အခန်း (၁၃၆၃-၁၃၆၅)
Vol. 91 Ch. 1363-1365
အခန်း ၁၃၆၃: နောင်တ!
“အပူချိန်ထိန်းမြက်”
ချင်လင်က ပြုံးပြုံးနှင့်ပြောသည်။
“သူဌေးချင်.. မင်းကတော့ တကယ်အံ့သြစရာပဲ”
ဝန်ကြီးလုက စိတ်လှုပ်ရှားသံနှင့်_
“မိုးမခဘဲစားမှော်တောင် အရှိန်မသေသေးဘူး... အခုအပူချိန်ထိန်းမြက်အကြောင်းကြားလို့ ချက်ချင်းပြေးလာခဲ့တာ”
“ဝန်ကြီးလု.. ကျွန်တော်တို့ အပူချိန်ထိန်းမြက်ကိုသွားကြည့်ကြမလား?”
ချင်လင်လည်း ဝန်ကြီးလု၏ရည်ရွယ်ချက်ကိုသိပြီး ဖိတ်ခေါ်လိုက်သည်။
“ကောင်းတာပေါ့.. ဒီအပူချိန်ထိန်းမြက်ကို တရုတ်သိပ္ပံအကယ်ဒမီက ပရောဂျက်တစ်ခုအတွက် သုံးရမယ်”
ဝန်ကြီးလုက ချက်ချင်းပြန်ဖြေသည်။ ဒီအတွက် သူရောက်လာခြင်းပင်။
ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ ချင်လင်က ဝန်ကြီးလုကို စမ်းသပ်စိုက်ခင်းထဲခေါ်သွားသည်။ ထိုနေရာရောက်သည်နှင့် ပတ်ဝန်းကျင်အပူချိန်ကွာခြားချက်ကို ချက်ချင်းခံစားရသည်။
“သူဌေးချင်.. သာမိုမီတာတစ်ခုလောက်ရမလား”
ဝန်ကြီးလုက မေးသည်။
ချင်လင်က ဓာတ်ခွဲခန်းဝန်ထမ်းကိုလှမ်းခေါ်ပြီး တိကျသောသာမိုမီတာတစ်ခုကို ဝန်ကြီးလုထံပေးခိုင်းသည်။
ဝန်ကြီးလုက သုတေသနသုံးသာမိုမီတာမှန်းသိသည်။ ထိုနေရာတွင်တိုင်းတာကြည့်ပြီးနောက် သူလုံးဝအံ့ဩသွား၏။
တိုင်းတာချက်အရ အပူချိန်မှာ ၂၂ ဒီဂရီစင်တီဂရိတ်သာရှိသည်။ နေရောင်ခြည်တိုက်ရိုက်ကျသည့်နေရာနှင့်အရိပ်ရသည့်နေရာ အတူတူပင်။ အပူချိန်ကွာခြားချက်က ၀.၁ ဒီဂရီစင်တီဂရိတ်ထက်တောင်နည်းနေသည်။
ဟွားယွမ်ဆေးရုံ၏အကောင်းဆုံးအပူချိန်ထိန်းစက်တောင် ဒီလိုကြောက်စရာကောင်းလောက်အောင်တိကျသောအာနိသင်မျိုးမရနိုင်။
တနည်းဆိုသော် သူမျှော်လင့်ထားသလိုလည်ပတ်မှုမျိုး အမှန်တကယ်ဖြစ်လာတော့မည်။
ဒါ တစ်နိုင်ငံလုံးအတွက်သတင်းကောင်းပင်။
ဝန်ကြီးလုက အပူချိန်ထိန်းမြက်၏အာနိသင်ကို အတည်ပြုပြီးနောက် လေးငါးပင်ယူပြီး မြို့တော်သို့တန်းပြန်လာကာ မှိုဓာတ်ခွဲခန်းထဲပို့လိုက်သည်။
မှိုဓာတ်ခွဲခန်းတာဝန်ခံမှာ တော်ဝင်ပညာရှင်ချူဖြစ်သည်။
တော်ဝင်ပညာရှင်ချူက ဝန်ကြီးလုရောက်လာသည်ကိုမြင်သောအခါ ချက်ချင်းရှေ့ထွက်ကြိုဆို၏_
“ဝန်ကြီးလု.. ဒါအပူချိန်ထိန်းမြက်တွေလား?”
“ဟုတ်တယ်”
ဝန်ကြီးလုက ခေါင်းငြိမ့်ပြီး_
“ဒါအပူချိန်ထိန်းမြက်ပါ... တော်ဝင်ပညာရှင်ချူ.. ဒီအပင်တွေနဲ့ အပူချိန်တသမတ်တည်းရှိတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးကြည့်ပါ”
“ဒီအပင်တွေကို မှန်လုံအိမ်ထဲမြန်မြန်ရွှေ့လိုက်”
တော်ဝင်ပညာရှင်ချူက သူ့ဘေးမှသုတေသီတစ်ဦးကို ချက်ချင်းညွှန်ကြားလိုက်သည်။
မှိုသုတေသနတွင် မှိုကြီးထွားမှုအပေါ်သက်ရောက်မှုမရှိသော အပူချိန်တသမတ်တည်းရှိသည့်ပတ်ဝန်းကျင်တစ်ခုလိုအပ်သည်။
အပူချိန်ထိန်းစက်များမှထွက်သောလျှပ်စစ်သံလိုက်လှိုင်းမှာ မည်မျှပင်အားနည်းစေကာမူ ပြီးပြည့်စုံခြင်းမရှိနိုင်။ ချင်းလင်စံအိမ်တွင် အပူချိန်ထိန်းမြက်ရှိကြောင်းသတင်းရကတည်းက ထိုအပင်ကို သူစောင့်ကြည့်နေခဲ့သည်။
အခုအပင်များရောက်လာပြီဖြစ်၍ သူချက်ချင်း အသုံးချကြည့်ချင်သည်။
သုတေသီတချို့က ချက်ချင်းရှေ့ထွက်လာပြီး အပူချိန်ထိန်းမြက်များကို စမ်းသပ်ခန်းထဲရွှေ့လိုက်ကြသည်။
ထိုအခန်းမှာ အပူချိန်ထိန်းထားသည့်စမ်းသပ်ခန်းဖြစ်သည်။ အထဲတွင် စက်ပစ္စည်းများစွာတပ်ဆင်ထားသည်။ ထိုစက်ပစ္စည်းများမှာ အပူချိန်ကိုအတိအကျထိန်းထားပေးသည့်ကိရိယာများပင်။
သို့သော် ထိုစက်များကိုရပ်ထား၏။
အပူချိန်ထိန်းစက်များမှာ အဆင့်မြင့်ဆုံးစက်များဖြစ်သော်လည်း စက်မှထွက်သောလျှပ်စစ်သံလိုက်လှိုင်းတချို့က စမ်းသပ်နေသည့်မှိုများအပေါ် သက်ရောက်မှုရှိနေသည်။ ထို့ကြောင့် စက်များကိုရပ်ပြီး အခြားနည်းလမ်းစဉ်းစားရသည်။
အခုချင်းလင်စံအိမ်မှအပူချိန်ထိန်းမြက်က သူ့အတွက်အခွင့်အရေးတစ်ခုဖြစ်လာသည်။ သူတို့ထိန်းညှိလိုသောအပူချိန် ၂၅ ဒီဂရီက အပူချိန်ထိန်းမြက်၏ထိန်းညှိနိုင်စွမ်းအတွင်းရှိနေသည်။
“ဝန်ကြီးလု.. အဲဒါ ဒီအတိုင်းထားရုံပဲလား?”
စမ်းသပ်ခန်းထဲဝင်ပြီးနောက် တော်ဝင်ပညာရှင်ချူက ဝန်ကြီးလုကိုမေးလိုက်သည်။
ဝန်ကြီးလုက ခေါင်းငြိမ့်ပြီး_
“ဟုတ်တယ်.. အပူချိန်ထိန်းမြက်ပင်က အပူချိန်ကိုအလိုအလျောက်ညှိပေးနိုင်တယ်... အပင်အနည်းအများပေါ်မူတည်ပြီး အပူချိန်အတိအကျကိုလိုသလိုညှိယူနိုင်တယ်”
“တကယ် အံ့သြဖို့ကောင်းတာပဲ”
တော်ဝင်ပညာရှင်ချူက တအံ့တသြပြောသည်။
"တကယ်အံ့သြစရာကောင်းတာ''
ခဏအကြာ သုတေသီတစ်ဦးကအစီရင်ခံသည်_
“တော်ဝင်ပညာရှင်ချူ.. အပူချိန်စကျလာပါပြီ... အခု ၂၅ ဒီဂရီစင်တီဂရိတ်ကိုရောက်သွားပြီ”
ဒါ သူတို့လိုချင်သောအပူချိန်ပင်။
သို့သော် အပူချိန်ကဆက်လက်ကျဆင်းနေပြီး မကြာမီ ၂၂ ဒီဂရီစင်တီဂရိတ်ရောက်သွားသည်။
“ကျန်တဲ့အပူချိန်ထိန်းမြက်တွေကို အပြင်ထုတ်ပြီး အပူချိန်ညှိလိုက်ပါ”
ဝန်ကြီးလုက ပြောသည်။
သုတေသီများက ညွှန်ကြားသည့်အတိုင်း အပူချိန်ထိန်းမြက်များကို အပြင်တန်းထုတ်သွားသည်။ တခဏအတွင်း အခန်းအပူချိန်ပြန်တက်လာ၏။ အပင်လေးပင်ကိုအပြင်ထုတ်ပြီးနောက် အပူချိန်က ၂၅ ဒီဂရီစင်တီဂရိတ်တွင်တန်းနေသည်။
တော်ဝင်ပညာရှင်ချူနှင့်တခြားသုတေသီများအားလုံး အံ့ဩသွားသည်။ သူတို့က တိကျသောသာမိုမီတာနှင့် ဖန်လုံအိမ်တစ်ခုလုံးလိုက်တိုင်းတာကြည့်ရာ နေရာတိုင်းတွင် အပူချိန်တသမတ်တည်းရှိနေသည်ကိုတွေ့ရသည်။
“မြန်မြန်လေး... ငါတို့မှိုတွေထည့်ပြီးစမ်းသပ်ကြည့်မယ်”
အပူချိန်ကိုစမ်းသပ်ပြီးနောက် တော်ဝင်ပညာရှင်ချူက သူ့ဘေးမှသုတေသီကိုချက်ချင်းပြောလိုက်သည်။
သုတေသီများလည်း အပူချိန်ထိန်းမြက်က ဖန်တီးပေးမည့်တသမတ်အပူချိန်ပတ်ဝန်းကျင်ကို စိတ်ဝင်စားနေကြသည်။ သူတို့က အလုံပိတ်ဖန်ဘူးထဲမှမှိုများကိုချက်ချင်းထုတ်ယူပြီး တသမတ်အပူချိန်ရှိသောအခန်းထဲ စထည့်လိုက်သည်။
ထို့နောက် တော်ဝင်ပညာရှင်ချူက သူ့အဖွဲ့ကိုဦးဆောင်ကာ မှိုအခြေအနေကိုစောင့်ကြည့်သည်။
အချိန်လွန်သည်နှင့်အမျှ သူတို့မျက်နှာတွင် ဝမ်းသာသောအရိပ်အယောင်များထင်ဟပ်လာသည်။
“တော်ဝင်ပညာရှင်ချူ.. ဒီတစ်ခါ မှိုတွေအပေါ်သက်ရောက်မှုမရှိတော့ဘူး”
“ပြီးပြည့်စုံသွားပြီ... ဒီတစ်ခါ တသမတ်အပူချိန်ပတ်ဝန်းကျင်က အရင်စက်ပစ္စည်းတွေထက်ပိုကောင်းတယ်”
“ဒီတစ်ခါ မှိုအချဉ်ဖောက်တာ အကောင်းဆုံးအခြေအနေရတော့မယ်”
တော်ဝင်ပညာရှင်ချူလည်း ကြည်နူးအံ့သြသွားသည်။
အပူချိန်ထိန်းမြက်က အမှန်ပင် အပူချိန်ကိုအတိအကျထိန်းနိုင်သည်။ အဓိကအချက်မှာ သူတို့စမ်းသပ်နေသည့်မှိုများအပေါ် မည်သည့်သက်ရောက်မှုမှမရှိခြင်းပင်။
ကိုယ်တိုင်သာမမြင်ရရင် ဘယ်သူကယုံနိုင်မလဲ?
ဒီအပင်က ဟွားဆေးရုံမှအဆင့်မြင့်ဆုံးအပူချိန်ထိန်းစက်များထက်တောင် ပိုကောင်းနေသည်။
“ဝန်ကြီးလု.. ဒီအပူချိန်ထိန်းမြက်ကို သိပ္ပံသုတေသနတွေမှာသုံးနေတဲ့ အပူချိန်ထိန်းစက်ပစ္စည်းအတော်များများရဲ့နေရာမှာ အစားထိုးနိုင်မယ်ထင်တယ်”
တော်ဝင်ပညာရှင်ချူက စိတ်လှုပ်ရှားစွာပြောသည်။
ဝန်ကြီးလု ခေါင်းငြိမ့်လိုက်သည်။ ဒါကို သူနားလည်သည်။ ထို့အပြင် အပူချိန်ထိန်းမြက်က လေအေးပေးစက်နေရာအစားထိုးနိုင်မည့်အချက်ကို သူပိုစိတ်ဝင်စားသည်။ စွမ်းအင်ချွေတာရေးနှင့်စွမ်းအင်သုံးစွဲမှုလျှော့ချရေးတို့တွင် အကျိုးကျေးဇူးများပြီး နိုင်ငံနှင့်ပြည်သူအတွက်လည်း များစွာအကျိုးရှိမည်။
ဟူမြို့တော်_
ထျန်းရှန်က ဖုန်းလက်ခံရရှိသည်နှင့် ရပ်ကွက်ထဲမှအလျင်အမြန်ထွက်လာသည်။ သူ ချင်းလင်စံအိမ်တွင်ဝယ်ခဲ့သော အပူချိန်ထိန်းမြက်ငါးပင်ရောက်လာပြီဖြစ်သည်။
အခန်း ၁၃၆၄: နောင်တ!
ပစ္စည်းပို့သူက အပူချိန်ထိန်းမြက်ငါးပင်ကိုအမြန်ချပြီး ထျန်းရှန်းတို့ရပ်ကွက်ထဲလိုက်ပို့ပေးသည်။
သာမန်ပစ္စည်းပို့သူမှာ ဒီလောက်အထိဝန်ဆောင်မှုပေးမည်မဟုတ်သော်လည်း ချင်းလင်စံအိမ်က ခရီးသည်များအတွက် အပိုဆောင်းပေးထားသောကြောင့် အိမ်တိုင်ယာရောက်ပို့ဆောင်ပေးသည်။
ထျန်းရှန်က ပစ္စည်းပို့သူကို ရပ်ကွက်ထဲလမ်းပြခေါ်သွားသည်။ သူသယ်လာသောအပူချိန်ထိန်းမြက်ငါးပင်မှာ လူအများအာရုံစိုက်စရာဖြစ်နေသည်။
“ထျန်းရှန်.. မင်းဝယ်လာတဲ့အပင်စိမ်းစိမ်းတွေက ဘာပင်လဲ?”
သူနှင့်ရင်းနှီးသောဧည့်ကြိုဝန်ထမ်းတစ်ဦးက မေးသည်။
ထျန်းရှန်ကဖုံးကွယ်မထားဘဲ ပြုံးပြုံးနှင့်ရှင်းပြသည်_
“အပူချိန်ထိန်းမြက်လေ”
“အပူချိန်ထိန်းမြက်?”
အိမ်နီးချင်းဖြစ်သူက တအံ့တသြနှင့်_
“ချင်းလင်စံအိမ်ကအပူချိန်ထိန်းမြက်လား?”
ရပ်ကွက်ထဲနေသူများက အမှတ်တမဲ့လှမ်းကြည့်ပြီး အခြေအနေကိုစပ်စုကြသည်။
အခု အပူချိန်ထိန်းမြက်ကအလွန်ရေပန်းစားနေသောကြောင့် အင်တာနက်သုံးသူတိုင်း မသိဘဲမနေ။ ဗီဒီယိုအတိုတင်သည့်ပလက်ဖောင်းများတွင် အကောင့်ထဲဝင်လိုက်သည်နှင့် အပူချိန်ထိန်းမြက်အကြောင်းသတင်းများကိုတန်းတွေ့ရသည်။
အဓိကအကျဆုံးအချက်မှာ အပူချိန်ထိန်းမြက်၏အာနိသင်ဖြစ်သည်။ လေအေးပေးစက်ကို တိုက်ရိုက်အစားထိုးနိုင်သည်။ အတော်များများက အပူချိန်ထိန်းမြက်ကိုဝယ်ချင်ကြသော်လည်း ဝယ်ချင်တိုင်းဝယ်မရပေ။
အိမ်နီးချင်းများရောက်လာပြီး ထျန်းရှန်၏ အပူချိန်ထိန်းမြက်ကိုမြင်သောအခါ မပြောဘဲမနေနိုင်တော့_
“တကယ် အပူချိန်ထိန်းမြက်ပါလား!”
“ငါတို့ရပ်ကွက်ထဲမှာ အပူချိန်ထိန်းမြက်ဝယ်နိုင်တဲ့သူရှိနေတာ မယုံနိုင်စရာပဲ”
“ဒါ အပူချိန်ထိန်းမြက်ပဲ... ဗီဒီယိုထဲကအတိုင်းပဲ”
“ထျန်းရှန်.. မင်း ကံမကောင်းလွန်းဘူးလား? ဒါမျိုးကိုဝယ်နိုင်တယ်ဆိုတော့”
ချက်ချင်းပင် အိမ်နီးချင်းများက ထျန်းရှန်နောက်တကောက်ကောက်လိုက်ကြသည်။ သူ့အိမ်ရှေ့ရောက်သည်အထိ ပြန်မည့်ပုံမပေါ်ကြချေ။
ဒီအပူချိန်ထိန်းမြက်အာနိသင်က လိုင်းပေါ်မှာကြွားထားသလို အံ့သြစရာကောင်းမကောင်း သူတို့ကိုယ်တိုင်ကြည့်ချင်သောကြောင့်ပင်။
ထျန်းရှန်က ပစ္စည်းပို့သူအား အပူချိန်ထိန်းမြက်ငါးပင်ကိုအိမ်ထဲသယ်ခိုင်းပြီး အိပ်ခန်းထဲတွင် တစ်ပင်ထားကာ အိမ်အနှံ့ခွဲထားလိုက်သည်။
ထိုအပူချိန်ထိန်းမြက်ငါးပင်က တပြိုင်တည်းအာနိသင်ပြပြီး အခန်းသုံးခန်းပါသောအိမ်တစ်လုံး၏အပူချိန်ကိုထိန်းညှိပေးသည်။
မြက်ပင်များထားပြီးမကြာမီ အပူချိန်ပြောင်းလဲလာသည်ကို ထျန်းရှန်တို့ခံစားရသည်။ သာမိုမီတာနှင့်တိုင်းကြည့်ရာ နောက်ဆုံး ၂၄ ဒီဂရီတွင်တည်ငြိမ်သွား၏။
ထျန်းရှန်အိမ်ကအတော်ကျယ်သောကြောင့် အပူချိန်ထိန်းမြက်ငါးပင်တည်းနှင့် အပူချိန်ကိုထပ်မလျှော့ချနိုင်တော့။
သို့သော် ထိုအချက်နှင့်တင် အားလုံးတုန်လှုပ်သွားသည်။ လေအေးပေးစက်မရှိဘဲ ၂၄ ဒီဂရီအပူချိန်က အတော်နေရထိုင်ရကောင်းသည်။
ထိုမြင်ကွင်းကို ကိုယ်တိုင်မျက်မြင်တွေ့ရှိပြီးနောက် လိုင်းပေါ်ကသတင်းများအမှန်ဖြစ်ကြောင်း သူတို့ယုံကြည်သွားသည်။ ဒီလိုအံ့သြစရာကောင်းသောအပင်မျိုး အမှန်တကယ်ရှိနေသည်။
ထျန်းရှန်တစ်ယောက်တည်းမဟုတ်။ ဟွရှင်းလေအေးပေးစက်ကုမ္ပဏီ၏အစည်းအဝေးခန်းထဲတွင်လည်း အပူချိန်ထိန်းမြက်များရောက်နေပြီဖြစ်သည်။
ထိုအပူချိန်ထိန်းမြက်များကို ချင်းလင်စံအိမ်တွင်ကံစမ်းမဲပေါက်သူများထံမှ ဈေးကြီးပေးဝယ်ထားခြင်းပင်။
သို့ရာတွင် အပူချိန်ကိုတိုင်းပြီးနောက် လော့ရှန်းနှင့်ဟွရှင်းကုမ္ပဏီကလူများ မျက်နှာပျက်သွားကြသည်။
အမှန်ပင် အပူချိန်တသမတ်တည်းရှိနေသည်။ အပူချိန်ကို တကယ်ထိန်းချုပ်ထားနိုင်သည်။
လေအေးပေးစက်လုပ်ငန်းလုပ်နေသောသူတို့တောင် ဒီအပူချိန်ထိန်းမြက်က လေအေးပေးစက် ထက်ပိုကောင်းသည်ဟုဝန်ခံရမည်။ သဘာဝအတိုင်းဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်းမရှိ။
“ဒီလိုဟာမျိုးကို ဘယ်လိုများသုတေသနလုပ်ပြီး ပျိုးထောင်နိုင်တာလဲ?”
လော့ရှန်းက မျက်စိမျက်နှာပျက်ပျက်နှင့်ရေရွတ်နေသည်။ သူ့စိတ်ထဲတွင် ပြောမပြနိုင်သောနောင်တများပြည့်လျှံလာ၏။
ချင်းလင်စံအိမ်နှင့်ချင်းလင်ဓာတ်ခွဲခန်းကိုသူချောက်ချခဲ့သောကြောင့် သူ့ကုမ္ပဏီနာမည်ကြီးလာပြီး လေအေးပေးစက်တွင်အရောင်းရဆုံးနံပါတ်တစ်ဖြစ်လာခြင်းဖြစ်သည်။
သို့သော် ဒီအတွက် ချင်းလင်ကုမ္ပဏီက အပူချိန်ထိန်းမြက်လိုအပင်မျိုးထုတ်လာမည်မှန်းသာသိခဲ့ရင် အရောင်းရဆုံးနံပါတ်တစ်နေရာကို မယူဘဲနေခဲ့မည်။
ဒုတိယ၊ တတိယ ဒါမှမဟုတ် စတုတ္ထနေရာလောက်ဆိုရင်တောင် အခွင့်အရေးရှိဦးမည်။ ဒါပေမဲ့ အခု ဘာမှမကျန်တော့။
အခန်း ၁၃၆၅: ဘယ်လိုအခွင့်အရေးမျိုးလဲ?
အပူချိန်ထိန်းမြက်ပေါ်လာသောကြောင့် လေအေးပေးစက်ကုမ္ပဏီအားလုံး ပျက်သုဉ်းမည့်အချိန်ရောက်လာပြီဟု ခံစားနေရသည်။
ဟွရှင်းကုမ္ပဏီသာမက Meidi နှင့် Gerly ကုမ္ပဏီများလည်း အပူချိန်ထိန်းမြက်ကိုဈေးကြီးပေးဝယ်ပြီး အာနိသင်ကိုသိသွားကြသည်။
အပူချိန်ထိန်းမြက်၏အာနိသင်ကိုသိသည့်အပြင် လေအေးပေးစက်လုပ်ငန်းတစ်ခုလုံး ပြီးဆုံးတော့မည်ဟုလည်း သိလိုက်ကြသည်။
ချင်းလင်ဓာတ်ခွဲခန်းကသာ အပူချိန်ထိန်းမြက်ကို စတင်ဖြန့်ချိလိုက်ရင် သူတို့လေအေးပေးစက်ကိုဝယ်မည့်သူရှိပါဦးမလား စဉ်းစားရခက်သည်။
လူတိုင်းက လေအေးပေးစက်ကိုစွန့်လွှတ်ပြီး အပူချိန်ထိန်းမြက်ကိုရွေးချယ်ကြမှာ သေချာသလောက်ပင်။
အဲဒီအချိန် သူတို့လုပ်ငန်းများအဆုံးသတ်ရလိမ့်မည်။
Gerly လေအေးပေးစက်ရုံးချုပ်_
မစ္စသုန့်မှာ မျက်ခုံးများအစွမ်းကုန်တွန့်ထားသောကြောင့် သူမမျက်နှာပေါ်ရှိအရေးအကြောင်းများ ပိုထင်ရှားနေသည်။
သူမက လေအေးပေးစက်လုပ်ငန်းတွင်ထင်ရှားသူဖြစ်ပြီး နိုင်ငံအတွင်းလူသိများသော အမျိုးသမီးခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ဘာမဆို အေးအေးဆေးဆေးရင်ဆိုင်နိုင်သည်။
သို့သော် အခုသူမမျက်နှာမှာ စိုးရိမ်ပူပန်မှုများက အတိုင်းသား။
ဘေးတွင်_
အရာရှိတစ်ဦးက မျက်နှာပျက်ပျက်နှင့်_
“မစ္စသုန့်.. အခြေအနေ နည်းနည်းဆိုးနေပြီ... ဒီအပူချိန်ထိန်းမြက်ကိုအကြီးအကျယ်ဖြန့်ချိလိုက်ရင် ကျွန်တော်တို့လေအေးပေးစက်တွေ ဘယ်လိုမှယှဉ်နိုင်မှာမဟုတ်ဘူး''
အမှန်တော့ မစ္စတုန့်လည်း ဒီပြဿနာကို ကောင်းကောင်းသိသည်။
စီးပွားရေးလောကတွင် အချိန်အတော်ကြာ ကျင်လည်ခဲ့သူဖြစ်သော်လည်း ဒီလောက်အားကိုးရာမဲ့သလိုခံစားရသည်မှာ ဒါပထမဆုံးပင်။
အပူချိန်ထိန်းမြက်လိုအရာမျိုးက စီးပွားရေးနည်းဗျူဟာများ၊ မဟာဗျူဟာများ သို့မဟုတ် ကြော်ငြာအားကောင်းကောင်းနှင့်ဖြေရှင်းနိုင်သည့်အရာမျိုးမဟုတ်။
ဟွရှင်းကုမ္ပဏီ၏တိုက်စစ်များနှင့်ရင်ဆိုင်ရစဉ်ကတောင် နောက်ဆက်တွဲဖြေရှင်းနည်းများရှိသောကြောင့် စိုးရိမ်ပူပန်ခြင်းအလျဉ်းမရှိခဲ့။
ယခု လေအေးပေးစက်ကိုလုံးဝလွှမ်းမိုးသွားနိုင်သည့်အပူချိန်ထိန်းမြက်နှင့်ရင်ဆိုင်ရသောအခါ သူမလက်နက်ချရတော့မည်။
ဒါ ရှုထောင့်ချင်းမတူသောတိုက်ကွက်တစ်ခုပင်။
မစ္စသုန့်သက်ပြင်းချနေစဉ် အတွင်းရေးမှူးကအလောတကြီးဝင်လာပြီး_
“မစ္စသုန့်.. ချင်းလင်ဓာတ်ခွဲခန်းက ကျွန်မတို့ကိုပူးပေါင်းဆောင်ရွက်ဖို့ဖိတ်ခေါ်စာပို့လိုက်တယ်!”
“???”
မစ္စသုန့် ကြောင်သွားသည်။ သူမက အတွင်းရေးမှူးကိုဇဝေဇဝါနှင့်ကြည့်ပြီးမှ အတွင်းရေးမှူးဆီအမြန်သွားကာ တစ်ချက်ကြည့်လိုက်သည်။
ချင်းလင်အပန်းဖြေစံအိမ်_
ရှန်လီလည်း ချင်လင်ရှေ့တွင်အစီရင်ခံနေသည်_
“ဥက္ကဌချင်.. ဟွရှင်းကုမ္ပဏီကလွဲပြီး ကျန်တဲ့လေအေးပေးစက်ကုမ္ပဏီတွေကို ကျွန်တော်တို့ဖိတ်ခေါ်စာပို့ပြီးပါပြီ”
“ဟုတ်ပြီ ဥက္ကဌရှန်.. ဒီအပူချိန်ထိန်းမြက်ကိစ္စကို ခင်ဗျားပဲအပြည့်အဝတာဝန်ယူပေးပါ”
ချင်လင်က ခေါင်းငြိမ့်သည်။
ပြီးရင် အပူချိန်ထိန်းမြက်ကိုဖြန့်ချိရန်သာ ကျန်တော့သည်။
သူ့အနေနှင့် အသေးစိတ်လိုက်ပြီးဝင်ပါစရာမလို။
သူအာရုံစိုက်စရာလိုသည်က အပူချိန်ထိန်းမြက်၏ဈေးကွက်မြှင့်တင်ရေးပင်။
လေအေးပေးစက်ကုမ္ပဏီများကိုဖိတ်ခေါ်ရခြင်းကလည်း ပူးပေါင်းဖြန့်ချိရန်ဖြစ်သည်။
'ကိုယ့်ထုတ်ကုန်က လုပ်ငန်းတစ်ခုလုံးကိုဖျက်ဆီးနိုင်လောက်အောင်ကောင်းနေရင် ဘာလို့သူများနဲ့ပူးပေါင်းစရာလိုဦးမလဲ' ဟု လူအများစုကတွေးကောင်းတွေးကြလိမ့်မည်။
ကိုယ့်ဘာသာရောင်းချပြီး အကျိုးအမြတ်အားလုံး တစ်ဦးတည်းသိမ်းပိုက်နိုင်သည်။
သို့သော် တစ်ခါတရံ ဒီလိုမဟုတ်။
လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ကိုယ့်ထုတ်ကုန်က ဘယ်လောက်ကောင်းနေပါစေ၊ တစ်ခါတရံ ကဏ္ဍပေါင်းစုံမှသက်ရောက်မှုများရှိနိုင်သည်။
အပူချိန်ထိန်းမြက်ပေါ်လာခြင်းသည် လေအေးပေးစက်လုပ်ငန်းကို လုံးဝဖျက်ဆီးပစ်လိမ့်မည်။ သို့သော် ပြဿနာတစ်ခုရှိသည်။ ဖန်တီးလိုက်သောအလုပ်အကိုင်သစ်များနှင့်ဖျက်ဆီးလိုက်သောအလုပ်အကိုင်ဟောင်းများညီမျှနေလျှင် သဘာဝအတိုင်းဖြစ်သွားပြီး လူမှုရေးပြဿနာများဖြစ်လာမည်မဟုတ်။
သို့မဟုတ်ပါက ဈေးကွက်တစ်ခုလုံး ဒီရိုက်ခတ်မှုဒဏ်ကိုတောင့်ခံနိုင်မည်မဟုတ်ပေ။
အလုပ်လက်မဲ့ဦးရေများလာရင် ဆိုးဆိုးဝါးဝါးလူမှုရေးပြဿနာများလည်းဖြစ်နိုင်သည်။
အလုပ်ပြုတ်သွားပြီး အလုပ်သစ်ပြန်မရနိုင်သူအစွန်းရောက်တချို့က တခြားအလုပ်လက်မဲ့များကိုပါစုစည်းကာ ဆန္ဒပြနိုင်သည်။ သူတို့က ချင်းလင်ကုမ္ပဏီကိုပစ်မှတ်ထားလာရင်လည်း ပြဿနာကြီးမည်။
ရုပ်ရှင်ထဲကလို ချင်းလင်စံအိမ်ထဲဂတ်စ်အိုးသယ်လာပြီးပြဿနာရှာတာမျိုးဖြစ်နိုင်သလို နောက်ထပ်သတင်းကြီးတစ်ခုလည်းဖြစ်လာနိုင်သည်။
ဒီလိုအဖြစ်အပျက်မျိုးက ရုပ်ရှင်ဆန်လွန်းသည်ဟုထင်ရသော်လည်း လက်တွေ့တွင်အမှန်တကယ်ဖြစ်နိုင်သည်။
သူ့အတွက်တော့ ပိုက်ဆံက ကိန်းဂဏန်းတစ်ခုမျှသာ။
ကုမ္ပဏီအသီးသီးမှရနေသောအကျိုးအမြတ်များကိုတောင် သူစိတ်မဝင်စား။
အထက်လူများ သူ့ဆီလွှဲပေးထားသော ၄၃ ဘီလီယံကိုပင် ဘယ်လိုသုံးစွဲရမည်မသိသေးချေ။
အထက်လူများ၏ဖိအားပေးမှုသာမရှိခဲ့ရင် ချင်းလင်ကုမ္ပဏီ၏ပိုင်ဆိုင်မှုက လူချမ်းသာစာရင်းတွင်ထိတ်လန့်စေသည်အထိဖြစ်နိုင်သည်။
ထို့ကြောင့် တချို့အရာများကိုသိပ်ဂရုစိုက်စရာမလိုတော့။ သူထိန်းချုပ်နိုင်သရွေ့ အဆင်ပြေသည်။
ဥပမာဆိုရသော် အခုအပူချိန်ထိန်းမြက်က လေအေးပေးစက်နေရာတွင် အစားထိုးဝင်ရောက်လာပြီဖြစ်၍ ချင်းလင်ဓာတ်ခွဲခန်းက လေအေးပေးစက်ကုမ္ပဏီများနှင့်ပူးပေါင်းရန် ရွေးချယ်ခဲ့သည်။ လေအေးပေးစက်ကုမ္ပဏီများကလည်း အခြားအထူးပြုစက်ပစ္စည်းများကိုပြောင်းလဲထုတ်လုပ်ရင်း ချင်းလင်ဓာတ်ခွဲခန်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်သည်။
ဒီနည်းနှင့် ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေဦးမည်ဖြစ်သော်လည်း အနည်းဆုံးတော့ အလုပ်အကိုင်နေရာပြောင်းလဲမှုသိပ်မရှိတော့ဘဲ လူအများအပြားအထိအခိုက်နည်းသွားမည်။
ထို့အပြင် အပူချိန်ထိန်းမြက်က ချင်းလင်ဓာတ်ခွဲခန်း၏ထိန်းချုပ်မှုအောက်တွင်ရှိနေခြင်းကြောင့် ထိုအသွင်ပြောင်းလေအေးပေးစက်ကုမ္ပဏီများကိုပါ ချင်းလင်ဓာတ်ခွဲခန်းက ထိန်းချုပ်ထားနိုင်သည့်သဘောဖြစ်သည်။
“ဥက္ကဌချင်.. ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်စာတွေပို့ပြီးပါပြီ... လေအေးပေးစက်ကုမ္ပဏီတွေလာရောက်ပူးပေါင်းမှာကိုစောင့်ရုံပါပဲ”
ရှန်လီက ထပ်ပြောလိုက်သည်။
အပူချိန်ထိန်းမြက်အတွက် လေအေးပေးစက်ကုမ္ပဏီများပူးပေါင်းရန် ချင်းလင်ဓာတ်ခွဲခန်းက ဖိတ်ခေါ်လိုက်သည့်သတင်းမှာ လိုင်းပေါ်တွင်လူပြောအများဆုံးသတင်းဖြစ်လာသည်။
ဖိတ်ခေါ်စာလက်ခံရရှိပြီးနောက် လေအေးပေးစက်ကုမ္ပဏီအားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
အားလုံးအသံတိတ်ပြီး ပူးပေါင်းဆောင်ရွက်ရေးဖိတ်ခေါ်ချက်ကို အသေအချာစဉ်းစားရတော့မည်။
သူတို့ကုမ္ပဏီများသိမ်းသွင်းခံရသလိုဖြစ်နေသော်လည်း အပူချိန်ထိန်းမြက်၏အစွမ်းကို သူတို့သိပြီးဖြစ်သည်။ သူတို့လေအေးပေးစက်ကို လုံးဝအစားထိုးပစ်နိုင်သည်။
တဖက်မှကြည့်လျှင် သူတို့ကိုထွက်ပေါက်ပေးခြင်းဟုယူဆနိုင်သည်။
ဟွရှင်းကုမ္ပဏီ_
ချင်းလင်ဓာတ်ခွဲခန်းက လေအေးပေးစက်ကုမ္ပဏီများကိုပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်သည့်သတင်းကို လော့ရှန်းသိပြီးဖြစ်သည်။
သတင်းကြားကြားချင်း သူ့လက်ထောက်ကို အလောတကြီးပြောလိုက်၏_
“မြန်မြန်.. ချင်းလင်ဓာတ်ခွဲခန်းကိုအီးမေးလ်ပို့လိုက်... ဟွရှင်းက ပူးပေါင်းဆောင်ရွက်ဖို့အသင့်ပါပဲလို့''
လော့ရှန်းမှာ မျက်နှာလိုမျက်နှာရလုပ်တတ်သူဖြစ်သည်။ အပူချိန်ထိန်းမြက်၏အစွမ်းကိုသိပြီးနောက် ကုမ္ပဏီဆက်လက်ရှင်သန်နိုင်မည့်နည်းလမ်းမှာ ချင်းလင်ဓာတ်ခွဲခန်းနှင့်ပူးပေါင်းရန်သာရှိကြောင်း သူနားလည်သည်။
မဟုတ်ရင် အပူချိန်ထိန်းမြက်ကိုဖြန့်ချိလိုက်သည်နှင့် သူတို့လုပ်ငန်းအဆုံးသတ်ပြီး ဘာမှကျန်တော့မည်မဟုတ်။
လော့ရှန်းစကားကြောင့် လက်ထောက်ဖြစ်သူက ချက်ချင်းကွန်ပျူတာရှေ့ထိုင်ပြီး ချင်းလင်ဓာတ်ခွဲခန်း၏တရားဝင်ဝဘ်ဆိုဒ်ထဲဝင်လိုက်သည်။
ချင်းလင်ဓာတ်ခွဲခန်းမှသတင်းထွက်ပြီးနောက် တရားဝင်စာမျက်နှာတွင်လည်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် လျှောက်ထားနိုင်သည့်အခြေအနေများကို ကြေညာထားသည်။
လက်ထောက်က ထိုစာမျက်နှာကိုဖွင့်ကြည့်ပြီး ခဏအကြာတွင် မျက်နှာပျက်ပျက်နှင့် လော့ရှန်းကိုကြည့်ကာ_
“သူဌေး.. ချင်းလင်ဓာတ်ခွဲခန်းက ပူးပေါင်းဆောင်ရွက်မယ့်ကုမ္ပဏီစာရင်းကိုလည်း ကြေညာထားတယ်... ကျွန်တော်တို့ဟွရှင်းကုမ္ပဏီကလွဲလို့ ကျန်တဲ့လေအေးပေးစက်ကုမ္ပဏီအားလုံး စာရင်းထဲမှာပါတယ်... ချင်းလင်ဓာတ်ခွဲခန်းက ကျွန်တော်တို့ကို ပူးပေါင်းဆောင်ရွက်ဖို့အခွင့်အရေးမပေးချင်ဘူး!”
“ဘာ?”
လော့ရှန်းမျက်စိမျက်နှာပျက်သွားပြီး_
“ငါတို့ကုမ္ပဏီက ဘာလို့စာရင်းထဲမပါရတာလဲ?”
လက်ထောက်ကမျက်မှောင်ကြုတ်ပြီး သူဌေးကိုကြည့်လိုက်သည်။
ပြောစရာလိုသေးလို့လား?
လော့ရှန်းလည်း သူလှည့်ဖျားခဲ့သည့်ဖြစ်ရပ်ကြောင့်ဟုသဘောပေါက်လိုက်သည်။
သူ့မျက်နှာမှာ ချက်ချင်းအကြံအိုက်သွားပုံရ၏။
အရင်က ကုမ္ပဏီတိုးတက်ရေးအတွက် အကွက်ဆင်ခဲ့ခြင်းပင်။
ဒီလိုအပူချိန်ထိန်းမြက်နဲ့တိုးမယ်လို့ဘယ်သိပါ့မလဲ?
ချင်းလင်စံအိမ်ကိုအနှောင့်အယှက်ပေးခဲ့သောကြောင့် ကုမ္ပဏီမှာဆက်လက်ရှင်သန်မည့်အခွင့်အရေးတောင်ရှိတော့မည်မဟုတ်။
ချင်းလင်ဓာတ်ခွဲခန်းက သူတို့ကုမ္ပဏီမှလွဲပြီး ကျန်ကုမ္ပဏီအားလုံးနှင့်ပူးပေါင်းဆောင်ရွက်လိုသည်။
နောက်ဆုံး လော့ရှန်းမှာ သူ့ထိုင်ခုံပေါ် စိတ်ပျက်အားလျော့စွာပြန်ထိုင်ချလိုက်သည်။
အပူချိန်ထိန်းမြက်ပေါ်ထွက်လာခြင်းကြောင့် ပြည်တွင်းသာမက တစ်ကမ္ဘာလုံးပါတုန်လှုပ်ရသည်။
မိုးမခဘဲစားမှော်ဖြစ်ရပ်ကြောင့် တစ်ကမ္ဘာလုံးက တရုတ်နိုင်ငံကိုစောင့်ကြည့်နေကြသည်။ အထူးသဖြင့် ရေထုညစ်ညမ်းမှုထိန်းချုပ်ရေးအတွက်အကူအညီတောင်းရန် တရုတ်ပြည်ရောက်နေသူများပင်။ အင်အားကြီးနိုင်ငံတချို့ကလည်း စိတ်ဝင်စားနေကြသည်။
မိုးမခဘဲစားမှော်ကိုအာရုံစိုက်နေစဉ် အပူချိန်ထိန်းမြက်ထွက်လာသောကြောင့် စိတ်ဝင်စားခံရသည်။
အပူချိန်ထိန်းမြက်၏အစွမ်းကိုသိပြီးနောက် ထိုနိုင်ငံများလည်း အံ့အားသင့်သွားသည်။
အထူးသဖြင့် တစ်နှစ်ပတ်လုံးအေးစိမ့်နေသောနိုင်ငံများတွင် ဒီအပင်က အသက်ကယ်နိုင်ရုံတင်မက သေလုမတတ်အအေးဒဏ်ကြောင့်ချမ်းစိမ့်တုန်ရီခြင်းမှလည်း ကာကွယ်ပေးနိုင်မည်။
အမေရိက_
ဓာတ်ခွဲခန်းတစ်ခုတွင် Adoxi မှာ သန့်စင်မြက်အပေါ်အာရုံစိုက်နေဆဲ။
တချိန်တည်းမှာ ထူထူထဲထဲစာရွက်စာတမ်းများကိုကိုင်ပြီး အသေအချာဖတ်နေ၏။ သို့သော် ဖတ်လေလေ သူ့မျက်မှောင်က ပိုကြုတ်လာလေလေပင်။
မိုးမခဘဲစားမှော်ပင်ကိုစမ်းသပ်ထားသောအချက်အလက်များဖြစ်သည်။
အထက်လူကြီးက ဒါကိုလိုချင်နေသည်။
ထို့ကြောင့် စုံစမ်းစစ်ဆေးပြီး နည်းလမ်းရှာရမည်။
သန့်စင်မြက်ကိုမရနိုင်သော်လည်း မိုးမခဘဲစားမှော်ကိုရကောင်းရနိုင်သည်။
မိုးမခဘဲစားမှော်ကို မောရိသျှမှရခဲ့သည်။ ထိုအပင်၏အစွမ်းကိုသိပြီးနောက် နိုင်ငံတကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က အပင်တချို့ကိုတိတ်တဆိတ်သိမ်းဆည်းထားခဲ့သည်။
အပင်အားလုံးမျိုးသတ်ထားတာ နှမြောစရာ။ မဟုတ်ရင် ခိုးထားသောအပင်များကိုမျိုးပွားနိုင်သည်။
မိုးမခဘဲစားမှော်နှင့်ပတ်သက်သည့် အချက်အလက်များကိုဖတ်ပြီးနောက် သူနည်းနည်းအံ့ဩသွားသည်။
မိုးမခဘဲစားမှော်က သန့်စင်မြက်ထက် အတိုင်းအတာတစ်ခုအထိပိုအစွမ်းထက်သည်။
ထို့အပြင် ဓာတ်ခွဲခန်းမှသုတေသီများကိုဓာတ်ခွဲခိုင်းသော်လည်း ရလဒ်က သန့်စင်မြက်အတိုင်း၊ ဘယ်လိုမှဓာတ်ခွဲမရချေ။
ဒီလိုမျိုးရိုးဗီဇကွဲပြားမှုမျိုးက ဒီခေတ်ကာလမှာရှိသောအရာနှင့်မတူ။
တကယ် အကျပ်ရိုက်စရာပင်။
ဒီအခြေအနေမှာ တဖက်ကကာကွယ်ရေးကောင်းပြီး နိုင်ငံကလည်းကန့်သတ်ချက်တွေထုတ်ပြန်ထားရင် သူတို့အနေနဲ့ သန့်စင်မြက်တုန်းကလို ဘယ်လိုမှမရနိုင်ဘူးမလား?
သူတွေးတောနေစဉ် ဖုန်းမြည်လာသည်။ ထိုသူဌေးကြီးပင်။
ဒီလူက ရလဒ်တွေလာမေးပြန်ပြီလား?
ဘယ်လောက်ကြာသေးလို့လဲ?
သို့သော် ဒီအရင်းရှင်သူဌေးကြီး၏ထောက်ပံ့မှုကိုလိုအပ်သောကြောင့် ဖုန်းအမြန်ကိုင်လိုက်သည်။
သူဌေးကြီးအသံထွက်လာသည်_
“Adoxi.. မင်းအတွက် စာရွက်စာတမ်းရှိသေးတယ်... အဲဒါယူလိုက်ဦး... ဒါကလည်း မင်းအတွက်အခွင့်အရေးတစ်ခုပဲ... လက်မလွတ်စေနဲ့''
အခု 'အခွင့်အရေး'ဆိုသောစကားကြားရင် Adoxi ခေါင်းကိုက်ချင်နေပြီ။
အရင်တစ်ခါ မိုးမခဘဲစားမှော်ကိုလည်း အခွင့်အရေးဟုပြောခဲ့သည်။ နောက်ဆုံး အဲဒီအခွင့်အရေးက ဘယ်လိုဖြစ်သွားလဲ?
ဘာအခွင့်အရေးမှကိုမရှိ။
သူက ကွန်ပျူတာဆီသွားပြီး သူဌေးကြီးပို့ထားသောစာရွက်စာတမ်းကိုကြည့်လိုက်သည်။
ဖိုင်ကိုချက်ချင်းဖွင့်လိုက်ရာ 'အပူချိန်ထိန်းမြက်' ဆိုသော နောက်ထပ်အပင်တစ်မျိုးဖြစ်နေသည်။
“ဒါက ဘာလဲ?”
Adoxi က အပူချိန်ထိန်းမြက်အကြောင်းအချက်အလက်များကိုဖွင့်ကြည့်သည်။ သို့သော် ဖတ်ရင်းဖတ်ရင်း သူ့မျက်မှောင်ပိုကြုတ်လာသည်။
အရှေ့တိုင်းမှာ လေအေးပေးစက်ကိုအစားထိုးနိုင်သောအပင်တစ်မျိုးရှိနေပြန်ပြီ။
နောက်ပြီး ဒီအပူချိန်ထိန်းမြက်က မိုးမခဘဲစားမှော်လိုထူးခြားဆန်းပြားသည်။ အပင်တစ်ပင်က အပူချိန်ကိုထိန်းချုပ်ပြီး အပူချိန်တသမတ်တည်းရှိတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးနိုင်တယ်ဆိုရင် ဘယ်သူယုံမလဲ?
အရှေ့တိုင်းကလည်း ဒီအပင်ကိုသေချာထိန်းသိမ်းထားလိမ့်မည်။
အထူးသဖြင့် ဒီအပူချိန်ထိန်းမြက်ကိုဖန်တီးခဲ့သူက မိုးမခဘဲစားမှော်ကိုဖန်တီးခဲ့သည့် ‘ချင်’ မျိုးရိုးဖြစ်ကြောင်းသိရပြီး သူပိုအံ့ဩသွားသည်။
“ဒါ...”
Adoxi က အချက်အလက်များကိုကြည့်ရင်း ငေးငိုင်သွား၏။
ဒီသုတေသီပင်။ အပူချိန်ထိန်းမြက်၏ဖော်ပြချက်အရ မိုးမခဘဲစားမှော်လိုဓာတ်ခွဲမရသောအပင်မျိုးဖြစ်နိုင်သည်။
ထိုသို့တွေးမိသည်နှင့် မျှော်လင့်ချက်မဲ့သလို Adoxi ခံစားရသည်။
ဒါသူရမည့်တစ်ခုတည်းသောအခွင့်အရေးဆိုရင် သူလက်လျှော့လိုက်တော့မည်။
ဒီအတိုင်းပဲအိပ်နေမယ်၊ သူဌေးကြီးရဲ့အာဏာလည်း မသုံးချင်တော့ဘူး ဟုတ်ပြီလား?
သန့်စင်မြက်တစ်မျိုးတည်းတောင် မကိုင်တွယ်နိုင်တာ။ အခု မိုးမခဘဲစားမှော်နဲ့အပူချိန်ထိန်းမြက်ပါ ထပ်တိုးလာပြန်ပြီ။
နောက်နေတာလား?