အိပ်မက်ထဲသို့ ဝင်ရောက်ခြင်း
Vol. 21 Ch. 288
ရာနှင့်ချီသော အိမ်ခြေများအဆုံးသည် ဆီးနှင်းလွင်ပြင်၏ အဆုံးသတ်ဖြတ်ပြီး ထိုနေရာတွင် အောက်ခြေသို့ပေပေါင်းသိန်းချီနက်သော ချောက်ကမ်းပါးကြီးတစ်ခုရှိသည်။ ချောက်ကမ်းပါးသည် ဆီးနှင်းများကြောင့် အဖြူရောင်ဖြစ်နေပြီး ကမ်းပါးစွန်းတွင်တော့ ရေခဲအိမ်တစ်လုံးရှိသည်။ အိမ်ဘေးတွင်တော့ အနက်ရောင်သစ်ရွက်များဖြင့် အဖြူရောင်သစ်ပင်ကြီးတစ်ပင် ရှိ၏။ သစ်ပင်ပင်စည်တွင် အက်ကြောင်းများစုဝေးနေပြီး မျက်လုံးမှိတ်ထားသော လူတစ်ဦး၏ပုံမျိုး ဖွဲ့စည်းဖြစ်ပေါ်နေခဲ့သည်။
ချောက်ကမ်းပါးအောက်ခြေသည် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အခြားအပိုင်းဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည်သာ ကမ်းပါးစွန်းတွင်ရပ်လျက် အောက်သို့ငုံ့ကြည့်လိုက်မည်ဆိုလျှင် ချောက်ကမ်းပါးအောက်ရှိ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အခြားအပိုင်းဆိုသည်မှာ အမှန်တစ်ကယ်တော့ မြို့တစ်ခုဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
အမှန်စင်စစ်တော့ အရှေ့ဘက်အပိုင်းတွင် နေထိုင်သူများသည် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင်များ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ အစိတ်အပိုင်းတော့မဟုတ်ပေ။ ဤအရာက ပိုင်စုပင်မသိသောအရာတစ်ခု ဖြစ်သည်။
အရှေ့ဘက်ပိုင်းတွင် နေထိုင်သူများသည် အတိတ်အချိန်က အေးခဲကောင်းကင် အစွမ်းထက်လာခဲ့ချိန်တွင် အေးခဲကောင်းကင်မဟာမျိုးနွယ်စုကြိးထံ အညံ့ခံရန် ဖိအားပေးခံခဲ့ရသည့် အခြားမျိုးနွယ်စုများဖြစ်သည်။ ၎င်းတို့က စိတ်တစ္ဆေကပ်ဆိုး မျိုးနွယ်စုနှင့် ပူးပေါင်းခဲ့ပြီး မြောက်ပိုင်းနယ်စပ်ဟူ၍ ဖြစ်ပေါ်လာခဲ့ခြင်းပင်။
စင်စစ်အားဖြင့် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုထဲတွင် မျိုးနွယ်စုပေါင်းများစွာ၏ သွေးဆက်များရှိနေခဲ့သည်။ ၎င်းတို့အထဲတွင် စိတ်တစ္ဆေကပ်ဆိုးက အသန်မာဆုံးဖြစ်ပြီး ထို့ကြောင့်ပင် စိတ်တစ္ဆေကပ်ဆိုးက မျိုးနွယ်စုအား ထိန်းချုပ်ထားခြင်းဖြစ်သည်။ အတိတ်ကာလတည်းကပင် ရွေးချယ်ခံခဲ့ရသည့် အကြီးအကဲများအားလုံးက စိတ်တစ္ဆေကပ်ဆိုး ဖြစ်ခဲ့ကြလေသည်။
ကွဲပြားခြားနားသော သွေးဆက်များအကြား ခြားနားမှုက လျော့နည်းသွားခဲ့သော်လည်း စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ ခွန်အားအောက်တွင် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုမှ မဟုတ်သူများက မျိုးနွယ်စု၏ အရှေ့ဘက်ပိုင်းတွင်သာ နေထိုင်နိုင်ကြသည်။ ၎င်းသည် စိတ်တစ္ဆေကပ်ဆိုး၏ ဓလေ့ထုံးစံများနှင့် ဆက်စပ်နေ၏။ အရှေ့ဘက်ပိုင်းတွင် နေထိုင်သူများသည် လက်အောက်ခံများဖြစ်ပြီး အနောက်ဘက်၌ နေထိုင်သူများကသာ သခင်များဖြစ်သည်ဟု သူတို့ယုံကြည်ကြလေသည်။
ထိုအချိန်တွင် ပေသိန်းပေါင်းများစွာ ရှည်လျားသော မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုပိုင်နယ်မြေ၏ ရှေ့ဆုံးအပိုင်းတွင် ခါးထိရောက်နေသော ဆံပင်ရှည်များရှိသည့် ကြောက်မက်ဖွယ်အမူအယာနှင့် သက်လတ်ပိုင်းလူကြီးတစ်ဦး ရပ်နေခဲ့သည်။ သူသည် သားရဲအရေများဖြင့် ပြုလုပ်ထားသည့် အဝတ်အစားများကိုဝတ်ဆင်ထားပြီး အရိုးဖြင့်ပြုလုပ်ထားသော လေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ထိုလေးအား အပြာရောင်အခိုးငွေ့အရှိန်အဝါတစ်ခု ဝန်းရံနေပြီး ထိုအပြာရောင်အရှိန်အဝါအတွင်း အားပျော့သော အနက်ရောင်အမျှင်တန်းတစ်ခုအား တွေ့မြင်နိုင်လေသည်။
သူ့နောက်တွင် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင် ၁၀၀နီးပါး ငြိမ်သက်စွာရပ်နေကြသည်။ သို့သော် ထိုလူများသည် စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုမှ မဟုတ်သောကြောင့် သူတို့လက်ထဲတွင်တော့ လေးများမရှိကြပေ။
သို့သော်ငြား ထိုလူများသည် လေးကိုင်ဆွဲထားသောလူ၏ အမိန့်ကိုနားထောင်နေကြဆဲ ဖြစ်သည်။ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုထဲတွင် လေး ရရှိသူများသည် လေးစားထိုက်သူများဖြစ်သည်။
သက်လတ်ပိုင်းအမျိုးသားသည် ပေသိန်းပေါင်းများစွာအဝေးတွင် အခြားသော ဒါဇင်ပေါင်းများစွာ မြောက်ပိုင်းနယ်စပ်မာန်စွမ်းအားရှင် အဖွဲ့နှင့် တိုက်ခိုက်နေသည့် စုမင်နှင့်ကျန်နှစ်ဦးကို စူးစိုက်ကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းများတွင် အထင်အမြင်သေးဟန် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“အကယ်၍ အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီးကသာ အနိုင်ရဖို့အတွက် စက်ဆုပ်ဖို့ကောင်းတဲ့နည်းလမ်းမျိုး မသုံးခဲ့ရင်၊ အခုချိန်မှာ အေးခဲကောင်းကင်ကလန်က စိတ်တစ္ဆေကပ်ဆိုးကလန် ဖြစ်နေလောက်ပြီ” အမျိုးသားက အေးစက်စွာပြောသည်။ သူ့စကားများကို တုန့်ပြန်ဟန်ဖြင့် သူ့လက်ထဲတွင်ကိုင်ထားသော လေးအတွင်းမှ အပြာရောင်အရှိန်အဝါကလည်း တောက်ပသွားသည်။
“ဆရာ ယို့လင်း သူတို့က ကျိုးကောကိုရှာနေကြတာ” သက်လတ်ပိုင်းအမျိုးသား၏ ဘေးတွင်ရပ်နေသော မြောက်ပိုင်းနယ်စပ်မှ လူတစ်ဦးက အသံတိုးတိုးဖြင့်ပြောလာ၏။
“သူတို့က စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုရဲ့လူကို လာရှာတာမို့လို့ မင်းလူတွေက မတိုက်ခိုက်သင့်ဘူးလို့ ပြောနေတာလား” သက်လတ်ပိုင်းအမျိုးသားက အေးစက်စွာပြောလိုက်ပြီး ထိုလူကိုလှည့်ကြည့်လိုက်သည်။
ထိုလူ၏ အဆင့်အတန်းက အတော်အတန်မြင့်မားသည်မှာ အရှင်းအလင်းပင် ဖြစ်သည်။ သို့သော် ယို့လင်း၏အကြည့်အောက်တွင် အထူးသဖြင့် ယို့လင်းလက်ထဲကိုင်ထားသော လေး၏ပတ်လည်မှ အပြာရောင်အရှိန်အဝါသည် စိတ်တစ္ဆေအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်းပါးစပ်ကိုဟ၍ အသံတိတ်ဟိန်းဟောက်လိုက်သည်ကို တွေ့လိုက်ရသောအခါ၊ ထိုလူ၏နံဖူးထက်တွင် တစ်ဖြည်းဖြည်းချွေးပြန်လာခဲ့ချေသည်။
သူ ခေါင်းငုံ့လိုက်သည်။
“ကျွန်တော် မလုပ်ရဲပါဘူး...”
“မလုပ်ရဲဘူးဆိုလည်း ပါးစပ်ပိတ်ထား” ယို့လင်း၏ အကြည့်ကပါ အေးစက်သွားခဲ့သည်။
“ဒါပေမယ့်... ဆရာ” ထိုလူက အံကြိတ်လိုက်ပြီး ယို့လင်းကိုအမြန်မော့ကြည့်လိုက်သည်။
“ဆရာ့ရဲ့ စွမ်းအား၊ ဆရာ့ရဲ့စိတ်တစ္ဆေနဲ့ ဆရာသာအခုလှုပ်ရှားလိုက်ရင် ကျွန်တော့မျိုးနွယ်စုကလူတွေ နည်းနည်းပဲသေရလိမ့်မယ်။ ဒါတွေက ကျွန်တော်တစ်ယောက်တည်းရဲ့ အတွေးတွေမဟုတ်ဘူး။ တစ်ခြားမျိုးနွယ်စုတွေလည်း အဲလိုပဲတွေးနေကြတာ”
ထိုသူ၏နှလုံးသားသည် ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်နေသည်။ သူ့မျိုးနွယ်စုမှ မာန်စွမ်းအားရှင်များစွာ သေဆုံးနေပြီး ထိုသူတို့အတွက် သူ့နှလုံးသားနာကျင်နေရခြင်းကြောင့်သာ မဟုတ်လျှင် သူသေချာပေါက် ထိုသို့ပြောမိလိမ့်မည်မဟုတ်ပေ။
ယို့လင်း ထိုလူကိုစိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်မှ သူ့နှုတ်ခမ်းများပေါ်တွင် အေးစက်စက်လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ညာလက်ကိုမြှောက်၍ ထိုလူ့ပုခုံးကိုပုတ်ပေးလိုက်သည်။
“မင်းမှန်တယ်။ ဒီဟာသပြဇာတ်ကို အဆုံးသတ်ပစ်ဖို့ အချိန်တန်ပြီ” ယို့လင်းသည် မြှောက်ထားသော ညာဘက်လက်နှင့်ပင် စုမင်နှင့်ကျန်နှစ်ဦးကို ညွှန်ပြလိုက်သည်။
“မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုရဲ့ အရှေ့ဘက်မှာရှိတဲ့ မျိုးနွယ်စုတွေက စစ်သည်တော်တွေအားလုံးပေါင်းပြီး အဲဒီလူသုံးယောက်ရဲ့ ခေါင်းတွေကို ဒီနေရာယူလာခဲ့ကြ။ မသွားတဲ့ဘယ်သူမဆို သစ္စာဖောက်အဖြစ် ယူဆမှာဖြစ်ပြီး အပြစ်နဲ့အညီ အပြစ်ပေးခံရမယ်”
“ဆရာ” ထိုသူသည် ခဏတာမင်သက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
“လုပ်မလား၊ သေမလား” ယို့လင်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရာ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့်အသိတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုသူလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ထို့နောက် အံကြိတ်လိုက်ပြီး ခပ်တိုးတိုးဟစ်ကြွေးလျက် ပေသိန်းပေါင်းများစွာအဝေးမှ စစ်မြေပြင်သို့ ဦးတည်လိုက်သည်။ သူ့နောက်တွင် အခြားသောမြောက်ပိုင်းနယ်စပ် မျိုးနွယ်စုဝင်တစ်ရာနီးပါး တိတ်ဆိတ်စွာပြေးထွက်လာခဲ့သည်။ ထိုလူများသည် စုမင်တို့သုံးဦးထံသို့ ဒီရေလှိုင်းလုံးကြီးသဖွယ် တိုးဝင်သွားကြချေသည်။
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အရှေ့ပိုင်းမှ ခပ်တိုးတိုးဟစ်ကြွေးသံများ ပဲ့တင်ထပ်လာခဲ့သည်။
ပိုမိုများပြားသော မာန်စွမ်းအားရှင်များသည် စုမင်တို့သုံးဦးထံသို့ အရိပ်များသဖွယ် တိုးဝင်လာခဲ့သည်။
မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အရှေ့ပိုင်းရှိ မာန်စွမ်းအားရှင်များ အားလုံးနီးပါး ပြေးထွက်သွားသောအခါ ယို့လင်းသည် နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး မြင်ကွင်းကိုစောင့်ကြည့်နေခဲ့သည်။
“မင်းတို့သတ်ချင်သလောက် သတ်ကြစမ်း။ ဒါကရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ ဒီတစ်ကြိမ်တော့ ငါ့စိတ်တစ္ဆေက သွေးလုံလုံလောက်လောက်ရပြီး ဒုတိယအသွင်ပြောင်းလဲမှုကို အောင်မြင်နိုင်ကောင်းပါရဲ့...”
မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု ဂိတ်တံခါးတွင် စုမင်၊ ဟူကျီနှင့် အစ်ကိုနှစ်တို့သည် အလင်းတန်းသုံးခုသဖွယ် ဖြတ်သန်းနေကြသည်။ သူတို့လမ်းကြောင်းတွင် ရပ်တန့်ရန်ကြိုးစားသူမှန်သမျှ သေဆုံးကြသည်။ သူတို့အနောက်ရှိ မြေပြင်ကိုတော့ မြက်များဖုံးလွှမ်းကျန်ရစ်ခဲ့သည်။ ထိုမြက်များပေါ်တွင် သွေးများအပြင် ဒါဇင်ပေါင်းများစွာသော အလောင်းများလည်း ရှိနေခဲ့၏။
ဟူကျီသည် စိတ်မထိန်းနိုင်တော့သည်အထိ သတ်ဖြတ်ခဲ့ပြီးချေပြီ။ မူးနေရင်းမှပင် ပုဆိန်ကိုလွှဲယမ်းနေခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်တော့ မမြင်ရသော ချပ်ဝတ်အလွှာပေါင်းများစွာ ရှိနေပုံပေါ်၏။ သူသည် သုံးဦးအနက် ရှေ့ဆုံးတွင်တိုက်ခိုက်နေပြီး ဟိန်းဟောက်အော်ဟစ်လိုက်ကာ သူ့ကိုယ်ပေါ်ကျလာသမျှ ထိုးနှက်တိုက်ခိုက်မှုများကို လုံးဝလျစ်လျူရှုထားလေသည်။
အစ်ကိုနှစ်ကတော့ ပိုမိုသိမ်မွေ့သောနည်းလမ်းကို အသုံးပြုခဲ့သည်။ သူသည် ဟူကျီကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသောအရာမျိုး ပြုလုပ်ခြင်းမရှိသလို သူ့အတွက်လှုပ်ရှားရန်ပင် မလိုအပ်ခဲ့ပေ။ အချိန်အများစုတွင် လူများသည် သူ့အနားသို့မကပ်နိုင်ခင်မှာပင် လူသားသစ်ပင်များအဖြစ် ပြောင်းလဲကာ သေဆုံးသွားပေလိမ့်မည်။
စုမင်ဘက်တွင်တော့ သူ၏ညာဘက်မျက်လုံးအတွင်းမှ သတ်ဖြတ်ခြင်းအရှိန်အဝါက ထူထဲနေပြီး သူ့ပတ်လည်တွင် လျှပ်စီးအလင်းလွှာတစ်ခု ကူးခတ်လှုပ်ရှားနေသည်။ ထိုလျှပ်စီးကို ထိလိုက်မိသူတိုင်းသည် တစ်ခဏတာ ရပ်တန့်သွားလိမ့်မည်ဖြစ်ပြီး သူတို့အားစောင့်ဆိုင်းနေမည့် အရာကတော့ သူတို့၏ခေါင်းများ လေထဲသို့ဝဲပျံသွားခြင်း ဖြစ်သည်။
စုမင်လက်ထဲရှိကျောက်စိမ်းဓားရှည်မှ လတ်ဆတ်သောသွေးများ တစ်စက်စက်ကျဆင်းနေသည်။ စုမင်သည် မျက်လုံးများကိုပိတ်ထားလျှင်ပင် သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများကို အာရုံခံနိုင်ဆဲဖြစ်သည်။ ရှေ့သို့ဆက်တိုးနေသော်လည်း ဟူကျီနှင့် အစ်ကိုနှစ်တို့တွင် ဖြစ်ပျက်နေသည်များကို စောင့်ကြည့်နေနိုင်ဆဲဖြစ်သည်။ သူ၏ တည်ငြိမ်နေသော အမူအယာမှ သက်သောင့်သက်သာ လေထုတစ်ခုထွက်ပေါ်နေခဲ့သည်။
“အစ်ကိုနှစ် ဒီနေရာကလူတွေက စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်က မဟုတ်လောက်ဘူး...” ရှေ့သို့လျှောက်နေရင်းမှ စုမင်အေးအေးဆေးဆေး ပြောလိုက်သည်။
“စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်က လူတွေထွက်မလာဘူးဆိုရင်၊ ငါတို့က သူတို့ထွက်လာတဲ့အထိ သတ်ရတာပေါ့” အစ်ကိုနှစ်က ပြုံးရင်း ရှေ့ဆက်တိုးလာသည်။
စုမင်နှင့် သူ၏စီနီယာအစ်ကိုနှစ်ဦးသည် ဆက်လက်သတ်ဖြတ်ရင်း မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အရှေ့ပိုင်းသို့ ဝင်ရောက်တော့မည်အချိန်မှာပင် ရုတ်တရက်ဆိုသလို သူတို့အရှေ့မှ ဟိန်းဟောက်သံများ ပျံ့လွင့်လာပြီး မာန်စွမ်းအားရှင်တစ်ရာကျော်က သူတို့ထံတိုးဝင်လာခဲ့ကြသည်။
ထိုတိုးဝင်လာမှုကို ဦးဆောင်လာသူခုနစ်ဦးရှိပြီး ၎င်းတို့အားလုံး၏ စွမ်းအားများက ကျီချဲထက်နိမ့်ကျလိမ့်မည် မဟုတ်ပေ။ နီးကပ်လာသောအခါ ထိုလူများ၏ပုံစံသည် မည်းမှောင်နေသော ကောင်းကင်၏ အလင်းရောင်အောက်တွင် ကောင်းကင်နှင့်မြေပြင်ကို ဖုံးလွှမ်းထားသည့် ပျားအုပ်ကြီးတစ်ခုသဖွယ်ပင် ဖြစ်သည်။
တိုးဝင်လာနေသော လူများအနောက်ဘက် ပေသိန်းပေါင်းများစွာအဝေးမှ သူတို့အား စောင့်ကြည့်နေသည့် လူတစ်ဦးကို စုမင်၏နတ်ဘုရားစိတ်အာရုံက ချက်ချင်းသတိပြုမိလိုက်သည်။ ထိုလူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်ဟန် လှောင်ပြုံးတစ်ခုရှိပြီး သူ့လက်ထဲတွင်တော့ ကြီးမားသောလေးတစ်လက်အား ကိုင်ဆွဲထားလေသည်။ သူ့ဆံပင်များက အလွန်ရှည်လျားပြီး ခါးထိတိုင်ရောက်နေခဲ့သည်။
စုမင်တို့ထံသို့ ထိုမာန်စွမ်းအားရှင်တစ်ရာကျော် တိုးဝင်လာချိန်တွင် အစ်ကိုနှစ်၏မျက်လုံးများထဲတွင် အေးစက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူရှေ့တက်တော့မည့်အချိန်မှာပင် စုမင်ကလည်း ခြေထောက်ကို မြှောက်လိုက်ပြီး သူ့အနောက်တွင် ဟန်တောင်တန်းခေါင်းလောင်းက ဝေဝါးဝါး စတင်ပေါ်လာခဲ့သည်။
ထိုအချိန်တစ်ခဏအတွင်းမှာပင် ကိစ္စများစွာဖြစ်ပျက်သွားသည်။
မာန်စွမ်းအားရှင်များသည် အရှေ့သို့ရူးသွပ်စွာ တိုးဝင်လာနေပြီး အဝေးရှိ ယို့လင်း၏မျက်လုံးများထဲတွင်တော့ မျှော်လင့်ခြင်းများ၊ စိတ်အားထက်သန်မှုများ ပေါ်လာခဲ့သည်။ သူ့လက်ထဲရှိလေးမှ အပြာရောင်အရှိန်အဝါသည်လည်း အပြင်းအထန်လှုပ်ရှားလာပြီး စိတ်တစ္ဆေအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်း၏မျက်လုံးများထဲတွင် လိုချင်တပ်မက်မှုများ၊ သွေးဆာရက်စက်မှုများ ရှိနေချေသည်။
တိုးဝင်လာနေသော မာန်စွမ်းအားရှင်များ၏ အရှေ့မှ လူခုနစ်ဦး၏မျက်နှာပေါ်တွင် စိတ်မပါသည့်အမူအယာများ ရှိနေသော်လည်း သူတို့တိုက်ကိုတိုက်ရပေမည်။
စုမင်အနောက်ရှိနေရာတွင် အနက်ရောင်မီးခိုးမြူအစုအဝေးတစ်ခု ရှေ့သို့ဦးတည်လာနေပြီး ထိုအနက်ရောင်မီးခိုးမြူများနောက်တွင်တော့ ပိန်ပါးပါးအဘိုးအိုတစ်ဦးသည် လက်များကိုနောက်ပစ်၍ ရှေ့သို့လျှောက်လာနေခဲ့သည်။
ထိုကိစ္စများအားလုံးသည် အရာတစ်ခုကြောင့် တစ်ခဏတာရပ်တန့်သွားခဲ့သည်။
ဟူကျီသည် သူ့ညီအစ်ကိုနှစ်ဦး၏ရှေ့တွင် ရပ်နေခဲ့ခြင်းဖြစ်သည်။ မာန်စွမ်းအားရှင်တစ်ရာကျော် နီးကပ်လာသောအခါ ပုဆိန်အားတင်းကြပ်စွာဆုပ်ကိုင်ထားခြင်းကို ဖြေလျော့လိုက်သည်။ ၎င်းက ပြုတ်ကျသံတစ်ခုနှင့်အတူ နှင်းများပေါ်ကျဆင်းသွားသည်။ သူ့ဘယ်လက်ထဲရှိဝိုင်အိုးတွင် ဝိုင်များမရှိတော့သော်လည်း ထိုအရာကို ပါးစပ်တွင်တေ့ကာ သောက်ဟန်ပြုလိုက်ပြီး လွှတ်ချလိုက်သည်။
မြေပြင်ပေါ်သို့ ဝိုင်အိုးပြုတ်ကျသွားသည်နှင့် ဟူကျီသည်လက်များကိုဖြန့်ကား၍ ကောင်းကင်သို့ကြည့်လိုက်သည်။
“အိပ်မက်အတွင်း... ဝင်ရောက်ခြင်း...”
မူလက စတင်ထွက်ပေါ်လာသော သူ၏ခပ်တိုးတိုးအသံသည် မကြာမီမှာပင် ထိတ်လန့်ဖွယ်အော်ဟစ်သံအဖြစ် ပြောင်းလဲသွားသည်။
ထိုအော်ဟစ်သံက ပဲ့တင်ထပ်သွားပြီး မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အရှေ့ပိုင်း ပေ၁၀၀၀၀ဧရိယာကို ဖုံးအုပ်သွားသည်။ လေထဲသို့ သူ့အသံပဲ့တင်ထပ်သွားချိန်တွင် ဝိုင်အိုးသည်လည်း ဘန်းခနဲ မြေပြင်နှင့်တိုက်မိသွားခဲ့သည်။
၎င်းသည် တိုက်ဆိုင်မှုတစ်ခုကဲ့သို့ပင် ထိုအသံထွက်ပေါ်လာသည်နှင့် ဟူကျီ၏မျက်လုံးများလည်း ပိတ်ကျသွားတော့သည်။ ထိုအချိန်မှာပင် ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုသည် သူ့ခန္ဓာကိုယ်အား ဗဟိုပြုလျက်ဖြစ်ပေါ်လာခဲ့သည်။ လေထဲတွင်လည်း ထူထပ်သောအရက်နံ့နှင့် ဟောက်သံများ ပြည့်နှက်သွားသည်။
အရက်နံ့နှင့် အသံများဖြတ်သန်းသွားသော နေရာများတွင် စုမင်၏မျက်လုံးများက ပြူးကျယ်သွားပြီး သက်ပြင်းချလိုက်မိ၏။ တိုးဝင်လာနေသော မာန်စွမ်းအားရှင်များသည်လည်း ရုတ်တရက်ရပ်တန့်သွားပြီး ၎င်းတို့၏မျက်နှာများပေါ်တွင် စိတ်ရှုပ်ထွေးသွားသော အမူအယာများဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း မျက်လုံးများကိုပိတ်လျက် မြေပေါ်လဲကျသွားကြတော့သည်။
ထိုအချိန်အခိုက်အတန့်တွင်တော့ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စု၏ အရှေ့ပိုင်းပေ၁၀၀၀၀ဧရိယာသည် လူတိုင်းအိပ်မောကျနေသည့် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။ စုမင်နှင့် သူ့အစ်ကိုနှစ်တို့မှအပ အခြားသက်ရှိသတ္တဝါများအားလုံးသည် မျက်လုံးများကိုမှိတ်လျက် သတိလစ်လဲလျောင်းနေခဲ့ကြသည်။
“အိပ်မက်အတွင်း... ဝင်ရောက်ခြင်း...” စုမင်တီးတိုးရေရွတ်ပြီး ဟူကျီကိုလှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ဟူကျီသည် နက်ရှိုင်းစွာအိပ်မောကျနေသကဲ့သို့ မျက်လုံးများကိုမှိတ်လျက် မြေပြင်ထက်တွင် မတ်တပ်ရပ်နေချေသည်။
အစ်ကိုနှစ်သည် ခဏတာအံ့အားသင့်သွားပြီးနောက်မှ သူ့မျက်နှာထက်တွင် ကျေနပ်ပီတိဖြစ်သော အမူအယာမျိုးဖြစ်ပေါ်လာပြီး အားပါးတရ ရယ်မောလိုက်သည်။ “သုံးလေး လုပ်နိုင်ခဲ့ပြီ”
သို့သော် အစ်ကိုနှစ်ရယ်မောပြီးချိန်မှာပင် ဖော်ပြ၍မရနိုင်သော သတ်ဖြတ်လိုသည့် အသိတစ်ခုအား သယ်ဆောင်လာသည့် ကောင်းကင်ကိုပင် တုန်ခါသွားစေနိုင်သော စူးရှစွာလေတိုးသံတစ်ခုသည် ပေသိန်းပေါင်းများစွာအဝေးမှ ဖြတ်သန်းထွက်ပေါ်လာခဲ့သည်။ ထိုအရာက မြားတစ်ချောင်းဖြစ်သည်။
ထိုမြားအား အပြာရောင်အရှိန်အဝါတစ်ခု ဝန်းရံထားပြီး ထိုအရှိန်အဝါသည် လေထဲတွင်ပျံသန်းနေရင်း ရက်စက်ကြမ်းကြုတ်ဟန် စိတ်တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုရက်စက်ကြမ်းကြုတ်သော စိတ်တစ္ဆေဝန်းရံနေသောမြားသည် မယုံနိုင်လောက်အောင်ပင် လျင်မြန်သောအရှိန်နှုန်းဖြင့်... ဟူကျီထံ တိုးဝင်လာခဲ့သည်။
မြားဖြတ်သန်းသွားရာ မြေပြင်တစ်လက်မချင်းစီတိုင်းက စတင်အက်ကွဲလာကြသည်။ ၎င်း၏လမ်းကြောင်းတွင် ရှိသမျှအရာအားလုံး အဆောက်အဦးများဖြစ်စေ၊ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုဝင်များ ဖြစ်စေ ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။ အဆောက်အဦးများက ပြိုကျသွားပြီး သက်ရှိများကတော့ ၎င်းတို့၏ အသားနှင့်သွေးများ ပျောက်ကွယ်သွားကာ အရိုးစုများအဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့အားလုံးကို ထိုမြားကစုပ်ယူသွားခဲ့လေသည်။ မိုးခြိမ်းသံကဲ့သို့ပင် ကောင်းကင်ထက်တွင် ၎င်း၏အသံတစ်သံတည်းကသာ တစ်ခုတည်းသောအသံ ဖြစ်သွားခဲ့သည်။
ပေသိန်းပေါင်းများစွာအဝေးတွင် ယို့လင်းသည်လက်များကို ပင့်မြောက်ထားဆဲ ဖြစ်သည်။ သူလွှတ်လိုက်သော လေးကြိုးသည်လည်း တုန်ခါနေဆဲဖြစ်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သော အမူအယာအောက်တွင် အမျက်ဒေါသများ ရှိနေခဲ့သည်။
ထိုအခိုက်အတန့်တွင် စုမင်၏အမြင်အာရုံက ဝေဝါးသွားသည်။ သူမြင်နေသည့် တစ်ခုတည်းသောအရာမှာ မျက်လုံးများကိုမှိတ်ထားသော ဟူကျီနှင့် တိုးဝင်လာနေသော မြားတို့ပင်ဖြစ်သည်။ စုမင်နှင့် အစ်ကိုနှစ်တို့ကြားတွင် မည်သည့်စိတ်ချင်းဆက်သွယ်မှုမှ မရှိသော်လည်း တစ်ဦး၏အတွေးများကို အခြားတစ်ဦးကနားလည်နေဟန်ဖြင့် သူတို့နှစ်ဦးသည် လုံးဝမတူကွဲပြားသည့် အရာနှစ်ခုကို ပြုလုပ်လိုက်ကြသည်။
စုမင်သည် လေကိုပင်ထိုးဖောက် ဖြတ်သန်းသွားသည့်သဖွယ် အရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဟူကျီထံပြေးဝင်သွားခဲ့သည်။
အစ်ကိုနှစ်သည်လည်း ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်သော်ငြား သူကတော့ ဟူကျီထံတိုးဝင်သွားခဲ့ခြင်းမဟုတ်ပေ။ ထိုအစား... အဝေးရှိ တုန်ခါနေဆဲဖြစ်သောလေးပိုင်ရှင် ယို့လင်းထံ ဦးတည်တိုးဝင်သွားခဲ့လေသည်။
***