းလေးကို ယူကာခါးတွင် ပေါ့ပေါ့ပါးပါး ချိတ်ဆွဲလိုက်ပြီး တင်းကျပ်စွာချည်နှောင်လိုက်သည်။ ထို့နောက် သူက တိုးညှင်းစွာ ပြောလိုက်၏။

"ကျေးဇူးပါပဲ။"

လင်းပိုင်ဝေ့က ပြုံးလျက် နှုတ်ခမ်းကို စေ့ထားပြီး ကျေနပ်စွာ လက်ပြကာ လူအုပ်ထဲသို့ ပြန်ဝင်သွားလေသည်။

အစ်ကိုကြီးရှန်းကို သတိရနေသူမှာ သူမ တစ်ယောက်တည်းမဟုတ်ကြောင်း သူမ သိထားသည်။

ထို့အပြင် ယခုအခါတွင် သူက အရေးကြီးသော ကိစ္စရပ်များစွာဖြင့် အလုပ်များနေပြီဖြစ်သည်။

"အစ်ကို ပြောပြတာနဲ့ သိပ်တော့ မတူသလိုပဲနော်။"

ကျစ်ရှန်းက သူမ၏အစ်ကိုကို တံတောင်ဖြင့် တွတ်လိုက်ပြီး မျက်နှာတွင် သံသယဖြစ်ဖွယ် အမူအရာဖြင့် မေးလိုက်၏။

အစပိုင်းတွင် သူက အင်ပါယာခုံရုံး၌အရာရှိကြီး တစ်ဦးဖြစ်ကြောင်း ကြွားဝါခဲ့ပြီးနောက်၊ နတ်ဘုရားနယ်မြေ၏ကျယ်ပြောလှသော နယ်မြေအကြောင်း၊ ဝေးလံခေါင်ဖျားသော ဟုန်ကျယ်ကဲ့သို့မဟုတ်ဘဲ တစ်လှမ်းချင်းစီ သွားရမည်ဖြစ်ကြောင်းစသည်ဖြင့် ပြောဆိုခဲ့သည်။

သို့ဆိုလျှင် ဂိုဏ်းချုပ်ရှန်းက အဘယ်ကြောင့် မသေမျိုးအရာရှိ တစ်ဦး၏ဝန်ဆောင်မှုကို ရရှိနေရသနည်း။

"နင်က ဘာလို့ ငါ့ကို သူနဲ့ သွားယှဉ်နေတာလဲ။ နင့်ကိုယ်နင် သူနဲ့ ဘာလို့ သွားမယှဉ်တာလဲ။"

ကျစ်ယန်က မှုန်ကုပ်ကုပ်ဖြင့် ပြန်ဖြေလိုက်ပြီး သူ၏အကြည့်များတွင်လည်း ရှုပ်ထွေးမှုများ ပြည့်နှက်နေလေသည်။

သူတို့သည် မိုးခေါ်ပေးသူများနှင့် တိမ်တိုက်လှုပ်ရှားမှုတမန်တော်များ သက်သက်မျှသာ မဟုတ်ဘူးလော။ အဘယ်ကြောင့် ဤမျှလောက် ကြီးမားသော ကွာခြားချက်ရှိနေရသနည်း။

မြေစောင့်ဘုရားကျောင်း၏အရှေ့တွင်၊ မုန့်ရှို့ဝမ်က တိတ်ဆိတ်သွားပြီး သူ၏ဘေးရှိ မင်ကျစ်ရန်ကို အကဲခတ်နေသည်။

တစ်ဦးမှာ ကျန်းယန်စီရင်စု၏ ယခင် နတ်ဆိုးသုတ်သင်ရေးအရာရှိဖြစ်ပြီး၊ အခြားတစ်ဦးမှာ ဒေသကိုနှစ်ပေါင်းများစွာ စီမံအုပ်ချုပ်ခဲ့သော မြေစောင့်မသေမျိုး ဖြစ်သည်။

တစ်စုံတစ်ယောက်က သူတို့ကို လှည့်စားနိုင်ကောင်း လှည့်စားနိုင်မည်ဖြစ်သော်လည်း ဤမျှများပြားသောလူအုပ်ကြီး ရုတ်တရက် ပေါ်လာရန်မှာ မဖြစ်နိုင်ပေ။

"ဒါ တကယ်ပဲ ဖြစ်နိုင်ပါ့မလား။"

မုန့်ရှို့ဝမ်က နားထင်ကို ပွတ်လိုက်၏။ သူက ဤကဲ့သို့သော ထူးဆန်းသည့် ကျင့်ကြံသူများကို ယခင်က တစ်ခါမျှမမြင်တွေ့ခဲ့ဖူးပေ။

ယခုလေးတင် မြင်တွေ့ခဲ့ရသော မြင်ကွင်းအရဆိုလျှင်၊အမှန်တကယ်တော့ သူက ၎င်းကို လုံးဝနီးပါး ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။

မင်ကျစ်ရန်သည် ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။ သူ၏အကြည့်များက ရှန်းယီ၏ခါးရှိ ခေါင်းလောင်းလေးထံသို့ ကျရောက်သွားပြီး၊ လူငယ်လေး၏သေချာစွာ ချိတ်ဆွဲလိုက်သော လုပ်ရပ်က သူ့အား နောက်ဆုံးတွင် လူသားဆန်မှု အချို့ကိုမြင်တွေ့ခွင့်ရစေခဲ့ပြီး၊ ကပ်ဆိုးကြယ်တစ်ပွင့်ကဲ့သို့ မဟုတ်တော့ချေ။

သူက ခေါင်းကို ခါရမ်းလိုက်ပြီး ရှေ့သို့ တစ်လှမ်း တိုးကာ အဘိုးအိုနှစ်ဦးကို ခေါ်ရန် လက်ဝှေ့ယမ်းလိုက်သည်။

"အဲဒီနေ့ကစာရင်းကို ငါ့ဆီ ယူလာခဲ့၊ ငါ ထပ်ကြည့်ချင်သေးတယ်။"

အလွန် အတွေ့အကြုံများသူပီပီ၊ သူက ၎င်းကို တစ်ချက်မျှကြည့်လိုက်ရုံဖြင့် ဤလူများ မည်သည့်နေရာနှင့် သင့်လျော်မည်ကို နားလည်သွားခဲ့၏။ သူ၏ စုတ်တံဖြင့် လျင်မြန်စွာရေးခြစ်ကာ၊ နာမည်တစ်ခုချင်းစီ၏အနောက်တွင် မသေမျိုးဂိုဏ်း သို့မဟုတ် အင်ပါယာခုံရုံး၏ဌာနအချို့၏ အမည်များကို ဖြည့်စွက်လိုက်လေသည်။

မင်ကျစ်ရန်က ရှေ့သို့ တိုးလာပြီး မှတ်တမ်းစာအုပ်ကို ရှန်းယီထံသို့ စစ်ဆေးရန် ကမ်းပေးလိုက်သည်။

"ကျုပ်ကလေးတွေကို ထောက်ခံစာတွေ ပြင်ဆင်ခိုင်းလိုက်မယ်၊ သုံးရက်လောက်အတွင်းမှာတော့ အကြောင်းပြန်စာ ရလောက်ပါတယ်။"

"ဒီအဘိုးကြီးက ဩဇာအာဏာသိပ်မရှိတဲ့ မြေစောင့်မသေမျိုးတစ်ပါးဆိုတော့ သိပ်အများကြီး မကူညီပေးနိုင်ပါဘူး။ သူတို့ အခြေချဖို့ သင့်တော်မယ့် နေရာလေးတစ်ခု ရှာပေးရုံလောက်ပဲ တတ်နိုင်တယ်။ သူတို့ ဘယ်လောက်အထိ ခရီးရောက်မလဲ ဆိုတာကတော့ သူတို့ရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တော့တာပေါ့။"

"ကျေးဇူးတင်ပါတယ်၊ မြေစောင့်မသေမျိုး။"

ရှန်းယီသည် မှတ်တမ်းစာအုပ်ကို ပြန်ပေးကာ ကျေးဇူးတင်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

မြေစောင့်မသေမျိုး ဘုရားကျောင်းတွင်းသို့ ပြန်ဝင်သွားသည်ကို ကြည့်ရင်း၊ တောင်ပိုင်းဟုန်မှ ယခုလေးတင် ရောက်ရှိလာသူများ၏ မျက်နှာများတွင် အံ့အားသင့် ဝမ်းမြောက်မှု အရိပ်အယောင်များ ပေါ်လွင်နေလေသည်။ သူတို့သည် စိမ်းသက်သောနေရာတစ်ခုသို့ အသစ်ရောက်ရှိလာသူများဖြစ်ရာ လမ်းပျောက်နေသကဲ့သို့ ခံစားရသည်မှာ မလွဲမသွေဖြစ်သော်လည်း ယခုအခါတွင် ၎င်းတို့၏ စိုးရိမ်ပူပန်နေသော စိတ်နှလုံးများမှာ နောက်ဆုံးတွင် ငြိမ်းချမ်းသွားခဲ့ပြီ ဖြစ်သည်။

တကယ်တမ်းတော့၊ ဂိုဏ်းချုပ်ရှန်းက ကိုယ်တိုင်ကိုယ်ကျ စကားပြောစရာပင် မလိုဘဲ ကိစ္စရပ်များကို လွယ်လင့်တကူဖြေရှင်းပေးနိုင်ခဲ့သည်တကား။

"စစ်သူကြီးယဲ့လန်ဆီ သူ့ကို တကယ် လွှဲပေးလိုက်ဖို့ မင်း မရက်စက်နိုင်ဘူးဆိုတာ ငါ သိပါတယ်။"

ဘုရားကျောင်းတွင်းသို့ ပြန်ရောက်သောအခါ၊ မင်ကျစ်ရန်က သက်ပြင်းချရင်း မုန့်ရှို့ဝမ်ကို ကြည့်လိုက်သည်။ မုန့်ရှို့ဝမ်မှာ အနည်းငယ် မဆင်မခြင် ပြုမူတတ်သော်လည်း သူက သစ္စာစောင့်သိမှုကို အမှန်တကယ်တန်ဖိုးထားသူဖြစ်ပြီး၊ ပြဿနာများစွာကို ဖန်တီးခဲ့ဖူးသဖြင့် ရာထူးတိုးမြှင့်ခံရခြင်းမှ တားဆီးခံထားရသူ ဖြစ်သည်။

"ဒီအဘိုးကြီးကို နောက်တစ်ခါ ထပ်ယုံကြည့်လိုက်ပါ၊ ဒီလူတွေက နတ်ဘုရားမင်းဆက်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေသရွေ့၊ သူက ဘေးဒုက္ခတွေ ဖန်တီးဖို့ စိတ်ကူးမှာ မဟုတ်ပါဘူး။"

"ဟေး။ အခုကျတော့ ခင်ဗျားက လူကောင်း လုပ်နေတယ်ပေါ့လေ။ အစတုန်းက သူ့ကို စောင့်ကြည့်ခိုင်းခဲ့တာ ဘယ်သူလဲ။"

မုန့်ရှို့ဝမ်က အထင်သေးစွာဖြင့် မျက်လုံးများကို လှန်ပြလိုက်သည်။

မသေမျိုးအလုပ်ကြွေးပြုနှစ်ဦးက အပြင်လူများအဖွဲ့အား ကျန်းယန်စီရင်စုသို့ ရိုသေစွာပြန်လည်ပို့ဆောင်ပေးပြီးမှသာ သူသည် လှည့်၍ တံခါးကို တွန်းဖွင့်ကာ ထွက်လာခဲ့သည်။ ထို့နောက် အပြင်ဘက်တွင် အချိန်တစ်လျှောက်လုံးတိတ်ဆိတ်စွာ ရပ်နေခဲ့သော ယဲ့ကျင်းကို တစ်ချက် ကြည့်လိုက်၏။

ထိုမိန်းကလေး၏ရှုပ်ထွေးနေသော အမူအရာကို သတိပြုမိပြီးနောက် သူက မေးလိုက်သည်။

"မင်းကရော အခု ဘာဖြစ်နေပြန်တာလဲ။"

"ဘာမှမဖြစ်ပါဘူး၊ သိပ်အရေးမကြီးပါဘူး။"

ယဲ့ကျင်းက အတင်းပြုံးပြလိုက်ပြီး၊ ထိုနေရာတွင် ငေးမောလျက် ရပ်နေဆဲပင်။

မုန့်ရှို့ဝမ်သည် ယခုအချိန်တွင် ဤကိစ္စများကို ဖြေရှင်းရန် စိတ်မပါပေ။ သူက ရှန်းယီထံသို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။

"အရာရှိရှန်း၊ သူမ မကြာခင် ရောက်လာလိမ့်မယ်။"

ယခင် ကျောက်စိမ်းနဂါးဂိုဏ်း ကိစ္စနှင့် နှိုင်းယှဉ်ပါက ယခု တိမ်ဖြူဂူ ခရီးစဉ်မှာ အပြတ်အသတ် ရှင်းလင်းမှု တစ်ခုဖြစ်ခဲ့သည်။ ကျောက်စိမ်းရွှေသစ်ပင်အိုကြီးကိစ္စတွင် ပါဝင်ပတ်သက်နေသော မည်သည့် ကျင့်ကြံသူမဆို ချန်လှပ်ထားခြင်း မခံရပေ။

အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှမရှိခဲ့သလို၊ ၎င်းတို့၏မိသားစုများနှင့် ဂိုဏ်းများပါ လုံးဝ သုတ်သင်ခံလိုက်ရသည်ဟုပင် ဆိုနိုင်သည်။

"နောက်ကျ စကားပြောတဲ့အခါ၊ အရမ်းကြီး ပြတ်ပြတ်သားသားမပြောပါနဲ့၊ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဘက်က မှားနေတာလေ။"

မုန့်ရှို့ဝမ်က သူ၏လက်များကို ပွတ်သပ်လိုက်ပြီး၊ သူ၏စကားများ ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် အခြားသူများကသာ သူ့ကို ဤကဲ့သို့ အကြံပေးလေ့ရှိသောကြောင့်ပင်။

သူသည် ရှန်းယီအနားသို့ တိုးကပ်သွားပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။

"သူမက တကယ်ကို သန်မာတယ်။ တတ်နိုင်ရင် သူမကို မစမ်းသပ်တာ အကောင်းဆုံးပဲ။"

အကယ်၍ အမှန်တကယ် ကိုယ်ထိလက်ရောက် ရင်ဆိုင်ရမည်ဆိုပါက၊ သူက ထိုအမျိုးသမီး၏ ဓားကို ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း မုန့်ရှို့ဝမ် သိရှိပေသည်။

သူ စကားပြော၍ မဆုံးမီမှာပင်၊ အဖြူရောင် အလင်းတန်းတစ်ခုက ကောင်းကင်မှ ကျဆင်းလာခဲ့ပြီ ဖြစ်သည်။

မုန့်ရှို့ဝမ်က အလွန် နာခံတတ်သော အသွင်အပြင်ပြောင်းကာ သူ၏ခန္ဓာကိုယ်ကို လျင်မြန်စွာ မတ်မတ်ရပ်လိုက်သည်။

"..."

ယဲ့လန်က သူမ၏ပုံမှန် အေးစက်သော အမူအရာကို ထိန်းသိမ်းထားပြီး သူမ၏မျက်နှာတွင် မည်သည့် ခံစားချက်ကိုမျှမပြသပေ။ သူမ၏ယောကျ်ားလေးဆန်သော ဝတ်ရုံဖြူက သူမ၏ခြေလှမ်းများကိုပြတ်သားပြီးလျင်မြန်နေစေသည်။

သူမက ဘေးဘီကို မကြည့်ဘဲ၊ သူမ၏ ညီမဖြစ်သူကိုပင် ပို၍ တစ်ချက်မျှမကြည့်ခဲ့ချေ။

သို့သော် သူမ မြေစောင့်ဘုရားကျောင်းအနီးသို့ ရောက်လာချိန်တွင် သူမက အရပ်ရှည်သော်လည်း ရှန်းယီထက် အနည်းငယ် ပုနေသေးသည်။

သို့သော် ယခုအခိုက်အတန့်တွင် ရှန်းယီရှေ့၌ရပ်နေစဉ် အထက်စီးမှကြည့်နေသကဲ့သို့သော အရှိန်အဝါမျိုး ရှိနေလေ၏။ ယဲ့လန်က အသစ်ရာထူးတိုးလာသောနတ်ဆိုးသုတ်သင်ရေးအရာရှိကို တိုက်ရိုက် စိုက်ကြည့်လိုက်ကာ သူမ၏အသံတွင် အေးစက်မှုများ ရောယှက်နေလေသည်။

"ငါ မှတ်မိတာ မမှားဘူးဆိုရင်..."

"ပြီးခဲ့တဲ့အကြိမ်က သူ့ကို စောင့်ကြည့်မယ်လို့ နင် ငါ့ကို ကတိပေးခဲ့တယ်လေ။"

"..."

ရှန်းယီက မျက်ခုံးပင့်လိုက်ပြီး မုန့်ရှို့ဝမ်ကို တစ်ချက်ကြည့်လိုက်ကာ ယခင်က သူမ၏သတိပေးချက်ကို ပြန်လည် အမှတ်ရသွားသည်။

"သူ တော်တော်လေး လိမ္မာပါတယ်။"

သူ၏တိုက်ရိုက် အထက်လူကြီးအား ခက်ထန်သော မျက်နှာထားဖြင့် ထုတ်ပြရလောက်အောင် သူသည် မိုက်မဲသူ တစ်ဦး မဟုတ်ပေ။

"လိမ္မာတယ်"

ယဲ့လန်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။

"တိမ်ဖြူဂူမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ခွင့်ပြုချက်ပေးလောက်အောင် လိမ္မာတယ်ပေါ့လေ။"

ရှန်းယီက သူ၏အကြည့်များကို ရုပ်သိမ်းလိုက်ပြီး သူမနှင့်မျက်လုံးချင်းဆုံကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

"အဲဒါ ကျွန်တော် လုပ်ခဲ့တာ။"

ထိုစကားကို ကြားသောအခါ မုန့်ရှို့ဝမ်က သူ၏နဖူးကို လက်ဖြင့် ရိုက်လိုက်မိတော့သည်။

ကောင်းလိုက်တာ၊ အကြံပေးခဲ့တာတွေ အကုန် အလကား ဖြစ်သွားပြီပဲ။

All Chapters