← Chapters

အခန်း (၁၃၅၇-၁၃၅၉)

Vol. 91 Ch. 1357-1359

အခန်း (၁၃၅၇-၁၃၅၉)

Vol. 91 Ch. 1357-1359

အခန်း ၁၃၅၇: ဟွရှင်းလေအေးပေးစက် ထိပ်ဆုံးရောက်ပြီ!

လိုင်းပေါ်နာမည်ကြီးချင်တာ လူတိုင်းနားလည်သည်။

သို့သော် အခြေအမြစ်မရှိ အချောင်နာမည်ကြီးချင်တာက စက်ဆုပ်စရာ။

အထူးသဖြင့် ရေပန်းစားအောင်လုပ်ချင်မှန်း လူတိုင်းသိနေသည်။

ဟွရှင်း၏ရုတ်တရက်အပြုအမူက မျက်စိစပါးမွေးစူးစရာဖြစ်ပြီး အတော်များများက သဘောမကျကြောင်းထုတ်ပြောကြသည်။

"ဟွရှင်းကတော့ ဘယ်လိုနိုင်ရနိုင်ရပဲ''

"ဘာတတ်နိုင်မလဲ? ဟွရှင်းက Gerly ကိုအနိုင်လိုချင်လို့ ဖောက်ထွက်ဖို့လမ်းရှာနေတာ''

"ချင်းလင်ဓာတ်ခွဲခန်းကနာမည်ကြီးတော့ Gerly ကိုအနိုင်ပိုင်းနိုင်လောက်တယ်... ဒါပေမဲ့ ဒီလုပ်ရပ်ကြောင့် ချင်းလင်ကုမ္ပဏီအနှောင့်အယှက်ဖြစ်နိုင်တယ်''

"ဒီတစ်ခါ ချင်းလင်ဓာတ်ခွဲခန်းက ဟွရှင်းကိုပညာမပေးရင် ရှေ့လျှောက်တခြားကုမ္ပဏီတွေဒီလိုလုပ်လာမှာစိုးရတယ်''

ဟွရှင်းလေအေးပေးစက်_

လော့ရှန်းကရုံးခန်းထဲထိုင်ပြီး လိုင်းပေါ်မှအခြေအနေကိုကြည့်နေသည်။

ဒီတစ်ခါ ချင်းလင်ဓာတ်ခွဲခန်း၏ရေပန်းစားမှုကိုကပ်တွယ်ရုံမှတပါးမတတ်နိုင်။

အ​ကြောင်းမှာ ဟွရှင်းက Meida ကိုနိုင်ပြီးနောက် Gerly နှင့်အပြိုင်အဆိုင်ပိုပြင်းထန်လာသည်။

ထို့ကြောင့် ချင်းလင်ဓာတ်ခွဲခန်းနှင့်မိုးမခဘဲစားမှော်နာမည်ကြီးလာသောအခါ ထိုနာမည်ကြီးခြင်းမှရနိုင်သောအကျိုးအမြတ်ကိုတွေးမိသည်။

ထိုရေပန်းစားမှုအရှိန်ကြောင့်လည်း ဟွရှင်းက Meida ကိုအလဲထိုးနိုင်ခဲ့သည်။

အခု ဒီအကွက်ပြန်သုံးချင်သည်။

ရုတ်တရက်ကြီး ချင်းလင်ဓာတ်ခွဲခန်းနဲ့မိုးမခဘဲစားမှော်ကိုလိုင်းပေါ်ထိပ်ဆုံးရောက်လာအောင် သူတို့လုပ်တာမလို့လား?

"သူဌေး.. ကျွန်တော်တို့ဟွရှင်းက ရေပန်းစားနေပြီ''

လက်ထောက်က အစီရင်ခံသည်။ သူကမျက်မှောင်နည်းနည်းကြုတ်ပြီး_

"ဒါပေမဲ့ လိုင်းပေါ်မှာပြည်သူတွေက ကျွန်တော်တို့ရည်ရွယ်ချက်ကိုသိပြီး အပြောခံနေရပါတယ်... ချင်းလင်ကုမ္ပဏီနာမည်ကြီးတာကိုလိုက်ကပ်တာ ဒါဒုတိယအကြိမ်တဲ့... ချင်းလင်ကုမ္ပဏီက တမျိုးထင်မှာစိုးရတယ်''

လော့ရှန်းက ရေပန်းစားလာသည်ကိုကြည့်လိုက်သော်လည်း စိတ်ထဲရှိပုံမပေါ်_

"လိုင်းပေါ်ကလူတွေ​ပြောချင်သလောက်ပြောပါစေ... သူတို့ဘာသိလို့လဲ? ငါတို့အပေါ်ဘာအကျိုးရှိလို့လဲ?''

"အပြောခံရလေလေ နာမည်ကြီးလေလေပဲ... ငါလိုချင်တာက ရောင်းအားတက်ပြီး Gerly ကိုနိုင်ဖို့... ချင်းလင်ကုမ္ပဏီအနှောင့်အယှက်ဖြစ်ရင်တောင် လက်တွန့်နေမှာမဟုတ်ဘူး''

"ပြီးတော့ ချင်းလင်ဓာတ်ခွဲခန်းက လေအေးပေးစက်မထုတ်ဘူး... ငါတို့အနှောင့်အယှက်ပေးရင်တောင် သူတို့ဘာမှမလုပ်နိုင်ဘူး... အလွန်ဆုံး သူတို့နာမည်ထိရုံပဲ... ရှေ့လျှောက် ငါတို့ဖြည်းဖြည်းချင်းပြန်ဖြည့်ဆည်းပေးလို့ရတယ်''

သူဌေးစကားကြောင့် လက်ထောက်ခေါင်းညိမ့်လိုက်သည်။

အမှန်ဒီလိုပင်။

သူဌေးဆုံးဖြတ်ချက်က ဘယ်တော့မှမမှား။

မဟုတ်ရင် ဟွရှင်းက လက်ရှိအခြေအနေအထိဖြစ်လာမည်မဟုတ်ပေ။

နောက်ရက်များတွင် ချင်းလင်ဓာတ်ခွဲခန်းနှင့်မိုးမခဘဲစားမှော်က လိုင်းပေါ်လွှမ်းမိုးထားဆဲပင်။

သတင်းငြိမ်ခါနီးတွင် ရုတ်တရက် မောရိသျှမှလူများ တရုတ်ပြည်ရောက်လာပြီး နိုင်ငံတကာသတင်းထောက်များရှေ့တွင် အကူအညီပေးမည့်စာတမ်းလက်မှတ်ရေးထိုးကာ နှစ်နိုင်ငံချစ်ကြည်ရေးကိုပြသခဲ့သည်။

ထိုသတင်းကြောင့် နိုင်ငံအတော်များများ အတွေးများသွားသည်။

သူတို့နိုင်ငံနှင့်ဆက်ဆံရေးကောင်းသောနိုင်ငံများက ဝမ်းသာအားရဖြစ်ကြသည်။ မောရိသျှကအောင်အောင်မြင်မြင်လက်မှတ်ထိုးနိုင်ရင် သူတို့လည်းအောင်မြင်လိမ့်မည်။

ရေအရည်အသွေးနှင့်ပတ်ဝန်းကျင်ပြဿနာက ကမ္ဘာ့နိုင်ငံအားလုံးအတွက်ဘုံပြဿနာတစ်ခုဖြစ်သည်။

တချို့နိုင်ငံများအတွက်မူ မလွယ်ကူ။

တရုတ်နှင့်ဆက်ဆံရေးမကောင်းသည့်အပြင် အကြိမ်ကြိမ်လည်းအနှောက်အယှက်ပေးထားသည်။ သို့သော် သူတို့ရေအရည်အသွေးပြဿနာက ကမ္ဘာမှာအဆိုးဝါးဆုံးဖြစ်၍ မိုးမခဘဲစားမှော်ကိုအလိုအပ်ဆုံးဖြစ်နေသည်။

ကိုးရိုးကားရားမနိုင်ဘူးလား?

ထိုသတင်းထွက်လာသောအခါ ပြည်တွင်းမှာ အုတ်အော်သောင်းတင်းဖြစ်သွားသည်။ အတော်များများက စိတ်သက်သာရာရသွားကြသည်။

ဒီလိုအပူမျိုးက မျိုးချစ်စိတ်၊ဇာတိမာန်နှင့်ဆိုင်သည်။

ထိုအခါ ဟွရှင်းလေအေးပေးစက်ထွက်လာပြန်သည်။

သူတို့က ချင်းလင်ဓာတ်ခွဲခန်းရေပန်းစားမှုကိုမျော့လိုကပ်နေသည်။

နောက်ပြီး ဟွရှင်းလေအေးပေးစက်က အပူကိုအမြတ်ထုတ်ပြီးအကျိုးရှိနေသည်။

နောက်ဆုံး လချုပ်အသစ်တွင် ဟွရှင်းလေအေးပေးစက်၏ရောင်းအားက Gerly ထက်ကျော်တက်သွား၏။

ဟွရှင်းလေအေးပေးစက်ကုမ္ပဏီသူဌေးရုံးခန်းထဲ၌ လော့ရှန်းမှာ နောက်ဆုံးအစီရင်တင်ပြချက်များကိုကြည့်ရင်း အံ့ဩပုံပေါက်သွားသည်။

ဒီလောက်ကြာမှ၊ ချင်းလင်ကုမ္ပဏီရေပန်းစားမှုနောက်လိုက်ကပ်ပြီး ချင်းလင်ကုမ္ပဏီကိုတောင်အနှောင့်အယှက်ပေးခဲ့ပြီးမှ Gerly လေအေးပေးစက်ရောင်းအားကိုကျော်တက်နိုင်ခဲ့ပြီ။

ဒီလောက်ဆိုရပြီ။ ဒါကလည်း သူအလိုချင်ဆုံးအရာပင်။

လော့ရှန်းကအလွန်ကျေနပ်သွားပြီး_

"အရမ်းကောင်းတယ်... ဒီလ ဟွရှင်းလေအေးပေးစက်ရောင်းအားက အမြင့်ဆုံးဖြစ်သွားပြီ... ငါတို့ ဒါကိုထိန်းထားရမယ်''

သူ့ဘေးမှလက်ထောက်က စိုးရိမ်သံနှင့်_

"သူဌေး.. ချင်းလင်ဓာတ်ခွဲခန်းက ရုတ်တရက်ပွဲလုပ်နေတယ်... ချင်းလင်ရှုမျှော်ခင်းနေရာကိုလာတဲ့သူတိုင်း မဲနှိုက်ခွင့်ရှိတယ်ပြောတယ်... မဲပေါက်တဲ့သူက အပူချိန်ထိန်းမြက်ဆိုတဲ့အပင်ဝယ်ခွင့်ရမယ်တဲ့... ဝယ်မဝယ် ရွေးချယ်ခွင့်ရှိတယ်လည်းပြောတယ်''

"အပူချိန်ထိန်းမြက်.. အဲဒါဘာလဲ?''

လော့ရှန်းက မျက်မှောင်ကြုတ်ပြီးမေးသည်။

လက်ထောက်ကခေါင်းခါလိုက်ပြီး_

"မသိသေးဘူး... ချင်းလင်စံအိမ်က အတော်လျှို့ဝှက်တယ်... အပူချိန်ထိန်းမြက်အကြောင်းမကြေညာသေးဘူး... ဒါပေမဲ့ လိုင်းပေါ်မှာအရမ်းနာမည်ကြီးနေပြီ... စိတ်ဝင်စားနေတဲ့သူတွေများတယ်''

လော့ရှန်းကမျက်မှောင်ကြုတ်ပြီး လိုင်းပေါ်တက်ကြည့်သည်။ အမှန်ပင်။ ချင်းလင်စံအိမ်တရားဝင်အကောင့်မှတင်သောဗီဒီယိုကိုတွေ့ရသည်:

"အားလုံးအတွက်သတင်းကောင်းရှိပါတယ်... ဒီတစ်ခါချင်းလင်စံအိမ်ပွဲမှာ ခရီးသည်တိုင်းမဲနှိုက်နိုင်ပါတယ်... မဲပေါက်ရင် အပူချိန်ထိန်းမြက်ကိုဝယ်ခွင့်ရမှာပါ''

ကြေညာချက်ဗီဒီယိုကပေါက်ရုံသာမက ရေပန်းလည်းစားနေသည်။ လိုင်းပေါ်တွင် လူအများစုစိတ်ဝင်စားနေကြ၏။

အထူးသဖြင့် မိုးမခဘဲစားမှော်က နာမည်ကြီးနေဆဲ။

မိုးမခဘဲစားမှော်အာနိသင်ကြောင့် အားလုံးအံ့ဩနေဆဲတွင် ချင်းလင်စံအိမ်ကအပူချိန်ထိန်းမြက်ထပ်ထုတ်မည်ဟုမထင်မိပေ။

ထို့ကြောင့် အာရုံမစိုက်ဘဲမနေနိုင်။

ဘယ်လိုအပင်လဲ သိချင်နေကြသည်။

ဘာပဲဖြစ်ဖြစ် မိုးမခဘဲစားမှော်က အနီရောင်ကျောက်စိမ်းဖြစ်၍ သိပ်မညံ့နိုင်။

ချင်းလင်စံအိမ်က ပွဲအတွက်သုံးသောပစ္စည်းများမှာ ဘယ်တုန်းကမှမညံ့ခဲ့။

အခုချင်းလင်စံအိမ်က အပူချိန်ထိန်းမြက်အာနိသင်ကိုတမင်သက်သက်ထည့်မပြောထားသောကြောင့် အားလုံးသိချင်စိတ်မြင့်တက်လာသည်။

"ချင်းလင်ဓာတ်ခွဲခန်းက ဒီလောက်အံ့ဩစရာကောင်းတဲ့မိုးမခဘဲစားမှော်ထုတ်ပြီးခါစရှိသေးတယ်... ချင်းလင်စံအိမ်ကအပူချိန်ထိန်းမြက်မဲနှိုက်ပေးမယ်လို့မထင်မိဘူး''

"အဲဒီအပူချိန်ထိန်းမြက်ကဘာလဲ သိချင်လိုက်တာ?''

"အရင်ချင်းလင်စံအိမ်ပွဲအတွေ့အကြုံအရဆို လုံးဝသာမန်မဟုတ်ဘူး''

ဟွရှင်းအဖွဲ့အစည်း_

လော့ရှန်းက ချင်းလင်စံအိမ်ပွဲကြေညာချက်အကြောင်းဖတ်ပြီးနောက် ဂရုမစိုက်ဟန်နှင့် သူ့လက်ထောက်အား_

"အပူချိန်ထိန်းမြက်က အပင်တစ်မျိုးပဲ... ဂရုစိုက်စရာမလိုဘူး... ငါတို့နဲ့ဘာမှမဆိုင်ဘူး''

လက်ထောက်လည်း ခေါင်းညိမ့်လိုက်သည်။

အပင်ဆိုရင် သူတို့လေအေးပေးစက်ကုမ္ပဏီနှင့်မဆိုင်သောကြောင့် ဂရုစိုက်နေစရာမလို။

အပင်သာ သူတို့လေအေးပေးစက်နဲ့ဆိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံးလန့်သွားမှာပေါ့။

ချင်းလင်စံအိမ်မှာ ပျားပန်းခတ်အလုပ်ရှုပ်နေသည်။

လင်းလန်ဇီက ချန်တပေတို့လုံခြုံရေးနှင့်သယ်ယူပို့ဆောင်ရေးဌာနကိုဦးဆောင်ပြီး စံအိမ်ကိုဆက်တင်ချသည်။

အပူချိန်ထိန်းမြက်ကို သန့်စင်မြက်ဘေးတွင်ထားထားသည်ကိုတွေ့နိုင်သည်။

အပူချိန်ထိန်းမြက်အတွက်အစီအစဉ်ကို လင်းလန်ဇီသေချာစဉ်းစားခဲ့သည်။

သို့ရာတွင် နောက်ဆုံး အရိုးရှင်းဆုံးအစီအစဉ်ကိုရွေးလိုက်ပြီး ခရီးသည်တိုင်းကိုမဲနှိုက်စေမည်။ မဲပေါက်ရင် အပူချိန်ထိန်းမြက်ကိုဝယ်ခွင့်ရမည်။

အတင်းအကြပ်တိုက်တွန်းခြင်းမဟုတ်။ မဝယ်လိုပါက မဲကိုစွန့်လွှတ်နိုင်သည်။

ရေပန်းစားခြင်း၊လျှို့ဝှက်ဆန်းကြယ်ခြင်းကြောင့် ရိုးရိုးပွဲကျင်းပရင်တောင် လိုင်းပေါ်နာမည်ကြီးပြီး မိုးမခဘဲစားမှော်ထက်ကျော်တက်သွားနိုင်သည်။

လင်းလန်ဇီအစီအစဉ်အတိုင်း အပူချိန်ထိန်းမြက်ကို ချင်းလင်စံအိမ်အတွင်း အထူးကွင်းပြင်တွင်ထားသည်။

အစကကွင်းပြင်မရှိသော်လည်း ချင်းလင်စံအိမ်အနောက်ဘက်၊ ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံကြားတွင် အသစ်ဆောက်ထားသည်။

သန့်စင်မြက်ကြောင့် ကွင်းပြင်လေထုက ချင်းလင်စံအိမ်တစ်ခုလုံးထက်ပိုကောင်းနေသည်။

သန့်စင်မြက်ကလည်း ချင်းလင်စံအိမ်တခြားနေရာများထက်ပိုစိတ်ဝင်စားခံရသည်။

အပူချိန်ထိန်းမြက်ပါထည့်လိုက်သောအခါ လေအရည်အသွေးကောင်းရုံသာမက အပူချိန်လည်းပြီးပြည့်စုံပြီး နေသာထိုင်သာရှိလာသည်။

အဲဒီနောက် ပွဲအဓိကနေရာက ကွင်းပြင်ဖြစ်သွား၏။

နောက်ပြီး ကွင်းပြင်အလယ်တွင် ဆိုင်းဘုတ်တစ်ခုရှိသည်။

ထိုအပေါ်တွင် အပူချိန်ထိန်းမြက်၏အချက်အလက်နှင့်အသုံးပြုပုံကိုရေးထားသည်။

အပင်ဝယ်ခွင့်ရပြီး အပင်ဝယ်မည့်ခရီးသည်တိုင်းကို ထိုနေရာခေါ်လာမည်။ အဲဒီကျရင် အလယ်ကဆိုင်းဘုတ်အကြောင်းအရာကိုဖတ်ပြီး ဒီအပင်ကဘာအတွက်အသုံးဝင်မှန်းသိသွားမည်။

အချိန်လွန်သည်နှင့် လိုင်းပေါ်တွင်အပူချိန်ထိန်းမြက်ကိုစိတ်ဝင်စားသူများလာသည်။ ခရီးသည်များလည်း ပိုသိချင်လာသည်။ ပိုက်ဆံမရှားသူတချို့က အပူချိန်ထိန်းမြက်ဝယ်ခွင့်လက်မှတ်ကိုတောင်ဝယ်ချင်ကြသည်။

ပွဲစသောအခါ ထိုရေပန်းစားမှုက အထွတ်အထိပ်ရောက်နေပြီ။

ချင်းလင်ရှုမျှော်ခင်း၏လမ်းညွှန်ဆိုင်းဘုတ်အတိုင်း ကားတစ်စီး ကားပါကင်ရောက်လာ၏။

ကားပေါ်မှ ထျန်းရှန်တို့လင်မယားဆင်းလာသည်။

ချင်းလင်စံအိမ်ရောက်ဖူးတာ ဒါပထမဆုံးအကြိမ်မဟုတ်။

ချင်းလင်စံအိမ်၏အမာခံပရိသတ်ဟုဆိုရမည်။ ချင်းလင်စံအိမ်မှာပွဲရှိတိုင်း၊ အစီအစဉ်အသစ်ရှိတိုင်း သူ့မိန်းမကိုခေါ်ပြီးရောက်ရောက်လာသည်။

နောက်ပြီး ဒီလာတိုင်း လာရတာတန်သည်ဟု သူတို့လင်မယားခံစားရသည်။

ချင်းလင်စံအိမ်က မျှော်လင့်စောင့်စားအောင်လုပ်နိုင်စွမ်းရှိသည်။

နတ်သမီးပုံပြင်တောင်ဖွင့်စဉ်က လာချင်သော်လည်း အချိန်မရခဲ့။

ဒီတစ်ခါ ချင်းလင်စံအိမ်ကပွဲလုပ်သောကြောင့် မဖြစ်မနေလာရမည်။

နတ်သမီးပုံပြင်တောင်သွားလည်ရင်း အပူချိန်ထိန်းမြက်ပွဲမှာလည်းဝင်ပါနိုင်သည်။

ထျန်းရှန်တို့လင်မယားက ကားပေါ်မှဆင်းပြီး စံအိမ်ထဲဝင်လာ၏။ လေအရည်အသွေးက အတော်ကောင်းသည်။

ရုံချန်းလေအရည်အသွေးကကောင်းသော်လည်း ချင်းလင်စံအိမ်နှင့်မယှဉ်နိုင်။

ဘာပဲဖြစ်ဖြစ် သန့်စင်မြက်ကို ချင်းလင်ဓာတ်ခွဲခန်းကပျိုးထောင်ထားတာ။ ဒီထက်ပိုကောင်းတဲ့နေရာရှိနိုင်မလား?

ထျန်းရှန်စံအိမ်ထဲဝင်လာသောအခါ အရင်ထက်ခရီးသည်များနေကြောင်းသတိထားမိသည်။

ပထမအချက်၊ နတ်သမီးပုံပြင်တောင်ဖွင့်လိုက်သောကြောင့် ခရီးသည်ပိုလက်ခံလာနိုင်သည်။

ဒုတိယအချက်၊ အတော်များများက အပူချိန်ထိန်းမြက်ကိုစိတ်ဝင်စားနေကြ၏။

"ယောက်ျား.. မဲသွားနှိုက်ရအောင်... ပေါက်နေရင် ဘယ်လိုလုပ်မလဲ?''

"ဟုတ်ပြီ.. မဲအရင်နှိုက်ကြမယ်''

ထျန်းရှန်ကခေါင်းညိမ့်ပြီး သူ့မိန်းမကိုမဲနှိုက်သည့်နေရာခေါ်လာသည်။ စံအိမ်ထဲဝင်ဝင်ချင်း အထူးမဲနှိုက်ရန်လမ်းညွှန်ချက်ရသည်။

မဲနှိုက်သည့်အစီအစဉ်ကရိုးရှင်းသည်။ အီလက်ထရွန်းနစ်ကျပန်းမဲပင်။

ဝန်ဆောင်မှုပေးသူ၏လမ်းညွှန်ချက်အတိုင်း ထျန်းရှန်မဲစနှိုက်သည်။ သူတို့လင်မယား တစ်ကြိမ်စီနှိုက်ခွင့်ရသည်။

သူတို့လင်မယားက ဖုန်းနှင့်စကင်န်ဖတ်ပြီး တချိန်တည်းမဲနှိုက်သည်။

"ပါဝင်ပေးတဲ့အတွက်ကျေးဇူးပါ!''

ဖန်သားပြင်ပေါ်တက်လာသောစာကြောင့် ထျန်းရှန်သက်ပြင်းချလိုက်သည်။ သူ မပေါက်။

"ယောက်ျား.. ကျွန်မပေါက်တယ်''

ထျန်းရှန်ကချက်ချင်း သူ့မိန်းမဖုန်းကိုကြည့်လိုက်သည်။ အမှန်ပင်၊ မှတ်ချက်မှာ:

"ဂုဏ်ယူပါတယ်.. အပူချိန်ထိန်းမြက်ဝယ်ယူခွင့်တစ်ကြိမ်ရပါတယ်!''

"တကယ်ပေါက်တာလား?''

ထျန်းရှန်ကဝမ်းသာအံ့ဩပြီး ပေါက်မဲကိုပြလိုက်သည်။

"ဟုတ်ပြီ''

ဝန်ဆောင်ပေးသူက ချက်ချင်းပင်_

"ID နဲ့ဖုန်းအချက်အလက်ကိုစာရင်းသွင်းပေးပါ... အပူချိန်ထိန်းမြက်ဝယ်ရမယ့်အချိန်ကျရင် ဆက်သွယ်ပေးပါ့မယ်''

ထျန်းရှန်ကတုံ့ဆိုင်းမနေဘဲ ချက်ချင်းစာရင်းသွင်းလိုက်သည်။

သူ့မှာပိုက်ဆံမရှား။ မဲပေါက်မှတော့ ဝယ်ကိုဝယ်ရမည်။

ဒီအပူချိန်ထိန်းမြက်အာနိသင်ကို သူလည်းအရမ်းသိချင်နေပြီ။

အခန်း ၁၃၅၈: အပူချိန်ထိန်းမြက်! နောက်ထပ်အံ့ဩစရာအပင်!

ထျန်းရှန်တို့လင်မယား ID ကတ်နှင့်ဖုန်းနံပါတ်စာရင်းသွင်းပြီးနောက် နတ်သမီးပုံပြင်တောင်သွားရန်လက်မှတ်ဝယ်သည်။ ထို့နောက် ချင်းလင်မွေးမြူရေးခြံသွားသည်။

ဒီနေ့မဲပေါက်သောခရီးသည်များက နောက်နေ့အပူချိန်ထိန်းမြက်ကိုသွားကြည့်နိုင်ပြီဟုအသိပေးသည်အထိစောင့်ရမည်။

သူတို့လင်မယား ဒီတစ်ကြိမ်ချင်းလင်စံအိမ်လာခြင်းမှာ နတ်သမီးပုံပြင်တောင်သွားရန်ဖြစ်၍ လက်မှတ်အရင်ဝယ်ရမည်။

အွန်လိုင်းလက်မှတ်က ဝယ်ရခက်သည်။ ဖုန်းကိုင်ထားပြီး လက်မှတ်ရောင်းသည့် page ကိုစိုက်ကြည့်နေမှ ဝယ်နိုင်မည်။ အချိန်ရောက်သည်နှင့် အနှစ် ၃၀ လောက်တကိုယ်တည်းဖြစ်နေသောလက်မျိုးနှင့်ဝယ်နိုင်မှရသည်။

အပြင်မှာရောင်းသောနတ်သမီးပုံပြင်တောင်လက်မှတ်မှာ မကြာခဏပြတ်တတ်သောကြောင့် နတ်သမီးပုံပြင်တောင်သွားလိုသူတိုင်း ချင်းလင်စံအိမ်လက်မှတ်အရောင်းဌာနသို့အရင်သွားရသည်။

နတ်သမီးပုံပြင်တောင်မှာ ညပိုင်းသာလည်ပတ်နိုင်ပြီး နေ့ဘက်ရှုခင်းကြည့်သူ အတော်နည်းသည်။ လက်မှတ်ဝယ်ထားသူများက ချင်းလင်စံအိမ်တခြားနေရာများကိုအရင်သွားပြီး ညရောက်မှနတ်သမီးပုံပြင်တောင်ကိုသွားလည်ကြသည်။

ကံကောင်းပြီး နတ်သမီးပုံပြင်တောင်လက်မှတ်ဝယ်ရသည်။ ထျန်းရှန်စိတ်သက်သာရာရသွားပြီး သူ့မိန်းမနှင့်အတူ ချင်းလင်စံအိမ်တခြားနေရာများလျှောက်လည်သည်။

ညနေပိုင်း မှောင်စပြုလာသည်။

ထျန်းရှန်က သူ့မိန်းမကို နတ်သမီးပုံပြင်တောင်ပေါ်ခေါ်သွား၏။ ညစာကို နတ်သမီးပုံပြင်တောင်စားသောက်ဆိုင်တွင်စားကြသည်။

ညစာစားပြီးနောက် နတ်သမီးပုံပြင်တောင်ပေါ်လျှောက်ပတ်သွားသည်။

သူတို့လင်မယားနှစ်ယောက်လုံး နတ်သမီးပုံပြင်တောင်ဗီဒီယိုကြည့်ထားသည်။ ညပိုင်း ချစ်သူနှင့်အတူသွားလျှင် အလွန်ကြည်နူးစရာကောင်းမှန်း သူတို့သိသည်။

သူတို့လင်မယားက ကေဘယ်ကားမစီးဘဲ ထမ်းစင်နှင့်နတ်သမီးပုံပြင်တောင်ပေါ်တက်ကြ၏။

ညရောက်သည်နှင့် နတ်သမီးပုံပြင်တောင်မှာသက်ဝင်စည်ကားလာသည်။

ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_

လင်းလန်ဇီက အပူချိန်ထိန်းမြက်အကြောင်း ချင်လင်ကိုအစီရင်ခံနေသည်_

"ဥက္ကဌချင်.. ပထမရက် အပူချိန်ထိန်းမြက်ဝယ်နိုင်သူစာရင်းထွက်ပါပြီ... မနက်ဖြန် အပူချိန်ထိန်းမြက်ဝယ်ဖို့ ကွင်းထဲခေါ်သွားနိုင်ပါပြီ''

ဒီအတွက် ချင်လင်ပြောစရာမရှိ။

အပူချိန်ထိန်းမြက်အစီအစဉ်ကို သူသိသည်။ ရိုးရှင်းသော်လည်း စိတ်ဝင်စားစရာ၊ လျှို့ဝှက်ဆန်းကြယ်သောအရာဖြစ်နေသည်။

လိုင်းပေါ်မှာရေပန်းစားပုံက သက်သေပင်။

နောက်တစ်နေ့_

ထျန်းရှန်တို့လင်မယား အစောကြီးနိုးနေသည်။

ချင်းလင်ရှုမျှော်ခင်းနေရာမှာ တည်းခိုခန်းမရသေး။

ရွက်ဖျင်တဲသုံးနေရာ၊ စံအိမ်သတို့သမီးခန်း၊ မွေးမြူရေးခြံရွက်ဖျင်တဲ၊ ပန်းအိမ်နှင့်နတ်သမီးပုံပြင်တောင် အားလုံးပြည့်နေသည်။ လက်မှတ်တောင်မရ။

ချင်းလင်ရှုမျှော်ခင်းတွင် တည်းခိုနေရာ ၆ နေရာရှိပြီဖြစ်သော်လည်း အခန်းယူရခက်သည်ဟုဆိုနိုင်သည်။ တစ်ခါတလေ လက်အမြန်နှုန်းပြိုင်ရသည်။

ထို့ကြောင့် သူတို့လင်မယားက ရုံချန်းခရိုင်အသစ်ဂရန်းဟိုတယ်တွင် အခန်းယူထားသည်။

သူအိပ်ရာနိုးနိုးချင်း ဖုန်းထဲစာဝင်သည့်အသံကြားရသည်။

ဖုန်းဖွင့်ကြည့်ပြီးနောက် ဝမ်းသာသောမျက်နှာထားဖြစ်သွားကာ_

"အချစ်.. ချင်းလင်ရှုမျှော်ခင်းက မဲပေါက်တဲ့ခရီးသည်တွေ ၉ နာရီလူစုဖို့စာပို့တယ်... အပူချိန်ထိန်းမြက်ကိုအတူတူကြည့်ပြီး ဝယ်မဝယ်ရွေးချယ်ခွင့်ရှိတယ်တဲ့''

"ယောက်ျား.. ကိုယ်လက်သန့်စင်ပြီး ချင်းလင်ရှုမျှော်ခင်းနေရာသွားရအောင်''

သူတို့လင်မယားက မြန်မြန်ဆန်ဆန်ထွက်လာသည်။ ရုံချန်းတွင်မနက်စာစားပြီး ချင်းလင်ရှုမျှော်ခင်းနေရာတန်းသွား၏။

သူတို့ရောက်သောအခါ ၉ နာရီထိုးတော့မည်။

ချင်းလင်စံအိမ်ဝင်ပေါက်တွင် လူစုဝေးရန်ဆိုင်းဘုတ်ထောင်ထားပြီး လမ်းညွှန်ပေးမည့်သူလည်းရှိသည်။

ထျန်းရှန်တို့လင်မယားရောက်သောအခါ စောင့်နေသောခရီးသည်ဦးရေ ၃၀ ကျော်ခန့်ရှိမည်။

မနေ့ကမဲပေါက်သောခရီးသည်များဖြစ်သည်။

နောက်ဆုံး ဝန်ဆောင်မှုပေးသူက ခရီးသည်စာရင်းကိုစစ်ဆေးပြီး မနေ့ကမဲပေါက်သူ ၃၀ သာရှိမှန်းသိရသောကြောင့် အံ့ဩသွားသည်။

နတ်သမီးပုံပြင်တောင်ဖွင့်ပြီးနောက် ချင်းလင်ရှုမျှော်ခင်းနေရာမှာ တစ်နေ့ခရီးသည်သောင်းချီဝင်သော်လည်း ၃၀ သာမဲပေါက်သည်။

ရုတ်ချည်းဆိုသလို မဲပေါက်နိုင်ခြေဘယ်လောက်နည်းမှန်း သူတို့သိလိုက်ရသည်။

ဒါကြောင့်လည်း သူတို့အပျော်ဆတိုးသွား၏။

ချင်းလင်ရှုမျှော်ခင်းက မတွန့်တိုတတ်မှန်း သူတို့သိသည်။ သာမန်ပစ္စည်းဆို မဲပေါက်သူအရေအတွက်အလွန်များမည်။

တစ်ခါတလေ ခရီးသည်အကုန်လုံးကိုပေးသောလက်ဆောင်တချို့တောင်ရှိသည်...

အခုမဲပေါက်သူအရေအတွက်နည်းပြီး ပေါက်သူက အပူချိန်ထိန်းမြက်ကိုပိုက်ဆံနှင့်ဝယ်ရဦးမည်ဖြစ်၍ ဒီအပူချိန်ထိန်းမြက်ကရှားရှားပါးပါးပစ္စည်းဖြစ်ကြောင်းသက်သေပြနေသည်။

ဝန်ထမ်းက စာရင်းသွင်းပြီး အားလုံးရှိကြောင်းအတည်ပြုပြီးနောက် ထျန်းရှန်တို့ကိုကွင်းပြင်ထဲခေါ်သွားသည်။

ကွင်းပြင်ကလည်း ရိုးရိုးရှင်းရှင်းနှင့်ခေတ်ဟောင်းစတိုင်ရှိပြီး စံအိမ်အပြင်အဆင်နှင့်လိုက်ဖက်ညီသည်။ ဇီးပန်းပင်များကာရံပြီး မျက်စိပသာဒဖြစ်စရာအပင်များစိုက်ထားသည်။

စံအိမ်တစ်ခုလုံး၏တခြားပရောဂျက်များနှင့်မယှဉ်နိုင်သော်လည်း အပြင်ကသာမန်ရှုမျှော်ခင်းနေရာ၊ စိမ်းစိမ်းစိုစိုနေရာ၊ ကွင်းပြင်များထက်ပိုလှသေးသည်။

မည်သို့ဆိုစေ ဇီးပန်းပင်အားလုံးမှာ စနစ်အရည်အသွေးရောထားသောကြောင့်ပင်။

ထျန်းရှန် ချင်းလင်စံအိမ်ရောက်ဖူးတာပထမဆုံးအကြိမ်မဟုတ်။ သူလာတိုင်း ပရောဂျက်အသစ်ရှိသောကြောင့် ချင်းလင်စံအိမ်အကြောင်းသိသည်။

အရင်က ဒီလိုကွင်းပြင်မရှိ၍ အသစ်ဆောက်ထားခြင်းဖြစ်သည်။

သို့ရာတွင် ချင်းလင်ရှုမျှော်ခင်းနေရာက ဖွံ့ဖြိုးနေဆဲပင်။ ဟိုးအစ စံအိမ်မှ အနောက်ဘက်ရေပေါ်တံတား၊ ချင်းလင်မွေးမြူရေးခြံ၊ အခု နတ်သမီးပုံပြင်တောင်...

ဒီတော့ ကွင်းပြင်ထပ်တိုးလာတာ မထူးဆန်း။

ဝန်ထမ်းက ထျန်းရှန်တို့ခရီးသည်များကို ကွင်းပြင်ထဲခေါ်လာသည်။

ကွင်းပြင်ထဲဝင်ဝင်ချင်း လေထုကအရမ်းကောင်းသလို ခရီးသည်များခံစားရသည်။

ပတ်ဝန်းကျင်မှသန့်စင်မြက်များကိုမြင်ပြီး သူတို့လည်းအကြောင်းရင်းသိသွားသည်။

အခုပြည်တွင်းမှာ သန့်စင်မြက်အကြောင်းမသိသူမရှိသလောက်ပင်။

သန့်စင်မြက်ကြောင့် ရုံချန်းလေထုအရည်အသွေးအလွန်ကောင်းပြီး ရုံချန်းလာသောခရီးသည်များမျှော်လင့်စောင့်စားကြသောအရာလည်းဖြစ်သည်။

'တစ်နေ့ သူတို့နေတဲ့မြို့မှာ လေထုအရည်အသွေးကောင်းအောင် သန့်စင်မြက်စိုက်ပါစေ'ဟူ၍။

အခန်း ၁၃၅၉: အပူချိန်ထိန်းမြက်! နောက်ထပ်အံ့ဩစရာအပင်! ၂

ပေကျင်းတွင် သန့်စင်မြက်နှင့်အသွင်ပြောင်းပြီးတော့မည်။ အရင်က မြို့တော်မှာ ခဏတိုင်းလိုလို မြူခိုးများပေါ်လာတတ်သည်။

အသွင်ပြောင်းကတည်းက မြူခိုးမတွေ့ရတော့။ လေထုအရည်အသွေးဖြည်းဖြည်းချင်းတိုးတက်ပြီး လေအရည်အသွေးတွင်ပြောစမှတ်ပြုရသောမြို့များထက်သာလွန်လာခဲ့သည်။

ထို့အပြင် သန့်စင်မြက်နှင့်ဆက်လက်အသွင်ပြောင်းနေသောကြောင့် ရှေ့လျှောက်လေထုအရည်အသွေးပိုကောင်းလာဦးမည်။

နောက်ပြီး နိုင်ငံတကာမြို့ကြီး ၃ မြို့က ချင်းလင်ဓာတ်ခွဲခန်းနှင့်အသွင်ပြောင်းရေးစာချုပ်ချုပ်ထားသည်။

ဒါကိုအထက်လူများကဦးဆောင်သည်။

ထိုနိုင်ငံတကာမြို့ကြီးသုံးမြို့မှာ အပြင်လောကတွင် အထက်တန်းလွှာပြယုဂ်များဖြစ်သည်။ ပြန်လည်ပြုပြင်မွမ်းမံမှုများကိုလည်း ၎င်းမြို့များတွင် ပထမဆုံးအသုတ်အနေနှင့် စတင်ဆောင်ရွက်မည်ဖြစ်သည်။

နောက်ပြီး ချင်းလင်ဓာတ်ခွဲခန်းကလည်း သန့်စင်မြက်ကိုအချိန်နှင့်အမျှ တစ်သုတ်ချင်းထုတ်ရောင်းပေးသည်။ အခု လူအတော်များများက သန့်စင်မြက်ကိုအလုအယက်ဝယ်ပြီး သူတို့အိမ်လေထုအရည်အသွေးကိုခဏတိုင်းစမ်းသပ်ကာ လိုင်းပေါ်တင်ကြ၏။

ထို့ကြောင့် ထျန်းရှန်တို့က ကွင်းပြင်ထဲဝင်ဝင်ချင်း သန့်စင်မြက်ကိုမှတ်မိကြသည်။

ဒီတစ်ကြိမ်တွင် လေအရည်အသွေးသာမက အပူချိန်လည်းပုံမှန်မဟုတ်ကြောင်းသိရသည်။ ခရီးသည်တဦးက မနေနိုင်ဘဲ_

"ဒီကွင်းပြင်အပူချိန်က အပြင်နဲ့မတူတာ သတိထားမိလား?''

"ဟုတ်တယ်.. ဒီကအပူချိန်က နေလို့ထိုင်လို့ကောင်းတယ်... ရုံချန်းတစ်မြို့လုံးက အပူချိန်ထက်တောင်ပိုကောင်းတယ်''

"အဲဒါတင်မကဘူး.. ငါတို့ကွင်းပြင်ထဲဝင်လာတော့ နေရောင်အောက်မှာရော ဒီမှာရော အပူချိန်က မျှော်စင်ထဲကအတိုင်းပဲဆိုတာ သတိထားမိလား?''

ထျန်းရှန်လည်း ခံစားမိသည်။

ဒီမြင်ကွင်းက နည်းနည်းမယုံနိုင်စရာ။ သူ့အလုပ်က အပူချိန်ထိန်းကိရိယာနှင့်ဆက်စပ်နေသောကြောင့် အပူချိန်ကိုသိသည်။

သူကဖုန်းထုတ်ပြီး သူတို့ကုမ္ပဏီမူပိုင်အထူး app ကိုတောင်ဖွင့်လိုက်သည်။ သူ့ဖုန်းကိုလည်း ထို app နှင့်အလုပ်လုပ်ရန်ပြုပြင်ထားသည်။

သူ့လုပ်ဆောင်ချက်ကရှင်းသည်။ အပူချိန်ကိုစမ်းသပ်ပေးသည်။ နောက်ပြီး အပူချိန်ကိုအတိအကျတိုင်းတာခြင်းဖြစ်၍ တခြားသာမန်အပူချိန်တိုင်းစက်နှင့်မတူ။

တခြားအပူချိန်တိုင်းစက်က အပူချိန်အကြမ်းဖျင်းကိုသာပြ၏။

ဒီ app က အလွန်တိကျသည်။

အကြောင်းမှာ တစ်နေရာတည်းတောင် အပူချိန် ၁ မှ ၃ ဒီဂရီအထိအပြောင်းအလဲရှိနိုင်သည်။

ဒီအတွက် အလွန်တိကျသောအပူချိန်တိုင်းကိရိယာလိုအပ်သည်။

App ဖွင့်လိုက်သောအခါ သူ့နားဝန်းကျင်အပူချိန်ကိုမြင်ရသည်။

၂၂??

ထို့နောက် ချက်ချင်း သူ့မိန်းမကိုခေါ်ပြီး ကွင်းပြင်ထဲပတ်သွားသည်။ သူတို့ဝင်လာသောဆင်ဝင်အောက်တောင်သွားကြည့်သည်။

သို့ရာတွင် ပတ်ဝန်းကျင်အပူချိန်က ၂၂ ဒီဂရီရှိမှန်းသိရပြီး သူအံ့ဩသွားသည်။

သာမန်သာမိုမီတာအတွက် ပြဿနာမရှိသော်လည်း သူ့အပူချိန်တိုင်းအထူးကိရိယာအတွက်မူ ပြဿနာရှိသည်။

သူ့စက်က အလွန်တိကျသည်။ အပူချိန်နည်းနည်းလေးကွာခြားရင်တောင် စမ်းသပ်နိုင်သည်။

ဒါပေမဲ့ အခု သူစမ်းသပ်တဲ့အပူချိန်က လုံးဝတထပ်တည်း။

ဒီလိုမဖြစ်သင့်။

တစ်နေရာလုံးက တမင်သက်သက်လုပ်ထားသလို အပူချိန်တသမတ်တည်းဖြစ်မနေရင်ပေါ့။

တသမတ်အပူချိန်?

အပူချိန်ထိန်းမြက်?

ရုတ်တရက် မယုံနိုင်စရာတစ်ခုကို ထျန်းရှန်သဘောပေါက်သွားသည်။

ချင်းလင်စံအိမ်ရဲ့အပူချိန်ထိန်းမြက်က ဒီလိုအပူချိန်တသမတ်တည်းရှိတဲ့နေရာကိုဖန်တီးနိုင်တာလား?

ဒါအပင်တွေလုပ်နိုင်တာမျိုးမဟုတ်။

သို့သော် ချက်ချင်း တခြားတစ်ခုကိုတွေးမိသည်။ ချင်းလင်ဓာတ်ခွဲခန်းက စထုတ်ခါစမိုးမခဘဲစားမှော်ပင်။

မိုးမခဘဲစားမှော်ကလည်း အပင်ဖြစ်ပြီး ပင်လယ်ရေထဲမှဆီကိုတိုက်ရိုက်စုပ်ယူနိုင်သည်။ စုပ်ယူထားသောဆီကို ညှစ်တောင်ညှစ်နိုင်သည်။ ညှစ်ယူသန့်စင်ပြီးနောက် ယာဉ်များတွင်ပြန်လည်အသုံးချနိုင်သည်။

အပင်တစ်ပင်အနေနှင့်ဖြစ်နိုင်သောအရာမဟုတ်သော်လည်း ချင်းလင်ဓာတ်ခွဲခန်းကလုပ်ပြပြီး ကမ္ဘာကိုတုန်လှုပ်စေခဲ့သည်။

ဒီလိုဆို ချင်းလင်စံအိမ်ရဲ့အပူချိန်ထိန်းမြက်က အပူချိန်ကိုထိန်းပြီး တသမတ်အပူချိန်ဖန်တီးပေးနိုင်တယ်ဆိုတာ မထူးဆန်းဘူးမလား?

ထိုနေရာအပူချိန်ကြောင့် အံ့ဩနေသောခရီးသည်များကလည်း တီးတိုးတီးတိုးပြောကြသည်။

"ဒါလိပ်ကျောကုန်းတွေမလား? ငါ့အိမ်မှာလည်း လိပ်ကျောကုန်းသုံးလေးပင်ရှိတယ်''

"ငါတို့ကုမ္ပဏီမှာလည်း လိပ်ကျောကုန်းတွေအများကြီးရှိပါတယ်... တူသလိုလိုနဲ့ အရွက်အရောင်ကမတူဘူး''

"ဟုတ်တယ်.. ဒီလိပ်ကျောကုန်းမှာ အရွက်နှစ်မျိုးပါတယ်... အနီနဲ့အပြာ.. အရမ်းလှတယ်''

ထိုအခိုက် ရုတ်တရက်တစ်ယောက်ကမေးသည်_

"အဲဒါဆို လိပ်ကျောကုန်းမဟုတ်ဘဲ အပူချိန်ထိန်းမြက်လို့မတွေးမိဘူးလား?''

သူ့စကားကြောင့် အားလုံးကြောင်သွားပြီး ဝန်ထမ်းကိုစူးစမ်းကြည့်လိုက်ကြသည်။

တစ်ယောက်ကမေးသည်_

"ဒါအပူချိန်ထိန်းမြက်တွေလား?''

ဝန်ထမ်းက ပွင့်ပွင့်လင်းလင်းပင်၊ ခေါင်းညိမ့်ပြီး မိတ်ဆက်ပေးသည်_

"ဟုတ်တယ်.. အပူချိန်ထိန်းမြက်တွေပါ... လူကြီးမင်းတို့မဲပေါက်ပြီး ဝယ်ရမယ့်အပင်တွေမလို့ ဝယ်မဝယ်ရွေးချယ်ခွင့်ရှိပါတယ်... ကွင်းပြင်အလယ်ကဆိုင်းဘုတ်တွေမှာ အပူချိန်ထိန်းမြက်အကြောင်းအသေးစိတ်ရေးထားတယ်''

ထိုစကားကြောင့် ခရီးသည်များကချက်ချင်း ကွင်းပြင်အလယ်ပြေးသွားကြသည်။

ကွင်းပြင်အလယ်တွင် ဆိုင်းဘုတ်တစ်ခုရှိသည်။

ဆိုင်းဘုတ်နောက်ခံတွင် နီနီပြာပြာအရွက်များနှင့် အပူချိန်ထိန်းမြက်ပင်ကြီးပါသည်။

ကြော်ငြာဆိုင်းဘုတ်ရှေ့ဘက်တွင် အပူချိန်ထိန်းမြက်အကြောင်းမိတ်ဆက်ပေးထားသည်။

ထျန်းရှန်က အရင်ရှေ့တိုးကြည့်သည်။ သူ့ဘေးမှတခြားခရီးသည်များလည်း အပူချိန်ထိန်းမြက်ကိုစပ်စုကြည့်ကြသည်။

"အပူချိန်ထိန်းမြက်က ချင်းလင်ဓာတ်ခွဲခန်းရဲ့ရှောင်ချင်အထူးထုတ်လုပ်ထားတဲ့အပင်တဲ့... ထူးခြားတဲ့အာနိသင်လည်းရှိတယ်တဲ့ အလိုလေး''

"ဒီအပူချိန်ထိန်းမြက်က ပတ်ဝန်းကျင်အပူချိန်ကိုတသမတ်တည်းထိန်းနိုင်တဲ့အထူးအာနိသင်ရှိတယ်ဆိုပါလား''

"အပူချိန်ထိန်းမြက်အလုံအလောက်ရှိရင် နွေရာသီဖြစ်ဖြစ် ဆောင်းရာသီဖြစ်ဖြစ် အပူချိန်ကို ၂၂ ကနေ ၂၈ ဒီဂရီအတွင်းထိန်းထားပေးနိုင်တယ်တဲ့... အဲဒီအပြင် အပူချိန်ထိန်းမြက်က လုံးဝအန္တရာယ်မရှိဘူး... သဘာဝထုတ်ကုန်စစ်စစ်တဲ့... ဝါး''

All Chapters